← Chapters

အခန်း (၅၀၉၆-၅၁၀၀)

Vol. 258 Ch. 5096-5100

အခန်း (၅၀၉၆-၅၁၀၀)

Vol. 258 Ch. 5096-5100

Chapter 5096

ဤဆေးလုံးသည် ခရမ်းရောင်ဖြစ်ပြီး ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ခရမ်းရောင်မြူခိုးလွှာတစ်လွှာ ဖုံးလွှမ်းနေပုံရကာ အလွန်ဝေဝါးနေသည်။

သို့ရာတွင် ဆေးလုံးကို ဂရုတစိုက်လေ့လာကြည့်လျှင် ခရမ်းရောင်မြူခိုးလွှာအတွင်း၌ အဘိုးအိုတစ်ဦး၏ပုံရိပ်ယောင်တစ်ခု ကိန်းအောင်းနေသည်ကို တွေ့ရှိရပေမည်။ ဤပုံရိပ်ယောင်သည် ဝိုးတဝါးဖြစ်ပုံရသော်လည်း ခံ့ညားထည်ဝါသောအရှိန်အဝါကို ပိုင်ဆိုင်ထားပေ၏။ ထိုအရာ၏ဖိအားသည် ကြောက်မက်ဖွယ်ကောင်းကာ အရပ်မျက်နှာအဘက်ဘက်ကို ထိန်းချုပ်ဟန့်တားနိုင်သော အရှိန်အဝါတစ်ရပ်အား ဝိုးတဝါးပိုင်ဆိုင်ထားသည်။

ဆေးလုံး၏ မျက်စိကျိန်းလောက်အောင်တောက်ပသော အလင်းရောင်သည် သက်တန့်တစ်ခုကဲ့အလား တိမ်များကိုထွင်းဖောက်သွားကာ နတ်ဆိုးသားရဲတစ်ကောင်ချင်းစီ၏မျက်လုံးများထံသို့ ဖြာကျသွားပြီး သူတို့ကို မူးဝေသွားစေသည်။

တောနက်ကြီးအတွင်းရှိ လေထုအတွင်း၌ ခရမ်းရောင်ဆေးလုံးသည် မျောလွင့်နေပေ၏။ ထိုဆေးလုံးမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာဖိအားသည် ကောင်းကင်ဘုံဧကရာဇ်တစ်ပါး ဆင်းသက်လာသည့်အလားပင်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများအားလုံး၏အရှိန်အဝါများ ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။

"ဆေးလုံးမှာ စိတ်ဝိညာဉ်ရှိတယ်...ဒါက စိတ်ဝိညာဉ်ပါတဲ့ ဆေးလုံးပဲ"

"မဟုတ်ဘူး... မဟုတ်သေးဘူး...ဒီဆေးလုံးရဲ့စိတ်ဝိညာဉ်က ကျစ်လစ်သိပ်သည်းပြီးတော့ ဖိအားအရှိန်အဝါက အရမ်းပြင်းထန်တယ်...ဒါက ဧကရာဇ်တစ်ပါး ဆင်းသက်လာသလိုပဲ...ဒီဆေးလုံးက ဧကရာဇ်အဆင့်ဆေးလုံးဖြစ်ရမယ်"

နတ်ဆိုးသားရဲတချို့၏ပါးစပ်များမှ သွားရည်များ ယိုစီးကျနေလေပြီ။

အကယ်၍ မိုးပြာနက်နဲသိမ်မွေ့သားရဲသည် သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်လျှင် ဤဆေးလုံးသည် အရသာရှိသောစားကောင်းသောက်ဖွယ်တစ်ခုပင်။ ထိုဆေးလုံးမှ ပျံ့လွင့်လာသော ရနံ့တစ်ခုတည်းဖြင့်ပင် သူတို့ကို တပ်မက်စေရန် လုံလောက်သည်။

"ဒါက ဧကရာဇ်အဆင့် ခရမ်းရောင်ချီဆေးလုံးပဲ...ငါက ဒါကို မင်းတို့ရဲ့အစစ်အမှန်သွေးတစ်စက်နဲ့ လဲလှယ်မယ်.."

လုယွီက နံဘေးပတ်လည်ကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒါကို အရေအတွက်ကန့်သတ်ထားတယ်... အရင်လာတဲ့သူ အရင်ရမယ်"

"ဝေါင်း...မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ...ဆေးလုံးကို မြန်မြန်ပေးစမ်း"

အမွှေးရှည်ဆင်တစ်ကောင်ထံမှ မိုးကောင်းကင်ကိုတုန်ခါစေသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် လုယွီထံသို့ ပြေးဝင်တိုက်ခိုက်လေသည်။

အချိန်တခဏအတွင်းမှာပင် အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်သည် တွန့်လိမ်စပြုလာသည်။ ဤသည်မှာ အမွှေးရှည်ဆင်၏ အလွန်ကြီးမားသောခွန်အားကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ထိုကြောက်မက်ဖွယ်စွမ်းအားသည် လူအများအား အသက်ရှုမွန်းကြပ်စေသောခံစားချက်ကို ပေးစွမ်းနိုင်ပေ၏။ မည်သို့သော နည်းစနစ်မျိုးကို အသုံးပြုသည်ဖြစ်စေ ဤအဆင့်ခွန်အား၏ရှေ့တွင် အသုံးမဝင်သည့်အလားပင်။

လုယွီ၏မျက်နှာ အေးစက်တင်းမာသွားသည်။ သူသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ ရိုက်ချလိုက်ပြီး အမွှေးရှည်ဆင်၏အရှိန်ကို လမ်းတစ်ဝက်တွင် တားဆီးလိုက်သည်။ အရပ်မျက်နှာအဘက်မှ တဘန်းဘန်းအသံများ ထွက်ပေါ်လာသော်လည်း အမွှေးရှည်ဆင် မည်ကဲ့သို့လှုပ်ရှားပါစေ ရှေ့သို့တစိုးတစိမျှ မတိုးနိုင်ခဲ့ချေ။

နောက်ထပ်အချိန်တခဏတွင် လုယွီသည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး လှုပ်ခတ်လိုက်ရာ ကြောက်မက်ဖွယ်အားလှိုင်းတစ်ရပ် ချက်ချင်း ပွင့်အံ့ထွက်လာပြီး အမွှေးရှည်ဆင်ကို လွင့်ထွက်သွားစေသည်။

နတ်ဆိုးသားရဲများသည် မီတာငါးဆယ်ကျော်မြင့်သော အမွှေးရှည်ဆင်ကို လုယွီက မီတာတစ်ထောင်ကျော်အကွာသို့ လွင့်ထွက်သွားစေသည်ကို မြင်တွေ့လိုက်ရသည်။ အမွှေးရှည်ဆင်သည် မြေပြင်ပေါ်တွင် အချိန်အတော်ကြာ တရွတ်တိုက်သွားပြီးမှ ရပ်တန့်သွားပေ၏။

နတ်ဆိုးသားရဲများ ထိတ်လန့်သွားကြသည်။

ဤသည်မှာ မည်ကဲ့သို့ သန်မာအားကောင်းသော ခွန်အားမျိုးဖြစ်သနည်း...

ထိုလူငယ်သည် အမွှေးရှည်ဆင်ကဲ့သို့ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုကို သူ

လက်တစ်ဖက်တည်းဖြင့် နောက်သို့လွင့်ထွက်စေခဲ့သည်။

လုယွီ၏ပုံပန်းသွင်ပြင်အရ သူသည် သူ၏ခွန်အားကုန် အသုံးမပြုခဲ့သည်မှာ သိသာထင်ရှားသည်။ အကယ်၍ သူသာ သူ၏ခွန်အားကုန်ကို အသုံးပြုခဲ့လျှင် မည်မျှအဆင့်အထိ ရောက်ရှိသွားမည်နည်း။

"အပေးအယူ လုပ်မလို့လား...ဟမ့်....မင်းကိုသတ်လိုက်ရင် မင်းရဲ့ပစ္စည်းအားလုံး ငါတို့ရဲ့အပိုင်ဖြစ်သွားမှာပဲ.."

ထိုအချိန်မှာပင် လုယွီ၏နောက်မှ ပြင်းထန်သောလေပြင်းတစ်ရပ် တိုက်ခတ်လာသည်။

ဆိတ်ခေါင်း ဝံပုလွေခွာ သက်တန့်ရောင်ကိုယ်ထည် သမင်ပုံသဏ္ဍာန် နဂါးအမြှီး နဂါးဦးချိုနှင့် နဂါးအကြေးခွံများဖုံးလွှမ်းနေသော နတ်ဆိုးသားရဲတစ်ကောင်သည် ရုတ်တရက် လုယွီကိုကိုက်ရန် ဟန်ပြင်လိုက်၏။ ထိုနတ်ဆိုးသားရဲသည် သွေးနီရောင်ပါးစပ်ကြီးကို ဖွင့်ဟလိုက်ရာ သွေးနံ့သည် လုယွီ၏နှာခေါင်းဝသို့ လာရောက်ရိုက်ခတ်သည်။

ဤသည်မှာ ချီလင်တစ်ကောင်ပင်။

ဘုန်း....

မျက်စိတစ်မှိတ်အတွင်းမှာပင် လုယွီသည် သူ၏လက်ကိုဆန့်တန်းပြီး ချီလင်၏လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူ၏လက်ကို ပြင်းထန်စွာ ဖိချလိုက်ရာ ချီလင်၏အရှိန်အဝါချက်ချင်းဖိနှိပ်ခံလိုက်ရသည်။

ချီလင်၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ခုနစ်ရောင်ခြယ်အလင်းတန်းများကို အဆက်မပြတ်ထုတ်လွှတ်နေပြီး စွမ်းအားလှိုင်းများသည် သူ၏ခန္ဓာကိုယ်မှ ပြင်းပြင်းထန်ထန် ပွင့်အံ့ထွက်နေသည်။ သို့ရာတွင် သူသည် လုယွီ၏လက်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

လုယွီသည် ချီလင်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်ပြီးနောက် သူ၏တခြားလက်တစ်ဖက်ကိုမြှောက်ကာ ဖိနှိပ်လိုက်သည်။ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ပျံ့လွင့်သွားပြီးနောက် ဆယ်နှင့်ချီသောနတ်ဆိုးသားရဲများကို ချက်ချင်း လွင့်ထွက်သွားစေသည်။

"အပေးအယူလုပ်ချင်တဲ့သူတွေက ငါ့ကို မင်းတို့ရဲ့အစစ်အမှန်သွေးတစ်စက်ပေးပြီး ဆေးလုံးကိုယူသွားကြတော့"

လုယွီ၏စွမ်းအားသည် ရုတ်တရက်ပွင့်အံ့ထွက်လာပြီး အလွန်ကြီးမားသော အရှိန်အဝါတစ်ရပ်အဖြစ် ပျံ့လွင့်သွားကာ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ သူ၏နောက်တွင် နဂါးကိုးကောင်က သူ့ကိုဝန်းရံထားခြင်း အင်မော်တယ်ကြိုးကြာငှက်များ တပြိုင်နက်တည်း ပျံသန်းနေခြင်း နဂါးများက ရထားလုံးများကိုဆွဲထားခြင်းနှင့် လိပ်နက်တစ်ကောင်က တောင်ကိုထမ်းထားခြင်းစသည့် ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်အမြောက်အများ၏အလယ်တွင် လုယွီသည် မတ်တတ်ရပ်နေလေ၏။ သူသည် သာမန်လောကီလောကကို ကျော်လွန်သွားသော အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့်တူညီသည်။

"ဒါပေမဲ့ နောက်တစ်ခါ ရှေ့ကိုပြေးဝင်ပြီးတော့ တိုက်ခိုက်လုယက်ရဲတဲ့သူတွေကတော့ သေရမယ်"

Chapter 5097

ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများသည် လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်လိုက်ပြီး သူတို့၏မျက်လုံးများအတွင်းတွင် သတိထားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ယခုအချိန်အထိ သူတို့ အသက်ရှင်နိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူတို့၏ကိုယ်ပိုင်စွမ်းအားများကြောင့်သာမက သူတို့၏ထူးကဲသောသတိကြီးစွာထားမှုကြောင့်ပင်။

နတ်ဆိုးသားရဲများသည် လုယွီထံ၌ ဤမျှထိကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို ပိုင်ဆိုင်ထားမည်ဟု တွေးထင်မထားခဲ့ကြပေ။ သူသည် သူ၏လက်ကို မြှောက်လိုက်ရုံဖြင့် သူတို့အားလုံးကို နောက်သို့လွင့်ထွက်စေခဲ့သည်။

အချိန်တခဏအတွင်းတွင် အစောပိုင်းက မောက်မာထောင်လွှားစွာ ပြောဆိုခဲ့သော နတ်ဆိုးသားရဲတချို့သည် တစ်ချိန်တည်းမှာပင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ခရမ်းရောင်ချီဆေးလုံးသည် လေထုအတွင်းတွင် မျောလွင့်နေဆဲပင်။ ကြွယ်ဝသော ဆေးရနံ့များသည် အဆက်မပြတ် ထွက်ပေါ်နေပြီး နတ်ဆိုးသားရဲများအား အလွန်ဆွဲဆောင်နိုင်မှုရှိသည်။

ဤသည်မှာ သူတို့၏ရှေ့တွင် ရွှေတောင်ကြီးတစ်တောင် ချထားသည့်အလားပင်။ သူတို့သည် ထိုအရာကို တပ်မက်ကြသော်လည်း ရွှေတောင်ကြီး၏ရှေ့မှ အစောင့်အရှောက်များကို ကြောက်ရွံ့ကြပြီး ချဉ်းကပ်ရန် မဝံ့ရဲကြချေ။

"ဂီး..."

ထိုအချိန်မှာပင် အမည်းရောင်အမွေးများရှိသော သိမ်းငှက်ကြီးတစ်ကောင်သည် ရုတ်တရက် အလွန်အမင်းစူးရှသောအော်သံကို ပြုလုပ်လိုက်သည်။ သူသည် သူ၏တောင်ပံများကိုဖြန့်ကျက်ပြီး လုယွီထံသို့ ထိုးဆင်းလာပေ၏။

နတ်ဆိုးစွမ်းအားများသည် မိုးကောင်းကင်ယံသို့ တဟုန်ထိုးမြင့်တက်သွားပြီး တောက်ပစွာ လင်းလက်နေသည်။ အနက်ရောင်နတ်ဆိုးစွမ်းအားများသည် မျက်စိကျိန်းလောက်အောင်တောက်ပသော မှော်စွမ်းအားအလင်းတန်းများနှင့် ရောယှက်နေပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြာကျသွားသည်။

သိမ်းငှက်ကြီး၏မျက်လုံးများအတွင်းတွင် လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။ သူသည် လုယွီ မည်မျှအားကောင်းသည်ကို သိရှိသဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိချေ။ ထိုအစား သူသည် ခရမ်းရောင်ချီဆေးလုံးထံသို့ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။

"မင်း ဆေးလုံးကိုလိုချင်ရင် လာပြီးလဲလှယ်သင့်တယ်...မင်းက လုယက်ချင်မှတော့ မင်းရဲ့ခန္ဓာကိုယ်ထဲက အစစ်အမှန်သွေးတွေအားလုံးကို ချန်ထားခဲ့စမ်း"

လုယွီ၏မျက်လုံးများ ရုတ်တရက် အေးစက်တင်းသွားသည်။ သူသည် သူ့ထံသို့ ပျံသန်းလာသော ဧရာမသိမ်းငှက်ကြီးကို မြင်တွေ့ချိန်တွင် သူ၏လက်ကိုချက်ချင်းမြှောက်ကာ ဖမ်းဆုပ်သည့်လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်သည်။

အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်သည် တွန့်လိမ်ပြီးပုံပျက်သွားပေ၏။ ဧရာမသိမ်းငှက်ကြီးသည် အတားအဆီးမရှိ အရှိန်ပြင်းစွာ သွားလာနေခဲ့သော်လည်း ရုတ်တရက် ပတ်ဝန်းကျင်တွင် အလွန်ကြီးမားသောဖိအားတစ်ရပ် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤဖိအားသည် သူ၏ခန္ဓာကိုယ်ကို ဆွဲညှစ်လိုက်ပြီး လုယွီ၏လက်အတွင်းသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။

"ဝေါင်း..."

ဧရာမသိမ်းငှက်ကြီးထံမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်သည်။ နတ်ဆိုးစွမ်းအားများသည် မိုးကောင်းကင်ယံသို့ တဟုန်ထိုးမြင့်တက်သွားပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိအမွှေးများမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။ သူ၏ခန္ဓာကိုယ်သည် ယခင်ထက် ဆယ်ဆခန့် ကြီးမားကျယ်ပြန့်လာပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။

"ရွှေတောင်ပံသိမ်းငှက်က အသက်နဲ့ရင်းပြီး တိုက်ခိုက်တော့မယ်..."

"ဒီလူသားက အရမ်းထူးဆန်းတယ်...ရွှေတောင်ပံသိမ်းငှက်က မြန်ဆန်တဲ့အရှိန်နှုန်းကြောင့် နာမည်ကျော်ကြားတယ်...သူက ခုဏကဆိုရင် အသံထက်မြန်တဲ့ အရှိန်နှုန်းကိုတောင် အသုံးပြုခဲ့တယ်....သူက ရွှေတောင်ပံသိမ်းငှက်ကို ဘယ်လိုလုပ်ပြီး ဖမ်းဆီးနိုင်ခဲ့တာလဲ...."

ပတ်ဝန်းကျင်ရှိနတ်ဆိုးသားရဲများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ချက်ချင်းပြည့်နှက်သွားသည်။ သူတို့သည်နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ အချင်းချင်း ဆက်သွယ်လိုက်ကြသည်။

ဤမြင်ကွင်းသည် အလွန်အမင်း ထူးဆန်းပေ၏။ ဧရာမသိမ်းငှက်ကြီးနှင့် နှိုင်းယှဉ်လျှင် လုယွီ၏ခန္ဓာကိုယ်သည် အလွန်သေးငယ်နေပုံရသည်။

သို့ရာတွင် လုယွီ၏လက်အတွင်းတွင် ကြီးမားသောခွန်အားတစ်ရပ်ကို သိုဝှက်ထားသကဲ့သို့ဖြစ်ပြီး သိမ်းငှက်ကြီးကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားကာ တစိုးတစိမျှမလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။

လုယွီသည် သူ၏ရှေ့တွင် ဟိန်းဟောက်နေသော ဧရာမသိမ်းငှက်ကြီးကို ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"ဆူညံလွန်းတယ်...."

လုယွီ၏အေးစက်စက် အော်ငေါက်သံနှင့်အတူ သူသည် ဧရာမသိမ်းငှက်ကြီး၏ခေါင်းကို ဆုပ်ကိုင်လိုက်၏။ သူ ရုတ်တရက် ဆွဲဖြဲလိုက်သည်နှင့် ဧရာမသိမ်းငှက်ကြီးသည် ချက်ချင်းဆိုသလိုပင် အလယ်မှ နှစ်ပိုင်းစုတ်ပြဲသွားသည်။ သွေးများဖြာကျလာပြီးနောက် သူ၏တောင်ပံများ ပျက်စီးသွားကာ သိပ်သည်းသောသွေးနံ့သည် လေထုအတွင်းတွင် ပျံ့နှံ့သွားသည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခုပင်။

ဧရာမသိမ်းငှက်ကြီးသည် ချက်ချင်းသေဆုံးသွားပြီး တခြားနတ်ဆိုးသားရဲများအားလုံး ကြက်သေသေသွားကြသည်။ သူတို့အားလုံးသည် နေရာမှာပင် တောင့်တင်းစွာ မတ်တတ်ရပ်နေပေ၏။

အချိန်အတော်ကြာပြီးနောက် ခေါင်းသုံးလုံးခြင်္သေ့ကျားသားရဲက လေသံတိုးတိုးဖြင့် မေးမြန်းသည်။

"ငါတို့ မလဲလှယ်ချင်ရင် မင်း ဘာလုပ်ဖို့ ကြံရွယ်ထားလဲ"

အစစ်အမှန်သွေးသည် ကျင့်ကြံသူများအတွက်ဖြစ်စေ နတ်ဆိုးသားရဲများအတွက်ဖြစ်စေ အလွန်အဖိုးတန်သည်။

ဤသည်မှာ သက်ရှိများအတွက် အသက်စွမ်းအားနှင့်ညီမျှပြီး စိတ်ဝိညာဉ်စွမ်းအား တစွန်းတစပါဝင်ပေ၏။ နတ်ဆိုးသားရဲများသည် နှစ်ပေါင်းများစွာအကြာမှသာ အစစ်အမှန်သွေးတစ်စက်ကို စုစည်းနိုင်သည်။ ဤသည်မှာ အလွန်အဖိုးတန်ပြီး လွယ်လင့်တကူ စွန့်လွှတ်နိုင်သောအရာမျိုး မဟုတ်ချေ။

လုယွီက သူ၏လက်များကို နောက်ပစ်ပြီး တည်ငြိမ်သောမျက်နှာဖြင့် ပြောဆိုသည်။

"မင်းတို့ မလဲလှယ်ဘူးဆိုရင် ငါက အတင်းအကြပ် ဖိအားပေးမှာ မဟုတ်ဘူး...မင်းတို့ ထွက်သွားလို့ရတယ်"

ခေါင်းသုံးလုံးခြင်္သေ့ကျားသားရဲ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူသည် လုယွီကို နောက်တစ်ကြိမ် အကဲခတ်လိုက်သော်လည်း အဆုံးသတ်တွင် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားသည်။

ဧကရာဇ်အဆင့် ခရမ်းရောင်ချီဆေးလုံးသည် အဖိုးတန်သော်လည်း လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အလွန်ပြင်းထန်ပေ၏။ အနည်းဆုံးအနေဖြင့် သူသည် အသက်ရှင်သန်နေမှသာ ထိုဆေးလုံးကို စားနိုင်ပေမည်။

Chapter 5098

တခြားနတ်ဆိုးသားရဲများ၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့်ကြောက်ရွံ့သော အမူအယာများ ထင်ဟပ်လာပြီး နောက်ဆုတ်သွားကြသည်။

လုယွီသည် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်ကြောင်း သူတို့ သိရှိထားပြီးဖြစ်သည်။ အကယ်၍ သူတို့သည် မဆင်မခြင်တိုးဝင်သွားပါက ရွှေတောင်ပံသိမ်းငှက်ကဲ့သို့ အဆုံးသတ်သွားနိုင်ခြေ အလွန်များသည်။

သို့ရာတွင် သူတို့၏သတ္တိကိုမွေးပြီး အစစ်အမှန်သွေးစက်ကို လုယွီ၏ဆေးလုံးနှင့် လဲလှယ်ခဲ့သော နတ်ဆိုးသားရဲတချို့လည်း ရှိနေပေ၏။

လုယွီသည် မည်သူ့ကိုမျှ ငြင်းပယ်လိမ့်မည်မဟုတ်ဟု တွေးထင်မထားခဲ့ကြချေ။ သူတို့၏အစစ်အမှန်သွေးစက် မှန်ကန်နေသရွေ့ သူသည် ခရမ်းရောင်ချီဆေးလုံးနှင့် ချက်ချင်းလဲလှယ်ပေးသည်။ အချိန်တိုအတွင်းမှာပင် နတ်ဆိုးသားရဲအမြောက်အများ ဝမ်းသာပျော်ရွှင်သွားတော့သည်။

ခရမ်းရောင်ချီဆေးလုံးသည် နတ်ဆိုးသားရဲများ၏နတ်ဆိုးစွမ်းအားကို များစွာတိုးမြှင့်ပေးနိုင်သည်။ ဤဆေးလုံးသည် ဧကရာဇ်အဆင့်၌ ရှိနေသည်ကို ထည့်သွင်းပြောဆိုရန်ပင် မလိုတော့ချေ။ ဤဆေးလုံး၏ဆေးစွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။ ဤဆေးတစ်လုံးတည်းဖြင့် သူတို့၏အစွမ်းကို အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်ခြေရှိသည်။

လုယွီက အစစ်အမှန်သွေးစက် စုစုပေါင်းသုံးဆယ့်နှစ်စက်ကို လဲလှယ်ခဲ့သည်။

ဤနတ်ဆိုးသားရဲများ၏ အစစ်အမှန်သွေးတစ်စက်စီတိုင်းမှ ထူးဆန်းသောအလင်းရောင်တစ်ခု ထွက်ပေါ်နေပြီး အဆုံးမဲ့သောနတ်ဘုရားစွမ်းအားများ ပါဝင်နေသည့်အလားပင်။

အစစ်အမှန်သွေးစက်များ ရောနှောသွားပြီးနောက် ထူးဆန်းသောပုံရိပ်များ ထွက်ပေါ်လာသည်။ ရက်စက်ကြမ်းတမ်းသောသားရဲများ၏ဟိန်းဟောက်သံများ လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် အလွန်အမင်း ရက်စက်ကြမ်းတမ်းသော နတ်ဆိုးသားရဲ သုံးဆယ့်နှစ်ကောင် အမှန်တကယ်ရှိနေသည့်အလားပင်။ ဤသည်မှာ တခြားသူများကို သူတို့သည် တခြားကမ္ဘာလောကတစ်ခုတွင် ရောက်ရှိနေသကဲ့သို့ ခံစားရစေနိုင်သည်။

"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ.... ဒီနေရာမှာအသက်ရှင်သန်နိုင်ပြီးတော့ မရေမတွက်နိုင်တဲ့နတ်ဆိုးသားရဲတွေထဲကနေ ထင်ရှားပေါ်လွင်လာတဲ့ ရက်စက်ကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲတွေအားလုံးက အင်မော်တယ်သားရဲတွေရဲ့ မျိုးဆက်တွေပဲ..."

ဤအစစ်အမှန်သွေးစက် သုံးဆယ့်နှစ်စက်တွင် အင်မော်တယ်သားရဲများ၏သွေးမျိုးဆက်များ အမှန်တကယ် ပါဝင်သည်။

အင်မော်တယ်သားရဲများ၏ မျိုးဆက်များ လက်ဆင့်ကမ်းဆင်းသက်လာခဲ့ကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူတို့သည် ရှေးကျပြီး ဖော်ပြ၍မရနိုင်သော စွမ်းအားကို သယ်ဆောင်ထားသည်။ လုယွီသည် ထိုအစစ်အမှန်သွေးစက်များအားလုံးကို တောင်တန်းနှင့်ပင်လယ်ကျမ်းစာအတွင်းသို့ စုစည်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏စွမ်းအားသည် မြင့်တက်သွားပေ၏။ တောင်တန်းနှင့်ပင်လယ်ကျမ်းစာ ကမ္ဘာအတွင်းတွင် မယုံနိုင်လောက်သောပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်သွားသည့်အလားပင်။

တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို လုယွီက ဖန်တီးခဲ့သည်။ ထို့ကြောင့် လုယွီသည် ဤကျမ်းစာ၏အတွေးများကို ခံစားနိုင်ပြီး မည်သည့်အရာအား လိုအပ်သည်ကို သိရှိပေ၏။

အင်မော်တယ်သားရဲတစ်ကောင်၏ အစစ်အမှန်သွေးသည် ပန်းပဲထုခြင်းနှင့်ဆေးလုံးဖော်စပ်ခြင်းတို့အတွက် အကောင်းဆုံးပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ သို့ရာတွင် လုယွီသည် ကျမ်းစာ၏စွမ်းအားကို ပို၍တန်ဖိုးထားသောကြောင့် အင်မော်တယ်သားရဲများ၏အစစ်အမှန်သွေးစက်များကို တောင်တန်းနှင့်ပင်လယ်ကျမ်းစာအား ပေးရန် ရွေးချယ်ခဲ့သည်။

"ဝီ......"

အစစ်အမှန်သွေးစက်များသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာအတွင်းတွင် သိပ်သည်းသွားသည်နှင့် အလင်းတန်းများသည် ကန့်လန့်ကာတစ်ခုကဲ့သို့ ဖြာထွက်လာပြီး ကျမ်းစာသည် လေဟာနယ်အတွင်းတွင် မျောလွင့်သွားပေ၏။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများသည် ကြောက်ရွံ့မှုကို မခံစားဘဲ မနေနိုင်တော့ချေ။ သူတို့သည် လှောင်အိမ်တစ်ခုကို မြင်တွေ့ရသည့်အလား တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို စူးစိုက်၍ကြည့်နေကြသည်။ ထို့နောက် သူတို့သည်အရပ်မျက်နှာအဘက်ဘက်သို့ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

သို့ရာတွင် လုယွီသည် သူတို့ကို အာရုံမစိုက်ခဲ့ချေ။

သူသည် မိုင်ပေါင်းထောင်နှင့်ချီ ဝေးကွာသောနေရာမှ ဤနေရာသို့ ရောက်ရှိလာခဲ့သည့်အကြောင်းအရင်းမှာ တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏စွမ်းအားကို အားကောင်းလာစေရန်အတွက် အင်မော်တယ်သားရဲများ၏ အစစ်အမှန်သွေးစက်များကို ရရှိရန်ပင်။

ယခုချိန်၌ တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏ စွမ်းအားကို မြှင့်တင်ပြီးဖြစ်သဖြင့် ဤခရီးစဉ်အတွက် သူ၏ရည်ရွယ်ချက်သည် အောင်မြင်သွားခဲ့လေပြီ။

"ယိယ....ယိယ..."

မိုးပြာနက်နဲသိမ်မွေ့သားရဲထံမှ ညင်သာသောအော်သံတချို့ ထွက်ပေါ်လာပြီး တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို အနည်းငယ်ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။ သူ၏သေးငယ်သောလက်သည်းများဖြင့် လုယွီ၏အဝတ်အစားထောင့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေ၏။

"စိတ်မပူပါနဲ့....မင်းက အရမ်းငယ်သေးတယ်... ငါက မင်းရဲ့အစစ်အမှန်သွေးစက်ကို မလိုအပ်သေးဘူး....ဒီကိစ္စပြီးသွားပြီဆိုတော့ မင်းကို လူရိုင်းမျိုးနွယ်စုဆီကို ပြန်ပို့ဖို့ အချိန်ကျပြီ..."

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

မိုးပြာနက်နဲသိမ်မွေ့သားရဲသည် လုယွီ၏စကားများကို နားလည်ပုံရသည်။ သူသည် လုယွီ၏လက်ချောင်းများကို သူ၏ခေါင်းဖြင့် ပွတ်သပ်လိုက်သည်။ သူသည် လုယွီနှင့် ခွဲခွာရန် တွန့်ဆုတ်နေပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ ဖမ်းဆီးခဲ့သော ချီလင်သည်လည်း သူ၏အစစ်အမှန်သွေးစက်ကို ခရမ်းရောင်ချီဆေးလုံးတစ်လုံးနှင့် လဲလှယ်ခဲ့သည်။

သူသည် တခြားနတ်ဆိုးသားရဲများ ကြားဖြတ်လုယက်မည်ကို ထိတ်လန့်ကြောက်ရွံ့ပုံရသည်။ သူသည် ခရမ်းရောင်ချီဆေးလုံးကို ရရှိပြီးနောက် ချက်ချင်းဝါးမြိုလိုက်၏။

အားကောင်းသော ဆေးစွမ်းအားတစ်ရပ် ပျံ့နှံ့သွားပြီး အချိန်တခဏအတွင်းမှာပင် ချီလင်၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအားလုံး ကျယ်ပြန့်လာပုံရသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းသောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာပြီး လူအများကို ထိတ်လန့်ကြောက်ရွံ့စေသည်။

ချီလင်သည် အဆင့်တက်သွားပြီးနောက် သူ၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူသည် လုယွီကိုလှည့်ကြည့်ပြီး ပြောဆိုလိုက်၏။

"စီနီယာ.... ငါက သတင်းတစ်ခု သိထားတယ်.... ငါက အဲ့ဒါကို ခရမ်းရောင်ချီဆေးလုံးနဲ့ လဲလှယ်ချင်တယ်"

လုယွီသည် အနည်းငယ်အံ့အားသင့်သွားပြီး ချီလင်ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းက တော်တော်သတ္တိရှိတာပဲ..တခြားနတ်ဆိုးသားရဲတွေက ငါ့ကိုကြောက်နေကြတယ်....ဒါပေမဲ့ မင်းက ငါနဲ့ အပေးအယူတွေ ညှိနှိုင်းချင်တုန်းပဲလား..."

Chapter 5099

အဆုံးသတ်တွင် လုယွီသည် ချီလင်၏နားပူနားဆာမှုအောက်၌ အပေးအယူတစ်ခုပြုလုပ်ခဲ့သည်။

သို့ရာတွင် လုယွီသည် ငတုံးငအတစ်ယောက် မဟုတ်ပေ။ ဤသတင်းအချက်အလက်သည် သူ့အတွက်အဖိုးတန်သော်လည်း မရှိမဖြစ်မဟုတ်ပေ။ ထို့ကြောင့် လုယွီသည် ချီလင်အား အထွတ်အထိပ်အဆင့် ခရမ်းရောင်ချီဆေးလုံးတစ်လုံးသာ ပေးခဲ့သည်။

ထိုသို့ဖြစ်နေသော်လည်း ချီလင်သည် သူ၏ပါးစပ် နားရွက်သို့ တက်ချိတ်လုမတတ် ပြုံးနေဆဲပင်။ သူ၏ခွာလေးချောင်းကို ခုန်ပေါက်ကာ ပျော်ရွှင်မြူးတူးနေသည်။

အထွတ်အထိပ်အဆင့် ဆေးလုံးတစ်လုံးသည် ချီလင်အား ခါးသည်းစွာ ကျင့်ကြံရမည့် နှစ်အနည်းငယ်ကို ချွေတာရန် လုံလောက်ပေ၏။ ထို့ပြင် ချီလင်သည် သူ့ကိုကူညီရန် အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူတစ်ဦးကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ ဤသည်မှာ သူ့အတွက် အမြတ်အစွန်းရှိသော ကိစ္စတစ်ခုပင်။

လုယွီက မိုးပြာနက်နဲသိမ်မွေ့သားရဲကို သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် လူတစ်ယောက်နှင့် နတ်ဆိုးသားရဲတစ်ကောင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပျံသန်းသွားကြသည်။

တောင်တန်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် လုယွီနှင့်ချီလင်တို့သည် ကွင်းပြင်တစ်ခုသို့အရောက်တွင် ရပ်တန့်လိုက်ကြ၏။

ဤနေရာရှိမြေပြင်သည် တူးခြစ်နေပြီး လေထုအတွင်းတွင် မီးလောင်နံ့များဖြင့် ပြည့်နှက်နေကာ အချိန်အတော်ကြာသည်အထိ လေထုအတွင်းတွင် ရစ်သိုင်းလွှမ်းခြုံနေသည်။ ဤနေရာသည် တောနက်ကြီးတစ်နေရာ ဖြစ်သော်လည်း ထိုသို့သောမြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်မှာ မည်သည့်အရာမျိုးဖြစ်သည်ကို မည်သူမျှမသိချေ။

မျက်စိတစ်ဆုံးကြည့်လိုက်လျှင် မိုင်တစ်ရာပတ်လည်အတွင်းတွင် ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည်။ တစ်စုံတစ်ယောက်သည် နတ်ဘုရားစိတ်အာရုံကို အသုံးပြုလျှင်ပင် ဤနေရာအတွင်း၌ မည်သည့်အရာများရှိနေသည်ကို မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။

"အဲ့ဒီနေ့က ဒီနေရာမှာ ယင်ချီစွမ်းအားတွေ ရုတ်တရက်ကြီး အရမ်းအားကောင်းလာခဲ့တယ်... ပြီးတော့ နတ်ဆိုးမီးတောက်တွေ မြေကြီးထဲကနေ ထွက်ပေါ်လာပြီးတော့ ဒီနေရာက အရာအားလုံးကို လောင်ကျွမ်းသွားစေခဲ့တယ်.... ဒီနေရာကို မီးလောင်ပြင်လိုဖြစ်အောင် ပြောင်းလဲခဲ့တယ်...."

ချီလင်၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"ရက်နည်းနည်းကြာပြီးတဲ့နောက်မှာ ယင်ချီစွမ်းအားတွေ လျော့ပါးသွားပြီးတော့ ဒီကွင်းပြင်ကြီး ထွက်ပေါ်လာခဲ့တယ်... ဒါပေမဲ့ ဒီနယ်မြေထဲမှာ သက်ရှိအရိပ်အယောင်တွေ နည်းနည်းမှမရှိတော့ဘူး"

လုယွီက မေးမြန်းသည်။

"မင်းပြောတဲ့လမ်းက ဘယ်မှာလဲ"

"ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ..."

ချီလင်သည် ကွင်းပြင်ကို ဖြတ်ကျော်ပြီး ရုတ်တရက် မှော်မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ အဝေးရှိတောင်နံရံတစ်ခုပေါ်သို့ ကျရောက်သွားသည်။

တောင်နံရံပေါ်တွင် မှော်သင်္ကေတအက္ခရာများ လင်းလက်သွားပြီးနောက် ကျောက်တံခါးတံချပ်သည် တဂျိမ်းဂျိမ်းမြည်သံနှင့်အတူ ပွင့်သွားပြီး မှောင်မည်းနေသော စင်္ကြန်လမ်းတစ်ခု ပေါ်လွင်လာသည်။

"ဒီနေရာမှာ ဝင်္ကပါတစ်ခု ရှိနေတယ်...ယင်ချီစွမ်းအားတွေကို အဲ့ဒီဝင်္ကပါကနေ ထုတ်လွှတ်ပြီးတော့ ယင်ချီအတားအဆီးတစ်ခုအဖြစ် ဖွဲ့စည်းသွားတယ်...."

"အပြင်လူတချို့က မှော်ရတနာတချို့ကိုသုံးပြီးတော့ ယင်ချီအတားအဆီးကို အတင်းအကျပ် ဖောက်ခွဲပြီး ချိုးဖျက်ခဲ့ကြတယ်.....သူတို့က ဒီနေရာရဲ့ရှေ့ကနေ ချိုးဖျက်ခဲ့တာပဲ.... ဒါပေမဲ့ သူတို့က အင်အားအရမ်းများတာကြောင့် ငါက သူတို့ရှေ့ကို ထွက်မသွားရဲခဲ့ဘူး....ငါက တခြားနည်းလမ်းရှာဖို့ကလွဲပြီးတော့ ငါ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး....ငါက လမ်းကြောင်းတစ်ခုကို တကယ်ကြီး ရှာတွေ့လိမ့်မယ်လို့ ငါ ထင်ထားခဲ့ဘူး"

ချီလင်သည် သူ့ကိုယ်သူ အလွန်စိတ်ကျေနပ်နေပေ၏။

သူသည်လည်း ရှေးဟောင်းအင်မော်တယ်သားရဲတစ်ကောင်၏ မျိုးဆက်ဖြစ်ပြီး ပုံမှန်အားဖြင့် တောင်တန်းများအတွင်းတွင် တသီးတခြားနေထိုင်သည်။ အကယ်၍ သူ မဆင်မခြင် ထွက်သွားပါက တခြားသူများ၏ အာရုံစိုက်ခြင်းကို မလွဲမသွေ ခံရပေမည်။ ထို့ကြောင့် သူသည် လူအမြောက်အများရှိနေသောနေရာသို့ သွားဝံ့ခြင်းမရှိချေ။

ဤလမ်းကြောင်းသည် အလွန်မှောင်မည်းကာ တစ်စုံတစ်ယောက်သည် သူ၏ကိုယ်ပိုင်လက်ချောင်းများကိုပင် သူ ပြန်လည်မြင်တွေ့နိုင်မည် မဟုတ်သော်လည်း လုယွီ၏အမြင်အာရုံကို မထိခိုက်ခဲ့ချေ။

ချီလင် တွေ့ရှိခဲ့သောလမ်းသည် အမှန်အားဖြင့် ဧရာမတောင်ကြီးတစ်လုံးကို ထွင်းထု၍ လမ်းဖောက်ထားခြင်းပင်။ ဤလမ်းကြောင်းတွင် ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။ လမ်းကြောင်းတလျှောက်သည် အတားအဆီးကိုရှောင်ရှားပြီး လမ်းဖောက်ထားသဖြင့် လိမ်ယှက်ကွေးကောက်ကာ နောက်ဆုံးတွင် ယင်ချီစွမ်းအားများ၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည်။

ကံကောင်းထောက်မစွာဖြင့် တစ်နာရီကြာ လျှောက်လှမ်းပြီးနောက် သူတို့ရှေ့မှ မြင်ကွင်းသည် နောက်ဆုံးတွင် ရှင်းလင်းလာပေ၏။ လုယွီနှင့်ချီလင်တို့သည် ဂူတစ်ဂူ၏ရှေ့တွင် ထွက်ပေါ်လာကြသည်။

မျက်စိတဆုံးအကွာအဝေးထိ မြင့်မားသော ရှေးဟောင်းအဆောက်အအုံများသည် တောင်ကြားတစ်ခုအတွင်း၌ ရပ်တည်နေသည်။ ထိုအရာများသည် တောင်ပေါ်တွင် နတ်ဘုရားထိုင်နေကာ သက်ရှိများအားလုံးကို အထက်စီးမှငုံ့ကြည့်နေသည့်အလားပင်။

ဤသည်မှာ မီတာတစ်ရာကျော်မြင့်မားသော ဧရာမနန်းတော်တစ်ခုပင်။ ထိုနန်းတော်သည် ခမ်းနားထည်ဝါပြီး အုတ်တစ်ချပ်စီတိုင်းတွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများကို ထွင်းထုထားပေ၏။ ထိုအရာများသည် အချင်းချင်း ဆက်သွယ်နေပြီး နန်းတော်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

ထိုနန်းတော်၏ရှေ့၌ ယင်ချီစွမ်းအားများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပြီး ထိုအရာကို ထူးဆန်းသောအရှိန်အဝါဖြင့် ပြည့်နှက်နေစေသည်။

"ဒီဘဝမှာ မင်းကို တကယ်ကြီး တွေ့နိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"

ဤနန်းတော်ကိုမြင်တွေ့ချိန်တွင် လုယွီ၏ ချိတ်ပိတ်ခံထားရသော မှတ်ဉာဏ်များမှတစ်စိတ်တစ်ပိုင်းသည် ချက်ချင်းပွင့်သွားပြီး ဒီရေလှိုင်းတစ်ခုအလား သူ၏စိတ်အတွင်းသို့ စီးဝင်လာပေ၏။

ဤသည်မှာ အမှန်အားဖြင့် လုယွီ၏အတိတ်ဘဝ၌ ပိုင်ဆိုင်ခဲ့သော ကျင့်ကြံခြင်းလှိုဏ်ဂူပင်။

အချိန်ကာလများ ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ သူ ဤကျင့်ကြံခြင်းလှိုဏ်ဂူကို တဖန်ပြန်၍မြင်တွေ့ရချိန်၌ လောကကြီးသည် ပြောင်းလဲသွားခဲ့ပြီး လူများသည်လည်း ပြောင်းလဲသွားခဲ့လေပြီ။

Chapter 5100

ဤအချိန်အခိုက်အတန့်တွင် ချီလင်သည် လုယွီ၏မျက်နှာအမူအယာပြောင်းလဲမှုကို သတိမပြုမိခဲ့ချေ။

သူသည် နန်းတော်နှင့်မလှမ်းမကမ်းရှိ နေရာတစ်နေရာကို ညွှန်ပြပြီး ပြောဆိုလိုက်၏။

"စီနီယာ...အဲ့ဒါတွေက မကြာသေးခင်က ဒီနေရာကိုရောက်လာတဲ့ ဂိုဏ်းအင်အားစုတွေက လူတွေပဲ.... ဒီလူတွေက တော်တော်လေး ကြမ်းတမ်းတယ်.... အရင်က နှစ်တစ်ထောင်ကျင့်ကြံဆင့်ရှိတဲ့ သိမ်းငှက်နတ်ဆိုးတစ်ကောင်ရှိခဲ့တယ်..... သူက ဒီလူတွေနဲ့ ပဋိပက္ခတစ်ခုဖြစ်ခဲ့တာကြောင့် သူ့ကို အရေခွံခွာပြီး ကြွက်သားတွေဆွဲထုတ်ခံရတယ်....သူ့ရဲ့စိတ်ဝိညာဉ်တောင် မကျန်ခဲ့ဘူး"

ချီလင်ညွှန်ပြသော ဦးတည်ရာအတိုင်း လုယွီ ကြည့်လိုက်ရာ ထောင်နှင့်ချီသောလူများသည် ထူထပ်သိပ်သည်းသည့် ယင်ချီစွမ်းအားများအကြား၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ပြင်ပမှ ယင်ချီအတားအဆီးကို ချိုးဖျက်ပြီး ဤနေရာသို့ ရောက်ရှိလာသောလူများ ထောင်နှင့်ချီ၍ အမှန်တကယ် ရှိနေခဲ့သည်။

အနီးကပ်ကြည့်လျှင် ဤလူများသည် မတူညီသောအုပ်စုများအဖြစ် ပိုင်းခြားထားပြီး အလံများဖြင့် ဝန်းရံထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ သူတို့သည် မတူညီသောဂိုဏ်းများမှ လာကြသည်မှာ သိသာထင်ရှားပေ၏။

အရှေ့ဆုံးတွင် ရပ်နေသည်မှာ အဖြူရောင်အဝတ်အစားဝတ်ဆင်ပြီး ဓားပျံများကိုစီးနင်းထားသော ဓားအင်မော်တယ်အုပ်စုပင်။ သူတို့သည် လေထုအတွင်းရှိ ပေအနည်းငယ်မြင့်သောနေရာတွင် မတ်တတ်ရပ်နေကြပြီး လူဦးရေတစ်ရာကျော်ရှိသည်။ သူတို့တစ်ယောက်ချင်းစီတွင် မိုးကောင်းကင်သို့ မြင့်တက်နေသောတိမ်စိုင်များနှင့်တူညီသည့် ဓားစိတ်ဆန္ဒများရှိပြီး သူတို့၏အမူအယာများသည် ခန့်ညားထည်ဝါပေ၏။

"ဒါက သန့်စင်သောယန်မြင့်မြတ်နယ်မြေပဲ...ဒီအင်အားစုက လက်ဆင့်ကမ်းဆင်းသက်လာခဲ့တာ အချိန်အတော်ကြာနေပြီ...သူတို့က အလယ်ခေတ် ထန်အင်ပါယာလက်ထက်ကတည်းက တော်တော်လေး နာမည်ကျော်ကြားခဲ့တယ်... သူတို့ရဲ့သန့်စင်သောယန်မြင့်မြတ်နယ်မြေမှာ တစ်ချိန်က 'နေဖြိုခွင်းသူ' ဆိုတဲ့ ဘိုးဘေးတစ်ပါး ရှိခဲ့တယ်....သူ့ရဲ့ ကျင့်ကြံဆင့်က အရမ်းနက်နဲတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်...."

ချီလင်က လုယွီထံသို့ တိတ်တဆိတ် အသံပေးပို့လိုက်သည်။

"အစတုန်းက ဒီနေရာမှာ အနည်းဆုံး ဂိုဏ်းကြီးဂိုဏ်းငယ်တွေ သုံးဆယ်လေးဆယ်လောက် ရှိခဲ့တယ်....ဒါပေမဲ့ အဆုံးမှာ သူတို့ဂိုဏ်းတွေရဲ့ထိပ်သီးကျင့်ကြံသူတွေ အများကြီးက သန့်စင်သောသောယန်မြင့်မြတ်နယ်မြေက လူတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်.... အခု ဒီနေရာမှာ ရှိနေနိုင်တဲ့ လူတွေအားလုံးက သန့်စင်သောယန်မြင့်မြတ်နယ်မြေနဲ့ အဆင့်တူတဲ့ အစွမ်းထက်ဂိုဏ်းအင်အားစုတွေပဲ"

ဤအချိန်အခိုက်အတန့်တွင် လုယွီနှင့်ချီလင်တို့သည် လျှို့ဝှက်လမ်းကြောင်း၏ထွက်ပေါက်တွင် မတ်တတ်ရပ်နေကြပြီး တောအုပ်တစ်ခုအတွင်းတွင် ပုန်းအောင်းနေကြသည်။ အဝေးတွင်ရှိနေသော ကျင့်ကြံသူများသည် သူတို့နှစ်ယောက်ကို သတိမပြုမိခဲ့ချေ။

လုယွီသည် မည်သည့်စကားမျှမဆိုဘဲ သူ၏အကြည့်သည် လူအုပ်ကိုဦးဆောင်နေသောဓားအင်မော်တယ်ပေါ်သို့ ကျရောက်သွားသည်။

ဤဓားအင်မော်တယ်သည် နယ်မြေသခင်တစ်ဦးပင်။

သူ၏ခန္ဓာကိုယ် နံ‌ဘေးပတ်လည်တွင် ဓားနယ်မြေတစ်ခုကို ဖွဲ့စည်းပြီးဖြစ်သည်။ ဤနေရာအတွင်းသို့ ခြေချသောမည်သူမဆို ဤနယ်မြေ၏သက်ရောက်မှုကို ခံရပေမည်။

ထို့နောက် ချီလင်သည် တခြားတစ်ဖက်ကို ညွှန်ပြပြီး အသံပေးပို့လိုက်၏။

"ဒါက စိတ်ဝိညာဉ်သိုင်းနန်းတော်က လူတွေပဲ... သူတို့က ရုပ်ခန္ဓာကိုယ်သန့်စင်တဲ့ အရူးဂိုဏ်းတစ်ဂိုဏ်းပဲ....တစ်ယောက်ယောက်က အဲ့ဒီဂိုဏ်းထဲကို ဝင်ချင်ရင် အောင်မြင်တဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်မှုတစ်ခု ရှိဖို့လိုတယ်...ဒီဂိုဏ်းက သူတို့မြင်တဲ့ ဘယ်သူ့ကိုမဆို စိန်ခေါ်တဲ့ သိုင်းအရူးအုပ်စုတစ်စုပဲ....ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ရိုက်နှက်တာကိုခံရပြီးတော့ မသန်မစွမ်းဖြစ်သွားတာကို ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်"

အဝေးတစ်နေရာတွင် သံချပ်ကာဝတ်စစ်သည်တော်ငါးဆယ်ကျော်သည် လူအုပ်ကြီး၏အလယ်၌ မတ်တတ်ရပ်နေကြပြီး နဂါးမြင်းများကို စီးနင်းထားကြသည်။ သူတို့အားလုံးသည် ခေါင်းအစခြေအဆုံး လေးလံသော သံချပ်ကာများဖြင့် လွှမ်းခြုံထားသည်။ သူတို့သည် တိတ်ဆိတ်နေကြသော်လည်း သူတို့၏ခန္ဓာကိုယ်များမှ လူအများကို တုန်လှုပ်ချောက်ချားစေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။

မြောက်ဘက်တွင် ဗုဒ္ဓဂိုဏ်းရှိပြီး တောင်ဘက်တွင် စိတ်ဝိညာဉ်သိုင်းနန်းတော်ရှိသည်။

ဤသည်မှာ ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ပေးသော အဓိကအင်အားစုကြီးနှစ်ခုပင်။

ဗုဒ္ဓဂိုဏ်းသည် သူတို့၏ရုပ်ခန္ဓာကိုယ် သန်မာစေခြင်း နည်းစနစ်များအတွက် နာမည်ကျော်ကြားသည်။ ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံနည်းစနစ်များမှ မဖျက်ဆီးနိုင်သော စိန်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များဖြစ်စေ ဗုဒ္ဓဂိုဏ်းကျင့်ကြံသူအများစု ကျင့်ကြံသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များဖြစ်စေ နှစ်ခုစလုံးသည် အံ့အားသင့်ဖွယ်ကောင်းသောစွမ်းအားကို ပိုင်ဆိုင်ကြသည်။

ဗုဒ္ဓဂိုဏ်းမှအပ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနည်းစနစ်များအတွက် နာမည်ကျော်ကြားပြီး အနက်ရှိုင်းဆုံး အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်သောဂိုဏ်းမှာ စိတ်ဝိညာဉ်သိုင်းနန်းတော်ပင်။

စိတ်ဝိညာဉ်သိုင်းနန်းတော်၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှုသည် ရူးသွပ်သောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး ဂိုဏ်းအတွင်းမှ စည်းမျဉ်းများသည် အလွန်တင်းကြပ်ပေ၏။ သို့ရာတွင် သူတို့သည် အချင်းချင်းပြိုင်ဆိုင်မှုကို အားပေးပြီး သူတို့အနက်မှ အသန်မာဆုံးကို ရွေးချယ်ရန် ကူမွေးမြူခြင်းနည်းလမ်းကို အသုံးပြုကြသည်။ စိတ်ဝိညာဉ်သိုင်းနန်းတော်မှ နှင်ထုတ်ခံရသော ကျင့်ကြံသူများအနက်မှ အများစု၏ခန္ဓာကိုယ်များပေါ်တွင် အလွန်ပြင်းထန်သောဒဏ်ရာများ ရှိကြသည်။ သူတို့သည် နှစ်တစ်ရာအတွင်း သေဆုံးသွားပေ၏။

ထိုသို့ဖြစ်နေသော်လည်း ထိုဂိုဏ်းသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေသော လူအမြောက်အများ ကျန်ရှိနေဆဲပင်။

နာမည်ကျော်ကြားသော ထိပ်သီးကျင့်ကြံသူတချို့သည် စိတ်ဝိညာဉ်သိုင်းနန်းတော်တွင် ယခင်က ထွက်ပေါ်လာခဲ့ဖူးသည်။ သူတို့သည် ပုံမှန်အားဖြင့် တစ်ယောက်လျှင် ဆယ်ယောက် တစ်ယောက်လျှင် လူတစ်ရာ တိုက်ခိုက်နိုင်ကြသည်။ ဤသည်ကြောင့် စိတ်ဝိညာဉ်သိုင်းနန်းတော်၏ဂုဏ်သတင်းကို မြင့်တက်စေခဲ့သည်။

"တခြားဂိုဏ်းတချို့..."

ချီလင် ဆက်ပြောမည်အပြုမှာပင် လူအုပ်အကြားမှ လူတစ်ယောက်က သူ၏မှော်ရတနာကို ထုတ်ဖော်ပြသလိုက်သည်။ ထို့နောက် သူ၏မှော်စွမ်းအားများကို ထိုမှော်ရတနာအတွင်းသို့ ထည့်သွင်းကာ နန်းတော်တံခါးထံသို့ ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။

မှော်ရတနာသည် လေထုအတွင်းတွင် ကွေ့ဝိုက်၍ပျံ့လွင့်သွားပြီးနောက် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများ ပွင့်အံ့ထွက်လာသည်။ ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ နန်းတော်တံခါးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။

All Chapters