← Chapters

အခန်း (၅၁၀၆-၅၁၁၀)

Vol. 259 Ch. 5106-5110

အခန်း (၅၁၀၆-၅၁၁၀)

Vol. 259 Ch. 5106-5110

Chapter 5106

စိတ်ဝိညာဥ်သိုင်းနန်းတော်မှ တပည့်နှစ်ဦးသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လှေကားထစ်များအတိုင်း တက်သွားကြပြီး နန်းတော်တံခါးဝသို့ ရောက်ရှိတော့ပေမည်။ သို့ရာတွင် ဤအချိန်တွင် ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်ရုပ်တုနှစ်ခုသည် လူနည်းသွားသောကြောင့်လည်း ရပ်တန့်မသွားခဲ့ချေ။

ကျောက်ရုပ်ထုများသည် လက်အတွင်းတွင် ထက်ရှသော ဓားများကို ကိုင်ဆောင်ထားပြီး အတင်းအကြပ် ပြေးဝင်လာသော လူနှစ်ဦးထံသို့ အားကုန်လွှဲယမ်းလိုက်ကြ၏။ ဓားချီများသည် တောင်တစ်လုံးကို ခုတ်ပိုင်းလိုက်သကဲ့သို့ အလွန်ထက်ရှပြီး ထိတ်လန့်ဖွယ် စွမ်းအားတစ်ရပ် ပွင့်အံ့ထွက်လာသည်။

ထက်ရှသောဓားချီသည် လေထုကို ဖြတ်တောက်သွားပြီး စိတ်ဝိညာဉ်သိုင်းနန်းတော်မှ တပည့်နှစ်ဦးကို ချက်ချင်း သတ်ဖြတ်ကာ ကျောက်လှေကားထစ်များကို သွေးများဖြင့် ဆေးခြယ်လိုက်သည်။။

စိတ်ဝိညာဉ်သိုင်းနန်းတော်မှ တပည့်နှစ်ဦးသည် ကျင့်ကြံမှုဆင့်စွမ်းအား မြင့်မားသည်ဟု သတ်မှတ်နိုင်သည့်အပြင် လေးလံသော သံချပ်ကာများကိုလည်း ဝတ်ဆင်ထားကြ၏။ သို့ရာတွင် ကျောက်ရုပ်ထု၏ဓားရှည်များရှေ့တွင် မည်သည့်အရာကမျှ မတားဆီးနိုင်သည့်အလားပင်။

ရှေ့မှမြင်ကွင်းကို ကြည့်ရင်း ချီလင် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် နောက်သို့လှည့်ကြည့်လိုက်ရာ လုယွီသည် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် အလျင်စလို အော်ဟစ်လိုက်၏။

"စီနီယာ...ငါ့ကို စောင့်ပါဦး"

လူတစ်ယောက်နှင့်နတ်ဆိုးသားရဲတစ်ကောင်သည် မြေအောက်လောက သံသရာနန်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် နန်းတော်၏ကြေးနီတံခါးသည် ပိတ်တော့မည့်အရိပ်အယောင်များ ပြသနေသည်။

"မကောင်းတော့ဘူး....သူတို့ အရင်ရောက်သွားပြီ"

သန့်စင်သောယန်မြင့်မြတ်နယ်မြေမှ အကြီးအကဲသည် လျင်မြန်စွာ တုံ့ပြန်လိုက်၏။ ကြေးနီတံခါးမပိတ်မီတွင် သူသည် လက်ကိုမြှောက်ကာ ဓားချီတစ်လှိုင်းကို ထုတ်လွှတ်လိုက်သည်။

ထိုဓားချီသည် အရှိန်ပြင်းသော မြှားတစ်စင်းကဲ့အလား လေထုကို ဖြတ်သန်းသွားပြီး ချက်ချင်း ဆိုသလိုပင် ရှေ့သို့ပျံ့လွင့်သွားသည်။ သို့ရာတွင် ထိုအချိန်မှာပင် မြေအောက်လောက သံသရာနန်းတော်မှ ထူထပ်သိပ်သည်းသောယင်ချီများရုတ်တရက် ထွက်ပေါ်လာပြီး ထိုဓားချီကို ခိုင်မာစွာ ပိတ်ဆို့ထားလိုက်သည်။

ဓားချီသည် ချက်ချင်းပျောက်ကွယ်သွားပြီး လုယွီကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် ကြေးနီတံခါးသည် တဂျိန်းဂျိန်းမြည်သံနှင့်အတူ ပိတ်သွားပြီး လုယွီနှင့်ချီလင်တို့၏ပုံရိပ်များသည် လူတိုင်း၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားပေ၏။

"ဘာတွေဖြစ်နေတာလဲ....ဘာဖြစ်လို့ စောစောက ကောင်လေးက ပုံမှန်အတိုင်း ဝင်သွားနိုင်ရတာလဲ"

"ကျစ်...ကျောက်ရုပ်ထုတွေက သူ့ကို မတိုက်ခိုက်ဘဲ ငါတို့ကိုကျတော့ တိုက်ခိုက်နေတယ်....ဒါက ဘယ်လိုသဘောတရားမျိုးလဲ"

လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံး စိုးရိမ်ပူပန်နေကြသည်။ ယခင်ကဆိုလျှင် သူတို့သည် တည်ငြိမ်နေနိုင်ကြပေမည်။ သို့ရာတွင် ယခုအချိန်၌ လူတိုင်းသည် မြေအောက်လောကသံသရာနန်းတော်အတွင်းရှိ တောင်ကဲ့သို့ ပုံနေသော ရတနာများကို မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဤသည်ကြောင့် မည်သူမဆို တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။

ဤသည်မှာ ကောင်းကင်ဘုံနယ်မြေ၏ နံပါတ်တစ် တာအိုသခင်မှ ချန်ထားခဲ့သော ရတနာများ ဖြစ်ပေ၏။ ဤကဲ့သို့ ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေသော ကံကြမ္မာကောင်းမျိုးကို မည်သူမဆို ရရှိခဲ့ပါက သူတို့သည် ချက်ချင်းဆိုသလိုပင် အမြင့်သို့တက်လှမ်းနိုင်ပေမည်။

ထိုကဲ့သို့အခွင့်အရေးသည် သူတို့၏မျက်စိရှေ့တွင် ရှိနေပေ၏။ စိတ်ဝိညာဉ်သိုင်းနန်းတော်၏ အကြီးအကဲနှင့် သန့်စင်သောယန်မြင့်မြတ်နယ်မြေမှ အကြီးအကဲပင်လျှင် ဤအချိန်တွင် တည်ငြိမ်စွာနေနိုင်ခြင်း မရှိတော့ချေ။

"အပြင်ဘက်က ငါတို့ရဲ့သူလျှိုတွေ သတင်းပို့တာကတော့ အကန့်အသတ်မဲ့မြင့်မြတ်နယ်မြေရဲ့လူတွေက လူရိုင်းနယ်စပ်မှာ ပေါ်လာကြပြီ..."

"အဝါရောင်ကောင်းကင်ဘုံ မြင့်မြတ်နယ်မြေက လူတွေရယ်... နတ်ဆိုးဂိုဏ်းကနေ ဆင်းသက်လာတဲ့ ဆင်ဝါးမြိုခြင်းဂိုဏ်းက လူတွေလည်း ရှိသေးတယ်....သူတို့တွေ အရမ်းမြန်မြန် ရောက်လာကြတာပဲ"

လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူအမြောက်အများအပြားသည် ပြင်ပလောကနှင့် အဆက်အသွယ်ရှိနေဆဲပင်။ မြေအောက်လောကသခင်၏ရတနာများ ထွက်ပေါ်လာသည့် သတင်းသည် အလွန်ကြီးမားပေ၏။ တခြားဂိုဏ်းများနှင့်အုပ်ချုပ်ရေးအဖွဲ့များ မသိရှိသေးသည့် အခွင့်အရေးကို အသုံးချပြီး သူတို့သည် လက်ဦးမှုရယူရန် ပြင်ဆင်ထားကြသည်။ သို့ရာတွင် ထိုကဲ့သို့အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။

"ကျောက်ရုပ်ထုနှစ်ခုက နည်းနည်းလေးနှေးကွေးတယ် ဆိုတာကို မင်းတို့ သတိထားမိကြလား"

စိတ်ဝိညာဉ်သိုင်းနန်းတော်မှ အကြီးအကဲက ရုတ်တရက် မေးမြန်းသည်။

"ဘာကို ဆိုလိုတာလဲ"

"ဒီကျောက်ရုပ်ထုနှစ်ခုက လျှို့ဝှက်နည်းစနစ်တစ်မျိုးမျိုးကို အသုံးပြုထားတာပဲ ဖြစ်မယ်... သူတို့ရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်တွေကို ဒီကျောက်ရုပ်တွေထဲ ထည့်သွင်းထားတာပဲ...ဒီကျောက်ရုပ်ထုနှစ်ခုက တကယ်တော့ ရုပ်သေးရုပ်တွေပဲ....သူတို့ရဲ့စွမ်းအားက သန်မာအားကောင်းပေမဲ့ သူတို့ရဲ့လှုပ်ရှားနိုင်စွမ်းက သိပ်မမြင့်ဘူး...သူတို့ကို ချုပ်နှောင်ထားဖို့ လူအလုံအလောက်ရှိနေသရွေ့ ငါတို့က တံခါးကို သိမ်းပိုက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်လိမ့်မယ်....အဲ့ဒီအချိန်ကျရင် ငါတို့က အဲ့ဒီလေလွင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ပြီးတော့ ပစ္စည်းတွေအားလုံးက ငါတို့ရဲ့အပိုင် ဖြစ်လာလိမ့်မယ်"

စိတ်ဝိညာဉ်သိုင်းနန်းတော်မှ အကြီးအကဲက ပြောဆိုသည်။

"ကျောက်ရုပ်ထုနှစ်ခုကို ချုပ်နှောင်ဖို့က ပြောသလောက် မလွယ်ဘူး... မင်းရဲ့စိတ်ဝိညာဉ်သိုင်းနန်းတော်က လူတွေကို လွှတ်စေချင်တာလား"

ထိပ်သီးကျင့်ကြံသူတချို့က ကန့်ကွက်လိုက်ကြသည်။ ဤသည်မှာ စိတ်ဝိညာဉ်သိုင်းနန်းတော်ထက် အင်အားနိမ့်ကျခြင်းမရှိသော ဂိုဏ်းတစ်ခု မှလူများမှ ပြောဆိုခြင်းပင်။ ဤကျောက်ရုပ်ခုနှစ်ခုကို ရင်ဆိုင်ရန်မှာ လွယ်ကူမည့်ပုံမရချေ။ ရှေ့သို့တက်လှမ်းသွားသော မည်သူမဆို မလွဲမသွေ သေဆုံးသွားဖွယ်ရှိသည်။

"စိတ်မပူကြနဲ့... ဒီတောနက်ကြီးထဲမှာ လူရိုင်းမျိုးနွယ်စုတွေ အများကြီးရှိတယ်..အဲ့ဒီလူရိုင်းတွေက သန်မာကြတယ်...သူတို့က အကောင်းဆုံး အမြောက်စာတွေပဲ....သူတို့ကို ဖမ်းဖို့ ငါ့ရဲ့လက်အောက်ငယ်သားတွေကို အမိန့်ပေးပြီးပြီ... သူတို့ကို အကာအကွယ်အဖြစ်နဲ့ထားရင် ငါတို့က အလောင်းတွေကို အကာအကွယ်ယူပြီး ရှေ့ကိုတိုးလို့ရတယ်"

Chapter 5107

မြေအောင်လောက သံသရာနန်းတော်၏ အတွင်းပိုင်းသို့ ဝင်ရောက်လာသည့်အချိန်၌ ချီလင်၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည်မှာ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခုပင်။ ခန်းမဆောင်၏ အတွင်းပိုင်းသည် အလွန်ရိုးရှင်းသော်လည်း လူများကို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနိုင်ပေ၏။ နံရံများပေါ်တွင် အခါအားလျော်စွာ မှော်သင်္ကေတအက္ခရာများ လင်းလက်နေပြီး ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ရပ်ကို ဝိုးတဝါးထုတ်လွှတ်နေသည်။

မြေပြင်၏ဘေးနှစ်ဖက်တွင် နတ်ဆိုးအမြူတေများ သားရဲအမြူတေများ လေဟာနယ်စိတါဝိညာဉ်ကျောက်တုံးများ သံမဏိနှင့် တခြားအဖိုးတန်ပစ္စည်းအမျိုးမျိုးတို့သည် တောင်တစ်လုံးကဲ့သို့ စုပုံနေကြသည်။ ဤအရာများအားလုံးသည် ကျင့်ကြံခြင်းအတွက် လိုအပ်သော ပစ္စည်းများပင်။ ဆိုရိုးစကားအရပြောရလျှင် ဥစ္စာဓနသည် သဘာဝ၏ နိယာမဖြစ်ပြီး ဥစ္စာဓနသည် ဦးစားပေး ဖြစ်ပေ၏။

အဖိုးတန်ဆေးပင်များကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး ကျပန်းထားရှိသော ပန်းအိုးတစ်လုံးနှင့် တူညီပေ၏။ ထိုနေရာမှ အပင်များသည် ပွင့်လန်းတော့မည့် လက္ခဏာများ ပြသနေပြီး ထိပ်တွင် အနီရောင်တောက်တောက် သစ်သီးတစ်လုံးပင် ရှိနေသည်။ စိတ်ဝိညာဉ်သစ်သီးသည် မွှေးကြိုင်နေပြီး သိပ်သည်းကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားများသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြည့်နှက်နေသည်။ ဤသည်မှာ စစ်မှန်သော ကောင်းကင်ဘုံရတနာတစ်ခုပင်။။ ဤအရာကို ပြင်ပတွင် ထားရှိပါက မိုးထိမြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချရန် လုံလောက်ပေမည်။

"မြေအောက်လောကတာအိုသခင်ရဲ့ ရတနာတွေဖြစ်ဖို့ ထိုက်တန်ပါပေတယ်...ငါ ချမ်းသာပြီ...ငါ ချမ်းသာပြီ"

ချီလင်သည် သွားရည်ကျလာပြီး သူ့ကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။ သူသည် စိတ်ဝိညာဉ်သစ်သီးထံသို့ ပြေးဝင်သွားလေ၏။

ဤသစ်သီးသည် သာမန်အရာမဟုတ်ကြောင်း သူ့၏ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။ ထိုအရာကို ဝါးမြိုလိုက်သည်နှင့် သူသည် အသစ်ပြန်လည်မွေးဖွားလာမည်ဖြစ်ပြီး ကျင့်ကြံဆင့်ပင်လျှင် အဆများစွာ တိုးမြှင့်သွားပေမည်။

သို့ရာတွင် ရုတ်တရက်ဆိုသလို ချီလင်သည် လေထဲရှိ နံရံတစ်ခုနှင့် တိုက်မိပြီး လွင့်စင်သွားခဲ့သည်။ ၎င်းသည် ခေါင်းကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် သတိကြီးစွာ ထားလိုက်ကာ ရှေ့သို့ ဆက်မတိုးဝံ့တော့ချေ။

ချီလင်သည် လုယွီကို ရုတ်တရက် ကြည့်လိုက်သော်လည်း လုယွီသည် သူ့ပတ်ဝန်းကျင်ရှိ ရတနာအားလုံးကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်နေသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ၏နှလုံးသားထဲတွင် လေးစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဒီလူငယ်လေးက ဒီအခြေအနေထိ ကျင့်ကြံနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး...သူ့ရဲ့အမြင်တွေက တခြားလူတွေနဲ့ မတူတာ သေချာတယ်"

ချီလင်သည် သူ၏စိတ်ထဲမှ တွေးတောကာ လုယွီ၏နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။ ဤအချိန်တွင် လုယွီသည် ချီလင် မည်သည့်အရာအား တွေးတောနေသည်ကို အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။ ဤနေရာတွင် ရတနာများစွာရှိသော်လည်း လုယွီသည် ထိုအရာများ၏မူရင်းဇစ်မြစ်ကို ကောင်းစွာ နားလည်ထားပေ၏။

ထိုအချိန်က သူသည် ထိပ်သီးကျင့်ကြံသူအမြောက်အများကို စိန်ခေါ်ခဲ့သည့်အချိန်တွင် သူ၏ဓားတွင် သွေးစွန်းခဲ့ရသည်။ ထိပ်သီးကျင့်ကြံသူတစ်ဦးကို သတ်လိုက်တိုင်း သူသည် တစ်ဖက်လူ၏ပိုင်ဆိုင်မှုများကို ရရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ထံတွင် ကြီးမားသောစည်းစိမ်ဥစ္စာများကို စုဆောင်းမိလေ၏။ လုယွီအတွက်မူ ဤစည်းစိမ်ဥစ္စာများသည် ပြင်ပအကူအညီများသက်သက်ပင်။ ဤအရာများကို အလွန်အကျွံ့မှီခိုအားထားပါက သူ၏တိုးတက်မှုတွင် အလွန်အကန့်အသတ်ရှိသွားပေမည်။

"ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ခဲ့ပြီ..."

လုယွီသည် မြေအောက်လောကသံသရာနန်းတော်၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာရှိ တစ်မီတာခွဲခန့်မြင့်သော စင်မြင့်ပေါ်တွင် အဖြူရောင်ပန်းတစ်ပွင့်ကို စိုက်ပျိုးထားလေ၏။ ထိုအဖြူရောင်ပန်းကို စိုက်ပျိုးထားသောမြေသည် အလွန်မြေသြဇာကောင်းသည့် မည်းနက်သောမြေပင်။ နံဘေးပတ်ဝန်းကျင်တွင် စီးဆင်းနေသော စိတ်ဝိညာဉ်စမ်းရေတွင်းတစ်ခု ရှိပြီး ဤနေရာရှိမြေပြင်ကို ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားများအား အဆက်မပြတ် ပံ့ပိုးပေးနေသည်။ မြေပြင်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအားများ ပတ်ဝန်းကျင်သို့ မပျံ့နှံ့သွားစေရန်အတွက် စင်မြင့်၏နံဘေးပတ်လည်တွင် မှော်သင်္ကေတအက္ခရာတချို့ကိုပင် ရေးထွင်းထားသည်။ ရှုပ်ထွေးပုံရသော ဤမှော်သင်္ကေတအက္ခရာများအားလုံးသည် မြင့်မားသောစင်မြင့်ပေါ်ရှိ အဖြူရောင်ပန်း ပွင့်လန်းလာရန်အတွက်ပင်။

"စိုက်ပျိုးဖို့ နှစ်တစ်ထောင်...ကြီးထွားဖို့ နှစ်တစ်ထောင် ပွင့်လန်းလာဖို့ နှစ်တစ်ထောင်လိုအပ်တယ်"

"သံသရာပန်းပွင့်က နှစ်ပေါင်းသုံးထောင်ကြာမှ တစ်ပွင့်ပဲပွင့်တာ...ငါ့ရဲ့ အရင်ဘဝက မမျှော်လင့်ဘဲ ရရှိခဲ့တဲ့ အခွင့်အရေးက...ဒီဘဝမှာ တကယ်ကြီးဖြစ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"

လုယွီသည် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ယခင်ဘဝတွင် သူသည် ဤပန်းကို လျှို့ဝှက်နယ်မြေတစ်ခု၌ မတော်တဆရရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် သံသရာပန်းသည် မရင့်မှည့်သေးဘဲ အချိန်အပိုင်းအခြားတစ်ခု လိုအပ်နေခဲ့သည်။ ထို့ကြောင့် လုယွီသည် နန်းတော်တစ်ခုကို တည်ဆောက်ပြီး ထိုပန်းကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ ပွင့်လန်းလာမည့်အချိန်ကို စောင့်မျှော်ခဲ့လေ၏။

ဤသည်မှာ ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းဆင်းသက်လာခဲ့သော အင်မော်တယ်ရတနာဖြစ်ပြီး နှစ်ပေါင်းသုံးထောင်ကျော် စုဆောင်းထားသော ကြီးမားသည့် ဆေးဖက်ဝင်စွမ်းအားများ ပါဝင်သည်။ ထိုအရာကို စားသုံးခြင်းသည် လူတစ်ဦး၏ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်ပြီး သူ့ကို နှစ်ပေါင်းသုံးထောင်ကြာ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုကို ချွေတာစေရန် လုံလောက်သည်။ ဤသည်မှာ ကျင့်ကြံဆင့်စွမ်းအားသက်သက်ကိုသာ မြှင့်တင်ပေးနိုင်သော စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သော်လည်း ထိုအရာ၏အာနိသင်သည် အလွန်အစွမ်းထက်သောကြောင့် နှိုင်းယှဉ်၍မရလောက်အောင် အဖိုးတန်ပေ၏။ ဤနှစ်ပေါင်းသုံးထောင်အတွင်းတွင် အမှားတစ်ခုရှိခဲ့လျှင်ပင် ဤသံသရာပန်း၏ကျင့်ကြံမှုကို ပျက်စီးစေပေမည်။

Chapter 5108

"ကောင်းကင်ဘုံက စိတ်ဆန္ဒခိုင်မာသူတွေကို ပစ်ပယ်မထားဘူး...နောက်ဆုံးတော့ ဒီပန်းက ပွင့်တော့မှာပဲ..."

လုယွီသည်က ထိုပန်းကို ဂရုတစိုက် စောင့်ကြည့်လိုက်၏။ ဤသံသရာပန်းသည် အချိန်နှစ်နာရီအတွင်း ပွင့်လန်းလာတော့ပေမည်။ ဤနှစ်ပေါင်းသုံးထောင်အတွင်း မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများသည် ဤအတွေးမျိုးကိုရရှိခဲ့ကြသော်လည်း အဆုံးသတ်တွင် သူတို့သည် ပန်းပွင့်လန်းမည့်နေ့ကို မစောင့်ဆိုင်းနိုင်ခဲ့ကြချေ။

လုယွီသည် မူလက မြေအောက်လောကသို့ သွားသည့်အချိန်တွင် သူ၏ အတိတ်ဘဝမှ ရတနာများကို ရှာဖွေပြီးနောက် ဤရှားပါးရတနာပန်းပွင့်ကို ပြန်လည်သိမ်းပိုက်ရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ကံကြမ္မာသည် သူ့ကို လှည့်စားလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။ သူသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို တိုးတက်စေရန်အတွက် လူရိုင်းကြယ်မြစ်သို့ ရောက်လာခဲ့ကာ တခြားကိစ္စများကို အာရုံမစိုက်ခဲ့ချေ။ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် သူ၏အတိတ်ဘဝမှရတနာများနှင့် ကြုံတွေ့ခဲ့ရသည်။

"ငါက ပြောင်းလဲခြင်းကျမ်းစာနဲ့ ကံကြမ္မာတာအိုကို ကျွမ်းကျင်ပိုင်နိုင်ပြီးပြီ...ရှေးဦးသက်ရှိတွေ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကျင့်ကြံနည်းစနစ်တွေက အရမ်းလျှို့ဝှက်ဆန်းကြယ်လွန်းတယ်....ငါ ဒီနေရာကို ရောက်လာတာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ခံစားရတယ်..."

ထိုကဲ့သို့သော အတွေးတစ်ခုသည် လုယွီ၏ စိတ်အတွင်းတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ဤသံသရာပန်းကို ရှာဖွေတွေ့ရှိခြင်းသည် လုယွီ၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။ နှစ်ပေါင်းသုံးထောင်ကျင့်ကြံဆင့်စွမ်းအားသည် လုယွီကို ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ တွန်းပို့ရန် လုံလောက်ပေ၏။ ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေတွင်ပင် မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရွှေအင်မော်တယ်များထက်သာ အဆင့်နိမ့်သော တည်ရှိမှုကြီးတစ်ခုပင်။ ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၌ပင် ဖီးနစ်ငှက်မွှေးနှင့်ချီလင်ဦးချိုတို့ကဲ့သို့ ရှားပါးသော တည်ရှိမှုတစ်ခုလည်း ဖြစ်သည်။

ဤအချိန်တွင် ချီလင်သည် အလွန်စိတ်ရွှင်မြူးနေပေ၏။ သူသည် မီးခိုးငွေ့တန်းအလား စိတ်ဝိညာဉ်စမ်းရေတွင်း၏နံဘေးသို့ အပြေးသွားလိုက်သည်။ ထို့နောက် သူသည် ရေတစ်ငုံမော့သောက်လိုက်ပြီး ရုတ်တရက် အော်ဟစ်လေသည်။

"အံ့အားသင့်စရာပဲ .. ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီးတိုးလာတယ်လို့ ငါ ခံစားရတယ်.... ဒါက တကယ့်ကို အတိတ်က မြေအောက်လောကတာအိုသခင် ချန်ထားခဲ့တဲ့ ရတနာဖြစ်ဖို့ ထိုက်တန်ပါပေတယ်"

သူသည် သံသရာပန်းကို ကြည့်လိုသော်လည်း လုယွီက တားဆီးလိုက်သည်။

"ဒီမှာရှိတဲ့ အရာအားလုံးက ငါ့အပိုင်ပဲ...ငါ မင်းကို သွားခွင့်မပေးရင် မင်း မလှုပ်ရှားနဲ့"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ချီလင်၏စိတ်နှလုံးသား တုန်ရီသွားသည်။ သူသည် ခေါင်းငုံ့ပြီး အလျင်အမြန်ပြောဆိုလိုက်၏။

"စီနီယာ ပြောတာ အမှန်ပါပဲ... ကျွန်တော်က စပ်စုရုံသက်သက်ပါ"

သူသည် မာန်မာနကြီးသော်လည်း လုယွီ၏ကြီးမားသောစွမ်းအားကို ကြောက်ရွံ့နေသည်။ ထို့ကြောင့် သူ့ထံတွင် မည်သည့်မလိုလားအပ်သောအတွေးမျိုးမျှ မရှိဝံ့ချေ။

"အင်း"

လုယွီက ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍စကားမဆိုတော့ပေ။

လုယွီသည် သံသရာပန်း၏နံဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ပလ္လင်ခွေထိုင်နေသည်အား မြင်တွေ့ချိန်၌ ချီလင်က သိချင်စိတ်ပြင်းပြစွာဖြင့် ရုတ်တရက် မေးမြန်းလိုက်သည်။

"စီနီယာရဲ့နာမည်ကို ကျွန်တော် မသိရသေးဘူး"

လုယွီသည် ချီလင်ကို တစ်ချက်ကြည့်ကာ သူ၏အမည်ကို တိုက်ရိုက်ပြောဆိုလေသည်။

"လုယွီ... ဒီနာမည်က ရင်းနှီးသလိုပဲ...ဒါက.. "

ရုတ်တရက် ချီလင်သည် လျင်မြန်စွာအမှတ်ရသွားပြီး လုယွီကို ကြည့်လိုက်သည်။

"စီနီယာက မကြာသေးခင်ကမှ မြို့တော်မှာ နန်းတက်ခဲ့တဲ့ တစ်ယောက်လား"

"ဟုတ်တယ်...အဲ့ဒါက ငါပဲ..."

အေးစက်သော အလင်းတန်းတစ်တန်းသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသဖြင့် သူ၏အရှိန်အဝါကို သိသာထင်ရှားစေသည်။

ချီလင်၏မျက်နှာအမူအယာသည် ထိတ်လန့်ဖွယ်သတင်းတစ်ခုကို ကြားလိုက်ရသည့်အလား ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်ကာ အရိုအသေပြုလိုက်၏။

"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်..."

"မင်းက တခြားနတ်ဆိုးသားရဲတွေနဲ့ မတူဘူး... မင်းက အပြင်လောကရဲ့ သတင်းတွေကို တော်တော်လေးသိထားတာပဲ..."

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ကျွန်တော်က လူသားအသွင်ပြောင်းလဲပြီးတော့ အပြင်ထွက်ရတာကို သဘောကျတယ်....ဒါကြောင့် ပြင်ပလောကအကြောင်း သတင်းအချက်အလက်တွေ အများကြီးကို သိထားတယ်....ဒါပေမဲ့ ပြင်ပလောကမှာ အန္တရာယ်အရမ်းများတာကြောင့် ကျွန်တော်က အချိန်အများစုကို ပါ့ကျိုးတောနက်ကြီးထဲမှာပဲ ကုန်ဆုံးတယ်"

ချီလင်က ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။

သူကဲ့သို့ ရှေးဟောင်းအင်မော်တယ်သားရဲ၏ မျိုးဆက်တစ်ဦးအတွက် ပြင်ပလောကတွင် သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်သွားသည်နှင့် အလွန်အန္တရာယ်ကြီးမားသောသော အရာတစ်ခု ဖြစ်လာပေမည်။ ဤအဖိုးတန် နတ်ဆိုးသားရဲများကို အမဲလိုက်ပြီး ဈေးကြီးပေးရောင်းချခြင်းကို အထူးပြုလုပ်သည့် သားရဲမုဆိုးအမြောက်အများရှိသည်။ ထို့ကြောင့် မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ချီလင်သည် လူနည်းသောနေရာများသို့သာ သွားဝံ့ပေ၏။ သို့ရာတွင် လောကကြီးတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို သူ အနည်းငယ်သိရှိထားဆဲပင်။

သူတို့ စကားပြောနေကြစဉ်မှာပင် မြေအောက်လောကသံသရာနန်းတော်၏ ပြင်ပမှ ပြင်းထန်သော တိုက်ပွဲခေါ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ပြင်ပ၌ အလွန်ကျယ်လောင်သော တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ ပြင်ပတွင် စောင့်ကြပ်နေသော ကျောက်ရုပ်နှစ်ခုသည် အသက်ဝင်လာကာ ရူးသွပ်သောသတ်ဖြတ်မှုများကို စတင်လုပ်ဆောင်နေပုံရသည်။ တစ်ချိန်တည်းမှာပင် ကြေးနီတံခါးကို လူအမြောက်အများမှ တပြိုင်နက်တည်း တိုက်ခိုက်နေသည့် ကျယ်လောင်သောအသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အရှင်ဧကရာဇ်.. ဒီတံခါးက ခံနိုင်ရည်ရှိပါ့မလား"

ချီလင်က ထိတ်လန့်တကြား ပြောဆိုသည်။

လုယွီသည် တည်ငြိမ်အေးဆေးနေကာ သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။

"သူတို့ ဝင်လို့မရဘူး....."

Chapter 5109

လုယွီ ထိုသို့ပြောဆိုသော်လည်း ချီလင်သည် ကြောက်လန့်နေဆဲပင်။ ပြင်ပတွင် ထိပ်သီးကျင့်ကြံသူများ အလွန်များပြားသဖြင့် ချီလင်ကို ကြောက်ရွံနေစေသည်။ မည်သို့ပင်ဆိုစေကာမူ လုယွီသည် တစ်ယောက်တည်းဖြစ်ပေ၏။

"အရှင်ဧကရာဇ်မှာ တောင်းဆိုစရာတစ်ခုခုရှိရင် ကျွန်တော့်ကို ပြောလိုက်ပါ...ကျွန်တော်က အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်"

ဤအချိန်တွင် ချီလင်၏မျက်နှာပေါ်၌ မြှောက်ပင့်ဖားယားသော အပြုံးတစ်ခု ထင်ဟပ်နေသည်။ ပြင်ပမှလူအုပ်ကြီးသည် ဤနေရာကို လိုချင်တပ်မက်စွာ စိုက်ကြည့်နေကြ၏ ယခုအချိန်တွင် သူသည် လုယွီ၏ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားမှသာ သူ အသက်ရှင်နိုင်ပေမည်။

လုယွီသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ရုတ်တရက် ပြောဆိုသည်။

"တကယ်တော့ ငါမှာ ကိစ္စတစ်ခု ရှိတယ်...."

သူသည် ချီလင်ကိုကြည့်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့လုမိသားစုကို စောင့်ရှောက်တဲ့ နတ်ဘုရားသားရဲ လုပ်ပေးရမယ်ဆိုရင် ဘယ်လိုသဘောရလဲ"

"မိသားစုကို စောင့်ရှောက်တဲ့ နတ်ဘုရားသားရဲလား..."

ချီလင်က မျက်လုံးလှန်ကြည့်ပြီး တီးတိုးပြောဆိုသည်။

"ကျွန်တော်က လွတ်လပ်မှုကို အသားကျနေပြီ... ဒါက...."

"သတ်မှတ်ချိန်က နှစ်တစ်ရာပဲ...နှစ်တစ်ရာကြာပြီးရင် မင်း လွတ်လပ်သွားပြီ..."

လုယွီသည် ချီလင်၏စကားကို ကြားဖြတ်ပြောဆိုလိုက်၏။

"ငါ့ရဲ့လုမိသားစုကို စောင့်ရှောက်တဲ့ နတ်ဘုရားသားရဲ ဖြစ်လာရင် မင်းအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေ ချို့တဲ့မှာ မဟုတ်ဘူး... ဒါ့ပြင် ငါက မင်းရဲ့နတ်ဘုရားသားရဲသွေးကြော နိုးထလာအောင် ကူညီပေးနိုင်တယ်"

"အရှင်ဧကရာဇ်က တကယ်ပြောနေတာလား"

ချီလင်၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သူသည် ချီလင်တစ်ကောင် ဖြစ်သော်လည်း သူ၏သွေးမျိုးဆက်သည် သန့်စင်ခြင်း မရှိချေ။ ထိုသို့မဟုတ်ပါက သူသည် လုယွီ၏ လွယ်လင့်တကူဖမ်းဆီးခြင်းကို ခံရမည်မဟုတ်ပေ။ ရှေးဟောင်းချီလင်သည် အင်မော်တယ်တစ်ယောက်နှင့် အဆင့်တူသော အဆင့်မြင့် နတ်ဘုရားသားရဲတစ်ကောင်ပင်။

သူသည် အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသည့်အချိန်တွင် အစစ်အမှန်နဂါးတစ်ကောင်နှင့်ပင် တန်းတူအဆင့်တွင်ရှိသည်။ သို့ရာတွင် သူသည် ရှေးဟောင်းနတ်ဘုရားသွေးကြောကို နိုးထလာစေပြီးမှသာ ဤသို့ပြုလုပ်နိုင်ပေမည်။ သူ့ထံတွင် ရှေးဟောင်းနတ်ဘုရားချီလင်၏ သွေးမျိုးဆက်ရှိနေသော်လည်း ရှေးဟောင်းချီလင်တစ်ကောင်၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးချေ။ အရေးကြီးဆုံးပြဿနာမှာ သူ၏သွေးမျိုးဆက်ပင်။

ဥပမာအနေဖြင့် အောင်းကွမ်းသည် သန့်စင်သော သွေးမျိုးဆက်ရှိသည့် ခြေသည်းငါးချောင်စရွှေနဂါးတစ်ကောင်ဖြစ်သည်။ အောက်ဘုံတွင် အကန့်အသတ်များ ရှိနေသောကြောင့် သူ၏စွမ်းအားများကို အကုန်အစင် အသုံးပြုနိုင်ခြင်းမရှိချေ။ သူ အထက်ဘုံသို့ တက်လှမ်းပြီးနောက် ကန့်သတ်ချက်မှ လွတ်မြောက်သွားသဖြင့် သူ၏ကျင့်ကြံမှုဆင့်သည် ခုန်ပျံကျော်လွှား၍ တိုးတက်လာပေ၏။ နောင်တစ်ချိန်တွင် သူသည် ကောင်းကင်ဘုံနယ်မြေ၌ ထိပ်သီးတည်ရှိမှုကြီးတစ်ဦး ဖြစ်လာပေမည်။

"ငါ မင်းကို လိမ်စရာလိုလို့လား... မင်းက ငါ့မိသားစုကို နှစ်တစ်ရာကြာတဲ့အထိ ကာကွယ်ပေးရင်.... ငါ မင်းကို ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတစ်ခု ပြန်ပေးမယ်"

လုယွီ၏အသံသည် မြေအောက်လောကသံသရာနန်းတော်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။

"ကျွန်တော် သဘောတူပါတယ်...အရှင်ဧကရာဇ်ရဲ့ မိသားစုကို ကျွန်တော်က အကောင်းဆုံး ကာကွယ်ပေးပါ့မယ်"

"ကောင်းပြီလေ....အဲ့ဒီနေရာက ရတနာတွေက နတ်ဆိုးသားရဲတွေနဲ့ ပတ်သက်နေတယ်...မင်း ကြိုက်ရာတစ်ခုကို ရွေးနိုင်တယ်"

လုယွီက လက်ညှိုးညွှန်လိုက်ရာ အဝေးရှိ ရတနာပုံတစ်ပုံ၏မျက်နှာပြင်ပေါ်မှ အနက်ရောင်အလင်းတန်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ဤသည်မှာ ဖုံးကွယ်ထားသော ကန့်သတ်ချက်တစ်ခုကို ချက်ချင်း ဖွင့်လှစ်လိုက်သည့်အလားပင်။ ဤလှုပ်ရှားမှုသည် ချီလင်ကို မှင်သက်သွားစေပြီး နေရာတွင်ပင် တောင့်တင်းသွားစေခဲ့သည်။

ဤနေရာသည် အတိတ်တွင် မြေအောက်လောကတာအိုသခင်၏ပိုင်ဆိုင်မှုဖြစ်သည်ကို သူ ကောင်းစွာသိရှိထားသည်။ ဤနေရာတွင် တာအိုသခင်တစ်ယောက်မှ ဖန်တီးထားသော သတ်ဖြတ်ခြင်းဝင်္ကပါများနှင့်ကန့်သတ်ချက်များ ရှိနေသည်။ သို့ရာတွင် လုယွီသည် ဤသတ်ဖြတ်ခြင်းဝင်္ကပါများနှင့် ကန့်သတ်ချက်များကို လမ်းတလျှောက်တွင် အရေးမပါသည့်အလား သဘောထားခဲ့သည်။ ဤသတ်ဖြတ်ခြင်းဝင်္ကပါများသည် သူ့ကို တစိုးတစိမျှ မထိခိုက်စေခဲ့ချေ။

"သူ နန်းတက်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး....သူ့မှာ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတာ သေချာတယ်...."

ချီလင်သည် ဤအကြောင်းကို တွေးမိသည့်အချိန်တွင် သူ၏စိတ်အတွင်းမှ အတွေးရိုင်းများအားလုံးကို ချက်ချင်းဖယ်ရှားလိုက်သည်။ သူသည် လုယွီအတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးရန်သာ ဆန္ဒရှိတော့သည်။

"ချီလင်တစ်ကောင်က ငါ့ရဲ့မိသားစုကို စောင့်ရှောက်ပေးနေရင်.... မိသားစုထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေ ပိုများလာမယ်လို့ ငါ ထင်တယ်"

လုယွီသည် ဤချီလင်ကို ယာယီအစီအစဥ်တစ်ခုအဖြစ် လက်ခံလိုခဲ့သည်။ အောက်ဘုံရှိ လုမိသားစုတွင် ထိပ်သီးကျင့်ကြံသူ အလွန်နည်းပါးပေ၏။ မရေမတွက်နိုင်သော အရင်းအမြစ်များ ရှိသည့်တိုင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာရန် အချိန်ကြာမြင့်စွာယူရပေမည်။

လုယွီသည် ခြွင်းချက်ပင်။ သူ၏ အတိတ်ဘဝမှအတွေ့အကြုံများနှင့် မမျှော်လင့်ထားသော ကံကြမ္မာကောင်းများကြောင့် သူသည် ဤမျှငယ်ရွယ်သော အသက်အရွယ်တွင် ဤအခြေအနေအထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် တခြားလူများမှာမူ ကွဲပြားခြားနားသည်။

လူအများစုသည် သူတို့၏ ဘဝတလျှောက်လုံး ကျင့်ကြံခြင်းလမ်းကြောင်းတွင် လေ့လာသင်ယူရင်းဖြင့်သာ ကုန်ဆုံးခဲ့ကြသည်။ များသောအားဖြင့် သူတို့သည် နောက်တစ်ဆင့်သို့ မတက်လှမ်းမီ ဆယ်နှစ်ကျော်ကြာအောင် ကျင့်ကြံရပေ၏။ ဤသည်မှာ သူတို့၏ အရည်အချင်းကြောင့်သာမက သူတို့၏ကံကြမ္မာဖြင့်လည်း သက်ဆိုင်သည်။

ချီလင်အတွက်မူ သူသည် ရှေးဟောင်းမင်္ဂလာသားရဲတစ်ကောင်ပင်။ သူ၏တည်ရှိမှုသည် ဒေသတစ်ခု၏ကံကြမ္မာကိုပင် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

Chapter 5110

လုမိသားစုသည် ချီလင်ကို ပိုင်ဆိုင်ထားပါက မိသားစု၏ကံကြမ္မာပေါ် ကြီးမားသောသက်ရောက်မှု ရှိလာပေမည်။ ထိုအချိန်မှစ၍ မိသားစုအတွင်းရှိ ပါရမီရှင်အရေအတွက်သည် အဆများစွာ တိုးပွားလာပေမည်။ ဤသည်မှာ လုယွီ၏ရည်မှန်းချက်ပန်းတိုင်ပင်။

ချီလင်သည် ပျော်ရွှင်စွာဖြင့် ရတနာကို ရွေးချယ်နေသည်အား မြင်တွေ့ချိန်၌ လုယွီသည် သူကို မနှောင့်ယှက်တော့ချေ။ သူသည် သံသရာပန်းပွင့်လန်းလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သံသရာပန်း၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ စုဝေးလာကြသည်။ အဖြူရောင်ပွင့်ချပ်များမှ ရောင်စုံအလင်းတန်းများကို တဖြည်းဖြည်းထုတ်လွှတ်လိုက်သည်။ နှစ်ပေါင်းသုံးထောင်ကြာ ကျင့်ကြံဆင့်စွမ်းအားသည် ဤပန်းအတွင်းတွင် ကိန်းအောင်းနေကြီး ခုနစ်ရောင်ခြယ်အလင်းတန်းများသည် မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားပေ၏။ သံသရာနန်းတော်ပင်လျှင် ဤအလင်းတန်းကို မတားဆီးနိုင်ခဲ့ချေ။

ဤအလင်းတန်းအတွင်းတွင် မှော်အက္ခရာစာလုံးများ သောင်းနှင့်ချီ၍ ရှိနေသည်။ ထိုအရာများသည် ရှေးကျပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသည်။ ဤပန်း၏အရှိန်အဝါသည် တောင်များနှင့်မြစ်များကို ရိုက်ခတ်နေသော ဒီရေလှိုင်းတစ်ခုအလားပင်။

ရုတ်ချည်းဆိုသလိုပင် သံသရာပန်းသည် ပန်းတစ်ပွင့်မဟုတ်တော့ဘဲ မမြင်နိုင်သော နတ်ဘုရားတစ်ပါးနှင့် ပို၍တူညီလာသည်။ ထိုအရာမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ ချီလင်သည် ခေါင်းငုံ့ထားကာ စင်မြင့်ပေါ်မှဖိအားအရှိန်အဝါသည် အလွန်ကြီးမားသည်ဟု သူ ခံစားမိပေ၏။

ဤသည်မှာ သူ ငယ်စဉ်က မြင်ခဲ့ဖူးသော နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ မြင့်မြတ်ပြီး အစွမ်းထက်ကာ အတွေးတစ်ချက်ဖြင့် သူ့ကို အမှုန့်ဖြစ်အောင် ကြိတ်ချေနိုင်သည့်အလားပင်။

မကြာမီမှာပင် သံသရာပန်းသည် လေတိုက်ခတ်ခြင်းမရှိဘဲ စတင်၍လှုပ်ရှားလာသည်။ ပန်းသည် ရှေ့နောက် ယိမ်းနွဲ့နေပြီး အတွင်းမှနေ၍ လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာစာလုံးများ ထွက်ပေါ်လာပေ၏။ ဤသည်မှာ အလွန်ရှေးကျသော ကျမ်းစာတစ်ခုပင်။ ကျမ်းစာစာလုံးတိုင်းမှ မိုးကြိုးကဲ့သို့ ကျယ်လောင်သောအသံများ မြည်ဟီးနေကာ အသံလှိုင်းများသည် နားစည်များကို နာကျင်စေသည်အထိ တုန်ခါပြီးလှည့်ပတ်နေသည်။

"ဒီလို နတ်ဘုရားဆန်တဲ့ အရာမျိုးက အရမ်းရှေးကျတဲ့ခေတ်ကာလက လာတာပဲဖြစ်မယ်..."

လုယွီသည် ထိတ်လန့်တုန်လှုပ်သွား၏။ ဤရတနာ၏အခြေအနေသည် သူ၏ မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်သွားခဲ့သည်။ သံသရာပန်း၏ ပွင့်လန်းလာမှုမှာ အလွန်အစွမ်းထက်သည်။ မြေအောက်လောက သံသရာနန်းတော်ပင်လျှင် ပန်း၏အရှိန်အဝါကို မဖုံးကွယ်နိုင်ခဲ့ချေ။ ကြီးမားသောအရှိန်အဝါတစ်ရပ်သည် သံသရာပန်းမှ ထွက်ပေါ်လာပြီး ပြင်ပလောကသို့ ပျံ့နှံ့သွားခဲ့သည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ အချိန်တခဏအကြာတွင် မြေအောက်လောကသံသရာနန်းတော်ကို ဝန်းရံထားသော ယင်ချီများ ပြန့်ကျဲသွားသည်။ တောက်ပသောအလင်းတန်းတစ်တန်းသည် မီးတောင်ပေါက်ကွဲမှုအလား မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားပေ၏။ ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသန်မရှိသော ဖိအားအရှိန်အဝါတစ်ရပ် ရုတ်တရက် ကျဆင်းလာသည်။ ဤသည်မှာ ပါ့ကျိုးတောအုပ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် သူတို့၏ နှစ်ခြိုက်စွာအိပ်စက်ခြင်းမှ နိုးထလာကြပြီး မြေအောက်လောကသံသရာနန်းတော်ဘက်သို့ ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပေ၏။

"နန်းတော်ထဲမှာ ထူးခြားတာတစ်ခုခု ဖြစ်သွားပြီ"

"ဒါက ဘယ်လိုတည်ရှိမှုမျိုးလဲ...အဲ့ဒီအရာက ထုတ်လွှတ်ထားတဲ့ အရှိန်အဝါသက်သက်ကတောင် အရမ်းကိုကြောက်ဖို့ကောင်းနေပြီ"

နန်းတော်၏အပြင်ဘက်မှ ထိပ်သီးကျင့်ကြံသူများက လုယွီသည် ကံကြမ္မာကောင်းတစ်ခုကို ရရှိသွားပြီဟု ခန့်မှန်းလိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် ချက်ချင်းနီမြန်းလာပြီး နန်းတော်ကို အစွမ်းကုန် စတင်တိုက်ခိုက်လိုက်ကြသည်။ ကြေးနီတံခါးကို ရိုက်ခတ်နေသောအသံများသည် ပို၍ပို၍ပြင်းထန်လာပေ၏။

ဤအချိန်တွင် နန်းတော်အတွင်း၌ လုယွီသည်လည်း သံသရာပန်းကို ကြည့်နေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ လေထုအတွင်းတွင် ပျံ့လွင့်နေသော မှော်သင်္ကေတအက္ခရာများသည် ရှေးကျသော်လည်း လုယွီသည် ဤစကားလုံးများ၏အဓိပ္ပာယ်ကို အဓိပ္ပါယ်ဖော်ဆောင်နိုင်သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏အကူအညီရှိသည်။

ရှေးဦးခေတ်သည် ဖွံ့ဖြိုးမှုမရှိသေးသည့် ခေတ်ကာလဖြစ်ပြီး လောကကြီးအတွင်းရှိ အရာအားလုံးသည် မတည်ငြိမ်မှုများကြားတွင် ရှိနေဆဲပင်။ ဤသံသရာပန်းမျိုးစေ့ကို လျှို့ဝှက်ဆန်းကြယ်သော ထိပ်သီးကျင့်ကြံသူတစ်ဦးက စိုက်ပျိုးခဲ့ပြီး မရေမတွက်နိုင်သောပိုင်ရှင်များထံသို့ အဆင့်ဆင့်ရောက်ရှိသွားကာ နောက်ဆုံးတွင် လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဤမှော်သင်္ကေတအက္ခရာများသည် ရှေးဟောင်းဒဏ္ဍာရီတစ်ခုကို မှတ်တမ်းတင်ထားပြီး ခမ်းနားထည်ဝါသော ခေတ်ကာလတစ်ခုကို ပြန်ပြောင်းပြောပြနေခြင်းပင်။ ထိုခေတ်ကာလတွင် ဒဏ္ဍာရီများစွာ ကြွင်းကျန်ခဲ့သည်။ မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွန်းကားလာကြပြီး လောကီနယ်ပယ်ကို ကျော်လွန်ကာ အင်မော်တယ်အဖြစ်ကို ရရှိခဲ့ကြသည်။ ဤမှော်သင်္ကေတအက္ခရာများကို အနီးကပ်ကြည့်မည်ဆိုလျှင် ထိုအရာများအားလုံးသည် လှံများ သို့မဟုတ် ဓားများကို လက်အတွင်းတွင် ကိုင်ဆောင်ထားသော နတ်ဘုရားများ၏ပုံသဏ္ဌာန်ရှိနေသည်ကို တွေ့ရှိရပေမည်။ ဤစာလုံးတစ်ခုချင်းစီထံမှ လူအများကို တိုက်ရိုက်မကြည့်ဝံ့စေသော အကန့်အသတ်မဲ့သည့် ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

လုယွီက ဤနေရာတွင် ဖော်ပြထားသော မြင်ကွင်းသည် ရှေးဦးခေတ်၏မြင်ကွင်းဖြစ်ကြောင်း မှတ်မိခဲ့သည်။ ကံမကောင်းစွာဖြင့် မှတ်တမ်းသည် ဤနေရာတွင် ရပ်တန့်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုခုကြောင့် ဖျက်ပစ်ခံခဲ့ရပုံရပြီး ယခင်က မတည်ရှိခဲ့သည့်အလားပင်။

All Chapters