အခန်း (၅၁၁၆-၅၁၂၀)
Vol. 259 Ch. 5116-5120
Chapter 5116
"ကောင်းတယ်... အရမ်းကောင်းတယ်... မင်းက ငါတို့ သန့်စင်ယန်မြင့်မြတ်နယ်မြေက လူတွေကို သတ်ရဲတယ်ပေါ့... မင်းက ကျားသစ်သည်းခြေကို စားထားတာပဲ"
သန့်စင်ယန်မြင့်မြတ်နယ်မြေမှ မဟာအကြီးအကဲ၏မျက်နှာသည် နီရဲလာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် တပည့်တစ်ရာကျော်ကို ခေါ်ဆောင်လာခဲ့၏။ သူတို့အနက်မှအများစုသည် ကြေးနီတံခါးကို တိုက်ခိုက်သည့်အချိန်တွင် သေဆုံးခဲ့ရကာ ဤနေရာတွင် လုယွီ၏ ထပ်မံသတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ချေ။
ဤလူခုနစ်ယောက်ကို သန့်စင်ယန်မြင့်မြတ်နယ်မြေ၏ အဓိကတပည့်များဟု သတ်မှတ်နိုင်ပြီး အမွေဆက်ခံမှုကို လက်ခံရမည့် တည်ရှိမှုများ ဖြစ်ကြသည်။ ယခုချိန်၌ သူတို့ ရုတ်တရက် သေဆုံးသွားကြသဖြင့် သန့်စင်ယန်မြင့်မြတ်နယ်မြေအတွက် ကြီးမားသောဆုံးရှုံးမှုပင်။
လုယွီက စင်မြင့်ပေါ်တွင် ပလ္လင်ခွေထိုင်နေသည်။ သူသည် သူ၏ရှေ့ရှိ ဂိုဏ်းအသီးသီးမှလူများကို ခံစားချက်ကင်းမဲ့စွာ ကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ငါ့ရဲ့အနီး ပေတစ်ရာအတွင်းကို ဝင်ရောက်လာတဲ့ ဘယ်သူမဆို သေရမယ်... "
ဤစကားကိုကြားချိန်၌ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
အဘိုးအို၏မျက်နှာသည်လည်း သေလုမတတ်ဖြူဖျော့သွားသည်။ သူသည် ရုတ်တရက် အေးစက်စက် နှာမှုတ်လိုက်၏။
"ဒီလူအိုကြီးက မင်း ငါ့ကို ဘယ်လိုသေစေမလဲဆိုတာ ကြည့်ချင်သေးတယ်"
"ခဏလေး..."
စိတ်ဝိညာဉ်သိုင်းနန်းတော်မှ မဟာအကြီးအကဲက ထိုအဘိုးအိုကို ရုတ်တရက် ဟန့်တားလိုက်သည်။ ထို့နောက် သူသည် လုယွီကို ကြည့်ကာ တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလေသည်။
"မင်းက တော်ဝင်နန်းတွင်းကလား... မင်းကိုကြည့်ရတာ သာမန်လူတစ်ယောက်နဲ့ မတူဘူး... မင်းရဲ့နာမည်ကို ပြောပြပါလား"
စိတ်ဝိညာဥ်သိုင်းနန်းတော်မှ မဟာအကြီးအကဲသည် လုယွီ ဝတ်ဆင်ထားသော ဖိနပ်ကို သတိပြုမိပြီးဖြစ်သည်။
သာမန်ဖိနပ်များနှင့်မတူဘဲ ထိုဖိနပ်တွင် အရှိန်အဝါကြီးမားသော နဂါးအမှတ်အသားများကို ထွင်းထုထားပေ၏။ ထိုအရာများသည် တိမ်လွှာအတွင်းတွင်ပျံသန်းနေသော နဂါးများပုံစံရှိနေပြီး တစ်ခုချင်းစီကို ရွှေချည်မျှင်များဖြင့် ရေးထွင်းထားသည်။ ထို့နောက် အဆောင်လက်ဖွဲ့များ၏စွမ်းအားကို အသုံးပြုကာ ဖိနပ်ကို မှော်ရတနာတစ်ခုအဖြစ် သန့်စင်ခဲ့သည်။ မှော်စွမ်းအားမရှိသော သာမန်လူတစ်ဦးပင်လျှင် ထိုသို့သောဖိနပ်ကို ဝတ်ဆင်ပါက လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်ပေမည်။ တစ်နေ့လျှင် မိုင်ထောင်ချီ ခရီးသွားရန်မှာ ပြဿနာမဟုတ်ချေ။
သို့ရာတွင် လူအများ၏စိတ်အာရုံကို ဖမ်းစားနိုင်ဆုံးအရာမှာ ဖိနပ်၏နောက်ဘက်ပိုင်းပင်။ ဖိနပ်၏နောက်ဘက်တွင် ရွှေရောင်အမှတ်အသားတစ်ခုရှိပြီး "ရှန်းယီကျန့်" ဟူသော စာလုံးများ ရေးထွင်းထားသည်။
အတွင်းနန်းတော်တွင် အဆောင်တော်နှစ်ဆယ့်လေးခုရှိပြီး ရှန်းယီကျန့်သည် အဝတ်အစား ဖိနပ်နှင့်ခြေအိတ်ကိစ္စများကို တာဝန်ယူရသည်။ ရှန်းယိကျန့်သည် ဧကရာဇ်အတွက် အဝတ်အစားများကို အထူးသီးသန့်ပြုလုပ်ပေးရန်အတွက် တာဝန်ယူရသည်။ ထို့ပြင် ရှန်းယီကျန့်မှပစ္စည်းများကို တော်ဝင်မိသားစုဝင်များ မိဖုရားများနှင့် အဆင့်မြင့်အရာရှိများအတွက် ဆုလာဘ်များအဖြစ်လည်း ချီးမြှင့်လေ့ရှိသည်။ ဤအရာကို အတုအပ ပြုလုပ်၍ မရနိုင်ချေ။ ဤကဲ့သို့ ဖိနပ်တစ်ရံကို ဝတ်ဆင်နိုင်သူသည် များသောအားဖြင့် ချမ်းသာကြွယ်ဝသူ သို့မဟုတ် မြင့်မြတ်သူတစ်ယောက် ဖြစ်ပေမည်။
လုယွီသည် အပြင်ထွက်လာသည့်အချိန်တွင် အလွန်ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ခဲ့သော်လည်း သူ၏ဖိနပ်မှတဆင့် သူ၏အထောက်အထားကို ဖော်ထုတ်မိလိမ့်မည်ဟု သူ တွေးထင်ထားခြင်းမရှိခဲ့ပေ။
သူသည် အမှန်တကယ်ကို တော်ဝင်နန်းတွင်းဘက်မှ လူတစ်ယောက်ပင်။
အချိန်တခဏအတွင်းတွင် အဘိုးအို၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။ သူသည် သူ ပြောဆိုတော့မည့်စကားများကို အတင်းအကြပ် ပြန်မျိုသိပ်လိုက်သည်။
ဂိုဏ်းအင်အားစုများအပေါ် အုပ်ချုပ်ရေးအဖွဲ့၏ ချုပ်ကိုင်နိုင်စွမ်းမှာ အလွန်ကြီးမားသည်။ ထိုက်ချမ်ဧကရာဇ်လက်ထက်မှ စတင်ကာ 'တော်ဝင်နန်းတော်' ဟူသော စကားလုံးသည် ဂိုဏ်းအင်အားစုများအားလုံး၏ ဦးခေါင်းများပေါ်တွင် ချိတ်ပိတ်ထားသော သံကြိုးကွင်းတစ်ခုနှင့် တူညီနေသည်။
မည်သည့်ဂိုဏ်းက တော်ဝင်နန်းတွင်းကို စိန်ခေါ်ဝံ့သည်ဖြစ်စေ တော်ဝင်စစ်တပ်မှ မိုးကြိုးပစ်ခတ်သကဲ့သို့ ပြင်းထန်သည့်ပုံစံဖြင့် လက်တုံ့ပြန်ခြင်းကို ခံရနိုင်ခြေအလွန်များသည်။
စိတ်ဝိညာဥ်သိုင်းနန်းတော်မှ မဟာအကြီးအကဲ၏မေးခွန်းကို ကြားသည့်အချိန်တွင် လုယွီက လျစ်လျူရှုလိုက်သည်။
သူသည် သံသရာပန်း ပွင့်လန်းလာသည်ကို စောင့်ဆိုင်းနေလေရာ ဤပုရွက်ဆိတ်များကို မည်သို့ ဂရုစိုက်နိုင်မည်နည်း...
"ဟားဟားဟား... မင်းတို့ ခုဏက အရမ်းမောက်မာနေကြတာလေ... မင်းတို့မှာ အရည်အချင်းရှိရင် ရှေ့ကိုတိုးခဲ့ကြစမ်း"
ချီလင်က အားမာန်အပြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် သူ့ရှေ့မှလူအုပ်ကြီး ရှုံးနိမ့်သွားသည်ကို မြင်ရသဖြင့် အလွန်ပျော်ရွှင်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ချီလင်သည် လုယွီ၏အထောက်အထားကို ထုတ်ဖော်ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် ထိုအချိန်မှာပင် စင်မြင့်ပေါ်၌ ထူထပ်သိပ်သည်းသော အဆောင်လက်ဖွဲ့အမှတ်အသားများ ထွက်ပေါ်လာသည်။ ထိုအရာများမှ အလွန်အမင်းစူးရှတောက်ပသောအလင်းတန်းများ ဖြာထွက်လာကာ ကြီးမြတ်သော တည်ရှိမှုကြီးတစ်ခု ပြန်လည်နိုးထလာသည့်အလားပင်။
မြေပြင်တပြင်လုံးသည် တုန်ခါသွားပြီး မိုးကောင်းကင်ယံသည် မှောင်မိုက်သွားပေ၏။ သံသရာပန်း၏အထက်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်အမြောက်အများ ထွက်ပေါ်လာသည်။
မိုးကောင်းကင်ယံတွင် ထူထပ်သိပ်သည်းသော မြူခိုးလွှာတစ်လွှာ ပျံ့လွင်လာသည်။ ကြယ်တာရာများ၏အလင်းရောင်များ အပြည့်အဝ ပိတ်ဖုံးခံလိုက်ရပြီး သံသရာပန်းသည် နောက်ဆုံးတွင် အပြည့်အဝ ပွင့်လန်းသွားခဲ့သည်။ သက်တံရောင်အလင်းတန်းသည် မိုး ကောင်းကင်ယံသို့ မြင့်တက်သွားပြီး အဝေးမှကြည့်လျှင်ပင် မြင်တွေ့နိုင်ပေမည်။
"ဒါက ဘယ်လို ရတနာမျိုးလဲ..."
"ဆေးရနံ့က အရမ်းပြင်းထန်တာပဲ... ငါဒီပန်းကို စားလိုက်ရင် အဆင့်တစ်ခုကို ချိုးဖျက်နိုင်မှာ သေချာတယ်... မဟုတ်ဘူး... အနည်းဆုံး အဆင့်သုံးဆင့်တော့ ချိုးဖျက်နိုင်လိမ့်မယ်"
လူအများထံတွင် သံသရာပန်းကို ရယူလိုသော ပြင်းထန်သည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကြသည်။
ဤသည်မှာ အချိန်ကြာမြင့်စွာ ဆာလောင်နေသူတစ်ဦးသည် ရုတ်တရက် အရသာရှိသော အစားအစာ၏ရနံ့ကို ရလိုက်သည့်အလားပင်။ သူတို့၏စိတ်နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ထိုအရာကို ရယူလိုကြောင်း သူတို့ကို ညွှန်ပြနေသည်။
Chapter 5117
'သံသရာပန်း ပွင့်လန်းချိန်တွင် ရနံ့သည် မိုင်ထောင်ချီ ခရီးနှင်ပေ၏'
နှစ်ပေါင်းသုံးထောင်ကြာ စွမ်းအားစုဆောင်းမှုသည် ဤပန်းအား လောကကြီးအတွင်းရှိ အဖိုးတန်ရှားပါးသော အံ့အားသင့်ဖွယ်ဆေးလုံးများအားလုံးထက် ကျော်လွန်သွားစေခဲ့သည်။ လုယွီကဲ့သို့ ရွှယ်အင်မော်တယ်တစ်ဦးကို မဆိုထားနှင့် ရွှေအင်မော်တယ်တစ်ဦးအတွက်ပင်လျှင် ကြီးမားသောအထောက်အကူ ဖြစ်စေပေမည်။
"နောက်ဆုံးတော့ ပန်းပွင့်လာပြီ..."
အတိတ်ဘဝတွင် ဤပန်းကို မြင်တွေ့ခဲ့ဖူးသော်လည်း လုယွီသည် အလွန်စိတ်လှုပ်ရှားနေဆဲပင်။
ဤကဲ့သို့ရတနာမျိုးသည် သူ၏အတိတ်ဘဝတွင်ပင် ကံတရားဖြင့်သာ ကြုံတွေ့နိုင်သော ရတနာတစ်ပါး ဖြစ်ပေ၏။ ဤကဲ့သို့ ကောင်းကင်ဘုံရတနာဖြင့် သူသည် အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်သည့်တိုင် သူ၏ကျင့်ကြံဆင့်ကို လျင်မြန်စွာမြှင့်တင်နိုင်ပေမည်။
ထိုအချိန်မှာပင် အဝေးမှနေ၍ တိမ်မည်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ လေပြင်းများသည် မြေပြင်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ထူထပ်သိပ်သည်းသော တိမ်မည်းများအတွင်းမှနေ၍ လေတိုးသံများ ထွက်ပေါ်လာသည်။
ထို့နောက် တောက်ပသောအလင်းတန်းတစ်တန်း ထွန်းလင်းလာသည်။ ကြီးမားသော လေဟာနယ်သင်္ဘောအမြောက်အများသည် မိုးကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းလာကြ၏။ ထိုအရာများပေါ်တွင် သောင်းနှင့်ချီသောကျင့်ကြံသူများ မတ်တတ်ရပ်နေကြသည်။ သူတို့တစ်ဦးစီသည် သူတို့၏လက်အတွင်းတွင် မှော်ရတနာတစ်ခုကို ကိုင်ဆောင်ထားကြသည်။ အလင်းတန်းများ၏ ထွန်းလင်းတောက်ပမှုအောက်တွင် သင်္ဘောများပေါ်မှအလံများ တလူလူလူးလွန့်နေပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။
မိုးကောင်းကင်ယံ၏တခြားတစ်ဖက်တွင်လည်း အင်မော်တယ်တစ်ယောက် သေမျိုးလောကသို့ ဆင်းသက်လာသည့်အလား တောက်ပသောအလင်းတန်းတစ်တန်း ရှိနေသည်။ ကောင်းကင်ဘုံကိုးထပ်နှင့်မြေပြင်ဆယ်လွှာတို့သည် တုန်ခါသွားပြီး ထောင်သောင်းချီသော ကျင့်ကြံသူများသည် မှော်လက်နက်များကို စီးနင်းကာ ရက်စက်ကြမ်းတမ်းသော သားရဲများကိုစီးနင်းရင်း အဝေးမှပျံသန်းလာကြသည်။
"ကျိုးထျန်ကျုံး... နဂါးချိတ်ပိတ်ခြင်းမြင့်မြတ်နယ်မြေ... လီချန်ဂိုဏ်း... သွေးကြောပြောင်းလဲခြင်း မြင့်မြတ်နယ်မြေ"
"ငါတို့ စိတ်ဝိညာဉ်သိုင်းနန်းတော်က ထိပ်သီးကျင့်ကြံသူတွေလည်း ရောက်လာပြီ"
ဤလူများ၏တိုက်ပွဲအခင်းအကျင်းသည် အလွန်ခမ်းနားထည်ဝါပေ၏။ အစွမ်းထက်သော အရှိန်အဝါများသည် သူတို့၏မျက်လုံးများအတွင်းသို့ ဝင်ရောက်လာပြီး အောက်မှကျင့်ကြံသူများကို ခြိမ်းခြောက်နေလေရာ အထက်သို့ မော့မကြည့်ဝံ့ကြချေ။
ပတ်ဝန်းကျင်မှလူများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။ ဤနေရာသို့ စောစီးစွာ ရောက်ရှိလာနိုင်သူများသည် လူရိုင်းကြယ်မြစ်အနီးတွင်တည်ရှိသော ထိပ်တန်းဂိုဏ်းအင်အားစုများ ဖြစ်ပေ၏။
"မြေအောက်လောကတာအိုသခင်ရဲ့ဂူ ပွင့်သွားပြီ... ငါတို့ ဘယ်လိုခွဲဝေကြမလဲ"
အေးစက်စက်အသံတစ်သံသည် မိုးကောင်းကင်ယံအတွင်းမှ ပျံ့နှံ့လာသည်။ ထိုအသံသည် အချိန်ကြာမြင့်သာ်အထိ ပျောက်ကွယ်သွားခြင်းမရှိဘဲ မှော်စွမ်းအားများ ပါဝင်နေသည်။
"တခြားနေရာတွေက ဂိုဏ်းတွေလည်း လာနေကြပြီ... ငါတို့ရဲ့ပဋိပက္ခတွေကို ဘေးဖယ်ထားပြီးတော့ ပစ္စည်းကို အရင်ယူသွားသင့်တယ်လို့ ငါထင်တယ်... ဘယ်လိုခွဲဝေမလဲဆိုတဲ့ ကိစ္စကိုတော့ နောက်မှ ပြောကြတာပေါ့"
တခြားထိပ်သီးကျင့်ကြံသူတစ်ဦးက ပြောဆိုသည်။
"ကောင်းပြီလေ..."
စကားအနည်းငယ်ဖလှယ်ပြီးနောက် လူတိုင်းသည် ဤရတနာများ၏ပိုင်ဆိုင်မှုကို ဆုံးဖြတ်ပြီး ဖြစ်နေလေပြီ။
သူတို့သည် စောစီးစွာ ရောက်ရှိလာသော ဂိုဏ်းများသာဖြစ်ပြီး သတင်းကြားကာ အဝေးမှ အလျင်စလို ပြေးလာနေသော ဂိုဏ်းအင်အားစုများ ကျန်ရှိသေးသည်။ ထိုလူများသည် ယခုချိန်ထိ မရောက်ရှိသေးချေ။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်နေကြပြီး သူတို့၏အရှိန်အဝါများသည် အလွန်ထူထပ်သိပ်သည်းလေရာ လူတစ်ဦး၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားစေနိုင်သည်။
ချီလင်သည် ကြောက်ရွံ့လာပေ၏။ သူသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး လုယွီသည် ဤမျှထိ များပြားသော ထိပ်သီးကျင့်ကြံသူများကို ကိုင်တွယ်နိုင်ခြင်းရှိမရှိ တွေးတောနေမိသည်။
"ဝှစ်....ဝှစ်...ဝှစ်..."
အသက်ကိုးနှစ်အရွယ်ခန့်ရှိသော ကလေးတစ်ယောက်သည် မိုးကောင်းကင်ယံမှ ဆင်းသက်လာပေ၏။ သူသည် အဖြူရောင်ဝတ်စုံငယ်လေးကို ဝတ်ဆင်ထားပြီး သူကိုကြည့်ရသည်မှာ အသက်သိပ်မကြီးလှဟု ထင်ရသည်။ သို့ရာတွင် ဤကလေးသည် ကလေးတစ်ယောက်ပုံစံရှိသော်လည်း သူ၏မျက်လုံးများအတွင်း၌ လောကဓံကို တွေ့ကြုံဖူးသော အငွေ့အသက်ကို ဖော်ပြနေသည်။ သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ဖူးသော အဘိုးအိုတစ်ဦးနှင့် တူညီနေသည်။
ထိုကလေးငယ်၏နောက်တွင် ဓားကျင့်ကြံသူအမြောက်အများ မတ်တတ်ရပ်နေပြီး သူ့အား ဂရုတစိုက် ကာကွယ်စောင့်ရှောက်နေကြသည်။
"ဘိုးဘေး... ဘိုးဘေး ရောက်လာပြီလား..."
သန့်စင်ယန်မြင့်မြတ်နယ်မြေမှ မဟာအကြီးအကဲသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ အလျင်အမြန်ရှေ့သို့တိုးပြီး ကြိုဆိုလိုက်သည်။
လူများအားလုံးသည် အဘိုးအို၏အပြုအမူကို မြင်တွေ့ချိန်၌ သူတို့၏ရှေ့မှ ကလေးငယ်၏ ဂုဏ်ပုဒ်ကို သိရှိသွားပေ၏။
ဤသည်မှာ သန့်စင်ယန်မြင့်မြတ်နယ်မြေမှ ဘိုးဘေးခိုင်ယန်ကျစ်ပင်။
ခိုင်ယန်ကျစ်သည် မိုးကောင်းကင်ယံရှိ ခိုင်ယန်သိုင်းတေးသံကြယ်နယ်မှ နတ်ဘုရားအရှင်တစ်ပါး၏ ပြန်လည်ဝင်စားခြင်းဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းက အလွန်မြင့်မားသော ပါရမီကို ထုတ်ဖော်ပြသခဲ့ပြီး ကြီးပြင်းလာသည့် လမ်းတလျှောက်တွင် ပြိုင်ဘက်ကင်းခဲ့သည်။ သူသည် ကောင်းကင်ဘုံ၏မျက်နှာသာပေးခံရသော ပါရမီရှင်တစ်ဦးပင်။
သန့်စင်ယန်မြင့်မြတ်နယ်မြေသည် လောကကြီးတွင် နာမည်ကြီးလာခဲ့သည့် အရေးကြီးဆုံးအကြောင်းအရင်းမှာ ခိုင်ယန်ကျစ်၏တည်ရှိမှုကြောင့်ပင်။
ခိုင်ယန်ကျစ်သည် သူ၏ကျင့်ကြံနည်းစနစ်များကို ပြီးပြည့်စုံခြင်းအဆင့်၏ အထွတ်အထိပ်သို့ရောက်အောင် ကျင့်ကြံပြီးဖြစ်သည်။ သူသည် သူ၏နုပျိုမှုကို ပြန်လည်ရရှိကာ ကလေးတစ်ယောက် ဖြစ်လာခဲ့လေ၏။
သို့ရာတွင် သူသည် ကလေးတစ်ယောက်အသွင်ဖြစ်သော်လည်း မည်သူမျှ သူ့အား အထင်သေးဝံ့ခြင်းမရှိပေ။ တူညီသောကျင့်ကြံဆင့်နယ်ပယ်တွင်ရှိသော ကျင့်ကြံသူများအနက် လူအနည်းစုကသာ ခိုင်ယန်ကျစ်၏တိုက်ခိုက်မှုတစ်ခုကို ခံယူနိုင်ကြသည်။
Chapter 5118
ခိုင်ယန်ကျစ်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြကာ သူ၏အကြည့်သည် စင်မြင့်ပေါ်တွင် ပွင့်လန်းနေသော သံသရာပန်းထံသို့ ကျရောက်သွားသည်။
သို့ရာတွင် အချိန်ကြာမြင့်စွာ လေ့လာပြီးနောက် ခိုင်ယန်ကျစ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
"ဒီလူအိုကြီးက တစ်ညလုံးမအိပ်ဘဲနဲ့ လောကကြီးထဲမှာရှိတဲ့ တာအိုကျမ်းစာအမျိုးမျိုးကို ဖတ်ရှုခဲ့တယ်... ဒီပန်းအကြောင်း ဘာမှရှာမတွေ့ဘဲဖြစ်မယ်လို့ မထင်ခဲ့ဘူး... ဒါပေမဲ့ ဒီပန်းက ထုတ်လွှတ်လိုက်တဲ့ ဆေးရနံ့နဲ့တင် သဘာဝလွန်ပုံရိပ်ယောင်တွေကို ဖြစ်စေနိုင်တယ်... ဒါက သာမန်ပန်းတစ်ပွင့်တော့ မဖြစ်နိုင်ဘူး... ဒီပန်းက နန်းတော်ရဲ့ အလယ်ဗဟိုမှာ ရှိနေခဲ့တာ... မြေအောက်လောက တာအိုသခင်က ဒီပန်းကို ဒီနေရာမှာ ထားခဲ့တယ်... သူက ဒီပန်းကို ကာကွယ်စောင့်ရှောက်ထားတာပဲဖြစ်မယ်"
ခိုင်ယန်ကျစ်က အဘိုးအိုကို ကြည့်ပြီး ရုတ်တရက် ဆူပူကြိမ်းမောင်းလိုက်သည်။
"ဒီနေရာမှာ ရတနာရှိနေတာတောင် မင်းက ဘာလို့ မလုယူခဲ့တာလဲ"
ဤကဲ့သို့သော အရာသည် အကြည့်တစ်ချက်ဖြင့် ထိပ်သီးရတနာတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။ ယခုချိန်၌ ဤနေရာတွင် လူအမြောက်အများ ရှိနေလေရာ ထိုအရာကို ခွဲဝေယူရန် ခက်ခဲပေလိမ့်မည်။
သူ၏နုပျိုပြီး နူးညံ့သော မျက်နှာမှနေ၍ အဘိုးအိုတစ်ဦးကဲ့သို့ အိုမင်းသောအသံကို ထုတ်လွှတ်လိုက်ရာ အလွန်ထူးဆန်းနေပေ၏။
အဘိုးအိုသည် အခက်တွေ့နေသောအမူအယာဖြင့် လုယွီကို ညွှန်ပြပြီး ပြောဆိုလိုက်သည်။
"ဘိုးဘေး.. အခြေအနေကိုလည်း ကြည့်လိုက်ပါအုံး.. ကံမကောင်းစွာနဲ့ ဒီကောင်လေးက ကျွန်တော်တို့ကို တားထားခဲ့တယ်... သူက တော်ဝင်နန်းတွင်းဘက်ကလူဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့တပည့်တွေ အများကြီး သူ့ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တယ်"
"အမ်... တော်ဝင်နန်းတွင်းက အဖွဲ့ဝင်တစ်ယောက်လား"
ခိုင်ယန်ကျစ်က မျက်မှောင်ကြုတ်ပြီး လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
သေဆုံးသွားသော တပည့်များနှင့်ပတ်သက်၍မူ ခိုင်ယန်ကျစ်သည် မည်သည့်အရာမျှ မကြားသည့်အလား နားပင်းချင်ယောင်ဆောင်ထားလိုက်သည်။
"ဟား ဟား ဟား... သူတို့က အုပ်ချုပ်ရေးအဖွဲ့ကလူဆိုတော့ ဘာဖြစ်လဲ... တော်ဝင်နန်းတွင်းက ခွေးတစ်ကောင်က မင်းတို့ကို ဒီလောက်တောင် ကြောက်သွားစေတာပဲ... အရင်တုန်းက သန့်စင်ယန်မြင့်မြတ်နယ်မြေက ဒီလိုမဟုတ်ခဲ့မှာကို ငါစိုးရိမ်မိတယ်... ညီအစ်ကိုခိုင်ယန်... မင်းရဲ့လူတွေက နည်းနည်းတော့ သတ္တိကြောင်လွန်းတယ်"
ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာသည်။
သန်မာထွားကျိုင်းသော လူရှစ်ယောက်သည် ကြီးမားပြီး ခမ်းနားထည်ဝါကာ နက်နဲသိမ်မွေ့သံမဏိဖြင့်ပြုလုပ်ထားသည့် ဝေါယာဥ်တစ်ခုကို သယ်ဆောင်ကာ မိုးကောင်းကင်ယံမှ ဆင်းသက်လာကြသည်။ ဝေါယာဥ်၏ဘေးတစ်ဖက်တစ်ချက်တွင် ယပ်တောင်များကိုင်ဆောင်ထားသော လှပချောမောသည့် အမျိုးသမီးကျင့်ကြံသူများလည်း ရှိပြီး သူတို့၏နောက်တွင် ကျင့်ကြံသူဆယ့်ခြောက်ဦးစီ လိုက်ပါလာကြသည်။ ထိုကျင့်ကြံသူများ၏လက်များအတွင်းတွင် ပုလင်းများ သစ်သားပြားများ ဓားများနှင့် တောင်ဝှေးများကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေကြ၏။ ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ရပ်ပင်။
ဝေါယာဥ်ပေါ်တွင် ထိုင်နေသူသည် ဝက်ဝံနက်တစ်ကောင်နှင့်တူသော သန်မာထွားကျိုင်းသည့် လူတစ်ဦးပင်။ သူသည် အရပ်နှစ်မီတာခွဲခန့်ရှိပြီး သူ၏ကြွက်သားများ ဖောင်းကားနေသည်။ သူသည် သားရေဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှ ကြွက်သားများပေါ်တွင် ရက်စက်ကြမ်းတမ်းသော ဝံပုလွေကိုးကောင်ပုံစံ အမှတ်အသားကို ရေးထိုးထားလေရာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ စိတ်ဝိညာဉ်သိုင်းနန်းတော်မှ အကြီးအကဲများသည် အလျင်အမြန် ရှေ့သို့တိုးကာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"နန်းတော်သခင်ကို အရိုအသေပြုပါတယ်...."
"ဘုန်း...."
လူထွားကြီးသည် ဝေါယာဥ်ပေါ်မှ ခုန်ချပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရာ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ကျင့်ကြံသူတချို့သည် တည်ငြိမ်စွာပင် မတ်တတ်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
ဤသည်မှာ စိတ်ဝိညာဉ်သိုင်းနန်းတော်၏ နန်းတော်သခင်ကျိရန်ရှုံးပင်။
သန့်စင်သော ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကြောင့် သူသည် သိုင်းလောကရှိ ထိပ်သီးကျင့်ကြံသူများကြားတွင် အဆင့်သတ်မှတ်ခံထားရသည်။ သူသည် ခိုင်ယန်ကျစ်ကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ဦးနှင့် တန်းတူအဆင့်တွင် ရှိနေပေ၏။
သူသည် သူ၏တိုက်ခိုက်မှုများတွင် အလွန်ရက်စက်သည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သည်။ သူနှင့်တိုက်ခိုက်သူများသည် များသောအားဖြင့် ဆိုးရွားသော နည်းလမ်းဖြင့် သေဆုံးကြရသည်။ သူတို့သည် အလောင်းအပြည့်အစုံကိုပင် ထိန်းသိမ်းနိုင်မည် မဟုတ်ချေ။
"တော်ဝင်နန်းတွင်းရဲ့ နောက်ခံရှိနေတာနဲ့ ကောင်လေးတစ်ယောက်ကတောင် မင်းတို့ကို ဒီလောက်ထိ ကြောက်ရွံသွားစေခဲ့တယ်... ဟား ဟား ဟား... မင်းတို့က နန်းတွင်းကို ကြောက်တယ်... ဒါပေမဲ့ ငါက မကြောက်ဘူး"
ကျိရန်ရှုံးသည် ကျယ်လောင်စွာ ရယ်မောပြီး ရုတ်တရက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
အရပ်မြင့်ပြီး သန်မာထွားကျိုင်းသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတချို့သည် ရှေ့သို့လျှောက်လှမ်းလာကြပြီး သွေးများဖြင့် ဖုံးလွှမ်းကာ သေလုမျောပါးဖြစ်နေသော လူတစ်ယောက်ကို ဆွဲခေါ်လာကြသည်။
"ဒါက..."
ခိုင်ယန်ကျစ်သည် သူ၏မျက်ခုံးများကို ပင့်လိုက်၏။
"သူက ပါ့ကျိုးပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးပဲ... နယ်ခံအရာရှိတစ်ယောက်က ငါ လာတာကို တားရဲတယ်... ဘယ်သူက သူ့ကို ဒီလိုလုပ်ဖို့ သတ္တိပေးလိုက်တာလဲ"
ကျိရန်ရှုံးသည် ကြာရွက်ယပ်တောင်နှင့်တူသော သူ၏လက်ဝါးကို ဖွင့်ကာ ထိုလူ၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်သည်။ ထို့နောက် သူ၏မျက်နှာထက်တွင် ဆိုးယုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ငါက လမ်းတစ်လျှောက်မှာ သူ့ရဲ့မိသားစုတစ်စုလုံးကိုတောင် သတ်ခဲ့သေးတယ်... မဟုတ်ရင် ငါဒီထက်စောပြီး ရောက်လာခဲ့မှာ... ဘာမဟုတ်တဲ့ အညတရကောင်လေးတစ်ယောက်က မင်းတို့ကို ဒီလောက်တောင် ကြောက်ရွံ့သွားစေနိုင်တာပဲ... ဒါက တကယ်ကို ရယ်စရာကောင်းလွန်းတယ်"
လူတိုင်းသည် သူတို့၏ကျောရိုးတလျှောက် စိမ့်ဝင်လာသော ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
စိတ်ဝိညာဉ်သိုင်းနန်းတော်သည် ရက်စက်သည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သော်လည်း ဤမျှထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြပေ။ သူတို့သည် နယ်မြေခံအရာရှိတစ်ယောက်၏မိသားစုတစ်စုလုံးကိုပင် သတ်ဖြတ်ခဲ့လေ၏။
သူတို့သည် မြေပြင်ပေါ်တွင် ပျော့ခွေစွာ လဲလျောင်းနေသော ပါ့ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးကို ကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်မှ အရိုးများအားလုံး ကြေမွသွားပြီး သူသည် မသန်မစွမ်းတစ်ဦး ဖြစ်နေလေပြီ။
Chapter 5119
"တော်လောက်ပြီ... သူ့ကို ခေါ်သွားတော့... သူ့ကိုမသေစေနဲ့... ငါ သူ့ကို စိတ်ဝိညာဉ်သိုင်းနန်းတော်ရဲ့ တံခါးရှေ့မှာ ချိတ်ဆွဲထားမယ်"
ကျိရန်ရှုံးသည် သူ၏လက်ကို ဝှေ့ယမ်းကာ ပျင်းတိပျင်းရွဲအသံဖြင့် ပြောဆိုလိုက်သည်။
သူ၏ရက်စက်မှုသည် ပတ်ဝန်းကျင်မှလူများကိုလည်း ထိတ်လန့်တုန်လှုပ်သွားစေသည်။
ပါ့ကျိုးပြည်နယ်၏အုပ်ချုပ်ရေးမှူးကို တော်ဝင်နန်းတွင်း၏ နယ်မြေခံအရာရှိတစ်ဦးဟု သတ်မှတ်နိုင်သည်။ ထိုကဲ့သို့ အရာရှိတစ်ဦးစည် ဤမျှထိ ညှဉ်းပန်းနှိပ်စက်ခံရသည်မှာ တော်ဝင်နန်းတွင်းကို ပေါ်ပေါ်တင်တင် စိန်ခေါ်နေခြင်းပင်။
ခိုင်ယန်ကျစ်၏ မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ညီအစ်ကိုကျိ... ဒီလိုလုပ်တာက နန်းတွင်းကနေ မင်းကို ပြဿနာရှာမှာ မင်း မကြောက်ဘူးလား"
တခြားဂိုဏ်းအင်အားစုများမှ ကျင်ကြံသူများသည် သွေးလူသားဖြစ်နေပြီဖြစ်သော ပါ့ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးကို မြင်တွေ့ချိန်၌ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားကြသည်။
ကျိရန်ရှုံးသည် အရာရှိတစ်ယောက်၏မိသားစုတစ်စုလုံးကို ဖျက်ဆီးပြီး တစ်ဖက်လူကို သူ၏ ကိုယ်ပိုင်နန်းတော်ရှေ့တွင် ချိတ်ဆွဲထားမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
ဤလုပ်ရပ်ကို တော်ဝင်နန်းတွင်းအား လူသိရှင်ကြား ရန်စစော်ကားခြင်းဟု သတ်မှတ်နိုင်သည်။
"ငါက နန်းတွင်းကို ကြောက်ရမှာလား... ဟားဟားဟား... ခိုင်ယန်ကျစ်.. မင်းငါ့ကို အရမ်းစိတ်ပျက်စေတာပဲ... တာယွီရဲ့တော်ဝင်နန်းတွင်းက အခုဘာမှမဟုတ်တော့ဘူး... စစ်မြေပြင်မှာ နယ်မြေတွေအများကြီး ဆုံး
ရှုံးသွားတာကို မပြောနဲ့... ဧကရာဇ်တောင် အစားထိုးခံလိုက်ရပြီ... ထီးနန်းတက်ခါစ ဧကရာဇ်သစ်က အသက်သုံးဆယ်မပြည့်သေးတဲ့ လူငယ်တစ်ယောက်လို့ ငါ ကြားတယ်... ဒီလိုကောင်လေးတစ်ယောက်ကို ငါက ဘာလို့ ကြောက်နေရမှာလဲ"
ကျိရန်ရှုံးက လှောင်ပြောင်သော အမူအယာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"မင်းတို့လူတွေက နန်းတွင်းကြောင့် ကြောက်ရွံပြီးတော့ သတ္တိတွေ ပျောက်ကုန်ပြီ... မင်းတို့ရဲ့ အရင်က သတ္တိတွေ ဆုံးရှုံးသွားတာ အချိန်အတော်ကြာနေပြီ... ဒါပေမဲ့ ငါတို့ စိတ်ဝိညာဉ်သိုင်းနန်းတော်က အချိန်အကြာကြီး လက်ဆင့်ကမ်းဆင်းသက်လာခဲ့တာ... ငါတို့ကျင့်ကြံနည်းစနစ်တွေရဲ့အဓိကအချက်က ကြောက်ရွံ့ခြင်းကင်းမဲ့ဖို့ပဲ... နန်းတွင်းက ဘာအရေးပါလို့လဲ... ငါ့ရဲ့တာအိုက ကောင်းကင်ဘုံပဲ"
ထိုသို့ပြောပြီးနောက် ကျိရန်ရှုံးသည် လုယွီကို ကြည့်လိုက်ရာ သူ၏နောက်မှ သံသရာပန်းကို လည်း မြင်တွေ့လိုက်ရသည်။
ကြွယ်ဝသော ဆေးရနံ့သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်နေပေ၏။ မည်သူမည်ဝါဖြစ်စေ ထိုဆေးရနံ့ကြောင့် ယစ်မူးသွားပြီး မလွတ်မြောက်နိုင်ကြချေ။
"မင်းတို့က ဒီရတနာကို မလိုချင်ရင် ငါယူလိုက်မယ်"
ကျိရန်ရှုံးက အေးစက်စက်ရယ်မောပြီး ပြောဆိုသည်။
တခြားလူများ၏မျက်နှာအမူအယာများ ပြောင်းလဲသွားကြသည်။
ဤပန်းသည် အလွန်တန်ဖိုးကြီးသော ရတနာဖြစ်သည်မှာ သိသာထင်ရှားသည်။ အကယ်၍ ကျိရန်ရှုံးသည် ထိုအရာကို လက်ဦးမှုယူ၍ လုယူသွားပါက သူတို့သည် သူ၏လက်အတွင်းမှ ပြန်လည်လုယူရန် သတ္တိမရှိချေ။
"နန်းတော်သခင်ကျိ... စိတ်အေးအေးထားပါ... ဒီနိမ့်ကျတဲ့ တာအိုပညာရှင်က မင်းအတွက် သူ့ရဲ့အင်အားကို စမ်းသပ်ပေးပါရစေ"
တာအိုအဘိုးအိုကြီးတစ်ဦး၏မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေကာ ရုတ်တရက် ရှေ့သို့တိုးလာသည်။ သူသည် အမှန်တကယ်ကို ပထမဆုံး ရှေ့ထွက်လာသူပင်။
တခြားလူများသည် သူ့အား မြေခွေးအိုကြီးဟု တိတ်တဆိတ် ကျိန်ဆဲလိုက်ကြ၏။ အပေါ်ယံတွင် ဤတာအိုအဘိုးအိုသည် ကျိရန်ရှုံးအတွက် ရပ်တည်ပေးနေသော်လည်း အမှန်တကယ်တွင် သူသည် သံသရာပန်းကို အချိန်မီလုယူလိုခြင်း ဖြစ်သည်။
ကျိရန်ရှုံးသည် မလှုပ်ရှားချေ။ သူ၏မျက်နှာထက်တွင် သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်နေကာ သူ၏လက်များကို ရင်ဘတ်ရှေ့တွင် ပိုက်ထားလိုက်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ထံမှ မည်သည့်အရာကိုမျှ လုယူနိုင်ခြင်း မရှိခဲ့ချေ။
ဤအခိုက်အတန့်တွင် တာအိုအဘိုးအို၏မှုန်ဝါးသောမျက်လုံးများသည် လုယွီ၏ နောက်ကျောပေါ်သို့ စူးစိုက်၍ကျရောက်နေသည်။ သူသည် သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။
"ဂိုဏ်းရဲ့တာအိုကျမ်းစာအရ ရှေးဟောင်းအလယ်ခေတ်မှာ တာအိုဆရာသခင်ရွှမ်ဟန်က သက်တံရောင် ပွင့်ဖတ်တွေကို ဝါးမြိုပြီးတော့ တာအိုကို ရရှိခဲ့တယ်... သူက တစ်နေ့တည်းနဲ့ အဆင့်ခြောက်ဆင့်ကို ကျော်ဖြတ်ပြီးတော့ ခြေလှမ်းတစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံကို ရောက်ရှိခဲ့တယ်... နောက်ပိုင်းမှာ ဂိုဏ်းကလူတွေက သက်တံရောင် ပွင့်ဖတ်တွေကို အကြီးအကျယ် ရှာဖွေခဲ့ကြပေမဲ့ ဘာမှမတွေ့ခဲ့ဘူး... ဒါကြောင့် ဒါကို ဒဏ္ဍာရီတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတယ်... ဒီနေ့ ငါက ဒါကိုကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
တာအိုအဘိုးအိုသည် အလွန်ပင် စိတ်လှုပ်ရှားနေပေ၏။
တခြားလူများသည် ကျမ်းစာအမြောက်အများကို သင်ယူလေ့လာထားကြသော်လည်း သံသရာပန်းကို မသိရှိခြင်းမှာ အံ့အားသင့်ဖွယ်မရှိချေ။ ဤပန်းသည် တာအိုကျမ်းစာများနှင့်တာအိုသမိုင်းတွင် မှတ်တမ်းတင်ထားခြင်း မရှိပေ။ ဤပန်း၏နာမည်ပင်လျှင် မရှိချေ။ ဤပန်းကို ဂိုဏ်းတချို့၏ဒဏ္ဍာရီများတွင်သာ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
မည်သူမည်ဝါဖြစ်နေပါစေ သူတို့၏ရှေ့မှ ပန်းကို ရှေးကျပြီးမတိကျသော ဒဏ္ဍာရီများနှင့် ဆက်စပ်ကြည့်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့ရာတွင် ဤတာအိုအဘိုးအိုသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ့ဆရာသခင်၏ရာထူးကို အမွေဆက်ခံခဲ့သည်။ သူသည် ဂိုဏ်း၏ လျှို့ဝှက်ဘဏ္ဍာတိုက်အတွင်း၌ ရှာဖွေပြီးနောက် ဤပန်း၏မူရင်းဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ပေ၏။
ဤသည်မှာ သူ တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးပင်။
ဤအခွင့်အရေးအတွက် စိတ်ဝိညာဉ်သိုင်းနန်းတော်ကို စော်ကားရုံသာမက လောကတဝှမ်းလုံးမှ ကျင့်ကြံသူများကို စော်ကားရလျှင်ပင် သူ ဂရုစိုက်မည် မဟုတ်ချေ။
"ကောင်လေး... မင်းက အဆင်အခြင်မဲ့မှတော့ ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့..."
တာအိုအဘိုးအို၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသောအမူအယာတစ်ရပ် ထင်ဟပ်သည်။ သူသည် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းကာ လုယွီအား အသေသတ်မည့် တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်နေသည်။ သူသည် လုယွီအား သတ်ဖြတ်ရန် ရည်ရွယ်ထားသည်မှာ သိသာထင်ရှားလှ၏။
Chapter 5120
တာအိုအဘိုးအိုသည် လက်တစ်ဖက်ဖြင့် မှော်သင်္ကေတတစ်ခုကို ပြုလုပ်ပြီး အခြားတစ်ဖက်ဖြင့် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုဓားရှည်ပေါ်တွင် ထူထပ်သိပ်သည်းသော မိုးကြိုးများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ဘုံ၏အရှိန်အဝါသည် ထိုအရာအပေါ်သို့ ကျရောက်နေသည့်အလားပင်။ ဤဓား၏အရှိန်အဝါသည် ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ပေ၏။
တဝုန်းဝုန်းမြည်ဟီးနေသော မိုးကြိုးများသည် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ဆင်းသက်လာသည်။ ကြီးမားသောဖိအားအရှိန်အဝါသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လူအများ၏ကျောရိုးများတလျှောက် စိမ့်ဝင်သွားစေသည်။ ထို့နောက် တာအိုအဘိုးအိုသည် မိုးကြိုးထောင်ပေါင်းများစွာကို ထိန်းချုပ်ကာ လေဟာနယ်အတွင်းတွင် မီတာတစ်ရာမြင့်သော လျှပ်စီးသားရဲအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားသည်။ သူသည် သူ၏ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟကာ လုယွီကို ဝါးမြိုလိုက်၏။
"တကယ့်ကို အစွမ်းထက်တဲ့ မှော်မန္တန်ပဲ...."
ပတ်ဝန်းကျင်မှကြည့်ရှုနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏အမူအယာများ ပြောင်းလဲသွားကြသည်။
မိုးကြိုးသည် လောကကြီးအတွင်းတွင် အပြင်းထန်ဆုံး တည်ရှိမှုတစ်ခုပင်။ တစ်စုံတစ်ယောက်သည် ကျင့်ကြံဆင့် မည်မျှထိမြင့်မားသည်ဖြစ်စေ ဤမျှထိ ပြင်းထန်သော လျှပ်စီးမိုးကြိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သူတို့၏မသိစိတ်များအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရပေမည်။ ယခုချိန်၌ ဤတာအိုအဘိုးအိုသည် ထုတ်လွှတ်ထားသော လျှပ်စီးမိုးကြိုးတွင် ကောင်းကင်ဘုံအရှိန်အဝါ၏ အရိပ်အယောင်တစ်ရပ် ပါဝင်နေသည်။ ထို့ကြောင့် သက်ရှိအားလုံးသည် မိုးကောင်းကင်တာအို၏စိုက်ကြည့်ခြင်းကို ခံနေရသည့်အလား ခံစားရပြီး သူတို့၏ကျောရိုးထဲသို့ စိမ့်ဝင်လာသော ချမ်းစိမ့်မှုကို ချက်ချင်းခံစားလိုက်ရသည်။
"ဒီတာအိုအဘိုးအိုက ရူးနေတာလား... သူက စရောက်လာကတည်းက သူ့ရဲ့အသေသတ်ကွက်နဲ့ တိုက်ခိုက်တယ်"
လူများအားလုံး၏မျက်နှာများပေါ်တွင် အံ့အားသင့်နေသော မျက်နှာအမူအယာများ ထင်ဟပ်နေသည်။
အဘိုးအိုသည် မည်သည့်အရာအား စဉ်းစားနေသည်ကို မည်သူမျှ မသိရှိချေ။ သို့ရာတွင် လက်ရှိအခြေအနေကို ကြည့်ရလျှင် ဤအဘိုးအိုသည် စရောက်လာကတည်းက အသက်ဖြင့်ရင်း၍ စွန့်စားနေသည်မှာ သိသာထင်ရှားသည်။
"ဒီကောင်လေး သေမှာသေချာတယ်... ဒါက လေဟာနယ်တာအိုဂိုဏ်းက ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ... သူက တာအိုကျင့်ကြံနည်းစနစ်တွေကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံထားတယ်... ဒီကောင်လေးကို အနိုင်ယူဖို့က သူ့အတွက် ကလေးကစားစရာပဲ" တစ်စုံတစ်ယောက်က သရော်တော်တော်အသံဖြင့် ပြောဆိုသည်။
လူတိုင်းက လုယွီသည် ချွင်းချက်အရှိ သေဆုံးရမည်ဟု တွေးထင်နေကြ၏။
ထိုအချိန်မှာပင်....
လုယွီသည် သူ၏လက်ကိုမြှောက်ကာ လေထုအတွင်း၌ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်သည်။
တာအိုအဘိုးအိုမှ ထိန်းချုပ်ထားသော ကောင်းကင်ဘုံမိုးကြိုးသည် ရုတ်တရက် ထိန်းချုပ်မှု လွတ်ကင်းသွားကာ ရုတ်တရက် ပြန်ကန်ထွက်လာသည်။
"ဘာဖြစ်သွားတာလဲ"
တာအိုအဘိုးအို၏ စိတ်နှလုံးသားသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်ပေ၏။
သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် လုယွီ၏လက်ဝါးသည် ရုတ်တရက် လက်သီးအဖြစ်သို့ ပြောင်းလဲကာ အဘိုးအိုထံသို့ တိုးဝင်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ပြန်ကန်ထွက်လာသော လျှပ်စီးမိုးကြိုးသည် တာအိုအဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူသည် ထိုလျှပ်စီးမိုးကြိုးများအကြားတွင် ချက်ချင်းနစ်မြုပ်သွားပေ၏။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမိုးကြိုးများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းသွားပြီး တာအိုအဘိုးအိုသည် လျှပ်စီးမိုးကြိုးပင်လယ်အတွင်းတွင် မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"ငါရှိနေတဲ့နေရာနဲ့ ပေတစ်ရာအတွင်းကို ဝင်ရောက်လာသူတိုင်း သေရမယ်"
လုယွီ၏အသံသည် ယခင်အတိုင်း အေးစက်တင်းမာနေဆဲပင်။
သူ၏ရှေ့တွင် ထိပ်သီးကျင့်ကြံသူများစွာ ရှိနေသော်လည်း လုယွီသည် သူတို့ကို တစိုးတစိမျှ ဂရုမစိုက်ချေ။
ပေတစ်ရာအကွာအဝေးသည် အလွန်ကျယ်ဝန်းခြင်းမရှိသော်လည်း ဤသည်မှာ သံသရာနန်းတော်၏နယ်မြေအတွင်းတွင် ရှိနေသည်။ တစ်နည်းဆိုရလျှင် သံသရာနန်းတော်၏နယ်မြေအတွင်းသို့ ဝင်ရောက်လာသော မည်သူမဆို သေခြင်းတရားကို ရင်ဆိုင်ရပေမည်။
ထိုတာအိုအဘိုးအိုသည်လည်း ဂိုဏ်းအင်အားစုလောကတွင် နာမည်ကျော်ကြားသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ယခုချိန်၌ သူသည် လုယွီ၏ လက်ဗလာဖြင့်ဖိနှိပ်ခြင်းကို ခံရလိုက်ရသည်။ အချိန်တခဏအတွင်းမှာပင် သူ၏အသက်ကို ဆုံးရှုံးသွားခဲ့ရသည်။
လူအများသည် ကြက်သေသေသွားကြပြီး အချိန်တခဏအတွင်းတွင် လုယွီ၏ခွန်အားကို မခန့်မှန်းနိုင်ကြတော့ချေ။
လုယွီသည် သူတို့ကို အာရုံမစိုက်ဘဲ သူ၏လက်ကိုမြှောက်ကာ သံသရာပန်းကို ဖမ်းဆွဲလိုက်သည်။
သက်တံရောင်အလင်းဖြင့် တောက်ပနေသော ပွင့်ဖတ်များသည် အလွန်နူးညံ့ပေ၏။ ဤပန်းသည် လက်တစ်ဝါးစာအရွယ်အစားမျှသာ ရှိသော်လည်း အလွန်တောက်ပပြီး လျှို့ဝှက်ဆန်းကြယ်သောအလင်းတန်းများကို ထုတ်လွှတ်ထားသည်။ ဤသည်မှာ အလွန်တောက်ပသော ရောင်စုံအလင်းတန်းများဖြစ်လေရာ အဝေးမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
လုယွီသည် သံသရာပန်းပင်၏အမြစ်များကို ဆွဲနုတ်လိုက်သည့်အချိန်၌ ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများသည် မြေကြီးအတွင်းမှ ခုန်ထွက်လာကြ၏။ ထိုသင်္ကေတအက္ခရာများသည် ကိုယ်ပိုင်အသက်ရှိသည့်အလား မိုးကောင်းကင်ယံသို့ မြင့်တက်သွားကြသည်။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းသွားစေသည်။ ကျယ်ပြန့်ပြီး တောက်ပသောအလင်းသည် ကောင်းကင်နှင့်မြေပြင်အကြားရှိ ဥပဒေသများကို ပြင်းထန်စွာ လှုပ်ခတ်သွားစေပေ၏။
"ဒီရတနာက အသေးအဖွဲမဟုတ်ဘူး"
"ဒီလိုထူးဆန်းတဲ့ သဘာဝလွန်ပုံရိပ်ယောင်ကို ဖြစ်ပေါ်စေနိုင်တဲ့ တည်ရှိမှုကြီးတစ်ခုက ဘယ်လိုလုပ် သာမန်ပစ္စည်းဖြစ်နိုင်မှာလဲ... တာအိုအဘိုးအိုယွီက အစကတည်းက သူ့ရဲ့အသေသတ်ကွက်ကို သုံးခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး... သူက ဒီရတနာကို သူအတွက် လူယူချင်ခဲ့တာပဲ..."
တခြားလူများသည် နားလည်သဘောပေါက်သွားကြပြီး သံသရာပန်းကို ကြည့်သော သူတို့၏အကြည့်များ မီးဝင်းဝင်းတောက်လာကြသည်။
"မင်း ခုထိ ခုခံနိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး... ဒါဆိုရင် မင်းမှာ အရည်အချင်းနည်းနည်းပါးပါး ရှိတဲ့ပုံပဲ..."
ကျိရန်ရှုံးသည် လုယွီကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်၏။ ထို့နောက် သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ငါ ရှင်းပစ်ဖို့ သဘောအကျဆုံးလူတွေက မင်းတို့လို ပါရမီရှင်တွေပဲ... မင်းတို့ရဲ့ခေါင်းကို အရှင်လတ်လတ် ချိုးဖဲ့ရတာက ငါ အကြိုက်ဆုံးအရာပဲ"