← Chapters

အခန်း (၅၁၂၁-၅၁၂၅)

Vol. 259 Ch. 5121-5125

အခန်း (၅၁၂၁-၅၁၂၅)

Vol. 259 Ch. 5121-5125

Chapter 5121

ကျိရန်ရှုံးက သူ၏ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဝက်ဝံနက်တစ်ကောင်ကဲ့သို့ ကြီးမားသော သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာသည်။

ဖျစ်...ဖျစ်...ဖျောက်

ကြည်လင်ပြတ်သားသောအသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ကျိရန်ရှုံး၏ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးမားကျယ်ပြန့်လာပေ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

မိုးကောင်းကင်သို့ မြင့်တက်သွားသော သူ၏သွေးချီစွမ်းအင်များသည် မီးခိုးတန်းတစ်ခုအဖြစ်သို့ စုစည်းသွားပြီး တိမ်တိုက်များအတွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားတစ်ခုတည်းကပင် လူတစ်ဦး၏စိတ်နှလုံးသားကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သည်။ စိတ်ဝိညာဉ်သိုင်းနန်းတော်သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနည်းစနစ်များကို အဓိကအသုံးပြုပေ၏။ ထို့ကြောင့် စိတ်ဝိညာဉ်သိုင်းနန်းတော်၏နန်းတော်သခင်အနေဖြင့် ကျိရန်ရှုံးသည် သူ၏ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံးအဆင့်ထိ လေ့ကျင့်ထားသည်မှာ သိသာထင်ရှားသည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းစွာ စုစည်းနေကာ အနည်းငယ်မျှ အပေါက်အဟမရှိချေ။

"ဒါက ကျိရန်ရှုံးရဲ့ခွန်အားပဲ..."

လူများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားကြသည်။

ကျိရန်ရှုံးသည် တော်ဝင်နန်းတွင်းကို စိန်ခေါ်ဝံ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ သူ့ထံ၌ အမှန်တကယ်ကို ကိုယ်ပိုင်အစွမ်းအစ ရှိပေ၏။

ဤအချိန်တွင် လုယွီသည် သံသရာပန်းကို ဆွဲနုတ်နေသော သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သံသရာပန်းပင်၏ပင်စည်သည် မြေကြီးအတွင်းသို့ ပြန်လည်၍ရောက်ရှိသွားသည်။ ပန်း၏မျက်နှာပြင်ပေါ်မှ သက်တန့်ရောင်အလင်းတန်းများသည် ပျောက်ကွယ်သွားခြင်းမရှိဘဲ ပို၍ပို၍တောက်ပလာသည်။

"အမြစ်အောက်မှာ မူလဘူတစွမ်းအင်တွေ ရှိနေတယ်"

လုယွီ ထိတ်လန့်သွားကာ သူ၏နှလုံးသားခုန်နှုန်း လျှင်မြန်သွားသည်။

သူသည် ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်လာရခြင်းမှာ ယင်ယန်ကျမ်းစာမှတဆင့် အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်ကာ ရှေးဟောင်းခေတ်သို့ ရောက်ရှိသွားသောကြောင့်ပင်။ သူသည် မဟာတံတိုင်းစစ်တပ်၏ဘဏ္ဍာတိုက်အတွင်းရှိ ဘိုးဘေးနဂါးဆေးလုံးတွင် ပါဝင်သော မူလဘူတစွမ်းအင်ကို အမှီပြုကာ ရွှမ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူ ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်မှာလည်း မူလဘူတစွမ်းအင်တချို့ ကျန်ရှိနေပြီး လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးသောကြောင့်ပင်။

လုယွီသည် မူလက ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မျှော်လင့်ချက်မရှိတော့ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သံသရာပန်း၏အမြစ်များ၌ ထူထပ်သိပ်သည်းသော မူလဘူတစွမ်းအင်များကို သိုဝှက်ထားမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ဤမူလဘူတစွမ်းအင်သည် လေတိုက်ခတ်သည်နှင့် ပျံ့လွင့်သွားသော သာမန်လေစီးကြောင်းများနှင့် မတူညီချေ။ ထိုအရာသည် သက်တံရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ ထိုအရာအတွင်းတွင် ရောနှောနေသော သင်္ကေတအက္ခရာများသည် မူလဘူတစွမ်းအင်၏သရုပ်သကန်ထင်ဟပ်မှုများ ဖြစ်သည်။

သူ့ထံတွင် ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မျှော်လင့်ချက် ရှိလာလေပြီ။

"ငါက အစစ်အမှန်အင်မော်တယ်လမ်းကြောင်းကို ရှေ့ဆက်လျှောက်လှမ်းနိုင်တော့မယ်"

သူ၏ရှေ့မှ ပန်းပင်အမြစ်ကိုကြည့်ရင်း လုယွီသည် မရေမတွက်နိုင်သောနှစ်များကို ကြုံတွေ့ခဲ့ဖူးသူဖြစ်သည့်တိုင် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဖြစ်သွားသည်။

အဝေးတွင်ရှိနေသော ကျိရန်ရှုံးသည် လုယွီ မလှုပ်မယှက်ရှိနေသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"မင်းက သေလမ်းရှာနေတာပဲ... ငါ မင်းကို ဖမ်းမိတာနဲ့ မင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပြီးတော့ သားရဲစာကျွေးပစ်မယ်... ပြီးတော့ မင်းရဲ့မိသားစု... ငါ သူတို့အားလုံးကို စုံစမ်းပြီးတော့ ဖမ်းဆီးမယ်....မိန်းမတွေကို ပြည့်တန်ဆာအိမ်ပို့ပြီး ယောက်ျားတွေကို ကျွန်အဖြစ်နဲ့ လုပ်ကျွေးပြုစုစေရမယ်"

ကျိရန်ရှုံး၏မျက်လုံးများအတွင်း၌ ဆိုးယုတ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထို့နောက် ကျိရန်ရှုံးသည် အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ လုယွီထံသို့ ပျံသန်းသွားလေ၏။

သူ၏ကြီးမားသောခန္ဓာကိုယ်သည် ဤမျှထိလျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု မည်သူမျှ တွေးထင်မိမည်မဟုတ်ချေ။ ဤသည်မှာ မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ လျင်မြန်သည်။ ရုတ်ချည်းဆိုသလိုပင် သူသည် လုယွီနှင့် နီးကပ်သွားလေပြီ။

"မြန်လိုက်တာ... ဒီကောင်လေးက အချိန်မီ တုံ့ပြန်နိုင်မှာမဟုတ်ဘူး"

ထိုသို့သောအတွေးတစ်ခုသည် လူများအားလုံး၏စိတ်အတွင်းတွင် ဖြတ်ပြေးသွားသည်။

သူတို့အားလုံးသည် ကျိရန်ရှုံးကို အထင်သေးခဲ့ကြသည်။ ထိပ်သီးကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော စိတ်ဝိညာဉ်သိုင်းနန်းတော်၏ နန်းတော်သခင် ဖြစ်လာနိုင်ခြင်းသည် ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ အစွမ်းအစရှိခြင်းကြောင့် ဖြစ်မည်မှာ တိကျသေချာပေ၏။

လုယွီသည် လေပြင်းတစ်ရပ် တိုးဝင်လာသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူ လှည့်ကြည့်လိုက်ရာ ကျိရန်ရှုံးသည် သူနှင့်အလွန်နီးကပ်နေပြီး လက်သီးတစ်ချက်သည် သူ၏အမြင်အာရုံအောက်သို့ ဝင်ရောက်လာသည်။

"သွားစမ်း..."

လုယွီက အေးစက်စက်နှာမှုတ်လိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ကာ ပြင်းထန်စွာ ရိုက်နှက်လိုက်၏။

လက်ရှိအချိန်၌ သူသည် ဤနေရာတွင် မူဘဘူတစွမ်းအင်ကို လေ့လာနေလေရာ ဤလူများအပေါ် သူ၏အချိန်ကို မည်သည်ကြောင့် ဖြုန်းတီးနိုင်မည်နည်း။

"ဘုန်း...."

ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာပြီး ကျိရန်ရှုံး၏ဧရာမခန္ဓာကိုယ်ကြီးသည် ရုတ်တရက် မီတာတစ်ရာအကွာသို့ လွင့်ထွက်သွားသည်။

Chapter 5122

ကျယ်လောင်သောအသံကြီးနှင့်အတူ ကျိရန်ရှုံး၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမြောက်ဆံတစ်ခုအလား မြေကြီးအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပေ၏။

ပတ်ဝန်းကျင်မြေပြင်သည် ပြင်းထန်စွာတုန်ခါလာပြီး ဖုန်မှုန့်များ လေထုအတွင်းသို့ မြင့်တက်သွားသည်။ ပတ်ဝန်းကျင်ရှိမြေပြင်တပြင်လုံး ထူထပ်သိပ်သည်းသော အက်ကွဲကြောင်းများအဖြစ် ကွဲအက်သွားပေ၏။

လူများအားလုံး ကြက်သေသေသွားကြသည်။

သူတို့သည် သူတို့၏ရှေ့မှ လူငယ်ထံ၌ အစွမ်းအစတချို့ရှိသည်ကို သိရှိထားကြသော်လည်း သူသည် ဤမျှထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြချေ။

"ငါ့မျက်လုံးတွေ ဝါးသွားတာလား... ကျိရန်ရှုံးကို သူက လက်ဝါးတစ်ချက်တည်းနဲ့ လွင့်သွားအောင် ရိုက်လိုက်တာလား...."

"ဒီလူငယ်ရဲ့ဇစ်မြစ်က ဘာလဲ... လူရိုင်းကြယ်မြစ်မှာ ဒီလိုလူမျိုး မရှိဘူး... သူက တော်ဝင်မြို့တော်နယ်မြေကနေ လာတာများလား..."

လူများအားလုံး၏မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ရှိနေကြသည်။ လုယွီကိုကြည့်သော သူတို့၏အကြည့်များသည် ပို၍တည်ကြည်လေးနက်လာပေ၏။

ချီလင်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် လုယွီ၏အထောက်အထားကို ယခင်ကတည်းက သိရှိထားပြီးဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ ထုတ်ဖော်ပြသခဲ့သောစွမ်းအားသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်ပေ၏။

သန့်စင်ယန်မြင့်မြတ်နယ်မြေ၏ မဟာအကြီးအကဲနှင့် စိတ်ဝိညာဉ်သိုင်းနန်းတော်၏ ကောင်းကင်အဆင့် အကြီးအကဲတို့မှာမူ မြေပြင်တွင်အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကြသည်။ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။

လုယွီသည် ကျိရန်ရှုံးကို လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့သဖြင့် အစောပိုင်းက သူတို့ လုယွီကို တိုက်ခိုက်ခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ သူတို့၏အဆုံးသတ်သည် ယခင်က တာအိုအဘိုးအိုထက် ပိုကောင်းနိုင်မည် မဟုတ်ချေ။

"အား...."

အက်ကွဲသွားသော မြေပြင်အတွင်းမှနေ၍ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

ကျိရန်ရှုံးသည် ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်မှထလာပြီး သူ၏ပါးစပ်ထောင့်မှသွေးများကို သုတ်လိုက်ကာ သူ၏မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဟား ဟား ဟား... ဒါက အရမ်းပျော်ဖို့ကောင်းတယ်... ဒါက ပျော်ဖို့ကောင်းတယ်... ငါက ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ မတွေ့ရတာ အချိန်အတော်ကြာနေပြီ... ငါက မင်းရဲ့ခေါင်းကို လိမ်ချိုးပစ်မယ်"

ကျိရန်ရှုံး၏မျက်နှာသည် ရက်စက်ကြမ်းတမ်းနေပြီး သူ၏မျက်လုံးများသည် သွေးဆာသော အလင်းတန်းများဖြင့် တောက်ပနေပေ၏။

လုယွီက သူ့အား တစ်ချက်ကြည့်လိုက်သည်။ သူသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ သူ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သို့ရာတွင် ထိုအချိန်မှာပင် အဝေးရှိမိုးကောင်းကင်ယံမှ လေတိုးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်ထပ်ထိပ်သီးကျင့်ကြံသူအုပ်စုတစ်စုသည် သူတို့၏မှော်ရတနာများကိုထိန်းချုပ်ကာ ပျံသန်းလာကြသည်။

အသစ်ရောက်လာသော ဤထိပ်သီးကျင့်ကြံသူများသည် လမ်းတလျှောက်လုံး ခရီးပြင်းနှင်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူတို့၏အရေအတွက်သည် အလွန်များပြားပြီး သူတို့၏အရှိန်အဝါသည် ခန့်ညားထည်ဝါပေ၏။ ထောင်နှင့်ချီသောလူများ ဤနေရာသို့ အလျင်စလို ရောက်ရှိလာကြသည်။

ကျယ်ပြန့်ပြီး ထူထပ်သိပ်သည်းသော ပါ့ကျိုးတောအုပ်၏ မိုးကောင်းကင်ယံတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေလေပြီ။

သားရဲများသည် မြေပြင်ပေါ်တွင် ဝပ်တွားနေကြသည်။ သူတို့သည် မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများ၏အရှိန်အဝါများကို ခံစားမိသဖြင့် သူတို့အားလုံး တုန်လှုပ်ချောက်ချားနေကာ ပြင်ပသို့ မထွက်ဝံ့ကြချေ။

"နောက်ထပ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ရောက်လာပြန်ပြီ..."

"ဒီနေရာမှာရှိတဲ့ သဘာဝရတနာက ထုတ်လွှတ်တဲ့ အရှိန်အဝါက အရမ်းပြင်းထန်တယ်... ဒါက နေရာအနှံ့က ထိပ်သီးကျင့်ကြံသူတွေကို ဆွဲဆောင်နေတယ်... ငါတို့အတွက် အခွင့်အရေးတွေက ပိုပိုပြီးနည်းလာပြီ"

ကျင့်ကြံသူအများစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြသည်။ မြေအောက်လောက တာအိုသခင်၏ဘဏ္ဍာတိုက် ထွက်ပေါ်လာခြင်းသည် ကောင်းကင်ဘုံနယ်မြေရှိ ကျင့်ကြံသူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့ပုံရသည်။

လူများ ပို၍များလာလေလေ အကျိုးအမြတ်ခွဲဝေရမည့်သူ ပို၍များလာလေလေပင်။ အချိန်ကျပါက သူတို့သည် ရတနာကို လုယူနိုင်မလုယူနိုင်ကိုလည်း မသိနိုင်သေးချေ။

"မဟာယန်ဆရာသခင်..."

"ကရုဏာရှင် ဗုဒ္ဓအရှင်.."

"စိတ်ဝိညာဉ်ရတနာ မြင့်မြတ်အရှင်..."

...

လူသိများကျော်ကြားသော အမည်များကို ရေရွတ်လိုက်သံများ လူအုပ်အကြားမှ ထွက်ပေါ်လာသည်။

အဝေးမှနေ၍ စုစုပေါင်း အလင်းတန်းနှစ်ဆယ့်ရှစ်တန်း ပျံသန်းလာပြီး သူတို့ဖြတ်သန်းသွားသော လေဟာနယ်သည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။ ကြမ်းတမ်းသော ဖိအားသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ဒေါသထွက်နေသော နွားသိုးတစ်ကောင်နှင့် တူညီသည်။ ဤသည်မှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော် အလျင်စလို ရောက်လာသည်ဟု ဆိုလိုခြင်းပင်။

မြေအောက်လောကတာအိုသခင်၏ ဩဇာအာဏာလွှမ်းမိုးမှုသည် အလွန်ကြီးမားပေ၏။ ယခုရောက်ရှိလာသည်မှာ ကျင့်ကြံသူများ၏ပထမသုံးလှိုင်းမျှသာ ဖြစ်ပြီး ထို့နောက်တွင် ပို၍ပို၍များပြားသောလူများ ရောက်ရှိလာပေလိမ့်မည်။

"အမ်... ဒီလောကကြီးထဲမှာ ဒီလိုရတနာမျိုး ရှိနေသေးတာလား... ငါ့ကို ဆက်သလိုက်စမ်း..."

ရုတ်တရက် တိမ်တိုက်များကြားမှ ညင်သာစွာရေရွတ်လိုက်သော အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် မိုးကောင်းကင်ယံရှိ တိမ်မည်းများကြားမှ ထွက်ပေါ်လာပြီး သံသရာပန်းရှိရာသို့ အရှိန်ဖြင့်ရောက်ရှိလာသည်။

ဧရာမမှော်စွမ်းအားလက်ကြီးသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပေ၏။ ဤသည်မှာ မိုးကောင်းကင်ယံကို ဖုံးလွှမ်းပြီး နေရောင်ကို ပိတ်ဖုံးထားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ်သည် တိမ်တိုက်များကြားမှ ပျံ့လွင့်လာပြီး ကြီးမားသောစွမ်းအားတစ်ရပ်သည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

Chapter 5123

သို့ရာတွင် ဤအခိုက်အတန့်တွင် လုယွီက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"ငါက အရမ်းကရုဏာကြီးနေပုံပဲ... ဒါကြောင့် မင်းတို့အားလုံးက ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ ထင်နေကြတာမလား..."

လုယွီက ရုတ်တရက် သူ၏လက်ကို မြှောက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးမှနေ၍ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ပျံ့လွင့်သွားပြီး သူ့ထံသို့ တိုးဝင်လာသော ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးကို ခြေမွှဖျက်ဆီးလိုက်သည်။ ထို့နောက် ရွှေရောင်လက်ဝါးပုံရိပ်ကြီးသည်သည် အဆုံးအစမဲ့သော တိမ်တိုက်များကို ဖြတ်သန်းကာ လေဟာနယ်အတွင်းတွင်ရှိနေသော လူတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။

ထိုလူသည် ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်စုံအလင်းတန်းများ လွှမ်းခြုံနေသည်။ ဤသည်မှာ မျက်စိကျိန်းလုမတတ်တောက်ပသော မြင်ကွင်းဖြစ်ပြီး သူသည် အလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုနှင့် တူညီနေသည်။ သူသည် သံသရာပန်းကို လွယ်လင့်တကူ ဖမ်းဆုပ်နိုင်မည်ဟု တွေးထင်ခဲ့သော်လည်း သူ၏နည်းစနစ်သည် မျက်စိတစ်မှိတ်အတွင်းတွင် လုယွီ၏ချိုးဖျက်ခြင်းကို ခံရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ထို့နောက်တွင် လုယွီက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

ဘုန်း....

ကြောက်မက်ဖွယ်ကောင်းသော ဘုန်းခနဲအသံတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုထိပ်သီးကျင့်ကြံသူသည် ခြေမွှဖျက်ဆီးခြင်းခံရကာ ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်ယံကို အနီရောင် သန်းသွားစေသည်။ ကြေမွသွားသော အသွေးအသားများသည် မိုးကောင်းကင်မှ ကျဆင်းလာပြီး သွေးမိုးတစ်ခုကို ဖွဲ့စည်းလိုက်၏။

လက်တစ်ဖက်တည်းဖြင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ခြေမွှဖျက်ဆီးလိုက်ခြင်း....

လူများအားလုံး အေးစက်စက်လေကိုရှိုက်သွင်းလိုက်ကြသည်။ အစောပိုင်းကမှ ရောက်ရှိလာသော ဂိုဏ်းအင်အားစုများမှ ထိပ်သီးကျင့်ကြံသူပင်လျှင် ကြက်သေသေသွားသည်။

ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုးဖြစ်သနည်း။

"ဒါက ဝူယိမြင့်မြတ်နယ်မြေရဲ့ မဟာအကြီးအကဲဖြစ်တဲ့ စိတ်ဝိညာဉ်ရတနာအရှင်ပဲ... သူ့ရဲ့ကျင့်ကြံဆင့်က ခန့်မှန်းလို့မရနိုင်ဘူး... ဒါပေမဲ့ တိုက်ခိုက်မှုတစ်ခုတည်းနဲ့ သူ အသတ်ခံလိုက်ရတယ်... ဒီလူငယ်မှာ ဇစ်မြစ်တစ်ခု သေချာပေါက်ရှိနေရမယ်... သူက ဘယ်သူလဲ"

လူများအားလုံးသည် သူတို့၏အသက်ရှူသံများ လေးလံလာသည်ကို ခံစားလိုက်ရသည်။ လုယွီသည် တစ်ယောက်တည်းဖြစ်ကြောင်း ရှင်းလင်းသော်လည်း သူ လူများအားလုံးကို ဖိအားပေးနိုင်သည်မှာ အလွန်သိသာထင်ရှားပေ၏။ သူတစ်ယောက်တည်းဖြင့် လူထောင်ပေါင်းများစွာကို ဖိနှိပ်ထားနိုင်သည့်အလားပင်။

"ဟွမ်ထျန်းမြင့်မြတ်နယ်မြေအရှင် ရောက်ရှိလာပါပြီ..."

ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံသည် မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာပေ၏။

ထို့နောက် ဟွမ်ထျန်းမြင့်မြတ်နယ်မြေမှကျင့်ကြံသူဆယ့်ခြောက်ဦးသည် တိမ်တိုက်များကိုစီးနင်းကာ ရောက်ရှိလာကြသည်။ သူတို့သည် သူတို့၏ခေါင်းများတွင် အဝါရောင်ပဝါများကို ပတ်ထားပြီး သူတို့တစ်ဦးစီသည် အလွန်အစွမ်းထက်သောကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။ သူတို့သည် ခမ်းနားထည်ဝါသော ဝေါယာဉ်တစ်စီးကို သယ်ဆောင်ကာ လျင်မြန်စွာ ပျံသန်းလာကြ၏။

ဝေါယာဉ်၏နောက်တွင် ဟွမ်ထျန်းမြင့်မြတ်နယ်မြေမှ ရာနှင့်ချီသောတပည့်များ ရှိနေသည်။ သူတို့သည် အောင်လံတံခွန်များနှင့်အလံများကို ကိုင်ဆောင်ထားကြသည်။ ထိုအလံများပေါ်တွင် "ဟွမ်ထျန်းမြင့်မြတ်နယ်မြေ ထာဝရတည်တံ့မည်" ဟူသော စာလုံးများ ရေးထိုးထားသည်။ တောက်ပသောအဝါရောင်အလံများသည် လေထုအတွင်းတွင် တလူလူလူးလွန့်နေပေ၏။

တခြားလူများအားလုံး ဘေးသို့ဖယ်ပေးကြသည်။ သူတို့သည် ယခုရောက်လာသူ၏ဂုဏ်ပုဒ်ကို သိရှိထားကြသောကြောင့် သူ့အား တားဆီးဝံ့ခြင်းမရှိပေ။

ဤသည်မှာ မဟာမြင့်မြတ်နယ်မြေဆယ်ခုအနက်မှ တစ်ခုဖြစ်သော ဟွမ်ထျန်းမြင့်မြတ်နယ်မြေပင်။

ဟွမ်ထျန်းမြင့်မြတ်နယ်မြေသည် ရှေးဟောင်းငြိမ်းချမ်းရေးတာအိုကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး နေရာဒေသအသီးသီးတွင် ထိုတာအိုကို သက်ဝင်ယုံကြည်သူ အမြောက်အများရှိသည်။ ဤသည်ကို မဟာမြင့်မြတ်နယ်မြေဆယ်ခုအနက် နံပါတ်တစ်ဟု ဆိုနိုင်ပေ၏။ ဟွမ်ထျန်းမြင့်မြတ်အရှင်ကို နောက်လိုက်များက "ဖြောင့်မတ်မှန်ကန်သော ဆရာသခင်"ဟု ခေါ်ဆိုပြီး ရိုသေလေးစားကြသည်။ သူသည် နောက်လိုက်များ၏ သက်ဝင်ယုံကြည်မှုစွမ်းအားများကို စုပ်ယူနိုင်ပြီး သူ၏ကျင့်ကြံဆင့်စွမ်းအားများအဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်သည်။ သူ၏ကျင့်ကြံနည်းစနစ်များသည် နက်နဲသိမ်မွေ့ပြီး အစွမ်းထက်ပေ၏။

ဤလူအုပ်၏ခမ်းနားထည်ဝါမှုသည် ဟွမ်ထျန်းမြင့်မြတ်နယ်မြေအရှင်သည် အလျင်စလို ရောက်လာသောကြောင့် လျော့ပါးနေခြင်းပင်။ အကယ်၍ သာမန်ခရီးစဉ်တစ်ခုဖြစ်ပါက ဟွမ်ထျန်းမြင့်မြတ်အရှင်၏နောက်တွင် လူပေါင်းသောင်းချီ၍ လိုက်ပါလေ့ရှိသည်။ ဤမြင်ကွင်းသည် အလွန်ခမ်းနားထည်ဝါပေလိမ့်မည်။

"ဟွမ်ထျန်းမြင့်မြတ်နယ်မြေအရှင်တောင် ရောက်လာပြီ"

"အဲ့ဒီလူငယ်မှာ နက်ရှိုင်းတဲ့ကျင့်ကြံဆင့်စွမ်းအားရှိပေမဲ့ သူက တစ်ယောက်တည်းပဲ... သူ့ရှေ့က ဒီလောက်ထိများတဲ့ ဂိုဏ်းအင်အားစုတွေကထိပ်သီးကျင့်ကြံသူတွေကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လူများအားလုံးသည် သူတို့အချင်းချင်း ဆွေးနွေးနေကြ၏။ သူတို့သည် လုယွီကို အထင်မကြီးကြသည်မှာ သိသာထင်ရှားသည်။

ချီလင်၏မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သော အမူအယာတစ်ရပ် ထင်ဟပ်သည်။ အစပိုင်းတွင် သူသည် အလွန်ယုံကြည်မှုရှိခဲ့သော်လည်း ထိပ်သီးကျင့်ကြံသူများ ပို၍ပို၍ ရောက်ရှိလာသည်နှင့်အမျှ သူ စိတ်မသက်မသာ ခံစားလာရသည်။

"မြင့်မြတ်အရှင်ဟွမ်... မြေအောက်လောက တာအိုသခင်ရဲ့ ဂူက ပွင့်သွားပြီ... ဒါပေမဲ့ အညတရကောင်လေးတစ်ယောက်က သိမ်းပိုက်ထားတယ်... မင်း ငါနဲ့ ပူးပေါင်းတိုက်ခိုက်ပြီးတော့ဒီနေရာက ရတနာတွေကို ခွဲဝေယူမယ်ဆိုရင် ဘယ်လိုသဘောရလဲ"

ကျိရန်ရှုံးက ရယ်မောပြီး ရုတ်တရက် စကားပြောလိုက်သည်။

တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အကယ်၍ ဟွမ်ထျန်းမြင့်မြတ်နယ်မြေနှင့် စိတ်ဝိညာဉ်သိုင်းနန်းတော်တို့ အတူပူးပေါင်းပြီး ရတနာများကို လက်ဝါးကြီးအုပ်လိုပါက လက်ရှိနေရာတွင်ရှိနေသော အင်အားစုများသည် သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။

သို့ရာတွင် ထိုအချိန်မှာပင် ဝေါယာဉ်၏ ကန့်လန့်ကာ ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

လူတိုင်းသည် ကန့်လန့်ကာနောက်မှ အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် မြင့်မြတ်အရှင်ဟွမ်ထျန်းသည် လုယွီ၏နံဘေးတွင် ထွက်ပေါ်လာပေ၏။

"မင်းက ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"

မြင့်မြတ်အရှင်ဟွမ်ထျန်းသည် လုယွီကို ထိတ်လန့်တကြား စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

Chapter 5124

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒါက တာယွီရဲ့ နယ်မြေ... ငါက ဘာလို့ ဒီနေရာမှာမရှိနိုင်ရမှာလဲ"

မြင့်မြတ်အရှင်ဟွမ်ထျန်း၏ မျက်နှာထက်တွင် ခါးသီးသောအပြုံးတစ်ခု ထင်ဟပ်လာပြီး သူက ပြောဆိုလိုက်၏။

"မင်း မှန်တယ်... မင်း ဒီနေရာကို ရောက်နေမှတော့ ဒီနေရာက ရတနာတွေက ငါနဲ့ မဆိုင်တော့ဘူးထင်တယ်"

လက်ရှိနေရာတွင်ရှိနေသူအားလုံး၏ မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤသည်မှာ မဟာမြင့်မြတ်နယ်မြေဆယ်ခုအနက်မှမှတစ်ခု၏ မြင့်မြတ်အရှင်ဖြစ်သော တည်ရှိမှုကြီးပင်။

သို့သော် မြင့်မြတ်အရှင်ဟွမ်ထျန်း၏ လေသံအရ သူသည် လုယွီအပေါ် အလွန်လေးစားပုံရပြီး မျက်နှာချိုသွေးသောလေသံမျိုးပင် ရှိနေသည်။

ထို့နောက် မြင့်မြတ်အရှင်ဟွမ်ထျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ လုယွီအား ဦးညွှတ်အရိုအသေပြုလိုက်သည်ကို လူများအားလုံး တွေ့မြင်လိုက်ရသည်။

"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"

မြင့်မြတ်အရှင်ဟွမ်ချန်း၏နောက်ရှိ အဝါရောင်ဝတ်စုံဝတ်ကျင့်ကြံသူများကလည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

လုယွီ၏အဝတ်အစားများသည် လေထုအတွင်းတွင် တလူလူလူးလွန့်နေပေ၏။

သူ၏မျက်လုံးအကြည့်သည် အေးစက်နေပြီး ပတ်ဝန်းကျင်မှလူများကို ကြည့်နေသော်လည်း သူသည် သိုးအုပ်တစ်အုပ်ကို ကြည့်နေသော လင်းယုန်တစ်ကောင်အလားပင်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

မူလကဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးသည် ရုတ်တရက် ငြိမ်အတိကျသွားပေ၏။ လူအများသည် ဤရုတ်တရက်အလှည့်အပြောင်းကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။

ဤလူငယ်သည်...

ထန်စစ်တပ်ကို အနိုင်ယူကာ ပြိုလဲလုဆဲဆဲဖြစ်နေသော တာယွီအင်ပါယာကို ထောက်ပံ့ခဲ့သည်။

သူသည် တာအိုသခင်များကိုလည်း သတ်ဖြတ်ခဲ့လေ၏။

ရှမိသားစုကို ဖျက်ဆီးခြင်းသည် သူ့အတွက် သာမန်ကိစ္စတစ်ခု ဖြစ်သော်လည်း တခြားလူများအတွက်မူ အလွန်အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

သူသည် ပြည်သူလူထု၏စိတ်နှလုံးသားများအတွင်းသို့ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးခဲ့သည်။

ဤသည်မှာ ဧကရာဇ်လုယွီ၏ အောင်မြင်မှုများပင်။

မည်သည့်တစ်ခုပင်ဖြစ်စေ လောကကြီးကို ထိတ်လန့်တုန်လှုပ်စေပြီး လူအများကြားတွင် ကြီးမားသောလှုပ်ခတ်မှုကို ဖြစ်စေရန် လုံလောက်သည်။

အထူးသဖြင့် အခွန်ဘဏ္ဍာဝန်ကြီးဌာနနှင့်တရားရေးဝန်ကြီးဌာနတို့မှ ပြုလုပ်သော အခွန်စုံစမ်းစစ်ဆေးမှုသည် ဂိုဏ်းအင်အားစုများ၏အပြုအမူများကို ပြောင်းလဲသွားစေသည်။ အခွန်မပေးဆောင်ဘဲနေဝံ့သော မည်သူမဆို တော်ဝင်နန်းတွင်း၏စစ်တပ်ကို ရန်စစော်ကားရာရောက်သည်။ ဂိုဏ်းအင်အားစုများသည် ဤကိစ္စကြောင့် ထိတ်လန့်ကြောက်ရွံ့နေပေ၏။

ဂိုဏ်းအင်အားစုများအနက်မှအများစုအတွက် လုယွီသည် အိပ်မက်ဆိုးတစ်ခုပင်။

ယခုချိန်၌ ဤအိပ်မက်ဆိုးသည် သူတို့၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"ဧကရာဇ်အသစ် လုယွီ..."

တစ်စုံတစ်ယောက်က ခါးသီးသောအမူအယာဖြင့် တီးတိုးရေရွတ်လိုက်သည်။

မည်သူမျှ မောက်မာထောင်လွှားဝံ့ခြင်းညမရှိတော့ချေ။ အကယ်၍ အရည်အချင်းတချို့ရှိသော လူငယ်တစ်ဦးဖြစ်ပါက သူတို့သည် သူနှင့် ယှဉ်ပြိုင်ရန် သတ္တိရှိကောင်းရှိပေမည်။ သို့သော် ယခုချိန်၌ သူတို့၏ရှေ့တွင် မတ်တတ်ရပ်နေသူမှာ တာယွီဧကရာဇ်လုယွီပင်။ ဤသည်မှာ သူတို့၏ယုံကြည်မှုများကို လုံးလုံးလျားလျားပျောက်ဆုံးသွားစေသည်။

သူတို့သည် ချမ်းသာသောသူကြွယ်တစ်စုနှင့် တူညီနေသည်။ သူတို့သည် မည်မျှပင် ချမ်းသာသည်ဖြစ်စေ ဧကရာဇ်၏ရှေ့တွင် မတ်တတ်ရပ်နေပါက ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရပေမည်။

အကြောင်းအရင်းမှာ ဧကရာဇ်သည် သူတို၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သော တည်ရှိမှုကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။

"ဟား ဟား ဟား... မင်းတို့ အရင်က ဘယ်လောက်ထိ မောက်မာခဲ့ပါစေ..အခုချိန်မှာ အရှင်ဧကရာဇ်ကို အမြန်ဆုံး ဒူးထောက်ပြီး အရိုအသေပေးကြစမ်း... မင်းတို့က အရှင်ဧကရာဇ်ဆီက ရတနာကိုတောင် လုယူဖို့ ကြံစည်ရဲတယ်... မင်းတို့က ဧကရာဇ်ကိုမရိုမသေပြုတဲ့ ကြီးမားတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပဲ... မင်းတို့ ရဲ့မျိုးနွယ်တွေအားလုံး အမြစ်ပြတ်သုတ်သင်ခံရလိမ့်မယ်

ချီလင်သည် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေပေ၏။ ထို့ကြောင့် သူသည် မှော်စွမ်းအားကို အသုံးပြုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ကျိရန်ရှုံး၏မျက်နှာအမူအယာ သုန်မှုန်နေသည်။ သူသည် မျက်မှောင်ကြုတ်ထားသော်လည်း မည်သည့်စကားကိုမျှ မပြောဝံ့တော့ချေ။

သူသည် မဆင်မခြင် ပြုမူတတ်သော်လည်း တုံးအသူတစ်ဦးမဟုတ်သဖြင့် ဤကိစ္စ၏အတိမ်အနက်ကို သူ သိရှိထားသည်။

အစောပိုင်းက ရောက်ရှိလာခဲ့သော ခိုင်ယန်ကျစ်သည်လည်း အလွန်အစွမ်းထက်သူတစ်ဦးဖြစ်သည့်တိုင် ယခုချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများအားလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။ ဤသည်မှာ သူသည် လုယွီနှင့် မတိုက်ခိုက်ဝံ့သည့်အလားပင်။

လူများအားလုံး တိတ်ဆိတ်နေကြသည်။ သူတို့သည် သံသရာနန်းတော်အနီးသို့ ချဉ်းကပ်ဝံ့ခြင်းမရှိကြသော်လည်း ထွက်ခွာသွားလိုခြင်းလည်း မရှိချေ။

မြင့်မြတ်အရှင်ဟွမ်ထျန်းက ရုတ်တရက် မေးမြန်းလိုက်သည်။

"အရှင်ဧကရာဇ်... သူတို့ကို ဘယ်လိုလုပ်သင့်လဲ"

"ဒီနေရာက အရာအားလုံးက ငါ့အပိုင်ပဲ"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့ နားလည်လား"

ဂိုဏ်းအင်အားစုများမှ ထိပ်သီးကျင့်ကြံသူများသည် ခါးသီးသောအမူအယာများဖြင့် တိတ်ဆိတ်ငြိမ်သက်နေပေ၏။

သူတို့သည် မူလက အလွန်ကြီးမားသော ကံကြမ္မာကောင်းကြီးသည် သူတို့၏ရှေ့တည့်တည့်တွင် ရှိနေသည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် လုယွီသည် သူတို့ကို ဖိနှိပ်ထားနိုင်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

"ငါအရှင် ဒီနေရာမှာ ရှိနေတယ်...ဒီရတနာကို လုယူချင်တဲ့ ဘယ်သူမဆို လာပြီးစမ်းသပ်ကြည့်နိုင်တယ်"

လုယွီက တဖန်ထပ်၍ စကားပြောဆိူလိုက်သည်။

ဤသည်မှာ လုယွီသည် သူ့ကိုယ်သူ 'ငါအရှင်'ဟု ပထမဆုံးအကြိမ် သုံးနှုန်းခြင်းပင်။

ဤသည်မှာ စကားလုံးအနည်းငယ်မျှသာ ဖြစ်သော်လည်း လူအများကို ကြက်သီးထသွားစေသည်။

ယခင်က မောက်မာထောင်လွှာဆုံးဖြစ်သော ကျိရန်ရှုံးပင်လျှင် ဤအချိန်အခိုက်အတန့်တွင် နာခံရို့ကျိုးစွာ မတ်တတ်ရပ်နေပြီး စကားတစ်ခွန်းမျှ မပြောဝံ့ချေ။

...

ဘုန်း...

သို့ရာတွင် ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် တိမ်တိုက်များကြားမှ ထွက်ပေါ်ပေ၏။

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး ထိုအရှိန်အဝါထွက်ပေါ်လာသောနေရာသို့ ကြည့်လိုက်ကြသည်။

စူးရှသောအလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပြီး တိမ်တိုက်များကို ထွင်းဖောက်သွားသည်။ ဤသည်မှ အလွန်ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားကာ လောကကြီးပေါ်သို့ သွန်းလောင်းနေသော ကျယ်ပြန့်သည့် သမုဒ္ဒရာတစ်စင်းနှင့် တူညီသည်။ ဤအရှိန်အဝါသည် လှိုင်းထန်ပြီး အဆုံးအစမဲ့ပေ၏။

လူများအားလုံး၏စိတ်နှလုံးသားများ တုန်ခါနေသည်။ တချို့လူများသည် မြေပြင်ပေါ်တွင် ဒူးထောက်ရန် ဟန်ပြင်လိုက်ကြသည်။ သူတို့သည် ဤကြောက်မက်ဖွယ် ဖိအားအရှိန်အဝါကို တောင့်မခံနိုင်ကြချေ။

"တာအိုသခင်...."

သူတို့အနက်မှအများစုထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာကာ အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

သူတို့သည် ငရဲနယ်မြေမှလာသကဲ့သို့ အရိုးကွဲလုမတတ် အေးစက်သောအသံကို ကြားလိုက်ရသည်။

"အရင်တုန်းက ငါ ဒီပန်းအတွက် မြေအောက်လောက တာအိုသခင်နဲ့ တိုက်ခိုက်ခဲ့တယ်... ဒါပေမဲ့ ငါက ငရဲနယ်မြေမှာ နှစ်သုံးဆယ်ကြာအောင် ဖိနှိပ်ခံခဲ့ရတယ်"

"ကောင်လေး... မင်းက တက်သစ်စကြယ်တစ်ပွင့်ပဲ... မြေအောက်လောကတာအိုသခင်ရဲ့ဂူကို တစ်ယောက်တည်း အပိုင်စီးဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ... ငါက မြေအောက်လောက တာအိုသခင်ကို မနိုင်ဘူး... ဒါပေမဲ့ မင်းကိုတော့ အလွယ်တကူ သတ်နိုင်တယ်"

Chapter 5125

ထိုအသံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။

မြေပြင်သည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူအမြောက်အများသည် စစ်မြေပြင်ကို ရှောင်ရှားရန် နောက်ဆုတ်သွားကြ၏။

"ဒီသွေးချီစွမ်းအား...."

ကျိရန်ရှုံး၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး သူ၏မျက်လုံးများအတွင်းတွင် နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။

ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် တခြားရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများ၏ သွေးချီစွမ်းအားများကို အာရုံခံနိုင်စွမ်း အလွန်မြင့်မားသည်။ ကျိရန်ရှုံးသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသည့် မည်သူတစ်ဦးတစ်ယောက်၏ သွေးချီစွမ်းအားကိုမဆို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

ဤအချိန်အခိုက်အတန့်တွင် ကျိရန်ရှုံးက လုယွီသည် မိုးကုတ်စက်ဝိုင်းတွင် လှည့်ပတ်ပျံသန်းနေသော အစစ်အမှန်နဂါးတစ်ကောင်နှင့် တူညီနေသည်ဟုသာ ခံစားလိုက်ရသည်။ တခြားတစ်ဖက်တွင် သူသည် အောင်မြင်မှုအချို့ ရှိသော်ငြားလည်း အစစ်အမှန်နဂါးတစ်ကောင်၏ ရှေ့တွင် သူသည် မြက်မြွေတစ်ကောင်မျှသာ ဖြစ်သည်။

"သူ ဘယ်လို ကျင့်ကြံခဲ့တာလဲ... ဒီလောက်ငယ်ရွယ်တဲ့အသက်အရွယ်နဲ ဒီလိုမျိုး ရုပ်ခန္ဓာကိုယ်ခွန်အားရှိနေတယ်"

ကျိရန်ရှုံး၏နှလုံးခုန်နှုန်း အလွန်အမင်း လျှင်မြန်သွားသည်။

ကျိရန်ရှုံးကဲ့သို့ မောက်မာထောက်လွှားသူတစ်ဦးပင်လျှင် သူခေါင်းကို ငုံ့ထားရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိချေ။ တခြားသူများကမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မူလက အကျိုးအမြတ်တစ်စိတ်တစ်ပိုင်း ရယူလိုခဲ့သော ကျင့်ကြံသူများအားလုံးသည် ဤတိုက်ပွဲကို မြင်တွေ့ပြီးနောက် ဆုတ်ခွာရန် စဉ်းစားလိုက်ကြ၏။

"ဘန်း...."

လုယွီနှင့် အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် သူတို့၏တိုက်ပွဲကို စတင်ပြီးဖြစ်သည်။ သူတို့၏ လက်သီးတစ်ချက်စီသည် ပတ်ဝန်းကျင်တွင် ပြင်းထန်သောတုန်ခါမှုကို ဖြစ်စေရန် လုံလောက်သည်။

ဤအနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် အလွန်ပိန်လှီပုံရသော်လည်း သူ၏လက်သည်းများကို ဝှေ့ယမ်းလိုက်တိုင်း ယင်ချီစွမ်းအားများရောယှက်နေသည့် အဖြူရောင်အရိုးပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ ဤသည်မှာ အလွန်အေးစက်ပြီး အရိုးထိစိမ့်ဝင်သော ချမ်းစိမ့်မှုကို သယ်ဆောင်ထားပေ၏။။

မိုးကောင်းကင်တွင် တစ်ဖက်သည် နေကဲ့သို့ ပူပြင်းပြီး တခြားတစ်ဖက်မှာ တစ္ဆေကဲ့သို့ အေးစက်နေသည်။

လုံးလုံးလျားလျားကွဲပြားခြားနားသော အရှိန်အဝါနှစ်ရပ်သည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ဖီလာဆန့်ကျင်တိုက်ခိုက်မိလေ၏။ အချိန်တခဏအတွင်းတွင် ကောင်းကင်နှင့်မြေပြင်သည် အရောင်ပြောင်းလဲသွားပြီး လောကကြီးတခွင်လုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည့်အလားပင်။ လျှပ်စီးမိုးကြိုးများ ပစ်ခတ်နေသကဲ့သို့ ပေါက်ကွဲသံများသည် အရပ်မျက်နှာအဘက်ဘက်တွင် ဆက်တိုက် ထွက်ပေါ်နေပြီး လူတစ်ဦး၏နားစည်များကို နာကျင်စေနိုင်သည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏လက်သည် ဂျင်တစ်သောင်း ခွန်အားရှိပုံရသည်။ သူ၏တိုက်ခိုက်မှုတစ်ခုစီသည် မြင့်မားသော တောင်တစ်လုံးကို ကိုင်ဆောင်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည့်အလားပင်။ သူ၏စွမ်းအားသည် အကန့်အသတ်ကင်းမဲ့ပေ၏။

"မင်းမှာ အရည်အချင်းနည်းနည်းတော့ ရှိသေးတယ်... ဒါပေမဲ့ ငရဲနယ်မြေမှာ ငါ နေခဲ့တဲ့နှစ်တွေက အလဟဿ မဖြစ်ခဲ့ဘူး"

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် လုယွီကို မသတ်နိုင်သည်အား မြင်တွေ့ချိန်၌ ဒေါသမထွက်ဘဲ စိတ်လှုပ်ရှားမှုကိုသာ ခံစားလိုက်ရသည်။

သူ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ ယင်ချီစွမ်းအားများသည် လေထုအတွင်းသို့ မြင့်တက်သွားပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ အနက်ရောင်လေစီးကြောင်းအတွင်းသို့ စိမ့်ဝင်သွားသည်။ ထို့နောက် လေထုအတွင်းမှ ဖြူဖျော့သော အဖြူရောင်အရိုးတစ်ချောင်း ဆန့်ထွက်လာပြီး ကြီးမားသောအရိုးစုတစ်ခု ထွက်ပေါ်လာပေ၏။

ရုတ်ချည်းဆိုသလိုပင် ပေတစ်ထောင်ကျော်မြင့်မားသော ကြီးမားသည့် အရိုးစုပုံရိပ်ယောင်ကြီးတစ်ခုသည် အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏ နောက်တွင် မျောလွင့်နေသည်။ ထိုအရိုးစုသည် သူ၏လက်နှစ်ဖက်ကိုပူးကာ လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ အရိုးစု၏အနက်ရောင်မျက်လုံးအိမ်များအတွင်းတွင် အနက်ရောင်မီးလျှံနှစ်ခု လင်းလက်သွားပေ၏။

"ဒါက မင်း ကျင့်ကြံနေတဲ့ ကျင့်ကြံနည်းစနစ်တွေ မဟုတ်ဘူး"

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

ဤစကားတစ်ခွန်းမှတဆင့် လုယွီသည် အဘိုးအို၏နောက်ခံဇစ်မြစ်ကို သိရှိသည့်အချက်ကို ဖော်ထုတ်ပြသပြီးဖြစ်သည်။

သို့ရာတွင် အဘိုးအိုသည် များစွာစဉ်းစားခြင်းမပြုဘဲ သူထံမှနေ၍ အက်ရှပြီးထူးဆန်းသော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

"ဒါက ငါ့ကို ငရဲနယ်မြေမှာ အကျဉ်းချခံတဲ့ သူ့ရဲ့ကျေးဇူးကြောင့်ပဲ... သူ့ကြောင့်သာငါက ငရဲနယ်မြေမှာ ရှေးဟောင်းအရိုးဖြူဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံခွင့်ရခဲ့တယ်... အရိုးဖြူမသေသရွေ့ ငါ့ရဲ့စိတ်ဝိညာဉ်က မသေဆုံးနိုင်ဘူး... ဒီကံကြမ္မာကို ငါ ရရှိခဲ့တယ်"

"ရှေးဟောင်းအရိုးဖြူဂိုဏ်း...."

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။ အချိန်တခဏအတွင်းမှာပင် သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှနေ၍ ဤဂိုဏ်း၏မှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်မှာ ရှေးဟောင်းဂိုဏ်းအမြောက်အများအနက်မှတစ်ခုပင်။ အရိုးဖြူဂိုဏ်းမှ ကျင့်ကြံနည်းစနစ်များ၏စွမ်းအားကို အထင်သေး၍မရချေ။ ဤအရာများသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။ အရိုးဖြူဂိုဏ်းသည် အရိုးဖြူမဟာဘိုးဘေးကို ဝတ်ပြုကိုးကွယ်ခဲ့သည်။ ရှေးဟောင်းခေတ်အတွင်းတွင် ဤဂိုဏ်းကို နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းအဖြစ် သတ်မှတ်ခဲ့သောကြောင့် တခြားဂိုဏ်းအင်အားစုများ၏အမြစ်ပြတ်သုတ်သင်ခြင်းကို ခံခဲ့ရသည်။

ငရဲနယ်မြေသည် အလွန်ကြီးမားပေ၏။ ငရဲတစ်ဆယ့်ရှစ်ထပ်သည် အလွန်ကြီးကျယ်ပြန့်ပြီး အတွင်းတွင် ရှေးဟောင်းအမွေအနှစ်များစွာ ကိန်းအောင်းနေသည်။ လူတချို့သည် ဤအမွေအနှစ်များကို ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့ကာ အဆုံးတွင် သူတို့သည် ဒဏ္ဍာရီလာတည်ရှိမှုကြီးများ ဖြစ်လာပေ၏။

သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် လောကကြီးကို တုန်လှုပ်စေသော အမွေအနှစ်တစ်ခုကို ရရှိခဲ့သည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် သူသည် လုယွီ၏ ယခင်ဘဝမှ ချိတ်ပိတ်ထားသောနည်းစနစ်ကို ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ရုတ်တရက် ပြောဆိုသည်။

"မင်းက မြေအောက်လောက တာအိုသခင်နဲ့ အရမ်းတူတာပဲ"

Thank For Reading.

All Chapters