အခန်း (၅၁၃၆-၅၁၄၀)
Vol. 260 Ch. 5136-5140
Chapter 5136
တောအုပ်အတွင်းတွင် သစ်ရွက်များကြွေကျပြီး သစ်ပင်များတုန်ခါနေသဖြင့် တရှဲရှဲအသံများကို ကြားနေရသည်။
လူရိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းမော့ကာ အသံထွက်ပေါ်လာသော မိုးကောင်းကင်သို့ ကြည့်လိုက်ကြသည်။
ဤအသံသည် အလွန်မရင်းနှီးဘဲ အတော်လေးငယ်ရွယ်သည်။ သို့ရာတွင် ထိုအသံ၌ ငြင်းချက်ထုတ်ဖွယ်မရှိသော ခန့်ညားမှုထည်ဝါမှုနှင့်ဂုဏ်သိက္ခာတို့ ရှိနေပေ၏။
"မင်းမှာ ငါတို့နတ်ဘုရားကို အပြစ်ပေးဖို့ ဘာအခွင့်အာဏာရှိလို့လဲ..."
ဝံပုလွေနတ်ဘုရားမျိုးနွယ်စု၏ ယဇ်ပုရောဟိတ်ချုပ်ချန်းယန်သည် လူအိုကြီးတစ်ယောက်ဖြစ်ပြီး သူ၏ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေသည်။ လေပြေတစ်ရပ်တိုက်ခတ်လာသည်နှင့်အတူ သူ၏မျက်လုံးများအတွင်းတွင် စူးရှသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး ထက်ရှသောဓားနှစ်လက် ပေါက်ကွဲထွက်လာသည့်အလားပင်။
သူသည် အသက်အိုမင်းသော်လည်း သူ၏အသံတွင် ခွန်အားအပြည့်ရှိပြီး အသံလှိုင်းများသည် အဝေးသို့ ပဲ့တင်ထပ်သွားသည်။
"ငါက ဧကရာဇ်ပဲ..."
လုယွီသည် သူ၏မေးခွန်းကို ဖြေကြားပြီးနောက် သူ၏လက်ဝါးသည် မိုးကောင်းကင်ယံမှ ကျဆင်းလာသည်။
ဘုန်း...
ကြီးမားသော အသံတစ်သံသည် လူတိုင်း၏နားအတွင်းတွင် ပေါက်ကွဲသွားပေ၏။
ထို့နောက် လူရိုင်းကျင့်ကြံသူအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ရာ မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ်သော ယဇ်ပုရောဟိတ်ချုပ်သည် ရုတ်တရက် သွေးအန်ပြီး မြေပြင်ပေါ်တွင် မေ့လဲသွားသည်ကို တွေ့ရှိခဲ့ကြသည်။
"ယဇ်ပုရောဟိတ်ချုပ်..."
"မြန်မြန်လေး...ဆေးပညာရှင်တွေနဲ့ သမားတော်တွေကို ခေါ်လိုက်စမ်း"
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ချက်ချင်းထိတ်လန့်သွားပြီး ယဇ်ပုရောဟိတ်ချုပ်ကို ကူညီရန် အလျင်အမြန် ရှေ့သို့တိုးသွားကြသည်။
ရုတ်ချည်းဆိုသလိုပင် အဆုံးမရှိကြီးမားကျယ်ပြန့်သော တောင်တန်းများတွင် အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။
"ဝံပုလွေနတ်ဘုရားက နတ်ဆိုးနတ်ဘုရားဖြစ်ကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်တယ်... သူ့ကို ယဇ်ပူဇော်ခြင်းမပြုရ...သူ့ရဲ့ဘုရားကျောင်းနေရာတွေကို ဒီလောကကြီး ဖျက်ဆီးပစ်ရမယ်"
မြင့်မြတ်သောအရှိန်အဝါဖြင့် ပြည့်နှက်နေသည့် အသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။
လူများအားလုံးသည် နေရာ၌ပင် ကြက်သေသေသွားကြ၏။ သူတို့သည် သူတို့၏ခန္ဓာကိုယ်မှ ကန့်သတ်ချက်တစ်ခု ပျောက်ကွယ်သွားသည်ကိုသာ ခံစားမိကြသည်။ မူလက သူတို့ကို ရစ်သိုင်းလွှမ်းခြုံထားသော ဝံပုလွေနတ်ဘုရား၏ စွမ်းအားသည် လျင်မြန်စွာ ပျောက်ကွယ်သွားပေ၏။
ဝံပုလွေနတ်ဘုရားနှင့်သက်ဆိုင်သော အမွေအနှစ်အားလုံး၏စွမ်းအားသည် လျင်မြန်စွာ ယုတ်လျော့သည်။ ကျိုးပဲ့နေသော ကျောက်တုံးပုံအဖြစ်သို့ ကြေမွှပျက်စီးသွားခဲ့သော ရုပ်ထုမှစွမ်းအားသည်လည်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားပြီး သာမန်ကျောက်တုံးပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုယွီ၏စကားများသည် ရွှေနှင့်ကျောက်စိမ်းဖြင့် ရေးမှတ်ထားသကဲ့သို့ အာဏာတည်သောအမိန့်ဖြစ်ပြီး တာယွီတော်ဝင်နန်းတွင်းတွင် အမြင့်မြတ်ဆုံးသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည်။
သူ ပြောသမျှသည် ကောင်းကင်ယံအထက်တွင် ရပ်တည်နေသော အဆောင်လက်ဖွဲ့တစ်ခုကဲ့သို့ဖြစ်ပြီး လောက၏စည်းမျဥ်းများစွာကို ပြန်လည်ရေးသားနိုင်သော အဆုံးမရှိသည့် စွမ်းအားကို ထုတ်လွှတ်ထားသည်။
ဤအချိန်မှစ၍ ဝံပုလွေနတ်ဘုရားသည် ဒဏ္ဍာရီတစ်ခုဖြစ်လာကာ သူသည် အမွှေးတိုင်ပူဇော်သက္ကာမှု့များကို မရရှိနိုင်တော့ချေ။ သူသည် တဖြည်းဖြည်း တခြားလူများ၏ မေ့လျော့ခြင်းကိုလည်း ခံရလိမ့်မည်။ နတ်ဘုရားများအတွက် ဤသည်မှာ အကြီးမားဆုံးသော အပြစ်ဒဏ်ဖြစ်ပြီး ဝံပုလွေနတ်ဘုရားသည် ပြန်လည်မွေးဖွားနိုင်တော့မည်မဟုတ်ကြောင်း ဆိုလိုခြင်းပင်။
ဤနေရာသို့ ကျရောက်လာသော နတ်ဘုရားစိတ်အာရုံများ ချက်ချင်းပျောက်ကွယ်သွားသည်။
ထိုနတ်ဘုရားစိတ်အာရုံများကို နတ်ဘုရားတချို့မှ ပိုင်ဆိုင်သည်။ သူတို့သည် ဝံပုလွေနတ်ဘုရား၏အဆုံးသတ်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် နောက်ထပ် ဝံပုလွေနတ်ဘုရားဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လုယွီကို ဒေါသထွက်အောင် မလုပ်ဝံ့ကြချေ။
"ဝံပုလွေနတ်ဘုရား ကြွေလွင့်သွားပြီ.... ရှေးဟောင်းအလယ်ခေတ်ကတည်းက ရှင်သန်ခဲ့တဲ့ အစွမ်းထက်နတ်ဘုရားတစ်ပါး ဒီလိုနည်းနဲ့ သေဆုံးသွားခဲ့တယ်"
"ဝံပုလွေနတ်ဘုရားက ဘာမလို့လဲ...မင်းတို့ ကြည့်လိုက်အုံး...နတ်ဘုရားမနုန်ယွဲ့တောင် အသတ်ခံလိုက်ရပြီ....သူက နတ်ဘုရားစာရင်းဝင် နတ်ဘုရားမတစ်ပါးပဲ... သူလည်း အသတ်ခံလိုက်ရတယ်...ဒီလူငယ်ဧကရာဇ်ကို ဘယ်သူမှ အထင်မသေးဝံ့တော့ဘူးလို့ ငါ ထင်တယ်"
လူအုပ်ကြီးသည် သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။ သူတို့အားလုံးသည် ယနေ့ သူတို့မြင်တွေ့ခဲ့ရသောအရာသည် ဒဏ္ဍာရီတစ်ခု၏ အစဖြစ်ကြောင်း ကြိုတင်ခံစားမိကြသည်။
နတ်ဘုရား၏သွေးများသည် မြေပြင်ကို စိုစွတ်သွားစေခဲ့သည်။ ထူးဆန်းသော သဘာဝလွန်ပုံရိပ်များသည် မိုးကောင်းကင်ယံတွင် ဖြတ်ပြေးသွားပေ၏။ သာယာနာပျော်ဖွယ်ကောင်းသော ဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်သည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ရှေးကျပြီး ဝမ်းနည်းပူဆွေးသော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
"သူ့ကို ဘယ်သူက နှိမ်နင်းနိုင်အုံးမှာလဲ"
ဤသည်မှာ လူအမြောက်အများ၏စိတ်နှလုံးသားအတွင်းတွင် တွေးတောနေသောအရာပင်။
လုယွီသည် အတိတ်က မြေအောက်လောက တာအိုသခင်ကဲ့သို့ သံသရာနန်းတော်၏ရှေ့တွင် ထိုင်နေသည်။ သူသည် ငယ်ရွယ်သော်လည်း လူများအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေပေ၏။
လုယွီ၏နောက်တွင်ရှိနေသော ချီလင်နှင့်ဟွမ်ထျန်းမြင့်မြတ်အရှင်တို့လည်း သက်ပြင်းရှိုက်လိုက်ကြသည်။
သူတို့သည် ယခင်က စိတ်လှုပ်ရှားနေကြသော်လည်း လုယွီသည် သူ၏မြင့်မြတ်သောစွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ရန်သူများကို သတ်ဖြတ်ခဲ့သည်။ အခြေအနေသည် အချိန်တခဏအတွင်းမှာပင် ပြောင်းပြန်ဖြစ်သွားခဲ့လေ၏။
သူတို့နှင့်နှိုင်းယှဉ်လျှင် ဂိုဏ်းအင်အားစုများမှ လူများ၏မျက်နှာများ ဖြူဖျော့နေကြသည်။ သူတို့အနက်မှအချို့သည် တိတ်တဆိတ် လှည့်ထွက်ပြီး ထွက်ပြေးသွားခဲ့ကြလေပြီ။
Chapter 5137
လုယွီ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် နေရာအနှံ့အပြားတွင် ရှိနေသည်။ သူတို့သည် ဤနေရာတွင် ကြာရှည်မနေဝံ့တော့ဘဲ နောက်သို့လှည့်ထွက်ပြီး ထွက်ပြေးလိုက်ကြသည်။
သို့ရာတွင် သူတို့ မိုးကောင်းကင်သို့ ပျံသန်းလိုက်သည်နှင့် မမြင်နိုင်သော လေထုနံရံတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရပြီး သူတို့ ထွက်ခွာသွားရန် မဖြစ်နိုင်တော့ချေ။
"ဒီပတ်ဝန်းကျင်မှာ အတားအဆီးတစ်ခုကို ခင်းကျင်းထားတယ်..."
"ဘာတွေဖြစ်နေတာလဲ...ဒါက ဘယ်တုန်းက ထွက်ပေါ်လာတာလဲ..."
လူများအားလုံး ထိတ်လန့်သွားကြပြီး ထိပ်သီးကျင့်ကြံသူတချို့သည် အရပ်လေးမျက်နှာကို စတင်၍တိုက်ခိုက်နေကြလေ။
သို့ရာတွင် မမြင်နိုင်သော အတားအဆီးတစ်ခုသည် သူတို့၏ပတ်ဝန်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အားလုံးကို အတွင်း၌ လှောင်ပိတ်ထားသည်။
နတ်ဘုရားနယ်မြေ
လုယွီသည် မြေကြီးကိုနင်းလျှောက်ပြီး မြေအောက်လောက နတ်ဘုရားနယ်မြေ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။ အချိန်တိုအတွင်းမှာပင် သူနှင့်မိုင်အနည်းငယ်အတွင်းရှိ အရာအားလုံးသည် မြင့်မြတ်သော နတ်ဘုရားမြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရားမြေပေါ်တွင် မားမားမတ်မတ်တည်ရှိနေသော လုယွီသည် အရာအားလုံးကို ထိန်းချုပ်နိုင်သော ဧကရာဇ်ပင်။
"မြေအောက်လောကတာအိုသခင်ရဲ့ ဂူက အခု ငါ့ပိုင်ဖြစ်သွားပြီ...ဘယ်သူက ငါ့ဆီကနေ လုယူချင်သေးလဲ...အခုချက်ချင်း ထွက်လာခဲ့စမ်း"
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏အဝတ်အစားများသည် လေထုအတွင်းတွင် တဖျပ်ဖျပ်လူးလွန့်နေသည်။ သူ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေပေ၏။ သူ၏မျက်လုံးတစ်စုံသည် ကောင်းကင်ယံရှိ နက်ရှိုင်းသောကြယ်နှစ်လုံးနှင့် တူညီသည်။ သူသည် သာမန်လူငယ်တစ်ဦးနှင့်တူသော်လည်း အစောပိုင်းက တိုက်ပွဲအဆုံးသတ်ပြီးနောက်... ဤလူငယ်ကို မည်သူမျှ အထင်မသေးဝံ့တော့ချေ။
လူများအားလုံး တိတ်ဆိတ်နေကြပြီး မည်သူမျှ စကားတစ်ခွန်း မပြောဝံ့ကြပေ။
လုယွီက အဝေးမှ ကောင်းကင်ယံကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လက်မခံနိုင်တဲ့သူ ဘယ်သူရှိသေးလဲ"
အဝေးတွင် ပုန်းအောင်းနေပြီး သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခြင်းမပြုသော ထိပ်သီးကျင့်ကြံသူများသည်လည်း ဆောင်းရာသီအတွင်းမှ ပုစဉ်းရင်ကွဲများအလား တိတ်ဆိတ်နေကြသည်။ သူတို့သည် စကားတစ်ခွန်းမျှ မပြောဝံ့ကြပေ။
လူတိုင်း မှင်သက်သွားကြသည်။ ဤ အချိန်အခိုက်အတန့်တွင် မည်သူက မနာခံဘဲ နေဝံ့မည်နည်း။
"ကျွန်တော်တို့က အရှင်ဧကရာဇ်ကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်"
ခိုင်ယန်ကျစ်သည် ရုတ်တရက် သက်ပြင်းရှည်ကြီးရှိုက်ပြီး သူ၏လူများနှင့်အတူ ဒူးထောက်လိုက်၏။
လုယွီကို အဆက်မပြတ် အော်ဟစ်နေခဲ့သော သန့်စင်ယန်မြင့်မြတ်နယ်မြေ၏ မဟာအကြီးအကဲသည် ယခုချိန်၌ သူ၏မျက်နှာ ဖြူဖျော့နေသည်။ သူသည် မြေပေါ်တွင် ဒူးထောက်နေရုံသာမက လုယွီကို အကြိမ်ကြိမ် ဦးတိုက်အရိုအသေပြုနေခဲ့သည်။ သူသည် အလွန်သနားဖွယ်ကောင်းပုံရသော်လည်း မည်သူမျှ သူ့ကို လှောင်ပြောင်ရယ်မောခြင်းမပြုချေ။
အကယ်၍ သူသည် လုယွီအဆင့်ရှိ ထိပ်သီးကျင့်ကြံသူတစ်ဦးကို ရန်စစော်ကားပြီးနောက် အကြိမ်အနည်းငယ် ဦးတိုက်အရိုအသေပြုခြင်းဖြင့် အသက်ရှင်နိုင်မည်ဆိုလျှင် ဤသည်မှာ သူ့အတွက် အမြတ်အစွန်းတစ်ခုဖြစ်မည်မှာ သေချာပေါက်ပင်။
"ကျွန်တော်တို့က အရှင်ဧကရာဇ်ကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်..."
ကျော်ကြားသော မြင့်မြတ်အရှင်များ ဂိုဏ်းချုပ်များအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး သူတို့၏ခေါင်းများကိုပင် မမော့ဝံ့ကြချေ။
ဤမြင်ကွင်းသည် ကောင်းကင်ဘုံနယ်မြေတွင် မဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သောအရာပင်။
ထိုထိပ်သီးကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြသည်။ လုယွီ၏ရှေ့တွင် ဒူးထောက်နေခြင်းသည် စစ်မှန်သောနတ်ဘုရားတစ်ပါးကို ဝတ်ပြုကိုးကွယ်နေသည့်အလားပင်။
"ကျေးဇူးတရား...နာကြည်းမှုနဲ့ မကျေနပ်မှုတွေကို ငါအရှင်က ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်... မင်းတို့အားလုံးက ရတနာတွေကြောင့် လာကြတာ...မင်းတို့ ဘာအမှားမှ မလုပ်ခဲ့ရင် ဒီနေရာကထွက်သွားနိုင်တယ်"
လုယွီက ပြောဆိုသည်။
လုယွီက ငါအရှင်ဟု သူ့ကိုယ်သူ သုံးနှုန်းခဲ့သောကြောင့် သူသည် ဤကိစ္စကို လေးနက်စွာ ကြေညာလိုကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ သူ၏အသံတွင် အမြင့်မြတ်ဆုံးသော အခွင့်အာဏာနှင့် ပြည့်နှက်နေပေ၏။
ဤစကားများကိုကြားချိန်တွင် အစောပိုင်းက လုယွီကို မတိုက်ခိုက်ခဲ့သော ဂိုဏ်းအင်အားစုများမှ လူများ၏မျက်နှာများပေါ်တွင် ပျော်ရွှင်သောအမူအယာများ ထင်ဟပ်လာသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် သတိကြီးစွာထားခဲ့ကြပြီး အရင်ဆုံး မတိုက်ခိုက်ခဲ့ကြချေ။ ထိုသို့မဟုတ်လျှင် ဧကရာဇ်အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သော ပြစ်မှုတစ်ခုတည်းကပင် သူတို့ ဒုက္ခရောက်သွားစေရန် လုံလောက်သည်။
တစ်ချိန်တည်းမှာပင် ယခင်က မောက်မာခဲ့သော ကျိရန်ရှုံး၏ဧရာမခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ခါလာသည်။
လုယွီ ပြောဆိုခဲ့သည်မှာ နာကြည်းမှုဖြစ်သည်။
နာကြည်းမှုဖြစ်နေသဖြင့် သက်ဆိုင်သောလူများ ဖြေရှင်းရပေမည်။
ကျီးရန်ရှုံးသည် ယခင်က လုယွီ၏သရုပ်မှန်ကို မသိခဲ့ပေ။ သူသည် အလွန်မောက်မာသောကြောင့် ယနေ့တွင် ဧကရာဇ်နှင့်နာကြည်းမှုတစ်ခု ဖွဲ့စည်းခဲ့မိခြင်းဖြစ်ပေ၏။
"အရှင်ဧကရာဇ်..ဒီကနေ့ကစပြီး စိတ်ဝိညာဉ်သိုင်းနန်းတော်က အရှင်ဧကရာဇ်ကို သခင်အဖြစ်သတ်မှတ်ပြီး အမှုထမ်းဖို့ ဆန္ဒရှိပါတယ်... ကျွန်တော်တို့က အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံးလုပ်ဆောင်ပါ့မယ်"
ကျိရန်န်ရှုံးသည် ပြတ်သားစွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး လုယွီထံမှ သနားကရုဏာကို တောင်းခံခဲ့သည်။
သူ၏အသံသည် ဝမ်းနည်းပူဆွေးနေပေ၏။ သူသည် ယခင်ကဲ့သို့ မောက်မာထောင်လွှားခြင်း မရှိတော့ချေ။ ထိုအစား သူသည် စဥ့်နီတုံးပေါ်မှ ငါးတစ်ကောင်အလား သနားကရုဏာကို တောင်းခံနေခဲ့သည်။
လုယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ဖြတ်ပြေးသွားသည်။
"ခန်းမအပြင်ဘက်မှာ မင်း ဘာလုပ်နေလဲဆိုတာ ငါ မသိဘူးလို့ မင်း တကယ်ကြီးထင်နေတာလား..."
Chapter 5138
သိုင်းပညာအင်မော်တယ်တစ်ယောက်၏နားများသည် မိုင်ထောင်ပေါင်းများစွာအကွာမှ အသံများကို ကြားနိုင်ပြီး သူ၏မျက်လုံးများသည် ကြယ်တာရာများကိုပင် တွေ့မြင်နိုင်သည်။
ထို့ပြင် ကျိရန်ရှုံးသည် သံသရာနန်းတော်အပြင်ဘက်တွင် ကျယ်လောင်စွာ အော်ဟစ်နေသောကြောင့် လုယွီသည် သူ ပြောသည့်စကားများကို ကြားခဲ့သည်။
ပါ့ကျိုးပြည်နယ်၏အုပ်ချုပ်ရေးမှူးသည် ကျိရန်ရှုံး ရောက်လာခြင်းကို တားဆီးရန်သာ ကြိုးစားခဲ့သော်လည်း သူ တိုက်ခိုက်ခံလိုက်ရသည်။ သူ၏မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပြီး သူသည်လည်း မသန်မစွမ်းဖြစ်သွားပေ၏။
ကျိရန်ရှုံးသည် တော်ဝင်နန်းတွင်းကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ တော်ဝင်နန်းတွင်းမှ ခန့်အပ်ထားသော အရာရှိများကိုပင် ဆန္ဒရှိသည့်အတိုင်း အနိုင်ကျင့်သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ ကြီးမားသော ပြစ်မှုပင်။
လုယွီ၏စကားကိုကြားချိန်၌ ကျိရန်ရှုံးသည် သူ၏စိတ်နှလုံးသားအတွင်းသို့ မွန်းကြပ်မှုတစ်ခု စီးဝင်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။
သနားကရုဏာတောင်းခံခြင်းသည် အလုပ်မဖြစ်သည်ကို မြင်တွေ့ချိန်၌ ကျိရန်ရှုံးသည် ရုတ်တရက် သက်ပြင်းရှည်ကြီးရှိုက်လိုက်၏။ သူသည် သူ၏နံဘေးမှ စိတ်ဝိညာဉ်သိုင်းနန်းတော်မှ တပည့်တချို့ကို ဖမ်းဆွဲပြီး လုယွီထံသို့ ပစ်ပေါက်လိုက်သည်။
ထို့နောက် ကျီးရန်ရှုံးသည် နောက်သို့လှည့်ကာ ထွက်ပြေးသွားတော့သည်။
"အား...နန်းတော်သခင်..."
စိတ်ဝိညာဉ်သိုင်းနန်းတော် တပည့်များသည် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်ကြသော်လည်း ကျိရန်ရှုံး၏ ခွန်အားသည် အလွန်ကြီးမားပေ၏။ သူတို့သည် ကျိရန်ရှုံး၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။
"မင်းက ထွက်သွားချင်တာလား...မင်းက ထွက်သွားနိုင်လို့လား..."
လုယွီက မတ်တတ်ထရပ်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။
တဟုန်ထိုးတိုးဝင်လာသော စိတ်ဝိညာဉ်သိုင်းနန်းတော် တပည့်တချို့သည် လုယွီထံသို့ မချဉ်းကပ်နိုင်မီ သူတို့၏ခန္ဓာကိုယ်များပေါက်ကွဲသွားကြသည်။ သူတို့သည် အချိန်တခဏအတွင်း သွေးမြူတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏နောက်မှ လေပြင်းများကို ခံစားမိသဖြင့် ကျိရန်ရှုံးသည် သူ၏နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
သို့ရာတွင် သူသည် လုယွီ၏ ပုံရိပ်ကို မမြင်တွေ့ရသဖြင့် ကျိရန်ရှုံးသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်းက ဘယ်ကို ပြေးချင်တာလဲ..."
လုယွီ၏အသံက ကျိရန်ရှုံး၏နားအတွင်းတွင် ရုတ်တရက် မြည်ဟီးသွားသည်။ ကျီးရန်ရှုံးသည် ဤအသံ မည်သည့်နေရာမှ လာသည်ကို ရှင်းလင်းစွာ ပြောနိုင်သည်။ ဤသည်မှာ သူ၏ရှေ့တည့်တည့်တွင် ဖြစ်ပေ၏။
"လုယွီ....ဒီလိုနည်းစနစ်မျိုးနဲ့ ငါ့ကိုခြောက်လှန့်နိုင်မယ်လို့ မထင်နဲ့...ငါ အဲ့လောက်ထိ သတ္တိမကြောင်ဘူး"
ကျိရန်ရှုံး၏မျက်နှာအမူအယာသည် ရက်စက်ကြမ်းတမ်းနေပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ၏ဟိန်းဟောက်သံနှင့်အတူ ကျိရန်ရှုံး၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးသည် ရုတ်တရက် ဖောင်းကားလာပေ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။ သူ၏ဟိန်းဟောက်သံသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုလည်း တုန်ခါသွားစေခဲ့သည်။
ကျီးရန်ရှုံး၏လက်သီးသည် သူ့ထံသို့ တိုးလာနေသည်ကို မြင်တွေ့သော်လည်း လုယွီ၏ မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိချေ။ သူသည် သူ၏လက်ကိုမြှောက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သူ၏လက်ဝါးရိုက်ချက်သည် ပေါ့ပါးပုံရပြီး စွမ်းအားများစွာ အသုံးမပြုခဲ့ချေ။သို့ရာတွင် ထိုအရာသည် ကျိရန်ရှုံး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်၌ ဂျင်သန်းပေါင်းများစွာ လေးလံသကဲ့သို့ ခံစားလိုက်ရပြီး သူ တောင့်မခံနိုင်ဘဲ ပြိုလဲကျသွားသည်။
"ဘန်း..."
ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး ကျိရန်ရှုံးသည် ဆယ်မီတာကျော်အကွာသို့ လွင့်ထွက်သွားသည်။ သူသည် ကြီးမားသော ကျောက်တုံးတစ်ခုနှင့် တိုက်မိသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။
ကျီးရန်ရှုံး မတုံ့ပြန်နိုင်မီ လုယွီသည် ခြေတစ်လှမ်းရှေ့ထပ်တိုးပြီး သူ၏ခြေဖျားဖြင့် ကျိရန်ရှုံး၏ဝမ်းဗိုက်ကို ကန်လိုက်သည်။
"ဖူး...."
ကျီးရန်ရှုံးသည် လျှပ်စီးဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာပြီး သူ၏မျက်နှာသည် အလွန်ဖြူဖျော့သွားပေ၏။ သူ၏မျက်နှာပေါ်တွင် သွေးတစ်စက်မျှ မကျန်တော့ချေ။
သူ၏ အကန့်အသတ်မရှိကြီးမားသော အရှိန်အဝါသည် ရုတ်တရက် ချိတ်ပိတ်ခံလိုက်ရသကဲ့သို့ဖြစ်ပြီး သူသည် မည်သည့်စွမ်းအားကိုမျှ မထုတ်လွှတ်နိုင်တော့ပေ။ သူသည် အားနည်းသော လေစီးကြောင်းတစ်ခုကိုသာ ထုတ်လွှတ်နိုင်တော့ပေ၏။
"မင်းက ငါ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်တာလား"
ကျိရန်ရှုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
အမှန်တကယ်ကိုပင်...
လုယွီ၏တိုက်ခိုက်မှုသည် ကျိရန်ရှုံးကို မသတ်ခဲ့ချေ။ ထိုအစား သူ၏ကျင့်ကြံဆင့်ကိုသာ လုံးလုံးလျားလျား ဖျက်ဆီးလိုက်သည်။
ဤမျှသာမက လုယွီသည် ကျိရန်ရှုံး၏ ခန္ဓာကိုယ်အတွင်းမှ မရီဒါန်းများအားလုံးကိုလည်း ချိုးဖျက်ခဲ့လေ၏။ ကျိရန်ရှုံးသည် လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ဘဲ မသန်မစွမ်းတစ်ယောက်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။
"မင်းက မကျေနပ်ဘူးလား"
လုယွီက ကျိရန်ရှုံး၏မျက်နှာကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
ဖြောင်း....
ကျိရန်ရှုံးသည် လေထုအတွင်းတွင် တစ်ပတ်လည်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ကျိရန်ရှုံးထံ၌ နန်းတော်သခင်တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။ သူသည် မသန်မစွမ်းတစ်ဦးကဲ့သို့ မြေပြင်ပေါ်တွင် လဲကျနေခဲ့သည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ လူများအားလုံးသည် ကျိရန်ရှုံး၏ သနားဖွယ်ကောင်းသော အခြေအနေကို မြင်တွေ့ချိန်၌ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် အေးစက်မှုကို ခံစားလိုက်ရသည်။
Chapter 5139
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် ပရမ်းပတာဖြစ်သွားပေ၏။
ကျီးရန်ရှုံး နှိမ်နင်းခံရသည်ကို မြင်တွေ့ချိန်၌ ကြွင်းကျန်သော စိတ်ဝိညာဉ်သိုင်းနန်းတော်မှ ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် ငှက်များအလား ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။
သူတို့သည် စိတ်ဝိညာဉ်သိုင်းနန်းတော်အပေါ် သစ္စာစောင့်သိမှု အနည်းငယ်မျှ မရှိကြချေ။ စိတ်ဝိညာဉ်သိုင်းနန်းတော်သည် ဝံပုလွေအုပ်စု၏စည်းမျဥ်းကို လိုက်နာပြီး အရာအားလုံးသည် ခွန်အားအပေါ်တွင် အခြေခံသည်။ ဤသည်မှာ ထိုနန်းတော်ရှိ ကျင့်ကြံသူများကို အေးစက်ကာ နှလုံးသားကင်းမဲ့သွားစေပြီး အားနည်းသူများနှင့် ဆက်ဆံရာတွင် သူတို့သည် သနားကရုဏာကို လုံးလုံးလျားလျား မပြသတော့ချေ။
ကျိရန်ရှုံးမှာမူ သူသည် အသာစီးရနေချိန်၌ နန်းတော်သခင်ပင်။ ယခုချိန်၌ သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးခံရပြီးနောက် မည်သူက သူ့ကို ဂရုစိုက်မည်နည်း။
"ခုဏက မင်းတို့တွေက လူရိုင်းတွေကို တိုက်ခိုက်ခဲ့တယ်...ငါ့ရဲ့လူတွေကို တိုက်ခိုက်ဖို့ ဘယ်သူက မင်းတို့ကို သတ္တိပေးတာလဲ...."
လုယွီ၏အသံ တဖန်ပြန်၍ထွက်ပေါ်လာသည်။ ဤအသံသည် အေးစက်ပြီး စိတ်ခံစားမှုကင်းမဲ့ကာ ကြီးမားကျယ်ပြန့်သော ဖိအားအရှိန်အဝါနှင့် ပြည့်နှက်နေသည်။
စိတ်ဝိညာဉ်သိုင်းနန်းတော်၏ ကျင့်ကြံသူများသည် ထိတ်လန့်သွားပြီး သနားကရုဏာတောင်းခံရန် ဒူးထောက်လိုက်ကြ၏။
"အရှင်ဧကရာဇ်...ကျွန်တော်တို့ကို ကျိရန်ရှုံးက အတင်းအကျပ်ခိုင်းစေတာပါ..."
"ကျွန်တော်တို့က အမိန့်ပေးခံရတာပါ... ကျွန်တော်တို့ရဲ့အသက်ကို ချမ်းသာပေးပါ အရှင်ဧကရာဇ်...."
သူတို့သည် ထွက်ပြေးရန် ကြိုးစားကြသော်လည်း လုယွီ၏နတ်ဘုရားနယ်မြေမှ ချိတ်ပိတ်ထားခြင်းကို ခံလိုက်ရသည်။ သူတို့ထံတွင် ထွက်ပြေးရန်အတွက် နည်းလမ်းမရှိတော့ချေ။
အစွမ်းထက်သော အဆင့်မြင့်နတ်ဘုရားများပင်လျှင် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး နန်းတော်သခင်သည် နှိမ်နင်းခံလိုက်ရသည်။ သူတို့သည် ယခင်ကတည်းက ထိတ်လန့်တကြားဖြစ်နေကြလေပြီ။ ဤအချိန်အခိုက်အတန့်တွင် သူတို့သည် လုယွီနှင့် ရင်ဆိုင်ရန် စိတ်အခြေအနေပင်မရှိတော့လေရာ ခုခံရန်မှာမူ ဆိုဖွယ်ရာပင်မရှိချေ။
လုယွီသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူက အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"ငါက မင်းတို့အားလုံးကို အလွတ်ပေးရင် သူတို့ကို ဘယ်သူက အလွတ်ပေးမှာလဲ"
သံသရာနန်းတော်၏မြေပြင်ပေါ်တွင် သွေးစွန်းကွက်များနှင့် ဖုံးလွှမ်းနေသည်။ မရေမတွက်နိုင်သော အလောင်းများသည် တစ်ခုပေါ်တစ်ခုဆင့်ကာ စုပုံနေပေ၏။
ဤအလောင်းများသည် အမြှောက်စာအဖြစ် ဆက်ဆံခံခဲ့ရသော လူရိုင်းများပင်။
ကျိရန်ရှုံးသည် သူ၏လူများကို လူရိုင်းများအား အတင်းအကျပ်ဖမ်းဆီးလာရန် အမိန့်ပေးခဲ့ပြီး ဤှသည်မှာ သူ သံသရာနန်းတော်အနီးသို့ ချဥ်းကပ်နိုင်ရန်အတွက်ပင်။ သူသည် လူရိုင်းကို စတေးခံဖြစ်စေခဲ့ကာ သူ၏လူများကို ဦးဆောင်ပြီး သံသရာနန်းတော်၏ခန်းမဆောင်ဝင်ပေါက်သို့ တဟုန်ထိုးပြေးလာခဲ့သည်။
လုယွီသည် ဤအရာများကို ယခင်က မပြောခဲ့သော်လည်း သူ မသိရှိဟု မဆိုလိုပေ။
သေဆုံးသွားသော အလောင်းများကြားတွင် လုယွီသည် သူ့ကို လမ်းညွှန်ပေးခဲ့သော ထျော့ပါယုံကိုလည်း မြင်တွေ့ခဲ့ရသည်။
ဤလူရိုင်းများသည် ယခင်က အသက်ရှင်နေကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မြေပြင်ပေါ်ရှိ အလောင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အရှင်ဧကရာဇ်.. ကျွန်တော်တို့က အရှင်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်"
စိတ်ဝိညာဉ်သိုင်းနန်းတော် တပည့်များ၏ မျက်နှာများ ဖြူဖျော့သွားပြီး သူတို့သည် ထပ်ခါတလဲလဲ ဦးတိုက်အရိုအသေပြုနေကြသည်။
"နောက်ကျသွားပြီ...."
လုယွီ၏မျက်လုံးများ အလွန်အေးစက်တင်းမာနေကာ သူ၏လက်ကိုမြှောက်ပြီး ညွှန်ပြလိုက်သည်။ ဓားချီသည် အလျားလိုက် ပျံ့လွင့်သွားပြီး စိတ်ဝိညာဉ်သိုင်းနန်းတော်၏တပည့်များကို ချက်ချင်းခေါင်းဖြတ်လိုက်သည်။
ထူထပ်သိပ်သည်းသော သွေးနံ့သည် လေထုအတွင်း၌ ပြည့်နှက်သွားပေ၏
ပတ်ဝန်းကျင်ရှိ ဂိုဏ်းအင်အားစုများမှလူများသည် သူတို့၏အာရုံကြောများများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
"အရှင်ဧကရာဇ်... သူ သေသွားပြီ"
ချီလင်သည် ပါ့ကျိုးအုပ်ချုပ်ရေးမှူးထံသို့ ချဥ်းကပ်သွားပြီး သွေးများဖြင့်ရွှဲနစ်နေသော လူကို ထိတွေ့လိုက်သည်။ ထိုလူထံတွင် အသက်စွမ်းအား မရှိတော့ကြောင်း သူ တွေ့ရှိခဲ့လေ၏။
သူသည် သူ၏ဘဝ၌ အကြီးမားဆုံးသော ညှဉ်းပန်းနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသည်။ သူ့ကို အသက်ရှင်ရန် ထောက်ပံ့ပေးခဲ့သည်မှာ အမုန်းတရားပင်။ သူ သေဆုံးခါနီးတွင် သူ၏ရန်သူများသေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရကာ နောက်ဆုံးတွင် သူ့အတွက် လက်စားချေမှုကို ရရှိခဲ့သည်။ သူ့ထံတွင် နောင်တမရှိတော့ဘဲ သူသည် အပြုံးဖြင့် သေဆုံးသွားခဲ့လေ၏။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"သူ့ရဲ့အလောင်းကို ယူသွားပြီးတော့ သူ့ရဲ့ဇာတိမြေမှာ မြှုပ်နှံလိုက်ပါ"
"သူ့အတွက်လက်စားချေမှုကိုတော့ ငါ တာဝန်ယူလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် နောက်သို့လှည့်ပြီး ကျိရန်ရှုံးကို လက်ညှိုးညွှန်ပြလိုက်သည်။ ကျီးရန်ရှုံးသည် စကားပြောရန်ပင် အခွင့်အရေးမရဘဲ လုယွီသည် သူ၏ခေါင်းကို ကြေမွှပျက်စီးသွားစေခဲ့သည်။
ထိုအချိန်မှစ၍ စိတ်ဝိညာဉ်သိုင်းနန်းတော်မှ လာသော လူတိုင်းသည် ခြွင်းချက်မရှိ သတ်ဖြတ်ခံခဲ့ရသည်။
လူများအားလုံးသည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်နေကြသည်။ သူတို့၏ရှေ့မှ သတ်ဖြတ်လိုခြင်း အငွေ့အသက်သည် သူတို့ကို အသူရာငရဲနယ်မြေသို့ ရောက်ရှိသွားသည့်အလား ခံစားစေခဲ့သည်။
သူ၏ရှေ့မှ ဤဂိုဏ်းချုပ်များကို ကြည့်ရင်း လုယွီ၏စိတ်နှလုံးသားထဲ၌ ရက်စက်ကြမ်းတမ်းသော ခံစားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်ပေါက်လာသော်လည်း သူသည် ထိုအရာကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
"စိတ်ဝိညာဉ်သိုင်းနန်းတော် ထပ်ပြီးတည်ရှိနေဖို့ မလိုအပ်တော့ဘူး..."
လုယွီ၏ စကားများသည် နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော ဤရှေးဟောင်းဂိုဏ်း၏ပျက်စီးခြင်းကို ကြေညာလိုက်ခြင်းပင်။
မရေမတွက်နိုင်သောလူများသည် သက်ပြင်းရှိုက်လိုက်ကြ၏။
လုယွီက ခိုင်ယန်ကျစ်ကို ကြည့်လိုက်သည်။
"မင်းက ဒီကိစ္စမှာ တိုက်ရိုက်မပါဝင်ခဲ့ပေမဲ့ လူရိုင်းနယ်စပ်က လူတွေက မင်းကြောင့် ဒုက္ခရောက်ခဲ့ရတယ်..."
"သန့်စင်ယန်မြင့်မြတ်နယ်မြေရဲ့ ပိုင်ဆိုင်မှုတွေကို နှစ်စဉ်နှစ်တိုင်း ငါးဆယ်ရာခိုင်နှုန်း ခွဲဝေပြီးပါ့ကျိုးပြည်နယ်ကို ကူညီထောက်ပံ့ရမယ်...ဒီအမိန့်က နှစ်တစ်ရာကြာမြင့်မယ်...မင်း ကျေနပ်ရဲ့လား...."
"ကျေနပ်ပါတယ်... ကျေနပ်ပါတယ်.."
ခိုင်ယန်ကျစ်၏နဖူးပေါ်တွင် ချွေးများစို့လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ဒီကနေ့ကစပြီး မင်းလုပ်ရမှာက အရင်းအမြစ်တွေ ပို့ပေးဖို့ပဲ...သန့်စင်ယန်မြင့်မြတ်နယ်မြေက ဘယ်သူမှ လူရိုင်းနယ်စပ်ကို ဝင်ခွင့်မရှိဘူး... မနာခံသူတွေကို ကွပ်မျက်မယ်... မင်းရဲ့လူတွေကို ခေါ်ပြီး ထွက်သွားတော့"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်သည်။
Chapter 5140
"ဟုတ်ကဲ့....ကျွန်တော် အခုချက်ချင်း ထွက်သွားပါ့မယ်.."
ခိုင်ယန်ကျစ်၏နောက်ကျောတွင် ဇောချွေးများဖြင့် စိုစွတ်နေပြီး သူသည် သူ၏လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ထိတ်လန့်တကြားဖြင့် ထွက်ခွာသွားခဲ့သည်။
နှစ်စဉ်နှစ်တိုင်း သူသည် မြင့်မြတ်နယ်မြေ၏လုပ်ငန်းများမှ အမြတ်ငွေ၏ငါးဆယ်ရာခိုင်နှုန်းကို ပါ့ကျိုးပြည်နယ်အား ထောက်ပံ့ရန် တာဝန်ယူရလိမ့်မည်။ မကြာမီတွင် ပါ့ကျိုးပြည်နယ်သည် သာယာဝပြောပြီး ငြိမ်းချမ်းသော ကြယ်နယ်မြေတစ်ခုဖြစ်လာမည်ကို စိတ်ကူးကြည့်နိုင်သည်။
သူတို့၏ သန့်စင်ယန်မြင့်မြတ်နယ်မြေမှာမူ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်ဟု ဆိုနိုင်ပေ၏။ သူတို့၏ပိုင်ဆိုင်မှုများမှ အမြတ်ငွေများကို ဆုံးရှုံးပြီးနောက် သူတို့ဂိုဏ်း၏ အင်အားသည် သေချာပေါက် ကျဆင်းသွားပေလိမ့်မည်။ ထိုအချိန်ကျပါက သူတို့သည် ကျင့်ကြံခြင်းလောကတွင် သူတို့၏ယခင်အဆင့်အတန်းမျိူးကို ပြသနိုင်တော့မည် မဟုတ်ချေ။
ဤသည်မှာ လုယွီမှ ရိုးရှင်းသော စကားတစ်ခွန်းပြောဆိုရုံဖြင့် အဆုံးသတ်သွားမည့်ကိစ္စ မဟုတ်ပေ။ ဤကိစ္စအဆုံးသတ်သွားချိန်တွင် အခွန်ဘဏ္ဍာရေးဌာနမှ အရာရှိများသည် သန်စင်ယန်မြင့်မြတ်နယ်မြေတွင် တပ်စွဲပြီး မြင့်မြတ်နယ်မြေ၏ စာရင်းတစ်ခုချင်းစီကို စုံစမ်းစစ်ဆေးပေလိမ့်မည်။ အကယ်၍ သူတို့သည် စာရင်းအတိအကျကို မတင်ပြပါက သူတို့သည် ပို၍ပြင်းထန်သော အပြစ်ဒဏ်ကို သေချာပေါက်ခံယူရပေမည်။
ကျိရန်ရှုံး၏အလောင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး သွေးနံ့များ ပျံ့လွင့်နေဆဲပင်။
ထိုကဲ့သို့ ဥပမာတစ်ခုရှိနေသောကြောင့် ခိုင်ယန်ကျစ်သည် အစွမ်းထက်သော်လည်း လုယွီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဝံ့မည် မဟုတ်ချေ။
"အရှင်ဧကရာဇ်...အရှင်က အတိတ်က ထိုက်ချမ်ဧကရာဇ်ကို အတုယူပြီးတော့ လောကကြီးထဲမှာရှိတဲ့ ဂိုဏ်းအင်အားစုတွေအားလုံးကို အရှင်ရဲ့ အမြင့်မြတ်ဆုံး အမိန့်အာဏာနဲ့ နှိမ်နင်းချင်တာလား...လောကကြီးတစ်ခုလုံးနဲ့ အရှင်က ရန်သူတွေဖြစ်ချင်တာလား"
အဘိုးအိုတစ်ယောက်၏အသံသည် မိုးကောင်းကင်ယံမှ ထွက်ပေါ်လာပေ၏။
ဤသည်မှာ အလွန်စွမ်းထက်သော လူအိုကြီးတစ်ယောက်ဖြစ်ကာ မြင့်မြတ်နယ်မြေတစ်ခု၏အရှင်ပင်။ သူ၏မှော်စွမ်းအားသည် အလွန်အစွမ်းထက်ပြီး တာအိုသခင်တစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သူသည် အမှောင်ထုအတွင်းတွင် အမြဲတစေ ပုန်းအောင်းနေခဲ့ပြီး ပြင်ပသို့ ထွက်မလာဝံ့ချေ။ သူ၏အသက်အရွယ်ဖြင့် သူသည် သူ၏အသက်ကို တန်ဖိုးထားသောကြောင့် ထိုသို့သော စွန့်စားမှုကို မလုပ်ဝံ့ခဲ့ပေ။
တခြားလူများလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုက်ချမ်ဧကရာဇ်သည် သူတို့ကို ခေါင်းခဲစေပြီးဖြစ်သည်။ အကယ်၍ နောက်တစ်ယောက်ထွက်ပေါ်လာလျှင် ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများသည် ပြင်းထန်သောထိုးနှက်မှုကို ခံစားရပေမည်။
လမ်းတလျှောက်တွင် လုယွီ၏ နည်းလမ်းများသည် ထိုက်ချမ်ဧကရာဇ်နှင့် အလွန်ဆင်တူပြီး ပို၍ပင်အစွမ်းထက်နိုင်သည်။ ထိုကဲ့သို့ ရက်စက်သော နည်းလမ်းများအောက်တွင် ဂိုဏ်းအင်အားစုများ၏အင်အားများ အလွန်အမင်းအားနည်းသွားခဲ့သည်။
"ငါက ကျိုးထျန်းယင်နဲ့ မတူဘူး... မင်းတို့က စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကို မချိုးဖောက်ရင် ငါက မင်းတို့ကို အစပြုပြီး ရှာဖွေမှာမဟုတ်ဘူး"
လုယွီက နံဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ငါက စည်းကမ်းသတ်မှတ်မယ်...ဂိုဏ်းအင်အားစုတွေအားလုံးက စည်းကမ်းတကျ လုပ်ဆောင်ရမယ်...အလယ်ခေတ်က ပရမ်းပတာအခြေအနေမျိုး ပြန်ဖြစ်လာခွင့် မပြုနိုင်ဘူး"
"အရှင်ဧကရာဇ်က သက်ညှာပေးဖို့ကိုပဲ မျှော်လင့်ပါတယ်... ကျွန်တော်တို့ဂိုဏ်းမှာ ရှည်လျားတဲ့ အမွေအနှစ်ရှိတယ်...ဒီအမွေအနှစ်က နှစ်ထောင်ပေါင်းများစွာ တည်တံ့ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့က အရှင်ဧကရာဇ်ရဲ့ အမျက်ဒေါသကို တောင့်ခံနိုင်မှာ မဟုတ်ဘူး"
အဘိုးအိုက တောင်းပန်တိုးလျှိုးလိုက်သည်။
လုယွီက ပြောဆိုသည်။
"ဒါဆိုရင် မင်းတို့ ရိုးရိုးသားသား နေထိုင်ရမယ်... တစ်ချိန်တည်းမှာပဲ အရာအားလုံးကို စည်းမျဥ်းဥပဒေတွေအောက်မှာ ဆောင်ရွက်သွားမယ်လို့ ငါ အာမခံတယ်...အုပ်ချုပ်ရေးအဖွဲ့ဘက်က စည်းမျဥ်းဥပဒေချိုးဖောက်တာမျိုး ရှိခဲ့ရင် ငါက သူတို့ကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်"
ဤအသံကိုကြားချိန်၌ မိုးကောင်းကင်ယံရှိ အဘိုးအိုသည် သက်ပြင်းရှည်ကြီးရှိုက်လိုက်၏။
"အဲ့ဒီလိုဆိုရင် လူရိုင်းနယ်စပ်က ဂိုဏ်းခုနစ်ဆယ့်နှစ်ဂိုဏ်းရဲ့ကိုယ်စား အရှင်ဧကရာဇ်ကို အမှုထမ်းဖို့ ကျွန်တော်က ဆန္ဒရှိပါတယ်..."
ဤအသံကိုကြားချိန်၌ လူများအားလုံး အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။
လူရိုင်းနယ်စပ်ကြယ်မြစ်တွင် ထိပ်တန်းဂိုဏ်း ခုနစ်ဆယ့်နှစ်ခုရှိသည်။ ထိုဂိုဏ်းအင်အားစုများအနက်မှအများစုသည် မြင့်မြတ်နယ်မြေများအဖြစ်သို့ အဆင့်တိုးမြှင့်ခြင်းခံရပြီးဖြစ်ကာ ထိုဂိုဏ်းများတွင် ရှည်လျားပြီး နက်ရှိုင်းသော အမွေအနှစ်ရှိသည်။ ထိုဂိုဏ်းများသည် ပြင်ပကျင့်ကြံခြင်းလောကတွင် အလွန်ကျော်ကြားပေ၏။
ယခုအချိန်၌ ထိုဂိုဏ်းခုနစ်ဆယ့်နှစ်ဂိုဏ်းသည် သူတို့၏လက်အောက်ခံခြင်းကို ကြေညာလိုက်သောကြောင့် လုယွီ၏ဂုဏ်သတင်းသည် မနှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
"ဒါက တကယ့်ကို အခွင့်အာဏာကြီးမားတဲ့ အစစ်အမှန် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပဲ...ငါက ဒီနေ့ တကယ့်ကို ကံကောင်းသွားပြီ..."
ချီလင်၏စိတ်နှလုံးသားအတွင်းတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူ၏နှလုံးခုန်နှုန်း လျှင်မြန်နေသည်။ သူ၏မျက်လုံးတစ်စုံသည် တောက်ပနေပေ၏။
ဟွမ်ထျန်းမြင့်မြတ်အရှင်လည်း သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။ အစောပိုင်းက သူသည် လုယွီကို ကူညီခဲ့သည်။ သူသည် တော်ဝင်နန်းတွင်း၏နောက်လိုက်ခွေးဟု ခေါ်ဆိုခံရမည်မှာ မလွဲမသွေပင်။ သို့ရာတွင် လုယွီ၏ ခွန်အားသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသည်နှင့် တော်ဝင်နန်းတွင်း၏နောက်လိုက်ခွေးဟူသော နာမည်သည် သူ့အတွက် အကာအကွယ်အဆောင်တစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ တခြားဂိုဏ်းအင်အားစုများကို အနည်းငယ် ကြောက်ရွံ့စေပေလိမ့်မည်။
"အရှင်ဧကရာဇ် ...နောက်ဆုံးတစ်ကြိမ် အပျက်အစီးနယ်မြေမှာတုန်းက အရှင် မကောင်းတာတစ်ခုခု ဖြစ်သွားတယ်လို့ ကျွန်တော် ထင်ခဲ့တာ..အရှင်ဧကရာဇ်ရဲ့မြင့်မြတ်တဲ့ အရည်အချင်းတွေက ပြိုင်ဘက်ကင်းပြီးတော့ အောင်အောင်မြင်မြင် လွတ်မြောက်လာနိုင်ခဲ့မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး...ဒါက တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုကြီးတစ်ခုပဲ"
ဟွမ်ထျန်းမြင့်မြတ်အရှင်က သက်ပြင်းရှိုက်လိုက်သည်။