← Chapters

အခန်း (၅၁၄၁-၅၁၄၅)

Vol. 260 Ch. 5141-5145

အခန်း (၅၁၄၁-၅၁၄၅)

Vol. 260 Ch. 5141-5145

Chapter 5141

နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခဲ့စဉ်က လုယွီသည် တာယွီတော်ဝင်နန်းတွင်း၏ အသက်အငယ်ဆုံးအုပ်ချုပ်သူအရှင်တစ်ဦးအဖြစ် ငယ်ရွယ်ပြီး အလားအလာကောင်းများဖြင့် ခန့်ညားထည်ဝါခဲ့သည်။

သို့ရာတွင် ယခုအချိန်တွင်မူ ထိုလူငယ်လေးသည် နှစ်အနည်းငယ်အတွင်း ဤမျှထိ ကြီးကျယ်ခမ်းနားသော အခြေအနေသို့ ရောက်ရှိလာမည်ဟု မည်သူမျှ တွေးထင်ထားခဲ့မည်မဟုတ်ချေ။

ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်သော်လည်း သန်းနှင့်ချီသောသက်ရှိများသည် လုယွီ၏ခြေရင်း၌ ဝပ်စင်းခဲ့ကြရသည်။ သူ၏မြင့်မြတ်သော အခွင့်အာဏာသည် ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်ကာ သူ၏အရှိန်အဝါသည် ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေခဲ့သည်။

ဟွမ်ထျန်းမြင့်မြတ်အရှင်သည် ဒဏ္ဍာရီတစ်ခု ကြီးထွားလာခြင်းကို မျက်ဝါးထင်ထင် ကြည့်ရှုခဲ့ရသည့်အလား ခံစားလိုက်ရပြီး သူ၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းစွာ လှုပ်ခတ်သွားသည်။

"ဂိုဏ်းချုပ်ထျန်းက ငါ့ကို မြှောက်ပင့်နေတာပဲ"

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်အတွင်း၌ မှော်စွမ်းအားများ စုဝေးလာပြီး ရွှေရောင်တံဆိပ်ပြားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လုယွီ၏ကျင့်ကြံဆင့်တွင် ကျောက်တုံးကို ရွှေအဖြစ်သို့ ပြောင်းလဲခြင်းမှာ ကလေးကစားစရာကိစ္စမျှသာ ဖြစ်နေလေပြီ။ သူသည် လေဟာနယ်အတွင်းမှနေ၍ မှော်လက်နက်တစ်ခုကိုပင် ဖန်တီးနိုင်စွမ်းရှိသည်။ ထိုရွှေရောင်တံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် ခန့်ညားထည်ဝါသော စာလုံးကြီးတချို့ကို ရေးထွင်းထားလေ၏။

သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား...

ကျယ်ပြောပြီး အကန့်အသတ်မရှိသော ဧကရာဇ်အရှိန်အဝါသည် ထိုတံဆိပ်ပြားအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အစွမ်းထက်သော ဧကရာဇ်ဖိအားအရှိန်အဝါသည် ရုတ်တရက် ကျရောက်လာပြီး လူများအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

ဤသည်မှာ ဧကရာဇ်အာဏာ၏စစ်မှန်သောသင်္ကေတပင်။

ဤတံဆိပ်ပြားသည် မှော်ရတနာတစ်ခုမျှသာမဟုတ်ဘဲ ပဋိညာဉ်စာချုပ်တစ်ခုလည်း ဖြစ်ပေ၏။ ဟွမ်ထျန်းမြင့်မြတ်နယ်မြေသည် ပုန်ကန်မှုတွင် မပါဝင်သရွေ့ ဤတံဆိပ်ပြားသည် သူတို့၏သေဒဏ်ကို ကင်းလွတ်ခွင့်ပေးနိုင်ပေလိမ့်မည်။

"ဒါ... ဒါက တန်ဖိုးကြီးလွန်းတယ်"

ဟွမ်ထျန်းမြင့်မြတ်အရှင်၏အသံ တုန်ရီနေသည်။

လုယွီသည် အဆက်မပြတ် အမိန့်များ ထုတ်ပြန်နေချိန်တွင် ဂိုဏ်းအင်အားစုများသည် ကြောက်ရွံ့တုန်လှုပ်နေကြပြီး ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ဟု ခံစားနေကြရသည်။ ဤအချိန်အခိုက်အတန့်တွင် ဤရွှေတံဆိပ်ပြားကို ရရှိလိုက်ခြင်းသည် ဟွမ်ထျန်းမြင့်မြတ်နယ်မြေအတွက် အကာအကွယ်အလွှာတစ်ခုကို ရရှိလိုက်သည့်အလားပင်။

"ဒါက မင်းနဲ့ထိုက်တန်တဲ့ အရာပါ"

လုယွီက ပြောဆိုသည်။

ဟွမ်ထျန်းမြင့်မြတ်အရှင်သည် အလွန်အမင်း ကျေးဇူးတင်သွားပေ၏။ ဤရွှေတံဆိပ်ပြားသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။ သူသည် ထိုအရာကို ရိုသေလေးစားစွာဖြင့် သူ၏လက်အတွင်းတွင် ကိုင်ထားရင်း ပျောက်ဆုံးသွားမည်ကိုပင် စိုးရိမ်နေမိသည်။

ကျင့်ကြံသူများအားလုံး ထွက်ခွာသွားပြီးနောက် လုယွီသည် သူ၏လက်ကိုမြှောက်ကာ သံသရာနန်းတော်ကို သိမ်းဆည်းလိုက်သည်။ သံသရာပန်း၏အမြစ်များတွင် မူလဘူတချီများ ပါဝင်နေသောကြောင့် သူသည် ထိုအရာကို အချိန်မတန်မီ မခူးယူနိုင်သေးပေ။

ထို့နောက် လုယွီသည် ကျောက်ရုပ်ထုနှစ်ခုရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။

နန်းတော်ကို စောင့်ကြပ်နေသော ကျောက်ရုပ်ထုနှစ်ခုသည် ဓားများကိုကိုင်ဆောင်၍ မလှုပ်မယှက်ရပ်နေကြဆဲပင်။ ထိုကျောက်ရုပ်ထုတစ်ခုစီတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး လေထုအတွင်း၌ သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ ဤကျောက်ရုပ်တုနှစ်ခုသည် နန်းတော်ရှေ့တွင် ရပ်တည်ရင်း မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။

"အတိတ်ဘဝက အငြိုးအတေးတွေအားလုံးကို အဆုံးသတ်ဖို့ အချိန်တန်ပြီ...မင်းတို့ ပြန်ဝင်စားနိုင်ပြီ"

လုယွီက သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။

"ဒါက..."

ချီလင်သည် လုယွီ၏နောက်၌ မတ်တတ်ရပ်နေရင်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။

ခရက်.. ခရက်...ခရက်...

ကြည်လင်သောအသံများနှင့်အတူ ကျောက်ရုပ်ထုနှစ်ခု၏မျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုနှင့်အတူ ချက်ချင်းကြေမွှပျက်စီးသွားခဲ့သည်။

ထိုကျောက်ရုပ်ထုများအတွင်းမှ စိတ်ဝိညာဉ်ပုံရိပ်နှစ်ခုသည် လေဟာနယ်အတွင်းသို့ ဖြည်းညှင်းစွာ ပျံသန်းသွားခဲ့သည်။

အချိန်တခဏအတွင်းမှာပင် ခန့်ညားထည်ဝါပြီး မောက်မာဝင့်ကြွားသော ကျောက်ရုပ်ထုနှစ်ခုသည် ဤကဲ့သို့ပုံစံမျိုးသို့ ပြောင်းလဲသွားခဲ့သည်။

ဤကျောက်ရုပ်ထုများအတွင်း၌ ချိတ်ပိတ်ခံထားရသော စိတ်ဝိညာဉ်များသည် လုယွီ၏ အတိတ်ဘဝမှ ရန်သူများပင်။ သူ၏အမြင့်မြတ်ဆုံးသော မှော်စွမ်းအားဖြင့် ချိတ်ပိတ်ခံခဲ့ရသောကြောင့် သူတို့သည် သံသရာစက်ဝန်းမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဝင်စားနိုင်ခြင်းလည်း မရှိခဲ့ကြချေ။ ယခုအချိန်၌ လုယွီနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် သူတို့သည် ချိတ်ပိတ်ခံထားရခြင်းမှ လွတ်မြောက်သွားကြလေပြီ။

"အတိတ်ဘဝက နာကြည်းမုန်းတီးမှုတွေအားလုံးကို ငါတို့နှစ်ဖက်လုံး ဖယ်ရှားရမယ်"

လုယွီ၏မျက်လုံးများအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားခဲ့သည်။

ထိုအချိန်တွင် ချီလင်သည် လုယွီ၏နောက်၌ မတ်တတ်ရပ်နေကာ သူ၏မျက်လုံးများအတွင်း၌ မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"မြေအောက်လောကတာအိုသခင်က ချန်ထားခဲ့တဲ့ အကာအကွယ်ဝင်္ကပါကို သူရဲ့လက်ကို တစ်ချက်လှုပ်ခတ်လိုက်ရုံနဲ့ ချိုးဖျက်နိုင်ခဲ့တာလား..."

ချီလင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။ သူသည် သူ၏ရှေ့မှ ဤလူငယ်ဧကရာဇ်ကို အနည်းငယ်မျှ နားမလည်နိုင်ဟု ခံစားလိုက်ရသည်။ သူ၏စိတ်နှလုံးသားအတွင်းရှိ မကျေနပ်မှုအနည်းငယ်သည်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။

Chapter 5142

လုယွီသည် ချီလင်ကိုခေါ်ဆောင်ကာ တော်ဝင်မြို့တော်သို့ ပြန်လာခဲ့သော်လည်း လူရိုင်းနယ်စပ်နှင့် ပြင်ပကျင့်ကြံခြင်းလောကတွင် ကျော်ကြားသော ဒဏ္ဍာရီတစ်ခုကို ချန်ထားခဲ့သည်။

ထိုသတင်းကို ရရှိချိန်၌ အုပ်ချုပ်ရေးနှင့်စစ်ရေးအရာရှိများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ဆက်တိုက်ထုတ်ပြန်သော အမိန့်ပြန်တမ်းများကြောင့် အလွန်အမင်း ထိုးနှက်ခံခဲ့ရပြီး လုယွီသည် တော်ဝင်မြို့တော်တွင် ရှိနေသည်ဟု အစဥ်အမြဲခံစားမိပေ၏။ သို့ရာတွင် လုယွီသည် တော်ဝင်မြို့တော်မှ တိတ်တဆိတ်ထွက်ခွာသွားပြီး လူရိုင်းနယ်စပ်သို့ သွားခဲ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

နတ်ဘုရားမနုန်ယွဲ့...ဝံပုလွေနတ်ဘုရား... စိတ်ဝိညာဥ်သိုင်းနန်းတော်၏ နန်းတော်သခင်...

အထူးသဖြင့် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုပင်။ ဘဏ္ဍာရေးဌာန၏စုံစမ်းစစ်ဆေးမှုအရ ဤပုဂ္ဂိုလ်သည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က မြေအောက်လောကတာအိုသခင်၏ နှိမ်နင်းခြင်းကို ခံခဲ့ရသော နတ်ဆိုးတာအိုကျင့်ကြံသူဖြစ်သည့် "အဘိုးအိုချန်းမင်"ပင်။

ဤလူများသည် ကောင်းကင်ဘုံနယ်မြေရှိ နာမည်ကျော်ကြားသော ထိပ်သီးကျင့်ကြံသူများဖြစ်သည်။

သို့ရာတွင် လုယွီသည် ဤထိပ်သီးကျင့်ကြံသူများအားလုံးကို သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် သတ်ဖြတ်ခဲ့သည်။ သူသည် လူတိုင်း၏မျက်လုံးရှေ့တွင် သံသရာနန်းတော်ကို ပြောင်ပြောင်တင်းတင်း သိမ်းပိုက်ခဲ့လေ၏။

ထို့နောက် ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများ နှိမ်နင်းခြင်းခံခဲ့ရသည်။ စိတ်ဝိညာဥ်သိုင်းနန်းတော်သာ ပျက်စီးခဲ့သော်လည်း ပြင်ပကျင့်ကြံခြင်းလောကတစ်ခုလုံး၏ စိတ်ဓာတ်သည် နှိမ်နင်းခြင်းခံခဲ့ရသည်။ သူတို့သည် ယခင်ကကဲ့သို့ လွတ်လပ်စွာ မနေနိုင်တော့ပေ။

အတိတ်တွင် လုယွီသည် စစ်တပ်ကို ဦးဆောင်၍ တန်စစ်တပ်ကို အနိုင်ယူပြီး ရှကွေ့ကျုံးကို သတ်ဖြတ်ခဲ့သော်လည်း ထိုတိုက်ပွဲအကြောင်းကို တော်ဝင်မြို့တော်ရှိ လူများသာ သိကြသည်။ ပြင်ပကျင့်ကြံခြင်းလောကရှိ လူအများစုသည် ထိုတုန်လှုပ်ဖွယ်ကောင်းသော တိုက်ပွဲကို မမြင်ဖူးခဲ့ကြချေ။

ယခုချိန်၌မူ လုယွီသည် ပြင်ပကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများရှေ့တွင် ရန်သူများကို သတ်ဖြတ်ခဲ့သည်။ သူသည် ဤမာနကြီးပြီး အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူများကို အကြွင်းမဲ့ခြိမ်းခြောက်နိုင်ခဲ့သည်။

ပြင်ပကျင့်ကြံခြင်းလောကတွင် လုယွီကို မည်သည့်နည်းနှင့်မျှ မဆန့်ကျင်သင့်ဟု ကောလာဟလများ ထွက်ပေါ်နေလေပြီ။

"အရှင်ဧကရာဇ်ကို ဆန့်ကျင်ရဲရင် တော်ဝင်နန်းတွင်းကို ဆန့်ကျင်တာပဲ..."

စကြဝဠာနန်းတော်တွင် လီစစ်သည် အာဏာပိုင်များကို ဝင်ရောက်စွက်ဖက်ရန် တင်းကြပ်စွာ အမိန့်ပေးခဲ့သည်။

ပထမဆုံးအနေဖြင့် နတ်ဘုရားမနုန်ယွဲ့ပင်။ ဧကရာဇ်ကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သောကြောင့် သူမသည် သူမ၏နတ်ဘုရားပလ္လင်ကို ဖယ်ရှားခံရပြီး သူမ၏ကြီးလေးသော ပြစ်မှုများကြောင့် နတ်ဘုရားစာရင်းမှ ဖယ်ရှားခြင်းခံခဲ့ရသည်။

နတ်ဘုရားစာရင်းကို တာဝန်ယူစီမံသော အရာရှိများနှင့် တရားရေးဝန်ကြီးဌာနမှအရာရှိများသည် အတိတ်တွင် နတ်ဘုရားမနုန်ယွဲ့ လွှမ်းမိုးချုပ်ကိုင်ခဲ့သော နေရာများသို့ အပြေးအလွှားသွားရောက်ပြီး သူမ၏ဘုရားကျောင်းများအားလုံးကို ဖြိုချခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားမနုန်ယွဲ့၏အမည်ကို နတ်ဘုရားစာရင်းမှ ပယ်ဖျက်လိုက်၏။

ဝံပုလွေနတ်ဘုရားသည်လည်း ထပ်တူထပ်မျှပင်။ သူ့ကို ယုံကြည်ကိုးကွယ်ခဲ့သော လူရိုင်းမျိုးနွယ်စုများသည် ယခုအချိန်၌ အမွှေးတိုင်တစ်စဖြင့်ပင် ပူဇော်ခွင့်မရတော့ချေ။

သို့ရာတွင် အဖြစ်အဆိုးဆုံးမှာ စိတ်ဝိညာဥ်သိုင်းနန်းတော်ပင်။

သတင်းများပျံ့နှံ့လာချိန်၌ စိတ်ဝိညာဥ်သိုင်းနန်းတော်တစ်ခုလုံး ချက်ချင်းပြိုလဲသွားခဲ့သည်။ ခေါင်းဆောင်မရှိတော့သဖြင့် ဂိုဏ်းအတွင်း၌ ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။

တချို့သည် တော်ဝင်နန်းတွင်း၌ ခိုလှုံရန် တချို့က ထွက်ပြေးရန်ဖြစ်ပြီး တချို့ကမူ ဂိုဏ်းကို သေသည့်အထိ ကာကွယ်ရန် ဆန္ဒရှိခဲ့ကြသည်။

နောက်ဆုံးတွင် စိတ်ဝမ်းကွဲမှုများအောက်၌ စိတ်ဝိညာဥ်သိုင်းနန်းတော်တွင် ကြီးမားသော အတွင်းရေးပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့သည်။ အဆင့်မြင့်အကြီးအကဲများသည် အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး စိတ်ဝိညာဥ်သိုင်းနန်းတော်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများ အကြီးအကျယ် ထိခိုက်သေဆုံးခဲ့ကြသည်။ သွေးများသည် မြစ်များကဲ့သို့ စီးဆင်းနေပေ၏။

တော်ဝင်နန်းတွင်း၏စစ်တပ်သည် စိတ်ဝိညာဥ်သိုင်းနန်းတော်သို့ ရောက်ရှိသွားချိန်၌ နန်းတော်တစ်ခုလုံး အကြီးအကျယ် ပျက်စီးနေလေပြီ။ အလောင်းများသည် တောင်များကဲ့သို့ စုပုံနေပြီး ပတ်ဝန်းကျင်နေရာတဝိုက်တွင် ထူထပ်သိပ်သည်းသော သွေးညှီနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။ တော်ဝင်နန်းတွင်း၏စစ်တပ်သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရှာဖွေခဲ့သော်လည်း ဗလာနတ္ထိဖြစ်နေကြောင်းသာ တွေ့ရှိခဲ့သည်။ အသက်ရှင်ကျန်ရစ်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။

စိတ်ဝိညာဥ်သိုင်းနန်းတော်ရှိ ရတနာအားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။ တစ်ချိန်တည်းမှာပင် တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်များသည် စိတ်ဝိညာဥ်သိုင်းနန်းတော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုမီးသည် ရက်အနည်းငယ်ကြာ လောင်ကျွမ်းခဲ့ပြီး စိတ်ဝိညာဥ်သိုင်းနန်းတော်တစ်ခုလုံးကို ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေခဲ့သည်။

ထိုအချိန်မှစ၍ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း၏ မြင့်မြတ်နယ်မြေဖြစ်သော စိတ်ဝိညာဥ်သိုင်းနန်းတော်သည် လုံးလုံးလျားလျားပျက်စီးသွားပေ၏။

"လူတစ်ရာကို ရန်သူအဖြစ်ထားတာက လုယွီကို ရန်စတာထက် ပိုကောင်းတယ်.."

ဤအချိန်အခိုက်အတန့်တွင် ဤကောလာဟလသည် ပြင်ပကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းသည် စိတ်ဝိညာဥ်သိုင်းနန်းတော် ပျောက်ကွယ်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရှုနေကြပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားကြသည်။

တချို့လူများက သန့်စင်ယန်မြင့်မြတ်နယ်မြေသည် သူတို့၏ပိုင်ဆိုင်မှုများကို စတင်ရောင်းချနေပြီး သူတို့၏အင်အားများ လျင်မြန်စွာ ကျဆင်းလာသည်ကို ကြားသိခဲ့ရသည်။ ထိုမြင့်မြတ်နယ်မြေသည် ယခင်ကကဲ့သို့ သာယာဝပြောတော့ခြင်း မရှိတော့ချေ။

ဤအရာများအားလုံးသည် လုယွီကြောင့်ပင်။

Chapter 5143

လုယွီ တော်ဝင်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ချီလင်ကို ထျန်းတအိမ်တော်တွင် ထားရှိခဲ့သည်။

ယခင်က ချီလင်သည် ခရီးသွားလာသည့်အချိန်တိုင်း အလွန်သတိထားရသည်။ ယခုချိန်၌မူ သူသည် ပါ့ကျိုးပြည်နယ်ရှိ တောအုပ်အတွင်းမှ ပြောင်ပြောင်တင်းတင်း ထွက်လာနိုင်ခဲ့သည်။ အထူးသဖြင့် ထျန်းတအိမ်တော်ကဲ့သို့ ခမ်းနားထည်ဝါသောခြံဝန်းမျိုးကို နေရာတိုင်းတွင် ရှားရှားပါးပါးသာ တွေ့မြင်နိုင်ခြင်းပင်။ ဤသည်မှာ ချီလင်အတွက် ထိုသို့သောနေရာကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပေ၏။ သူသည် အိမ်တော်၏နံဘေးပတ်လည်တွင် အချိန်အတော်ကြာ လှည့်လည်သွားလာနေခဲ့သည်။

အိမ်တော်ရှိ မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်များသည် ချီလင်တစ်ကောင် လေထုအတွင်းတွင် အရှိန်ပြင်းစွာ ပျံသန်းနေပြီး ရံဖန်ရံခါ၌ အရိုင်းဆန်သော ရယ်မောသံများကို ထုတ်လွှတ်နေသည်အား မြင်တွေ့ချိန်၌ ကြက်သေသေသွားကြသည်။

လုယွီသည် ချီလင်ကို အနားယူခွင့်မပေးဘဲ သူ၏ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို သန့်စင်ပေးခဲ့သည်။ လုယွီသည် သူ၏မှော်စွမ်းအားကို အသုံးပြုပြီး ချီလင်၏နတ်ဘုရားသားရဲသွေးကြောကို အောင်မြင်စွာနိုးထစေခဲ့သည်။

နတ်ဘုရားသားရဲသွေးကြောနိုးထသည့်နေ့တွင် မိုးကောင်းကင်ယံသည် တောက်ပစွာထွန်းလင်းနေပေ၏။ ပတ်ဝန်းကျင်ရှိ မိုးကောင်းကင်ယံတွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်အမျိုးမျိုး ထွက်ပေါ်ပေါက်လာပြီး အလွန်တောက်ပသဖြင့် လူအများသည် တုန်လှုပ်ချောက်ချားကာ စေ့စေ့မကြည့်ဝံ့တော့ချေ။

အကယ်၍ ဤသည်မှာ ပြင်ပလောက၌ဖြစ်လျှင် ထိပ်သီးကျင့်ကြံသူများ၏အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။

သို့ရာတွင် ဤသည်မှာ လုယွီနေထိုင်သည့် ထျန်းတအိမ်တော်ပင်။

ထို့ကြောင့် ထိပ်သီးကျင့်ကြံသူများသည် ဤလှုပ်ရှားမှုကို သူတို့၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ကြသော်လည်း ထိုနေရာအနီးသို့ မချဉ်းကပ်ဝံ့ခဲ့ကြချေ။

ချီလင်ကို ထျန်းတအိမ်တော်ရှိ အခြေအနေနှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်အောင် ထားခဲ့ပြီးနောက် လုယွီက ဗဟိုခန်းမဆောင်ထံသို့ သွားခဲ့သည်။

နန်းတော်တွင် ထူးခြားသော ခန်းမဆောင်ခြောက်ခုရှိသည်။ ထိုအရာများကို ခန်းမကြီးလေးခုနှင့် ခန်းမဆောင်နှစ်ခုအဖြစ် ခွဲခြားထားပြီး နန်းတော်၏ဗဟိုချက်နေရာတွင် တည်ဆောက်ထားသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဤနေရာတွင် အလုပ်လုပ်ကြပြီး သူတို့သည် များသောအားဖြင့် ဧကရာဇ်ကို အင်ပါယာ၏ အုပ်ချုပ်ရေးကိစ္စများအား ကိုင်တွယ်ရာ၌ ကူညီကြသည်။

ယခုချိန်၌မူ အုပ်ချုပ်ရေးအဖွဲ့ရှိ ဖေးထျန်ကွမ်းနှင့်ဖူကျစ်ရွှယ်တို့သည် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မပါဝင်ကြတော့သဖြင့် အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ လေးဦးသာရှိသည်။

လုယွီသည် ထီးနန်းတက်ပြီးကတည်းက သူသည် တော်ဝင်နန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းမရှိချေ။

ကျိုးကောသည် အတိတ်က လုယွီကို သတ်ဖြတ်ရန် တိတ်တဆိတ် တိုက်ခိုက်လိုခဲ့သည်။ သို့ရာတွင် လုယွီသည် သူ၏အကြံအစည်များကို ထိုးထွင်းသိမြင်နိုင်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဤသည်မှာ အကြောင်းအရင်းများအနက်မှ တစ်ခုပင်။ သို့ရာတွင် တခြားအကြောင်းအရင်းမှာ လုယွီသည် ဤနန်းတော်အတွင်းတွင် မနေထိုင်လိုခြင်းပင်။

ဤနေရာတွင် ရှန်လင်းလုံ၏အရိပ်အယောင်များ အလွန်များပြားစွာ ကြွင်းကျန်ခဲ့သည်။ သူသည် ထိုအရာကို သဘောမကျချေ။

ခမ်းနားထည်ဝါသော နန်းတော်သည် တော်ဝင်မြို့တော်၏ ဗဟိုချက်တွင် တည်ရှိပြီး ခန့်ညားထည်ဝါသော်လည်း လုယွီ၏မျက်လုံးအတွင်း၌ ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်းလောက် နီးစပ်မှုမရှိပေ။

"လီစစ်က ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ခဲ့တယ်"

လုယွီက နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နန်းတော်ရှိလူတိုင်းသည် နီးကပ်စွာပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်နေကြသည်။ လူတိုင်းသည် သူတို့၏ကိုယ်ပိုင်ကိစ္စများနှင့် အလုပ်များနေကြသော်လည်း ဘောင်တစ်ခုအတွင်း၌ ရှိနေသည်။ သူတို့သည် အနည်းငယ်မျှပင် ပရမ်းပတာအခြေအနေမရှိချေ။

တာယွီအင်ပါယာသည် ကြီးမားကျယ်ပြန့်သောနယ်မြေကြီးတစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော ကြယ်နယ်မြေများရှိသည်။ ဤကြယ်နယ်မြေများပေါ်တွင် ကုန်းမြေများ ခရိုင်များ ပြည်နယ်များစသဖြင့် တည်ရှိနေသည်။ ထို့ကြောင့် တာယွီ၏လူဦးရေကို သန်းထောင်ပေါင်းများစွာဟုသာ ဖော်ပြနိုင်သည်။ အုပ်ချုပ်ရေးကိစ္စများကို ကိုင်တွယ်ရာတွင် သူ မည်မျှထိ အလုပ်များကြောင်း စကားလုံးများဖြင့် ဖော်ပြရန်ပင် မလုံလောက်ချေ။ အကယ်၍ သူသည် ဤအရာများအားလုံးကို ကိုင်တွယ်လိုပါက သူ့ကို ပင်ပန်းနွမ်းနယ်စေပေလိမ့်မည်။ အုပ်ချုပ်ရေးကိစ္စများကို သူ တစ်ယောက်တည်း ကိုင်တွယ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

သတင်းပို့စာလွှာများသည် ဆက်သွယ်ရေးဌာနသို့ ဝင်ရောက်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့မှ ကိုင်တွယ်ရန် လိုအပ်သည့် ကိစ္စများကိုသာ အရာရှိများမှ လွှဲပြောင်းပေးပေလိမ့်မည်။ များသောအားဖြင့် စစ်ရေးနှင့် အင်ပါယာ၏အရေးကိစ္စများသာ လုယွီကိုယ်တိုင်ကိုင်တွယ်ရန် လိုအပ်ပေ၏။ သာမန်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ချက်ချရန်သာ လိုအပ်သည်။

ဤသည်မှာ လုယွီမှ လီစစ်ကို အာဏာပေးလိုခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။ ရှုပ်ထွေးသော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များမှ ဆုတ်ခွာနိုင်မှသာ လုယွီသည် ပို၍ကောင်းမွန်စွာ ကျင့်ကြံနိုင်ပေမည်။

လုယွီသည် ကောင်းကင်ယံမှ ထွက်လာပြီး ဗဟိုခန်းမဆောင်၏ရှေ့တွင် ဆင်းသက်ခဲ့သည်။

သူသည် အလွန်ချောင်ချသောထောင့်တစ်ခုတွင် ထွက်ပေါ်လာခဲ့ပြီး နန်းတော်ရှိ အစောင့်များကို အသိမပေးခဲ့ချေ။

ဤအချိန်အခိုက်အတန့်တွင် ကျုံးကျီနန်းတော်၏ ပင်မဝင်ပေါက်ရှေ့တွင် အဆင့်နိမ့်အရာရှိတစ်စု မတ်တတ်ရပ်နေကြသည်။

သူတို့သည် အယောက်တစ်ရာကျော်ရှိပြီး အစိမ်းရောင် သို့မဟုတ် မီးခိုးရောင် အရာရှိဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဤသည်မှာ သူတို့ နန်းတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပုံရသည်။ သူတို့သည် စူးစမ်းလိုစိတ်ဖြင့် နံဘေးပတ်ဝန်းကျင်ကို ကြည့်နေကြပြီး သူတို့၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ညီငယ်လေး... ဒါက နန်းတော်ပဲ... ပေါ့ပေါ့ဆဆ လျှောက်မသွားနဲ့"

လူအုပ်အကြားတွင်ရှိနေသော လူငယ်တစ်ဦးက လုယွီကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်သည်။

Chapter 5144

သူသည် လုယွီကို သူတို့အနက်မှတစ်ယောက်အဖြစ် ယူဆထားသည်မှာ သိသာထင်ရှားသည်။

"အင်း...မင်းတို့က ဒီနေရာမှာ ဘာလုပ်နေတာလဲ..."

လုယွီသည် သူ၏ရှေ့မှလူငယ်ကို ခေါင်းမှခြေဖျားအထိ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ဤလူငယ်သည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်ပြီး သူ ဝတ်ဆင်ထားသော အရာရှိဝတ်စုံအရ ရာထူးမြင့်မားခြင်းမရှိကြောင်း သက်သေပြနေသည်။ တာယွီတော်ဝင်နန်းတွင်းသည် ရာထူးကို ခွဲခြားရန် အရာရှိဝတ်စုံ၏ အရောင်ကို အသုံးပြုသည်။ ယေဘုယျအားဖြင့် အဋ္ဌမအဆင့်နှင့်နဝမအဆင့် အရာရှိငယ်များသာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ကြပေ၏။

"ငါက ချန်ရှန်းပါ.. အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရွေးချယ်မှုစာမေးပွဲကို အခုမှ အောင်မြင်ခဲ့တာပါ... အုပ်ချုပ်ရေးရုံးတော်မှာ စာပို့တဲ့ တာဝန်ကို ယူထားတယ်"

ဤနေရာအရောက်တွင် ချန်ရှန်း၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားမှုတစ်ခု ဖြတ်ပြေးသွားသည်။

သူသည် ယခင်က တော်ဝင်မြို့တော်ဒေသ၏ အဆင့်နိမ့်ကျောင်းတော်သားတစ်ဦးပင်။ သာမာန်အရဆိုလျှင် သူ အရာရှိတစ်ဦးဖြစ်လိုပါက တော်ဝင်မြို့တော်ဒေသ၏ကြယ်မြစ်စစ်ဆေးမှုများကို ဖြတ်သန်းပြီး အဆင့်မြင့်ကျောင်းတော်သားတစ်ဦးအဖြစ် အရည်အချင်းပြည့်မီရန် လိုအပ်သည်။

ကြယ်မြစ်စစ်ဆေးမှုများကို သုံးနှစ်တစ်ကြိမ် ကျင်းပလေ၏။ အကယ်၍ သူ ပါဝင်လိုပါက နောက်နှစ်အထိ စောင့်ဆိုင်းရပေမည်။

သို့ရာတွင် လုယွီသည် ဝင်ခွင့်စာမေးပွဲများ မကျင်းပမီအချိန်၌ အရာရှိဖြစ်လိုသော လူများအတွက် အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့သည်

အသက်ငါးဆယ်အောက် သန်မာအားကောင်းသော ရုပ်ခန္ဓာကိုယ်ရှိပြီး ဂိုဏ်းအင်အားစုများတွင် အရေးကြီးသောရာထူးများကို မထမ်းဆောင်သောသူများသည် ကြားဖြတ်စာမေးပွဲတွင် ပါဝင်နိုင်သည်။

ဤသည်မှာ ရှေးခေတ်ကတည်းက တော်ဝင်နန်းတွင်း၏ အရည်အချင်းရှိသူများကို ရွေးချယ်သည့် စည်းမျဉ်းများကို အကြွင်းမဲ့ချိုးဖောက်ခဲ့ပြီး ရှေ့ဆောင်လမ်းပြတစ်ခုပင် ဖြစ်ခဲ့လေ၏။

မရေမတွက်နိုင်သော ရှေးရိုးစွဲအရာရှိများ၏ ဝေဖန်ခြင်းကို ခံရစဉ်မှာပင် ယဥ်ကျေးမှုဝန်ကြီးဌာနသည် အရာရှိခေါ်ယူမှုစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ အသစ်တည်ထောင်ထားသော ရုံးတော်နှစ်ခုသာမက အုပ်ချုပ်ရေးအဖွဲ့မှဌာနကြီးခြောက်ခုကလည်း အဆင့်အမျိုးမျိုးရှိ အရာရှိများကို ခေါ်ယူခဲ့သည်။ သူတို့ခေါ်ယူခဲ့သော အရာရှိများသည် အဋ္ဌမအဆင့်နှင့်အောက်အရာရှိများ ဖြစ်ပေ၏။

ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုပင်။

ရုတ်ချည်းဆိုသလိုပင် လူများအားလုံး၏စိတ်ခံစားချက်များ လှုပ်ရှားလာပြီး မရေမတွက်နိုင်သောလူများ အုံလိုက်ကျင်းလိုက် ရောက်လာကြသည်။

စာရင်းသွင်းချိန်မှာ ငါးရက်ဖြစ်သော်လည်း လူ အလွန်များသောကြောင့် ယဥ်ကျေးမှုဝန်ကြီးဌာနသည် စာရင်းသွင်းမှုကို လက်ခံရန် စာရင်းသွင်းနေရာတစ်ရာကျော်ကို တည်ဆောက်ခဲ့ရသည်။

အုပ်ချုပ်ရေးအဖွဲ့၏ နဝမအဆင့်အရာရှိနေရာသာဖြစ်သော်လည်း ဗဟိုနန်းတော်နှင့် နီးကပ်သောကြောင့် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သည်။

ဤတစ်ကြိမ်တွင် အစိုးရအဖွဲ့သည် လူတစ်ရာကို ခေါ်ယူနေပြီး စာရင်းသွင်းသူဦးရေသည် လူငါးသန်းကျော်ရှိနေကာ ကြောက်မက်ဖွယ်ကောင်းသော ပမာဏသို့ ရောက်ရှိသွားလေပြီ။

ရွေးချယ်မှုပြီးနောက် ထွက်ပေါ်လာသော ပါရမီရှင်များသည် အမှန်တကယ်ကို လူတစ်သောင်းအထက်တွင် ရပ်တည်နိုင်သူများပင်။

"ညီလေး...မင်းက ဘယ်ရုံးတော်မှာ အလုပ်လုပ်တာလဲ"

ချန်ရှန်းသည် လုယွီကို အကဲခတ်ပြီးနောက် အရာရှိဝတ်စုံ ဝတ်ဆင်မထားသည်ကို တွေ့ရှိခဲ့သည်။ သူသည် စူးစမ်းခြင်းမပြုဘဲ မနေနိုင်တော့ချေ။

ခန်းမကြီးလေးခုနှင့် ခန်းမဆောင်နှစ်ခုလုံးသည် တော်ဝင်နန်းတော်တွင် တည်ရှိပေ၏။ ဤနေရာသို့ ဝင်ထွက်သွားလာသူတိုင်းသည် တရားဝင်ဝတ်စုံကို ဝတ်ဆင်ရန် လိုအပ်သည်။ အရာရှိတချို့သည် အရာရှိဝတ်စုံကို ဝတ်ဆင်ကြပြီး အဆင့်မြင့်အရာရှိများပင်လျှင် သတ်မှတ်ထားသော အထူးဝတ်စုံများကို ဝတ်ဆင်ကြသည်။ ဤစည်းမျဥ်းသည် အလွန်တင်းကြပ်ပေ၏။

လုယွီသည် လက်ရှိတွင် ခမ်းနားထည်ဝါသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဤသည်မှာ အလွန်တန်ဖိုးကြီးပုံရသော်လည်း မည်သူကမျှ သူ၏အထောက်အထားကို မခန့်မှန်းနိုင်ခဲ့ချေ။

ပတ်ဝန်းကျင်ရှိ အတွင်းပြခန်းမဆောင်မှ လူများသည်လည်း လုယွီကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

နန်းတော်အတွင်းရှိ လူအများစုသည် သူတို့၏ကိုယ်ပိုင်တာဝန်များကို လုပ်ဆောင်ကြရသည်။ သို့ရာတွင် လုယွီကဲ့သို့ ဤမျှထိ အေးအေးလူလူဖြင့် ရှေ့နောက်လျှောက်လှမ်းသွားနေသည့် လူမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပေ၏။

လုယွီသည် ခပ်ဖျော့ဖျော့ပြုံးပြီး စကားပြောရန် ဟန်ပြင်လိုက်စဥ်တွင် ဗဟိုခန်းမဆောင်၏ တံခါး ရုတ်တရက် ပွင့်သွားသည်ကို သူ မြင်လိုက်ရသည်။

စာရေးများသည် စာချွန်လွှာများကို သူတို့၏လက်များအတွင်းတွင် ကိုင်ဆောင်ပြီး အတန်းလိုက်ထွက်လာကြသည်။ ဤစာချွန်လွှာများသည် အတည်ပြုပြီးဖြစ်ကာ လီစစ်ထံသို့ လျင်မြန်စွာ ပေးပို့ရပေမည်။

"အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်တွေက ရှေ့ကိုတိုးလာကြတော့..အမတ်ချုပ်ကြီးက ဟောပြောတော့မယ်"

ခရမ်းရောင်ဝတ်ရုံဝတ်အရာရှိတစ်ဦးသည် ခန်းမဆောင်အလယ်မှ ထွက်လာပြီး တည်ငြိမ်သောအမူအယာဖြင့် ပြောဆိုသည်။

လူတိုင်းသည် ချက်ချင်းဆိုသလိုပင် အဝတ်အစားများ ပြင်ဆင်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

အရာရှိအမြောက်အများသည် ခန်းမဆောင်မှ ထွက်လာကြပြီး သူတို့အားလုံးသည် ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပေ၏။ ဤလူများအားလုံးသည် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများ ဖြစ်ကြသည်။

ဤလူများကြားတွင် အနီရောင်တောက်တောက် အရာရှိဝတ်ရုံသည် အလွန်တောက်ပနေသည်။ လီစစ်သည် အနီရောင်အရာရှိဝတ်ရုံကို ဝတ်ဆင်ထားကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး သူ၏ခန့်ညားထည်ဝါသော အမူအယာသည် ပေါ်လွင်ထင်ရှားပေ၏။

လီစစ်သည် အသက်မကြီးသော်လည်း သူသည် မြင့်မားသောရာထူးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏လှုပ်ရှားမှုတိုင်းတွင် မြင့်မားသောအဆင့်အတန်း၏ အရှိန်အဝါတစ်ရပ် ရောယှက်လာသည်။ ဤကဲ့သို့အရှိန်အဝါကို စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ဘဲ ဝိုးတဝါးသာ ခံစားနိုင်သည်။

Chapter 5145

"အမတ်ချုပ်ကြီးကို ဂါရဝပြုပါတယ်..."

လက်ရှိနေရာတွင်ရှိနေသော အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

လူအများသည် အလွန်စိတ်လှုပ်ရှားနေပေ၏။ သူတို့သည် လီစစ်၏နာမည်ကို ကြားဖူးသော်လည်း ဤသည်မှာ သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

သူသည် သံမဏိမျက်နှာရှိသော အမတ်ချုပ်ကြီးဖြစ်ပြီး သူ၏အခွင့်အာဏာသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သည်။ သူသည် လူတစ်ယောက်၏အောက် လူတစ်သောင်း၏အထက်တွင်ရှိသော တည်ရှိမှုကြီးပင်။

ဤသည်မှာ လီစစ်၏အမှတ်သင်္ကေတများပင်။ ထိုအမှတ်သင်္ကေတစ်ခုစီ၏နောက်တွင် ဒဏ္ဍာရီတစ်ခုရှိသည်။

လီစစ်နှင့်လုယွီတို့သည် လူငယ်အမြောက်အများ၏ စိတ်နှလုံးသားများအတွင်းမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ကြပြီး မရေမတွက်နိုင်သော လူများမှ သူတို့ကို အားကျလေးစားကြသည်။

ဤအချိန်အခိုက်အတန့်တွင် လီစစ်က လူအုပ်ကြီးကို အပြုံးဖြင့် ကြည့်နေသည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဥ်တွင် လူအုပ်အကြားမှ လုယွီကို သူ ရုတ်တရက် တွေ့မြင်မိသည်။

အချိန်တခဏအတွင်းမှာပင် လီစစ်၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားပြီး သူသည် လျင်မြန်စွာ ရှေ့သို့လျှောက်လှမ်းသွားသည်။

လူများအားလုံးက ဒဏ္ဍာရီလာအမတ်ချုပ်ကြီးသည် လုယွီ၏ရှေ့သို့ ရောက်လာပြီး ရိုသေလေးစားစွာဖြင့် "အရှင်ဧကရာဇ်...ပြန်လာပြီလား"ဟု ပြောဆိုသည်ကို မြင်တွေ့လိုက်ရသည်။

"ဟုတ်တယ်...ငါက ကိစ္စတွေပြီးသွားလို့ အစောကြီးပြန်လာခဲ့တာ...."

လုယွီက ခေါင်းညိတ်လိုက်သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားသည်။

လူအများ၏မျက်နှာများ နီမြန်းနေပြီး သူတို့၏အသက်ရှုနှုန်းများ လျင်မြန်နေသည်။ သူတို့သည် လုယွီကို စူးစိုက်၍ကြည့်လိုက်ကြ၏။

အထူးသဖြင့် အစောပိုင်းက လုယွီနှင့် စကားပြောနေသော ချန်ရှန်းပင်။ ဤအချိန်အခိုက်အတန့်တွင် သူသည် ကြက်သေသေနေကာ သူ၏မျက်လုံးကိုပင် သူ မယုံနိုင်တော့ချေ။

ဧကရာဇ် လုယွီ...

လီစစ်နှင့်နှိုင်းယှဉ်လျှင် ဤသည်မှာ နတ်ဘုရားများသာ မြင်တွေ့နိုင်သကဲ့သို့ ဖြစ်နေသော တည်ရှိမှုကြီးတစ်ခုပင်။

ဌာနကြီးခြောက်ခုမှ အဆင့်မြင့်အရာရှိများအကြား၌ပင် လုယွီကို မမြင်တွေ့ဖူးသော လူအမြောက်အများရှိသည်။

သူသည် နန်းတွင်းစာမေးပွဲ၏ ထိပ်သီးကျောင်းတော်သား ဖြစ်ခဲ့သူပင်။ သူသည် အသက်အငယ်ဆုံး အုပ်ချုပ်သူအရှင်အဖြစ်မှ ထန်စစ်တပ်ကို အနိုင်ယူပြီး ထီးနန်းတက်ကာ ဧကရာဇ်ဖြစ်လာခဲ့သူပင်။

သူ၏ခြေလှမ်းတိုင်းနီးပါးသည် ဒဏ္ဍာရီတစ်ခုနှင့်တူညီသည်။

သူတို့သည် တစ်ချိန်က လုယွီ၏ပုံပန်းသွင်ပြင်ကို စိတ်ကူးယဉ်တွေးတောခဲ့ကြသည်။ သို့သော် ယနေ့တွင် သူတို့ သူ့ကို မြင်တွေ့ချိန်၌ သူသည် နွေဦးလေပြည်ညှင်း၏ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သော လူငယ်တစ်ဦးသာဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သွားခဲ့သည်။ သူ၏ပုံပန်းသွင်ပြင်သည် ပြင်ပလောကတွင် ဖော်ပြသော ရက်စက်သည့် အာဏာရှင်တစ်ယောက်၏ပုံစံနှင့် ကွာခြားမှုရှိသည်။

"နှုတ်... နှုတ်... နှုတ်ဆက်ပါတယ် အရှင်ဧကရာဇ်..."

ချန်ရှန်းသည် ရုတ်တရက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုကာ မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်၏။

သူ ခေါင်းမော့လိုက်ချိန်မှာပင် သူ၏နောက်မှ လျှောက်လှမ်းလာသော လူတစ်စုသည် ချက်ချင်းဒူးထောက်လိုက်ကြသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော အုပ်ချုပ်ရေးအဖွဲ့မှ အဆင့်မြင့်အရာရှိများ၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်သောအမူအယာများကို ပြသလိုက်ကြ၏။ သူတို့သည် လုယွီကို မမြင်ဖူးခဲ့သဖြင့် အရှင်ဧကရာဇ် ရောက်ရှိလာပြီဟု ကြားချိန်တွင် အလျင်အမြန် ဒူးထောက်ကြိုဆိုလိုက်ကြသည်။

လုယွီက လက်ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောဆိုသည်။

"ထုံးတန်းစဥ်လာတွေ မလိုပါဘူး... ငါက ဒီနေ့ စိတ်ကူးပေါက်လို့ လာကြည့်ရုံလေးပဲ"

လူများအားလုံးသည် မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

ဧကရာဇ်က သူတို့ကို လာရောက်ကြည့်ရှုခဲ့သည်။ ဤသည်မှာ အတိတ်တွင် သူတို့ စိတ်ကူးယဉ်ကြည့်ဝံ့ခြင်းပင် မရှိသော ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။

လုယွီက လက်ကိုမြှောက်ပြီး လီစစ်ကို ဆက်လုပ်ရန်အမူအယာ ပြသလိုက်သည်။ သူသည် လမ်းကြုံသက်သက်ရောက်ရှိလာခြင်းဖြစ်ပြီး လီစစ်ကို အနှောင့်အယှက်ပေးရန် ရည်ရွယ်မထားချေ။

လီစစ်သည် သူ၏အမူအယာကို အကဲခတ်ပြီးနောက် လုယွီ မည်သည့်အရာအား စဉ်းစားနေသည်ကို ချက်ချင်းနားလည်သွားသည်။ ထို့ကြောင့် သူသည် အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံးရှေ့တွင် ရပ်ပြီး အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်အနည်းငယ်ကို အလေးပေးပြောကြားခဲ့သည်။

ဤနေရာတွင် ဟောပြောချိန်၌ မလိုအပ်သောအရာများကို အလေးပေးပြောကြားရန် မလိုအပ်ချေ။ အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သော သူတို့အနေဖြင့် သူသည် နဝမအဆင့်အရာရှိငယ်များသာဖြစ်သော်လည်း အဆင့်အတန်းအရ သူတို့သည် ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် တူညီလုနီးပါးပင်။

ဤနေရာရှိ ထူးခြားသောအခြေအနေများကြောင့် သူတို့သည် တော်ဝင်နန်းတွင်းနှင့် နီးကပ်စွာ ထိတွေ့နိုင်ရုံသာမက အုပ်ချုပ်ရေးအဖွဲ့၏ဗဟိုအချက်အချာနေရာလည်းဖြစ်သည်။ သူတို့၏ရာထူးတိုးမြင့်မှုသည် လျင်မြန်ပြီး သူတို့ ရရှိသော ကံကြမ္မာစွမ်းအားသည်လည်း ဒေသခံအရာရှိများထက် များစွာပို၍သာလွန်ပေလိမ့်မည်။ ထို့ပြင် သူတို့သည် တော်ဝင်နန်းတွင်းရှိ အလွန်အဖိုးတန်သော ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်ချေရှိသည်။

ဤသည်မှာ လူအများသည် သူတို့၏အသက်ကို စတေးရလျှင်ပင် ဝင်ရောက်လိုသော နေရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေ၏။

အကျိုးအမြတ် လုံလောက်သရွေ့ သူတို့၏ဗိုက်များကို ဖြည့်တင်းရန် လာဘ်ပေးလာဘ်ယူမှုများ မလိုအပ်ချေ။ ဤအကျိုးအမြတ်များသည် အရာရှိများ၏တက်ကြွမှုကို အလိုအလျောက် လှုံ့ဆော်ပေးနိုင်သည်။

လီစစ်သည် စကားပြောဆိုပြီးနောက် တခြားလူများကို ဆုတ်ခွာသွားစေပြီး သူသည် လုယွီနှင့်အတူ နန်းတော်၏နောက်ဘက်သို့ သွားရောက်ကာ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့သည်။

"အရှင်ဧကရာဇ်က ဒီတိုက်ပွဲမှာ တကယ့်ကို ကောင်းကောင်းလုပ်ခဲ့တယ်...အခု ဂိုဏ်းတွေက အများကြီးပိုရိုးသားလာကြပြီ...အတိတ်က ပုန်ကန်ဖို့ အော်ဟစ်နေခဲ့တဲ့ ဂိုဏ်းတွေက တော်တော်လေး ငြိမ်သက်သွားကြပြီ"

လီစစ်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်သည်။

"နောက်ပိုင်းမှာ တော်ဝင်နန်းတွင်းအတွက် လူအင်အားတွေကို ဂိုဏ်းတွေကနေ ရွေးချယ်ပြီး စုဆောင်းနိုင်ပြီ....အခု ငါတို့ အာရုံစိုက်ရမှာက ထန်အင်ပါယာပဲ"

Thank For Reading.

All Chapters