← Chapters

အခန်း (၅၁၆၁-၅၁၆၅)

Vol. 261 Ch. 5161-5165

အခန်း (၅၁၆၁-၅၁၆၅)

Vol. 261 Ch. 5161-5165

Chapter 5161

လူတိုင်း သတိမဝင်မီမှာပင် ဝိုင်အရက်ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားသော သွယ်လျဖြူဖွေးသည့် လက်တစ်ဖက်က လုယွီ၏ခွက်ကို ညင်သာစွာ လာရောက်ထိတွေ့လိုက်သည်။

"ဘယ်တော့မှ အရိပ်အယောင်တောင် မမြင်ရအောင် အလုပ်များတဲ့ သခင်လေးက ဒီနေ့တော့ အားနေလိမ့်မယ်လို့ ကျွန်မ ထင်တောင်မထင်ထားဘူး...."

ညှို့အားပြင်းသည့် စနောက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ဝေ့မုန်ထင်သည် သူမ၏ သွယ်လျသောခါးလေးကို လှုပ်ယမ်းကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

သူမ၏နူးညံ့လှပသောမျက်နှာသည် စွဲမက်ဖွယ်အလှဖြင့် ပြည့်နှက်နေပြီး လူတို့ကို မသိစိတ်ကပင် ချစ်ခင်မြတ်နိုးသွားစေနိုင်အောင် လှပချောမောပြီး မြွေတစ်ကောင်အလား ညှို့အားပြင်းပေ၏။

ဝေ့မုန်ထင်သည် လုယွီထက် အသက်ကြီးသော်လည်း သူမ၏ ရင့်ကျက်သော အလှတရားကပင် သူမ၏အမူအယာကို ပို၍ တည်ငြိမ်အေးစက်ကာ ရင်သပ်ရှုမောဖွယ်ဖြစ်စေသည်။ ဤရေခဲမင်းသမီးလေးသည် ပြုံးလေ့ပြုံးထမရှိဘဲ သူမ၏ ရှည်လျားသောမျက်တောင်များအောက်ရှိ ဆွဲဆောင်မှုရှိသော မျက်လုံးများတွင် မြတ်နိုးရသောချစ်သူကို ရင်ဆိုင်နေရသည့်အလား စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

"မင်းရဲ့ဒဏ်ရာ သက်သာရဲ့လား"

လုယွီက မေးမြန်းလိုက်သည်။

"မသက်သာသေးဘူး"

ဝေ့မုန်ထင်က ခေါင်းခါလိုက်၏။

"အမ်"

လုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ဝေ့မုန်ထင်သည် သူ့အတွက် သတင်းစကားပါးရန် သူမ၏အသက်ကိုပင် စွန့်စားခဲ့သည်အား လုယွီ ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။

နောက်ပိုင်းတွင် လုယွီသည် ထိပ်တန်းဆေးဝါးအမြောက်အမြားကို ဝေ့အိမ်တော်သို့ ပို့ဆောင်ရန် လူလွှတ်ခဲ့သည်။

ထို့ပြင် ဝေ့မိသားစုသည် ဆေးပညာရှင်များနှင့် သမားတော်အမြောက်အများရှိသော ထိပ်တန်းမိသားစုတစ်စုပင်။ သူမ၏ဒဏ်ရာ မည်မျှထိပြင်းထန်စေကာမူ ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာသင့်လေပြီ။

"ငါ နန်းတွင်းသမားတော်ဆောင်ကလူတွေကို လာကြည့်ခိုင်းလိုက်မယ်"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

မမျှော်လင့်ဘဲ ဝေ့မုန်ထင်က ခေါင်းခါယမ်းကာ လုယွီကို စိန်ခေါ်သလို ကြည့်လိုက်ပြီး သူမ၏ ပန်းနုရောင်လျှာလေးဖြင့် နှုတ်ခမ်းကို ညင်သာစွာ သပ်လိုက်သည်။

"ကျွန်မ အားဖြည့်ဆေးတစ်ခွက်တော့ လိုတယ်"

…

ဝေ့မုန်ထင်၏အရပ်မြင့်သော ကိုယ်လုံးကိုယ်ပေါက်သည် ကျန်းယုချင်ထက် များစွာပို၍ မြင့်မားပြီး လုယွီထက်ပင် အနည်းငယ်သာ နိမ့်သည်။

သို့ရာတွင် ထိုအမျိုးသမီးနှစ်ဦး၏ စိတ်နေစိတ်ထားမှာမူ လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

တစ်ယောက်သည် ဖြူစင်ပြီး ကျက်သရေရှိကာ တည်ငြိမ်နူးညံ့သည်။ နောက်တစ်ယောက်မှာမူ စိတ်လှုပ်ရှားလွယ်ပြီး ဆွဲဆောင်မှုရှိကာ ညှို့အားပြင်းသည်။

ဤအမျိုးသမီးနှစ်ဦးသည် ယခုအချိန်တွင် လုယွီ၏ဘေးတစ်ဖက်တစ်ချက်၌ ရပ်နေကြပြီး သူ့ကို ပြုံးရွှင်စွာ ကြည့်နေကြရာ အနီးအနားမှ လူများအား အံ့အားသင့်သွားစေသည်။

ဂုဏ်သိက္ခာကြီးမားသော ဝေ့အိမ်တော်၏သခင်မလေးနှင့် ဟုန်ဖုန်းမင်းသမီးလေးတို့သည် ယောက်ျားတစ်ယောက်အတွက် ဤမျှထိ ပျော်ရွှင်စွာ ပြုံးရယ်နေသည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားကြချေ။

အချိန်တခဏအတွင်းမှာပင် လုယွီကို ကြည့်နေကြသော လူများအားလုံး၏အကြည့်များ ပြောင်းလဲသွားသည်။

"အိုး ဘုရားရေ... ဒီသခင်လေးမှာ ဒီလိုစွမ်းရည်ရှိတာကိုး.... စောစောကသာ ကြိုသိရင် ငါ သူ့ဆီက ပညာနည်းနည်းလောက် သင်ထားပါတယ်"

"သူက မြို့တော်မှာ အကျော်ကြားဆုံး အလှပဂေးနှစ်ယောက်ရဲ့ အချစ်ကို ရထားတာကွ... တစ်ယောက်တည်းတောင် မဟုတ်ဘူး နှစ်ယောက်တောင်...သေပြီကွာ...ငါတို့လိုကောင်တွေ ဘယ်လိုဆက်ပြီး အသက်ရှင်ရတော့မလဲ"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တချို့သည် မရပ်မနား အော်ဟစ်ငြီးငြူနေကြပြီး လုယွီကို ကြည့်သော သူတို့၏ မျက်လုံးများတွင် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

"ခွမ်း...."

ဖန်ရှင်းရန်သည် လက်တစ်ဖက်ဖြင့် ဝိုင်အရက်ခွက်ကို ချေမွလိုက်ပြီး လုယွီကို စိုက်ကြည့်နေသည်။

ထိုမြင်ကွင်းသည် သူမအတွက် အရှက်ရဖွယ်ရာတစ်ခုကဲ့သို့ဖြစ်ပြီး သူမကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်နေသည်။

အတိတ်ကို ပြန်စဉ်းစားကြည့်လျှင် ဖန်ရှင်းရန်သည် သူမကို မိတ်ဖွဲ့လိုသော အထက်တန်းလွှာများကြောင့် သူမကိုယ်သူမ ကျေနပ်အားရနေခဲ့သည်။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကို ယခင်က ဖားယားမြှောက်ပင့်ခဲ့သော ထိုအထက်တန်းလွှာများသည် လုယွီ၏နံဘေးသို့ ပြေးသွားကြသည်။

"တော်တော့....ဒါက အသေးအဖွဲကိစ္စလေးတစ်ခုပဲ...ဘာမှ အရေးမကြီးဘူး... မနာလိုဝန်တိုတာက အပြစ်တစ်ခုပဲ"

နံဘေးတွင် ရပ်နေသော ဖန်းမိသားစုဘိုးဘေးသည် အတွေ့အကြုံကြွယ်ဝသူပင်။ သူသည် သူ၏ဂျူနီယာမျိုးဆက်သည် မည်သည့်အရာအား စဉ်းစားနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သဖြင့် ချက်ချင်းဆူပူလိုက်သည်။

ဖန်ရှင်းရန်က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ဘိုးဘေး.... ဒီအရှက်ကို ကျွန်မ ပြန်မဆပ်ရရင် တသက်လုံး စိတ်အေးနိုင်မှာ မဟုတ်ဘူး"

"ဟူး..."

ဤသည်ကိုမြင်လျှင် ဖန်းမိသားစုဘိုးဘေးသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ဖန်ရှင်းရန်သည် အမှန်တကယ်ကို မိသားစု၏ အလွန်အလားအလာရှိသော အဖွဲ့ဝင်တစ်ဦးပင်။ သူမသည် ငယ်ရွယ်စဉ်ကတည်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျင့်ကြံရန် ဝင်ရောက်နိုင်ခဲ့သည်။

သို့ရာတွင်ဖန်ရှင်းရန်၏ စိတ်ဓာတ်သည် အလွန်သေးသိမ်ပြီး အသေးအဖွဲကိစ္စများကို အငြိုးအတေးထားတတ်သည်။

သူမသည် မိသားစုထဲ၌ ရှိစဉ်ကပင် ပြဿနာများစွာ ဖန်တီးခဲ့လေ၏။

"မင်း ဒီလိုဆက်လုပ်နေရင် မင်းလုပ်ရပ်ရဲ့အကျိုးဆက်ကို တစ်နေ့ကျရင် မင်း ခံစားရလိမ့်မယ်"

ဖန်းမိသားစုဘိုးဘေးသည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ရုတ်တရက် လုယွီကို စူးစိုက်ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဒီလူငယ်လေးကို ငါ ဘာလို့ ရင်းနှီးနေရသလို ခံစားနေရတာပါလိမ့်...ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"

Chapter 5162

ထိုအချိန်တွင် မွေးနေ့ပွဲ၏ အခြားတစ်ဖက်၌...

လူငယ်ဆယ်ယောက်ကျော်သည် စားပွဲဝိုင်းကြီးတစ်ခုတွင် ဝိုင်းဖွဲ့ထိုင်နေကြသည်။ သူတို့အားလုံးသည် ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူတို့၏မျက်နှာများပေါ်တွင် ယုံကြည်မှုရှိသော အပြုံးများရှိနေသည်။ သူတို့သည် စကားစမြည်ပြောဆိုကာ ရယ်မောနေကြပုံရပြီး အခါအားလျော်စွာ ရယ်သံများ ထွက်ပေါ်နေသည်။ ထိုလူငယ်များ၏ နောက်တွင် သူတို့၏ မြင့်မြတ်သောဂုဏ်ပုဒ်ကို ပေါ်လွင်စေရန်အတွက် အစောင့်အမြောက်အများက ကာကွယ်ပေးထားသည်။

သဘောတရားအားဖြင့် လုမိသားစုမှ ကျင်းပသော မွေးနေ့ပွဲသို့ အစောင့်အရှောက်များ ဝင်ခွင့်မရှိပေ။ သို့ရာတွင် ဤသည်မှာ ခြွင်းချက်မရှိသည်တော့ မဟုတ်ချေ။ ဂုဏ်သိက္ခာကြီးမားသော အမတ်ကြီးတချို့မှ သူတို့၏ အစောင့်အရှောက်များကို ခေါ်ဆောင်လာပါက လုမိသားစုမှ ကန့်ကွက်မည် မဟုတ်ပေ။

"ဒီတစ်ခေါက် မွေးနေ့ပွဲကျင်းပတဲ့ လုမိသားစုရဲ့ အကြီးအကဲချုပ်က လောကီအင်မော်တယ်အဆင့်ပဲရှိတယ်လို့ ငါ ကြားထားတယ်...ဟားဟား ဟား...လောကကြီးက တကယ့်ကို ပြောင်းလဲသွားပြီပဲ...လောကီအင်မော်တယ်တစ်ယောက်က ငါ့ရဲ့ရထားလုံးကို ဆွဲဖို့တောင် မတန်ဘူး"

မြောက်ဘက်အစွန်ဆုံးနေရာတွင် ထိုင်နေသော လူငယ်က မောက်မာထောင်လွှားသော အမူအယာဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

ဤလူငယ်သည် နဂါးပုံပန်းထိုးထားသော အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ ခါးတွင် ကျောက်စိမ်းခါးပတ်ပတ်ထားပြီး မယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝပြီး မြင့်မြတ်ပုံရသည်။ သူ၏အမည်မှာ ကျိုးယွမ်ဟောင်ဖြစ်ကာ သိုက်မင်းသားဘွဲ့ကို ရရှိထားသူပင်။

တော်ဝင်မြို့တော်တွင် ကျိုးမိသားစုမှ မင်းမျိုးမင်းနွယ်များနှင့် အမတ်ကြီးအမြောက်အများရှိသည်။ ကျင်းမင်းသားနှင့် ကန်မင်းသားတို့ တော်ဝင်မြို့တော်မှ ထွက်ခွာသွားသော်လည်း မြို့တော်တွင် မင်းမျိုးမင်းနွယ်အမြောက်အများ ကျန်ရှိနေပေ၏။ သိုက်မင်းသားသည်လည်း ကျန်နေရစ်သူများအနက်မှ တစ်ဦးပင်။

သူ၏နံဘေးမှ လူငယ်တစ်ယောက်က အလျင်အမြန် တီးတိုးပြောဆိုသည်။

"မင်းသား...ဒီကိစ္စကို လူသိရှင်ကြား မပြောပါနဲ့... ဒီအကြီးအကဲချုပ်က... အဲ့ဒီပုဂ္ဂိုလ်ရဲ့ အဘိုးပါ"

"ဟားဟား... ငါက မင်းသားတစ်ပါး... မင်းမျိုးမင်းနွယ်တစ်ယောက်...သူ့ကို ကြောက်ရမှာလား"

ကျိုးယွမ်ဟောင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်သည်။

"ငါ ဒီနေ့ ဒီနေရာမှာ ပြောလိုက်မယ်...သူကိုယ်တိုင် ဒီနေရာကို ရောက်လာရင်တောင် ငါ မကြောက်ဘူး"

"မင်းသားက တော်လိုက်တာ"

ပတ်ဝန်းကျင်ရှိ လူများအားလုံးက သူတို့၏ဝိုင်အရက်ခွက်များကို မြှောက်ကာ ချီးကျူးလိုက်ကြ၏။

ကျိုးယွမ်ဟောင်၏နံဘေးပတ်လည်တွင် စုဝေးနိုင်သူများအားလုံးသည် အမတ်ကြီးများ၏ သားသမီးများပင်။

သူတို့သည် သူတို့၏မိသားစုထံမှ အမိန့်ကိုရရှိခဲ့သဖြင့် မွေးနေ့ပွဲကို တက်ရောက်ခဲ့ရသည်။

သို့ရာတွင် ဤလူများသည် မွေးနေ့ပွဲတက်ရောက်ရန် စိတ်မဝင်စားကြသောကြောင့် နေရာတစ်ခုရှာပြီး တိတ်တဆိတ် သောက်စားနေကြသည်။

ကျိုးယွမ်ဟောင်သည် ဝိုင်အရက်အနည်းငယ်သောက်ပြီးနောက် သူ၏မျက်နှာ အနည်းငယ် နီမြန်းလာသည်။ ရုတ်တရက် သူသည် ကျန်းစစ်မင်၏နံဘေးမှ လုကောင်းကျီးကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"ရှောင်ကျန်း... မင်းရဲ့ ဂျူနီယာညီမလေးက တော်တော် မာနကြီးတာပဲ... အစကနေအဆုံးထိ စကားတစ်ခွန်းမှ မပြောဘူး... သူက ငါ့ကို အထင်သေးနေတာလား"

ကျန်းစစ်မင်သည်လည်း ကျန်းမိသားစု၏ မိသားစုဝင်တစ်ဦးပင်။

သို့ရာတွင် ကျိုးယွမ်ဟောင်၏ပါးစပ်ထဲတွင်မူ သူသည် ကျွန်တစ်ယောက်ကဲ့သို့ဖြစ်နေပြီး တစိုးတစိမျှ လေးစားမှုကို မရရှိပေ။

ကျန်းစစ်မင်က အလျင်အမြန်ရယ်ပြုံးပြီး ပြောဆိုလိုက်သည်။

"သူက နေရာငယ်လေးက လာတာဆိုတော့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုးကို မမြင်ဖူးလို့ပါ...သူက နည်းနည်း ရှက်နေတာပါ"

ထိုသို့ပြောဆိုပြီးနောက် ကျန်းစစ်မင်က လုကောင်းကျီးကို ဆူပူကြိမ်းမောင်းလိုက်၏။

"ဂျူနီယာညီမလေးလု... မင်းသား ပြောတာ မကြားဘူးလား...မင်းက ဒီနေရာကိုလာပြီး မင်းသားနဲ့ တစ်ခွက်လောက် သောက်လိုက်ပါအုံး"

လုကောင်းကျီးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"စီနီယာအစ်ကိုကျန်း...ကျွန်မ မွေးနေ့ပွဲဖိတ်စာကို ပိုက်ဆံပေးပြီး ဝယ်လာတာက ဒီနေရာကိုလာပြီး ရှင့်တို့နဲ့ အရက်သောက်ဖို့ မဟုတ်ဘူး"

လုမိသားစုသည် ဖိတ်စာအမြောက်အများကို ပေးပို့ခဲ့သော်လည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် တပည့်များအလွန်များသောကြောင့် ဖိတ်စာများသည် ဖြန့်ဝေပြီးသည်နှင့် တစ်ပြိုင်နက်တည်း ကုန်ဆုံးသွားခဲ့ရသည်။

လုကောင်းကျီးသည် ဤသတင်းကိုကြားချိန်တွင် ဖိတ်စာများအားလုံး ကုန်ဆုံးသွားလေပြီ။

မတတ်သာသည့်အဆုံး လုကောင်းကျီးသည် နည်းလမ်းအမျိုးမျိုးသုံးပြီး ကျန်းစစ်မင်ထံမှ ဖိတ်စာတစ်စောင်ကို ပိုက်ဆံပေး၍ ရယူခဲ့သည်။

ထိုနေ့က ရတနာမျှော်စင်တွင် လုယွီက သူမကို ကယ်တင်ပေးခဲ့သည်။

လုကောင်းကျီးသည် နန်းတော်ထဲသို့ ဝင်ရန် နည်းလမ်းမရှိသော်လည်း လုယွီ၏အဘိုးမွေးနေ့တွင်မူ ကျေးဇူးတင်စကားပြောရန် သူမ အရောက်လာချင်ခဲ့သည်။

သို့ရာတွင် မမျှော်လင့်ဘဲ လုကောင်းကျီးသည် မွေးနေ့ပွဲထဲသို့ ဝင်လာကတည်းက ကျန်းစစ်မင်၏ ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။

"တော်တော် မောက်မာတာပဲ...စိတ်ဝင်စားစရာပဲ"

ကျိုးယွမ်ဟောင်သည် လုကောင်းကျီးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး တဖြည်းဖြည်းနှင့် သူ၏စိတ် အနည်းငယ် ပရမ်းပတာဖြစ်လာသည်။

ကျိုးယွမ်ဟောင်သည် သာမန်အမျိုးသမီးများကို များစွာမြင်တွေ့ဖူးပေ၏။ လုကောင်းကျီးကဲ့သို့ ဖြူစင်သန့်ရှင်းပြီး ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော အမျိုးသမီးကို တွေ့ရသည်မှာ ရှားပါးသည်။ ထို့ကြောင့် ကျိုးယွမ်ဟောင်၏စိတ်နှလုံးသား အနည်းငယ်လှုပ်ရှားသွားသည်။

Chapter 5163

"မိန်းကလေးလုက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ခုမှဝင်တာ မဟုတ်လား... အားရင် ငါ့ရဲ့သိုက်မင်းသားအိမ်တော်ကို လာလည်ပါလား....ငါက မင်းကို လမ်းညွှန်ပေးဖို့ ပညာရှင်တချို့ကို ဖိတ်ခေါ်ပေးနိုင်တယ်"

ကျိုးယွမ်ဟောင်က ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

သိုက်မင်းသားသည် မင်းသားတစ်ပါးဖြစ်ပြီး တော်ဝင်မြို့တော်တွင် တည်ရှိသော သူ၏အိမ်တော်ကို ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားကာ ကြီးကျယ်ခမ်းနားသည်။

ထို့အပြင် သိုက်မင်းသားသည် အရည်အချင်းရှိသူများကို စုဆောင်းရသည်အား နှစ်သက်သည်။ သူ၏အိမ်တော်တွင် အရည်အချင်းရှိသူများနှင့် ပညာရှင်များ မရေမတွက်နိုင်အောင် စုဝေးနေသည်။ တစ်စုံတစ်ယောက်သည် ထိုလူများထံမှ လမ်းညွှန်မှုကို ရရှိနိုင်လျှင် သူ၏ကျင့်ကြံခြင်းလမ်းခရီးတွင် အခက်အခဲများစွာကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး ကြီးစွာသောအကျိုးကျေးဇူးများ ရရှိပေမည်။

လုကောင်းကျီးသည် အလွန်ထက်မြက်သူဖြစ်ရာ ကျိုးယွမ်ဟောင်၏ဆိုလိုရင်းကို မည်သည်ကြောင့် နားမလည်ဘဲ ရှိမည်နည်း။

ဤမင်းသားသည် များသောအားဖြင့် အမျိုးသမီးများနှင့် ကစားလေ့ရှိသော်လည်း သူ၏ဂုဏ်ပုဒ်ကြောင့် လူအများစုမှ ထုတ်ဖော်မပြောဝံ့ကြပေ။ ကျိုးယွမ်ဟောင်၏တဏှာကြီးသော မျက်လုံးများကို ကြည့်ရုံဖြင့် ကျန်းစစ်မင်၏မျက်လုံးများနှင့် တထပ်တည်း တူညီနေလေရာ သူ့ထံတွင်လည်း မကောင်းသော ရည်ရွယ်ချက်ရှိသည်မှာ သိသာထင်ရှားသည်။

"တောင်းပန်ပါတယ် မင်းသား... ကျွန်မက စာပေလေ့လာမှုတွေနဲ့ အလုပ်များနေလို့ပါ"

လုကောင်းကျီးက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ဒါ့ပြင် ကျွန်မက ဆေးပညာမဟာမိတ်အဖွဲ့ရဲ့ တရားဝင် ဆေးပညာရှင်တစ်ယောက်ပါ"

ထိုသို့ပြောဆိုပြီးနောက် လုကောင်းကျီးသည် သူမ၏ဝတ်ရုံကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆွဲလိုက်သည်။

ထိုတံဆိပ်ပြားပေါ်တွင် ဆေးမီးဖိုပုံစံတစ်ခုကို ထွင်းထုထားပြီး ထိုအရာ၏အထက်တွင် တိမ်တိုက်ပုံစံတစ်ခုကို ထွင်းထုထားသည်။

ဆေးပညာမဟာမိတ်အဖွဲ့...အဝါရောင်အဆင့် ဆေးပညာရှင်...

ဤအချိန်အခိုက်အတန့်တွင် အနီးပတ်ဝန်းကျင်၌ စကားစမြည်ပြောဆိုရယ်မောနေသော အထက်တန်းလွှာလူငယ်များအားလုံး၏မျက်လုံးများ လုကောင်းကျီးထံသို့ ကျရောက်လာသည်။

"ဂျူနီယာညီမလေးလု... မင်း ဘယ်တုန်းက တရားဝင် ဆေးပညာရှင် ဖြစ်သွားတာလဲ"

ကျန်းစစ်မင်၏စိတ်နှလုံးသားသည် တုန်ရီသွားပြီး လုကောင်းကျီးကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က လုကောင်းကျီးသည် ဆေးပညာအလုပ်သင်တစ်ဦးသာ ဖြစ်သည်။

အဝါရောင်အဆင့် ဆေးပညာရှင်နှင့် ဆေးပညာအလုပ်သင်ကြားတွင် အဆင့်တစ်ဆင့်သာ ခြားနားသော်လည်း ကွာခြားချက်မှာ ကြီးမားပေ၏။ အနိမ့်ဆုံးအဆင့် ဆေးပညာရှင်ပင်လျှင် လူများအားလုံး၏လေးစားခြင်းကို ခံရသည်။ သို့ရာတွင် သာမန်ဆေးပညာအလုပ်သင်တစ်ဦးမှာမူ လေးစားခံရရုံသာဖြစ်ပြီး ဆေးပညာလောကတွင် အစေခံများကဲ့သို့ဖြစ်ကာ စစ်မှန်သော ဂုဏ်ပုဒ်မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဆေးပညာအလုပ်သင်မှ ဆေးပညာရှင်အဖြစ်သို့ တိုးမြှင့်ခံရခြင်းသည် တိုက်ဆိုင်မှုသက်သက်ဖြင့် ဖြစ်မြောက်နိုင်သည့်အရာ မဟုတ်ချေ။

ထိုသို့ဖြစ်မြောက်ရန်အတွက် တစ်စုံတစ်ယောက်သည် ဆေးပညာရပ်၌ ကျယ်ပြန့်သောဗဟုသုတနှင့် အတွေ့အကြုံများရှိရန် လိုအပ်သည်။

လုကောင်းကျီးသည် မြို့ငယ်လေးတစ်မြို့မှ လူတစ်ယောက်သာဖြစ်ပေ၏။ သူမ၏အမြင်သည် ကျဉ်းမြောင်းပြီး အဆက်အသွယ်လည်း မရှိပေ။ သူမသည် အစစ်အမှန် ဆေးပညာရှင်တစ်ယောက် မည်သို့ ဖြစ်လာနိုင်မည်နည်း။

လုကောင်းကျီးက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ကျွန်မက ဆေးပညာရှင်တစ်ယောက် ဖြစ်သွားပြီဆိုတာ စီနီယာအစ်ကိုကျန်းကို သတင်းပို့ရအုံးမှာလား"

ကျန်းစစ်မင်၏မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။

ယခင်က လုကောင်းကျီးသည် သူ့ကို ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ချေ။

"ဟား ဟား ဟား..မင်းက ဆေးပညာရှင် တစ်ယောက်ကိုး...ငါ ခုဏက ရိုင်းပြသွားတယ်....မိန်းကလေးလု ငါ့ရဲ့အိမ်တော်မှာ မြေကမ္ဘာအဆင့် ဆေးပညာရှင်တစ်ယောက် ရှိတယ်...တကယ်လို့ မင်းကသာ ဒီထက်ပိုပြီး တိုးတက်ချင်တယ်ဆိုရင် ငါ ကူညီပေးနိုင်တယ်"

ကျိုးယွမ်ဟောင်သည် သူမ၏ခန္ဓာကိုယ်ပေါ်မှ တံဆိပ်ပြားကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပလာသည်။

ကျိုးယွမ်ဟောင်အတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ သာမန်ကျောင်းသူတစ်ဦးသည် ကစားစရာတစ်ခုမျှသာဖြစ်သည်။

သို့ရာတွင် ထိုမိန်းကလေးသည် ဆေးပညာရှင်တစ်ယောက်ဖြစ်လျှင်မူ လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။

ချောမောလှပသော ဆေးပညာရှင်မလေးတစ်ယောက်၏နှလုံးသားကို သူ သိမ်းပိုက်နိုင်မည်ဆိုသည့်အတွေးက သူ့ကို စိတ်လှုပ်ရှားစေသည်။

တခြားအထက်တန်းလွှာလူငယ်များကလည်း မီးလောင်ရာလေပင့်လိုက်ကြ၏။

"ဟုတ်တယ် မိန်းကလေးလု...မင်းက ဆေးပညာရှင်တစ်ယောက်ဖြစ်လာတဲ့ ပါရမီရှင်တစ်ယောက်ပဲ...သိုက်မင်းသားရဲ့အိမ်တော်မှာ တကယ့်ကို ဆေးပညာရှင်ကြီးတစ်ယောက် ရှိတယ်... သူ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေမှာပဲ"

"ဒီလို အခွင့်အရေးမျိုးက ရခဲတယ်.... ဒါကြောင့် မင်း အမိအရ ဆုပ်ကိုင်ထားရမယ်"

ကျန်းစစ်မင်ကလည်း အကြံပေးသည်။

"ဂျူနီယာညီမလေးလု...ရတနာမျှော်စင်မှာ အရင်က ငါတို့ကြားမှာ နားလည်မှုလွဲတာတွေရှိခဲ့တာကို ငါ သိတယ်...ဒါပေမဲ့ ငါက မင်းအတွက် တကယ် စဉ်းစားပေးနေတာပါ...ဒီအခွင့်အရေးကို လွဲချော်သွားရင် မင်း တသက်လုံး နောင်တရနေလိမ့်မယ်"

Chapter 5164

ရတနာမျှော်စင်မှ အဖြစ်အပျက်များပြီးဆုံးသွားစဥ်မှစ၍ လုကောင်းကျီးသည် ကျန်းစစ်မင်အပေါ် အလွန်အေးစက်နေခဲ့သည်။

ကျန်းစစ်မင်သည် သူ၏စကားလုံးများနှင့် အမူအယာများကို သတိပြုမိပြီး လုထျန်းကျုံး၏ ရှေ့မှောက်တွင် သူ ဆုတ်ခွာခဲ့ခြင်းက လုကောင်းကျီး၏မကျေနပ်မှုကို ဖြစ်စေသည်ဟု ခန့်မှန်းမိလေ၏။

သို့ရာတွင် သူသည် လုကောင်းကျီးကို မပိုင်ဆိုင်နိုင်သည့်တိုင် အလွတ်ပေးမည်မဟုတ်ပေ။ သူသည် လုကောင်းကျီးကို ကျိုးယွမ်ဟောင်ထံ ဆက်သပြီး အထက်တန်းလွှာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရန် ကြံစည်ခဲ့သည်။

ကျန်းစစ်မင်သည် ကျန်းမိသားစု၏သခင်လေးတစ်ဦးဖြစ်သော်လည်း အမှန်အားဖြင့် သူသည် သွေးဝေးမျိုးဆက်တစ်ခုမှသာ ဆင်းသက်လာသူပင်။ သူသည် ကံကောင်းစွာဖြင့် မိသားစုလုပ်ငန်းအချို့ကို တာဝန်ယူခွင့်ရခဲ့သော်လည်း အမတ်ကြီးများ၏သားသမီးများကြားတွင်မူ သူသည် အရေးမပါလှချေ။ သူသည် တရားမဝင်သော သားတစ်ယောက်သာ ဖြစ်ပေ၏။

ထိုသို့သောလူများကို အကောင်းဆုံးအားဖြင့် ချမ်းသာကြွယ်ဝသူများဟုသာ မှတ်ယူနိုင်သော်လည်း မြင့်မြတ်သူများဟု အနည်းငယ်မျှ မယူဆနိုင်ချေ။

ဤအကြောင်းကြောင့် ကျန်းစစ်မင်သည် လုကောင်းကျီးကို သူ၏အလောင်းအစားအဖြစ် အသုံးပြုလိုက်၏။

"မလိုပါဘူး...ကျွန်မမှာ ဆရာရှိတယ်..."

လုကောင်းကျီးက ပြတ်သားစွာ ငြင်းဆန်ပြီး အေးစက်စက်တုံ့ပြန်လိုက်သည်။

"မင်းမှာ ဆရာ ရှိတာလား... သူက ဘယ်သူလဲ"

ကျန်းစစ်မင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လုကောင်းကျီးသည် သူနှင့် အနည်းငယ် မျှ မပူးပေါင်းသည်ကို မြင်တွေ့ချိန်၌ သူ အနည်းငယ် စိုးရိမ်ပူပန်လာသည်။

"အမှန်ပဲ..."

လုကောင်းကျီး၏မျက်လုံးအကြည့် ရွေ့လျားသွားပြီး ရုတ်တရက် လူအုပ်အကြားမှ တစ်စုံတစ်ယောက်ကို မြင်လိုက်ရာ သူမ၏ မျက်နှာအမူအယာ အနည်းငယ်တောင့်တင်းသွားသည်။

သူမသည် သူမ၏နူးညံ့သေးသွယါသောလက်ကို မြှောက်လိုက်ပြီး လူအုပ်အကြားမှ ထိုလူကို ညွှန်ပြကာ ပြောဆိုလိုက်၏။

"ကျွန်မရဲ့ဆရာက သူပဲ"

ဘယ်သူလဲ...

နံဘေးပတ်ဝန်းကျင်မှ အထက်တန်းလွှာလူငယ်များအားလုံးသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

အဝေးမှလူအုပ်အကြားတွင် လုယွီသည် ဝိုင်အရက်ခွက်တစ်ခွက်ကို ကိုင်ဆောင်ပြီး ဝေ့မုန်ထင် ကျန်းယုချင်တို့နှင့်အတူ စကားပြောရယ်မောနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူသည် သူမတို့ကို စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများ မကြာခဏ ပြောပြနေသဖြင့် ထိုအမျိုးသမီးနှစ်ဦးကို ရယ်မောပြုံးရွှင်နေစေသည်။ ထိုအမျိုးသားသည် ချောမောခန့်ညားပြီး သူရဲကောင်းဆန်ကာ အမျိုးသမီးများမှာလည်း ဆွဲဆောင်မှုရှိပြီး လှပသဖြင့် သူတို့သည် လိုက်ဖက်သော စုံတွဲတစ်တွဲပင်။

"ဟုန်ဖုန်းမင်းသမီး... ဝေ့အိမ်တော်ရဲ့သခင်မလေး..."

ကျိုးယွမ်ဟောင်သည် ထိုအမျိုးသမီးနှစ်ဦးကို မြင်ပြီးနောက် သူ၏စိတ်နှလုံးသား ရုတ်တရက် တုန်ရီသွားသည်။ ဤသည်မှာ သူ ပုံမှန်အချိန်များတွင် မည်သည့်အခါမျှ မမြင်နိုင် မတွေးတောနိုင်သည့် အရာတစ်ခုခုကို မြင်လိုက်ရသည့်အလားပင်။

တော်ဝင်မြို့တော်မှ အထက်တန်းလွှာလူငယ်များကြားတွင် ဤအလှပဂေးနှစ်ယောက်ကို မလိုချင်သူဟူ၍ မရှိပေ။

ထိုအမျိုးသမီးနှစ်ဦးသည် လှပရုံသာမက သူမတို့၏နောက်ခံမှာလည်း အလွန်တောင့်တင်းသည်။

မည်သူမဆို ဤအမျိုးသမီးနှစ်ဦးကို လက်ထပ်နိုင်လျှင် နဂါးကိုစီးပြီး တစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ တက်လှမ်းနိုင်သော သားမက်ဟု ခေါ်ဆိုနိုင်မည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ဤအမျိုးသမီးနှစ်ဦးလုံးသည် သူမတို့၏ အေးစက်သော အလှတရားများကြောင့် လူသိများကျော်ကြားသည်။ ဝေ့မုန်ထင်မှာမူ ပြောစရာမလိုအောင်ပင် ဓားအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူမအား ရိုင်းပြစွာ ပြောဆိုဝံ့သူတိုင်းသည် သူမ၏ ဓားဖြင့် ချက်ချင်း လက်တုံ့ပြန်ခြင်းခံရပေမည်။ တစ်ချိန်တည်းမှာပင် ကျန်းယုချင်တွင်မူ လူအများကို တွန်းလှန်သော အရှိန်အဝါရှိပြီး သူမနှင့် မိတ်ဖွဲ့ရန် ကြိုးစားသူတိုင်း ယဉ်ကျေးစွာ ငြင်းပယ်ခြင်း ခံခဲ့ရသည်။

ကျိုးယွမ်ဟောင်သည် တစ်ချိန်က ထိုအမျိုးသမီးနှစ်ဦးနှင့် မိတ်ဖွဲ့ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းငြင်းပယ်ခံခဲ့ရသည်။

မြို့တော်တခွင်တွင် ကျော်ကြားသော ဤအလှပဂေးနှစ်ယောက်သည် လူငယ်တစ်ယောက်၏ ရှေ့တွင် ရင်းနှီးစွာ ပြုံးပြနေလိမ့်မည်ဟု မည်သူမျှ မတွေးထင်ခဲ့ပေ။

ပြင်းထန်သောဒေါသသည် ကျိုးယွမ်ဟောင်၏အာရုံကြောများကို တင်းမာသွားစေပေ၏။ သူက ရုတ်တရက် အေးစက်တင်းမာသောအမူအယာဖြင့် ပြောဆိုလိုက်သည်။

"မိန်းကလေးလု....မင်းရဲ့ဆရာက တော်တော်အစွမ်းထက်တာပါလား..."

လုကောင်းကျီးသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

သူမသည် လုယွီနှင့် ဝေ့မုန့်ထင် ကျန်းယုချင်တို့ စကားပြောနေသည်ကို မြင်ပြီး အကြောင်းအရင်းမသိဘဲ သူမ၏စိတ်နှလုံးသားထဲတွင် ဝမ်းနည်းမှုအနည်းငယ် ပေါ်ပေါက်လာသည်။ သို့ရာတွင် သူမသည် ထိုခံစားချက်ကို လျင်မြန်စွာ ချိုးနှိမ်လိုက်၏။ လုယွီသည် ယောက်ျားကောင်းတစ်ယောက်ဖြစ်သဖြင့် သူ၏နံဘေးတွင် အလှပဂေးအချို့ရှိနေခြင်းမှာ ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ရပ်ပင်။

"အမှန်ပဲ...သူက အရမ်းအစွမ်းထက်တယ်"

လုကောင်းကျီးက သူမ၏ ဖြူဖွေးသောလည်တိုင်ကို အနည်းငယ်မော့ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်သည်။

ပတ်ဝန်းကျင်မှ အထက်တန်းလွှာလူငယ်များသည် ဇဝေဇဝါဖြစ်သွားကာ သူတို့သည် လုယွီ၏ နောက်ခံအကြောင်းကို တစိုးတစိမျှ မသိကြချေ။

"ဟား ဟား ဟား...ဒီကောင်လေးကိုး ...သူက လုမိသားစုကို လာရဲတယ်ပေါ့...သူက တကယ်ပဲ သူ့နေရာသူ မသိဘူး"

ကျန်းစစ်မင်သည် လုယွီဖြစ်ကြောင်း မြင်ချိန်၌ သူ၏မျက်လုံးများအတွင်းတွင် မုန်းတီးမှုနှင့် လှောင်ပြောင်သရော်လိုမှုများ ထင်ဟပ်လာသည်။

ရတနာမျှော်စင်တွင် လုယွီသည် သူ့ကို အကြိမ်ပေါင်းများစွာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ယခုချိန်၌ လုယွီကို မြင်တွေ့ချိန်တွင် ကျန်းစစ်မင်၏မျက်လုံးများအတွင်း၌ မထီမဲ့မြင်ပြုခြင်းနှင့်လှောင်ပြောင်ခြင်းများသာ ရှိနေပေ၏။

Chapter 5165

"ရှောင်ကျန်း....မင်း ဒီကောင်ကို သိလား"

ကျိုးယွမ်ဟောင်က အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

သူသည် သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။ အထူးသဖြင့် သူ့ကို ခါးခါးသီးသီးငြင်းပယ်ခဲ့သော အလှပဂေးနှစ်ယောက်သည် တခြားယောက်ျားတစ်ယောက်ရှေ့တွင် ပျော်ရွှင်စွာ ပြုံးနေသည့်အဖြစ်မှာ သူအတွက် ပို၍လက်မခံနိုင်ဖွယ်ရာပင်။

သိုက်မင်းသားဖြစ်သဖြင့် ငယ်စဉ်ကတည်းက ကျိုးယွမ်ဟောင် လိုချင်သည့်အရာကို မည်သူမျှ ယူဆောင်သွား၍ မရချေ။

"သူတို့က ကျွန်တော်တို့ကျောင်းတော်က တပည့်တွေပါပဲ...မင်းသားလည်း သိမှာပါ...ကျွန်တော်တို့ကျောင်းမှာ အခုထိ ကျန်နေသေးတဲ့လူတွေက ဘယ်လိုလူစားမျိုးတွေလဲဆိုတာ..."

ကျင်းစစ်မင်က သရော်တော်တော် ပြောဆိုသည်။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းသားတစ်ယောက်လား... ဟမ့်...အတင့်ရဲလိုက်တာ"

လုယွီ၏ဂုဏ်ပုဒ်ကို ကြားချိန်၌ ကျိုးယွမ်ဟောင်သည် သူ၏ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်သည်။

ကျောင်းတော်ငါးခုသည် တာယွီအင်ပါယာ၏ ထိပ်သီးအင်အားစုများပင်။ ဤကျောင်းတော်များမှ ကျောင်းတော်သားများသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လေးစားခံရပြီး မြင့်မားသောဂုဏ်ပုဒ်များ ရှိကြသည်။ သို့ရာတွင် ကျိုးယွမ်ဟောင်ကဲ့သို့ ချမ်းသာကြွယ်ဝပြီး မြင့်မြတ်သူတစ်ဦး၏ရှေ့တွင် ထိုသို့သော ဂုဏ်ပုဒ်သည် တစိုးတစိမျှ အဓိပ္ပာယ်မရှိချေ။ သူတို့သည် ကျောင်းတော်များမှ ကျောင်းတော်သားအများစုကို သူတို့အတွက် အမှုထမ်းရန် စကားတစ်ခွန်းဖြင့် စည်းရုံးနိုင်ကြသည်။

ထို့ပြင် ဤအချိန်အခိုက်အတန့်တွင် ကျောင်းတော်များ၌ ကျန်ရှိနေသောလူများသည် အရည်အချင်းမြင့်မားမှုမရှိသော လူများပင်။

ကျောင်းတော်သားတစ်ယောက်ထံ၌ အမှန်တကယ် အရည်အချင်းရှိလျှင် ကြားဖြတ်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုကာ ရွေးချယ်ခံအရာရှိတစ်ဦးအဖြစ် မြို့တော်မှ ထွက်ခွာသွားလောက်လေပြီ။

"ဟုန်ဖုန်းမင်းသမီးလေးနဲ့ ဝေ့သခင်မလေးတို့က အလိမ်ခံလိုက်ရတာလား... ဒီလိုလူမျိုးက စကားပြောကောင်းတာပဲ ရှိတာ..တကယ်တမ်းကျတော့ သူ့မှာ အရည်အချင်းနည်းနည်းလေးမှ မရှိဘူး"

လူငယ်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

သူတို့အနက်မှအမျာစုသည် လုယွီကို မနာလိုသောမျက်လုံးအကြည့်များဖြင့် ကြည့်နေကြ၏။

လက်ရှိနေရာတွင်ရှိနေသော အထက်တန်းလွှာလူငယ်များအနက် အများစုသည် ထိုရေခဲမင်းသမီးလေးနှစ်ယောက်ကို ပိုးပမ်းခဲ့ဖူးပြီး နောက်ဆုံးတွင် ရက်စက်စွာ ငြင်းပယ်ခံခဲ့ရသည်။

သို့ရာတွင် သူတို့၏ရှေ့မှ ဤအမည်မသိလူစိမ်းကို ကြည့်လိုက်ချိန်၌ သူသည် ထိုအမျိုးသမီးနှစ်ဦးနှင့် စကားပြောကာ ရယ်မောနိုင်နေသည်။

ဤအရာသည် သူတို့အားလုံး၏စိတ်နှလုံးသားများကို ပြင်းပြင်းထန်ထန် ထိခိုက်စေပေ၏။

"စိတ်မပူပါနဲ့ အရှင်မင်းသား...ကျွန်တော်က အဲ့ဒီနေရာကို ချက်ချင်းသွားပြီး သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်မယ်"

ကျင်းစစ်မင်သည် ကျိုးယွမ်ဟောင်၏အမူအယာကို သတိပြုမိသွားကာ ချက်ချင်းပြောဆိုလိုက်သည်။

သူသည် ဤအထက်တန်းလွှာလူငယ်များ၏ အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လိုလျှင် အနည်းဆုံး သစ္စာခံမှုတစ်ခုကို ပြသရပေမည်။

ကျန်းစစ်မင် မတ်တတ်ထရပ်လိုက်စဉ်တွင် ရုတ်တရက် လုကောင်းကျီး၏ အေးစက်စက်အသံကို သူ၏နားထဲတွင် ကြားလိုက်ရသည်။

"စီနီယာအစ်ကိုကျန်း....ကျွန်မ အကြံပေးချင်တာကတော့ ရှင် အဲ့ဒီကို မသွားသင့်ဘူး"

လုကောင်းကျီး၏မျက်လုံးများသည် အေးစက်တင်းမာနေပြီး လက်ရှိနေရာတွင်ရှိနေသော အထက်တန်းလွှာလူငယ်များအားလုံးကိုတစ်ချက် ကြည့်လိုက်သည်။

ကျန်းစစ်မင်၏မျက်နှာ အနည်းငယ် တောင့်တင်းသွားသည်။ တစ်ချိန်က ကြောက်တတ်သော လုကောင်းကျီးသည် မည်သည်ကြောင့် ဤမျှထိ ပြောင်းလဲသွားသည်ကို သူ မသိရှိပေ။

ဤမိန်းကလေးသည် မြို့ငယ်လေးတစ်မြို့မှ ကောင်မလေး ဟုတ်ပါသလော...

"ဘာလို့ မသွားရမှာလဲ..ရှောင်ကျန်း သွားလိုက်စမ်း.. အဲ့ကောင်ကို မောင်းထုတ်လိုက်..ငါ ခိုင်းတယ်လို့သာ ပြောလိုက်စမ်း..."

ကျိုးယွမ်ဟောင်သည် စားပွဲကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်ပြီး သူ့ထံတွင် မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ဝိုင်အရက်အတော်များများ သောက်ထားပြီး သူ၏မျက်နှာသည် အနည်းငယ်နီမြန်းနေပေ၏။ သူ၏ မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူ့ထံတွင်လောကကြီးအတွင်းရှိ မည်သူ့ကိုမျှ အထင်မကြီးသော အရှိန်အဝါတစ်ရပ် ရှိနေသည်။

"ဟုတ်ကဲ့..."

ကျန်းစစ်မင်က ပြုံးပြီး လုကောင်းကျီးကို ကြည့်လိုက်၏။

"ဂျူနီယာညီမလေးလု ဘာမှစိတ်မပူပါနဲ့... ဒီကောင်လေးက ငါတို့ကျောင်းတော်က ဖြစ်နေမှတော့ ငါ သူ့ကို ပေါ့ပေါ့ပါးပါးပဲ အပြစ်ပေးမှာပါ..သူ့ကို အရမ်းကြီး ထိခိုက်ဒဏ်ရာရအောင် ငါ လုပ်မှာမဟုတ်ဘူး"

ဤအချိန်အခိုက်အတန့်တွင် ကျင်းစစ်မင်၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အပြုံးဖြင့် ပြည့်နှက်နေသည်။

သူသည် ကျောင်းတော်တူတပည့်များကြားတွင် ပြိုင်ဘက်အနည်းငယ်သာ ရှိပေ၏။ ထို့ပြင် ကျန်းမိသားစုသည် သွေးဝေးမျိုးရိုးမှ မိသားစုဝင်တစ်ဦးဖြစ်သော သူ့ကို မိသားစုလုပ်ငန်းတစ်ခု၏ အကြီးအကဲအဖြစ် ရွေးချယ်ခဲ့သည်။

ကျင်းစစ်မင်၏အမြင်အရ လုယွီကို ဖြေရှင်းခြင်းသည် ဆန်မုန့်တစ်ခုစားသလောက် လွယ်ကူသည်။

"ရှင် မှားနေပြီ"

လုကောင်းကျီးက ခေါင်းခါပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

"ကျွန်မက သူ့အတွက် စိတ်ပူနေတာ မဟုတ်ဘူး... ရှင့်အတွက် စိတ်ပူနေတာ..."

"ကောင်မလေး...မင်း ဘာကိုဆိုလိုတာလဲ... ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းသားတစ်ယောက် ဖြစ်တာအပြင် အဲ့ဒီကောင်က ဆေးပညာရှင်တစ်ယောက်လည်း ဖြစ်နေလို့လား...ဟား ဟား ဟား...တခြားလူတွေက ဆေးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို အလေးထားချင်ထားမယ်... ဒါပေမဲ့ ငါကတော့ ဂရုမစိုက်ဘူး"

ကျိုးယွမ်ဟောင်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏မျက်နှာအမူအယာသည် ပို၍ပို၍ရိုင်းစိုင်းလာပေ၏။

Thank For Reading.

All Chapters