အခန်း (၅၁၆၆-၅၁၇၀)
Vol. 262 Ch. 5166-5170
Chapter 5166
ကျိုးယွမ်ဟောင်က သူ၏လက်ထဲမှ ဝိုင်အရက်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး မောက်မာထောင်လွှားစွာ ပြောဆိုသည်။
"ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်....မင်းတို့ရဲ့ ဆေးပညာမဟာမိတ်အဖွဲ့မှာ ကောင်းကင်အဆင့် ဆေးပညာရှင် အနည်းစုကလွဲရင် ငါ့ရဲ့ ယဉ်ယဥ်ကျေးကျေးဆက်ဆံမှုကို ခံထိုက်တဲ့လူ သိပ်မရှိဘူး"
ဤသို့ပြောဆိုပြီးနောက် ကျိုးယွမ်ဟောင်က လုကောင်းကျီးကို စူးစိုက်၍ကြည့်လိုက်ပြီး သူ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းနေပေ၏။
"မင်းနဲ့ စကားပြောပြီး အချိန်ဖြုန်းဖို့တောင် ငါ စိတ်မဝင်စားဘူး....အဲ့ဒီကောင်က မင်းကို ကာကွယ်ပေးထားလို့ မင်း ဒီလောက်ထိ ဆတ်ဆတ်ထိမခံ ဖြစ်နေတာလား...သူက ဘာကောင်မလို့လဲ... ငါ့ရဲ့ အလေးအနက်ထားမှုနဲ့ ထိုက်တန်လို့လား"
ကျိုးယွမ်ဟောင်သည် ဒေါသထွက်သွားပြီး သူ၏ပတ်ဝန်းကျင်မှ လူများအားလုံး တိတ်ဆိတ်သွားသည်။
လူအများသည် ဤမင်းသား၏ဒေါသကို သိထားကြသည်။ ကျိုးယွမ်ဟောင်ကို ဒေါသထွက်စေသူတိုင်းသည် ဆိုးရွားသော အခြေအနေဖြင့် အဆုံးသတ်ရပေလိမ့်မည်။
သူတို့အားလုံးသည် လုကောင်းကျီးကို သနားကြင်နာစွာ ကြည့်လိုက်ကြ၏။ ဤမိန်းကလေးသည် တခြားမည်သူ့ကိုမဆို ရန်စနိုင်သော်လည်း သူမသည် ဤနတ်ဆိုးကဲ့သို့ပုဂ္ဂိုလ်ကို သွားရောက်ရန်စခဲ့လေသည်။ ယခုချိန်တွင်မူ ဤမိန်းကလေးသာမက သူမ၏နောက်ကွယ်မှ လူများလည်း ဒုက္ခရောက်ကြရတော့မည်ကို သူတို့ စိုးရိမ်မိသည်။
"သူလား...."
လုကောင်းကျီးသည် လုယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ရှိနေရာတွင်ရှိနေသော အထက်တန်းလွှာလူငယ်များကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။
"သူက နင်တို့ ရန်စစော်ကားလို့ မရတဲ့လူပဲ"
ထိုသို့ပြောဆိုပြီးနောက် လုကောင်းကျီးသည် လှည့်ထွက်သွားလေ၏။ သူမသည် မင်းသားကိုပင် အလေးမထားသည့်အလား တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားသည်။
"ခွေးမ...."
ကျိုးယွမ်ဟောင် စားပွဲကို ရိုက်ပုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။
ကျန်းစစ်မင်က ချက်ချင်းပြောဆိုသည်။
"အရှင့်သား.. စိတ်လျှော့ပါ ကျွန်တော် သူ့ကို ချက်ချင်း ပြန်ခေါ်လိုက်ပါ့မယ်... ဒီမိန်းကလေးက မြို့ငယ်လေးက လာတာပါ...သူက စည်းကမ်းတွေ သိပ်မသိဘူး....သူ့လိုလူမျိုးအတွက်နဲ့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့"
"သွားစမ်း..."
ကျိုးယွမ်ဟောင်သည် ကျန်းစစ်မင်ကို နံဘေးသို့ ပုတ်ထုတ်လိုက်ပြီး လုကောင်းကျီး၏ ထွက်ခွာသွားသော နောက်ကျောပြင်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းတွင် ရက်စက်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
"ကောင်းပြီ...ကောင်းပြီ...ကောင်းပြီလေ...ငါက ဒီကောင့်ကို အရင်ဆုံး မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ဦးမယ်... ပြီးမှ ငါက မင်းနဲ့ ပြန်ရှင်းမယ်.... ခွေးမ...."
ကျိုးယွမ်ဟောင်သည် အလွန်ဒေါသထွက်နေပြီး သူ၏မျက်လုံးများအတွင်း၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော ဆိုးယုတ်သည့် အတွေးများသည် သူ၏စိတ်အတွင်းတွင် ချက်ချင်းဖြတ်ပြေးသွားပေ၏။ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး လုယွီထံသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလေသည်။
ကျိုးယွမ်ဟောင် လှုပ်ရှားလိုက်သည်နှင့် သူ၏နောက်မှ အထက်တန်းလွှာလူငယ်တစ်စုလုံး လိုက်ပါလာကြသည်။ တော်ဝင်မိသားစု၏ အမွေဆက်ခံသူတစ်ဦး ဖြစ်သည့်အလျောက် ကျိုးယွမ်ဟောင်သည် သွားလေရာနေရာတွင် လူအများ၏ အာရုံစိုက်ခံရမှုဗဟိုချက် ဖြစ်လာသည်။ ကျိုးယွမ်ဟောင် လှုပ်ရှားသည်ကို မြင်လျှင် လူတိုင်းသည် သူတို့၏ အကြည့်များကို သူ့ထံသို့ ချက်ချင်းရွှေ့ပြောင်းလိုက်ကြ၏။
"ကျန်းမင်းသမီး ဝေ့သခင်မလေး... မတွေ့တာ တောင်ကြာပြီပဲ"
ကျိုးယွမ်ဟောင်သည် ရှေ့သို့လျှောက်လှမ်းလာပြီး ထိုမိန်းကလေးနှစ်ယောက်ကို ရင်းနှီးကျွမ်းဝင်သောပုံစံဖြင့် နှုတ်ဆက်ကာ ရယ်မောလိုက်သည်။
"ကျိုးယွမ်ဟောင်"
ကျန်းယုချင်နှင့်ဝေ့မုန့်ထင်တို့သည် လှည့်ကြည့်လိုက်ပြီးနောက် ကျိုးယွမ်ဟောင်ကို မြင်သည့်အချိန်တွင် တပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ သူမတို့၏အမူအယာသည် သူတို့ မနှစ်သက်သော အရာတစ်ခုကို မြင်လိုက်ရပြီး ဖုံးကွယ်၍မထားနိုင်သည့်အလားပင်။
သူမတို့သည် ကျိုးယွမ်ဟောင်ကို သိရှိပေ၏။ မြို့တော်၏ နာမည်ကြီးလူရှုပ်တစ်ဦးဖြစ်သော သူသည် မတွေးဝံ့ဖွယ်ဖြစ်သည့် ညစ်ညမ်းသော အရာများစွာကို လုပ်ဆောင်ခဲ့ပေသည်။ ဥပမာအနေဖြင့် သူသည် အစေခံမလေးများကို သေသည်အထိ ညှဉ်းပန်းနှိပ်စက်လေ့ရှိပြီး ပိုဆိုးသည်မှာ အိမ်ထောင်သည်အမျိုးသမီးများကို အဓမ္မ သိမ်းပိုက်ကာ မိသားစုများစွာကို ပျက်စီးစေခဲ့ခြင်းပင်။
ကျိုးယွမ်ဟောင်ကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း ထိုအရာများအားလုံး ဖိနှိပ်ခြင်းခံခဲ့ရလေ၏။ တော်ဝင်မိသားစုဝင်တစ်ဦးအနေဖြင့် ကျိုးယွမ်ဟောင်သည် ကလေးဘဝကတည်းက ကျိုးယွမ်ယန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။ ကျိုးယွမ်ယန် နန်းတက်ပြီးနောက် သူသည် ကျိုးယွမ်ဟောင်ကို ယုံကြည်ရသော လူယုံတစ်ဦးကဲ့သို့ ဆက်ဆံကာ ရတနာအမြောက်အများကို လက်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် ကျိုးယွမ်ဟောင်သည် မြို့တော်တွင် သြဇာအာဏာ ကြီးမားစွာ ရရှိခဲ့ကာ မည်သူမျှ သူ့ကို ရန်မစဝံ့ကြချေ။
"မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ... ငါတို့နဲ့အတူ လိုက်ခဲ့ပြီး သောက်ကြရအောင်"
ကျိုးယွမ်ဟောင်က အပြုံးနှင့် ဖိတ်ခေါ်လိုက်သည်။
ကျန်းယုချင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမသည်ပင်ကိုစရိုက်အရ အနည်းငယ် အားနာတတ်သဖြင့် မည်သို့ ငြင်းဆန်ရမည်ကို မသိချေ။
သို့ရာတွင် ဝေ့မုန့်ထင်ကမူ ကွဲပြားခြားနားသည်။ သူမသည် ကျိုးယွမ်ဟောင်ကို အေးစက်တင်းမာစွာကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ကျွန်မတို့ အလုပ်များနေပါတယ်... အရှင့်သားက တခြားတစ်ယောက်ယောက်နဲ့ သွားကစားပါ"
Chapter 5167
ကျိုးယွမ်ဟောင်၏အမူအယာသည် အနည်းငယ် ပြောင်းလဲသွားပေ၏။ သူသည် ဝေ့မုန့်ထင်ကို စူးစိုက်ကြည့်လိုက်ပြီး သူ၏အသံ တဖြည်းဖြည်း ပို၍ဆိုးယုတ်လာသည်။
"ဝေ့သခင်မလေး...မင်းကို ငါက မဖိတ်ခေါ်နိုင်ဘူးလို့ မင်း ထင်နေတာလား"
ဝေ့မုန့်ထင်သည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူမ၏မျက်လုံးများအတွင်းတွင် အေးစက်သော ဓားအရှိန်အဝါနှစ်ရပ် ဖြတ်ပြေးသွားသည်။ သူမသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် မည်သူ့ကိုမျှ မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ သူမသည် ရန်သူများကို လက်စားချေရန်နှင့် သူမ၏စိတ်ကို ထိန်းချုပ်နိုင်ရန်သာ ကြိုးပမ်းထားပေ၏။ ယခုချိန်၌ ကျိုးယွမ်ဟောင်က သူမကို ခြိမ်းခြောက်ရဲသည်မှာ ဝေ့မုန့်ထင်၏အောက်ဆုံးစည်းကို ထိပါးလိုက်ခြင်းပင်။
"မင်း နားမလည်ဘူးလား....သူ အလုပ်များနေတယ်လို့ ပြောတယ်လေ"
လုယွီက ရုတ်တရက် ပြောဆိုသည်။
"မင်းက ဘာကောင်မို့လို့လဲ... ဒီနေရာမှာ စကားပြောခွင့် ရှိလို့လား"
ကျိုးယွမ်ဟောင်သည် ဒေါသတကြီး ရယ်မောလိုက်ပြီး လုယွီ၏ရှေ့တည့်တည့်တွင် မတ်တတ်ရပ်ကာ သူ့ကို ရန်စသောအကြည့်ဖြင့် စူးစိုက်၍ကြည့်လိုက်၏။
ထိုအချိန်မှာပင် ကျန်းစစ်မင်က လျင်မြန်စွာ လျှောက်လှမ်းလာပြီး အော်ဟစ်လိုက်သည်။
"ကောင်စုတ်လေး ဒီနေရာမှာ ပြဿနာရှာရဲတာလား...ဒီလူက ဘယ်သူလဲဆိုတာ မင်း သိလား... လုထျန်ကျုံးကို ရန်စတာက ထားပါတော့...မင်းက သူ့ကိုပါ ရန်စရဲသေးတယ်... မင်းက သေချင်နေတာပဲ"
"အိုး...သူက ဘယ်သူလဲ"
လုယွီက ဂရုမစိုက်သည့်လေသံဖြင့် မေးမြန်းသည်။
"ငါ ပြောလိုက်ရင် မင်း ကြောက်လန့်ပြီး သေသွားမှာ စိုးရတယ်"
ကျန်းစစ်မင်က ထပ်ခါတလဲလဲ လှောင်ပြောင်ရယ်မောလိုက်၏။
"ဒါက သိုက်မင်းသား အရှင်ကျိုးယွမ်ဟောင်ပဲ ...မင်းက သာမန်အရပ်သားတစ်ယောက်...မင်း ဒူးထောက်ပြီး အမှားဝန်ခံလိုက်တော့"
ကျန်းစစ်မင်သည် ကျိုးယွမ်ဟောင်၏ရိုက်နှက်ခြင်းကို ခံခဲ့ရသော်လည်း သူသည် လုံးဝဒေါသမထွက်သည့်အပြင် ထိုရိုက်ချက်မှာ ထိုက်တန်သည်ဟု ခံစားမိသည်။ ယခုချိန်၌ ကျန်းစစ်မင်၏စိတ်နှလုံးသားတွင် အပြစ်ရှိသကဲ့သို့ ခံစားချက်များဖြင့် ပြည့်နှက်နေပြီး မည်သို့ အမှားပြင်ဆင်ရမည်ကိုသာ တွေးတောနေသည်။
ကျိုးယွမ်ဟောင်နှင့် လုယွီတို့ ထိပ်တိုက်တွေ့နေကြသည်ကို မြင်သည့်အချိန်တွင် ကျန်းစစ်မင်သည် ချက်ချင်းရှေ့သို့ တိုးလာပြီး ကျောက်ယွမ်ဟောင်ဘက်မှ ဝင်ပြောလိုက်၏။
ပတ်ဝန်းကျင်မှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ လူအများသည် မင်းသားများကို မသိကြသော်လည်း သိုက်မင်းသားဟူသော ဘွဲ့အမည်ကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
သိုက်မင်းသားသည် မြို့တော်တွင် ကျန်ရှိနေသေးသော ကျိုးမိသားစု၏ မင်းသားအနည်းစုအနက်မှ တစ်ဦးပင်။ သူသည် ထိုက်ချမ်ဧကရာဇ်၏ ညီတော်ဖြစ်ပြီး ကျိုးထျန်းယင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။ ထို့ကြောင့် သူသည် တခြားနေရာသို့ ပြောင်းရွှေ့ခြင်း မခံရဘဲ မြို့တော်တွင် ဆက်လက်နေထိုင်ရန် အထူးခွင့်ပြုချက် ရရှိထားသည်။
မြို့တော်တွင် နေထိုင်နိုင်သော တော်ဝင်မင်းသားတိုင်းသည် ကြီးမားသော အာဏာနှင့် နက်ရှိုင်းသောနောက်ခံ ရှိသူများပင်။ သူတို့အနက်မှ မည်သူမျှ လွယ်ကူသောသူ မဟုတ်ချေ။ လူယွီသည် ကျင်းမင်းသားနှင့် ကန်မင်းသားတို့ကို မြို့တော်မှ ထွက်ခွာသွားစေခဲ့သော်လည်း မြို့တော်ရှိ ကျိုးမိသားစု၏သြဇာအာဏာသည် ကြီးမားနေဆဲပင်။
"ဟား ဟား ဟား...ကောင်းကင်ဘုံက မျက်စိရှိတာပဲ... တစ်ယောက်ယောက်ကို အမြဲတမ်း ဒီလောက်ထိ မောက်မာခွင့် ပေးမှာ မဟုတ်ဘူး" အဝေးမှနေ၍ ဤမြင်ကွင်းကို မြင်နေရသော ဖန်ရှင်းရန်၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ရပ် ထင်ဟပ်လာသည်။
နောက်ဆုံးတွင် လုယွီကို နိုင်သောသူ ထွက်ပေါ်လာလေပြီ။ သူမသည် လုယွီကို မနိုင်သော်လည်း သူ ကံဆိုးလေလေ သူမ ပို၍ပျော်ရွှင်လေလေပင်။
ကျိုးယွမ်ဟောင်၏နောက်ရှိ အထက်တန်းလွှာလူငယ်တစ်စုသည် လက်ပိုက်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်နေကြ၏။ သူတို့သည် လုယွီ မည်သို့ တုံ့ပြန်မည်ကို ကြည့်ချင်နေကြသည်။ သာမန်အရပ်သားများသည် ကျိုးယွမ်ဟောင်၏အမည်ကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ဒူးထောက်တောင်းပန်သည်ကို ကြည့်ရသည်မှာ သူတို့ အနှစ်သက်ဆုံး မြင်ကွင်းပင်။
"ဖြန်း..."
ရုတ်တရက် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာ၏။
လုယွီ မည်ကဲ့သို့ လှုပ်ရှားလိုက်သည်ကို မည်သူမျှ မမြင်လိုက်ရချေ။ သူတို့သည် အနက်ရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရပြီး ကျန်းစစ်မင်၏မျက်နှာကို ပြင်းထန်စွာ ပါးဖြတ်ရိုက်ခြင်း ခံလိုက်ရသည်။
ထိုပါးရိုက်ချက်သည် အလွန်ပြင်းထန်သောကြောင့် ကျန်းစစ်မင်သည် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားပေ၏။ သူ၏ခေါင်းသည် မြေကြီးနှင့် ပြင်းထန်စွာဆောင့်မိသဖြင့် သတိလစ်သွားသည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း...
သိုက်မင်းသား၏ ဘွဲ့အမည်ကို ကြားသည့်အချိန်တွင် လုယွီသည် ဒူးထောက်ပြီး အသနားခံရမည် မဟုတ်လော။
လုယွီသည် ရှေ့သို့တက်လာပြီး ကျန်းစစ်မင်၏ခန္ဓာကိုယ်ကို အမှိုက်တစ်ခုအား ကန်သကဲ့သို့ ကန်ကျောက်ကာ သူ့ကို ထောင့်တစ်နေရာသို့ လွင့်ထွက်သွားစေသည်။
" ငါ့ကို ဒီလို စကားပြောဖို့ သတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"
Chapter 5168
ကျိုးယွမ်ဟောင်သည် အစပိုင်းတွင် ကြောင်အသွားပြီးနောက် သူ၏မျက်နှာပေါ်မှ ဒေါသအရိပ်အယောင်များကို မထိန်းချုပ်နိုင်တော့ချေ။
ခွေးကို ရိုက်လျှင်ပင် သခင်၏ မျက်နှာကို ကြည့်ရပေ၏။
ကျန်းစစ်မင်သည် ကျန်းမိသားစု၏ တရားမဝင်တပည့်တစ်ဦးသာ ဖြစ်ပြီး အဆင့်အတန်း မရှိသော်လည်း သူသည် ကျိုးယွမ်ဟောင်၏ နောက်လိုက် ဖြစ်နေဆဲပင်။
သို့ရာတွင် လုယွီသည် ကျိုးယွမ်ဟောင်၏ အမည်ကို ကြားလိုက်ရသည့်တိုင် ကျန်းစစ်မင်ကို ကန်ထုတ်လိုက်ဆဲပင်။
ဤသည်မှာ ကျိုးယွမ်ဟောင်၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် တူညီပေ၏။
"မင်းက သေချင်နေတာပဲ"
ကျိုးယွမ်ဟောင်သည် ဒေါသထွက်သွားကာ နီမြန်းနေသော မျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းတွင် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မူလက ဤမသိနားမလည်သောကောင်လေးကို အမျိုးသမီးနှစ်ဦးထံမှ မောင်းထုတ်ချင်ရုံသာ ဖြစ်သော်လည်း လုယွီ၏အပြုအမူသည် သူ့ကို ဒေါသထွက်သွားစေခဲ့သည်။
လီစစ်မှာမူ အဝေးတွင် အမြဲ ရပ်နေခဲ့ပြီး ရှေ့သို့ တက်မလာခဲ့ချေ။ သူ၏ရှေ့မှ ဤပဋိပက္ခများသည် အပြင်လူများအတွက် ကိစ္စကြီးကြီးမားမားဟု ထင်ကြပေမည်။ သို့ရာတွင် သူ၏အမြင်အရ ဤကိစ္စများအားလုံးသည် လုယွီအတွက် မျက်စိတစ်မှိတ်အတွင်း ဖြေရှင်းနိုင်သည့် လွယ်ကူသော အရာများပင်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တချို့သည် ဆက်လက်၍ မကြည့်ရှုနိုင်တော့ဘဲ လျင်မြန်စွာဖြင့် ရှေ့သို့တက်လာပြီး ပြောဆိုလိုက်ကြ၏။
"ကျွန်တော်တို့အားလုံးက မွေးနေ့ပွဲအတွက် လာကြတာပါ...ရန်မဖြစ်ကြပါနဲ့"
"စီနီယာအစ်ကိုလုက တောင်းပန်ပြီးတော့ အရှင့်သားဆီမှာ အမှားကိုဝန်ခံလိုက်ပါလား"
သူတို့သည်လည်း တစ်ဖက်လူသည် အင်အားကြီးမားပြီး မပြဿနာရှာသင့်သူ ဖြစ်ကြောင်း သိထားကြ၏။
သို့ရာတွင် လုယွီသည် သူတို့နှင့် ကျောင်းတော်တူတပည့် ဖြစ်နေသောကြောင့် သူတို့သည် သူ့ကို ကူညီပေးရပေမည်။
"အမှားဝန်ခံရမှာလား..."
လုယွီက ခေါင်းခါလိုက်ပြီး ကျိုးယွမ်ဟောင်၏ မျက်လုံးများကို စူးစိုက်၍ကြည့်လိုက်၏။
"မင်းအဖေ လာရင်တောင် သူ ငါ့ကို ဒီလို စကားမျိုး ပြောရဲမှာ မဟုတ်ဘူး"
"ဒီနေ့က အကြီးအကဲချုပ်ရဲ့မွေးနေ့...ဒါကြောင့် ငါ ဘယ်သူ့ကိုမှ မသတ်ဘူး...ဒါပေမဲ့ မင်း ချက်ချင်း ပျောက်ကွယ်သွားရမယ်... ဒီနေ့ကစပြီး မြို့တော်မှာ မင်းကို ငါ မမြင်ချင်တော့ဘူး"
လူများအားလုံးသည် အစပိုင်းတွင် ကြောင်အသွားကာ လူအများစုသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့လက်ထဲရှိခွက်များအတွင်းမှ ဝိုင်အရက်များ ဖိတ်စင်ကုန်ကြ၏။
ဤစကားသည်သည် အလွန်မောက်မာထောင်လွှားပြီး ထက်ရှသည်။
ကျိုးယွမ်ဟောင်သည် မည်သူဖြစ်သနည်း...
သူသည် မင်းသားတစ်ပါးဖြစ်ကာ တော်ဝင်မျိုးနွယ်တစ်ယောက်ပင်။
သူနှင့် တောင်ပိုင်းဧကရာဇ် ကျိုးယွမ်ယန်တို့သည် မျိုးဆက်တူ ဖြစ်ကြပြီး သူသည် တော်ဝင်မြို့တော်ရှိ အချမ်းသာဆုံး လူရှုပ်လူပွေများအနက်မှ တစ်ယောက်ဟု သတ်မှတ်ခံရသည်။ သူ့ထံတွင် မြင့်မြတ်သော အဆင့်အတန်း ရှိရုံသာမက ကြီးမားသော ဥစ္စာဓနနှင့် အံ့အားသင့်ဖွယ်စွမ်းအားများ ရှိသည်။
အကယ်၍ လမ်းဘေးဈေးသည်တစ်ဦးသည် ညစာစားပြီးနောက် တခြားအပြင်လူများရှေ့တွင် ဤကဲ့သို့ အရာများကို ကြွားဝါလျှင် အဆင်ပြေပေမည်။ သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤစကားကို ကျိုးယွမ်ဟောင်၏ရှေ့တွင် ပြောလိုက်သည့်အချိန်တွင် လူအများသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့ နားကြားမှားသကဲ့သို့ ခံစားလိုက်ရသည်။
ဝေ့မုန်ထင်နှင့်ကျန်းယုချင်တို့၏ အမူအယာများမှာမူ တစိုးတစိမျှပြောင်းလဲသွားခြင်း မရှိဘဲ ဤအရာအားလုံးသည် ဖြစ်သင့်ဖြစ်ထိုက်သည့်အလားပင်။
ထန်စစ်တပ်ကို အနိုင်ယူခဲ့ပြီး အညတရလူတစ်ယောက်အဖြစ်မှ စတင်ကာ တာယွီနန်းတွင်း၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သော လူတစ်ဦးသည် သာမန်လူရှုပ်တစ်ဦးကြောင့် ကြောက်လန့်သွားမည်ဆိုလျှင် အလွန်ရယ်ရွှင်ဖွယ် ကောင်းနေပေလိမ့်မည်။
"ငါ ရယ်ရလွန်းလို့ သေတော့မယ်... ဒီနေရာက မွေးနေ့ပွဲ မဟုတ်ရင် ဘာဖြစ်လာမှာ မလို့လဲ...မင်းက ဘာကောင်မို့လို့ အရှင့်သားကို ဒီလို စကားမျိုး ပြောရဲတာလဲ"
ကျိုးယွမ်ဟောင်၏နောက်မှ လူရှုပ်တစ်ဦးက လှောင်ပြောင်ရယ်မောလိုက်၏။
တခြားလူရှုပ်တစ်ဦးသည် အေးစက်တင်းမာသောလေသံဖြင့် ဝင်ရောက်ပြောဆိုသည်။
"မင်း ခုဏက ပြောလိုက်တဲ့စကားက တော်ဝင်မျိုးနွယ်တစ်ယောက်ကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ သက်ဆိုင်နေတယ်ဆိုတာ မင်း သိရဲ့လား...ငါတို့ မင်းကို အခုချက်ချင်း ရုံးတော်ဆီ ခေါ်သွားပြီး မင်းကို ပုန်ကန်မှုနဲ့ စွဲချက်တင်လို့ ရတယ်"
"ခစ်.. "
ကျန်းယုချင်သည် မထိန်းနိုင်တော့ဘဲ ရုတ်တရက် သူမ၏ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်၏။
ဝေ့မုန်ထင်က ရယ်ပြုံးပြီး ပြောဆိုသည်။
"ကျိုးယွမ်ဟောင်...နင် သတ္တိရှိရင် သူ့ကို ပုန်ကန်မှုနဲ့ စွဲချက်တင်လိုက်လေ...နင်ရဲ့အမှုကို လက်ခံလောက်အောင် မျက်လုံးကန်းတဲ့သူ ရှိမရှိ ငါ ကြည့်ချင်သေးတယ်"
"ကောင်းတယ်...အရမ်းကောင်းတယ်...မင်းတို့နှစ်ယောက်က ငါ့ကို ဆန့်ကျင်ဖို့အတွက် ကံမကောင်းတဲ့ကောင်တစ်ကောင်ကို ရှေ့ကိုတွန်းပို့ချင်နေပုံပဲ"
ကျိုးယွမ်ဟောင်က ဝေ့မုန်ထင်ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး ပြောဆိုလိုက်သည်။
သူ၏အမြင်အရ လုယွီသည် အညတရလူတစ်ယောက်ပင်။
လုယွီ ဤမျှထိသတ္တိရှိနေရခြင်းမှာ အမျိုးသမီးနှစ်ဦး၏ ညွှန်ကြားချက်ကြောင့်သာ ဖြစ်ပေမည်။
ဝေ့မုန်ထင်က ဒေါသကြောင့် အော်ဟစ်ရယ်မောလိုက်သည်။
"နင်က ငါ့ရဲ့ သီးသန့်ပစ်မှတ်ထားခြင်းကို ခံရလောက်အောင် ထိုက်တန်တယ်လို့ နင် ထင်နေတာလား"
Chapter 5169
"နင်က ထိုက်တန်လို့လား"
ဝေ့မုန့်ထင်သည် ကျိုးယွမ်ဟောင်ကို အနည်းငယ်မျှ ညှာတာခြင်း မပြုခဲ့ချေ။
တော်ဝင်မျိုးနွယ်ဖြစ်သော ကျိုးယွမ်ဟောင်နှင့် မတူဘဲ ဝေ့မုန့်ထင်သည် သူမ၏ လက်ရှိ အဆင့်အတန်းကို သူမ၏ကိုယ်ပိုင်စွမ်းရည်များကြောင့်သာ ရရှိထားခြင်း ဖြစ်သည်။
ကျိုးယွမ်ဟောင်သည် သိုက်မင်းသား ဖြစ်လျှင်ပင် သူ မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း။
သူမသည်လည်း ဝေ့မိသားစု၏အကြီးဆုံးသမီးဖြစ်ပြီး ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ သခင်မလေးဖြစ်သည်။ သူမသည် အနာဂတ်တွင် မယှဉ်နိုင်သော မြင့်မြတ်သည့် အဆင့်အတန်းကို ရရှိမည်ဖြစ်ကာ သိုက်မင်းသားဖြစ်သော ကျိုးယွမ်ဟောင်ကို အနည်းငယ်မျှ အရေးစိုက်ရန် မလိုချေ။
"ဝေ့မုန့်ထင်...ခွေးမ..."
ကျိုးယွမ်ဟောင်၏ရင်ဘတ်သည် ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားပြီး ဆဲဆိုလိုက်သည်။
သူသည် ကြီးကျယ်ခမ်းနားစွာ ကြီးပြင်းလာခဲ့ပြီး မည်သူမျှ သူ၏ဆန္ဒကို ဆန့်ကျင်ဘက်မလုပ်ရဲကြချေ။ ဝေ့မုန့်ထင်၏မိသားစုနောက်ခံ ခိုင်မာလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။ ကျိုးယွမ်ဟောင်သည် ထိုအရာကို အနည်းငယ်မျှ ဂရုမစိုက်ချေ။
သို့ရာတွင် သူ "ခွေးမ" ဟူသော စကားလုံးကို ပြောလိုက်သည့်အချိန်တွင် လုယွီ၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး သူ့ကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်၏။
"ဖြန်း..."
နောက်ထပ် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော ရိုက်သံတစ်သံ ထွက်ပေါ်လာပြီး ကျိုးယွမ်ဟောင် လွင့်ထွက်သွားသည်။
ဤရိုက်ချက်၏အင်အားသည် အလွန်ကြီးမားပြီး ကျိုးယွမ်ဟောင်ထံ မရေမတွက်နိုင်သော အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ကျိုးယွမ်ဟောင်၏ပါးစပ်တစ်ခြမ်းသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားပြီး သူသည် သွေးများ အန်ထုတ်လိုက်ရာ သွေးထဲတွင် သွားတချို့ ပါလာပေ၏။
တခြားအထက်တန်းလွှာလူငယ်များသည် ကျိုးယွမ်ဟောင်ကို အလျင်အမြန် ဖမ်းယူရန် ကြိုးစားသော်လည်း အင်အားအလွန်ကြီးမားသောကြောင့် သူတို့ မဖမ်းယူနိုင်ခဲ့ကြချေ။ ရုတ်ချည်းဆိုသလိုပင် သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မင်းကို ငါ တကယ် မသတ်ရဲဘူးလို့ မင်း ထင်နေတာလား"
လုယွီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး အော်ဟစ်လိုက်သည်။
"မင်း နောက်တစ်ခွန်း ထပ်ပြောရဲရင် ပြောကြည့်စမ်း... မင်းရဲ့တစ်ဘဝလုံးမှာ စကားပြောခွင့် မရှိတော့အောင် ငါ လုပ်ပစ်မယ်"
ဤမောက်မာသော စကားကြောင့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရုတ်ချည်းဆိုသလိုပင် အထက်တန်းလွှာလူငယ်တစ်ဦးက အော်ဟစ်လိုက်၏။
"မင်း ဘာလုပ်နေတာလဲဆိုတာ မင်း သိရဲ့လား.... မင်းက တော်ဝင်မိသားစုဝင်တစ်ယောက်ကို တိုက်ခိုက်နေတာ...ဒါက မင်းရဲ့ မျိုးရိုးကိုးဆက်လုံးကို သေဒဏ်ပေးခံရနိုင်တဲ့ ကြီးလေးတဲ့ ပြစ်မှုပဲ"
"ဒါက သူ ရိုင်းစိုင်းလို့ပဲ...ငါ သူ့ကို မသတ်ခဲ့တာတောင် ငါက သနားညှာတာမှု ပြသခဲ့တာပဲ..."
လုယွီက အထက်တန်းလွှာလူငယ်များကို ကြည့်ပြီး မေးမြန်းလိုက်သည်။
"မင်းတို့က သူ့အတွက် ဝင်ပြောပေးချင်တာလား"
ဤအေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ခံရချိန်၌ အထက်တန်းလွှာလူငယ်များ ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုယွီ၏ရိုက်ချက်သည် အလွန်အင်အားကြီးမားကာ ဖမ်းဆုပ်၍မရနိုင်သည့်အပြင် မည်သည့်အရိပ်အယောင်ကိုမျှ မမြင်တွေ့သည်အထိ လျင်မြန်သည်။
သူတို့အနက်မှ မည်သူမျှ ဤကဲ့သို့ အရိုက်မခံလိုကြချေ။
"မင်း စောင့်နေလိုက်စမ်း"
အထက်တန်းလွှာလူငယ်တစ်ဦးသည် ရုန့်ရင်းကြမ်းတမ်းစွာ ခြိမ်းခြောက်လိုက်ပြီး မကြာမီမှာပင် သူတို့သည် ကျိုးယွမ်ဟောင်ကို သူ၏ ယခင်နေရာသို့ ပြန်ခေါ်သွားကြ၏။
နန်းတော်မှအစောင့်တချို့ထံတွင် ဇောချွေးများ စို့နေကြလေပြီ။ သူတို့သည် ကျိုးယွမ်ဟောင်ကို ကူညီထောက်ပံ့ရန် အမြဲတစေ သူ၏နောက်တွင် ရပ်နေခဲ့ကြသော်လည်း လုယွီသည် ဤမျှ ပြတ်သားစွာ လုပ်ဆောင်ရဲလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
ဤအချိန်တွင် ကျိုးယွမ်ဟောင်၏မျက်နှာတစ်ခြမ်းသည် ချိုင့်ဝင်လုနီးပါး ဖြစ်နေပြီး နက်ရှိုင်းသောဒဏ်ရာအတွင်းမှ အရိုးများကိုပင် တွေ့မြင်နိုင်သည်။
နံဘေးမှအစောင့်တစ်ယောက်သည် ဆေးလိမ်းပေးရန် ဟန်ပြင်လိုက်သော်လည်း ကျိုးယွမ်ဟောင်၏ကန်ကျောက်ခြင်းကို ခံလိုက်ရလေ၏။
"မင်းတို့က အမှိုက်တစ်စုပဲ...မင်းတို့ကို ငါက ဘာလို့ ဆက်ထားရမှာလဲ....မင်းတို့ သူ့ကို သတ်လိုက်ကြစမ်း"
ကျိုးယွမ်ဟောင်က လုယွီကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့ အရှင့်သား..."
အစောင့်တချို့၏နဖူးတွင် ချွေးများစို့နေပြီး ကျိုးယွမ်ဟောင်ကို ကောင်းစွာမကာကွယ်နိုင်ခဲ့သည်မှာ သူတို့၏ တာဝန်ပျက်ကွက်မှု ဖြစ်ကြောင်း သိသဖြင့် လျင်မြန်စွာ သဘောတူလိုက်ကြ၏။
အစောင့်များသည် ရှေ့သို့ တက်လှမ်းရန် ဟန်ပြင်လိုက်သည့်အချိန်တွင် အထက်တန်းလွှာလူငယ်တစ်ဦးက သူတို့ကို ဟန့်တားလိုက်သည်။
"အရှင့်သား... ဒီနေ့က လုမိသားစုက အကြီးအကဲချုပ်ရဲ့ မွေးနေ့ပါ....ကိစ္စကြီးကြီးမားမား လုပ်ဖို့ မလိုအပ်ပါဘူး...ဟိုကောင်က ဝေ့မိသားစုကမိန်းမ သီးသန့်ဖိတ်ခေါ်ထားတာ ထင်ရှားတယ်...သူ့အတွက်နဲ့ စိတ်အနှောင့်အယှက် ဖြစ်ခံစရာ မလိုပါဘူး"
"ဟုတ်တယ် အရှင့်သား...မွေးနေ့ပွဲက စတော့မှာပါ...ကျွန်တော်တို့က အရေးကြီးတာကို လျစ်လျှူရှုမထားသင့်ဘူး"
တခြားလူများကလည်း ဝိုင်းဝန်း၍ဖျောင်းဖျလိုက်ကြ၏။
သူတို့သည် အဓိကအားဖြင့် ကျိုးယွမ်ဟောင်က ကိစ္စများကို ပိုကြီးအောင် လုပ်ပြီး သူတို့ကိုလည်း ပါဝင်ပတ်သတ်စေမည်ကို စိုးရိမ်နေကြ၏။
Chapter 5170
ဤသည်မှာ လုမိသားစုမှ အကြီးအကဲချုပ်အသစ်၏ မွေးနေ့ပွဲပင်။
ထိုအကြီးအကဲချုပ်သည် ဧကရာဇ်၏ အဘိုး ဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေပေ၏။
ဤမျှထိ မြင့်မြတ်သော အဆင့်အတန်းကြောင့် မည်သူက ဤနေရာတွင် ပြဿနာရှာဝံ့မည်နည်း။ အကယ်၍ ပြဿနာရှာဝံ့သူများရှိလျှင် သူတို့သည် သေလမ်းရှာနေခြင်းသာ ဖြစ်ပေမည်။
"ကောင်းပြီလေ...အဲ့ဒီကောင်စုတ်လေးက တကယ့်ကို အဆင်အခြင်မဲ့တာပါ...မွေးနေ့ပွဲ ပြီးသွားတဲ့အချိန်ကျရင် ကျွန်တော်တို့က လူတချို့ စေလွှတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းထားလိုက်မယ်...ပြီးမှ သူ့ကို ဖမ်းပြီး အရှင့်သားအတွက် ဒေါသဖြေကြတာပေါ့"
တခြားအထက်တန်းလွှာလူငယ်တစ်ဦးက အကြံပေးသည်။
လူအများသည် တစ်လှည့်စီဖျောင့်ဖျပြီးနောက် ကျိုးယွမ်ဟောင်၏ဒေါသများ အနည်းငယ်ပြေလျော့သွားသည်။
"ဧကရာဇ်ကြောင့်သာ မဟုတ်ရင် ငါက ဒီလို မွေးနေ့ပွဲကို ဘာလို့ တက်ရောက်မှာလဲ"
ကျိုးယွမ်ဟောင်သည် သွေးအမြှုပ်တစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေပေ၏။
"ဒါတွေအားလုံးက ဧကရာဇ်အသစ်ရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကြောင့်ပဲ...မင်ဘုရင်ရဲ့ တတိယသားဆိုရင် မသိနားမလည်တဲ့ လမ်းသွားလမ်းလာတချို့ကို သတ်လိုက်ရုံနဲ့ ခေါင်းဖြတ်ခံရတယ်လို့ ပြောနေကြတယ်"
"ဒါက ဘာမှ မဟုတ်သေးဘူး...ကျင်းမင်းသားနဲ့ ကန်မင်းသားတောင် ဝေးလံခေါင်သီတဲ့ နယ်စပ်တွေကို ပြောင်းသွားရပြီ...ဒါက တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ... ကူမင်းသားနဲ့စုမင်းသားတို့ မရှိတော့တာကြောင့် ဧကရာဇ်ကို ခြိမ်းခြောက်နိုင်မယ့်သူ တစ်ယောက်မှ မကျန်တော့ဘူး"
အထက်တန်းလွှာလူငယ်တချို့သည် ထပ်ခါတလဲလဲ သက်ပြင်းရှိုက်လိုက်ကြ၏။
"ဟမ့်...ဧကရာဇ်က ရက်စက်တယ် ဆိုပေမဲ့ သူက လှုပ်ရှားမှုကြီးကြီးမားမားတွေ မလုပ်ရဲပါဘူး... မဟုတ်ရင် ငါတို့ ကျိုးမိသားစုက တုံ့ပြန်တိုက်ခိုက်ရင် သူ ခုခံနိုင်မှာ မဟုတ်ဘူး"
ကျိုးယွမ်ဟောင်က မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။
လုယွီ နန်းတက်ပြီးနောက် ကျိုးမိသားစုမှ တော်ဝင်မျိုးဆက် အများစု၏ ဘဝအခြေအနေများ ပို၍ပို၍ဆိုးရွားလာခဲ့သည်။
"အရှင့်သား...အရှေ့နန်းတော်က အဲဒီလူနဲ့ ဆက်သွယ်ဖို့ အဆက်အသွယ် ရှိပါသလား"
အထက်တန်းလွှာလူငယ်တစ်ဦးက လေသံတိုးတိုးဖြင့် မေးမြန်းသည်။
ကျိုးယွမ်ယန်သည် အရှေ့နန်းတော်တွင် နေထိုင်ပေ၏။
ကျိုးယွမ်ဟောင်သည် မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။
"အဲ့ဒီနေရာကို စစ်တပ်က ဝန်းရံထားတာ ကြာပြီ... ယင်ကောင်တစ်ကောင်တောင် ဝင်လို့မရဘူး... အထဲမှာ ဘာဖြစ်နေလဲဆိုတာ ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"
တခြားလူများသည်လည်း သက်ပြင်းမရှိုက်ဘဲ မနေနိုင်ကြချေ။
သူတို့သည် ကျိုးယွမ်ယန် ဧကရာဇ် ဖြစ်ခဲ့သည့်အချိန်ကို လွမ်းဆွတ်နေကြဆဲပင်။ ထိုအချိန်တွင် သူတို့သည် တော်ဝင်ဆွေမျိုးများ ဖြစ်ကြပြီး မြို့တော်တွင် သူတို့ ဆန္ဒရှိသကဲ့သို့ လုပ်နိုင်ခဲ့ကြသာ စည်းမျဥ်းများစွာ မရှိခဲ့ချေ။
တခြားတစ်ဖက်တွင် ကျိုးယွမ်ဟောင်ကို သင်ခန်းစာ ပေးလိုက်သော လုယွီသည် သူ၏ပတ်ဝန်းကျင်မှ လူအများ၏အာရုံစူးစိုက်ရာ ဗဟိုချက်ဖြစ်လာသည်။
သို့ရာတွင် ထိုနေရာရှိ လူအများစုသည် လူငယ်များ ဖြစ်ကြပြီး လုယွီကို မှတ်မိသူဟူ၍ အနည်းငယ်သာ ရှိပေ၏။
ဤမွေးနေ့ပွဲသို့ တက်ရောက်သူ အလွန်များပြားပြီး လူပေါင်းသောင်းနှင့်ချီ၍ရှိလေရာ ချန်လုံနန်းတော်၏ကွင်းပြင်တစ်ခုလုံး ပြည့်နှက်လုနီးပါးပင်။ ဤနေရာတွင် မည့်သည့်ကိစ္စများ ဖြစ်နေသည်ကို တခြားသူများ သတိပြုမိရန် ခက်ခဲသည်။
"တောင်းပန်ပါတယ်.. ရှင့်ကို ဒုက္ခပေးမိတာ ကျွန်မတို့ရဲ့ အမှားတွေပါ"
ကျန်းယုချင်သည် ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောဆိုလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် တောင်းပန်လိုစိတ်များဖြင့် ပြည့်နှက်နေပေ၏။
ကျိုးယွမ်ဟောင်သည် လုယွီနှင့် ရန်ငြိုးရန်စမရှိသောကြောင့် သူနှင့်ရန်ဖြစ်ရန် အကြောင်းမရှိချေ။ သူ လုယွီကို ပြဿနာလာရှာခြင်းမှာ သူမတို့ကြောင့်ပင်။
လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ရပါတယ်....ငါက အဆင်အခြင်မဲ့တဲ့ လူရှုပ်တစ်ယောက်ကို သင်ခန်းစာ ပေးလိုက်ရုံလေးပဲ"
လုယွီ၏အမြင်တွင် ကျိုးယွမ်ဟောင်သည် အနည်းငယ်မျှ အရေးမပါချေ။
ထိုအချိန်မှာပင် အဝေးရှိ ချန်လုံနန်းတော်မှ တောက်ပပြီး ခန့်ညားထည်ဝါသော ရွှေရောင်စင်မြင့်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုစင်မြင့်မှ ဖြာထွက်နေသော အလင်းတန်းများသည် တောက်ပပြီး မျက်စိကျိန်းဖွယ်ကောင်းပေ၏။
ရွှေရောင်စင်မြင့်သည် လေထုအတွင်းတွင် မြင့်မားစွာ ဆိုင်းငံ့နေပြီး ကွင်းပြင်၏ အလယ်ဗဟိုတွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ထိုစင်မြင့်ပေါ်တွင် ပလ္လင်တစ်ခု ရှိနေပြီး လုဝူသီသည် ထိုပလ္လင်ပေါ်၌ ထိုင်နေသည်။
"ဒါက အကြီးအကဲချုပ်ပဲ"
"မြန်မြန် ထကြတော့...အဓိကလူ ထွက်ပေါ်လာပြီ"
ရုတ်ချည်းဆိုသလိုပင် လက်ရှိနေရာတွင်ရှိနေသော သောင်းနှင့်ချီသည့်လူများသည် သူတို့၏ လေးစားမှုကို ပြသရန် တပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြသည်။
အကယ်၍ ဤသည်မှာ လုမိသားစုမှ တခြားအကြီးအကဲတစ်ဦး၏မွေးနေ့သာ ဖြစ်ပါက လုမိသားစုနှင့် ရင်းနှီးသောမိသားစုများမှ လက်ဆောင်များ ပေးပို့လိုက်ရုံဖြင့် ပြီးဆုံးသွားပေမည်။
သို့ရာတွင် ယနေ့မွေးနေ့ပွဲမှာမူ ကွဲပြားခြားနား၏။
ပလ္လင်ပေါ်တွင် ထိုင်နေသော အဘိုးအိုသည် လုမိသားစု၏အကြီးအကဲချုပ် ဖြစ်ရုံသာမက လုယွီ၏အဘိုးလည်း ဖြစ်သည်။
သူသည် ဧကရာဇ်လုယွီနှင့် ဆွေမျိုးတော်စပ်သူပင်။
ဤဆက်ဆံရေး တစ်ခုတည်းကပင် သူတို့အားလုံး အလေးအနက်ထားစေရန်အတွက် လုံလောက်နေလေပြီ။
ယနေ့တွင် ဤမျှထိ ကြီးကျယ်ခမ်းနားသော မွေးနေ့ပွဲကို ကျင်းပရခြင်း၏ အကြောင်းအရင်းမှာလည်း လုယွီ စိတ်ကျေနပ်စေရန်ပင်။