← Chapters

အခန်း (၅၁၇၆-၅၁၈၀)

Vol. 262 Ch. 5176-5180

အခန်း (၅၁၇၆-၅၁၈၀)

Vol. 262 Ch. 5176-5180

Chapter 5176

"အမ်... ဒါဆိုရင် သူက တော်ဝင်နန်းတွင်းရဲ့ လက်ပါးစေခွေး ဖြစ်သွားတာ မဟုတ်ဘူးလား"

"တိုးတိုးပြောစမ်း...ဒါကို ငါတို့တွေ သီးသန့်ပဲ ဆွေးနွေးကြစို့... ဒါက တော်ဝင်မြို့တော် ဖြစ်နေတာကြောင့် စကားပြော ဆင်ခြင်ရမယ်... ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ကျင့်ကြံခြင်းလောကမှာ ဘယ်သူကမှ ဟွမ်ထျန်းမြင့်မြတ်နယ်မြေကို သွားပြီးရန်စရဲမှာ မဟုတ်တော့ဘူး"

ဂိုဏ်းအင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်တချို့သည် အချင်းချင်း စကားပြောလိုက်ကြပြီး လူတိုင်းသည် ဟွမ်ထျန်းမြင့်မြတ်နယ်မြေကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ကြ၏။

ဟွမ်ထျန်းမြင့်မြတ်နယ်မြေသည် မူလက တာယွီအင်ပါယာရှိ မဟာမြင့်မြတ်နယ်မြေဆယ်ခုအနက်မှတစ်ခုပင်။

ယခုချိန်၌ ဟွမ်ထျန်းမြင့်မြတ်အရှင်သည် နန်းတွင်း၏ ယုံကြည်မှုကို ရရှိသွားခဲ့ရာ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေပြီ။ အနာဂတ်တွင် ဟွမ်ထျန်းမြင့်မြတ်နယ်မြေသည် လောကကြီးပေါ်ရှိ အင်အားအကြီးဆုံး အင်အားစုများအနက်မှ တစ်ခု ဖြစ်လာမည်မှာ သေချာပေါက်ပင်။

ဂိုဏ်းအင်အားစုများက လက်ဆောင်များ ပေးအပ်ကြသည်နှင့်အမျှ တခြားမိသားစုများသည်လည်း သူတို့၏လက်ဆောင်များကို ပေးအပ်ကြသည်။

ကျန်းမိသားစုသည် သူတော်စင်ကျန်း၏ လက်ရေးဖြင့် ရေးသားထားသော ကျမ်းစာတစ်စောင်ကို လက်ဆောင်ပေးအပ်သည်။

လုမိသားစုသည် စစ်သူတော်စင်လု ယခင်က ရေးသားခဲ့သော စစ်ဘက်ဆိုင်ရာ ကျမ်းစာတစ်စောင်နှင့် ရှေးဟောင်းအလယ်ခေတ်မှ လက်ဆင့်ကမ်းလာသော တန်ဖိုးကြီးရတနာများကို ပေးအပ်ခဲ့လေ၏။

ဝေ့မိသားစုသည် လုဝူသီအတွက် အထူး သီးသန့်အသုံးပြုရန် ခမ်းနားထည်ဝါသော ရထားလုံးအစီးတစ်ရာနှင့် ရတနာသင်္ဘောတစ်စင်းကို ပေးအပ်ခဲ့သည်။

ယန်မိသားစုသည် သက်တမ်းရှည်စေနိုင်သော တန်ဖိုးကြီးသစ်သီးတချို့ကို ပေးအပ်ခဲ့လေ၏။

ကျိုးမိသားစုမှ မင်းသားတချို့သည်လည်း ရတနာများကို အကောင်းဆုံးကြိုးစား၍ စုဆောင်းခဲ့ကြပြီး လက်ဆောင်ပေးခဲ့ကြသည်။

ထိုရတနာများ၏အမည်များကို ထုတ်ပြန်ကြေညာသည့်အချိန်တွင် အံ့အားတသင့်ရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ အကယ်၍ ဤရတနာများ ပြင်ပသို့ပျံ့နှံ့သွားပါက သွေးချောင်းစီးမှုများကို ဖြစ်စေပြီး မရေမတွက်နိုင်သော လူများကို လုယက်ရန် ဆွဲဆောင်နိုင်မည်မှာ သေချာပေ၏။ သို့ရာတွင် ဤရတနာများကို ယခုအချိန်၌ လုဝူသီထံ ပေးအပ်လိုက်ပြီ ဖြစ်သောကြောင့် အပြင်လူများသည် ထိုအရာများကို လုယက်ဝံ့မည် မဟုတ်ချေ။

အထက်တန်းလွှာမိသားစုများစွာသာမက အမတ်ကြီးတချို့ကလည်း လက်ဆောင်များ ပေးအပ်ကြသည်။

စုန့်ချင်းဟူသည် လုယွီ၏စေလွှတ်မှုဖြင့် လူရိုင်းနယ်စပ်သို့ ရောက်ရှိနေခဲ့သည်။ မမျှော်လင့်ဘဲ သူသည် လုဝူသီအတွက် အထူး လက်ဆောင်အဖြစ် စိတ်ဝိညာဉ်သားရဲတချို့ကို ပေးပို့ရန် မိုင်ထောင်ပေါင်းများစွာကို ခရီးနှင်၍ ရောက်ရှိလာခဲ့သည်။

သောင်းနှင့်ချီသောလူများသည် မွေးနေ့ပွဲကို ဂုဏ်ပြုရန် ရောက်လာကြပြီး မကြုံစဖူး ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခု ဖြစ်ခဲ့ပေ၏။

လုဝူသီသည် ရယ်မောခြင်းကို မရပ်တန့်နိုင်တော့ဘဲ သူ၏အိုမင်းသော မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။

ဤတစ်ကြိမ်တွင် လုဝူသီသည် တော်ဝင်မြို့တော်တွင် နာမည်ကြီးလာခဲ့ပြီး အနာဂတ်တွင် သူ့ကို မမှတ်မိသူဟူ၍ ရှိနိုင်တော့မည် မဟုတ်ပေ။

"အဘိုး...ကျွန်တော်လည်း အဘိုးအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်"

လုယွီက ရုတ်တရက် ပြောဆိုသည်။

တခြားလူများသည် ဤစကားကို ကြားသည့်အချိန်တွင် သူတို့အားလုံး နားစွင့်လိုက်ကြ၏။

ဧကရာဇ်သည် လက်ဆောင် ပြင်ဆင်ထားသလော...

"ဟား ဟား ဟား...ငါအဘိုးကြီးအတွက် ယွီအာက ဘာလက်ဆောင် ပြင်ဆင်ထားလဲဆိုတာ ကြည့်ခွင့်ပေးပါအုံး"

လုဝူသီ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူသည် အလွန်ပျော်ရွှင်နေပေ၏။

လုယွီက အဝေးမှ မိုးကောင်းကင်ယံကို ကြည့်လိုက်ပြီး ပြောဆိုသည်။

"လာပြီ"

လူတိုင်းသည် လုယွီ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ အထီးကျန်လူရိုင်းကမ္ဘာ၏မိုးကောင်းကင်ယံတွင် အပေါက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းတစ်ရပ် တန်းတန်းမတ်မတ် တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

"ဘာလဲ.....တစ်ခုခုက ငါတို့လုမိသားစု အထီးကျန်လူရိုင်းကမ္ဘာရဲ့ အတားအဆီးကို ချိုးဖျက်ပြီးဝင်ရောက်လာတာလား"

လုကျိုတင်း၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီး သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။

ဤအထီးကျန်လူရိုင်းကမ္ဘာကို စစ်သူတော်စင်လုကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းပင်။ ဤသည်မှာ မဖျက်ဆီးနိုင်လုနီးပါး ခိုင်မာတောင့်တင်းပြီး လုမိသားစု၏ နောက်ဆုံးအကာအကွယ် ဖြစ်ပေ၏။

လူများအားလုံး အော်ဟစ်နေကြစဉ်မှာပင် ခရမ်းရောင်အလင်းတန်းသည် ထက်ရှသော ဓားတစ်လက်အလား တိမ်တိုက်များကို ထွင်းဖောက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူတို့၏အနီးသို့ ပျံသန်းလာသည်။

လူများအားလုံးသည် ဤခရမ်းရောင်အရှိန်အဝါကြားမှ သားရဲကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အချိန်တွင် အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။

"ရှေးဟောင်း ချီလင်...ဒါက ရှေးဟောင်း ချီလင်ပဲ"

တစ်စုံတစ်ယောက်သည် ထိုသားရဲကို မှတ်မိသွားပေ၏။

ခရမ်းရောင်အလင်းတန်းထဲတွင် ကြောက်မက်ဖွယ်ဦးချိုများရှိသော ကြီးမားသည့် ချီလင်တစ်ကောင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဤသားရဲသည် ခန့်ညားထည်ဝါပြီး အစွမ်းထက်ပေ၏။ သူသည် ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ရာ အဆုံးမရှိသောဖိအားသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို တုန်ခါသွားစေသည်။

ချီလင်သည် ရှေ့သို့တိုးလာပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားပေ၏။ ထို့နောက် သူသည် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ပြီး တစ်စုံတစ်ခုကို ထွေးထုတ်လိုက်သည်။ လက်ရာမြောက်သော ကိုးထပ်စေတီတစ်ဆူသည် ချီလင်၏နံဘေးတွင် ထွက်ပေါ်လာပြီး တောက်ပစွာ လင်းလက်နေသည်။ ဤသည်မှာ သာမန်အရာဝတ္ထုတစ်ခု မဟုတ်ကြောင်း သိသာထင်ရှားသည်။

အရှေ့အရပ်မှ ခရမ်းရောင်တိမ်တိုက်များ မြင့်လာပြီး ချီလင်သည် ကံကောင်းခြင်းများကို ယူဆောင်လာပေ၏။

ဤသည်မှာ မင်္ဂလာရှိသော နိမိတ်လက္ခဏာတစ်ခုပင်။

ရှေးဟောင်း တာအိုကျမ်းစာများအရ နန်းတွင်း၌ ဤကဲ့သို့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါက ၎င်းကို တရားဝင် စာရွက်စာတမ်းများတွင် မှတ်တမ်းတင်ပြီး ဧကရာဇ်ထံ တင်ပြရပေမည်။ မင်္ဂလာရှိခြင်းကို ပေါ်လွင်စေရန်အတွက် ဧကရာဇ်များသည် သူတို့၏မေတ္တာတရားကို ပြသရန် နန်းသက်ကိုပြောင်းလဲခြင်း သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ကို ပြုလုပ်လေ့ရှိပေ၏။

Chapter 5177

ဒဏ္ဍာရီလာသားရဲတစ်ကောင်၏ ရောက်ရှိလာမှုသည် နေရာတိုင်းတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။

ဤလောကတွင် ဒဏ္ဍာရီလာသားရဲများ၏ မျိုးဆက်တချို့ ရှိသော်လည်း စစ်မှန်သော ရှေးဟောင်းဒဏ္ဍာရီလာသားရဲများ အလွန်ရှားပါးသည်။ ထိုကဲ့သို့ ဒဏ္ဍာရီလာသားရဲများသည် ရှားပါးပြီး သူတို့နှင့် တွေ့ဆုံရန်အတွက် အခွင့်အရေးတစ်ခုတည်းသာမက လုံလောက်သော ကုသိုလ်စွမ်းအားရှိရန်လည်း လိုအပ်သည်။

သူတို့၏ရှေ့မှ ချီလင်သည် ပါ့ကျိုးပြည်နယ်၏ ထူထပ်သိပ်သည်းသောတောအုပ်ထဲမှ ဒဏ္ဍာရီလာသားရဲတစ်ကောင်၏ မျိုးဆက်မျှသာ ဖြစ်သည်။

သို့ရာတွင် လုယွီသည် ထိုချီလင်ထံ၌ အောင်းကွမ်းကဲ့သို့ အလွန်သန့်စင်သော မျိုးဆက်သွေးပါရှိခြင်းကြောင့် အာရုံစိုက်ခဲ့မိသည်။ ချီလင် ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းခဲ့ခြင်းကြောင့် သူ၏ကျင့်ကြံဆင့် အလွန်မမြင့်မားခဲ့ခြင်းဖြစ်ပေ၏။ လုံလောက်သော အရင်းအမြစ်များ ရရှိသည်နှင့် ချီလင်သည် နတ်ဘုရားသားရဲ၏သွေးကြောကို နိုးထစေနိုင်ပြီး သူ၏ကျင့်ကြံဆင့် တဟုန်ထိုးမြင့်တက်သွားပေမည်။

ချီလင်သည် ဟိန်းဟောက်လိုက်ရာ မင်္ဂလာရှိသောတိမ်တိုက်များ ပြန့်ကျဲသွားပြီး အရောင်အသွေးစုံသော တိမ်တိုက်များသည် အရပ်မျက်နှာအဘက်ဘက်တွင် ထွက်ပေါ်လာကာ လင်းလက်စွာ တောက်ပနေခဲ့သည်။

ထို့နောက် ကိုးရောင်ခြယ်အလင်းတန်းတစ်တန်းသည် ချီလင်၏အောက်သို့ ကျရောက်လာသည်

ချီလင်သည် အလင်းတန်းကို စီးနင်းကာ မြင့်မားသော နေရာမှ ဆင်းသက်လာပေ၏။

"ငါက အရှင်ဧကရာဇ်ရဲ့အမိန့်ကို နာခံပြီး လုမိသားစုရဲ့ အစောင့်အရှောက်အနေနဲ့ တာဝန်ယူမယ်.. ဒီနေ့ကနေစပြီးတော့ လုမိသားစုဝင်တိုင်းက နှစ်တစ်ရာတိုင်တိုင် ငါ့ရဲ့စောင့်ရှောက်မှုကို ခံယူကြရမယ်..."

ချီလင်သည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်ရာ ထိုအသံသည် ပဲ့တင်ထပ်သွားပြီး အချိန်ကြာသည်အထိ ပျက်ပြယ်မသွားခဲ့ချေ။

အံ့အားသင့်ဖွယ်ကောင်းသည်မှာ ဤချီလင်သည် အစောင့်အရှောက်သားရဲ ဖြစ်နေခြင်းပင်။

လူအများ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျဥ်းမြောင်းသွားကြပြီး ရွေရောင်စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေဆဲဖြစ်သော အောက်ဘုံမှ လုမိသားစုဝင်များပင်လျှင် ဤအချိန်တွင် ကြက်သေသေသွားကြ၏။

ချမ်းသာကြွယ်ဝသည့် မိသားစုတချို့သည် သာမန်သေမျိုးလယ်သမားများမှ အိမ်စောင့်ရန် ခွေးအချို့ မွေးမြူထားသကဲ့သို့ သူတို့၏ မိသားစုဝင်များနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် သားရဲတချို့ကို မွေးမြူထားလေ့ရှိသည်။

တော်ဝင်မြို့တော်လုမိသားစုမှ မွေးမြူထားသော သားရဲသည် နဂါးသွေးပါသည့် မီးလျှံနဂါး စပါးကြီးမြွေတစ်ကောင်ပင်။ သို့ရာတွင် ထိုသားရဲသည် ချီလင်ကဲ့သို့ ဒဏ္ဍာရီလာသားရဲတစ်ကောင်နှင့် နှိုင်းယှဉ်လျှင် များစွာနိမ့်ကျသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သားရဲတစ်ကောင်သည် နတ်ဘုရားဖြစ်ပြီး ကျန်တစ်ကောင်သည် နတ်ဘုရား၏သွေးမှ ထွက်ပေါ်လာသော မျိုးဆက်တစ်ခုပင်။

ထိုသားရဲနှစ်ကောင်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်။

"ငါတို့မှာလည်း အစောင့်အရှောက်သားရဲ ရှိနေတာလား"

"ဒီသားရဲသာ ငါတို့မိသားစုကို စောင့်ရှောက်နေရင်....ဘယ်သူကမှ ငါတို့မိသားစုကို လာနှောက်ယှက်ရဲတော့မှာ မဟုတ်ဘူး"

အောက်ဘုံလုမိသားစုမှ လူများအားလုံး ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။ သူတို့အနက်မှ အများစုသည် ချီအင်ပါယာ၏လိုက်လံဖမ်းဆီးခြင်းကို ကြုံတွေ့ခဲ့ရပြီး မြို့တော်သို့ ရောက်ရှိရန် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ရသည်။ ထို့ပြင် သူတို့သည် တခြားလူများ၏စောင့်ရှောက်မှုအောက်တွင် အမြဲတစေ နေထိုင်ခဲ့ရလေ၏။

လုယွီ၏အဆင့်အတန်း မြင့်တက်လာသည်နှင့်အမျှ သူတို့အပေါ် ဆက်ဆံခံရမှုသည် ပို၍ပို၍ ကောင်းမွန်လာခဲ့သော်လည်း လူများအားလုံးသည် သူတစ်ပါး၏အမိုးအောက်တွင် နေထိုင်ရန် ဆန္ဒရှိနေကြသည် မဟုတ်ချေ။

ယခုအချိန်၌ သူတို့ထံတွင်လည်း တာဝန်ယူစောင့်ရှောက်ပေးမည့် အစွမ်းထက်သားရဲတစ်ကောင် ရှိနေပြီ ဖြစ်သောကြောင့် လုမိသားစုဝင်များ၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်များ ထင်ဟပ်လာပေ၏။

"လုယွီ ဆိုတဲ့အတိုင်း...သူပေးတဲ့ လက်ဆောင်တွေတောင် အရမ်းကို သာလွန်ထူးကဲတာပဲ..."

လူအများ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

ချီလင်သည် တခြားဒဏ္ဍာရီလာသားရဲများနှင့် မတူဘဲ ရှေးဟောင်းခေတ်မှစ၍ မင်္ဂလာလက္ခဏာတစ်ရပ်ဖြစ်သည်။ ချီလင်တစ်ကောင် ပိုင်ဆိုင်ထားခြင်းသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုကံကြမ္မာအပေါ် သိသိသာသာ လွှမ်းမိုးနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလူ၏ကံကြမ္မာအပေါ် အကျိုးသက်ရောက်မှု ရှိလာပြီး သူ၏ကျင့်ကြံမှုလမ်းကြောင်းသည် ချောမွေ့ကာ အောင်မြင်လာပေမည်။

ဤကဲ့သို့ ပြောင်းလဲမှုမျိုးသည် ဖုန်းရွှေဆရာ သခင်အမြောက်အများမှ မရေမတွက်နိုင်သော နည်းလမ်းများဖြင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့သည့် အရာတစ်ခုပင်။

"ဒီမျှော်စင်ကို ‘ကိုးထပ် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်မျှော်စင်’ လို့ ခေါ်တယ်... ဒါက အရှင်ဧကရာဇ်ရဲ့ အထွတ်အထိပ်မှော်စွမ်းအားတွေနဲ့ သွန်းလုပ်ခဲ့တဲ့ ပြိုင်ဘက်ကင်း မှော်ရတနာတစ်ခုပဲ... ဒီမျှော်စင်မှာ အဆင့်ကိုးဆင့် ရှိပြီးတော့ တစ်ဆင့်စီမှာ မတူညီတဲ့ ကမ္ဘာတစ်ခုစီ ပါဝင်တယ်... ဒီမျှော်စင်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်နှက်နေပြီးတော့ အချိန်စီးဆင်းမှုကို ထိန်းညှိထားတယ်... ဒီအထဲမှာ ဆယ်ရက် ကျင့်ကြံတာက အပြင်လောကမှာ တစ်ရက်ပဲ ကြာလိမ့်မယ်... အမြင့်ဆုံးအဆင့်မှာဆိုရင် အထဲမှာ ရက်တစ်ရာ ကျင့်ကြံတာတောင် အပြင်လောကမှာ တစ်ရက်ပဲ ကြာလိမ့်မယ်"

ချီလင်သည် မျှော်စင်ကို လုဝူသီထံသို့ ရိုသေလေးစားစွာ ပေးအပ်လိုက်၏။

ကြီးမားကျယ်ပြန့်ပြီး ခံ့ညားထည်ဝါသော သားရဲ၏ စွမ်းအားလှိုင်းသည် သူတို့ထံသို့ ရုတ်တရက် ရောက်ရှိလာသဖြင့် လုမိသားစုဝင်များ စိတ်လှုပ်ရှားသွားကြသည်။

ဤသည်မှာ သူတို့လုမိသားစုအတွက် အမှန်တကယ် လိုအပ်နေသည့် အရာပင်။

အောက်ဘုံမှ တက်လာသော လုမိသားစုဝင်များသည် အလွန်အင်အားနည်းပေ၏။ ထိပ်သီးကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော တော်ဝင်မြို့တော်ရှိ တခြားမိသားစုများနှင့် နှိုင်းယှဉ်လျှင် အောက်ဘုံလုမိသားစု၏အင်အားသည် ပြောပလောက်ဖွယ်မရှိချေ။

ယခုချိန်တွင်မူ ဤကဲ့သို့ ကျင့်ကြံရေးမျှော်စင်တစ်ခု ရှိနေသဖြင့် သူတို့၏ကျင့်ကြံခြင်းစွမ်းရည်များ လျင်မြန်စွာ တိုးတက်လာနိုင်ပေမည်။ လုယွီက လက်ဆောင်ပေးခဲ့သော ပေါများလှသည့် အရင်းအမြစ်များနှင့် ပေါင်းစပ်လိုက်လျှင် အောက်ဘုံလုမိသားစု၏ တိုးတက်လာမှုသည် လက်တစ်ကမ်းအကွာတွင် ရှိနေလေပြီ။

Chapter 5178

ဤမွေးနေ့ပွဲတစ်ခုလုံးတွင် လုဝူသီသည် အထင်ရှားဆုံးလူ ဖြစ်ခဲ့ပေ၏။

လုယွီသည် လုဝူသီအား "ချန်မင်းသား" အဖြစ် ဘွဲ့အမည်ပေးခဲ့သည်။ သူသည် ဧကရာဇ်နှင့် တွေ့ဆုံသည့်အချိန်တွင် ဒူးထောက်ရန် မလိုအပ်သည့်အပြင် ဦးညွှတ်အရိုအသေပြုရန်လည်း မလိုအပ်ကြောင်း ချက်ချင်းထုတ်ပြန်ကြေညာခဲ့သည်။ သူသည် အိမ်ထောင်စုတစ်သန်း၏ မြေယာပိုင်ဆိုင်ခွင့်အား ခံစားနိုင်မည်ဖြစ်ပြီး ဧကရာဇ်၏အခမ်းအနားများတွင် အစောင့်အရှောက်များဖြင့် ဝင်ထွက်သွားလာခွင့် ရရှိပေမည်။

ဆိုလိုသည်မှာ လုဝူသီသည် ယခုအချိန်၌ လောကီအင်မော်တယ်အဆင့်၌သာ ရှိသေးသော်လည်း တာယွီနန်းတော်ရှိ မင်းသားတစ်ပါး၏ ကံကြမ္မာကောင်းချီးကို ခံစားနိုင်ပေမည်။

ဤကံကြမ္မာကောင်းချီးအဆင့်သည် သာလွန်ထူးကဲပေ၏။

လုဝူသီသည် ယခုချိန်၌ လောကီအင်မော်တယ်အဆင့်၌သာ ရှိသေးသော်လည်း မကြာမီတွင် မြေကမ္ဘာအင်မော်တယ်အဆင့်သို့ တက်လှမ်းသွားနိုင်ပြီး ရွှမ်အင်မော်တယ် ဖြစ်လာနိုင်ခြေပင်ရှိသည်။

လူအများသည် လုဝူသီကို မနာလိုအားကျသော မျက်လုံးများဖြင့် ကြည့်နေကြပြီး အထက်တန်းလွှာ မိသားစုခေါင်းဆောင်များပင်လျှင် သူတို့၏မျက်လုံးများ နီမြန်းနေကြသည်။

ဤသည်မှာ မိသားစုတစ်စု၏လူငယ်မျိုးဆက်သစ်ကြောင့် ထိုမိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်စေသည်ဟု ဆိုလိုခြင်းပင်။

အကယ်၍ သူတို့၏မျိုးဆက်သစ်များအနက်မှ တစ်စုံတစ်ယောက်သည် ဤမျှထိ မြင့်မားသော အခြေအနေသို့ ရောက်ရှိနိုင်ခဲ့ပါက သူတို့သည်လည်း ကောင်းချီးပေးခြင်း ခံရမည်မှာ မလွဲမသွေပင်။

သို့ရာတွင် အာရုံစိုက်မှု အများဆုံး ရရှိခဲ့သည်မှာ လုယွီ ဘွဲ့အပ်နှင်းပေးခဲ့သည့် ဆုံးဖြတ်ချက်ပင်။

ဤသည်မှာ ချိုင်မိသားစုပြီးနောက် တာယွီနန်းတော်ရှိ မျိုးရိုးမတူသော ဒုတိယမြောက်မင်းသားပင်။

ရှန်လင်းလုံ ဧကရာဇ် ဖြစ်လာသည့် အချိန်တွင်ပင် သူမသည် မျိုးရိုးမတူသော မင်းသားများအနက် တစ်ဦးတစ်ယောက်ကိုမျှ ဘွဲ့အပ်နှင်းခဲ့ခြင်း မရှိခဲ့ပေ။

သို့ရာတွင် ယခုအချိန်၌ လုယွီသည် မှားယွင်းသော အရာတစ်ခုကို လုပ်ခဲ့သည်ဟု မည်သူမျှ မပြောရဲကြချေ။ လုယွီသည် လူသားဧကရာဇ်ဓားကိုသာ အားကိုး၍ ဧကရီဖြစ်လာသော ရှန်လင်းလုံနှင့် မတူဘဲ သူ၏ကိုယ်ပိုင်အစွမ်းအစကို အားကိုးကာ ဧကရာဇ်ဖြစ်လာခဲ့ခြင်းပင်။

ကောင်းကင်ဘုံနယ်မြေတွင် စည်းမျဉ်းများ ရှိသော်လည်း အဆုံးစွန်သောဥပဒေသသည် အင်အားကြီးသူကို လေးစားရခြင်းပင်

လုယွီတွင် လုံလောက်သောစွမ်းအား ရှိနေသောကြောင့် တခြားလူများသည် များများစားစားမပြောရဲဘဲ သူ ချမှတ်ထားသော စည်းမျဉ်းများအတိုင်းသာ လုပ်ဆောင်နိုင်ကြသည်။

မွေးနေ့ပွဲသည် တစ်နေ့တာ၏ အချိန်အများစု ကြာမြင့်ခဲ့ပြီး ညနေပိုင်းတွင်မှ တဖြည်းဖြည်း ပြီးဆုံးသွားပေ၏။

ဧည့်သည်များ ထွက်ခွာသွားပြီးနောက် လုယွီက သူ၏မိသားစုဝင်များကို စုစည်းလိုက်သည်။

"သခင်လေးကို ဂါရဝပြုပါတယ်..."

ထောင်နှင့်ချီသော လုမိသားစုဝင်များသည် လုယွီကို ဦးညွှတ်အရိုအသေပေးကြပြီး သူတို့၏အသံများတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက ပြုလုပ်ခဲ့သော မွေးနေ့ပွဲသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာသည်မှာ မကြာသေးသော လုမိသားစုဝင်များကို အမြင်ကျယ်စေခဲ့သည်။

ဤမျှထိ များပြားသော အစွမ်းထက်ပုဂ္ဂိုလ်များကို သူတို့ မြင်တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ် ပင်။ ဤအစွမ်းထက်ပုဂ္ဂိုလ်များ၏ လှုပ်ရှားမှု တိုင်းမှ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သည့် စွမ်းအားလှိုင်းများ ထုတ်လွှတ်နေသည်။ သူတို့ အားလုံးသည် အလွန်မြင့်မားသော ကျင့်ကြံဆင့်ရှိသည့် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြောင်း သိသာထင်ရှားသည်။

သို့ရာတွင် ဤအစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် သူတို့၏သခင်လေးအပေါ် အလွန်အမင်း ရိုသေလေးစားကြရပြီး အနည်းငယ်မျှပင် ပေါ့ဆခြင်း မရှိရဲကြချေ။

"ငါ အောက်ဘုံတုန်းက သခင်လေးကို တစ်ခါ မြင်ဖူးတယ်... ဒါပေမဲ့ သူက ကောင်းကင်ဘုံနယ်မြေမှာ ဒီလောက်ထိ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းရှိတဲ့လူ ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး"

"သခင်လေးက ဘယ်သူမလို့လဲ... သူက ကံကြမ္မာရဲ့ သားတော်တစ်ယောက်ပဲ...သူက အမြင့်ကိုတက်လှမ်းဖို့ ကံကြံမ္မာပါပြီးသား... ငါတို့သာ သခင်လေးကို တွယ်ကပ်ထားရင် အနာဂတ်မှာ အကျိုးကျေးဇူးတွေ အများကြီး ရမှာ သေချာတယ်"

လုမိသားစုဝင်များသည် လုယွီအား သတိကြီးစွာထား၍ ကြည့်နေကြသော်လည်း သူတို့၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ကြချေ။

"သခင်လေး... သခင်လေးက တာယွီအင်ပါယာရဲ့ ဧကရာဇ် တကယ်ကြီး ဖြစ်လာတာလား"

လုကျန်းဟိုင်သည် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ၏အသံ တုန်ရီနေသည်။

တခြားသော မိသားစုခွဲခေါင်းဆောင်များနှင့်အကြီးအကဲများသည်လည်း ခေါင်းများပြူထွက်လာပြီး လုယွီအား စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

"အမှန်ပဲ..."

လုယွီက အချိန်တခဏမျှ စဉ်းစားပြီးနောက် ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။

"ငါ တရားဝင် နန်းတက်ပွဲ မလုပ်ရသေးဘူး... ဧကရာဇ် အဖြစ်နဲ့ပဲ ဆောင်ရွက်နေတာ.. "

"တာယွီနန်းတွင်းမှာ ဧကရာဇ်အဖြစ် သတ်မှတ်ခံရတာက တကယ့်ကို ထူးထူးခြားခြား အောင်မြင်မှုတစ်ခုပဲ"

လုမိသားစု၏အကြီးအကဲ တစ်ဦးက ညည်းတွားလိုက်၏။

"ငါတို့ အောက်ဘုံလုမိသားစုရဲ့ ဘိုးဘေးတစ်ယောက်က တာယွီစစ်တပ်မှာ ဗိုလ်ချုပ်တစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးတယ်... နောက်တော့ သူက တိုက်ပွဲမှာ ဒဏ်ရာရပြီး ရန်သူတွေရဲ့ နှိပ်စက်မှုကနေ ထွက်ပြေးခဲ့ရင်း နောက်ဆုံးတော့ အောက်ဘုံကို ရောက်လာခဲ့တာ... အဲဒီ ဘိုးဘေးက ဆဋ္ဌမအဆင့် စစ်ဗိုလ်ချုပ်တစ်ယောက်ပဲ ဖြစ်ခဲ့တယ်"

ဤအရာများအားလုံးကို လုမိသားစု၏ကျမ်းစာများတွင် မှတ်တမ်းတင်ထားခြင်းပင်။

ထိုဘိုးဘေး၏ ဖော်ပြချက်အရ တာယွီအင်ပါယာတွင် အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အများရှိပြီး ကောင်းကင်ဘုံနယ်မြေကို စိုးမိုးထားသည့် ကြီးမားသော အင်ပါယာတစ်ခုပင်။ သူတို့ နေထိုင်ခဲ့သည့် အောက်ဘုံသည် တာယွီအင်ပါယာရှိ ကြယ်နယ်မြေများအနက်မှတစ်ခုမျှသာ ဖြစ်ပေ၏။

"သခင်လေးရဲ့ ဒီနေ့ အောင်မြင်မှုတွေက ငါတို့ မိသားစုကို ဂုဏ်တက်စေခဲ့ပြီ... ဒါက မျိုးရိုးစဉ်ဆက် သမိုင်းမှတ်တမ်းစာအုပ်ထဲမှာ ရေးထိုးထိုက်တယ်"

"တကယ်က ငါတို့ လုမိသားစုရဲ့ သမိုင်းကို သခင်လေးရဲ့ မျိုးဆက်ကစပြီး ပြန်ပြီးရေးသားသင့်တယ်"

Chapter 5179

အကြီးအကဲများသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး လုယွီကို အလွန်အမင်း ချီးကျူးနေကြ၏။

လုယွီ ရှိနေသောကြောင့်သာ သူတို့သည် ကောင်းကင်ဘုံနယ်မြေတွင် ဤမျှထိ များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လမ်းလွဲအမြောက်အများကို ရှောင်ရှားကာ ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းတည်းဖြင့် တက်လှမ်းခြင်းမျိုး ဖြစ်နေသဖြင့် တခြားလူများက ထိုအရာကို မနာလိုအားကျ ဖြစ်နေကြသည်။

"ယွီအာ... အဲ့ဒီအင်အားစုတွေက သစ္စာဖောက်မှာတော့ မဟုတ်ဘူးမလား"

အောက်ဘုံလုမိသားစုဝင်များအနက် လုဝူသီတစ်ဦးတည်းသာ တည်ငြိမ်နေသည်။

သူ၏ကြွယ်ဝသော အတွေ့အကြုံအရ ရင်ပြင်ပေါ်ရှိ အင်အားစုများတွင် အုပ်ချုပ်ရေးအရာရှိများ တော်ဝင်မိသားစုများ အထက်တန်းလွှာမိသားစုများနှင့် ဂိုဏ်းအင်အားစုများအားလုံး စုဝေးနေကြသဖြင့် အလွန်ရှုပ်ထွေးကြောင်း သူ တွေ့မြင်နိုင်သည်။

လုယွီသည် ယခုချိန်ထိတိုင် လူငယ်လေးတစ်ဦးသာ ဖြစ်ပေ၏။

လုယွီသည် ဤရက်စက်ကြမ်းကြုတ်သော ဝံပုလွေအုပ်စုကို ခြိမ်းခြောက်နိုင်စွမ်း ရှိမရှိ သူ မသိရှိပေ။

"စိတ်မပူပါနဲ့... သူတို့က ကျွန်တော့်ရဲ့ဆန္ဒကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး"

လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အဘိုးတို့က ကောင်းကင်ဘုံနယ်မြေကို ရောက်လာကြပြီ ဆိုတော့...ဒီနေရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတော်တော်များများကို နားလည်ပြီးသား ဖြစ်မှာပါ... ကျွန်တော်တို့က အောက်ဘုံတွေမှာ ရှိနေရင် အများဆုံးအနေနဲ့ လောကီအင်မော်တယ်အဆင့်ထက် မကျော်လွန်နိုင်ဘူး... ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မိုးကောင်းကင်တာအိုရဲ့ ဥပဒေတွေနဲ့ ကန့်သတ်ခံထားရလို့ပဲ... ဒါကြောင့် အောက်ဘုံရဲ့ပုံမှန် လည်ပတ်မှုကို အာမခံနိုင်ပြီးတော့ ထိပ်သီးအဆင့် ကျင့်ကြံသူတချို့ ထွက်ပေါ်လာတာကို တားဆီးနိုင်ခဲ့တာပဲ"

လူအများသည် ခေါင်းညိတ်လိုက်ကြ၏။

အောက်ဘုံလုမိသားစုဝင်များသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိပြီးနောက် အနားယူချိန် မရခဲ့ကြပေ။ သူတို့၏ အားလပ်ချိန်များတွင် ကောင်းကင်ဘုံနယ်မြေနှင့် ပတ်သက်၍ အကြောင်းအရာများစွာကို လေ့လာခဲ့ကြသည်။

အထူးသဖြင့် သူတို့သည် သိုင်းသူတော်စင်နယ်ပယ်ကို ကျော်ဖြတ်ကာ လောကီအင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်းလမ်းကြောင်းတွင် မည်သို့ ရှေ့ဆက်ရမည်ကိုပင်။

လုယွီအား စိတ်ကျေနပ်စေရန်အတွက် တော်ဝင်မြို့တော်လုမိသားစုသည် မိသားစုစာကြည့်တိုက်ကို အောက်ဘုံမှလူများအား ကြည့်ရှုလေ့လာခွင့်ပြုခဲ့သည်။ အောက်ဘုံမှ လူများသည် ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကင်ဘုံနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခဲ့ကြသည်။

"အခုခေတ်ကာလ လောကကြီးမှာ တာအိုသခင်နယ်ပယ်က အမြင့်မားဆုံးပဲ"

လုယွီသည် လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေကာ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလားပင်။

"ပြီးတော့ ကျွန်တော်က တာအိုသခင်ခြောက်ယောက်ကို သတ်ပြီးသွားပြီ"

ပတ်ဝန်းကျင်ရှိ လူအုပ်အကြားမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။

လောကီအင်မော်တယ် မြေကမ္ဘာအင်မော်တယ် ရွှမ်အင်မော်တယ် နယ်မြေသခင် တာအိုသခင်...

ထိုကျင့်ကြံဆင့်နယ်ပယ်တိုင်းသည် နောက်တစ်ဆင့်နှင့် နီးကပ်စွာဆက်စပ်နေသော်လည်း နယ်ပယ်များကြား ကွာဟချက်သည် အလွန်ကြီးမားကာ ကျော်လွှားရန်မဖြစ်နိုင်သော ချောက်နက်ကြီးတစ်ခုအလားပင်။

တာအိုသခင်နယ်ပယ်သည် အခြားကျင့်ကြံဆင့်နယ်ပယ်အားလုံး၏အထက်တွင် တည်ရှိပြီး တခြားလူများအားလုံးကို အထက်စီးမှ ကြည့်ရှုနိုင်သူတစ်ဦးပင်။

ဤတာအိုသခင်များအနက် အများစုသည် များသောအားဖြင့် တသီးတခြား နေထိုင်ကြပြီး သူတို့၏ကျင့်ကြံဆင့်စွမ်းအား မြင့်တက်စေရန်သာ ကျင့်ကြံနေလေ့ရှိသည်။ သူတို့၏စစ်မှန်သော ပုံပန်းသဏ္ဌာန်ကို ထုတ်ဖော်ပြသသည်မှာ အလွန်ရှားပါးသည်။ သူတို့ ရံဖန်ရံခါ ထွက်ပေါ်လာသည့် အချိန်တွင်ပင် မိုးကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော ဓမ္မပုံရိပ်ယောင်တစ်ခုအဖြစ်သာ ဖြစ်ပေ၏။ ထိုသို့ဆိုသည့်တိုင် သူတို့သည် မရေမတွက်နိုင်သောလူများ၏ ဦးညွှတ်အရိုအသေပြုခြင်းကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့ရာတွင် လုယွီသည် တာအိုသခင်ခြောက်ဦးကို အမှန်တကယ် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

"သခင်လေး... မင်းက တာအိုသခင်နယ်ပယ်ကို ရောက်နေပြီလား"

အကြီးအကဲတစ်ဦးက လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

တခြားသူများသည်လည်း လုယွီကို ကြည့်လိုက်ကြ၏။

လုယွီက ခေါင်းခါလိုက်သည်။

"ငါက တာအိုသခင်တစ်ယောက် မဟုတ်သေးဘူး"

နံဘေးပတ်ဝန်းကျင်မှ လူများအားလုံး သက်ပြင်းချလိုက်ကြသည်။

လုယွီသည် ယခုချိန်၌ အသက် မည်မျှရှိနေသည်ကို သူတို့အားလုံး သိထားကြသည်။

အကယ်၍ သူသည် ဤအသက်အရွယ်ဖြင့် တာအိုသခင်တစ်ယောက် ဖြစ်လာခဲ့ပါက ဤသည်မှာ အလွန်တုန်လှုပ်ဖွယ်ကောင်းပေမည်။

"သခင်လေးမှာ ဒီလို အစွမ်းအစတွေ ရှိနေမှတော့ အနာဂတ်မှာ ကောင်းကင်ဘုံနယ်မြေက ငါတို့လုမိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာ မဟုတ်လား"

လူငယ်တပည့်တစ်ဦးက ရုတ်တရက် အံ့အားတသင့် ပြောဆိုလိုက်သည်။

တခြားလုမိသားစုအကြီးအကဲများသည် ထိုလူငယ်တပည့်ကို စူးစိုက်၍ကြည့်လိုက်ကြသည်။

ဤသည်မှာ မည်ကဲ့သို့ နေရာမျိုး ဖြစ်သနည်း။ သူ စကားဝင်ပြောရန် အခွင့်အရေးကို မည်သည်ကြောင့် ရနိုင်မည်နည်း။

လုယွီက ခေါင်းခါလိုက်သည်။

"ကောင်းကင်ဘုံနယ်မြေက အခုထိ လုံးဝ ငြိမ်းချမ်းသေးတာ မဟုတ်ဘူး"

"ကျွန်တော့ရဲ့ အကာအကွယ်အောက်မှာ အဘိုးတို့က ငြိမ်းချမ်းတဲ့ ကာလတစ်ခုကို ခံစားနိုင်တယ်... ဒါပေမဲ့ ဒါက ကြာရှည်ခံမှာ မဟုတ်ဘူး... ဒီကောင်းကင်ဘုံနယ်မြေမှာ ခြေကုပ်ယူချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစကိုပဲ အားကိုးရလိမ့်မယ်"

အကြီးအကဲတချို့သည် ခေါင်းညိတ်၍ သဘောတူညီလိုက်ကြပြီး ယခင်က စကားပြောခဲ့သော လူငယ်သည် ချက်ချင်း ခေါင်းငုံ့သွားပေ၏။

"ကျွန်တော့်မှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်... ဒါပေမဲ့ အချိန်က အဓိကပဲ... ကျွန်တော်တို့ လုမိသားစုက ဒါကို အလေးအနက်ထားပြီးတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တချို့ကို မွေးထုတ်ဖို့ ကြိုးစားကြဖို့ ကျွန်တော် မျှော်လင့်တယ်"

လုယွီက နံဘေးပတ်လည်ကို ကြည့်လိုက်သည်။

"အဘိုးတို့ ထိန်းချုပ်ထားတဲ့ အရင်းအမြစ်တွေက အထက်တန်းလွှာမိသားစုတွေတောင် မနာလို ဖြစ်ရတဲ့ အရာတွေဆိုတာ သိထားရမယ်... တစ်နေ့နေ့မှာ အဘိုးတို့မှာ ဒီအရာတွေကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအား မရှိဘူးဆိုရင် အဘိုးတို့က ပျက်စီးသွားဖို့က အနှေးနဲ့အမြန်ပဲ"

Chapter 5180

"နောက်ပြီး ကျွန်တော်က အဘိုးတို့ကို တော်ဝင်မြို့တော်ကနေ အမြန်ဆုံး ထွက်ခွာနိုင်အောင် စီစဉ်ပေးမယ်"

လုယွီ၏မျက်နှာသည် ရုတ်တရက် တည်ကြည်သွားပြီး အလေးအနက်ထားသော အသံဖြင့် ပြောဆိုလိုက်သည်။

လုမိသားစုဝင် အကြီးအကဲတချို့၏ မျက်နှာအမူအယာများ ရုတ်တရက် ပြောင်းလဲသွားသည်။ သို့ရာတွင် သူတို့သည် လုဝူသီကို ကြည့်လိုက်ပြီးနောက် ပါးစပ်ပိတ်နေရန် ရွေးချယ်လိုက်ကြ၏။

လုဝူသီက မေးမြန်းသည်။

"တော်ဝင်မြို့တော်က တာယွီနန်းတွင်းရဲ့ ဗဟိုချက်ပဲ... ယွီအာ... မင်းမှာ ဘယ်လို အစီအစဉ်တွေ ရှိလဲ"

လုယွီက ခေါင်းခါလိုက်သည်။

"တော်ဝင်မြို့တော်ကို ထိပ်သီးမိသားစုတွေက နှစ်တွေအများကြီးကြာအောင် သိမ်းပိုက်ထားခဲ့တာ... ကျွန်တော်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်ရင်တောင် သူတို့အပေါ် သိပ်ပြီး သက်ရောက်မှု ရှိမှာ မဟုတ်ဘူး... ကျွန်တော်တို့က အင်ပါယာအသစ်တစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် အာဏာရဲ့ဗဟိုချက်က တော်ဝင်မြို့တော်မှာ ဖြစ်လို့မရဘူး"

ဤသို့ ပြောဆိုပြီးနောက် လုယွီက ဆက်လက်၍ ပြောဆိုသည်။

"ကျွန်တော့်တို့လုမိသားစုကလည်း အမြန်ဆုံး ဆုတ်ခွာပြီးတော့ ဘဝသစ်တစ်ခုကို စတင်ရမယ်"

"ဒါဆို တော်ဝင်မြို့တော်က လုမိသားစုကရော...."

လုဝူသီ၏မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။

လုယွီ လုပ်ဆောင်ရန် စီစဉ်နေသည့် အရာသည် သူတို့ စိတ်ကူးထားခဲ့သည့် အရာနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေကြောင်း သူ ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

လုယွီက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"တော်ဝင်မြို့တော် လုမိသားစုက ပြောင်းရွှေ့မှာမဟုတ်ဘူး... သူတို့ လုပ်တဲ့ အရာက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး"

ဤစကားများကို ကြားချိန်၌ အကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့၏ မူလအစီအစဉ်အရ လုမိသားစုနှစ်စုကို တစ်စုတည်းအဖြစ် ပေါင်းစည်းသင့်ပေသည်။ ထိုအချိန်ကျပါက စစ်သူတော်စင်ကို ဘိုးဘေးအဖြစ် ထားရှိပြီး လုယွီ၏အစွမ်းအစကို မှီခိုအားကိုး၍ သူတို့သည် ကောင်းကင်ဘုံနယ်မြေတွင် အင်အားအကြီးဆုံး မိသားစု ဖြစ်လာပေမည်။

သို့ရာတွင် လုယွီ၏ လက်ရှိသဘောထားကို ကြည့်ရသည်မှာ သူသည် တော်ဝင်မြို့တော်လုမိသားစုကို လျစ်လျူရှုလိုပြီး သူနှင့်အတူ ခေါ်ဆောင်သွားရန် ရည်ရွယ်ချက် မရှိကြောင်း သိသာထင်ရှားပေ၏။

ဤသည်မှာ တော်ဝင်မြို့တော်လုမိသားစုကို လုံးလုံးလျားလျား စွန့်ပစ်မည့် အစီအစဉ်ပင်။

သူတို့သည် ကောင်းကင်ဘုံနယ်မြေသို့ မကြာသေးမီကမှ ဝင်ရောက်လာခဲ့ကြကာ သူတို့၏ အခြေခံအုတ်မြစ်သည် မခိုင်မာသေးသဖြင့် ခြေကုပ်ရယူရန်အတွက်ပင် ခက်ခဲနေသည်။ အကယ်၍ သူတို့ကို အစမှ ပြန်လည်၍စတင်ခိုင်းပါက မည်မျှထိခက်ခဲမည်ကို မည်သူ သိနိုင်မည်နည်း။

လုဝူသီ၏မျက်နှာ သုန်မှုန်သွားပြီး သူက မေးမြန်းသည်။

"တော်ဝင်မြို့တော် လုမိသားစုက ဒီအကြောင်းကို သိရဲ့လား"

"ကျွန်တော်က သူတို့ကို သိစေဖို့ မလိုဘူး... ကျွန်တော် အလုပ်လုပ်တဲ့ အချိန်မှာ သူတို့ရဲ့ သဘောထားကို မေးဖို့ လိုလို့လား"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"အဘိုး... အဘိုးက အင်မော်တယ်မိသားစုတစ်စုကို တည်ထောင်ချင်တယ် ဆိုရင် အစကတည်းက တခြားလူတွေကို အားကိုးလို့ မရဘူး... တော်ဝင်မြို့တော် လုမိသားစုမှာ လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ နောက်ခံအင်အားတွေ ရှိတယ်ဆိုတာ အမှန်ပဲ... ဒါပေမဲ့ ကျွန်တော်က သူတို့ကို ခေါ်သွားဖို့ အစီအစဉ် မရှိဘူး"

"ကောင်းပြီလေ... ယွီအာက ဒီလို ပြောမှတော့ ငါက အပြည့်အဝ ထောက်ခံတယ်"

လုဝူသီသည် စားပွဲခုံကို ရိုက်ပုတ်လိုက်ပြီး လုမိသားစုဝင်များကို ကြည့်လိုက်သည်။

"မင်းတို့အားလုံး ကြားတယ်နော်... ဒီနေ့ကစပြီး ငါတို့က ဒီကောင်းကင်ဘုံနယ်မြေမှာ ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ရပ်တည်ကြမယ်"

"အမိန့်ကို နာခံပါ့မယ်"

လုမိသားစုဝင်များအနက် တချို့သည် စိတ်လှုပ်ရှားနေကြပြီး အချို့က စိတ်ဓာတ်ကျနေကာ အချို့ကမူ ကြောက်ရွံ့နေကြ၏။

အောက်ဘုံလုမိသားစုဝင်များသည် ကောင်းကင်ဘုံနယ်မြေတွင် နေထိုင်စဉ်အတွင်း တော်ဝင်မြို့တော် လုမိသားစုနှင့် နက်ရှိုင်းစွာ ပတ်သက်ခဲ့ကြသည်။ သို့ရာတွင် ယခုချိန်၌ သူတို့သည် တော်ဝင်မြို့တော်မှ ထွက်ခွာသွားရမည် ဖြစ်သောကြောင့် တော်ဝင်မြို့တော် လုမိသားစုနှင့် ဆက်ဆံမှုပြတ်တောက်သွားပေမည်။

လုယွီသည် ဤအရာအားလုံးကို မြင်တွေ့ခဲ့ရသော်လည်း ဂရုမစိုက်ချေ။

အရာအားလုံးသည် သူ၏အစီအစဉ်အတိုင်း ဖြစ်ပွားနေသည်။

"နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်က မိသားစုဝင်တွေကို ရှန်းယန်မြို့ကို ပို့ဆောင်ပေးဖို့ စစ်တပ်တစ်တပ်ကို လွှတ်လိုက်မယ်... အဘိုး... အဘိုးရဲ့မိသားစုဝင်တွေကို အဲ့ဒီနေရာဆီ ခေါ်သွားလိုက်ပါ... ရှန်းယန်မြို့က တော်ဝင်မြို့တော်ထက် ပိုပြီးလုံခြုံတယ်"

လုယွီက လုဝူသီကို ကြည့်လိုက်သည်။

ရှန်းယန်မြို့...

လူအများသည် ဤမြို့ကို မှတ်မိရန် အချိန်အတော်ကြာ ယူလိုက်ရပေ၏။

လုယွီသည် ချီအင်ပါယာကို ဖျက်ဆီးပြီးနောက် ချီအင်ပါယာ၏မြို့တော်ဝေ့ယန်ကို ရှန်းယန်ဟု အမည်ပြောင်းလဲခဲ့သည်။

ယခုလက်ရှိချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အင်အားစုများအနက် အများစုသည် ရှန်းယန်တွင် စုစည်းနေကြသည်။ ဤသည်မှာ ရှန်းယန်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ဗဟိုချက်ဖြစ်လာမည့် လက္ခဏာများကို ပြသနေခြင်းပင်။

လုယွီသည် အောက်ဘုံရှိလုမိသားစုဝင် အားလုံးကို ရှန်းယန်မြို့တွင် အခြေချစေခဲ့သဖြင့် ဤအချက်ကို သူ၏စိတ်ထဲတွင် ထားရှိသည်မှာ သိသာထင်ရှားသည်။

"ဒါဆိုရင် ကောင်းတာပေါ့...ငါတို့ မိသားစုတွေ နောက်ဆုံးမှာ ပြန်ဆုံနိုင်တော့မယ်"

လုဝူသီက မဆိုင်းမတွ သဘောတူလိုက်သည်။

အနာဂတ်တွင် လုမိသားစု၏အလုံးစုံအင်အားသည် အဆမတန် မြင့်တက်သွားမည်ဟု ခန့်မှန်းနိုင်ပေ၏။

"လုရွှမ်းအာ... မင်းက ကျန်းရွှမ်းစဲရဲ့ တပည့် ဖြစ်လာတယ်လို့ ငါ ကြားတယ်... မင်း မြို့တော်မှာပဲ နေခဲ့မလို့လား"

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

All Chapters