← Chapters

အခန်း (၅၁၈၁-၅၁၈၅)

Vol. 262 Ch. 5181-5185

အခန်း (၅၁၈၁-၅၁၈၅)

Vol. 262 Ch. 5181-5185

Chapter 5181

လုယွီ ဤသို့ ပြောဆိုလိုက်သည်နှင့် နံဘေးပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းလူစုခွဲလိုက်ကြပြီး ထောင့်တစ်နေရာကို မြင်သာအောင် လုပ်ပေးလိုက်ကြသည်။

လုရွှမ်းအာသည် ထိုနေရာတွင် ထိုင်နေခဲ့လေ၏။ လုယွီက သူမကို ခေါ်သည်အား ကြားသည့် အချိန်တွင် သူမ မတ်တတ်ထရပ်လိုက်သည်။

"ကျွန်မ..."

လုရွှမ်းအာ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

လုယွီသည် သူမကို လျစ်လျူရှုထားမည်ဟု သူမ တွေးထင်ခဲ့သည်။

"ကျန်းရွှမ်းစဲက မင်းကို သူ့တပည့်အဖြစ် လက်ခံရင် ငါ ဝင်မစွက်ဖက်ဘူး... ဒါပေမဲ့ မင်းရဲ့အမေက ရှန်းယန်မြို့မှာ ရှိနေတယ်... မင်း သူ့ဆီကို ပြန်သွားကြည့်ဖို့ အစီအစဉ် မရှိဘူးလား"

လုယွီ၏အသံသည် တည်ငြိမ်နေပြီး စွပ်စွဲပြစ်တင်လိုသော အရိပ်အယောင်မရှိချေ။

သို့ရာတွင် လုရွှမ်အာသည် သူမ၏အမေ အကြောင်း ကြားသည့်အချိန်တွင် သူမ၏ ခန္ဓာကိုယ် အနည်းငယ်တုန်ယင်သွားပြီး သူမ၏မျက်လုံးများအတွင်တွင် မျက်ရည်များ ဝဲလာခဲ့သည်။

သူမသည် လုယွီ၏ တားမြစ်ချက်ကို လျစ်လျူရှုခဲ့ပြီး သူမ၏ကိုယ်ပိုင် ဆန္ဒအလျောက် ဖီးနစ်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူမသည် မင်းသားယင်လော့နှင့်လည်း ပေါင်းသင်းခဲ့ပြီး သူမ၏မိခင်ကိုပင် နှုတ်ဆက်စကား မဆိုခဲ့ပေ။

လုရွှမ်အာသည် ကျန်းမိသားစုတွင် ကောင်းမွန်သော အဝတ်အစားများကိုဝတ်ကာ အရသာရှိသော အစားအစာများ စားသောက်ပြီး နေထိုင်ခဲ့ရသည်။ သူမ အပြင်ထွက်သည့် အချိန်တွင် အစေခံများ လိုက်ပါခဲ့သော်လည်း သူမသည် အလွန်အမင်း အထီးကျန်ဆန်နေခဲ့သည်။

အောက်ဘုံရှိ လုမိသားစုတွင်ပင် လုရွှမ်အာကို သိကျွမ်းသူသည် အလွန်နည်းပါးပေ၏။

လုယွီသည် အမြင့်တွင် ရှိနေပြီး များသောအားဖြင့် ဖမ်းဆုပ်ရခက်သောကြောင့် သူမ အနေဖြင့် သူ့ကို သွားရှာရန် မဖြစ်နိုင်ခဲ့ပေ။ ယခုချိန်၌ သူမ၏မိသားစုသည် ကောင်းကင်ဘုံနယ်မြေတွင် ရှိနေသည်ဟု ကြားသိရချိန်၌ လုရွှမ်အာသည် သူမ၏စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ငိုကြွေးလိုက်မိသည်။

"မင်း မိသားစုနဲ့အတူ လိုက်သွားသင့်တယ်... ကျန်းရွှမ်းစဲ အတွက်ကတော့..."

လုယွီသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ၏ အသံသည် ရုတ်တရက် ပို၍တည်ကြည်လေးနက်သွားသည်။

"သူက တော်ဝင်မြို့တော်မှာ ကြာကြာ နေမှာ မဟုတ်ဘူး... ငါ ရှန်းယန်ကို သွားမှာဖြစ်တာကြောင့် ကျန်းရွှမ်းစဲလည်း ငါနဲ့အတူ လိုက်လာလိမ့်မယ်"

တခြားလူများအားလုံး အံ့အားသင့်သွားကြသည်။ ကျန်းမိသားစု၌ ကျန်းရွှမ်းစဲ၏ အဆင့်အတန်းသည် ထူးကဲလှသော်လည်း လုယွီ၏မျက်လုံးထဲတွင်မူ အရေးမပါလှချေ။

လုရွှမ်အာ၏ပြဿနာကို ဖြေရှင်းပြီးနောက် လုယွီသည် သူ၏မိသားစုဝင်များကို ညွှန်ကြားချက် အနည်းငယ် ထပ်မံ၍ ပေးခဲ့သည်။ သူသည် သူတို့အား ပို၍လုံလစိုက်ကာ ကျင့်ကြံရန်နှင့် သူတို့၏စွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။

လောကကြီး၏ကပ်ဘေးကြီးသည် နီးကပ်လာပြီ ဖြစ်ကာ လုယွီ၏မိသားစုသည် အလွန်အင်အားနည်းနေဆဲပင်။ ထိုကြောင့် လုယွီသည် သူ့မိသားစု၏အစွမ်းအစကို အမြန်ဆုံးမြှင့်တင်ပေးရန် လိုအပ်ပေ၏။ ထိုသို့မဟုတ်ပါက ကပ်ဘေးအောက်တွင် သူ၏မိသားစု ရှင်သန်နေရန် ခက်ခဲပေလိမ့်မည်။

...

ချန်လုံနန်းတော်...ထိုက်ချူခန်းမ...

လုယွီသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏ ရှေ့မှ လူများကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။ သူ၏အမူအယာသည် ပုံမှန်အတိုင်း ဖြစ်ပြီး ခန့်ညားထည်ဝါကာ သူသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်ကာ လက်ရှိအချိန်သို့ ရောက်ရှိလာသော စစ်မှန်သည့် အလယ်ခေတ် ဧကရာဇ်တစ်ပါးအလားပင်။

ဤသည်မှာ အလယ်ခေတ်က အရှေ့ဝူဧကရာဇ် ခရီးသွားသည့် အချိန်တွင် သူ၏အမတ်ကြီးများကို ဆင့်ခေါ်ခဲ့သည့်နန်းတော်ပင်။

ဤနေရာရှိ ဗိသုကာပုံစံသည် ရှေးဟောင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သို့ရာတွင် ဤနေရာသည် ရှေးဟောင်းခေတ်မှ စစ်ပွဲကာလအပြောင်းအလဲ၏ အငွေ့အသက်များနှင့်လည်း ရောယှက်နေသဖြင့် လူများကို တွေဝေမိန်းမောစေသည်။

"အရှင်ဧကရာဇ်... ကျွန်တော်မျိုးက လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲတဲ့နေရာမှာ ပေါ့လျော့ခဲ့ပါတယ်... ဒီခွေးတိရစ္ဆာန်က အရှင်ဧကရာဇ်ကို ပြစ်မှားရဲတယ်... သူ့ရဲ့ ပြစ်မှုက တကယ့်ကို ဆိုးရွားတယ်... သူ့ကို အပြစ်ပေးတော်မူပါ"

ကျန့်မိသားစု၏ခေါင်းဆောင် ကျန့်ယွင်ဟယ်သည် ဤအချိန်တွင် မျက်နှာ ဖြူဖျော့နေပြီး ခေါင်းငုံ့ကာ သူ၏ခန္ဓာကိုယ်ကို ကိုင်းညွှတ်ထားပေ၏။

သူသည် အမတ်ကြီးမျိုးရိုးမှ မွေးဖွားလာသူ ဖြစ်ပြီး နက်နဲသိမ်မွေ့သော အစွမ်းအစ ရှိသောကြောင့် ကျန့်မိသားစု၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

သို့ရာတွင် သူသည် လုယွီနှင့် အမှုကိစ္စများ မဆွေးနွေးမီ သူ၏ လက်အောက်ငယ်သားများက သူ့အား သတင်းပို့ခဲ့သည်။ သူ၏မိသားစုဝင်များသည် လုယွီအား ပြစ်မှားခဲ့သည်ကို သူ ကြားသိရမည်ဟု မျှော်လင့်မထားမိချေ။

ထိုသတင်းကို ကြားသိရသည့်အချိန်တွင် ကျန့်ယွင်ဟယ်သည် တုန်လှုပ်သွားပြီး သူ၏လူများကို ချက်ချင်း အမိန့်ပေးကာ ကျန့်စစ်မင်ကို ဖမ်းဆီးပြီး မြေပြင်ပေါ်တွင် ဖိနှိပ်ထားစေခဲ့သည်။

ကျန့်စစ်မင်၏နောက်တွင် အထက်တန်းလွှာလူငယ်တစ်စုသည် ဒူးထောက်နေကြပြီး သူတို့၏မျက်နှာများ ဖြူဖျော့နေကာ မည်သည့်အရာ ဖြစ်ပျက်လာတော့မည်ကို မသိရှိကြပေ။

ဤလူများအနက် ကျိုးယွမ်ဟောင် တစ်ဦးတည်းသာ မောက်မာထောင်လွှားသော အသွင်အပြင်ကို ဆက်လက်၍ ထိန်းသိမ်းထားပေ၏။ သူသည် လုယွီအား ရံဖန်ရံခါကြည့်နေပြီး သူ၏ မျက်လုံးများအတွင်းတွင် ရက်စက်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"အရှင်... ကျွန်တော်တို့ကို ချမ်းသာပေးပါ... ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ပါဘူး"

"ဟုတ်ပါတယ် အရှင်... ကျွန်တော်တို့တွေအားလုံး သူက အရှင်ဧကရာဇ်ဆိုတာ လုံးဝမသိခဲ့ပါဘူး"

ထိုအထက်တန်းလွှာလူငယ်များသည် စတင်၍ အသနားခံတောင်းပန်ကြတော့သည်။

လုယွီ၏အရှိန်အဝါသည် အလွန်အစွမ်းထက်ပြီး ဤသည်မှာ သူတို့၏ရှေ့တွင် လွှဲယမ်းနေသော ဓားရှည်တစ်လက်ကဲ့သို့ ဖြစ်နေပြီး သူတို့အား မကြုံစဖူးသောဖိအားကို ခံစားရစေသည်။

သို့ရာတွင် ယခင်က သူတို့ကို အလိုလိုက်ခဲ့ကြသော မိသားစုအကြီးအကဲများအားလုံးသည် ဤအချိန်တွင် အလွန်အမင်း ခက်ထန်တင်းမာကာ တည်ငြိမ်နေကြသည်။

***ကျန်းစစ်မင်နေရာမှာ ကျန့်စစ်မင်လို့ပြောင်းပါမယ်...မိသားစုမျိုးရိုးနှစ်ခု ရောနေလို့ပါ။

Chapter 5182

ဤအထက်တန်းလွှာလူငယ်များ၏ အသနားခံတောင်းပန်သံများသည် လျစ်လျူရှုခြင်း ခံလိုက်ရလေ၏။

"အရှင်ဧကရာဇ်က ဆုံးဖြတ်ချက် ချပေးတော်မူပါ"

လက်ရှိနေရာတွင်ရှိနေသူ အားလုံးက လုယွီအား တညီတညွတ်တည်း ပြောလိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် ထိုအထက်တန်းလွှာလူငယ်များသည် သူတို့၏ခွန်အားများအားလုံး ဆုံးရှုံးသွားပုံရပြီး သူတို့အနက်မှအများစုသည်မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဤလူငယ်များသည် များသောအားဖြင့် တော်ဝင်မြို့တော်တွင် သူတို့၏အခွင့်အာဏာကို ပြသကြပြီး အားနည်းသူကို အနိုင်ကျင့်ကာ အားကြီးသူကို ကြောက်ရွံ့ကြသည်။ သို့ရာတွင် သူတို့သည် အလွန်အခွင့်အာဏာကြီးမားသူနှင့် တွေ့ဆုံသည့်အချိန်တွင်မူ အနည်းငယ်မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိကြချေ။

လုယွီသည် အလွန်အစွမ်းထက်သည်ဟု နာမည်ကျော်ကြားသဖြင့် အဆင့်မြင့်အမတ်ကြီးများပင်လျှင် သူ့ကို လွယ်လင့်တကူ ရန်မစရဲကြချေ။

ဤအချိန်တွင် လုယွီသည် နဂါးပလ္လင်ပေါ်၌ ထိုင်နေပြီး သူ၏မျက်လုံးများအတွင်းတွင် အေးစက်သော အရိပ်အယောင်တစ်ရပ် ရှိနေခဲ့သည်။

တခြားလူများအားလုံး လုယွီ၏ ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့သည် လုယွီအား ထပ်မံ၍ကြည့်လိုက်သည့်အချိန်တွင် အစစ်အမှန်နဂါးတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

"ဒီနေ့က ငါ့အဘိုးရဲ့ မွေးနေ့ပဲ... ငါ လူမသတ်ဘူး"

လုယွီက အေးစက်သော အသံဖြင့် ပြောဆိုလိုက်သည်။

"သူတို့အားလုံး သူတို့ရဲ့ကျင့်ကြံမှုကို စွန့်လွှတ်ရမယ်... ပြီးတော့ ဒီဘဝမှာ တော်ဝင်မြို့တော်ကို နောက်တစ်ခါ ခြေမချရဘူး"

လူများအားလုံး တပြိုင်နက်တည်း ထိတ်လန့်တုန်လှုပ်သွားသည်။

ကျင့်ကြံမှုကို ဖျက်ဆီးခြင်း...

ကျင့်ကြံသူများအတွက် ဤသည်မှာ ပြည်နှင်ဒဏ်ပေးခြင်းထက် ပို၍ဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင်။

အကယ်၍ လူတစ်ဦးသည် တိမ်တိုက်များပေါ်သို့ တစ်ကြိမ်တစ်ခါမျှ မတက်လှမ်းဖူးပါက သူသည် သူ၏ဘဝတစ်ခုလုံးကို လောကီရှုပ်ထွေးမှုများအတွင်းတွင် နေထိုင်သွားနိုင်ပေမည်။

သို့ရာတွင် သူသည် ပျံသန်းခြင်းနှင့်အစွမ်းထက်ခြင်းတို့၏ ခံစားချက်ကို မြည်းစမ်းဖူးသွားသည်နှင့် တပြိုင်နက်တည်း သူသည် သာမန် သေမျိုးဘဝကို နောက်တစ်ကြိမ် ပြန်လည် လက်ခံရန် ခက်ခဲသွားပေမည်။

"အရှင်ဧကရာဇ်... ကျွန်တော်က ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မမှတ်မိခဲ့ဘူး... ကျွန်တော် သေသင့်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"

ကျန့်စစ်မင်သည် လုယွီအား အကြိမ်ကြိမ် ဦးတိုက်၍တောင်းပန်နေပြီး သူ၏နဖူး ကွဲအက်နေကာ တောက်ပသော အနီရောင်သွေးများယိုစီးကျနေသည်။

တခြားအထက်တန်းလွှာလူငယ်များသည်လည်း အသည်းအသန် တောင်းပန်ကြ၏။

"အရှင်ဧကရာဇ်... ဒီအပြစ်ဒဏ်က အရမ်း မပြင်းထန်လွန်းဘူးလား"

အထက်တန်းလွှာမိသားစုတစ်စုမှ အကြီးအကဲ တစ်ဦးက လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

"မင်းက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား"

လုယွီက သူ့ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။

"မဝံ့ရဲပါဘူး"

ထိုအကြီးအကဲသည် ချက်ချင်းဆိုသလိုပင် တုန်လှုပ်သွားပြီး မည်သည့်စကားမျှ မပြောရဲတော့ဘဲ သူ၏ခေါင်းကို အလျင်အမြန် ငုံ့လိုက်၏။

ဤကဲ့သို့ လူရှုပ်လူပွေများသည် ဝေ့မုန်ထင်နှင့် ကျန်းယုချင်တို့ကို မည်သည့်နည်းနှင့်မျှ ရန်စစော်ကားခြင်း မပြုသင့်ပေ။

သူတို့သည် ထိုမိန်းကလေးနှစ်ဦးကို နှုတ်ဖြင့်ရန်စစော်ကားခြင်းပင်လျှင် သေလမ်းရှာခြင်းဖြစ်သည်။

သူ လုယွီသည် ဤလူများကို အသက်ရှင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့ခြင်းသည် အကြီးမားဆုံးသော ကြင်နာမှုကို ပြသခဲ့ခြင်းပင်။

"ငါ့ရဲ့ကျင့်ကြံမှုကိုသာ ဆုံးရှုံးရမယ်ဆိုရင် ငါ သေတာကမှ ပိုကောင်းဦးမယ်"

ကျန့်စစ်မင်သည် ရုတ်တရက် အော်ဟစ်လိုက်ပြီး လှည့်ထွက်သွားသည်။

သူသည် ရူးသွပ်မှုအတွင်းသို့ ကျရောက်သွားပြီ ဖြစ်ပြီး ဤနေရာမှ ထွက်ပြေးရန်ထက် လုယွီအား ပြစ်မှားမိမည့် အန္တရာယ်ကို ပို၍ရင်ဆိုင်လိုသည်။

ဤသည်ကို မြင်တွေ့ချိန်၌ တခြားအထက်တန်းလွှာလူငယ်များသည် ချက်ချင်းနောက်သို့လှည့်ကာ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးတိမ်းရှောင်ကြတော့သည်။

"ဟမ့်..."

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကို မြှောက်လိုက်၏။

သူ၏လက်မှနေ၍ လေးတစ်လက်မှ ပစ်လွှတ်လိုက်သော ထက်ရှသည့် မြှားတစ်စင်းကဲ့သို့ အဖြူရောင်လေစီးကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ ထွက်ပြေးနေသော လူငယ်များကို ချက်ချင်းထိမှန်သွားတော့သည်။

ဖြောင်း... ဖြောင်း....

ကျယ်လောင်သောအသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ကျန့်စစ်မင်နှင့် တခြားအထက်တန်းလွှာလူငယ်များ ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုလူငယ်များသည် သူတို့၏ဗိုက်များကို ဆုပ်ကိုင်ကာ နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်ပြီး အော်ဟစ်ငိုယိုနေကြ၏။

"ငါ့ရဲ့ ကျင့်ကြံမှုတွေ မရှိတော့ဘူး"

ကျန့်စစ်မင်၏မျက်နှာ ဖြူဖျော့သွားပြီး သူ ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။

သူ၏မာန်မာနများအားလုံး ဤအချိန်တွင် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားခဲ့သည်။

သူ၏စိတ်နှလုံးသားအတွင်းသို့ ပြင်းထန်သော နောင်တရသည့်စိတ်များ တိုးဝင်လာခဲ့သည်။ အကယ်၍ နတ်ဘုရားများသည် သူ ကျန့်စစ်မင်ကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့ပါက သူသည် နှိမ့်ချရို့ကျိုးစွာ နေထိုင်မိပေမည်။

သို့ရာတွင် ဤလောက၌ နောင်တအတွက်ဆေး မရှိချေ။

"လုယွီ... ငါက သိုက်မင်းသား... ကျောက်တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ... ငါ့ရဲ့မိသားစုမှာ ကွယ်လွန်သူဧကရာဇ်ရဲ့ သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား ရှိတယ်... ငါက ဒီအပြစ်တစ်ခုအတွက် အဲဒါနဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ်"

ကျိုးယွမ်ဟောင်သည် သူ၏ခေါင်းကို မော့လိုက်ရာ သူ၏မျက်လုံးများအတွင်းတွင် စိတ်ကျေနပ်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သိုက်ဘုရင်သည် တစ်ချိန်က ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင်၏ညီတော်တစ်ဦး ဖြစ်ခဲ့သဖြင့် သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

သူသည် ပုန်ကန်မှုကဲ့သို့ ကြီးလေးသောပြစ်မှုကို မကျူးလွန်သရွေ့ အပြစ်များအားလုံးမှ ကင်းလွတ်ခွင့် ရနိုင်ပေမည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏ၌...

လုယွီသည် သူ၏လက်ဝါးကို ရုတ်တရက် ရိုက်ထုတ်လိုက်ရာ အစွမ်းထက်သော လက်ဝါးအားလှိုင်းတစ်ရပ်သည် ကျိုးယွမ်ဟောင်ကို မီတာတစ်ဆယ်ကျော် ဝေးကွာသော နေရာသို့ လွင့်ထွက်သွားစေသည်။ သူသည် ထိုက်ချူခန်းမ၏ တိုင်တစ်လုံးနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိလေ၏။

"ဖူး...."

ကျိုးယွမ်ဟောင်၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး သူ၏မျက်နှာ ဖြူဖျော့သွားပေ၏။ သူ၏ကျင့်ကြံဆင့်သည် လုယွီ၏လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အမှန်တကယ်ကို ဖျက်ဆီးခံလိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏အေးစက်စက်အသံသည် ကျိုးယွမ်ဟောင်၏နားထဲသို့ ရောက်ရှိလာခဲ့သည်။

"ကွယ်လွန်သူ ဧကရာဇ်ဆီက သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားက ဘာလဲ... ငါ အဲ့ဒါကို မြင်ဖူးလို့လား"

Chapter 5183

နံဘေးပတ်ဝန်းကျင်တွင် မတ်တတ်ရပ်နေသော လူများအားလုံးသည် နေရာတွင်ပင် တောင့်တင်းသွားကြကာ မလှုပ်ရှားနိုင်တော့ဘဲ သူတို့၏ မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

ရှန်လင်းလုံ အာဏာရှိနေသည့် အချိန်တွင်ပင် ထိုက်ချမ်ဧကရာဇ်မှ ပေးအပ်ခဲ့သော အထူးအခွင့်အရေးအမျိုးမျိုးကို မေးခွန်းထုတ်ခဲ့ခြင်း မရှိချေ။

ထိုက်ချမ်ဧကရာဇ်သည် အင်ပါယာကို ပြန်လည် နိုးထစေခဲ့သော အုပ်စိုးသူပင်။ သူ ကွယ်လွန်သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူ၏နာမည်ဂုဏ်သတင်းသည် တည်ရှိနေဆဲဖြစ်ကာ သူ့အား ချစ်ခင်လေးစားသူ အမြောက်အများ ရှိနေခဲ့သည်။ သို့ရာတွင် လုယွီသည် ထိုက်ချမ်ဧကရာဇ်၏ သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားကို အမှန်တကယ် လျစ်လျူရှုခဲ့သည်။ သူသည် ထိုအရာကို အကျိုးသက်ရောက်မှု မရှိဟု ပြောဆိုလိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ကြချေ။

လုယွီသည် ထိုက်ချမ်ဧကရာဇ်ခေတ်ကာလ၏ အထူးအခွင့်အရေးများကို ဖျက်သိမ်းလိုနေသည်။

လူများအားလုံး၏စိတ်နှလုံးသားများ တုန်ရီသွားကြပြီး သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်လာမှုကို ခံစားလိုက်ရသည်။

ဤလူများ၏နောက်ကွယ်မှ အင်အားစုများသည် ယခင်ဧကရာဇ်လက်ထက်တွင် အခွင့်အာဏာများ စုဆောင်းနိုင်ခဲ့ကာ အထူးအခွင့်အရေးများ ရရှိခဲ့ကြသည်။

ယခုချိန်၌ လုယွီသည် ဤအထူးအခွင့်အရေးများကို ငြင်းပယ်လိုပေ၏။ ဤသည်မှာ အထက်တန်းလွှာမိသားစုများ၏ အခွင့်အာဏာကို တိတ်တဆိတ်အားနည်းစေခြင်းလည်း ဖြစ်သည်။

လူများအားလုံးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လုယွီကို လှမ်းကြည့်လိုက်ကြပြီး သူသည် အလွန်နက်နဲသိမ်မွေ့သည်ဟု ခံစားမိလေ၏။ သူတို့သည် လုယွီ၏အတွေးများကို မခန့်မှန်းနိုင်ကြတော့ချေ။

"အား... ငါ့ရဲ့ ကျင့်ကြံမှု... ငါ့ရဲ့ ကျင့်ကြံမှု"

ကျိုးယွမ်ဟောင်က အော်ဟစ်ငိုယိုလိုက်သည်။

သူသည် အလွန်နာကျင်နေပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေကာ သူသည် လုယွီအား လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်သည်။ "မင်း စောင့်နေလိုက်စမ်း.. ငါတို့ ကျိုးမိသားစုက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး..."

"ဘုန်း...."

ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် ပြင်ပမှ ပြေးဝင်လာပြီး အလျင်အမြန် လျှောက်လှမ်းလာသည်။ သူ့ကိုကြည့်ရသည်မှာ စိုးရိမ်သောက ရောက်နေပြီး အလွန်အမင်း ထိတ်လန့်နေပုံ ရပေ၏။

ထိုလူလတ်ပိုင်းကြီးသည် ဝင်လာသည်နှင့် တပြိုင်နက်တည်း သူသည် ကျိူးယွမ်ဟောင်၏ မျက်နှာကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်သည်။ ထိုပါးရိုက်ချက်သည် ကျိုးယွမ်ဟောင်ကို သတိလစ်သွားစေသည်အထိ ဖြစ်စေခဲ့သည်။

ယခုရောက်ရှိလာသူမှာ သိုက်ဘုရင်မှ လွဲ၍ တခြားလူ မဟုတ်ပေ။

ဤအချိန်တွင် သိုက်ဘုရင်၏နဖူးတွင် ချွေးသီးချွေးပေါက်များ ဖုံးလွှမ်းနေပြီး သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပေ၏။ သူသည် လုယွီ၏ရှေ့တွင် ဒူးထောက်ပြီး ပြောဆိုလိုက်သည်။

"ကျွန်တော်ရဲ့သားကို ထိန်းသိမ်းတဲ့နေရာမှာ ကျွန်တော် ပေါ့လျော့ခဲ့ပါတယ်... အရှင်ဧကရာဇ်ကို ပြစ်မှားရဲတဲ့ ဒီမကောင်းဆိုးဝါးကောင်ကို ကျွန်တော် မွေးမြူခဲ့မိပါတယ်... ကျွန်တော်က သေသင့်ပါတယ်"

အချိန်အတော်ကြာသည့်တိုင် လုယွီသည် သူ့ကို တုံ့ပြန်အဖြေမပေးခဲ့ချေ။

သိုက်ဘုရင်၏ကြောက်ရွံ့မှုသည် ပို၍ပြင်းထန်လာပြီး သူသည် သူ၏ခေါင်းကို လျင်မြန်စွာငုံ့ပြီး ပြောဆိုလိုက်သည်။

"အရှင်ဧကရာဇ် စိတ်ချပါ... ကျွန်တော် ပြန်ရောက်တာနဲ့ ဒီကောင်စုတ်လေးရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီး သူ့ကို တော်ဝင်မြို့တော်မှာ နောက်တစ်ခါ ခြေမချနိုင်အောင် တားဆီးပါ့မယ်"

အချိန်အတော်ကြာပြီးနောက် လုယွီ၏ ကျယ်လောင်သောအသံသည် ထိုက်ချူ နန်းတော်အတွင်း၌ ပဲ့တင်ထပ်သွားပေ၏။

"ကျိုးမိသားစုက ငါ့ကို ဆန့်ကျင်ဖို့ အစီအစဉ် ရှိနေတုန်းပဲလား"

ဤအသံကိုကြားချိန်၌ လက်ရှိနေရာတွင်ရှိနေသော မင်းသားများသည် ဆက်လက်၍ ထိုင်မနေနိုင်ကြတော့ပေ။ သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး သူတို့ထံတွင် မရိုးသားသော ရည်ရွယ်ချက်များ မရှိကြောင်း ကျိန်ဆိုလိုက်ကြ၏။

"အရှင်ဧကရာဇ်က ကျင့်ကြံခြင်းမှာ အောင်မြင်ပြီးတော့ ဥာဏ်ပညာကြီးမားပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ... ကျွန်တော်တို့ကျိုးမိသားစုက အရှင်ဧကရာဇ်ရဲ့ခြေရာနောက်ကို သေတဲ့အထိ လိုက်ဖို့ ဆန္ဒရှိပါတယ်"

အသက်အိုမင်းနေသော မင်းသားတစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။

တခြားအစွမ်းထက်ပုဂ္ဂိုလ်များသည် ဤမြင်ကွင်းကို မြင်တွေ့သည့်အချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ ဝေခွဲရခက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ကျိုးမိသားစုသည် တစ်ချိန်က ထိပ်သီးမိသားစုများထက်ကျော်လွန်ခဲ့သည့် တော်ဝင်မိသားစု ဖြစ်ခဲ့ပေ၏။

ယခုချိန်တွင်မူ လုယွီ၏ရှေ့တွင် ဂုဏ်သိက္ခာကြီးမားသော ကျိုးမိသားစုသည် ဤအခြေအနေသို့ ကျဆင်းသွားခဲ့လေပြီ။

"သူ့ကို ထိန်းချုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား"

ဤအတွေးသည် လူအများစု၏စိတ်ထဲတွင် ထင် ဟပ်လာသည်။

ထိုအချိန်မှာပင် အဘိုးအိုတစ်ဦး၏အသံကို ကြားလိုက်ရသည်။

"အရှင်ဧကရာဇ်က အခုဆို အချိန်အတိုင်းအတာ တစ်ခုထိ ငါတို့ ထိပ်သီးမိသားစုတွေရဲ့ အခွင့်အာဏာတွေကို ကန့်သတ်နေခဲ့ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ အမြဲတမ်း ထောက်ပံ့နေခဲ့တယ်... အခု ဆား သံ စိတ်ဝိညာဥ်မိုင်းတွင်းနဲ့ ရေလမ်းကြောင်း အပါအဝင် လုပ်ငန်းအများစုကို အုပ်ချုပ်ရေးအဖွဲ့တွေဆီ ခွဲဝေပေးပြီးပြီ... အရှင်ဧကရာဇ်က နောက်ထပ် ဘာတွေဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ... ကျေးဇူးပြုပြီးတော့ ငါတို့ကို ရှင်းရှင်းလင်းလင်း ပြောပြပေးပါ"

ဤစကားကိုပြောဆိုလိုက်သူမှာ လုမိသားစု၏ တတိယအရှင် လုချန်ဆောင်ပင်။

လုချန်ဆောင်သည် ယခုချိန်၌ လုမိသားစု၏ခေါင်းဆောင် ဖြစ်ပြီး အကြွင်းမဲ့အာဏာရှိကာ အကြီးအကဲများခန်းမ၏ထိပ်ဆုံးတွင် ထိုင်နေသည်။

ဤအချိန်တွင် လုချန်ဆောင်၏မျက်လုံးအကြည့်သည် လုယွီပေါ်၌ စူးစိုက်၍ ကျရောက်နေကာ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု များများစားစား မရှိခဲ့ချေ။

လူများအားလုံးသည် အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း စကားပြောဆိုသူသည် လုချန်ဆောင် ဖြစ်သည်ကို မြင်တွေ့သည့်အချိန်တွင် သူတို့အားလုံး စိတ်သက်သာရာ ရသွားကြသည်။

ယခုအချိန်၌ လုယွီအား မေးခွန်းထုတ်ရဲသည့် တစ်ဦးတည်းသောလူမှာ လုမိသားစုခေါင်းဆောင်သာ ဖြစ်ပေမည်။

လက်ရှိနေရာတွင်ရှိနေသော အထက်တန်းလွှာမိသားစုများမှ လူများသည် လုယွီထံသို့ လှည့်ကြည့်လိုက်ကြပြီး သူသည် ဤပြဿနာကို မည်သို့ဖြေရှင်းမည်အား သိရှိလိုကြသည်။

Chapter 5184

လုယွီသည် လုချန်ဆောင်က သူ့ကို ဤအချိန်တွင် စကားဖြင့် တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

မွေးနေ့ပွဲတွင် တော်ဝင်မြို့တော် လုမိသားစုသည် အလွန်လေးစားစွာ ပြုမူခဲ့ပြီး သူ၏ အဘိုးကို အကြီးအကဲချုပ်အဖြစ် တင်မြှောက်ကာ အောက်ဘုံရှိ လုမိသားစုဝင်များအားလုံးကို အထူး ဧည့်သည်တော်များအဖြစ် ဆက်ဆံခဲ့သည်။ သူတို့၏ခြေလှမ်းတိုင်းနီးပါးသည် အပြစ်အနာအဆာ ကင်းမဲ့ခဲ့ပေ၏။

လုယွီသည် မွေးနေ့ပွဲသို့ နှိမ့်ချသော ပုံစံဖြင့် ဝင်ရောက်ရန် ရွေးချယ်ခဲ့သော်လည်း လုမိသားစုသည် ထိုကိစ္စကို ပြီးပြည့်စုံစွာ ကိုင်တွယ်ခဲ့ပြီး လုယွီအား ပွဲထွက်ခွင့် ပေးကာ လုဝူသီကို လုံလောက်သော မျက်နှာသာပေးခဲ့သည်။

မည်သည့် ရှုထောင့်မှ ကြည့်ပါစေ လုမိသားစုသည် လုယွီအား သူတို့ကိုယ်သူတို့ နှိမ့်ချသော သဘောထားဖြင့် ကြိုဆိုခဲ့သည်။

သို့ရာတွင် နွေးထွေးမှု ပြီးဆုံးသည့် နောက်တွင်မူ သားသတ်သမား၏ဓားကို ပြသရန် အချိန်ကျရောက်လာခဲ့သည်။

လုချန်ဆောင်မှ အပြုံးဖြင့် မေးမြန်းလိုက်သည့် အရာသည် တခြားထိပ်သီးမိသားစုများမှ မေးလိုသည့်အရာ အတိအကျပင်။

"အဆုံးသတ်ရမယ့် အချိန်ရောက်ရင် ဒါက သဘာဝအတိုင်း အဆုံးသတ်သွားလိမ့်မယ်"

လုယွီက ပြောဆိုသည်။

"အရာအားလုံးက အဆုံးသတ်တစ်ခုဆီ ရောက်လာရမယ်ဆိုတာ အမှန်ပဲ...ဒါပေမဲ့ အချိန်အရမ်းကြာသွားရင် ငါတို့လူအိုကြီးတွေက ငါတို့ရဲ့စိတ်လုံးသားတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ဘူး"

လုချန်ဆောင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

လုယွီသည် လုချန်ဆောင်အား လှမ်းကြည့်ပြီး ပြောဆိုလိုက်၏။

"ထိပ်သီးမိသားစုတွေ အခု ခံစားနေရတဲ့ အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှုတွေက အင်အားစုအများစု လက်လှမ်းမမီတဲ့ နေရာမှာ ရှိနေတယ်... မင်းတို့ အခု ကိုင်စွဲထားတဲ့ အကျိုးကျေးဇူးတွေက တခြားလူတွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာ ရှိနေတာပဲ... ဒီတော့ မင်းတို့က ဘာလို့ ထပ်ပြီးချမ်းသာကြွယ်ဝလာဖို့အတွက်ကို စိတ်ပူနေကြတာလဲ"

လုချန်ဆောင်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"အရှင်ဧကရာဇ် အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား... ဒါက ဘယ်တော့မှ ရပ်တန့်မသွားဘူး... လူတွေမှာ ဆန္ဒတွေ ရှိနေသရွေ့ သူတို့က အဲဒါတွေကို ထင်တိုင်းကြဲပြီး ချဲ့ထွင်နေကြမှာပဲ... တစ်နည်းပြောရရင် လူတွေရဲ့နှလုံးသားက လောကမှာ အကြီးမားဆုံး ချောက်နက်ကြီး ဖြစ်ပြီးတော့ ဒါက ဘယ်တော့မှ ကျေနပ်ရောင့်ရဲမှာ မဟုတ်ဘူး"

တခြားလူများ၏နဖူးများထက်တွင် ချွေးစေး တစ်လွှာ ထွက်ပေါ်လာခဲ့သည်။

သူတို့သည် လုယွီ၏အစွမ်းအစကို ကြောက်ရွံ့ကြသဖြင့် သူ့ကို မေးခွန်းထုတ်ရန် မဝံ့ရဲခဲ့ကြချေ။

သို့ရာတွင် လုချန်ဆောင်သည် လုယွီ၏အမှားများကို သူ၏မျက်နှာရှေ့တွင် အမှန်တကယ် ထောက်ပြရဲလောက်အောင် သတ္တိရှိလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ချေ။

"ငါ ဘာလုပ်မယ်ဆိုတာ မင်း နားလည်မှာ မဟုတ်ဘူး"

လုယွီ၏အသံတွင် အထီးကျန်ဆန်မှုများဖြင့် ပြည့်နှက်နေပေ၏။

"ဒီပလ္လင်က ဘယ်သူ ထိုင်ထိုင် မပြောင်းလဲဘဲ ရှိနေတုန်းပဲ... ရှေးခေတ် ဝူဧကရာဇ်လည်း ဒီပလ္လင်ပေါ်မှာ ထိုင်ခဲ့တာပဲ... ငါလည်း ထိုင်တာပဲ... ဝူဧကရာဇ်ရဲ့ စွန်းမိသားစုက နာမည်ဂုဏ်သတင်း အရမ်းကြီးမားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဖုန်မှုန့် တစ်ပုံထက် မပိုတော့ဘူး... အာဏာနဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ ငါ့အတွက်တော့ ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေလိုပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ကြည့်လိုက်ရာ သူ၏မျက်လုံးများအတွင်းတွင် ထက်ရှသော အရှိန်အဝါတစ်ရပ် ရှိနေခဲ့သည်။

"ဒါပေမဲ့ ဒီလောကရဲ့ အကျိုးကျေးဇူးတွေကို ချမ်းသာတဲ့လူတွေက လက်ဝါးကြီးအုပ်ပြီး ပိုင်ဆိုင်ထားလို့ မဖြစ်ဘူး... ငါ့ရဲ့ လုပ်ရပ်တွေက ချမ်းသာကြွယ်ဝတဲ့လူတွေရဲ့ လက်ဝါးကြီးအုပ်ပိုင်ဆိုင်မှုတွေကို ချိုးဖျက်ဖို့ပဲ... လူအများစုကို တိုးတက်ဖို့ အခွင့်အရေး ပေးပြီးတော့ နောက်ဆုံးမှာ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အစွမ်းအစကို မြှင့်တင်ဖို့ပဲ"

လုယွီသည် ဖန်းနန်းတော်တွင် တွေ့မြင်ခဲ့ရသော "လူသားဧကရာဇ်ကျမ်းစာ" ကို ယခုချိန်ထိတိုင် မှတ်မိနေဆဲပင်။

ရှေးခေတ်၌ လူသားဧကရာဇ်သည် သူ သင်ယူခဲ့သမျှ အရာအားလုံးကို ကျမ်းစာများအဖြစ် ရေးသားခဲ့ပြီး ထိုအရာများကို သူ၏ပြည်သူများထံ အခမဲ့လက်ဆင့်ကမ်းပေးခဲ့သည်။

ချင်အင်ပါယာရှိ လူများအားလုံးသည် သိုင်းပညာ တတ်ကျွမ်းကြ၏။ သူတို့သည် မြင်းပေါ်မှ ဆင်းသည့်အချိန်တွင် လယ်ယာစိုက်ပျိုးနိုင်ပြီး မြင်းပေါ်တက်သည့် အချိန်တွင် စစ်သားများအဖြစ် အမှုထမ်းနိုင်ကြသည်။ သာမန် နိုင်ငံသား များပင်လျှင် အလွန်အစွမ်းထက်သည်။ သူတို့သည် ကောင်းကင်ဘုံနန်းတော်ကိုပင် တိုက်ခိုက်နိုင်ပြီး ရှေးနတ်ဆိုးများကို ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့ကြသည်။ သူတို့သည် ပြိုင်ဘက်ကင်းဟု ဆိုရလောက်အောင် အလွန်အစွမ်းထက်ခဲ့ပေ၏။

ယနေ့ခေတ်တွင် ထိပ်တန်းအဆင့် ကျင့်ကြံနည်းစနစ်အားလုံးနီးပါးကို အင်အားစုအသီးသီးက သိုဝှက်ထားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤထိပ်သီးကျင့်ကြံနည်းစနစ်များကို သင်ယူလိုပါက ဈေးနှုန်းကြီးမြင့်စွာ ပေးချေရပေမည်။

အကယ်၍ ဆင်းရဲသောမိသားစုများမှ လူငယ်တချို့သည် စွမ်းအားများရရှိလိုပါက ကံကြမ္မာကောင်းတချို့ လိုအပ်သည့်အပြင် သူတို့သည် သာမန်လူများထက် အဆများစွာ ပို၍ကြိုးစား လုပ်ဆောင်မှသာ သင့်တင့်သော သိုင်းပညာနည်းစနစ်တစ်ခု နှစ်ခုကို ရရှိနိုင်ပေသည်။

လက်ဝါးကြီးအုပ် ပိုင်ဆိုင်မှုများ....

ဤသည်မှာ လုယွီ တွေ့မြင်ခဲ့ရသော ဖြစ်စဉ်များအနက် အများစုပင်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်သစ်များသည် များသောအားဖြင့် မြင့်မြတ်သူများနှင့်ချမ်းသာကြွယ်ဝသော မိသားစုများမှ လာကြသည်။ သူတို့အနက် လုကောင်းကျီးကဲ့သို့ဆင်းရဲသော မိသားစုများမှ လူငယ်များသည် အလွန်နည်းပါးပေ၏။ သူတို့အနက် လူနည်းစုကသာ ထိပ်သီးအင်အားစုများသို့ ဝင်ရောက်နိုင်ကြသည်။

ထို့ပြင် ဆယ်ကျော်သက်လူငယ်များအတွင်းတွင် ရုတ်တရက် အောင်မြင်ထွန်းတောက်လာသူဟူ၍ အနည်းစုသာရှိသည်။။ သူတို့တွင် ကံကြမ္မာကောင်းသော တွေ့ဆုံမှုတစ်ခု မရှိပါက သူတို့သည် အရင်းအမြစ်များအရ တခြားလူများထက် နိမ့်ကျနေသဖြင့် ချမ်းသာကြွယ်ဝသော မိသားစုများ၏လူငယ်များနှင့် မည်သို့မျှ မယှဉ်ပြိုင်နိုင်ကြချေ။

"အရှင်ဧကရာဇ်ရဲ့ အကြံက ကောင်းတယ်ဆိုတာ ငါ မငြင်းပါဘူး... ဒါပေမဲ့ ဒါက နည်းနည်းတော့ သဘောတရားဆန်တယ်လို့ မထင်ဘူးလား"

လုချန်ဆောင်က ဂရုမစိုက်ဟန်ဖြင့် ပြောဆိုသည်။

"ငါတို့ မရှိရင်တောင် လျိုမိသားစု စွန်းမိသားစုနဲ့ချန်မိသားစုတွေ ရှိနေဦးမှာပဲ... လောကကြီးမှာ ချမ်းသာပြီး အစွမ်းထက်တဲ့ မိသားစုတွေ အများကြီး ရှိတယ်... အရှင်ဧကရာဇ်က... သူတို့အားလုံးကို ဘယ်လို ဖြေရှင်းဖို့ စီစဥ်ထားလဲ"

Chapter 5185

လုချန်ဆောင်၏အသံသည် မကျယ်လောင်သော်လည်း သူ၏စကားလုံးများသည် ထက်ရှပေ၏။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာ ပြောဆိုသည်။

"အနာဂတ်မှာ ထိပ်သီးမိသားစုတွေ ထပ်ပေါ်လာရင်တောင် သူတို့က ငါ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်... ငါက အခု စည်းမျဉ်းတွေ သတ်မှတ်နေတာ... မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး"

လုချန်ဆောင်၏ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီး သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် မူလက လုယွီ၏ နောက်ဆက်တွဲအမိန့်များကို တားဆီးလိုခဲ့သော်လည်း မမျှော်လင့်ဘဲ ပို၍တုန်လှုပ်ဖွယ်ကောင်းသော သတင်းများကို သိရှိလိုက်ရသည်။

အကယ်၍ လုယွီသာ နောက်ထပ် စည်းမျဉ်းများကို ချမှတ်မည်ဆိုပါက အနာဂတ်တွင် ထိပ်သီးမိသားစု လုပ်ဆောင်သမျှ အရာအားလုံးသည် ကန့်သတ်ခံရနိုင်ခြေရှိပေ၏။

လုယွီသည် ဤအထက်တန်းလွှာမိသားစုများ၏ အမူအယာများကို မြင်တွေ့ပြီးနောက် သူ၏ စိတ်နှလုံးသားအတွင်းတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ဤလူများသည် ယခုချက်ချင်း ရရှိမည့် အကျိုးကျေးဇူးများကိုသာ မြင်ကြသည်။ ဤကောင်းကင်ဘုံ၏အပြင်ဘက်တွင် ဤနေရာကို တပ်မက်စွာ စူးစိုက်ကြည့်နေသော ရှေးဦးသက်ရှိတစ်စု ရှိနေသည်ကို သူတို့သည် မည်သို့ သိနိုင်မည်နည်း။

ဤထက်ရှသောဓားသည် လူများအားလုံး၏ခေါင်းထက်တွင် ရစ်ဝဲနေပြီး အချိန်မရွေး ပြုတ်ကျလာနိုင်သည်။။

ထိုအရာ အမှန်တကယ် ပြုတ်ကျလာသည့် အချိန်တွင် တစ်စုံတစ်ယောက်ထံ၌ ချမ်းသာကြွယ်ဝမှု မည်မျှပင် ရှိပါစေ နောက်ဆုံးတွင် အတိတ်မှ အရာများသာ ဖြစ်လာပေလိမ့်မည်။

"ဒီအထီးကျန်လူရိုင်းကမ္ဘာထဲမှာ စစ်သူတော်စင်ရဲ့အမွေအနှစ်ကို လက်ဆင့်ကမ်းတဲ့ နေရာတစ်ခု ရှိတယ်လို့ ငါ ကြားတယ်... အဲ့ဒါက ဘယ်နေရာမှာလဲ မသိဘူး"

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

လုချန်ဆောင်က ထိတ်လန့်သွားပြီး ပြောဆိုလိုက်၏။

"ဒီနေရာမှာ စစ်သူတော်စင်လုရဲ့ အမွေအနှစ်ကိုဆက်ခံနိုင်တဲ့ နေရာတစ်ခုရှိတာက အမှန်ပဲ.. ဒါပေမဲ့... အဲ့ဒီနေရာကို ချိတ်ပိတ်ထားတဲ့ အခြေအနေမှာ ရှိနေတုန်းပဲ"

"ချိတ်ပိတ်ထားတဲ့ အခြေအနေလား...."

လူများအားလုံး လုချန်ဆောင်ကို လှမ်းကြည့်လိုက်ကြသည်။

"ရှေးဟောင်းအလယ်ခေတ်ရဲ့ စစ်သူတော်စင်လုက ငါတို့လုမိသားစုအတွက် အမွေအနှစ်နေရာတစ်ခုကို တကယ်ကြီး ချန်ထားခဲ့တယ်"

လုချန်ဆောင်က ခါးသည်းစွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ မျိုးဆက်သစ်တွေက တာဝန်မကျေပွန်ခဲ့ကြဘူး... အဲ့ဒီအမွေအနှစ်နယ်မြေက အရမ်း လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... အခုအချိန်ထိ ငါတို့က အမွေအနှစ်နယ်မြေထဲကို မဝင်ရောက်နိုင်တာကြောင့် အထဲက လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာနိုင်မှု မရှိသေးဘူး"

မိသားစုခေါင်းဆောင်တစ်ဦးက ထိတ်လန့်တကြား ပြောဆိုသည်။

"အရှင်လု... ခင်ဗျားတို့ လုမိသားစုက နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းဆင်းသက်လာခဲ့တာ... ဒီနှစ်တွေအများကြီး ကြာပြီးတဲ့ နောက်မှာတောင် ခင်ဗျားတို့က အမွေအနှစ်နယ်မြေကို မဖွင့်ရသေးဘူးဆိုတာ ဖြစ်နိုင်လို့လား"

လူများအားလုံးသည် လုမိသားစု၏အထီးကျန်လူရိုင်းကမ္ဘာ၌ အလယ်ခေတ် စစ်သူတော်စင်လူ၏ အမွေအနှစ်နယ်မြေတစ်ခုရှိကြောင်း သိရှိထားကြ၏။

လုချန်ဆောင်က ခေါင်းခါလိုက်ပြီး ရုတ်တရက် သက်ပြင်းချလိုက်သည်။

"စစ်သူတော်စင်လုက အစွမ်းထက်တည်ရှိမှုကြီးတစ်ခုပါ... သူက ငါတို့မိသားစုရဲ့ နောင်လာနောက်သားမျိုးဆက်တွေအတွက် အမွေအနှစ်တစ်ခု ချန်ထားခဲ့ပေမဲ့ အဲ့ဒါကို အဓိပ္ပာယ် ဖော်ဖို့က မယုံနိုင်လောက်အောင် ခက်ခဲတယ်... ငါတို့ လုမိသားစုမှာလည်း အစပိုင်းတုန်းက အမွေအနှစ်နယ်မြေထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တဲ့ ပါရမီရှင်တချို့ ရှိခဲ့ပါတယ်... ဒါပေမဲ့ သူတို့က ခြေလှမ်း နည်းနည်းလောက် လှမ်းပြီးတာနဲ့ ရှေ့ကိုဆက်မတိုးနိုင်တော့ဘူး"

"ဒီလိုကိစ္စမျိုး ရှိလိမ့်မယ်လို့ ငါတို့ ထင်မထားမိဘူး"

လူများအားလုံး အံ့အားသင့်သွားကြသည်။

"ငါ့ကို အဲ့ဒီနေရာ ပြပေးပါ... စစ်သူတော်စင်လုရဲ့ အမွေအနှစ်က ဘယ်လိုမျိုးလဲ ဆိုတာ ငါ ကြည့်ချင်တယ်"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

လုမိသားစု၏အမွေအနှစ်နယ်မြေသည် လုမိသားစုဝင်များသာ ဝင်ရောက်နိုင်သည့် နေရာတစ်နေရာပင်။

ထိုကြောင့် အပြင်လူများအားလုံး လုယွီကို နှုတ်ဆက် ထွက်ခွာသွားကြ၏။ လုမိသားစုမှ လူတစ်စု၏ဝန်းရံမှုအောက်တွင် လုယွီသည် အထီးကျန်လူရိုင်းကမ္ဘာ၏ နက်ရှိုင်းသောနေရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

လုမိသားစုဝင်များသည် လုယွီက စစ်သူတော်စင်လု၏ အမွေအနှစ်နယ်မြေကို စိန်ခေါ်မည် ဖြစ်ကြောင်း ကြားသိခဲ့ချိန်၌ သူတို့အားလုံး စိတ်ဝင်စားသွားကြသည်။

"ဒီကောင်က တကယ်ကြီး သတ္တိရှိတာပဲ... သူက စစ်သူတော်စင်လုရဲ့အမွေအနှစ်နယ်မြေကိုတောင် စိန်ခေါ်ရဲတယ်"

"အရင်တုန်းက ငါတို့ လုမိသားစုမှာ အဲ့ဒီနယ်မြေထဲကို အတင်းအကြပ်ဝင်ဖို့ ကြိုးစားခဲ့တဲ့ တာအိုသခင်တစ်ယောက် ရှိခဲ့ဖူးတယ်... ဒါပေမဲ့ နောက်ဆုံးတော့ သူ ကျရှုံးခဲ့တာပဲ... လုယွီက သူ လုပ်နိုင်မယ်လို့ ထင်နေတာလား"

လုမိသားစုဝင်များအားလုံးသည် ဤကိစ္စကို တုံ့ပြန်သည့်အနေဖြင့် လှောင်ပြောင်သရော်လိုက်ကြသည်။

အထီးကျန်လူရိုင်းကမ္ဘာသို့ ဝင်ရောက်နိုင်သော လုမိသားစုဝင်များအားလုံးသည် လုမိသားစု အတွင်းမှ လက်ရွေးစင်များ ဖြစ်ပေ၏။ သူတို့သည်လည်း အမွေအနှစ်နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ အမွေအနှစ်နယ်မြေအတွင်းမှ ရတနာများကို ရရှိသော မည်သူမဆို မိသားစုအတွင်းတွင် သူတို့၏ အဆင့်အတန်း တဟုန်ထိုး မြင့်တက်လာရုံသာမက သူတို့၏အစွမ်းအစသည်လည်း သိသိသာသာ တိုးတက်လာပေမည်။

ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးပင်။

သို့ရာတွင် ဤသည်မှာ ရတနာတောင်ကြီးတစ်လုံးသည် လူတိုင်း၏ရှေ့မှောက်တွင် တည်ရှိနေသသည့်အလားပင်။ လူတိုင်းသည် ထိုနေရာအတွင်းရှိ ရတနာများကို တပ်မက်ကြသော်လည်း ဖွင့်လှစ်ရန် နည်းလမ်းတစ်ခုကို မည်သို့မျှ ရှာမတွေ့ခဲ့ကြချေ။

ထိုလုမိသားစုဝင်များသည် လုယွီ၏ရှေ့တွင် ဤကဲ့သို့စကားများကို တိုက်ရိုက်ပြောဆိုဝံ့ခြင်း မရှိသော်လည်း သူတို့သည် သူ၏ နောက်ကွယ်တွင် သူ့အကြောင်းကို ပြောဆိုနေကြဆဲပင်။

Thank For Reading.

All Chapters