အခန်း (၅၁၈၆-၅၁၉၀)
Vol. 263 Ch. 5186-5190
Chapter 5186
ဓားတစ်လက်ကဲ့သို့ ထိုးထွက်နေသော နန်းတော်ကြီးတစ်ခုသည် လူတိုင်း၏အမြင်အာရုံအတွင်းတွင် ထွက်ပေါ်လာခဲ့သည်။
ဤနန်းတော်သည် တသီးတခြား တည်ရှိသော တောင်တစ်လုံးပေါ်တွင် ရပ်တည်နေပြီး ပေတစ်သောင်းခန့် မြင့်သော ချောက်ကမ်းပါးများဖြင့် ဝန်းရံထားပေ၏။ အဝါရောင်သဲမှုန်များသည် လေထုအတွင်းတွင် မျောလွင့်နေပြီး ပတ်ဝန်းကျင်နေရာတဝိုက်၏ ခြောက်ကပ်မှုကို ပေါ်လွင်နေစေသည်။
"အရင်က စစ်သူတော်စင်လု မကွယ်လွန်ခင် အချိန်မှာ သူက သူ့ရဲ့ အထွတ်အထိပ်မြင့်မြတ်စွမ်းအားကို အသုံးပြုပြီးတော့ ဒီ သူတော်စင်တောက်ပနန်းတော်ကို သွန်းလုပ်ခဲ့တယ်.. ဒီနန်းတော်က အထီးကျန်လူရိုင်းကမ္ဘာရဲ့အလယ်ဗဟိုချက်မှာ တည်ရှိနေပြီးတော့ နယ်မြေထဲမှာရှိတဲ့ သက်ရှိတွေအားလုံးကို အမိန့်ပေး ထိန်းချုပ်ထားတယ်"
လုချန်ဆောင်သည် လုယွီနှင့်အတူ လိုက်ပါလာပြီး လမ်းလျှောက်နေစဉ်အချိန်အတွင်း၌ သူ့ကို မိတ်ဆက်ပေးနေခဲ့သည်။
သူတို့နှစ်ဦး၏နောက်တွင် ထောင်နှင့်ချီသော လုမိသားစုဝင်များ စုရုံးနေကြသည်။ လူများအားလုံးသည် သိချင်စိတ်အလွန်ပြင်းပြနေကြပြီး လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေကြသော်လည်း ရှေ့သို့တိုးလာရန် မဝံ့ရဲကြချေ။
လုယွီသည် ခမ်းနားထည်ဝါသော နန်းတော်ကို ကြည့်ပြီး လေးစားစွာဖြင့် အံ့အားတသင့် ပြောဆိုလိုက်၏။
"စစ်သူတော်စင်လုက တကယ့်ကို နတ်ဘုရားလို တည်ရှိမှုကြီးတစ်ခုပဲ... သူက ဒီနန်းတော်ကို ကြီးကျယ်ခမ်းနားတဲ့ ကျွမ်းကျင်မှုနဲ့ တည်ဆောက်ခဲ့တယ်"
လုယွီသည်လည်း လက်နက်သန့်စင်ရာ၌ ထိပ်သီးကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် သူသည် ဤနန်းတော်၏ထူးခြားမှုကို ချက်ချင်း မြင်တွေ့နိုင်ခဲ့သည်။ စစ်သူတော်စင်လုသည် နန်းတော်တစ်ခုလုံးကို ခြေလှမ်းတစ်ဝက်မသေမျိုးအဆင့် မှော်လက်နက်အဖြစ် သန့်စင်ခဲ့ခြင်း ဖြစ်ပေ၏။
"အရှင်ဧကရာဇ် ကြည့်လိုက်ပါအုံး.. ဒီတောင်က ခန့်မှန်းခြေ ပေကိုးဆယ် မြင့်ပြီးတော့ အချင်းဝက်ဆယ်မိုင် ရှိတယ်... ဒီအရာအားလုံးကို ဝင်္ကပါတစ်ခုထဲမှာ ချိတ်ပိတ်ထားတာပါ... ဒီဝင်္ကပါက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီးတော့အန္တရာယ်များတယ်... ဒါက အမွေအနှစ်ရဲ့ ပထမဆုံး စမ်းသပ်မှု ဖြစ်ပြီးတော့ လူဆယ်ယောက်မှာ တစ်ယောက်ပဲ ဒါကို ဖြတ်ကျော်နိုင်တယ်"
လုချန်ဆောင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်မှလူများသည် အချင်းချင်း စတင်၍ တိုင်ပင်ဆွေးနွေးလိုက်ကြသော်လည်း လုယွီ၏ဂုဏ်ပုဒ်ကြောင့် သူတို့သည် ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြချေ။
လုယွီက ခေါင်းညိတ်လိုက်ပြီးနောက် ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သော်လည်း သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ဆွဲငင်အား ဝင်္ကပါလား..."
လုယွီက သူ၏မျက်ခုံးများကို အနည်းငယ်ပင့်လိုက်သည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်သည့် အချိန်တွင် သာမန်မြေပြင်ပေါ်တွင် နင်းလိုက်သကဲ့သို့ ထင်ရသော်လည်း သူ ခံစားလိုက်ရသော ဆွဲငင်အားသည် လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။
ဤသည်မှာ လေးလံသော သံကြိုးတစ်ချောင်းကို သူ၏ခြေကျင်းဝတ်များတွင် ရစ်ပတ်ထားသည့်အလားပင်။ ထိုဆွဲငင်အားသည် သူ၏ခြေထောက်များကို ဆွဲငင်နေသဖြင့် သူ့ကို ပြိုလဲကျသွားစေနိုင်သည်။
"ဒါကြောင့်ကိုး... ဒါက ကောင်းကင်ဘုံလမ်းကြောင်းနဲ့ တထပ်တည်း တူနေတာပါလား"
လုယွီ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
အတိတ်တွင် အောက်ဘုံမှ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလိုသော မည်သူမဆို ကောင်းကင်ဘုံလမ်းကြောင်းကို ဖြတ်သန်း သွားလာခဲ့ရသည်။
ကောင်းကင်ဘုံလမ်းကြောင်းသည် ရှေးဟောင်းခေတ်၌ ကောင်းကင်ဘုံသို့တက်လှမ်းသည့် လှေကားထစ်များ ဖြစ်ပေ၏။ ထိုအရာသည် အလွန်အန္တရာယ်များပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အတားအဆီးတစ်ခုကို ရင်ဆိုင်ရပေမည်။ သူ၏ရှေ့မှ ဆွဲငင်အားဝင်္ကပါသည် ကောင်းကင်ဘုံလမ်းကြောင်းထက် များစွာပို၍အစွမ်းထက်ကြောင်း သိသာထင်ရှားသည်။ ဤနယ်မြေတစ်ခုလုံးတွင် ဆွဲငင်အား သံလိုက်စက်ကွင်းများဖြင့် ပြည့်နှက်နေပေ၏။ တစ်စုံတစ်ယောက်သည် နယ်မြေအတွင်းသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ဆွဲငင်အား ပို၍ပြင်းထန်လာလေလေ ဖြစ်လာပေမည်။
"အရှင်ဧကရာဇ်... အဲ့ဒီတံခါးကို မြင်လား... ဒီဝင်္ကပါကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာ နောက်တစ်ဆင့်ကိုဝင်ဖို့ အဲ့ဒီကြေးတံခါးကို ခေါက်ရတယ်... ကံမကောင်းစွာနဲ့ ငါရဲ့လုမိသားစုမှာ သမိုင်းစဥ်တစ်လျှောက် အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိခဲ့ပေမဲ့ အဲဒီတံခါးနားကို ငါးယောက်ပဲ ရောက်ခဲ့ပြီးတော့ တစ်ယောက်ပဲ အဲဒီထဲကို ဝင်သွားနိုင်ခဲ့တယ်...ဒါပေမယ့် သူက ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ဘူး"
လုချန်ဆောင်၏မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ငါက အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ဒီတံခါးရဲ့ ဘေးနားကိုပဲ ရောက်ခဲ့တယ်...အခုအချိန်ထိ ငါက တံခါးထဲကို မဝင်နိုင်သေးဘူး"
"ကောင်းပြီလေ... ငါ နားလည်ပြီ"
လုယွီက ခေါင်းညိတ်လိုက်သည်။
သူသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းမနေဘဲဝင်္ကပါအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။
သူ၏နံဘေးပတ်လည်မှ ဆွဲငင်အား ကြီးထွားလာသည်နှင့်အမျှ လေဟာနယ်သည် စတင်၍တွန့်လိမ်ပုံပျက်သွားပေ၏။ ပြင်ပမှကြည့်နေသူများအတွက် လုယွီ၏ပုံသဏ္ဌာန်သည် အနည်းငယ် ဝေဝါးနေပုံ ရသော်လည်း ရှင်းလင်းစွာ မြင်နေရသည်။
"သူ ဒီလောက်တောင် မဆင်မခြင် ဝင်သွားတာလား... သူက ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား"
နောက်ဆုံးတွင် လုမိသားစုဝင်တစ်ဦးက ပြောဆိုလိုက်သည်။
"ငါတို့ ဒီဆွဲငင်အားဝင်္ကပါကို ပထမဆုံးအကြိမ်စဖြတ်သန်းတုန်းက ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ရတယ်... အရန်ဆေးလုံးတွေကိုတောင် သိုလှောင်ထားခဲ့ရတယ်... ငါတို့က ဒီဝင်္ကပါထဲမှာ ငါတို့ရဲ့မှော်စွမ်းအားတွေကို ပြန်ပြီးမဖြည့်တင်းနိုင်ခဲ့ရင် ဆွဲငင်အားကြောင့် ကြေမွှသွားပြီး သေဆုံးသွားမှာကို စိုးရိမ်ခဲ့ကြတယ်.. ဒါပေမဲ့ သူ့က ပန်းခြံထဲမှာ လမ်းလျှောက်နေသလိုမျိုး အေးအေးဆေးဆေး လျှောက်လှမ်းနေတယ်... မကြာခင်မှာ ဒီဝင်္ကပါက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ သိသွားလိမ့်မယ်"
လူအများ၏မျက်နှာများပေါ်တွင် မထီမဲ့မြင်အပြုံးများ ထင်ဟပ်နေကာ တီးတိုးပြောဆိုနေကြသည်။
Chapter 5187
လုမိသားစုဝင်များသည် ဤနေရာရှိ ဝင်္ကပါများအကြောင်းကို ကောင်းစွာသိရှိထားကြသည်။
ဤဆွဲငင်အားဝင်္ကပါသည် အစွန်အဖျားတွင် ဖြတ်သန်းရန် အလွယ်ကူဆုံးဖြစ်ရာ လုမိသားစုဝင်အများစုသည် ပထမဆုံးအကြိမ် ဖြတ်သန်းရန် ကြိုးစားသည့်အချိန်တွင် သက်တောင့်သက်သာ ခံစားမိသည်။
သို့ရာတွင် ဝင်္ကပါ၏အတွင်းဘက်သို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်မိသည်နှင့်အမျှ မြေဆွဲအားသည် အဆပေါင်းများစွာ မြင့်တက်လာပေ၏။
ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် ခြေတစ်လှမ်းလှမ်းသည့်အချိန်တွင် ကျင်၃၀၀အလေးချိန်ကို သယ်ဆောင်ထားရနိုင်သည်။ သို့ရာတွင် နောက်တစ်လှမ်း လှမ်းသည့်အချိန်တွင် အလေးချိန်သည် ကျင်၆၀၀ သို့ ရောက်ရှိသွားနိုင်သညိ။
လူများအားလုံးသည် ဤကဲ့သို့ ဆွဲငင်အားတိုးလာမှုကို ခံနိုင်ရည်ရှိကြသည် မဟုတ်ချေ။
အမွေအနှစ်နယ်မြေနှင့် မနီးမဝေးတွင် သမားတော်တစ်ဦးမှ တစ်နှစ်ပတ်လုံး တာဝန်ယူ၍ စောင့်ကြပ်နေပေ၏။ အကြောင်းအရင်းမှာ လုမိသားဝင်လုငယ်များ ဤနေရာသို့ ဝင်ရောက်လာပြီးနောက် မတော်တဆမှုများ ကြုံတွေ့ရမည်ကို အကြီးအကဲများမှ စိုးရိမ်သောကြောင့်ပင်။
"ငါတို့ သိသလောက် အဲ့ဒီနေရာမှာ မြေဆွဲအား ဆယ်ဆ တိုးလာလိမ့်မယ်..."
"သူ ဘယ်လိုမျိုး ဖြေရှင်းမလဲ ကြည့်ကြတာပေါ့..."
လုမိသားစုဝင် လူငယ်အများစုသည် လုယွီ ဤမျှထိငယ်ရွယ်သောအရွယ်ဖြင့် တာယွီဧကရာဇ် ဖြစ်လာသည့်အပေါ် အလွန်မကျေမနပ် ဖြစ်နေကြသည်။
"ငါတို့က သက်တူရွယ်တူတွေပဲ... ဘာကြောင့် မင်းက ဧကရာဇ်ဖြစ်ပြီး ငါတို့က မင်းရဲ့ လက်အောက်ခံ ဖြစ်ရမှာလဲ..."
သူတို့သည် လုယွီနှင့်ရှကွေ့ကျုံးတို့ကြားမှ တုန်လှုပ်ခြောက်ခြားဖွယ် တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြချေ။ သူတို့သည် ထိုအကြောင်းကို ကြားရုံသာ ကြားဖူးပြီး သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိပေ။ သူတို့သည် လုယွီ၏နည်းလမ်းများကို မမြင်ဖူးကြသဖြင့် သူ့အား အထင်မကြီးကြသည်မှာ သဘာဝကျပေ၏။
"ဝှစ်..."
လူများအားလုံး၏အကြည့်များအောက်တွင် လုယွီက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သို့ရာတွင် ဆွဲငင်အားသည် သူ့အပေါ်သို့ တစိုးတစိမျှ သက်ရောက်မှု မရှိသည့်အလား သူသည် အချိန်တခဏမျှပင် ရပ်တန့်ခြင်း မရှိခဲ့ချေ။
"ဒါ... ဒါ ဘာဖြစ်တာလဲ..."
"ဆွဲငင်အားဝင်္ကပါက သူ့အပေါ်မှာ သက်ရောက်မှုမရှိဘူးလား... ဒါက မဖြစ်နိုင်ဘူး... ငါတို့ လုမိသားစုက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ဒီဝင်္ကပါကို ကျော်ဖြတ်နိုင်ဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကြိုးစားခဲ့တာ... အကြိမ်တိုင်းက အရမ်းကို ခက်ခဲခဲ့တယ်... သူက ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ ဖြတ်ကျော်သွားနိုင်ရတာလဲ..."
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ရုတ်တရက် ကျယ်လောင်လာပြီး လူအများ၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အမူအယာများ ထင်ဟပ်နေသည်။
အလျော့မပေးလိုသော လုမိသားစုဝင်အချို့သည် ဝင်္ကပါအတွင်းသို့ အတင်းအကြပ်ဝင်ရောက်ရန် ကြိုးစားကြသော်လည်း အကြီးအကဲများ၏ ပြန်လည်ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
"စကားဆက်မပြောကြနဲ့တော့..."
လုချန်ဆောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လုယွီကို ကြည့်နေသော သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
"အရှင်ဧကရာဇ်ရဲ့စွမ်းအားက မင်းတို့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေတယ်..."
ဝင်္ကပါအတွင်း၌ လုယွီ၏ခြေလှမ်းများသည် ပျံသန်းနေသည့်အလား ပေါ့ပါးနေပြီး ပို၍ပို၍ မြန်ဆန်လာကာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူသည် တောင်ခြေသို့ ရောက်ရှိသွားသည်။
တောင်ခြေရှိ မြေပြင်ပေါ်တွင် ထက်ရှသောဓားများကို ထိုးစိုက်ထားသည်။ ယခင်က ဤဝင်္ကပါကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော ကျင့်ကြံသူများသည် ဤဓားများ၏ဓားရိုးများကို ကိုင်ကာ တစ်လှမ်းချင်း တက်ခဲ့ကြရ၏။
တောင်များသည် အလွန်မြင့်မားပြီး မတ်စောက်သဖြင့် ပျံသန်းရန် မဖြစ်နိုင်ချေ။ တစ်စုံတစ်ယောက်သည် မြေပြင်မှ ပျံသန်းလိုက်ပါက မကြာမီမှာပင် ပြင်းထန်သော မြေဆွဲအားကြောင့် ပြန်ဆွဲချခံရနိုင်ပြီး ဤသည်မှာ အလွန်အန္တရာယ်များသည်။
"ဒါက ဒီလိုကိုး... ဒီနေရာက ဝင်္ကပါတွေအားလုံးက သန်မာအားကောင်းတဲ့ ရုပ်ခန္ဓာကိုယ်ရှိသူတွေကို ရွေးချယ်ဖို့ ဖန်တီးထားပုံပဲ... ဒီအမွေအနှစ်က တကယ့်ကို ထူးခြားတယ်... တစ်ယောက်ယောက်က ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်မှာ အတိုင်းအတာတစ်ခုထိ ရောက်မထားရင် သူက အမွေအနှစ်ကိုဆက်ခံဖို့ အရည်အချင်းရှိမှာ မဟုတ်ဘူး..."
လုယွီသည် ပတ်ဝန်းကျင်ရှိ ဝင်္ကပါခင်းကျင်းထားမှုကို ကြည့်ရင်း တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်။
စစ်သူတော်စင်လုသည် သူ၏မိသားစုမှ မျိုးဆက်သစ်များအတွက် အမွေအနှစ်တစ်ခု ချန်ထားခဲ့ခြင်းဖြစ်ရာ သူသည် ဤမျှထိ ခက်ခဲသော အဆင့်ကို တမင်သက်သက် ပြုလုပ်ထားမည် မဟုတ်ချေ။
ဤကဲ့သို့ စီစဉ်ထားရသည့် အကြောင်းအရင်းမှာ မျိုးဆက်သစ်များသည် ရုပ်ခန္ဓာကိုယ်ခွန်အား မလုံလောက်မှုကြောင့် အမွေဆက်ခံသည့်အချိန်တွင် မတော်တဆမှုများ ကြုံတွေ့ခြင်းမှ ကာကွယ်ရန်ပင်။
"စစ်သူတော်စင်လုမှာ ဘက်စုံပြီးပြည့်စုံတဲ့ အရည်အချင်းမျိုး ရှိနေတာပါလား..."
လုယွီက ခေါင်းခါလိုက်သည်။
ဆွဲငင်အားဝင်္ကပါ၏ကန့်သတ်ချက်မျှဖြင့် သူ့ကို အကျပ်ရိုက်စေနိုင်မည် မဟုတ်ချေ။
လုယွီသည် သူ၏ခြေဖျားဖြင့် မြေပြင်ကို ကန်ကျောက်ပြီး လေထုအတွင်းသို့ ပျံသန်းသွားသည်။
"ဒါက...ဆွဲငင်အားဝင်္ကပါထဲမှာ ပျံသန်းတာက မယုံနိုင်လောက်အောင် အန္တရာယ်များတယ်... ပျံသန်းနေတုန်းမှာ မှော်စွမ်းအားကုန်ခမ်းသွားရင် မြေဆွဲအားကြောင့် ပြုတ်ကျလာပြီးတော့ ကြေမွှပျက်စီးပြီး သေသွားနိုင်တယ်..."
လုမိသားစုမှအကြီးအကဲတစ်ဦးက အံ့အားတသင့် ရေရွတ်လိုက်သည်။
လုချန်ဆောင်၏လက်ချောင်းများသည်လည်း အနည်းငယ် တုန်ရီသွားပေ၏။
သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် လုချန်ဆောင်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူသည် ယုံနိုင်ဖွယ်မရှိသော အရာတစ်ခုကို မြင်လိုက်ရသည့်အလားပင်။
Chapter 5188
ထိုအလွန်အမင်း အစွမ်းထက်သော ဆွဲငင်အားဝင်္ကပါသည် လုယွီ၏ရှေ့မှောက် အနည်းငယ်မျှ အရေးမပါသည့်အလားပင်။
လုယွီသည် မိုးကောင်းကင်ယံသို့ ပျံတက်နေသော ငှက်တစ်ကောင်အလားပင်။ ရုတ်ချည်းဆိုသလိုပင် သူသည် ပေသုံးဆယ်ကျော်မြင့်သောနေရာသို့ ပျံသန်းသွားပြီး လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားလိုက်သည်။
"တကယ်ကို အစွမ်းထက်တဲ့ စွမ်းအားပဲ..."
အကြီးအကဲတစ်ဦးက အံ့အားတသင့် ရေရွတ်လိုက်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါပေမဲ့ ပေသုံးဆယ် အမြင့်မှာ ဆွဲငင်အားက ကျင်သန်းပေါင်းဆယ်နဲ့ချီပြီး ရှိနေပြီ... ဒီလို ဆွဲငင်အားက လူတစ်ယောက်ကို ချက်ချင်း ကြေမွှပျက်စီးသွားစေနိုင်တယ်... သူ့မှာ စွမ်းအားတွေ ကုန်ခမ်းသွားရင် အန္တရာယ်ရှိလာနိုင်တယ်..."
"အမှန်ပဲ... သူ တောင်ခြေအထိ ရောက်နိုင်ခဲ့တာက သူ့ရဲ့ရုပ်ခန္ဓာကိုယ်ခွန်အားကို သက်သေပြဖို့ လုံလောက်တယ်... ဒါပေမဲ့ ပိုမြင့်တဲ့နေရာကို သွားလေလေ ပိုပြီးအန္တရာယ်များလေလေပဲ... လေထုထဲမှာ ပျံသန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
"အရှင်ဧကရာဇ်က ငယ်ရွယ်ပြီးတော့ စိတ်လိုက်မာန်ပါ နိုင်လွန်းတယ်... ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်... အနာဂတ်မှာ အမှားကြီးတွေ မလုပ်မိအောင် ငယ်တုန်းမှာ နည်းနည်း ခံစားသင့်တယ်..."
အကြီးအကဲအားလုံးနီးပါးသည် လုယွီအပေါ် အထင်ကြီးခြင်း မရှိကြချေ။
နောက်ထပ်အချိန်တခဏတွင် လုယွီသည် ချောက်ကမ်းပါးပေါ်မှ ဓားတစ်လက်၏ဓားရိုးကို နင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ပျံသန်းနေသော ပျံလွှားငှက်တစ်ကောင်အလား လေထဲသို့ ထပ်မံ၍ပျံတက်သွားကာ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။
"ဝှစ် ဝှစ်..."
လေထုကို ထိုးခွင်းသွားသော အသံများကို အဝေးမှပင် ကြားနေရသည်။ လုယွီ၏ရှေ့တွင် မည်သည့် အတားအဆီးမျှ မရှိဘဲ သူ့ကို အထက်သို့ ဆက်လက်၍ ပျံသန်းခွင့် ပြုထားသည့်အလားပင်။
"သူ အဲ့ဒီနေရာကို ရောက်သွားပြီ... သူက ကျင်သန်းငါးဆယ် ဆွဲငင်အားနယ်ပယ်ထဲကို ဝင်သွားပြီ..."
အကြီးအကဲများသည် လုယွီက ဤဆွဲငင်အားနယ်ပယ်ကို မည်ကဲ့သို့ ကျော်ဖြတ်မည်အား စောင့်ကြည့်နေရင်း သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
နောက်ထပ်အချိန်တခဏတွင် လုယွီ၏ ခန္ဓာကိုယ်သည် လေထုအတွင်းတွင် ရုတ်တရက် ရပ်တန့်သွားပြီး ထိုနေရာတွင် တက်ခြင်းကျခြင်း မရှိဘဲ ဆိုင်းငံ့နေသည်။
ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုသည် လူများအားလုံးကို ကြက်သေသေသွားစေခဲ့သည်။
"ဒီလိုပဲ ဖြစ်လိမ့်မယ်... သူ အထက်ကို ဆက်ပြီးပျံသန်းဖို့က အရမ်းအားစိုက်ရလွန်းနေပြီ..."
"ကျင်သန်းငါးဆယ်ဆွဲငင်အားအောက်မှာ လေထုထဲမှာ မတ်တတ်ရပ်နေနိုင်တာကတင် တော်တော်လေး အထင်ကြီးစရာပဲ... လုမိသားစုရဲ့ သခင်လေးအများစုတောင် ဒါကို မလုပ်နိုင်ဘူး..."
လူအများသည် သက်ပြင်းရှိုက်လိုက်ကြပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
ကံကောင်းထောက်မစွာပင် လုယွီသည် သူတို့၏ သာမန်အသိအမြင်များကို ချိုးဖောက်ခဲ့ခြင်းမရှိချေ။
ဤဆွဲငင်အားအစီအရင်၏ စွမ်းအားသည် တည်ရှိနေဆဲပင်။ လုယွီကဲ့သို့ နတ်ဘုရားတစ်ပါး အတွက်ပင် ဤသည်ကို တစ်ချက်တည်းဖြင့် ချိုးဖျက်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ချေ။
"ငါတို့က အရှင်ဧကရာဇ်ကို အရင်ပြန်လာခိုင်းသင့်လား... ဒီအတိုင်း ဆက်သွားနေရင် အန္တရာယ်များမှာကို စိုးရိမ်မိတယ်..."
အကြီးအကဲတစ်ဦးက ခါးသီးသောအပြုံးဖြင့် ပြောလိုက်သည်။
လုချန်ဆောင်သည်လည်း မျက်မှောင်ကြုတ်လိုက်ကာ သူ ဆုံးဖြတ်ချက်ချရန် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။
သူသည် ဤဝင်္ကပါက လုယွီကို ထိခိုက်စေမည်အား စိုးရိမ်နေခြင်း မဟုတ်ချေ။ အကယ်၍ လုယွီသည် ဝင်္ကပါကို ချိုးဖျက်နိုင်ခြင်းမရှိပါက ဒေါသတကြီးဖြင့် မည်သို့ပြုလုပ်မည်ကို သူ ခန့်မှန်း၍မရခြင်းပင်။
ထိုအချိန်မှာပင် လေထုအတွင်း၌ ရှိနေသော လုယွီသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ တောင်နံရံအား ရိုက်ချလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"ဘုန်း..."
တောင်နံရံသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားကာ မူလက တောင်နံရံတွင် စိုက်ဝင်နေသော မရေမတွက်နိုင်သည့် ဓားရှည်များ ပြင်းထန်စွာ တုန်ခါစပြုလာပေ၏။ ထိုဓားရှည်များသည် လုယွီ၏လက်ထံသို့ တပြိုင်နက်တည်း ပျံသန်းလာကြသည်။ ထောင်ပေါင်းများစွာသော ဓားရှည်များသည် မိုးစက်များကဲ့သို့ ပျံသန်းလာပြီး လုယွီ၏နံဘေးပတ်လည်တွင် စုဝေးနေကြသည်။
"ဓားတစ်သောင်း... မူလအရင်းအမြစ်သို့ ပြန်လာစမ်း..."
လုယွီ၏ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော ဟိန်းဟောက်သံနှင့်အတူ ဓားရှည်များအားလုံးသည် လုယွီ၏နံဘေးပတ်လည်သို့ ကျရောက်လာပြီး သူ၏သိမ်းဆည်းခြင်းကို ခံလိုက်ရသည်။
"သူ... သူက တောင်နံရံပေါ်က ဓားရှည်တွေအားလုံးကို တကယ်ကြီး ယူလိုက်တာလား..."
လုချန်ဆောင်သည် ကြက်သေသေသွားပြီး သူ၏တည်ငြိမ်မှု ပျောက်ဆုံးလုနီးပါး ဖြစ်သွားပေ၏။
တောင်နံရံများတွင် စိုက်ဝင်နေသော ထိုဓားရှည်များကို ရှေးဟောင်းအလယ်ခေတ်ကတည်းက ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
ဤဓားရှည်များကို မည်သူမျှ မထိတွေ့လိုသောကြောင့် မယူဆောင်ကြခြင်း မဟုတ်ချေ။ ဤဓားရှည်များသည် အလွန်အစွမ်းထက်သဖြင့် မည်သူမျှ မယူဆောင်နိုင်ခြင်းပင်။ လုချန်ဆောင်ပင်လျှင် ထိုဓားများအနက်မှတစ်လက်ကို ဆွဲမထုတ်နိုင်ခဲ့ချေ။
သို့ရာတွင် လုယွီကမူ ထိုဓားများအားလုံးကို ယူဆောင်လိုက်ပေ၏။
ဤအကြောင်းအရင်းကြောင့်သာ သူသည် လေထုအတွင်းတွင် ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
"ဟန်အင်ပါယာက ဝန်ကြီးချုပ် မာလျန်ရဲ့ ဓား... ဒီဓားတွေက အလယ်ခေတ်တုန်းက စစ်သူကြီးတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားတွေပဲ..."
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်လိုက်ရာ ဤဓားများတွင် ကိုယ်ပိုင်အားသာချက်များ ရှိကြပြီး ဓားများအားလုံး ထူးခြားဆန်းကြယ်သည်ကို တွေ့ရှိလိုက်ရသည်။ ထိုဓားများအနက်မှတချို့သည် ဧကရာဇ်အဆင့်သို့ပင် ရောက်ရှိနေလေပြီ။
လုယွီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် ခြေတစ်လှမ်းဖြင့် ဆွဲငင်အားဝင်္ကပါကို ချိုးဖျက်ပြီး ပေခြောက်ဆယ်အမြင့်သို့ ပျံသန်းကာ ရှန့်ဟွေးနန်းတော်(သူတော်စင်တောက်ပနန်းတော်)၏ တံခါးမကြီးရှေ့သို့ တိုက်ရိုက်ရောက်ရှိသွားသည်။
Chapter 5189
"ဟူး..."
ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လူများထံမှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာသည်။
လုယွီက ခြေလှမ်းနှစ်လှမ်းဖြင့် ရှန့်ဟွေးနန်းတော်၏ရှေ့သို့ ပျံသန်းသွားသည်အား မြင်တွေ့ချိန်၌ လူများအားလုံး၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။
ဤသည်မှာ သူတို့ စိတ်ကူးထားခဲ့သော မြင်ကွင်းနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
"တတိယအရှင်... ဒီတောင်ထိပ်မှာရှိတဲ့ မြေဆွဲအားက ဘယ်လောက်ရှိလဲဆိုတာ မှတ်မိသေးလား..."
အကြီးအကဲတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလေ၏။
လုချန်ဆောင်သည် တောင်ထိပ်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် လုချန်ဆောင်သည် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"အဲဒီနေရာမှာ ကျင်သန်း၁၀၀ကျော် မြေဆွဲအားရှိတယ်... ငါတောင် မှော်လက်နက်တွေနဲ့ လျှို့ဝှက်နည်းစနစ်တွေရဲ့ စွမ်းအားကို မှီခိုအားထားပြီးမှ မနည်းတက်နိုင်ခဲ့တယ်.."
တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
တပည့်အများစုသည် တောင်ထိပ်သို့ တက်ရန် မဆိုထားနှင့် တောင်ခြေသို့ပင် မရောက်ရှိနိုင်ကြချေ။
သို့ရာတွင် ထိုသို့ဆိုသို့တိုင် တောင်ခြေသို့ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤတောင်ထိပ်သို့တက်ရန် မည်မျှထိခက်ခဲသည်ကို သိရှိနိုင်ပေ၏။
"သူ တောင်ထိပ်ကို တက်နိုင်ရင်တောင် ဘာအကျိုးရှိမှာလဲ... အဲ့ဒီနန်းတော်တံခါးက ငါတို့ လုမိသားစုရဲ့ အစွမ်းထက်မိသားစုဝင်တွေ အများကြီးကို အကျပ်ရိုက်စေခဲ့တာ... သူ ဒီနေရာမှာပဲ ရပ်တန့်ရမှာကို ငါ စိုးရိမ်မိတယ်..."
လုမိသားစုဝင် အကြီးအကဲတချို့သည် လုယွီအပေါ် အထင်ကြီးခြင်းမရှိကြောင်း သိသာထင်ရှားနေကာ အေးစက်စက်နှာမှုတ်လိုက်ကြသည်။
နှစ်ထောင်ပေါင်းများစွာအတွင်း သူတို့လုမိသားစုမှ လူနည်းစုသာ တောင်ထိပ်သို့ ရောက်ရှိနိုင်ခဲ့သည်။ လုယွီသည် အစွမ်းထက်သော်လည်း နန်းတော်တံခါးကို ဖြတ်ကျော်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်ပြီး ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်သံက လူများအားလုံး၏နားများအတွင်းတွင် ပဲ့တင်ထပ်သွားသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ပေတစ်ထောင်မျှ ရှည်လျားသော ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ ထိုရွှေရောင်အလင်းတန်းများ၏အလယ်တွင် တောက်ပနေသော ရွှေနဂါးတစ်ကောင် ပျံသန်းလာပြီး လုယွီကို ရစ်သိုင်းလွှမ်းခြုံလိုက်၏။
ထိုရွှေနဂါးသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ပျံဝဲနေပြီး သက်တံရောင် ဖီးနစ်ငှက်တစ်ကောင်က မိုးကောင်းကင်တွင် ပျံဝဲနေသည်။ မြင့်မြတ်သောအလင်းတန်းများ ထွန်းလင်းတောက်ပနေကာ ကိုးရောင်ခြယ်အလင်းတန်းများ ဖြာထွက်လာသဖြင့် လူအများကို ဆွဲဆောင်နေသည်။ ရှေးဟောင်းစာအုပ်များတွင် ဖော်ပြထားသော နတ်ဘုရားများသည် စာအုပ်များထဲမှ ထွက်လာသည့်အလား သဘာဝလွန်ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပေ၏။
"ဟူး..."
လုယွီသည် အသက်ပြင်းပြင်း ရှိုက်လိုက်ရာ သူ၏နှာခေါင်းပေါက်များမှ လေစီးကြောင်းအခိုးအငွေ့သည် နဂါးတစ်ကောင်အလား ထွက်ပေါ်လာသည်။
ထို့နောက် သူသည် မိုးကြိုးကဲ့သို့ ပြင်းထန်သော သူ၏လက်ဝါးရိုက်ချက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ သူ၏စွမ်းအားများ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ အစွမ်းထက်သော အင်အားတစ်ရပ်သည် ရုတ်တရက် ပွင့်အံ့ထွက်လာသဖြင့် လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ဘုန်း..."
နားကွဲလုမတတ် တုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် နန်းတော်တစ်ခုလုံးနှင့် တောင်တစ်တောင်လုံး ပြင်းထန်စွာ တုန်ခါလာသည်။ မြင့်မားပြီး ကြီးမားသောတောင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်ပေါက်လာပြီး ကျောက်စကျောက်နများ လွင့်စင်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပြန့်ကျဲသွားသည်။
ရှန့်ဟွေးနန်းတော်၏မျက်နှာပြင်မှ ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများ ထွက်ပေါ်လာပြီး ဖားလောင်းငယ်လေးများအလားပင်။ ထိုအရာများသည် နံရံများကို ဖုံးအုပ်ထားကာ အဆုံးမဲ့သောတောက်ပမှုကို ထုတ်လွှတ်ထားသည်။ သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် မြင့်မြတ်သော အလင်းရောင်များဖြင့် လွှမ်းခြုံနေသည့် နန်းတော်ကြီးသည် ကြီးမားသော ရိုက်ခတ်မှုကို ခံယူလိုက်ရသည်။ မာကျောသော နန်းတော်နံရံများသည် ဆက်လက်၍ တောင့်ခံထားနိုင်တော့ဘဲ လျင်မြန်စွာအက်ကွဲစလာသည်။
ရုတ်ချည်းဆိုသလိုပင် နှစ်ပေါင်းများစွာကြာအောင် လုမိသားစုကို အကျပ်ရိုက်စေခဲ့သော ခိုင်ခံ့သည့် နန်းတော်တံခါးကြီးသည် တုန်ခါကာ ပွင့်ထွက်သွားလေ၏။
နန်းတော်တံခါးမှ အလင်းတန်းများ ထွက်ပေါ်လာကာ မိုးစက်များအလား အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားပြီး မည်သည့်အရာကမျှ လုယွီကို ဆက်လက်၍ တားဆီးနိုင်ခြင်း မရှိတော့ချေ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ဤမြင်ကွင်းကို ကြည့်ရှုနေကြသော လုမိသားစုဝင်များသည် ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားဖြင့် နေရာမှာပင် ကြက်သေသေနေကြသည်။
ဤတံခါးကြီး မည်မျှထိ ခိုင်မာသည်ကို သူတို့ အသိဆုံးပင်။ လုမိသားစု၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းစဥ်တလျှောက်တွင် လူတစ်ဦးတည်းသာ ထိုတံခါးကို ဖွင့်နိုင်ခဲ့ပြီး ထိုအချိန်မှစ၍ ပြန်ထွက်လာခြင်း မရှိတော့ချေ။
လူတချို့က လုယွီ နန်းတော်တံခါးကို ဖွင့်နိုင်လိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားကြသည်။ သို့ရာတွင် လုယွီသည် ဤကဲ့သို့နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
ဤသည်မှာ အရိုင်းဆန်ပြီး ကြမ်းတမ်းပေ၏။
မည်သည့် နည်းစနစ်မျှ မပါဝင်ဘဲ မယှဉ်နိုင်လောက်အောင် အစွမ်းထက်သော ခွန်အားဖြင့် ချက်ချင်းဖောက်ခွဲဖွင့်လှစ်ကာ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားအပေါ်တွင်သာ အခြေခံထားခြင်းဖြစ်သည်။
"တာအိုသခင်တွေတောင်မှ သူ့ရဲ့လက်ထဲမှာ သေခဲ့တာ မထူးဆန်းတော့ဘူး... ဒီလက်သီးချက်ကို နက်ရှိုင်းတဲ့ ကျင့်ကြံဆင့်ရှိတဲ့ ဝါရင့်ထိပ်သီးကျင့်ကြံသူတွေပဲ တားဆီးနိုင်လိမ့်မယ်လို့ ငါ ထင်တယ်..."
လုမိသားစုဝင်အများစုသည် အံ့အားသင့်သွားကာ စကားမပြောနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
Chapter 5190
လုမိသားစုဝင် အကြီးအကဲတစ်ဦးက ရုတ်တရက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"တံခါးကို ချိုးဖျက်ခဲ့တာက အဆင်ပြေတယ်.. ဒါပေမဲ့ တံခါးနောက်က အရာကို သူ ဘယ်လိုရင်ဆိုင်မှာလဲ..."
ရှန့်ဟွေးနန်းတော်၏တံခါးကြီး ကြေမွှပျက်စီးသွားသည်နှင့် အတွင်းမှ အလင်းလွှာအကာအကွယ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းလွှာအကာအကွယ်တွင် မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ တဖျပ်ဖျပ်တောက်ပနေသော ရွှေရောင်အလင်းလွှာအတွင်းတွင် မရေမတွက်နိုင်သော ထူထပ်သိပ်သည်းသည့် မှော်သင်္ကေတအက္ခရာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်ပြီး နက်နဲသိမ်မွေ့သော အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။
"စစ်သူတော်စင်လု ချန်ထားခဲ့တဲ့ နန်းတော်က ရိုးရှင်းတဲ့တံခါးတစ်ခုနဲ့ ကာကွယ်ထားတာ ဘယ်ဟုတ်ပါ့မလဲ... အရင်တုန်းက ငါတို့လုမိသားစုရဲ့ စီနီယာကျင့်ကြံသူတစ်ဦးဆိုရင် ဒီအလင်းတန်းအကာအကွယ်ရဲ့ဝင်ပေါက်ကို ရှာဖို့ ခုနစ်ရက် အချိန်ယူခဲ့ရတယ်..."
လုမိသားစုဝင် အကြီးအကဲတစ်ယောင်က သက်ပြင်းချလိုက်သည်။
လုမိသားစု၏မျိုးရိုးသမိုင်းတွင် ရှန့်ဟွေးနန်းတော်သို့ ဝင်ရောက်သွားခဲ့သော စီနီယာကျင့်ကြံသူ၏မှတ်တမ်းတစ်ခု ရှိခဲ့သည်။
လုမိသားစုဝင်လူငယ်များသည် ထိုစိန်ခေါ်မှု၏ မြင်ကွင်းကို မကြုံတွေ့ခဲ့ရသော်လည်း လုချန်ဆောင်ကဲ့သို့ အကြီးအကဲတချို့မှာမူ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
ဤသည်မှာ ရှေးခေတ်စစ်သူတော်စင်လုမှ ချန်ထားခဲ့သော ကန့်သတ်ချက်တစ်ခုပင်။
လုမိသားစုကို ဂုဏ်တက်စေသော လုပ်ဆောင်ချက်များ ချန်ထားခဲ့သည့် ပြိုင်ဘက်ကင်းကျင့်ကြံသူ တချို့အတွက်ပင်လျှင် ဤကန့်သတ်ချက်ကို ချိုးဖျက်ရန် အလွန် ခက်ခဲပေလိမ့်မည်။
"သူ ဒါကို ချိုးဖျက်ဖို့ ဘယ်နှရက်လောက် ကြာနိုင်လဲ..."
အကြီးအကဲတစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
"ငါ့အထင်တော့ နည်းနည်း ခက်လိမ့်မယ်... ဒီအလင်းလွှာအကာအကွယ်ကို အင်အားသုံးပြီး ဖျက်ဆီးလို့ မရဘူး... လုယွီက အရမ်းငယ်လွန်းပြီးတော့ အတွေ့အကြုံ မရှိဘူး... သူက ဒီအလင်းလွှာအကာအကွယ်ရဲ့နက်နဲသိမ်မွေ့မှုကို ထွင်းဖောက်မြင်နိုင်မှာ မဟုတ်ဘူး..."
အကြီးအကဲတချို့ကလည်း လှောင်ပြောင်ရယ်မောကာ လုယွီကို အထင်သေးနေကြသည်။
မရေမတွက်နိုင်သော လူများ၏အကြည့်များအောက်တွင် လုယွီ၏မျက်လုံးများသည် သူ၏ ရှေ့မှ အလင်းတန်းအကာအကွယ်ပေါ်သို့ စူးစိုက်၍ကျရောက်နေပေ၏။
"ဒါက စိတ်ဝိညာဉ်စွမ်းအားကို စူးစမ်းတဲ့ အတားအဆီးပါလား..."
လုယွီသည် သူ၏ရှေ့မှ အလင်းတန်းအကာအကွယ်ကို ကြည့်ကာ အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီး ထိုအရာနှင့်ပတ်သက်သော သဲလွန်စများစွာကို မြင်တွေ့ပြီးဖြစ်သည်။
"စိတ်ဝိညာဉ်စွမ်းအား... ဒါက ငါ့ကို အခက်မတွေ့စေနိုင်ဘူး..."
လုယွီသည် မထီမဲ့မြင်ပြုံးလိုက်ပြီး သူ၏ခြေထောက်ကို မြှောက်ကာ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများ ပွင့်အံ့ထွက်လာပေ၏။
ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများသည် ဒီရေအလား မြင့်တက်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအချိန်အခိုက်အတန့်တွင် ဂရုတစိုက်ကြည့်ရှုပါက လုယွီ၏ရှေ့မှ လေဟာနယ် ပြင်းထန်စွာတွန့်လိမ်ပုံပျက်လာသည်ကို မြင်တွေ့ရပေမည်။
ထိုအလင်းတန်းအကာအကွယ်၏အထက်တွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများ ရုတ်တရက် ထွက်ပေါ်လာပြီး ရှေးဟောင်း စည်းတံဆိပ်ကြီးများအဖြစ် စုစည်းသွားသည်။
သာမန်နတ်ဘုရားစိတ်အာရုံများသာ ဤအကာအကွယ်အပေါ်သို့ ကျရောက်လာပါက မြင့်မားသောနံရံကို ရေဖြင့်ပက်လိုက်သည်နှင့် တူညီနေမည်ဖြစ်ကာ ဖြတ်ကျော်ရန် မဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီ၏နတ်ဘုရားစိတ်အာရုံကမူ ကွဲပြားခြားနားသည်။
သူ၏အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများမှ ကောင်းချီးပေးမှုအောက်တွင် လုယွီ၏နတ်ဘုရားစိတ်အာရုံသည် လှိုင်းလုံးကြီးများထနေသော မြစ်တစ်စင်းကဲ့သို့ ဖြစ်နေပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုကို ရုတ်တရက် နှိုးဆော်နိုင်စွမ်းရှိသည်။ အဆုံးအစမရှိ ကျယ်ပြန့်သော နတ်ဘုရားစိတ်အာရုံသည် အလင်းတန်း အကာအကွယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပေ၏။
တခြားလူများအနေဖြင့် ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုးကို ရရှိရန် အကြိမ်ပေါင်း သန်းနှင့်ချီ၍ တိုက်ခိုက်ရနိုင်သော်လည်း လုယွီကမူ တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့် ပြုလုပ်နိုင်ခဲ့သည်။
လုယွီ၏စိတ်ဝိညာဉ်မှ စွမ်းအားသည် တခြားလူများ အစွမ်းကုန်ကြိုးစားလျှင်ပင် လိုက်မမီနိုင်သောအရာပင်။
"ခရက်... ခရက်..."
အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသော အသံများနှင့်အတူ သူ၏ရှေ့မှ အလင်းတန်းအကာအကွယ်သည် ကျိုးပဲ့သွားသော မှန်တစ်ချပ်အလား ချက်ချင်းကြေမွှပျက်စီးသွားသည်။
လုယွီသည် အလင်းတန်းအကာအကွယ်ကို ဖြတ်သန်းကာ ရှန့်ဟွေးနန်းတော်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပေ၏။
တောင်ခြေတွင် မရေမတွက်နိုင်သော လုမိသားစုဝင်များ တိတ်ဆိတ်နေကြသည်။
သူတို့သည် တောင်ထိပ်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရင်း သူတို့အားလုံး အံ့အားသင့်နေကာ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။
"ဝင်... ဝင်သွားပြီလား..."
လုမိသားစုဝင်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
အကယ်၍ သူတို့သည် မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရပါက တစ်စုံတစ်ယောက်က ဤမျှထိ ကြမ်းတမ်းသော နည်းလမ်းဖြင့် အကာအကွယ်ကို ချိုးဖျက်ကာ ဝင်ရောက်နိုင်လိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မိမည် မဟုတ်ချေ။
နန်းတော်၏အပြင်ဘက်တွင် ပိတ်ဆို့ထားသော အတားအဆီးများသည် လုယွီ၏ရှေ့မှောက်တွင် ပါးလွှာသော မှန်များအလား ချက်ချင်းကြေမွှပျက်စီးသွားသည်။
လုချန်ဆောင်သည် လုယွီ၏ ပျောက်ကွယ်သွားသောပုံရိပ်ကို ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူက တည်ကြည်လေးနက်လေသံဖြင့် ပြောဆိုလိုက်၏။
"ငါ မှတ်မိသလောက်ဆိုရင် ရှန့်ဟွေးနန်းတော်ထဲကို နောက်ဆုံး ဝင်သွားတဲ့သူက ဦးလေး ကျောင်းရှန့်ပဲ...ဟုတ်တယ်မလား..."