← Chapters

အခန်း (၅၁၉၁-၅၁၉၅)

Vol. 263 Ch. 5191-5195

အခန်း (၅၁၉၁-၅၁၉၅)

Vol. 263 Ch. 5191-5195

Chapter 5191

လုချန်ဆောင်၏နံဘေးမှ အကြီးအကဲသည် ဤအမည်ကို ကြားလိုက်သည့်အချိန်တွင် သူ၏ မျက်လုံးများ အနည်းငယ်ဂဏာမငြိမ် ဖြစ်သွားပြီး ဝေးကွာသော အမှတ်တရတစ်ခုအတွင်းတွင် နစ်မြောနေသည့်အလားပင်။

လက်ရှိနေရာတွင် ရှိနေကြသော အကြီးအကဲ အများစုသည် အသက်အရွယ် အလွန်အိုမင်းနေကြလေပြီ။

သူတို့မှ ဦးလေးဟု ခေါ်ဆိုသော မည်သူမဆိုသည် လုမိသားစု၏ဝါရင့်တည်ရှိမှုကြီးတစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားသည်။

"အကြီးအကဲကျောင်းရှန့်က လုမိသားစုရဲ့ ပါရမီအမြင့်မားဆုံးလူလို့ ပြောလို့ရတယ်... သူက တာအိုသခင်နယ်ပယ်ကို ဝင်ရောက်ခဲ့တာ အချိန်အတော်ကြာနေပြီးတော့ လုမိသားစုကို အမိန့်ပေးနိုင်တဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပဲ... ကံမကောင်းစွာနဲ့ လုကျောင်းရှန့်က ရှန့်ဟွေးနန်းတော်ထဲကို ဝင်သွားပြီးနောက်မှာ ခြေရာလက်ရာမရှိဘဲနဲ့ ပျောက်ကွယ်သွားခဲ့ပြီးတော့ ဘယ်တော့မှ ပြန်ထွက်မလာခဲ့ဘူး..."

လုမိသားဝင်များ သက်ပြင်းချလိုက်ကြသည်။

အကယ်၍ လုကျောင်းရှန့်သာ အသက်ရှင်နေသေးပါက လုမိသားစုကို တာဝန်အုပ်ချုပ်ရမည့်လူသည် လုချန်ဆောင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

"ဦးလေးကျောင်းရှန့် ဝင်နိုင်တာက ပုံမှန်ပဲလေ... ဒါပေမဲ့ လုယွီက မိသားစုခွဲက မျိုးဆက်တစ်ယောက်ပဲ... သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက် လွယ်လွယ်ကူကူ ဝင်သွားနိုင်ရတာလဲ..."

အကြီးအကဲတစ်ဦးက မလိုလားစွာဖြင့် ပြောဆိုလိုက်သည်။

လုမိသားစုသည် ဤအမွေအနှစ်နယ်မြေကို နှစ်ထောင်ပေါင်းများစွာကြာအောင် စောင့်ရှောက်ခဲ့ရသော်လည်း ယခုချိန်တွင်မူ အပြင်လူတစ်ဦးက လွယ်လင့်တကူ ရယူသွားခဲ့သည်။

လုမိသားစုဝင်အများစုအတွက် ဤသည်မှာ လက်ခံနိုင်ဖွယ် မရှိချေ။

"ဘာပေါက်ကရစကားတွေ ပြောနေတာလဲ... အဲဒါ့က အရှင်ဧကရာဇ်ပဲ... မင်းတို့ မှတ်ထားကြစမ်း... ဒီနေ့ကစပြီး မင်းတို့အားလုံး အရှင်မင်းကြီးကို စိတ်ရင်းနဲ့ အကြွင်းမဲ့ရိုသေလေးစားရမယ်... အရှင်ဧကရာဇ်ရဲ့နောက်ကွယ်မှာ မကောင်းပြောတာကို ငါ ကြားရရင် မိသားစုဥပဒေနဲ့အပြစ်ပေးမယ်..."

လုချန်ဆောင်က အသံနက်ကြီးဖြင့် ရုတ်တရက် အော်ငေါက်လိုက်သည်။

လုမိသားစုခေါင်းဆောင် ဖြစ်သည့်အလျောက် လုချန်ဆောင်၏ သြဇာအာဏာသည် အလွန်ကြီးမားပေ၏။ လုမိသားစုဝင်များသည် ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

လုမိသားစုဝင်များကို ဆူပူကြိမ်းမောင်းပြီးနောက် လုချန်ဆောင်သည် တောင်ကြီးထံသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"သူ... သူက ဘယ်လိုလုပ်လိုက်တာလဲ..."

...

ရှန့်ဟွေးနန်းတော် အတွင်းပိုင်း၌...

လုယွီက ထိုနေရာသို့ ခြေချဝင်ရောက်လိုက်သည်။

နန်းတော်အတွင်းသို့ ရောက်သည်နှင့် မူလက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော မြေဆွဲအားသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှေးဟောင်းဆန်ပြီး ခမ်းနားထည်ဝါသော နန်းတော်အဆောက်အအုံတစ်ခုက သူ၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

နန်းတော်အဆောက်အအုံတစ်ခုလုံးကို မြင့်မားသောနံရံများဖြင့် ဝန်းရံထားပြီး အတွင်းပိုင်းရှိမြင်ကွင်းကို ရှင်းလင်းစွာ မမြင်နိုင်ချေ။ သို့ရာတွင် တစ်စုံတစ်ယောက်သည် နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ထူးခြားဆန်းကြယ်သောမြင်ကွင်းကို ရှာဖွေတွေ့ရှိပေမည်။

ခန်းမဆောင်များ... နန်းဆောင်များ... တိုက်ခိုက်ရေးကွင်းပြင်များ... ကျင့်ကြံရေးကွင်းပြင်များ... ဆေးဖော်စပ်ခန်းများ...စသဖြင့် တစ်စုံတစ်ယောက်မှ စဉ်းစားတွေးတောနိုင်သော နေရာတိုင်းနီးပါးကို ဤနန်းတော်အတွင်းတွင် တည်ဆောက်ထားသည်။

ထို့ပြင် နေရာအများစုတွင် ကျင့်ကြံထားသည့်အရိပ်အယောင်များ ရှိနေပေ၏။

လုယွီက ဤအရိပ်အယောင်များသည် အလွန်သစ်လွင်နေပြီး မကြာသေးမီကမှ ချန်ထားခဲ့သကဲ့သို့ ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

"စစ်သူတော်စင်လုက ဒီနေရာကို ရောက်လာတဲ့လူတွေအတွက် ဒါကို အထူးသီးသန့်ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်... အရင်က စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးသရွေ့ တစ်ယောက်ယောက်က ဒီနေရာမှာ ကျင့်ကြံနိုင်ပြီး... သူ့ကို ကူညီထောက်ပံ့ဖို့ ဒီလောက်ထိ ကြီးမားတဲ့ အရင်းအမြစ်တွေ ရှိနေတာကြောင့် သူ့ရဲ့ကျင့်ကြံမှုက ခုန်ပျံကျော်လွှားပြီး တိုးတက်လာလိမ့်မယ်..."

လုယွီ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ထိပ်သီးမိသားစုတစ်စု၏ အစစ်အမှန်အခြေခံအုတ်မြစ်ပင်။

တစ်စုံတစ်ယောက်ထံတွင် ကြီးမားသော ပါရမီနှင့် ကံကြမ္မာကောင်းများများ ရှိနေလျှင်ပင် မည်သည့်အကျိုးရှိမည်နည်း။ အကယ်၍ လုမိသားစု၏မျိုးဆက်သစ်များသည် စစ်သူတော်စင်လု၏အမွေအနှစ်ကို ရရှိခဲ့ပါက သူတို့သည် ခြေတစ်လှမ်းတည်းဖြင့် အမြင့်သို့ တက်လှမ်းနိုင်ပေမည်။ ကြီးမားသော အရင်းအမြစ်များ၏ ကောင်းချီးပေးမှုကြောင့် သူတို့သည် တခြားလူများကို နောက်တွင်ချန်ထားခဲ့နိုင်ပေမည်။

လုယွီက တံခါးတစ်ချပ်ကို ရုတ်တရက် တွန်းဖွင့်ပြီး အတွင်းသို့ဝင်ရောက်ရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် ထိုအချိန်မှာပင် အနက်ရောင်အရိပ်တစ်ခုက သူ့ကို ရုတ်တရက် တိုက်ခိုက်လေသည်။

"ဝှစ်..."

ထိုအနက်ရောင်အရိပ်သည် အလွန်လျင်မြန်စွာ ရောက်ရှိလာသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်ကြည့်ရှုမည်ဆိုလျှင် အသက်အိုမင်းပြီး အရေတွန့်နေသော လက်တစ်ဖက်က လုယွီထံသို့ ဆန့်တန်းလာသည်ကို တွေ့မြင်ရပေမည်။

ထိုလက်တစ်ဖက် ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်မှလေဟာနယ် တွန့်လိမ်ပုံပျက်စပြုလာသည်။ ထိုလက်တွင် လောကကြီးကို သက်ရောက်မှု ရှိစေသော ပြောမပြနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။

"ဟမ့်... အခုချက်ချင်း ထွက်လာခဲ့စမ်း..."

လုယွီ၏မျက်လုံးအကြည့်သည် စူးရှပြီး သူ၏တုံ့ပြန်မှုသည် လျင်မြန်ကာ သူ၏မျက်လုံးများအတွင်းတွင် အေးစက်စက်တန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ထိုလက် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် လုယွီသည် သူ၏လက်ကို မြှောက်ကာ တားဆီးလိုက်ပြီး တံခါးနောက်မှလူကို ဆွဲထုတ်လိုက်၏။

အိုမင်းသောလက်၏ ပိုင်ရှင်သည် လုယွီက ဤသို့ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု အနည်းငယ်မျှ မျှော်လင့်မထားမိပုံရကာ သတိလက်လွတ်ဖြစ်နေသဖြင့် ဆွဲထုတ်ခံလိုက်ရသည်။

Chapter 5192

ဆံပင်ဖရိုဖရဲဖြစ်နေကာ ပင်ပန်းနွမ်းနယ်နေပုံသည့် အဘိုးအိုတစ်ဦးသည် တံခါး၏နောက်ကွယ်မှ ဆွဲထုတ်ခြင်းခံလိုက်ရသည်။

ထိုအဘိုးအို ဝတ်ဆင်ထားသော အဝတ်အစားများသည် အလွန်ဟောင်းနွမ်းနေပြီး ပုပ်အက်နေသောအနံ့အသက်များ ခပ်သဲ့သဲ့ရနေပေ၏။ သူသည် ဤနေရာတွင် အချိန်မည်မျှထိကြာအောင် နေထိုင်ခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။

"ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ်... ငါ ဒီနေရာမှာ အချိန်အကြာကြီး နေခဲ့တာ... နောက်ဆုံးတော့ လုမိသားစုက အလားအလာရှိတဲ့ လူငယ်တစ်ယောက် ဝင်လာခဲ့ပြီပဲ"

ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသော်လည်း အဘိုးအိုသည် ဒေါသထွက်ခြင်း မရှိဘဲ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

သူ၏မျက်နှာသည် ပင်ပန်းနွမ်းနယ်နေသော်လည်း သူ၏မျက်လုံးများ တောက်ပနေပြီး သူ၏စိတ်အခြေအနေသည် အလွန်ကောင်းမွန်နေပေ၏။

သူ့ထံမှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောသော ရယ်မောသံကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိမြေပြင်ကို အနည်းငယ် တုန်ခါသွားစေသည်။

"မင်းကို ကြည့်ရတာ အသက်ငယ်သေးတဲ့ပုံပဲ... မင်းက ဘယ်မိသားစုကလဲ"

အဘိုးအိုသည် ရယ်မောလိုက်ပြီး လုယွီကို ထပ်မံ၍ဖမ်းဆွဲလိုက်သည်။

သူသည် လုယွီကိုထိန်းချုပ်ပြီး စေ့စေ့စပ်စပ်လေ့လာလိုဟန်ရှိပေ၏။

အဘိုးအို၏လှုပ်ရှားမှုကို မြင်တွေ့ချိန်၌ လုယွီ၏ မျက်လုံးများအတွင်းတွင် အေးစက်သောအလင်ူတန်းတစ်တန်း ရုတ်တရက် ဖြတ်ပြေးသွားသည်။

"ငါ့ကို တိုက်ခိုက်ဖို့ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ"

လုယွီသည် ပျံသန်းနေသော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ နဂါးဟိန်းသံကဲ့သို့ အသံထွက်ပေါ်လာပြီး နားကွဲလုမတတ် ကျယ်လောင်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

သန်းနှင့်ချီသော အစစ်အမှန်နဂါးများ တပြိုင်နက်တည်း ဟိန်းဟောက်လိုက်သည့်အလား လုယွီထံမှနေ၍ အစွမ်းထက်သောစွမ်းအားများ ပွင့်အံ့ထွက်လာပေ၏။ လုယွီသည် သူ၏လက်ကိုမြှောက်၍ လှုပ်ယမ်းလိုက်ရာ နဂါးတစ်ကောင် လူးလွန့်သည့်အလား စွမ်းအားများသည် ဒီရေလှိုင်းများကဲ့သို့ ပေါက်ကွဲထွက်လာသည်။

"ဘန်း..."

အဘိုးအိုသည် သတိလက်လွတ်ဖြစ်သွားသဖြင့် စွမ်းအားလှိုင်းများကြောင့် လွင့်ထွက်သွားသည်။ သူသည် ထိတ်လန့်တုန်လှုပ်သွားပြီး ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်ဆုတ်ပြီးမှသာ ရပ်တန့်လိုက်၏။

အဘိုးအို၏ခြေဖဝါးအောက်ရှိ အပြာရောင် အုတ်ချတ်များ အက်ကွဲသွားခဲ့သည်။ ထိုအချိန်မှသာ အဘိုးအိုသည် လုယွီ၏လက်ဝါးရိုက်ချက်မှစွမ်းအားကို ချေဖျက်နိုင်ခဲ့သည်။

"တကယ့်ကို အစွမ်းထက်တဲ့ စွမ်းအားပဲ"

အဘိုးအို၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး သူ၏ မျက်နှာပေါ်မှအပြုံး တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

"ငါ ထွက်လာခဲ့တာ အချိန်အကြာကြီး ကြာမြင့်သွားတဲ့နောက်မှာ လုမိသားစုက အများကြီး ပြောင်းလဲသွားပုံပဲ... မင်းလို ပါရမီရှင်တစ်ယောက်တောင် ထွက်ပေါ်လာခဲ့တယ်... ငါက လုကျုံးရှန့်... ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ"

"လုကျုံးရှန်... သူက ကျန့်ကျုံးဧကရာဇ်လက်ထက်က လဲ့ယန်အုပ်ချုပ်သူအရှင်လား"

လုယွီသည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

သူ့ရှေ့မှအဘိုးအိုသည် လုချန်ဆောင် ပြောခဲ့သည့်အတိုင်း ရှန့်ဟွေးနန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သူ ဖြစ်ပေမည်။

လုမိသားစုမှနေ၍ ရှန့်ဟွေးနန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ခြင်း မဟုတ်ချေ။ သို့ရာတွင် လုကျုံးရှန့်သည် ရှန့်ဟွေးနန်းတော်သို့ ဝင်ရောက်ပြီးနောက် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားပေ၏။ ထို့ကြောင့် လုမိသားစုသည် စစ်သူတော်စင်လု၏အမွေအနှစ်ကို လက်ခံရရှိခြင်း မရှိခဲ့ချေ။

လုကျုံးရှန့်သည် ရှန့်ဟွေးနန်းတော်တွင် မသေမျိုးအဆင့် အမွေအနှစ်တစ်ခုကို ရရှိခဲ့သော်လည်း ထိုအမွေအနှစ်ကို အပြည့်အဝ မကျေညက်သေးသဖြင့် အတွင်း၌သာ ဆက်လက် နေထိုင်ခဲ့ပြီး ပြင်ပသို့ ထွက်မလာခဲ့ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာခဲ့သည်။

လုကျုံးရှန်သည် ကျန့်ကျုံးဧကရာဇ်လက်ထက်တွင် နာမည်ကျော်ကြားခဲ့သော ပြည်နယ်အုပ်ချုပ်သူအရှင်တစ်ယောက်ပင်။ သူ ပြုစုခဲ့သော စစ်ဘက်ဆိုင်ရာလက်စွဲစာအုပ်သည် တော်ဝင်ကျောင်းတော်တွင် ယခုထိတိုင် ပြဋ္ဌာန်းစာအုပ်အဖြစ် အသုံးပြုနေရဆဲဖြစ်ကာ သူသည် စစ်တပ်အတွင်း၌လည်း မြင့်မားသော ဂုဏ်သတင်းနှင့် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်ပေ၏။ လုယွီသည် ရှေးဟောင်းခေတ်နှင့် လက်ရှိခေတ်ကာလမှ သမိုင်းမှတ်တမ်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် တော်ဝင်နန်းတွင်းမှ ဤထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကို သိရှိထားသည်။

လုယွီက မေးမြန်းလိုက်သည်။

"ငါက လုမိသားစုဝင်တစ်ယောက် မဟုတ်မှာကို မင်း မစိုးရိမ်ဘူးလား"

"မစိုးရိမ်ဘူး..."

လုကျုံးရှန့်က ရယ်မောလိုက်၏။

"ဒါက စစ်သူတော်စင်လု တည်ဆောက်ခဲ့တဲ့ အမွေအနှစ်နေရာတစ်ခုပဲ... လုမိသားစုဝင် မဟုတ်တဲ့ တခြားဘယ်သူမဆို ဒီနေရာကို လာရဲရင် ဆွဲငင်အားဝင်္ကပါကြောင့် သေကြေပျက်စီးသွားလိမ့်မယ်... သူတို့က ဘယ်နည်းနဲ့မှ ဝင်လာနိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် လုကျုံးရှန့်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ရုတ်တရက် သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။

"ငါ့လို အဘိုးကြီးတစ်ယောက် ဒီနေရာကို ဝင်လာတာက ကိစ္စမရှိပေမယ့် မင်းက အရမ်း ငယ်ရွယ်တာကြောင့် ဒီထဲမှာ ပိတ်မိနေတာက တကယ်ကို နှမြောစရာပဲ... ဒါက မင်းရဲ့ငယ်ရွယ်မှုကို ဖြုန်းတီးလိုက်တာပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ အဲ့ဒီလို ပြောတာလဲ"

လုကျုံးရှန့်က လုယွီ၏နောက်သို့ ညွှန်ပြလိုက်သည်။ လုယွီ လှည့်ကြည့်လိုက်သောအချိန်တွင် သူ ဝင်လာခဲ့သော တံခါးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး တိမ်တိုက်များကဲ့သို့ မြင့်မားသော နံရံတစ်ခုသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။

နံရံ၏အထက်တွင် အထီးကျန်လူရိုင်းကမ္ဘာ၏ မိုးကောင်းကင်ကို မမြင်နိုင်တော့ဘဲ နန်းတော်တွင်းရှိ အရာအားလုံးကို ထွန်းလင်းတောက်ပစေသော ကြီးမားကျယ်ပြန့်သည့် အဖြူရောင်အလင်းလွှာကြီးကိုသာလျှင် တွေ့မြင်ရပေမည်။

Chapter 5193

"မင်း ရှန့်ဟွေးနန်းတော်ထဲကို ခြေချလိုက်တဲ့ အချိန်ကတည်းက မတူညီတဲ့ကမ္ဘာငယ်တစ်ခုထဲကို ရောက်သွားခဲ့ပြီးသားပဲ... စစ်သူတော်စင်ရဲ့ အမွေအနှစ်ကို မင်း မရရှိသရွေ့တော့ ဒီနေရာကနေ မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး"

လုကျုံးရှန့်က လုယွီကို စာနာသနားခြင်း နှမြောခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဒီလိုကိစ္စမျိူး ရှိနေတာလား"

လုယွီက ခြေတစ်လှမ်းရှေ့တိုးကာ မိုးကောင်းကင်ယံသို့ ပျံသန်းသွားသည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် မူလက ကြည်လင်နေသော မိုးကောင်းကင်ယံတွင် ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွားပေ၏။ ထို့နောက် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများ စုစည်းသွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ဝင်္ကပါကြီးတစ်ခုကို ဖြစ်ပေါ်လာသည်။

ထို့နောက် ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်သန့်သည့် စွမ်းအားများ ကျဆင်းလာကာ လုယွီပင်လျှင် အရှိန်မြှင့်၍ ရှောင်တိမ်းလိုက်ရသည်။

"ဟား ဟား ဟား... မင်းရဲ့ စွမ်းအင်တွေကို အလဟဿမဖြုန်းတီးဖို့ ငါ အကြံပေးချင်တယ်... ငါသာ ထွက်သွားနိုင်ခဲ့ရင် အစောကြီးကတည်းက လုပ်ခဲ့မှာပေါ့... ဘာလို့ အခုအချိန်ထိ စောင့်နေမှာလဲ"

လုကျုံးရှန့်က ခေါင်းခါလိုက်သည်။

"ဒါက စစ်သူတော်စင်လု တည်ထောင်ခဲ့တဲ့ အမွေအနှစ်နေရာတစ်ခု ဖြစ်သလို စမ်းသပ်နယ်မြေတစ်ခုလည်း ဟုတ်တယ်... မင်းမှာ အမွေအနှစ်ကို ရယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင်တော့ မင်း ဒီနေရာမှာ သေဆုံးရုံပဲ ရှိတယ်... မင်းမှာ ထွက်သွားဖို့ အရည်အချင်းတောင် ရှိမှာ မဟုတ်ဘူး"

လုယွီသည် လေထုအတွင်းရှိ မြင့်မားသောနေရာမှ ပြန်ဆင်းလာပြီးနောက် သူ၏မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"စစ်သူတော်စင်လု... ခင်ဗျားကတော့ တကယ့်ကို သူတော်စင်တစ်ယောက်ပဲ"

ဤသည်မှာ လုယွီ၏သုံးသပ်ချက်ပင်။

ထိုအထက်မိုးကောင်းကင်ယံတွင် သူသည် ရီဟန်၏သူတော်စင်စွမ်းအားနှင့် ဆင်တူသည့် ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားလိုက်ရသည်။

ဤဖိအားအရှိန်အဝါသည် အလွန်အန္တရာယ်များပေ၏။ လုယွီသည် ယခုအချိန်၌ ရှေးဟောင်းရွှမ်အင်မော်တယ်တစ်ယောက်ဖြစ်နေသော်လည်း ထိုအရာကို တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်ပါက သေဆုံးသွားနိုင်သည့် အန္တရာယ်ရှိသည်။

စစ်သူတော်စင်လုသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှင်သန်ခဲ့သူပင်။ ထိုကြောင့် ဤနေရာမှ အရာများသည် ဤမျှ ထိအစွမ်းထက်သော အရှိန်အဝါကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု လုယွီ မျှော်လင့်မထားမိချေ။ ဤအချက်မှတဆင့် စစ်သူတော်စင်လုသည် ရှေးဟောင်းအလယ်ခေတ်တွင် မည်မျှထိ အစွမ်းထက်ခဲ့သည်ကို ပြသနေပေ၏။

"ဒါက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်း သိပြီလား... ဒါပေမဲ့ မင်း အရမ်းစိတ်ပူစရာ မလိုပါဘူး... ငါ လှည့်ကွက်တချို့ကို ရှာတွေ့ထားပြီးပြီ... မင်း ငါ့ကို အချိန်နည်းနည်းပေးရင် ဒီနေရာက လျှို့ဝှက်ချက်ကို ငါ ဖြေရှင်းနိုင်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် စစ်သူတော်စင်ရဲ့ အမွေအနှစ်ကို ရဖို့က လက်တစ်ကမ်းအလိုမှာပဲ"

လုကျုံးရှန့်က ခေါင်းခါလိုက်ပြီး အဝေးရှိ ကျင့်ကြံခန်းတစ်ခန်းကို ညွှန်ပြလိုက်သည်။

"မင်း သာမန်ရက်တွေမှာ အဲ့ဒီနေရာမှာ ကျင့်ကြံလို့ရတယ်တယ်... ဒီနေရာမှာ ဘာမှရှားပါးမနေဘူး... မင်းက အရင်းအမြစ်တွေနဲ့ မှော်လက်နက်တွေကို ရှာတွေ့နိုင်တယ်... ဒါပေမဲ့ မင်းကို သင်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး... မင်းဘာသာမင်းပဲ ရှာဖွေလေ့လာတော့"

"မလိုဘူး..."

လုယွီက ခေါင်းခါလိုက်သည်။

"စစ်သူတော်စင်လုက သူရဲ့အမွေအနှစ်ကို ထားခဲ့တဲ့ နေရာက ဘယ်မှာလဲ... ငါ့ကို အဲ့ဒီနေရာဆီ ခေါ်သွားပေးပါ"

"လူငယ်လေး... ငါ အကြံပေးတာကို နားထောင်ပါ... မင်း အခု အဲ့ဒီနေရာကို သွားလည်း အသုံးမဝင်ဘူး... မင်းက စိတ်ကိုငြိမ်ငြိမ်ထားပြီး မင်းရဲ့ ကျင့်ကြံမှုကို ကောင်းကောင်းပြင်ဆင်တာက ပိုကောင်းလိမ့်မယ်... ဒါက မင်းရဲ့အနာဂတ် တိုးတက်မှုအတွက် အများကြီးအထောက်အကူ ဖြစ်လိမ့်မယ်"

လုကျုံးရှန့်က ကြင်နာစွာဖြင့် အကြံပေးလိုက်သော်လည်း သူ၏မျက်လုံးများအတွင်းတွင်မူ မထီမဲ့မြင်ပြုသော အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

သူ၏အမြင်အရ လုယွီသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှုတွင် အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသော လူငယ်တစ်ဦးမျှသာ ဖြစ်သည်။

လူငယ်တစ်ဦးထံတွင် စွမ်းအားအနည်းငယ် ရှိနေလျှင်ပင် သူထံ၌ ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ်နှင့် အတွေ့အကြုံ များ မရှိနိုင်ချေ။ သူသည် စစ်သူတော်စင်လု၏အမွေအနှစ်နယ်မြေကို ချိုးဖျက်ရန် မည်သို့ စဉ်းစားနိုင်မည်နည်း။

လုကျုံးရှန့်က မဲ့ပြုံးပြုံးလိုက်သည်။

"ကျင့်ကြံခြင်းလမ်းကြောင်းမှာ မောက်မာထောင်လွှားတာနဲ့ စိတ်မရှည်တာတွေမရှိဖို့ မှတ်ထားရမယ်... မင်းက အရမ်းစိတ်လိုက်မာန်ပါလုပ်ရင် မင်း လိုချင်တဲ့အဆင့်ကို ရောက်မှာမဟုတ်ဘူး"

လုကျုံးရှန့်က ထုတ်မပြောသည်ကို မြင်သောကြောင့် လုယွီသည်လည်း အတင်းအကြပ် မတောင်းဆိုတော့ချေ။

သူ၏နတ်ဘုရားအာရုံကို အရပ်မျက်နှာအဘက်ဘက်ကို ဖြန့်ကျက်ပြီးနောက် စူးစမ်းလေ့လာလိုက်ပြီး အလယ်ရှိ ခန်းမဆောင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

"ဒါက အမွေအနှစ် နေရာတစ်ခု ဖြစ်နေသရွေ့ လူသားတွေ ဖန်တီးခဲ့တာပဲ ဖြစ်ရမယ်... ဒီအမွေအနှစ်က လူတွေကို ချိတ်ပိတ်ထားမှတော့ ဒါကို ချိုးဖျက်လိုက်ရုံပဲပဲ"

လုယွီ၏အသံသည် အလွန်တည်ငြိမ်နေပြီး ဤအမွေအနှစ်နယ်မြေကို အနည်းငယ်မျှ အလေးမထားသည့်အလားပင်။

ရှေးဟောင်းအလယ်ခေတ်မှ စစ်သူတော်စင်ဟု နာမည်ကျော်ကြားခဲ့သော လုပိုယန်သည် အလယ်ခေတ် ဝူအင်ပါယာ၏စစ်သေနာပတိချုပ်ကြီး ဖြစ်ခဲ့သည်။ သူသည် စစ်သူတော်စင်များစာရင်းတွင် အဆင့်သတ်မှတ်ခံခဲ့ရပြီး နောင်လာနောက်သားမျိုးဆက်များက သူ့ကို နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ခဲ့ကြသည်။

သို့ရာတွင် လုယွီသည် ထိုအရာများကို ဂရုမစိုက်ချေ။

သူ မမြင်ဖူးသေးသော အရာများသည် သူ့ကို တစိုးတစိမျှ ကြောက်ရွံ့စေမည် မဟုတ်ချေ။

လုယွီ ပင်မခန်းမဆောင်သို့ လျှောက်လှမ်းသွားသည်ကို မြင်သောအချိန်တွင် လုကျုံးရှန့်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သတိထား... အဲ့ဒီနေရာမှာ ကန့်သတ်ချက်တစ်ခု ရှိနေတယ်"

Chapter 5194

လုယွီက ကြမ်းခင်းအုတ်ချပ်တစ်ခုကို နင်းလိုက်သည်ကို မြင်သောကြောင့် လုကျုံးရှန့်သည် စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။

သူသည် ဤနေရာရှိ ကြမ်းခင်းအုတ်ချပ်တိုင်းကို လျှောက်လှမ်းကြည့်ခဲ့ပြီး ဖြစ်သည်။

ဤကြမ်းခင်းအုတ်ချပ်များအနက် အများစု၏အောက်တွင် အစွမ်းထက်သော ကန့်သတ်ချက်များ ပုန်းကွယ်နေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်ဖြစ်နေပါက ထို ကြောက်မက်ဖွယ်ကောင်းသော ကန့်သတ်ချက်များကို အသက်ဝင်သွားနိုင်ပြီး သေစေနိုင်သော ဘေးကပ်ဆိုးများကို ဖြစ်ပေါ်စေနိုင်သည်။

လုကျုံးရှန့် ဤနေရာသို့ ပထမဆုံး ရောက်ရှိလာသည့်အချိန်တွင် သူသည် ဒုက္ခများစွာ ခံစားခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့လေ၏။ ကံကောင်းထောက်မစွာဖြင့် သူထံ၌ ထူးချွန်သော ပညာရပ်ကျွမ်းကျင်မှုများ ရှိခဲ့သောကြောင့် ထို ကြောက်မက်ဖွယ်ကောင်းသော ကန့်သတ်ချက်များမှ ပွတ်ကာသီကာလွတ်မြောက်ခဲ့သည်။ နောက်ပိုင်းတွင် ဤနေရာ၌ရှိနေခဲ့သော ဆေးလုံးများ၏ အကူအညီဖြင့် သူ၏ဒဏ်ရာများအားလုံးမှ ပြန်လည်သက်သာလာခဲ့သည်။

ဤနေရာ၌ အချိန်ကြာမြင့်စွာနေထိုင်ပြီးနောက် သူ၏တွက်ချက်ထားမှုအရ ဤအုတ်ချပ်များအောက်တွင် မြေလျှိုးမိုးပျံခြင်းတားမြစ်ထားသော အမိန့်တော်တစ်ခုအပြင် အလွန်အစွမ်းထက်သော မှော်ဝင်္ကပါတစ်ခု ပုန်းကွယ်နေပေမည်။ ဤနေရာ၌ ပျံသန်း၍မရဘဲ ခြေတစ်လှမ်းချင်းစီသာ လျှောက်လှမ်းနိုင်ပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သတိမထားမိပါက ကန့်သတ်ချက်ကို လှုံ့ဆော်မိနိုင်ပြီး ထိုအရာကို အပြည့်အဝ ပေါက်ကွဲသွားစေနိုင်သည်။

"ဝုန်း..."

လုယွီက ကြမ်းခင်းအုတ်ချပ်တစ်ခုကို နင်းလိုက်သည်နှင့် တပြိုင်နက် မြေပြင်ပေါ်တွင် မိုးကြိုးနှင့်လျှပ်စီးများ၏ တုန်ခါသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ထူထပ်သိပ်သည်းသောမိုးကြိုးများ ကျဆင်းလာပြီး လုယွီထံသို့ တိုးဝင်လာပေ၏။

"အား... မင်းက အရမ်းအဆင်အခြင်မဲ့တာပဲ... ငါတို့က ဒီနေရာမှာ ပါးပါးနပ်နပ်နဲ့ နည်းပရိယာယ်တွေသုံးပြီး ကျော်ဖြတ်ရမှာ..."

လုကျုံးရှန့်က ခြေဆောင့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ငါ နှစ်တွေအများကြီးကြာအောင် စဥ်းစားတွက်ချက်ပြီးတော့ ဒီဥပဒေသကို ရှာတွေ့ခဲ့တာ... ဒါပေမဲ့ မင်းက ခုလိုလုပ်လိုက်တော့ အဲ့ဒီ ဥပဒေသက နောက်တစ်ခါပြန်ပြီး ပျက်စီးတော့မယ်... မင်း... မင်းကို ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး"

ထိုသို့ပြောဆိုပြီးနောက် လုကျုံးရှန့်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ၏မှော်စွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ကာ လုယွီထံသို့ လျှောက်လှမ်းသွားလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤလူငယ်လေးသည် သူတို့လုမိသားစု၏မျိုးဆက်သစ် ဖြစ်သဖြင့် လုကျုံးရှန့်သည် လုယွီ ဤနေရာတွင် သေဆုံးသွားသည်ကို မြင်လိုစိတ် မရှိသေးချေ။

သို့ရာတွင် ထိုအချိန်မှာပင် လုယွီက ရုတ်တရက် မထီမဲ့မြင်လေသံဖြင့် ပြောဆိုသည်။

"ငါ နားလည်ပြီ... စစ်သူတော်စင်လု မင်းက ဒီနေရာမှာ ဝင်္ကပါအကြောင်းကို နားလည်အောင် ကြိုးစားစေချင်တာလား"

လုယွီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မြေပြင်တပြင်လုံးကို ကြီးမားသော တားမြစ်ဝင်္ကပါတစ်ခုဖြင့် ဖုံးလွှမ်းထားသည်အား တွေ့လိုက်ရသည်။ ဤဝင်္ကပါသည် လျှို့ဝှက်ဆန်းကြယ်ပြီး အပြောင်းအလဲများကာ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိချေ။

လုယွီ၏ ဝင်္ကပါပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဖြင့်ပင် ထိုဝင်္ကပါကိုချိုးဖျက်ရန် အားထုတ်မှု အနည်းငယ်ကို ပြုလုပ်ရပေမည်။

"မင်းနဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး"

လုယွီက ရုတ်တရက်ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီစွမ်းအားများသည် မီးခိုးငွေ့များအလား မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများသည် မီးတောက်တစ်ခုသဖွယ် ဖြစ်ပြီး လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများကို ဆူပွက်စေသည်။ ထို့နောက် သူ၏လက်ဝါးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ တောင်တစ်လုံးသည် ကျရောက်လာသည့်အလား မြေပြင်ပေါ်ရှိ ကျောက်တုံးအုတ်ချပ်များကို ပြင်းထန်စွာတုန်ခါသွားစေသည်။

"ဘုန်း... ဘုန်း..."

ရုတ်ချည်းဆိုသလိုပင် ထိုစွမ်းအားသည် ရှန့်ဟွေးနန်းတော်တစ်ခုလုံးပေါ်သို့ သက်ရောက်မှုရှိသွားပြီး ပြင်းထန်စွာတုန်ခါသွားပေ၏။

"သူက ဘာလုပ်ချင်နေတာလဲ"

လုကျုံးရှန့်သည်လည်း မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါနေသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားပြီး သူ၏ခြေထောက်ဖြင့် မြေပြင်ကို တို့ထိကာ ပျံသန်းနေသော ပျံလွှားငှက်တစ်ကောင်အလား ရှောင်တိမ်းလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လုကျုံးရှန့်သည် သူ၏ ဘဝတွင် မည်သည့်အခါမျှ မေ့ပျောက်နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

မြေကြီးသည် ချက်ချင်းဆိုသလို အက်ကွဲသွားပြီး ကြယ်တာရာမြေပုံကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခုသည် လုယွီ၏ ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုဝင်္ကပါအတွင်းတွင် မိုးကြိုး မီး အဆိပ်မြူခိုး လေပြင်းစသည့် သတ်ဖြတ်ခြင်းဝင်္ကပါများရှိနေပေ၏။ ဤအချိန်အခိုက်အတန့်တွင် ထိုအရာများအားလုံး အသက်ဝင်လာပြီး လုယွီထံသို့ အရူးအမူးတိုးဝင်လာသည်။

ဆူညံသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး နားကွဲလုမတတ်ကျယ်လောင်သည်။

သို့ရာတွင် ထိုသတ်ဖြတ်ခြင်းဝင်္ကပါများသည် လုယွီကို ထိမှန်သည့်အချိန်တွင် "တဒေါင်ဒေါင်" အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက် လုယွီ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာကာ ထိုတိုက်ခိုက်မှုများအားလုံးကို လုံးလုံးလျားလျားသက်ရောက်မှုမရှိစေရန် တားဆီးလိုက်၏။

"ဝှစ်..."

လုယွီသည် သူ၏လက်ကိုမြှောက်၍ ဖိနှိပ်လိုက်ပြီး ရုတ်တရက် အင်အားစိုက်ထုတ်ကာ ဝင်္ကပါကြီးကို ဆုတ်ဖြဲလိုက်သည်။

"ဒါ... ဒါက..."

လုကျုံးရှန့်သည် သူ့ရှေ့မှမြင်ကွင်းကို စူးစိုက်ကြည့်နေပြီး သူ၏အိုမင်းသောမျက်နှာ နီမြန်းလာသည်။

သူ ချိုးဖျက်နိုင်ရန် ပင်ပင်ပန်းပန်းကြိုးစားခဲ့သော ဝင်္ကပါသည် လုယွီ၏ရုန့်ရင်းကြမ်းတမ်းသော နည်းလမ်းဖြင့် လွယ်လင့်တကူချိုးဖျက်ခြင်းကို ခံလိုက်ရသည်။

ဤသည်မှာ မမြင်နိုင်သောလက်တစ်ဖက်မှ လုကျုံးရှန့်၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်သကဲ့သို့ဖြစ်ပြီး သူ့ကို ကြက်သေသေသွားစေသည်။

လုယွီ၏အေးစက်သော အသံသည် လုကျုံးရှန့်၏နားထဲသို့ ရောက်ရှိလာပေ၏။

"ဒါက တကယ့်ကို စစ်သူတော်စင်လုရဲ့ ရှေးဟောင်းအလယ်ခေတ်က ဝင်္ကပါဆိုရင်တော့ ငါ နည်းနည်းသတိထားနေမိလိမ့်မယ်... ကံမကောင်းစွာနဲ့ အချိန်တွေက အရမ်းကြာသွားပြီ... ဒီဝင်္ကပါရဲ့စွမ်းအားက အရင်တုန်းကလို မဟုတ်တော့ဘူး... ငါက ဘာကို ကြောက်နေရမှာလဲ"

Chapter 5195

လုယွီက ဤနေရာမှ ဝင်္ကပါသည် ယခင်လောက် အစွမ်းထက်ခြင်း မရှိတော့သည်ကို အစောကြီးကတည်းက သတိပြုမိခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ရှေးကျပြီး အစွမ်းထက်သော အရာအမြောက်အများပျက်စီးသွားခဲ့လေရာ စစ်သူတော်စင်လု ဖန်တီးခဲ့သော အရာများပင်လျှင် ခြွင်းချက်မဟုတ်ခဲ့ချေ။

ဤသည်မှာ လုယွီသည် ဤနေရာရှိ ဝင်္ကပါကို လုံးလုံးလျားလျား ချိုးဖျက်ရန် သတ္တိရှိရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။

"သူက ဘယ်သူလဲ... ဘယ်လိုလူမျိုးလဲ"

လုကျုံးရှန့်သည် လုယွီ၏နောက်တွင် မတ်တတ်ရပ်နေပြီး ဤနေရာရှိဝင်္ကပါ ပျက်စီးသွားသည်ကို ကြည့်ကာ သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် အင်အားသုံး၍ ဝင်္ကပါကိုချိုးဖျက်ရန် မကြိုးစားခဲ့ဖူးခြင်း မဟုတ်ပေ။ သို့ရာတွင် ဤနေရာရှိ သတ်ဖြတ်ခြင်းဝင်္ကပါသည် အလွန် အစွမ်းထက်ပေ၏။ ထိုအရာကို အင်အားသုံး၍ ချိုးဖျက်လိုက်သည်နှင့် တပြိုင်နက် သတ်ဖြတ်ခြင်း ဝင်္ကပါထံမှ ရူးသွပ်သော တန်ပြန်တိုက်ခိုက်မှုများ သေချာပေါက် ရောက်ရှိလာပေမည်။

သို့ရာတွင် လုယွီ၏တိုက်ခိုက်မှုသည် လျင်မြန်ပြီး ထိရောက်မှုရှိခဲ့ပေ၏။ သူသည် ကန့်သတ်ချက်များ အသက်မဝင်မီမှာပင် နေရာတွင်ရှိသော ကန့်သတ်ချက်များအားလုံးကို ချေမှုန်းပစ်ခဲ့ပြီး ဝင်္ကပါကို လုံးလုံးလျားလျားဖျက်ဆီးခဲ့သည်။

ထိုမျှသာမက လုကျုံးရှန့်သည် ထိုအစွမ်းထက်သော တိုက်ခိုက်မှုများ လုယွီ၏ခန္ဓာအပေါ်သို့ ကျရောက်ခဲ့သော်လည်း မည်သည့်ထိခိုက်မှုမျှ မဖြစ်စေခဲ့သည်ကို သူ၏မျက်စိဖြင့် ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။ ဤအချက်သည် လုယွီ၏ရုပ်ခန္ဓာကိုယ် မည်မျှထိ သန်မာအားကောင်းသည်ကို ပြသရန် လုံလောက်ပေ၏။

"မင်း အခု ဝင်သွားလို့ ရပြီ"

လုယွီသည် ပတ်ဝန်းကျင်ကို အချိန်တခဏမျှ ကြည့်လိုက်ပြီး နောက်ထပ်ကန့်သတ်ချက်များ မရှိတော့သည်ကို မြင်တွေ့ပြီးနောက် ခန်းမဆောင်ထဲသို့ တိုက်ရိုက်လျှောက်လှမ်းဝင်လိုက်သည်။

လုကျုံးရှန့်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် လုယွီ၏နောက်မှ လိုက်ဝင်သွားသည်။

သူသည် ဤနေရာတွင် နှစ်ပေါင်း မည်မျှထိကြာအောင် လှောင်ပိတ်မိနေခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။ ယခုချိန်၌ နောက်ဆုံးတွင် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိလာသောကြောင့် လုကျုံးရှန့်သည် ဤအခွင့်အရေးကို လက်လွှတ်ခံရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

ရှေးဟောင်းခန်းမဆောင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး ခမ်းနားထည်ဝါကာ ထိုအရာ၏အမိုးကို နဂါးသဏ္ဍာန်ထွင်းထုထားသော တိုင်ပေါင်း တစ်ဆယ့်ရှစ်တိုင်ဖြင့် ထောက်မထားသည်။ ဤနေရာသို့ ဝင်ရောက်လာသူ မည်သူမဆို သူတို့ကိုယ်သူတို့ သေးနုပ်သွားသကဲ့သို့ ခံစားရပေမည်။ ခန်းမဆောင်၏အလယ်တွင် သမင်စီးနေသော လူငယ်တစ်ဦး၏ ရုပ်ထုတစ်ခု တည်ရှိနေပေ၏။ သူသည် ယဉ်ကျေးသိမ်မွေ့ပြီး ချောမောခန့်ညားကာ တည်ကြည်လေးနက်ပြီး ကြည်ညိုလေးစားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

လုယွီ ဝင်ရောက်သွားသည့် အချိန်တွင် ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ရပ်က သူ့ထံသို့ တိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏စိတ်နှလုံးသားအတွင်းတွင် ပျော်ရွှင်ခြင်း ဒေါသထွက်ခြင်း ဝမ်းနည်းခြင်းစသည့် မည်သည့် စိတ်ခံစားမှုများ ရှိနေပါစေ ထိုအရာအားလုံးသည် ဤနေရာအရောက်တွင် ပျောက်ကွယ်သွားပေ၏။ သူ၏စိတ်သည်လည်း တဖြည်းဖြည်း တည်ငြိမ်လာပြီး မည်သည့်မလိုလားအပ်သော အတွေးမျိုးမျှ မရှိတော့ချေ။

ရုပ်ထု၏ဘေးတစ်ဖက်တစ်ချက်တွင် ရွှေရောင် စာလုံးများထွင်းထုထားသော ဒေါင်လိုက် ဆိုင်းဘုတ် နှစ်ခု ရှိပြီး ထိုအရာများပေါ်တွင် လုရှန့်၏အောင်မြင်မှုများကို ချီးကျူးသည့်စာများအား ရေးသားထားသည်။

သူသည် စစ်တဲအတွင်းထိုင်ရင်း စစ်ရေးကိစ္စများနှင့် နည်းဗျူဟာခြောက်ရပ်ကို ဆွေးနွေးခဲ့ပြီး ရန်သူများကို ခြုံခိုတိုက်ခိုက်ရန် ထောင်ချောက်များကို စီစဉ်ခဲ့လေ၏။

လုကျုံးရှန့်သည် ဤနေရာသို့ ခြေချလိုက်သည်နှင့် သူ၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားပြီး စစ်သူတော်စင်ရုပ်ထု၏ရှေ့တွင် ဒူးမထောက်ဘဲ မနေနိုင်တော့ချေ။ သူ သတိပြန်ဝင်လာသည့် အချိန်တွင် သူ၏ နဖူးမှ ချွေးစေးများ ထွက်လာသည်။ သူ၏စိတ်သည် အနည်းငယ် ဆောက်တည်ရာမရ ဖြစ်နေပြီး သူ့ရှေ့မှ သူတော်စင်ရုပ်ထု၏လွှမ်းမိုးခြင်းကို လုံးလုံးလျားလျား ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

"ဒါက ငါတို့လုမိသားစုရဲ့ ဘိုးဘေးလား... တကယ့်ကို အစွမ်းထက်တဲ့ နတ်ဘုရား အရှိန်အဝါပဲ"

လုကျုံးရှန့်သည် တီးတိုးရေရွတ်လိုက်ပြီးနောက် မတ်တတ်ထရပ်လိုသော်လည်း သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူတော်စင်လု၏ရုပ်ထုကို သုံးကြိမ်တိုင်တိုင် ဦးတိုက်အရိုအသေပြုလိုက်သည်။

မျိုးဆက်သစ်များအနေဖြင့် သူတို့၏ဘိုးဘေးကို အရိုအသေပေးခြင်းသည် မှားယွင်းသောအရာတစ်ရပ် မဟုတ်ပေ။

လုကျုံးရှန့်သည် အရိုအသေပေးပြီးနောက် မတ်တတ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လုယွီကို လှမ်းကြည့်လိုက်၏။

"လူငယ်လေး... မင်းရဲ့ စွမ်းအားက တကယ့်ကို ထူးခြားတာ အမှန်ပဲ... ဒါပေမဲ့ သူတော်စင်လုရဲ့ ရှေ့မှာ မင်းက အရိုအသေမပြုသင့်ဘူးလား"

လုယွီက ခေါင်းခါလိုက်သည်။

"စစ်သူတော်စင်လုက တကယ့်ကို သာလွန်ထူးကဲတဲ့လူပါ.. ဒါပေမဲ့ ငါက သူ့ရှေ့မှာ ဒူးထောက်လို့ မရဘူး"

"အမ်... ဘာဖြစ်လို့လဲ"

လုကျုံးရှန့် ကြက်သေသေသွားသည်။

"ဘာလို့လဲဆိုတော့ စစ်သူတော်စင်လုက ငါရဲ့ ဒူးထောက်အရိုအသေပေးခြင်းနဲ့ မထိုက်တန်လို့ပဲ"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

လုယွီ၏စကားကို ကြားသောအချိန်တွင် လုကျုံးရှန့်က မထီမဲ့မြင်ပြုံးကာ သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"လူတွေရဲ့စိတ်နှလုံးသားက အရင်တုန်းကလို မဟုတ်တော့ဘူး... အခု လုမိသားစုမှာ ဘယ်သူ အာဏာရှိနေတာလဲ... ဒီလောက်ထိ မာနကြီးတဲ့ မျိုးဆက်သစ်ကို ဘယ်သူက သင်ပေးလိုက်လဲ ဆိုတာ ငါ မသိဘူး"

လုယွီသည် လုကျုံးရှန့်၏သရော်တော်တော်ပြောဆိုမှုကို လျစ်လျူရှုလိုက်ပြီး ရုပ်ထု၏ရှေ့တွင် ချထားသောအရာများကို ကြည့်လိုက်သည်။

သူတော်စင်ရုပ်ထု၏ရှေ့တွင် ရတနာအမြောက်အများကို ချထားပြီး တစ်ခုချင်းစီသည် မြေပြင်ပေါ်သို့ ကျရောက်နေသော နေရောင်ခြည်အလား ရွှေရောင်တောက်နေကာ မျက်စိကျိန်းဖွယ် စူးရှသည့် အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

"ဒီရတနာတွေ အားလုံးက စစ်သူတော်စင်လု ချန်ထားခဲ့တဲ့ သူတော်စင်ရတနာတွေပဲ"

လုကျုံးရှန့်သည် စားပွဲပေါ်မှ ရတနာများကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးအကြည့်ကို လွှဲဖယ်နိုင်ခြင်း မရှိတော့ချေ။

All Chapters