← Chapters

ထူးဆန်းတဲ့မြင်ကွင်း

Vol. 19 Ch. 183

ထူးဆန်းတဲ့မြင်ကွင်း

Vol. 19 Ch. 183

ယန်ချန်တစ်ယောက် ကိုက်ခဲနာကျင်နေသည့် ဦးခေါင်းအား တင်းကြပ်စွာဆုပ်ကိုင်လျက် အော်ဟစ်နေသည်မှာ အချိန်မည်မျှ ကြာသွားသည်ကိုပင် မသိတော့ချေ။

သူ့စိတ်ထဲ နာကျင်မှုများက အဆုံးမဲ့ ဖြစ်နေတော့မည်လားဟု အတွေးဝင်လာချိန်မှာပဲ သတိပြန်လည်ရရှိလာပြီး နာကျင်မှုက အနည်းငယ်လျော့ကျသွားသည်။

ထိုအခါရောက်မှ မျက်လုံးအစုံအား ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရသည်။

“ဟမ်..ငါဘယ်နေရာကို ရောက်သွားတာလဲ”

သူရောက်နေသည့်နေရာက သူတခါမှမမြင်ဖူးသည့် နေရာတစ်ခုဖြစ်နေပြီး မည်သည့်အတွက်ကြောင့် ယာဥ်ပျံပေါ်မှတဆင့် ဤနေရာကိုရောက်နေရသည်အား မသိတော့ချေ။

ထိုနေရာဆိုသည်ကား ကုန်းမြေကြီးတစ်ခုဖြစ်ပြီး ရဲရဲတောက်နေသည့် သွေးနီရောင်ပတ်ဝန်းကျင်နဲ့ သွေးရောင်ကောင်းကင်ကြီးကြောင့် ထိတ်လန့်ဖွယ်ရာ ကောင်းနေသည်။

မြေပြင်ပေါ်တွင်လည်း ပူပြင်းသည့်ချော်ရည်များကဲ့သို့ ထူးခြားသည့် သွေးရောင်အရည်များ စီးဆင်းနေကာ သူ့မြင်ကွင်းတစ်ခုလုံအောက်၌ သက်ရှိဟူ၍ သစ်ပင်တစ်ပင်တောင် မရှိချေ။

“ဒါက ဘယ်နေရာလဲ ငါနောက်ထပ်ဝိဉာဥ်ကူးပြောင်းပြန်ပြီလား”

ယန်ချန်တယောက် ထိုသို့တွေးနေစဥ်မှာပဲ ကျယ်လောင်တဲ့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်ရှိ သွေးနီရောင်တိမ်စိုင်များက ပြိုကွဲသွားသည်။

မကြာမီမှာပဲ မှင်သက်စရာကောင်းသည့် မြင်ကွင်းများ ထွက်ပေါ်လာတော့သည်။ ထိုအရာက ကောင်းကင်ထက်၌ ပေထောင်ပေါင်းများစွာကြီးမားသည့် လူရိပ်ကြီးများ အပြန်အလှန်တိုက်ခိုက်နေကြသည့် ပုံရိပ်များဖြစ်ပြီး တိုက်ပွဲက ပြင်းထန်နေပုံရသည်။

ယန်ချန်တစ်ယောက် ထိုမြင်ကွင်းကို မှင်သက်စွာ ကြည့်နေစဥ်မှာပဲ ကြီးမားသည့် လူသားပုံစံ လူရိပ်ကြီးတစ်ခုက သူ့ရဲ့လက်နှစ်ဖက်ဖြင့် တဖက်မှပုံရိပ်ကြီး၏ ဦးခေါင်းအား ဆုပ်ကိုင်လိုက်သည်။

ဖောင်း….။

ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု…။

ထိုပေါက်ကွဲမှုက တဖက်လူ၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားခြင်းနဲ့ တူညီနေပြီး ယန်ချန့်အကြည့်အောက်မှာတွင်ပဲ သွေးများက မိုးရွာချသည့်အလား ကောင်းကင်ထက်မှ တဝေါဝေါ ကျဆင်းလာသည်။

ထို့အပြင် ပုံရိပ်ကြီးများက တစတစ များပြားလာပြီး ရှုပ်ထွေးနေသည့်မြင်ကွင်းများစွာ ထပ်မံပေါ်ထွက်လာကာ ပုံရိပ်ကြီးများအချင်းချင်း အပြင်းအထန် တိုက်ခိုက်နေသည်ကို မြင်တွေ့နေရသည်။

ယန်ချန်ရှိနေသည့် မြေပြင်တစ်ခုလုံး အပြင်းအထန် တုန်ခါနေပြီး ကျယ်လောင်တဲ့ အော်ဟစ်သံများ တိုက်ခိုက်သံများ သွေးများနဲ့ ထူးခြားတဲ့အလင်းရောင်များကြောင့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသည်ဟု ယန်ချန်ယူဆမိသည်။

ကံဆိုးသည်က ထိုမြင်ကွင်းကို ယန်ချန်တစ်ယောက် ဒီတိုင်းသာရပ်ကြည့်နေရပြီး နေရာမှတလက်မှပင် မရွေ့နိုင်ခြင်း ဖြစ်သည်။

“သောက်ကျိုးနည်း တိုက်ပွဲကိုကြည့်ဖို့ ငါ့ကိုဒီနေရာပို့လိုက်တာတော့ မဟုတ်ဘူးမလား”

ယန်ချန်တယောက် စိတ်ရှုပ်ထွေးနေပြီ တဖက်တွင်လည်း မပြီးဆုံးသေးသည့် တိုက်ပွဲကြီးက အမြင့်ဆုံးအရှိန်ကိုရောက်ရှိလာနေသည်။

ထိုစဥ် ယန်ချန်မတ်တပ်ရပ်နေသည့် မြေပြင်ကြီးထဲမှ သွေးနီရောင်မြစ်ကြီးတစ်စင်း ရုတ်ချည်း ထိုးဖောက်ထွက်လာကာ ထိုမြစ်ကြီးက ကောင်းကင်ထက်သို့ လှံတချောင်းဖြောင့်တန်းစွာ ထိုးတက်သွားသကဲ့သို့ တက်သွားလေသည်။

“ဒါက ငါအစောပိုင်းအချိန် မြင်လိုက်တဲ့သွေးတွေမဟုတ်လား သူက မြစ်ကြီးတစ်စင်းလို စီးနေတာပေါ့ ဘုရားရေ..”

ယန်ချန်ထိတ်လန့်သွားသည်။ စကြာဝဋာ၏ ဟင်းလင်းပြင်နယ်မြေထဲ၌ သွေးမြစ်ကြီးတစ်စင်း မျောလွင့်နေသည်ကို သင်အာရုံခံကြည့်ပါ ထိုအရာကမည်မျှ ထိတ်လန့်ဖွယ်ကောင်းနေမည်နည်း။

ထိုသွေးမြစ်ကြီးက လူရိပ်ကြီးများထံ တိုးဝင်သွားပြီးနောက် သွေးမြစ်ထဲမှ ကြီးမားတဲ့ ဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာကာ တိုက်ခိုက်နေကြသည့် ပုံရိပ်ကြီးများကို ဝါးမြိုလိုက်တော့သည်။

ဝုန်း…

ပြင်းထန်တဲ့တိုက်ခိုက်မှာ ကြီးမားသည့်ပုံရိပ်များ နတ်ဆိုးသဏ္ဍန်မျက်နှာကြီး၏ ဝါးမြိုမှု အရာအားလုံး အနှေးပြကွက်တခုကဲ့သို့ ယန်ချန်မြင်နေရပြီး အလွန်ပီပြင်မှုကြောင့် ယန်ချန်တစ်ယောက် သူကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်နေသလိုပင် ခံစားနေရလေသည်။

“ဘာလို့လဲ ဘာရည်ရွယ်ချက်နဲ့လဲ”

ယန်ချန်တယောက် နားမလည်နိုင်ဟန်ဖြင့် မေးခွန်းများဆက်တိုက်မေးနေခဲ့ပြီး ကောင်းကင်ထက်မှာလည်း မျက်နှာကြီးက ပုံရိပ်များအားလုံးကို အချိန်တိုအတွင်း ကုန်စင်အောင်ဝါးမြိုသွားတော့သည်။

“အား….”

ရုတ်တရက် ဦးခေါင်းအတွင်းပိုင်းမှ ပြင်းထန်တဲ့နာကျင်မှုတစ်ခု လှုံ့ဆော်လိုက်ပြီး ထိုနာကျင်မှုက မူလသူခံစားရသည်အဆများစွာ သာလွန်နေသည်။

“ငါ သေရတော့မှာလား မသိဘူး”

ထိုသို့အတွေးဝင်လိုက်သည်နှင့် တပြိုင်နက် ယန်ချန်ရဲ့စိတ်အာရုံမှာလည်း မှောင်အတိကျသွားကာ အစောပိုင်းမှ မြင်ကွင်းများအားလုံး ပိတ်ဆို့သွားတော့သည်။

………………………………………………

All Chapters