← Chapters

ရှုပ်ထွေးပွေလီလှသော နတ်ဘုရားနယ်ပယ်များ

Vol. 20 Ch. 226

ရှုပ်ထွေးပွေလီလှသော နတ်ဘုရားနယ်ပယ်များ

Vol. 20 Ch. 226

ကောင်းကင်ယံထက်မှ ခရမ်းရောင်လျှပ်စီးတန်းပေါင်း သန်းနှင့်ချီ၍ ဆင်းသက်လာပြီး ၄င်းတို့က လီယန်၏သွေးနီရောင်နတ်ဘုရားနယ်ပယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားသည်။

ဂျိမ်း..

ထိတ်လန့်စရာကောင်းသည်မှာ လျှပ်စီးတန်းတစ်ခုချင်းစီက မိုးကြိုးတပ်ဖွဲ့ဝင် စစ်သည်တော်များ၊ နတ်ဘုရားများ၊ မိုးကြိုးအရှင်သခင်များနှင့် မိုးကြိုးဘုရင်များအဖြစ်သို့ အသွင်ပြောင်းလဲသွားကြခြင်းပင်။

၄င်းမှာမိုးကြိုးနတ်မင်းနှင့် လျှပ်စီးမယ်တော်တို့ထံမှ ရိုးရှင်းသော အကူအညီတောင်းခံမှုမျိုး မဟုတ်ဘဲ မိုးကြိုးနတ်ဘုရား အပေါင်းတို့အား နာခံစေသည့် အမိန့်တော်တစ်ရပ်ပင် ဖြစ်သည်။

ရှန်လဲ့၏နတ်ဘုရားနယ်ပယ်အတွင်းမှ မရေမတွက်နိုင်သော မိုးကြိုးနတ်ဘုရားတို့သည် သွေးနီရောင်နယ်ပယ်ကို ဆေးကြောသန့်စင်ရန်၊ မတရားမှုကို တုံ့ပြန်ရန်နှင့် မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းရန် တဟုတ်ထိုးတိုက်ခိုက်ကြတော့သည်။

"ကျွန်တော် ကူမယ် "

ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးထိုက်ကျုံးကလည်း သူ၏နတ်ဘုရားနယ်ပယ်ကိုထုတ်လွှတ်ကာ လီယန်ကို အကူအညီပေးလိုက်၏။

သို့သော်လည်း နှစ်ယောက်တစ်ယောက်ပင်ဖြစ်လင့်ကစား နတ်ဘုရားမိုးကြိုးအကျဥ်းထောင်၏ဖိနှိပ်မှုအောက်တွင် သူတို့သည် လုံးဝဥဿုံ အရေးနိမ့်နေခဲ့ကြသည်။

နယ်ပယ်အချင်းချင်း တစ်ကြိမ်မျှ ထိတွေ့တိုက်ခိုက်ရုံဖြင့် ဗိုလ်ချုပ်ကြီးလီယန်၏ မျက်နှာတွင် သွေးနီရောင်အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ထိုအက်ကွဲကြောင်းများကြားမှ သွေးရောင်အလင်းတန်းများ စိမ့်ထွက်လာခဲ့သည်။ သူ၏မျက်လုံးများမှာလည်း ပြင်းထန်သောနာကျင်မှုနှင့်အတူ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"မင်း ကိုးကွယ်နေတဲ့ နတ်ဘုရားက တကယ်တော့ ဘယ်သူလဲ"

သူသည် နားမလည်နိုင်ခြင်းနှင့်အတူ သူ၏နှလုံးသားထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ အမြစ်တွယ်လာခဲ့သည်။

ကောင်းကင်ယံထက်တွင် ရပ်တန့်နေသော မိုးကြိုးဘိုးဘေး၏ ကြီးမားလှသော ပုံရိပ်ကြီးမှာ သူတိုက်ရိုက်ကြည့်ရှုရန်ပင် မဝံ့ရဲလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။

နတ်ဘုရားနယ်ပယ်၏ပိုင်ရှင်ကို မဆိုထားနှင့်၊ လျှပ်စီးများမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် နတ်ဘုရားပုံရိပ်များကပင်လျှင် သူ့ကို အသက်ရှူကျပ်သွားစေရန် လုံလောက်သည်။ ထို့အပြင် ထိုနတ်ဘုရားပုံရိပ်များမှာ တစ်ခုနှစ်ခုမကဘဲ ရာနှင့်ချီ၍ ရှိနေ၏။

မည်မျှထိတ်လန့်ဖွယ်စွမ်းအင်ကြီးဖြစ်လေသနည်း။

အကယ်၍ ထိုပုံရိပ်များကပင် ဤမျှ စွမ်းအားကြီးမားနေပါက ထိုနတ်ဘုရားတို့၏ စစ်မှန်သောကိုယ်ထည်များမှာ မည်မျှအထိ ကြမ်းတမ်းလိမ့်မည်နည်း။

သူ စဥ်းစားကြည့်ရန်ပင် မဝံ့ရဲတော့ပါ။

ငါ..ငါက ဘယ်လိုရန်သူကြီးနဲ့ ရင်ဆိုင်နေရတာလဲ။

ထိုအချိန်တွင် အဘိုးကြီးရှန်လဲ့သည် ကောင်းကင်ဟင်းလင်းပြင်တွင် ရပ်တန့်နေပြီး သူ၏ဝတ်ရုံရှည်က တလွင့်လွင့်လွင့်ရှိနေကာ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများက ကြောက်မက်ဖွယ် တလက်လက်ဝန်းရံနေ၏။

သူသည် စကားများများမပြောဘဲ မုန်တိုင်းကဲ့သို့သော အသံဖြင့် ဟိန်းဟောက်လိုက်သည်။

"ကြီးမြတ်တော်မူသော၊ ကရုဏာရှင် မဟာပညာရှိ၊ အမြင့်မြတ်ဆုံးတာအို အရှင်သခင်"

သူ၏အသံကြီး ဟိန်းထွက်သွားသည်နှင့်အမျှ လျှပ်စီးများမှ ဖြစ်ပေါ်လာသော နတ်ဘုရားများအားလုံးသည် ရုတ်ချည်းပင် ဆယ်ဆ၊ အဆတစ်ရာမျှ ကြီးထွားလာကြသည်။ သူတို့၏ အရှိန်အဝါများမှာလည်း စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ထိ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

မိုးကြိုးဘိုးဘေး၏ အမိန့်အရ ဆင်းသက်လာသော ဤနတ်ဘုရားများသည် မိစ္ဆာနတ်ဘုရားအပေါင်းကို တိုက်ထုတ်ရန် ရောက်ရှိလာကြလေပြီ။

ဗိုလ်ချုပ်ကြီးလီယန်၏ နတ်ဘုရားနယ်ပယ်မှာ ဖိအားကြောင့် အက်ကွဲပျက်စီးနေပြီဖြစ်သည်။ ကြယ်စင်နတ်ဘုရား၏ ပံ့ပိုးမှုသာမရှိပါက သူသည် ယခုအချိန်တွင် ဆယ်ခါပြန်မက သေဆုံးနေလောက်လေပြီ။

သို့သော်လည်း ထိုတိုက်ခိုက်မှုတစ်ချက်ကို ခုခံအပြီးတွင် သူ၏နတ်ဘုရားနယ်ပယ်မှာ သုံးပုံတစ်ပုံမျှ ပျက်စီးသွားခဲ့ရသည်။

သေချာသည်ကတော့ တိုက်ခိုက်သူ နှစ်ဦးမှာ အဆင့်အတန်း လုံးဝမတူညီကြပါ။

ထိုအချိန်တွင် အခြားတစ်ဘက်တွင်လည်း တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေခဲ့သည်။ ချင်ဟန်တိုက်ကြီး၏ ကောင်းကင်ယံတွင် ကြီးမားသော ကြယ်ပုံရိပ် ၉ ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ တိုက်ကြီးပေါ်ရှိ လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ပါက ထိုကြောက်မက်ဖွယ် ကြယ်ပုံရိပ်ကြီးများကို မြင်တွေ့နိုင်ကြသည်။

ထိုကြယ်ကြီးများမှာ နီးကပ်လွန်း၍ ၄င်းတို့၏ အနားသတ်ကိုလက်ဖြင့်ပင် လှမ်းကိုင်၍ ရနိုင်တော့မည်ဟုပင် ထင်မှတ်ရသည်။ ကြယ်တစ်လုံးချင်းစီမှလည်း ကြောက်မက်ဖွယ် အရှိန်အဝါများ ပြင်းထန်စွာထွက်ပေါ်နေသည်။

ကောင်းကင်ဘုံး ကြယ်နတ်မင်းကိုးပါးတို့သည် နတ်ဘုရားတို့၏ ကံကြမ္မာ အဆိုးအကောင်းကို အုပ်ချုပ်ကြသည်ဟု ဆိုကြပြီး ယခုအခါ သူတို့၏ ဒေါသထွက်နေသည်မှာ သိသာလှ၏။

"အနန္တ ထိုက်ကျိ ကြယ်ကိုးလုံး ကောင်းကင်ဘုံကို အောင်နိုင်ခြင်း"

အမွှာညီအစ်မနှစ်ဦးအနက် တစ်ဦးက နေမင်းကို ကိုယ်စားပြုပြီး ကျန်တစ်ဦးက လမင်းကို ကိုယ်စားပြုသည်။ ယင်နှင့်ယန် ပေါင်းစပ်ကာ ထိုက်ကျိ ဖြစ်ပေါ်လာသည်။

ကောင်းကင်နတ်မင်းကိုးပါးက ထိုသို့ဟိန်းဟောက်လိုက်သည်နှင့်အမျှ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြီးမားလှသော ထိုက်ကျိသင်္ကေတသည် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။

ထိုအထဲတွင် ကြယ်ခုနစ်လုံးသည် အလွန်တောက်ပစွာ ထွန်းလင်းနေ၏။ မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားတို့သည် ပိုးစုန်းကြူးများကဲ့သို့ ကောင်းကင်သို့ ပျံတက်လာကြသည်။ သို့သော်လည်း ကောင်းကင်နတ်မင်းကိုးပါး၏ မဟာဝင်္ကပါအတွင်း၌ ထွက်ပြေးစရာ လမ်းမရှိပါ။ သူတို့သည် သားရေထည်များဝတ်ဆင်ကာ သစ်သားလှံများကိုင်ဆောင်ထားသည့်လူရိုင်းများက ခေတ်မီသံချပ်ကာတပ်ကြီးကို တိုက်ခိုက်နေသကဲ့ ဖြစ်နေကြသည်။

သူတို့၏ ကံကြမ္မာမှာ သေခြင်းတရားသာ ဖြစ်သည်။

"အား....."

"မဖြစ်နိုင်ဘူး"

"မဟာအုပ်စိုးရှင်တွေ ၊ ငါ့အမိန့်ကို နာခံကြ! ဒီဝင်္ကပါကို ဖောက်ပစ်ကြစမ်း"

မိစ္ဆာနတ်ဘုရားများစခန်းကြီးမှာ ပုရွတ်ဆိတ်အုံထဲသို့ ရေနွေးပူလောင်းခံရသလို ပရမ်းပတာ ဖြစ်နေတော့သည်။

အစုလိုက်အပြုံလိုက်ဖြစ်နေသော မိစ္ဆာနတ်ဘုရားတပ်ဖွဲ့သည် တိုက်ခိုက်ရေးစစ်ကြောင်းများဖွဲ့စည်းကာ ကောင်းကင်နတ်မင်းကိုးပါးကို ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းကြသည်။

သို့သော် ကံဆိုးသည်မှာ သူတို့၏အနေအထားလေးများဖြင့် ရန်သူတစ်ယောက်တစ်လေကိုပင် ဒဏ်ရာရအောင် မလုပ်နိုင်ကြပါ။ နတ်ဘုရားနယ်ပယ်များကြားရှိ ကွာဟချက်ကို အရေအတွက်အားကိုးဖြင့် မည်သို့ကျော်လွှားနိုင်ပါမည်နည်း။

ကောင်းကင်နတ်မင်းကိုးပါး ပေါင်းစည်းလိုက်ပါက ဒဏ္ဍာရီလာပုဂ္ဂိုလ်များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ကြသည်။ ဤအဆင့်နိမ့်နတ်ဘုရားများနှင့် သာမန်မဟာအုပ်စိုးရှင်များကတော့ သေလမ်းရှိတော့သည်။

ကျိယွမ်၏ နတ်ဘုရားပုံရိပ်ဖော်နည်းလမ်းဖြင့် ဖန်တီးပေးထားသော နတ်ဘုရားနယ်ပယ်များသည် ကောင်းကင်ဘုံနန်းတော်ရှိ နတ်ဘုရားအစစ်များထံမှ ဖြစ်သည်။ သူတို့သည် ၃၃ ဘုံကို အုပ်ချုပ်ကြသော သက်ရှိထင်ရှား အနန္တတန်ခိုးရှင်များ ဖြစ်ကြ၏။

သူတို့၏ နတ်ဘုရားနယ်ပယ်များသည် ကောင်းကင်ဘုံအာဏာများအဖြစ်ပင် ပေါင်းစည်းထားသည်။ သူတို့၏ စွမ်းအားမှာ တူညီသောအဆင့်ရှိသူများထက် ဆယ်ဆမျှ ပိုမိုကြီးမား၏ ။

ထို့ကြောင့် အထွတ်အထိပ်အဆင့်ရှိ မဟာအုပ်စိုးရှင်ကိုးပါးပေါင်းစည်းရုံဖြင့် မယုံကြည်နိုင်လောက်သော ဖျက်ဆီးမှုများကို ကြမ်းတမ်းစွာ ပြုလုပ်နေတော့သည်။

ထိုမျှမကသေးပါ ၊ ကောင်းကင်နတ်မင်းကိုးပါးအပြင်ဘက် အခြားစစ်မှန်နတ်ဘုရားများကလည်း မိစ္ဆာနတ်ဘုရားများကို ပူနွေးသောဓားဖြင့် ထောပတ်ကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ တိုက်ခိုက်နေကြသည်။တိုက်ခိုက်သည်ဟု​ပြော၍မရ သတ်ဖြတ်သည်ဟု ပြောရမည်ဖြစ်သည်။

ဤစစ်ပွဲမှာ တစ်ဖက်သတ်တိုက်ပွဲကြီး ဖြစ်၏။ မိစ္ဆာနတ်ဘုရားများက အစွမ်းကုန်ထွက်ပြေးနေပြီး ရွာသားများက နောက်က သက်သောင့်သက်သာလိုက်ခုတ်နေကြသည်။

စခန်းတစ်ခုလုံးမှာလည်း ရစရာမရှိအောင်ပျက်စီးနေလေပြီ ။သနားစရာကောင်းသည်မှာ နေရာအနှံ့အပြားတွင် နတ်ဘုရားနယ်ပယ်များက ချေးပေါသေးပေါ လွှမ်းခြုံထားခြင်းပင်။

ကျိယွမ်လက်အောက်မှ ရှေးဟောင်းနတ်ဘုရားအားလုံးလိုလိုက နတ်ဘုရားနယ်ပယ်မျိုးစေ့များရှိနေသဖြင့် ​တိုက်ပွဲတစ်ပြင်လုံးတွင် သူတို့၏နတ်ဘုရားနယ်ပယ်များကို ပေါက်ပေါက်ကြဲသလို ဦးတည့်ရာသို့ ထုတ်ချင်တိုင်းထုတ်နေကြတော့သည်။

ကျူးရှိကျုံးတို့ရွာသားအဖွဲ့က အဆိုးဆုံးဖြစ်နေပြီး သူ့ထက်ငါအပြိုင်အဆိုင် ထုတ်နေကြ၏။

ရလဒ်အနေဖြင့် သာမန်အဆင့်နိမ့်မိစ္ဆာနတ်ဘုရားတို့မှာ ဘာမှန်းပင် သတိမထားမိလိုက်ဘဲ အစုလိုက်အပြုံလိုက် သေဆုံးကုန်ကြသည်။သူတို့မှာ မည်သည့်နတ်ဘုရားနယ်ပယ်ကြောင့် သေဆုံးသွားရသည်ကိုပင် သိမသွားရရှာကြပါ။

မိုင်ပေါင်းများစွာအကွာအဝေးတွင်ရှိနေသော ကျင့်ကြံသူများနှင့် ရှေးဟောင်းနတ်ဘုရားများသည် ကောင်းကင်သို့ ပျံတက်ကာ ထိုတိုက်ပွဲကို အဝေးမှ ငေးကြည့်နေကြသည်။ သူတို့သည် အသေးစိတ်ကို မမြင်ရသော်လည်း ကမ္ဘာကြီးကို ဝါးမြိုတော့မည့်အလား ကောင်းကင်တွင်ချိတ်ဆွဲထားသောအဆုံးမဲ့မိုးကြိုးပင်လယ်ကြီးကိုတော့ လူတိုင်းမြင်တွေ့နေရ၏။

ကောင်းကင်တွင် ဆိုင်းထောင်ထားသော ကြယ်ကိုးလုံးနှင့် ထိုမီးတောက်များထဲသို့ တိုးဝင်ကာ ပြန်လည်ကျဆင်းလာကြသည့် မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများကိုလည်း မြင်တွေ့နေရသည်။

"မိစ္ဆာစခန်းမှာ တိုက်ပွဲကြီး ဖြစ်နေပြီဟ"

"ဒါတွေက သေချာပေါက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေပဲ"

"ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေက မိစ္ဆာစခန်းကို တိုက်ခိုက်နေတာလား။ ဘယ်လိုဖြစ်တာလဲ။ ဖန်ထုန်နယ်မြေထဲကို ဒီလိုပုဂ္ဂိုလ်တွေ ဘယ်ကရောက်လာတာလဲ။"

မရေမတွက်နိုင်သော မျက်လုံးများသည် ကမ္ဘာပျက်မတတ်ပြင်းထန်နေသော တိုက်ပွဲကြီးကို ကြည့်ရှုနေကြပြီး မျက်နှာများတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ အချို့က ဒူးထောက်ငိုကြွေးနေကြပြီး အချို့၏ မျက်လုံးများတွင်မူ မျှော်လင့်ချက်ကြောင့်မျက်ရည်များ ဝဲနေကြသည်။

အဝေးမှကြည့်နေသော ကျင့်ကြံသူများနှင့် ရှေးဟောင်းနတ်ဘုရားများအားလုံးမှာကြည့်ရင်းကြည့်ရင်းမှ ထိတ်လန့်မှုနှင့်အတူ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်လာသည်။

မိုင်ပေါင်းများစွာအကွာမှ တောင်မြင့်တစ်ခုပေါ်တွင် ရပ်နေသောခေါင်းပြတ်နေသည့် ကြောက်မက်ဖွယ် ရှေးဟောင်းနတ်ဘုရားကြီးတစ်ပါးသည်လည်း အဝေးမှတိုက်ပွဲကို ကြည့်နေခဲ့သည်။

ထိုသို့ကြည့်နေရင်း သူ၏လည်ပင်းပြတ်ထဲမှ သွေးမျက်ရည်များ စီးကျလာ၏။

"ဟားဟားဟား...ဟားဟားဟား"

ခေါင်းပြတ်ကြီးလင်ကျုန်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။

"မိုးကြိုးပင်လယ်က ကောင်းကင်ကို ဖုံးလွှမ်းလို့၊ ကြယ်ကိုးလုံးကလည်း အထက်မှာ ဆိုင်းလို့... ငါ မြင်လိုက်ရပြီ ၊ ငါမြင်လိုက်ရပြီကွ ..ဟားဟား ဟားဟား "

သူသည် ဟုန်ထန်တိုက်ပွဲကြီး မတိုင်မီ လဝက်ခန့်က အစားရှောင်မယ်တော်သည် သူ့ထံသို့ လာရောက်ကာ အရာတစ်ခု ပေးခဲ့သည်ကို ပြန်လည်သတိရသွားသည်။ ထိုအချိန်က သူမ၏ အေးစက်လှသော မျက်လုံးများတွင် ရှားရှားပါးပါး မျှော်လင့်ချက် အလင်းရောင်လေး တစ်ချက် လက်သွားကာ ဤသို့ ပြောခဲ့သည်။

"ဖန်ထုန်လောကက ပျက်စီးမှာမဟုတ်ဘူး၊ မျှော်လင့်ချက်က အမြဲတမ်းရှိနေတယ်။ အနာဂတ်မှာ တစ်စုံတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်။ သူက လက်သီးသပ်သပ်နဲ့ ကြယ်တွေကို ချေမှုန်းပြီး လက်ဖဝါးသပ်သပ်နဲ့ ယန်နတ်ဘုရားကို ဆွဲဖြဲပစ်လိမ့်မယ်"

ထိုစဥ်က သူ မယုံကြည်ခဲ့ပါ။

"သူ တကယ်ရှိနေတာပဲ... အစားရှောင်မယ်တော်ရေ..သူတကယ်ရှိတယ်"

ခေါင်းပြတ်ကြီးလင်ကျုန်း၏အမူအရာမှာ ရူးသွပ်သွားသကဲ့သို့ ဖြစ်နေသည်။

မျှော်လင့်ချက်မှာအမြဲရှိနေခဲ့သော်လည်း အစားရှောင်မယ်တော်နှင့်တကွ ကျဆုံးသွားသော အခြားဒဏ္ဍာရီလာပုဂ္ဂိုလ်များကတော့ မြင်တွေ့ခွင့်မရရှာကြတော့ပါ။

တစ်ဖက်တွင်လည်း အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျိယွမ်သည် ကောင်းကင်တွင် တည်ငြိမ်စွာရပ်နေခဲ့သည်။

သူ၏ အတွေ့အကြုံဘားတန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေပြီး မိစ္ဆာနတ်ဘုရားစွမ်းအားများမှာလည်း လျင်မြန်စွာ စုဆောင်းမိနေသည်။ ခဏတာအတွင်း သူရရှိသော အကျိုးအမြတ်မှာ နေဝင်တောင်စောင်းတိုက်ပွဲထက်ပင် အဆများစွာသာလွန်သွားသည်။

သူသည် ဘေးတွင်ရှိနေသော မဟာအုပ်စိုးရှင်လီရှန်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ ဆိုနာမှုတ်ကွက်ကို ပိုလေ့ကျင့်ဖို့ လိုဦးမယ်။ အသံ သိပ်တိုးလွန်းတယ်။ အောက်က တိုက်နေတဲ့ ရှေးဟောင်းနတ်ဘုရားတွေ ခင်ဗျားမှုတ်တာကို မကြားရဘူး။"

မဟာအုပ်စိုးရှင်လီရှန်းမှာ ရှက်လွန်း၍ မျက်နှာကြီး နီမြန်းသွားသည်။ သူတီးမှုတ်သောအသံကတိုးနေခြင်းမဟုတ်ဘဲ အောက်မှ စစ်မြေပြင်မှာ တဂျိမ်းဂျိမ်းတဘုန်းဘုန်းဖြင့် အလွန်ဆူညံလွန်းနေခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးမှ စစ်သည်အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနေသည်။ ၎င်းတို့အနက် အားအနည်းဆုံးသူများပင် စစ်မှန်နတ်ဘုရားများ ဖြစ်ကြသည်။

အဆိုးဆုံးမှာ ရွာသားများဖြစ်ပြီး နယ်ဘုရားနယ်ပယ်များကို အပြိုင်အဆိုင်း တဒိန်းဒိန်းထုတ်လွှင့်နေကြ၏။

သူ၏ဆိုနာသံကို မည်သို့ကြားနိုင်တော့မည်နည်း။

မဟာအုပ်စိုးရှင်လီရှန်းသည် သူ၏နတ်ဘုရားနယ်ပယ်ကိုပင် ချဲ့ထွင်ထားပြီး နတ်စွမ်းအားပေါင်းများစွာကို သုံးကာ ဆိုနာသံ ပိုကျယ်စေရန် သူ၏ကိုယ်ပွားများကိုပါ ဖန်တီးထားခဲ့သည်။ သို့သော်လည်း သူ၏အသံမှာ စစ်မြေပြင်သို့ မရောက်ရှိနိုင်သေးပါ။

ထို့အပြင် သူ၏နတ်ပယ်မှာ အလွန်အားနည်းလွန်းနေပြီး အောက်ရှိစစ်မြေပြင်မှ နယ်ပယ်များက အားဖြည့်ထားသကဲ့သို့ ဖြစ်နေသည့်အပြင် တစ်ခုချင်းစီတွင် စိတ်ကူးမယဉ်နိုင်လောက်သော ကောင်းကင်ဘုံအာဏာများပင် ရှိနေကြ၏။

ကောင်းကင်ဘုံအာဏာများသည် ပါရမီရှင်များ၏ အမှတ်အသား ဖြစ်သည်။ ဥပမာအားဖြင့် မိစ္ဆာနတ်ဘုရားတစ်သောင်းနီးပါးထဲတွင် ဒါဇင်အနည်းငယ်ကသာ ကောင်းကင်ဘုံအာဏာရှိကြသည်။

သို့သော် ကျိယွမ်၏ဘက်တွင်မူ... လူသားများကိုအသာထား ခွေးနက်ကြီးကပင် ကောင်းကင်ဘုံအာဏာရှိလေသည်။လူသားများဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့ပါ။

ဤသည်မှာ လုံးဝကို မယုံနိုင်စရာကြီးဖြစ်သည်။ မဟာအုပ်စိုးရှင်လီရှန်း၏ မျက်လုံးများက တီးမှုတ်နေရင်းမှ တစ်နေရာသို့ မကြာခဏဆိုသလို ရောက်နေတတ်သည်။

ဟိတ်ဟန်အပြည့်ထုတ်နေသော အဘိုးကြီးရှန်းလဲ့၏ ကြောက်မက်ဖွယ်နတ်ဘုရားနယ်ပယ်ကြီးကို ကြည့်မိတိုင်း သူ့ကို မနာလိုဖြစ်စေသည်။ တလိမ့်လိမ့်တက်နေသော မိုးခြိမ်းသံများနှင့် အဆုံးမဲ့ လျှပ်စီးတန်းများက အလွန်ပင် ခန့်ညားလှသည်မဟုတ်ပါလား။

အကယ်၍ အမြန်တိုက်ခိုက်ရန် မလိုအပ်ပါက ရှန်းလဲ့တစ်ဦးတည်းနှင့်ပင် ယခုရန်သူအားလုံးကို သုတ်သင်နိုင်မည်ဟု မဟာအုပ်စိုးရှင်လီရှန်းက တွေးမိ၏။

ဒါကြီးကတော့ လွန်တာပေါ့။

သူကအလွန်ပင်စိတ်လှုပ်ရှားကာ သံစဥ်များပင် ကမောက်ကမဖြစ်ကုန်တော့သည်။

ထိုအရာကို သတိထားမိသည်နှင့်ကျိယွမ်မှာ လီရှန်းအား ကမန်းကတန်းသတိပေးလိုက်ရ၏။

"ခင်ဗျားလိုချင်ရင် လက်ရှိခင်ဗျားရဲ့နတ်ဘုရားနယ်ပယ်ကို ဖျက်ဆီးပြီး ပိုကောင်းတဲ့တစ်ခု ကျုပ်ပေးမယ်။ အခုတော့ သေချာလေး မှုတ်ပါဦး၊ အဲဒီအချိန်ကျရင် အသံလည်းပိုကျယ်ပြီပေါ့ "

မဟာအုပ်စိုးရှင်လီရှန်းမှာ အံ့အားသင့်သွားပြီး လျင်မြန်စွာ ပြန်ပြောသည်။

"အရှင်၊ ဒီအဖိုးကြီးက တစ်သက်လုံး နှဲမှုတ်ပြီး နေချင်တာ မဟုတ်ပါဘူး။ ငါကိုယ်တိုင် ဒီမိစ္ဆာတွေကို သွားခုတ်ချင်တာပါ။"

ထိုသို့ပြောနေစဥ်မှာပင် သူ၏မျက်လုံးများတွင် နက်ရှိုင်းသောအာဃာတများ တောက်လောင်လာ၏။ သူ၏ မိဘနှင့် ဆွေမျိုးများအားလုံးကို မိစ္ဆာနတ်ဘုရားများက သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

သူ၏လက်နှင့်မသတ်ရမချင်း ကျေနပ်မည်မဟုတ်ပါ။

"အခွင့်အရေးတွေ ရှိလာမှာပါ"

ကျိယွမ်က အလိုက်သင့်ပြန်ပြောရင်း ရှန်လဲ့၏မိုးကြိုးအကျဥ်းထောင်ကို ကြည့်လိုက်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ထိုက်ကျုန်းမှာ အသတ်ခံလိုက်ရပြီဖြစ်ပြီး ဗိုလ်ချုပ်ကြီး လီယန် တစ်ဦးတည်းသာခုခံရန် ရုန်းကန်နေရသည်။

ကောင်းကင်တွင် ဗိုလ်ချုပ်ကြီးလီယန်၏ ကြယ်စင်မှာ အဆုံးမဲ့ မိုးကြိုးပင်လယ်ကြီး၏ ဝါးမြိုခြင်းကို ခံနေရသကဲ့သို့ တဖြည်းဖြည်း မှေးမှိန်လာနေသည်။

မိစ္ဆာနတ်ဘုရားစခန်းမှာတော့ ကျိယွမ်၏နောက်လိုက်များသည် ကောင်းကင်စစ်သည်တော်များကဲ့သို့ဝံ့ကြွားကာ ရန်သူတပ်သားများကို အလွယ်တကူ လိုက်ဖမ်းကာခုတ်ထစ်နေကြသည်။ ခဏအတွင်းမှာပင် မိစ္ဆာနတ်ဘုရား သုံးပုံနှစ်ပုံခန့် ကျဆုံးသွားခဲ့သည်။

ထိုအချိန်တွင် ကျိယွမ်၏ မျက်လုံးများက ရုတ်တရက်မှေးစင်းသွားသည်။

"ရောက်လာပြီဆိုမှတော့ ဒီမှာပဲ နေခဲ့လိုက်တော့။"

စကားသံနှင့်အတူ သွေးနီရောင်ဓားတစ်လက်သည် မိုင်တစ်ထောင်ခန့်ဝေးကွာသော တောင်တန်းတစ်ခုဆီသို့ ရိပ်ကနဲပျံသန်းသွားခဲ့သည်။

ယခုအချိန်တွင် ကျိယွမ်၏ အတွေ့အကြုံဘားတန်းမှာ အရှိန်အဟုန်ဖြင့် တက်နေပြီး သူသည်လည်း ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဤဂိမ်းထဲတွင် သူသည် ခရမ်းရောင်နန်းတော်အဆင့်မှ စစ်မှန်နတ်ဘုရားအဆင့်သို့ ရောက်ရန် အချိန်အတော်ကြာခဲ့သော်လည်း ပထမအဆင့်မှ ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိရန်မှာမူ အလွန်လျင်မြန်လှသည်။

မိုင်တစ်ထောင်အကွာရှိ တောင်ပေါ်တွင်ပုန်းနေသော မိစ္ဆာနတ်ဘုရားဗိုလိချုပ်ကြီးနှစ်ဦးအလွန်ထိတ်လန့်သွားကြသည်။

"ဒဏ္ဍာရီလာအဆင့်"

ကျိယွမ်၏ ဓားချက်ကိုမြင်လိုက်သည်နှင့် သူတို့နှစ်ဦးမှာ တွန့်ဆုတ်မနေဘဲ ချက်ချင်းလှည့်၍ ထွက်ပြေးကြသည်။ သူတို့ သိသည်မှာ ထိုဓားချက်သည် ကောင်းကင်တွင်ရှိနေသော အဆုံးမဲ့ မိုးကြိုးပင်လယ်ကြီးထက်ပင် အဆများစွာ ပြင်းထန်နေခြင်းပင်။

"ငါ့ဓားကို တံဆိပ်ခတ်ဓားလို့ ခေါ်တယ်။ ဘယ်သူမှ ဒီဓားရဲ့တံဆိပ်ခတ်မှုကို မငြင်းဆန်နိုင်ဘူး။ မင်းတို့ကိုသေမင်းနတ်ဘုရားအဖြစ် တံဆိပ်ခတ်ပေးမယ်၊ ဒါပေမဲ့... အရှင်တော့မဟုတ်ဘူး ၊ သေနေတဲ့ နတ်ဘုရားတွေပေါ့။"

ဓားပေါ်ရှိ နတ်စွမ်းအားများက ပို၍ပြင်းထန်စွာမြင့်တက်လာပြီးထူးခြားသောနတ်ဘုရားနယ်ပယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ မိစ္ဆာနတ်ဘုရား ဗိုလ်ချုပ်ကြီးနှစ်ဦးသည် ထိုနတ်ဘုရားနယ်ပယ်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

"ဒါက ဘာကြီးလဲ"

"ဒါက ဘယ်လိုမျိုး နတ်ဘုရားနယ်ပယ်လဲ"

ဗိုလ်ချုပ်ကြီးနှစ်ပါးမှာ အလွန်ကြောက်လန့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနတ်ဘုရားနယ်ပယ်မှာ သူတို့ မြင်ဖူးသမျှနှင့်မတူဘဲ အမှိုက်ပုံကြီးတစ်ခုကဲ့သို့ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

နတ်ဘုရားနယ်ပယ်အတွင်း၌ အရာရာတိုင်းမှာ မျက်စိနောက်လောက်အောင်ရှုပ်ထွေးပွေလီစွာ ရောနှောနေ၏။ ကြယ်များသည် ကွင်းပြင်ထဲမှ ဘောလုံးများကဲ့သို့ လိမ့်နေကြပြီး၊ ကြီးမားသော လျှပ်စီးတန်းများကလည်း သွေးရောင်ပင်လယ်ကြီးထဲသို့ တဂျိမ်းဂျိမ်းပစ်ချနေ၏။

ရေပိုက်ကြီးများထဲမှ ချော်ရည်ပူများကလည်း ဆက်တိုက်စီးထွက်နေပြီး၊ ဒယ်အိုးတစ်လုံး၏ အတွင်းပိုင်းတွင်လည်း တွင်းနက်ကြီးတစ်ခုက တဟူးဟူးမှုတ်နေသည်။

နယ်ဘုရားနယ်ပယ်ထဲတွင်ရှိနေသော အရာအားလုံးကလည်း ဇောက်ထိုးမိုးမျှော်ကမောက်ကမများချည်း ဖြစ်နေကြသည်။

"မိုးကြိုး၊ ရေ၊ သစ်သား၊ ကြီးထွားခြင်း၊ သေခြင်းတွေကလည်း... အကုန်လုံး ရောနေတာပဲ။ ဒါက ဘာကြီးလဲ။"

မိစ္ဆာကြီးနှစ်ဦးမှာ ကြည့်ရင်းကြည့်ရင်းမှ ရူးသွပ်မတတ် ထိတ်လန့်တုန်လှုပ်လာ၏။

ဤမျှ ရှုပ်ထွေးနေသော နတ်ဘုရားနယ်ပယ်မျိုးကို သူတို့တစ်သက်တွင်ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ များသောအားဖြင့် နတ်ဘုရားနယ်ပယ်များသည် စွမ်းအားအပြည့် ထွက်ပေါ်ရန်အတွက် စင်ကြယ်သောတစ်ခုတည်းကိုသာ အာရုံစိုက်ထားလေ့ရှိသည်။ အခြားဂုဏ်သတ္တိများ ရှိလျှင်ပင် ၎င်းတို့မှာ အနည်းငယ်မျှသာ ဖြစ်နေတတ်သည်။

သို့သော် ဤတစ်ခုမှာမူ မည်သည့်စွမ်အားကို ဗဟိုချက်ယူထားမှန်းမသိလောက်အောင် အကုန်လုံး ရောပြွမ်းနေသည်။

"မင်းတို့လို လူပိန်းတွေက ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီလာအဆင့်အထိ ကျင့်ကြံနိုင်တာလဲ။ မင်းတို့ သေတော့မယ်လို့ ငါ ပြောပြီးသားလေ။ အခြေအနေအရ ဒါဟာ မင်းတို့ရဲ့ သုသာန်ပဲဆိုတာ ရှင်းနေပြီ။ ကျောင်းမှာ စာဖတ်စွမ်းရည် မသင်ခဲ့ရဘူးလား။ ဒီလိုမေးခွန်းမျိုးကိုတောင် မဖြေနိုင်ဘဲနဲ့ ဘယ်လိုလုပ် ဒဏ္ဍာရီလာအဆင့်ကို ရောက်လာတာလဲ။ ကမ္ဘာကြီးက မတရားလွန်းတယ်။ ငါ ကျိယွမ်က မင်းတို့ကို သတ်ပြီး တရားမျှတမှုကို ပြန်လည်ထိန်းသိမ်းပေးခြင်းအားဖြင့် ကမ္ဘာကြီးကို ကူညီပေးရတော့မယ်။"

ကျိယွမ်၏အသံ ဟိန်းထွက်သွားပြီးနောက် ဓားကြီးသည် သွေးနီရောင် ကျည်ဆန်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားလေသည်။

"တရားနဲ့နားချလို့မရတဲ့ကောင်တွေ ကျည်ဆန်နဲ့မေတ္တာပို့ပေးလိုက်မယ် ၊ စက်သေနတ်ဘုရားလောင်းဆိုတာငါပဲကွ ... ဒတ်-ဒတ်-ဒတ်-ဒတ်-ဒတ်"

ကျည်ဆန်များသည် ကြောက်မက်ဖွယ် မြွေကြီးများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာနတ်ဘုရားဗိုလိချုပ်နှစ်ဦးကို ဝါးမြိုရန် ပါးစပ်ကြီးများ ဖြဲလိုက်ကြသည်။ မိစ္ဆာစစ်သူကြီး နှစ်ဦးမှာ အသည်းအသန် အော်ဟစ်နေကြပြီး နတ်ဘုရားနယ်ပယ်များထုတ်ကာ ခုခံသော်လည်း ကျိယွမ်၏ တိုက်ခိုက်မှုအောက်တွင် စက္ကူကဲ့သို့ ပြိုလဲပျက်စီးကုန်သည်။

သူတို့၏ စိတ်ဝိညာဥ်များမှာလည်း အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အက်ကွဲပျက်စီးလာကြ၏။

"ငါတို့ကို မသတ်ပါနဲ့... အား .."

"ဒီလောက် ရှုပ်ထွေးတဲ့ နတ်ဘုရားနယ်ပယ်နဲ့ မင်းလိုကောင် ဘယ်တော့မှ ယန်နတ်ဘုရားအဆင့်ကို မရောက်နိုင်ဘူး"

"ငါတို့ရဲ့ သခင်ကြီး ထွက်လာတဲ့အခါ မင်း သေရမှာ သေချာတယ်... ငါတို့ကို လွှတ်ပေးလိုက်"

မိစ္ဆာနတ်ဘုရားကြီးနှစ်ပါးမှာ အသက်ဘေးမှ လွတ်မြောက်ရန် အော်မိအော်ရာများ အော်ဟစ်နေကြသည်။ သူတို့သည် တစ်သက်လုံး ကြိုးကြိုးကြိုးစားစားကျင့်ကြံလာခဲ့ရပြီး ကောင်းကင်ယံကို လင်းထိန်စေမည့် အခွင့်အရေးကိုပင် ရရှိထားသဖြင့် ဤနေရာတွင် မသေချင်ကြပါ။

ထိုအချိန်တွင် ကျိယွမ်သည် ကြယ်ရောင်စုံသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ကြယ်နှစ်လုံးမှာ မှေးမှိန်နေပြီး သွေးရောင်ပုံရိပ်များက ထိုကြယ်များကို ဝါးမြိုနေကြသည်။

"မင်းတို့မှာ ဒီလောက်ကြီးတဲ့ ကြယ်တွေ၊ ဒီလောက်များတဲ့ မြေနေရာတွေ ရှိနေတာကို ဘယ်သူ့ကိုမှ နေခွင့်မပေးဘဲ အလကား ဖြုန်းတီးနေကြတယ်။ အိမ်ခြံမြေစျေးနှုန်းတွေ ဒီလောက်တက်နေတာ မင်းတို့ကြောင့်ပဲ"

"မင်း ဘာတွေပြောနေတာလဲ"

"ယန်နတ်ဘုရားတွေဆိုတာ အနိုင်မရနိုင်တဲ့ အရှင်မြတ်တွေပဲ ၊ မင်းတို့လူသားတွေ အကုန်သေကြ "

ကျိယွမ်က သူတို့၏ခြိမ်းခြောက်စကားများကို မဲ့လိုက်သည်။

"ငါပြောချင်တာ အဲ့ဒါ ၊ ဒီနေနတ်ဘုရားတွေက လောဘကြီးတဲ့ မြေပိုင်ရှင်တွေပဲ "

သွေးရောင်ဓားအလင်းက ရဲကနဲလက်သွားပြီး မိစ္ဆာနတ်ဘုရားဗိုလ်ချုပ်ကြီးနှစ်ဦး၏ နတ်ဘုရားနယ်ပယ်များမှာ လုံးဝပျက်စီးသွားသည်။ ကျိယွမ်၏ ရှုပ်ထွေးနေသော နတ်ဘုရားနယ်ပယ်ထဲမှာတော့ ဖုန်မှုန့်ငယ်နှစ်စက် ထပ်မံတိုးလာခဲ့၏။

မိစ္ဆာနတ်ဘုရားစွမ်းအားများက ဒလမန်းကြမ်းစီးဝင်လာပြီး ကျိယွမ်၏ အတွေ့အကြုံဘားတန်းမှာလည်း လီဗာဆောင့်နင်းလိုက်သလို အရှိန်အဟုန်ဖြင့် တက်သွားခဲ့သည်။

"ဒဏ္ဍာရီလာအဆင့်တွေက... ဒီလောက်တောင်အားနည်းတာလား။ ဒါမှမဟုတ်... ငါကပဲ အားကောင်းလွန်းနေတာလား။"

ယခုအချိန်မှာတော့ ချင်းဟန်တိုက်ကြီးရှိ မိစ္ဆာနတ်ဘုရားစခန်းကြီးမှတိုက်ပွဲမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။ ဗိုလ်ချုပ်ကြီး လီယန်ကို အဘိုးကြီးရှန်လဲ့က တစ်ဖတ်သတ် သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။

သို့သော် သူ၏ မျက်လုံးများတွင် ခရမ်းရောင်လျှပ်စီးများ ဝင်းဝင်းလက်နေဆဲဖြစ်ပြီး တိုက်ပွဲကို အားမရသေးသည်မှာ ထင်ရှားလှ၏။ သူသည် စစ်မြေပြင်ထဲသို့ ဝရုန်းသုန်းကားခုန်ဆင်းသွားပြီး ကျန်နေသော မိစ္ဆာနတ်ဘုရားပေါက်စများကို ဘယ်ပြန်ညာပြန် သတ်ဖြတ်ပြန်၏။

ရွာသားများ၏ ပေါက်ပန်းစျေးကြုံးဝါးသံများ ၊ ရှေးဟောင်းနတ်ဘုရားများ၏ ရက်စက်သောသတ်ဖြတ်သံများကိုမှ ရှန်လဲ့၏မိုးခြိမ်းသံများကပါ ထပ်ပေါင်းသွားသောအခါ မဟာအုပ်စိုးရှင်လီရှန်း၏ ဆိုနာသံက လုံးဝကို အဓိပ္ပါယ်မဲ့သွားတော့သည်။

ငါသေအောင်မှုတ်နေလည်း အလကားပဲ ၊ အောက်မှာက ကမ္ဘာပျက်မတတ် ဆူနေပြီ။

ဤသို့ဖြင့် အချိန်ခဏကြာပြီးနောက် သွေးစွန်းနေသော ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်၏အောက်တွင်ပြန်လည် ရပ်တန့်နေကြပြီး သူတို့၏မျက်လုံးများကတော့ ပြင်းပြသော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေလေသည်။

မိစ္ဆာနတ်ဘုရားစခန်းရှိ မိစ္ဆာများအားလုံးကတော့ အကြွင်းအကျန်မရှိ သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။

အဘိုးကြီးရှန်းလဲ့သည် ကျိယွမ်၏ ဘေးတွင် ရပ်နေ၏။ သူ၏အကြည့်မှာ ထက်မြက်လှသော်လည်း ကျိယွမ်ကို ကြည့်သည့်အခါတွင်မူ ယခင်လိုမဟုတ်တော့ဘဲ လေးစားမှုများ ပြည့်နှက်နေသည်။

ကျိယွမ်က စတင်၍စကားပြောလိုက်သည်။

"မင်းတို့တစ်မျိုးတော့မထင်နဲ့ ငါပြောပြမလို့ ၊ .. ငါက တကယ်ကိုသန်မာတယ်ဆိုတာ ခုနကမှ ရုတ်တရက် သတိထားမိလိုက်တယ်။ ငါ ခုနကတင် ဒဏ္ဍာရီလာအဆင့် နှစ်ပါးကို အသာလေး သတ်လိုက်တာ။"

ထိုစကားကိုကြားသော်လည်း ရှေးဟောင်းနတ်ဘုရားများမှာ အံ့အားသင့်ခြင်းမရှိဘဲ ယခင်အတိုင်းတည်ငြိမ်နေကြ၏။

သူတို့အတွက်မှာမူ မူလနတ်ဘုရားက ဒဏ္ဍာရီလာအဆင့်များကို သတ်ဖြတ်ခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သည်ဟု ယူဆထားကြသောကြောင့် ထူးခြားသည်ဟု မခံစားရတော့ပါ။

သူ၏လူများက မတုန်မလှုပ်ရှိနေသောအခါ ကျိယွမ်က ပြုံး၏။

"ငါတို့က ဒီလောက်သန်မာနေမှတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကျန်တဲ့ မိစ္ဆာနတ်ဘုရားစခန်းတွေကိုပါ အကုန်သုတ်သင်ပစ်ရင် မကောင်းဘူးလား"

သူက ထိုဆုံးဖြတ်ချက်ကို သေသေချာချာ စဥ်းစားပြီးမှ အကြံပြုလိုက်ခြင်းဖြစ်သည်။

"ကောင်းတယ်"

အဘိုးကြီးရှန်းလဲ့က ချက်ချင်း သဘောတူလိုက်သည်။ သူသည် နောက်ထပ် တိုက်ပွဲများကို ဆင်နွှဲပြီး ဒဏ္ဍာရီလာအဆင့်များကို ထပ်မံသတ်ဖြတ်ရန် စိတ်အားထက်သန်နေ၏။

"သတ်မယ်.. ဆက်ပြီး သတ်ချင်သေးတယ်"

မီးကြာပန်းအရှင်မသည်လည်း ယခင်ကကဲ့သို့ မိန်းကလေးဆန်ခြင်း မရှိတော့ဘဲ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူမက မိစ္ဆာနတ်ဘုရားများကို မရပ်မနားကို သတ်ဖြတ်ပစ်ချင်နေမိသည်။

ငါတို့ခေါင်းငုံ့ခံလာရတာ နှစ်ပေါင်းထောင်ချီနေပြီ ။

အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း သူတို့၏ စိတ်အားထက်သန်မှုများကို ဖော်ပြကာ ပြတ်သားစွာခေါင်းညိတ်ပြကြသည်။

"သတ်ကြစို့"

"မြောက်ပိုင်းဒေသကို ဆေးကြောပြီး ငါတို့ရဲ့ ဇာတိမြေကို ပြန်လည်သိမ်းပိုက်ကြရအောင်"

"ငါကျူးကြီးကလည်း မိစ္ဆာတွေကို ဘိုးဘွားပိုင်မြေပေါ်က နှင်ထုတ်ပေးမယ် "

သူတို့အားလုံးမှာ စိတ်ဓာတ်များ တက်ကြွနေကြသည်။

"အဲဒီလိုဆိုရင်..."

ကျိယွမ်သည် တိုက်ပွဲအစီအစဥ်အသစ်ကို ကြေညာတော့မည့်အချိန်တွင် သူ၏မျက်လုံးများမှာ ရုတ်တရက် မှေးစင်းသွားသည်။

"မကောင်းတော့ဘူး ၊ သူတို့ ထွက်ပြေးကုန်ပြီ"

"ဘာ.."

ရှေးဟောင်းနတ်ဘုရားများ အားလုံးက ကောင်းကင်သို့ ကမန်းကတန်းမော့ကြည့်လိုက်ကြရာ မြောက်ဘက်ကောင်းကင်တွင် မရေမတွက်နိုင်သော အလင်းတန်းများ ပေါ်ထွက်လာပြီး ကောင်းကင်သို့ သွားရာလမ်းကြောင်းများ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သောင်းနှင့်ချီသော မိစ္ဆာနတ်ဘုရားများသည် ထိုလမ်းကြောင်းများထဲသို့ ပိုးဖလံများလို့ ပြည့်သိပ်ကာပျံသန်းနေပြီး ဖန်ထုန်နယ်မြေမှ ထွက်ပြေးနေကြကုန်၏။

"သူတို့ ထွက်ပြေးနေကြတာလား"

"သူတို့ တကယ်ကြီး ပြေးနေကြတာပဲ"

"သူတို့ ဘယ်လိုလုပ်ပြီး ပြေးနိုင်တာလဲ"

"ဟေ့ကောင်တွေ ...မပြေးနဲ့ .."

ရှေးဟောင်းနတ်ဘုရားများမှာ ထိုမြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြသည်။ ဖန်ထုန်လောကကို နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်လာခဲ့သည့် မိစ္ဆာနတ်ဘုရားများမှာ... ယခုအခါ လှည့်ပင်မကြည့်ရဲဘဲ အသည်းအသန် ထွက်ပြေးနေကြသည်။

"သူတို့က ပြေးနေကြပြီ... ဒါက သိပ်ပျင်းစရာကောင်းတာပဲ၊ ငါက ဆက်ပြီး သတ်ချင်သေးတာကို"

ကျိယွမ်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ထိုအချိန်တွင် အဘိုးကြီးရှန်းလဲ့က ဟိန်းဟောက်သံဖြင့် ပြောလိုက်သည်။

"ငါလည်း မင်းပေးတဲ့ စိတ်ကူးနဲ့ စီမံကိန်းတစ်ခု ရပြီ"

"ဘာစီမံကိန်းလဲ"

ကျိယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

" ရန်သူတွေ မရှိတော့လို့ မင်းစိတ်ပျက်နေတယ်ဆိုရင် ငါက အဆင့်နှစ်ဆင့်ပါတဲ့ စီမံကိန်းတစ်ခု အကြံပြုချင်တယ်။ ပထမအဆင့်က ငါတို့အခုချက်ချင်း 'ကောင်းကင်တိုင်လုံးကြီးကို တိုက်ခိုက်ပြီး ယန်နတ်ဘုရားကို ဖမ်းဆီးမယ်။ ဒုတိယအဆင့်ကတော့ အဲဒီယန်နတ်ဘုရားကို ဖမ်းပြီးတဲ့နောက် မိစ္ဆာနတ်ဘုရားတွေရဲ့ နယ်မြေတွေအားလုံးကို ပြန်လည်တိုက်စစ်ဆင်မယ်"

အဘိုးကြီးရှန်းလဲ့က စိတ်လှုပ်ရှားစွာ အကြံပြုသည်။

ကျိယွမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကို စေ့စေ့ကြည့်လိုက်သည်။

"ခင်ဗျား ရူးနေတာလား၊ ဒါမှမဟုတ် ကျုပ်ကို အယုံလွယ်တယ်လို့ ထင်နေတာလား။ ယန်နတ်ဘုရားကို အခုသွားတိုက်တာက... ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ"

ကျိယွမ်သည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော်လည်း အယုံလွန်ပြီးအသေခံမည့်အထိတော့ မမိုက်မဲပါ။

"ပြီးတော့ တစ်ခုရှိသေးတယ်... သူတစ်ပါးရဲ့ စီမံကိန်းကို ခိုးယူတာက ရှက်စရာကောင်းတယ်။ခင်ဗျားက ကျုပ်စီမံကိန်းကိုယူ၊ အပိုင်းခွဲပြီးတော့ ခင်ဗျားဟာလိုလို လုပ်နေတာ ရှက်ဖို့မကောင်းဘူးလား။ ကျုပ်ကဘယ်တော့မှ သူများစီမံကိန်းကို မခိုးဘူး၊ ကျုပ်နောက်လိုက်တွေ ခိုးတာကိုလည်း ခွင့်မပြုနိုင်ဘူး"

All Chapters