ကံကြမ္မာသားတော် လူငယ်ဧကရာဇ်
Vol. 20 Ch. 227
ကျိယွမ်၏စကားကြောင့် အဘိုးကြီးရှန်လဲ့သည် ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။
သူက ပြန်လည်ချေပလိုသော်လည်း စကားလုံး ရှာမတွေ့ခဲ့ပါ။ ထိုစီမံကိန်းမှာ မူလနတ်ဘုရား၏စီမံကိန်းထဲမှ ကူးချထားခဲ့ခြင်းမှာလည်း ငြင်းမရပေ။
"ခင်ဗျားရဲ့စီမံကိန်းက မပြည့်စုံဘူး ၊ ကျုပ်ရဲ့စီမံကိန်းအတိုင်းပဲ သွားကြတာပေါ့"
ကျိယွမ်က မြောက်ပိုင်းရှိ အဝေးတစ်နေရာသို့ မျက်မှောင်ကြုတ်ကာ ကြည့်နေရင်း ပြောလိုက်သည်။
ထိုနေရာ၌ ကောင်းကင်ယံသို့ အလင်းတန်းများစွာ ထိုးတက်နေပြီး ထိုအလင်းတန်းများထဲတွင် မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများက ပုရွတ်ဆိတ်များလို တိုးဝှေ့ကာ ဖန်ထုန်နယ်မြေမှ အလုအယက်ထွက်ပြေးနေကြ၏။
မဟာအုပ်စိုးရှင်လီရှန်းသည်လည်း ထိုမြင်ကွင်းကိုကြည့်ကာ မယုံနိုင်သလိုခံစားနေရသည်။ သူ၏ဘဝတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မည်သည့်အခါကမျှ တွေးခဲ့မိဖူးပါ။
ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းကလည်း ရှုပ်ထွေးသောအမူအရာဖြင့် ခေါင်းခါပြီး တီးတိုးရေရွတ်မိသည်။
"ငါတို့ ဒီလောက်အထိ အင်အားကြီးမားလာမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဖူးပါဘူး"
တိုက်ပွဲပင် မပြီးဆုံးသေးမီ ကျန်ရှိနေသော ရန်သူများမှာ ကြောက်လန့်တကြား ထွက်ပြေးနေကြရသည်အထိကို သူတို့က အင်အားကြီးမားနေခြင်း ဖြစ်သည်။
"ဒါက ငါတို့ သိပ်သန်မာနေလို့ မဟုတ်ဘူး၊ မူလနတ်ဘုရားအရှင်က သိပ်ကို ကြောက်စရာကောင်းလွန်းနေလို့ပါ"
ဝမ်စုန်းက ကျိယွမ်ကို လေးစားစွာ ကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။
အဝေးသို့ငေးနေသော ရှေးဟောင်းနတ်ဘုရားများသည်လည်း ကျိယွမ်ထံသို့ အကြည့်များ ရောက်ရှိသွားကြပြီး လေးစားစွာခေါင်းညိတ်ကြသည်။ ဝမ်စုန်း ပြောသည်မှာ မငြင်းနိုင်သောအမှန်တရားဖြစ်၏။
မူလနတ်ဘုရားသာ မရှိပါက သူတို့သည် စမ်းတဝါးဝါးနှင့် ပုန်းအောင်းကာ လမ်းပျောက်နေမည်ဖြစ်ပြီး ဖန်ထုန်နယ်မြေ၏ ကံကြမ္မာအတွက် အဆုံးမရှိ စိုးရိမ်ပူပန်နေကြရဦးမည်သာ ။
သူတို့အနေဖြင့် မိစ္ဆာနတ်ဘုရားများကို ခြောက်လှန့်မောင်းထုတ်နိုင်ဖို့ မဆိုထားနှင့်၊ ပြန်လည်တိုက်စစ်ဆင်ရန်ပင် တတ်နိုင်မည် မဟုတ်ပေ။မိမိတို့အသက်မသေရန်ပင် အနိုင်နိုင်ကြိုးစားနေကြပေလိမ့်မည်။
ဤကမ္ဘာလောကသို့ ကျိယွမ် ယူဆောင်လာပေးခဲ့သည့် အပြောင်းအလဲများမှာ အလွန်ပင် ကြီးမားလှသည်။
"တော်ကြပါတော့ ၊ ငါက အမြုတေအဆင့် ပဲရှိသေးတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်သေးတာ။ ငါ့ကို ဒီလောက်အထိ မချီးမွမ်းကြပါနဲ့၊ ရှက်ဖို့ကောင်းလွန်းလို့ပါ"
ကျိယွမ်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြောလိုက်သည်။ သူသည် မိမိကိုယ်ကိုယ် ဂိမ်းတစ်ခုထဲမှ သာမန်ကစားသမားတစ်ဦးအဖြစ်သာ ယုံကြည်ထားပြီး စွမ်းအားကြီး နတ်ဘုရားတစ်ပါးအဖြစ် မသတ်မှတ်ထားပါ။
အမှန်တကယ် စွမ်းအားကြီးသူများမှာ သန့်စင်မြင့်မြတ်သော သုံးပါးတစ်ဆူသာ ဖြစ်သည်ဟု သူကယူဆထားသည်။
ရှေးဟောင်းနတ်ဘုရားများမှာ ထိုစကားကြောင့် ဆွံ့အသွားကြသည်။ အဘိုးကြီးရှန်လဲ့က ကျိယွမ်အား ယခင်လ်ုပြန်ကြည့်လိုက်၏။
သူက "အလွန်အကျွံတွေ မနှိမ့်ချပြနေနဲ့၊ မင်းရဲ့ ကြယ်အမြုတေအကြောင်း ကြွားတုန်းက ဂုဏ်ယူဝင့်ကြွားမှုမျိုး ပြပါဦး" ဟု ပြောလိုက်ချင်၍ ပါးစပ်တပြင်ပြင်ဖြစ်နေသည်။
ထိုအချိန်ကဆိုလျှင် ရှန်လဲ့မှာ ဘာမှမထူးခြားသလိုတည်ငြိမ်ပြနေခဲ့သော်လည်း တကယ်တမ်း စိတ်ထဲမှာတော့ အလွန်တရာမှ အံ့အားသင့်ခဲ့ရသည်မဟုတ်ပါလား။
ကျိယွမ်ကတော့ သူ့အားအရေးမစိုက်ပါ ။ သူသည် ကောင်းကင်သို့ပျံတက်သွားသော အလင်းတန်းများကို ကြည့်ရင်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေ၏။
"ဒီထွက်ပြေးနေတဲ့ မိစ္ဆာစုတ်တွေကြောင့် ငါ့စီမံကိန်း ပျက်စီးကုန်ပြီ"
သူက အလွန်ကိုစိတ်ပျက်နေပုံရလေသည်။
သူ၏စီမံကိန်းတွင် ထိုမိစ္ဆာနတ်ဘုရားများကို အထူးပစ်မှတ်ထားသည့် အစီအစဥ်များ ပါဝင်နေပြီး ယခုအချိန်တွင် သူတို့က အကြောက်လွန်ကာ ထွက်ပြေးကုန်ကြသောကြောင့် သူ၏စီမံကိန်းမှာ မပြည့်စုံနိုင်တော့ပါ။
"ဒါပေမဲ့ ကံကောင်းတာက ထွက်ပြေးသွားတဲ့သူ အများစုဟာ မိစ္ဆာနတ်ဘုရားတပ်စခန်းတွေနဲ့ တပ်ဖွဲ့ထဲကသူတွေပဲ ရှိသေးတယ်။ မြို့တွေထဲမှာ တပ်စွဲထားတဲ့ မိစ္ဆာနတ်ဘုရားတွေကတော့ ထွက်ပြေးဖို့ အလှည့်မရသေးဘူး"
ထိုသို့ပြောရင်းမှ ကျိယွမ်၏မျက်လုံးများထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါးများ လက်ခနဲ ဖြစ်သွားသည်။
"ကျွန်တော်တို့ ချက်ချင်း အရေးယူဆောင်ရွက်ပြီး မြောက်ဘက်တစ်ခွင်လုံးမှာ ကျန်နေသေးတဲ့မိစ္ဆာနတ်ဘုရားတွေကို အမြစ်ပြတ် သုတ်သင်သင့်ပါတယ်"
ဝမ်စုန်းက အလိုက်တသိ အကြံပြုလိုက်၏။
ကျိယွမ်က ခေါင်းညိတ်ပြီး အားလုံးကိုဝေ့ကြည့်ကာ
"မင်းတို့အားလုံး ပင်ပန်းကြဦးမယ်။ စားပွဲသောက်ပွဲ လုပ်နေဖို့ အချိန်မရှိသေးဘူး ၊ အလုပ်ကိုပဲ ဆက်လုပ်ကြပါ။အင်း... ငါလည်း အရင်းရှင်တစ်ယောက်လို ဖြစ်နေပြီ"
"အမိန့်အတိုင်းပါ အရှင်မြတ်"
ရှေးဟောင်းနတ်ဘုရားများသည် တိုက်ခိုက်လိုစိတ်များအလွန်တက်ကြွလျှက် ဖန်ထုန်နယ်မြေအနှံ့တွင် ခိုအောင်းနေဆဲဖြစ်သော မိစ္ဆာနတ်ဘုရားများကို လိုက်လံသုတ်သင်ရန် ချက်ချင်း ထွက်ခွာသွားကြသည်။
...............
ဟွာယဲ့မြို့ တွင်ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မိစ္ဆာနတ်ဘုရားတပ်စခန်းကြီး မိုးကြိုးဗုံးကြဲခံရပြီးကတည်းက အခြေအနေများမှာ တင်းမာနေခဲ့သည်။ မိစ္ဆာနတ်ဘုရားများစွာကလည်း အမြို့သို့ လာရောက်စုံစမ်းစစ်ဆေးနေကြ၏။
ယခင်ကပင် ရှုပ်ထွေးနေသော ဟွာယဲ့မြို့မှာ ယခုအခါ ပိုမိုတင်းမာချောက်ချားဖွယ် ကောင်းလာခဲ့သည်။
ရွက်နီစံအိမ်အတွင်း၌ အဝါနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှောင်ရှင်းသည် ကောင်းကင်ယံကို ငေးကြည့်နေ၏။
သူမက ပြာလဲ့လဲ့နှင့် အနီရောင်ဖျော့ဖျော့ ရောယှက်နေသော ကောင်းကင်ယံကို ငေးကြည့်ကာ အတွေးနက်နေပုံရသည်။
အနီးနားတွင် ရပ်နေသော လျှိုသခင်မက သူမ၏ပုခုံးကို ပုတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ခုနက ငါတို့မြင်လိုက်ရတာတွေကရော တကယ်ပဲလား"
သူမက ရှောင်ရှင်းအား အတည်ပြုသလိုမေး၏။
ရှောင်ရှင်းမှာ ဆက်ကနဲဖြစ်သွားပြီး ငေးမောနေရာမှ သတိဝင်လာသည် ။
"တကယ်ပါသခင်မ"
သူမက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကိုပါညိတ်ပြလေသည်။
ရက်အနည်းငယ်အတွင်း၌ ကြီးမားသောအဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။
ပထမဦးစွာ နေမင်းကြီးကကောင်းကင်မှ ဖန်ထုန်နယ်မြေထဲသို့ ကျဆင်းလာခဲ့သည်ကို မြင်ခဲ့ရ၏။ ထိုကိစ္စကြီးဖြစ်ပွားပြီးမကြာသေးခင်မှာပင် ကောင်းကင်ကြီးတစ်ခုလုံးကို ဝါးမျိုနေသော လျှပ်စီးပင်လယ်ကြီးတစ်ခုဖြစ်ပေါ်လာပြန်သည်။ ထိတ်လန့်စရာကိစ္စများက ထိုမျှနှင့်မပြီးသေးပါ ။
ကောင်းကင်တွင် မီးပုံများထွန်းထားသလို အလွန်နီးကပ်စွာချိတ်ဆွဲထားသော ကြယ်ကြီးကိုးလုံးကလည်း တပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့ပြန်သည်။
ထိုအဖြစ်အပျက်များသည် ခရမ်းရောင်နန်းတော်အဆင့်သာရှိသေးသော သူတို့လိုကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် အဆများစွာ ကျော်လွန်နေ၏။
သူမတို့ အလွန်ထိတ်လန့်နေလို့မှ မပြီးသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများက နေရာအနှံ့မှနေ၍ ကောင်းကင်သို့ထိုးတက်သွားကြပြန်သည်။
သူတို့မှာ တစ်ခုမြင်တိုင်း တစ်ခါကြောက်နေရပြီး ၊ ယခုအချိန်မှာတော့ စိတ်နှင့်လူပင်မကပ်ချင်တော့ပါ ။
ယနေ့လောကကြီးက ဘာများဖြစ်နေလေသနည်း။
သို့သော် သူတို့ကနားမလည်သော်လည်း ဟွာယဲ့မြို့သို့ လာရောက်စုံစမ်းနေသော မိစ္ဆာနတ်ဘုရားများမှာ ထိုအလင်းတန်းများကို မြင်သောအခါ "ငါ့ကို စောင့်ဦး" ဟု အော်ဟစ်ကာ အလန့်တကြားထွက်ပြေးသွားကြသည်ကို ကြည့်ခြင်းအားဖြင့် တစ်ခုခု ထူးခြားနေသည်ကိုတော့ သူတို့ သိလိုက်ကြရသည်။
ရာစုနှစ်များစွာကတည်းက ရှေးဟောင်းနတ်ဘုရားများအတွက် သတင်းစုဆောင်းပေးနေသော ရွက်နီစံအိမ်မှလူများအနေဖြင့် ဤအခြင်းအရာမှာ ဘာကို ဆိုလိုသည်ကို မကြာမီ ရိပ်မိလာသည်။
ထိုစဉ် အခန်းအပြင်ဘက်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါအရေးတကြီး ထွက်သွားရလို့ လက်ဖက်ရည်ဖိုး မပေးခဲ့ရဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါ ငါ မင်းတို့ကို စားပွဲသောက်ပွဲတစ်ခုနဲ့ ဧည့်ခံပါရစေ"
အခန်းအပြင်ဘက်တွင် ကျိယွမ်က ပြုံးရွှင်စွာ ရပ်နေခဲ့သည်။
ပြီးခဲ့သောအကြိမ်က သူနှင့် ကျူးရှီကျုံးတို့ မိစ္ဆာနတ်ဘုရားစခန်းကို ဖောက်ခွဲရန်လာစဥ် ရွက်နီစံအိမ်တွင် အခမဲ့ စားသောက်ခဲ့မိခြင်းအတွက် ကျိယွမ်မှာ စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။ ထို့အပြင် ဟွာယဲ့မြို့သားများကို ကျွေးမွေးမည်ဟု ပေးခဲ့သော ကတိကို လည်း သတိရသဖြင့် သူ ပြန်လာခဲ့ခြင်းဖြစ်၏။
ထို့အပြင် နောက်ထပ်ရည်ရွယ်တစ်ခုရှိပါသေးသည် ။ ရွက်နီစံအိမ်သည် ယခင်က အစားရှောင်မယ်တော်နေထိုင်ခဲ့သည့် နေရာဖြစ်သဖြင့် ထိုနေရာကို အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ပြောင်းလဲရန်လည်း သူက စိတ်ကူးထားသည်။
အခန်းထဲရှိ ရှောင်ရှင်းနှင့် သခင်မလျိုတို့မှာ ရင်းနှီးဖူးသော အသံကို ကြားလိုက်ရသဖြင့် အံ့အားသင့်ကာ မျက်လုံးများ ဝိုင်းသွားကြသည်။
"အရှင်မြတ်"
သူမတို့က တံခါးကို အလွန်လျင်မြန်စွာဖွင့်လိုက်ကြပြီး အခန်းရှေ့မှလူငယ်ကို ခံစားချက်မျိုးစုံဖြင့် ငေးမောကြည့်နေမိသည်။
"အရှင်က ဟွာယဲ့မြို့ကို မိစ္ဆာနတ်ဘုရားတွေလက်ကနေ ကယ်တင်ပေးခဲ့တာပါ။ ကျွန်မတို့က အရှင့်ဆီကနေ လက်ဖက်ရည်ဖိုး ဘယ်လိုလုပ် တောင်းရဲပါ့မလဲ"
လျိုသခင်မက တုန်ရီသောအသံဖြင့် ရိုသေစွာပြောလိုက်၏။
သူမအမူအယာက ကျိယွမ်ကို ကျေးဇူးတင်ခြင်းအပြင် ကြောက်ရွံ့ရိုသေခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ သူမ၏ အထင်အရ ကျိယွမ်သည် အနည်းဆုံး အုပ်စိုးရှင်သို့မဟုတ် ထို့ထက် မြင့်မားသူပင် ဖြစ်နိုင်၏။
"ငါ ဒီကိုလာရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခု ရှိသေးတယ်။ရွက်နီစံအိမ်ကို ငါ့အတွက်ရောင်းဖို့ စဉ်းစားပေးနိုင်မလား"
ကျိယွမ်က ချိုသာစွာပြုံးပြရင်းမှ ညင်သာစွာ မေးလိုက်သည်။
သူသည် ဤနေရာကို တစ်ချိန်က ဖန်ထုန်နယ်မြေ၏ အထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သော အစားရှောင်မယ်တော်အတွက် အထိမ်းအမှတ်နေရာအဖြစ် ပြောင်းလဲပေးချင်သည်။
လျိုသခင်က ထင်မှတ်မထားသောတောင်းဆိုမှုကြောင့် အံ့အားသင့်သွားပြီး ကျိယွမ်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။
"ကျွန်မတို့က အစားရှောင်မယ်တော်ရဲ့ နောက်လိုက်တွေပါ။ ရှေးဟောင်းနတ်ဘုရားတွေအတွက် မကောင်းဆိုးဝါးတွေရဲ့ သတင်းကို စုဆောင်းပေးနေသူတွေလည်းဖြစ်ပါတယ်၊၊တကယ်လို့ ရွက်နီစံအိမ်ကို
ရောင်းလိုက်ရင် ကျွန်မတို့ရဲ့ အလုပ်တွေကို ဆက်လုပ်လို့ မရတော့ပါဘူး"
"မင်းတို့ အဲ့ဒါအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။ အခုဆိုရင် မင်းတို့ လိုချင်တဲ့ ဘဝအတိုင်း လွတ်လွတ်လပ်လပ်နေထိုင်လို့ ရပါပြီ"
ကျိယွမ်က ပေါ့ပေါ့ပါးပါးပြောလိုက်ရင်းမှ အပြင်ဘက်သို့ ညွှန်ပြ၏။
"ခုနက အလင်းတန်းတွေကို မြင်လိုက်တယ် မဟုတ်လား။ အဲ့ဒါ မိစ္ဆာနတ်ဘုရားတွေ ဖန်ထုန်နယ်မြေကနေ အလုအယက် ထွက်ပြေးနေကြတာလေ ၊ သူတို့မရှိမှတော့ သတင်းယူစရာမှ မလိုတော့တာ "
ရှောင်ရှင်းနှင့်လျှိုသခင်မတို့မှာ ထိုစကားကြောင့် အလွန်ထိတ်လန့်သွားကြသည်။
"ဒါ... ဒါ တကယ်ပဲလား"
ရှောင်ရှင်းက မျက်ရည်များဝဲလာပြီး မယုံနိုင်စွာမေးလိုက်သည်။
"တကယ်ပေါ့"
ကျိယွမ်က သူမအားနှစ်သိပ်သလိုပြုံးပြ၏။
ထို့နောက် သူကစံအိမ်ထဲမှ ထွက်ခွာပြီး ကောင်းကင်သို့ ပျံတက်သွားလေသည်။
"မူလနတ်ဘုရား ပြန်ရောက်လာပြီ ၊ ဟွာယဲ့မြို့သူ မြို့သားတို့... စားပွဲသောက်ပွဲ ဆင်နွှဲဖို့ အချိန်တန်ပြီ! ဒီည... ငါတို့ ပျော်ပျော်ပါးပါး စားသောက်ကြမယ်"
သူ၏ကြေညာသံက မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
........
တောင်ပိုင်း၌ ဖြစ်သည်။
ပုံရိပ်ဖော်နယ်ပယ်ထဲရှိ ပုံရိပ်ဖော်တောင်ကြီးရှေ့တွင် သုန်းကျန်းဟဲသည် တစ်ကမ္ဘာလုံးကိုအောင်နိုင်သောအမူအရာဖြင့် ရပ်နေ၏။
"သူတော်စင်အဆင့်နည်းစနစ်လား ၊ နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ"
"ဟားဟားဟား ဟားဟားဟား ၊ ငါ့ရဲ့ ကံကြမ္မာသားတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖုံးကွယ်ထားစရာ မလိုတော့ဘူးကွ"
"ငါ သုန်းကျန်းဟဲက ကောင်းကင်ဘုံလူငယ်ဧကရာဇ် မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ ငါ အခုပဲ သူတော်စင်အဆင့်နည်းစနစ်ကို ဖန်တီးနိုင်ခဲ့ပြီကွ"
"ငါက ကံကြမ္မာသားတော်တစ်ယောက်ဆိုတာ မင်းတို့မသိခဲ့ကြဘူးမှတ်လား ဟားဟားဟားဟား "
သုန်းကျန်းဟဲက အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည် ။ နောက်ဆုံးတော့ သူ့ကိုယ်သူ သက်သေပြနိုင်ပြီဟု သူ ခံစားနေရသည်။
မကြာသေးခင်အချိန်မှစ၍ မူလနတ်ဘုရားက သူ့အပေါ် လွှမ်းမိုးထားပြီး လူတိုင်းက ထိုသူကိုသာ ကောင်းကင်ဘုံလူငယ်ဧကရာဇ်အဖြစ် သတ်မှတ်နေကြသော်လည်း သုန်းကျန်းဟဲကတော့ မည်သည့်အခါကမျှ လက်မခံခဲ့ပါ။ ယခုအခါမှာတော့ သူသည် မူလနတ်ဘုရားထက် ပိုသာကြောင်း ပြသနိုင်ခဲ့ပြီဟု ယုံကြည်၏။
သုန်းကျန်းဟဲသည် တောင်ပေါ်မှ ဆင်းလာပြီး စကားပြောခန်းထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်လိုက်သည်။
"ဟင် ..လူတွေ ဘယ်ရောက်ကုန်ကြတာလဲ"
"ဟေး... အားလုံး ဘယ်သွားနေကြတာလဲ"
"မင်းတို့ရဲ့ လူငယ်ကောင်းကင်ဧကရာဇ်ကို ကြိုဆိုကြဦးလေ"
"ငါ အောင်မြင်သွားပြီဟေ့၊ သူတော်စင်အဆင့်နည်းစနစ်ကို ငါ ဖော်ထုတ်နိုင်ခဲ့ပြီကွ"
သူက စာများ ဆက်တိုက် ပို့လိုက်သော်လည်း မည်သူမျှ ပြန်မဖြေကြပါ။ အဖွဲ့ထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။
သုန်းကျန်းဟဲမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
ယခုအချိန်တွင် လူတိုင်းက သူ့ကို ချီးကျူးကြလိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့၏။ တစ်ချိန်က သူ့ကို အထင်သေးခဲ့သော ကြောင်နတ်ဘုရားရှန်းမြောင်နှင့် နဂါးနတ်ဘုရားတို့ပင် သူ့ကို အသိအမှတ်ပြုရတော့မည်ဟုတွေးကာ နှိပ်ကွပ်ရန်စကားလုံးများကိုပင် ကြိုတင်စဥ်းစားပြီးနေလေပြီ။
သို့သော် ယခုအခါ မည်သူမျှ မရှိသဖြင့် သူ၏ အောင်မြင်မှုမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေ၏။
"သူတို့ မရှိရင်လည်း နေပါစေ။ ငါ့ဆရာသာ ဒါကို သိရင် သူ ဝမ်းသာလွန်းလို့ ငိုပြီး ငါ့ခြေထောက်ကိုဖတ်ရင်း 'အဖေ' လို့တောင် ခေါ်လိမ့်မယ်" ဟု သူက တွေးလိုက်သည်။
သူ၏ဆရာမှာ သူတော်စင်စီမံကိန်းကို အစဉ်တစိုက် ထောက်ခံလာသူတစ်ဦးဖြစ်၏။ သုန်းကျန်းဟဲသည် သူ၏ဆရာ၏ မျက်လုံးများ ပြူးသွားစေရန် သူတော်စင်အဆင့်ကျင့်စဉ်ကို ပြသဖို့ ဆုံးဖြတ်လိုက်သည်။
သူ မထွက်ခွာမီ အဖွဲ့ထဲသို့ စာတစ်စောင် ထပ်ပို့လိုက်သေးသည်။
"ကောင်လေးတို့...သူတော်စင်အဆင့်ဆိုတာ တကယ်တော့ အရမ်းလွယ်ကူတယ်"
ထို့နောက် သူသည် သူ၏ဆရာသမားကို ချက်ချင်း လိုက်ရှာလေတော့သည်။
"ဆရာ"
ခန်းမဆောင်ထဲတွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော သုန်းကျန်းဟဲသည် ခန့်ညားစွာ ရပ်နေပြီး မျှော်လင့်နေသော်လည်း ဆရာဖြစ်သူထံမှ ထူးခြားသော တုံ့ပြန်မှု မရရှိခဲ့ပါ။
ဘာလဲဟ။
ပုံမှန်ဆိုလျှင် သူ နည်းစနစ်တစ်ခု ဖန်တီးပြီးတိုင်း ဆရာဖြစ်သူက မျှော်လင့်တကြီး စောင့်ကြိုနေတတ်သည်မဟုတ်ပါလား ။ယနေ့မှာတော့ ထူးခြားစွာဖြင့် သူ၏ဆရာက သူ့အားအရေးတယူမလုပ်သလိုပင်။
"ဆရာ"
သူသည် ခန်းမအပြင်ဘက်သို့ ထွက်လာသော်လည်းမတွေ့ရပေ ၊ ထို့ကြောင့်ဂူအပြင်အပြင်ဘက်ထိဆက်ထွက်လာ၏ ။သို့သော် အပြင်ဘက်တွင်လည်း ထူးဆန်းစွာ တိတ်ဆိတ်နေသည်။
"ငါ့ရဲ့ ဝှက်ဖဲကို သုံးရတော့မယ် ထင်တယ်"
သူသည် ကောင်းကင်သို့ မော့ကြည့်လိုကသည်။
"ဆရာ... အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်နေပြီ"
"အရမ်းအရေးကြီးတယ်"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုအခါမှသာ ကောင်းကင်ယံမှ စိုးရိမ်တကြီး အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ ကျန်းဟဲ"
ထိုအသံကို ကြားရသောအခါ သုန်းကျန်းဟဲ စိတ်လှုပ်ရှားစွာဖြင့် ဂုဏ်ယူစွာတည်ရှိလိုက်သည်။
"ဆရာ... သတင်းကောင်း ရှိတယ်"
"မြန်မြန်ပြော၊ ငါ အရေးကြီးကိစ္စ သွားစရာ ရှိတယ်"
ဆရာဖြစ်သူက ယခင်ကနှင့်မတူဘဲ စိတ်မရှည်သလို အလောတကြီး ပြောလိုက်သည်။
"ဒီနေ့ ပုံရိပ်ဖော်တောင်မှာ... ကျွန်တော် သူတော်စင်အဆင့် နည်းစနစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီဗျ"
သုန်းကျန်းဟဲက ဂုဏ်ယူစွာ ကြေညာလိုကက်တော့သည်။
"အော်... သူတော်စင်အဆင့် နည်းစနစ်လား၊ မဆိုးပါဘူး၊ တော်တယ်။ ငါ့ဂူထဲမှာ ဆေးလုံးတချို့ ရှိတယ်၊ အဲ့ဒါကို ဆုအဖြစ် ယူလိုက် ။ ငါ အခု အပြင်သွားရတော့မယ်၊ အရမ်းအရေးကြီး နေလို့"
ဆရာဖြစ်သူက အလွန်တည်ငြိမ်စွာ တုံ့ပြန်သောကြောင့် ဂုဏ်ယူရန်ပြင်ဆင်ထားသောသုန်းကျန်းဟဲမှာ ဆွံ့အသွားရသည်။ ဆရာဖြစ်သူ ဝမ်းသာလွန်းလို့ ငိုကြွေးလိမ့်မည်ဟု ပင် သူထင်ထားခဲ့သော်လည်း ယခုမူ သူ့ထက် အခြားကိစ္စတစ်ခုက ပို၍ အရေးကြီးနေသကဲ့သို့ ဖြစ်နေ၏။
"ဆရာ... ဘာတွေ အဲ့လောက်တောင် အရေးကြီးနေလို့လဲ"
သုန်းကျန်းဟဲက မကျေမနပ်မေးလိုက်သည်။
"ခုနက မြောက်ဘက်မှာ တိုက်ပွဲကြီး ဖြစ်သွားတယ် ၊ ဒဏ္ဍာရီလာအဆင့် မိစ္ဆာနတ်ဘုရား ဗိုလ်ချုပ်ကြီးသုံးပါးတောင် အသတ်ခံလိုက်ရတယ်။ မဟာအုပ်စိုးရှင်အဆင့်မိစ္ဆာနတ်ဘုရားတွေဆိုရင် သေကုန်တာမှ သောက်သောက်လဲ၊ စစ်မှန်နတ်ဘုရားတွေဆိုရင် ရေလို့တောင်မရဘူးတဲ့ ၊ အခု မိစ္ဆာနတ်ဘုရားစခန်းအကုန်လုံးက ဖန်ထုန်နယ်မြေကနေ ထွက်ပြေးကုန်ကြပြီ"
"အဲဒါ ငါ တခြား ရှေးဟောင်းနတ်ဘုရားတွေနဲ့ သွားတိုင်ပင်ရမယ်၊ နောက်မှ စကားပြောကြတာပေါ့"
စကားဆုံးသည်နှင့် ဆရာဖြစ်သူမှာ အလင်းတန်းတစ်ခုအဖြစ် ပျံသန်းထွက်ခွာသွားတော့သည်။
ဂူရှေ့တွင် သုန်းကျန်းဟဲတစ်ယောက်တည်း ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့လေ၏။
"ငါ ဂူထဲမှာကျင့်ကြံနေတုန်း... ကမ္ဘာကြီးက ဒီလောက်တောင် ပြောင်းလဲသွားတာလား"
သူက အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
အထူးသဖြင်း မိစ္ဆာနတ်ဘုရားစစ်စခန်းကြီးများ ထွက်ပြေးသွားကြသည်ဟူသော သတင်းမှာ သူ အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။
ဒီကိစ္စကို သေချာမေးရမယ်။
ခဏအကြာတွင် သူသည် စကားပြောခန်းထဲသို့ ပြန်ဝင်လိုက်သည်။ယခုတစ်ကြိမ်တွင်မူ အဖွဲ့ဝင်များစွာ ရှိနေကြ၏။
ပြိုင်ဘက်ကြီးမူလနတ်ဘုရား၏ စာကို သူ ချက်ချင်း မြင်လိုက်သည်။
"ကျန်းဟဲပြောတာ မှန်တယ်၊ သူတော်စင်အဆင့်နည်းစနစ်တွေကို ဖော်ထုတ်ရတာ တကယ်ပဲ လွယ်ကူပါတယ်"
ထိုစာကို ပို့ထားသူက မူလနတ်ဘုရား ကျိယွမ် ဖြစ်သည်။ ထိုစာ၏ အောက်တွင် အခြားသူများကလည်း စိတ်လှုပ်ရှားစွာ ပြန်လည် ဖြေကြားနေကြ၏။
"မူလနတ်ဘုရား... မြောက်ပိုင်းက မိစ္ဆာနတ်ဘုရားတွေ ထွက်ပြေးသွားတာ အရှင့်ကြောင့်လား"
"လျှပ်စီးပင်လယ်ကြီးနဲ့ ကြယ်ကြီးကိုးလုံးက သူတော်စင်အဆင့် နည်းစနစ်တွေရဲ့ အစွမ်းတွေလား"
"ကြောက်ဖို့အရမ်းကောင်းလွန်းတယ် ၊ အဝေးကြီးကနေတောင် အသက်မရှုနိုင်လောက်အောင်ပဲ"
အဖွဲ့ထဲတွင် တစ်ယောက်တစ်ပေါက် ဆူညံပွက်လောရိုက်နေသဖြင့် သုန်းကျန်းဟဲ၏ စာများ ပျောက်ကွယ်သွားပြီး မည်သူကမှ ဂရုမစိုက်ကြတော့ပါ။
"တောက်...ဒီကောင်တွေ.."
သုန်းကျန်းဟဲမှာ သွေးအန်မတတ် ခံစားလိုက်ရသော်လည်း သူကိုယ်တိုင်လည်း ဘာတွေဖြစ်နေခဲ့သည်ကို သိချင်စိတ် ပြင်းပြနေသည်။
ထိုအချိန်တွင် ကျိယွမ်က အဖွဲ့ထဲရှိ စာများကို ပြန်လည် ဖြေကြားလိုက်လေသည်။
"မိစ္ဆာနတ်ဘုရားတွေက တော်တော်သန်မာတယ်လို့ ငါ အမြဲထင်ခဲ့တာ၊ တကယ်တော့ သူတို့က သိပ်မခက်ခဲဘူး"
"လျှပ်စီးပင်လယ်ကို ဖန်တီးခဲ့တာက အဘိုးကြီးရှန်လဲ့ ပါ။ ငါ သူ့ကို နည်းနည်းအားကောင်းတဲ့နည်းစနစ်တစ်ခု ပေးလိုက်တာလေ၊ သူက အဆင့် ၄ ကနေ အဆင့် ၇ ကို ချက်ချင်းခုန်တက်သွားပြီး မိစ္ဆာဗိုလ်ချုပ်ကြီး နှစ်ယောက်ကို သူ့ဘာသာသူ သတ်ပစ်လိုက်တယ်"
"ကြယ်ကိုးလုံးကတော့ လူကိုးယောက်ကို သူတော်စင်အဆင့်နည်းစနစ်လေးကိုးခု ပေးလိုက်တာပါ။ ဒါပေမဲ့ သူတို့က အားနည်းသေးတော့ စွမ်းအားက သိပ်မကြီးလှပါဘူး"
ကျိယွမ်က ဆက်ပြီးရေးသားနေ၏။
"မိစ္ဆာနတ်ဘုရားဗိုလ်ချုပ်တွေဆိုလို့ လန့်မနေကြနဲ့ဦး ၊ ဘာမှကြောက်စရာ မကောင်းပါဘူး။ ငါ ဓားတစ်ချက်ခုတ်လိုက်တာ နှစ်ယောက်သေရော ။ ဒီကောင်တွေက ကျားတော့ကျားပဲ ၊ ဒါပေမဲ့ မိုးရွာလို့အရည်ပျော် အဖေခေါ်စရာမရှိတဲ့ကျား ... ရွံ့ကျားတွေဖြစ်နေတာ "
ကျိယွမ်၏ စကားများကဘာမှအရေးမပါသလို ပေါ့ပေါ့ပါးပါးရှိနေသော်လည်း စကားပြောခန်းထဲမှ ရှေးဟောင်းနတ်ဘုရားများမှာမူ အံ့သြရုံသာမက ကြောက်ပင်ကြောက်လာကြ၏။
သူတော်စင်အဆင့်နည်းစနစ်က ရှစ်ခုသာ ရှိရမည် မဟုတ်ပါလား။
ထို့အပြင် ထိုရှစ်ခုကို သာမန်လူများကိုသာ ပေးပစ်သည်ဟူလည်း ကြားထားသူများရှိ၏။
သို့သော် ယခုအခါ၌ မဟာအုပ်စိုးရှင်ရှန်လဲ့တွင်လည်း တစ်ခု ရှိနေ၏။ကြယ်ကိုးလုံးပိုင်ရှင်များကလည်း တစ်ယောက်တစ်ခုစီရထားသည်ဟု ဆိုပြန်သည်။
ထို့အပြင် မူလနတ်ဘုရားကိုယ်တိုင်ကလည်း ဓားတစ်ချက်တည်းဖြင့် ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို သတ်ခဲ့သောဟူပြန်သည်။
ဘာတွေလဲ ။
မိစ္ဆာနတ်ဘုရားဗိုလ်ချုပ်တွေအကုန်လုံးက ဒဏ္ဍာရီလာအဆင့်တွေလေ ၊ အနိမ့်ဆုံးက အဆင့် ၇ ပဲ။
ဒီကောင် အလွန်အကျွံတွေ လျောက်ပြောနေတာပဲ။
တုန်းကျန်းဟဲသည် ဤအမှန်တရားကို လက်မခံနိုင် ဖြစ်နေသည်။
"မူလနတ်ဘုရား... အရှင်က သူတော်စင်အဆင့်နည်းစနစ် ရှစ်ခုပဲ ဖော်ထုတ်ခဲ့တာ မဟုတ်ဘူးလား"
ကြောင်နတ်ဘုရား ရှန်မြောင်က တုန်ရီစွာ မေးလိုက်သည်။
"အဲ့ဒါတွေက... အရင်က ငါလက်တည့်စမ်းပြီး ဖော်ထုတ်ထားခဲ့တာတွေပါ ၊ သိပ်မကောင်းဘူး"
ကျိယွမ်၏ အဖြေကြောင့် သုန်းကျန်းဟဲမှာ လက်သီးများပင် ကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။
သူတော်စင်အဆင့်ရှစ်ခုကို လက်တည့်စမ်းပြီး ထုတ်ဖော်တယ်တဲ့လား။
ဒီကောင်ဘာလို့ လူစကားမပြောတတ်တာလဲ။