ကမ္ဘာဦးမျိုးစေ့လား
Vol. 20 Ch. 228
သုန်းကျန်းဟဲတစ်ယောက် ဒေါသထွက်ကာတခွီးခွီးဖြစ်နေချိန်တွင် အခြားသောရှေးဟောင်းနတ်ဘုရားများကတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြရ၏။
"မြောက်ပိုင်းတိုက်ပွဲက တကယ်ပဲ အရှင့်ရဲ့ လက်ချက်ပေါ့လေ၊ ဟုတ်လား မူလနတ်ဘုရား"
"ဒါဆို သတင်းတွေက အမှန်ပေါ့"
"စီနီယာထျန်းပေါင်တစ်ယောက် ဒီအခိုက်အတန့်ကို မမြင်လိုက်ရတာ တကယ်ကို နှမြောဖို့ ကောင်းတာပဲ။"
"မိစ္ဆာနတ်ဘုရားတွေရဲ့ အခြေစိုက်စခန်းတွေအကုန်လုံး ထွက်ပြေးသွားကြပြီလို့ ကြားတယ်၊ ဖန်ထုန်လောကသားတွေ တကယ်ကို စိတ်အေးသွားရပါပြီ။"
သို့သော် 'စိတ်အေးရရုံ' မျှဖြင့် မလုံလောက်သေးပေ။ ဖန်ထုန်လောကသည် မိစ္ဆာနတ်ဘုရားများ၏ ဖိနှိပ်မှုကို ကြာရှည်စွာ ခံစားခဲ့ရပြီး မည်သို့မျှ ပြန်မခုခံနိုင်ခဲ့ကြပါ။
ယခုမူ... မူလနတ်ဘုရားက သူတို့ကို ခုခံခြင်းပင်မဟုတ်ဘဲ မောင်းပါမောင်းထုတ်နိုင်ခဲ့လေပြီ။ အချိန်တိုအတွင်း မည်သည့်သတိပေးချက်မျှ မရှိဘဲ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
"မူလနတ်ဘုရားက တန်ခိုးကြီးမားလွန်းတယ်"
"မူလနတ်ဘုရား.. ထာဝရအဓွန့်ရှည်ပါစေ"
"မူလနတ်ဘုရားကသာ နတ်ဘုရားတို့ရဲ့ ထိပ်ခေါင် ဦးသျှောင်ဧကရာဇ်ပဲဟေ့ "
စကားပြောခန်းအတွင်း၌ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြသည်။
အားလုံးက ဝမ်းသာခြင်း ၊ အံ့သြခြင်း ၊ လေးစားခြင်းများဖြင့် ရင်ဖွင့်ကြ၏။
"ဟာ ..အဖွဲ့ထဲမှာ ဘာတွေဖြစ်နေတာလဲ။ မူလနတ်ဘုရားက နောက်ထပ် ဒဏ္ဍာရီဆန်တဲ့ စွမ်းဆောင်ချက်တစ်ခု ပြလိုက်ပြန်ပြီလား။"
လိုင်းပေါ်သို့ ယခုမှတက်လာသူများ၏မက်ဆေ့ချ်များမှာ ရေတံခွန်လို ဝင်လာကြ၏။
ထိုအချိန်တွင် ကျိယွမ်က အားလုံးကို မေးလိုက်သည်။
"ငါတို့ သိကျွမ်းခဲ့တာလည်း ကြာပြီဆိုတော့ မင်းတို့ကို အကျိုးခံစားခွင့်တချို့ ပေးချင်တယ်၊ စိတ်ဝင်စားကြလား။"
"ဘယ်လို အကျိုးခံစားခွင့်မျိုးလဲ အရှင်"
နဂါးနတ်ဘုရားက ချက်ချင်းပြန်မေး၏။
"မူလနတ်ဘုရားသာ ခိုင်းမယ်ဆိုရင် လူသူမနီးတဲ့ တောရိုင်းမြေကိုတောင် ကျွန်တော် ချက်ချင်းသွားပါ့မယ်"
ကြောင်နတ်ဘုရားကြီးကလည်း လေးနက်စွာ ဖြေသည်။
"ကျွန်တော်လည်း ထောက်ခံပါတယ်"
ပိုင်ရှီးကလည်း စိတ်လှုပ်ရှားစွာ ထောက်ခံ၏။
မူလနတ်နှင့် စတင်တွေ့ဆုံစဉ်က အခြေအနေများကို ပိုင်ရှီးကောင်းစွာမှတ်မိနေသေးသည်။ ထိုစဉ်က မူလနတ်ဘုရားမှာ ရိုးသားနှိမ့်ချပြီး သူ့ကိုပင် 'စီနီယာ' ဟု ခေါ်ဝေါ်ခဲ့ဖူး၏။ ယခုမူ ထိုလူငယ်သည် လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်သော အရှင်သခင် ဖြစ်နေလေပြီ။
မြောက်ပိုင်းဒေသ၏ သတင်းများမှာ အမှန်တကယ်ဖြစ်ကြောင်းကို ပိုင်ရှီးသည် ဆရာကြီးလီရှန်းထံမှတစ်ဆင့် အကြောင်းစုံ သိထားခဲ့ပြီဖြစ်သည်။ မူလနတ်ဘုရားသည် ချင်းရွှေကျေးရွာနှင့် ပတ်ဝန်းကျင်မှ ရွာသားများကို ဦးဆောင်ကာ မိစ္ဆာနတ်ဘုရား အခြေစိုက်စခန်းကို အမြစ်ပြတ်ချေမှုန်းခဲ့သည်မှာ ယုံကြည်နိုင်စရာပင်မရှိချေ။
ထိုရွာမှ ရွာသားများအားလုံးမှာ ရွာလုံးကျွတ်ကလေးအစ ခွေးအဆုံး မဟာပါရမီကြီးရှင်များပင် ဖြစ်နေကြလေသလားဟု သူတွေးမိ၏။
"အဲဒါဆိုရင် လင်းတိုင်းပြည်၊ ဖေးဝူမြို့ကို လာခဲ့ကြပြီး ငါ့ရဲ့ရွာသားတွေ လုပ်ကြပါ။ ငါ မင်းတို့ကို ဦးဆောင်ပြီး မိစ္ဆာနတ်ဘုရားတွေကို တန်ပြန်တိုက်စစ် ဆင်နွှဲမယ်"
ကျိယွမ်က အားလုံးကိုဖိတ်ခေါ်လိုက်သည်။
တပည့်များက ထွက်ပြေးကုန်ကြသော်လည်း ကောင်းကင်တိုင်လုံးထဲရှိ ယန်နတ်ဘုရားများမှာ ကောင်းကင်ဘုံတာအိုကို ဝါးမြိုနေဆဲဖြစ်သောကြောင့် ဂိမ်းက မပြီးသေးပေ။ ကျိယွမ်သည် သူ၏အင်အားကို ရနိုင်သမျှ တိတ်တဆိတ် စုဆောင်းနေ၏။
အဆင့်မြင့်မြင့်ပြောရလျှင် ယန်နတ်ဘုရားများ၏လမ်းစဉ်မှာ အဆုံးသို့ ရောက်နေပြီဖြစ်သော်လည်း သူ၏လမ်းစဉ်မှာမူ လျှောက်လှမ်းရန် များစွာ ကျန်ရှိနေသေးသည်။
"ရွာသား လုပ်ရမှာလား"
"ကျွန်တော်ရှန်းမြောင် ပထမဆုံး သဘောတူပါတယ်"
"ရွာသားဖြစ်ဖို့ သေရမယ်ဆိုရင်တောင် သဘောတူပါတယ်"
မူလနတ်ဘုရားသည် ဖန်ထုန်နယ်မြေအပေါ် ကြီးမားသော ကျေးဇူးကို ပြုခဲ့ပြီး ဖြစ်သည်။ နတ်ဘုရားတစ်ပါး၏ ကရုဏာတော်ကို ဘဝဆက်တိုင်း ဆပ်၍ ကုန်နိုင်မည်မဟုတ်ရာ သူ၏ရွာသားအဖြစ်ထမ်းဆောင်ရန်မှာ ခဲယဉ်းသောအရာ မဟုတ်ပေ။
"ကျွန်တော်လည်း သဘောတူပါတယ်"
ပိုင်ရှီးကလည်း အားကျမခံ ဝင်ပြောသည်။ သူ၏ ဆရာကိုယ်တိုင်ပင် မူလနတ်ဘုရား၏ ရွာသားဖြစ်နေပြီဖြစ်ရာ သူအနေနှင့် တုံ့ဆိုင်းနေစရာ မလိုတော့ပါ။
အဖွဲ့ထဲရှိ အခြားရှေးဟောင်းနတ်ဘုရားများ က ရွာသားဖြစ်ရန် ဝမ်းသာအားရအော်ဟစ်နေကြသည်ကို မြင်သောအခါ သုန်းကျန်းဟဲမှာ ဆွံ့အသွားရ၏။ သူသည် သူတော်စင်အဆင့်နည်းစနစ်ကို ဖော်ထုတ်နိုင်ခဲ့သည့် လူငယ်ဧကရာဇ်တစ်ဦး ဖြစ်သည်။
သူတစ်ပါး၏ လက်အောက်ခံရွာသားဖြစ်ရမည်မှာ သူ့အတွက် မည်မျှသိက္ခာကျစရာကောင်းလိုက်လေသနည်း။
ရှက်စရာကွာ ၊ ဘယ်လိုမှမဖြစ်နိုင်ဘူး ။
သူ၏ မာနကို မလျှော့ချနိုင်ဘဲ ဖြစ်နေသည်။
"ခင်ဗျားတို့ဖြည့်ရမယ့် ပုံစံတစ်ခုရှိတယ်၊ နမူနာ ပို့ပေးမယ်။ ငါ့ရဲ့ရွာသား ဖြစ်ချင်ရင် အဲဒါကို ဖြည့်ပေးပါ၊ ဒါဆိုရင် အကျိုးခံစားခွင့်တွေ ပေးမယ်"
ကျယွမ်က ဘီလျံနာနတ်ဘုရားကြီးတစ်ပါးကဲ့သို့ ပြောလိုက်သည်။
ခဏချင်းအတွင်းမှာပင် ရှေးဟောင်းနတ်ဘုရားများမှာ အချိန်မဆွဲဘဲ အချက်အလက်များကို ဖြည့်ကာ ကျိယွမ်ထံ အမြန်ဆုံးပေးပို့နေကြကုန်၏။
သုန်းကျန်းဟဲမှာ မျက်လုံးပြူးသွားပြီး စိတ်ပျက်စွာခေါင်းခါသည်။
"ဒီလူတွေမှာ မာနဆိုတာ မရှိကြတော့ဘူးလား။အဲလောက်ကြီး စျေးပေါဖို့မှ မလိုတာ ၊ ငါက သူတော်စင်အဆင့်နည်းစနစ်ပိုင်ရှင် လူငယ်ဧကရာဇ်ပဲ။ သူတို့လိုတော့ မလုပ်နိုင်ဘူး။ မူလနတ်ဘုရားက ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ရမယ်။ အဲဒီကျမှ တစ်ခါနှစ်ခါလောက် ငြင်းပြီးမှ လက်ခံမယ်"
သုန်းကျန်းဟဲက အောက်ကျိူ့ရန်စိတ်ကူးမရှိပေ။
"နောက်ထပ် စိတ်ဝင်စားတဲ့သူ ရှိသေးလား။ မရှိရင် ငါ ထွက်တော့မယ်။ နောက်မှရွာသားလာလုပ်ရင်တော့ ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူးနော်"
ထိုအချိန်တွင် ကျိယွမ်က ထင်မှတိမထားသော စည်းကမ်းချက်ကို ထုတ်ပြန်လိုက်၏။
ထိုစကားကြောင့် သုန်းကျန်းဟဲ ထိတ်လန့်သွားလေသည်။
မူလနတ်ဘုရားက သူ့လို သူတော်စင်အဆင့်ဖန်တီးရှင် ၊ ပါရမီရှင်ကံကြမ္မာသားတော် ၊ လူငယ်ဧကရာဇ်ကို မဖိတ်ခေါ်ဘဲ တကယ်ကြီး ထွက်သွားတော့မည်လား။
သူသည် ဘာလုပ်ရမလိုလိုဖြစ်နေသည်။ကျိယွမ်က အမှန်တကယ်လိုင်းပေါ်က ဆင်းသွားလျှင် မည်သို့လုပ်ရမည်နည်း။
သူချက်ချင်း အော်ပြောလိုက်သည်။
"နေပါဦး မူလနတ်ဘုရား ၊ ကျွန်တော် ပုံစံ မဖြည့်ရသေးပါဘူး"
အခွင့်အရေးဆိုသည်မှာ ရှားပါးလှသဖြင့် သူ လက်လွှတ်မခံလိုတော့ပေ။ အဖွဲ့ထဲရှိ လူတိုင်းမှာ ရွာသားများဖြစ်ကုန်ကြလေပြီ ။တချို့ဆိုလျှင် အရှက်မရှိ မွေးစားဖခင် ၊ ခေါင်းကိုင်အဖေ ဟုပင် ခေါ်နေကြကုန်၏။
အကုန်လုံးရွာသားဖြစ်နေမှတော့ သူလည်းရွာသား ဖြစ်သွားသည်မှာ ရှက်စရာမဟုတ်တော့ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။
.......
ထို့နောက် ဖန်ထုန်နယ်မြေအနှံ့အပြားတွင် သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေခဲ့သည်။
မိစ္ဆာနတ်ဘုရားအခြေစိုက်စခန်းများမှာ မြန်မြန်ဆန်ဆန် ကျရှုံးသွားသော်လည်း ကျန်ရှိနေသော မိစ္ဆာနတ်ဘုရားများကို လိုက်လံနှိမ်နင်းရန်မှာ အချိန်ယူနေရဆဲပင်။
ချင်းရွှေရွာမှ အင်အားစုများက သုံးရက်တိုင်တိုင် လိုက်လံတိုက်ခိုက်ခဲ့သော်လည်း အကြွင်းအကျန်များကို အကုန် မရှင်းလင်းနိုင်သေးပေ။
တောင်ကုန်းတစ်ခု၏ထိပ်တွင် ဆံပင်ဖြူနေသော ရွာသူကြီးယွီလီသည် နက်ရှိုင်းသော အရှိန်အဝါများထွက်ပေါ်ကာ ဆေးတံအိုကြီးကိုဖွာရှိုက်ရင်း ရပ်နေ၏။ သူ၏ ဘေးတွင်မူ အေးစက်သော အရှိန်အဝါရှိသည့် နတ်ဘုရားတာဝန်ခံရှန်ထူရှိနေသည်။
ကျူးရှီကျုံးမှာမူ ခွေးနက်ကြီးတစ်ကောင်ပေါ်တွင် ထိုင်နေပြီး ညစ်ကျယ်ကျယ်ပြုံးနေ၏။ သူက သွားလေရာ၌ ထိုခွေးကြီးပေါ်မှ မဆင်းတော့ပေ။
"ဟေ့ ခွေးစုတ်၊ အခုတော့ မင်းရဲ့ သခင်က ဘယ်သူလဲဆိုတာ သိပြီလား။"
ခွေးနက်ကြီးမှာ ညည်းညူသံလေးသာ ပြုနိုင်ပြီး ပြန်မပြောရဲပေ။
ထိုစဉ် ဒုတိယအဆင့်ရှိသော ရှေးဟောင်းနတ်ဘုရားများ ရောက်လာကြပြီး ယွီလီတို့အဖွဲ့ကို ရိုသေစွာ သတင်းပို့လာသည်။
"လေးစားအပ်ပါသော အရှင်တို့၊ လင်းလီ အပါအဝင် မိစ္ဆာနတ်ဘုရား သုံးပါးဟာ ရှေ့က တောင်ပေါ်မှာ ပုန်းနေကြပါတယ်။ မြို့တော်က အရှင်တို့အတွက် စားပွဲကြီး ပြင်ဆင်ထားပါတယ်ခင်ဗျ။ မိစ္ဆာတွေကို သတ်ဖြတ်ပြီးတာနဲ့ အတူတူ သုံးဆောင်ပေးကြပါ"
မြို့ခံရှေးဟောင်းနတ်ဘုရားတစ်ပါးက ရိုသေစွာ လျှောက်တင်၏။
"ကောင်းပြီ၊ မင်းတို့ ပြန်လို့ရပြီ။ အဲဒီသုံးကောင်ကို ငါတို့ပဲ ကိုင်တွယ်မယ်"
ရွာသူကြီးယွီလီက ဆေးတံမီးခိုးများကိုမှုတ်ထုတ်လိုက်ပြီး ညွှန်ကြားလိုက်သည်။
ရှေးဟောင်းနတ်ဘုရားများ ထွက်ခွာသွားစဉ် လမ်း၌ အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။
"ဒါတွေက ချင်းရွှေရွာသားတွေလား။ မူလနတ်ဘုရားရဲ့ တိုက်ရိုက်တပည့်တွေဆိုတော့ တကယ်ကို ထူးခြားမှာပဲ။"
"ရွာသားတိုင်းက နတ်ဘုရားအဆင့်တွေချည်းပဲတဲ့ ။ ချင်းရွှေရွာက ဘယ်လို အံ့ဖွယ်နေရာမျိုးပါလိမ့်။"
"ခွေးကတောင်မှ ငါတို့ထက်အရှိန်အဝါပြင်းထန်နေတာကြီးကတော့ လွန်တာပေါ့ "
မြို့သားရှေးဟောင်းနတ်ဘုရားများမှာ ရွာတစ်ရွာမှ အိမ်မွေးခွေးတစ်ကောင်ကိုပင် မနာလိုဖြစ်ရမည်ဟု တွေးတောင်မတွေးမိဖူးခဲ့ပါ ။ ယခုတော့ ချင်းရွှေရွာမှ ခွေးကပင် သူတို့အား အလွယ်တကူဖိနှိပ်နိုင်နေခဲ့သည်။
"မူလနတ်ဘုရားက တကယ်ကို ထူးခြားတဲ့သူပဲ။ 'သူတို့ရဲ့သားကောင်ကို မလုရ' ဆိုတဲ့ အမိန့်ကိုတောင် ထုတ်ထားသေးတယ်။ ဒီမိစ္ဆာနတ်ဘုရားတွေကို သူ့လူတွေ သတ်ဖို့ပဲ ချန်ထားတာ။"
"ဘာတတ်နိုင်မှာလဲ ၊ ငါတို့ရဲ့ အားနည်းတဲ့ စွမ်းအားနဲ့ မိစ္ဆာတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သတ်ဖို့ကိုလည်း မတွေးရဲပါဘူး။"
ထိုအချိန်တွင် တောင်ကုန်းပေါ်တွင်ထက်နေသော ရွာသူကြီး ယွီလီကလည်း သက်ပြင်းချလိုက်သည်။
"တစ်ချိန်တုန်းက ငါတို့ဟာ ခရမ်းရောင်နန်းတော်အဆင့်ရှိတဲ့ နတ်ဘုရားတစ်ပါးကို မြင်ရင်တောင် ကြောက်လွန်းလို့ တုန်နေခဲ့ရတာ။ အခုတော့... ဒုတိယအဆင့်စစ်မှန်နတ်ဘုရားကတောင် ငါတို့ကို ရိုသေနေကြရပြီ။"
"ဒါတွေအားလုံးဟာ ငါတို့ နတ်ဘုရားအရှင်ရဲ့ ကရုဏာတော်ကြောင့်ပဲ"
ရှန်ထုက ကြည်ညိုစွာဖြည့်စွက်ပြောကြား၏။
"မာန်တက်မနေကြနဲ့ ပုန်းနေတဲ့သုံးကောင်ကို အမြန်သွားသတ်မယ် ၊ လွတ်သွားရင် အရှင်မြတ်ကို မလေစားရာရောက်တယ် "
ကျူးရှီကျုံး၏စကားကြောင့် ကျန်နှစ်ယောက်ကလည်း သတိဝင်သွားသည်။
"သွားကြစို့ .."
အလင်းတန်းသုံးခုက တောင်ထိပ်ပေါ်မှ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် ကျိယွမ်သည် ဖေးဝူမြို့သို့ ပြန်ရောက်လာခဲ့လေပြီ။
ဂိမ်းက အဆုံးသတ်ကာနီးလာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားနေရ၏။
တစ်နေရာကို သွားရမယ် ။
သူသည် အနီရောင်အုတ်ခဲ ၊နက်ပြာရောင်အုတ်ကြွပ်များဖြင့် ဆောက်လုပ်ထားသော အိမ်လေးတစ်အိမ်၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။
"အိမ်ထဲမှာ လူရှိလား။ မူလနတ်ဘုရား လာရောက်လည်ပတ်ပါတယ်"
သူက ယဉ်ကျေးစွာ အော်ခေါ်လိုက်သည်။
ထိုအိမ်တွင် ညီအစ်မနှစ်ယောက် နေထိုင်ကြသည်။ အစ်မဖြစ်သူမှာ ယန်လျန် ဖြစ်ပြီး ညီမငယ်မှာ ယန်ဟွား ဖြစ်၏။ ကျိယွမ်သည် တစ်ချိန်က သူတို့ထံမှ 'သွေးကျောက်စိမ်းရွက်' လက်ဆောင် ရရှိခဲ့ဖူးသဖြင့် ကျေးဇူးဆပ်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ခဏအကြာတွင် အိမ်တံခါး ပွင့်လာပြီး အစ်မဖြစ်သူယန်လျန်က စိုးရိမ်နေပြီးသတိထားလျှက် ထွက်လာသည်။ အိမ်ထဲတွင်မူ အားနည်းလှသော ညီမငယ်လေး ယန်ဟွား ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရ၏။
ကျိယွမ်သည် မိန်းကလေး၏ အချက်အလက်များကို မြင်လိုက်ရသောအခါ စိတ်ပျက်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသော်လည်း ချိုသာစွာပြုံးလိုက်သည်။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ အဲဒါက ငါ့အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်"
ညီမငယ်လေး ယန်ဟွားက အားနည်းစွာပြန်ပြုံးပြ၏။
"အရှင်က ဖေးဝူမြို့သားတွေကို ကယ်တင်ခဲ့တယ်၊ ကျွန်မကိုလည်း ကယ်ခဲ့တယ်၊ ကျေးဇူးတင်ရမှာက ကျွန်မတို့ပါ"
ယန်လျန်ကတော့ မပြုံးနိုင်ပါ ။ သူမက ကျိယွမ်ကို စိုးရိမ်တကြီး ကြည့်နေဆဲ ဖြစ်သည်။
သူမ၏ ညီမလေးတွင် 'ကမ္ဘာဦးမျိုးစေ့' ကိန်းအောင်းနေသည်ကို မည်သူမျှ မသိစေလိုပေ။ ထိုမျိုးစေ့သည် ဒဏ္ဍာရီလာ နတ်ဘုရားများပင် မက်မောကြသော ရတနာပင်။
"ငါ့မှာ သူငယ်ချင်းဟောင်း တစ်ယောက်ရှိခဲ့ဖူးတယ်၊ သူလည်း မင်းလိုပဲ ကမ္ဘာဦးမျိုးစေ့ ပိုင်ဆိုင်ခဲ့တာပဲ။ ဒါပေမဲ့... သူက မင်းနဲ့ နည်းနည်းတော့ ကွဲပြားတယ်"
ကျိယွမ်က အစားရှောင်မယ်တော်ကို သတိရသွားပြီး နှိုင်းယှဥ်ကာ ပြောလိုက်သည်။
သူ၏စကားကြောင့် ယန်လျန်မှာ အလွန်ထိတ်လန့်သွား၏။ညီမဖြစ်သူယန်ဟွားကတော့ အံ့သြသွားပြီး ကျိယွမ်အား တိုးညင်းစွာ မေးသည်။
"အရှင်... အရှင်က တခြားကမ္ဘာဦးမျိုးစေ့ ပိုင်ရှင်ကိုသိတာလား။"
"သိတယ်လေ ၊ သူက အစားရှောင်မယ်တော်ပဲ။"
ယန်လျန်မှာ မှင်တက်သွားရ၏။
ကျိယွမ်က သဘောပေါက်သလို ပြုံးလိုက်ပြီး ။
"ငါက ကိုယ်ကျင့်တရားပိုင်းမှာ အပြောင်းအလဲ ရှိနိုင်ပေမယ့် သူတစ်ပါးကိုတော့ ဒုက္ခမပေးပါဘူး။ ကမ္ဘာဦးမျိုးစေ့ဆိုတာ တချို့အတွက် တန်ဖိုးရှိချင် ရှိလိမ့်မယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အဲဒါက ငါးစွပ်ပြုတ်တစ်ခွက်လောက်တောင် တန်ဖိုးမရှိပါဘူး"
"ငါလာတာက ကျေးဇူးတင်ချင်ရုံသပ်သပ်ပါပဲ "
သူက ညီအစ်မနှစ်ယောက်ကို ပြုံးပြခဲ့ပြီး အိမ်ထဲမှ ထွက်ခွာသွားလေသည်။
ယန်လျန်သည် မနေနိုင်တော့ဘဲ ကျိယွမ်၏ နောက်သို့ အပြေးလိုက်သွားကာ မေးလိုက်မိသည်။
"အရှင်... မိစ္ဆာနတ်ဘုရားတွေနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။"
"ရှိတာပေါ့၊ ယန်နတ်ဘုရား နှစ်ပါးကို သတ်ရမယ်"
ကျိယွမ်က သာမန်ကိစ္စတစ်ခုလို ယုံကြည်ချက်ပြင်းစွာ ပြန်ဖြေ၏။
ယန်လျန်ကခေါင်းငုံ့ထားရင်းမှ ဝမ်းနည်းစွာ ပြောသည်။
"ဖန်ထုန်နယ်မြေဟာ ပျက်စီးဖို့ ကံပါလာပြီးသားပါ။ ယန်နတ်ဘုရားနှစ်ပါးကို အနိုင်ယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အရှင်... ကျွန်မ ညီမလေးကို ဒီလောကထဲကနေ ခေါ်ထုတ်သွားပေးပါလို့ တောင်းပန်ပါတယ်။ သူ့မှာ ကမ္ဘာဦးမျိုးစေ့ ရှိပါတယ်၊ အရှင် စိတ်ဝင်စားတယ်ဆိုရင် သူမ အရွယ်ရောက်လာတဲ့အခါ အရှင့်ရဲ့ ကျင့်စဉ်အတွက် အဖော်ပြုပေးနိုင်ပါလိမ့်မယ်။"
ကျိယွမ်က သူမကို ကြည့်ပြီး စကားမဲ့သွားရ၏။
ဒီဂိမ်းက ငါ့သွေးကိုစုပ်ချင်ရုံတင်မဟုတ်ဘူး သက်ငယ်မုဒိန်းသမားဖြစ်အောင်ပါ လုပ်နေတာပဲ။
ကျိယွမ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်လေသည်။
"ငါ တကယ်ပဲ မင်းတို့ရဲ့ ကမ္ဘာဦးမျိုးစေ့ကို စိတ်မဝင်စားပါဘူး။ ဒီလောကကနေ ထွက်သွားလို့လည်း မရဘူး။ ထွက်သွားရင် ငါ့ဂိမ်းကို ဘယ်လို ဆက်ကစားရတော့မှာလဲ။ မင်းရဲ့ တောင်းဆိုချက်ကို ငါ လက်မခံနိုင်ဘူး။"