အစားရှောင်မယ်တော်ဝူရှီလား
Vol. 20 Ch. 230
မိုးခြိမ်းသံများက လောကကြီးကို အငြိုးကြီးစွာဟိန်းဟောက်နေပြီး မည်းမှောင်နေသော တိမ်တိုက်ကြီးများကလည်း နေမင်းကို တစ်ဖက်သတ်ဖုံးလွှမ်းထားကြသည်။
ရှောင်ကျန်းတောင်တန်းတစ်ခွင်၌ ဆဲဆိုသံများနှင့်အတူ ဒေါသတကြီး အော်ဟစ်သံများက ပြည့်နှက်နေခဲ့သည်။ ကောင်းကင်ယံ၌လည်း အလင်းတန်းများက ဟိုဟိုဒီဒီဦးတည်ချက်မျိုးစုံကို ဖြတ်သန်းသွားလာနေကြပြီး တောင်တန်းတစ်ခုလုံးကို ဝါးမြိုပစ်မည့်အလား မီးတောက်ကြီးများကလည်းအညွှန်တလူလူထကာအရှိန်အဟုန်ဖြင့် ဒေါသတကြီး တဟုန်းဟုန်းလောင်ကျွမ်းနေ၏။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများပင် ထိုမီးတောက်ကြီးများကို မငြိမ်းသတ်နိုင်ဘဲ (၁၀) ရက်တိုင်တိုင် တဟုန်းဟုန်း တောက်လောင်ခဲ့ရာ တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သော ရှောင်ကျန်းတောင်တန်းသည် ယခုအခါ ပြာပုံဘဝဖြင့် လူသူကင်းမဲ့သော မြေရိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ယခုအချိန်၌ ထိုတောင်တန်းပေါ်၌ အလင်းတန်းအချို့ ဝဲပျံနေကြပြီး တစ်စုံတစ်ခုကို ရှာဖွေနေကြသည်။
“တွေ့ပြီလား”
“မတွေ့သေးဘူး”
“အသုံးမကျချက် ၊ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်အုပ်ကြီးက သာမန်လူသားတစ်ယောက်ကိုတောင် မဖမ်းနိုင်ကြဘူးလား”
“မီးမလောင်ခင်က သူရှောင်ကျန်းတောင်တန်းထဲမှာ ရှိနေတာပါ။ သူ့ရဲ့ ကံကြမ္မာက ထူးခြားပေမဲ့ ချီသန့်စင်ခြင်း အဆင့်တောင်မရှိတဲ့သေးတဲ့သူဆိုတော့ ဒီမီးတောက်ကြီးတွေထဲမှာပဲ သေဆုံးသွားလောက်ပါပြီ”
“ရှောင်ကျန်းတောင်တန်းက မိုင်ပေါင်း သုံးရာလောက် ကျယ်တာ။ သူပြန်မထွက်နိုင်ဘဲ သေနေလောက်ပါပြီ”
“တောက်.. ငါတို့ ဒီမှာနေဖို့ အချိန်က ကန့်သတ်ချက် ရှိနေတယ်။ ပြီးတော့ ဒီလောကမှာ အားကောင်းတဲ့ တည်ရှိမှုတွေကလည်း များလွန်းတယ်။ မဟုတ်ရင်တော့...”
“ကမ္ဘာဦးခန္ဓာကိုယ်နဲ့ ဝါးမြိုခြင်း ခန္ဓာကိုယ် ဆိုတဲ့ အစွမ်းအထက်ဆုံး ခန္ဓာကိုယ် နှစ်မျိုးလုံးက လူတစ်ယောက်တည်းမှာ ရှိနေတာ။ တစ်မျိုးတည်းကိုတောင် ရလိုက်ရင်ပဲ ဖြစ်ဖြစ်...”
“ထားလိုက်ပါတော့၊ သူ သေသွားပြီဆိုရင် ငါတို့ရဲ့ တာဝန်က ပြီးဆုံးသွားပါပြီ”
“သူ မသေရင်တောင်မှ အစားငတ်လို့ ဒါမှမဟုတ် အစားတွေ အလွန်အကျွံ စားမိလို့ သေသွားမှာပါ”
“ဒီကလေးမလေးကို သတ်ဖို့ တန်ဖိုးကြီးတဲ့ ဆင်းသက်ခြင်း စာချွန်လွှာကိုတောင် အဖြုန်းခံလိုက်ရတယ်”
မကျေမနပ်အသံများ တိုးဝင်ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုအလင်းတန်းများကလည်း တဖြည်းဖြည်းပျံသန်းပျောက်ကွယ်သွားကြသည်။
မိုင်ပေါင်းသုံးရာခန့်ကျယ်ဝန်းသော ရှောင်ကျန်းတောင်တန်းကြီးသည် မီးကျွမ်းနေသော အပျက်အစီးများဖြင့် ထီတည်းကြီးကျန်ရစ်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် တောင်တန်းတစ်နေရာ၏မြေအောက်ထဲမှ သေးငယ်သော အရိပ်လေးတစ်ခု တွားသွားကာ ထွက်လာ၏။
ထိုအရိပ်လေးမှာ အသက် (၁၁) နှစ် သို့မဟုတ် (၁၂) နှစ်ခန့်ရှိသော မိန်းကလေးငယ်လေး တစ်ဦး ဖြစ်သည်။ သူမ၏ ဆံပင်များသည် မီးလောင်ကျွမ်းထားသဖြင့် တွန့်လိမ်ကာ နီကျင်ကျင် ဖြစ်နေပြီး ဆံဖျားများမှာလည်း မီးခဲများကြောင့် မည်းမှောင်လိပ်ကွေးနေသည်။ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေပြီး သူတောင်းစားမလေးတစ်ဦးနှင့် တူလှသည်။
သို့သော် အသေအချာ ကြည့်ရှုမည်ဆိုလျှင် ထိုအဝတ်အစားများသည် တစ်ချိန်က မင်းသမီးလေးတစ်ပါးဝတ်ဆင်သလို အကောင်းစားအထည်များ ဖြစ်သည်ကို တွေ့မြင်နိုင်သည်။
သူမသည် မြေကျင်းထဲမှ တိုးထွက်လာပြီး ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သော ကြယ်စင်များကို မြင်တွေ့ရသော်လည်း သူမ သိကျွမ်းသော ကြယ်တစ်လုံးမျှ မရှိပေ။ သူမ၏ ရင်ထဲ၌ အထီးကျန်ဆန်သော ခံစားချက်က နင့်နင့်နဲနဲတိုးဝင်လာခဲ့သည်။
မွေးကင်းစအရွယ်ကတည်းက သူမသည် ချည့်နဲ့ပြီး ဖျားနာလွယ်သူဖြစ်သည် ။ မွေးဖွားပြီး မကြာမီမှာပင် သေလုမြောပါး ဖြစ်ခဲ့ရသည်ကလည်း ခဏခဏပင် ။ သို့သော် သူမ၏ မိဘများက သူမ၌ အစွမ်းအထက်ဆုံးသော ခန္ဓာကိုယ် ၁၀ မျိုးထဲတွင် အပါအဝင်ဖြစ်သည့် ကမ္ဘာဦးခန္ဓာကိုယ် ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
ဤခန္ဓာကိုယ်သည် နတ်ဘုံနတ်နန်းမှ ဖန်သားပြင်ကဲ့သို့ သန့်စင်ဝင်းပနေပြီး လောကီအညစ်အကြေးများ ကင်းစင်သည်။ ထို့ကြောင့် သူမ၏ မိသားစုက သူမကို ချစ်ခင်ယုယစွာ ပြုစုစောင့်ရှောက်ခဲ့ကြ၏။
သို့သော် ထိုခန္ဓာကိုယ်နှင့်အတူ ထိပ်တန်း ခန္ဓာကိုယ် ၁၀ မျိုးထဲတွင် ပါဝင်သော ဝါးမြိုခြင်း ခန္ဓာကိုယိကလည်း ထူးဆန်းစွာကပ်ပါလာခဲ့သည်။
ကမ္ဘာဦးခန္ဓာကိုယ်က သန့်စင်ခြင်းနှင့် လောကီမှ ကင်းလွတ်ခြင်းကို ကိုယ်စားပြုလျှင် ဝါးမြိုခြင်းခန္ဓာကိုယ်မှာမူ ၎င်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဝါးမြိုဖျက်ဆီးရန်အတွက်သာ ဖြစ်သည်။ ထိုဆန့်ကျင်ဘက် ခန္ဓာကိုယ် နှစ်မျိုးသည် သူမ၏ အတွင်း၌ တိုက်ခိုက်နေကြသဖြင့် သူမသည် အသက် (၁၂) နှစ် အရွယ်အထိ သာမန်လူသားထက်ပင် အားအင်ချည့်နဲ့နေခဲ့သည်။
သူမ၏ မိသားစုသည် သူမ အသက်ရှင်နိုင်ရန်အတွက် အရသာမရှိသော အာဟာရရည်များကို နေ့စဉ် တန်ဖိုးကြီးပေးကာ ဝယ်ယူ တိုက်ကျွေးခဲ့ကြရ၏။
သူမအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့သော မိဘများကို သူမအလွန်ကျေးဇူးတင်မိသည်။ အထူးသဖြင့် သူမ၏ ဆိုးနွဲ့မှုများကို သည်းခံပြီး အမှန်တကယ် ဂရုစိုက်ပေးသော မိခင်ဖြစ်သူကို ပို၍ ကျေးဇူးတင်သည်။
ထို့ကြောင့် မိဘများက သူမကို တစ်စုံတစ်ခုနှင့် လဲလှယ်ရန်ရောင်းစားဖို့ ပြင်ဆင်နေကြသည်ကို သိသွားခဲ့သည့်အချိန်မှာပင် ငယ်စဥ်ဘဝမှ သူတို့၏ကျေးဇူးတရားကိုမူ ခံစားမိဆဲရှိသည်။ သူမ၏ မိဘများနှင့် ဆွေမျိုးများက ထိုအမှန်တရားကို သူမထံမှ အမြဲ ဖုံးကွယ်ထားခဲ့ကြ၏။
မိသားစုအတွင်း လူတိုင်းက သူမကို မင်းသမီးလေးကဲ့သို့ အလိုလိုက်ကာ ကောင်းမွန်စွာ ဆက်ဆံဟန် ဆောင်ကြသည်။ အရာအားလုံးသည် လှည့်စားမှုများမှန်း သူမသိသော်လည်း ထိုမေတ္တာရိပ်အောက်၌ ဆိုးနွဲ့နေခဲ့သည်။
သူတို့၏ ရည်ရွယ်ချက်ကို သူမမသိအောင်ဝိုင်းဖုံးထားကြသော်လည်း သူမက အစအဆုံးသိပါသည် ။ အဘယ့်ကြောင့်ဆိုသော် သူမသည် လူတို့၏ စိတ်ကူးများကို ကြားနိုင်စွမ်း ရှိသောကြောင့်ဖြစ်သည်။
ဖခင်ဖြစ်သူက သူမကို မေတ္တာဖြင့် ကြည့်နေသော်လည်း မျက်လုံးထဲ၌ တန်ဖိုးကြီး ကုန်ပစ္စည်းတစ်ခုကို ကြည့်နေသကဲ့သို့ လောဘရိပ်များလည်း ပါဝင်နေသည်။ မိခင်ဖြစ်သူကတော့ စိတ်ဒွိဟဖြစ်နေခဲ့ပြီး ညအခါများ၌ သူမကို ဖက်ကာ အပြစ်မကင်းသည့် စိတ်ဖြင့် အကြိမ်ကြိမ် ခွင့်လွှတ်ဖို့ တောင်းပန်လေ့ရှိသည်။
သို့သော် ထိုမိန်းကလေးငယ်လေးသည် မိခင်ဖြစ်သူတွင် အပြစ်ရှိသည်ဟုတော့ မယူဆခဲ့ပါ။ မိခင်ဖြစ်သူသည် သူမကို ကျွေးမွေးပြုစုပြီး ဆိုးနွဲ့မှုများကို သည်းခံခဲ့သဖြင့် သူမအပေါ် အကြွေးမတင်ခဲ့ပေ။ သူမကို ရောင်းစားလိုက်လျှင်ပင် ၎င်းသည် တရားမျှတသည်ဟုသာ သူမ ယူဆခဲ့သည်။
မိန်းကလေးငယ်လေးသည် လူအမျိုးမျိုးနှင့် တွေ့ဆုံခဲ့ဖူးပြီး သူတို့၏ စိတ်ထဲမှ ညစ်ညမ်းသော အတွေးများကိုလည်း ကြားခဲ့ဖူးသည်။
သန့်စင်မွန်မြတ်လှသည်ဆိုသော ပုရောဟိတ်ကြီးသည် လူမသိလူမသိဖြင့် သက်ကြီးရွယ်အိုအမျိုးသားများကို စိတ်ဝင်စားသူ ဖြစ်နေသည်။ ရာထူးကြီး အရာရှိကြီးမှာမူ အာဏာမက်မောပြီး ပုန်ကန်ရန် အမြဲကြံစည်နေသူ ဖြစ်၏။
ဤသည်မှာ သူမ အသက် ၁၂ နှစ်အထိ ဖြတ်သန်းခဲ့ရသော ဘဝပင် ။
တစ်နေ့တွင် ဖခင်ဖြစ်သူက သူမကို ကုသပေးနိုင်မည့် နည်းလမ်းကို ရှာတွေ့ပြီဟုဆိုကာ ပျော်ရွှင်စွာဖြင့် ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ဖခင်ဖြစ်သူက ဝယ်သူတစ်ဦးကို ရှာတွေ့ထားပြီ ဖြစ်ကြောင်း သူမကတော့ သိနေခဲ့သည်။
သူမသည် မိခင်ဖြစ်သူနှင့်အတူ ပျံသန်းနိုင်သော သင်္ဘောပေါ်သို့ ပျော်ရွှင်စွာ လိုက်ပါခဲ့၏။ ထိုနေ့ရက်များတွင် မိခင်ဖြစ်သူမှာ စိတ်မသက်မသာ ဖြစ်နေသည်။ မိခင်ဖြစ်သူက သူမကို ခေါ်ပြီး ထွက်ပြေးရန် သုံးကြိမ်တိုင်တိုင် စဉ်းစားခဲ့သည်ကိုလည်း သူမ သိနေသဖြင့် ပျော်ရွှင်မိသည်။ သို့သော် နောက်ဆုံးတွင် ဝယ်သူပေးသော ကမ်းလှမ်းချက်က အလွန်ဆွဲဆောင်မှု ရှိနေခဲ့သည်။
ဤသို့ဖြင့် ကုသရန် သွားရာလမ်းခရီးတွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော လူတစ်စုက သင်္ဘောကို တိုက်ခိုက်ခဲ့သဖြင့် သင်္ဘော ပျက်ကျသွားခဲ့၏။
ထိုအချိန်တွင် သူမ၏ကမ္ဘာဦးခန္ဓာကိုယ်က ရုတ်တရက် အသက်ဝင်လာပြီး သူမကို အနီးဆုံး၌ရှိနေသော ကမ္ဘာဦးလောကတစ်ခုဆီသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောင် တိုက်ခိုက်သူအချို့က ဆင်းသက်ခြင်းစာချွန်လွှာများကို အသုံးပြုကာ သူမနောက်သို့ လိုက်လာခဲ့ကြပြီး သူမကို သတ်ရန် ကြိုးစားခဲ့ကြ၏။
ယခုမီးများ ငြိမ်းသွားပြီးနောက် သူမသည် အပျက်အစီးများထဲမှ တွားထွက်လာခဲ့သည်။ သူမသည် မီးလျှံထဲမှ ပြန်လည်မွေးဖွားလာခြင်း မဟုတ်ဘဲ သေဆုံးခြင်းကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူမသည် မြေပြင်ပေါ်၌ နွမ်းဖျော့စွာထိုင်နေပြီး ဗလာကျင်းနေသော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။
“ဗိုက်ဆာလိုက်တာ...”
ဆာလောင်မှုဒဏ်က သူမကို နှိပ်စက်နေသော်လည်း သူမ အောင့်ထားခဲ့၏။
“ငတ်ပြီး သေရတာ... မကောင်းဘူး”
သူမသည် မြေကြီးပေါ်မှ မြေမှုန့်များကို ကြည့်ကာ တစ်လုပ်လောက် စားချင်မိသော်လည်း မသန့်သောအရာကိုစားလိုက်လျှင် ကမ္ဘာဦးခန္ဓာကိုယ်က တုံ့ပြန်ပြီး ဆာလောင်မှုထက် ပိုမိုပြင်းထန်သော နာကျင်မှုကို ခံစားရမည်ကိုလည်း သိနေသည်။
ဝါးမြိုခြင်းခန္ဓာကိုယ်က မြင်မြင်သမျှအရာအားလုံးကို စားပစ်ချင်သော်လည် ကမ္ဘာဦးခန္ဓာကိုယ်က အရာအားလုံးကို ငြင်းပယ်လျှက်ရှိ၏။
ဆန့်ကျင်ဘက် ဖြစ်နေသော ခန္ဓာကိုယ်နှစ်မျိုး၏ ပဋိပက္ခကြောင့် သူမသည် ဤကဲ့သို့ ဝေဒနာများနှိပ်စက်ခံရသည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုမှစ၍ သူမ လုပ်နိုင်သည်မှာ သေခြင်းတရားကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။
သေချင်လည်း သေပါစေတော့ ။
သူမသည် အရာအားလုံးကိုအရှုံးပေးလိုက်လေပြီ။ထိုအတိုင်းမလှုပ်မယှက်ဖြင့် ရက်ပေါင်းများစွာ ထိုင်နေခဲ့၏။ထို့နောက် ဆာလောင်မှုနှင့်အားကုန်ခမ်းမှုကြောင့် မတ်မတ်ပင်မထိုင်နိုင်တော့ဘဲ လဲကျသွားခဲ့သည်။
သေခါနီးလာပြီလား ။
ထို့သို့တွေးနေမိခိုက် သူမ၏ စိတ်ထဲ၌ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“ဒါ... အစားရှောင်မယ်တော်ဝူရှီလား”
“သူနဲ့ ပြန်တွေ့ရပြန်ပြီပေါ့။ တိုက်ဆိုင်လိုက်တာ”
မိန်းကလေးငယ်လေးသည် ဘာမှမကြားသကဲ့သို့ မြေပြင်ပေါ်၌ မလှုပ်မယှက် လှဲလျောင်းနေခဲ့သည်။ဟန်ဆောင်ကောင်းသော မိသားစုထဲ၌ ၁၂ နှစ်ကျော် နေထိုင်ခဲ့စဉ်အတွင်း သူမသည် ဟန်ဆောင်ရာ၌ အလွန် ကျွမ်းကျင်နေခဲ့လေပြီ။
သူမသည် ကြည်လင်သောအသံပိုင်ရှင်အမျိုးသားကို သိချင်နေသော်လည်း မည်သည့်အမူအရာမှ မပြခဲ့ပါ။
“ဟေ့ ..မင်း နာမည် ဘယ်သူလဲ”
ထိုအသံက သူမကို တိုက်ရိုက် မေးမြန်းလိုက်ပြန်သည်။
သူမ အနည်းငယ်ထိတ်လန့်သွားသည်။
နာမည်လား။
သူမ၌ နာမည်မရှိပါ။ သူမကို ရောင်းစားတော့မည် ဖြစ်သောကြောင့် မိသားစုဝင်အဖြစ် မှတ်တမ်းမတင်လိုသဖြင့် ငယ်စဥ်ကတည်းက နာမည်မပေးခဲ့ကြခြင်း ဖြစ်သည်။ အခြားသူများက သူမကို ၁၀ယောက်မြောက်သခင်မလေးဟု ခေါ်ကြပြီး မိခင်ဖြစ်သူကမူ "ဆယ်လေး" ဟုသာ ခေါ်ခဲ့သည်။
သူမသည် ထိုအမည်များကို အသုံးမပြုချင်တော့ပါ။
မိန်းခလေးသည် ထိုအမျိုးသားပြောခဲ့သောအစားရှောင်မယ်တော်ဝူရှီဟူသည့် စကားသံကို ပြန်သတိရလိုက်သည်။
သူမက မျက်နှာစိတ်ဝင်စားသော မျက်နှာလေးဖြင့်ပြန်ဖြေ၏။
"ကျွန်မနာမည်ဝူရှီပါ... ရှင်က ဘယ်သူလဲ"
“ဝူရှီလား "
အသံပိုင်ရှင်အမျိုးသားသည် တိတ်ဆိတ်သွားပြီး သူ၏ရှေ့မှ ချည့်နဲ့နေသော သနားစရာကလေးမလေးကို ကြည့်လိုက်သည်။
တစ်ချိန်က အလွန် အစွမ်းထက်ခဲ့သော အစားရှောင်မယ်တော်၌ ဤမျှ သနားစရာကောင်းသော ကလေးဘဝ ရှိခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။
“တောင်ကို မီးရှို့တဲ့သူက ဘာကိုယ်ကျင့်တရားမှ မရှိဘူး၊ ဒီလိုကောင်တွေ ထောင်ထဲ ထည့်ထားသင့်တယ်” ဟု ထိုအမျိုးသားက စိတ်ထဲမှ တွေးလိုက်သည်။
ကလေးမလေးဝူရှီသည် ခေါင်းငုံ့ထားသော်လည်း ရုတ်တရက် ရယ်ချင်စိတ် ဖြစ်ပေါ်လာ၏။ ဤအမျိုးသား၏ အတွေးများသည် သူမ ယခင်က ကြားဖူးသမျှနှင့် မတူဘဲ ထူးဆန်းနေလေသည်။
“ငါ မင်းကို ထမင်းကျွေးမယ်။ မင်း မစားရတာ ရက်ပေါင်းမနည်းဘူး ကြာနေပြီနဲ့ တူတယ်”
အမျိုးသားက ရုတ်တရက်ထို့သို့ပြောလိုက်ရာ သူမ၏ အတွေးများ ပြတ်တောက်သွားသည်။
ဝူရှီသည် သူ၏အသံနှင့်အတူ သူ၏အတွေးများကိုပါ ကြားနေရ၏။
“နှမြောစရာပဲ၊ ငါက အနာဂတ်က လာတာဆိုတော့ ဒီကမ္ဘာရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်လို့ မရဘူး။ မဟုတ်ရင်တော့ တစ်ယောက်ယောက်ကို သတ်ပြီး အစားရှောင်မယ်တော်ကို စားသောက်ပွဲကြီးနဲ့ ဧည့်ခံလိုက်မှာ။ ဘာပဲဖြစ်ဖြစ် သူက ကောင်းကင်တိုင်လုံးကြီးနဲ့ ပေါင်းစည်းပြီး ငါ့ကို ကူညီခဲ့တာပဲ”
ဝူရှီမှာ မှင်တက်သွားရသည်။
သူမသည် ဤအမျိုးသားကို ပို၍ စိတ်ဝင်စားလာ၏။ အတိတ်နှင့် ပစ္စုပ္ပန်သာ ရှိပြီး အနာဂတ်ဆိုသည်မှာ မရှိကြောင်း ဖခင်နှင့် ဘိုးဘိုးတို့ ဆွေးနွေးသည်ကို သူမ ကြားဖူးသည်။
သို့သော် ယခုတော့ အနာဂတ်မှ လာသည်ဆိုသူနှင့် တွေ့နေရသည်။
ဒါ အမှန်ပဲလား။
လူတစ်ယောက်၏ပါးစပ်သည်လိမ်နိုင်သော်လည်း စိတ်ထဲမှ အတွေးများကတော့ လိမ်ညာခြင်း မရှိနိုင်ပါ။
သူက ငါ့ရဲ့ အနာဂတ်ကို တကယ် မြင်ခဲ့ဖူးတာလား။
ကောင်းကင်တိုင်လုံးကြီးနှင့် ငါကပေါင်းစည်းတယ်ဆိုတာကရော ဘာက်ုပြောတာလဲ။
ဆာလောင်လွန်း၍ ဗိုက်ထဲမှ တဂွီဂွီ အသံများ မြည်နေသော်လည်း သူမ သတိထားနေဆဲ ဖြစ်သည်။
“ကျွန်မ ဘာမှ စားလို့မရဘူး”
သူမက မျက်မှောင်ကြုတ်ကာ အမှန်အတိုင်းပြောလိုက်၏။။
အစားအစာတစ်ခုခုစားမိသည့် အခါတိုင်း ခံစားရသော ပျို့အန်ခြင်းနှင့်အတူ မသက်မသာခံစားရသော နာကျင်မှုများကို သူမမမေ့ခဲ့ပါ။
“စိတ်မပူပါနဲ့၊ ငါပေးတာကို မင်း စားလို့ရပါတယ်။ တော်ကြာ အစာငတ်ပြီး သေသွားဦးမယ်”
အမျိုးသား၏အသံက အလွန်နုညံ့နေ၏။
အကယ်၍ အစားရှောင်မယ်တော်သာ ငတ်သေသွားပြီး ကောင်းကင်တိုင်လုံးမထိနိးထားနိုင်တော့လျှင် ဂိမ်းကိုမည်သို့ဆက်ကစားရမည်နည်း။
ကျိယွမ်က ထိုသို့အဖြစ်မခံနိုင်ပါ။
“တကယ်စားလို့ရမှာလား”
ဝူရှီက မယုံမရဲဖြင့်ကာ သံသယနှင့်မေးလိုက်၏။
ဤလောကတွင် သူမမိဘများဝယ်တိုက်ခဲ့သော အာဟာရရည်များ မရှိပါ။ သူမက မည်သည့်အရာကို စားနိုင်မည်နည်း။
“ကလေးမလေးတစ်ယောက်ကို ငါက ဘာလို့ လိမ်ရမှာလဲ”
အမျိုးသားက နှားခေါင်းရှုံ့ကာ ပြန်ဖြေသည်။
“ဒါပေမဲ့ မင်းက လေကို ရှူမနေတာတော့ ထူးဆန်းတယ်”
“ရှင်လည်း ထူးဆန်းတာပဲ”
ဝူရှီက တိုးတိုးလေး ပြောလိုက်သည်။
ရှေ့မှ အမျိုးသားသည် တကယ်ပင် ထူးဆန်းပြီး သူ၏ အတွေးများကလည်း ထူးဆန်းလှသည်။
“အစားအစာက ဘယ်မှာလဲ”
ဝူရှီက မစောင့်နိုင်သလိုမေးသည်။
သူမ အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။ ဝါးမြိုခြင်း ခန္ဓာကိုယ်၏ အရာအားလုံးကို စားသုံးချင်သောဆန္ဒမှာ သည်းမခံနိုင်လောက်အောင် ပြင်းထန်နေ၏။ အကယ်၍ သူမ စားနိုင်သော အစားအစာသာ ရှိခဲ့လျှင် သူပြောသော ကောင်းကင်တိုင်လုံးဆိုတာနှင့် ပေါင်းစည်းပြီး သူ့ကို ကူညီပေးရန်ပင် စဉ်းစားမိမည် ဖြစ်လေသည်။
“အရင်ဆုံး ဒီမြေရိုင်းထဲကနေ ထွက်ရအောင် ငါ့နောက်က လိုက်ခဲ့”
အမျိုးသားက စိတ်မရှည်သကဲ့သို့ ပြောလိုက်ပြီး တောင်းတန်အပြင်သို့ စတင်ထွက်ခွာ၏။ သို့သော် မြေရိုင်းမှာ မိုင်ပေါင်း သုံးရာအထိ ကျယ်ဝန်းလေသည်။
“ဒါနဲ့ မင်းအဆာလွန်ပြီး မသေဘူးဆိုတာ သေချာရဲ့လား”
အမျိုးသားက စိုးရိမ်တကြီး လှည့်မေးလာသည်။
“မသေပါဘူး”
ဝူရှီက ခေါင်းခါပြ၏။
သူမ ဗိုက်ဆာနေသော်လည်း ချက်ချင်းလဲသေလောက်သည့် အထိတော့ မဟုတ်သေးပါ။
“ကောင်းတယ် ၊ မင်း အခု သေသွားရင် ကောင်းကင်တိုင်လုံးကိစ္စကို ကူညီမဲ့သူမရှိဖြစ်သွားလိမ့်မယ်”
အမျိုးသားက သဘောကျသလိုရယ်မောကာ ပြောလိုက်သည်။
ဝူရှီမှာ ရုတ်တရက် တိတ်ဆိတ်သွားလေ၏။
ထိုအတွေးများကို အမျိုးသား၏စိတ်ထဲမှာပဲ ထားသင့်သည် မဟုတ်ပါလား။
အပြင်ထုတ်ပြောလိုက်ခြင်းက သူမ စိတ်ထဲမှ စိတ်ဝင်စားဖွယ်ဖြစ်နေသောသူ၏ပုံရိပ်ကို ပျက်ပြားစေသည်။ သို့သော် သူမ ဘာမှပြန်မပြောဘဲ နေလိုက်၏။
“ငါ သိချင်လို့၊ အနာဂတ်မှာမင်း ငါ့ကို တွေ့ရင် ၊ ငါ့ကို မှတ်မိမလား”
အမျိုးသားက တစ်ခုခုကို သတိရသွားသလိုမေးပြန်သည်။
“မှတ်မိလောက်ပါတယ်”
“ဒါပေမဲ့ အစားရှောင်မယ်တော်က ငါနဲ့တွေ့တိုင်း ပထမဆုံးအကြိမ် တွေ့သလိုချည်းပဲ ဖြစ်နေတာ။ ကလေးမလေး၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ”
အမျိုးသားက ဝူရှီကို စူးစိုက်ကြည့်ကာ တွေးနေသည်။
“ဖြစ်နိုင်တာက... သူက ငါးတစ်ကောင်လို မှတ်ဉာဏ် ရှိနေတာ ဖြစ်မှာပါ၊ စက္ကန့်ပိုင်းပဲ မှတ်မိတာမျိုးပေါ့”
ဝူရှီက သူ့နောက်မှလိုက်ကာ မီးလောင်ပြင်ကို ဖြတ်ကျော်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ နုနယ်သော ခြေထောက်လေးများမှာ ပြာများ ပေကျံနေပြီး မီးလောင်ဒဏ်ရာများလည်း ရှိနေသဖြင့် နင်းလိုက်တိုင်းတွန့်သွားသော်လည်း သူမက မညည်းညူခဲ့ပါ။
“မင်း ဒီအတိုင်း လမ်းလျှောက်နေရင် ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ ဆွန်ဝူခုန်းက ထန်ဆန်းကိုယ်တော်ကို အနောက်ဘက် ကောင်းကင်ဘုံဆီ ခေါ်သွားသလို ဖြစ်နေပြီ။ ငါ မင်းကို မှော်ပညာအချို့ သင်ပေးမယ်”
“မှော်ပညာလား”
ဝူရှီက စိတ်ဝင်တစားမေးလိုက်သည်။ တစ်ဆက်တည်းမှာပင် သူမကထိုအမျိုးသား၏ အသံထွက်ပေါ်လာရာဘက်ကို ကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
“ကျွန်မ မှော်ပညာ သင်လိုက်ရင် တန်ဖိုးရှိတဲ့သူဖြစ်မှာ မဟုတ်တော့ဘူးနော်”
သူမ၏ ခန္ဓာကိုယ်အရ မှော်ပညာကို ကျင့်ကြံလိုက်သည်နှင့် သူမ၏ တန်ဖိုးများ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထို့ကြောင့်ပင် မိသားစုက သူမကို မကျင့်ကြံစေခဲ့ခြင်း ဖြစ်၏။
“မင်းက လူသားတစ်ယောက်ပါ၊ ကုန်ပစ္စည်း မဟုတ်ဘူး။ တန်ဖိုးရှိတာ မရှိတာနဲ့ ဘာဆိုင်လို့လဲ”
အမျိုးသားက အရေးမကြီးသလို ပေါ့ပါးစွာတုန့်ပြန်သည်။
သူ၏ စိတ်ထဲ၌မူ “အစားရှောင်မယ်တော်က ခက်ခဲတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရပုံပဲ။ သူက နည်းနည်း ထူးဆန်းတယ်။ ငါ့ရဲ့ ကီယွမ်ကျမ်းကိုတော့ သူ့ကို ပေးသင်လို့ မဖြစ်ဘူး။ သူက ငါ့လို ထက်မြက်တဲ့ စိတ်မျိုး မရှိဘူး။ ဒါကို ကျင့်ရင် သူ ပိုပြီး ဝေခွဲမရ ဖြစ်သွားလိမ့်မယ်” ဟု တွေးနေသည်။
သူ၏ အတွေးကို ကြားလိုက်ရသဖြင့် ဝူရှီ မှာ ခဏမျှ တိတ်သွားသည်။
ထို့နောက် သူမသည် အမျိုးသားသင်ပေးသော တံမြက်စည်းပျံမင်းသမီး ဟုခေါ်သည့် ပျံသန်းခြင်း ဂါထာကို မှတ်သားကာ ကျင့်ကြံလေ၏။
သူမက တခဏအတွင်းတက်မြောက်သွားခဲ့သည်။
အမျိုးသားက သူမအား အံ့အားသင့်စွာမှတ်ချက်ချလေ၏။
“ဖန်ထုန်နယ်မြေမှာ နံပါတ်တစ် ဆိုတဲ့အတိုင်းပဲ၊ သင်ယူတာ မြန်လိုက်တာ ၊ တုတ်တစ်ချောင်း ရှာလိုက်၊ အဲဒီပေါ်မှာ ထိုင်ပြီး ငါပြောတဲ့အတိုင်း လုပ်”
ဝူရှီက ဝေခွဲမရ ဖြစ်နေသော်လည်း ထိုအမျိုးသားရှိရာဘက်ကို ကြည့်ကာ တုတ်တစ်ချောင်း ရှာလိုက်သည်။ သူမသည် ထိုတုတ်ကို ခွစီးကာ ဂါထာကို ရွတ်လိုက်၏။
သူမ၏ ခန္ဓာကိုယ်လေးသည် တုန်တုန်ချိချိဖြင့် မြေပြင်မှ ကြွတက်လာခဲ့သည်။
“အခုတော့ မင်းက စုန်းမလေးတစ်ယောက်နဲ့ တူသွားပြီ။ ဒါနဲ့ မင်း အမြင့်ကြောက်လား ၊ ပျံနေရင်း ကောင်းကင်ပေါ်က ပြုတ်ကျရင်တော့ ရယ်စရာကြီး ဖြစ်မှာပဲ”
အမျိုးသားက ရှေ့မှလမ်းပြရင်း တစ်ခါတစ်ရံ ထူးဆန်းသော စကားများကို ပြောနေခဲ့သည်။
ဝူရှီသည် ထိုသူ၏နောက်မှ လိုက်လာခဲ့ပြီး သူမတို့ဘယ်လောက်ကြာကြာ ခရီးသွားခဲ့သည်ကိုပင် မှတ်မထားမိခဲ့ပါ။
နောက်ဆုံးတွင် ရေကန်ငယ်လေးတစ်ခု အနီး၌ သူတို့ ရပ်လိုက်ကြ၏။ ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရပြီး ရေကန်ထဲမှ ရေများမှာ တစ်ဝက်ခန့် ခန်းခြောက်နေသည်။ မြေပြင်ပေါ်တွင်လည်း ငါးအသေများ ပျံ့နှံ့နေခဲ့သည်။
“ဒီငါးတွေကို ချက်လိုက်၊ ဒါဆို မင်း စားနိုင်လိမ့်မယ်”
အမျိုးသားက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း ပြောလိုက်၏။
ဝူရှီမှာ ရုတ်တရက် တောင့်ခဲသွားသည်။ သူမ သည် ဗိုက်ဆာနေသော်လည်း ထိုငါးများကို ကြည့်ကာ ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာ၏။
“ကျွန်မ... ငါးမစားဘူး”
အမျိုးသား၏ အတွေးများက လျင်မြန်စွာ ဖြတ်သန်းသွားသည်။
“ချက်ကြည့်လိုက်ပါဦး။ ဒီငါးက မင်း အရင်က စားဖူးတာတွေနဲ့ မတူတာကို တွေ့ရလိမ့်မယ်”
ဝူရှီမှာ ဝေခွဲမရ ဖြစ်နေသော်လည်း ထိုအမျိုးသားကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက သူမကို ကျင့်ကြံနည်းပင် သင်ပေးခဲ့သည် မဟုတ်ပါလား။
အကယ်၍ သူမ၏ မိသားစုသာ ထိုအရာကိုသိခဲ့လျှင် ထိုသူအား အပိုင်းပိုင်း ဆွဲဖြဲပစ်လောက်သည်။
သို့သော် ၎င်းမှာ အတွေးတစ်ခုသာ ဖြစ်ပါသည်။ သူမ၏ မိသားစုသည် ဤနေရာကို ဘယ်တော့မှ ရောက်လာမည် မဟုတ်ပါ။
သူမသည် ပထမဆုံးအကြိမ်အဖြစ် ငါးကို မီးဖိုပေါ်၌ ကင်လိုက်သည်။
ထိုအချိန်မှာပင် အမျိုးသားက အနားသို့ ပိုတိုးလာသည်ကို သူမ ခံစားမိပြီး သိချင်စိတ် ပိုလာ၏။
ထို့နောက်ခေတ္တကြာပြီးမှ ။
“ကဲ၊ မြည်းကြည့်လိုက်တော့” ဟူသော အသံကို ကြားလိုက်ရသည်။
ဝူရှီသည် ချက်ချင်းမစားသေးဘဲ ငါးကို ကြောက်ရွံ့စွာ စိုက်ကြည့်နေမိသည်။
ထိုနာကျင်မှုကို ထပ်မံ မခံစားချင်တော့ပါ။
အရာအားလုံးကို စားသောက်နိုင်သော ဝါးမြိုခြင်းခန္ဓာကိုယ်ရှိနေသော်လည်း တစ်ခုခု စားလိုက်တိုင်း သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ခံစားရတတ်သည်။
အာဟာရရည်များသာ သူမအတွက် သည်းခံနိုင်စရာ ဖြစ်၏။
သို့သော် သူမဝေခွဲမရ ဖြစ်နေရင်းမှပင် စိတ်အားတင်းပြီး မီးကျွမ်းနေသော ငါးကို တစ်လုပ်လောက် ကိုက်ကာ ဖြည်းညှင်းစွာ ဝါးစားလိုက်သည်။
နံနက်ခင်းနေရောင်ခြည်ထဲ၌ နွေးထွေးမှုကို ခံစားနေရသကဲ့သို့ နွေးထွေးသော ခံစားချက်တစ်ခုသည် သူမ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
ယခင်က မခံစားဖူးသော နွေးထွေးမှုမျိုး ဖြစ်၏။
“အရသာ... ရှိလိုက်တာ”
ထိုမျှ ကောင်းမွန်သော အရသာကို သူမ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။
ယခင်က သောက်ခဲ့ရသော အာဟာရရည်များသည် ဤအရသာနှင့် နှိုင်းယှဉ်လျင် အမှိုက်ဖတ်များကဲ့သို့ပင်။
အရသာရှိသောငါးကင်ကို စားပြီးမှ သေရမည်ဆိုလျှင်ပင် တန်သည်ဟု သူမ ခံစားလိုက်ရသည်။
အမျိုးသားက ဝူရှီအားကြည့်ကာ ပြုံး၏။
“မင်းကို ကြည့်ရတာ မုန့်စားနေတဲ့ ကြောင်လေးနဲ့ တူတယ်”
သူသည် ဝူရှီကို ရုပ်ရှင်ထဲမှ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
ဝူရှီကတော့ တစ်သက်နှင့်တစ်ကိုယ် မတွေ့ဖူးသော ထိုအရသာကို ခံစားရင်း ငါးကင်ကို တရှိုက်မက်မက်ဆက်စားနေခဲ့သည်။ အတန်ကြာမှ သူမက အမျိုးသားရှိရာဘက်သို့ လှည့်ကာမေးမိ၏။
“ဒါက ဘာလို့ ဒီလောက် အရသာရှိတာလဲ”
“အဲဒါ လျှို့ဝှက်ချက်လေ”
အမျိုးသားက သဘောကျသလိုပြုံးပြီး ပြန်ဖြေသည်။
ဝူရှီ စိတ်ပျက်သွားလေသည်။
ထိုသူက လျှို့ဝှက်ချက်ဟု ပြောလိုက်သည့် အခါတွင် သူ၏စိတ်ထဲ၌ပင် အဖြေမှန်ကို မတွေးခဲ့သောကြောင့်ပင် ။
“ကျွန်မ နောက်ထပ် ငါးတစ်ကောင် စားချင်သေးတယ်။ အဲဒီအတွက် ရှင် အလိုရှိရာ တစ်ခုကို ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်”
ဝူရှီက တိုးညှင်းသော အသံဖြင့် တောင်းဆိုလိုက်သည်။
သူမ အမှန်တကယ်ပင် ထပ်စားချင်နေ၏။
အမျိုးသားက ပြုံးနေရုံသာ ပြုံးနေပြီး ဝူရှီ၏ ကမ်းလှမ်းချက်ကို ပြန်မဖြေခဲ့ပါ ။ သို့သော် သူ၏ အတွေးများကတော့ အလွန် နက်ရှိုင်းနေခဲ့သည်။
“ဒီတစ်ခေါက် သူနဲ့ တွေ့ရတာ ဘာထူးခြားပါလိမ့်။ ဘာမှ မထူးခြားတာလည်း ဖြစ်နိုင်တာပဲလေ”
“ဒါက...ဒဏ္ဍာရီထဲကသမိုင်းတစ်ခုကို တစ်ချက်လောက် မြင်လိုက်ရတာလေးပါပဲ”
သမိုင်းဆိုသည်မှာ အချိန်၏တိုက်စားမှုအောက်၌ မြုပ်နှံခြင်းခံထားရပြီး များစွာသောဇာတ်လမ်းများမှာလည်း တစ်ခုပြီးတစ်ခု ဖုံးကွယ်ခြင်း ခံထားရသည်။ ၎င်း၏ အစိတ်အပိုင်း အနည်းငယ်ကို ဖော်ထုတ်လိုက်ရုံနှင့်ပင် သမိုင်းထဲမှသက်ရှိတစ်ဦး၏ ဘဝကို မြင်တွေ့နိုင်ပေလိမ့်မည်။
"မင်းစားချင်သေးရင် နောက်တစ်ကောင် ကင်လိုက်လေ "