ကံကြမ္မာဆုံလျှင် ပြန်လည်တွေ့ဆုံကြဦးမည်
Vol. 20 Ch. 231
ငါးကင်အသစ်မှာ အနည်းငယ်ကျွမ်းပြီးနောက် စားရန်အသင့်ဖြစ်သွားခဲ့၏။
ဝူရှီသည် အသံပိုင်ရှင်အမျိုးသား၏ ရုပ်သွင်ကို မြင်တွေ့လိုသဖြင့် အမျိုးမျိုးစူးစိုက်ရှာဖွေကာ ကြည့်နေမိသည်။ သို့သော် သူမ မည်မျှပင် ကြိုးစားသော်လည်း သူ့ကိုမမြင်နိုင်ခဲ့ပါ။
ဘာလို့အသံပဲကြားပြီး ရုပ်ကိုမမြင်ရတာလဲ။
နောက်ဆုံးတွင် သူမသည် ကြိုးစားမှုကို ရပ်တန့်လိုက်ပြီး ရှေ့ရှိ အနည်းငယ်တူးနေသော ငါးကင်ကိုသာ အာရုံစိုက်လိုက်တော့သည်။ သူမသည် အပူဒဏ်ကို ဂရုမစိုက်ဘဲ ငါးကင်ကိုလက်ဖြင့်ဆွဲယူကာ တစ်လုပ်ချင်းစီကို အရသာခံရင်းမှ လောဘတကြီး စားသောက်၏။
ကမ္ဘာဦးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် ဝူရှီသည် လောကီအညစ်အကြေးမှန်သမျှကို လက်မခံဘဲ ငြင်းပယ်လေ့ရှိသည်။ အထူးဖော်စပ်ထားသော အာဟာရရည်များကိုပင် သူမ မျိုချရန် အလွန်ကြိုးစားခဲ့ရသည်။ သို့သော် ယခု သူမ၏ရှေ့ရှိ ငါးကင်မှာမူ ကမ္ဘာပေါ်တွင် အကောင်းဆုံး အရသာဖြစ်နေပြီး သူမ တစ်ခါမျှ မခံစားဖူးသော ထူးခြားသည့် စားသောက်ခြင်းအတွေ့အကြုံသစ် ဖြစ်နေ၏။
“ရှင်ရော… စားဦးမလား”
ဝူရှီသည် ငါးကို တစ်ဝက်ခန့်စားပြီးမှ ရပ်လိုက်ကာ ထိုသူ၏ အသံထွက်ပေါ်ရာဘက်သို့ ကမ်းပေးလိုက်သည်။
အသံပိုင်ရှင်က မတုန့်ပြန်သော်လည်း သူမသည် သူ၏ စိတ်ကူးအတွေးများကို ကြားလိုက်ရ၏။
“ဒီကလေးမတော့ ခက်ပြီ ၊ အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းလာရတာဆိုတော့ ငါ ဘာကိုမှ ထိလို့မရဘူးကို၊ အဲဒီတော့ ငါးကို ဘယ်လိုလုပ် စားလို့ရမှာလဲ”
သူမသည် သူ၏ အတွေးများကြောင့် ဇဝေဇဝါ ဖြစ်သွားသော်လည်း ထိုလူသည် အနာဂတ်မှ လာသူဖြစ်ကြောင်းကိုမူ အမှန်တကယ် ယုံကြည်သွားခဲ့သည်။
“ငါမဆာဘူး၊ မင်းပဲ ပိုစားလိုက်ပါ”
သူသည် အစားရှောင်မယ်တော်ကို ပိုမိုစားသောက်ပြီး သန်မာလာစေလိုသည်မှာ သဘာဝပင် ဖြစ်သည်။ သူသည် နတ်ဘုရားပုံရိပ်များကို ဖော်ဆောင်ရန် ကောင်းကင်တိုင်သို့ သွားရန် လိုအပ်နေသေးသည် မဟုတ်ပါလား။
ဝူရှီသည် အနည်းငယ် စိတ်ပျက်သွားသည်။ ဤမျှ ကောင်းမွန်သော အရသာကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သော်လည်း သူမ တစ်ဦးတည်းသာ စားနေရသောကြောင့်ပင်။
“စောစောက ပြောခဲ့သလိုပဲ၊ ရှင် ကျွန်မကို ငါးပေးရင် ကျွန်မက ရှင်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ်၊ ရှင် ဘာလိုချင်သလဲ”
ဝူရှီက မော့ကြည့်ကာ မေးလိုက်သည်။
သူမသည် သူတစ်ပါးအပေါ် ကြွေးမြီတင်ရှိနေခြင်းကို မနှစ်သက်ပါ ။ ထို့ကြောင့် မိဘများက သူမကို ရောင်းကုန်ပစ္စည်းတစ်ခုကဲ့သို့ ဆက်ဆံခဲ့စဉ်ကပင် သူမ မည်သည့် ဒေါသစိတ်ကိုမျှ မမွေးမြူခဲ့ပေ။
“ဆန္ဒတစ်ခုလား”
ထိုလူသည် အံ့အားသင့်သွားသော မျက်လုံးများဖြင့် အစားရှောင်ယ်တော်ကို ကြည့်လိုက်ပြီးမှ မေးလိုက်သည်။
“မင်းရဲ့ညာဘက်ကိုကြည့်လိုက် ၊ ဟိုးနေရာက ကောင်းကင်ကို ထိနေတဲ့ တောင်ကြီးကို မြင်လား”
ဝူရှီက သူပြောသလို လှည့်ကြည့်လိုက်ရာ ကောင်းကင်သို့ထိုးတက်နေသော ဧရာမတိုင်ကြီးသဖွယ်ရှိနေသော တောင်တွေ့လိုက်ရသည်။
“အဲဒါ ကောင်းကင်တိုင်လုံးကြီးပဲ၊ အဲဒါကို ငါ့အတွက် စောင့်ကြည့်ပေးပါ၊ အဲဒီတိုင်ကြီး ပြိုမကျအောင် ဂရုစိုက်ပေးပါ”
ထိုလူက အမှုမဲ့အမှတ်မဲ့ ဆိုလိုက်သည်။
အကြောင်းရင်းကို မသိရသော်လည်း ဤစကားကို ပြောဆိုပြီးနောက် သူသည် ကံကြမ္မာ၏ စေ့ဆော်မှုကိုခံစားလိုက်ရသလို တွန့်သွား၏။
ဝူရှီမှာ နားမလည်သလို ဖြစ်နေသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ”
အမျိုးသားက ဝူရှီအားထပ်မံတိုက်တွန်းလေ၏။
ကဲ… အခုတော့ မင်း ငတ်မသေအောင် ငါးတွေ ထပ်ပြီး စုဆောင်းထားလိုက်ဦး”
ဝူရှီသည် ဝေခွဲမရဖြစ်သွားပြီးမှ မျက်လုံးများ ဝင်းလက်လာပြီး မျှော်လင့်ချက်ကြီးစွာ မေးမိသည်။
“ကျွန်မ အဲဒါတွေ အကုန်လုံးကို စားလို့ ရမှာလား”
“ရတာပေါ့ ၊ ငါ ထွက်သွားတဲ့အချိန် မင်း ငတ်သေသွားရင် ဘာထူးမှာလဲ”
ထိုလူက စိိတ်မချသလိုဆိုသည်။ သူသည် အစားရှောင်မယ်တော်ကို ကြည့်ရင်းမှ သူမသာ သူနှင့်မဆုံတွေ့ခဲ့ပါက အမှန်တကယ်ပင် ငတ်သေသွားနိုင်သည်ဟုလည်း တွေးမိနေသည်။
ထိုသို့ဆိုလျှင် အနာဂတ်ရှိ ကောင်းကင်တိုင်လုံးမှာ မည်သို့ ဖြစ်သွားမည်နည်း။
သူသည် ပင်ကိုယ်အားဖြင့် စိတ်ရင်းကောင်းပြီး စည်းကမ်းလိုက်နာတတ်သူ ဖြစ်၏ ။ ယခုအခြေအနေတွင် အားနည်းနေသော ကလေးမလေးကို ကူညီပေးလိုက်ခြင်းမှာ နစ်နာစရာ မရှိပေ။
မည်သို့ပင်ဆိုစေ သူနှင့် အစားရှောင်မယ်တော်တို့သည် ယခင်က နှစ်ကြိမ်ဆုံဖူးခဲ့ပြီး ယခုမှာ တတိယအကြိမ်ဖြစ်သလို နောက်ဆုံးတွေ့ဆုံခြင်းလည်း ဖြစ်လေသည်။
နောက်ဆိုလျှင် သူမနှင့်တွေ့ဆုံခွင့်ရရန် လုံးဝမရှိတော့ပါ။
ထိုစကားကို ကြားသောအခါ ဝူရှီသည် စိတ်လှုပ်ရှားသွားပုံရ၏။ သူမသည် ချက်ချင်းထ၍ သူမ၏တုတ်တံပေါ်တွင် ထိုင်ကာ ပတ်ဝန်းကျင်သို့ ပျံသန်းပြီး မြေပြင်ပေါ်ရှိ ငါးများကို လိုက်လံစုဆောင်းလေတော့သည်။
မကြာမီတွင် စားစရာများကို စုဆောင်းတတ်သော ကြွက်ကလေးတစ်ကောင်ကဲ့သို့ သူမတွင် ငါးပုံကြီးတစ်ခု ရလာခဲ့သည်။
အမျိုးသားသည် ငါးပုံကြီးကို ကြည့်ကာ နှမြောတသသော မျက်နှာပေးဖြင့် အနည်းငယ်မဲ့ကာ ၊
“မင်း တကယ်ပဲ အားမနာတမ်း စုလိုက်တာပဲနော်”
သို့သော် သူသည် ကတိတည်သောသူ ဖြစ်သည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေစေကာမူ သူ၏ ကတိအတိုင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။
သူသည် ရှေ့သို့ တိုးလိုက်ရာ စင်ကြယ်သန့်ရှင်းသော သွေးစက်များ စတင်ကျဆင်းလာသည်။ သူ၏ မျက်နှာမှာလည်း အဆမတန်ဖြူလျော့သွားလေ၏။ သူ၏ပုံရိပ်မှာလည်း အားနည်းသွားပုံရသော်လည်း အခြေအနေမှာ အလွန်အမင်း ဆိုးရွားခြင်းတော့ မရှိပေ။
ဝူရှီမှာ ထိုသူ၏ ပုံရိပ်ကို မမြင်ရသော်လည်း သူမစုဆောင်းထားသော ငါးပုံကြီးကို ကြည့်ကာ အလွန်ဝမ်းသာနေသည်။
“ကျွန်မ ပေးထားတဲ့ ကတိအတိုင်း ကောင်းကင်တိုင်လုံးကို စောင့်ရှောက်ပါ့မယ်”
ဝူရှီက ထိုသူရှိသောနေရာကိုကြည့်ကာ အလေးအနက် ကတိပေးလိုက်သည်။
ထိုလူက တစ်စုံတစ်ခုကို သတိရသွားပြီး သူမအားမေး၏။
“ဒါနဲ့ မင်းမှာ ကျင့်စရာနည်းစနစ်တစ်ခုခုရှိသလား”
ဤမိန်းကလေးမှာ အလွန်အားနည်းနေသေးရာ ကျင့်ကြံခြင်းတစ်ခုခု မရှိပါက ကြာရှည် အသက်ရှင်နိုင်မည် မဟုတ်ပေ။
“မရှိဘူး”
ဝူရှီက တုံ့ဆိုင်းစွာဖြင့် ယခင်အတိုင်းထပ်ဖြေပြန်၏။
“ကျွန်မသာ ကျင့်စဉ်ကို စကျင့်လိုက်ရင် ကျွန်မရဲ့ တန်ဖိုးက ပျောက်ကွယ်သွားလိမ့်မယ်”
“ကျင့်စဉ်မရှိဘဲ ဆက်သွားလို့ မရဘူး၊ မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ယူဖို့ လိုတယ်”
ထိုလူက လက်မခံဘဲ အတင်းအကျပ် တိုက်တွန်းသည်။
သူ့အတွက် အစားရှောင်မယ်တော်ကို ကာကွယ်ခြင်းသည် ကောင်းကင်တိုင်ကို ကာကွယ်ခြင်းပင် ဖြစ်သည်။
“မင်းကို ကျင့်ဖို့နည်းစနစ် သင်ပေးမယ်”
ထိုလူက အနည်းငယ်တွေးလိုက်ပြီး သူမအားညွှန်ကြား၏။
“မင်း ငါးတွေကို အရင်ကင်ထားနှင့်၊ ငါ့ကို တစ်ရက်အချိန်ပေး၊ မင်းအတွက် ဝူရှီကျမ်းလို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုကို ငါ ဖန်တီးပေးမယ်”
နတ်ဘုရားပုံရိပ်ဖော်ခြင်း နည်းလမ်းမှာ ထူးခြားလှပြီး ကောင်းကင်တိုင်မှ စွမ်းအင်ကို သုံး၍ ဝူရှီကို သင်ကြားပေး၍ မရပေ။ ထို့ကြောင့် သူသည် ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးပေးရန် လိုအပ်လာ၏။
ထိုလူသည် မိန်းကလေးငယ်ကို ကြည့်ကာ သူမ၏ပါရမီအရဝူရှီကျမ်းကိုသာ ကျင့်ကြံခဲ့ပါက မိစ္ဆာနတ်ဘုရားများကို အနိုင်ယူနိုင်လောက်အောင် သန်မာလာပေလိမ့်မည်ဟု တွေးလိုက်သည်။
ထိုသို့သာ ဖြစ်လာပါက သူ ဤလောကသို့ ရောက်ရှိလာချိန်တွင် အေးအေးဆေးဆေးဖြင့် အကျိုးကျေးဇူးများကို ခံစားရုံသာ ရှိတော့သည်။
သူသည် မျှော်လင့်ချက်အပြည့်ဖြင့် ဝူရှီကို ကြည့်လိုက်သည်။
ထို့နောက် ခပ်လှမ်းလှမ်းသို့ ဖယ်ထွက်သွားပြီး ကျင့်စဉ်အတွက်နည်းစနစ်ဖန်တီးရန် အလေးအနက် စတင်အားထုတ်တော့သည်။
ဝူရှီကျမ်းကို ဖန်တီးရခြင်းမှာ ကျိယွမ်ကျမ်း ကဲ့သို့ ရှုပ်ထွေးမှု မရှိပေ။သူက တည်ငြိမ်စွာကြိုးစားနေ၏။
တစ်ဖက်တွင်လည်း ဝူရှီသည် တိတ်ဆိတ်နေသော ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ငါးအားလုံးကို ပျော်ရွှင်စွာဖြင့် စတင်ကင်နေသည်။
“ဗိုက် အရမ်းဆာတာပဲ”
သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
ညမှောင်လာသောအခါ မီးပုံမှ အလင်းရောင်သည် ဝူရှီ၏ မျက်နှာပေါ်သို့ ဟပ်နေ၏။
ကိုယ်လက်သန့်စင်ပြီးနောက်တွင် သူမသည် ယခင်လိုဖရိုဖရဲ ဖြစ်မနေတော့ဘဲ နှင်းကဲ့သို့ ဖြူစင်သော အသားအရည်မှာ နူးညံ့သိမ်မွေ့ကာ နတ်သမီးလေးတစ်ပါးကဲ့သို့ ထူးခြားသော အသွင်ကို ဆောင်နေသည်။
သူမသည် ထိုလူ ရှိနေခဲ့သော နေရာကို ငေးကြည့်ရင်း အတွေးထဲ နစ်မျောလျက်ရှိ၏။
“ဘာလို့… ဒီလောက်တောင် အရသာရှိနေရတာလဲ”
“သူ ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ”
မိန်းကလေးငယ်၏ နှလုံးသားထဲတွင် မေးခွန်းတစ်ခုမှာ အမြစ်တွယ်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ထိုလူသည် မျက်လုံးကို ဖွင့်လိုက်ပြီး ခပ်လှမ်းလှမ်းရှိ မိန်းကလေးငယ်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
သူမသည် ဧရာမ ငါးကင်ကြီးတစ်ကောင်ကို ဖက်လျက် အိပ်ပျော်နေခြင်းပင်။
ရုတ်တရက် မိန်းကလေးငယ်သည် မျက်လုံးပွင့်လာပြီး အိပ်ချင်မူးတူး ဖြစ်နေသော်လည်း သူ့ကို မျှော်လင့်တကြီး ကြည့်ကာ ချက်ချင်းမေး၏။
“ကျွန်မကို ကျင့်စဉ် သင်ပေးတော့မှာလား”
ထိုလူက အံ့အားသင့်သွားပြီး ...
ငါ ကျင့်စဉ် ဖန်တီးလို့ ပြီးသွားတာကို မင်း ဘယ်လိုသိတာလဲ”
မိန်းကလေး၏ မျက်လုံးများတွင် နောက်ပြောင်လိုသော အရိပ်အယောင်များပြေးသွားခဲ့သည်။
“မိန်းကလေးတစ်ယောက်ရဲ့ အလိုလိုသိစိတ်ပေါ့”
အမှန်စင်စစ် သူမသည် သူ၏ အတွေးများကို တစ်ချိန်လုံး နားထောင်နေခဲ့ခြင်း ဖြစ်ကြောင်းကိုမူ သူမ ဝန်မခံပေ။ သူ၏ အတွေးများကြောင့်ပင် သူမအိပ်ပျော်နေရာမှ နိုးလာခြင်း ဖြစ်သည်။
“အလိုလိုသိစိတ်တောင် သုံးတတ်နေပြီလား”
ထိုလူက မှတ်ချက်ချကာ ထပ်မမေးတော့ပေ။
“မင်းအတွက် ဝူရှီကျမ်းဆိုတဲ့ ကျင့်စဉ်တစ်ခုကို ငါ ဖန်တီးပေးထားတယ်၊ အဲဒါနဲ့ ကျင့်ကြံကြည့်ပါ”
ထို့နောက် သူသည် သုံးနာရီ၊ လေးနာရီခန့် အချိန်ယူ၍ နည်းစနစ်ကို ဝူရှီအား ရှင်းပြသည်။ သို့သော် သူမ၏ တစ်ခါကြားရုံဖြင့် အကုန်မှတ်မိနိုင်စွမ်းကြောင့် သူ ထပ်ခါတလဲလဲ ပြောနေရသည့် ဒုက္ခမှ ကင်းဝေးသွားခဲ့သည်။
ထို့နောက် ဝူရှီသည် ဝူရှီကျမ်း ကို အသုံးပြု၍ လျင်မြန်စွာပင် စတင်ကျင့်ကြံလေသည်။ သူမ၏ ပါရမီမှာ ထူးကဲလှ၏ ။ အနည်းငယ် ချဲ့ကားပြောဆိုရမည်ဆိုလျှင် အံ့မခန်းပင် ဖြစ်သည်။
သူမ၏ ပါရမီသည် ကန်းလန်နယ်မြေရှိ ပါရမီရှင်အားလုံးကိုပင် အလွယ်တကူ ကျော်လွန်သွားလိမ့်မည် ဖြစ်ကြောင်း ထိုလူ ဝန်ခံလိုက်ရ၏။
သူကိုယ်တိုင်ပင် သူမနှင့် နှိုင်းယှဉ်ရန် ရှက်မိနေခဲ့သည်။
တစ်ရက်ကြာပြီးနောက် ထိုလူသည် ဝူရှီ၏ သေးသွယ်သော ပုံရိပ်လေးကို ကြည့်ပြီး ခေါင်းညိတ်၏။
“အခုဆို မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိပြီဆိုတော့ ငါလည်း သွားရတော့မယ်”
သူ ထွက်ခွာရမည့် အချိန်ရောက်ပြီ ဖြစ်သည်။ သူသည် ပုံရိပ်ဖော်တောင် သို့ သွားရောက်၍ နောက်ဆုံးပုံရိပ်ဖော်ခြင်းကို ပြုလုပ်ရမည်ဖြစ်ပြီး ထို့နောက်တွင် နောက်ဆုံးတိုက်ပွဲအတွက် ပြန်သွားရပေတော့မည်။
သူသည် ကလေးမလေးဝူရှီကို ကြည့်ကာ မနေနိုင်စွာ သက်ပြင်းချမိသည်။
နောင်တွင် အစာရှောင်မယ်တော်နှင့် သူပြန်လည်ဆုံတွေ့ခဲ့စဉ်က ကောင်းကင်တိုင်အနီးတွင် သူမ၏ သွေးများ မြေခခဲ့ရသည်ကို သူ ပြန်လည်မြင်ယောင်နေ၏။
သူမသည် လွန်ခဲ့သော အချိန်များစွာကတည်းက သေဆုံးသွားခဲ့သူ ဖြစ်ပြီး သမိုင်း၏ ဖုန်မှုန့်များအောက်တွင် မြှုပ်နှံခြင်း ခံထားရသူ တစ်ဦးပင်မဟုတ်ပါလား ။
သူမကအသက်ရှိသော်လည်း သေဆုံးခဲ့ပြီးသား သမိုင်းစာမျက်နှာလေးတစ်ချပ်ပင်။
ထိုအခိုက် ဝူရှီ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး သူမ၏ မျက်လုံးများမှာလည်း တစ်ခုခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ပြောင်းလဲသွားသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက
တိုးညင်းစွာမေးလေ၏။
“ကျွန်မတို့ ပြန်တွေ့နိုင်ဦးမှာလားဟင် "
ထိုလူ တုံ့ဆိုင်းသွားခဲ့သည်။ သူသည် ပျောက်ဆုံးနေသောအလင်းချောင်းက ပေးထားသော အခွင့်အရေး သုံးကြိမ်စလုံးကို သုံးစွဲပြီး ဖြစ်သည့်အတွက် အတိတ်ကို ပြန်လာ၍ မရတော့ပေ။
အစားရှောင်မယ်တော်နှင့် ပတ်သက်၍မူ...။
နောက်ပိုင်းတွေ့ဆုံမှုများတွင် သူမသည် သူ့ကို မှတ်မိပုံမရခြင်းကို ပြန်စဉ်းစားမိရာ၊ သူတွေ့ခဲ့သော အစားရှောင်မယ်တော် သုံးဦးစလုံးမှာ တစ်ဦးတည်း ဟုတ်၊ မဟုတ်ကိုပင် သူ သံသယဝင်မိပါသည်။
“ကံကြမ္မာဆုံရင်တော့ ငါတို့ပြန်တွေ့ကြဦးမှာပါ”
နောက်ဆုံးအနေဖြင့်ပြောလိုက်ပြီး သူ ပျောက်ကွယ်သွားတော့သည်။
ပျက်စီးနေသော ရေကန်အနီးတွင် မိန်းကလေးငယ်သည် တူးနေသော ငါးပုံကြီးကို ငေးကြည့်ကာ ငိုင်ငိုင်လေး ထိုင်ကျန်ရစ်ခဲ့သည်။
သူမ၏ နုနယ်သောမျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။
သူမ၏ လက်ဖဝါးများကို တင်းတင်းဆုပ်ထားရာ လက်သည်းများမှာ အသားထဲသို့ စိုက်ဝင်ပြီး သွေးများပင် ထွက်လာခဲ့သည်။
သူမ၏ အကြည့်များတွင် ပြင်းပြသော တောင့်တမှုများဖြင့် ပြည့်နေပြီး အံကြိတ်ကာရေရွတ်နေသည်။
“ဘာပဲဖြစ်ဖြစ် ငါ တကယ်ပဲ… သူ့ကို စားပစ်လိုက်ချင်တယ်"
ထိုတောင့်တမှုမှာ ပင်ကိုယ်ဗီဇအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သူမ၏ ဝါးမြိုခြင်း ခန္ဓာကိုယ် ဖြင့်ဆိုလျှင် ဟင်းလင်းပြင်ကိုပင် ကိုက်ဖြတ်၍ အသားတစ်စကို ဆွဲယူနိုင်မည်ဟု သူမ ခံစားနေရ၏။
သို့သော် သူမ မဝံ့ရဲခဲ့ပေ။ သူမသည် အလွန် ကြောက်တတ်သူလေးဖြစ်ပြီး ထိုလူမှာ အသံသာကြားရပြီး အလွန် လျှို့ဝှက်နက်နဲလွန်းလှသည်။
သူသည် သူမ စားနိုင်သည့်လောကီအညစ်အကြေးများစင်ကြယ်သော အစားအစာကိုပင် ဖန်တီးပေးနိုင်သဖြင့် သာမန်လူမဟုတ်နိုင်ပါ။
သူ ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။
သူသည် အဘယ်ကြောင့် သူမအား ဤကဲ့သို့သောအရာကို ပြုလုပ်ပေးခဲ့သနည်းဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
နောက်ဆုံးတွင် ဝူရှီသည် အဝေးတစ်နေရာမှ ကောင်းကင်တိုင်လုံးကြီးကို ငေးကြည့်လိုက်ပြီး အထီးကျန်စွာရေရွတ်မိိရှာသည်။
"ကံကြမ္မာဆုံရင် ပြန်တွေ့ကြဦးမှာတဲ့လား ..."