← Chapters

စက်သေနတ်ဘုရားလောင်း

Vol. 20 Ch. 232

စက်သေနတ်ဘုရားလောင်း

Vol. 20 Ch. 232

တစ်ဖက်တွင်လည်း ဝူရှီသည် သူမ၏ ကိုယ်တွင်းမှ တားမနိုင်ဆီးမရ ဖြစ်ပေါ်နေသော လောဘရမ္မက်များကို အတင်းအကြပ် ဖိနှိပ်ရင်း တစ်ကိုယ်လုံး တွန့်လိမ်နေမိသည်။

ထိုအမျိုးသားနှင့်အတူရှိနေသည့် အချိန် ကြာလာလေလေ သူ့ကို ဝါးမြိုပစ်ချင်သည့် စိတ်ဆန္ဒမှာ ပို၍ သည်းထန်လာလေလေပင်။ ၎င်းမှာ သူမ၏ ပင်ကိုယ်ဗီဇစိတ် ဖြစ်သော်လည်း သူမကိုယ်တိုင်က အားနည်းလွန်းနေသေးသဖြင့် ထိုစိတ်ကို ထိန်းချုပ်ရခက်ခဲနေခြင်းဖြစ်နိုင်၏။

သို့သော် ကံကောင်းထောက်မစွာဖြင့်... သူ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

အကယ်၍ ထိုသူသာ နောက်ထပ် တစ်ရက်ခန့် ထပ်မံနေထိုင်သွားပါက သူမအနေဖြင့် မည်သို့သော လုပ်ရပ်မျိုးကို လုပ်မိမည်နည်း ဆိုသည်မှာ မသေချာတော့ပါ။

“နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါကျရင်... ငါသူ့ကို စားလို့ရပြီလား”

ဝူရှီက ကလေးဆန်ဆန်လည်း တွေးတောနေမိ၏။

........

ကောင်းကင်တွင်ပျံသန်းလာသော ကျိယွမ်ကတော့ အောက်ဘက်ရှိ ကျယ်ပြောလှသော မြေပြင်ကို ငေးကြည့်ရင်း သက်ပြင်းကို လေးလံစွာချလိုက်သည်။

"တကယ်ကို ပျင်းစရာကောင်းပြီး ဘာမှမထူးခြားနားတဲ့ ခရီးစဉ်ပါပဲလား”

ယခုတစ်ကြိမ်တွင် သူသည် အစားရှောင်မယ်တော်နှင့် ထပ်မံဆုံတွေ့ခဲ့သော်လည်း သူမမှာ ကလေးငယ်ဘဝသာရှိသေးသည်။

ထိုကလေးမကို မြင်ခိုက်တွင် သမိုင်းကြောင်း၏ လျှို့ဝှက်ချက်များ သို့မဟုတ် တုန်လှုပ်ချောက်ချားဖွယ်ရာ ရှေးဟောင်းလျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူထင်မှတ်ခဲ့မိသော်လည်း လက်တွေ့တွင်မူ ထူးထူးခြားခြား ဘာမျှမရှိဘဲ မိန်းကလေးတစ်ဦး ငါးဖမ်းပြီး စားသောက်နေသည်ကိုသာ ကြည့်ခဲ့ရ၏။

သူနှင့် အစာရှောင်မယ်တော်ကြားတွင် နက်ရှိုင်းသော ရန်ငြိုးရန်စများ သို့မဟုတ် ဖြေရှင်းမရသော ပြဿနာများလည်း မရှိခဲ့သဖြင့် ၎င်းမှာ ငယ်ရွယ်စဥ်ကဇာတ်နာခဲ့ရသော ရိုးရှင်းသည့် ရုပ်ရှင်တစ်ကားကို ကြည့်နေရသကဲ့သို့သာရှိသည်။

“ပုံရိပ်ဖော်ဖို့ အချိန်တန်ပြီ”

ကျိယွမ်သည် အတိတ်ကိုပြန်တွေးနေခြင်းအား ရပ်တန့်လိုက်ပြီး ပုံရိပ်ဖော်နယ်ပယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ယခုတစ်ကြိမ်တွင် သူ့၌ မိစ္ဆာနတ်ဘုရား စွမ်းအင်များ အလျှံပယ်ပေါများနေသည် ။

သူ ပုံရိပ်ဖော်ရန်စိတ်ကူးထားသော နတ်ဘုရားများစွာရှိနေပြီး စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်စုလုံးကို တစ်ပြိုင်နက်တည်း ခေါ်ထုတ်ရန် စီစဉ်ထား၏။

“ငါက မဟာဧကရာဇ် ခြောက်ပါးထဲက တစ်ပါးတည်းကိုပဲ ပုံဖော်ရသေးတာ၊ ဒါကြောင့် ကျန်တဲ့ငါးပါးကို ဆက်ပြီး ပုံဖော်ရမယ်။ ပြီးတော့ ထာလီဘုရင်၊ ရန်ကျန့် ၊ ကောင်းကင်ဘုံလိုကြီးမြတ်တဲ့ မျောက်မင်း ၊ မီးနတ်ဘုရား ကျူးရုံ ၊ ဘိုးဘေးမှောနတ်ဘုရားတွေ ၊ မြှားနတ်မင်း ဟို့ရိ ၊ သုံးပါးတစ်ဆူနတ်မင်းကြီးတွေနဲ့ ဖန်ကူးတို့ကိုတောင် ပုံဖော်ချင်သေးတယ်”

ကျိယွမ်၏ မှတ်ဉာဏ်ထဲတွင် တန်ခိုးကြီး နတ်ဘုရားများစွာ ရှိနေ၏။ ကမ္ဘာမြေတွင်နေထိုင်ခဲ့စဥ် သူ၏အတိတ်ဘဝမှ ဒဏ္ဍာရီအချို့တွင် အဆိုပါနတ်ဘုရားများကို ပုံစံအမျိုးမျိုးဖော်ပြထားပြီး မည်သူပြောသည့်သမိုင်းက အမှန်ဖြစ်သည်ကိုတော့ သူမခွဲခြားတတ်ပါ။

သို့သော် သူမှတ်မိသည့်အတိုင်း ပြန်တွေးကာ ပုံဖော်လိုက်သောနတ်ဘုရားများကတော့ သူလိုချင်သည့်ပုံစံအတိုင်း ထွက်လာစမြဲဖြစ်နေ၏။

၎င်းက ကျိယွမ်ကို အံ့အားသင့်စေပြီး မည်သို့ရှင်းပြရမည်ကိုပင် သူမသိတော့ပါ။

အကယ်၍ အတင်းအကြပ် ရှင်းပြရမည်ဆိုပါက ဖြစ်နိုင်ခြေ နှစ်ခုသာရှိသည်။

ပထမ ဖြစ်နိုင်ခြေမှာ ထိုနတ်ဘုရားများမှာ အမှန်တကယ် တည်ရှိနေကြပြီး သူ၏ ပုံရိပ်​ဖော်မှုက တိကျမှု မရှိလျှင်ပင် ပုံရိပ်ဖော်ခြင်း အတတ်ပညာ၏ ရလဒ်ကို ထိခိုက်မှု မရှိခြင်း ဖြစ်မည်။

ဒုတိယ ဖြစ်နိုင်ခြေမှာ ဤရှေးဟောင်းကမ္ဘာသည် အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများကို ဖန်တီးပေးနိုင်သောကြောင့် ထိုနတ်ဘုရားများမှာ နဂိုကမရှိသော်လည်း ကျိယွမ်၏စိတ်ကူးသည့်အတိုင်း သူ့ဘာသာဖြစ်ပေါ်လာခြင်း ဖြစ်မည်။

မည်သို့ပင် ဖြစ်စေ ထိုအကြောင်းပြချက်များမှာ ကျိယွမ်၏ အစီအစဉ်ကို မထိခိုက်စေသဖြင့် သူက အကြောင်းရင်းကို ဆက်လက်တွေးမနေတော့​ပါ။

“တစ်ခါတလေကျရင် အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတဲ့အရာတွေ ဒါမှမဟုတ် လုပ်ကြံဖန်တီးထားတာတွေက လက်တွေ့နဲ့ ပိုနီးစပ်တတ်တယ်။ ဘာလို့လဲဆိုတော့ လက်တွေ့က ယုတ္တိဗေဒအတိုင်း ဖြစ်မလာတတ်ပေမဲ့ စိတ်ကူးယဉ်မှုတွေကတော့ ယုတ္တိရှိနေမှ ဖြစ်မှာမို့လို့ပဲ”

ကျိယွမ်၏ အကြည့်များက စူးစိုက်သွားပြီး တည်ကြည်လေးနက်လာ၏။

ပထမဆုံး သူ ပုံရိပ်ဖော်လိုသည့် နတ်ဘုရားမှာ မြေအောက်ကမ္ဘာ၏ ဘုရင်မ၊ ကမ္ဘာမြေနတ်ဘုရားမ သို့မဟုတ် ဟို့ထူ ဖြစ်သည်။

သူသည် ချီချီအတွက် လမ်းကြောင်းကို ကြိုတင်စီစဉ်ထားပြီးသားပင် ။ ပထမဦးစွာ သူမကို ဖီးနစ်ငှက်မှတစ်ဆင့် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းစေပြီးနောက်မှ ဟို့ထူမှတစ်ဆင့် မဟာအုပ်စိုးရှင် ဖြစ်လာစေရန် ရည်ရွယ်ထားသည်။

ဘာပဲဖြစ်ဖြစ် သူ၏ မွေးစားသမီးအတွက် အကောင်းဆုံးအရာကို ပေးရမည် မဟုတ်ပါလား။

မိုးကြိုးနတ်ဘုရားအတွက်မူ ကျိယွမ်သည် မဟာဧကရာဇ်ခြောက်ပါးထဲမှ နောက်ထပ်တစ်ပါးဖြစ်သော တောင်ဝင်ရိုးစွန်း သက်တော်ရှည်ဧကရာဇ်ကို ပုံဖော်ရန် စီစဉ်ထား၏။

ကောင်းကင်ဘုံကိုးပါးမိုးကြိုးနတ်မင်းမှာ အခြေခံအားဖြင့် တောင်ဝင်ရိုးစွန်းသက်တော်ရှည်ဧကရာဇ်အရှင်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် မိုးကြိုးနတ်ဘုရား အဘိုးကြီးရှန်လဲ့၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ရန် လိုအပ်နေသေးသည်။

ကျိယွမ်တွင်လည်း ကိုယ်ပိုင်မျက်နှာသာပေးမှုများ ရှိပါသည်။

သူ့နောက်သို့ လိုက်ပါသူ အများစုအတွက်မူ သူတို့၏ အလားအလာကို အမြင့်ဆုံးအထိ ရောက်ရှိစေရန် သင့်တော်သော ပုံရိပ်ဖော်နည်းစနစ်များကို ဆုလာဘ်အဖြစ် တစ်ယောက်မကျန် ပေးမည်သာဖြစ်၏။

သို့သော် သူနှင့် ပို၍ ရင်းနှီးသူများ သို့မဟုတ် ပို၍ နီးစပ်သော ပတ်သက်မှုရှိသူများ အတွက်မူ သူက ပို၍ ပေးပါလိမ့်မည်။

" အဂတိတရားဆိုတာ အာဏာရှိသူတိုင်းမှာရှိတယ် ၊ သူစိမ်းနဲ့ လူရင်းဆို လူရင်းကိုမျက်နှာသာပိုပေးမိတတ်တာ လူသားသဘာဝပဲ ၊ ငါလည်း လူပဲလေ "

ထိုသို့သော ကိုယ်ပိုင်မျက်နှာသာပေးမှုများဖြင့် ကျိယွမ်သည် သူ၏ ပုံရိပ်ဖော်ခြင်းကို စတင်လိုက်တော့သည်။

“သူမသည် ယင်နှင့်ယန်ကို အုပ်စိုး၏၊ ခပ်သိမ်းသော အရာတို့ကို စီရင်၏၊ ကိုးပါးသော တိုက်ကြီးများတစ်လျှောက် ငြိမ်းချမ်းမှုကို ထိန်းသိမ်း၏။ သူမသည် ကမ္ဘာမြေ၏ မယ်တော်ပင် ဖြစ်သည်။”

သူ၏ စိတ်ထဲတွင် ပြိုင်ဘက်ကင်းလောက်အောင် သန့်ရှင်းစင်ကြယ်သော နတ်ဘုရားမတစ်ပါးကို မြင်ယောင်လိုက်သည်။

သူမသည် မြေအောက်ကမ္ဘာ၏ နက်ရှိုင်းသော အရပ်တွင် စံပယ်တော်မူပြီး ရှေးဟောင်းဒဏ္ဍာရီများတွင်ပင် လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေသော တန်ခိုးရှင်တစ်ဦး ဖြစ်လေ၏။

ကောင်းကင်ဘုံကိုးပါး မိုးကြိုးနတ်မင်းနှင့် နှိုင်းယှဉ်ပါက သူမမှာ ပို၍ပင် ကြည်ညိုလေးစားခြင်းခံရသူ ဖြစ်သည်။

ကျိယွမ်အနေဖြင့် ဤမျှ အဆင့်အတန်းမြင့်သော နတ်ဘုရားတစ်ပါးကို ပုံဖော်ခြင်းမှာ ယခုက ပထမဆုံးအကြိမ်ဖြစ်လေသည်။

“ဒါ အောင်မြင်ပါစေလို့ မျှော်လင့်ရတာပဲ”

သူ၏ စိတ်ထဲတွင် မရေတွက်နိုင်သော မှတ်ဉာဏ်များနှင့် ပုံရိပ်များသည် ပြောင်းလဲနေသော ဖလင်လိပ်အတွင်းရှိ မြင်ကွင်းများကဲ့သို့ လည်ပတ်နေ၏။

အရင်အခေါက်များကဲ့သို့ပင် သူမ၏ ပုံရိပ်သည် သူ၏ဘေးတွင် ပေါ်မလာသေးဘဲ ပုံရိပ်ဖော်တောင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ရှေးဟောင်းခေတ်မှ လာဟန်ရှိသော ဂါထာမန္တန်တစ်ခုသည် ပုံရိပ်​ဖော် တောင်တစ်ခွင်တွင် ပဲ့တင်ထပ်လာပါတော့သည်။

“ဝိညာဉ်တော် ပြန်လာပါလော့၊ ဤမြေအောက်ကမ္ဘာသို့ ဆင်းသက်ခြင်း မပြုပါနှင့်...”

ပုံရိပ်တောင်ကြီးသည် တုန်ခါသွားသော်လည်း ယခုတစ်ကြိမ်တွင်လည်း စမ်းသပ်မေးခွန်းနှစ်ခု ပေါ်မလာခဲ့ပါ။

အရင်အတိုင်းပင် ဖြစ်ခဲ့ပြန်၏။

“ထင်ရှားစေသတည်း”

ခန့်ညားထည်ဝါသော အမျိုးသမီးအသံတစ်ခုသည် ကျိယွမ်၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

ကျိယွမ်၏ မျက်လုံးများမှာ ဝမ်းသာကြည်နူးမှုဖြင့် တလက်လက်တောက်ပသွားလေ။

“အောင်မြင်သွားပြီ”

အကယ်၍ ဧကရာဇ်များကို ထင်ရှားစေနိုင်လျှင် ၊ သုံးပါးတစ်ဆူနတ်မင်းကြီးများကရော ဝေးနိုင်ပါဦးမည်လော။

ထိုအချိန်တွင်း ရေကန်အနီးတွင်ကျန်နေခဲ့သော မိန်းကလေးငယ်သည် ငါးကင်ကိုစားနေရင်းမှ ကောင်းကင်တိုင်လုံးဟုခေါ်သော အဝေးမှ တောင်ကြီးဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။

“တုန်ခါနေတာပဲ...”

သူမသည် တင်းကျပ်စွာ ကိုင်ထားသော ငါးကင်လေးကို ငုံ့ကြည့်လိုက်၏ ။ သူမ၏ မျက်လုံးများမှာ ယခုအခါတွင် သန့်စင် ကြည်လင်နေသည်။

“ငါ ကတိပေးခဲ့တယ်”

ထိုအမျိုးသားက သူမကို ငါးတစ်ကောင် ပေးမည်ဆိုပါက ကောင်းကင်တိုင်လုံးကို စောင့်ရှောက်ပေးမည်ဟု သူမ ကတိပေးခဲ့၏။

သူမသည်မျက်လုံးများကိုမှိတ်ကာ အ​ဝေးမှကောင်းကင်တိုင်လုံးကို အာရုံစူးစိုက်ပြီး ထိုအရာ၏တုန်ခါမှုကို ခံစားကြည့်သည်။ အချိန်အနည်းငယ်ကြာသောအခါ သူမနှင့်ထိုအရာကြား ဆက်သွယ်မှုရှိလာသကဲ့သ်ို့ ခံစားမိလာ၏။

ရပြီထင်တယ်။

ဝူရှီက သူမ၏ဖြူလျော့သော လက်ကလေးကို ဆန့်ထုတ်ကာ မြေပြင်ပေါ်သို့ ဖိချလိုက်လေသည်။

တုန်ခါနေသော ကောင်းကင်တိုင်ကြီးသည် ချက်ချင်းပင် ငြိမ်သက်သွား၏။

သူမ၏ လှပသောမျက်နှာလေးမှာလည်း စက္ကူတစ်စလို ဖြူလျော့သွားခဲ့သည်။ သို့သော် သူမက မျက်ခုံးများကိုကျုံ့ပြီး အာရုံအပြည့်စိုက်ထားလေသည်။

ပုံရိပ်ဖော်နယ်ပယ်ထဲတွင်တော့ တည်ငြိမ်ပြီး ခိုင်မာနေသော ကျိယွမ်၏အသံက ဆက်လက်ထွက်ပေါ်နေ၏။

“သူမ၏ မျက်လုံးများသည် နေနှင့် လကဲ့သို့ ဖြစ်၏၊ သူမ၏ ချက်သည် ကမ္ဘာမြေ၏ ဗဟိုချက်ကဲ့သို့ ဖြစ်၏၊ သူမသည် ကြီးမြတ်သော ပုဆိန်ကို ကျော့ရှင်းစွာ ကိုင်စွဲ၏”

“ပုလဲလုံးသည် ကောင်းကင်မှ ဆင်းသက်လာပြီး မူလအစ ဖြစ်တည်မှု၏အာဏာကို ဆုပ်ကိုင်ထား၏...”

“ကြီးမားသော စွမ်းအားရှိ၏... အမိန့်ကို နာခံသော်လည်း စေခိုင်းမှုကိုတော့ မခံယူပေ”

“မြောက်ဘက်ကြယ်စင်စု၏ လက်ဝဲဘက်တွင် သူမသည် ဝိညာဉ်များကို အုပ်စိုးပြီး နတ်ဘုရားအားလုံးကို ဆုပ်ကိုင်ထား၏”

“ကြယ်ကိုးလုံးသည် ကိုးပါးသော ကောင်းကင်များ၏ မြစ်ဖျားခံရာ ဖြစ်၏၊ နေနှင့်လ၏ အလင်းတန်းများ ဖြစ်၏၊ ခပ်သိမ်းသော အရာတို့၏ အရင်းအမြစ် လည်းဖြစ်၏။”

.............

ကောင်းကင်တိုင်လုံးသည် အဆက်မပြတ် တုန်ခါနေလေတော့သည်။

ဖန်ထုန်နယ်မြေတွင်ရှိနေသော နတ်ဘုရားများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နိုးထလာကြ၏။

မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူတို့ လုံးဝ မသိရှိကြပါ။

သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေ၏။ကြောင်လန့်ဖွယ်တုန်ခါမှုများသည် တစ်နာရီတိတိ ကြာမြင့်ခဲ့လေသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ ကောင်းကင်တိုင်ကြီးသည် မြဲမြံစွာဖြင့် မယိမ်းမယိုင် မတ်မတ်ခိုင်ခိုင် ရှိနေဆဲပင်။

သို့သော်လည်း ရှေးဟောင်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေအတွင်းရှိ မျှော်စင်များမှာမူ တစ်ခုပြီးတစ်ခု လျှို့ဝှက်စွာ ပျောက်ကွယ်ကုန်လေတော့သည်။

သို့သော် ယခုအချိန်မျိုးတွင် မည်သူကများ ဘိုးဘွားနယ်မြေအကြောင်းကို ဂရုစိုက်နေရန် အချိန်ရှိပါမည်နည်း။ မျှော်စင်များ ပျောက်ကွယ်သွားလျှင်ပင် ထိုရှေးဟောင်းနတ်ဘုရားများက သတိထားမိကြလိမ့်မည် မဟုတ်ပါ။

ကျိယွမ်၏ မျက်လုံးများထဲတွင်တော့ ပြတ်သားသော စိတ်ဓာတ်များ ပြည့်နှက်နေ၏။

ယခုလေးတင် သူသည် သူ၏ မှတ်ဉာဏ်ထဲမှ စွမ်းအားကြီး နတ်မင်းများအားလုံး နီးပါး ကို ပုံရိပ်ဖော်နည်းစနစ်များအဖြစ် ဖန်တီးနိုင်ခဲ့လေပြီ။

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်များ ပါဝင်သော စာလိပ်များမှာ သူ၏ ပတ်လည်တွင် လွင့်ပျံနေကြ၏။

နည်းစနစ်တစ်ခုစီတိုင်းသည် ကြယ်တာရာများကဲ့သို့ ကျယ်ပြော၏။ ရှေးကျပြီးနက်နဲကာ လျှို့ဝှက်ဆန်းကြယ်ကာ နားလည်ရခက်သော အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။

အကယ်၍ သာမန် ရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ဤမြင်ကွင်းကို တွေ့မြင်ရပါက သူတို့၏ မျက်လုံးများသည် စာလိပ်များ၏တောက်ပမှုကြောင့် ကန်းသွားနိုင်၏။

နည်းစနစ်တစ်ခုချင်းစီတိုင်းကလည်း သူတော်စင်အဆင့် အရည်အသွေးများ ဖြစ်ကြသည့်အပြင် ၎င်းတို့မှာ သာမန်သူတော်စင်အဆင့် နည်းစနစ်များပင် မဟုတ်ကြပါ။

အထူးသဖြင့် နည်းစနစ်သုံးခုမှာ ပို၍ နက်နဲပြီး ခပ်သိမ်းသော အရာတို့ကို လွှမ်းခြုံထားလေ၏။ ၎င်းတို့အတွင်း၌ ကြယ်တာရာများက အလှဆင်ပစ္စည်းများကဲ့သို့ လှည့်ပတ်နေပြီး သေခြင်းနှင့် ရှင်ခြင်းမှာလည်း ယှက်နွယ်နေခဲ့သည်။

သို့သော် အနီးကပ် ကြည့်ရှုပါက ထိုစာလိပ် သုံးခုမှာ ရိုးရှင်းသောအလင်းစက်များအဖြစ်သာ မြင်တွေ့ရမည်ဖြစ်သည်။

ထိုနည်းစနစ်များကို ကျင့်ကြံမိသူတိုင်းသည် အခြားသော သူတော်စင်အဆင့် နည်းစနစ်အားလုံး ပေါင်းလိုက်လျှင်ပင် ဤသုံးခုထဲမှ တစ်ခုကိုမျှ မယှဉ်နိုင်ကြောင်း ခံစားမိကြမှာ သေချာ၏။

ထိုနည်းစနစ် သုံးခုမှာ ယွမ်ရှီထိုက်ကျွမ်း၊ လင်ပေါင်ထိုက်ကျွမ်း နှင့် တောက်ထိထိုက်ကျွမ်းတို့ကို ကိုယ်စားပြုလေသည်။

သူတို့မှာ တာအိုဘာသာ၏ အမြင့်မြတ်ဆုံးသော နတ်မင်းကြီးများပင်။

“သုံးပါးတစ်ဆူနတ်မင်းကြီးတွေ ... တကယ်ပဲ ငါပုံရိပ်ဖော်နိုင်ခဲ့တာပဲ "

ကျိယွမ်သည် စိတ်လှုပ်ရှားလွန်း၍ အသက်ရှုသံများပင် ​မြန်လာခဲ့သည်။

သုံးပါးတစ်ဆူနတ်မင်းကြီးများ၊ မဟာဧကရာဇ်ခြောက်ပါး၊ အကြီးအကဲ ငါးပါး၊ အရာရှိ သုံးပါး၊ ဌာန ခြောက်ခု...။

ကျိယွမ်သည် သူ၏ ယခင်ဘဝမှတ်ဉာဏ်ထဲရှိ နတ်ဘုရားတိုင်းကို ပုံဖော်ခဲ့ခြင်းပင်။

ဖန်တီးသမျှတိုင်းက အောင်မြင်နေသောကြောင့် ကျိယွမ်မှာ စိတ်လှုပ်ရှားသလို မယုံနိုင်စွာအံ့အားလည်း သင့်နေမိသည်။

သို့သော် ထိုအရာများထဲတွင် သူ အံ့အားအသင့်ရဆုံးသော ပုံဖော်မှုမှာ အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းလှသည့် နတ်ဘုရားတစ်ပါးကို သူဖန်တီးမိခဲ့ခြင်းပင်။

၎င်းမှာ ဘူးသီးနတ်ဘုရားညီအစ်ကိုများကို ပုံဖော်ခဲ့စဉ်ကထက်ပင် ပို၍ ရယ်စရာကောင်းလေ၏။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သူသည် ပုံရိပ်ဖော်ရင်း ၊ ပုံရိပ်​ဖော်ရင်းမှ မုဒ်အပြည့်ဝင်သွားပြီး စက်သေနတ်ဘုရားလောင်းကြီးကိုပါ ပုံရိပ်ဖော်မိသွားသောကြောင့်ပင်။

"စက်သေနတ်ဘုရားလောင်းက ဒဏ္ဍာရီထဲမှာ မရှိဘူးလေ ၊ ငါဘာလို့အောင်မြင်သွားတာလဲ"

All Chapters