ခေါင်းပြတ်သွားရင်တောင် လက်နှစ်ဖက်ကျန်သေးတယ် ၊ ဘာလို့အရှုံးပေးရမှာလဲ
Vol. 20 Ch. 233
ကျိယွမ်သည် ပုံရိပ်ဖော်တောင်ကြီးရှေ့တွင်ရပ်နေဆဲဖြစ်ပြီး သူ၏အတွေးများကလည်း ရှုပ်ထွေးနေ၏။
ပုံရိပ်ဖော်တောင်ကြီးမှထုတ်လုပ်ပေးသော ပုံရိပ်ဖော်နည်းစနစ်များက ထင်ထားသည်ထက်အဆများစွာပိုမိုနက်နဲလှပြီး သူနားမလည်နိုင်သောလျှို့ဝှက်ချက်များ ရှိနေသည်ဟူသော ခံစားချက်ကို သူမေ့လို့မရဖြစ်နေသည်။
"တခြားကမ္ဘာတွေမှာ ပုံရိပ်ဖော်တောင်လိုအရာမျိုးကိုတစ်ခါမှ မတွေ့ဖူးသလို ကြားလည်း မကြားဖူးဘူး ၊ ဒီကမ္ဘာက သိပ်မကြီးပေမဲ့ တော်တော်ထူးဆန်းတယ်"
နောက်ဆုံးတွင် ကျိယွမ်သည် အဖြေရှာမရသောအတွေးများစွာဖြင့် အပြန်လမ်းကို စတင်ခဲ့လေသည်။
ထိုအချိန်တွင် အတိတ်ကာလ၏ အဆုံးမဲ့တောင်တန်းများအတွင်း၌ဖြစ်သည်။
သုန်းကျန်းဟဲသည် ဂဏာမငြိမ်ဖြစ်နေပြီး တောကြည့်တောင်ကြည့်လုပ်နေရင်းမှ နောင်တရသလို သက်ပြင်းချ၏။
"ငါက ကျိယွမ်ဆီဝင်ဖို့အတွက် သူတော်စင်အဆင့်နည်းစနစ်တစ်ခုကို စွန့်လွှတ်ခဲ့ရတာ။ ငါ ပေးခဲ့ရတဲ့ တန်ဖိုးက အရမ်းများလွန်းတယ်"
ကြောင်နတ်ဘုရားက တုန်းကျန်းဟဲကို ဘေးတိုက်တစ်ချက်ကြည့်ကာ မဲ့၏။
"အဲဒီ သူတော်စင်အဆင့်ဆိုတဲ့ နည်းစနစ်ကို စွဲလမ်းနေတာ တော်လိုက်တော့။ကျိယွမ်ဆီရောက်လာကတည်းက သူတော်စင်အဆင့် နည်းစနစ်တွေဆိုတာ နေရာတိုင်းမှာပေါသောနေတာ မင်းမမြင်ဘူးလား"
လွန်ခဲ့သည့် နှစ်ရက်အတွင်း အသစ်ရောက်လာကြသူများသည် မဟာအုပ်စိုးရှင်ရှန်လဲ့နှင့် အခြားသူများ အလွန်အစွမ်းထက်နေရခြင်း၏လျှို့ဝှက်ချက်ကို သိခဲ့ရပြီးဖြစ်သည်။ အကြောင်းရင်းမှာ ကျိယွမ်၏ပုံရိပ်ဖော်နည်းစနစ်များကြောင့်ပင်။
အပြင်လူများသိထားသည်မှာ ကျိယွမ်သည် ဖန်ထုန်လောကတွင် သူတော်စင်အဆင့် နည်းစနစ်ရှစ်ခုကို ဖန်တီးနိုင်ခဲ့သည်ဟူသော အပေါ်ယံသတင်းကိုသာဖြစ်သည် ။ အမှန်တကယ်တွင်တော့ သူသည် အတိတ်သို့ပင်အချိန်ခရီးသွားနိုင်ပြီး ထိုနေရာ၌ သူတော်စင်အဆင့်နည်းစနစ် အမြောက်အမြားကို စိတ်ကူးပုံဖော်ခဲ့လေ၏။
ရှန်းမြောင်၏စကားကြောင့် သုန်းကျန်းဟဲက ထိုကိစ္စကိုဆက်မပြောတော့ပါ ။ သိူ့သော် သူက ဇဝေဇဝါဖြစ်နေဟန်ဖြင့် အဘိုးကြီးရှန်လဲ့အား ကြည့်နေသည်။
"မိုးကြိုးနတ်မင်းကြီးရှန်းလဲ့မှာ အဆင့်မြင့်ဆုံးပုံရိပ်ဖော်နည်းစနစ် ရှိနေပြီ မဟုတ်လား။ သူ ဘာလို့ ဒီကိုလိုက်လာရတာလဲ"
သူက မအောင့်နိုင်ဘဲ တိုးတိုးမေးလိုက်မိ၏။
"သူတင် မကဘူး၊ သူတော်စင်အဆင့်ပုံရိပ်ဖော်နည်းစနစ် ရှိနှင့်ပြီးသား တခြား ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရွာသားတွေပါ ဒီမှာ ရှိနေကြတာ"
နဂါးနတ်ဘုရားကလည်း လေးနက်စွာစဥ်းစားနေရင်းမှ ထူးခြားမှုကိုထောက်ပြ၏။
"ဖြစ်နိုင်တာက .."
သုန်းကျန်းဟဲသည် လေကို ပြင်းပြင်းရှူသွင်းလိုက်၏။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ယင်းမှာ ကျိယွမ်အတွက် အရေးကြီးဆုံးလိုအပ်ချက်မှာ ပုံရိပိဖော်နည်းစနစ်များကိုစဥ်းစားနေရန်မဟုတ်ဘဲ မိစ္ဆာနတ်ဘုရားစွမ်းအားများသာ ဖြစ်ကြောင်း သက်သေပြနေခြင်းပင်မဟုတ်ပါလား ။
မိစ္ဆာနတ်ဘုရားစွမ်းအားများရှိနေသရွေ့ သူက ပုံရိပ်ဖော်နည်းစနစ်များကို အကန့်အသတ်မဲ့ဖန်တီးနိုင်သည်ဟု ဆိုလိုနေခြင်းလား။
သုန်းကျန်းဟဲ၏ လက်ကျန်မာနတရားများမှာ လုံးဝကို ပြိုလဲသွားရရှာသည်။
ဒါကြီးက လူမှမဟုတ်တော့တာ ။
"လူငယ်ကောင်းကင်ဧကရာဇ်ဘွဲ့က ကျိယွမ်ဆီ ရောက်သွားရမယ်ဆိုရင်လည်း ရောက်ပါစေတော့ "
သူကိုယ်သူ ဖြေသိမ့်သလို ပြောလိုက်လေသည်။ ကြောင်နတ်ဘုရားက သူ့ကို ဘာမှတ်ချက်မှမပေးဘဲ မကြည်သလိုကြည့်လိုက်၏။
ဒီကောင်အခုမှပဲ အမှန်တရားကို လက်ခံတော့တယ် ။
ထိုခဏမှာပင် တည်ငြိမ်သော အသံတစ်ခုက သူတို့ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာ၏။
"ငါ့မှာ ကမ္ဘာလောကရဲ့ လျှို့ဝှက်ချက်တွေကို ဖြေရှင်းပေးနိုင်ပြီး ယင်နဲ့ယန်သဘောတရားတွေကို နားလည်စေနိုင်တဲ့အပြင် သေခြင်းရှင်ခြင်းသံသရာကို ရှုမြင်နိုင်တဲ့ မရေမတွက်နိုင်တဲ့ နည်းစနစ်တွေ ရှိတယ်"
"ငါ့ရဲ့ ကောင်းချီးတွေကို အခု မင်းတို့အားလုံးကို ပေးသနားမယ်"
ဝတ်ရုံအနက်ကိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦးပေါ်လာပြီး သူ၏ ပတ်လည်တွင် ပုံရိပ်ဖော်နည်းစနစ် တစ်ခုစီကို ကိုယ်စားပြုသော မရေမတွက်နိုင်သော အလင်းစက်များ ဝန်းရံလျက် ရှိ၏။
ရှေးဟောင်းနတ်ဘုရားများနှင့် ရွာသားအားလုံးသည် ထိုပုံရိပ်ဖော်နည်းစနစ်များကို ကြည်ညိုလေးစားသော အကြည့်တို့ဖြင့် ကြည့်လိုက်မိကြသည်။
ယခင်က မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ ခန့်ခန့်ကြီးထိုင်သော မိုးကြိုးနတ်ဘုရားကြီးရှန်လဲ့ပင် သူ၏တည်ငြိမ်မှုကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပါ။
"သေစမ်း.."
"ငါ့ထက် အစွမ်းထက်တာတွေ အများကြီး ရှိနေတာလား"
ကောင်းကင်ကိုးပါးမိုးကြိုးနတ်မင်း၏ ပုံရိပ်ဖော်နည်းစနစ်ကိုရရှိပြီးနောက် ရှန်လဲ့သည် သူ့ကိုယ်သူ ထိပ်ဆုံးဟုတွေးကာ အတော်လေး ကျေနပ်နေခဲ့မိသည်။
၎င်းသည် ကျိယွမ် ပေးနိုင်သမျှတွင် အစွမ်းထက်ဆုံးနည်းစနစ် ဖြစ်မည်ဟု သူ ထင်မှတ်ခဲ့၏။
အထက်လောက၏ သုံးဆယ့်သုံးထပ်သောကောင်းကင်မှအစပြု၍ အောက်လောက၏ ငရဲကြီးကိုးထပ်အထိ ရှိရှိသမျှသောမိုးကြိုးများကို ထိန်းချုပ်နိုင်သော မိုးကြိုးနတ်မင်း၏စွမ်းအားကပင် သူ နားမလည်နိုင်အောင်ပင် ကြီးမားလှသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုနည်းစနစ်ကို အမြင့်ဆုံးဟု သူထင်နေခဲ့သည်မှာ သူ၏အမှားဟုတော့ မဆိုသာပါ။
သို့သော် ယခုအခါ၌ ကျိယွမ်ကို ဝန်းရံထားသောနည်းစနစ်များကို မြင်လိုက်သောအခါ သူကိုယ်တိုင်ပင် နက်နဲလှသည်ဟု ခံစားရသော၊ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများကိုထုတ်လွှင့်နေသော နည်းစနစ်များကို တွေ့လိုက်ရ၏။
အထူးသဖြင့် အထက်ဆုံးတွင် ရှိနေသော နည်းစနစ်သုံးခုမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ခပ်သိမ်းသော အရာတို့၏ ရင်းမြစ် ဖြစ်ပုံရလေသည်။
ရှန်လဲ့သည် ထိုနည်းစနစ်များကို ကြည့်လိုက်မိသောအခါ ရှိခိုးပူဇော်လိုစိတ်များပင် ဖြစ်ပေါ်လာမိ၏။
ဒါတွေအကုန်လုံး ငါတို့ကိုပေးတော့မှာလား။
စုဝေးနေသော ရှေးဟောင်းနတ်ဘုရားများသည် လေးနက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသော ခံစားချက်များကို ခံစားနေရပြီး မျက်လုံးများက မီးတောက်များအလား ဝင်လက်လာကြ၏။
"မူလနတ်ဘုရားရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့ဟာ မူလနတ်ဘုရားရဲ့အလိုတော်အတိုင်း လိုက်နာဖို့ သစ္စာဆိုပါတယ်။ အကယ်လို့ သွေဖည်ခဲ့ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အမျက်ဒေါသကို ခံယူပါ့မယ်"
ရှေးဟောင်းနတ်ဘုရားတိုင်းသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ သုန်းကျန်းဟဲပင်လျှင် သူ၏ သူတော်အဆင့် နည်းစနစ်မှာ ဘာမှမဟုတ်တော့ကြောင်း နောက်ဆုံးတွင် စိတ်ချလက်ချဝန်ခံလိုက်ရလေသည်။
လူတိုင်းက ကျိယွမ်ကို တောက်ပသောမျက်လုံးများဖြင့် ကြည်ညိုလေးစားစွာ ကြည့်နေကြ၏။
ဆံပင်ဖြူများဖြင့် အိုမင်းနေပြီဖြစ်သော မဟာအုပ်စိုးရှင်ကြီးလီရှန်းး၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲနေသည်။
ကမ္ဘာလောကအတွက် မျှော်လင့်ချက်ကို သူ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေရ၏။
ခေါင်းပြတ်ကြီးလင်ကျုန်းမှာမူ တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ တိတ်ဆိတ်နေလေသည်။
ထိုအချိန်တွင် ကျိယွမ်၏ နူးညံ့သောအသံက ပဲ့တင်ထပ်လာ၏။
"တစ်ခါက စစ်နတ်ဘုရား စင်ထျန်းဟာ နတ်ဘုရားဖြစ်ဖို့ ဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့တယ်။ ဧကရာဇ်က သူ့ခေါင်းကို ဖြတ်လိုက်ပေမယ့် စင်ထျန်းဟာ မသေခဲ့ဘူး။ သူဟာ ရင်ဘက်ကို မျက်လုံးအဖြစ်၊ ချက်ကို ပါးစပ်အဖြစ် အသုံးချပြီး ဒိုင်းနဲ့ ပုဆိန်ကို ကိုင်စွဲကာ ဆက်လက် တိုက်ပွဲဝင်ခဲ့တယ်"
ထိုဇာတ်လမ်းကိုကြားသောအခါ ခေါင်းပြတ်ကြီးလင်ကျုန်း၏ ခန္ဓာကိုယ်မှာ တုန်ရီလာ၏။ရှိသမျှလူများအားလုံးထဲတွင် ခေါင်းပြတ်နေသူဟူ၍ သူတစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလား။
သူ၏ အကြည့်မှာ တောက်ပသောနည်းစနစ် တစ်ခုပေါ်တွင် စွဲငြိနေ၏။
ဧကရာဇ်နှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေပြီး ဒိုင်းနှင့်ပုဆိန်ကြီးကို ကိုင်စွဲထားသည့် ကြောက်မက်ဖွယ် ခေါင်းပြတ်နတ်ဘုရားကြီးတစ်ပါးကို သူ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရသည်။
ဧကရာဇ်ကသူ၏ ဦးခေါင်းကို တိခနဲဖြတ်တောက်လိုက်ပြီးနောက်တွင်ပင် ဤကြောက်မက်ဖွယ် နတ်ဘုရားသည် မဆုတ်မနစ်သော ဇွဲဖြင့် ဆက်လက် တိုက်ပွဲဝင်နေခဲ့သည်။
လင်ကျုန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားလာ၏။
သူသည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသော ဖန်ထုန်နယ်မြေမှ ရှေးဟောင်းနတ်ဘုရားများကို သတိရမိသည်။ ကောင်းကင်တိုင်ကြီး ကျိုးပျက်ခဲ့ရပြီး ဒဏ္ဍာရီများကျဆုံးခဲ့ကာ ဖန်ထုန်နယ်မြေမှာလည်း ခေါင်းဖြတ်ခံလိုက်ရသူကဲ့သို့ ဦးကျိုးကာ ကြေကွဲဖွယ်ရှုံးနိမ့်ခဲ့ရသည်။
သို့သော် ရှေးဟောင်းနတ်ဘုရားများသည် နမိစ္ဆာတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်ရန် ဘယ်သောအခါမှ လက်မလျှော့ခဲ့ကြပေ။
ကောင်းကင်တိုင် ကျိုးပျက်ပြီးနောက် တိုက်ပွဲကြီးများ ရပ်တန့်သွားသော်လည်း တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းနတ်ဘုရားများ၏ သုံးပုံနှစ်ပုံခန့်ကျဆုံးခဲ့ရ၏။
သူတော်စီမံကိန်းကို ရွေးချယ်ခဲ့ကြသော ရှေးဟောင်းနတ်ဘုရားများ၏ ရည်ရွယ်ချက်ကလည်း မျိုးဆက်သစ်များအတွက် အခွင့်အရေးပေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့လူကြီးပိုင်းများက လမ်းခင်းပေးရန် သူတို့ကိုယ်သူတို့ စွန့်လွှတ်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်၏။
စစ်နတ်ဘုရားစင်ထျန်းသည် နောက်ဆုံးအချိန်ထိဒူးမထောက်ဘဲကြံ့ကြံ့ခံနေသည့် ဖန်ထုန်နယ်မြေနှင့် အလားသဏ္ဌာန်တူလှပေသည်။
ထိုပုံရိပ်ဖော်နည်းစနစ်ကို ကြည့်နေကြသော ရှေးဟောင်းနတ်ဘုရား အားလုံးသည် စင်ထျန်း၏ ကောင်းကင်ကိုဆန့်ကျင်နေသည့် မဆုတ်မနစ်သောတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့နေရသကဲ့သို့ ခံစားကြရ၏။
"ဖန်ထုန်နယ်မြေက နတ်ဘုရားတွေအားလုံးသာ စင်ထျန်းလို ဖြစ်မယ်ဆိုရင် ရှုံးနိမ့်ရင်တောင် နောင်တမရှိ တိုက်ပွဲဝင်သွားမှာပဲ"
ရှေးဟောင်းနတ်ဘုရားတစ်ဦးက ဝမ်းနည်းသံဖြင့် သက်ပြင်းချလိုက်သည်။
"ဒီလို မြင့်မြတ်တဲ့ နတ်ဘုရားတောင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရသေးတာ ငါတို့က ဘာကိုကြောက်နေရမှာလဲ"
"ငါတို့မှာ မူလနတ်ဘုရားလည်း ရှိနေပြီ .."
"ငါတို့က ဘာကိုကြောက်နေရဦးမှာလဲ .."
"ခေါင်းပြတ်သွားရင်တောင် လက်နှစ်ဖက်ကျန်သေးတယ်..."
ရှေးဟောင်းနတ်ဘုရားများသည် ခံစားချက်များပြင်းထန်လာပြီး အံများကြိတ်ထားကာမေးကြောကြီးများပင် ထောင်လာ၏။
အချို့က မျက်ရည်များဝဲနေသော မျက်ဝန်းများဖြင့် ကျိယွမ်ကို ပိုမိုကြည်ညိုလေးစားစွာ ကြည့်ကြလေသည်။
စင်ထျန်း၏ပုံရိပ်ဖော်နည်းစနစ်သည် လင်ကျုန်း၏ရှေ့သို့ လွင့်မျောသွား၏။
ခေါင်းပြတ်ကြီးလင်ကျုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တုန်ရင်သောလက်များဖြင့် လက်ခံလိုက်သည်။
"မူလနတ်ဘုရားရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာလောကက မိစ္ဆာနတ်ဘုရားတွေကို နောက်ဆုံးအချိန်အထိ ဖယ်ရှားပစ်ပါ့မယ်"
ထို့နောက် ကျိယွမ်၏အကြည့်သည် ဆည်းဆာနတ်ဘုရားကြီးဟွမ်ဟွန်းထံသို့ ကျရောက်သွား၏။
ဟွမ်ဟွန်းမှာ ၎င်းကို အာရုံခံမိပုံရပြီး လေးနက်သွားလေသည်။
"ကုန်းကုန်းဟာ ထီးနန်းအတွက် ကျွမ်ရွှီးနဲ့ တိုက်ခိုက်ခဲ့ပြီး ဒေါသတကြီးနဲ့ ပုကျိုးတောင်ကို ဝင်တိုက်ခဲ့တာကြောင့် ကောင်းကင်တိုင်ကျိုးပျက်ပြီး မြေကမ္ဘာ့အထောက်အပံ့တွေ ပြတ်တောက်သွားခဲ့ရတယ်"
ရှေးဟောင်းနတ်ဘုရားအားလုံးသည် ကမ္ဘာလောက၏ ရေထုအားလုံးကို စီမံခန့်ခွဲနိုင်ပြီး ကောင်းကင်တိုင်ထက် များစွာမြင့်မားသည့်တောင်ကြီးတစ်ခုဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်သွားသော ခန့်ညားထည်ဝါသည့် နတ်ဘုရားကြီးတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရသည်။
ယခင်က ကပ်ဆိုးကိုဖြေဖျောက်သည့် နည်းစနစ်ကိုရရှိခဲ့သော ဆည်းဆာနတ်ဘုရားသည် ယခုအခါ ရှေးဟောင်းနတ်မင်းကုန်းကုန်း၏နည်းစနစ်ကို ရရှိခဲ့ပြီ ဖြစ်သည်။
ဆည်းဆာနတ်ဘုရားက ပုံရိပ်ဖော်နည်းစနစ်ကို လက်ခံရယူပြီးနောက် အလေးအမြတ်ပြု ဦးညွှတ်လိုက်၏။
သူ၏နှုတ်မှမည်သည့်စကားမှ မပြောသော်လည်း မျက်ဝန်းများကတော့ ပြတ်သားနေခဲ့သည်။
ငါက မသေမချင်း တိုက်ပွဲဝင်မဲ့သူပဲ။
ကျိယွမ်ကတော့ ဆက်လက် ရွတ်ဆိုနေ၏။
တောက်တိကောင်းကင်ဘုရင် လီ ၊ အနီရောင်နတ်ဘုရားလူငယ် ၊ ကြယ်တာရာနတ်မင်းကြီးများ ၊ ငရဲမင်းကြီး ဆယ်ပါး ...။
ကျိယွမ်မှတ်ဉာဏ်ထဲမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များမှာ နည်းစနစ်များအဖြစ် တစ်ပါးပြီး တစ်ပါး ထွက်ပေါ်လာကြတော့သည်။
ဒဏ္ဍာရီတိုင်းသည် အချိန်ကာလထဲတွင် မြှုပ်နှံထားသော ပုံပြင်တစ်ပုဒ်ဖြစ်၏။
ကျိယွမ်၏ နောက်လိုက်တစ်ဦးစီသည် သူတို့နှင့် သက်ဆိုင်သော နတ်ဘုရားတစ်ပါးစီကို ရရှိခဲ့ကြသည်။
ထို့ကြောင့် လူတိုင်းလူတိုင်းသည် အလွန်အစွမ်းထက်သော ပုံရိပ်ဖော်နည်းစနစ်တစ်ခုစီကိုရရှိသွားကြလေတော့သည်။
ရှီချုံရှန်းသည် အားလန်ရှန်းနတ်ဘုရား၏ နည်းစနစ်ကို ရရှိခဲ့ပြီး သူ၏ အကြည့်မှာ ပိုမို နက်ရှိုင်းလာသည်။
မိုးကြိုးနတ်မင်းကြီးရှန်းလဲ့သည် ဧကရာဇ်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သည့် တောင်ဝင်ရိုးစွန်း သက်တော်ရှည်ဧကရာဇ် နည်းစနစ်ကို ရရှိလိုက်သဖြင့် အလွန်ပျော်ရွှင်သွားလေသည်။
သူက ကျိယွမ်အားလေးနက်စွာကြည့်လိုက်၏။
မင်းက ငါ့ကို ဘယ်တော့မှစိတ်မပျက်စေဘူး၊ ငါကလည်း မင်းကိုဘယ်တော့မှ စိတ်မပျက်စေရဘူးလို့ ကတိပေးတယ်။
အခြားသူများအားလုံး၏ နည်းစနစ်များကလည်း အစွမ်းထက်သော နတ်ဘုရားများ ပြန်လည် မွေးဖွားလာသကဲ့သို့ဖြစ်နေ၏။
နောက်ဆုံးတွင် ကျိယွမ်ထံ၌ ပုံရိပ်ဖော်နည်းစနစ် သုံးခုသာ ကျန်တော့သည်။
ဤသုံးခုမှာ သူ၏မှတ်ဉာဏ်ထဲမှ အမြင့်မြတ်ဆုံးနတ်ဘုရားများ ဖြစ်ကြသည့် သုံးပါးတစ်ဆူနတ်မင်းကြီးများကို ကိုယ်စားပြုလေသည်။
ကျိယွမ်က လူအုပ်ကြီးကိုကြည့်လိုက်၏။ သူ၏နောက်လိုက်များထဲမှ ထိုက်တန်သူများကို သူကချီးမြှင့်ရန်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
သို့သော် ခဏအကြာတွင်သူအံ့သြသွားရလေသည်။
အကြောင်းမှာ သူကထိုက်တန်သည်ဟု ယူဆသူများအား နည်းစနစ်များကိုပေးရန် ကြိုးစားသောအခါ မည်သူကမျှ ထိုနည်းစနစ်ကို ပုံဖော်နိုင်ခြင်းမရှိကြသောကြောင့်ပင်။
တစ်ယောက်ကြိုးစား၏ မရပေ။
နောက်တစ်ယောက်ကြိုးစားပြန်သည် ။ သူလည်း မအောင်မြင် ။
နောက်ထပ် တစ်ယောက်ပြီးတစ်ယောက်သာကုန်သွား၏ ရလဒ်ကထူးခြားမလာခဲ့ပေ။
နောက်ဆုံးတွင် ကျိယွမ်သည် ရှေးဟောင်းနတ်ဘုရား အားလုံးကို သုံးပါးတစ်ဆူနတ်မင်းများကို ပုံရိပ်ဖော်ရန် ကြိုးစားခိုင်းခဲ့၏။
သို့သော် မည်သူမျှ မအောင်မြင်ခဲ့ပေ။
ယင်းက ကျိယွမ်ကို အံ့အားသင့်စေခဲ့သလို ရှေးဟောင်းနတ်ဘုရားများမှာလည်း အလွန် စိတ်လှုပ်ရှားသွားကြသည်။
"မူလနတ်ဘုရားအရှင် ၊ ဒီနတ်မင်းသုံးပါးရဲ့အဆင့်အတန်းက ကျွန်တော်တို့ စိတ်ကူးပုံဖော်နိုင်ဖို့အတွက် အရမ်းမြင့်လွန်းနေပါတယ်"
မဟာအုပ်စိုးရှင်တစ်ဦးက အလွန် စိတ်လှုပ်ရှားစွာ ထုတ်ပြောလိုက်၏။
ပုံရိပ်ဖော်နည်းစနစ်များက အဆင့်မြင့်မားလွန်းသဖြင့် မည်သူကမှပုံဖော်၍ မရနိုင်ဟူသောအချက်မှာ ယုံကြည်ရန်ခက်ခဲသော်လည်း လက်တွေ့ကြုံနေရလေပြီ။
သို့မဟုတ် ထိုကဲ့သို့သော အခြေအနေမျိုး ယခင်က တစ်ခါမှ မကြုံဖူးခဲ့ခြင်းသောကြောင့် အသစ်အဆန်းဟုထင်နေခြင်းလည်း ဖြစ်နိုင်၏။
ရှေးဟောင်းနတ်ဘုရားများသည် သာမန်လူများ စိတ်ကူးပင်မယဉ်နိုင်လောက်သော စွမ်းအားရှိသည့် နတ်ဘုရားများကို စိတ်ကူးပုံဖော်နိုင်ပါလျှက် ဤသုံးပါးကို ပုံမဖော်နိုင်ခြင်းမှာ ၎င်းတို့မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးများ ဖြစ်ကြမည်ကို မမှန်းဆရဲကြတော့ပေ။
ထိုအချိန်တွက် ရှန်းလဲ့က ရှေ့တိုးလာပြီး အကြုံပြုလိုက်သည်။
"ဖြစ်နိုင်ရင် မူလနတ်ဘုရားကိုယ်တိုင် စိတ်ကူးပုံဖော်ကြည့်သင့်ပါတယ်"
သူ၏အကြံပြုချက်ကို နတ်ဘုရားအားလုံးက ခေါင်းညိတ် ထောက်ခံကြ၏။
သူတို့၏ အဆင့်အတန်းကမမီသော်လည်း အရှင်မြတ်ကျိယွမ်ကတော့ မီလိမ့်မည်ဟုအားလုံးက ယုံကြည်နေကြသည်။
ဒီနည်းစနစ်ကို အရှင်မြတ်ကပဲ ပုံဖော်နိုင်မှာ ။
ကျိယွမ်သည် အနည်းငယ်စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
"ခင်ဗျားက တကယ့်အချက်ကို ထောက်ပြလိုက်တာပဲ"
...........
မိုးကြိုးများက အငြိုးတကြီးဟိန်းဟောက်ကာ သည်းထန်စွာ ရွာသွန်းနေ၏။
မိုးစက်များအောက်တွင် ဖေးဝူမြို့သည် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲတွင် နစ်မြုပ်လျက်ရှိသည်။
ကျိယွမ်သည် သူ၏မျက်လုံးများကို ညင်သာစွာဖွင့်လိုက်၏။ တစ်ချိန်က နက်ရှိုင်းပြီး ရှေးကျလှသောသူအကြည့်မှာ ယခုအခါ သာမန်လူသားတစ်ဦးကဲ့သို့ တည်ငြိမ်နေလေသည်။
"သုံးပါးတစ်ဆူအရှင်မြတ်တွေက သူတို့နာမည်နဲ့ ထိုက်တန်ပါပေတယ်။ အခု ငါ... ဒဏ္ဍာရီအဆင့်ရဲ့ထိပ်ဆုံးကို ရောက်နေပြီလား"
ကျိယွမ်သည် မလှုပ်ရှားသေးဘဲ လေးနက်စွာ တွေးတောနေ၏။
သုံးပါးတစ်ဆူအရှင်မြတ်များကို ပုံရိပ်ဖော်ပြီးနောက် သူ၏ စွမ်းအားမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
ယခုအချိန်တွင် သူသည် ဗိုလ်ချုပ်ကြီးတစ်ဦးကိုအနိုင်ယူရန်ဆိုလျင် ဓားကိုအသုံးပြုရန်ပင် မလိုတော့ဘဲ တစ်ချက် ကြည့်လိုက်ရုံဖြင့် လုံလောက်ပေလိမ့်မည်။
သူ၏ မှတ်ဉာဏ်ထဲမှ အစွမ်းအထက်ဆုံးဖြစ်သော အစားရှောင်မယ်တော်တောင် သူ့ကို တစ်ချီပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
အတိတ်က သွေးရောင်နေမင်းကြီးဆီမှ ခွဲထွက်လာသောအပိုင်းအစကိုပြန်တွေ့လျှင်လည်း သူသည်တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားရ၏။
သူ၏ အစွမ်းမှာ ဆယ်ဆမက၊ အဆတစ်ရာမက တိုးမြင့်လာခဲ့သည်။
သူကိုယ်တိုင်သည် သူတွေ့ဖူးသမျှ ဒဏ္ဍာရီများထဲတွင် အကြီးကျယ်ဆုံး ဖြစ်နေပြီဟု အလိုလိုယုံကြည်နေမိလေ၏။
သို့သော် သူ၏ကျင့်စဉ်ကတော့ သတ္တမမြောက်အဆင့်တွင်သာ ရှိနေဆဲဖြစ်ကာ ထို့အထက်သို့ မချိုးဖြတ်နိုင်ခဲ့ပေ။
သတ္တမအဆင့် ပြီးမြောက်သွားပါက နေနတ်ဘုရားများနှင့်အဆင့်တူသော ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
သို့သော် ဤအဆင့် ၇ မှာ အဆုံးမဲ့သကဲ့သို့ ရှိနေပြီး ရှေ့ဆက်ရန် ရှင်းလင်းသောလမ်းစကိုပင် သူမမြင်နိုင်ခဲ့ပေ။
အခြားသူများ ပြောသကဲ့သို့ပင် သူသည်လည်း ဒဏ္ဍာရီလာအဆင့်တွင် ပိတ်မိနေပြီး ရှေ့ဆက် တိုးတက်နိုင်ခြင်း မရှိတော့သည်လား။
သူ၏ တည်ငြိမ်သော မျက်လုံးများထဲတွင်နက်ရှိုင်းသောအတွေးများပြည့်နှက်သွား၏။
ဒါက အန္တရာယ်ရှိတဲ့ အနေအထားပဲ ၊ ဒီအဆင့်မှာ ပိတ်မိနေလို့မရဘူး ။
ကျိယွမ်အတွေးနက်နေစဥ်မှာပင် သာယာနာပျော်ဖွယ်ကောင်းပြီး အေးချမ်း နက်နဲသော အသံတစ်ခု သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
"ဖေဖေ၊မိစ္ဆာနတ်ဘုရားတွေဆီက စေလွှတ်လိုက်တဲ့ သံတမန်တစ်ယောက် ရောက်နေပါတယ်"
ချီချီသည် အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အရှိန်အဝါမှာ ပိုမို နက်နဲကာ အမူအရာမှာလည်း ယခင်ကထက် များစွာပိုတည်ငြိမ်အေးစက်နေ၏။
သူမသည် တစ်ချိန်က ဆိုးနွဲ့တတ်သော မိန်းကလေးနှင့် များစွာ ကွာခြားသွားခဲ့လေပြီ။
ချီချီသည် ဧကရာဇ်များထဲမှ တစ်ပါးဖြစ်သည့်အပြင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သော ဟို့ထူနတ်ဘုရားမကို စိတ်ကူးပုံဖော်ခဲ့ခြင်းပင်။
"မိစဆာနတ်ဘုရားတွေဆီက သံတမန်လား"
ကျိယွမ်သည် မျက်ခုံးများပင့်တက်သွားလေသည်။ သူ အံ့အားသင့်သွားခြင်းပင်။
မောက်မာရက်စက်သော မိစ္ဆာနတ်ဘုရားများက သူ့ထံသို့ သံတမန်စေလွှတ်လိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။
သို့သော်တိုက်ပွဲကြီးကလည်း နီးကပ်လာပြီ ဖြစ်သဖြင့် အခြေအနေသိရန် ၎င်းတို့နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်၏။
"လွှတ်လိုက်..."
အသက်ရှူချိန်တစ်ရာခန့် ကြာပြီးနောက် မိစ္ဆာနတ်ဘုရားစစ်တပ်၏ ဗိုလ်ချုပ်ကြီး ဝူခွေသည် ချီချီ၏ဦးဆောင်မှုဖြင့် ကျိယွမ်ဆီရောက်လာပြီး ရှေ့တွင် ရပ်နေလေသည်။
အကြောင်းရင်းမသိရသော်လည်း ဝူခွေသည် ကျိယွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်းထိုင်ကာရှိခိုးဦးချချင်စိတ်များ တဖွားဖွားပေါ်လာသည်ကို ခံစားလိုက်ရ၏။
ဤခံစားချက်မှာ နေနတ်ဘုရား၏ ရှေ့တွင် ခံစားရသည်ထက်ပင် များစွာ ပိုမို ပြင်းထန်နေသည်။
ဝူခွေမှာ အလွန်အမင်း ထိတ်လန့်သွားရ၏။
သူတို့နှစ်ဦးစလုံးမှာ သတ္တမအဆင့်တွင် ရှိနေကြသော်လည်း သူတို့ကြားတွင် မည်သို့ကြောင့် ဤမျှ ကြီးမားသော ခြားနားချက် ရှိနေရသနည်း။
အထူးသဖြင့် ဤဝေးလံခေါင်ဖျားသော ဖေးဝူမြို့လေးထဲသို့ သူရောက်လာသည့်အချိန်မှစပြီး သူ၏ နတ်ဘုရားစွမ်းအားမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေပြီး ထိုမြို့ငယ်လေးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါး ကိန်းအောင်းနေသကဲ့သို့ ခံစားရသည်။
အမြင့်တွင် ထိုင်နေသောကျိယွမ်သည် ဝူခွေကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် နောင်တရသောအကြည့်မျိုး ရှိနေ၏။
"ပြီးခဲ့တဲ့ တစ်ခါက မင်းတို့ကို လွတ်သွားအောင် ခွင့်ပြုခဲ့မိတာကတော့ တကယ်နှမြောစရာကောင်းတယ်၊ ဒါပေမဲ့ အခု ပြန်တွေ့ရတာ ကံကောင်းတာပဲ"
ပြီးခဲ့သည့် တစ်ကြိမ်တွင် ကျိယွမ်သည် ချင်းဟန်တိုက်ကြီးရှိ မိစ္ဆာနတ်ဘုရားများကိုရှင်းလင်းခဲ့ပြီး ကျန်ရှိနေသောဗိုလ်ချုပ်ကြီးများကို သုတ်သင်ရန်ပါ ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။
သို့သော် သူ အရေးမယူနိုင်မီ မိစ္ဆာနတ်ဘုရားများက အရင်ဆုံး ထွက်ပြေးသွားခဲ့ကြသဖြင့် ကျိယွမ်မှာ အတော်လေး နောင်တရခဲ့၏။
ငါအရမ်းနှေးခဲ့တာ ။
ထိုစကား၏အဓိပ္ပါယ်ကြောင့် ဝူခွေ၏နှလုံးသားမှာ တင်းကျပ်သွားသော်လည်း သခင်ဖြစ်သူ၏ ညွှန်ကြားချက်ကို သတိရကာ ပြတ်သားစွာ ပြောလိုက်၏။
"နှုတ်ခွန်းဆက်သပါတယ် မူလနတ်ဘုရားအရှင်။ ကျွန်တော်တို့ရဲ့ သခင်ကိုယ်စား... ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရောက်လာတာပါ"
သူ၏ စကားလုံးများကြောင့် အခန်းထဲတွင်ရှိနေသော ရှေးဟောင်းနတ်ဘုရားများ အလွန် အံ့အားသင့်သွားကြသည်။
အနီးဆုံးတွင်ရပ်နေသော ချီချီ၏ မျက်လုံးများတွင်လည်း ရှုပ်ထွေးသော ခံစားချက်တို့ အရိပ်ထင်သွားသည်။
မိစ္ဆာနတ်ဘုရားတွေက တကယ်ပဲငြိမ်းချမ်းရေးဆွေးနွေးချင်နေတာလား။
၎င်းမှာ သူတို့ တစ်ခါမှ မစဉ်းစားရဲခဲ့သော အရာပင် ဖြစ်၏။
မိစဆာနတ်ဘုရားများသည် သူတို့၏ ရန်သူများကို အားနည်းချက် ပြလိမ့်မည် မဟုတ်သလို၊ ငြိမ်းချမ်းရေးကိုလည်း ရှာဖွေလိမ့်မည်မဟုတ်သော အချိန်ကာလတစ်ခု ရှိခဲ့ဖူးလေသည်။
"ငြိမ်ချမ်းရေးဆွေးနွေးတယ်ဆိုတာ မနိုင်တော့မှန်းသိသွားမှ လုပ်ကြတာလေ ၊ သူတို့က တကယ်ပဲအရှုံးပေးလိုက်ပြီလား "