ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ကျိယွမ်၏တောင်းဆိုမှု
Vol. 20 Ch. 234
"ဆက်ပြောပါဦး၊ မင်းတို့က ဘယ်လိုနည်းနဲ့ ငြိမ်းချမ်းရေးယူဖို့ အဆိုပြုမှာလဲ"
ယခုအချိန်တွင် သူ၏နောက်လိုက်များသည် သူတို့၏ ပုံရိပ်ဖော်နည်းစနစ်များကို လေ့ကျင့်နေဆဲဖြစ်သောကြောင့် သူ အလောတကြီး လုပ်ဆောင်ရန်မလိုသေးပေ။
ဝူခွေသည် အလွန်ရိုသေသောအမူအရာဖြင့် သူတို့ဘက်မှအခြေအနေများကို စတင်စကားဆိုသည်။
"ဖန်ထုန်နယ်မြေဆိုတာ ရှေးဦးမူလဘူတကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာကို အရှင်လည်း သိပြီးသားဆိုတော့ ဒီလိုကမ္ဘာတွေရဲ့ ထူးခြားဆန်းကြယ်မှုကိုလည်း အရှင်လည်း သဘောပေါက်မှာပါ"
ကျိယွမ်က ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါပါ ။ ဝူခွေက ဆက်လက်၍ ရှင်းပြသည်။
"ရှေးဦးမူလဘူတကမ္ဘာတွေဆိုတာ ဖန်ဆင်းခြင်းအစမှာ ဖြစ်ပေါ်လာတာပါ။ ဒီကမ္ဘာမှာရှိတဲ့ သတ္တဝါတွေဟာ လူသားတွေနဲ့ တူကောင်းတူနိုင်ပေမဲ့ တကယ်တမ်းမှာတော့ ကွဲပြားကြတယ်။ သူတို့ဟာ လူသားစစ်စစ်တွေ မဟုတ်ဘဲ လူတွေနဲ့မတူညီတဲ့ စိတ်နှလုံးတွေ ရှိကြသူတွေပါ။ အရှင်မြတ်ကတော့ အတိတ်ဘဝက ပညာဉာဏ်တွေကို ပြန်လည်ရရှိထားသူဖြစ်လို့ ဒီသတ္တဝါတွေထဲက တစ်ဦးမဟုတ်တာ သေချာပါတယ်"
"ဒါကြောင့် ဒီလိုလူသားမဟုတ်တဲ့သတ္တဝါတွေနဲ့ ဘာလို့ ပတ်သက်နေမှာလဲ။ လူသားတွေနဲ့ ရှေးဟောင်းမူလဘူတသတ္တဝါတွေဟာ သဘာဝအရ ဆန့်ကျင်ဘက်တွေပဲ ဖြစ်ပါတယ်"
ကျိယွမ်က ဝူခွေ၏စကားများကို မတုန့်ပြန်သေးခင်မှာပင် ချီချီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွား၏။
"ငါတို့က လူသားမဟုတ်ဘူးလို့ ရှင်ကပြောတယ်ပေါ့ ၊ ဒါဆို ရှင်ကရော လူသားလား"
ဝူခွေသည် ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့တုန်ရင်သွားရသည်။
ထိုအမျိုးသမီးသာ ဒေါသတကြီးလှုပ်ရှားလိုက်ပါက သူ အသက်ရှင်ရန် အခွင့်အရေးရှိမည်မဟုတ်ကြောင်းကို မသိစိတ်ထဲမှ အလိုလိုခံစားမိလေ၏။
သူမသည်လည်း အခြားသော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်နေနိုင်သလားဟုတွေးမိကာ ပို၍ထိတ်လန့်သွားခဲ့သည်။
"ရှေးဟောင်းမူလဘူတသတ္တဝါတွေနဲ့ လူသား၊ ဒါမှမဟုတ် မိစ္ဆာတွေကို ခွဲခြားရတာ ရိုးရှင်းပါတယ်။ ရှေးဟောင်းမူလဘူတသတ္တဝါတွေဟာ ကစဉ့်ကလျားဖြစ်စဥ်ကနေ မွေးဖွားလာတာဖြစ်ပြီး သူတို့ထဲမှာ ကစဉ့်ကလျား စွမ်းအင်တွေ ပါရှိပါတယ်။ အဲဒီစွမ်းအင်ကြောင့် သူတို့ဟာ မိစ္ဆာတွေ၊ နတ်ဆိုးတွေ၊ လူသားတွေ ဒါမှမဟုတ် မကောင်းဆိုးဝါးတွေအဖြစ် ကူးပြောင်းနိုင်ကြတယ်။ ဒီလိုမျိုး ရှေးဟောင်းမူလ ဘူတမကောင်းဆိုးဝါး ဝိညာဉ်တွေဟာ လောကကြီးအတွက် ဘေးအန္တရာယ်ဖြစ်လို့ အားလုံးက နှိမ်နင်းသင့်တာပါ"
ဝူခွေက ရိုသေစွာဆက်ရှင်းပြ၏။
"အထက်ဘုံတွေမှာဆိုရင် ကျွန်တော်တို့နဲ့ ရှေးဟောင်းမူလဘူတမကောင်းဆိုးဝါး ဝိညာဉ်တွေဟာ ရန်သူတွေပါ။ ကျင့်ကြံသူတစ်ဦးဟာ ရှေးဟောင်းမူလဘူတသတ္တဝါ ဟုတ်၊ မဟုတ် ဆိုတာကို သူတို့ဟာပုံရိပ်ဖော်နည်းစနစ်ကို လေ့ကျင့်နိုင်ခြင်း ရှိ၊ မရှိ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကစဉ့်ကလျား စွမ်းအင်ရှိသူတွေကသာ အဲဒီနည်းစနစ်ကို ကျင့်ကြံနိုင်တာပါ ၊ လူသားစစ်စစ်တွေက မလေ့ကျင့်နိုင်ပါဘူး"
ဝူခွေက သေသေချာချာရှင်းပြနေသော်လည်း သူ၏စကားများနောက်ကွယ်တွင် ကျိယွမ်ကို လှည့်ဖြားရန် ကြိုးပမ်းမှုများလည်း မသိမသာပါဝင်နေသည်။
အမှန်တကယ်တမ်းမှာတော့ ရှေးဟောင်းမူလဘူတကမ္ဘာတစ်ခုသည် ကျင့်ကြံသူများအတွက် ကြောက်ရွံ့စရာမဟုတ်ဘဲ လောဘတက်စရာ ရတနာသိုက်ကြီးတစ်ခုဖြစ်၏။
ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းလိုသော ဒဏ္ဍာရီအဆင့်ကျင့်ကြံသူများအတွက် မိမိတို့၏ အာဏာစက်နယ်ပယ်ကို တည်ဆောက်ရန်အတွက် သူတို့ကိုယင်နတ်ဘုရား များစွာက အလုပ်အကျွေးပြုဖို့ လိုအပ်သည်။ထို့ကြောင့် ယင်နတ်ဘုရားများစွာရှိနေသော မူလဘူတကမ္ဘာကို ပိုင်ဆိုင်ထားခြင်းဖြင့် သူတို့သည် ယန်နတ်ဘုရားအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်လေ၏။
ကျိယွမ်သည် ဝူခွေ၏ စကားများကို နားထောင်ရင်းမှ ထိုသူ၏ အတွေးအချို့ကို ရိပ်မိလာပြီး မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။
"စိတ်ဝင်စားစရာပဲ"
အကယ်၍ ရှေးဟောင်းမူလဘူတသတ္တဝါများကသာ ပုံရိပ်ဖော်နည်းစနစ်များကို ကျင့်ကြံနိုင်သည်ဆိုပါက သူကရော မည်သည့်အမျိုးအစား ဖြစ်နေမည်နည်း။
သူသည်လည်း သုံးပါးတစ်ဆူနတ်မင်းကြီးများကိုပင် ပုံဖော်ကာကျင့်ကြံနိုင်သူ မဟုတ်ပါလား။
"မူလနတ်ဘုရားအရှင် ၊၊ အရှင်ရဲ့ နောက်ခံက နက်နဲလှပါတယ်။ဒါပေမဲ့ အခုတော့ ဒီကမ္ဘာရဲ့ ကန့်သတ်ချက်ကြောင့် ဒဏ္ဍာရီအဆင့်မှာပဲ ပိတ်မိနေမှာပါ ။ ကျွန်တော့်တို့သခင်က အရှင်နဲ့ မဟာမိတ်ဖွဲ့ပြီး ဒီကမ္ဘာကို အတူတူ ပိုင်ဆိုင်ချင်တယ်လို့ မိန့်ကြားထားပါတယ်။"
" အရှင့်ရဲ့နောက်လိုက်တွေအားလုံးကိုလည်း အရှင့်ရဲ့ နယ်ပယ်ထဲ ခေါ်သွားနိုင်သလို ရှေးဟောင်းမူလဘူတသတ္တဝါတွေကလည်း အရှင့်ကို အလုပ်အကျွေးပြုရပါလိမ့်မယ်။ ပြီးတော့ အကောင်းဆုံးအကျိုးကျေးဇူးကတော့ အရှင် ဒီကမ္ဘာက ထွက်ခွာတာနဲ့ ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာပါ"
"ဒါဆို ငါ့နောက်လိုက်တွေကို ခေါ်ပြီး အခုပဲ ဒီကမ္ဘာကနေ ထွက်သွားလို့ရပြီလို့ မင်းပြောချင်တာလား"
ကျိယွမ်က ပြုံးစစဖြင့် မေးလိုက်သည်။
ဝူခွေက ခေါင်းငုံ့ကာ လျှောက်တင်၏။
" အကယ်၍ အရှင်မြတ်က ငြိမ်းချမ်းရေး စည်းကမ်းချက်တွေကို သဘောတူရင် နောက်လိုက်တွေက အရှင့်အပိုင် ဖြစ်မှာပါ၊ ဒီမူလဘူတကမ္ဘာကတော့ ကျွန်တော့်သခင်ပိုင် ဖြစ်ပါလိမ့်မယ်။ မင်းသမီးလေးက ကောင်းကင်တိုင်လုံးရဲ့ တာအိုတွေကို အကုန်ဝါးမြိုပြီးတာနဲ့ အရှင်တို့ ထွက်ခွာခွင့်ရပါလိမ့်မယ်"
ဆွေးနွေးမှု၏ စည်းကမ်းချက်မှာ ရိုးရှင်းပါသည်။ သွေးနေမင်းမဟာသူတော်စင်ကြီးသည် မူလဘူတကမ္ဘာကို လိုချင်ပြီး ကျိယွမ်ကိုတော့ မသတ်ဘဲ သူ၏နောက်လိုက်များဖြင့် ထွက်ခွာခွင့်ပေးမည်ဟူ၍ ဖြစ်သည်။
သို့သော် ကမ္ဘာကြီးကို ဝါးမြိုပြီးမှသာ လွှတ်ပေးမည်ဖြစ်ရာ ထိုအချိန်အထိ စောင့်ဆိုင်းနေရမည်လည်းဖြစ်သည်။
ကျိယွမ်က ထိုကမ်းလှမ်းချက်ကို ခေါင်းခါလိုက်၏။
"ရိုးသားမှု မရှိသေးဘူး၊ ငါက လူရော မြေရော နှစ်ခုလုံးကို လိုချင်တာ"
ဝူခွေသည် တုန်ရင်သွားသော်လည်း အားတင်းကာလျောက်၏။
"အရှင်မြတ်...ဒါက နည်းနည်းတော့ မာနကြီးလွန်းမနေဘူးလား"
"ငါ့တောင်းဆိုချက်က သဘာဝမကျတာမျိုး မဟုတ်ပါဘူး"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ တာဝန်မှာ ချင်းရွှေကျေးရွာကို ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် မြေနေရာကို သူက အရှုံးမပေးနိုင်ပေ။ ထို့ပြင် သူသည် မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ သူတို့က သူ့ကို အလွယ်တကူ ခွင့်လွှတ်လိမ့်မည်ဟုလည်း သူ မယုံကြည်ပေ။၄င်းတို့နေရာမှာ သူဆိုလျှင်လည်း ရန်သူကို ခွင့်လွှတ်ပေးမည်မဟုတ်တာ သေချာ၏။
"စစ်ဖြစ်နေတဲ့ တပ်နှစ်ခုကြားမှာ သံတမန်ကို မသတ်ရဘူးဆိုတဲ့ ထုံးစံရှိပါတယ်။ မင်းရဲ့ သခင်ဆီကို ပြန်သွားပြီး ပြောလိုက်ပါ၊ ငြိမ်းချမ်းရေးယူဖို့ဆိုတာ ရိုးရှင်းပါတယ်။ မူလဘူတကမ္ဘာရဲ့ မြေနေရာကို ပေးဖို့ဆိုတာလည်း ငါ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခု ရှိတယ်"
ဝူခွေသည် ကျိယွမ်၏ စကားကြောင့် လေသံပျော့ပြောင်းလာသည်ဟု ထင်မှတ်ကာ ဝမ်းသာသွားသည်။
"အရှင့်ရဲ့ အခြေအနေကို ပြောပါ၊ ကျွန်တော် သခင့်ဆီကို အမှန်အတိုင်း ပြန်တင်ပြပါ့မယ်"
"မင်းရဲ့သခင်နဲ့ တခြား မိစ္ဆာနတ်ဘုရားတွေ အားလုံးဟာ ငါ့ကို တောင်းပန်ရမယ်၊ ငါ့ရဲ့ နာကျင်နေတဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးရမယ်၊ ပြီးရင်တော့ မင်းတို့ရဲ့ အပြစ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ပေးဆပ်ရမယ်။ မင်းတို့အားလုံး သေဆုံးသွားရင်တော့ ဒီဖန်ထုန်နယ်မြေကို မင်းတို့ရဲ့ သုသာန်အဖြစ် ငါ ပေးပါ့မယ်။ အဲဒါဆိုရင် မြေနေရာက မင်းတို့ပိုင်ဖြစ်ပြီး လူတွေက ငါ့အပိုင်ဖြစ်မှာပေါ့။ တရားတယ်မှတ်လား "
ကျိယွမ်သည် မိမိကိုယ်မိမိ ပါရမီရှင်တစ်ဦးဟု ဂုဏ်ယူစွာတွေးမိပြန်သည်။
ဤနည်းလမ်းသည် နှစ်ဖက်စလုံး မိမိတို့လိုချင်တာရမည်ဖြစ်သောကြောင့် လက်ခံနိုင်မည့်အပြင် နောင်ရေးအတွက်လည်း စိတ်အေးရမည် မဟုတ်ပါလား။
ဝူခွေသည် အနည်းငယ်ကြောင်သွားပြီးနောက် ချွေးများပျံသွားတော့သည်။
"ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ် ဟုတ်လား..."
သူက မယုံနိုင်သလိုတိုးတိုးရေရွတ်မိ၏။
ဤသည်မှာ ဆွေးနွေးမှုမဟုတ်ဘဲ ရန်စမှုသာ ဖြစ်သည်။ သို့သော် သူ မကျေနပ်သောအမူအယာ မပြဝံ့ပါ။
"ဒီစကားတွေကို သခင့်ဆီ ပြန်တင်ပြပါ့မယ်"
ကျိယွမ်က နွေးထွေးစွာ ပြုံးပြရင်း ထောက်ခံလိုက်သည်။
"အကောင်းဆုံး ဖြေရှင်းနည်းတွေဆိုတာ စားပွဲပေါ်ကဆွေးနွေးမှုကနေ ရတာပဲ။ ဒီအစီအစဉ်က ပြည့်စုံလွန်းတယ်။ မင်းသခင်ဆီကို အမြန်ဆုံး သွားပြောလိုက်ပါ၊ သူတို့လည်း ဒီအစီအစဉ်ကို သဘောကျပြီး လက်ခုပ်တီးကြမှာ သေချာတယ်"
"ကောင်း...ကောင်းပါပြီ"
ဝူခွေသည် ဆက်မနေရဲတော့ဘဲ အလျှင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ဝူခွေထွက်သွားပြီးနောက် ချီချီက ရှေ့သို့တက်လာပြီး သိချင်စွာမေးလိုက်၏။
"အဖေ.. အချိန်ဆွဲတဲ့အနေနဲ့ သူတို့ စည်းကမ်းချက်တွေကို သဘောတူချင်ယောင် ဘာလို့ မဆောင်ခဲ့တာလဲ"
သူမ၏အမြင်တွင် နောက်လိုက်များအတွက် ကျင့်ကြံချိန်ရရန်မှာ အလွန်အရေးကြီးသည်။
"ဘာလို့ သဘောတူချင်ယောင် ဆောင်နေမှာလဲ၊ တကယ်သဘောတူလို့ရအောင် ငါ့ရဲ့ စည်းကမ်းချက်တွေ သူ့ကိုပြောပြီးပြီလေ ၊ သူတို့စဥ်းစားပြီး အကြောင်းပြန်မှာပေါ့"
ကျိယွမ်က သူ၏တောင်းဆိုချက်များက အလွန်မျှတသလို တည်ငြိမ်စွာ ပြောလိုက်သည်။
ချီချီသည် သူမ၏မွေးစားအဖေကို ဘာဆက်ပြောရမှန်းမသိတော့ပေ။ ဖခင်၏တောင်းဆိုမှုများကို မျှတသောညှိနှိုင်းမှုဟု မည်သူကသတ်မှတ်မည်နည်း။
"အဖေ၊ သူတို့ ဒါကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး"
ကျိယွမ်က သမီးဖြစ်သူအား နှစ်သိမ့်၏။
"လောကကြီးမှာ အပိုင်တွက်လို့ မရတဲ့ အရာတွေ အများကြီး ရှိတယ်၊ သူတို့သခင်က စိတ်ကူးပေါက်ပြီး သဘောတူလိုက်ရင်ရော။"
" မကောင်းမှုကို သေးငယ်တယ်ဆိုပြီး မလုပ်မိကြစေနဲ့ ၊ ကောင်းမှုကိုလည်း သေးငယ်တယ်ဆိုပြီး မလုပ်ဘဲမနေကြနဲ့ တဲ့ ၊ ပညာရှိတွေ ပြောခဲ့ကြတာပဲ။အခုလည်း အောင်မြင်ဖို့ အခွင့်အရေးကသေးငယ်ဆိုပြီး ငါတို့လက်မလျှော့သင့်ဘူး"
ကျိယွမ်က အလေးအနက် ဆုံးမနေသည်။
သုံးပါးတစ်ဆူနတ်မင်းများကို ပုံဖော်ပြီးနောက် သူ၏ အတွေးအခေါ်များက ယခင်ထက် ပိုမို ကြည်လင်လာသည်ဟု ခံစားရ၏။
ချီချီမှာ သူမ၏ဖခင်အား ခြေရောလက်ရော မြှောက်လိုက်ရတော့သည်။
မိစ္ဆာနတ်ဘုရားများက ငြိမ်းချမ်းရေးဆွေးနွေးရန် သံတမန်စေလွှတ်လိုက်သည့် သတင်းသည် ဖေးဝူမြို့တစ်ခွင်သို့ ခဏအတွင်းပျံ့နှံ့သွားခဲ့သည်။
သို့သော် ကျိယွမ်၏တုံ့ပြန်မှုကို ကြားရသောအခါ လူအမျိုးမျိုးမှာ အယူအဆအမျိုးမျိုး အမြင်အမျိုးမျိုး ဖြစ်ကြရသည်။
နတ်မင်းကြီး အားလန်ရှန်းကို ပုံရိပ်ဖော်နိုင်သွားသည့် ရှီချုံရှန်းကတော့ မထူးဆန်းသလို မှတ်ချကိချ၏။
"မူလနတ်ဘုရားအရှင်က ဒီလိုငြင်းမယ်ဆိုတာ ငါ သိသားပဲ"
ထိုအချိန်တွင် ခေါင်းပြတ်နေသော ဂိုဏ်းချုပ်ကြီး လင်ကျုံးသည် ချီယွမ်၏ ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ ရင်ဘတ်ပေါ်ရှိ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များထပ်ဟပ်နေသည်။
"အရှင်မြတ်.. ကောင်းကင်တိုင်လုံး မကျိုးပျက်ခင်တုန်းက အစားရှောင်မယ်တော် က မှာခဲ့ဖူးပါတယ်၊ နောင်တစ်ချိန်မှာ ဒီကမ္ဘာကို ကယ်တင်နိုင်မယ့်သူ ပေါ်လာရင် ဒါကို ပေးလိုက်ပါတဲ့"
မျက်လုံးမှိတ်ကာ စဥ်းစားဟန်ရှိသော ကျိယွမ်သည် မျက်လုံးများကို ဖွင့်လိုက်၏။ ထူးခြားသော သိုလှောင်အိတ်တစ်ခုကို လင်ကျုံးက ချီယွမ်အား ပေးအပ်လိုက်သည်။
ကျိယွမ်က ထိုအိတ်ကို ဖွင့်လိုက်သောအခါ မွှေးကြိုင်သော အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ အိတ်ထဲတွင် ငါးဟင်းမျိုးစုံ ရှိနေခဲ့လေသည်။ အစပ်ချက်၊ အကင်၊ အချဉ်ချက် ငါးများမှာ ဝူရှီ ချက်ခဲ့သော လက်ရာများဖြစ်ကြောင်း သူချက်ချင်းမှတိမိသွားသည်။
ဒါတွေကို သူမက... မစားခဲ့ဘူးလား။