← Chapters

အတိတ်ဟောင်းများ

Vol. 20 Ch. 235

အတိတ်ဟောင်းများ

Vol. 20 Ch. 235

သိုလှောင်အိတ်အတွင်းရှိ ငါးများကို စိုက်ကြည့်ရင်း ကျိယွမ်သည် ခေတ္တမျှ ငေးင်ုင်သွား၏။ သူသည် ငါးတစ်ကောင်ကို ကောက်ယူကြည့်လိုက်စဥ် သူ၏မျက်ဝန်းများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

"ဒီလောက်နှစ်တွေ အကြာကြီးဆိုတော့ ဒါတွေက ပုပ်သွားလောက်ပြီ မဟုတ်လား"

"ဒီကောင်မလေးက ငါ့အတွက် ငါးတွေတောင် သိမ်းထားပေးခဲ့တာပဲ"

သူသည် တူကိုထုတ်ယူပြီး ငါးအသားတစ်ဖဲ့ကိုညှပ်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ကာ ဖြည်းညင်းစွာ ဝါးစားရင်း အရသာခံနေမိသည်။

ထိုစဉ် ကလေးမတစ်ဦး၏ အပြစ်ကင်းစင်သော အသံတစ်သံသည် ကျိယွမ်၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"ဟီးဟီး... တကယ်တော့ ကျွန်မနာမည်က ဝူရှီ မဟုတ်ဘူး။ ကျွန်မမှာ နာမည်တောင် မရှိပါဘူး"

"ရှင်နဲ့ စတွေ့ကတည်းက ကျွန်မတို့ သုံးကြိမ်ဆုံကြမယ်ဆိုတာ ကျွန်မ သိလိုက်တယ်"

"ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်ရဲ့အသံကို ကြားနိုင်ရုံတင်မကဘဲ ရှင့်ရဲ့ အတွေးတွေကိုပါ ကြားနိုင်လို့ပဲ"

မိန်းကလေး၏ အသံသည် ကျိယွမ်ကိုလက်ရှိအချိန်ဆီမှနေ၍ အတိတ်ဖြစ်ရပ်များဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်မှာ သူသည် ငယ်ရွယ်သောဝူရှီကို မြင်တွေ့ခဲ့ရသည့် အချိန်ဖြစ်ပြီး၊ ဝူရှီအမည်ရသော အစားရှောင်မယ်တော်ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့်အချိန်လည်း ဖြစ်၏။

သူမ၏ အသံသည် နုနယ်လွန်းလှပြီး သူတို့ စတင်တွေ့ဆုံစဉ်ကတည်းက ပြောပြချင်နေခဲ့သော စကားများကို ပြောပြနေသကဲ့သို့ ရှိသည်။

ကျိယွမ်သည် ယခုအခါမှပင် အမှန်တရားကို နားလည်သွားခဲ့၏။

သူမသည် အဘယ်ကြောင့် ဤမျှ ထူးဆန်းနေရသနည်းဆိုသည်မှာ သူမသည် သူ၏အတွေးများကို ကြားနိုင်သောကြောင့် ဖြစ်လေသည်။

ဆိုလိုသည်မှာ သူမသည် အနာဂတ်တွင် သူနှင့် ထပ်မံဆုံတွေ့ရဦးမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် သူမသည် ယန်နတ်ဘုရား တစ်ပါး၏ လက်ချက်ဖြင့် သေဆုံးရမည်ကိုပါ သိရှိထားခဲ့သည်။

ကျိယွမ် ငါးဟင်းကိုဆက်လက်စားနေစဉ်အတွင်း ထိုမိန်းကလေး၏စကားသံများက မရပ်မနားဆက်လက် ထွက်ပေါ်နေ၏။

"ရှင်နဲ့ စတွေ့တုန်းက ကျွန်မ သိပ်သတိထားခဲ့ရတာ။ ရှင်က ကျွန်မကို စားပစ်မလားလို့တောင် တွေးမိသေးတယ်။ ကျွန်မ ရှင့်ကို အထင်မှားခဲ့တာပဲ"

"ဒါပေမဲ့ ကျွန်မလည်း ရှင့်ကို စားချင်ခဲ့တာပါ။ သိပ်ကြောက်နေလို့ မလုပ်ရဲခဲ့ဘူး"

မိန်းကလေးသည် သူမ၏ အထီးကျန်လှသော ဘဝအကြောင်းကို ဒိုင်ယာရီ ရေးနေသကဲ့သို့ တစ်ကိုယ်တည်းပြောပြနေခဲ့သည်။

ကျိယွမ်သည် နားထောင်ရင်းမှ တစ်လုပ်ချင်းစီကိုအရသာခံကာ ငါးကို ဆက်စားနေ၏။ သူ၏ နားထဲတွင် ကြားနေရသော အသံသည်လည်း ကလေးဆန်သော အသံမှသည် တဖြည်းဖြည်း ရင့်ကျက်သော အမျိုးသမီးအသံအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

"ရှင့်ကို ဒုတိယအကြိမ် တွေ့တုန်းကတော့ ကျွန်မ နည်းနည်း ပျော်သွားမိတယ်။ နောက်ဆုံးတော့ အရသာရှိတဲ့ ငါးတွေကို စားခွင့်ရပြီလေ"

"ကျွန်မ သိပ်ကို ဆာလောင်နေခဲ့တာ"

"ငါးစားရဖို့ထက် တခြား ဘာကမှ အရေးမကြီးတော့ဘူး"

"ဒါပေမဲ့ ရှင့်ခန္ဓာကိုယ်က ထွက်တဲ့ အနံ့က ပိုပြီး ဆွဲဆောင်မှု ရှိလာခဲ့တယ်။ အဲဒီတုန်းက... ကျွန်မ ရှင့်ကို တကယ် စားပစ်ချင်ခဲ့တာ"

ကျိယွမ်သည် အစားရှောင်မယ်တော်နှင့် ဒုတိယအကြိမ် ဆုံတွေ့ခဲ့စဉ်က ပုံရိပ်ကို ပြန်လည်တွေးမိသွားသည် ။ ထိုစဉ်က သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်၍ မြေပြင်ပေါ်တွင်လှဲနေခဲ့ပြီး မျက်နှာမှာ ဖြူလျော့နေသော်လည်း သူမ၏ မျက်ဝန်းများတွင် လောဘတက်နေသောအရိပ်အယောင်များ ရှိနေခဲ့သည်။

သို့သော် ငါးကို စားပြီးနောက်တွင်မူ သူမ၏ မျက်နှာထားမှာ အေးစက်သွားကာ ကျိယွမ်နှင့် အလှမ်းဝေးရာသို့ပင် တမင် ဖယ်ခွာသွားခဲ့သည်။

"ဒါဆို သူရဲ့ အမူအရာက အဲဒီတုန်းက ပြောင်းလဲသွားတာက ငါ့ကို စားချင်နေလို့ပေါ့လေ"

သူမ၏ စကားများအရ သူမတွင် ကမ္ဘာဦးခန္ဓာ​ကိုယ်နှင့်အတူ ကမ္ဘာဦးဝါးမျိုခြင်းခန္ဓာကိုယ်ဟူသော ထူးခြားသည့် အခြေခံသဘာဝ နှစ်ခုစလုံး ရှိနေကြောင်း သူသိလိုက်ရသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ခန္ဓာနှစ်ခုသည် တစ်ခုနှင့်တစ်ခု အမြဲတစေ ပဋိပက္ခ ဖြစ်နေကြသဖြင့် သူမ၏ငယ်ဘဝကို အလွန်နာကျင်စွာဖြတ်သန်းခဲ့ရ၏။

ကျိယွမ် သူမကိုမြင်တွေ့တိုင်း သူမသည် တစ်စုံတစ်ခုကို အားတင်းကာ ထိန်းချုပ်နေသကဲ့သို့ ထူးထူးဆန်းဆန်း ဖြစ်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

သူမသည် သူ့ကိုဝါးမျိုပစ်ချင်သော ဆန္ဒကို အားတင်းကာ နှိမ်နင်းနေခဲ့ခြင်းပင်။

"တိုက်ဆိုင်မှုတစ်ခုကြောင့် ဆုံခဲ့ကြတာပဲ... ရှင်က ကျွန်မကို ငါးကျွေးခဲ့လို့ ကျွန်မက ရှင့်အတွက် ကောင်းကင်တိုင်လုံးကို ကူစောင့်ပေးခဲ့တယ်။ ကျွန်မတို့ အကြွေးကျေသွားပြီ။ ဒါပေမဲ့ ရှင်က မကောင်းတဲ့ စိတ်ထားခဲ့ရင်တော့ ကျွန်မရှင့်ကို ဝါးမျိုလိုက်လည်းမတရားရာ မကျဘူးမဟုတ်လား"

အစားရှောင်မယ်တော်၏ လေသံမှာ ပေါ့ပေါ့ပါ့ပါးပြောနေသော်လည်း သူမ၏ အတွင်းစိတ်ထဲတွင် မည်မျှ ပြင်းထန်စွာ ရုန်းကန်နေရသည်ကို ကျိယွမ်နားလည်၏။

ဝါးမျိုခြင်းခန္ဓာ၏ စိတ်ဆန္ဒမှာ အလွန်တရာ ပြင်းထန်လှသည်။ထို့အတူ ကမ္ဘာဦးခန္ဓာကိုယ်၏ ငြင်းဆန်မှုကလည်း ထိုနည်းတူစွာ ပြင်းထန်ပြန်၏။

ဒဏ္ဍာရီလာစွမ်းအားရှင်တစ်ဦးဖြစ်သော မယ်တော်သည် သာမန်ငါးဟင်းလေးကို စားစဉ်ကပင် နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ မြေပြင်ပေါ်တွင် လဲကျသွားခဲ့ရသည်။

သူမသည် ယန်နတ်ဘုရားနှင့် ရင်ဆိုင်စဉ်က ဒဏ်ရာအမြောက်အမြား ရခဲ့သော်လည်း နာကျင်၍ အော်ဟစ်ခြင်းမျိုး လုံးဝမရှိခဲ့ပေ။

သို့သော် ငါးတစ်ဖဲ့ကို စားလိုက်ရုံမျှဖြင့် သူမမှာ ဤမျှ နာကျင်ခဲ့ရသည်မှာ ထိုခန္ဓာကိုယ်ကမည်မျှပြင်းထန်ကြောင်း သိသာစေသည်။

"ကံကောင်းတာက... ကျွန်မ နောက်မှ သိလိုက်ရတာက ကျွန်မ အမြဲတမ်းစားနေခဲ့တာ တွေဟာ ရှင့်ရဲ့သွေးတွေဆိုတာပဲ"

သူမ၏ အသံတွင် ဂရုမစိုက်ဟန် အရိပ်အယောင်များ ပါဝင်နေသော်လည်း ထိုစဥ်က သူမသည်ကျိယွမ်ကိုဝါးမျိုမည့်အစား သူမ၏ သဘာဝဗီဇကို မရမကတွန်းလှန်ရန် သူမကိုယ်သူမ ထိန်းနေခဲ့ပုံရ၏။

သူမသည်အခြားရာများကို မစားနိုင်သော်လည်း ကျိယွမ်ကိုတော့ အရသာရှိစွာစားနိုင်သည် မဟုတ်ပါလား။ ကျိယွမ်၏ခန္ဓာကိုယ်က သန့်စင်နေသဖြင့် သူမစားရန် လုံးဝသင့်တော်​၏။

ထိုသို့တွေးမိ​သောအခါ ကျိယွမ်မှာ အနည်းငယ်ကြက်သီးထသွားသည်။

"ဒါဆို အဲဒီတုန်းက သူက ငါ့ကို တကယ် စားပစ်နိုင်ခဲ့တာပေါ့"

အချိန်နှင့် ဟင်းလင်းပြင်တို့ ခြားနားနေသော်လည်း ကျိယွမ်သည် အစားရှောင်မယ်တော်နှင့် ရှိနေစဉ် ဘေးအန္တရာယ်၏ အငွေ့အသက်ကို တစ်ခါတစ်ရံ ခံစားခဲ့ရဖူးသည်။

ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူမသည် သူ့ရှေ့တွင် တိတ်ဆိတ်စွာဖြင့် ငါးဟင်းချက်ကာ စားနေခဲ့သည်ကိုလည်း သူပြန်လည်းသတိရသွားသည်။

ထိုစဉ်က ငါးများမှာ သူ၏သွေးဖြင့် သန့်စင်ထားခြင်း မရှိသေးသော်လည်း အစားရှောင်မယ်တော်သည် အားရပါးရ စားခဲ့သည်။

ယခင်ကတော့ ကျိယွမ်သည် အဘယ်ကြောင့်ဟု နားမလည်ခဲ့ပေ။ သူမနှင့် ဆုံသည့် အကြိမ်တိုင်းတွင် လူတစ်ဦးစီ ဖြစ်နိုင်သည်ဟုသာ ထင်ခဲ့မိ၏။

အမှန်တရားက ထိုသို့မဟုတ်ခဲ့ပေ။

သူမသည် သန့်စင်မထားသော ငါးများကို တမင်စားကာ၊ သူ့ကို ဝါးမျိုလိုသော ဆန္ဒကို နှိမ်နင်းရန် အလွန်အမင်း နာကျင်မှုကို အောင့်အည်း သည်းခံခဲ့ခြင်းသာဖြစ်သည်။

သူဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ ။ငါးဟင်းလေးတစ်တုံးစားတာတောင် လူးလှိမ့်နေရတာ ။

ကျိယွမ်၏ ရင်ထဲတွင် အလွန်လှုပ်ရှားသွားခဲ့ရသည် ။သူမအတွက် စိတ်မကောင်းဖြစ်ရသလို သူကိုယ်သူလည်း ကံကောင်းသွားသည်ဟု ခံစားရ၏။

သူတို့နှစ်​ဦး၏ ရိုးရှင်းသောတွေ့ဆုံမှုလေး သုံးကြိမ်သည် ဤမျှ နက်ရှိုင်းသော နောက်ခံအကြောင်းအရင်းများ ရှိနေမည်ဟုလည်း သူ မထင်မှတ်ထားခဲ့ပါ။

"ကျွန်မဟာ ဖန်ထုန်လောကထဲမှာ နှစ်ပေါင်းသောင်းချီ လှည့်လည်ခဲ့တယ်။ ဒီကမ္ဘာက ကျွန်မရဲ့ အိမ်ဟောင်းထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသလို၊ အနံ့အသက်ကလည်း ပိုမွှေးတယ်..."

အစားရှောင်မယ်တော်၏ အသံတွင် ပျော်ရွှင်မှုများ ပါဝင်နေသည်။ သို့သော် ကျိယွမ်ကတော့ ဝမ်းနည်းလာ၏။

သူမ၏ ကလေးဘဝသည် အမှန်တကယ်ပင် သနားစရာ ကောင်းခဲ့သည်။ လှောင်အိမ်ထဲက ငှက်ကလေးကဲ့သို့ (သို့မဟုတ်) ရောင်းကုန်ပစ္စည်း တစ်ခုကဲ့သို့ အိမ်တွင် ပိတ်လှောင်ခံထားခဲ့ရသည်။

သူမ ဖန်ထုန်လောကသို့ ရောက်လာသောအခါမှာတော့ ထိုသို့မဟုတ်တော့ပေ။ ထိုနေရာမှလူများသည် ကျိယွမ်ကဲ့သို့ပင် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်များအကြောင်း မသိကြပေ။ သူတို့က သူမကို သာမန်လူတစ်ယောက်ကဲ့သို့ ကြည့်ကြသည်။ ထို့ကြောင့် သူမအတွက် ဖန်ထုန်လောကသည် သူမ၏အိမ်ဟောင်းထက် ပို၍ ပျော်စရာကောင်းခဲ့ခြင်း ဖြစ်သည်။

သူမ၏ဘဝတွင် ဤလောက၌ နေထိုင်ခဲ့ရသော အချိန်များသည် အပျော်ရွှင်ရဆုံး အချိန်များ ဖြစ်ခဲ့သည်။

ကျိယွမ်သည် တုန့်ဆိုင်းစွာဖြင့် နောက်ဆုံးငါးကို စားလိုက်၏။ အသံတစ်သံသည် သူ၏နားထဲတွင် ပဲ့တင်ထပ်လာပြန်သည်။

"ကျွန်မတို့ တိုက်ဆိုင်လို့ ဆုံခဲ့ကြတာဆိုတော့... သဘောတူညီချက်တစ်ခု လုပ်ကြမလား"

"ကျွန်မက ရှင့်အတွက် ကောင်းကင်တိုင်လုံးကို စောင့်ပေးခဲ့ပြီးပြီ၊ ရှင်ကလည်း ကျွန်မအတွက်...ဖန်ထုန်လောကကို ကာကွယ်ပေးပါ"

ကျိယွမ်သည် နောက်ဆုံး ငါးသားတစ်ဖဲ့ကို စားလိုက်ပြန်သည်။ မယ်တော်သည် ဒုတိယအကြိမ် တွေ့ဆုံစဉ်တွင် ငါးများထဲ၌ ကျိယွမ်၏ သွေးများ ပါဝင်နေကြောင်း သိရှိသွားပြီးနောက်တွင် သူမသည် ထိုငါးများကို မစားတော့ဘဲ သူ့အတွက် ပြန်၍ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။

ထိုငါးများတွင် အသန့်စင်ဆုံး သွေးများ ပါဝင်နေသဖြင့် ငါးများကို စားပြီးနောက်တွင် သူဆုံးရှုံးခဲ့သော သွေးများ ပြန်လည် ပြည့်ဝလာကာ သူ၏ အရှိန်အဝါမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။

"အစားရှောင်မယ်တော်...မင်းက သိပ်ကို ရက်ရောလွန်းတယ်"

ကျိယွမ် အကူအညီမဲ့စွာသက်ပြင်းချလိုက်သည်။

သူမနှင့် မည်သည့်သဘောတူညီချက်မျှ မလုပ်ထားလျှင်ပင် သူသည် ဂိမ်း၏ သတ်မှတ်ချက်အရ ဤလောကကို (အထူးသဖြင့် ချင်းရွှေကျေးရွာကို) ကာကွယ်ရန် တာဝန်ရှိပြီးသား ဖြစ်သည်။

ယခုပြုလုပ်သော သဘောတူညီချက်တွင် မယ်တော်ကသာ အရှုံးချည်းသပ်သပ်ဖြစ်ခဲ့ရ၏။

"အင်းလေ ငါတမင်လှည့်စားခဲ့တာမှ မဟုတ်တာ "

ကျိယွမ်ကသက်ပြင်းချရင်း သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်စဥ်မှာပင် သူ၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွား၏။

သူ၏ ကြယ်တာရာအမြုတေအတွင်းရှိ စစ်မှန်နေမင်းမီးတောက်သည် ရုတ်တရက်ပြင်းထန်စွာ တောက်လောင်လာသည်ကို ခံစားမိလိုက်သောကြောင့်ဖြစ်သည်။

"ဘာတွေ ဖြစ်နေတာလဲ"

သူသည် ကိုယ့်ကိုယ်ကိုယ် ချက်ချင်းစစ်ဆေးကြည့်လိုက်၏။

ယခင်က တဖြည်းဖြည်းချင်းသာ တိုးတက်နေခဲ့သောသူ၏အမြုတေသည် ယခုအချိန် ထိုငါးများကို စားပြီးနောက်တွင် ရုတ်တရက်ကြီး ဝါးမျိုခြင်းစွမ်းရည်ကို ရရှိသွားခဲ့သည်ကို တွေ့လိုက်ရသည်

"ဝါးမျိုခြင်း ကမ္ဘာဦးခန္ဓာလား"

ကျိယွမ် ထိတ်လန့်သွား၏။ သူသည် အလွတ်ဖြစ်သွားသော သိုလှောင်အိတ်ကို ကြည့်ရင်း အတွေးများစွာ ယောက်ယက်ခက်သွားတော့သည်။

ယခင်က သူသည် ငါးများကို သွေးဖြင့် သန့်စင်၍ သူမကို ကျွေးခဲ့သည်။

ယခုမူ... မယ်တော်သည် သူ့အပေါ် အကြွေးမတင်လိုသဖြင့် သူမ၏ သွေးများကို ထိုငါးများထဲသို့ ထည့်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အကျိုးကျေးဇူးကတော့ သူ၏ ခန္ဓာကိုယ်သည် ဝါးမျိုခြင်းအနှစ်သာရကို ရရှိသွားခဲ့လေပြီ ။

ဤဝါးမြိုခြင်းအနှစ်သာရသည် နတ်ဘုရားစွမ်းရည်လည်းမဟုတ်သလို နတ်ဘုရားနယ်ပယ်လည်း မဟုတ်ပေ။၄င်းမှာ မူလအနှစ်သာရဖြစ်၏။

အနည်းငယ်ကြာသောအခါ ကျိယွမ်၏ မျက်နှာတွင် သိမ်မွေ့သောအပြုံးတစ်ခု ပေါ်လာပြီး တီးတိုးရေရွတ်မိ၏။

"ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ပေးပြီး... ဒီလောကကြီးကို တစ်သက်လုံး ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာလား"

.................

"ကျူးရှီကျူန်း ဒီနေ့ကစပြီး မင်း သာ့ဟေးကို ထပ်ပြီး အနိုင်မကျင့်ရဘူး"

ရှီချုံရှန်းသည် ထွားကျိုင်းသောကျူးရှီကျုံးကို ဟိန်းဟောက်လိုက်ရင်း သူ၏ နဖူးအလယ်တွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ပေါ်လာတော့မည့်အတိုင်းပင်။

ခွေးနက်ကြီးသည် ကာကွယ်ပေးမည့်သူကို တွေ့သွားသကဲ့သို့ ရှီချုံချန်း၏ ခြေရင်းတွင် ထိုင်ကာ ကျူးရှီကျုံးကို ဒေါသတကြီး ဟောင်လေတော့သည်။

"တောက်... ငါ့ကျွေးလို့ခွေးဖြစ်လာတဲ့ကောင်က ဘဝမေ့နေတာလား ၊ အားလန်ရှန်းကို ဘာလို့ရွေးရတာလဲ "

ကျူးရှီကျုံးတစ်ယောက် မနာလိုဖြစ်ကာ ဒေါသတကြီးတောက်ခေါက်လိုက်မိ၏။

ရှီချုံရှန်း၏ ဒုတိယမြောက်နည်းစနစ်မှာ စွမ်းအားကြီးမြတ်လှသော ဧကရာဇ် အားလန်ရှန်းဖြစ်သည်။ထိုနတ်ဘုရား၏ စွမ်းအားသည် ကျူးရှီကျုံး၏ သူရဲကောင်းဗိုလ်ချုပ်နတ်မင်းထက် များစွာသာလွန်သည်။

ထို့အပြင် ခွေးနက်ကြီးသည် မူလကတည်းက အားလန်ရှန်းနတ်မင်း၏ နတ်သားရဲဖြစ်သောကြောင့် အားလန်နတ်မင်းကသာ သူ၏သခင်အစစ်ဖြစ်၏။

ခွေးကို ရိုက်ချင်ရင် ခွေရှင်အရင်ကြည့် ဆိုသကဲ့သို့ပင် ကျူးရှီကျုံးသည် ခွေးနက်ကြီးကို အရင်လို အနိုင်မကျင့်ရဲတော့ပေ။

ရှီချုံရှန်းသည် အားလန်ရှန်းနတ်မင်းကို ပုံဖော်နိုင်ခဲ့ပြီးနောက် ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိသွားသဖြင့် ပို၍မဖြစ်နိုင်တော့ပေ။

ကျူးရှီကျုံးသည်လည်း စွမ်းအားများ သိသိသာသာ တိုးတက်လာသော်လည်း ရှီချုံရှန်းကိုတော့ မမီသေးပါ။

"နုတ်သီးကောင်းတဲ့ ခွေးစုတ်"

ကျူးရှီကျုံးက တဝုတ်ဝုတ်ဟောင်နေသောခွေးနက်ကြီးကို ဆဲရေးလိုက်သည်။

ထိုစဉ် သူတို့အငြင်းပွားရာနေရာသို့ နောက်ထပ်လူနှစ်ယောက် ချဉ်းကပ်လာ၏။ ရွာလူကြီး ယွီလီနှင့် နတ်ဘုရားတာဝန်ခံ ရှန်ထူတို့ ဖြစ်လေသည်။

ရွာလူကြီးယွီလီသည် ဖာထေးထားသော အဝတ်ကြမ်းများကို ဝတ်ဆင်ထားကာ လက်ထဲ၌လည်း သူ၏ထုံးစံအတိုင်း ဆေးတံအိုကြီးကိုင်ထားသည် ။ နတ်ဆရာရှန်ထူကတော့ အညိုရောင်ဝတ်ရုံနှင့် ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ယခင်ထကိ ပို၍ ခန့်ညားထည်ဝါသော အရှိန်အဝါများထွက်ပေါ်နေသည်။

ထိုနှစ်ယောက် ရောက်လာသောအခါ ကျူးရှီကျုံး၏မျက်နှာပေါ်မှ နောက်ပြောင်နေသော အမူအရာများ ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် အစားထိုးလာသည်။

"ငြင်းခုံမနေကြနဲ့တော့ ၊ စားသောက်ပွဲသွားလုပ်ကြရအောင်။ မနက်ဖြန်ကျရင်... မဟာတိုက်ပွဲကြီး စတော့မယ်"

ရွာလူကြီးယွီလီ၏ အသံမှာ အက်ကွဲနေပြီး ဝမ်းနည်းမှု အငွေ့အသက်များ လွှမ်းမိုးနေခဲ့သည်။

တိုက်ပွဲဟူသောအသံကြောင့် ရှီချုံရှန်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ဖျတ်ခနဲ ပေါ်လာ၏။

"လွန်ခဲ့တဲ့ သုံးလတုန်းကဆိုရင်... ငါတို့ ရွာနှစ်ရွာလုံးက ရွာသားတွေက နတ်ဘုရားတွေ ဖြစ်လာလိမ့်မယ်လို့ပြောရင် ဘယ်သူမှယုံမှာမဟုတ်ဘူးနော် "

ချင်းရွှေရွာ၊ ရှီကျားရွာနှင့်ချန်ရှီးရွာတို့သည် ကျိယွမ်၏ အုပ်ချုပ်မှုအောက်သို့ ပထမဆုံး ရောက်ရှိလာခဲ့သော ကျေးရွာများ ဖြစ်ကြသည်။

"ငါ မှတ်မိသေးတယ်... အဲဒီတုန်းက ငါတို့ရွာမှာ စားစရာတောင် မလောက်မငှနဲ့ ငတ်သေမလိုဖြစ်နေပြီး မင်းတို့ရှီကျားရွာရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာ။ အခုလိုတစ်ဖွဲ့တည်းသားတွေဖြစ်ကုန်မဲ့နေ့မျိုး ရောက်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး"

ရှန်ထူက အတိတ်ကို ပြန်လည်အောက်မေ့ရင်း သက်ပြင်းချ၏။

ရှီချုံချန်းက ခေါင်းညိတ်ပြရင်းမှ သူ့၏ဘဝကိုပြန်သတိရသွားခဲ့သည်။

"မူလနတ်ဘုရားအရှင်ရဲ့ ကျေးဇူးကတော့ သေတောင် မမေ့နိုင်စရာပဲ"

ထိုစဉ်က သူ၏ကလေးသည် မိစ္ဆာနတ်ဘုရားများထံ ယဇ်ပူဇော်ရန် ရွေးချယ်ခံခဲ့ရသည်။ သူ့ကိုလည်း မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး ဘာမှ မတတ်နိုင်ခဲ့ပေ။

ထို့အချိန်မှာပင် မူလနတ်ဘုရား ရောက်ရှိလာပြီး ဓားတစ်ချက်တည်းဖြင့် မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်ကာ သူ့ကို ဘဝသစ် ပေးခဲ့သလို ရှီကျားရွာအတွက်လည်း မျှော်လင့်ချက်များ ယူဆောင်လာပေးခဲ့သည်။

ရွာသားအားလုံးသည် မူလနတ်ဘုရား၏ ကရုဏာကို မှတ်မိနေကြသည်။ သူတို့သည် ချင်းရွှေရွာသားများလောက် မူလနတ်ဘုရားနှင့် အချိန်အကြာကြီး အတူမရှိခဲ့သော်လည်း လိုအပ်လာပါက အသက်ကိုပင်အသေခံကာ တိုက်ပွဲဝင်ရန် အသင့်ရှိနေကြသည်။

"သွားကြစို့၊ ဝအောင်စားပြီး ရန်သူကို သတ်ကြမယ်"

"ကြာသလားလို့..."

ညရောက်သောအခါ ရှေးဟောင်းနတ်ဘုရားအားလုံးသည် ကျင့်ကြံခြင်းကို ရပ်တန့်ပြီး ဖေးဝူမြို့တွင် စုရုံးကာ စားသောက်ပွဲကြီး ကျင်းပကြလေ၏။

စစ်မှန်နတ်ဘုရား ထောင်ပေါင်းများစွာ အတူတကွ စားသောက်နေကြသည့် မြင်ကွင်းမှာ မကြုံစဖူးထူးကဲသလို အလွန်ပင်ခန့်ညားထည်ဝါလှသည်။

လူတိုင်း၏ စိတ်ဓာတ်များမှာ မြင့်မားနေပြီး အနာဂတ်တိုက်ပွဲအတွက် ကြောက်ရွံ့နေခြင်း စိုးရွံ့တုန်လှုပ်နေခြင်းမျိုး လုံးဝမရှိကြပေ။

သေခြင်းတရားဆိုသည်မှာ သူတို့အတွက် ဘာမှမဟုတ်တော့ပါ။

............

ကောင်းကင်တိုင်ကြီးအတွင်း၌ဖြစ်သည်။

ဝါးမြိုနေသည့် အသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။

သွေးနေမင်း မဟာသူတော်စင်၏ ဝါးမြိုခြင်းကိုယ်ပွားသည် ဖန်ထုန်နယ်မြေ၏ကောင်းကင်ဘုံတာအို ဆက်လက် ဝါးမြိုနေဆဲရှိသည်။

ရုတ်တရက် သွေးနေမင်း မဟာသူတော်စင်၏ လှုပ်ရှားမှုများရပ်တန့်သွားခဲ့သည်။

"ဝါးမြိုခြင်းလား.."

သူမသည် နားမလည်နိုင်စွာဖြင့် မြောက်ဘက်အရပ်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ ရှုပ်ထွေးနေသော မျက်လုံးများက ရုတ်တရက်ကြည်လင်သွားကာ အတိတ်မှတ်ဉာဏ်များ စီးဝင်လာသည်။

"မူလဘူတလောကထဲက ဝါးမျိုခြင်း ကမ္ဘာဦးခန္ဓာ ၊ ဟားဟား ... ဟားဟား ဒါ ငါ့အတွက် ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်လား"

သူမသည် ဝါးမျိုခြင်း ကမ္ဘာဦးခန္ဓာတစ်ခု၏ အငွေ့အသက်ကို ရရှိလိုက်ခြင်းပင်။

သူမအတွက် ထိုခန္ဓာကိုယ်သည် ဤလောက၏ ကောင်းကင်ဘုံတာအိုထက်ပင် ပို၍ အဖိုးတန်လှသည်။

သူမသည် ထိုခန္ဓာမျိုးကိုရရှိပြီး အပြည့်အဝဝါးမြိုနိုင်စွမ်းရှိသွားပါက သူမ၏အဆင့်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားမှာ သေချာလေသည်။

သူမသည် မဆိုင်းမတွပင် ကောင်းကင်ဘုံတာအိုကို ဝါးမြိုနေခြင်းအား ရပ်တန့်ကာ ကောင်းကင်တိုင်အတွင်းမှ ထွက်လာခဲ့သည်။

ဝုန်း...။

ရုတ်တရက်ဆိုသလို ရင်တုန်စရာ ကောင်းသော အသံကြီးတစ်ခုက ဟိန်းထွက်လာလေသည်။

ဖန်ထုန်နယ်မြေရှိ ရှေးဟောင်းနတ်ဘုရားများနှင့် ကျင့်ကြံသူအားလုံးသည် ထိုခဏ၌ လန့်ဖျန့်သွားကြ၏။

ပြင်းထန်သော ဆာလောင်မှုဝေဒနာက သူတို့၏ခန္ဓာကိုယ်ထဲတွင် ထကြွလာသည်။

ဘာတွေဖြစ်နေတာလဲ။

ဘာလို့အရမ်းစားသောက်ချင်လာရတာလဲ။

အရမ်းဆာလောင်တယ် ။

လူတိုင်းမှာ ထိတ်လန့်တကြားဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

အလွန်မြင့်မားသော ကောင်းကင်ယံတွင် ထိတ်လန့်ဖွယ်ရာ ကောင်းလှသော အရိပ်ကြီးတစ်ခု ပေါ်လာပြီး ဖန်ထုန်နယ်မြေ၏ မည်သည့်နေရာကကြည့်ကြည့် ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"စစ်မှန်နတ်ဘုရားတွေထက် သာလွန်တဲ့ တည်ရှိမှုကြီး"

"သူက ကောင်းကင်ဘုံတာအို အားလုံးနီးပါးကို ဝါးမြိုထားပြီးပြီထင်တယ်"

ထိုပုံရိပ်ကို မြင်ရရုံဖြင့် လူတိုင်းသည် အလိုလိုသိမ်ငယ်လာပြီး ဒူးထောက်ရှစ်ခိုးလိုစိတ်များ ပေါ်လာကြသည်။ အချို့မှာတော့ ကြောက်ရွံ့လွန်း၍ ရူးသွပ်သွားကြသည်။

"မိစ္ဆာနတ်ဘုရားတွေ... မင်းတို့ ငရဲကို သွားကြစမ်း"

ထိုခဏမှာပင် တောင်ဘက်အရပ်မှ ပုံရိပ် ၇ ခု ၈ ခုခန့်သည် ကောင်းကင်သို့ ပျံတက်သွားလေသည်။ ၎င်းတို့၏အလင်းတန်းများက အတောက်ပဆုံး ကြယ်တာရာများကဲ့သို့ပင်။

မဟာအုပ်စိုးရှင် ၈ ပါးက ဖန်ထုန်နယ်မြေအတွက် ရဲရင့်စွာဖြင့်စတင်တိုက်ခိုက်လေပြီ။

ကောင်းကင်ယံရှိ မိစ္ဆာနတ်ဘုရားမသည် ထိုအလင်းတိုင် ၈ ခုကို အမူအရာမပျက် ကြည့်နေ၏။

သူမက အေးစက်သောအသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။

"ပိုးစုန်းကြူးတွေက နေနဲ့လကို ပြိုင်ဖို့ ကြိုးစားနေတာလား"

သွေးနေမင်း မဟာသူတော်စင်မယ်သည် လက်ကိုပင်မမြှောက်ခဲ့ပါ။

သူမ၏ ဟိန်းဟောက်သံတစ်ချက်တည်းဖြင့်ပင်...။

ဝုန်း.....

အား....

မမျှော်လင့်လောက်အောင် ကြောက်မက်ဖွယ်ကောင်း၏။ သူမ၏ အသံလှိုင်းကြောင့် မဟာအုပ်စိုးရှင်ကြီး ၈ ပါး၏ အလင်းတိုင်များသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး ချက်ချင်းပေါက်ကွဲပျက်စီးသွားတော့သည်။

မဟာအုပ်စိုးရှင်ကြီး ၈ ပါး စုပေါင်းတိုက်ခိုက်သော်လည်း ရန်သူကို လက်တစ်ချက်ပင်မလှုပ်စေနိုင်ဘဲ အသံတစ်ချက်တည်းဖြင့် အသက်ပျောက်သွားကြရ၏။

ဖန်ထုန်နယ်မြေတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားလေတော့သည်။

"ဒါဟာ... စစ်မှန်နတ်ဘုရားတွေအထက်က ယန်နတ်ဘုရားရဲ့ စွမ်းအားလား"

All Chapters