အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
Chapter 421: နတ်ဆိုးများ ခေတ္တနားနေခြင်း
ဝမ်ရှင်းအန်းမှာ အကြီးအကျယ် အံ့အားသင့်သွားရသည်။ သူ ဘေးနားရှိ မိုးတိမ်သင်္ဘောပေါ်သို့ အမြန်တက်လိုက်ပြီး သေသေချာချာ စစ်ဆေးပြီးနောက်တွင် ၎င်းမှာ ပုံမှန်အတိုင်း မောင်းနှင်နိုင်ပါပေသည်။
နောက်ထပ် 'နှင်းရုပ်တု မိုးတိမ်သင်္ဘော' နှင့် 'သိန်းစွန်နက် မိုးတိမ်သင်္ဘော' တို့ကို ဆက်လက်စစ်ဆေး၏။ ၎င်းတို့သည်လည်း အလုပ်လုပ်နိုင်စွမ်း အပြည့်ရှိပြီး အသုံးပြုရန် အဆင်သင့် ဖြစ်နေကြသည်။ ထိုအချိန်တွင် ဝူကျန့်ယွမ်မှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှင်းအန်းသည် တစ်ချိန်လုံး နှုတ်ဆိတ်နေသောကြောင့်ပင်။ အကယ်၍ မိုးတိမ်သင်္ဘောများတွင် ပြဿနာတစ်ခုခု ရှိနေပါက ဝမ်ရှင်းအန်း ချက်ချင်းပင် ထုတ်ပြောလိမ့်မည် ဖြစ်သည်။ သို့သော် သူ ဘာမှမပြောဘဲ မိုးတိမ်သင်္ဘော တစ်စီးပြီးတစ်စီးသို့သာ ကူးပြောင်းစစ်ဆေးနေသည်။ ဒါက အလွန်ပင် ထူးဆန်းလှ၏။ အတော်ကြာပြီးနောက်တွင်မှ ဝမ်ရှင်းအန်းသည် သင်္ဘောကုန်းပတ်ပေါ်မှ ခုန်ဆင်းလာခဲ့သည်။ ရှန်မိုကို ကြည့်နေသော သူ၏ အကြည့်များမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေ၏။ ရတနာသိုက်ကြီးတစ်ခုကို တွေ့လိုက်ရသည့်အလားပင်။
"မိုးတိမ်သင်္ဘော ဆယ်စီးလုံး စစ်ဆေးမှု အောင်မြင်တယ်… ဖုန်လေး နည်းနည်းသုတ်လိုက်ရုံနဲ့ တိုက်ပွဲထဲကို တန်းပြီး ယူသွားလို့ရပြီ"
"ရှန်မို... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
ဝမ်ရှင်းအန်း မမေးဘဲ မနေနိုင်တော့ပေ။ ရှန်မို မဖြေကြားနိုင်မီမှာပင် ဘေးမှ ဝူကျန့်ယွမ်လည်း မျက်လုံးများ ပြူးကျယ်သွားတော့၏။
စစ်ဆေးမှု အောင်မြင်တယ်။
အားလုံးလား။
ဘာတွေဖြစ်ကုန်တာလဲ။
ဒါက မဖြစ်နိုင်ဆုံး ရလဒ်ပဲ မဟုတ်လား။
ရှန်မို ပြုံးလိုက်သည်။
"တပ်မှူးဝမ်... ကျွန်တော် အရင်က စစ်လက်နက် ယန္တရားတွေအကြောင်း အထူးပြုရေးထားတဲ့ စာအုပ်တစ်အုပ်ကို လေ့လာခဲ့ဖူးတယ်… တပ်မှူးလည်း ကြားဖူးမှာပါ… အဲဒါက 'ဧရာမစက်ယန္တရားကျမ်း' ပါပဲ"
ဝမ်ရှင်းအန်း အံ့သြတကြီး ရေရွတ်လိုက်သည်။
"ဧရာမစက်ယန္တရားကျမ်း… အဲဒါကို မင်း ဘယ်လိုလုပ် ရခဲ့တာလဲ… အဲဒါက 'ကောင်းကင်တာအို ဘဏ္ဍာတိုက်' ထဲမှာ ရှိတာလေ… အဲဒါကို လဲဖို့အတွက် အဆင့်ဘီ စစ်မှုထမ်းကုသိုလ်မှတ်တမ်း (၅၀) တောင် ပေးရတာ"
"ငါတောင် တခြားတပ်မှူးတွေဆီကနေ အတော်လေး ချေးငှားပြီးမှ ပထမတွဲကို မနည်းရအောင် လဲခဲ့ရတာ"
"ကံမကောင်းတာက ငါ့ရဲ့ ဉာဏ်ရည်က မမီတော့ အပြည့်အဝ နားမလည်ဘဲ နောက်ဆုံးမှာ လက်လျှော့ခဲ့ရတယ်… နတ်ဆိုးနှိမ်နင်းရေး ခံတပ် (၁၀) ခုလုံးမှာဆိုရင် စစ်သူကြီး အောင်းကွမ် တစ်ယောက်ပဲ 'ဧရာမစက်ယန္တရားကျမ်း' ရဲ့ ပထမတွဲကို တကယ် နားလည်တယ်လို့ ငါကြားဖူးတယ်"
ရှန်မို သူပြင်ဆင်ထားသော ဆင်ခြေကို ဆက်ပြောလိုက်၏။
“နတ်ဆိုးနှိမ်နင်းရေး ခံတပ်ကို မလာခင်မှာ ကျွန်တော် အဲဒီပထမတွဲကို ရခဲ့ပြီး အပေါ်ယံလောက်တော့ ဖတ်ဖူးပါတယ်… သိပ်ပြီးတော့ အလေးအနက်တော့ မဟုတ်ပါဘူး… အခု လက်နက်တိုက်ကို ရောက်လာပြီး ဒီစက်ယန္တရားတွေကို ကိုယ်တိုင် မြင်တွေ့လိုက်ရတော့မှ ဒါတွေက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိလိုက်ရတာ… ကျွန်တော့်မှာ ဒီအတွက် ပါရမီရှိနေတာ ဖြစ်မှာပါ"
ဝမ်ရှင်းအန်း မှင်တက်သွား၏။
“ဒါက ပါရမီရှိရုံတင် မဟုတ်တော့ဘူး… မင်းက လုံးဝ ပါရမီရှင်ပဲ”
သူ ဝမ်းသာအားရဖြင့် ဆက်ပြောသည်။
"မင်း ဒီမှာရှိနေရင် ရွှမ်းဝူခံတပ်က ပျက်စီးနေတဲ့ စက်ယန္တရားအားလုံး အသက်ပြန်ဝင်လာတော့မှာပဲ”
"ဒီလိုဆိုရင် မသေသင့်ဘဲ သေဆုံးနေရတဲ့ နတ်ဆိုးနှိမ်နင်းရေး တပ်သားတွေ အများကြီးကို ကယ်တင်နိုင်မှာ… မနက်ဖြန်ကစပြီး မင်းကို အဆင့်ဘီ ကုန်လှောင်ရုံကို ပြောင်းရွှေ့ပေးမယ်”
ဝမ်ရှင်းအန်းမှာ သိသိသာသာ စိတ်လှုပ်ရှားနေပြီး ရှန်မိုကို ကြည့်နေသော သူ၏ အကြည့်များမှာ လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေ၏။
ဝူကျန့်ယွမ်မှာ ဘေးတွင် ရပ်နေရင်း ထုံထိုင်းသွားတော့သည်။ တစ်ချိန်က ဝမ်ရှင်းအန်းသည် သူ့ကိုလည်း ဤကဲ့သို့ပင် ကြည့်ခဲ့ဖူးပြီး သူ့ကို ရှားပါးပါရမီရှင်ဟု ယုံကြည်ခဲ့ဖူးသည်။ စစ်လက်နက်များ၏ တည်ဆောက်ပုံနှင့် ပြုပြင်နည်းများကို ကိုယ်တိုင် လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပြီး သူတို့နှစ်ဦးမှာ ဆရာနှင့် တပည့်ကဲ့သို့ပင် ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားပေ။ သို့သော် ယခုအခါတွင်မူ ဝမ်ရှင်းအန်း အပြောင်းအလဲ မြန်လွန်းလှသည်။ သူ ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံး ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင်။ သူသည် လက်နက်တိုက်တွင် ပါရမီအရှိဆုံး နတ်ဆိုးနှိမ်နင်းရေးတပ်သား မဟုတ်တော့ပေ။ ရှန်မိုကသာ ဖြစ်သွားလေပြီ။
ဝူကျန့်ယွမ်သည် အဆင့်စီ ကုန်လှောင်ရုံအတွင်းမှ ကြောင်တောင်တောင်ဖြင့် ထွက်လာခဲ့၏။ အပြင်ဘက်တွင် နတ်ဆိုးနှိမ်နင်းရေးတပ်သား အချို့ အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ ဝူကျန့်ယွမ် ထွက်လာသည်ကို မြင်သောအခါ သူတို့အားလုံး စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်ကြ၏။
“အစ်ကိုဝူ... အထဲမှာ ဘာဖြစ်ခဲ့တာလဲ”
“ဟုတ်ပါ့ အစ်ကိုဝူရယ်… အဲဒီလူသစ်က တကယ်ပဲ မိုးတိမ်သင်္ဘောတွေကို ပြုပြင်နိုင်လို့လား… ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား”
ဝူကျန့်ယွမ်သည် စိတ်ပျက်အားငယ်နေသဖြင့် ဘာမှပြန်မပြောပေ။ သူ ရှန်မိုကို အလွန်အမင်း မနာလို ဖြစ်နေမိ၏။ သို့သော် သူ ထုတ်ပြော၍ မဖြစ်ကြောင်း သိသည်။ ဒါက ရွှမ်းဝူခံတပ်အတွက် အလွန်အရေးကြီးသော သတင်းအချက်အလက် ဖြစ်သည်။ အကယ်၍ နတ်ဆိုးမျိုးနွယ်စုများမှ ဤသတင်းကို မသိထားလျှင် သူတို့ ခံတပ်၏ အင်အားကို မှားယွင်းတွက်ချက်မိမှာ အသေအချာပင်။
ဒီလိုဆိုရင် နတ်ဆိုးနှိမ်နင်းရေးတပ်သားတွေက အပြတ်အသတ် အောင်ပွဲခံနိုင်မှာပဲ။
သူ တိတ်ဆိတ်စွာပင် သူ့အခန်းဆီသို့ ပြန်သွားတော့သည်။
အဆင့်စီ ကုန်လှောင်ရုံ အတွင်း၌မူ။
ဝမ်ရှင်းအန်းသည် ထွက်ခွာသွားသော ဝူကျန့်ယွမ်၏ ကျောပြင်ကို ကြည့်ကာ အသာအယာ သက်ပြင်းချလိုက်သည်။ မူလက သူ ဝူကျန့်ယွမ်နှင့် ရှန်မိုတို့ အတူတကွ အလုပ်လုပ်ရင်း အချင်းချင်း အားနည်းချက်၊ အားသာချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတော့ ရှင်းလင်းသွားပါပြီ။
ထိုနှစ်ယောက်မှာ နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။
ရှန်မို ပြုံးလျက်
"ကျွန်တော့်အတွက် လက်ထောက်နှစ်ယောက် လိုအပ်ပါတယ်"
ဝမ်ရှင်းအန်း ခေါင်းငြိမ့်ကာ
“မင်း ဘယ်သူ့ကို လိုချင်လဲ… ပြောသာပြောပါ"
"လီဟိုင်ထန်းနဲ့ ဝူကျန့်ယွမ်ပါ… သူတို့နှစ်ယောက်လုံး ပါရမီအသင့်အတင့် ရှိကြပြီး ခံတပ်အပေါ်မှာလည်း သစ္စာရှိကြတယ်"
ဝမ်ရှင်းအန်း အံ့အားသင့်သွားပြီးမှ
“ကောင်းပြီ… မင်းရွေးချယ်တဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
ရှန်မို ဝူကျန့်ယွမ်၏ မနာလိုစိတ်ကို သေချာပေါက် သတိထားမိလိမ့်မည်ဟု သူသိသည်။ သို့သော်လည်း ရှန်မိုမှ ဝူကျန့်ယွမ်ကို လက်ထောက်အဖြစ် ခေါ်ယူလိုသည်မှာ ရှန်မို၏ သဘောထားကြီးမှုကို ပြသနေခြင်းပင်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ မွန်မြတ်သော စိတ်ထားရှိသည်မှာ တကယ့်ကို ရှားပါးလှပေသည်။
ဝမ်ရှင်းအန်း ရှန်မိုကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေသည်။
ကျန်းလုံရှန်းမှ လက်နက်တိုက်ကို ပြဿနာတစ်ခု လွှတ်ပေးလိုက်တယ်လို့ သူထင်ခဲ့မိပြီး တကယ်တော့ ရတနာတစ်ပါးကို ပို့ပေးလိုက်တာပဲကိုး။
"ဒါနဲ့... မကြာသေးခင်က နတ်ဆိုးမျိုးနွယ်စုတွေ စုဝေးနေတာမျိုး မရှိဘူးလား”
ရှန်မို ရုတ်တရက် မေးလိုက်သည်။ သူ၏ ကံကြမ္မာစနစ်တွင် မြင်တွေ့ခဲ့ရသော ကြိုတင်သတ်မှတ်ထားသည့် ကံကြမ္မာအရဆိုလျှင် နတ်ဆိုးများသည် ဤရက်ပိုင်းအတွင်း ကျူးကျော်လာရမည် ဖြစ်၏။ သို့သော် ခံတပ်မှာ အေးဆေးငြိမ်သက်နေဆဲပင်။ နတ်ဆိုးများ၏ လှုပ်ရှားမှု မရှိသေးပေ။
ဝမ်ရှင်းအန်း ခေါင်းခါပြလျက်
“အဲဒါ ထူးဆန်းနေတာ… နတ်ဆိုး ပင်လယ်ရဲ့ ဒုတိယအလွှာနဲ့ တတိယအလွှာက တပ်သားတွေဆီက သတင်းရထားတာတော့ 'ဆဋ္ဌမမြောက် မဟာနတ်ဆိုး' လက်အောက်က နတ်ဆိုးတွေ လှုပ်ရှားလာတဲ့ အရိပ်အယောင်တွေ ရှိနေတယ်လို့ သိရတယ်… ဒါကြောင့် သတိထားဖို့ ပြောထားတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရရှိတဲ့ သတင်းအသစ်အရဆိုရင် သူတို့က စတုတ္ထအလွှာမှာပဲ စုဝေးနေကြပြီး ပင်လယ်ရေမျက်နှာပြင်ဘက်ကိုတော့ လုံးဝ ထွက်မလာကြသေးဘူးတဲ့"
ရှန်မိုက ခေါင်ငြိမ့်ပြ၏။
“နားလည်ပါပြီ"
သူ အကြမ်းဖျင်း ခန့်မှန်းမိသွားပြီ။
အန်းကျန့်ရှုံ ဖော်ထုတ်ခံလိုက်ရခြင်းနှင့် ရွှမ်းဝူခံတပ်အတွင်းသို့ ခိုးဝင်နေသော နတ်ဆိုးသတ်ဖြတ်ရေး အဖွဲ့ဝင်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနိုင်ခဲ့ခြင်းတို့ကြောင့် နတ်ဆိုးခေါင်းဆောင်များမှာ သတိကြီးစွာ ထားနေပုံရ၏။ သူတို့၏ ကျူးကျော်မှု အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်မှာ သေချာပါသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုး ယခင်ကလည်း ရှိခဲ့ဖူးသည်။ ရှန်မိုမှ သူ၏ ကြိုးစားအားထုတ်မှုဖြင့် ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာကို ပြောင်းလဲလိုက်သည့်အခါ ကံကြမ္မာ၏ လမ်းကြောင်း မလွဲမသွေ ပြောင်းလဲသွားတတ်သည်။
ဒါက မမျှော်လင့်ထားသော ကိစ္စတော့ မဟုတ်ပေ။
"မင်းရဲ့ 'နတ်ဆိုးနှိမ်နင်းရေး လက်ပတ်' ကို တစ်ချက်လောက် စစ်ကြည့်လိုက်ဦး… မင်းရဲ့ ကုသိုလ်မှတ်တမ်းတွေက အခုဆို အသစ် ဖြစ်လောက်ပြီ"
ဝမ်ရှင်းအန်း ရယ်မောလျက် ပြောသည်။
“ညလည်း တော်တော် နက်နေပြီ… သွားနားတော့လေ"
"စစ်လက်နက်တွေကို ပြုပြင်ရတာက စိတ်ရောကိုယ်ပါ ပင်ပန်းရတဲ့ အလုပ်ပဲ… အနားယူတာနဲ့ အစားအသောက်ကို ဂရုစိုက်ဦး… အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ဖို့ မမေ့နဲ့"
ဝမ်ရှင်းအန်း စေတနာဖြင့် မှာကြားနေ၏။
ရှန်မို ခေါင်းငြိမ့်ပြ၍
“ကျေးဇူးတင်ပါတယ် တပ်မှူးဝမ်"
အခန်းအတွင်းသို့ ရောက်သောအခါ။
ရှန်မို သူ၏ စိတ်အာရုံကို နတ်ဆိုးနှိမ်နင်းရေး လက်ပတ်အတွင်းသို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် ရရှိထားသော စစ်မှုထမ်းအမှတ် အသေးစိတ်များ ပေါ်လာသည်။
[သွေးစွမ်းအင်အမြှောက် နှစ်လက် ပြုပြင်ပြီး— အပြစ်အနာအဆာကင်းစွာ ပြုပြင်မှု။ အဆင့်ဒီ အမှတ် (၂) မှတ် ရရှိသည်။]
[မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော သုံးစီး ပြုပြင်ပြီး— အပြစ်အနာအဆာကင်းစွာ ပြုပြင်မှု။ အဆင့်ဒီ အမှတ် (၆၀) ရရှိသည်။]
[နှင်းရုပ်တု မိုးတိမ်သင်္ဘော သုံးစီး ပြုပြင်ပြီး— အပြစ်အနာအဆာကင်းစွာ ပြုပြင်မှု။ အဆင့်ဒီ အမှတ် (၁၅၀) ရရှိသည်။]
[သိန်းစွန်နက် မိုးတိမ်သင်္ဘော သုံးစီး ပြုပြင်ပြီး— အပြစ်အနာအဆာကင်းစွာ ပြုပြင်မှု။ အဆင့်စီ အမှတ် (၃) မှတ် ရရှိသည်။]
ရှန်မို အသာအယာ ခေါင်းငြိမ့်မိ၏။
မဆိုးလှပေ။
အခြားသော နတ်ဆိုးနှိမ်နင်းရေးတပ်သားများအတွက် လက်နက်တိုက်သည် အမှတ် ရနိုင်သော နေရာမဟုတ်သော်လည်း ထိုအရာမှာ သူတို့က ဘာမှမပြုပြင်တတ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ အရည်အချင်းရှိရင် လက်နက်တိုက်ဟာ ရွှေတွင်းကြီးတစ်ခုပင်။
ဥပမာအားဖြင့် မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော တစ်စီးကို ပြုပြင်လျှင် အဆင့်ဒီ အမှတ် (၂၀) ရပါသည်။ ၎င်းမှာ တိုက်ပွဲမြေပြင်တွင် သာမန် စစ်မှန်သော နတ်ဆိုးအရှင်သခင် နှစ်ကောင်ကို သတ်ရသည်နှင့် ညီမျှ၏။ မိုးကြိုးသိန်းငှက်၏ တန်ဖိုးမှာ အလွန်မြင့်မားလှသည်။ ၎င်းမှာ တိုက်ခိုက်နိုင်သလို တပ်သားများကိုလည်း သယ်ယူပို့ဆောင်ပေးနိုင်သည်။
နှင်းရုပ်တုနှင့် သိန်းစွန်နက် မိုးတိမ်သင်္ဘောများ၏ အခန်းကဏ္ဍမှာမူ ပို၍ပင် အရေးကြီးလှသည်။ နှင်းရုပ်တု မိုးတိမ်သင်္ဘော တစ်စီးကို ပြုပြင်နိုင်တိုင်း ရွှမ်းဝူခံတပ်နှင့် အခြားခံတပ်များအကြား ကုန်သွယ်မှုကို ပိုမိုတိုးတက်စေသည်။ ၎င်းမှာ ပိုလျှံနေသော အရင်းအမြစ်များကို အရေးတကြီး လိုအပ်နေသော အရာများနှင့် လဲလှယ်ရန် အခွင့်အရေး ရစေ၏။ နတ်ဆိုးမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့အကြား တင်းမာမှုများ ရှိနေသော်လည်း လူတိုင်း စီးပွားရေး လုပ်ဆောင်ရန်အတွက်ကိုမူ ဝန်မလေးကြပေ။
"ဒါက ပြုပြင်ရုံတင် ရှိသေးတာ… တကယ်လို့ ငါကိုယ်တိုင် ဒီစက်ယန္တရားတွေကို တည်ဆောက်နိုင်ရင်၊ အဲဒါတွေ တိုက်ပွဲထဲမှာ နတ်ဆိုးတွေကို သတ်တဲ့အခါတိုင်း ငါက အမှတ် အဓိက ဝေစုကို ရရှိမှာပဲ"
ရှန်မို ပြုံးလိုက်သည်။
အဲဒါကမှ တကယ့် အမှတ်ကောင်း မြစ်ဖျားခံရာ နေရာအစစ်ပဲ။
"နတ်ဆိုးတွေက သူတို့ရဲ့ လှုပ်ရှားမှုကို ခေတ္တရပ်ဆိုင်းထားတယ်ဆိုတော့ ဒါက ငါ့အတွက် အခွင့်အရေးပဲ"
"ငါ ဒီအချိန်ကို အသုံးချပြီး 'မီးလျှံနဂါး မိုးတိမ်သင်္ဘော'၊ 'ဧရာမဂျိုရှိသော မြွေကြီး မိုးတိမ်သင်္ဘော' ဒါမှမဟုတ် 'ပျံလွှားနဂါး မိုးတိမ်သင်္ဘော' တွေကို တည်ဆောက်ရမယ်"
"ဒီလို ဧရာမ စက်ယန္တရားကြီးတွေက တိုက်ပွဲရဲ့ လားရာကို ပြောင်းလဲပေးနိုင်ပြီး အလွန်ကြီးမားတဲ့ စွမ်းအားတွေကို ထုတ်ဖော်ပေးနိုင်လိမ့်မယ်"
ရှန်မို မနားတော့ဘဲ သူ၏ စိတ်အာရုံကို ကျောက်စိမ်းပြားအတွင်းသို့ ချက်ချင်းနှစ်မြှုပ်ကာ 'ဧရာမစက်ယန္တရားကျမ်း' ကို ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်အောင် ကြိုးစားနေတော့သည်။
Chapter 422: အန်ဖန်း၏ ဒေါသ
နတ်ဆိုးပင်လယ်၊ ဆဋ္ဌမမြောက်အလွှာ။
ဤအနက်သို့ မည်သည့် နတ်ဆိုးနှိမ်နင်းရေးတပ်သားမျှ မရောက်ဖူးကြချေ။ အမှန်စင်စစ် နတ်ဆိုးနှိမ်နင်းရေးခံတပ် (၁၀) ခု၏ စုပေါင်းအင်အားဖြင့်ပင် နတ်ဆိုးပင်လယ်၏ ပထမ၊ ဒုတိယနှင့် တတိယအလွှာများတွင်သာ ကင်းစခန်းအချို့ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကင်းစခန်းများသည်လည်း ကောင်းကင်တာအို၏ အလိုတော်စွမ်းအားအပေါ်တွင်သာ လုံးလုံးလျားလျား အမှီပြု၍ တည်တံ့နေခြင်း ဖြစ်လေ၏။
အန်းကျန့်ရှန်း နတ်ဆိုးနန်းတော်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ အဝင်ဝတွင် နတ်ဆိုးအသွင်ပြောင်းထားသော နဂါး နှစ်ကောင်မှာ ယခင်အတိုင်းပင် ကင်းစောင့်နေကြ၏။ သူတို့သည် အန်းကျန့်ရှန်းကို မှတ်မိနေကြသဖြင့် ရန်မူခြင်းမရှိဘဲ တိုက်ရိုက်ဝင်ခွင့်ပြုလိုက်ကြသည်။
သူ အိမ်ရှေ့ကွင်းပြင်အချို့ကို အမြန်ဖြတ်ကျော်လာခဲ့ရာ သွက်လက်သော နားများထဲသို့ ကာမဂုဏ်ခံစားနေကြသည့် အသံများ ပျံ့လွင့်လာသည်။ ဆဋ္ဌမမြောက် မဟာနတ်ဆိုး၏ သားသမီးများမှာ လှပသော နတ်ဆိုးမလေးများနှင့် ပျော်ပါးနေကြခြင်းဖြစ်ကြောင်း သူသိလိုက်၏။ သူသည် ထိုနေရာတွင် ကြာကြာမနေဝံ့သလို ခိုးနားထောင်ရန်လည်း မဝံ့ရဲသဖြင့် ခြေလှမ်းများကို ပိုအရှိန်မြှင့်လိုက်သည်။
နောက်ဆုံးတွင် အနက်ရှိုင်းဆုံးသော အိမ်ရှေ့ကွင်းပြင်သို့ ရောက်ရှိလာ၏။ ထိုနေရာမှာ ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အန်းကျန့်ရှန်း တံခါးကို ခေါက်လိုက်ပြီး ရိုသေစွာဖြင့်
"သခင်အန်းဖန်... ကျွန်တော် အန်းကျန့်ရှန်းပါ… အမိန့်အရ လာရောက်အစီရင်ခံတာပါ"
အတွင်းမှ တည်ငြိမ်သော အသံတစ်သံ ပြန်ထွက်လာသည်။
"ဝင်ခဲ့ပါ"
ထိုအခါမှသာ အန်းကျန့်ရှန်း တံခါးကို တွန်းဖွင့်ဝံ့တော့သည်။ ကွင်းပြင်၏ အလယ်တွင် အန်းဖန်တစ်ယောက် ကုလားထိုင်ပေါ်တွင် မှီလျက် ထိုင်နေပြီး ထုံးစံအတိုင်းပင် လူသားများရေးသားထားသော စာအုပ်တစ်အုပ်ကို အာရုံစိုက်ဖတ်ရှုနေ၏။ အန်းဖန်ကဲ့သို့ နတ်ဆိုးတစ်ဦးသည် လူသားတို့၏ စာအုပ်များအပေါ် အဘယ်ကြောင့် ဤမျှ စွဲလမ်းနေရသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။
အန်းဖန် အေးဆေးစွာပင်
"ဘာတွေစုံစမ်းမိလဲ… အန်းကျန့်ရှုံနဲ့ နတ်ဆိုးသတ်ဖြတ်ရေးအဖွဲ့ဝင်တွေ ဘယ်လိုဖြစ်ပြီး ပေါက်ကြားသွားရတာလဲ”
အန်းကျန့်ရှန်း အခက်တွေ့နေသည့်ဟန်ဖြင့်
"ကျွန်တော်တို့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး... ဘာအရိပ်အယောင်မှ မရှိဘဲ ရုတ်တရက်ကြီး တစ်နေ့မှာ ရုတ်တရက် ဖမ်းဆီးခံလိုက်ရတာပါ"
အန်းဖန် မျက်မှောင်ကြုတ်လိုက်ပြီး နတ်ဆိုးစွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ အန်းကျန့်ရှန်းမှာ နောက်သို့ လွင့်ထွက်သွားပြီး ကွင်းပြင်တံတိုင်းကို ဆောင့်မိပြီးမှ ရပ်တန့်သွား၏။ သူ အံကြိတ်ကာ မူလနေရာသို့ ပြန်လာပြီး ဘာမှမညည်းညူဘဲ ဒူးထောက်လိုက်သည်။
အန်းဖန် အေးစက်စွာ
"အသုံးမကျတဲ့ကောင်… ဒါလေးတောင် မင်းစုံစမ်းမလာနိုင်ဘူးလား"
"ဒါဆို မင်း ဘာကိစ္စနဲ့ ဒီကိုလာတာလဲ"
အန်းကျန့်ရှန်း စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
“လူသားအဆင့်သတ်မှတ်ချက် စာရင်းမှာ အပြောင်းအလဲတစ်ခု ရှိနေပါတယ်… တစ်ခုခုပြောင်းလဲတာနဲ့ ချက်ချင်း ကူးယူပြီး ယူလာခဲ့ဖို့ သခင် မှာထားခဲ့တယ် မဟုတ်လား"
"ဒါကို နတ်ဆိုးသတ်ဖြတ်ရေးအဖွဲ့ရဲ့ အကြွင်းအကျန်တွေဆီကနေ ကြားကြားချင်း ကျွန်တော် ချက်ချင်း ယူလာခဲ့တာပါ"
အန်းဖန် မျက်ခုံးပင့်လိုက်သည်။
"လူသားအဆင့်သတ်မှတ်ချက်က ဆယ်နှစ်အတွင်း တစ်ခါမှ မပြောင်းလဲခဲ့ဘူး… ဘာဖြစ်လို့လဲ… 'ခြင်္သေ့သတ်သမား' က ထန်းစန့်ထင်ကို ကျော်တက်သွားတာလား… ဒါမှမဟုတ် အောက်က တစ်ယောက်ယောက်က ရုတ်တရက် တက်လာတာလား”
အန်းကျန့်ရှန်း ခေါင်းခါပြ၏။
"နှစ်ခုလုံး မဟုတ်ပါဘူး… အရမ်းထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားတာပါ"
"ရွှမ်းဝူခံတပ်ရဲ့ အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေးတပ်သားသစ်တစ်ယောက်က ဒုတိယနေရာကို ရုတ်တရက် တက်လာပြီး ခြင်္သေ့သတ်သမားကို အောက်ကို တွန်းပို့လိုက်တာပါ"
အန်းဖန် စိတ်ဝင်စားသွားသည်။
“စိတ်ဝင်စားစရာပဲ သူ့နာမည်က ဘယ်သူလဲ”
"ရှန်မိုပါ"
အန်းဖန် မှင်တက်သွားသည်။
“ဘာ… နောက်တစ်ခါ ထပ်ပြောဦး"
အန်းကျန့်ရှန်းမှ
“ဟုတ်ပါတယ် သခင်… သူ့နာမည်က ရှန်မိုပါ"
အန်းဖန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ရှန်မို... ရှန်မို... မဖြစ်နိုင်တာ… သူ မဖြစ်နိုင်ဘူး"
သူ ရုတ်တရက် မတ်တပ်ထရပ်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေတော့သည်။ မေ့ပျောက်နေပြီဖြစ်သော အမှတ်တရများလည်း သူ့စိတ်ထဲတွင် တိုးဝှေ့လာ၏။
"ဒီ ရှန်မိုရဲ့ ပုံတူပန်းချီကားကို သုံးရက်အတွင်း ငါ့ဆီ ယူလာခဲ့”
အန်းဖန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
အန်းကျန့်ရှန်းမှာ တွန့်ဆုတ်နေသည်။
“သခင်... အဲဒါ ခက်ပါလိမ့်မယ်… ရွှမ်းဝူခံတပ်ထဲက ကျွန်တော်တို့ရဲ့ နတ်ဆိုးသတ်ဖြတ်ရေးအဖွဲ့ဝင်တွေ အကုန်လုံး သုတ်သင်ခံလိုက်ရပြီလေ"
"ပြီးတော့ အဲဒီနာမည်က တော်တော်လေးလည်း ခက်ပါတယ်..."
“အတိအကျ ပုံတူရဖို့ဆိုတာ..."
သူက ခေါင်းမော့ကြည့်လိုက်ရာ အန်းဖန်၏ အေးစက်လှသော အကြည့်များနှင့် ဆုံသွားသည်။
အန်းကျန့်ရှန်း၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားပြီး ဆက်မပြောဝံ့တော့ပေ။
"သခင်... ကျွန်တော် ကြည့်လုပ်လိုက်ပါမယ်… သုံးရက်အတွင်း သူ့ပုံတူကို ယူလာခဲ့ပါမယ်”
ထိုသို့ပြောပြီးနောက် သူ နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
အန်းကျန့်ရှန်း ထွက်သွားပြီးနောက် အန်းဖန် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်သည်။
"ရှန်မို… သူ မဖြစ်နိုင်ပါဘူး"
"ရှန်မိုက ဘယ်လောက်ပဲ ပါရမီရှိပါစေ… ကောင်းကင်တာအိုရဲ့ အလိုတော်က အသိအမှတ်ပြုရလောက်တဲ့ အဆင့်အထိ ရောက်နိုင်စရာ အကြောင်းမရှိဘူး"
"နာမည်တူတဲ့ တခြားတစ်ယောက်ပဲ ဖြစ်မှာပါ… ငါ အပိုတွေ တွေးနေတာပါ"
သို့သော်လည်း စိုးရိမ်စိတ်ကမူ စွဲကပ်ကျန်ရစ်နေသည်။
ထိုအမှတ်တရဟောင်းများ... တစ်ချိန်က သူ့နှလုံးသားအပေါ် လွှမ်းမိုးခဲ့သော အရိပ်မည်းကြီးများ...။
ထိုအရာများ ပျောက်ကွယ်သွားပြီဟု သူ ထင်ခဲ့သော်လည်း ယခု ထိုနာမည်ကို ကြားလိုက်ရရုံမျှဖြင့် ထပ်မံ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်။ တစ်စုံတစ်ယောက်မှာ သူ့နှလုံးသားကို ညှစ်ထားသကဲ့သို့ အသက်ရှူရ ခက်ခဲလာ၏။
"အန်းကျန့်ရှန်း ယူလာမယ့် ပုံတူကိုပဲ စောင့်ကြည့်ရမှာပဲ..."
အန်းဖန် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
သုံးရက်ကြာပြီးနောက်။
အန်းကျန့်ရှန်းသည် ပုံတူပန်းချီကားတစ်ချပ်နှင့်အတူ အမှန်တကယ်ပင် ပြန်ရောက်လာသည်။
"သခင်... ကျွန်တော် အမိန့်အတိုင်း ဆောင်ရွက်ခဲ့ပါတယ်… ရှန်မိုရဲ့ ပုံတူကို ယူလာခဲ့ပါပြီ"
သူက ရိုသေစွာ ပြောလိုက်သည်။
"ရွှမ်းဝူခံတပ်က ကျင်းဆန်းခံတပ်ဆီကနေ သွေးစွမ်းအင်အမြှောက်တွေ ဈေးကြီးပေးပြီး ဝယ်ယူတဲ့အချိန်မှာ ကျွန်တော်တို့ နတ်ဆိုးသတ်ဖြတ်ရေးအဖွဲ့ကလူတွေ ကုန်ပစ္စည်းတွေထဲမှာ ပုန်းအောင်းပြီး ခိုးဝင်ခဲ့ကြတာပါ… အဲဒီလိုနဲ့ပဲ ဒီပုံကို ရခဲ့တာပါ"
"ဒါပေမဲ့ ဒီပုံကို ရခဲ့တဲ့လူက ရှန်မိုနဲ့ တိုက်ရိုက်မတွေ့ခဲ့ရပါဘူး… တခြားသူတွေရဲ့ ပြောပြချက်အရပဲ ပုံကြမ်းဆွဲခဲ့ရတာပါ"
အန်းဖန် သူ့ကို အနည်းငယ် ချီးကျူးလိုက်ပြီးနောက် ပုံတူကိုယူကာ ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း မျက်မှောင်ကြုတ်သွားတော့၏။
ဤပုံမှာ ပုံကြမ်းမျှသာ ဖြစ်ပြီး သူမှတ်မိသော ရှန်မိုနှင့် တစ်စိတ်တစ်ပိုင်းသာ တူသော်လည်း ထိုအရှိန်အဝါမျိုးကိုမူ မည်သူမျှ အတုမခိုးနိုင်ပေ။
သူပါပဲ။
သူ သိခဲ့တဲ့ ရှန်မိုပါပဲ။
ရှန်မို ပြန်လာပြီ။
သူ ရွှမ်းဝူခံတပ်ထဲမှာ ရှိနေတယ်။
ထိုခဏတွင် အန်းဖန်၏ ခန္ဓာကိုယ်မှာ သိသိသာသာ ယိမ်းထိုးသွားပြီး သတိလစ်လုနီးပါး ဖြစ်သွားသည်။ အန်းကျန့်ရှန်း သူ့ကို တွဲရန် အမြန်ရှေ့တိုးလာသော်လည်း အန်းဖန်မှ သူ့ကို တွန်းထုတ်လိုက်၏။
သူသည် အသက်ကို ပြင်းပြင်းရှူကာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ့နှလုံးသား အနက်ရှိုင်းဆုံးမှ ပျောက်ကွယ်သွားပြီဖြစ်သော အရိပ်မည်းကြီးမှာ ထပ်မံ နိုးထလာနေပြီဖြစ်၏။ အရိုးထဲအထိ စွဲကပ်နေသော ပိုးလောက်ကောင်များကဲ့သို့ပင်။ ရှန်မိုကို သူကိုယ်တိုင် မသတ်နိုင်သရွေ့ ဤအိမ်မက်ဆိုးကြီးမှာ သူ့ကို ဘယ်တော့မှ စွန့်ခွာသွားမည် မဟုတ်ပေ။
"နတ်ဆိုးဖခင်ကြီးက ဘာပြောလဲ… ရွှမ်းဝူခံတပ်ကို ဘယ်တော့ တိုက်ခိုက်မှာလဲ”
အန်းဖန် လေးနက်စွာ မေးလိုက်သည်။
အန်းကျန့်ရှန်း မှင်တက်သွားပြီးမှ ခေါင်းခါပြ၏။
“မဟာနတ်ဆိုးကြီးက စုဝေးမှုကို ရွှေ့ဆိုင်းဖို့ အမိန့်ပေးပြီးကတည်းက နောက်ထပ် အမိန့်သစ် မလာသေးပါဘူး"
"တိုက်ခိုက်မှုကို လုံးဝ ဖျက်သိမ်းဖို့တောင် စဉ်းစားနေကြပုံရတယ်"
"ဒါပေမဲ့ ပဉ္စမမြောက် မဟာနတ်ဆိုးရဲ့ ယုံကြည်ရတဲ့လူက ကျွန်တော်တို့ နယ်မြေထဲကို ရောက်လာပြီလို့ ကြားပါတယ်… မဟာနတ်ဆိုးကြီး နှစ်ပါး ပူးပေါင်းကြမှာ ထင်တယ်"
အန်းဖန် ဟိုဟိုဒီဒီ လမ်းလျှောက်နေမိသည်။
ရှန်မိုသည် လောလောဆယ်တွင် အဝါရောင်အဆင့် တပ်သားတစ်ယောက်သာ ဖြစ်ကြောင်း သူသိ၏။ သူ တိုက်ပွဲမြေပြင်သို့ သေချာပေါက် စေလွှတ်ခံရမည် ဖြစ်သည်။ ယခုအချိန်မှာ သူ့ကို သတ်ရန် အကောင်းဆုံး အခွင့်အရေးပင်။ တိုက်ပွဲ စောစောဖြစ်လေ ပိုကောင်းလေ ဖြစ်၏။ အချိန်ဆွဲလေလေ ရှန်မိုမှာ ပိုမိုသန်မာလာလေ ဖြစ်လိမ့်မည်။ ထိုအချက်ကို သူ ကိုယ်တိုင် လက်တွေ့ကြုံဖူးပြီးသား ဖြစ်ပါသည်။
"နတ်ဆိုးဖခင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ငါ မလွှမ်းမိုးနိုင်ဘူး… အခုလောလောဆယ်တော့ စောင့်ရုံပဲ ရှိတာပေါ့"
အန်းဖန် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ဆဋ္ဌမမြောက် မဟာနတ်ဆိုးမှ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်လျှင် မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူ ထိုအချက်ကို လက်ခံထားသည်မှာ ကြာလှပြီ ဖြစ်၏။
အန်းဖန်မှ ဆက်ပြောသည်။
“ပြန်တော့… ရှန်မိုရဲ့ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်ပါ… သူ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အတိအကျ သိအောင်လုပ်"
အန်းကျန့်ရှန်း လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့ပါ… ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
သူ လှည့်ထွက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
"ရှန်မို... ရှန်မို... မင်းကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်ချင်လိုက်တာ"
အန်းဖန်၏ အကြည့်များသည် ပင်လယ်ရေပြင်ကို ဖောက်ထွက်ကာ ရွှမ်းဝူခံတပ်ရှိရာဆီသို့ စိုက်ကြည့်နေသကဲ့သို့ပင်။ သူ၏ အမှတ်တရများထဲမှ သူ့ကို အသက်ရှူကျပ်စေခဲ့သော ထိုလူသားပုံရိပ်ကို မြင်ယောင်နေမိတော့သည်။
...
အရှေ့ဘက်ပင်လယ်ပြင်တွင် ကောင်းကင်နှင့် ရေပြင်မှာ ကျယ်ပြောလှသော အပြာရောင်ပြင်ကြီးအဖြစ် တစ်သားတည်း ဖြစ်နေသည်။ ပုံရိပ်တစ်ခုသည် လှိုင်းလုံးများကို ဖြတ်ကျော်ကာ အလွန်မြန်သော အရှိန်ဖြင့် ပြေးလွှားနေ၏။ သူ၏ ခန္ဓာကိုယ်မှာ လူသားနှင့် ဆင်တူသော်လည်း အစိတ်အပိုင်းအချို့မှာမူ သားရဲလက္ခဏာများ ကျန်ရှိနေသေးသည်။
ကြည့်ရသည်မှာ အတော်ပင် ထူးဆန်းလှသည်။ သူ ပြုံးလျက် လက်ဖဝါးအရွယ်အစားရှိသော ကျောက်စိမ်းခွက်ကလေးတစ်ခုကို ထုတ်ကြည့်ကာ ရယ်မောလိုက်သည်။
"ဒီ 'ပင်လယ်ပြာခွက်'က တကယ့်ကို အဖိုးတန်တာပဲ… မိုင်ပေါင်း သောင်းချီတဲ့အတွင်းက ပင်လယ်ရဲ့ အခြေအနေကို ထင်ဟပ်ပြနိုင်တယ်… ဒါကြောင့် ဘေးအန္တရာယ်တွေကို ရှောင်ရှားပြီး ကံကောင်းခြင်းတွေကို ရှာဖွေရတာ အရမ်းလွယ်တာပေါ့"
ဤသူမှာ ယဲ့ယန် ဖြစ်သည်။ နတ်ဆိုးတစ်သောင်းနယ်မြေမှ ထွက်ခွာလာပြီးနောက် သူ အရှေ့ဘက်ပင်လယ်ပြင်သို့ ထွက်ပြေးလာခဲ့ပြီး အရှေ့ဘက်သို့သာ ဆက်တိုက် ဦးတည်နေခြင်း ဖြစ်သည်။ သူသည် ပင်လယ်သားရဲတစ်ကောင်ထံမှ ထွက်ပြေးနေစဉ် နစ်မြုပ်နေသော သင်္ဘောပျက်တစ်ခုအတွင်းမှ ဤ 'ပင်လယ်ပြာခွက်' ကို မတော်တဆ ရရှိခဲ့ခြင်း ဖြစ်၏။ ဤရတနာသည် ပင်လယ်ပြင်ကြီး၏ တည်ဆောက်ပုံကို အကျယ်တဝင့် ဖော်ပြပေးနိုင်ပြီး ပင်လယ်အောက် ကမ်းပါးယံများ၊ ချိုင့်ဝှမ်းများ၊ သင်္ဘောပျက်များ၊ ပင်လယ်သားရဲများနှင့် ရတနာများကိုပါ အကုန်မြင်နိုင်သည်။
ပင်လယ်ပြင်မှာ အစွမ်းထက်သော ရေနေနတ်ဆိုးသားရဲများဖြင့် ပြည့်နှက်နေ၏။ သို့သော် ပင်လယ်ပြာခွက်ရှိသဖြင့် သူသည် အန္တရာယ်ရှိသော နေရာများကို အလွယ်တကူ ရှောင်ရှားနိုင်ပြီး တစ်ခါတစ်ရံတွင် အစွမ်းထက်သော ပင်လယ်သားရဲနှစ်ကောင်ကို အချင်းချင်း တိုက်ခိုက်အောင် မြှူဆွယ်ကာ ကြားထဲကနေ အကျိုးအမြတ် ရယူတတ်သေးသည်။
ဤရတနာကြောင့် သူ အခွင့်အလမ်းကောင်းများကို ထပ်တလဲလဲ ကြုံတွေ့ခဲ့ရသည်။ သူ၏ ကျင့်စဉ်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယခုအခါတွင် ခြေတည်ဝိညာဉ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ နတ်ဘုရားနန်းတော်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
"အရှေ့ဘက် အစွန်အဖျားမှာ နတ်ဆိုးပင်လယ်ရှိတယ်လို့ ငါကြားဖူးတယ်… အဲဒီမှာ ကျင့်စဉ်အတွက် အရင်းအမြစ်တွေက ပိုတောင် ပေါများဦးမှာပဲ… ဒီပင်လယ်ပြာခွက်နဲ့ဆိုရင် ငါ အရှေ့ဘက်ကို ဆက်သွားရုံနဲ့ နတ်ဆိုး ပင်လယ်ကို ရောက်နိုင်မှာပါ"
ယဲ့ယန်၏ စိတ်ထဲတွင် အတွေးများ ပေါ်လာပြီး အရှိန်ကို ချက်ချင်းပင် မြှင့်လိုက်တော့သည်။
Chapter 423 : ကျန်းလုံရှန်း မင်း ဘာလုပ်နေတာလဲ
"ပြီးသွားပြီ”
ရှန်မို သူ့ရှေ့ရှိ ဧရာမမိုးတိမ်သင်္ဘောကြီးကို ကြည့်ကာ မျက်နှာထက်တွင် အောင်မြင်မှုအသီးအပွင့်များကြောင့် ရရှိလာသည့် ပီတိများဖြင့် ပြည့်နှက်နေသည်။
'မီးလျှံနဂါး မိုးတိမ်သင်္ဘော'
လှပကျော့ရှင်းသော သင်္ဘောကိုယ်ထည်၊ ပိုမိုခိုင်ခံ့အောင် ပြုလုပ်ထားသော ကုန်းပတ်နှင့် သင်္ဘောကျောရိုး၊ ပြီးနောက် အရှိန်အဝါကြီးမားလှသည့် နဂါးဦးချွန်တို့မှာ ကြည့်ရသူကို ဖိအားပေးနေသကဲ့သို့ ခံစားရ၏။ မီးလျှံနဂါး မိုးတိမ်သင်္ဘောအောက်တွင် ရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်လျှင် ရှန်မိုပင်လျှင် တောင်ကြီးတစ်လုံးမှ သူ့အပေါ်သို့ ဖိချထားသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍သာ နတ်ဆိုးများဆိုလျှင် ထိုဖိအားမှာ ပြောစရာမလိုအောင် ပို၍ကြီးမားပေလိမ့်မည်။
ရှန်မို၏ဘေးတွင် ရှိနေသော လီဟိုင်ထန်းနှင့် ဝူကျန့်ယွမ်တို့မှာလည်း မှင်တက်နေမိကြ၏။ ရှန်မို၏ လက်ထောက်များအဖြစ် သူတို့ ရှန်မိုနောက်သို့ အနီးကပ် လိုက်ပါခဲ့ကြသည်။ ဝူကျန့်ယွမ်မှာ ရှန်မို သူ့ကို လက်ထောက်အဖြစ် ဘာကြောင့် ရွေးချယ်ခဲ့သလဲဆိုသည်ကို မူလက အံ့သြခဲ့သော်လည်း မကြာမီမှာပင် သူ လက်ခံလိုက်ပါသည်။
သူသည် စိတ်ပင်လှုပ်ရှားနေမိသေး၏။ စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်လျှင် ရှန်မို၏ နားလည်မှုမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်သည်မှာ အမှန်ပင်။ သူ ရှန်မိုထံမှ အများကြီး သင်ယူနိုင်ပြီး ရှန်မိုနောက်သို့ လိုက်ခြင်းမှာ နောက်ဆုံးတွင်တော့ မဆိုးလှသော ကိစ္စပင် ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့နှစ်ယောက် ရှန်မို မိုးတိမ်သင်္ဘောကို တည်ဆောက်နေသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်ခဲ့ကြသည်။ ဝူကျန့်ယွမ်မှာ မျက်တောင်ပင် မခတ်ဝံ့ခဲ့ချေ။ အစပိုင်းတွင် သူ အလွန်တုန်လှုပ်ခဲ့ရ၏။
ရှန်မိုသည် 'ကောင်းကင်တာအို ဘဏ္ဍာတိုက်' ထဲမှ အဖိုးတန်ပစ္စည်း အမြောက်အမြားကို လဲလှယ်ခဲ့ပြီး ဥပမာအားဖြင့် ကုန်းပတ်များ တည်ဆောက်ရန် အကောင်းဆုံးဖြစ်သည့် အလွန်လေးလံသော 'သံနက်သား'မျိုး၊ သို့မဟုတ် တိုက်ခိုက်ရေးဦးချွန်များ ပြုလုပ်ရန် အသင့်တော်ဆုံးဖြစ်သည့် မီးဓာတ်ပါသော 'ချော်ရည်သဲ'မျိုးနှင့် ကောင်းကင်နှင့် မြေကြီး၏ လေဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုစည်းပေးနိုင်သောကြောင့် ရွက်ထည်ပြုလုပ်ရန် အကောင်းဆုံးဖြစ်သည့် 'လေနတ်ဘုရား ပိုးချည်' တို့ ဖြစ်သည်။ ဤပစ္စည်းအားလုံးနီးပါးမှာ ထိပ်တန်း 'မြေကမ္ဘာ' အဆင့် ရတနာများ ဖြစ်ကြသည်။
ရှန်မို ထိုပစ္စည်းများကို ဝူကျန့်ယွမ်နှင့် လီဟိုင်ထန်းတို့ထံ ပေးအပ်သည့်အခါ နှစ်ယောက်လုံး စွံ့အသွားကြသည်။ လီဟိုင်ထန်းကဲ့သို့သော ထုံထိုင်းသူပင် ဤပစ္စည်းများမှာ ထူးခြားကြောင်း သိနိုင်၏။ ဝူကျန့်ယွမ်မှာမူ လီဟိုင်ထန်းထက် ပို၍ နားလည်သူဖြစ်ရာ ၎င်းတို့၏ မြင့်မြတ်သော ဂုဏ်သတ္တိများကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထို့ကြောင့် ရှန်မို အဘယ်ကြောင့် ဤမျှ အဖိုးတန်လှသော စစ်မှုထမ်းကုသိုလ်အမှတ်များကို သုံးကာ ဤကဲ့သို့ ကောင်းကင်ဘုံမှ ရတနာပစ္စည်းများကို လဲလှယ်ရသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။
နောက်ပိုင်းမှသာ ရှန်မို ဤမိုးတိမ်သင်္ဘောကို ကိုယ်တိုင် တည်ဆောက်တော့မည် ဖြစ်ကြောင်း သိလိုက်ရ၏။ အစပိုင်းတွင် ဝူကျန့်ယွမ်မှာ ရူးမတတ်ပင် ဖြစ်သွားခဲ့သည်။
သူ ဤကဲ့သို့သော ကိစ္စအတွက် ကုသိုလ်အမှတ်များကို အဘယ်ကြောင့် ဖြုန်းတီးနေရသနည်းဟု ရှန်မိုကို အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့ဖူးသည်။ 'နဂါးပတ်ခံတပ်' မှ စစ်လက်နက်ပစ္စည်းများအတွက် တစ်သက်လုံး မြှုပ်နှံထားသည့် စစ်သူကြီး အောင်းကွမ်းပင်လျှင် ပစ္စည်းအတော်များများကို ကျွမ်းကျင်စွာ ပြုပြင်ရုံသာ တတ်နိုင်၏။ မိုးတိမ်သင်္ဘောတစ်စင်းကို အစမှအဆုံးအထိ အသစ်တည်ဆောက်ရန်မှာမူ သူ မလုပ်နိုင်ချေ။
ရှန်မိုကဲ့သို့သော အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေးတပ်သား အသစ်ကလေးက ဒါကို ဘယ်လိုများ လုပ်နိုင်မှာလဲ။
သို့သော် ဝူကျန့်ယွမ် တစ်ယောက် လုံးဝ နှုတ်ဆိတ်သွားရန်မှာ နှစ်ရက်သာ အချိန်ယူခဲ့ရသည်။ လီဟိုင်ထန်းဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ တစ်ချိန်လုံး စကားမပြောနိုင်တော့သည့် လူအတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။
ဤဧရာမ မိုးတိမ်သင်္ဘောကြီး၏ သင်္ဘောကျောရိုး၊ ကုန်းပတ်၊ ရွက်တိုင်၊ ရွက်ထည်နှင့် ဦးချွန် အားလုံးကို တစ်စစီ တပ်ဆင်နေသည်အား သူတို့ နှစ်ယောက်စလုံး ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ယခုအခါတွင် ဤမိုးတိမ်သင်္ဘောကြီးမှာ ဓားအိမ်ထဲမှ ထုတ်လိုက်သော ဓားတစ်စင်းကဲ့သို့ တည်ကြည်ခန့်ညားစွာ ရပ်တည်နေလေပြီ။ ၎င်းမှာ တိုက်ပွဲထဲသို့ ပြေးဝင်ပြီး နတ်ဆိုးများကို သတ်ဖြတ်ရန် အားခဲနေသကဲ့သို့ပင်။ မီးလျှံနဂါး မိုးတိမ်သင်္ဘောမှာ ရှန်မိုကိုယ်တိုင်ကိုပင် ဖိအားပေးနိုင်စွမ်း ရှိသည်။ သဘာဝကျကျပင် ဝူကျန့်ယွမ်နှင့် လီဟိုင်ထန်းတို့ လုံးဝ အံ့အားသင့် မှင်တက်သွားကြရသည်။
"ဒါက... ဒါက တကယ်ပဲ မောင်းနှင်လို့ ရတာလား"
ဝူကျန့်ယွမ် တည်ငြိမ်လေးနက်စွာ မေးလိုက်သည်။
ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။
“မောင်းလို့မရရင် ငါ ဘာလို့ ဆောက်မှာလဲ”
"ကျွန်တော်... ကျွန်တော် အခုပဲ တပ်မှူးဝမ်ကို သွားခေါ်လိုက်ပါ့မယ်”
ဝူကျန့်ယွမ် အလေးအနက် ဆိုလိုက်သည်။
ခဏအကြာတွင် သောက်စားနေသော ဝမ်ရှင်းအန်းမှာ ဝူကျန့်ယွမ်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရ၏။
"...ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲဟ… ငါ့ရဲ့ ကုသိုလ်အမှတ်တွေ သုံးပြီးမှ ဝက်ခေါင်းသား တစ်ပွဲနဲ့ 'မျောက်ဝိုင်' တစ်ပုလင်း ဝယ်ထားတာ… တစ်လုတ်တောင် မစားရသေးဘူး… တစ်ငုံတောင် မသောက်ရသေးဘူး… မင်းက ငါ့ကို ဒီအထိ ဆွဲခေါ်လာတာပဲ… ဘာကိစ္စ…"
ဝမ်ရှင်းအန်း၏ ညည်းညူသံမှာ မဆုံးသွားပေ။ အဘယ်ကြောင့်ဆိုသော် ကုန်လှောင်ရုံအတွင်းရှိ အလျား ပေ (၁၀၀) ကျော်ရှိသော ဧရာမ မိုးတိမ်သင်္ဘောကြီးကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
"ဒါက... ဒါက ဘယ်လို အမျိုးအစားလဲ… ငါ တစ်ခါမှ မမြင်ဖူးပါလား"
"အဆင့်-B ကုန်လှောင်ရုံထဲမှာ ဒီလိုဟာမျိုး ရှိလို့လား”
ဝမ်ရှင်းအန်း မှင်တက်သွားသည်။ သူ လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းလုံရှန်းထံသို့ ပစ္စည်းများ သွားတောင်းရန် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သွားလာနေခဲ့ရ၍ ရှန်မိုတို့ ဘာလုပ်နေသနည်းဆိုသည်ကို လာကြည့်ရန် အချိန်မရခဲ့ပေ။ ထို့ကြောင့် အဆင့်ဘီ ကုန်လှောင်ရုံထဲတွင် သူတို့ ဘာတွေလုပ်နေသည်ဆိုသည်ကို သူ လုံးဝ မသိခဲ့ချေ။
သူ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်တော့ပေ။ လက်နက်တိုက် လေးခုလုံးမှာရှိသော ဝက်အူ တစ်ချောင်းချင်းစီနှင့် ကြွက် တစ်ကောင်ချင်းစီအဆုံး သူ အလွတ်မှတ်မိသူ ဖြစ်၏။
ရက်အနည်းငယ်သာ ကွာသွားချိန်တွင် အခု ဘာဖြစ်လို့ အဆင့်ဘီ ကုန်လှောင်ရုံထဲ၌ ဒီလောက် ကြီးမားခန့်ညားတဲ့ မိုးတိမ်သင်္ဘောကြီး ရုတ်တရက် ရောက်နေရတာလဲ။
သူ ခဏမျှ စဉ်းစားပြီး ဖြစ်နိုင်ခြေ နှစ်ခုကို တွေးမိသည်။ ပထမတစ်ခုမှာ နတ်ဆိုးနှိမ်နင်းရေးတပ်သား တစ်ယောက်ယောက်မှ အမှတ်များ သုံးကာ လဲလှယ်လိုက်ခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုအတွေးကို သူ ချက်ချင်းပင် ပယ်ဖျက်လိုက်၏။ မိုးတိမ်သင်္ဘောများကို ကောင်းကင်တာအို ဘဏ္ဍာတိုက်တွင် လဲလှယ်၍ ရသော်လည်း မိုးကြိုးသိန်းငှက်၊ နှင်းလင်းယုန်နှင့် သိန်းစွန်နက် ဟူသော သုံးမျိုးသာ ရနိုင်သည်။ ယခု မြင်တွေ့နေရသော အမျိုးအစားကိုမူ သူ တစ်ခါမှ မမြင်ဖူးချေ။
ဒုတိယ ဖြစ်နိုင်ခြေမှာ ရှန်မိုနှင့် ကျန်နှစ်ယောက်က တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအတွေး ပေါ်လာသည်နှင့် သူ ချက်ချင်းပင် လုံးဝ မဖြစ်နိုင်ဟု သတ်မှတ်လိုက်သည်။ ပထမ ဖြစ်နိုင်ခြေထက်ပင် ဤအချက်က ပို၍ မဖြစ်နိုင်သေးသည်။ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး အောင်းကွမ်းပင်လျှင် စစ်လက်နက်များကို အသစ်မထွင်းထုနိုင်ချေ။
ရှန်မိုက ဘယ်လိုများ လုပ်နိုင်မှာလဲ။
ရှန်မို၏ ပါရမီနှင့်ဆိုလျှင် အနာဂတ် တစ်နေ့နေ့မှာ တည်ဆောက်နိုင်ပေလိမ့်မည်။
သို့သော် အခုလောလောဆယ်…။
လုံးဝ မဖြစ်နိုင်တာ။
"ဒါက... ဘယ်ကနေ ရောက်လာတာလဲ”
ဝမ်ရှင်းအန်း မေးလိုက်သည်။
ရှန်မို ပြုံးလျက်
"ကျွန်တော်တို့ သုံးယောက် တည်ဆောက်ထားတာပါ"
သူ ပြောလိုက်သည်နှင့် ဝူကျန့်ယွမ်နှင့် လီဟိုင်ထန်းတို့က အမြန်ပင် ခေါင်းခါကြသည်။
"ကျွန်တော်တို့က ဘေးကနေ နည်းနည်း ကူညီရုံတင်ပါ… အတိအကျ ပြောရရင် ရှန်မို တစ်ယောက်တည်း တည်ဆောက်ခဲ့တာပါ"
သူတို့ မည်ကဲ့သို့ ဤဂုဏ်ပုဒ်ကို ယူဝံ့ပါ့မည်နည်း။
ဝမ်ရှင်းအန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ တစ်ချက်ခုန်လိုက်ရုံဖြင့် မီးလျှံနဂါး မိုးတိမ်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ တိုက်ရိုက်ရောက်သွားပြီး စစ်ဆေးတော့၏။
ခဏအကြာတွင် သူ ကုန်းပတ်ပေါ်မှ ပြန်ခုန်ဆင်းလာပြီး သိသိသာသာ စိတ်လှုပ်ရှားနေကာ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေတော့သည်။
"အလုပ်လုပ်တယ်… အပြည့်အဝ အလုပ်လုပ်တယ်ဟ”
“ဒီမိုးတိမ်သင်္ဘောရဲ့ တိုက်ခိုက်ရေးစွမ်းအားက သိန်းစွန်နက်ထက်တောင် အများကြီး သာလွန်တယ်… ရှန်မို... ဒါက မင်း 'ဧရာမစက်ယန္တရားကျမ်း' ထဲကနေ နားလည်သဘောပေါက်သွားတာလား”
ဝမ်ရှင်းအန်း သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရှန်မို၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်မိသည်။ ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြလေသည်။
“ဟုတ်ပါတယ်… ဒါက နတ်ဘုရားလက်မှုပညာရှင် အောင်းယဲ့ ချန်ထားရစ်ခဲ့တဲ့ ပုံစံထုတ်ချက်တစ်ခုပါပဲ"
ဝမ်ရှင်းအန်းသည် မိုးတိမ်သင်္ဘောကို အမြတ်တနိုးဖြင့် ပွတ်သပ်နေမိ၏။
“ဒါကို ဘယ်လိုခေါ်လဲ”
“မီးလျှံနဂါး မိုးတိမ်သင်္ဘော ပါ"
ဝမ်ရှင်းအန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"မီးလျှံနဂါး မိုးတိမ်သင်္ဘော... ကောင်းတယ်… အရမ်းကောင်းတယ်”
"မင်းတို့ သုံးယောက် အဆင့်ဘီ ကုန်လှောင်ရုံမှာပဲ နေကြ… တခြား ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့… ငါ အခုချက်ချင်း စစ်သူကြီးကျန်းကို သွားသတင်းပို့လိုက်ဦးမယ်”
သူသည် ရယ်မောရင်း အပြင်သို့ အပြေးထွက်သွားတော့သည်။ ပျော်ရွှင်မှု လေညင်းလေးတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ပင်။
လက်နက်တိုက်ထဲရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
တပ်မှူးဝမ် တစ်ခြားအရာရှိတွေဆီကနေ ဝိုင်လိမ်သောက်ပြီး ပြန်မူးလာပြန်ပြီလား… ဘာဖြစ်လို့ အဲဒီလောက်ကြီး ပြုံးဖြီးနေရတာလဲ။
လီဟိုင်ထန်းနှင့် ဝူကျန့်ယွမ်တို့သည် ကုန်လှောင်ရုံတံခါးဝသို့ ချက်ချင်းသွားကာ လုံခြုံအောင် ပိတ်လိုက်ကြသည်။ သူတို့လည်း နားလည်သွားကြပြီဖြစ်၏။ ဤမိုးတိမ်သင်္ဘော အမျိုးအစားသစ် ပေါ်ထွက်လာခြင်းမှာ ရွှမ်းဝူခံတပ်၏ ထိပ်တန်း လျှို့ဝှက်ချက်ဟု သတ်မှတ်နိုင်သည်။ သာမန် နတ်ဆိုးနှိမ်နင်းရေးတပ်သားများကို သိခွင့်ပေး၍ မဖြစ်ချေ။
ယခုအချိန်တွင် ဝူကျန့်ယွမ်၏ စိတ်ထဲတွင် မနာလိုဝန်တိုစိတ် အစအနမျှပင် မရှိတော့ပေ။ ရှန်မိုအပေါ်တွင် သန့်စင်သော လေးစားကြည်ညိုမှုသာ ရှိတော့၏။
...
ခံတပ်ကင်းမျှော်စင်။
ဝမ်ရှင်းအန်းသည် တံခါးကို အတင်း တဒုန်းဒုန်းထုနေသည်။ ကင်းစောင့်နေသော နတ်ဆိုးနှိမ်နင်းရေးတပ်သား နှစ်ယောက် နားမလည်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ကျန်းလုံရှန်း… ငါ့ကို အထဲပေးဝင်စမ်း… ငါ့မှာ တင်ပြစရာ အရေးကြီးကိစ္စ ရှိတယ်”
ဝမ်ရှင်းအန်းမှ အော်ပြောသည်။
“ကျန်းလုံရှန်း... မင်း ဘာလုပ်နေတာလဲ… မင်း အလုပ်တောင် မလုပ်ဘူးလား”
ခဏအကြာတွင် ကျန်းလုံရှန်း ကင်းမျှော်စင် ပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လေသည်။
“ဝမ်ရှင်းအန်း... မင်း ဘာတွေ အရူးထလာပြန်ပြီလဲ”
ဝမ်ရှင်းအန်း ချက်ချင်းပင် လေသံပြောင်းလိုက်ပြီး ဖားသည့်အပြုံးဖြင့်
"ဟီးဟီး... ချစ်လှစွာသော စစ်သူကြီးကျန်း… ကျွန်တော့်မှာ ဆွေးနွေးစရာ အရေးပေါ်ကိစ္စလေး ရှိလို့ပါ"
ကျန်းလုံရှန်း နှာခေါင်းရှုံ့၍
“မင်းရဲ့ အရေးပေါ်ကိစ္စဆိုတာ လက်နက်တိုက်မှာ ဝိုင်ကောင်းကောင်း လိုနေတာလား… ဒါမှမဟုတ် လက်နက်တွေ ပြန်ဖြည့်ဖို့လား”
ဝမ်ရှင်းအန်း ထပ်မံ ရယ်လိုက်သည်။
“နှစ်ခုလုံး မဟုတ်ပါဘူး… ဝမ်ကြီးက အစားအသောက်လောက်ပဲ ရှာတတ်တဲ့လူစားမျိုး ထင်လို့လား”
ကျန်းလုံရှန်း နောက်တစ်ကြိမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခဏစဉ်းစားကာ
"တက်လာခဲ့"
ကင်းမျှော်စင်တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ဝမ်ရှင်းအန်းလည်း အပေါ်ထပ်သို့ အပြေးအလွှား တက်သွား၏။ သူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်ပြီး ချောမွေ့လှရာ ဗိုက်ပူပူနှင့် ဝဝကုတ်ကုတ် လူတစ်ယောက်နှင့် လုံးဝ မတူချေ။ သူအလွန်ပင် လျင်မြန်ဖြတ်လတ်လှသည်။
အဝင်ဝရှိ ကင်းစောင့်နှစ်ယောက်မှာ မယုံနိုင်ဘဲ စိုက်ကြည့်နေကြရလေ၏။
ကင်းမျှော်စင်၏ ထိပ်ပိုင်းတွင်။
ဝမ်ရှင်းအန်း၏ တင်ပြချက်ကို ကြားပြီးနောက် ကျန်းလုံရှန်း၏ မျက်နှာတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဘာ… အမျိုးအစားအသစ် မိုးတိမ်သင်္ဘောလား… သူက မိုးတိမ်သင်္ဘောအသစ်တစ်စင်းကို တည်ဆောက်လိုက်တယ် ဟုတ်လား”