အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
Chapter 424 : မီးလျှံနဂါးမိုးတိမ်သင်္ဘောအကြောင်း ပြောရင် သစ္စာဖောက်ပဲ
ဝမ်ရှင်းအန်းသည် ပေါင် (၃၀၀) ရှိသော ကလေးကြီးတစ်ယောက်ကဲ့သို့ အားရပါးရ ပြုံးဖြီးနေတော့သည်။
"ချစ်လှစွာသော စစ်သူကြီးကျန်း... လက်နက်တိုက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ခင်ဗျား လုံးဝသိမှာမဟုတ်ဘူး… အဲဒီရှန်မိုဆိုတဲ့ကောင်လေးက... တစ်သိန်းထဲမှာတစ်ယောက် မဟုတ်ဘူး… တစ်ကုဋေထဲမှာတစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်ဗျ”
"သူက ကျုပ်တို့ လက်နက်တိုက်အတွက် ကောင်းကင်က ပေးသနားလိုက်တဲ့ ရတနာပဲ”
“လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူက မိုးကြိုးသိန်းငှက်၊ နှင်းလင်းယုန်နဲ့ သိန်းစွန်နက် မိုးတိမ်သင်္ဘောတွေကို ပြုပြင်တဲ့အတတ်ကို အကုန်တတ်မြောက်သွားပြီ”
"ကျွန်တော် ကိုယ်တိုင် စစ်ဆေးကြည့်တော့ စုစုပေါင်း (၁၀) စီး၊ အားလုံးက အပြစ်ပြောစရာမရှိအောင် ပြုပြင်ထားတာ… တိုက်ပွဲမြေပြင်ကို တန်းလွှတ်လို့ရတဲ့ အနေအထားပဲ”
“ဒီနေ့မှာတော့ သူက သိန်းစွန်နက်ထက်တောင် ပိုကြီးတဲ့ မိုးတိမ်သင်္ဘောတစ်စင်းကို တည်ဆောက်လိုက်ပြန်ပြီ… အရွယ်အစား၊ တိုက်ခိုက်နိုင်စွမ်းနဲ့ ဘက်စုံက ကြည့်ရင် သိန်းစွန်နက်ကို အပြတ်အသတ် သာလွန်တယ်ဗျ”
ဝမ်ရှင်းအန်း စိတ်လှုပ်ရှားလွန်းသဖြင့် စကားပြောရင်း တံတွေးများပင် စင်ထွက်နေသည်။ အစက်အချို့ဆိုလျှင် ကျန်းလုံရှန်း၏ မျက်နှာပေါ်သို့ပင် ကျလုနီးပါး ဖြစ်သွား၏။
ကျန်းလုံရှန်း တည်ငြိမ်စွာပင် မျက်နှာကို သုတ်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။
“ဝမ်ကြီး... မင်း တကယ်ပြောနေတာလား… အိပ်မက်တွေ ပြန်မက်နေတာတော့ မဟုတ်ပါဘူးနော်”
“တစ်ခါတုန်းကလည်း မင်း ငါ့ဆီလာပြီး မိုးကြိုးသိန်းငှက်တွေကို တည်ဆောက်တော့မယ်ဆိုပြီး 'မီးလျှံဝိုင်' (၁၀) အိုး တောင်းသွားသေးတယ်လေ… အနှစ် (၂၀) သာ ကြာသွားတယ်… ဘာတစ်ခုမှ ဖြစ်မလာဘူး"
ဝမ်ရှင်းအန်း ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး ခေါင်းကို ကုတ်လိုက်သည်။
“အဲ... တစ်ခုတော့ ဖြစ်လာတာပေါ့”
"ဘာဖြစ်လာတာလဲ”
“အဲဒီ မီးလျှံဝိုင် (၁၀) အိုးလုံးကို တစ်ရက်တည်းနဲ့ ကျွန်တော် အကုန်သောက်ပစ်လိုက်တာလေ"
ကျန်းလုံရှန်း စွံ့အသွားမိသည်။
"..."
ဝမ်ရှင်းအန်း လေသံပြောင်းကာ အလေးအနက် ပြောလေ၏။
"စစ်သူကြီးကျန်း... ခင်ဗျား အချိန်ခဏပေးပြီး လာကြည့်စေချင်တယ်"
"ဒီတစ်ခါတော့ ကျွန်တော် လိမ်မပြောဘူးလို့ ကျိန်ရဲပါတယ်”
"တကယ်လို့ ကျွန်တော် လိမ်နေတာဆိုရင် ဒီတပ်မှူးရာထူးကနေ အခုချက်ချင်း နုတ်ထွက်မယ်”
ကျန်းလုံရှန်း လက်ကာပြလိုက်ပြီး
“အဲဒီလိုတော့ မလုပ်ပါနဲ့… မင်း ထွက်သွားရင် လက်နက်တိုက်ကို ဘယ်သူမှ မစီမံချင်ကြဘူး… တခြားတပ်မှူးတွေထဲက တစ်ယောက်မှလည်း အဲဒီကို မပြောင်းချင်ကြဘူးလေ"
ဝမ်ရှင်းအန်း တဟီးဟီး ရယ်လျက်
“အခုကစပြီး အခြေအနေတွေ ပြောင်းသွားတော့မှာပါ… လက်နက်တိုက်မှာ ရှန်မို ရှိနေသရွေ့တော့ ဒါက ထောက်ပံ့ရေးကဏ္ဍမှာ အခြောက်သွေ့ဆုံးနဲ့ အမေ့လျော့ခံရဆုံး နေရာ ဖြစ်တော့မှာ မဟုတ်ဘူး”
ဝမ်ရှင်းအန်း ပြောနေသည်ကို နားထောင်ပြီးနောက် ကျန်းလုံရှန်း သူ လိမ်ပြောနေပုံမရကြောင်း ခံစားလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်လည်း လောလောဆယ် အချိန်အားနေ၏။ ခဏမျှ စဉ်းစားပြီးနောက် သူက မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီလေ… မင်းနဲ့အတူ လက်နက်တိုက်ကို လိုက်ခဲ့မယ်"
"ဒါပေမဲ့ မင်း ငါ့ကို လိမ်တာဆိုရင် ဘာဖြစ်မယ်ဆိုတာ မင်းသိတယ်နော်”
ဝမ်ရှင်းအန်း စပါးကောက်နေသည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ ခေါင်းကို အဆက်မပြတ် ငြိမ့်ပြသည်။
“စိတ်ချပါ… ကျွန်တော် ကောင်းကောင်း သိပါတယ်"
"ဒါပေမဲ့ မသွားခင်မှာ စစ်သူကြီးရဲ့ ရုပ်ရည်ကို နည်းနည်း ပြောင်းသွားတာ ပိုကောင်းမယ်… စစ်သူကြီးမှန်း ဘယ်သူမှ မသိအောင်လို့လေ"
ကျန်းလုံရှန်း မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ဒါက တကယ် လိုအပ်လို့လား"
ဝမ်ရှင်းအန်း ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလေ၏။
"အရမ်း လိုအပ်တာပေါ့… ရွှမ်းဝူခံတပ်ထဲမှာ နတ်ဆိုးတွေရဲ့ သူလျှိုတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ”
ကျန်းလုံရှန်း သက်ပြင်းချလိုက်ကာ
“ကောင်းပြီလေ"
သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များ တိုးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ကိုယ်လုံးမှာ ပို၍ မြင့်မားသွား၏။ မျက်နှာသွင်ပြင်မှာမူ အနည်းငယ်သာ ပြောင်းလဲသွားသော်လည်း တစ်ကိုယ်လုံး ပုံစံမှာ သိသိသာသာ ကွဲပြားသွားတော့သည်။ ယခုကြည့်ရသည်မှာ ကိုယ်ကာယစွမ်းအား ကျင့်စဉ်များကို လေ့ကျင့်ထားသော ထွားကျိုင်းတောင့်တင်းသည့် လူတစ်ယောက်နှင့် တူနေလေ၏။
"သွားကြစို့"
သူတို့နှစ်ဦး ကင်းမျှော်စင်မှ ထွက်ခွာလာပြီး လက်နက်တိုက်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။
အဆင့်ဘီ ကုန်လှောင်ရုံ။
အပြင်ဘက်မှ တစ်စုံတစ်ယောက် တံခါးကို လာခေါက်သည်။
လီဟိုင်ထန်းသည် ဘာမှပြန်မပြောဘဲ တံခါးကို အတင်းဖိထားလိုက်၏။
“ဘယ်သူမှ ဝင်ခွင့်မရှိဘူး… တပ်မှူးဝမ်က အမိန့်ပေးထားတာ… ဘယ်သူ့ကိုမှ ခြွင်းချက်မရှိဘူး”
အပြင်ဘက်မှ ဝမ်ရှင်းအန်း၏ အသံ ထွက်လာသည်။
“ဟိုင်ထန်း... ငါပါဟ… ဝမ်ရှင်းအန်းပါ”
လီဟိုင်ထန်း နှာခေါင်းရှုံ့လိုက်ကာ
“အဲဒီလှည့်ကွက်က ရိုးနေပြီ… တပ်မှူးဝမ်ရဲ့ အသံကို အတုခိုးပြီး ငါ့ကို လိမ်လို့ရမယ် မထင်နဲ့”
လက်နက်တိုက်ထဲရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် ရှန်မိုနှင့် ကျန်သူများ အဆင့်ဘီ ကုန်လှောင်ရုံထဲတွင် ဘာလုပ်နေကြသည်အား အလွန် စိတ်ဝင်စားနေကြ၏။ ပုံမှန်အားဖြင့် ဝမ်ရှင်းအန်းသည် သာမန်တပ်သားများကို အဆင့်ဒီ နှင့် အဆင့်စီ ကုန်လှောင်ရုံများသို့သာ ဝင်ခွင့်ပြုလေ့ရှိသည်။ သို့သော် အဆင့်ဘီ ကုန်လှောင်ရုံကိုမူ မည်သူ့ကိုမှ အဝင်အထွက် မပြုခိုင်းပေ။
ထိုအခါ သဘာဝကျကျပင် စူးစမ်းလိုစိတ် ကြီးထွားလာပြီး သူတို့ အမျိုးမျိုး ကြိုးစားကြတော့သည်။ အစောပိုင်းကလည်း တပ်သားတစ်ယောက်သည် ဝမ်ရှင်းအန်း၏ အသံကို အတုခိုးကာ လီဟိုင်ထန်းကို တံခါးဖွင့်ခိုင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဝမ်ရှင်းအန်းနှင့် နှစ်အတော်ကြာ အတူနေခဲ့သော ဝူကျန့်ယွမ်မှ ထိုလှည့်ကွက်ကို ချက်ချင်း ရိပ်မိသွားခဲ့ခြင်း ဖြစ်သည်။
တံခါးအပြင်ဘက်တွင် ဝမ်ရှင်းအန်းတစ်ယောက် ကျန်းလုံရှန်းကို ကြည့်ကာ ခေါင်းကို ကုတ်နေမိသည်။ ကျန်းလုံရှန်းမှာ စိတ်လည်းညစ်၊ ရယ်လည်းရယ်ချင်နေ၏။
“ဒါဆို ကျုပ်တို့ ဘယ်လိုဝင်ကြမလဲ"
ဝမ်ရှင်းအန်း နှုတ်ခမ်းကို သပ်လိုက်ပြီး
“ဟိုင်ထန်း... မင်း ငါ့ကို တစ်ခါက ပြောပြခဲ့ဖူးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်လေ… ဘယ်သူ့ကိုမှ မပြောဖူးဘူးဆိုတဲ့ အရာလေ… မှတ်မိသေးလား”
တံခါးတစ်ဖက်ခြမ်းမှ လီဟိုင်ထန်းမှာ တည်ကြည်သော မျက်နှာဖြင့် ပြန်ဖြေလေ၏။
“မှတ်မိပါတယ်… အဲဒါကို ပြောနိုင်ရင်တော့ ခင်ဗျားက တကယ် တပ်မှူးဝမ်ပါပဲ”
ဝမ်ရှင်းအန်း အသံကို နည်းနည်းမြှင့်ကာ သက်ပြင်းချလိုက်သည်။
“မင်း ပြောခဲ့တာက... မင်းက လျှာနှစ်ခွနဲ့ မိန်းမတွေကို သဘောကျ…"
သူ့စကား မဆုံးခင်မှာပင်…
“ကျွီ”
ကုန်လှောင်ရုံတံခါးမှာ ပွင့်သွားတော့၏။
လီဟိုင်ထန်း တကယ်ပင် တပ်မှူးဝမ်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ အံ့အားသင့် ဝမ်းသာသွားသည်။
"တကယ်ကြီး တပ်မှူးဝမ်ပါလား”
ဝူကျန့်ယွမ်မှာ လီဟိုင်ထန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
လျှာနှစ်ခွနဲ့ မိန်းမတွေ။
တောက်... အကြိုက်ကတော့ တကယ့်ကို အထူးအဆန်းပါပဲလား။
ကုန်လှောင်ရုံတံခါးမှာ ပြန်ပိတ်သွား၏။
လီဟိုင်ထန်းနှင့် ဝူကျန့်ယွမ်တို့သည် ဝမ်ရှင်းအန်း၏ ဘေးရှိ အရပ်ရှည်ရှည် လူကြီးကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။
"ဒါက... ဘယ်သူလဲ”
ဝူကျန့်ယွမ် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ ဝမ်ရှင်းအန်းမှ 'မီးလျှံနဂါး မိုးတိမ်သင်္ဘော' သည် ရွှမ်းဝူခံတပ်၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်လိမ့်မည်ဟု ပြောထားခဲ့သည် မဟုတ်လား။
ဘာဖြစ်လို့ မသိတဲ့ ပြင်ပလူတစ်ယောက်ကို ခေါ်လာရတာလဲ။
ရှန်မိုပင်လျှင် အနည်းငယ် အံ့သြသွားသော်လည်း ထိုလူ၏ အထောက်အထားကို သူ ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။
ကျန်းလုံရှန်း။
အမှန်ပင် ထိုအရပ်ရှည်ရှည် လူကြီးသည် လက်တစ်ဖက်ကို မြှောက်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားပြီး သူ၏ ကိုယ်ဟန်နှင့် မျက်နှာသွင်ပြင်မှာ လုံးဝ ပြောင်းလဲသွားတော့သည်။ သူသည် ရွှမ်းဝူခံတပ်၏ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ကျန်းလုံရှန်း ဖြစ်ပါပေသည်။
လီဟိုင်ထန်းနှင့် ဝူကျန့်ယွမ်တို့မှာ ထိတ်လန့်သွားကြပြီး အမြန်ပင် ဦးညွှတ်အလေးပြုလိုက်ကြ၏။
ရှန်မိုကမူ လက်သီးဆုပ်ကာ
"စစ်သူကြီးကျန်းကို ဂါရဝပြုပါတယ်"
ကျန်းလုံရှန်း ခေါင်းငြိမ့်ပြ၏။ သူ၏ အကြည့်များမှာမူ အလိုလိုပင် ရှေ့ရှိ ဧရာမ မိုးတိမ်သင်္ဘောကြီးဆီသို့ ရောက်သွား၏။ သူ၏ မျက်ဝန်းများမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ ဤမျှ ကြီးမားလှသော မိုးတိမ်သင်္ဘောမျိုးကို သူ တစ်ခါမှ မမြင်ဖူးရုံသာမက 'ကောင်းကင်တာအို ဘဏ္ဍာတိုက်'ထဲမှာပင် မရှိချေ။
ဤလောကတွင် ပေါ်ပေါက်ဖူးသမျှ အရာတိုင်းကို ကောင်းကင်တာအို ဘဏ္ဍာတိုက်တွင် လဲလှယ်၍ ရနိုင်သည်။ အကယ်၍ ထိုနေရာတွင် မရှိဘူးဆိုလျှင် ၎င်းမှာ ယခင်က တစ်ခါမှ မတည်ရှိခဲ့ဖူးဟု ဆိုလိုခြင်းပင်။
ဤမိုးတိမ်သင်္ဘောမှာ... တကယ်ပင် ရှန်မို တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။
ဝမ်ရှင်းအန်း လိမ်မပြောခဲ့ပေ။
ဝမ်ရှင်းအန်း တဟီးဟီး ရယ်လျက်
"စစ်သူကြီးကျန်း... အခု မြင်ပြီမလား… ဒါက ရွှမ်းဝူခံတပ်ရဲ့ ထိပ်တန်း လျှို့ဝှက်အင်အားစုလို့ မယူဆနိုင်ဘူးလား”
ကျန်းလုံရှန်း လေးနက်စွာ ခေါင်းငြိမ့်ပြသည်။
“ယူဆနိုင်တာပေါ့… ဒီနေ့ကစပြီး ဒီမိုးတိမ်သင်္ဘော တည်ရှိမှုကို ဒီမှာရှိတဲ့လူတွေကလွဲရင် ဘယ်သူမှ မသိစေရဘူး”
“ဒီသတင်းကို ပေါက်ကြားအောင်လုပ်တဲ့သူ ဘယ်သူမဆို ခံတပ်အပေါ် သစ္စာဖောက်သူအဖြစ် သတ်မှတ် အရေးယူမယ်”
ဝူကျန့်ယွမ်နှင့် လီဟိုင်ထန်းတို့မှာ တုန်လှုပ်သွားကြပြီး လေးနက်စွာ ခေါင်းငြိမ့်ပြကြသည်။ မီးလျှံနဂါး မိုးတိမ်သင်္ဘောသည် မည်မျှ အရေးကြီးကြောင်း သူတို့ နားလည်ပြီးသား ဖြစ်၏။ သို့သော် ကျန်းလုံရှန်း၏ နှုတ်မှ တိုက်ရိုက် ကြေညာလိုက်သောအခါတွင်မူ ၎င်း၏ အရေးပါမှုမှာ ပို၍ပင် ထင်ရှားလာတော့သည်။ အစွမ်းထက်လှသော နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ကျန်းလုံရှန်းကိုယ်တိုင်ကပင် ဤသို့ ပြောလိုက်သည် မဟုတ်လား။ မီးလျှံနဂါး မိုးတိမ်သင်္ဘော၏ အရေးပါမှုမှာ မေးခွန်းထုတ်စရာ မလိုတော့ပေ။
ကျန်းလုံရှန်းသည် ရှန်မိုကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ရှန်မို... မင်း ဒီနယ်ပယ်မှာ ဒီလောက်အထိ ထူးခြားတဲ့ ပါရမီ ရှိလိမ့်မယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး”
ရှန်မို ပြုံးလိုက်ပြီး
“ဒါက 'ဧရာမစက်ယန္တရားကျမ်း' ကြောင့်ပါ… ကျွန်တော်ကိုယ်တိုင်လည်း ဒီပညာရပ်နဲ့ ဒီလောက်အထိ ရေစက်ပါမယ်လို့ မထင်ထားခဲ့ပါဘူး"
ကျန်းလုံရှန်း အသာအယာ ခေါင်းငြိမ့်၍
“ဧရာမစက်ယန္တရားကျမ်းအကြောင်း ငါ ကြားဖူးပါတယ်… 'နဂါးပတ်ခံတပ်' က အောင်းကွမ်းဟာ အဲဒါကို လေ့လာခဲ့တာ နှစ်ပေါင်း တစ်ထောင်ကျော်နေပြီ… ဒါပေမဲ့ သူတောင် ပထမတွဲကို အပြည့်အဝ နားလည်တယ်လို့ မပြောဝံ့ဘူး"
"ဒါက မင်းရဲ့ ပါရမီဟာ တကယ်ကို ထူးခြားပြောင်မြောက်တယ်ဆိုတာ သက်သေပြနေတာပဲ”
ကျန်းလုံရှန်း ခဏမျှ တွေးတောပြီးမှ
"ဒီလို 'မီးလျှံနဂါး မိုးတိမ်သင်္ဘော' တစ်စင်းကို တည်ဆောက်ဖို့ မင်း ဘယ်နှရက်လောက် ကြာမလဲ"
ရှန်မို တွက်ချက်ကြည့်လိုက်သည်။
“လိုအပ်တဲ့ ပစ္စည်းတွေသာ အစုံအလင်ရှိရင် (၅) ရက်မှာ တစ်စင်း ပြီးနိုင်ပါတယ်"
ကျန်းလုံရှန်းမှ
"ကောင်းပြီ… လိုအပ်တဲ့ ပစ္စည်းစာရင်းကို ဝမ်ရှင်းအန်းဆီ ပေးလိုက်… ခံတပ်မှာ ရှိနေရင် ကုန်လှောင်ရုံကနေ တိုက်ရိုက်ထုတ်ယူ… မရှိဘူးဆိုရင်တော့ ကောင်းကင်တာအို ဘဏ္ဍာတိုက်ကနေ လဲလှယ်လိုက်"
"တကယ်လို့ မင်းမှာ အမှတ် မလောက်ရင် ငါ့ဆီလာခဲ့”
သူ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
"ဒီလို မိုးတိမ်သင်္ဘော ငါးစင်းလောက်သာ ရှိရင် တိုက်ပွဲမြေပြင်မှာ အပြတ်အသတ် တိုက်ခိုက်နိုင်စွမ်းကို ဖန်တီးနိုင်မှာပဲ… ဒါဆိုရင် နတ်ဆိုးနှိမ်နင်းရေး တပ်သားတွေ အများကြီး မသေသင့်ဘဲ သေရတာမျိုးကို တားဆီးပေးနိုင်လိမ့်မယ်"
ရှန်မို လေးနက်စွာ ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ"
ကျန်းလုံရှန်းမှာ ရှန်မို၏ ပုခုံးကို ပုတ်လိုက်သည်။
“ရွှမ်းဝူခံတပ်ဟာ ဒီမိုးတိမ်သင်္ဘောတွေကို တကယ်ကို အရေးတကြီး လိုအပ်နေတာလေ”
"ဒါတွေက နတ်ဆိုးမျိုးနွယ်စုကို ခုခံတိုက်ခိုက်တဲ့နေရာမှာ အရေးအပါဆုံး အင်အားစုတွေ ဖြစ်လာလိမ့်မယ်”
Chapter 425: သင်္ဘော (၈) စီးတောင်လား
တစ်လကြာပြီးနောက်။
ရှန်မိုသည် အဆုတ်ထဲမှ လေပူများကို အပြင်သို့ မှုတ်ထုတ်လိုက်သည်။ သူ ကုန်လှောင်ရုံအတွင်းရှိ မိုးတိမ်သင်္ဘော ရှစ်စီးကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်မိ၏။
'မီးလျှံနဂါး မိုးတိမ်သင်္ဘော' ရှစ်စီးသည် ခန့်ညားထည်ဝါပြီး တည်ရှိမှုတစ်ခုတည်းနှင့်တင် အရှိန်အဝါကြီးမားလှသည်။ ၎င်းတို့ကို ဖန်တီးခဲ့သည့် ရှန်မိုကိုယ်တိုင်ပင်လျှင် ထိုသင်္ဘောများဆီမှ ထွက်ပေါ်လာသည့် ဖိအားကို ခံစားနေရလေ၏။ တိုက်ပွဲမြေပြင်သို့ ရောက်သွားသည့်အခါ နတ်ဆိုးမျိုးနွယ်စုများ မည်မျှအထိ ထိတ်လန့်သွားမည်ကို ပြောနေစရာပင် မလိုတော့ပေ။
လီဟိုင်ထန်းနှင့် ဝူကျန့်ယွမ်တို့မှာမူ ရှန်မို ဤသင်္ဘောများကို အစမှအဆုံး တည်ဆောက်ခဲ့သည်ကို စောင့်ကြည့်ခဲ့ကြသူများ ဖြစ်၍ သူတို့၏ စိတ်ထဲတွင် "တုန်လှုပ်ချောက်ချားဖွယ်" ဟူသော စကားလုံးမှလွဲ၍ အခြားဖော်ပြစရာ မရှိတော့ပေ။ ရှန်မို၏ မီးလျှံနဂါး မိုးတိမ်သင်္ဘော တည်ဆောက်မှု အရှိန်မှာ တစ်ရက်ထက်တစ်ရက် ပိုမိုမြန်ဆန်လာခဲ့သည်။ ထိုသို့ အရှိန်မြှင့်လုပ်ဆောင်နိုင်ခဲ့၍သာ တစ်လအတွင်း ရှစ်စီးတိတိ ပြီးစီးခဲ့ခြင်း ဖြစ်၏။
လီဟိုင်ထန်းမှ
“အစ်ကိုရှန်... ဒီမိုးတိမ်သင်္ဘောတွေ တိုက်ပွဲထဲရောက်ရင် ဘယ်လောက်အထိ အစွမ်းထက်မှာလဲ”
ရှန်မို ပြုံးလျက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
"သင်္ဘောဦးမှာရှိတဲ့ မီးလျှံနဂါး ဦးချွန်က နတ်ဘုရားပြောင်းလဲခြင်းအဆင့်ရှိတဲ့ နတ်ဆိုးနှိမ်နင်းရေးတပ်သားတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အဆပေါင်း တစ်ရာကျော်အထိ မြှင့်တင်ပေးနိုင်တယ်… အကြမ်းဖျင်း ပြောရရင် နတ်ဘုရားနန်းတော်အဆင့်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ကွက်နဲ့ ညီမျှတယ်"
လီဟိုင်ထန်း အသက်ရှူမှားမတတ် အံ့သဩသွား၏။
“နတ်ဘုရားနန်းတော်အဆင့် အထွတ်အထိပ်ဆိုတာ စစ်မှန်သော နတ်ဆိုးအရှင်သခင် တစ်ကောင်နဲ့ ညီမျှတာပဲ မဟုတ်လား”
ရှန်မိုမှ ဆက်၍
"သင်္ဘောကိုယ်ထည်ရဲ့ ဘေးတစ်ဖက်စီမှာ 'သွေးစွမ်းအင်အမြှောက်' ငါးလက်စီနဲ့ 'စိတ်ဝိညာဉ်စွမ်းအင်အမြှောက်' ငါးလက်စီ တပ်ဆင်ထားတယ်… နတ်ဘုရားပြောင်းလဲအဆင့် ဒါမှမဟုတ် 'ဧကရာဇ်အဆင့်' ရှိတဲ့ တပ်သားတွေက ဒါတွေကို မောင်းနှင်ရမယ်… အားလုံးပေါင်းပြီး တပြိုင်နက်တည်း ပစ်ခတ်လိုက်ရင် 'ရွှေရောင် စစ်မှန်သော နတ်ဆိုးအရှင်' တစ်ကောင်ကို ငါးစက္ကန့်အတွင်း အပိုင်းပိုင်းပြတ်သွားအောင် ချေမှုန်းပစ်နိုင်တယ်"
သူ ရွက်တိုင်ကို ညွှန်ပြလိုက်ပြီး
“ရွက်တိုင်မှာ ဧရာမ မြောက်တက်ခြင်း အကာအကွယ် နဲ့ ဧရာမ အရှိန်မြှင့် အကာအကွယ်တွေကို အသုံးပြုထားတော့ အချိန်တိုအတွင်းမှာ အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ အဝေးကြီးကို အမြန်ဆုံး ရွှေ့လျားနိုင်တယ်လေ”
ထို့နောက် ကုန်းပတ်ကို ပြလိုက်ပြန်သည်။
"သင်္ဘောကိုယ်ထည်က ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး 'နတ်ဆိုးခုခံ ကာကွယ်ရေးဒိုင်း' ကို ဖန်တီးပေးတယ်… အဲဒါက နတ်ဆိုးစွမ်းအင်နဲ့ တိုက်ခိုက်မှုတွေကို (၅၀) ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးနိုင်တယ်… ပြီးတော့ သင်္ဘောပေါ်မှာ 'နတ်ဆိုးနှိမ်နင်းခြင်း အကာအကွယ်’ ကိုလည်း ထွင်းထုထားလို့ နတ်ဆိုးစွမ်းအင်ရဲ့ တိုက်ခိုက်မှုကို နောက်ထပ် (၃၀) ရာခိုင်နှုန်း ထပ်ပြီး အားပျော့သွားစေဦးမှာ… ဒါ့အပြင် သင်္ဘောကိုယ်ထည်မှာ ကိုယ်ပျောက် အကာအကွယ်လည်း ပါဝင်သေးတယ်… အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပိုသုံးလေလေ အစွမ်းထက်တဲ့ ရန်သူတွေရဲ့ အာရုံခံမှုကို ပိုပြီး ကောင်းကောင်း ဖုံးကွယ်နိုင်လေလေပဲ"
ရှန်မို အသာအယာ ပြုံးလျက်
“ဒီလို မီးလျှံနဂါး မိုးတိမ်သင်္ဘောမျိုးကို ဘယ်နတ်ဆိုးမျိုးနွယ်စုက ခုခံနိုင်မှာလဲ"
လီဟိုင်ထန်းမှာ စွံ့အသွားရသည်။ ဤလက်နက်ကြီးများမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ အတိအကျ နားလည်သွားပြီ ဖြစ်၏။
ဒါတွေက အချိန်ကိုက် အသုံးပြုလိုက်မယ်ဆိုရင် အစုလိုက်အပြုံလိုက် သုတ်သင်နိုင်မယ့် လက်နက်ဆိုးကြီးတွေပဲ။
ထိုအချိန်တွင် ဝမ်ရှင်းအန်း အထဲသို့ အပြေးအလွှား ဝင်လာသည်။ သူသည်လည်း လွန်ခဲ့သော ရက်ပိုင်းက တည်ဆောက်ပုံကို စောင့်ကြည့်ခဲ့သူဖြစ်၍ အံ့သြမနေတော့ပေ။
ဝမ်ရှင်းအန်း လေးနက်စွာဖြင့်
"နတ်ဆိုးမျိုးနွယ်စုတွေ စပြီး တိုက်ခိုက်လာပြီ"
"ငါတို့ ကင်းမျှော်စင်က ရတဲ့သတင်းအရ 'ဆဋ္ဌမမြောက် မဟာနတ်ဆိုး' က 'ပဉ္စမမြောက် မဟာနတ်ဆိုး' ကိုပါ စည်းရုံးပြီး ပူးပေါင်းတိုက်ခိုက်လာတာ… နတ်ဆိုးစစ်တပ် အင်အား တစ်သန်းကျော်က တောင်ဘက် ခံတပ်တွေဆီကို ဦးတည်နေပြီ"
နတ်ဆိုး ပင်လယ်သည် ခံတပ် (၁၀) ခု ဝိုင်းရံစောင့်ကြပ်ထားသော အဝိုင်းပုံသဏ္ဌာန် ဖြစ်သည်။ တောင်ဘက်ပိုင်းရှိ ရွှမ်းဝူ၊ ကျူးချွဲ နှင့် ကျင်းရှန် ခံတပ်များသည် အင်အားအနည်းဆုံး ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့မှာ နတ်ဆိုးများ၏ အဓိက ပစ်မှတ်များ ဖြစ်လာခဲ့သည်။ အခြားနေရာများမှ တိုက်ခိုက်မှုများမှာ အခြေအနေ စူးစမ်းရုံမျှသာ ဖြစ်လေသည်။
ရှန်မို မျက်ခုံးပင့်လိုက်သည်။ နတ်ဆိုးမျိုးနွယ်စုများသည် အလွန်သတိကြီးပြီး မိုက်ကန်းစွာ တိုက်ခိုက်ခြင်းမျိုးကို ရှောင်ကြဉ်ကြ၏။
"စစ်သူကြီးကျန်းက အမိန့်ပေးထားတယ်… အရေးကြီးတဲ့ အချိန်ရောက်ရင် ဒီမိုးတိမ်သင်္ဘော ရှစ်စီးလုံးကို စစ်သင်္ဘောအုပ်စုထဲ ထည့်သွင်းမယ်တဲ့"
ဝမ်ရှင်းအန်း သက်ပြင်းချရင်း ဆိုသည်။
"ဒါတွေက တိုက်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲပေးလိမ့်မယ်… မဟာနတ်ဆိုးတွေရဲ့ တိုက်ရိုက်မျိုးဆက် အမြောက်အမြားကိုပါ ငါတို့ သုတ်သင်နိုင်လိမ့်မယ်"
ဝူကျန့်ယွမ်နှင့် လီဟိုင်ထန်းတို့မှာ စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ တလက်လက် တောက်ပလာကြသည်။ စစ်မှန်သော နတ်ဆိုးများထဲတွင် မဟာနတ်ဆိုးများ၏ မျိုးဆက်များမှာ အစွမ်းအထက်ဆုံး ဖြစ်ကြသည်။ သူတို့က စစ်တပ်၏ ဦးနှောက်ကဲ့သို့ တပ်မှူးများ၊ အရာရှိများနှင့် ခေါင်းဆောင်များအဖြစ် တာဝန်ယူကြ၏။ သူတို့သာ ကျဆုံးသွားလျှင် အောက်ခြေနတ်ဆိုးများမှာ ဖရိုဖရဲ ဖြစ်ကုန်ကြလိမ့်မည်။
"အကယ်၍ ငါတို့သာ မဟာနတ်ဆိုးတစ်ကောင်ကို သတ်နိုင်မယ်ဆိုရင်... ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားက နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးတွေထက်တောင် သာတယ်လို့ ငါကြားဖူးတယ်… ဒါကြောင့် အဲဒါကတော့ မဖြစ်နိုင်လောက်ဘူး"
လီဟိုင်ထန်းက တွေးတောစွာ ပြောလိုက်သည်။
နတ်ဆိုးစွမ်းအင်သည် စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်ထက် သာလွန်၏။ မဟာနတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ရန်အတွက် ပုံမှန်အားဖြင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး နှစ်ယောက် လိုအပ်သည်။ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ထိုကဲ့သို့သော စစ်သူကြီးများမှာ အလွန်ပင် နည်းပါးလှသည်။ သားရဲမျိုးနွယ်စု၏ ခံတပ်များသည် တိုက်ခိုက်ခံရမှု နည်းပါးသဖြင့် နတ်ဆိုးနှိမ်နင်းရေးတပ်သား အများအပြား အသက်ရှင်ကျန်ရစ်ကြသည်။ သွေးနတ်ဘုရားခံတပ်နှင့် လမင်းဟောင်ခံတပ်တို့တွင် စစ်သူကြီး အဓိက တစ်ဦးနှင့် လက်ထောက် တစ်ဦးစီက ခံတပ်ကို ပူးတွဲကွပ်ကဲကြသည်။ လူသားခံတပ်များထဲတွင်မူ 'ချင်းလုံ' ခံတပ်နှင့် 'ပိုင်ဟု' ခံတပ်တို့တွင်သာ စစ်သူကြီး နှစ်ဦးစီ ရှိကြလေ၏။ ရွှမ်းဝူခံတပ်တွင်မူ ကျန်းလုံရှန်း တစ်ဦးတည်းသာ ရှိသည်။
ကျူးချွဲခံတပ်မှာ ပို၍ ဆိုးရွားလှသည်။ ၎င်း၏ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး သေဆုံးသွားကတည်းက စစ်သူကြီး အသစ်တစ်ဦးမျှ ပေါ်မလာသေးပေ။ လွန်ခဲ့သော ရာစုနှစ်အတွင်း ကျူးချွဲခံတပ်ကို ပိုင်ဟုခံတပ်နှင့် လမင်းဟောင်ခံတပ်တို့မှ စစ်သူကြီးနှစ်ဦးက ပူးတွဲကြီးကြပ်ပေးနေရ၏။
"မဟာနတ်ဆိုးတစ်ကောင်ကို သတ်ဖို့ဆိုတာ အရမ်းခက်ပါတယ်… အဲဒါကိုတော့ အိပ်မက်မက်မနေနဲ့"
ဝူကျန့်ယွမ် ခေါင်းခါလိုက်သည်။
ဝမ်ရှင်းအန်း လေးနက်စွာဖြင့်
"မကြာခင်မှာ ငါ ထိပ်တန်း နတ်ဆိုးနှိမ်နင်းရေးတပ်သားတစ်စုကို ဒီမိုးတိမ်သင်္ဘောတွေပေါ် ကြိုတင်တက်ဖို့ ခေါ်လာခဲ့မယ်… ငါတို့က စစ်သူကြီးကျန်းရဲ့ အမိန့်ကိုပဲ စောင့်နေရမှာ”
သူတို့သုံးဦးလုံး လေးနက်စွာ ခေါင်းငြိမ့်လိုက်ကြသည်။ ဝမ်ရှင်းအန်းမှာ တံခါးကို တွန်းဖွင့်ကာ ထွက်သွားတော့၏။ ခဏအကြာတွင် သူ နတ်ဆိုးနှိမ်နင်းရေးတပ်သား တစ်ဖွဲ့၊ တပ်မှူး 'နင်ထျန့်ရင်း' နှင့် 'ရှုံယွမ်ရှန်း' တို့နှင့်အတူ ပြန်ရောက်လာသည်။ ဤတပ်သား တစ်ဦးချင်းစီမှာ 'ရွှမ်’ အဆင့်သို့ ရောက်ရှိထားကြသူများဖြစ်ပြီး အတွေ့အကြုံရင့်ကာ အစွမ်းထက်ကြ၏။
နင်ထျန့်ရင်း၊ ရှုံယွမ်ရှန်းနှင့် ကျန်သူအားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြသည်။
နတ်ဆိုးမျိုးနွယ်စုတွေ တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့က ဘာဖြစ်လို့ ရှေ့တန်းကိုမသွားဘဲ ခံတပ်ရဲ့ မြောက်ဘက်လက်နက်တိုက်ကို လာနေကြတာလဲ။
သို့သော် ဤအမိန့်မှာ ကျန်းလုံရှန်းထံမှ တိုက်ရိုက်လာခြင်းဖြစ်၍ သူတို့ မေးခွန်းမထုတ်ဘဲ ချက်ချင်း ရောက်လာခဲ့ကြခြင်း ဖြစ်၏။
အဆင့်ဘီ ကုန်လှောင်ရုံ အပြင်ဘက်တွင် ဝမ်ရှင်းအန်း ခပ်ပါးပါး ပြုံးလိုက်သည်
“ထျန့်ရင်း... မတွေ့တာ ကြာပြီနော်"
ထို့နောက် လက်ဆွဲနှုတ်ဆက်လိုက်သည်။ နင်ထျန့်ရင်း ခေါင်းငြိမ့်ပြပြီး သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ကြ၏။ ရှုံယွမ်ရှန်းကလည်း ဝမ်ရှင်းအန်း၏ လက်ကို ဆွဲကိုင်လိုက်သည်။
“တပ်မှူးဝမ်... စစ်သူကြီးကျန်းက ကျုပ်တို့ကို ဒီမှာ ဘာလုပ်ခိုင်းဖို့လဲ… ရှေ့တန်းက ကျုပ်တို့ကို လိုအပ်နေတယ်ဗျ"
ဝမ်ရှင်းအန်း ရယ်မောလိုက်ပြီး
"ဝင်ခဲ့ကြပါ… အထဲရောက်ရင် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်"
နင်ထျန့်ရင်းနှင့် ရှုံယွမ်ရှန်းတို့သည် နားမလည်နိုင်သော အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အဆင့်ဘီ ကုန်လှောင်ရုံ။
ဒါက အသုံးမကျတဲ့ လက်နက်ဟောင်းတွေ ထားတဲ့နေရာ မဟုတ်ဘူးလား။
ဘာတွေ ထူးခြားနေလို့လဲ။
ဇဝေဇဝါ ဖြစ်နေဆဲပင် သူတို့ အထဲသို့ ဝင်လာခဲ့ကြပြီး ထိပ်တန်းတပ်သားများကလည်း သူတို့နောက်မှ လိုက်ပါလာကြ၏။
ခဏအကြာတွင်မူ သူတို့ ခန့်ညားထည်ဝါလှသော မီးလျှံနဂါး မိုးတိမ်သင်္ဘော (၈) စီးကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
"အရမ်း အစွမ်းထက်တာပဲ… ကြီးလည်း ကြီးတယ်… ကြောက်စရာကြီးဗျ”
"ဘုရားရေ... ဒါက ဘယ်လို မိုးတိမ်သင်္ဘော အမျိုးအစားလဲ… ငါ တစ်ခါမှ မမြင်ဖူးဘူး”
"ကျုပ်တို့ကို ဘာလို့ ဒီခေါ်လာတာလဲဆိုတာ အခုမှ သိတော့တယ်… ကျုပ်တို့အားလုံးက မိုးတိမ်သင်္ဘော မောင်းဖူးကြတာကိုး”
ထိပ်တန်းတပ်သားများသည် အလွန်အမင်း အံ့အားသင့်ကာ ဝမ်းသာအားရ ဖြစ်နေကြ၏။ နင်ထျန့်ရင်းနှင့် ရှုံယွမ်ရှန်းတို့မှာမူ ပို၍ပင် မှင်တက်နေကြသည်။
ဘယ်အချိန်တည်းက လက်နက်တိုက်မှာ ဒီလို မိုးတိမ်သင်္ဘော ရှစ်စီးတောင် ရှိနေတာလဲ။
တခြားခံတပ်တွေဆီကနေ ဈေးအကြီးကြီးပေးပြီး ဝယ်ထားတာများလား။
အဲဒါဆိုရင်တော့ အကြီးအကျယ် ဆုံးရှုံးတာပဲ။
ပြီးတော့ ဒီအကြောင်းကိုလည်း ဘယ်သူမှ တစ်လုံးတစ်ပါဒမျှ မကြားမိကြဘူး။
နင်ထျန့်ရင်း မမေးဘဲ မနေနိုင်တော့ပေ။
“တပ်မှူးဝမ်... ဒီမိုးတိမ်သင်္ဘော ရှစ်စီးက..."
ဝမ်ရှင်းအန်း ရှန်မိုနှင့် ကျန်နှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
“အဲဒါတွေကို ရှန်မို တည်ဆောက်ခဲ့တာလေ… သူက အရင်က ခင်ဗျားတို့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူ မဟုတ်လား"
ထိုအခါမှသာ နင်ထျန့်ရင်းသည် မိုးတိမ်သင်္ဘောများအောက်ရှိ လူသုံးဦးကို သတိပြုမိတော့သည်။
သူ ထိုနတ်ဆိုးနှိမ်နင်းရေး တပ်သားလေးကို မြင်လိုက်ရ၏။
"မင်းပါလား”
"ဒီမိုးတိမ်သင်္ဘော ရှစ်စီးလုံးကို မင်း တည်ဆောက်ခဲ့တာ ဟုတ်လား”
နင်ထျန့်ရင်း၊ ရှုံယွမ်ရှန်းနှင့် ထိပ်တန်းတပ်သားအားလုံးမှာ မယုံနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ဘယ်သူမှ မပြုပြင်နိုင်လို့ သံချေးတက်ပြီး ဟောင်းနွမ်း ပျက်စီးနေတဲ့ လက်နက်တွေ အများကြီး ရှိနေတဲ့ နေရာမှာ အခုတော့ မိုးတိမ်သင်္ဘောတွေကို တည်ဆောက်နိုင်တဲ့ လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီ။
ပြီးတော့ သိန်းစွန်နက် မိုးတိမ်သင်္ဘောထက်တောင် ပိုပြီး အစွမ်းထက် ကြောက်မက်ဖွယ်ကောင်းတဲ့ အကြီးစား မိုးတိမ်သင်္ဘောတွေကို တည်ဆောက်နိုင်တာတဲ့လား။
ဘုရားရေ... ငါတို့ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်။
Chapter 426: ငါးကြီးကြီးဖမ်းရန် ပုန်းနေခြင်း
နင်ထျန့်ရင်းနှင့် ရှုံယွမ်ရှန်းတို့ ရှန်မိုအနီးသို့ ချဉ်းကပ်လာပြီး သူ့ကို အကဲခတ်သည့် အကြည့်များဖြင့် စူးစမ်းကြည့်နေကြသည်။ ဤလူငယ်လေးကို ပထမဦးဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ပင် သူတို့ ခံစားနေရ၏။
ရှန်မိုသည် တိုက်ပွဲမြေပြင်တွင် 'စစ်မှန်သော နတ်ဆိုးအရှင်' တစ်ကောင်ကို တစ်ကိုယ်တော် သတ်ဖြတ်နိုင်ခဲ့သည်ကို သူတို့ တွေ့ဖူးသော်လည်း ယခု အဆင့်ဘီ ကုန်လှောင်ရုံအတွင်းရှိ 'မီးလျှံနဂါး မိုးတိမ်သင်္ဘော' ရှစ်စီးမှာမူ လုံးဝ တစ်ခြားစီပင်။ နတ်ဆိုးနှိမ်နင်းရေးတပ်သားတိုင်း မြင်လိုက်သည်နှင့် ချက်ချင်း နားလည်သွားကြသည်။ ဤမိုးတိမ်သင်္ဘောများသည် တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးပေးမည့် သော့ချက်များ ဖြစ်လာလိမ့်မည်။
အကယ်၍ အချိန်ကိုက် အသုံးပြုနိုင်ခဲ့လျှင် နတ်ဆိုးမျိုးနွယ်စုများကို အကြီးအကျယ် ပျက်စီးဆုံးရှုံးစေမည် ဖြစ်လေ၏။ နတ်ဆိုး ပင်လယ်၏ အတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကိုပင် ရရှိနိုင်ပြီး စတုတ္ထနှင့် ပဉ္စမမြောက် အလွှာများတွင်ပါ ကင်းမျှော်စင်များ တည်ဆောက်နိုင်ပေလိမ့်မည်။ ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့လျှင် ဤမိုးတိမ်သင်္ဘော ရှစ်စီးမှာ ဒဏ္ဍာရီ ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့ကို တည်ဆောက်သူမှာလည်း အများ၏ ကိုးကွယ်ခြင်းကို ခံရပေလိမ့်မည်။ ၎င်းတို့ကို မောင်းနှင်သူများမှာလည်း သမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်မည် ဖြစ်၏။
ထိုအတွေးကြောင့် နင်ထျန့်ရင်းနှင့် ရှုံယွမ်ရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သင်္ဘောတစ်စီးစီပေါ်သို့ ခုန်တက်လိုက်ကြသည်။ ကျန်ရှိသော နတ်ဆိုးနှိမ်နင်းရေးတပ်သားများကလည်း ထိုနည်းတူပင် သင်္ဘောများပေါ်သို့ တက်လိုက်ကြတော့သည်။
"ရှန်မို... ဒါကို ဘယ်လိုခေါ်လဲ”
နင်ထျန့်ရင်းမှ အော်မေးလိုက်သည်။
ရှန်မို ပြုံးလျက်
"မီးလျှံနဂါး မိုးတိမ်သင်္ဘော ပါ"
နင်ထျန့်ရင်း ပြတ်သားစွာ ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်ရှင်းအန်း ရယ်မောရင်း
"လာကြ… မင်းတို့လည်း အပေါ်တက်ကြဦး"
"တိုက်ပွဲမြေပြင်ရောက်ရင် မင်းတို့ကို ငါ ကာကွယ်ပေးမယ်"
"ဘာပဲဖြစ်ဖြစ် ဒီမီးလျှံနဂါး မိုးတိမ်သင်္ဘောတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲဆိုတာ ရှန်မို တစ်ယောက်ပဲ သိတာလေ"
"တိုက်ပွဲမှာ အကြီးအကျယ် ပျက်စီးသွားရင် ချက်ချင်း ပြုပြင်ရမယ် .. ဒီလောက် အရေးကြီးတဲ့ လက်နက်တွေကို တစ်ခါသုံးပစ္စည်းတွေလို သဘောထားလို့ မရဘူးလေ"
ရှန်မို ပြုံးလျက်
"သေချာတာပေါ့"
သူကိုယ်တိုင်လည်း သူဖန်တီးထားသည့် လက်နက်များ တိုက်ပွဲတွင် မည်သို့ စွမ်းဆောင်မည်နည်းဆိုသည်ကို မြင်တွေ့လိုနေသည်။ ထို့အပြင် သူ၏လက်ထဲတွင် 'မြင့်မြတ်သော မိုးကြိုးလက်သီး' နှင့် 'သွေးမူလစွမ်းအင်' တို့ ရှိနေသဖြင့် လုံလောက်အောင် အစွမ်းထက်နေပြီ ဖြစ်၏။ စစ်မှန်သော နတ်ဆိုးအရှင်များ ကြားဖြတ်နှောင့်ယှက်ခြင်း မရှိသရွေ့ သူ ဘာကိုမျှ ကြောက်စရာမလိုပေ။
"အားလုံးပဲ... ထိန်းချုပ်မှုတွေကို လေ့ကျင့်ထားကြပြီး အမိန့်ကို စောင့်ကြ"
ဝမ်ရှင်းအန်းမှ အော်ဟစ်လိုက်သည်။
မီးလျှံနဂါး မိုးတိမ်သင်္ဘော ရှစ်စီး၏ ကုန်းပတ်များပေါ်တွင် နတ်ဆိုးနှိမ်နင်းရေးတပ်သားများ စိတ်လှုပ်ရှားစွာဖြင့် ပြန်ထူးကြသည်။
"ဟုတ်ကဲ့!"
ရှန်မို၊ ဝမ်ရှင်းအန်း၊ နင်ထျန့်ရင်းနှင့် ကျန်သူများ အရှေ့ဆုံးမှ မိုးတိမ်သင်္ဘောပေါ်တွင် ရပ်နေကြ၏။
ရှန်မို သူ၏နားကို စွင့်လိုက်ရာ တပ်သားများ၏ စိတ်လှုပ်ရှားစွာ တီးတိုးဖလှယ်နေသည့် စကားသံများကို ကြားလိုက်ရသည်။
"တောက်... ဒီတိုက်ခိုက်နိုင်စွမ်းကတော့ ရူးလောက်စရာပဲ… တစ်ဖက်စီမှာ သွေးစွမ်းအင်အမြှောက် ငါးလက်နဲ့ စိတ်ဝိညာဉ်စွမ်းအင်အမြှောက် ငါးလက်တောင်ဗျ”
“ဒီသွေးစွမ်းအင်အမြှောက်တွေကို သွေးစွမ်းအင် အကုန်အကျ သက်သာအောင် ပြုပြင်ထားတာပဲ… ငါ ပိုပြီး အများကြီး ပစ်လို့ရပြီ”
“ဒီကုန်းပတ်ကို ကြည့်ဦး… တကယ့်ကို မာလိုက်တာ… ငါ အားကုန်သုံးပြီး ခုတ်တာတောင် အရာလေးပဲ ထင်ကျန်ခဲ့တယ်”
“အံ့မခန်းပဲ… တကယ့်ကို အံ့မခန်းပဲ”
ထိုစကားများကို ကြားရသောအခါ လီဟိုင်ထန်းနှင့် ဝူကျန့်ယွမ်တို့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ကြသည်။ သူတို့မှာ တည်ဆောက်သူများ မဟုတ်သော်လည်း တည်ဆောက်စဉ်အတောအတွင်း ပါဝင်ကူညီခဲ့ကြသူများ ဖြစ်၏။ သူတို့သည် ဤမီးလျှံနဂါး မိုးတိမ်သင်္ဘော ရှစ်စီး ပေါ်ထွက်လာခြင်း၏ သက်သေများ ဖြစ်ကြသည်။ အတွေ့အကြုံရင့် မိုးတိမ်သင်္ဘောမောင်းသမားများ၏ စိတ်လှုပ်ရှားနေသော အသံများကို ကြားရခြင်းမှာ သူတို့ကိုယ်တိုင် ချီးကျူးခံနေရသကဲ့သို့ ခံစားရစေလေ၏။
ရှန်မို ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျေနပ်နေသည်။ ဤတပ်သားများသည် စိတ်လှုပ်ရှားနေကြသော်လည်း အာရုံစူးစိုက်မှု ရှိကြ၏။ အချိန်တိုအတွင်းမှာပင် သူတို့အားလုံး မိုးတိမ်သင်္ဘော၏ လုပ်ဆောင်ချက် အတော်များများကို တတ်မြောက်သွားကြသည်။ သူတို့မှာ ကျန်းလုံရှန်း လျှို့ဝှက်ရွေးချယ်ထားသည့် ဝါရင့်တပ်သားများ ဖြစ်ကြသည်မှာ အမှန်ပင်။
နှစ်ရက်ကြာပြီးနောက် ပြင်းထန်သော တိုက်ပွဲသံများသည် လက်နက်တိုက်ထဲသို့ ပျံ့လွင့်လာ၏။ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသည်။
အခုထိ စစ်မြေပြင်ကို မထွက်ရသေးဘူးလား။
စစ်သူကြီးကျန်းက သူ့ရဲ့ တပ်ဖွဲ့ကို ဆက်ပြီး ဝှက်ထားဦးမှာလား။
တပ်မှူးများဖြစ်သော နင်ထျန့်ရင်းနှင့် ရှုံယွမ်ရှန်းတို့မှာမူ တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း သူတို့၏ မျက်ဝန်းထဲတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ဖြတ်ပြေးနေသည်။ ဝမ်ရှင်းအန်း တစ်ယောက်သာလျှင် ဘာကိုမျှ စိတ်မပူသည့်ဟန်ဖြင့် စားသောက်နေလေ၏။
လီဟိုင်ထန်း မနေနိုင်တော့ဘဲ မေးလိုက်သည်။
"တပ်မှူးဝမ်က ဘာလို့ စိုးရိမ်စိတ် လုံးဝမရှိတာလဲ”
"ကျွန်တော်တို့ တိုက်ပွဲထဲဝင်ဖို့ တစ်ရက် နောက်ကျလေလေ ရှေ့တန်းက တပ်သားတွေက နတ်ဆိုးမျိုးနွယ်စုတွေကို တစ်ရက် ပိုပြီး အသက်ပေး တိုက်ခိုက်နေရလေလေပဲ"
“ဘယ်လောက်တောင် သေကြမလဲဆိုတာ ကောင်းကင်ဘုံပဲ သိလိမ့်မယ်”
"ဘာလို့ စစ်သူကြီးကျန်းကို မမေးတာလဲ… ကျုပ်တို့ကို တိုက်ပွဲထဲ အခုချက်ချင်း လွှတ်ပေးပါလို့"
သူတစ်ယောက်တည်း မဟုတ်ဘဲ ကုန်းပတ်ပေါ်ရှိ အခြားသော ထိပ်တန်းတပ်သားများကလည်း ပြတ်သားသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဝမ်ရှင်းအန်း ခေါင်းခါပြပြီး လီဟိုင်ထန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"ဟိုင်ထန်း... ငါတို့ အခု ပုန်းနေတာက ငါးကြီးကြီးတစ်ကောင်ကို ဖမ်းဖို့အတွက်ပဲ"
"စစ်သူကြီးကျန်းက ငါတို့ကို သာမန်နတ်ဆိုးတွေနဲ့ စစ်မှန်တဲ့ နတ်ဆိုးအရှင်တွေကို သတ်ရုံတင် မဟုတ်ဘဲ ပိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တာ"
"ငါတို့ အခု အဖိုးအခ အများကြီး ပေးလိုက်ရတာက နောက်ပိုင်းမှာ အဖိုးအခ နည်းနည်းပဲ ပေးရဖို့… ဒါမှမဟုတ် လုံးဝ ပေးစရာ မလိုတော့ဖို့အတွက်ပဲ"
"မင်း နားလည်လား”
လီဟိုင်ထန်း၏ မျက်နှာမှာ တောင့်တင်းသွားပြီးမှ လေးနက်စွာ ခေါင်းငြိမ့်ပြသည်။ ရှန်မိုကမူ ဘာမှမပြောသော်လည်း သူ၏ စိတ်ထဲတွင် ကျန်းလုံရှန်းအပေါ် လေးစားမှု ပိုတိုးလာ၏။ ကျန်းလုံရှန်း၏ ရည်ရွယ်ချက်ကိုလည်း သူ ခန့်မှန်းမိလိုက်သည်။
ကျန်းလုံရှန်း၏ ပစ်မှတ်မှာ သာမန်နတ်ဆိုးများ၊ စစ်မှန်သော နတ်ဆိုးအရှင်များ သို့မဟုတ် မဟာနတ်ဆိုးများ၏ မျိုးဆက်များ မဟုတ်ပေ။ ၎င်းမှာ... 'မဟာနတ်ဆိုး' ကိုယ်တိုင်ပင် ဖြစ်သည်။ အကယ်၍ သူတို့သည် မဟာနတ်ဆိုးကို သင့်တော်သည့် အချိန်တွင် အပြင်သို့ မျှားထုတ်နိုင်ခဲ့လျှင် ဤမီးလျှံနဂါး မိုးတိမ်သင်္ဘော ရှစ်စီးဖြင့် ၎င်းကို သတ်ဖြတ်နိုင်ပေလိမ့်မည်။ မဟာနတ်ဆိုးတစ်ကောင်ကို အပြင်းအထန် ဒဏ်ရာရအောင် သို့မဟုတ် သတ်ဖြတ်နိုင်ခဲ့လျှင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားမှာ အကြီးအကျယ် လျော့ပါးသွားမည် ဖြစ်၏။ ဤအရာသည်သာ စစ်မှန်သော အောင်ပွဲလမ်းစဉ် ဖြစ်ပေသည်။
ဝမ်ရှင်းအန်း၏ မျက်နှာသွင်ပြင်မှာ ပြောင်းလဲသွားပြီး သူ၏ ခါးမှ ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်သည်။ သူ စားလက်စ ကြက်ပေါင်ကို မြန်မြန်မျိုချလိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"အားလုံး လူစုကြ… ထွက်ခွာဖို့ ပြင်ဆင်”
နင်ထျန့်ရင်း၊ ရှုံယွမ်ရှန်းနှင့် ကျန်သူအားလုံးမှာ တိတ်ဆိတ်သွားကြသည်။
"ဟုတ်ကဲ့”
...
ရွှမ်းဝူခံတပ်တွင် နတ်ဆိုးစွမ်းအင်များမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ အစွမ်းထက်သော နတ်ဆိုးစွမ်းအင်များသည် ငရဲမှ နတ်ဆိုးများကဲ့သို့ ပင်လယ်ပြင်မှ တိုးထွက်လာနေ၏။ ထူးဆန်းသော ရယ်မောသံများနှင့် တိုးတိုးရေရွတ်သံများမှာ လေထဲတွင် အဆက်မပြတ် ပျံ့လွင့်နေသည်။ တိုက်ပွဲဝင်သံများ၊ ငိုကြွေးသံများနှင့် အော်ဟစ်သံများက အခြေအနေကို ပို၍ ဖရိုဖရဲ ဖြစ်စေသည်။ ၎င်းမှာ အဆင့်နိမ့် နတ်ဆိုးနှိမ်နင်းရေးတပ်သားများအတွက် ခေါင်းကွဲမတတ် ခံစားရစေပြီး သေချင်စိတ် ပေါက်လာစေသည်အထိ ဖြစ်စေ၏။
"အမြောက်တွေနဲ့ ပစ်”
တပ်မှူးတစ်ယောက်သည် ခံတပ်တံတိုင်းပေါ်သို့ တက်လာသည့် နတ်ဆိုးတစ်ကောင်ကို ဓားဖြင့် ပိုင်းချလိုက်ပြီး အော်ဟစ်လိုက်သည်။ သူ၏ ဘေးနားရှိ သွေးစွမ်းအင်အမြှောက် ခြောက်လက်မှာ ဆင်ဟိန်းသံကဲ့သို့ ဟိန်းထွက်လာသည်။ သွေးစွမ်းအင် ကျည်ဆန်များသည် ရုတ်တရက် ပစ်ထွက်သွားပြီး အဝေးရှိ နတ်ဆိုးအုပ်ကြီးထဲသို့ ကျရောက်ကာ နတ်ဆိုးသွေးများကို နေရာအနှံ့ စင်ထွက်သွားစေလေ၏။
"ဆက်ပြီး ပစ်ကြစမ်း”
ထိုတပ်မှူးမှ ထပ်မံ ဟိန်းဟောက်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သွေးစွမ်းအင်အမြှောက် သုံးလက်သာ အသံမြည်ဟိန်းတော့သည်။ ကျန်သုံးလက်မှာ လုံးဝ တိတ်ဆိတ်သွား၏။
"ပစ်ကြလေ… မင်းတို့က ထွက်ပြေးတဲ့သူတွေ လုပ်ချင်တာလား”
တပ်မှူးလျိုမှ လှည့်ကြည့်ကာ အော်လိုက်သည်။ မည်သူမျှ ပြန်မဖြေချေ။
နတ်ဆိုးနှိမ်နင်းရေးတပ်သား သုံးဦးမှာ မျက်နှာများ ဖြူလျော်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
“တပ်မှူးလျို... သူတို့ရဲ့ နောက်ဆုံး သွေးစွမ်းအင် တစ်စက်အထိ ကုန်ဆုံးသွားပြီ… သူတို့ သေသွားပါပြီ"
ဘေးမှ တပ်သားတစ်ယောက်မှ ချောင်းဟန့်ကာ ခပ်တိုးတိုး ပြောသည်။
"ကျွန်တော် နောက်ထပ် တစ်ချက်တော့ ပစ်နိုင်သေးတယ်"
ကျန်နှစ်ယောက်ကလည်း အားယူကာ ပြောကြသည်။
"ကျွန်တော် နောက်ထပ် နှစ်ချက် ပစ်နိုင်သေးတယ်"
တပ်မှူးလျို၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားလိုက်ရ၏။ 'ဧကရာဇ်အဆင့်' နတ်ဆိုးနှိမ်နင်းရေးတပ်သားတစ်ယောက်သည် အချိန်တိုအတွင်း အများဆုံး ငါးချက်သာ ပစ်နိုင်သည်။ ထိုထက် ပိုပါက သူတို့၏ အခြေခံစွမ်းအားများကို ထိခိုက်စေနိုင်၏။ သို့သော် သူ၏ ဘေးရှိ တပ်သားများသည် တစ်ဦးလျှင် အချက် (၂၀) ကျော်စီ ပစ်ခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်စွမ်းအားကို အလွန်အကျွံ သုံးစွဲခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင်မူ ခံတပ်တံတိုင်းပေါ်တွင် သေဆုံးနေကြလေပြီ။
"မင်းတို့တွေက တိုက်ပွဲမြေပြင်မှာ သေဆုံးသွားတာ… မင်းတို့က လူကြောက်တွေ မဟုတ်ဘူး”
တပ်မှူးလျို အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ ချွေး၊ မျက်ရည်နှင့် သွေးများကို သုတ်လိုက်သည်။ ထို့နောက် ဘယ်လက်ဖြင့် ဓားကို ကိုင်ကာ ညာလက်ဖြင့် သွေးစွမ်းအင်အမြှောက်တစ်လက်ကို မလိုက်သည်။ သူ အင်အား စုစည်းလိုက်ပြီး ရုတ်တရက် ပစ်ခတ်လိုက်လေ၏။
ဝုန်း!
သွေးစွမ်းအင် ကျည်ဆန်မှာ မြေပြင်သို့ ကျရောက်သွားပြီး နတ်ဆိုးများကို လွင့်စင်သွားစေသည်။ သူ၏ ရှည်လျားသော ဓားကမူ အမြှောက်ကို လာရောက်တိုက်ခိုက်ရန် ကြိုးစားနေသည့် 'စစ်မှန်သော နတ်ဆိုးဘုရင်' ကို နှစ်ပိုင်းပိုင်းလိုက်သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ရွှမ်းဝူခံတပ်၏ တံတိုင်းအပိုင်းတိုင်းတွင် ဖြစ်ပျက်နေ၏။ နတ်ဆိုးနှိမ်နင်းရေးတပ်သား အမြောက်အမြား ကျဆုံးနေကြသည်။ သွေးစွမ်းအင်အမြှောက်များ၊ စိတ်ဝိညာဉ်စွမ်းအင်အမြှောက်များနှင့် အခြားစစ်လက်နက်များမှာ အကြီးအကျယ် ပျက်စီးနေ၏။ တံတိုင်းအချို့ နေရာများမှာ နတ်ဆိုးများ၏ ထိုးဖောက်ခြင်းကိုပင် ခံလိုက်ရသည်။ ကျန်းလုံရှန်း၏ ကိုယ်ရံတော်တပ်သားများလည်း ရှေ့တန်းသို့ တိုက်ရိုက်တက်ကာ ခုခံနေကြရသည်။
ရွှမ်းဝူခံတပ်မှာ ကျရှုံးတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။