← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

Chapter 430: တိုက်ရိုက် သတ်ဖြတ်မှု

မပျံသန်းနိုင်သော အချို့သော အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးများမှာမူ သာမန်နတ်ဆိုးသခင်များ သို့မဟုတ် ငွေရောင်သရဖူ၊ ရွှေရောင်သရဖူ နတ်ဆိုးသခင်များကိုပင် ဆွဲကိုင်ကာ လေသင်္ဘောများပေါ်သို့ တိုက်ရိုက် ပစ်ပေါက်ကြတော့သည်။ သူတို့၏ ခွန်အားမှာ ကြီးမားလှပေ၏။ မီးနဂါး လေသင်္ဘောများသည်လည်း မြေပြင်နှင့် မနီးမဝေးတွင် ပျံသန်းနေခြင်းကြောင့် ပစ်ပေါက်လိုက်သော နတ်ဆိုး သုံးလေးကောင်တွင် အနည်းဆုံး တစ်ကောင်မှာ သင်္ဘောကုန်းပတ်ပေါ်သို့ ကျရောက်သွားလေသည်။

ကျန်ရှိသော နှစ်ကောင်၊ သုံးကောင်မှာမူ ခြေလက်များ ကျိုးကြေလျက် မြေပြင်ပေါ်သို့ ကျဆင်းသွားခြင်း သို့မဟုတ် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ ဝိုင်းရံမှုအလယ်သို့ ထိုးကျသွားခြင်းများ ဖြစ်ကုန်၏။ အချို့သော ကံဆိုးလွန်းသူများမှာမူ မြို့ရိုးပေါ်မှနေ၍ အောက်ဘက်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ပင်လယ်ကြီးထဲသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားကြသည်။ ထိုအခြေအနေတွင် ခြေလက်ကျိုးရုံမျှဖြင့် မပြီးတော့ဘဲ နတ်ဆိုးအသားထောင်း ဘဝသို့ ရောက်သွားကြတော့၏။

ရုတ်တရက် ရောက်ရှိလာသော ဤနတ်ဆိုးကျူးကျော်သူများကြောင့် လေသင်္ဘောပေါ်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ ထိုအရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးများမှာ အမှန်တကယ်ပင် နတ်ဆိုးဉာဏ်ကြီးရှင်များ ဖြစ်ကြပေသည်။ နတ်ဆိုးများကို ကုန်းပတ်ပေါ်သို့ လှမ်းပစ်ရန် စိတ်ကူးရလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ယုတ္တိရှိပေ၏။ နတ်ဆိုးမျိုးနွယ်များထဲတွင် သွေးမျိုးဆက် မြင့်မားသူများသည် သွေးမျိုးဆက်နိမ့်သူများကို တိရစ္ဆာန်များသဖွယ် အမြဲသတ်မှတ်ခဲ့ကြသည်။ သွေးနိမ့်နတ်ဆိုးများ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းမှာ သူတို့အတွက် ဘာမှမဟုတ်ပေ။ ရည်မှန်းချက် အောင်မြင်သရွေ့ အခြားသူများ အကုန်သေသွားလည်း သူတို့ ဂရုမစိုက်ကြပေ။

လေသင်္ဘောပေါ်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အားလုံးနီးပါးမှာ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များဖြင့် အလုပ်ရှုပ်နေကြသည်။ စိတ်ဝိညာဉ်စွမ်းအင် အမြှောက်များနှင့် သွေးစွမ်းအင် အမြှောက်များကို မောင်းနှင်နေသူများသည်လည်း မိမိတို့၏ စွမ်းအင်နှင့် သွေးစွမ်းအားများကို အကုန်ထုတ်သုံးနေရသဖြင့် ပြန်လည်ခုခံရန် လုံးဝ မစွမ်းသာကြပေ။ ဝမ်ရှင်းအန်းမှာလည်း မီးနဂါး အကာအကွယ်ကို ထိန်းချုပ်နေရသဖြင့် အာရုံမလွှဲနိုင်ပေ။ ကုန်းပတ်ပေါ်တွင် နတ်ဆိုးများ ရုတ်တရက် ပေါ်လာသည့်အခါ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်သူ အနည်းငယ်သာ ရှိတော့သည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ ရှန်မို ချက်ချင်းပင်

“အားလုံး စိတ်မပူကြနဲ့… ဒီနတ်ဆိုးတွေကို ငါ ကိုင်တွယ်လိုက်မယ်"

သူ၏ လက်ဖဝါးကို တစ်ချက်လှန်လိုက်ရုံဖြင့် လေးလံသော ဓားကြီးတစ်လက် ပေါ်လာသည်။ ယင်းမှာ အခြားမဟုတ်ဘဲ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်သော ကောင်းကင်ဖြို ဓားပင် ဖြစ်သည်။ ရှန်မို ဓားကို ဆုပ်ကိုင်လိုက်ရာ နောက်တစ်ခဏမှာပင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီး၌ အနက်ရောင် ချပ်ဝတ်တန်ဆာများ စတင် ဖြစ်ပေါ်လာသည်။ နတ်ဆိုးဦးထုပ်၊ ရင်ဘတ်ချပ်ဝတ်နှင့် ညာဘက် လက်မောင်း ချပ်ဝတ်...

တစ်ကိုယ်လုံးကို အပြည့်အဝ မဖုံးအုပ်ထားသော်လည်း ထိုနတ်ဆိုး ချပ်ဝတ်တန်ဆာ၏ ခံစစ်စွမ်းအားမှာ ရှန်မို မြင်ဖူးသမျှတွင် အသန်မာဆုံး ဖြစ်သည်။ ၎င်း၏ အကာအကွယ်နှင့်အတူ သူ၏ ကိုယ်ပိုင် ခံစစ်ကျင့်စဉ်များ ပေါင်းစပ်လိုက်လျှင် ကုန်းပတ်ပေါ်သို့ ပစ်တင်ခံရသော နတ်ဆိုးများကို ကိုင်တွယ်ရန်မှာ ပြဿနာ မဟုတ်တော့ပေ။ ဤမြင်ကွင်းကို မြင်သောအခါ ဝူကျန့်ယွန်းသည်လည်း သူ၏ လက်နက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

“ဟေ့... ဗိုလ်ကြီးဝမ်ရဲ့ ဘေးမှာပဲ နေ၊ ဟိုဟိုဒီဒီ မသွားနဲ့"

သူ အမိန့်ပေးလိုက်ပြီးနောက် ရှန်မိုနှင့်အတူ ရန်သူများကို သုတ်သင်ရန် တိုက်ပွဲထဲသို့ ပြတ်သားစွာ ဝင်ရောက်သွားတော့သည်။

‘ဝေါင်း’

ငွေရောင်သရဖူ နတ်ဆိုးသခင် တစ်ကောင်သည် ခပ်တိုးတိုး ဟိန်းဟောက်၍ သွေးစွမ်းအင် အမြှောက်ကို မောင်းနှင်နေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတစ်ဦးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။ နတ်ဆိုးသခင်အဆင့်တွင် သူတို့၏ ဉာဏ်ရည်မှာ လူသားများနှင့် တန်းတူနီးပါး ရှိနေပြီ ဖြစ်သည်။ ဘာကို အရင်ဦးစားပေး ဖျက်ဆီးရမည်ကို ကောင်းစွာ သိကြ၏။ ထိုသွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအင် အမြှောက်များသည် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်သဖြင့် ၎င်းတို့ကို ချက်ချင်း ဖျက်ဆီးရမည် ဖြစ်သည်။

ငွေရောင်သရဖူ နတ်ဆိုးသခင်မှာ ပြေးဝင်သွားစဉ် သူ၏ လက်နှစ်ဖက်ကို ဓားရှည်နှင့် ဓားမြှောင်အဖြစ် ပြောင်းလဲလိုက်ပြီး အပေါ်သို့ မြှောက်ကာ အားကုန် ရိုက်ချလိုက်လေသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားမှာ ဖိအားပေးလာသော နတ်ဆိုးစွမ်းအင်များကို ခံစားလိုက်ရသော်လည်း မလှုပ်မယှက်ဖြင့် သွေးစွမ်းအားများကို အမြှောက်ထဲသို့ ဆက်လက် ထည့်သွင်းကာ တရစပ် ပစ်ခတ်နေခဲ့သည်။ အကယ်၍ သူ သေသွားခဲ့လျှင် သူတစ်ယောက်တည်းသာ သေရမည်။ သို့သော် သူသာ ရပ်တန့်လိုက်ပါက မြို့ရိုးပေါ်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြား သေဆုံးကုန်ပေလိမ့်မည်။ ဒဏ်ရာများ ဗရပွနှင့် ထိုရဲဘော်ရဲဘက်များမှာ သူတို့၏ ပံ့ပိုးမှုကို လိုအပ်နေ၏။ ထို့ကြောင့် သူ နောက်မဆုတ်နိုင်ပေ။ သူ လုံးဝ နောက်ဆုတ်မည် မဟုတ်။

သို့သော် သူ မျှော်လင့်ထားသလို နတ်ဆိုးလက်နက်များ၏ ခုတ်ဖြတ်ခြင်းကို ခံရမည့် ပူလောင်သော နာကျင်မှုမှာ ရောက်မလာခဲ့ပေ။ ထိုအစား စိတ်ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်သွားသံသာ ကြားလိုက်ရသည်။

'ဖျန်း... ဖျန်း...'

နတ်ဆိုးအသားစများ အပေါ်မှ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားကို စိုရွှဲသွားစေသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှန်မိုသည် ငွေရောင်သရဖူ နတ်ဆိုးသခင်၏ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ထိုးဖောက်ထားသည်ကို မြင်လိုက်ရ၏။ တစ်ချက်တည်းသော ထိုးချက်ဖြင့် သူ ထိုနတ်ဆိုးကို အသွေးအသား အစအနများအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

"ကျေးဇူးတင်ပါတယ်”

ထိုအစောင့်တပ်သားမှာ အလွန်အမင်း ကျေးဇူးတင်စွာဖြင့် ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ ခရမ်းပုပ်ရောင် နတ်ဆိုးသွေးများကို သုတ်ကာ အောက်ဘက်သို့ အမြှောက်ကို ဆက်လက် ပစ်ခတ်နေ၏။ နတ်ဆိုးသွေးများသည် သူ၏ နှာခေါင်းနှင့် ပါးစပ်ထဲသို့ပင် စိမ့်ဝင်နေပြီ ဖြစ်လေသည်။ ဤနှုန်းအတိုင်းဆိုလျှင် သူ သေမသွားလျှင်တောင် မကြာမီ နတ်ဆိုးစွမ်းအင်များ၏ ကျူးကျော်မှုကို ခံရပေလိမ့်မည်။ သူ၏ ကျင့်စဉ်အဆင့် နိမ့်ကျသွားနိုင်သလို၊ ပိုဆိုးလျှင် သူ၏ စိတ်ဓာတ်များ ဖောက်ပြန်ကာ နတ်ဆိုးများကို ကြောက်ရွံ့ကိုးကွယ်လာပေလိမ့်မည်။

ရှန်မို ခဏမျှ စဉ်းစားပြီးနောက် ထိုသူ၏ ကျောပြင်ကို လက်တစ်ဖက်ဖြင့် ရိုက်လိုက်၏။ ထိုအခါ နတ်ဘုရား လျှပ်စီးအားများမှာ လှိုင်းတစ်ခုပမာ ပျံ့နှံ့သွားလေသည်။

'ဝီ...'

ထိုသူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအင်များ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားမှာ ထိတ်လန့်ဝမ်းသာသွားပြီး ရှန်မိုကို အရိုအသေပေးလိုက်လေသည်။ ရှန်မို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး အခြားသော နတ်ဆိုးများဆီသို့ အပြေးထွက်သွားတော့၏။

'ငါ့ရဲ့ ခွန်အားက ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး’

'နတ်ဘုရား လျှပ်စီးအားကို သုံးပြီး စိတ်ဝိညာဉ်ကျင့်စဉ်တောင် မပါဘဲ တစ်ချက်တည်း ထိုးလိုက်တာနဲ့ ငွေရောင်သရဖူ နတ်ဆိုးသခင်ကို သွေးစသားစတွေ ဖြစ်သွားအောင် လုပ်နိုင်တယ်ပေါ့’

သူ စိတ်ထဲမှ အံ့သြနေမိသည်။ လက်နက်တိုက်ထဲတွင် အချိန်အနည်းငယ် ကုန်ဆုံးခဲ့ပြီးနောက် သူ၏ ခွန်အားမှာ ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ 'ဒီ နတ်ဘုရား လျှပ်စီးအားက တကယ့်ကို အစွမ်းထက်တာပဲ... သွေးအဆီအနှစ်ကရော ဘယ်လောက်တောင် အစွမ်းထက်မလဲ သိချင်မိတယ်’

ရှန်မိုသည် အံ့မခန်း မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားနတ်ဆိုးတစ်ကောင်၏ နောက်ကျောသို့ ရောက်သွားသည်။ ဤတစ်ကောင်မှာ ရွှေရောင်သရဖူ နတ်ဆိုးသခင် ဖြစ်၏။ ၎င်း၏ ခွန်အားမှာ ရွှေရောင်သရဖူ အရှင်သခင်အဆင့်နှင့် ညီမျှသည်။ တပ်ရင်းမှူး နင်ထျန်းရင်ပင်လျှင် ထိုအဆင့်မှာသာ ရှိသည်။

"သွေးအဆီအနှစ်”

"ဝိညာဉ်သုတ်သင် အသက်နှုတ် သွေးလှံ”

ရှန်မို ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ သူ၏ ကျောပေါ်ရှိ ကောင်းကင်ဖြိုဓားအတွင်းမှ ဝိညာဉ် ကျီလင်းသည် တွန့်ဆုတ်မနေဘဲ သွေးအဆီအနှစ် တစ်စိတ်တစ်ပိုင်းကို ရှန်မို၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်၏။

ရှန်မို လက်လှမ်း၍ စုစည်းလိုက်ရာ ရှေးဟောင်းဆန်ပြီး ဖိအားပြင်းထန်လှသော လှံရှည်တစ်စင်း ရုတ်တရက် ပေါ်လာသည်။ သွေးစွမ်းအင် သက်သက်ဖြင့် ဖန်တီးထားသော ဝိညာဉ်သုတ်သင် အသက်နှုတ် သွေးလှံနှင့် နှိုင်းယှဉ်လျှင် ဤလှံအသစ်မှာ ပိုမို ကြမ်းတမ်းရိုင်းစိုင်းပြီး အနားသတ်များ ထက်မြက်ကာ ခြိမ်းခြောက်မှု ပိုကြီးလှသည်။ ၎င်းသည် ငရဲမှ မိစ္ဆာများနှင့် ပြင်ပလောကမှ နတ်ဆိုးများကို သုတ်သင်ခဲ့ဖူးသည့်အတိုင်းပင် ရှိနေ၏။

"သေစမ်း”

သူ လှံကို အားကုန် လွှဲပစ်လိုက်သည်။ ဝိညာဉ်သုတ်သင် အသက်နှုတ် သွေးလှံသည် လျှပ်စီးတစ်ခုအလား ပျံထွက်သွားပြီး ရွှေရောင်သရဖူ နတ်ဆိုးသခင်၏ ရင်ဘတ်ကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်သွားလေ၏။ ၎င်းသည် နှလုံးသားကို တည့်တည့် ဖောက်ထွက်သွားခြင်း ဖြစ်သည်။ နတ်ဆိုးနှလုံးသားမှာ ကြေမွသွားပြီး ၎င်းနှင့်အတူ နတ်ဆိုး၏ အဓိက အင်အားများလည်း ပျံ့လွင့်ကုန်သည်။ ထိုရွှေရောင်သရဖူ နတ်ဆိုးသခင်သည် ခုခံရန်အတွက် နတ်ဆိုးကျင့်စဉ်ကိုပင် အသုံးမပြုနိုင်လိုက်ဘဲ ထိုနေရာမှာတင် သေဆုံးသွားတော့သည်။

မနီးမဝေးတွင် သွေးစွမ်းအင် အမြှောက်ကို ခဏဘေးဖယ်ကာ ကူညီရန် ပြင်နေသော နင်ထျန်းရင်လည်း မှင်တက်သွားသည်။ ထိုသူမှာ ရွှေရောင်သရဖူ နတ်ဆိုးသခင် ဖြစ်သည်။ သူကိုယ်တိုင်၏ အကဲဖြတ်ချက်အရ သူသည် သန်မာသော တပ်ရင်းမှူးများထဲတွင် ပါဝင်ပြီး ထိုသို့သော နတ်ဆိုးတစ်ကောင်ကို ကိုင်တွယ်နိုင်ရုံမျှသာ ရှိသေးပြီး ဤမျှ မြန်မြန် မသတ်နိုင်ပေ။

သာမန် အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ဖြစ်သော ရှန်မိုက ဤအရာကို ဘယ်လိုများ လုပ်လိုက်တာလဲ။

နင်ထျန်းရင် ဇဝေဇဝါ ဖြစ်နေမိသည်။ သူ၏ လက်အောက်ငယ်သားဟောင်းသည် ယခုအခါ သူ့ထက် ပိုသန်မာနေပြီလား။

မကြာမီမှာပင် ရှန်မို သူ၏ မီးနဂါး လေသင်္ဘောပေါ်ရှိ အဆင့်မြင့် နတ်ဆိုးအားလုံးကို သုတ်သင်လိုက်သည်။ နတ်ဆိုးဧကရာဇ်များကိုမူ ဝူကျန့်ယွန်းမှ အခွင့်အရေးကို အသုံးချကာ လျင်မြန်စွာ သတ်ဖြတ်ပစ်လိုက်၏။

'ဝုန်း!'

အဝေးရှိ မီးနဂါး လေသင်္ဘောများထဲမှ တစ်စင်းမှာ ရုတ်တရက် မီးလျှံများအတွင်း ပေါက်ကွဲသွားသည်။ နင်ထျန်းရင် မျက်နှာ ပျက်သွားပြီး

"အဲ့ဒါ လေသင်္ဘော အမှတ် (၆) ပဲ… ငါ သွားကူလိုက်ဦးမယ်”

ရှန်မို သူ့ကို တားလိုက်သည်။

"တပ်ရင်းမှူးနင်... ဒီနေရာမှာပဲ နေပါ… ကျွန်တော် သွားလိုက်မယ်"

တစ်ဖက်မှ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ရှန်မို ကုန်းပတ်ပေါ်သို့ ခြေစောင့်ကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ ခြေထောက်များမှ ပေါက်ကွဲထွက်လာသော အားများဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာကျော်ကို ကျော်ဖြတ်ကာ အခြား လေသင်္ဘောတစ်စင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် နောက်ထပ် ခုန်ချက်အနည်းငယ်ဖြင့်ပင် နောက်တစ်စင်းသို့ ရောက်သွားပြန်သည်။

မကြာမီမှာပင် သူ မီးနဂါး လေသင်္ဘော အမှတ် (၆) သို့ ရောက်ရှိသွား၏။ ကုန်းပတ်ပေါ်တွင် နတ်ဆိုးများနှင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ အလောင်းများ ပြန့်ကျဲနေသည်။

ရှန်မို သွေးအိုင်ထဲတွင် လဲနေသော ရှုံယွမ်ရှန်းကို မြင်လိုက်ရပြီး သူ အသက်ရှင်သလား၊ သေသွားပြီလား ဆိုသည်မှာ မသေချာပေ။ စစ်မြေပြင်မှာ အလွန်အမင်း ရှုပ်ထွေးနေသည်။

ဒဏ်ရာရနေသော အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးတစ်ကောင်မှာ သင်္ဘောကို အပြီးတိုင် ဖျက်ဆီးရန် ပြင်ဆင်နေ၏။ ထိုအချိန်တွင် ၎င်းသည် အန္တရာယ်ကို ရိပ်မိသွားဟန်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်လေသည်။

"ကောင်စုတ်... ဒီဘက်ကို လာခဲ့စမ်း"

ရှန်မို အေးစက်စွာ လှောင်ပြုံးလိုက်သည်။ ငွေရောင်သရဖူနှင့် ရွှေရောင်သရဖူ နတ်ဆိုးသခင်များကို ချက်ချင်း သတ်ဖြတ်ပြီးနောက် သူ အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ပြီဟု ခိုင်ခိုင်မာမာ ခံစားနေရသည်။ သူ၏ အာရုံခံစားမှုကို အမြဲ ယုံကြည်လေ့ရှိသည်။ သူ သတ်နိုင်သည်ဟု ပြောလျှင် သူ သေချာပေါက် သတ်မည် ဖြစ်၏။

နတ်ဆိုးမှ ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် ရှန်မို သူ၏ သွေးအဆီအနှစ်ကို အသက်သွင်းလိုက်သည်။ ဝိညာဉ်သုတ်သင် အသက်နှုတ် သွေးလှံ သုံးစင်းမှာ သူ၏ ဘေးပတ်လည်တွင် ချက်ချင်း ပေါ်လာပြီး လျှပ်ခနဲ ပျံထွက်သွားတော့၏။

အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးမှာ ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ခုခံရန်အတွက် နတ်ဆိုးကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

'ဝုန်း! ဝုန်း! ဝုန်း!'

သွေးအဆီအနှစ်နှင့် နတ်ဆိုးစွမ်းအင်များ ပြင်းထန်စွာ ရိုက်ခတ်မိပြီး မိုးကြိုးသံအလား ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လှည့်ပတ်နေသော ခရမ်းပုပ်ရောင် မီးခိုးများထဲမှ ထိုနတ်ဆိုး၏ နာကျင်စွာ အော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်မှာပင် ရှန်မို မီးခိုးများကို ဖြတ်ကျော်ကာ ဘာကိုမျှ ပြင်ဆင်မထားနိုင်သော ထိုနတ်ဆိုးကို ပြင်းထန်စွာ စတင် တိုက်ခိုက်တော့သည်။

[မဟာနဂါး အသွင်ပြောင်း ကျင့်စဉ် - တတိယအလွှာ - အပြာရောင်နဂါး နိမိတ်ပုံ!]

Chapter 431: မီးတောက် မင်း ဗိုက်ဆာလား

မဟာနဂါး အသွင်ပြောင်း ကျင့်စဉ်သည် စစ်မှန်သော နဂါးမျိုးနွယ်တို့၏ သိုင်းပညာရပ်တစ်ခု ဖြစ်၏။ ၎င်းမှာ တောင်ဘက်ပင်လယ်ဘုရင်မှ ရှန်မိုကို လက်ဆောင်ပေးခဲ့သော အစွမ်းထက်လှသည့် ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ မြေကမ္ဘာအဆင့် အမြင့်ဆုံးအုပ်စုတွင် ပါဝင်သော်လည်း ၎င်း၏ စွမ်းပကားမှာ အဆင့်တူ ကျင့်စဉ်အတော်များများကို အပြတ်အသတ် ဖိနှိပ်ထားနိုင်သည်။ အကြောင်းမှာ စစ်မှန်သော နဂါးမျိုးနွယ်တို့၏ အမွေအနှစ် ဖြစ်သောကြောင့်ပင်။

မဟာနဂါး အသွင်ပြောင်း ကျင့်စဉ်ကို အလွှာလေးခုဖြင့် ပိုင်းခြားထားသည်။ ပထမအလွှာ - အပြာရောင်နဂါးလက်သည်း။ ဒုတိယအလွှာ - အပြာရောင်နဂါးခေါင်း။ တတိယအလွှာ - အပြာရောင်နဂါးနိမိတ်ပုံ။ စတုတ္ထအလွှာ - အပြာရောင်နဂါး ကိုယ်ပွား။

ရှန်မိုသည် တတိယအလွှာကို ကျွမ်းကျင်စွာ ကျင့်ကြံထားပြီး ဖြစ်သလို စတုတ္ထအလွှာသို့ ရောက်ရှိရန်လည်း လက်တစ်ကမ်းအလိုသာ လိုတော့၏။ သို့သော် စတုတ္ထအလွှာအတွက် တင်းကျပ်သော လိုအပ်ချက်တစ်ခု ရှိနေကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ 'အပြာရောင်နဂါး သွေးအဆီအနှစ်'ပင် ဖြစ်သည်။ ယင်းမှာ လောလောဆယ်တွင် သူ မည်သို့မျှ ရယူနိုင်ခြင်း မရှိသော အရာဖြစ်၏။ ကောင်းကင်ဘုံဘဏ္ဍာတိုက်ထဲမှာပင် ၎င်းကို မတွေ့ရပေ။

ဤအချက်မှာ အပြာရောင်နဂါး သွေးအဆီအနှစ်သည် ဤလောကတွင် တစ်ခါမျှ ပေါ်မလာခဲ့ဖူးကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း ရှန်မိုကမူ အကယ်၍ ကောင်းကင်ဘုံဘဏ္ဍာတိုက်တွင် ပေါ်လာခဲ့လျှင်ပင် ၎င်း၏ ဈေးနှုန်းမှာ ကောင်းကင်ထိအောင် မြင့်မားလိမ့်မည်ဟု ယုံကြည်ထား၏။ သူတော်စင်အဆင့် ကျင့်စဉ်များ၊ သိုင်းပညာရပ်များနှင့် ခြားနားလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ရှန်မို၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအဆီအနှစ်များ လှိုင်းထန်လာပြီး ကြီးမားလှသော အပြာရောင်နဂါး နိမိတ်ပုံအဖြစ် စုစည်းသွားသည်။ ခန့်ညားသော နဂါးခေါင်း၊ ထက်မြက်သော နဂါးလက်သည်းနှင့် သန်မာလှသော နဂါးအမြီး။

၎င်း၏ ခန္ဓာကိုယ်မှာ ထူထပ်ခိုင်မာသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ အကယ်၍ ပုံရိပ်မှာ အနည်းငယ် ဝေဝါးမနေပါက ၎င်းကို စစ်မှန်သော အပြာရောင်နဂါးဟု လူအများ ထင်မှတ်သွားကြပေလိမ့်မည်။

အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးသည် အပြာရောင်နဂါး နိမိတ်ပုံကို မြင်လိုက်ရသည့်အခါ ရုတ်တရက် မျက်မှောင်ကျုံ့သွားသည်။ သူသည်လည်း ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ သွေးမျိုးဆက် မူလအစအထိ ဖိနှိပ်ခံလိုက်ရသကဲ့သို့ပင်။

ရန်သူမှာ ဘယ်လိုလုပ် ဤမျှ ကြောက်စရာကောင်းတဲ့ သိုင်းကျင့်စဉ်မျိုးကို ထုတ်ဖော်နိုင်တာလဲ။

အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးသည် ခပ်တိုးတိုး ဟိန်းဟောက်ကာ သူ၏ အစွမ်း အကုန် ထုတ်သုံးပြီး နတ်ဆိုးစွမ်းအင်အားလုံးကို အသက်သွင်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ သွေးမျိုးဆက် လျှို့ဝှက်ကျင့်စဉ်ကိုလည်း ထုတ်ဖော်လိုက်လေ၏။

'ဝီ...'

မြင့်မားလှသော တောင်ကြီးတစ်လုံး ရုတ်တရက် ပေါ်လာပြီး ထိုနတ်ဆိုးကို ငုံ့မိုးထားသည်။ တောင်ကြီးမှာ ခရမ်းပုပ်ရောင်နှင့် အနက်ရောင် သန်းနေပြီး သစ်ပင်ပန်းမန် တစ်ပင်မျှ မရှိဘဲ ချွန်ထက်သော ကျောက်ဆောင်များနှင့် သဲကန္တာရများဖြင့်သာ ဖုံးလွှမ်းနေ၏။ နောက်တစ်ခဏမှာပင် အပြာရောင်နဂါး နိမိတ်ပုံသည် ထိုနတ်ဆိုးတောင်ကြီးနှင့် ပြင်းထန်စွာ တိုက်မိတော့သည်။

'ဝုန်း!'

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

သင်္ဘောကုန်းပတ်မှာ တုန်ခါသွားပြီး ပင့်ကူအိမ်သဖွယ် အက်ကြောင်းများစွာ ဖြစ်ပေါ်သွားလေ၏။ မီးနဂါး လေသင်္ဘောများ၏ ကုန်းပတ်တိုင်းတွင် မြေကမ္ဘာအဆင့် အမြင့်ဆုံး ခံစစ်အကာအကွယ်များကို ရေးထိုးထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးတစ်ကောင်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံနိုင်ရည် ရှိလေ၏။ သို့သော် ယခုအခါတွင်မူ ကုန်းပတ်ပင် အက်ကွဲသွားခဲ့ပြီ။ ဤအချက်က ယခုတိုက်ကွက် မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြနေတော့သည်။

'ဗုန်း!'

အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးမှာ အဝေးသို့ လွင့်စင်သွားသည်။ လေထဲတွင် နတ်ဆိုးသွေးများ ပန်းထွက်သွား၏။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ရန်သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ နတ်ဘုရားနန်းတော်အဆင့်၏ အစပျိုးအဆင့်မှာသာ ရှိပြီး သူ၏ သွေးစွမ်းအင်မှာလည်း သာမန် အရှင်သခင်အဆင့်မှာသာ ရှိကြောင်း ရှင်းလင်းစွာ သိရှိထားသည်။ သူ၏ အစွမ်းနှင့် ကွာခြားချက်မှာ အလွန်ကြီးမားလေ၏။

သို့ဆိုလျှင် ရန်သူမှာ ဘာကြောင့် ဤသို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သနည်း။

တစ်ချက်တည်းနှင့် သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ။

ပြေးမှဖြစ်မယ်။

ငါ ပြေးမှဖြစ်မယ်။

ထိုနတ်ဆိုး၏ စိတ်ထဲတွင် ဤအတွေးတစ်ခုသာ ကျန်တော့သည်။ သူ၏ အသားအတောင်ပံများကို ခတ်လိုက်ပြီး ကျန်ရှိသမျှ နတ်ဆိုးစွမ်းအင်များကို ထည့်သွင်းကာ အရှိန်ကို အမြင့်ဆုံးသို့ တင်လိုက်သည်။

ရှန်မို မျက်မှောင်ကြုတ်မိ၏။

ရှုံး၍ ထွက်ပြေးခြင်းမှာ အတုယူစရာ ကောင်းသော အလေ့အထ မဟုတ်ပေ။ ရှန်မို၏ တိုက်စစ်စွမ်းအားမှာ နတ်ဆိုးသခင်နှင့် ယှဉ်နိုင်ပြီ ဖြစ်သော်လည်း သူ၏ ခံစစ်နှင့် အရှိန်မှာမူ နောက်ကွယ်မှာသာ ကျန်နေပါသေး၏။

ထိုနတ်ဆိုးမှာ အမှန်တကယ်ပင် လွတ်မြောက်တော့မည့်အလား ဖြစ်နေပြီး ရှန်မို လိုက်မမီတော့ပေ။

ထိုအချိန်တွင် သူ၏ ပုံရိပ်ငယ်အတွင်းမှ လှုပ်ခတ်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။ ရှန်မို၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

"ကိုးဘုံငရဲ ရေခဲမီးတောက်… မင်း ဗိုက်ဆာနေတာလား"

ရှန်မို ခပ်တိုးတိုး ရယ်မောလိုက်ပြီး ကိုးဘုံငရဲ ရေခဲမီးတောက်ကို ချက်ချင်း လွှတ်ပေးလိုက်သည်။

'ရှူး...'

ဖြူဖျော့ဖျော့ မီးတောက်များ လျင်မြန်စွာ ထွက်ပေါ်လာ၏။ ခဏအတွင်းမှာပင် ပေရာပေါင်းများစွာ ကွာဝေးသော အကွာအဝေးကို ကျော်ဖြတ်ကာ အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုး၏ နောက်ကျောကို တည့်တည့် ထိမှန်သွားတော့သည်။

"အား!"

ထိုနတ်ဆိုးမှာ ချက်ချင်းပင် နာကျင်စွာ အော်ဟစ်တော့သည်။ သူ၏ တစ်ကိုယ်လုံးရှိ နတ်ဆိုးစွမ်းအင်များမှာ ဆီနှင့် မီးတွေ့သည့်အလား ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုးဘုံငရဲ ရေခဲမီးတောက်သည် ထိုနတ်ဆိုး၏ ရင်ဘတ်ကို လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သည်။ သူ၏ တုန်ခါနေသော နတ်ဆိုးနှလုံးသားမှာ ရေခဲမီးတောက်၏ ဝါးမျိုခြင်းကို အပြည့်အဝ ခံလိုက်ရလေ၏။ ၎င်းမီးတောက် ရှန်မို၏ ဘေးသို့ ပြန်ရောက်လာသည့် အချိန်တွင် ထိုနတ်ဆိုး၏ အတွင်းပိုင်းမရှိတော့သော အလောင်းမှာ ကောင်းကင်မှ ပြုတ်ကျ၍ မြို့ရိုးပေါ်သို့ ဗုန်းဗုန်းလဲ ကျသွားတော့သည်။

ရှန်မို အနည်းငယ် အံ့ဩသွားမိ၏။ ယခင်က နတ်ဆိုးဧကရာဇ် ကုမင်နှင့် ကမ္ဘာပျက်မတတ် တိုက်ခိုက်ခဲ့စဉ်က ထိုရေခဲမီးတောက်သည် သူ၏ ဘေးပတ်လည် ပေတစ်ရာခန့်အတွင်းသာ လှုပ်ရှားနိုင်ခဲ့သည်။ ယခုအခါတွင်မူ ပေရာပေါင်းများစွာအထိ ဆန့်ထုတ်နိုင်နေပြီ ဖြစ်၏။ ကိုးဘုံငရဲ ရေခဲမီးတောက်သည် နတ်ဆိုးမျိုးနွယ်တို့၏ သဘာဝရန်သူ ဖြစ်သည်မှာ အမှန်ပင်။ နတ်ဆိုးနှလုံးသားများကို ပိုမို သန့်စင်ပေးနိုင်လေလေ၊ ၎င်း၏ တိုးတက်မှုနှုန်းမှာ ပိုမို မြန်ဆန်လေလေ ဖြစ်သည်။ ယခုအခါ ထိုမီးတောက်သည် 'နေမင်းစွမ်းအင်မီး' နှင့် 'ကြာနီမီးတောက်' တို့ကို လုံးဝ ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။

ရှန်မို သူ၏ နတ်ဘုရားနန်းတော် အတွင်းပိုင်းကို ခဏမျှ ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင်။ မီးတောက် "အရည်" အသေးစားလေး နှစ်ခုမှာ ထောင့်တစ်နေရာသို့ ကပ်သွားကြရရှာသည်။ ကိုးဘုံငရဲ ရေခဲမီးတောက်ကမူ နတ်ဘုရားနန်းတော်၏ နေရာအတော်များများကို မောက်မာစွာ နေရာယူထားလေသည်။

ရှန်မိုမှာ ရယ်ရမလို ငိုရမလို ဖြစ်နေမိ၏။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သော စွမ်းအင်များ လှိုင်းတစ်ခုပြီးတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ကိုးဘုံငရဲ ရေခဲမီးတောက်မှ နတ်ဆိုးနှလုံးသားကို သန့်စင်ပြီးနောက် ရရှိလာသော စွမ်းအင်အတော်များများကို သူ့အား ဝေမျှပေးနေခြင်း ဖြစ်သည်။

"သူ့မှာ အသိတရားလေးတော့ ရှိသေးသားပဲ"

ရှန်မို ပြုံးလိုက်ပြီး မီးနဂါး လေသင်္ဘောပေါ်ရှိ ဒဏ်ရာရသူများကို မြန်မြန်ဆန်ဆန် ကယ်ဆယ်တော့သည်။ ရှုံယွမ်ရှန်းမှာ သွေးအိုင်ထဲတွင် လဲနေပြီး သူ၏ အခြေအနေကို မသိရသေးပေ။ သို့သော် စစ်ဆေးကြည့်ပြီးနောက်တွင် သူ သွေးထွက်လွန်ပြီး နတ်ဆိုးများ၏ ကျူးကျော်မှုကြောင့် သတိလစ်သွားခြင်းသာ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ရှန်မိုသည် သူ၏ နတ်ဘုရား လျှပ်စီးအားကို သုံး၍ ရှုံယွမ်ရှန်း၏ ကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များကို ဖယ်ရှားပေးလိုက်ပြီး ဆေးလုံးအချို့လည်း တိုက်ကျွေးလိုက်သည်။ မကြာမီ နောက်ထပ် အကူအညီ မလိုတော့ဘဲ သူ့ဘာသာ ပြန်လည် နာလန်ထလာပေလိမ့်မည်။

ဒဏ်ရာရသူများကို ကယ်ဆယ်ခြင်းမှာလည်း နတ်ဆိုးများကို ခုခံရာတွင် အထောက်အကူဖြစ်စေသဖြင့် စစ်မှုထမ်း အမှတ်များ သေချာပေါက် ရရှိနိုင်ပေသည်။ ရှန်မိုကမူ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံမည့်သူ မဟုတ်ပေ။ ဤမီးနဂါး လေသင်္ဘောပေါ်ရှိ ဒဏ်ရာရသူများကို ကယ်ဆယ်ပြီးနောက် အခြားသော လေသင်္ဘောများဆီသို့ ခုန်ကူးသွားပြန်သည်။

ယခုအခါ သူ၏ ခွန်အား မည်မျှကြီးမားကြောင်း ကိုယ်တိုင် ရှင်းလင်းစွာ နားလည်သွားခဲ့ပြီ။ သူ၏ နတ်ဘုရား လျှပ်စီးအားမှာ နတ်ဆိုးစွမ်းအင်နှင့် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိ၏။ သူ၏ သွေးအဆီအနှစ်မှာမူ သွေးအဆီအနှစ် တစ်မျှင်တည်းဖြင့် နတ်ဆိုးစွမ်းအင် ငါးမျှင်၊ ခြောက်မျှင်ကိုပင် ခံနိုင်ရည်ရှိလေသည်။ ဤလျှို့ဝှက်လက်နက် နှစ်ခုကြောင့်သာ ရှန်မို မိမိအဆင့်ထက် ကျော်လွန်သော စွမ်းအားရှိသည့် သိုင်းကွက်များကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သူ၏ သိုင်းကျင့်စဉ်များသည် အနည်းဆုံး မြေကမ္ဘာအဆင့် အမြင့်ဆုံးများ ဖြစ်နေသောကြောင့်လည်း ပါဝင်သည်။ အခြားသော အစောင့်တပ်သားများမှာ အဆင့်တူ နတ်ဆိုးတစ်ကောင်ကို ခုခံရန် လူနှစ်ဦး၊ သုံးဦး လိုအပ်ရခြင်းမှာ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များသည် မူလကပင် နတ်ဆိုးစွမ်းအင်ထက် အားနည်းနေသောကြောင့် ဖြစ်၏။

မကြာမီမှာပင် ရှန်မို မီးနဂါး လေသင်္ဘော ရှစ်စင်းလုံးရှိ နတ်ဆိုးများကို ရှင်းလင်းလိုက်သည်။ သူ၏ နတ်ဆိုးနှိမ်နင်းရေး လက်ပတ်အတွင်းရှိ စစ်မှုထမ်း အမှတ်များမှာလည်း အဆက်မပြတ် တိုးပွားနေလေသည်။ မီးနဂါး လေသင်္ဘောများသည် သူကိုယ်တိုင် သွန်းလုပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းတို့ သတ်ဖြတ်လိုက်သော ရန်သူများအတွက် အမှတ် အတော်များများမှာလည်း သူ့ဆီသို့ ရောက်လာခြင်း ဖြစ်၏။ နောက်ပိုင်းတွင် အမှတ်တိုးပွားကြောင်း အသိပေးချက်များကို ပိတ်ထားလိုက်ရတော့သည်။ ၎င်းမှာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။ သူ ဤကမ္ဘာသို့ မရောက်ခင်က ဖုန်းထဲသို့ ဝင်လာတတ်သော ကြော်ငြာများကဲ့သို့ပင် စိတ်ညစ်ဖို့ ကောင်းလှပေသည်။

မကြာမီ ရှန်မိုသည် ဝမ်ရှင်းအန်း ထိန်းချုပ်နေသည့် မီးနဂါး လေသင်္ဘော အမှတ် (၁) သို့ ပြန်ရောက်လာခဲ့သည်။ သူ ပြန်ရောက်သည်နှင့် နင်ထျန်းရင်သည် ရှုံယွမ်ရှန်း၏ ဒဏ်ရာများကို ပတ်တီးစည်းပေးနေသည်အား မြင်လိုက်ရ၏။ သူတို့နှစ်ဦး ရှန်မိုကို မြင်လိုက်ရသည့်အခါ အံ့သြမှင်တက်ကာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။

နင်ထျန်းရင်မှာ မအောင့်နိုင်ဘဲ

"ငါ အခုထိ မယုံနိုင်သေးဘူး… ရှုံအိုကြီး ပြောတာတော့ မင်းက အဲ့ဒီ အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးကို သတ်ပြီး သူ့ကိုရော လေသင်္ဘောကိုပါ ကယ်လိုက်တာဆို"

ရှန်မို ခပ်ပြုံးပြုံးဖြင့်

"ကျွန်တော့်ရဲ့ ကျင့်စဉ်တွေနဲ့ သိုင်းကွက်တွေက နည်းနည်း ပိုသန်မာလို့နေမှာပါ"

ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြားသော အစောင့်တပ်သားများ၏ မျက်လုံးများတွင်မူ အထင်ကြီး လေးစားမှုများကို ဖုံးကွယ်မထားနိုင်တော့ပေ။ အဝါရောင်အဆင့် အစောင့်တပ်သား တစ်ယောက်က အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးကိုတောင် သတ်နိုင်တယ်ပေါ့။ အကယ်၍ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးမှ အစောင့်တပ်သားများသာ ဒီလိုဖြစ်နေမယ်ဆိုရင် ခံတပ်များကို ခုခံနေစရာတောင် မလိုတော့ပေ။ ဒီနေ့ချက်ချင်း နတ်ဆိုးပင်လယ်ကြီးကို မြေလှန်ပစ်လိုက်ရုံပင်။

ကောင်းကင်နတ်ဆိုးကြီး ဆယ်ပါးလား။

အရိုးတွေကို ကြိတ်ခြေပြီး ပြာဖြစ်အောင် လုပ်ပစ်လိုက်မှာပေါ့။

ပြီးတော့ ဒဏ္ဍာရီထဲက အဲ့ဒီ ကျိန်စာသင့်နေတဲ့ မသေနိုင်တဲ့ နတ်ဆိုးဧကရာဇ်လား။ သူ့အလောင်းကို တူးထုတ်ပြီး ပြာဖြစ်အောင် လုပ်ပစ်လိုက်ရုံပဲ။

Chapter 432: ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး ကျဆုံးခန်း

ထိုအချိန်တွင် ဝမ်ရှင်းအန်း နောက်ဆုံး၌ အားရပါးရ ရယ်မောလိုက်ပြီး မီးနဂါးအကာအကွယ်ကြီး၏ ရှေ့မှ မတ်တပ်ထရပ်လိုက်သည်။ သူ ထရပ်လိုက်သည်နှင့် တစ်ကိုယ်လုံး ယိုင်ထိုးသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။ ကံကောင်းထောက်မစွာပင် ဝူကျန့်ယွန်းနှင့် လီဟိုင်ထန်းတို့မှာ အနီးအနားတွင် ရှိနေသဖြင့် သူ့ကို အမြန်ပင် လှမ်းတွဲလိုက်ကြရသည်။

ရှန်မို လှမ်းကြည့်လိုက်သည့်အခါ ဝမ်ရှင်းအန်း၏ ကိုယ်လုံးမှာ သိသိသာသာ ပိန်ချောင်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏ ဝမ်းဗိုက်မှ အဆီများမှာ ထက်ဝက်ကျော် ပျောက်ကွယ်သွားသလို တစ်ကိုယ်လုံးရှိ အဆီများမှာလည်း ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ သူ သွေးစွမ်းအင်များကို အလွန်အမင်း ထုတ်သုံးခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်ရှိ အင်အားများ ဆုတ်ယုတ်သွားခြင်းမှာ ထင်ရှားလှသည်။ သို့သော် ဝမ်ရှင်းအန်း၏ ပုံစံကို ကြည့်ခြင်းအားဖြင့် သူ ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့မှန်း သေချာ၏။

"ဟားဟားဟား... အဲ့ဒီ ကောင်းကင်နတ်ဆိုးကြီး ငါ့တိုက်ကွက်မိသွားပြီ”

"သူ အခုထိ နာကျင်ပြီး အော်နေတုန်းပဲ”

"ငါကတော့ ဒီလောက်နဲ့ ရပ်လိုက်ပေမဲ့ တခြား မီးနဂါးထိုးကွင်းတွေကတော့ အရူးလို တရစပ် ပစ်ခတ်နေတုန်းပဲဟေ့"

"ရှန်မို... မင်းလုပ်ထားတဲ့ မီးနဂါးအကာအကွယ်တွေက တကယ့်ကို အလန်းစားပဲ… ကောင်းကင်နတ်ဆိုးကြီးပေါ် ကျနေတဲ့ အဲ့ဒီ ထူးဆန်းတဲ့ ပုံဆောင်ခဲမီးတောက်တွေက ဘယ်လိုမှ ငြိမ်းလို့မရဘူး ဖြစ်နေတယ်”

ဝမ်ရှင်းအန်း ထူးဆန်းစွာ ရယ်မောနေသည်။

အရက်ပြင်းများ အိုးရာချီ သောက်ထားသကဲ့သို့ သူ၏ မျက်နှာမှာ နီမြန်းနေလေ၏။ ရှန်မို မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ယံထက်တွင် ပြင်းထန်သော မီးလျှံများ တောက်လောင်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။ ဤသည်မှာ မီးနဂါးအကာအကွယ်များ၏ အစွမ်းထက်သော အချက်ပင်။

မီးလျှံများမှာ မငြိမ်းဘဲ ဆက်လက် တောက်လောင်နေမည် ဖြစ်၏။ ရှန်မို ၎င်းတို့ကို သွန်းလုပ်စဉ်က မီးနဂါးထိုးကွင်းများထဲသို့ အပိုဆောင်း အရာတစ်ခု ထည့်သွင်းခဲ့သည်။ ၎င်းမှာ 'ကိုးပါးငရဲ ရေခဲပုံဆောင်ခဲ'ပင် ဖြစ်သည်။ ဤပစ္စည်းမှာ ကိုးဘုံငရဲ ရေခဲမီးတောက်နှင့်အတူ ယှဉ်တွဲပါလာတတ်သော ရတနာတစ်မျိုး ဖြစ်သည်။ ၎င်းစတင် ဖြစ်ပေါ်လာစဉ်ကပင် ကိုးဘုံငရဲ ရေခဲမီးတောက်၏ စွမ်းအား အစအနလေးများ ပါဝင်နေသဖြင့် နတ်ဆိုးများကို သုတ်သင်နိုင်၏။

သို့သော် ကောင်းကင်ဘုံဘဏ္ဍာတိုက်တွင် ၎င်း၏ ဈေးနှုန်းမှာ အထူးမြင့်မားလှသည်။ လက်ဖဝါးခန့်ရှိသော ပုံဆောင်ခဲ တစ်ခုလျှင်ပင် ဘီအဆင့် စစ်မှုထမ်း အမှတ် တစ်မှတ် လိုအပ်သည်။ သို့သော် ကံကောင်းသည်မှာ မီးနဂါး လေသင်္ဘောများ သွန်းလုပ်ရန် လိုအပ်သော အမှတ်များကို ကျန်းလုံရှန်းမှ တင်ပြပေးပြီး အကုန်အကျခံပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့်သာ ရှန်မိုသည် ဂုဏ်ထူးမှတ်များကို အကန့်အသတ်မဲ့ သုံးစွဲကာ အကောင်းဆုံး ပုံစံဖြင့် မီးနဂါး လေသင်္ဘော ရှစ်စင်းကို သွန်းလုပ်နိုင်ခဲ့ခြင်း ဖြစ်လေ၏။

ထိုပုံဆောင်ခဲများကို ထည့်သွင်းလိုက်ပြီးနောက် မီးနဂါးထိုးကွင်းများမှ ပန်းထွက်လာသော ပုံဆောင်ခဲမီးတောက်များသည် အရိုးထဲထိ စွဲကပ်လောင်ကျွမ်းသော လောက်ကောင်များကဲ့သို့ ဖြစ်နေတော့သည်။ ကြီးမားသော စွမ်းအားဖြင့် မငြှိမ်းသရွေ့ ဆက်လက် လောင်ကျွမ်းနေမည် ဖြစ်သည်။ သူ ဤကမ္ဘာသို့ မရောက်ခင်က ရှိခဲ့သော 'ဖော့စဖရပ်စ်'ဗုံးများကဲ့သို့ပင်။

ရှန်မိုသည် အောက်ဘက်ရှိ ခံတပ်မြို့ရိုးဆီသို့ လှမ်းကြည့်လိုက်သည်။ မြို့ရိုးပေါ်သို့ တက်လာသော နတ်ဆိုးများမှာလည်း မီးနဂါး လေသင်္ဘော ရှစ်စင်း၏ တိုက်ခိုက်မှုအောက်တွင် နောက်သို့ ဆုတ်ခွာနေကြရသည်ကို သတိပြုမိလိုက်၏။ ဒဏ်ရာများ ဗရပွနှင့် ဖြစ်နေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် အခွင့်အရေးကို အသုံးချကာ နတ်ဆိုးများကို မြို့ရိုးပေါ်မှ အမြန် မောင်းထုတ်လိုက်ကြသည်။ ဤတိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်နေလေပြီ။

နတ်ဆိုးအရှိန်အဝါများ ဖုံးလွှမ်းနေသော ကောင်းကင်ယံတွင် ပုံဆောင်ခဲမီးတောက်များမှာ တောက်လောင်နေဆဲပင်။

ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံးကျန်ရှိသော နတ်ဆိုးစွမ်းအင်များကို ထုတ်သုံးကာ ထိုမီးတောက်များကို ငြှိမ်းသတ်ရန် အသည်းအသန် ကြိုးစားနေသည်။ သို့သော် မီးတောက်များမှာ ငြိမ်းမသွားဘဲ ဆက်လက် တောက်လောင်နေဆဲပင်။ ၎င်းပြင် ထိုမီးတောက်များမှာ သူ၏ ခန္ဓာကိုယ်ကို ပေါ်လွင် ထင်းလင်းစေ၍ သူ ဘယ်ကိုပဲ ပြေးပြေး မီးနဂါး လေသင်္ဘော ရှစ်စင်းမှ ထိုးကွင်းများမှာ သူ့နောက်သို့ မပြတ်လိုက်၍ မီးတောက်များကို ပက်ဖြန်းနေကြ၏။ သူ၏ ဒဏ်ရာများမှာ ပိုမို ပြင်းထန်လာသလို ခွန်အားများမှာလည်း အဆက်မပြတ် ဆုတ်ယုတ်လာခဲ့သည်။

"အန်ချန်... မင်း ဘယ်မှာလဲ… ငါ့ကို ကယ်ပါဦး”

အန်ဖုန်း နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ အန်ချန်ကမူ ပုန်းကွယ်နေဆဲဖြစ်ပြီး မည်သို့မျှ မလှုပ်ရှားပေ။ အစပိုင်းတွင် သူ ကူညီရန် စိတ်ကူးရှိခဲ့သော်လည်း နောက်ပိုင်းတွင် အန်ဖုန်း၏ ကိုယ်ပေါ်ရှိ မီးတောက်များမှာ အရိုးထဲစွဲနေပြီး ဖယ်ရှားရန် မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် ထိုမီးတောက်ထဲတွင် သူ၏ နှလုံးသားကို တုန်လှုပ်စေသော စွမ်းအားတစ်ခု ပါဝင်နေလေ၏။

ထိုစွမ်းအားအကြောင်းကို သူ အလွန်ရှေးကျသော ပထမမြောက် ကောင်းကင်နတ်ဆိုးကြီးထံမှသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ နတ်ဆိုးမျိုးနွယ်တို့၏ သဘာဝရန်သူဖြစ်သော 'ကိုးဘုံငရဲ ရေခဲမီးတောက်' ၏ စွမ်းအားပင် ဖြစ်၏။ ဤမီးနဂါး လေသင်္ဘော ရှစ်စင်း ပေါ်ထွက်လာခြင်းနှင့် ပါဝင်သော ကြောက်မက်ဖွယ် ဖျက်ဆီးအားမှာ သူ၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲ၏ အခြေအနေမှာ ဤလေသင်္ဘော ရှစ်စင်းကြောင့် လုံးဝ ပြောင်းလဲသွားခဲ့၏။ ရွှေ့ဝူခံတပ်မှာ အောင်ပွဲနှင့် မဝေးတော့ပေ။ သူသည် ကျန်းလုံရှန်းကို သတ်ရန် ရည်မှန်းချက်လည်း မအောင်မြင်ခဲ့သလို ရွှေ့ဝူခံတပ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန်လည်း မစွမ်းဆောင်နိုင်ခဲ့ချေ။ သူ၏ လက်အောက်ခံ နတ်ဆိုး သန်းပေါင်းများစွာ၏ အလောင်းများကို ချန်ထားရုံမှအပ သူ ဘာမှ မလုပ်နိုင်ခဲ့ပေ။ ဤအချက်သည် သူ့အတွက် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို ကောင်းစွာ သိပါသည်။

ဤသည်မှာ နတ်ဆိုးအားလုံး၏ အလယ်တွင် သူ၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည် ဖြစ်သလို ကောင်းကင်နတ်ဆိုးကြီး ဆယ်ပါးအကြားတွင်လည်း သူ၏ အင်အား ဆုတ်ယုတ်သွားမည် ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်တို့သည် သန်မာသူကို ကိုးကွယ်ကြပြီး အားကြီးသူက အားနည်းသူကို ဝါးမျိုသော ဥပဒေသကို ကျင့်သုံးကြ၏။ အတိတ်ကာလတွင် သူသည် သာမန်နတ်ဆိုးဘဝမှ ကောင်းကင်နတ်ဆိုးကြီးဘဝသို့ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့သူ ဖြစ်ပြီး သူ၏ ကောက်ကျစ်ပြီး ရက်စက်သော နည်းလမ်းများကြောင့် နတ်ဆိုးအများအပြားမှာ သူ့ဘက်သို့ ပါလာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ထိုနတ်ဆိုးများသည် သူ ရှုံးနိမ့်သွားပြီးနောက် စွန့်ခွာသွားကြပေလိမ့်မည်။ အဆင့်နိမ့် နတ်ဆိုးအငယ်စားလေးများမှာ

အမှန်တကယ်ပင် အသုံးချခံ သက်သက်သာ ဖြစ်၏။ သို့သော် ကောင်းကင်နတ်ဆိုးကြီး တစ်ပါး၌ အသုံးချခံပင် မရှိတော့ဘူးဆိုလျှင် သူ ဘယ်လိုမျက်နှာပြရတော့မည်နည်း။

အန်ချန်သည် အောင်ပွဲအကြောင်းကို မစဉ်းစားတော့ဘဲ သူ၏ ခွန်အားကို ပြန်လည် ဖြည့်တင်းရန်သာ စဉ်းစားတော့သည်။ သူ အန်ဖုန်းကို သတ်ဖြတ်ပြီး သူ၏ အင်အားများကို လုယူကာ ခွန်အားကို ပြန်လည် ဖြည့်တင်းရန် စီစဉ်လိုက်၏။ ထို့ကြောင့်သာ သူ ဘာမှမလုပ်ဘဲ မလှုပ်မယှက် ရပ်ကြည့်နေခြင်း ဖြစ်သည်။ အန်ဖုန်း ထိုပုံဆောင်ခဲမီးတောက်များကြောင့် အားနည်းသွားမည့် အချိန်ကို သူ စောင့်နေသည်။

အတန်ကြာမှ သူ အန်ဖုန်း၏ ဘေးသို့ တဖြည်းဖြည်း ပျံသန်းသွား၏။

အန်ဖုန်းမှာလည်း လူအမဟုတ်ပေ။ အမှန်စင်စစ် အန်ချန် ပေါ်မလာသည့် ခဏမှာပင် သူ အန်ချန်၏ ရည်ရွယ်ချက်ကို ရိပ်မိခဲ့သည်။ ကောင်းကင်နတ်ဆိုးကြီး ဆယ်ပါးမှာ တစ်ဦးနှင့်တစ်ဦး ဘယ်သောအခါမှ သင့်မြတ်ခဲ့ကြသည် မဟုတ်ချေ။ ကောင်းကင်နတ်ဆိုးကြီးတိုင်းမှာ အသန်မာဆုံး ဖြစ်ချင်ကြပြီး နတ်ဆိုးအားလုံးကို အုပ်စိုးလိုကြ၏။ သူတို့၏ တူညီသော ရည်မှန်းချက်တစ်ခုမှာ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ကို တိုက်ခိုက်ပြီး ဤလှောင်အိမ်ကြီးမှ လွတ်မြောက်ရန်သာ ဖြစ်သည်။

"အန်ချန်... မင်းက ဆယ်ပါးထဲမှာ ဝါမရင့်သလို လက်အောက်ငယ်သားလည်း အနည်းဆုံးပဲ"

"မင်း ငါ့ကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးပြီး ငါ အပြင်းအထန် ဒဏ်ရာရနေတဲ့ အကြောင်းကို ဖုံးကွယ်ထားပေးမယ်ဆိုရင်... ငါ့ရဲ့ နတ်ဆိုးနှလုံးသား တစ်လုံးကို မင်းကို ပေးမယ်”

အန်ဖုန်း မီးတောက်များ၏ နာကျင်မှုကို အောင့်အည်းခံရင်း ဟိန်းဟောက်လိုက်သည်။ ကောင်းကင်နတ်ဆိုးကြီး တစ်ပါးတွင် နတ်ဆိုးနှလုံးသား တစ်လုံးထက်မက ရှိသည်။ ပိုမို သန်မာပြီး ရှေးကျလေလေ နတ်ဆိုးနှလုံးသား ပိုများလေလေ ဖြစ်သည်။ ပထမမြောက် ကောင်းကင်နတ်ဆိုးကြီးမှာ တစ်ကိုယ်လုံးတွင် နတ်ဆိုးနှလုံးသားများဖြင့် ပြည့်နှက်နေပြီး မသေနိုင်သလောက် ဖြစ်နေသည်ဟု ဆိုကြ၏။ ကောင်းကင်နတ်ဆိုးကြီး တစ်ပါး၏ နှလုံးသားမှာ မည်သည့်နတ်ဆိုးအတွက်မဆို အလွန်တရာ အရေးကြီးပြီး ရှားပါးသော ရတနာဖြစ်သည်။

အကယ်၍ နတ်ဆိုးတစ်ကောင်မှာ အလွန်အားနည်းနေပြီး ၎င်းနှလုံးသားကို သန့်စင်ရန် ကြိုးစားပါက ကိုယ်ခန္ဓာ ပေါက်ကွဲကာ သေဆုံးသွားပေလိမ့်မည်။ သို့သော် အန်ချန်မှာ ထိုသို့ မဟုတ်ပေ။ သူကိုယ်တိုင်လည်း ကောင်းကင်နတ်ဆိုးကြီး တစ်ပါးဖြစ်သဖြင့် ပေါက်ကွဲသေဆုံးမည်ကို စိုးရိမ်စရာ မလိုပေ။ သူသည် အန်ဖုန်း၏ စွမ်းအားများကို ဖြိုခွဲပြီး မိမိ၏ ကိုယ်ပိုင် နှလုံးသားအဖြစ် ပြောင်းလဲလိုက်ရုံသာ ဖြစ်သည်။ ထိုသို့ဖြင့် သူ၏ ခွန်အားမှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားပေလိမ့်မည်။ ဤသည်မှာ မည်သည့် ကောင်းကင်နတ်ဆိုးကြီးအတွက်မဆို ငြင်းပယ်ရန် ခက်ခဲသော ကမ်းလှမ်းမှု ဖြစ်၏။

အန်ချန် အံ့သြဟန်ဖြင့်

"ဒါပေါ့… အန်ဖုန်း... မင်း ငါ့ကို တစ်ခါက ကူညီခဲ့ဖူးတာပဲ… ငါ ပထမဆုံးရခဲ့တဲ့ ကောင်းကင်နတ်ဆိုး သွေးအဆီအနှစ်ဆိုတာလည်း မင်းကြောင့် ရခဲ့တာ"

"ငါ မင်းကို နတ်ဆိုးပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးမှာပေါ့… မင်း ဒဏ်ရာရတဲ့ သတင်းကိုလည်း ငါ ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး"

"ငါ့ကို တတိယမြောက် ကောင်းကင်နတ်ဆိုးကြီးလို ကောက်ကျစ်တဲ့ နတ်ဆိုးမျိုးလို့ ထင်နေတာလား"

အန်ဖုန်း အနည်းငယ် စိတ်သက်သာရာ ရသွား၏ သို့သော် စိတ်သက်သာရာ ရသွားသည့် ထိုခဏမှာပင် အန်ချန်တစ်ယောက် တစ္ဆေတစ်ကောင်အလား သူ၏ ဘေးသို့ ရောက်ရှိလာသည်။ နတ်ဆိုးစွမ်းအင်များမှာ ကြီးမားသော လက်သည်းအဖြစ် ပြောင်းလဲသွားပြီး အန်ဖုန်း၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်ကာ နတ်ဆိုးနှလုံးသား နှစ်လုံးကို နှိုက်ယူလိုက်တော့သည်။

"မင်းမှာ နှလုံးသား သုံးလုံး ရှိတာ ငါ သိတယ်… ခုနက မင်း အဲ့ဒီ ထူးဆန်းတဲ့ မီးကို ခုခံဖို့အတွက် တစ်လုံး သုံးလိုက်ပြီ”

“ကျန်တဲ့ ဒီနှစ်လုံးကိုတော့ ငါပဲ ယူလိုက်တော့မယ်"

"မင်း ပြောတာက တော်တော် ထူးဆန်းတာပဲ… မင်းကို သတ်လိုက်ရင် နှလုံးသား နှစ်လုံးလုံး ရမှာကို… ငါက ဘာဖြစ်လို့ မင်းကို ပြန်ပို့ပေးပြီး တစ်လုံးတည်း ယူရမှာလဲ"

အန်ချန်မှာ အံ့သြမှင်တက်နေသော အန်ဖုန်းကို တည်ငြိမ်စွာ ကြည့်၍ ပြုံးလိုက်သည်။

အန်ဖုန်း၏ ပုံရိပ်မှာ လျင်မြန်စွာ မှေးမှိန်သွားတော့သည်။ သူ ရှိသမျှ အင်အားကို သုံး၍

"မင်း... မင်း..."

အဆုံးတွင်မူ သူ စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပေ။ အန်ချန်မှာ သူ၏ ဦးခေါင်းကို အဝေးမှနေ၍ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

'ဝုန်း!'

နတ်ဆိုးစွမ်းအင်များ ပြိုကွဲသွားသည်။ အသားစများနှင့် သွေးများ နေရာအနှံ့ လွင့်စင်ကုန်၏။ ထည်ဝါလှသော ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး ကျဆုံးသွားလေပြီ။ အန်ဖုန်း သေဆုံးသွားသည့် ခဏမှာပင် သူ၏ လက်အောက်ခံ နတ်ဆိုးအားလုံးမှာ ကြီးမားသော ဝမ်းနည်းမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ပန်းတွေကို မြင်ရင်လည်း ငိုကြသည်။

သစ်ရွက်တွေကို မြင်ရင်လည်း ဝမ်းနည်းကြသည်။

သူတို့ ဘာကိုပဲ မြင်မြင် စိတ်မကောင်း ဖြစ်လာကြတော့သည်။

နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာမူ ဇဝေဇဝါ ဖြစ်နေကြ၏။ ဤနတ်ဆိုးတွေ ဘာတွေ ရူးနေကြတာလဲဟု သူတို့ နားမလည်ကြပေ။

သို့သော် နတ်ဆိုးများကို သတ်ဖြတ်ရန်တော့ မတားဆီးနိုင်ပေ။ ထွက်လည်းမပြေး၊ ပြန်လည်း မခုခံဘဲ ရပ်နေသော နတ်ဆိုးများမှာ လမ်းလျှောက်နေသည့် စစ်မှုထမ်း အမှတ်များသာ မဟုတ်ပါလား။

All Chapters