အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
Chapter 433: ဒီနေ့ကစပြီး ငါနဲ့ ရှန်မိုက အတူတူပဲ
ကျန်းလုံရှန်းသည် ကျန့်ပိုင်ရှန့်နှင့် အခြားသူများ၏ ဖေးမမှုဖြင့် မတည်မငြိမ် မတ်တပ်ရပ်လိုက်နိုင်ပြီ ဖြစ်သည်။ သွေးများစွာ ဆုံးရှုံးထားခဲ့ရသဖြင့် သူ၏ မျက်နှာမှာ အလွန်အမင်း ဖြူဖျော့နေသော်လည်း အချိန်အတန်ကြာ အနားယူလိုက်ရခြင်းနှင့် အဖိုးတန်ဆေးလုံးများ၏ အစွမ်းကြောင့် သိသိသာသာ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်၏။
သူသည် အဝေးမှ မြင်ကွင်းကို ကြည့်ရင်း ဝမ်းသာအားရဖြင့်
"အဲ့ဒီ နတ်ဆိုးတွေ အားလုံးက ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီးရဲ့ လက်အောက်ခံတွေပဲ… ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး သေသွားမှသာ သူတို့ ဒီလောက်အထိ ဝမ်းနည်းပူဆွေးနေကြမှာ"
သူ တိုးတိုးလေး ဆိုလိုက်သည်။
"အမိန့်ပေးလိုက်... အကုန်လုံး ပြန်လည်တိုက်စစ်ဆင်ကြ… တတ်နိုင်သမျှ များများသတ်ကြ”
သူ့ဘေးတွင် ရပ်နေသော ကျန့်ပိုင်ရှန့်မှာလည်း အလွန်ဝမ်းသာသွား၏။ သူ ချက်ချင်းပင် အသက်ကို ပြင်းပြင်းရှူကာ ရှိသမျှ အင်အားဖြင့် ဟိန်းဟောက် ကြွေးကြော်လိုက်လေသည်။
"ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး သေပြီဟေ့… အကုန်လုံး ပြန်လည်တိုက်စစ်ဆင်ကြ”
ထိုအသံမှာ မြို့ရိုးတစ်လျှောက် ပဲ့တင်ထပ်သွား၏။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အားလုံးမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။ ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီ။ ဤသည်မှာ မကြုံစဖူး ထူးခြားသော ဖြစ်ရပ်ပင် ဖြစ်၏။
ကောင်းကင်ဘုံ၏ အလိုတော်အရ မျိုးနွယ် (၃) ခု စုပေါင်းကာ နတ်ဆိုးများကို နှိမ်နင်းရန် ခံတပ်ကြီး ဆယ်ခု တည်ဆောက်ခဲ့သည့် အချိန်မှစ၍ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ကောင်းကင်နတ်ဆိုးကြီးတစ်ပါး ကျဆုံးခြင်း ဖြစ်သည်။ ထိုကောင်းကင်နတ်ဆိုးကြီးကို သူတို့၏ ရွှေ့ဝူခံတပ်က သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။
"သတ်ကြ”
"မင်းတို့အားလုံး သေပေတော့”
“နတ်ဆိုးတွေ တစ်ကောင်မှ မကျန်အောင် အကုန်မောင်းထုတ်ကြ”
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်နေကြ၏။ ဒဏ်ရာများ ဗရပွနှင့် ဖြစ်နေသော်လည်း ယခုအချိန်တွင်မူ သူတို့ အားဆေးတစ်မျိုး ထိုးထားသကဲ့သို့ ရှေ့သို့ အဟုန်ဖြင့် တိုးဝင်သွားကြသည်။ ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ဖုန်း၏ လက်အောက်ခံများမှာ ဖရိုဖရဲ ထွက်ပြေးနေကြရလေ၏။
အထူးသဖြင့် အန်ဖုန်း၏ တိုက်ရိုက်မျိုးဆက်များဖြစ်သော အန်ဖုန်းနှင့် နတ်ဆိုးမများ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် နတ်ဆိုးများမှာ ပို၍ ဆိုးရွားသည်။ သူတို့ကို "ကောင်းကင်နတ်ဆိုး သန္ဓေသား" များဟု ခေါ်ဆိုကြပြီး ၎င်းမှာ မကြီးထွားသေးသော ကောင်းကင်နတ်ဆိုးလောင်းလျာများဟု အဓိပ္ပာယ်ရသည်။ သူတို့၏ အဆင့်အတန်းမှာ ကောင်းကင်နတ်ဆိုးကြီး ဆယ်ပါးပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်ကာ "ကောင်းကင်နတ်ဆိုး မျိုးဆက်" များထက်ပင် မြင့်မားသည်။ ဤနတ်ဆိုးများအတွက် သူတို့၏ တိုက်ရိုက် စွမ်းအင်အရင်းအမြစ်မှာ အန်ဖုန်း ဖြစ်သည်။ အန်ဖုန်း သေဆုံးသွားသည်နှင့် သူတို့၏ ကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များမှာ ချက်ချင်းပင် အားနည်းသွားတော့သည်။ ထည်ဝါလှသော ကောင်းကင်နတ်ဆိုး သန္ဓေသားများသည် ယခုအခါ အစောင့်တပ်သားများ၏ လက်ထဲတွင် ဝက်များ၊ ခွေးများကဲ့သို့ အသတ်ခံနေကြရ၏။
"ဆုတ်ခွာဖို့ အချိန်တန်ပြီ”
"ကျန်းလုံရှန်းကို မသတ်နိုင်ခဲ့သလို ရွှေ့ဝူခံတပ်ကိုလည်း သွေးချောင်းစီးအောင် မလုပ်နိုင်ခဲ့ပေမဲ့ နတ်ဆိုးနှလုံးသား နှစ်လုံးနဲ့ အန်ဖုန်းရဲ့ လက်အောက်ခံ အများစုကိုတော့ ငါ ရလိုက်ပြီ"
"ဒါဟာ ငါ့အတွက်တော့ အရှုံးမဟုတ်ဘူး"
အန်ချန်သည် နတ်ဆိုးနှလုံးသား နှစ်လုံးကြောင့် ရရှိလာသော ဇိမ်ကို အချိန်ယူ မခံစားတော့ဘဲ နတ်ဆိုးအားလုံးကို ချက်ချင်း ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ ရှုံးနိမ့်မှုမှာ အတည်ဖြစ်သွားပြီ ဖြစ်၏။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ စိတ်ဓာတ်ကို ထိန်းသိမ်းပြီး အင်အား မပြုန်းတီးစေရန်သာ ဖြစ်သည်။ မကြာမီ ဆဋ္ဌမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ချန်၏ လက်အောက်ခံများနှင့် အခြားသော နတ်ဆိုးသခင်များ၏ တပ်ဖွဲ့များ စနစ်တကျ ပြန်လည် ဆုတ်ခွာသွားကြတော့သည်။
ရှန်မိုသည်လည်း နတ်ဆိုးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ကောင်းကင်ဖြို ဓားကြီးကို ကျောပိုးလျက် သွေးလှံကို ကိုင်၍ တိုက်ပွဲထဲသို့ ဝင်ရောက်ခဲ့သည်။ ကောင်းကင်နတ်ဆိုး သန္ဓေသား တစ်ကောင်ကို သတ်ခြင်းဖြင့် ရရှိသော စစ်မှုထမ်း အမှတ်မှာ အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးတစ်ကောင်ကို သတ်ခြင်းထက်ပင် ပိုများလေသည်။
ရေနစ်နေသော ခွေးကို ခဲနှင့်ပေါက်ရမည့် ဤသို့သော အခွင့်အရေးကောင်းကို သူ မည်သို့ လက်လွတ်ခံပါမည်နည်း။
သတ်ဖြတ်မှုမှာ နှစ်နာရီကြာအောင် ဆက်လက် ဖြစ်ပွားခဲ့သည်။
နေဝင်ချိန်အထိပင်။
နတ်ဆိုးပင်လယ်ကြီး၏ ရေခဲပြင်တစ်ခုလုံးမှာ နတ်ဆိုးသွေးများကြောင့် ခရမ်းပုပ်ရောင် သန်းနေတော့သည်။ နေရာအနှံ့တွင် နတ်ဆိုးများ၏ အသားစများနှင့် အလောင်းများ ပြန့်ကျဲနေလေ၏။ အကယ်၍ ဤအလောင်းများ စုပုံနေပါက "ယင်အလောင်းစုကျင့်စဉ်" ကို ကျင့်ကြံသော နတ်ဆိုးများက အစွမ်းထက်သော နတ်ဆိုးအလောင်းကောင်များအဖြစ် ပြောင်းလဲကာ ပြန်လည် အသုံးချနိုင်ပေသည်။ ခံတပ်ကို နောက်ထပ် အတိုက်မခံရစေရန် ဤအလောင်းများကို ရှင်းလင်းရမည် ဖြစ်၏။
အကောင်းဆုံး နည်းလမ်းမှာမူ မီးရှို့ဖျက်ဆီးပစ်ခြင်းပင်။ နတ်ဆိုးများ၏ ခန္ဓာကိုယ်မှာ သန်မာလှသဖြင့် သာမန်မီးဖြင့် မီးရှို့၍ မရနိုင်ပေ။ ထို့ကြောင့် အစောင့်တပ်သားများသည် အလောင်းအားလုံးကို စုဆောင်းကာ "နတ်ဆိုးမီးသင်္ဂြိုဟ်စက်" ထဲသို့ ပစ်ထည့်ရသည်။ ဤစက်ထဲတွင် အားမြှင့်အစီအရင်များစွာ ရေးထိုးထားပြီး သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို အစွမ်းထက်သော မီးလျှံများအဖြစ် ပြောင်းလဲပေးနိုင်သည်။ ၎င်းမှာ 'ထူးခြားသောမီးတောက်' များကို မမီသော်လည်း သူ့အောက်မှ အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိနိုင်သည်။ ဤနည်းလမ်းဖြင့်သာ နတ်ဆိုးအလောင်းများကို လုံးဝ ပြာဖြစ်အောင် ပြုလုပ်နိုင်မည်ဖြစ်ပြီး နတ်ဆိုးများ ပြန်လည် အသုံးမချနိုင်တော့ပေ။
ကြီးမားလှသော နတ်ဆိုးမီးသင်္ဂြိုဟ်စက်ထဲမှ မီးတောက်ကြီးများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်။ မည်းနက်သော မီးခိုးလုံးကြီးများမှာလည်း ကောင်းကင်ယံသို့ လွင့်တက်နေလေ၏။ အသက်ရှင်ကျန်ရစ်သော အစောင့်တပ်သားများသည် မြို့ရိုးပေါ်ရှိ သွေးစွန်းမှုများကို ဆေးကြောပြီး ကျဆုံးသွားသော ရဲဘော်များ၏ ရုပ်အလောင်းများကို စတင် သယ်ယူကြသည်။ အချို့မှာ ဝမ်းနည်းနေကြပြီး အချို့မှာမူ ပျော်ရွှင်နေကြသည်။
ကျန့်ပိုင်ရှန့်ကဲ့သို့သော သူများမှာမူ သိလိုစိတ်များဖြင့် ပြည့်နှက်နေ၏။ တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးပေးခဲ့သော ထိုမီးနဂါး လေသင်္ဘော ရှစ်စင်းမှာ မည်သည့်နေရာမှ ရောက်လာသနည်းဟု သူ အလွန် သိချင်နေမိသည်။ သူ ကျန်းလုံရှန်းကို မေးမြန်းကြည့်သော်လည်း ကျန်းလုံရှန်းကမူ ခပ်ပြုံးပြုံးဖြင့် တည့်တည့် မဖြေပေ။
ကျန်းလုံရှန်း ရယ်မောရင်း
"ဒါတွေက တခြားခံတပ်တွေဆီက ဈေးကြီးပေးပြီး ဝယ်ထားတာ မဟုတ်ဘူး… နောက်မှ မင်း သိလာလိမ့်မယ်"
မကြာမီ မီးနဂါး လေသင်္ဘော ရှစ်စင်းမှာ ပြန်လည် ပျံသန်းလာကြ၏။ ဝမ်ရှင်းအန်းသည် ရှန်မို၊ နင်ထျန်းရင်၊ ရှုံယွမ်ရှန်းနှင့် အခြားသူများကို ဦးဆောင်ကာ ကျန်းလုံရှန်းထံသို့ ရောက်လာခဲ့သည်။ ကျန်းလုံရှန်း၏ အကြည့်မှာ ရှန်မိုထံတွင်သာ မပြတ် စိုက်ကြည့်နေမိသည်။ ကျန့်ပိုင်ရှန့်သည်လည်း ရှန်မိုကို ကြည့်လိုက်ပြီး ဝမ်ရှင်းအန်း၊ နင်ထျန်းရင်တို့မှ ရှန်မိုအပေါ် ဆက်ဆံပုံကို မြင်သည့်အခါ တစ်စုံတစ်ခုကို ရိပ်မိသွားသည်။ သို့သော် သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော အတွေးမှာ အလွန်တရာ အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားနေရလေ၏။
"မဖြစ်နိုင်တာ... ဒီကောင်လေးနဲ့ ပတ်သက်နေတာများလား"
ကျန့်ပိုင်ရှန့် ရှန်မိုကို သံသယဖြင့် စိုက်ကြည့်နေမိသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ သူ၏ နောက်ကွယ်မှ တပ်ရင်းမှူး အများအပြားမှာလည်း အံ့သြခြင်း၊ သိချင်စိတ်ပြင်းပြခြင်းများဖြင့် ရှိနေကြသည်။ အသက်ငယ်လွန်းသော ဤအစောင့်တပ်သားလေးသည် ဤတိုက်ပွဲတွင် မည်သည့်နေရာမှ ပါဝင်ခဲ့သနည်းဟု သူတို့ အလွန် သိချင်နေကြ၏။
ဝမ်ရှင်းအန်းသည် လေးနက်စွာဖြင့် ဒူးတစ်ဖက်ထောက်ကာ
"ဗိုလ်ချုပ်ကြီးကျန်း... ကျွန်တော်တို့ တာဝန်ကို ကံကောင်းထောက်မစွာနဲ့ အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်"
သူ သတင်းပို့လိုက်သည်။
ကျန်းလုံရှန်းမှာ ဝမ်ရှင်းအန်းကို အမြန်ပင် ထူလိုက်ပြီး ကျယ်လောင်စွာ ရယ်မော၍
"တာဝန်ကျေရုံတင် မဟုတ်ဘူး… မင်းတို့ ရည်မှန်းချက်ကို အပြည့်အဝကို အောင်မြင်အောင် လုပ်နိုင်ခဲ့တာ”
သူ ရှန်မို၏အနားသို့ လာကာ ရှန်မို၏ ပုခုံးကို ပုတ်လျက် ကျန့်ပိုင်ရှန့်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။ "ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်… ဒါကတော့ အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ရှန်မိုပဲ… သူက လူသားစာရင်းမှာ အဆင့် (၂) ရခဲ့တဲ့သူပေါ့"
"ဒီ မီးနဂါး လေသင်္ဘော ရှစ်စင်းလုံးကို သူ တစ်ယောက်တည်းက သွန်းလုပ်ခဲ့တာ .. ဒီတိုက်ပွဲရဲ့ အောင်ပွဲအတွက် အဓိက သော့ချက်ကို ယူဆောင်လာပေးတဲ့သူပဲ”
ကျန်းလုံရှန်း၏ စကားအဆုံးတွင်မူ အခြေအနေကို ကြိုတင် သိထားသော ဝမ်ရှင်းအန်းတို့အဖွဲ့မှအပ တစ်နေရာလုံးမှာ တိတ်ဆိတ်သွားတော့သည်။ ကျန့်ပိုင်ရှန့်နှင့် အခြားသူများမှာ မျက်လုံးများ ပြူးသွားပြီး ရှန်မိုကို စိုက်ကြည့်နေကြသည်။ အထူးသဖြင့် ကျန့်ပိုင်ရှန့်မှာ ရှန်မိုကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ဖြစ်နေ၏။ ဤအသက်ငယ်လွန်းသော အစောင့်တပ်သားလေးမှာ နင်ထျန်းရင်၏ လက်အောက်တွင် ရှိခဲ့သည်ကို သူ မှတ်မိသည်။
နောက်ပိုင်းတွင် ဝမ်ရှင်းအန်းမှ လူလိုချင်သည်ဟု ဆိုသဖြင့် ကျန်းလုံရှန်းကိုယ်တိုင် အမိန့်တစ်ချက်ဖြင့် လက်နက်တိုက်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန် သာမန်ကိစ္စတစ်ခုသာ ဖြစ်၏။
ဝမ်ရှင်းအန်းသည် တပ်ရင်းမှူးအမျိုးမျိုးဆီမှ လူတောင်းနေကျ မဟုတ်ပါလား။
သို့သော် လက်နက်တိုက်ကဲ့သို့သော ခြောက်ကပ်ကပ် နေရာမျိုးသို့ မည်သူမျှ မသွားချင်ကြပေ။ ထို့ကြောင့် သူသည် ထိုလူငယ်လေးကို သတိမထားမိခဲ့ပေ။ 'လူသားစာရင်း အဆင့် (၂)' ဆိုသည့် အချက်မှာလည်း နာမည်တူသူများစွာ ရှိနိုင်သဖြင့် ဘယ်ရှန်မိုမှန်း သူ မသိခဲ့ပေ။ ထို့ကြောင့် ယခုအခါ သူ အလွန်အမင်း အံ့သြမှင်တက်နေခြင်း ဖြစ်၏။ ဤလူငယ်လေးမှ ထိုမီးနဂါး လေသင်္ဘော ရှစ်စင်းကို တကယ်ပဲ သွန်းလုပ်ခဲ့တာလား။
ဒါဟာ တကယ့်ကို အံ့သြစရာပဲ။
ရှန်မို အနည်းငယ် ပြုံးလိုက်သည်။ ယခုအခါ သူ၏ ခွန်အားမှာ အရှင်သခင်အဆင့် အထွတ်အထိပ် နတ်ဆိုးတစ်ကောင်ကို ကိုင်တွယ်ရန် လုံလောက်နေလေပြီ။ လောလောဆယ်တွင် ကိုးဘုံငရဲ ရေခဲမီးတောက်သည် နတ်ဆိုးနှလုံးသားကို သန့်စင်နေဆဲ ဖြစ်၏။ ၎င်းကို အပြည့်အဝ သန့်စင်ပြီးပါက သူ၏ သွေးစွမ်းအင် ကျင့်ကြံမှုမှာလည်း အဆင့်များစွာ တစ်ပြိုင်နက် မြင့်တက်လာပေလိမ့်မည်။ ထိုအချိန်တွင် သူ အထွတ်အထိပ် နတ်ဆိုးများကို ပိုမို ကိုင်တွယ်နိုင်ပြီး သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်စရာ မရှိတော့ကြောင်း အဓိပ္ပာယ်ရသည်။ ဤအခြေအနေတွင် သူ၏ လက်နက်သွန်းလုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသလိုက်လျှင်ပင် ပြဿနာ မရှိတော့ပေ။ အမှန်စင်စစ် ဤကိစ္စမှာ ကြာကြာ ဖုံးကွယ်ထား၍ ရမည့်အရာ မဟုတ်ဘဲ အနှေးနှင့်အမြန် ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ ယခုအချိန်မှာမူ အကောင်းဆုံးအချိန်ပင်။
မည်သည့် ခံတပ်ကမျှ ဤကဲ့သို့သော စစ်လက်နက်ကြီးများ၏ ဆွဲဆောင်မှုကို ငြင်းပယ်နိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ရွှေ့ဝူခံတပ်သို့ အော်ဒါများ တသီတတန်းကြီး ဝင်လာပေလိမ့်မည်။ သူကိုယ်တိုင်လည်း စစ်မှုထမ်း အမှတ် အမြောက်အမြားကို ရရှိနိုင်မည် ဖြစ်၏။
ဂုဏ်ထူးမှတ်များမှာ အရေးကြီးဆုံး မဟုတ်ပါလား။
ကျန်းလုံရှန်းသည် ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး ရှန်မို့ဘေးမှာ တပ်ရင်းမှူး တစ်ယောက်ကို အမြဲတမ်း ကိုယ်ရံတော်အဖြစ် ထားပေးရမယ်”
"ရှန်မိုဟာ ရှေ့တန်းစစ်မျက်နှာကို သွားစရာမလိုသလို ဘယ်အဆင့်က အစောင့်တပ်သား တာဝန်ကိုမှ ထမ်းဆောင်စရာ မလိုဘူး”
"ရှန်မို သွန်းလုပ်မယ့် လက်နက်တွေအတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို ရွှေ့ဝူခံတပ်က ကျခံရမယ်… ဆိုလိုတာက ငါ့ရဲ့ အိတ်ထဲကနေ စိုက်ထုတ်ပေးမယ်"
"ဘယ်သူမှ သူ့ရဲ့ လက်နက်သွန်းလုပ်မှုကို ဘယ်နည်းနဲ့မှ မနှောင့်ယှက်ရဘူး… ဖောက်ဖျက်တဲ့သူကို ခံတပ်ရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်မယ်… ဒီနေ့ကစပြီး ရှန်မိုကို မြင်တာဟာ ငါ့ကို မြင်တာနဲ့ အတူတူပဲ”
"နားလည်ပါပြီ”
အားလုံး၏ အမူအရာမှာ လေးနက်သွားပြီး ရိုသေသမှုဖြင့် ပြန်လည် ဖြေကြားလိုက်ကြတော့သည်။
Chapter 434: အခွင့်အရေးအသစ်
နောက်ထပ် နာရီအနည်းငယ် ကြာမြင့်ပြီးနောက်တွင် ရွှေ့ဝူခံတပ်၏ ဝဲဘက်နှင့် ယာဘက်ရှိ ခံတပ်များမှ စစ်ကူများ နောက်ကျကာ ရောက်ရှိလာကြသည်။ ရွှေ့ဝူခံတပ်၏ ဘယ်ဘက်တွင် သားရဲမျိုးနွယ်တို့၏ 'ကောင်းကင်မြစ်ခံတပ်' နှင့် နဂါးမျိုးနွယ်တို့၏ 'နဂါးရစ်ခံတပ်' တို့ ရှိကြသည်။ နဂါးမျိုးနွယ်တို့၏ ခံတပ်နှစ်ခုဖြစ်သော နဂါးရစ်ခံတပ်နှင့် 'နှင်းနဂါးခံတပ်' တို့မှာ ရပ်တည်ချက် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ကြ၏။ နဂါးရစ်ခံတပ်မှာ သားရဲမျိုးနွယ်ဘက်သို့ ပို၍ ယိမ်းယိုင်ပြီး နှင်းနဂါးခံတပ်မှာမူ လူသားမျိုးနွယ်ဘက်သို့ ပို၍ နီးစပ်သည်။
ထို့ကြောင့်ပင် ကောင်းကင်မြစ်ခံတပ်နှင့် နဂါးရစ်ခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ အလွန်နောက်ကျမှ ရောက်လာကြခြင်း ဖြစ်သည်။ ရွှေ့ဝူခံတပ်၏ အင်အားများ ဆုတ်ယုတ်သွားစေရန်နှင့် နောင်တစ်ချိန်တွင် အခွင့်ကောင်းယူကာ သိမ်းပိုက်နိုင်ရန် သူတို့ ရည်ရွယ်ထားသည်မှာ ထင်ရှားလှသည်။ အခြားအရာများကို မဆိုထားနှင့်။ ခံတပ်သခင်နေရာ လစ်လပ်နေခြင်း တစ်ခုတည်းမှာပင် လူအများ၏ လောဘကို နှိုးဆွရန် လုံလောက်နေပြီ ဖြစ်သည်။ ခံတပ်ဆယ်ခု၏ ခံတပ်သခင်နေရာမှာ ထူးခြားလှပြီး လစဉ်လတိုင်း ကောင်းကင်ဘုံတာအိုမှ ပေးအပ်သော စစ်မှုထမ်း ဂုဏ်ထူးမှတ် အမြောက်အမြားကို ခံစားခွင့်ရှိသည်။ အချို့သော ခံတပ်များတွင်လည်း အခြားသော နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီးတစ်ဦး ရှိနေတတ်ရာ ခံတပ်သခင် ဖြစ်မလာချင်ဘဲ နေပါမည်နည်း။
သို့သော် ကောင်းကင်မြစ်ခံတပ်နှင့် နဂါးရစ်ခံတပ်မှ စစ်ကူများ ရောက်ရှိလာသည့်အခါ တိုက်ပွဲမှာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူတို့ မှင်တက်သွားကြသည်။ ရေခဲပြင်ပေါ်ရှိ မီးသင်္ဂြိုဟ်စက်ကြီးမှ နဂါးမီးများ ပန်းထွက်ကာ မီးတောက်ကြီးများ တဟုန်းဟုန်း တောက်လောင်နေသည်။ လေထုထဲတွင် တိုက်ပွဲကြီးအပြီး အောင်ပွဲခံသည့် ပျော်ရွှင်မှုများ လွှမ်းမိုးနေလေ၏။ ရွှေ့ဝူခံတပ်၏ အစောင့်တပ်သားများ ပင်ပန်းနွမ်းနယ်နေကြသော်လည်း လူတိုင်း၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။ မနီးမဝေးတွင် ခမ်းနားသော အောင်ပွဲခံစားသောက်ပွဲကြီးကို ကျင်းပနေပြီး အစောင့်တပ်သား အများအပြားမှာ ခွက်ချင်းရိုက်၍ အားရပါးရ သောက်စားနေကြ၏။ ဤသည်မှာ သူတို့ မျှော်လင့်ထားသည့် မြင်ကွင်းနှင့် လုံးဝ ကွာခြားနေသည်။
"အို... စစ်ကူတွေ ရောက်လာပြီပဲ"
ကျန့်ပိုင်ရှန့်သည် ကောင်းကင်မြစ်ခံတပ်နှင့် နဂါးရစ်ခံတပ်မှ စစ်ကူများကို မြင်သည့်အခါ နှာခေါင်းရှုံ့ကာ လှောင်ပြုံးလိုက်သည်။
ကျန်းလုံရှန်းကလည်း ပြုံးလျက်
"သွားကြစို့… သူတို့ကို သွားနှုတ်ဆက်ရအောင်"
သူ၏ဘေးတွင် ထိုင်နေသော ရှန်မို၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ
"ရှန်မို... မင်းလည်း လိုက်ကြည့်သင့်တယ်… တခြားခံတပ်က အစောင့်တပ်သားတွေ ငါတို့ဆီကို လာတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ရှန်မို သူ၏ ဓားကို ချလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း အခြားခံတပ်များအကြောင်းကို အနည်းငယ် သိချင်စိတ် ရှိနေသည် မဟုတ်ပါလား။ မကြာမီ ထိုခံတပ်နှစ်ခုမှ အစောင့်တပ်သားများ အမြန် လျှောက်လာကြသည်။ နှစ်ဖက်စလုံး၏ ခေါင်းဆောင်များမှာ သန်မာလှသော မိကျောင်းနတ်ဆိုးတစ်ကောင်နှင့် အပြာရောင်နဂါးတစ်ကောင် ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များမှာ လှိုင်းထန်နေပြီး အင်အားမှာလည်း မနည်းလှပေ။
ရှန်မို သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ အဆင့်ကို ခန့်မှန်းနိုင်လိုက်သည်။ သူတို့သည် အထွတ်အထိပ် အရှင်သခင်အဆင့်များ ဖြစ်ကြပြီး မိမိတို့ခံတပ်တွင် တပ်မှူးအဆင့် တာဝန်ယူထားသူများ ဖြစ်ရမည်။ တပ်မှူးတစ်ယောက်မှ အစောင့်တပ်သား နှစ်ဆယ်၊ သုံးဆယ်ခန့်ကို ဦးဆောင်ကာ ကူညီရန် လာခြင်း ဖြစ်သည်။ ၎င်းပြင် နာရီပေါင်းများစွာ နောက်ကျအောင် တမင်လုပ်ပြီးမှ ရောက်လာခြင်း ဖြစ်၏။ ဤသည်မှာ ကူညီရန် ရည်ရွယ်ခြင်း မဟုတ်သည်မှာ ထင်ရှားသည်။ ထိုအစောင့်တပ်သား အရေအတွက်မှာလည်း အခြေအနေအရပ်ရပ်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိနိုင်ပေ။
ကောင်းကင်မြစ်ခံတပ်မှ မိကျောင်းနတ်ဆိုး တပ်မှူးမှ လေးနက်သော အသံဖြင့်
"ငါက ကောင်းကင်မြစ်ခံတပ်ရဲ့ တပ်မှူး အဲ့ယွီပင်းပဲ"
နဂါးရစ်ခံတပ်မှ နဂါးတပ်မှူးကလည်း ခေါင်းငြိမ့်လျက်
"ငါကတော့ နဂါးရစ်ခံတပ်ရဲ့ တပ်မှူး အောင်းဝူဖုန်"
သူလည်း မိတ်ဆက်သည်။
ထိုသားရဲနှင့် နဂါးတို့မှာ မောက်မာကြသော်လည်း ကျန်းလုံရှန်း၏ ရှေ့တွင်မူ ခေါင်းငုံ့အရိုအသေ ပေးကြရ၏။ သန်မာသူကို လေးစားခြင်းမှာ မပြောင်းလဲသော ဥပဒေသ မဟုတ်ပါလား။ ကျန်းလုံရှန်းကို အလေးပြုပြီးနောက် အောင်ဝူဖုန်းမှ
"ငါတို့က ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်အရ ကူညီဖို့ လာခဲ့တာပါ… ဒါပေမဲ့ တိုက်ပွဲက ပြီးသွားပြီ ထင်တယ်… ဘာတွေဖြစ်ခဲ့လဲဆိုတာ မေးလို့ရမလား"
အဲ့ယွီပင်းကလည်း
"ငါတို့ကို ပြောပြပေးနိုင်မလား" ဟု
သူ စိတ်ဝင်တစား ဝင်ပြော၏။
ကျန့်ပိုင်ရှန့် ကျန်းလုံရှန်းကို ကြည့်လိုက်ရာ သူ ပြုံး၍ ခေါင်းခါပြလိုက်သည်။ ထိုအခါမှ ကျန့်ပိုင်ရှန့် အေးစက်စွာဖြင့်
"ငါတို့ မပြောပြနိုင်ဘူး… မင်းတို့ ပြန်ကြပါတော့"
အောင်ဝူဖုန်း မျက်မှောင်ကြုတ်ကာ
"ငါတို့က မင်းတို့ကို ကယ်ဖို့ ဒီအထိ အချိန်တွေ အများကြီးပေးပြီး လာခဲ့တာကို… တစ်ခွန်းတောင် မပြောနိုင်ဘူးလား"
ကျန့်ပိုင်ရှန့် နှာခေါင်းရှုံ့လျက်
"ဒီအထိ လာတာလား… ကယ်ဖို့တဲ့လား… မင်းတို့ ရောက်လာတဲ့ အချိန်ဆိုရင် ငါတို့ ရွှေရင်အေးခံတပ် တစ်ခုလုံး ပြာဖြစ်သွားလောက်ပြီ… ပြန်ကြပါတော့... ငါတို့ ရွှေ့ဝူခံတပ်ရဲ့ လျှို့ဝှက်လက်နက်တွေကို ဘာလို့ သူစိမ်းတွေကို အလွယ်တကူ ပြရမှာလဲ"
အောင်းဝူဖုန်းနှင့် အဲ့ယွီပင်းတို့၏ မျက်နှာတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ သားရဲမျိုးနွယ်တို့မှာ မူလကပင် ဒေါသကြီးသူများ ဖြစ်ရာ အဲ့ယွီပင်းသည် သူ၏ သွေးစွမ်းအင်များကို မထိန်းနိုင်ဘဲ ထုတ်ဖော်လိုက်မိ၏။
ကျန်းလုံရှန်း သူ့ကို လှမ်းကြည့်လိုက်ရာ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရသေးသော်လည်း အဲ့ယွီပင်း၏ ဘေးပတ်လည်တွင် မီးလျှံများအလား တောက်လောင်နေသော သွေးစွမ်းအင်များ ချက်ချင်းပင် ငြိမ်းသတ်ခံလိုက်ရသည်။ ၎င်းမှာ သူ၏ ဦးခေါင်းမှ ခြေဖျားအထိ ရေခဲရေတစ်ပုံးနှင့် လောင်းချခံလိုက်ရသကဲ့သို့ပင်။ ဤသည်ကို မြင်သောအခါ အောင်ဝူဖုန်းသည်လည်း သူ၏ သွေးစွမ်းအင်များကို အမြန် ပြန်သိမ်းလိုက်ပြီး မဆင်မခြင် မလုပ်ရဲတော့ပေ။
နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်ဗိုလ်ချုပ်ကြီး၏ ဖိအားမှာ အောင်းဝူဖုန်းနှင့် အဲ့ယွီပင်းတို့၏ မောက်မာမှုများကို ထိန်းချုပ်လိုက်သည်။
ကျန်းလုံရှန်းမှာ ပုံမှန်အားဖြင့် ချဉ်းကပ်ရလွယ်ကူသော်လည်း လူမသတ်တတ်သူ မဟုတ်ပေ။ ထိုခဏ၌ သူတို့နှစ်ဦးလုံး ခံစားလိုက်ရသည်မှာ အကယ်၍ သူတို့ နောက်ထပ်တစ်လှမ်း တိုးမိပါက ကျန်းလုံရှန်း သူတို့၏ ခေါင်းကို ဖြတ်ပစ်ပေလိမ့်မည်။
အကြောင်းမှာ ကျန်းလုံရှန်းသည် ယခင်က ထိုသို့ လုပ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
ယခင်က 'သွေးနတ်ဘုရားခံတပ်' မှ ကျားနတ်ဆိုး တပ်မှူးတစ်ဦးသည် ကျန်းလုံရှန်းကို စော်ကားခဲ့ဖူးသည်။ ထိုအခါ ကျန်းလုံရှန်းတစ်ယောက် သွေးနတ်ဘုရားခံတပ်၏ ကောင်းကင်ဗိုလ်ချုပ်ကြီး ရှီခွမ်၏ ရှေ့မှာတင် ထိုတပ်မှူးကို သတ်ပစ်ခဲ့သည်။ ထိုစဉ်က ရှီခွမ်သည် ကျန်းလုံရှန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သော်လည်း ကျန်းလုံရှန်း၏ 'နဂါးဆင် နတ်ဘုရားပုံရိပ်' ကြောင့် နောက်သို့ ဆုတ်ခွါခဲ့ရဖူးလေ၏။
"ထွက်သွားကြ"
ကျန်းလုံရှန်း စကားတစ်ခွန်းသာ ပြောလိုက်သည်။ ထိုအခါ အောင်ဝူဖုန်းနှင့် အဲ့ယွီပင်းတို့မှာ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုနှင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ပေရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားတော့၏။ ထိုနဂါးနှင့် မိကျောင်းတို့မှာ ဒေါသထွက်သော်လည်း မဟရဲတော့ဘဲ အရှက်တကွဲဖြင့်သာ ထွက်ခွါသွားကြရလေသည်။
ကျန့်ပိုင်ရှန့် မအောင့်နိုင်ဘဲ
"ဗိုလ်ချုပ်ကြီးကျန်း... ဗိုလ်ချုပ်ကြီးက မီးနဂါး လေသင်္ဘောရဲ့ အားပျော့တဲ့ ပုံစံကို ရောင်းမယ်လို့ ပြောထားတယ် မဟုတ်လား… အခုလို လုပ်လိုက်တော့ ဘယ်လို ရောင်းမှာလဲ"
ကျန်းလုံရှန်း ခပ်ပြုံးပြုံးဖြင့်
"တခြားခံတပ်တွေက သူလျှိုတွေ ဒီမှာ မရှိဘူးလို့ မင်းထင်လို့လား… ဒါ့အပြင် သူတို့ကို အခုလို မောင်းထုတ်လိုက်မှ တိုက်ပွဲရဲ့ အခြေအနေကို ဘာက ပြောင်းလဲပစ်လိုက်တာလဲဆိုတာ သူတို့ ပိုသိချင်လာကြမှာ"
ကျန့်ပိုင်ရှန့်နှင့် အခြားတပ်မှူးများသည် သူ၏ စကားမှာ ယုတ္တိရှိကြောင်း ခံစားမိသဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေ၏။
ရှန်မိုကမူ စိတ်ထဲမှ ချီးကျူးနေမိသည်။ ဤသည်မှာ 'ငတ်မွတ်စေသော ဈေးကွက်ရှာဖွေရေး' မဟုတ်ပါလား။ ကျန်းလုံရှန်းမှာ ဤကိစ္စတွင် တကယ့် လူလည်ပင် ဖြစ်သည်။
အောင်ပွဲခံစားသောက်ပွဲ၏ ထောင့်တစ်နေရာတွင် - ကျိုးမင်ယီ၊ ရှီတန့်ယွဲ့၊ ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြားသူများသည် စားပွဲတစ်ခုတွင် စုဝေးနေကြပြီး ပါးစပ်များမှာလည်း ဆီများဖြင့် စိုရွှဲလျက် မျက်နှာများမှာ အရက်ကြောင့် နီမြန်းနေကြသည်။
"ဟားဟားဟား... မင်းတို့ မသိပါဘူး… ရှန်မိုက လက်နက်တိုက်ထဲမှာ တကယ့်ကို လန်းတာ… ဝှစ်ခနဲ ဝှစ်ခနဲ လုပ်လိုက်ရုံနဲ့ လျှပ်စစ်သိမ်းငှက် လေသင်္ဘောကို ပြင်လိုက်တာ… ငါ့မှာ ကြည့်ပြီး မှင်တက်သွားတာပဲ"
လီဟိုင်ထန်းမှ ရယ်မောရင်း ပြောပြနေသည်။
ဝူကျန့်ယွန်းကလည်း
"အဲ့ဒီတုန်းက ဟိုင်ထန်းနဲ့ ငါက ရှန်မိုရဲ့ လက်ထောက်တွေပေါ့… မီးနဂါး လေသင်္ဘောက သောင်းကျန်းတတ်တဲ့ ကောင်းကင်နတ်ဆိုးကြီးတစ်ပါးကို သတ်နိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး"
သူ အားတက်သရော ဆိုသည်။
ရှီတန့်ယွဲ့ အရက်တစ်ငုံ သောက်လိုက်ပြီး ထူးဆန်းသော အပြုံးဖြင့်
"ရှန်မိုကို ခံတပ်ကို ခေါ်လာတာ ငါပဲလေ… သူ ဒီလောက်အထိ လက်နက်ကြီးတွေ သွန်းလုပ်နိုင်တာ ငါ့ရဲ့ ဂုဏ်ကျေးဇူးလည်း ပါတာပေါ့”
ထိုစကားကြောင့် စွန်းခုံနှင့် ကျောက်ရှင်းတို့က ကျယ်လောင်စွာ ရယ်မောရင်း
"ဆရာ... ဆရာက တကယ့်ကို မျက်နှာပြောင်တာပဲ”
အားလုံး ပျော်ရွှင်စွာ စနောက်ကြလေသည်။
ကျိုးမင်ယိသည်လည်း သူတို့၏ ရယ်မောသံများကို နားထောင်ရင်း ပြုံးနေမိ၏။ သူ၏ ခံတပ်အတွင်း ဘဝမှာ ရှန်မိုကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း တည်ငြိမ်အေးချမ်းပြီး သာမန်အစောင့်တပ်သားများထက် များစွာ ပိုကောင်းသည်။ ရှန်မိုနှင့်အတူ ရွှေရင်အေးခံတပ်သို့ ရောက်လာခဲ့သော ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ ရှန်မိုအတွက် ပို၍ပင် ဂုဏ်ယူနေမိသည်။
စားသောက်ပွဲ၏ အခြားတစ်နေရာတွင် - လင်တုန်းထျန်းသည်လည်း အစောင့်တပ်သား အချို့၏ ဝိုင်းရံကာ အရက်တိုက်ခြင်း၊ စားသောက်ခြင်းများဖြင့် ပျော်ရွှင်နေဟန် ရှိ၏။
သို့သော်... သူသည် စားသောက်ပွဲ၏ အလယ်ဗဟိုဆီသို့ မကြည့်ဘဲ မနေနိုင်ပေ။ ကျန်းလုံရှန်းနှင့် အခြားတပ်မှူးများ ဝိုင်းရံထားခြင်း ခံနေရသော ရှန်မိုကို မြင်သည့်အခါ သူ၏ စိတ်ထဲတွင် မနာလိုစိတ်များဖြင့် ပြည့်နှက်သွား၏။
သူ့ကိုမူ အပြာရောင်အဆင့်နှင့် အဝါရောင်အဆင့် အစောင့်တပ်သား အနည်းငယ်ကသာ အရက်လှမ်းတိုက်နေကြသော်လည်း ရှန်မိုကိုမူ ကျန်းလုံရှန်းနှင့် တပ်မှူးကြီးများက ဝိုင်းရံထားကြခြင်း ဖြစ်သည်။
ဤသည်မှာ မည်သို့ တူနိုင်ပါမည်နည်း။
ဤတိုက်ပွဲကြီးအပြီးတွင် သူနှင့် ရှန်မို၏ ရွှေရင်အေးခံတပ်အတွင်း အဆင့်အတန်းမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
လင်တုန်းထျန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
'ငါ ငယ်ငယ်ကတည်းက အရာရာဟာ ချောမွေ့ခဲ့တာ… ငါဟာ အမြဲတမ်း ကောင်းကင်ဘုံရဲ့ ဂုဏ်ယူရတဲ့ သားတော်တစ်ယောက် ဖြစ်ခဲ့ပြီး ဘယ်ပြိုင်ဘက်ကိုမှ ထည့်စရာ မလိုခဲ့ဘူး… ဒါပေမဲ့ ရှန်မိုနဲ့ တွေ့ပြီးကတည်းက ငါဟာ သူ့ရဲ့ အရိပ်အောက်မှာပဲ နေနေရတယ်… ဘာလို့လဲ'
ဤသည်မှာ အလွန် ထူးဆန်းလှသည်။
"အခွင့်အရေး... ငါ အခွင့်အရေးတစ်ခု လိုတယ်"
လင်တုန်းထျန် စိတ်ဓာတ်ကျနေသဖြင့် အရက်အနည်းငယ် သောက်၊ အစားအနည်းငယ် စားပြီးနောက် စားသောက်ပွဲမှ ထွက်ခွာသွားတော့သည်။
ရှန်မိုသည် လင်တုန်းထျန်း ထွက်ခွာသွားသော ပုံရိပ်ကို လှမ်းမြင်လိုက်၏။ အစပိုင်းတွင် သူ သတိမထားမိသော်လည်း သူ၏ ကံကြမ္မာစနစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည့်အခါ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။
"နတ်ဆိုးချပ်ဝတ်တန်ဆာလား"
"နတ်ဆိုးချပ်ဝတ်တန်ဆာရဲ့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေက ဒီရွှေ့ဝူခံတပ်ထဲမှာ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မတွေးထားမိဘူး"
Chapter 435: စစ်ပွဲပြီးနောက် အမှတ်များ
အောင်ပွဲခံစားသောက်ပွဲကြီးမှာ သန်းခေါင်ယံအချိန်အထိ ကြာမြင့်ခဲ့သည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြားမှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်ရသဖြင့် အကုန်လုံး မူးရူးနေကြတော့၏။ သို့သော် ဤကဲ့သို့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားပြီးနောက်တွင် နတ်ဆိုးများ လောလောဆယ် ထပ်မံတိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။ ထို့ပြင် မြို့ရိုးပေါ်တွင်လည်း ကင်းစောင့်တပ်သားများ ရှိနေဆဲဖြစ်ရာ အချို့သူများ မူးနေကြသော်လည်း အမှန်တကယ်တွင်မူ အန္တရာယ် မရှိနိုင်ပေ။
အမှန်စင်စစ် တိုက်ပွဲအတွင်း၌ လူတိုင်း၏ ခန္ဓာကိုယ်နှင့် အာရုံကြောများ အလွန်အမင်း တောင့်တင်းခဲ့ရပြီး ယခုအခါ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ရာ အရသာရှိသော အရက်နှင့် အစားအစာများသည် စိတ်အပန်းဖြေရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။
ရှန်မိုသည် အခြားသူများကို နှုတ်ဆက်ကာ ဝမ်ရှင်းအန်းတို့နှင့်အတူ လက်နက်တိုက်သို့ ပြန်လာခဲ့၏။ လမ်းတွင် ရှန်မိုမှ
"တပ်မှူးဝမ်... ကျွန်တော် အခုဆိုရင် အဆင့်အေ ဂိုဒေါင်ထဲကို ဝင်ခွင့်ရပြီ မဟုတ်လား"
ဝမ်ရှင်းအန်း အားရပါးရ ရယ်မောလိုက်ပြီး
"ဝင်ရမှာပေါ့… အဆင့်အေ ဂိုဒေါင်တင် မကဘူး… မင်းသာ အမိန့်ပေးရင် ငါကိုယ်တိုင် မင်းရဲ့ လက်ထောက်တောင် လုပ်ပေးဦးမှာ”
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။ နတ်ဆိုးချပ်ဝတ်တန်ဆာ၏ ကျန်ရှိနေသော အစိတ်အပိုင်းများမှာ အဆင့်အေ ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်၏။ ဤသည်မှာ ယုတ္တိရှိပေသည်။ လက်နက်တိုက်၏ ဂိုဒေါင်လေးခုတွင် လက်နက်ပေါင်းစုံကို ပုံထားခြင်း ဖြစ်ရာ အချို့မှာ အကောင်းအတိုင်း ရှိနေသော်လည်း အချို့မှာမူ ပျက်စီးနေပြီး အချို့မှာ လုံးဝကို အစုတ်အပြတ်များ ဖြစ်နေသည်။ နတ်ဆိုးချပ်ဝတ်တန်ဆာသည်လည်း ထိုအထဲတွင် ပါဝင်နေမည်မှာ သဘာဝပင်။
လက်နက်တိုက်မှာ ပုံမှန်အားဖြင့် အလွန် ခြောက်ကပ်လှ၏။ အထူးသဖြင့် အဆင့်အေ ဂိုဒေါင်မှာမူ ဝမ်ရှင်းအန်းတစ်ဦးတည်းသာ ဝင်ခွင့်ရှိပြီး အခြားသူများ ဝင်ရောက်ခြင်းကို ခွင့်မပြုပေ။ ထို့ကြောင့်ပင် နတ်ဆိုးချပ်ဝတ်တန်ဆာကို မည်သူမျှ ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။
မူလကံကြမ္မာ လမ်းကြောင်းအတိုင်းဆိုလျှင် ဝမ်ရှင်းအန်းသည် နောက်ထပ် ဆယ်ရက်အကြာတွင် အဆင့်အေ ဂိုဒေါင်ကို ရှင်းလင်းရင်း ၎င်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိသွားမည် ဖြစ်သည်။ သို့သော် ထိုအချိန်ရောက်လျှင် ချပ်ဝတ်တန်ဆာ၏ အလင်းရောင်မှာ မှေးမှိန်နေပြီး ၎င်း၏ စွမ်းအားအများစု ဆုံးရှုံးသွားပေလိမ့်မည်။ ဝမ်ရှင်းအန်း ထိုအရာကို အသုံးမဝင်တော့သော စိတ်ဝိညာဉ်လက်နက် အစုတ်တစ်ခုအဖြစ် ထင်မှတ်ကာ လွှင့်ပစ်လိုက်လိမ့်မည်။ ထိုအခွင့်အရေးမှတစ်ဆင့် လင်တုန်းထျန်းသည် နတ်ဆိုးချပ်ဝတ်တန်ဆာကို နောက်ဆုံး၌ ရရှိသွားမည် ဖြစ်၏။
ယခုအခါ ဝမ်ရှင်းအန်း၏ သဘောတူညီချက်ကို ရရှိလိုက်သဖြင့် ရှန်မို ပြုံးလျက်
“ကောင်းပါပြီ"
မကြာမီ သူတို့ လက်နက်တိုက်သို့ ပြန်ရောက်လာကြသည်။ အခြားသူများမှာလည်း မိမိတို့၏ အခန်းများသို့ ပြန်သွားကြတော့၏။ အချို့မှာ စိတ်လှုပ်ရှားလွန်း၍ မအိပ်နိုင်ကြသလို၊ အချို့မှာမူ အလွန်အကျွံ မူးနေသဖြင့် ဟောက်သံကြီးများဖြင့် အိပ်ပျော်သွားကြသည်။
ရှန်မို သူ၏ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်နှာတွင် ပျော်ရွှင်မှုများ လွှမ်းမိုးနေသည်။ တိုက်ပွဲ၏ ရှုပ်ထွေးမှုများအတွင်း သူ၏ စစ်မှုထမ်း အမှတ် မှတ်တမ်းများကို ကြည့်ရန် အခွင့်အရေး မရခဲ့ပေ။ ၎င်းပြင် အဆက်မပြတ် တက်နေသော အသိပေးချက်များမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသဖြင့် သူ လုံးဝ ပိတ်ထားခဲ့သည်။ ယခုကဲ့သို့ ညဉ့်နက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော အချိန်သည် အမှတ် မည်မျှ ရရှိခဲ့သည်အား ကြည့်ရန် အကောင်းဆုံး အချိန်ပင်။
ရှန်မိုသည် သူ၏ စိတ်ဝိညာဉ်အသိကို နတ်ဆိုးနှိမ်နင်းရေး လက်ပတ်အတွင်းသို့ ပေးပို့လိုက်၏။ ဖုန်းထဲရှိ အက်ပ်များမှ အသိပေးချက်များ တက်လာသကဲ့သို့ပင် မှတ်တမ်းများစွာ ပေါ်ထွက်လာတော့သည်။
[သွေးစွမ်းအင် အမြောက်ဖြင့် နတ်ဆိုးစစ်သူကြီးငယ် (၆၀) ကို သတ်ဖြတ်နိုင်ခဲ့သည် - ဂုဏ်ထူးမှတ် အဆင့် ဒီ ၅ မှတ် ရရှိသည်။]
[ဝိညာဉ်စွမ်းအင် အမြောက်ဖြင့် နတ်ဆိုးဧကရာဇ် (၁၅) ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည် - အဆင့်ဒီ (၅) မှတ် ရရှိသည်။]
[ရွှေအဆင့် အရှင်သခင် နတ်ဆိုးတစ်ကောင်ကို တစ်ဦးတည်း သတ်ဖြတ်နိုင်ခဲ့သည် - အဆင့်စီ (၂၀) မှတ် ရရှိသည်။]
[စိတ်ဝိညာဉ်စွမ်းအင် အမြောက်ဖြင့် ကောင်းကင်နတ်ဆိုး မျိုးဆက်တစ်ကောင်ကို သတ်ဖြတ်ရာတွင် ကူညီပေးခဲ့သည် - အဆင့်ဘီ (၃) မှတ် ရရှိသည်။] ...
ရှန်မို အောက်သို့ ဆက်လက် ကြည့်လိုက်သည်။ အဆုံးတွင် သူ၏ အကြည့်မှာ မှတ်တမ်းတစ်ခုတွင် ရပ်တန့်သွားတော့၏။
[မီးနဂါးထိုးကွင်းဖြင့် ကောင်းကင်နတ်ဆိုးကြီးတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည် - အဆင့်အေ (၆၀) မှတ် ရရှိသည်။]
ရှန်မို စွံ့အသွား၏။
အဆင့်အေ (၆၀) တောင်လား။
သူ ထိုမှတ်တမ်းကို စိတ်ဝိညာဉ်အသိဖြင့် ချက်ချင်း အာရုံစိုက်လိုက်သည်။ အသေးစိတ် အချက်အလက်များမှာ ချက်ချင်း ပေါ်လာတော့သည်။
[ကောင်းကင်နတ်ဆိုးကြီး တစ်ပါးကို သတ်ဖြတ်ခြင်းအတွက် စုစုပေါင်း အဆင့်အေ (၁၀၀) ရရှိသည်။]
[ကျန်းလုံရှန်းသည် ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ဖုန်းကို မျှားခေါ်ရင်း ငါးစာအဖြစ် ဆောင်ရွက်ခဲ့သည် - အဆင့်အေ (၂၅) မှတ် ရရှိသည်။]
[ဝမ်ရှင်းအန်းနှင့် အခြားသူများ မီးနဂါးထိုးကွင်း ရှစ်ခုကို အသုံးပြုကာ အန်ဖုန်းကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည် - အဆင့်အေ (၁၅) မှတ် ရရှိသည်။]
[ရှန်မိုသည် မီးနဂါး လေသင်္ဘော ရှစ်စင်းလုံးကို သွန်းလုပ်ခဲ့ပြီး အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် - အဆင့်အေ (၆၀) မှတ် ရရှိသည်။]
တိုက်ပွဲတစ်ခုလုံးအပြီးတွင် ရှန်မို ရရှိသော စုစုပေါင်း ဂုဏ်ထူးမှတ်များမှာ - အဆင့်အေ (၆၀) မှတ်၊ အဆင့်ဘီ (၃၅) မှတ်၊ အဆင့်စီ (၁၂၉) မှတ်၊ အဆင့်ဒီ (၂၈၅၀) မှတ်။
သူ၏ မျက်နှာတွင် ရွှင်လန်းတက်ကြွသော အပြုံးတစ်ခု ပေါ်လာသည်။
ထင်ထားသည့်အတိုင်းပင်။
သူ စီစဉ်ထားခဲ့သည့်အတိုင်း စစ်လက်နက်များ သွန်းလုပ်ခြင်းသည် အမှတ်များ စုဆောင်းရန်အတွက် အမြန်ဆုံး နည်းလမ်းပင် ဖြစ်သည်။ သူ လုပ်ရမည်မှာ လက်နက်တိုက်တွင် လက်နက်များ သွန်းလုပ်နေရုံသာ ဖြစ်ပြီး ထိုလက်နက်များကို တိုက်ပွဲတွင် အသုံးပြုလိုက်သည်နှင့် အမှတ်များ အဆုံးမရှိ စီးဝင်လာပေလိမ့်မည်။
"အဓိကအချက်က အဲ့ဒီ မီးနဂါး လေသင်္ဘော ရှစ်စင်းပဲ… ဒါတွေမရှိရင် ကျန်းလုံရှန်းက ငါးစာအဖြစ် လုပ်နိုင်မှာ မဟုတ်သလို ဝမ်ရှင်းအန်းတို့လည်း တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး… ဒါကြောင့် အန်ဖုန်းကို သတ်ရာမှာ ငါ့ရဲ့ ပါဝင်မှုက အကြီးမားဆုံးပဲ”
ရှန်မို အခြေအနေကို ရှင်းလင်းစွာ နားလည်လိုက်သည်။
"ကောင်းကင်ဘုံ ဘဏ္ဍာတိုက်က ဆယ်ရက်မှာ တစ်ကြိမ် ပေါ်လာတတ်တာဆိုတော့ နောက်တစ်ကြိမ် ပေါ်လာဖို့ ငါးရက်ပဲ လိုတော့တယ်"
"နတ်ဆင်အင်အားဖြင့် ငရဲကိုနှိမ်နင်းခြင်းရဲ့ ပဉ္စမမြောက်အလွှာ... ရဖို့ လက်တစ်ကမ်းအလိုပဲ"
ရှန်မို၏ မျက်နှာတွင် မျှော်လင့်ချက်များဖြင့် လင်းထိန်နေတော့သည်။
နတ်ဆိုး ပင်လယ်၊ ဆဋ္ဌမမြောက်အလွှာ။
အန်ကျန့်ရှန်းသည် ဤနတ်ဆိုးနန်းတော်သို့ ထပ်မံ ရောက်ရှိလာပြန်သည်။ ယခင်က နန်းတော်၏ အဝင်ဝတွင် နတ်ဆိုးနဂါး နှစ်ကောင် စောင့်ကြပ်နေသော်လည်း ယခုအခါတွင်မူ ဤနတ်ဆိုးနန်းတော်၏ အပြင်ဘက်၌ နတ်ဆိုးစစ်တပ် အမြောက်အမြား ဝိုင်းရံထားကြသည်။ ၎င်းတို့အထဲတွင် အထွတ်အထိပ် အရှင်သခင်အဆင့် နတ်ဆိုးများပင် ပါဝင်သည်။ ထိုနတ်ဆိုးနဂါး နှစ်ကောင်မှာမူ ထောင့်တစ်နေရာတွင် ကုတ်ကပ်ကာ ကြောက်လန့်တုန်ရီနေသော မြွေများကဲ့သို့ ဖြစ်နေကြသည်။
အန်ကျန့်ရှန်း အကြောင်းရင်းကို သိရှိပါသည်။ အကြောင်းမှာ ဆဋ္ဌမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ချန်သည် ဤနတ်ဆိုးနန်းတော်တွင် ခေတ္တ နေထိုင်နေသောကြောင့်ပင်။ ဤနတ်ဆိုးများသည် အန်ချန်ကို စောင့်ကြပ်ရန် ချထားခြင်း ဖြစ်၏။ အန်ကျန့်ရှန်း ရိုသေသော အမူအရာဖြင့် အဝင်ဝသို့ ချဉ်းကပ်သွားသည်။ အထွတ်အထိပ် အရှင်သခင်အဆင့် နတ်ဆိုးတစ်ကောင်က ရှေ့သို့ တက်လာပြီး သူ့ကို တားလိုက်သည်။
"ဘာကိစ္စလဲ”
အန်ကျန့်ရှန်း ရိုသေစွာဖြင့်
"ကျွန်တော်မျိုး သခင်လေးအန်ဖန်ကို တွေ့ဖို့ လာတာပါ"
သူ ပြန်ဖြေလိုက်သည်။
"တိုကင် ပြပါ"
အန်ကျန့်ရှန်း သူ၏ တိုကင်ကို အမြန် ထုတ်ပြလိုက်သည်။ ထိုအခါမှသာ ထိုနတ်ဆိုးက ခေါင်းငြိမ့်ကာ ဖြတ်သွားခွင့် ပေးလိုက်တော့သည်။
အန်ကျန့်ရှန်းသည် နတ်ဆိုးနန်းတော်အတွင်းသို့ ဝင်လာပြီး ရှည်လျားသော စင်္ကြံလမ်းများနှင့် ဝန်းများစွာကို ဖြတ်သန်းသွားရ၏။ လေထုထဲတွင် မြူဆွယ်ဖြားယောင်းသော အသံများကို သူ ကြားနေရသည်။ လေထုတစ်ခုလုံးတွင် မျိုးပွားခြင်းနှင့် ကာမဂုဏ် အနံ့အသက်များ ထူထပ်နေသည်။ နတ်ဆိုးများမှာ သန်မာလေလေ၊ မိမိတို့၏ သွေးမျိုးဆက်ကို တိုးပွားစေရန်အတွက် မကြာခဏ မျိုးပွားကြလေလေ ဖြစ်သည်။ ဆဋ္ဌမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ချန်ကို ကြည့်လျှင် သားသမီး ပေါင်း တစ်သောင်းကျော်ကို မွေးဖွားခဲ့သူ ဖြစ်သည်။
၎င်းတို့အနက် ထက်ဝက်ကျော်မှာ ကောင်းကင်နတ်ဆိုး သွေးမျိုးဆက်များ ရှိကြ၏။ ကျန်သူများမှာ သာမန်နတ်ဆိုးများ ဖြစ်ကြသော်လည်း ရိုးရိုးနတ်ဆိုးများထက် များစွာ ပိုမို သန်မာကြသည်။ အန်ကျန့်ရှန်းမှာမူ နေရာအနှံ့ကို လှည့်မကြည့်ရဲသလို သေချာလည်း နားမထောင်ရဲပေ။ သူသည်လည်း လှပသော နတ်ဆိုးမလေးများကို လိုချင်တပ်မက်မိသော်လည်း သူ၏ အဆင့်အတန်းနှင့် ထိုသို့သော ဆန္ဒမျိုးမှာ မထိုက်တန်ကြောင်း သူ နားလည်ထားသည်။
အဆုံးတွင် သူ ဝေးလံသော ဝန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။
"သခင်လေးအန်ဖန်... ကျွန်တော်မျိုး အန်ကျန့်ရှန်း ရောက်ပါပြီ"
"ဝင်လာခဲ့"
အန်ကျန့်ရှန်းသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားပြီးနောက် နောက်ကွယ်မှ တံခါးကို ရိုသေစွာ ပြန်ပိတ်လိုက်သည်။ အန်ဖန်သည် ယခင်ကအတိုင်းပင် စာအုပ်တစ်အုပ်ကို တည်ငြိမ်စွာ ဖတ်နေသည်။
"တိုက်ပွဲ အခြေအနေက ဘယ်လိုလဲ… ဘာဖြစ်လို့ ငါ့အဖေရဲ့ စစ်တပ်က ရုတ်တရက် အင်အားကြီးလာတာလဲ"
အန်ဖန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
အန်ကျန့်ရှန်းသည် သူ စုဆောင်းထားသမျှ အချက်အလက်အားလုံးကို တစ်ခုမှ မကျန်အောင် သတင်းပို့လိုက်သည်။
အန်ဖန် မျက်လုံးများ ပြူးသွားတော့၏။
"ဘာ… ရွှေရင်အေးခံတပ်က ကြီးမားတဲ့ လေသင်္ဘော ရှစ်စင်းကို သုံးလိုက်တာလား… ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ဖုန်း တိုက်ပွဲမှာ ကျဆုံးသွားတယ် ဟုတ်လား”
အန်ကျန့်ရှန်း ရိုသေစွာ ခေါင်းငြိမ့်ပြသည်။
"ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး အသတ်ခံရပြီးနောက်မှာ သူ၏ လက်အောက်ခံ ထက်ဝက်ကျော်ဟာ သခင်ကြီးရဲ့ စစ်တပ်ထဲကို ပေါင်းစည်းသွားခဲ့ပါတယ်"
အန်ဖန် ထပ်မံ မေးမြန်းသည်။
"ပြီးတော့ ငါ မင်းကို စောင့်ကြည့်ခိုင်းထားတဲ့ ရှန်မိုဆိုတဲ့ တစ်ယောက်ကော… သူ သေပြီလား"
အန်ကျန့်ရှန်း ခေါင်းခါပြလိုက်သည်။
“သခင်လေးအန်ဖန်... တိုက်ပွဲ အစောပိုင်း ကာလတွေမှာ ကျွန်တော်မျိုး ရှန်မိုကို လုံးဝ မတွေ့ခဲ့ရပါဘူး… တိုက်ပွဲ အပြီးသတ်ခါနီး လေသင်္ဘောကြီး ရှစ်စင်း ပေါ်လာတဲ့ အချိန်ကျမှ သူက အဲ့ဒီ လေသင်္ဘောတစ်စင်းပေါ်မှာ ပါနေတာကို ကျွန်တော်မျိုး သတိထားမိခဲ့တာပါ"
"သခင်လေး... ကျွန်တော်မျိုး ခန့်မှန်းကြည့်ရသလောက်တော့ ရှန်မိုဟာ လက်နက်တိုက်မှာ အခြေစိုက်နေပုံ ရပါတယ်"
အန်ဖန် မျက်မှောင်ကြုတ်လိုက်သည်။ ရှန်မို ဘာလို့ မသေတာလဲဆိုတာ အံ့သြစရာ မရှိတော့ပေ။
သူ လက်နက်တိုက်ကို သွားခဲ့တာကိုး။
"ခံတပ်တိုင်းရဲ့ လက်နက်တိုက်ဆိုတာ ခြောက်ကပ်နေပြီး အသုံးမကျတဲ့ အစောင့်တပ်သားတွေ အချိန်ဖြုန်းတဲ့ နေရာလို့ ငါ ကြားဖူးတယ်”
“ရှန်မိုက အချိန်ဖြုန်းမယ့် လူစားမျိုး မဟုတ်ဘူး… သူ ဘာလို့ အဲ့ဒီကို သွားရတာလဲ"
အန်ဖန် မိမိဘာသာ ပြန်လည် မေးခွန်းထုတ်နေမိသည်။ သူ တိုးညင်းသော အသံဖြင့်
"ရှန်မိုကို ဆက်ပြီး စောင့်ကြည့်နေပါ… ပြီးတော့... အဲ့ဒီ လေသင်္ဘောကြီးတွေ ဘယ်ကနေ ရောက်လာတာလဲဆိုတာ စုံစမ်းပြီး သိတာနဲ့ ချက်ချင်း လာသတင်းပို့”
အန်ကျန့်ရှန်းက ဦးညွှတ်လျက်
"နားလည်ပါပြီ သခင်လေး”
ခဏမျှ စဉ်းစားပြီးနောက် သူ ထပ်လောင်း ပြောကြားသည်။
"နောက်ငါးရက်နေရင် ကောင်းကင်ဘုံ ရွှေစာရင်း ပေါ်လာတော့မှာပါ… အဲ့ဒီအချိန်ကျရင် ကျွန်တော်မျိုး နောက်ဆုံး အခြေအနေတွေကို လာပြီး သတင်းပို့ပါ့မယ်”
“ဒီတိုက်ပွဲမှာ ထူးထူးခြားခြား ပေါ်ထွက်လာတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား လူငယ်စွမ်းရည်ရှင်တွေရဲ့ စာရင်းကိုလည်း ကျွန်တော်မျိုး ပြုစုလာခဲ့ပါ့မယ်"
အန်ဖန် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ… မင်း တော်တော် လုပ်နိုင်တာပဲ"
"မင်းက အခုထိ ငွေအဆင့် အရှင်သခင် နတ်ဆိုးပဲ ရှိသေးတာ မဟုတ်လား… ဒါကို ယူသွားလိုက်... ရွှေအဆင့်ကို မြန်မြန် ရောက်အောင် ကြိုးစားစမ်း"
ပြောပြောဆိုဆိုဖြင့် သူ ခရမ်းရောင်ရင့်ရင့် ပုံဆောင်ခဲ တစ်ခုကို ပစ်ပေးလိုက်သည်။ ၎င်းအတွင်း၌ သွေးစက် သုံးစက်မှာ တဖျတ်ဖျတ် တောက်နေလေ၏။
အန်ကျန့်ရှန်း မှင်တက်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားတော့သည်။
"ကျွန်တော်မျိုးကို သွေးအဆီအနှစ် ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးအန်ဖန်”
အန်ဖန်သည် ဆဋ္ဌမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ချန်၏ သွေးကို ကိုယ်တိုင် လက်ခံရရှိထားသူ ဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ ကောင်းကင်နတ်ဆိုး မျိုးဆက်များထက် သာလွန်ပြီး ကောင်းကင်နတ်ဆိုး၏ ရင်သွေးများပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်သည်။ သူ၏ သွေးမှာ ကောင်းကင်နတ်ဆိုး သွေးများနှင့် လုံးဝ ပေါင်းစည်းနေပြီ ဖြစ်လေ၏။ အန်ကျန့်ရှန်းကဲ့သို့သော သာမန်နတ်ဆိုးတစ်ဦးအတွက် ဤသွေးမှာ အနှိုင်းမဲ့ ရတနာတစ်ခုပင်။ ထို့ကြောင့် သူသည် ကျေးဇူးတင်ခြင်း၊ သစ္စာစောင့်သိခြင်းများဖြင့် ပြည့်နှက်နေတော့သည်။
"သွားတော့... ငါ့ကို စိတ်မပျက်စေနဲ့"
အန်ဖန်မှ ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ!"