← Chapters

အခန်း (၅၂၁၆-၅၂၂၀)

Vol. 264 Ch. 5216-5220

အခန်း (၅၂၁၆-၅၂၂၀)

Vol. 264 Ch. 5216-5220

Chapter 5216

"ခေါင်းတလားကို မလိုက်ကြတော့... သူ့ကို အေးအေးချမ်းချမ်း အနားယူခိုင်းလိုက်တော့"

ကျယ်လောင်သော အော်သံနှင့်အတူ ရှားဟိုမိသားစုဝင်အမြောက်အများသည် ခေါင်းတလားကိုမရန် ရှေ့သို့ တိုးလာကြပြီး မြှုပ်နှံရန်အတွက် သယ်ဆောင်သွားရန် ဟန်ပြင်လိုက်ကြသည်။

ပတ်ဝန်းကျင်မှ ဝမ်းနည်းဖွယ်တေးဂီတသံသည် ဝမ်းနည်းမှုခံစားချက်ကို ပို၍ပေါ်လွင်စေသည်။

သို့ရာတွင် ထိုအချိန်မှာပင် သရော်တော်တော်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"မြို့စားကြီးချန်ထားခဲ့တဲ့ ပစ္စည်းတွေတောင် မခွဲဝေရသေးဘူး... ဘာလို့ သူ့ကို မြှုပ်ဖို့ ဒီလောက်ထိ အလျင်လိုနေတာလဲ"

လူများအားလုံး လှည့်ကြည့်လိုက်ကြရာ အစေခံ များ၏ကူညီထောက်ပံ့မှုဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော အဘိုးအိုတစ်ဦးကို မြင်တွေ့လိုက်ရသည်။

ဤအဘိုးအိုသည် ကိုယ်လုံးကိုယ်ပေါက် ကြီးမားတုတ်ခိုင်ပြီး သူ၏ခါးတွင် ခါးပတ်ထူထူ တစ်ချောင်းကို ပတ်ထားကာ ထိုအရာကို ကျောက်မျက်ရတနာအမြောက်အများဖြင့် တန်ဆာဆင်ထားသည်။ သူ၏နံဘေးပတ်လည်တွင် ကြွယ်ဝချမ်းသာမှု အငွေ့အသက်များ လွှမ်းခြုံနေသည်မှာ သိသာထင်ရှားလှ၏။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းတိတ်ဆိတ်သွားပြီး ရှားဟိုမိသားစုဝင်များသည်လည်း စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြသည်။

"မဟာအကြီးအကဲ.. ရှင်က ပစ္စည်းတွေကိုတောင်းဖို့ ဒီလောက်တောင် အလျင်လိုနေတာလား... ကျွန်မရဲ့ယောကျ်ားကို မြှုပ်နှံပြီးတဲ့အထိတောင် မစောင့်နိုင်ဘူးလား"

သခင်မကြီးရှားဟိုက အေးစက်တင်းမာစွာ ခွန်းတုံ့ပြန်လိုက်သည်။

"ဟား ဟား..."

အဘိုးအိုသည် သူ၏ပါးစပ်ကြီးကိုဖြဲ၍ ရယ်မောလိုက်ရာ သူ၏မျက်နှာတစ်ခုလုံး ချက်ချင်းရှုံမဲ့သွားပြီး အလွန်ကြည့်ရဆိုးသည်။

"မင်းက သူ့ကိုမြှုပ်နှံပြီးမှ ငြင်းဆန်ရင် ဘယ်လိုလုပ်မလဲ... မိသားစုစည်းမျဉ်းတွေအရ မြို့စားကြီးရဲ့အမွေအနှစ်တွေအားလုံးကို ခွဲဝေဖို့ မိသားစုအကြီးအကဲတွေဆီကို လွှဲပြောင်းပေးရမယ်... ဒါပေမဲ့ အခုအချိန်ထိ မင်းက အမွေအနှစ်တွေကို လွှဲမပေးသေးဘူး... ငါက တခြားမိသားစုဝင်တွေရဲ့ကိုယ်စား မေးနေတာ... အဲဒီ အမွေအနှစ်တွေက ဘယ်ကို ရောက်သွားတာလဲ"

အဘိုးအို၏မျက်နှာသည် ရက်စက်ကြမ်းတမ်းနေပြီး သူက သရော်တော်တော်လေသံဖြင့် မေးမြန်းသည်။

သူသည် ရှားဟိုမိသားစု၏ မဟာအကြီးအကဲရှားဟိုယန်ပင်။

ရှားဟိုမိသားစုတွင် မြို့စားကြီးရှားဟိုလီမှလွဲ၍ အမြင့်ဆုံးရာထူးကို ကိုင်ဆောင်ထားသည်မှာ ဤမဟာအကြီးအကဲပင်။

ရှားဟိုလီ အသက်ရှင်နေသေးသည့် အချိန်တွင် အရာအားလုံး အဆင်ပြေခဲ့သော်လည်း ယခုချိန်၌ သူ သေဆုံးသွားပြီ ဖြစ်သဖြင့် ဤလူများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြ၏။

"ဘာမိသားစု စည်းမျဉ်းတွေလဲ... ဘာလို့ ကျွန်မက မသိရတာလဲ... ကျွန်မရဲ့ယောကျ်ား အသက်ရှင်တုန်းက သူက မိသားစု တစ်ခုလုံးကို ထောက်ပံ့ကူညီခဲ့တဲ့သူပဲ... ကျွန်မရဲ့ယောကျ်ားသာ မရှိခဲ့ရင် ရှားဟိုမိသားစုက နေရာငယ်လေးတစ်ခုမှာနေရတဲ့ တတိယတန်းစား မိသားစုအဖြစ် ဆက်ရှိနေလိမ့်မယ်"

သခင်မကြီးရှားဟို၏မျက်ခုံးများ မြင့်တက်သွားပြီး သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူမသည် မူလက နူးညံ့သိမ်မွေ့သော ဇနီးသည်တစ်ဦး ဖြစ်သော်လည်း သူမဆွေမျိုးများ၏ ရန်လိုသောအပြုအမူကို ရင်ဆိုင်ရသည့် အချိန်တွင် သခင်မကြီးရှားဟိုကတော်သည်လည်း တဖြည်းဖြည်း ဒေါသ ထွက်လာသည်။

"အတင့်ရဲလှချည်လား"

ရှားဟိုယန်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ရှားဟိုမိသားစုရဲ့ လက်ရှိအဆင့်အတန်းက ငါတို့ ရှားဟိုမိသားစုဝင်တွေအားလုံး ပူးပေါင်း ကြိုးပမ်းထားတဲ့ ရလဒ်သက်သက်ပဲ... မြို့စားကြီးက ရာထူးမြင့်မားပြီးတော့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့ပေမယ့် ရှားဟိုမိသားစုရဲ့ အခုလက်ရှိအခြေအနေက မြို့စားကြီး တစ်ယောက်တည်းကြောင့်လို့ တရားသေသတ်မှတ်လို့ ရပါ့မလား... မင်းလို အပြင်ကနေ လက်ထပ်ဝင်လာတဲ့သူက ငါတို့ရှားဟိုမိသားစုရဲ့ မိသားစုစည်းမျဉ်းတွေကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ"

အကြီးအကဲတစ်ဦးသည်လည်း ရှေ့သို့တိုးလာပြီး အကြံပေးလိုက်သည်။

"အမှန်ပဲ... သခင်အကြီး... မင်းက မြို့စားကြီးရဲ့ အမွေအနှစ်တွေကို မြန်မြန်ထုတ်ပေးသင့်တယ်... ဒီပစ္စည်းတွေက ငါတို့ရဲ့လက်ထဲမှာ ရှိနေတာ အသင့်တော်ဆုံးပဲ... ငါတို့က ရှားဟို မိသားစုရဲ့ ဂုဏ်ကျက်သရေကို ထွန်းတောက်အောင် လုပ်ဖို့အတွက် ဒီအရင်းအမြစ်တွေက မရှိမဖြစ်လိုအပ်တယ်"

"ဟား ဟား ဟား... သခင်မကြီးရှားဟို... မင်းက မြို့စားကြီးရဲ့အမွေအနှစ်တွေကို မင်းအတွက် သိမ်းပိုက်ပြီးတော့ တိတ်တိတ်လေး ခိုးထုတ်သွားချင်နေတာများလား"

တစ်စုံတစ်ဦးက ခနဲ့တဲ့တဲ့ ပြောဆိုသည်။ ဤနေရာ၌ စကားပြောဆိုနေသူများသည် ရှားဟို မိသားစု၏ဝါရင့်အကြီးအကဲများသာ ဖြစ်ပေ၏။

အချိန်တခဏအတွင်းတွင် မည်သူမျှ သူတို့ကို ပြန်မပြောဝံ့ကြပေ။ ထိုအစား မရေမတွက်နိုင်သော လောဘတကြီးအကြည့်များသည် သခင်မကြီးရှားဟိုအပေါ်သို့ ကျရောက်လာသည်။

အေးစက်စက်လေသည် အရိုးထိအောင်စူးရှပြီး နှင်းများ ကျဆင်းနေကာ သခင်မကြီးရှားဟိုသည် ဒေါသကြောင့် တုန်ရီနေပေ၏။

သူမသည် သူမ၏ရှေ့မှ မိသားစုဝင်များကို ကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းဖွယ်အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွန်မယောကျ်ားရဲ့ ပစ္စည်းတွေက သူနဲ့အတူ လိုက်ပါသွားလိမ့်မယ်... ရှင်တို့ တစ်ယောက်မှ ရမှာ မဟုတ်ဘူး"

ဤစကားများကို ကြားချိန်၌ လူများအားလုံး ထိတ်လန့်သွားကြသည်။

ဤအချိန်တွင် သူတို့သည် ခေါင်းတလားကို တဖန်ပြန်ကြည့်လိုက်ရာ ထိုအရာသည် မာကျောသော ကြမ်းခင်းကျောက်ပြားများကိုပင် ကျွံ့ဝင်သွားစေသည်ကို ရုတ်တရက် နားလည်သဘောပေါက်လိုက်ကြသည်။ ဤခေါင်းတလားအတွင်း၌ တခြားအရာများ ရှိနေပေမည်။

"ကျွန်မရဲ့ယောကျ်ားက မြို့စားကြီးတစ်ယောက် ဖြစ်သလို နန်းတော်က ချီးမြှင့်တဲ့ 'သူရဲကောင်း အမတ်ကြီး' ဘွဲ့ကို ရရှိထားတဲ့ ဂုဏ်ထူးဆောင် အရာရှိ တစ်ယောက်လည်း ဟုတ်တယ်... သူ့ရဲ့ ခေါင်းတလားကို စော်ကားတဲ့ ဘယ်သူမဆို ပြည်နှင်ဒဏ် သတ်မှတ်နိုင်တဲ့ ပြစ်မှုကြီးကို ကျူးလွန်တာပဲ... ဘယ်သူက ရွှေ့ရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့"

သခင်မကြီးရှားဟိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အယုတ်တမာမ..."

"မြို့စားကြီးရဲ့အမွေအနှစ်တွေကို မင်းရဲ့ဆုံးဖြတ်ချက်နဲ့ ကိုင်တွယ်ရဲတဲ့ သတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"

အကြီးအကဲများသည် ဒေါသကြောင့် သူတို့၏ခြေထောက်များကို အကြိမ်ကြိမ် ဆောင့်လိုက်ကြပြီး သူတို့၏မျက်လုံးများသည် ခေါင်းတလားကိုကြည့်ရင်း နီမြန်းနေကြ၏။

ရုတ်တရက် မဟာအကြီးအကဲရှားဟိုယန်သည် ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး ခေါင်းတလားထံသို့ ပျံသန်းသွားသည်။

"အတင့်ရဲလှချည်လား..."

သခင်မကြီးရှားဟိုက သူ့ကိုတားဆီးရန် ရှေ့သို့ တိုးလိုက်သည်။ သို့ရာတွင် ရှားဟိုယန်၏ခွန်အားသည် သာလွန်ထူးကဲပေ၏။ သူက သခင်မကြီးရှားဟိုကို အတင်းအကြပ် တွန်းထုတ်လိုက်သည်။

သူသည် ကျားတစ်ကောင်အလား ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ငါတို့အားလုံးက မိသားစုတစ်ခုတည်းကပဲ... မြို့စားကြီးသာ အသက်ရှင်နေသေးရင် သူလည်း ငါတို့နဲ့အတူ ဝေမျှဖို့ ဆန္ဒရှိမှာပါ"

ရှားဟိုယန် ဦးဆောင်သွားသည်နှင့် တခြားလူများသည် မည်သို့ တည်ငြိမ်နေနိုင်တော့မည်နည်း။ မကြာမီမှာပင် ပင်မအိမ်တော်အကြီးအကဲများနှင့် မိသားစုခွဲများမှအကြီးအကဲများအားလုံးသည် လုယက်မှုတွင် ပါဝင်လာကြသည်။

Chapter 5217

သို့ရာတွင် ရုတ်တရက် ထူးခြားမှုတစ်ခု ထွက်ပေါ်လာပေ၏။

မမြင်နိုင်သော မှော်စွမ်းအားလှိုင်းလုံးကြီးတစ်ခုသည် လူအုပ်အကြားမှ ပွင့်အံ့ထွက်လာပြီး လေပြင်းမုန်တိုင်းတစ်ခုအလား ဖြတ်သန်းတိုက်ခတ်သွားသည်။

ခေါင်းတလား၏နံဘေးပတ်လည်တွင် မမြင်နိုင်သော လေနံရံကြီးတစ်ခု ထွက်ပေါ်လာပုံရပြီး ပေါက်ကွဲသံတစ်သံနှင့်အတူ ပြင်းထန်သော အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။

ရှားဟိုယန်သည် အဓိကထိခိုက်မှုကို ခံလိုက်ရပြီး ချက်ချင်းလွင့်ထွက်သွားသည်။

သူသာမက သူနှင့်အတူ ရှေ့သို့ပြေးဝင်လာသော အကြီးအကဲများနှင့် မိသားစုခွဲအကြီးအကဲများအားလုံး လဲကျသွားကြ၏။

ဤအားလှိုင်းသည် အလွန်ပြင်းထန်သဖြင့် လူအချို့၏ပါးစပ်များမှ သွေးများပင် အန်ထွက်လာပြီး ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

အမွေအနှစ်များကိုလုယူရန် ပြေးဝင်လိုသော တခြားမိသားစုဝင်များ၏မျက်နှာများ ဖြူဖျော့သွားကြပြီး သူတို့၏ခြေလှမ်းများကို နေရာမှာပင်ရပ်တန့်ကာ ကြက်သေသေသွားကြသည်။

"ကောင်းပြီလေ... မင်းတို့က ငါတို့ကို တိုက်ခိုက်ဖို့ နည်းလမ်းတွေတောင် ကြံစည်ရဲတယ်... မင်းတို့ ပုန်ကန်နေတာပဲ"

ရှားဟိုယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

လွင့်ထွက်သွားသော တခြားအကြီးအကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြပြီး သခင်မကြီးရှားဟိုကတော်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။

သူတို့၏အမြင်အရ ဤသည်မှာ သခင်မကြီးရှားဟို ကြိုတင်ပြင်ဆင်ထားသော နည်းလမ်းတစ်ခု ဖြစ်ပေမည်။

သူတို့ လုယက်ရန် ကြိုးစားသည်နှင့် တပြိုင်နက် တည်း ထိုတားမြစ်ချက်သည် ချက်ချင်း အသက်ဝင်လာပြီး သူတို့ကို လွင့်စင်သွားစေပေမည်။

သခင်မကြီးရှားဟို၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သူမသည် မည်သည့်နည်းလမ်းကိုမျှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိကြောင်း သူမ၏စိတ်နှလုံးသားထဲတွင် ကောင်းစွာသိရှိနေသည်။

သို့ရာတွင် အစောပိုင်းက ဝံပုလွေများနှင့်ကျားများကဲ့သို့ ပြေးဝင်လာသောလူများသည် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်၏ထိန်းချုပ်မှုကို ခံလိုက်ရပုံပင်။ သူတို့တစ်ဦးစီသည် ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းများစွာ ဆုတ်ခွာသွားပြီး အလွန်ဖရိုဖရဲဖြစ်သွားကြပေ၏။

"ဒါက ကောင်းကင်ဘုံမှာ ရှိတဲ့ ကျွန်မယောကျ်ားရဲ့ စိတ်ဝိညာဉ်က ရှင်တို့ကို အပြစ်ပေးတာပဲ"

လုယက်မှုတွင်ပါဝင်သော မိသားစုဝင်များ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်တွေ့ချိန်၌ သခင်မကြီးရှားဟို၏ စိတ်နှလုံးသားအတွင်းတွင် စိတ်ကျေနပ်မှုများဖြင့် ချက်ချင်းပြည့်နှက်သွားသည်။

"ရိုင်းစိုင်းလိုက်တာ... လက်ထပ်ပြီးဝင်လာတဲ့ နိမ့်ကျတဲ့ မိန်းမ... မင်းက ငါတို့ကို တိုက်ခိုက်ရဲတယ်... မင်းက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးကို ကျူးလွန်လိုက်တာပဲ"

ရှားဟိုယန်သည် သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး သူ အလွန်အမင်း ဒေါသထွက်နေသည်။

အကြီးအကဲတစ်ဦးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ဒီအဘိုးကြီးက ကျန်းရှီကို မိသားစုထဲကနေ နှင်ထုတ်ဖို့ အကြံပြုတယ်"

"ဒီအဘိုးကြီးလည်း ထောက်ခံတယ်"

"မိသားစုကို ငါတို့ ရှားဟိုမိသားစုစုဝင်တွေကပဲ စီမံခန့်ခွဲသင့်တယ်... မင်းက အပြင်လူ တစ်ယောက်သက်သက်ပဲ... မင်းက ငါတို့ကို ဝေဖန်စရာ မလိုဘူး"

မိသားစုခွဲမှ အကြီးအကဲတစ်ဦးသည်လည်း ရှေ့သို့တိုးလာပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

"မြို့စားကြီးသာ ရှိနေသေးရင်... ငါတို့က သူ့ကြောင့် မင်းကို သခင်မကြီးလို့ လေးလေးစားစား ခေါ်ကြမှာပါ... ဒါပေမဲ့ အခု မြို့စားကြီးက ထွက်ခွာသွားပြီ... သူ့ရဲ့ အမွေအနှစ်တွေကို ငါတို့ ရှားဟိုမိသားစု ဆက်ပြီးကြီးပွားချမ်းသာဖို့အတွက် ထုတ်ပေးသင့်တယ်"

သခင်မကြီးရှားဟိုက အေးစက်တင်းမာစွာ တုံ့ပြန်လိုက်သည်။

"ရှားဟိုယင်... ရှင့်ရဲ့မိသားစုခွဲက ရှင့်ရဲ့စီမံခန့်ခွဲမှုအောက်မှာ ဖရိုဖရဲဖြစ်နေတာ ကြာပြီ... လွန်ခဲ့တဲ့နှစ်တွေတုန်းက ရှင်ရဲ့မိသားစုခွဲကနေ ရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းတွေက အကြွေး ဘယ်လောက်တောင် စုပုံနေပြီလဲ... မြို့စားကြီးရဲ့စောင့်ရှောက်မှုသာ မရှိခဲ့ရင် ရှင်က အသတ်ခံရပြီးတော့ ရှင့်ရဲ့အလောင်းကို တောထဲမှာ ပစ်ထားခံရတာ ကြာနေလောက်ပြီ... ရှင်ကလည်း ကျွန်မကို ဆန့်ကျင်ချင်နေတာလား"

ရှားဟိုယင်သည် သူ၏ခေါင်းကို မော့လိုက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်သည်ဟု ယူဆသောလေသံဖြင့် ပြောဆိုသည်။

"ကျွန်တော်ကလည်း မိသားစုအတွက် လုပ်နေတာပါ... မိသားစုသာ ကြီးပွားတိုးတက်နိုင်မယ်ဆိုရင်... ကျွန်တော်က မြို့စားကြီးကို ပြစ်မှားမိတဲ့အပြစ်ကို ကျေကျေနပ်နပ် ခံယူပါ့မယ်"

ထို့နောက် ရှားဟိုယင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရှားဟိုမိသားစုဝင်တစ်စုသည် အပြင်ဘက်မှ ပြေးဝင်လာပြီး ရှားဟိုလီ၏ ခေါင်းတလားကို ဝန်းရံလိုက်ကြသည်။

ဈာပနပွဲတွင် လက်နက်များ ထုတ်နေကြလေပြီ။

မိုးကြိုးဝေလအမတ်ကြီး ရှားဟိုလီသည် သူ၏ တစ်သက်တာလုံး စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ပြီး ထင်ရှားသော စစ်ရေးစွမ်းဆောင်ရည်များ ရရှိခဲ့သည်။ သူ သေဆုံးပြီးနောက် မိသားစုအတွင်း၌ ဤကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်မှာ ဝမ်းနည်းဖွယ် ကောင်းပေ၏။ ဆွေမျိုးအချင်းချင်း တိုက်ခိုက်နေကြပြီး သူ၏ ခေါင်းတလားကိုပင် ချန်မထားကြချေ။

ကံအကြာင်းမလှစွာဖြင့် သခင်မကြီးရှားဟိုထံတွင် မျိုးဆက်ကြွင်းကျန်ခဲ့ခြင်း မရှိပေ။

လူအနည်းငယ်သည် သခင်မကြီးရှားဟို၏ နောက်တွင် မတ်တတ်ရပ်နေကြသော်လည်း သူတို့၏ကျင့်ကြံမှုဆင့်များသည် မမြင့်မားကြချေ။ ဝံပုလွေများ ကျားများကဲ့သို့ ရက်စက်ကြမ်းတမ်းသော မိသားစုဝင်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့၏အင်အားသည် အလွန်အားနည်းနေပုံရသည်။

"သခင်မကြီး... စိတ်ချပါ... သူတို့ မလေးမစား လုပ်ရဲမှာမဟုတ်ဘူး"

ယခင်က လုယွီကို ခေါ်ဆောင်လာခဲ့သော ရှားဟိုရှောင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် သူ၏ စကားများသည် ပတ်ဝန်းကျင်မှ ရယ်မောသံများကိုသာ ထွက်ပေါ်လာစေသည်။

"ရှောင်ကျိုး... ဒီနေရာမှာ မင်းဝင်ပြီး စကားပြောဖို့ အခွင့်အာဏာရှိလို့လား... နောက်ဆုတ်နေစမ်း"

"မိသားစုထဲက အကြီးအကဲတွေ စကားပြောနေတဲ့အချိန်တွင် ဘယ်သူက မင်းကို ကြားဖြတ်ပြောခွင့်ပြုလို့လဲ... မင်းက တကယ့်ကို ရိုင်းစိုင်းတာပဲ"

Chapter 5218

ပတ်ဝန်းကျင်မှ ရှားဟိုမိသားစုဝင်များသည် စကားပြောသူမှာ ရှားဟိုရှောင် ဖြစ်သည်ကို မြင်သည့်အချိန်၌ ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်ကြသည်။

ရှားဟိုရှောင်သည် ရှားဟိုလီ၏မျိုးရိုးမှ ဆင်းသက်လာသော မျိုးဆက်သစ်လူငယ်တစ်ဦးသာဖြစ်ပေ၏။

လဲ့ကျင်းမြို့စားကြီး ရှားဟိုလီ အသက်ရှင်နေသေးသည့်အချိန်တွင် သူ၏မျိုးရိုးမှ မိသားစုဝင်များ၏အဆင့်အတန်း အလွန်မြင့်မားခဲ့သည်။ သို့ရာတွင် ရှားဟိုလီ သေဆုံးသွားသည်နှင့် ဤ မြင့်မြတ်သော အဆင့်အတန်းသည်လည်း လေထုအတွင်းတွင် ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် သူတို့သည် လဲ့ကျင်းမြို့စားကြီး၏ တိုက်ရိုက်မိသားစုဝင်များကို ပစ်မှတ်ထားနေကြသည်။ ရှားဟိုရှောင်သည် ဤအချိန်တွင် စကားထွက်ပြောရဲသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံးသည် အော်ဟစ်၍ ဆူပူကြိမ်းမောင်းလိုက်ကြ၏။

ရှားဟိုရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မြို့စားကြီးမှာ မိတ်ဆွေဟောင်းတစ်ယောက် ရှိသေးတယ်...သူက ခင်ဗျားတို့ထဲက တစ်ယောက်မှ ပြစ်မှားလို့မရနိုင်တဲ့ လူတစ်ယောက်ပဲ... ခင်ဗျားတို့ ဒီနေ့ လုပ်ခဲ့သမျှ အရာအားလုံးအတွက် ခင်ဗျားတို့တွေ တန်ရာတန်ကြေးကို ပြန်ပေးဆပ်ရလိမ့်မယ်"

"မြို့စားကြီးမှာ ဘယ်မိတ်ဆွေဟောင်းက ရှိသေးလို့လဲ... အဲ့ဒီမိတ်ဆွေဟောင်းတွေက မြို့စားကြီး သေဆုံးတာကို ကြားပေမယ့် တစ်ယောက်မှ လာမကြည့်ကြဘူး... ဒါက လောကကြီးက ဘယ်လောက် အေးစက်ပြီး လျစ်လျှူရှုတတ်တယ်ဆိုတာကို ပြသနေတာပဲ... ငါတို့ရှားဟို မိသားစုက ငါတို့ရဲ့အင်အားကို မြန်မြန်မမြှင့်တင်ဘူးဆိုရင် ငါတို့ရဲ့အနာဂတ်ရလဒ်က တော်တော်လေးဆိုးရွားသွားမှာ သေချာတယ်"

ရှားဟိုယန်က တည်ကြည်လေးနက်စွာ ထုတ်ပြန်ကြေညာလိုက်သည်။

"ဒါကြောင့်... မြို့စားကြီးရဲ့အမွေအနှစ်တွေကို မြန်မြန် လွှဲပေးကြစမ်း... ငါတို့ရှားဟိုမိသားစုရဲ့ အင်အားကို မြှင့်တင်တာကမှ အရေးအကြီးဆုံး ကိစ္စပဲ"

ရှားဟိုယန်၏စကားများကို ကြားချိန်တွင် တခြားအကြီးအကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြ၏။

ဖုံးကွယ်မထားနိုင်သော လောဘအရိပ်အယောင်တစ်ရပ်က သူတို့၏မျက်လုံးများအတွင်းတွင် ဖြတ်ပြေးသွားသည်။

ဂုဏ်သရေရှိ မြို့စားကြီးတစ်ဦး ယခု သေဆုံးသွားချိန်၌ သူသည် မည်မျှထိများပြားသော အမွေအနှစ်တွေကို ချန်ထားခဲ့မည်နည်း...

"ရှောင်ကျိုး... နင် အရင် နောက်ဆုတ်လိုက်တော့"

သခင်မကြီးရှားဟိုက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

သူမသည်လည်း ဤအကြီးအကဲများ၏ ရိုင်းစိုင်းသော လုပ်ရပ်အပေါ် ဒေါသထွက်နေသော်လည်း သူမတို့၏ပင်မမျိုးရိုးသည် မိသားစုဝင်အရေအတွက် မများပြားသဖြင့် ရန်လိုနေသော မိသားစုခွဲများကို ခုခံနိုင်မည် မဟုတ်ပေ။

ရှားဟိုရှောင်က ပြောဆိုသည်။

"သခင်မကြီး အဆင်ပြေပါတယ်... မြို့စားကြီးရဲ့ အဲ့ဒီမိတ်ဆွေဟောင်းက အခု ဒီနေရာကို ရောက်နေပါပြီ"

မြို့စားကြီး၏မိတ်ဆွေဟောင်းဟု ဆိုသလော...

လူများအားလုံး နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

ရှားဟိုရှောင်က သရော်တော်တော် ပြုံးလိုက်သည်။

"ခင်ဗျားတို့ ခုဏက တွန်းထုတ်ခံလိုက်ရတာတောင် ခင်ဗျားတို့အတွက် ဘာကကောင်းတယ်ဆိုတာ မသိသေးဘူးလား... ခင်ဗျားတို့သာ ရှေ့ထပ်တိုးရဲရင် ခင်ဗျားတို့ရဲ့ အသက်ကိုတောင် ဆက်ထိန်းမထားနိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်"

လုယွီ၏နည်းလမ်းများကို တော်ဝင်မြို့တော် တစ်ခုလုံးရှိ လူများအားလုံး ရှင်းရှင်းလင်းလင်း သိထားကြသည်။

သူသည် ရက်စက်ပြီးပြတ်သားကာ ရန်ငြိုးကို ပြန်တုံ့ပြန်တတ်ပေ၏။

လုယွီ၏အမည်ကို ကြားရုံမျှဖြင့် လူအများသည်သူတို့၏စိတ်အတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မင်းက ငါ့ကို ရယ်အောင်လုပ်နေတာပဲ... ဟန်ဆောင်မနေနဲ့... သူ့ကို ထွက်လာခိုင်းလိုက်... ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့"

အကြီးအကဲတစ်ဦးက လှောင်ပြောင်လိုက်သည်။

ထိုအကြီးအကဲ၏လှောင်ပြောင်မှုကို ကြားချိန်၌ ရှားဟိုရှောင် ချက်ချင်းဒေါသထွက်သွားသည်။

သူသည် သူ၏နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ရုတ်တရက် နေရာမှာပင် ကြက်သေသေသွားသည်။

သူ၏နောက်တွင် မတ်တတ်ရပ်နေပြီး ဤ အကြီးအကဲများအားလုံးကို တွန်းထုတ်ရန် လှုပ်ရှားခဲ့သော လုယွီအား သူ မြင်တွေ့ခဲ့သည်။

သို့ရာတွင် ရှားဟိုရှောင် လှည့်ကြည့်လိုက်သည့် အချိန်တွင် လုယွီသည် အမှန်တကယ်ကို ပျောက်ကွယ်သွားခဲ့ပေ၏။

"သူ ဘယ်ရောက်သွားတာလဲ"

ရှားဟိုရှောင် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။

သူ ဤကဲ့သို့ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ခဲ့ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ လုယွီသည် သူ၏နောက်တွင် မတ်တတ်ရပ်နေသောကြောင့်ပင်။

သို့ရာတွင် ယခုချိန်၌ လုယွီ ရုတ်တရက် ပျောက်သွားသဖြင့် ရှားဟိုရှောင်သည် သူ၏ရှေ့မှ ဤ အကြီးအကဲများနှင့် မိသားစုခွဲအကြီးအကဲများကို ရင်ဆိုင်ရန် ယုံကြည်ချက်မရှိတော့ပေ။

"မေ့လိုက်တော့ ရှောင်ကျိုး... မင်းက ဒီလို အသေးအဖွဲနည်းလမ်းတွေနဲ့ ဒီမှာရှိနေတဲ့ ဝါရင့် ပုဂ္ဂိုလ်တွေကို လှည့်စားလို့ရမယ် ထင်နေတာလား"

"ဒီနေ့... ငါတို့အားလုံးက မိသားစုအတွက် စဉ်းစားနေကြတာ"

အကြီးအကဲအများစုသည် ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြင်းထန်စွာ အော်ငေါက်လိုက်ကြ၏။

ရုတ်တရက် အစေခံ တစ်ဦးသည် အပြင်ဘက်မှပြေးဝင်လာပြီး ရှားဟိုယန်၏နားအနီးသို့ကပ်ကာ တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်သည်။

ရှားဟိုယန်၏မျက်နှာပေါ်တွင် ဝမ်းမြောက်သွားသော အမူအယာတစ်ရပ် ချက်ချင်းထင်ဟပ်လာပြီး သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ကျန်းရှီ.. မင်းရဲ့ဆန့်ကျင်မှုက အခု အသုံးမဝင်တော့ဘူး... ငါက မိသားစုအတွက် ကျောထောက်နောက်ခံတစ်ယောက်ကို ရှာတွေ့ထားပြီးပြီ... သူ ရောက်လာပြီ"

ဘာ...

သခင်မကြီးရှားဟို၏စိတ်နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွားပြီး သူမက ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။

"ရှင်က အပြင်လူတွေနဲ့ တကယ်ကြီး ပူးပေါင်းခဲ့တာပဲ"

"အပြင်လူတွေနဲ့ ပူးပေါင်းတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ... ငါတို့ရှားဟို မိသားစုက တော်ဝင်မြို့တော်မှာ ခြေကုပ်ယူချင်ရင်... ငါတို့မှာ ခိုင်မာတဲ့ ကျောထောက်နောက်ခံ တစ်ယောက် ရှိရမယ်... ငါတို့က မိသားစုရဲ့နည်းဗျူဟာအတိုင်း လှုပ်ရှားနေတာပဲ"

"မင်းလို မိန်းမတစ်ယောက်က ဒီကိစ္စတွေကို နားမလည်တာ သဘာဝကျတယ်... ဒါက ငါတို့ရှားဟိုမိသားစု အနာဂတ်မှာ ကြီးပွားတိုးတက်လာနိုင်တာနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စပဲ... ဒီနေရာမှာ ဝင်မရှုပ်နဲ့"

အကြီးအကဲများသည် ချက်ချင်းဆိုသလိုပင် ပြန်လည်ချေပကာ ဆူပူကြိမ်းမောင်းလိုက်ကြသည်။

Chapter 5219

သခင်မကြီးရှားဟို၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသည်။

"အပြင်လူတွေရဲ့ အထောက်အပံ့ကို အားကိုးရတဲ့ အခြေအနေအထိ ကျဆင်းသွားတာက ရုပ်သေးဖြစ်တာနဲ့ ဘာကွာလဲ... ရှင်တို့က မိသားစုရဲ့ အကျိုးစီးပွားကို ရောင်းစားနေတာပဲ"

သခင်မကြီးရှားဟို၏ နောက်တွင်ရှိနေသည့်ပင်မမျိုးရိုးမှ မိသားစုဝင်တချို့သည်လည်း ထိုလူများကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

သူတို့၏အင်အားသည် အလွန်အားနည်းလွန်းသဖြင့် တခြားမိသားစုဝင်များ၏အာရုံစိုက်မှုကိုပင် မဆွဲဆောင်နိုင်ခဲ့ချေ။

ဤအကြီးအကဲများကို ကြည့်ရသည်မှာ သူတို့ သည် အပြင်လူများနှင့် ယခင်ကတည်းက ပူးပေါင်းကြံစည်ထားပြီး ရှားဟိုလီ၏အမွေအနှစ်များအတွက် ဤနေရာသို့ အထူးတလည် လာခဲ့ကြသည်မှာ သိသာထင်ရှားသည်။

"ရုပ်သေး... ဘယ်သူက မင်းတို့ကို ရုပ်သေး ဖြစ်စေချင်တယ်လို့ ပြောနေတာလဲ"

အလွန်သြဇာအာဏာကြီးမားသော အသံတစ်သံသည် လူတိုင်း၏နားများအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာသည်။

ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ လူများအားလုံး၏နားစည်များကို နာကျင်သွားစေသည်။

"သခင်ကြီး... ခင်ဗျား ရောက်လာပြီလား"

ရှားဟိုယန်သည် အကြီးအကဲတစ်စုကို ဦးဆောင်ကာ သူ့အားကြိုဆိုရန် လျင်မြန်စွာ ရှေ့သို့ပြေးထွက်လိုက်သည်။

မိသားစုခွဲများမှ အကြီးအကဲများသည် မျက်နှာချိုသွေးသော အပြုံးများဖြင့် ယခုရောက်ရှိလာသူကို ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။

ထိုနေရာတွင် ရှိနေသော မိသားစုဝင်အများစုသည် သူတို့အချင်းချင်း တီးတိုးပြောနေကြသော်လည်း မည်သူကမျှ ဤကိစ္စကို တားဆီးရန် မကြိုးစားကြချေ။

ဆုံးဖြတ်ချက်များအားလုံးကို မဟာအကြီးအကဲနှင့် မိသားစုခွဲများ၏အကြီးအကဲများမှ ပြုလုပ်ခဲ့ကြသည်။

သူတို့သည် မိသားစု၏ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူများပင်။ သာမန်မိသားစုဝင်များသည် မိသားစု၏အာဏာကို ကိုင်စွဲထားသူများ သဘောထားကွဲလွဲနေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရှုနေရုံမှတစ်ပါး မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်း မရှိကြပေ။

သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ဦးသည် လူအုပ်ကြီးအကြားမှ ထွက်လာပေ၏။

ထိုသံချပ်ကာကို မြင်တွေ့ပြီးနောက် လူအများ၏မျက်ခွံများ ပြင်းထန်စွာလှုပ်ခတ်သွားပြီး သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံသော အမူအယာများ ထင်ဟပ်လာသည်။

ဤသည်မှာ အနက်ရောင်သံမဏိသံချပ်ကာ အပြည့်အစုံ ဖြစ်ပြီး နှလုံးသားကာကွယ်ရေးမှန်ပေါ်တွင် ကျားများနှင့်ကျားသစ်များ၏ပုံစံကို ထွင်းထုထားသည်။ ထိုစစ်ဗိုလ်ချုပ်သည် စစ်ဖိနပ်ကို ဝတ်ဆင်ထားပြီး လူဝံတစ်ကောင်ကဲ့သို့ တုတ်ခိုင်သန်မာသော ကိုယ်လုံးကိုယ်ပေါက် ရှိပေ၏။ သူ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်ကို ပြင်းထန်စွာတုန်ခါစေသည်။

"ဒါက... တတိယအဆင့် တပ်မှူးတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ငါ မှတ်မိသလောက်... ငါတို့ မြို့စားကြီးကလည်း တတိယအဆင့်တပ်မှူးပဲ မဟုတ်လား"

ရှားဟိုအိမ်တော်မှ မိသားစုဝင်များသည် သူတို့ အချင်းချင်း တီးတိုးပြောဆိုလိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။

ဤအဆင့်ရှိ စစ်ဗိုလ်ချုပ်များသည် တော်ဝင်နန်းတော်နှင့်စစ်တပ်တွင် အတော်အသင့် အခွင့်အာဏာရှိသော အစွမ်းထက်တည်ရှိမှုကြီးများပင်။

ယခုချိန်၌ ဤကဲ့သို့ စစ်ဗိုလ်ချုပ်တစ်ဦးသည် ရှားဟိုအိမ်တော်သို့ အမှန်တကယ် ရောက်ရှိလာခဲ့ရာ ဤသည်မှာ ကောင်းချီးလော ကျိန်စာလောကို သူတို့ မသိကြချေ။

"ငါ မိတ်ဆက်ပေးပါရစေ... ဒါက ချန်းလင် မြို့စားကြီးပဲ... ဒီနေ့ကစပြီး ငါတို့ရှားဟိုမိသားစုက ချန်းလင်မြို့စားကြီးရဲ့ လက်အောက်ခံ ဖြစ်လာတော့မယ်... ဒီနည်းနဲ့ ငါတို့က တော်ဝင်မြို့တော်ရဲ့ ထိပ်သီးမိသားစုတွေနဲ့ အဆက်အသွယ် ထူထောင်နိုင်ပြီ"

ရှားဟိုယန်က ဂုဏ်ယူ ဝင့်ကြွားသော မျက်နှာဖြင့် မိတ်ဆက်ပေးလိုက်သည်။

ချန်းလင်မြို့စားကြီး...

ဤဘွဲ့နာမည်ကို ကြားချိန်၌ သခင်မကြီးရှားဟို၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။ ပတ်ဝန်းကျင်မှ အစေခံမလေးများ လျင်မြန်စွာ ရှေ့သို့တိုးလာပြီး သူမအား ထောက်ပံ့ပေးကြရာ သူမသည် အနည်းငယ်ပို၍ တည်ငြိမ်စွာ ရပ်တည်သွားနိုင်ခဲ့သည်။

လက်ရှိ ချန်းလင်မြို့စားကြီး၏အမည်မှာ ယန်ရှင်းပင်။

သူသည် တော်ဝင်မြို့တော်ရှိ ယန်မိသားစုဝင်တစ်ယောက် ဖြစ်ပေ၏။

တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုရှစ်စုတွင် အတည်ငြိမ်ဆုံးဖြစ်သော ယန်မိသားစုသည် လူအများ၏အမြင်အာရုံထဲတွင် များစွာထွက်ပေါ်လာလေ့ မရှိချေ။

သို့သော် ဤအချက်ကြောင့် သူတို့ကို လျှော့တွက်၍ မရချေ။ အမှန်အားဖြင့် ယန်မိသားစုသည် အတော်အသင့်များပြားသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီး ရေလမ်းကြောင်းနှင့်ဆေးဝါးများကဲ့သို့ လုပ်ငန်းများကို အဓိကထိန်းချုပ်ထားကာ တော်ဝင်မြို့တော်ဒေသတစ်ဝက်ကျော်၏ ဆေးဝါးအရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားနိုင်သလောက်နီးပါးပင်။

ထို့ပြင် ရေအရင်းအမြစ်လုပ်ငန်းများသည် ယန်မိသားစုအတွက် အရေးကြီးသော ဝင်ငွေ ရင်းမြစ်တစ်ခု ဖြစ်ပေ၏။

ကျင့်ကြံသူ ဖြစ်စေ သာမန်လူ ဖြစ်စေ မည်သူမျှ ရေမရှိဘဲ အသက်မရှင်နိုင်ကြချေ။

တော်ဝင်မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်စမ်းရေအိုင်များအားလုံးသည် ယန်မိသားစု၏ပိုင်ဆိုင်မှုပင်။

ရှားဟိုမိသားစုသည် နှစ်ပေါင်းများစွာကြာပြီးမှ ထူးချွန်သူအဖြစ် ရှားဟိုလီတစ်ဦးတည်းကိုသာ မွေးထုတ်နိုင်ခဲ့ပြီး သူတို့အား နေရာငယ်လေးတစ်ခုမှနေ၍ တော်ဝင်မြို့တော်မှ မိသားစုတစ်စု ဖြစ်လာစေခဲ့သည်။

သို့ရာတွင် ထိုသို့ဖြစ်သည့်တိုင် ရှားဟိုမိသားစုသည် ယန်မိသားစုကဲ့သို့ ဧရာမတည်ရှိမှုကြီးနှင့် လုံးလုံးလျားလျား နှိုင်းယှဉ်၍ မရသော မိသားစုငယ်လေးတစ်ခုသာ ဖြစ်သည်။

"ဘာတွေ ဖြစ်နေတာလဲ... ပစ္စည်းတွေ အဆင်သင့် ဖြစ်ပြီလား"

ယန်ရှင်းက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

ရှားဟိုယန်က လျင်မြန်စွာ တုံ့ပြန်လိုက်၏။

"မြို့စားကြီး... အစကတော့ ကျွန်တော်တို့က ပစ္စည်းတွေကို ခင်ဗျားအတွက် ထုတ်လာပေးရမှာပါ... ရှားဟိုလီရဲ့ဇနီးက ကျွန်တော်တို့ကို တားဆီးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ... သူက အမွေအနှစ်တွေအားလုံးကို ခေါင်းတလားထဲမှာ ပိတ်လှောင်ထားခဲ့တယ်... ကျွန်တော်တို့ ခုဏက ခေါင်းတလားနားကို ချဉ်းကပ်လိုက်တဲ့အချိန်မှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီးတော့ ဒဏ်ရာရခဲ့ကြတယ်"

တခြားအကြီးအကဲတစ်ဦးက ရှေ့သို့ တိုးလာသည်။

"မြို့စားကြီး... စိတ်ချပါ... ကျွန်တော်တို့က အခုချက်ချင်း ပစ္စည်းတွေကိုထုတ်ယူပြီး ခင်ဗျားကို ဆက်သပါ့မယ်"

Chapter 5220

"အသုံးမကျတဲ့ အမှိုက်တွေ"

ယန်ရှင်းက ဟိန်းဟောက်လိုက်ပြီး ခေါင်းတလားထံသို့ ခြေလှမ်း လှမ်းလိုက်သည်။

ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ပင်မရှားဟိုမိသားစုဝင်များအားလုံး၏ စိတ်နှလုံးသားများ လေးလံသွားသည်။

ရှားဟိုမိသားစု၏အကြီးအကဲများသည် အမှန်အားဖြင့် ဝါရင့်ကျင့်ကြံသူများသာ ဖြစ်ကြပြီး သူတို့ထံတွင် နက်နဲသိမ်မွေ့သောစွမ်းအား မရှိချေ။

သို့ရာတွင် သူတို့၏ရှေ့မှ ဤချန်းလင်မြို့စားကြီးသည်မူ ကွဲပြားခြားနားသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်အခွင့်အာဏာရှိသော မြို့စားကြီးတစ်ဦးပင်။

ပင်မရှားဟိုမိသားစုမှ မိသားစုဝင်အနည်းငယ်မျှဖြင့် သူ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

"မြို့စားကြီးယန်... ကျွန်မရဲ့ယောကျ်ားက ရှင်နဲ့အတူ နန်းတော်တစ်ခုတည်းမှာ အမှုထမ်းခဲ့တာပါ... အခု ကျွန်မတို့မိသားစုက ကံဆိုးမိုးမှောင်ကျပြီး အတွင်းရေးပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်... ဒါတောင် ရှင်ကလည်း ဝင်ပါအုံးမှာလား"

သခင်မကြီးရှားဟိုသည် သတ္တိမွေးပြီး ကျယ်လောင်သော အသံဖြင့် မေးမြန်းလိုက်သည်။

သူမ၏ကျင့်ကြံဆင့်သည် မြင့်မားခြင်းမရှိချေ။

ချန်းလင်မြို့စားကြီး၏ရှေ့တွင် သခင်မကြီးရှားဟိုကတော် အသက်ရှူရပ်တန့်လုမတတ် ခံစားချက်ကိုပင် ခံစားလိုက်ရသည်။

သို့ရာတွင် သူမယောကျ်ား၏ရုပ်အလောင်းအတွက် သခင်မကြီးရှားဟိုသည် ရှေ့သို့ထွက်လာခဲ့သည်။

"မင်းက ရှားဟိုလီကို ဆိုလိုတာလား"

ချန်းလင်မြို့စားကြီးသည် သူ၏ခေါင်းကို အနည်းငယ်မော့ပြီး သူ၏အနက်ရောင် သံခမောက်အောက်မှ အေးစက်စက်မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။

"သူ အခု သေသွားပြီဆိုတာကို ထားလိုက်အုံး... သူ အသက်ရှင်နေရင်တောင်... သူက ငါ့ကိုတွေ့ရင် ဦးညွှတ်အရိုအသေပြုရမှာပဲ... ငါက မျိုးရိုးစဉ်ဆက် မြင့်မြတ်တဲ့ မြို့စားကြီးတစ်ယောက်... ရှားဟိုလီနဲ့ မတူဘူး"

ချန်းလင်မြို့စားကြီး၏ အသံသည် အေးစက်ပြီး လူအများကို အရိုးထိအောင် ချမ်းစိမ့်ကာ ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထိုစကားကိုပြောပြီးနောက် ချန်းလင်မြို့စားကြီးက အေးစက်တင်းမာသောလေသံဖြင့် ဆက်လက်၍ ပြောဆိုသည်။

"ရှားဟိုလီရဲ့ ခန္ဓာကိုယ်ပေါ်မှာ... ရှေးဟောင်း မိုးကြိုးဝေလ အစစ်အမှန်သွေးစက်တချို့ ရှိနေသေးတယ်... အဲ့ဒါက မင်းတို့ရဲ့လက်ထဲမှာ မရှိသင့်တဲ့အရာပဲ... ငါက ကျိုးကြောင်းမဆင်ခြင်တတ်တဲ့လူ မဟုတ်ဘူး... ငါ့ကို အစစ်အမှန်သွေးစက်တွေပေးရင် ငါက မင်းတို့မိသားစုကို ကာကွယ်ပေးမယ်"

ဤစကားကိုကြားချိန်တွင် သခင်မကြီးရှားဟို၏ မျက်နှာ ချက်ချင်းဖြူဖျော့သွားသည်။

ရှားဟိုလီ နာမည်ကျော်ကြားလာနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ရှေးဟောင်းမိုးကြိုးဝေလငါး၏ အစစ်အမှန်သွေးကို အားကိုးခဲ့ခြင်းကြောင့်ပင်။

ဤသည်မှာ ရှားဟိုအိမ်တော် တစ်ခုလုံးတွင် အတန်ဖိုးအရှိဆုံးအရာ ဖြစ်ပေ၏။

သခင်မကြီးရှားဟိုသည် မိသားစုဝင်များအပြင် အပြင်လူများကလည်း ဤအစစ်အမှန်သွေးစက်ကို တပ်မက်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"ကျန်းရှီ... အချိန်ဆွဲမနေနဲ့တော့... အစစ်အမှန်သွေးစက်ကို မြန်မြန်ပေးလိုက်တော့"

"အမှန်ပဲ... မြို့စားကြီးပြောတာ မကြားဘူးလား... ဒါက ငါတို့ မိသားစု တော်ဝင်မြို့တော်မှာ ခြေကုပ်ယူနိုင်ဖို့ သော့ချက်ပဲ... ငါတို့ ပြောနေတာကို မင်း မကြားဘူးလား"

အကြီးအကဲများသည် စိုးရိမ်စိတ်ဖြင့် ခြေများကိုဆောင့်ကြပြီး သခင်မကြီးရှားဟိုကို မရပ်မနား အော်ငေါက်နေကြသည်။

သခင်မကြီးရှားဟို၏ မျက်နှာအမူအယာသည် တဖြည်းဖြည်း အေးစက်တင်းမာလာပေ၏။

သူမသည် ဤအကြီးအကဲများ၏ စိတ်နှလုံးသားထဲမှ အတွေးများကို အလွန်ရှင်းလင်းစွာ သိမြင်နေသည်။

သူတို့သည် ယန်မိသားစု၏အကိုင်းအခက် ပေါ်သို့ တက်နိုင်သရွေ့ အမှန်တကယ်ကို အောင်မြင်မှုများဆီသို့ တဟုန်ထိုး တက်လှမ်းနိုင်ကြပေမည်။

ရတနာကို လွှဲပြောင်းပေးလိုက်ရသော ပင်မမျိုးရိုးနှင့်ပတ်သက်၍မူ ထိုအရာသည် သူတို့နှင့် မည်သို့ သက်ဆိုင်နိုင်မည်နည်း။

သခင်မကြီးရှားဟိုက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက ကျွန်မရဲ့ယောကျ်ား ပိုင်ဆိုင်တဲ့ အရာပဲ... ဒါကြောင့် ဒါက သူနဲ့အတူ ပါသွားသင့်တယ်... ကျွန်မ မယူဘူး... ရှင်တို့ထဲကတစ်ယောက်မှလည်း မယူရဘူး"

"အဓိပ္ပါယ်မဲ့လိုက်တာ...."

ရှားဟိုယန်သည် ရုတ်တရက် သူ၏ ပေါင်ကို ရိုက်ပုတ်လိုက်ပြီး သူ အလွန်ဒေါသထွက်သွားသည်။

တခြားမိသားစုခွဲများ၏ မိသားစုအကြီးအကဲများသည်လည်း ဤအချိန်တွင် သူတို့၏တည်ငြိမ်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားကြပြီး မနှစ်မြို့ဖွယ်အရာအားလုံးကို ထုတ်ဖော်ပြောဆိုကာ သခင်မကြီးရှားဟိုအား ပုတ်ခတ်ဆဲဆိုကြတော့သည်။

ယန်မိသားစုနှင့် အဆက်အသွယ် ထူထောင်နိုင်ခြင်းသည် မိသားစုအမြောက်အများ အိပ်မက်ပင် မမက်ဝံ့သော ကောင်းမွန်သည့် အရာတစ်ခုပင်။

သို့ရာတွင် ယခုချိန်၌မူ ဤသည်မှာ သခင်မကြီးရှားဟို၏တားဆီးခြင်းကို အမှန်တကယ် ခံနေရလေရာ သူတို့ကို လုံးလုံးလျားလျား လက်မခံနိုင် ဖြစ်စေသည်။

"တော်သင့်ပြီ... ငါက မင်းတို့နဲ့ ဒီနေရာမှာ အချိန်ဖြုန်းဖို့ အချိန်တွေ အများကြီး ရှိတယ် ထင်နေလား... လမ်းဖယ်ကြစမ်း"

ချန်းလင်မြို့စားကြီးသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။

"သခင်မကြီး... သတိထား"

ဤသည်ကိုမြင်တွေ့ချိန်၌ ရှားဟိုရှောင်သည် သခင်မကြီးရှားဟို၏ရှေ့တွင် လျင်မြန်စွာကာကွယ်လိုက်သည်။ သို့ရာတွင် မမျှော်လင့်ဘဲ ဤစွမ်းအားသည် အလွန်ပြင်းထန်သဖြင့် သူ့ကို တိုက်ရိုက်လွင့်ထွက်သွားစေသည်။ တစ်ချိန်တည်းမှာပင် သခင်မကြီးရှားဟိုသည်လည်း ထိခိုက်သွားပြီး ခြေလှမ်းများစွာဆုတ်ခွာလိုက်ရကာ လဲကျလုနီးပါး ဖြစ်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် ချန်းလင်မြို့စားကြီးသည် သူ၏လက်ဝါးဖြင့် ပြင်းထန်စွာရိုက်ခတ်လိုက်ရာ စွမ်းအားလှိုင်းတစ်ရပ်သည် ခေါင်းတလားကို တိုက်ရိုက်ထိမှန်သွားတော့သည်။

ဘုန်း...

ထိုလက်ဝါးရိုက်ချက်သည် ပြင်းထန်သောအားလှိုင်းကို သယ်ဆောင်လာပြီး ကျယ်လောင်သောအသံကြီး မြည်ဟီးလာကာ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

All Chapters