အခန်း (၅၂၂၆-၅၂၃၀)
Vol. 265 Ch. 5226-5230
Chapter 5226
ဤကိစ္စများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ဖြစ်ပျက်ခဲ့သဖြင့် လူအနည်းစုကသာ ထိုအကြောင်းကို သိရှိကြတော့သည်။
တစ်စုံတစ်ယောက်သည် ထိုကိစ္စများကို ပြန်သတိရလျှင်ပင် သူတို့သည် များသောအားဖြင့် လျစ်လျူရှုလိုက်ပြီး အာရုံမစိုက်ကြတော့ချေ။
သို့ရာတွင် ယခုချိန်၌ လုယွီသည် ဤကိစ္စကို ရုတ်တရက် ထုတ်ဖော်ပြောဆိုခဲ့သဖြင့် သူ ပြင်ဆင်လာခဲ့သည်မှာ သိသာထင်ရှားလှ၏။
"စစ်ရေးအကြံပေး ဆယ့်ရှစ်ယောက်... ဒါက အရမ်းကြာသွားပြီ... ဒီဘုရင် မေ့သွားတာတောင် ကြာလှပြီ"
ကျန်းကျွင်းဘုရင်ထံမှ အားနည်းသော ဖျော့တော့တော့အသံ ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများဖြင့် လုယွီကို ကြည့်လိုက်စဥ်တွင် သတ်ဖြတ်လိုခြင်းအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"မေ့သွားပြီလား..."
လုယွီက ခေါင်းမော့လိုက်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"အဲ့ဒီ စစ်ရေးအကြံပေး ဆယ့်ရှစ်ယောက်လုံးက နတ်ဆိုးဧကရာဇ်တွေရဲ့ စွမ်းအားအဆင့်မှာ ရှိခဲ့ကြတယ်....သူတို့ရဲ့ ကျင့်ကြံမှုက နားလည်ရ ခက်ခဲရုံတင် မကဘူး... သူတို့က လောကနှစ်ခုတောင်တန်းရဲ့အပြင်ဘက်က ထင်ရှားတဲ့ နောက်ခံတွေကနေ လာခဲ့ကြတာပဲ"
"အဲ့ဒီထက် ပိုဆိုးတာက မင်းရဲ့ဘေးမှာ မဟာစစ်ရေးအကြံပေးတစ်ယောက် ရှိနေပြီးတော့ သူက နတ်ဆိုးဘိုးဘေးတစ်ပါးက အသွင်ပြောင်းထားတာပဲဖြစ်မယ်... ဟုတ်တယ်မလား..ဒီအရာတွေကို ခြေရာလက်ရာမကျန်ဘဲနဲ့ တကယ်ကြီး လုပ်ဆောင်နိုင်မယ်လို့ မင်း ထင်နေတာလား"
ဤအချက်အလက်အားလုံးကို နဂါးအစောင့်တပ်၏ လျှို့ဝှက်ဆုံးနှင့်အရေးအကြီးဆုံး စာကြည့်တိုက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပေ၏။
ထိုစဥ်က ကျန်းကျွင်းဘုရင်၏ပုန်ကန်မှုတွင် သိုဝှက်ထားသော တခြားအကြောင်းအရင်းများ ရှိခဲ့သည်။ ဤသည်မှာ လောကနှစ်ခုတောင်တန်း၏ပြင်ပမှ နတ်ဆိုးမျိုးနွယ်နှင့် ဆက်စပ်နေချေ အလွန်အမင်းမြင့်မားသည်။
ထိုစဥ်က ထိုက်ချမ်ဧကရာဇ်သည် ကိုယ်ပွားစိတ်ဝိညာဥ်တစ်ခုမျှသာ ဖြစ်ခဲ့ပေ၏။
အစစ်အမှန် ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင်သည် ယခင်ကတည်းက ပြန်လည်မွေးဖွားခဲ့ပြီးဖြစ်သောကြောင့် ကိုယ်ပွားစိတ်ဝိညာဥ်သည် ကျန်းကျွင်းဘုရင်၏နောက်ကွယ်မှ နတ်ဆိုးမျိုးနွယ်စုကို ရှာဖွေရန်အတွက် သူ့အား ဤနေရာတွင် လှောင်ပိတ်ထားခဲ့ပြီး မသတ်ခဲ့ချေ။
"အဓိပ္ပါယ်မရှိတာတွေ...."
ကျန်းကျွင်းဘုရင်က လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်းလို လူငယ်တစ်ယောက်က ဘာကို နားလည်နိုင်မှာမို့လို့လဲ...မင်း ပြောနေတဲ့ စကားတွေကို ငါ ဘာမှနားမလည်ဘူး"
"မင်း နားလည်ဖို့ မလိုဘူး... မင်းရဲ့နောက်ကွယ်က နတ်ဆိုးမျိုးနွယ်စုရဲ့တည်နေရာကိုသာ ပြောပြစမ်း... ငါက မင်းကို အလောင်းအပြည့်အစုံဖြစ်အောင် ချန်ထားပေးမယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဟား ဟား ဟား ဟား"
ဤစကားကိုကြားချိန်တွင် ကျန်းကျွင်းဘုရင်သည် ရုတ်တရက် သူ၏ခေါင်းကို နောက်သို့ လှန်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ကောင်စုတ်လေး... မင်းက ငါ့ဆီကနေ အဲ့ဒီရတနာနည်းနည်းပါးပါး ယူသွားရုံနဲ့ မင်း အရမ်းတော်သွားပြီလို့ တကယ်ကြီး ထင်နေတာလား.. ဒီဘုရင် လောကကြီးကို ဖြတ်သန်းသွားလာနေတုန်းက မင်း မွေးတောင်မမွေးလောက်သေးဘူး... ဒီဘုရင်ရဲ့အခြေခံအုတ်မြစ်က ဘယ်လောက်ထိ နက်ရှိုင်းလဲဆိုတာ မင်း နည်းနည်းလေးတောင် တွေးကြည့်နိုင်မှာ မဟုတ်ဘူး"
ကျန်းကျွင်းဘုရင်၏အသံသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေပြီး ပတ်ဝန်းကျင်ရှိ တောင်နံရံများကို တဝုန်းဝုန်း မြည်ဟီးသွားစေသည်။
သူတို့နှစ်ယောက်၏စကားပြောဆိုသံကို ကြားချိန်တွင် မလှမ်းမကမ်းရှိ လျိုပိုင်မေ့သည် သူ၏ ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သဖြင့် ပြင်ပလောကရှိ ကိစ္စများကို တစ်စိတ်တစ်ပိုင်းသာ နားလည်ပြီး အကြောင်းအရာအပြည့်အစုံကို နားမလည်ခဲ့ချေ။
သို့ရာတွင် လုယွီ လှုပ်ရှားတော့မည်ကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားအတွင်း၌ ချက်ချင်းဆိုသလိုပင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။
အကယ်၍ လုယွီသည် ကျန်းကျွင်းဘုရင်ကို အမှန်တကယ် သတ်လိုက်ပါက ကျန်းကျွင်းဘုရင် ကတိပေးထားသော အကျိုးကျေးဇူးများလည်း အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားမည် မဟုတ်လော။
လုယွီ လှုပ်ရှားတော့မည်ကို မြင်တွေ့ချိန်၌ လျိုပိုင်မေ့သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"စီနီယာ... ကျွန်တော် ခင်ဗျားကို ထွက်လာနိုင်အောင် ကူညီပေးမယ်"
ထိုစကားကိုပြောဆိုပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် သူ၏လက်ချောင်းများကို ပူးဆုပ်လိုက်ပြီး မှော်မန္တန်တစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်သည်။
ဤသည်မှာ ပေါက်ကွဲခြင်းဝင်္ကပါတစ်ခုကို အသက်သွင်းခြင်းပင်။
လျိုပိုင်မေ့ လက်မြှောက်လိုက်သည်နှင့် တပြိုင်နက်တည်း ပတ်ဝန်းကျင်ရှိ ကျောက်နံရံများပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ လင်းလက်တောက်ပလာသည်။
"အမ်...."
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး ထိုကိစ္စကို တားဆီးလိုသော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။
"ဝုန်း..."
ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သော ပေါက်ကွဲသံတစ်သံက ကျောက်ဂူတစ်ဂူလုံးအနှံ့ ပဲ့တင်ထပ်သွားသည်
သဲမှုန်များပျံ့လွင့်စပြီး ကျောက်စကျောက်နများ လွင့်ထွက်လာသည်။ ကျောက်တုံးများ ကျိုးပဲ့သွားပြီး ကျောက်ဂူ၏ မာကျောသောအတွင်းနံရံကို အတင်းအဓမ္မဖောက်ခွဲလိုက်၏။ တစ်ချိန်တည်းမှာပင် သံကြိုးများ၏မျက်နှာပြင်များသည်လည်း ရွှေရောင်အလင်းတန်းများကို စတင်၍ ထုတ်လွှတ်လိုက်သည်။
ဤသည်မှာ မူလက သံကြိုးများတွင် ကပ်ထားသော တာအိုမှော်မန္တန်တစ်ခုပင်။ တိုက်ခိုက်မှုကို ထောက်လှမ်းမိသည်နှင့် ထိုသံကြိုးများသည် ချက်ချင်းဆိုသလိုပင် အလိုအလျောက် တားဆီးဟန့်တားပေလိမ့်မည်။
သို့ရာတွင် ဤအခိုက်မှာပင် အားအင်ချည့်နဲ့နေခဲ့သော ကျန်းကျွင်းဘုရင်၏မျက်လုံးများမှ ရုတါတရက် အေးစက်စက် အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ဤသည်မှာ အမြဲတမ်း သိုဝှက်ထားခဲ့သော ရတနာဓားတစ်လက်သည် ရုတ်တရက် ဓားအိမ်ထဲမှ ထွက်လာပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည့်အလားပင်။
ရှည်လျားသော အော်ငေါက်သံကြီးတစ်သံသည် ကျောက်ဂူထဲတွင် ရုတ်တရက် ပွင့်အံ့ထွက်လာပေ၏။ ရုတ်ချည်းဆိုသလိုပင် မြေပြင်တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ မြေပြင်သည် ကျန်းကျွင်းဘုရင်၏စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ အက်ကွဲစပြုလာသည်။
"ဟား ဟား ဟား... မာနကြီးတဲ့ ကောင်စုတ်လေး... ဒီဘုရင်က ဒီနေရာမှာ ထာဝရ ပိတ်မိနေပြီးတော့ ဘယ်တော့မှ ထွက်မလာနိုင်တော့ဘူးလို့ မင်း ထင်နေခဲ့တာလား"
Chapter 5227
ကျန်းကျွင်းဘုရင်၏ ဖြူဖျော့သောဆံပင်ရှည်များသည် လေနှင့်အတူ လူးလွန့်နေသည်။ သို့ရာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။ ဤသည်မှာ သူသည် သဘာဝစိတ်ဝိညာဉ်သစ်သီးတစ်လုံးကို ဝါးမျိုလိုက်ပြီးနောက် လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်သွားသည့်အလားပင်။
ကျန်းကျွင်းဘုရင်၏လက်နှစ်ဖက်တွင် သံကြိုးများ၏အစအနများ ရှိနေဆဲပင်။ ကျင့်ကြံသူများသည် ဤနေရာတွင် စုရုံးပြီး မည်မျှထိကြာအောင် တိုက်စားခဲ့သည်မှန်း မသိရသော်လည်း နောက်ဆုံးတွင် သံကြိုးများ၌ အက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဤသည်က ကျန်းကျွင်းဘုရင်အား လွတ်မြောက်ရန် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိစေပြီး သူ့ကို အောင်မြင်စွာ လွတ်မြောက်စေနိုင်ခဲ့သည်။
"ဟူး..."
ကျန်းကျွင်းဘုရင်သည် အသက်ပြင်းပြင်းရှိုက်လိုက်၏။ မယုံနိုင်လောက်အောင် ကြွယ်ဝပြီး ပေါများသော စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ရင်ဘတ်ထဲသို့ ချက်ချင်း တိုးဝင်လာပြီး သူ၏ခြောက်ကပ်နေသော ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေခဲ့သည်။ သူ၏စိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ် နှစ်မျိုးလုံးသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာပေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းကျွင်းဘုရင်၏ဆံပင်များ နက်မှောင်သွားပြီး သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ သူသည် အသက်သုံးဆယ်ခန့် ငယ်ရွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
ဤသည်မှာ တာအိုသခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏နည်းလမ်းတစ်ခုပင်။
သူတို့သည် ကောင်းကင်နှင့်မြေပြင်အကြားရှိစိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ သူတို့၏ခန္ဓာကိုယ်ကို ပုံဖော်နိုင်သည်။
ထိုသံကြိုးများသည် ကျန်းကျွင်းဘုရင်အား တိတ်ဆိတ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း အခြေအနေတွင် ရှိနေစေရန် ချိတ်ပိတ်ထားခဲ့သည်။ သို့ရာတွင် သံကြိုးများ ကျိုးပဲ့သွားသည့်အချိန်တွင် သူသည် သူ၏ ယခင် ခံ့ညားထည်ဝါသော အရှိန်အဝါကို ပြန်လည်ရရှိခဲ့သည်။
"ဂုဏ်ယူပါတယ် စီနီယာ... ဂုဏ်ယူပါတယ် စီနီယာ... စီနီယာက နောက်ဆုံးတော့ လွတ်မြောက်လာနိုင်ခဲ့ပြီ"
ဤအချိန်တွင် လျိုပိုင်မေ့သည် ကျိုးပဲ့နေသော ကျောက်တုံးများကြားမှ ပျံသန်းထွက်လာပြီး... မျက်နှာချိုသွေးသော အမူအယာဖြင့် သူ့အား ဂုဏ်ပြုလိုက်သည်။
သူသည် သူ၏ဂိုဏ်းသားများနှင့်အတူ ထိုသံကြိုးများကို ပျက်စီးစေရန် နှစ်နှစ်ကျော် အချိန်ယူခဲ့ပြီး နောက်ဆုံးတွင် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ကျန်းကျွင်းဘုရင် ကတိပေးခဲ့သော အကျိုးကျေးဇူးများကို တွေးမိသောအခါ လျိုပိုင်မေ့သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့သည်။
"လာခဲ့..."
ကျန်းကျွင်းဘုရင်က လက်ယပ်ခေါ်လိုက်ရာ လျိုပိုင်မေ့သည် ချက်ချင်းဆိုသလိုပင် နာခံရို့ကျိုးစွာ ပျံသန်းလာခဲ့သည်။
သို့ရာတွင် ကျန်းကျွင်းဘုရင်သည် သူ၏လက်ဝါးဖြင့် ရုတ်တရက် လျိုပိုင်မေ့၏ နဖူးပေါ်သို့ ဖိချလိုက်၏။ သူ အနည်းငယ် အားစိုက်လိုက်ရုံဖြင့် အစွမ်းထက်သော မှော်စွမ်းအားများ ချက်ချင်းပွင့်အံ့ထွက်လာပြီး လျိုပိုင်မေ့၏စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားသည်။ ဤသည်မှာ မျက်ခုံးဖြူဂိုဏ်းချုပ်၏ ဦးခေါင်းကို ကြေမွသွားစေပြီး သူ ချက်ချင်း သေဆုံးသွားခဲ့သည်။
"ဂိုဏ်းချုပ်"
"မကောင်းတော့ဘူး... ဂိုဏ်းချုပ် အသတ်ခံလိုက်ရပြီ"
အပြင်ဘက်တွင် ရပ်ကြည့်နေသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ကြောက်ရွံတုန်လှုပ်နေကြ၏။
လျိုပိုင်မေ့သည် ရှေးဟောင်းဖုန်မှုန့်ကြယ်တွင် အသန်မာဆုံးဟု သတ်မှတ်ခံထားသူပင်။ သူသည် လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်တွင်ရှိနေကာ သူ့တပည့်များ၏ စိတ်နှလုံးသားများထဲ၌ ရှုံးနိမ့်ခြင်းမရှိသော တည်ရှိမှုကြီးတစ်ခုပင်။ သို့ရာတွင် ယခုအချိန်၌ တပည့်များအားလုံး ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ သူတို့၏ မယုံနိုင်လောက်အောင် အစွမ်းထက်သော ဂိုဏ်းချုပ်သည် ချက်ချင်း သေဆုံးသွားခဲ့ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသော အလောင်းတစ်လောင်းအဖြစ်ပင် ကြွင်းကျန်ခဲ့ခြင်း မရှိချေ။
"ပြေး... ပြေးကြတော့"
ကြွင်းကျန်သောဂိုဏ်းသားများသည် ကျန်းကျွင်းဘုရင်ကို ထပ်မံ၍ ကြည့်လိုက်မိသည့်အချိန်တွင် သူတို့၏မျက်လုံးများ၌ အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး ချက်ချင်းထွက်ပြေးကြတော့သည်။
သို့ရာတွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို တာအိုသခင်၏ပိုက်နက်နယ်မြေဖြင့် လွှမ်းခြုံထားပြီးဖြစ်သည်။ သူတို့ ထွက်ပြေးနေသည့်တိုင် မမြင်နိုင်သော လေနံရံကြီးတစ်ခုက သူတို့ကို တားဆီးထားပြီး ဤနေရာမှ ထွက်ခွာသွားနိုင်ခြင်း မရှိတော့ချေ။
"မဆိုးဘူး... မင်းက ဒီလိုမျိုး ချိတ်ပိတ်ခံထားရတာကိုတောင် ချိုးဖျက်နိုင်ခဲ့တယ်... ရှေးဟောင်းနတ်ဆိုးတွေက မင်းကို ရှာဖို့ လူတွေ မလွှတ်လိုက်ဘူးလား"
လုယွီ၏အကြည့်သည် တည်ငြိမ်နေပြီး သူ၏အသံသည် ကြည်လင်ပြတ်သားနေပေ၏။
ကျန်းကျွင်းဘုရင်၏ မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားပြီး ရက်စက်ကြမ်းတမ်းသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"မင်း အများကြီး သိနေလို့ရော ဘာထူးမှာလဲ... အခု မင်း သေလို့ရပြီ"
ရုတ်ချည်းဆိုသလိုပင် သူ၏လက်ညိုးကို ရှေ့သို့ညွှန်လိုက်ရာ လေဟာနယ်သည် အက်ကွဲသွား၏။ ထောင်နှင့်ချီသော နက်နဲသိမ်မွေ့သည့် မှော်စွမ်းအားလှိုင်းများသည် မိုးကောင်းကင်ယံတွင် တောက်ပစွာ လင်းလက်နေသော ဓားချီအလင်းတန်းတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုဓားချီသည် လုယွီရှိနေသောနေရာသို့ ပြင်းထန်စွာ တိုးဝင်လာပေ၏။
လေပြင်းများ လုယွီအပေါ်သို့ တိုက်ခတ်လာသည်။ အချိန်တခဏတာအတွင်းတွင် လုယွီ၏ အနက်ရောင်ဆံပင်များ ပြန့်ကျဲသွားပြီး သူ၏ အဝတ်အစားများ လေထုအတွင်းတွင် တဖျပ်ဖျပ်လူးလွန့်နေသည်။ သူသည် လေထုအတွင်းတွင် ရပ်တန့်နေပြီး သူ၏မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်ကာ မည်သည့်ထိခိုက်မှုမျှမရှိချေ။
"မင်းက ဒီနေရာမှာ အဖမ်းခံထားရတာ တော်တော်ကြာသွားပြီ... ဒါကြောင့် အပြင်လောကမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ မင်း သိနိုင်တဲ့ နည်းလမ်း မရှိဘူး"
လုယွီက သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ၏လက်ဝါးထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပသွားပြီး မဟာတာအို၏အသံလှိုင်းများက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။
"ဥပဒေသတစ်ခုတည်းကိုပဲ ဆုပ်ကိုင်ထားနိုင်တဲ့ မင်းလို တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို... ငါက ခွေးတစ်ကောင်ကို သတ်သလို သတ်ပစ်နိုင်တယ်"
Chapter 5228
ဝုန်း...
ထူထပ်သိပ်သည်းသော တောအုပ်တစ်ခုလုံး၏ အထက်တွင် နားကွဲလုမတတ် တုန်ခါသံကြီးတစ်သံ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
တဘုန်းဘုန်းမြည်ဟီးသံသည် တိမ်တိုက်များကို ထိုးဖောက်သွားပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ဤတုန်ခါမှုကြောင့် မြေပြင်တပြင်လုံး အလွန်အမင်း တုန်ခါသွားပြီး အက်ကွဲလုနီးပါး ဖြစ်နေလေပြီ။
လုယွီသည် သူ၏ရုပ်ခန္ဓာခွန်အားတစ်ခုတည်းကိုသာ မှီခိုအားကိုးပြီး တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်နေခဲ့သည်။
လုယွီသည် ရွှမ်အင်မော်တယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးနောက် ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်တစ်ပါး၏စွမ်းအားကို ပိုင်ဆိုင်လာသည့်အချိန်တွင် သူ ထုတ်ဖော်အသုံးပြုနိုင်သည့်စွမ်းအားသည် မယုံနိုင်လောက်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သာမန်တာအိုသခင်များသည် သူ၏ပြိုင်ဘက်များ မည်သို့မျှ မဖြစ်နိုင်ချေ။
ရှမိသားစုသည် တစ်ချိန်က ကျိုးယွမ်ယန်၏နံဘေးတွင် တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ထိပ်သီးကျင့်ကြံသူ သုံးဦးကို ထားခဲ့ဖူးသည်။ သို့ရာတွင် သူတို့သည် လုယွီကို အနည်းငယ်မျှ မတားဆီးနိုင်ခဲ့ဘဲ သူတို့အားလုံး အသတ်ခံခဲ့ရသည်။
ထိုက်ယွမ်လက်ဝါး အင်မော်တယ်သုတ်သင်ဓားချီ ရှေးနတ်ဘုရား မိုးကောင်းကင်ကို ခြေဆောင့်နင်းခြင်းနှင့် ကောင်းကင်ချိုးဖျက်နတ်ဘုရားမြား ကဲ့သို့သော ရှေးဟောင်းနည်းစနစ်များသည် ရှေးဟောင်းခေတ်ရှိ အမတ်ကြီးချွယ်ထံမှ သူ အမွေဆက်ခံခဲ့ခြင်းပင်။ ထိုနည်းစနစ်များသည် တခြားမဟာမိုးကောင်းကင်ရွှေအင်မော်တယ်များနှင့် နတ်ဘုရားဘုရင်များကို လေ့လာခြင်းဖြင့် ဖန်တီးထားသော နည်းစနစ်များ ဖြစ်ကြပြီး ထိုအရာများ၏စွမ်းအားသည် သာမန်မဟုတ်ချေ။
ဤနည်းစနစ်များသည် တစ်ချိန်က လုယွီအား သူ၏ကျင့်ကြံခြင်း အစောပိုင်းအဆင့်များတွင် အတားအဆီးမရှိ တိုးတက်စေခဲ့သည်။သူသည် နယ်ပယ်များစွာ ကျော်လွန်၍ ပြိုင်ဘက်များကို ဒဏ်ရာရစေနိုင်ခဲ့ပေ၏။
ယခုအချိန်၌ လုယွီသည် လက်ရှိကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိလာသည့်အချိန်တွင် ထိုတူညီသောနည်းစနစ်များကို အသုံးပြုခြင်းသည် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ပေးနိုင်ခဲ့သည်။
လုယွီသည် သူ၏ဘယ်လက်ဖြင့် ထိုက်ယွမ်လက်ဝါးကို ထုတ်ဖော်လိုက်ပြီး သူ၏ ညာလက် ချောင်းများကို ပေါင်းစပ်ကာ အင်မော်တယ်သုတ်သင်ဓားချီကို ဖန်တီးလိုက်၏။ သူ၏အင်မော်တယ်စွမ်းအားသည် ကြီးမားပြီး သူ၏နတ်ဘုရားဆန်သော အရှိန်အဝါသည် အဆုံးမရှိပေ။ ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မရှိသော မှော်မန္တန်အလင်းတန်းများသည် သူ၏ လက်များမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်းကျွင်းဘုရင်အပေါ်သို့ ကျရောက်သွားသည်။
"ဘုန်း...ဘုန်း...ဘုန်း...."
နှစ်ဖက်စလုံးသည် ချက်ချင်းဆိုသလိုပင် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ အပြန်အလှန် တိုက်ခိုက်ကြသည်။ သို့ရာတွင် တိုက်ပွဲ ဆက်ဖြစ်လေလေ ကျန်းကျွင်းဘုရင်သည် ပို၍ထိတ်လန့်လာလေလေပင်။
ကျန်းကျွင်းဘုရင်သည် လုယွီနှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က မြင်ကွင်းကို မှတ်မိနေဆဲပင်။
ထိုစဉ်က လုယွီသည် ကျင့်ကြံဆင့်နိမ့်ကျသော လောကီအင်မော်တယ်တစ်ဦးမျှသာ ဖြစ်ခဲ့သည်။ သူသည် လေတစ်ချက်မှုတ်လိုက်ရုံဖြင့် ထိုလူငယ် ပျောက်ကွယ်သွားမည်ဟုပင် ခံစားခဲ့ရလေ၏။
သို့ရာတွင် လုယွီ ယခု ပြသလိုက်သော နည်းစနစ်များနှင့်စွမ်းအားများသည် သူ၏ မျှော်လင့်ချက်များထက် များစွာပို၍ ကျော်လွန်သွားခဲ့သည်။ သူ၏ရှေ့မှ ဤလူငယ်သည် တစ်ညအတွင်းတွင် ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်လာသည့်အလားပင်။
အထူးသဖြင့် လုယွီ ထုတ်ဖော်အသုံးပြုလိုက်သော မှော်မန္တန်တစ်ခုချင်းစီသည် မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ ထိုအရာများ၏စွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်ကို ထွင်းဖောက်သွားကာ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်နေသည်။ ထိုနည်းစနစ်တစ်ခုစီတိုင်းသည် အထွတ်အထိပ် တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ထိပ်တိုက်ထိတွေ့လိုက်သည်နှင့် သူ့အား ဖိနှိပ်ထားခဲ့သည်။
"ငါ မယုံဘူး... နှစ်အနည်းငယ်ပဲ ရှိသေးတာ... မင်က ဒီအခြေအနေထိရောက်အောင် ကြီးထွားလာခဲ့တယ်"
ကျန်းကျွင်းဘုရင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူသည် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပေ၏။ သူသည် သူ၏မှော်စွမ်းအားများကို ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး ဓားချီစွမ်းအားများ လေဟာနယ်ကို ထွင်းဖောက်သွားသည်။ ဓားချီစွမ်းအားတစ်သောင်းသည် မိုးစက်များကဲ့သို့ ပျံ့လွင့်လာပြီး လုယွီထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်လာသည်။
သူသည် နယ်မြေတစ်ခုကို အုပ်ချုပ်သော အစွမ်းထက်သည့် ဒေသခံဘုရင်တစ်ပါး ဖြစ်လာခဲ့ခြင်းသည် သူ၏သွေးမျိုးဆက်ကြောင့်သာမက သူ၏ အလွန်ကြီးမားသောစွမ်းအားကြောင့်လည်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ကျန်းကျွင်းဘုရင် ၏စွမ်းအားများကြောင့် ကောင်းကင်နှင့်မြေပြင်သည် အရောင်ပြောင်းသွားပေ၏။ မျက်စိဖြင့်မြင်နိုင်သမျှ မည်သည့်နေရာတွင်မဆို ဓားချီအလင်းတန်းများသာ ရှိနေသည်။ လေဟာနယ်သည် စုတ်ပြဲသွားပြီး တွင်းနက်ကြီးများ ဖြစ်ပေါ်လာကာ ထိုနေရာမှနေ၍ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
သို့ရာတွင် လုယွီသည် ကျန်းကျွင်းဘုရင်၏နည်းလမ်းများကို ယခင်ကတည်းက ကြိုတင်မျှော်လင့်ထားပုံရသည်။ သူသည် ထိုနည်းစနစ်များကို တစ်ခုပြီးတစ်ခု ဖြေရှင်းကာ ကျန်းကျွင်းဘုရင်အား သူ့ကို ဒဏ်ရာရအောင်ပြုလုပ်စေရန် အခွင့်အရေး မပေးခဲ့ချေ။
"ထပ်လာခဲ့စမ်း"
ကျန်းကျွင်းဘုရင်သည် သူ၏ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး အလျားလိုက် ခုတ်ပိုင်းလိုက်သည်။ ထိုဓားကို သူ၏စွမ်းအားများဖြင့် ထိန်းချုပ်ထားလေရာ ဓား၏ထက်ရှမှုသည် အကန့်အသတ်မရှိချေ။
ကျန်းကျွင်းဘုရင်သည် တိုက်ခိုက်လေလေ သူ၏အရှိန်အဝါသည် ပို၍သန့်စင်လာလေပင်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။ ဤသည်မှာ စစ်ဘက်ဆိုင်ရာနည်းဗျူဟာရှင်များ၏ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်ပြီး တိုက်ပွဲတွင် သူတို့၏စွမ်းအားကို တိုးမြှင့်နိုင်ကာ သူတို့ ပို၍တိုက်ခိုက်လေလေ ပို၍ရဲရင့်ပြီး အစွမ်းထက်လာလေလေပင်။
"ထိုက်ကျိ မိုးကောင်းကင်ကို ချိပ်ပိတ်ခြင်း..."
"ချီကိုပျိုးထောင် ပိုးမျှင်ရစ်ပတ်ခြင်း..."
"နတ်ဆိုးနှိမ်နင်းခြင်းဓားနည်းစနစ်..."
ဓားနည်းစနစ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ စွမ်းအားပြင်းထန်ပြီး ပို၍လျင်မြန်လာသည့်အပြင် ပို၍အန္တရာယ်များလာသည်။
အဆုံးသတ်တွင် ကျန်းကျွင်းဘုရင်သည် သူ၏အရှိန်အဝါကို အဆုံးစွန်ဆုံးအဆင့်အထိ စုစည်းလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မှော်စွမ်းအားများသည် ရုတ်တရက် အထွတ်အထိပ်သို့ မြင့်တက်သွားသည်။ သူ၏အရှိန်အဝါ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒ မှော်စွမ်းအားနှင့် ရုပ်ခန္ဓာခွန်အား အရာအားလုံးသည် သူ၏အန္တိမဓားချက်ကို ထုတ်ဖော်ရန်အတွက် အကန့်အသတ်သို့ ရောက်ရှိသွားသည်။
"ငါ့မှာ ဓားချက်တစ်ချက်ရှိတယ်..."
"ဒါက အင်မော်တယ်နယ်မြေကို ချိုးဖျက်နိုင်တဲ့ ဓားချက်ပဲ"
Chapter 5229
ကျန်းကျွင်းဘုရင် ဟိန်းဟောက်လိုက်သည့်အချိန်တွင် မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး တဝုန်းဝုန်းမြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသော ကျင့်ကြံသူများအားလုံး ဒယိမ်းဒယိုင်ဖြစ်သွားကြသည်။
"ဒါက ဘယ်အဆင့် တိုက်ပွဲကြီးလဲ"
ကျင့်ကြံသူများအားလုံး ခေါင်းမော့လိုက်ကြရာ မိုးကောင်းကင်ယံရှိ စူးရှပြီး ကြီးမားသော ဓားချီအလင်းတန်းကြီးကို မြင်တွေ့မိကြသည်။
ထိုဓားချီအလင်းတန်းကြီးသည် လေဟာနယ်ကို ဖြတ်သန်းသွားပြီး ကောင်းကင်နှင့်မြေကြီး နေနှင့်လတို့ကို လုံးလုံးလျားလျား ပိုင်းခြားလိုက်သည့် သဘာဝ ချောက်ကမ်းပါးကြီးတစ်ခုအလားပင်
ဤအရာသည် သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့လေပြီ။ ဤနေရာတွင် ရှိနေသော လူများအနက် အများစုသည် သူတို့၏ ဘဝတသက်တာတွင် ရှေးဟောင်းဖုန်မှုန့်ကြယ်မှ မထွက်ခွာဖူးကြချေ။ ထို့ထက်ပို၍ ဆိုးရွားသည်မှာ လောကီအင်မော်တယ်နယ်ပယ်ထက် ကျော်လွန်သော ကျင့်ကြံသူများသည် မည်ကဲ့သိုတည်ရှိမှုများဖြစ်သည်ကို သူတို့ မသိကြခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ တာအိုသခင်များကြားမှ တိုက်ပွဲများသည် များသောအားဖြင့် လောကကြီးကို ပျက်သုဉ်းစေသောအဆင့်မျိုး၌ ရှိနေပေ၏။ တော်ဝင်မြို့တော်ကဲ့သို့ နေရာတွင်ပင် ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။ ကျင့်ကြံသူအမြောက်အများသည် ထိုကဲ့သို့တိုက်ပွဲကို အနီးကပ် ကြည့်ရှုနေကြသဖြင့် အချိန်တခဏကြာပြီးနောက် သူတို့၏စိတ်နှလုံးသားများ ပြင်းထန်စွာ တုန်ခါသွားကာ သတိလစ်မေ့မျောသွားကြသည်။
ကျယ်ပြန့်သော မိုးကုပ်စက်ဝိုင်း၌ ပျံ့လွင့်လာသော ဓားချီအလင်းတန်းသည် မိုးကောင်းကင်ယံကို ဖြတ်သန်းသွား၏။
အထက်မှ မိုးကောင်းကင်ယံသည် ရုတ်တရက် အကန့်အသတ်မရှိ မှောင်မည်းသွားသည်။ ဤအချိန်အခိုက်အတန့်သည် နေ့လည်ခင်းအချိန် ဖြစ်သော်လည်း ညအချိန်အလား မှောင်မည်းနေသည်။ အရပ်မျက်နှာအဘက်ဘက်မှ အလင်းရောင်များအားလုံး လုံးလုံးလျားလျား ပိတ်ဖုံးသွားပြီး အမှောင်ကျသွားကာ တစ်စုံတစ်ယောက်သည် သူ၏လက်ချောင်းများကိုပင် သူ ပြန်မမြင်နိုင်တော့ချေ။ မိုးကောင်းကင်ယံရှိ ဓားချီအလင်းတန်းကြီးတစ်ခုတည်းသာလျှင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေဆဲပင်။
"ငါ့ရဲ့ ဒီဓားချက်က ရှေးဟောင်းခေတ်က ဘိုးဘေးဧကရာဇ်ဆီကနေ အမွေဆက်ခံတဲ့ ကျင့်ကြံနည်းစနစ်ကနေ ဖန်တီးထားတာ... ဒါကို နှစ်ပေါင်းရှစ်ဆယ့်တစ်နှစ်တိတိ ကျင့်ကြံခဲ့ပြီးတော့ နောက်ဆုံးမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်"
"ဒီဓားက ရန်သူတွေကို မရေမတွက်နိုင်အောင် သတ်ခဲ့ပြီးပြီ... ဒီနေ့ မင်းကို ဒီဓားရဲ့အောက်မှာ သေခွင့်ပေးတာဟာ ဒီဘုရင်က မင်းကို ပေးသနားတဲ့ ဂုဏ်ကျက်သရေပဲ"
ကျန်းကျွင်းဘုရင်၏ အေးစက်စက်အသံသည် ငရဲပြည်၏ခေါင်းလောင်းသံကဲ့သို့ ကြည်လင်စွာ ပဲ့တင်ထပ်သွားပြီး လူတိုင်းအတွက် နှုတ်ဆက်ခေါင်းလောင်းကို တီးခတ်တော့မည့်အလားပင်။
လုယွီ၏ဆံပင်နက်များသည် ရေတံခွန်ကဲ့သို့ ဝဲကျနေပြီး သူ၏မျက်လုံးများအတွင်းတွင် ကြယ်ရောင်အလင်းတန်းများ ထင်ဟပ်နေသည်။ သူသည် မိုးကုပ်စက်ဝိုင်းမှနေ၍ သူ့ထံ တန်းတန်းမတ်မတ်တိုးဝင်လာသော ဓားချီအလင်းတန်းကြီးကို အနည်းငယ် မော့ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ဝါးထဲသို့ မှော် မှော်စွမ်းအင်များ တိုးဝင်လာပြီး ရုတ်တရက် ဆင့်ကဲပြောင်းလဲသွားသည်။
"နတ်ဘုရားတွေအားလုံး... ဗုဒ္ဓတွေအားလုံး... အင်မော်တယ်တွေအားလုံး..."
လုယွီ၏မှော်မန္တန် ပြောင်းလဲလာသည်နှင့်အမျှ ထောင်နှင့်ချီသော အလင်းတန်းများသည် သူ၏ နောက်တွင် စုစည်းလာပေ၏။ ထိုမှော်စွမ်းအားများသည် မိုးကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော နတ်ဘုရားများနှင့်ဗုဒ္ဓများ၏ ပလ္လင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
မရေမတွက်နိုင်သော နတ်ဘုရားများ အင်မော်တယ်များနှင့် ဗုဒ္ဓများသည် ထူးဆန်းပြီး ကွဲပြားသော ရုပ်သွင်များရှိကာ ခံ့ညားထည်ဝါသော ပုံရိပ်ယောင်များအဖြစ် လုယွီ၏နံဘေးတွင် ထွက်ပေါ်လာသည်။ အစွမ်းထက်သော ပုံရိပ်ယောင်တစ်ခုစီ၏နောက်တွင် တောက်ပသော အလင်းဘီးကြီးတစ်ခု ရှိပြီး သူတို့သည် မင်္ဂလာတိမ်တိုက်များပေါ်တွင် ခြေချထားလေရာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။
"သွားတော့..."
လုယွီက ညင်သာစွာ အော်ဟစ်လိုက်ပြီး သူ၏လက်ကိုမြှောက်ကာ ထိုပုံရိပ်ယောင်များအားလုံးကို တွန်းထုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်များသည် ကျန်းကျွင်းဘုရင်ထံသို့ ဒီရေအလား တိုးဝင်သွားကြသည်။
ဘုန်း...
ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခုသံက တိမ်တိုက်များကိုပင် ကြေမွှပျက်စီးသွားစေသည်။
မိုင်ပေါင်းရာနှင့်ချီ၍ ဝေးကွာသောနေရာတွင် ရှိနေသည့် လူများပင်လျှင် ပြင်းထန်သော တုန်ခါမှုကို ခံစားနိုင်ကြသည်။
မရေမတွက်နိုင်သော နတ်ဘုရားများနှင့် ဗုဒ္ဓများ၏ ပုံရိပ်ယောင်များ ပျံ့လွင့်သွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံတွင် ရှိနေသော ဓားချီအလင်းတန်းကြီးကို ကြေမွှပျက်စီးသွားစေသည်။ ထိုစွမ်းအားလှိုင်းသည် အရာအားလုံးကို လွှမ်းခြုံသွားပြီးနောက် ကျန်းကျွင်းဘုရင်၏ရုပ်ခန္ဓာကိုယ်ကို တိုက်ရိုက်ထွင်းဖောက်သွားပေ၏။
ကျန်းကျွင်းဘုရင်သည် နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံထားရသော်လည်း သူသည် တာအိုသခင်တစ်ဦး ဖြစ်နေဆဲပင်။ သူ၏ရုပ်ခန္ဓာကိုယ်သည် အလွန်သန်မာကြံ့ခိုင်ပြီး ဓားလှံများ မထိုးဖောက်နိုင်ကာ ရေ သို့မဟုတ် မီးဖြင့် ဒုက္ခပေးရန် ခက်ခဲသည်။
သို့ရာတွင် လုယွီ ထုတ်ဖော်လိုက်သော အင်မော်တယ်နည်းစနစ်သည် အလွန်နက်နဲသိမ်မွေ့ပေ၏။ ဤသည်မှာ သူ့အား ကူညီပေးနိုင်သည့် နတ်ဘုရားများနှင့်ဗုဒ္ဓများ၏ ပုံရိပ်ယောင်များကို ဖန်တီးရန် အထွတ်အထိပ်မှော်စွမ်းအားကို အသုံးပြုခြင်းပင်။ ဤရုတ်တရက်ပွင့်အံ့ထွက်လာသော စွမ်းအားသည် ကျန်းကျွင်းဘုရင် ခံနိုင်ရည်ရှိမည့် အရာတစ်ခု မည်သို့ ဖြစ်နိုင်မည်နည်း။
"မဖြစ်နိုင်ဘူး... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ကျန်းကျွင်းဘုရင်၏စိတ်ဝိညာဉ်သည်... သူ၏ ကြေမွှသွားသော ရုပ်ခန္ဓာကိုယ်မှ ထွက်လာပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်သော အမူအရာကို ပြနေဆဲ ဖြစ်၏။
ကျန်းကျွင်းဘုရင်သည် သူ၏ဂုဏ်သိက္ခာရှိသော တာအိုသခင်နယ်ပယ် ရုပ်ခန္ဓာကိုယ်သည်လည်း ပျက်စီးမည့်နေ့တစ်နေ့ ရှိလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ထို့ပြင် ဤသည်မှာ လုယွီကဲ့သို့ ငယ်ရွယ်သူတစ်ဦး၏လက်ချက်ဖြင့်ပင်။
"ငါ ခုဏက ပြောခဲ့တယ်... မင်းလို တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ငါက ခွေးတစ်ကောင်ကို သတ်သလို လွယ်လွယ်ကူကူ သတ်ပစ်နိုင်တယ်"
လုယွီသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ကျန်းကျွင်းဘုရင်၏ခေါင်းပေါ်သို့ သူ၏လက်ကိုတိုက်ရိုက်ဖိနှိပ်ကာ စိတ်ဝိညာဉ်ရှာဖွေမှုကို ရဲတင်းစွာ ပြုလုပ်လိုက်၏။
"မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေချင်တာလား... အိပ်မက်တောင် မမက်နဲ့"
ကျန်းကျွင်းဘုရင်သည် လုယွီ မည်သည့်အရာအားလုပ်ဆောင်ရန် ပြင်ဆင်နေသည်ကို ချက်ချင်း သိရှိသွားပြီး အပြင်းအထန် ရုန်းကန်စပြုလာသည်။
Chapter 5230
တာအိုသခင်နယ်ပယ်သို့ ရောက်ရှိသွားလျှင် ထိုလူ၏စိတ်ဝိညာဉ်သည် သာမန်ကျင့်ကြံသူများ၏စိတ်ဝိညာဉ်နှင့် များစွာကွာခြားသွားပေ၏။
ယေဘုယျအားဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်အောက်မှ ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်နှင့်အလွန် အားနည်းသွားပေမည်။ ထိုစိတ်ဝိညာဉ်သည် ပင်မရုပ်ခန္ဓာကိုယ်၏စွမ်းအား သုံးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ဖော်နိုင်လေ့ ရှိသည်။
စိတ်ဝိညာဉ်သည် ပင်မအသက်စွမ်းအား ဖြစ်ပြီး ရုပ်ခန္ဓာကိုယ်သည် လက်ခံခွက်ပင်။
လက်ခံခွက်မရှိလျှင် စိတ်ဝိညာဉ်သည် အရင်းအမြစ်မရှိသော ရေကဲ့သို့ ဖြစ်ပြီး အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။
သို့ရာတွင် တစ်စုံတစ်ယောက်သည် တာအိုသခင်နယ်ပယ်သို့ တက်လှမ်းသွားသည်နှင့် ထိုအရာသည် ကွဲပြားခြားနားသွား၏။ သူ၏စိတ်ဝိညာဉ်သည် အလွန်သန်မာအားကောင်းနေပြီဖြစ်ပြီး မူလရုပ်ခန္ဓာကိုယ်စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကိုပင် ထုတ်ဖော်နိုင်သည်။
ကျန်းကျွင်းဘုရင်သည် သူ မည်သည့်အရာကို ရင်ဆိုင်ရတော့မည်အား သိရှိထားသဖြင့် အပြင်းအထန် ခုခံနေသည်။ သူ့စိတ်ဝိညာဉ် ၏မျက်နှာပြင်ပေါ်တွင် တောက်ပစူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး အင်မော်တယ်ဖိအားတစ်ရပ်ကိုလည်း ထုတ်လွှတ်ထားသည်။
"ဒါက အသုံးမဝင်ဘူး"
လုယွီက သူ၏လက်ကိုမြှောက်ပြီး လက်ညှိုးညွှန်လိုက်ရာ အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်းနည်းစနစ်၏စွမ်းအားသည် ကျန်းကျွင်းဘုရင်၏ စိတ်ဝိညာဉ်ကို ချက်ချင်းလွှမ်းခြုံသွားပေ၏။
ထူထပ်သိပ်သည်းသော မှော်သင်္ကေတများသည် ကျန်းကျွင်းဘုရင်၏စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ရစ်သိုင်းလွှမ်းခြုံသွားသည်။ သူ၏စိတ်ဝိညာဉ်သည် အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း စွမ်းအားအနည်းငယ်ကိုမျှ မထုတ်လွှတ်နိုင်ခဲ့ချေ။
"ကောင်းပြီ... ကောင်းပြီ... ကောင်စုတ်လေး... ငါ မင်းကို အထင်မှားခဲ့တယ်... ငါ အစကတော့ မင်းကို ကံကောင်းတဲ့ ဘာမဟုတ်တဲ့ကောင်တစ်ကောင်လို့ ထင်ခဲ့တာ... ဒါပေမဲ့ မင်းက အစစ်အမှန်နဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး... ဒါပေမဲ့ ငါ့ကို သတ်လို့ မင်းအတွက် ဘာအကျိုးမှ မရှိဘူး... ငါ မင်းနဲ့ အပေးအယူတစ်ခု လုပ်ရင် ဘယ်လိုလဲ"
ကျန်းကျွင်းဘုရင်သည် လုယွီအား ရပ်တန့်ရန်အတွက် စတင်၍စကားပြောဆိုသည်။
"အိုး... မင်းက ဘာနဲ့ အပေးအယူလုပ်ချင်လို့လဲ"
လုယွီက မေးမြန်းသည်။
"ငါ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ... အဲ့ဒီစစ်သား ဆယ်သန်းက ဘာကြောင့် ငါနဲ့အတူ တော်ဝင်နန်းတွင်းကို ပုန်ကန်ဖို့ သဘောတူခဲ့လဲဆိုတာ မင်း သိလား... ဘာဖြစ်လို့လဲဆိုတော့ ငါက သူတို့ကို ငွေတွေအများကြီး ပေးခဲ့လို့ပဲ... ငါက သူတို့ကို အဆုံးမရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေ ပေးခဲ့တယ်... လူတော်တော်များများ သူတို့ရဲ့ ဘဝတသက်တာလုံးရှာရင်တောင် ရနိုင်မှာမဟုတ်တဲ့ ငွေတွေပဲ .. ဒီငွေတွေနဲ့ပဲ ငါက ဒီလောက်ထိ ကြီးမားတဲ့ စစ်တပ်ကြီးကို အမြန်ဆုံး စုစည်းနိုင်ခဲ့တယ်"
ကျန်းကျွင်းဘုရင်က လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်း အခု ငါ့ကို လွှတ်ပေးသရွေ့ ငါ ဒီစည်းစိမ်ဥစ္စာတွေအကုန်လုံးကို မင်းဆီ လွှဲပေးနိုင်တယ်... မင်းက ဒီစည်းစိမ်ဥစ္စာတွေကို ရသွားပြီဆိုရင် ကောင်းကင်ဘုံနယ်မြေမှာ အချမ်းသာဆုံးလူ ဖြစ်လာလိမ့်မယ်... မင်းက မယုံနိုင်လောက်အောင် ကြီးမားတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ရပြီးတော့ ကောင်းကင်ဘုံနယ်မြေမှာ အစွမ်းထက်ဆုံးလူ အမြန်ဆုံး ဖြစ်လာလိမ့်မယ်"
လုယွီ ခေါင်းညိတ်လိုက်သည်။
"ဒါက တကယ့်ကို အရမ်းဆွဲဆောင်မှုရှိတာပဲ"
"ဒီဘုရင်က ကိုယ့်အသက်ကို နှမြောတတ်ပါသေးတယ်... မင်း မယုံရင် ငါ မင်းနဲ့ လိုက်ခဲ့မယ်လေ... မင်း ဘယ်လိုသဘောရလဲ"
ကျန်းကျွင်းဘုရင်က ဆက်လက်၍ ပြောဆိုသည်။
ဒဏ္ဍာရီအရ ကျန်းကျွင်းဘုရင်သည် တစ်ချိန်က အဆုံးမရှိများပြားသော ရတနာများကို ပိုင်ဆိုင်ခဲ့ပြီး ကျိုးတော်ဝင်မိသားစုဝင်များကြားတွင် အချမ်းသာဆုံးမင်းသား ဖြစ်ခဲ့ပေ၏။
နောက်ပိုင်းတွင် ကျန်းကျွင်းဘုရင်ကြောင့်ပင် တာယွီအင်ပါဟာသည် ဒေသအသီးသီးရှိ မင်းသားများနှင့် တော်ဝင်ဆွေတော်မျိုးတော်များများ ပိုင်ဆိုင်သော ချမ်းသာကြွယ်ဝမှု ပမာဏကို ကန့်သတ်ရန် အမိန့်ထုတ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ကျုံးကျင့်ဘုရားကျောင်းမှ လူများသည် စစ်ဆေးမှုများ ပြုလုပ်ကြပြီး ကန့်သတ်ချက်ထက် ကျော်လွန်သော ချမ်းသာကြွယ်ဝမှုကို တွေ့ရှိပါက ထိုအရာများကို သိမ်းဆည်းပြီး ဘဏ္ဍာတိုက်ထဲသို့ ထည့်ရုံသာမက ထိုလူသည်လည်း ပြင်းထန်စွာအပြစ်ပေးခြင်း ခံရသည်။
ဤဆွဲဆောင်မှုသည် အလွန်ကြီးမားပေ၏။
ကောင်းကင်ဘုံနယ်မြေတွင် အချမ်းသာဆုံးလူ ဖြစ်လာခြင်း...
ဤသို့သော ဆွဲဆောင်မှုကို လူတိုင်း ခုခံနိုင်မည်မဟုတ်ချေ။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာ အလွန် တည်ငြိမ်နေသည်။
သူသည် ကျန်းကျွင်းဘုရင်ကို အချိန်တခဏကြာမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ရုတ်တရက် လျစ်လျူရှုသော အမူအယာဖြင့် ပြောဆိုသည်။
"မင်းက တခြားတစ်ခုခုကို ပြောလိမ့်မယ်လို့ ငါ အစကက ထင်ခဲ့တာ... ဒါပေမဲ့ မင်းက ငါ့ကို ဆွဲဆောင်ဖို့အတွက် ဒီလိုပြင်ပအရာဝတ္ထုတွေကို သုံးဖို့စီစဉ်ထားတာပဲ... ငါက ဒီလို ပစ္စည်းဥစ္စာတွေကို ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား"
ထိုစကားကို ပြောဆိုပြီးနောက် ကျန်းကျွင်းဘုရင် မည်သို့ပင် ခုခံစေကာမူ လုယွီသည် သူ၏ လက်ကို စိတိဝိညာဉ်ပေါ်သို့ တိုက်ရိုက်ဖိနှိပ်လိုက်၏။
"မင်းက လောကနှစ်ခုတောင်တန်းရဲ့ အပြင်ဘက်က နတ်ဆိုးမျိုးနွယ်စုနဲ့ ပူးပေါင်းလိုက်တဲ့ အချိန်ကတည်းက မင်း သေသင့်နေခဲ့ပြီ"
စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းစနစ် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ကျန်းကျွင်းဘုရင်သည် သူ၏စိတ်ဝိညာဉ်ကို သန်းနှင့်ချီသောဓားများဖြင့် ပြင်းထန်စွာ ထိုးစိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းကျွင်းဘုရင်ထံမှ စူးရှသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး... မရေမတွက်နိုင်သော မှတ်ဉာဏ်များ သူ၏ စိတ်ထဲမှ အတင်းအဓမ္မ ထုတ်ယူခံလိုက်ရကာ လုယွီ၏ စိတ်ထဲသို့ ကျရောက်သွားသည်။
ကျန်းကျွင်းဘုရင် ကျိုးလင်၏ မွေးဖွားခြင်းမှ သူ၏ အဆက်မပြတ် ကြီးထွားလာခြင်းအထိ ကြီးမားကျယ်ပြန့်သော ဝိုးတဝါးမှတ်ဉာဏ်များသည် လုယွီ၏မျက်စိရှေ့တွင် ထွက်ပေါ်လာပေ၏။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာခန့် ကြာမြင့်ပြီးနောက် ကျန်းကျွင်းဘုရင်၏ရုန်းကန်ခြင်း ရပ်တန့်သွားသည်။ သို့ရာတွင် သူ့စိတ်ဝိညာဉ်၏မျက်လုံးများသည် ကြောင်စီစီဖြစ်နေပြီး စိတ်မနှံ့သူတစ်ယောက်အလားပင်။