အခန်း (၅၂၃၆-၅၂၄၀)
Vol. 265 Ch. 5236-5240
Chapter 5236
တခြားတပည့်လေးဦးထံတွင်လည်း စာနာသနားသော မျက်နှာအမူအယာများ ရှိနေသည်။
သူတို့သည်လည်း ဤလူငယ်လေးနှင့် ထပ်တူထပ်မျှ ခံစားနိုင်သည်။ အကယ်၍ သူတို့သာ ဒုက္ခအမြောက်အများကို ဖြတ်ကျော်ပြီး အောက်ခြေမှ တက်လာနိုင်ခဲ့သော်လည်း အဆုံးသတ်တွင် သူတော်စင်တစ်ပါးကို မတွေ့မြင်ရပါက သူတို့သည်လည်း လက်သင့်ခံနိုင်မည် မဟုတ်ချေ။
လုယွီ၏အကြည့်သည် ထိုကျောင်းတော်သားအနည်းငယ်ကို ကျော်ဖြတ်ပြီး ခြံဝန်းထံသို့ ကျရောက်သွားသည်။
"တပည့်လုယွီက ရွှမ်ရှန့်ကို တွေ့ဆုံခွင့် တောင်းခံပါတယ်...."
ကြည်လင်ပြတ်သားသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ကျိုးပဲ့နေသော မိုးမခပင်ကို တုန်ခါသွားစေသည်။
ကျောင်းသားငါးဦးသည် ထွက်ခွာသွားရန် ဟန်ပြင်နေကြသော်လည်း ထိုအသံကို ကြားလိုက်ချိန်၌ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ သူတို့သည် လုယွီကို ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။
"ဝင်ခဲ့ပါ"
ရွှမ်ရှန့်၏တည်ငြိမ်သော အသံက ခြံဝန်းအတွင်းမှ ထွက်ပေါ်လာသည်။
လုယွီသည် သူ၏ခြေထောက်ကိုမြှောက်ပြီး ခြံဝန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤခြံဝန်းကို ရိုးရှင်းသော နည်းလမ်းဖြင့် အလှဆင်ထားသည်အား သူ မြင်တွေ့လိုက်ရသည်။ ကောက်ရိုးတစ်စည်းကို နံရံဘေးတွင် ပုံထားပြီး ထိုအရာကို နှင်းလွှာတစ်လွှာ လွှမ်းခြုံထားသည်။
စာပေသူတော်စင်ရွှမ်ရှန့်သည် ခိုင်မာပြတ်သားသော မျက်နှာအမူအယာရှိသည့် ပိန်ပါးပါး အဘိုးအိုတစ်ဦးပင်။ သူသည် အိုမင်းနေပြီ ဖြစ်သော်လည်း သူ၏မျက်လုံးများသည် ကြယ်ပေါင်းထောင်နှင့်ချီ၍ ရောယှက်နေသကဲ့သို့ တောက်ပလင်းလက်နေသည်။
"အရှင်ဧကရာဇ်...ငါရဲ့ နိမ့်ကျတဲ့ နေရာလေးကို ရောက်လာတာက.....ဒီလူအိုကြီးရဲ့အိမ်လေးကို ဂုဏ်တက်စေပါတယ်"
ရွှမ်ရှန့်က တိတ်ဆိတ်မှုကို ဖြိုခွင်းရန်အတွက် အရင်ဦးဆုံး စကားပြောဆိုလိုက်သည်။
လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပြုပြီး အလျင်အမြန် ပြောဆိုလိုက်၏။
"ဒီနေ့ ကျွန်တော်က တပည့်တစ်ယောက်အနေနဲ့ လာတွေ့တာပါ... စီနီယာရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှင်ဧကရာဇ်လို့ မသုံးနှုန်းရဲပါဘူး"
သူ၏ရှေ့မှ စိတ်သဘောထားကောင်းမွန်သော အဘိုးအိုကို ကြည့်ရင်း လုယွီသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
အလယ်ခေတ်ကာလမှ အသက်ရှင်ကျန်ရစ်ခဲ့သော စာပေသူတော်စင် သုံးပါး ရှိသည်။ သူတို့မှာ စာပေသူတော်စင် ကျူးယွမ်ရှီ စာပေသူတော်စင် ဝမ်ပေါ်အန်းနှင့် စာပေသူတော်စင် ရွှမ်ရှန့်တို့ပင်။
ကျူးယွမ်ရှီသည် အတိတ်တွင် သေဆုံးသွားခဲ့ပြီး ဝမ်ပေါ်အန်းသည် ရီဟန် သောက်ရီနှင့် ကျန်းဟုန်တို့ကို သင်ကြားပေးပြီးနောက် လောကကြီးကို စွန့်ခွာသွားခဲ့သည်။ ဤလောကတွင် ရွှမ်ခွမ်းတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
သူသည် သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းအဆင့်ရှိသော အစွမ်းထက်သူတစ်ဦး ဖြစ်ပြီး သူ၏ ဉာဏ်ပညာနှင့် စွမ်းအားတို့ကြောင့် သူသည် စာပေသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ အချိန်အလွန်ကြာမြင့်နေလေပြီ။ လုယွီ၏ အတိတ်ဘဝကို မဆိုထားနှင့် ပထမမျိုးဆက် ထိုက်ချန်ဧကရာဇ် ကျိုးထျန်ယင်နှင့် တာယွီ၏ တည်ထောင်သူဧကရာဇ် မဟာဘိုးဘေးကြီးတို့ပင်လျှင် ရွှမ်ခွမ်းကို တွေ့ဆုံချိန်၌ စီနီယာဟု ရိုသေလေးစားစွာ ခေါ်ဝေါ်ရပေမည်။
ရွှမ်ခွမ်းက လုယွီကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။
"မင်းရဲ့ဆောင်းပါးအကြောင်း အရင်ပြောကြတာပေါ့... ကျန်းနန်က ငါ့ဆီ အသံပေးပို့မှုကို မပို့ဘဲ မနေနိုင်ခဲ့ဘူး"
ရွှမ်ရှန့်က ဖျော့တော့တော့အပြုံးဖြင့် ပြောဆိုသည်။ သူသည် လုယွီကို ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်ကာ အလွန်စိတ်ကျေနပ်နေပုံရသည်။
လုယွီသည် ဤနေရာသို့ ရောက်လာချိန်တွင် ဧကရာဇ်တစ်ပါး၏ ဟန်ပန်များကို ထုတ်မပြခဲ့ချေ။ သူသည် ရွှမ်ရှန့် သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း ဝင်ရောက်ခဲ့ခြင်းပင်။ ဤမတိုင်မီက ငယ်ရွယ်စဉ်မှာပင် နာမည်ကျော်ကြားခဲ့သော လုယွီအကြောင်းကို ရွှမ်ခွမ်း များစွာကြားဖူးခဲ့သည်။ လုယွီသည် ထိပ်သီးတည်ရှိမှုကြီးစာရင်းတွင် ပါဝင်နေသော်လည်း လူငယ်တစ်ယောက်ဟုသာ သူ အစဥ်အမြဲ ရှိနေတတ်သည်။ သို့ရာတွင် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် လုယွီက သူ့အား ပေးခဲ့သော အထင်အမြင်မှာ ထိုလူငယ်သည် တည်ငြိမ်ပြီး နှိမ့်ချကာ အလွန်ဉာဏ်ရည်ထက်မြက်သူတစ်ဦး ဖြစ်သည်ဟုပင်။ လုယွီထံ၌ မာန်မာနမရှိခြင်းက ရွှမ်ခွမ်းကို အလွန်စိတ်ကျေနပ်သွားစေခဲ့သည်။
ကျန်းနန်ဟူသည်မှာ တံခါးစောင့်နေသော ကွန်ဖြူးရှပ်ပညာရှင်ကို ရည်ညွှန်းခြင်းပင်။
လုယွီသည် ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ပြောဆိုလိုက်၏။
"ရှေးဟောင်းကွန်ဖြူးရှပ်ဂိုဏ်းရဲ့ သူတော်စင် ကုန်းချူက ပြောခဲ့တယ်... တကယ်လို့ လောကကြီးမှာ ကြီးမြတ်တဲ့ အုပ်ချုပ်မှုတစ်ခုကို လိုချင်တယ်ဆိုရင် ကျေးဇူးတရားကို ပြန်ပေးဆပ်ရမယ်... ဒီကျင့်ဝတ်ထုံးတမ်းက ကိုယ်ကျင့်တရားကို ရည်ညွှန်းပါတယ်... သူ့ရဲ့အမြင်အရဆိုရင် ကိုယ်ကျင့်တရားကလွဲလို့ အရာရာကို ပြုပြင်ပေးနိုင်တဲ့ လောကီလောကကြီးရဲ့စွမ်းအားက မလုံလောက်ဘူး... ကုန်းချူက ပြောခဲ့တယ်.....'တာအိုက အကျင့်သီလအပေါ် အခြေခံတယ်....ဒါပြင် လေးစားမှုပေးဖို့အတွက် အကျင့်သီလကို အသုံးပြုတယ်...ရှက်ရွံစရာရှိရင် ဧကရာဇ်တောင် ရှက်ရွံတတ်ရတယ်'... ဧကရာဇ်တွေက မှန်ကန်တဲ့ လမ်းစဉ်ကို လုပ်ဆောင်သရွေ့ ပြည်သူတွေကို အမိန့်ပေးဖို့ မလိုဘူး... သူ့ရဲ့နောက်ကို လိုက်ပါတဲ့လူတွေက တိမ်တိုက်တွေလို များပြားလာလိမ့်မယ်"
စာပေသူတော်စင်ရွှမ်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ... မင်း ဆက်ပြောပါ..."
"နောက်ပိုင်းမှာ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ဆက်ခံသူ စာပေသူတော်စင်မန်ခဲက မေတ္တာကိုရှေ့တန်းတင်တဲ့ အုပ်ချုပ်မှုနဲ့ ဦးစီးခဲ့တယ်... ဒီအရာရဲ့ သော့ချက်က အနှစ်သာရအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းတဲ့ ထုံးတမ်းနဲ့ ဆင်တူပါတယ်... ပထမဦးအနေနဲ့ ထန်အင်ပါယာက သူတို့ရဲ့ သုံးနှစ်တာ ဝမ်းနည်းပူဆွေးခဲ့မှုကာလ ပြီးတာနဲ့ လယ်ယာမြေစနစ်ကို ပြန်ပြီးထူထောင်ခဲ့တယ်... အရာအားလုံးက ရှေးဟောင်းကျင့်ဝတ်ထုံးတမ်းကို ပြန်လည်ထူထောင်တဲ့ ဦးတည်ချက်ဆီ ရွေ့လျားနေတာပါ"
"ထန်အင်ပါဟာ ပျက်စီးတော့မယ့်အချိန်မှာ ဧကရာဇ်က စာပေသူတော်စင်မန်ဆီ အကူအညီတောင်းတယ်... မန်ခဲက ပြောခဲ့တယ်... တကယ်လို့ သူသာ မေတ္တာနဲ့အုပ်ချုပ်မှုကို လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေက သူ့နောက်ကို လိုက်ကြလိမ့်မယ်တဲ့... သူက အသေးစိတ် အစီအစဉ်ကို မပေးခဲ့ဘူး... မန်ခဲမှာ ကြီးမားတဲ့စွမ်းအားတွေရှိပေမယ့် ထန်အင်ပါယာ ပျက်စီးသွားတာကို မတားဆီးနိုင်ခဲ့ဘူး... သူက အင်ပါယာပျက်စီးသွားတာကိုပဲ ကြည့်နေနိုင်ခဲ့တယ်... အဲ့ဒါက အသုံးမဝင်ခဲ့ဘူး... ကျူရှန့် ပြောဖူးတယ် - 'မန်ခဲ ပြောတာက လောကရဲ့ သာမန်အမြင်အပေါ် အခြေခံတယ်... သူ့မှာ အစီအစဉ် မရှိဘူးလို့ ပြောလို့ရတယ်'... သူက အတိတ်ကို ပြန်လည်ရှင်သန်ဖို့ အမြဲတောင်းဆိုခဲ့ပြီးတော့ သူ လုပ်နိုင်ခဲ့တာက ကိုယ်ကျင့်တရားရဲ့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးကို လိုက်စားခြင်းပဲ... ဒါပေမဲ့ အဲ့ဒါက လောကအတွက် ဘာအကျိုးမှ မရှိခဲ့ပါဘူး"
လုယွီ၏ မျက်လုံးများ တောက်ပလာသည်။
"အလယ်ခေတ်ကာလက ပရမ်းပတာဖြစ်မှုတွေကနေ သက်သေပြနေတာက ကျင့်ဝတ်ထုံးတမ်းအဟောင်းတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး ဆိုတာပဲ...တကယ်လို့ ကျွန်တော်တို့က ဒီလောကမှာ ဆက်လက်ရှိနေချင်ရင် ကျင့်ဝတ်ထုံးတမ်းအသစ်တစ်ခုပဲ ရှိပါတယ်"
"အော်... မင်းရဲ့အမြင်အရဆိုရင် ကျင့်ဝတ်ထုံးတမ်းအသစ်ဆိုတာက ဘာလဲ"
ရွှမ်ရှန့်က မေးလိုက်သည်။
"ကုန်းချူက ပြောခဲ့တယ် ... 'တကယ်လို့ ပြစ်ဒဏ်က မကောင်းရင် ပြည်သူတွေက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ....ရှေးခေတ်ကာလက ရှေးဟောင်းထုံးတမ်းစဉ်လာတွေကို လိုက်စားခဲ့တဲ့ သူတော်စင်တွေတောင်မှ... ပြီးတော့ ပြစ်ဒဏ်ပေးခြင်းရဲ့ အရေးပါမှုကို ငြင်းပယ်မှာ မဟုတ်ဘူး... ကျင့်ဝတ်ထုံးတမ်းဆိုတာက သက်ရှိအားလုံးကို တစ်ချိန်တည်း ကန့်သတ်ထိန်းချုပ်ဖို့ ပြစ်ဒဏ်နဲ့ကိုယ်ကျင့်တရား နှစ်ခုလုံး လိုအပ်တယ်... ကိုယ်ကျင့်တရားက ရှုထောင့်တစ်ဖက်ဖြစ်ပြီး ပြစ်ဒဏ်က တစ်ဖက်ပဲ... ရှေးခေတ်အချိန်ကာလတုန်းက အုပ်ထိန်းသူမရှိဘဲ ထားခဲ့တဲ့ အရာတွေက ဒဏ္ဍာရီတွေသက်သက်ပဲ... အလယ်ခေတ်ကာလက စတင်ပြီးတော့ အရပ်မျက်နှာအဘက်ဘက်မှာရှိတဲ့ သူရဲကောင်းတွေက အတူတကွ စတင်လုပ်ဆောင်ခဲ့ကြတယ်... စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်က တကယ်လို့ သူ့ကို ထိန်းချုပ်ကန့်သတ်နိုင်တဲ့ ပိုပြီးသန်မာတဲ့ အရာတစ်ခုသာ မရှိဘူးဆိုရင်...သူက ထင်ရာစိုင်းနိုင်ပြီးတော့ ဘယ်သူမှ သူ့ကို အပြစ်မပေးနိုင်ဘဲ လူတွေကို လက်လွတ်စပယ် သတ်ဖြတ်နိုင်လိမ့်မယ်... ကိုယ်ကျင့်တရားတွေက အဲ့ဒီလိုအရာမျိုးကို ထိန်းချုပ်ဖို့ မလုံလောက်ဘူး... ကျွန်တော့်ရဲ့အမြင်အရဆိုရင် ထုံးတမ်းစဉ်လာအားလုံးက လက်တွေ့ဘဝနဲ့ ကိုက်ညီသင့်ပါတယ်... လက်တွေ့ဖြစ်စဥ်တွေကနေ အမှန်တရားကို ရှာဖွေရမယ်"
လုယွီက တောက်ပနေသော မျက်လုံးတစ်စုံဖြင့် ရွှမ်ရှန့်ကို ကြည့်လိုက်သည်။
"ဒါကို ရိုးရိုးရှင်းရှင်းနဲ့ အနှစ်ချုပ်ရရင် စာလုံးနည်းနည်းပဲရှိတယ်..."
"လက်တွေ့ကျကျ ကျင့်သုံးခြင်းကသာ အမှန်တရားပဲ"
ဤစကားကို လုယွီ ပြောဆိုလိုက်စဥ်တွင် မိုးကောင်းကင်တာအို၏ အသံအလား ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များက ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်၌ ပေါ်ပေါက်လာသည်။
ယခုအချိန်သည် ဆယ့်နှစ်လပိုင်းဖြစ်ကာ ဆောင်းရာသီ ဖြစ်သော်လည်း သစ်ပင်များသည် စိမ်းလန်းစိုပြေလာပြီး ပန်းများ ရာနှင့်ချီ၍ ပွင့်လန်းလာကြသည်။
ကျိရှာကျောင်းတော်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏အိမ်များမှ ပြေးထွက်လာကြ၏။ သူတို့သည် အရပ်မျက်နှာအဘက်ဘက်၌ ဖြစ်ပွားသွားခဲ့သော ထိတ်လန့်ဖွယ်မြင်ကွင်းကို အံ့အားသင့်မှင်သက်သော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
Note...ရှန့်က သူတော်စင်ပါ...စာရေးရတာရှည်လို့ တချို့နေရာတွေမှာ ရွှမ်ရှန့် ရီရှန့်လို့ အသုံးပြုပါမယ်
Chapter 5237
ကောင်းကင်နှင့်မြေပြင်တွင် ရုတ်တရက် ဖြစ်ပေါ်လာသော သဘာဝလွန်ဖြစ်စဉ်ကြောင့် လူများအားလုံး အံ့အားသင့်သွားကြသည်။
လုယွီ၏အသံသည် တိမ်တိုက်အလွှာများကို ဖြတ်သန်း၍ ကောင်းကင်ဘုံအထက်ရှိ အင်မော်တယ်နန်းတော်ထံသို့ ထွင်းဖောက်သွားသည့် အမြင့်မြတ်ဆုံးသော အမှန်တရားတစ်ခု ပါဝင်နေသည့်အလားပင်။
ထိုကဲ့သို့ မြင်ကွင်းမျိုးကို များသောအားဖြင့် ရှေးဟောင်းကျမ်းစာအုပ်တချို့တွင်သာ မှတ်တမ်းတင်ထားလေ့ရှိသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးတချို့သည် ကောင်းကင်နှင့်မြေပြင်၏ အမှန်တရားကို နားလည်သဘောပေါက်ချိန်တွင် သူတို့သည် လောကကြီး၏ဥပဒေသများနှင့် ပဲ့တင်ထပ်ကာ အဆုံးသတ်တွင် သဘာဝလွန်ဖြစ်စဉ်များကို ဖြစ်ပေါ်လာစေသည်ဟူသော ကောလာဟလများ ရှိခဲ့သည်။
ပုံမှန်မဟုတ်သော သဘာဝလွန်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတိုင်း ထိုအရာကို သမိုင်းမှတ်တမ်းများတွင် ထည့်သွင်းမှတ်တမ်းတင်လေ့ရှိပြီး ထာဝရတည်တံ့စေရန် လက်ဆင့်ကမ်းခဲ့ကြ၏။
ရွှမ်ရှန့်သည် မိုးကောင်းကင်ယံတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသော လုယွီ၏အသံကို ကြောင်ငေးကြည့်နေမိသည်။ အတိတ်ကို လွမ်းဆွတ်တမ်းတမှု တစ်စွန်းတစ်စသည် သူ၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။
"ဒါကို သိဖို့ လွယ်ကူပေမယ့် လုပ်ဆောင်ဖို့ ခက်ခဲတယ်... မင်းက ဒီအကြောင်းကို တွေးတောနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရွှမ်ရှန့်သည် စကားပြောပြီးနောက် အတိတ်က အဖြစ်အပျက်အချို့ကို ပြန်မတွေးဘဲ မနေနိုင်တော့ချေ။ သူ၏မျက်လုံးများသည် အနည်းငယ် ရီဝေသွားပေ၏။
"ပြောပါအုံး... မင်း ဘာလို့ ငါ့ကို လာရှာတာလဲ"
လုယွီသည် အချိန်အတော်ကြာ တွေးတောပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"ကျွန်တော်က ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်ဆိုတာ သူတော်စင်ရွှမ် သိမှာပါ... ဒါက ကျွန်တော့်ဘဝရဲ့ အချိုးအကွေ့တစ်ခုပဲ... ဒီအမွေအနှစ်ကြောင့်ပဲ ကျွန်တော်က ရှေးဟောင်း အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့တယ်"
ဤကိစ္စနှင့်ပတ်သက်ပြီး လုယွီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ချေ။
တောက်ပသောအလင်းတန်းတစ်တန်းက ရွှမ်ရှန့်၏မျက်လုံးများထဲတွင် ဖြတ်သန်းသွားပြီး သူက ပြောဆိုသည်။
"ဒါကြောင့် အဲ့ဒီလိုဖြစ်နေတာကိုး... မင်း ဒီကို ရောက်လာတုန်းက မင်းဆီမှာ အင်မော်တယ်ချီတွေ ပြည့်နှက်နေပြီးတော့ တိမ်တိုက်တွေပေါ်မှာ မတ်တတ်ရပ်နေတာကို ငါ မြင်ယောင်ခဲ့တယ်... မင်းက တခြားကျင့်ကြံသူတွေနဲ့ မတူဘူးလို့ ငါ အမြဲခံစားမိတယ်... ရှေးဟောင်းစာပေတွေအရ ရှေးဟောင်းခေတ်ရဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာ အစစ်အမှန်အင်မော်တယ်တွေ မရှိတော့ဘူးလို့ ဆိုကြတယ်... မင်းအနေနဲ့ ဒီလိုကံကောင်းမှုမျိုးကို ပိုင်ဆိုင်ထားတာ တကယ့်ကိုမလွယ်ကူဘူး"
ရွှမ်ရှန့်၏မျက်လုံးများသည် ကြည်လင်ပြတ်သားနေပြီး ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ကျင့်ကြံဆင့်အရ သူသည် လောကီအရေးကိစ္စများ၏သက်ရောက်မှုကို မခံရနိုင်ချေ။
"ကျွန်တော် လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ချိန်တုန်းက မိုးကောင်းကင်ရဲ့အထက်မှာ လူတစ်ယောက် ပေါ်လာခဲ့တယ်... ဒီလောကကြီးက အစစ်အမှန်အင်မော်တယ်တွေကို တည်ရှိခွင့်မပြုဘူးလို့ သူ ပြောခဲ့တယ်... ဒါပေမဲ့ အဲ့တုန်းက စီနီယာတစ်ယောက်ရဲ့ အကူအညီကြောင့် ကျွန်တော် အသက်ရှင်နိုင်ခဲ့တာပဲ"
"အဲ့ဒီနေ့တုန်းက ကျွန်တော်က စစ်တပ်ကို ဦးဆောင်ပြီး ထန်စစ်တပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့တယ်... ကျွန်တော် အဆင့်တက်တဲ့အချိန်မှာ ပြင်ပလေဟာနယ်က ကောင်းကင်ဘုံမျက်လုံးကို ဆင့်ခေါ်ခဲ့မိတယ်... ကောင်းကင်ဘုံမျက်လုံးက ကျွန်တော့်ကို ချေမှုန်းချင်နေခဲ့တာကြောင့် ...ကျွန်တော်က မသေမျိုးအဆင့်မှော်လက်နက်ကို ဖောက်ခွဲပြီး အဲ့ဒီကောင်းကင်ဘုံမျက်လုံးကို မောင်းထုတ်ခဲ့ရတယ်"
လုယွီက မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်ပြပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒီ မိုးကောင်းကင်ရဲ့အထက်မှာ ပုန်းအောင်းနေပြီးတော့ ကောင်းကင်ဘုံနယ်မြေကို အချိန်တိုင်း စောင့်ကြည့်နေတဲ့ မူလဘူတသက်ရှိတစ်ကောင် ရှိနေတယ်"
အေးမြသော လေပြေတစ်ချက် တိုက်ခတ်သွားပြီး နှင်းမှုန်များကို ပျံ့လွင့်သွားစေသည်။
အချိန်အတော်ကြာပြီးနောက် ရွှမ်ရှန့်က ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"ကျွန်တော်က အဲ့ဒီမူလဘူတသက်ရှိကို သတ်ပြီး ဒီလောကကြီးကို ချိတ်ပိတ်ထားတဲ့ လှောင်အိမ်ကို ရိုက်ချိုးချင်တယ်"
လုယွီ၏လေသံသည် ရွှမ်ရှန့်နှင့် ပြောဆိုနေသည့်တိုင် အလွန်အမင်း တည်ငြိမ်နေသည်။
"ဒါက လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး... ရှေးဟောင်းသက်ရှိရဲ့ စွမ်းအားက ငါတို့ စိတ်ကူးနိုင်တာထက် ကျော်လွန်နေတယ်"
ရွှမ်ရှန့် ခေါင်းခါလိုက်သည်။
"အဲ့တုန်းက ညီအကိုဝမ်ပေါ်အန်းလည်း ကြိုးစားခဲ့ဖူးပေမယ့် အဆုံးသတ်မှာ သူ သေဆုံးသွားခဲ့ရတယ်... မင်းက ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက် ဖြစ်နေပြီ... ဒါက ကြီးကျယ်ခမ်းနားတဲ့ ခေတ်ကာလတစ်ခုပဲ... မင်း ဘာလို့ စွန့်စားမှာလဲ"
ရွှမ်ရှန့်၏စကားများသည် နတ်ဘုရားလမ်းစဉ်၏လျှို့ဝှက်ချက်များကို ထိတွေ့နေလေပြီ။
စာပေသူတော်စင် ဝမ်ပေါ်အန်း၏ သေဆုံးမှုသည် အမှန်တကယ်ကို မူလဘူတသက်ရှိများနှင့် ဆက်စပ်နေကြောင်း မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ချေ။
"ဒါက အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ဒီလောကမှာ တစ်ယောက်ယောက်ကတော့ ဒီအလုပ်ကို လုပ်မှ ရလိမ့်မယ်"
လုယွီသည် မိုးကောင်းကင်မှ ကျဆင်းနေသော နှင်းပွင့်များကို ကြည့်ပြီး ပြောဆိုလိုက်၏။
"ကျွန်တော်က ယင်ယန်ကျမ်းစာကနေတစ်ဆင့် အချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းသွားလာခဲ့ဖူးပြီးတော့ လောကနှစ်ခုတောင်တန်းရဲ့ အပြင်ဘက်က အမှန်တရားကို မြင်ခဲ့ရတယ်"
နတ်ဘုရားစိတ်အာရုံတစ်ခုက ရွှမ်ရှန့်၏ရှေ့သို့ ကျရောက်လာသည်။
နောက်ထပ်အချိန်ခဏတွင် ရွှမ်ရှန့်သည် ရှေးဟောင်းစစ်မြေပြင်တစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာပတ်ဝန်းကျင်တဝိုက်လုံး အဆုံးမဲ့သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေပုံရသည်။ စစ်သည်များနှင့် စစ်သားများသည် ရဲရင့်စွာ ချီတက်နေကြ၏။ လူသားမျိုးနွယ်သည် လောကနှစ်ခုတောင်တန်းကို ထိုးဖောက်ကျော်လွန်ကာ တောင်တန်း၏အခြားတစ်ဖက်သို့ ရောက်ရှိနေကြလေပြီ။
လူသားမျိုးနွယ်သည် လမ်းတလျှောက် တိုက်ခိုက်သတ်ဖြတ်ကာ ကောင်းကင်ဘုံအထိ လမ်းဖောက်နိုင်ခဲ့ကြသည်။
လူသားမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်ကို ပြန်လည်၍ တုံ့ပြန်တိုက်ခိုက်ခဲ့ကြ၏။
ဤတိုက်ပွဲတွင် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများ သတ်ဖြတ်ခံခဲ့ရပြီး မရေမတွက်နိုင်သော နတ်ဆိုးဘိုးဘေးများ ကျဆုံးခဲ့ရသည်။
Chapter 5238
ထို့နောက် ချက်ချင်းဆိုသလိုပင် ရှေးဟောင်းနတ်ဆိုးများဘက်မှ မူလဘူတသက်ရှိတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
နွားရိုင်းစီးထားသော အဘိုးအိုတစ်ဦး၏ အသွင်အပြင်သည် လူသားမျိုးနွယ်၏ တိုက်ခိုက်မှုအားလုံးကို အဆုံးသတ်စေခဲ့ပြီး သူသည် အင်ပါယာတစ်ခုလုံးကိုပင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။
လူသားဧကရာဇ်သည် သူ၏ရုပ်ခန္ဓာကိုယ်ကို လောင်ကျွမ်းခဲ့လေ၏။ သိုင်းအာဏာရှင်နယ်ပယ်၏ အမြင့်မြတ်ဆုံးသောစွမ်းအားများဖြင့် သူသည် နွားရိုင်းစီးထားသော အဘိုးအိုကို ချိတ်ပိတ်ခဲ့သည်။
မရေမတွက်နိုင်သော မြင်ကွင်းများသည် မီးအိမ်များအလား ရွှမ်ရှန့်၏မျက်လုံးများရှေ့တွင် ဖြတ်သန်းသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ အချိန်ကာလ၏ အနိမ့်အမြင့်များကို ကြုံတွေ့ခဲ့ရသော ရွှမ်ရှန့်ပင်လျှင် နေရာမှာပင် ကြက်သေသေသွားပေ၏။ အချိန်အတော်ကြာမှသာ သူ သတိပြန်ဝင်လာခဲ့သည်။
"ကျွန်တော်က အောက်ဘုံရဲ့ စွန့်ပစ်နယ်မြေတစ်ခုမှာ မွေးဖွားခဲ့တာ... အဲ့ဒီမှာ ကောင်းကင်ဘုံတာအို ဥပဒေသတွေရဲ့ ကန့်သတ်ချက်တွေ ရှိတယ်... ကျင့်ကြံသူတွေအားလုံးက တာအိုရရှိဖို့ ကြိုးစားပေမယ့် သူတို့ဘဝရဲ့ ပထမခြေလှမ်းမှာတင် ရပ်တန့်သွားကြရတယ်"
"နောက်ပိုင်းမှာ ကျွန်တော်က တောင်ပိုင်းစွန့်ပစ်နယ်မြေကနေ အလယ်ပိုင်းကုန်းမြေကို ရောက်လာခဲ့တယ်... ကျွန်တော်ရဲ့ ကျင့်ကြံဆင့်က နောက်ဆုံးတော့ တိုးတက်လာနိုင်ခဲ့တယ်... ဒါပေမဲ့ အောက်ဘုံက မမြင်နိုင်တဲ့ ဥပဒေသတစ်ခုရဲ့ ကန့်သတ်တာကို ခံနေရတုန်းပဲဆိုတာ ကျွန်တော် တွေ့ရှိခဲ့တယ်... အမြင့်ဆုံးကျင့်ကြံဆင့်ရှိတဲ့ လူတစ်ယောက်တောင်မှ လေလွင့်အင်မော်တယ်နယ်ပယ်မှာပဲ ပိတ်မိနေနိုင်ပြီးတော့ တစ်လက်မလေးတောင် ရှေ့ဆက်မတိုးနိုင်တော့ဘူး... ဘာလို့လဲဆိုတော့ သူတို့ရဲ့ခေါင်းပေါ်မှာ သူတို့ မချိုးဖျက်နိုင်တဲ့ အချုပ်အနှောင်တစ်ခု ရှိနေလို့ပဲ... သူတို့ထဲကလူအများစုက ဆံပင်ဖြူလာပြီးတော့ အိုမင်းရင့်ရော်ပြီး သေခါနီးဖြစ်နေကြပေမယ့် ဒီအချုပ်အနှောင်ကို မဖြေရှင်းနိုင်ကြသေးဘူး"
"တစ်နေ့မှာတော့ ကျွန်တော်က ကောင်းကင်ဘုံနယ်မြေကို ရောက်လာခဲ့တယ်... ဒါပေမဲ့ ဒီလောကရဲ့အမှန်တရားကို ကျွန်တော် ပိုပြီးနားလည်လာလေလေ ဒီလောကကြီးက မျှော်လင့်ချက်မဲ့မှုတွေနဲ့ ပြည့်နှက်နေတာကို ကျွန်တော် ပိုပြီးတွေ့ရှိလာလေလေပဲ... ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေက သူတို့ကိုယ်သူတို့ စစ်တုရင်ကစားသူတွေလို့ ခေါ်ကြပြီး သက်ရှိတွေအားလုံးက စစ်တုရင်နယ်ရုပ်တွေပဲ... သူတို့က မြင့်မြတ်ပြီး အင်အားကြီးမားတယ်... ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့တွေအားလုံးက လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပုရွက်ဆိတ်တွေပဲ.. အလယ်ခေတ်ကာလက ကျင့်ကြံသူတွေ ဝေဖန်ပြီးတော့ ပယ်ချခဲ့ကြတဲ့ မိုးကောင်းကင်တာအို ဆိုတာက လူတွေအားလုံးကို ကာကွယ်ဖို့ တည်ရှိနေခဲ့တာပဲ"
ရွှမ်ရှန့်သည် စကားတစ်ခွန်းမျှ မပြောဘဲ လုယွီ၏ဇာတ်လမ်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
လုယွီက ဆက်လက်၍ ပြောဆိုသည်။
"ကျွန်တော် ယင်ယန်ကျမ်းစာကို ဖြတ်သန်းပြီးတော့ ရှေးဟောင်းခေတ်ကို ပြန်ရောက်သွားတုန်းက....ရှေးဟောင်းသက်ရှိတွေရဲ့ ရှေ့မှာ ပြန်ပြီးတိုက်ခိုက်ဖို့ အခွင့်အရေးမရှိတဲ့ စွမ်းအားကြီးမားတဲ့ လူသားဧကရာဇ်နယ်ပယ် စစ်သည်တော်ကို မြင်ခဲ့ရတယ်... ကျွန်တော် အခု သိသွားပြီ... ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်နဲ့ စွမ်းအားအပေါ် အမြဲတမ်း ယုံကြည်မှု ရှိနေခဲ့တာတွေက ရယ်စရာပြက်လုံးတစ်ခု သက်သက်ပဲ"
"မိုးကောင်းကင်တာအိုက အမြဲတမ်း တည်ရှိနေမှာ မဟုတ်သလို လောကနှစ်ခုတောင်တန်းကလည်း ထာဝရ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... နွေဦးဆောင်းဦးကျမ်းစာရဲ့ စွမ်းအားတွေ လုံးဝပျက်ပြယ်သွားတဲ့အချိန်မှာ လူသားမျိုးနွယ်က ဘာကိုထုတ်ပြနိုင်အုံးမှာလဲ... ကျွန်တော်တို့က နောက်ထပ်စာပေသူတော်စင်တစ်ပါးကို စတေးရအုံးမှာလား"
"ကျွန်တော်က တာယွီတော်ဝင်နန်းတွင်းရဲ့ နေရာတိုင်းကို တင်းကြပ်တဲ့ နည်းလမ်းနဲ့ ခြိမ်းခြောက်ခဲ့တယ်... အစိုးရစနစ်သစ်ကို အကောင်အထည်ဖော်တာပဲဖြစ်ဖြစ် အင်အားကြီးမားတဲ့ ဂိုဏ်းတွေကို နှိပ်ကွပ်တာပဲဖြစ်ဖြစ် ဒါတွေအားလုံးက လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပဲ... လူသားဧကရာဇ်က မဟာချင်ကျမ်းစာထဲမှာ 'မဟာချင်က ပြည်သူတွေ နဂါးတွေလို ဖြစ်ကြပါစေ' လို့ ပြောခဲ့ဖူးတယ်... ဒါက ကာလတိုအတွင်းမှာ အောင်မြင်နိုင်တဲ့ ပန်းတိုင်တစ်ခု မဟုတ်ပေမယ့် ကျွန်တော်က အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ချင်သေးတယ်... ကောင်းကင်ဘုံနယ်မြေရဲ့ စုစုပေါင်းစွမ်းအားကို အမြန်ဆုံးတိုးမြှင့်ချင်တယ်... လောကနှစ်ခုတောင်တန်းက တကယ်တမ်း မတားဆီးနိုင်တော့တဲ့အချိန်ကျရင် ကောင်းကင်ဘုံနယ်မြေက လူသားမျိုးနွယ်တစ်ခုလုံး ပြိုလဲမသွားဖို့ ကျွန်တော် မျှော်လင့်မိတယ်"
ရွှမ်ရှန့်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"မင်းရဲ့မူဝါဒတချို့က တကယ့်ကို ထူးခြားတယ်လို့ လီစစ်ဆီကနေ ငါ ကြားထားတယ်... ငါက ရီဟန်နဲ့ သူ့ရဲ့အတွေးအမြင်တွေအကြောင်း ပြောခဲ့ဖူးတယ်... ငါ့ရဲ့အမြင်အရဆိုရင် အဲ့ဒါတွေအားလုံးက ဆန်းသစ်ပေမယ့် ဖန်တီးနိုင်စွမ်းကောင်းတယ်... အဲ့ဒါတွေက အံ့အားသင့်စရာကောင်းတဲ့ သက်ရောက်မှုလည်း ရှိတယ်... သူ့ရဲ့တပည့်အနေနဲ့ မင်းလည်း သူ့ရဲ့အတွေးအမြင်တချို့ကို လိုက်နာကျင့်သုံးခဲ့ပုံရတယ်"
"ဒါပေမဲ့..."
ရွှမ်ရှန့်က ရုတ်တရက် ရပ်တန့်လိုက်ပြီး လုယွီကို သူ၏ဝေဝါးနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်း အရမ်း လောလွန်းတယ်လို့ မထင်ဘူးလား"
"ကျွန်တော် မစောင့်နိုင်တော့ဘူး... လူသားမျိုးနွယ်က မစောင့်နိုင်တော့ဘူး... ကောင်းကင်ဘုံနယ်မြေက မျိုးနွယ်စုတွေအားလုံးလည်း... မစောင့်နိုင်ကြတော့ဘူး"
လုယွီက ပြောဆိုသည်။
ဤစကားကို ကြားချိန်တွင် ရွှမ်ရှန့်သည် အံ့အားသင့်သွားခြင်းမရှိချေ။
သူ၏မှတ်ဉာဏ်ထဲ၌ သူ့အား ဤစကားအတိုင်း ပြောခဲ့ဖူးသူ တစ်ဦးလည်း ရှိခဲ့ဖူးပေ၏။
ထိုအဖြစ်အပျက် ဖြစ်ပျက်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ထိုအရာသည် ရွှမ်ရှန့်၏ ကျယ်ပြန့်သောမှတ်ဉာဏ်များ၏ ထောင့်တစ်ခုတွင် အစဥ်အမြဲ ပုန်းအောင်းနေခဲ့သည်။ တစ်ခါတစ်ရံတွင် မှတ်ဉာဏ်များသည် မသိလိုက်ဘဲ ပေါ်လာတတ်သော ရေစုပ်ဝဲတစ်ခုအလား လူတစ်ဦးကို ထိုအရာအတွင်းသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားစေသည်။
Chapter 5239
စာပေသူတော်စင်တစ်ပါးဖြစ်သည့်တိုင် ရွှမ်ရှန့်သည် အမှန်တကယ်ကို အချိန်အတော်ကြာ တွေဝေမိန်းမောနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူ၏မျက်လုံးများသည် တဖြည်းဖြည်း ပြန်လည်၍ကြည်လင်လာပြီး သူ၏အကြည့်သည် လုယွီအပေါ်သို့ တစ်ဖန်ပြန်၍ ကျရောက်လာပေ၏။
အပြင်ဘက်တွင် လေနှင့်နှင်းများ စုဝေးစပြုလာသော်လည်း ခြံဝန်းအတွင်းတွင်မူ မမြင်နိုင်သော စွမ်းအားတစ်ရပ် စုဝေးနေသည့်အလား ပြင်ပလောကမှ ပြင်းထန်သောလေနှင့်နှင်းများကို သီးခြားခွဲထုတ်ထားသည်။
"မင်း ဒီကိစ္စကို လုပ်ဖို့ ရည်ရွယ်ထားပြီးမှတော့ ငါ တားဆီးနိုင်တော့မှာ မဟုတ်ဘူး... ဒီလောကမှာ ဘယ်သူမှ မင်းကို တားဆီးနိုင်မှာ မဟုတ်ဘူး"
ရွှမ်ရှန့်က ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ၏မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ ဖြတ်ပြေးသွားသည်။
လောကကြီးသည် ကျယ်ပြောလှပြီး လောကရှိ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ အတိတ်က မြင့်မားသော ရည်မှန်းချက်များသည် အချိန်ကာလ ကုန်ဆုံးသွားသည်နှင့်အမျှ ကုန်ဆုံးသွားခဲ့လေပြီ။ ယခုချိန်၌ သူသည် လုယွီ၏ ငယ်ရွယ်သော မျက်နှာကို ပြန်မြင်လိုက်ရချိန်တွင် အတိတ်မှ သူကိုယ်သူ ပြန်သတိရမိသည်။
"မင်း ဒီနေရာကို လာတဲ့ ရည်ရွယ်ချက်ကို ငါ သိတယ်... ငါ့မှာ ဘာမှမရှိဘူး...ငါ့ရဲ့ဘဝတစ်ဝက်ကို ကုန်ဆုံးခဲ့ပြီးပြီ... ငါက ကျမ်းစာတစ်စောင်ပဲ မင်းကို ပေးနိုင်တော့မယ်... ဆောင်းရာသီ ကုန်ဆုံးပြီး နွေဦးကိုရောက်လာတော့မယ်... နှစ်ပေါင်းတစ်သောင်း ကြာပြီးတဲ့နောက်မှာ ငါတို့ ပြန်ဆုံတွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ ငါ မျှော်လင့်မိတယ်"
ရွှမ်ရှန့်က အဆုံးမဲ့သန့်စင်သောအလင်းရောင်ဖြင့် ရစ်သိုင်းလွှမ်းခြုံနေသည့် ထူထပ်သော ကျမ်းစာတစ်စောင်ကို လုယွီ၏လက်ထဲသို့ ပေးပို့လိုက်သည်။
လုယွီသည် ထိုကျမ်းစာကို လက်ခံရရှိပြီးနောက် ဧရာမတောင်ကြီးတစ်လုံးကို သယ်ဆောင်ထားရသည့်အလား အလွန်လေးလံနေသည်ကို ခံစားမိသည်။
ထိုကျမ်းစာပေါ်တွင် "ရွှမ်ဇီ" ဟူသော စာလုံးများကို ရှေးဟောင်းအက္ခရာများဖြင့် ရေးသားထားသည်။
ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ပြီး သာမန်မသေမျိုးအဆင့် မှော်လက်နက်တစ်ခုထက်ပင် ပို၍တန်ဖိုးရှိကြောင်း လုယွီ သိရှိပေ၏။
ဤသည်မှာ စာပေသူတော်စင်တစ်ပါး၏ ဉာဏ်ပညာအနှစ်သာရဖြစ်ပြီး စာလုံးတိုင်း အလွန်တန်ဖိုးရှိသည်။ ထိုစာလုံးတစ်လုံးစီတိုင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်၏ အမြင့်မြတ်ဆုံးသော သူတော်စင်စွမ်းအားများ ပါဝင်နေသည်။ ထို့ပြင် ဤအရာသည် မိတ္တူကူးထားသော အရာမဟုတ်ဘဲ မူရင်းဖြစ်သဖြင့် ပို၍ပင် တန်ဖိုးရှိပေ၏။
"ဒီတပည့်ကို လက်ဆောင်ပေးတဲ့အတွက် သူတော်စင်ရွှမ်ကို ကျေးဇူးတင်ပါတယ်"
လုယွီက ရွှမ်ရှန့်ကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်သည်။
လုယွီ၏စိတ်ထဲတွင် ဤဒဏ္ဍာရီလာ စာပေသူတော်စင်အပေါ် ရိုသေလေးစားမှုများရှိသည်။ ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း ရွှမ်ရှန့်သည် သူ့အား ဤမျှ ထိ အဖိုးတန်သော လက်ဆောင်ကို ပေးအပ်ခဲ့သည်။ ဤသည်မှတဆင့် ရွှမ်ရှန့် သူ့အပေါ် မည်မျှထိအလေးထားကြောင်း ပြသနေသည်။
ဤသည်မှာ အလွန်တန်ဖိုးရှိသော ဝှက်ဖဲတစ်ခုပင်။ ဤဝှက်ဖဲဖြင့် လုယွီသည် အကျဥ်းအကျပ်အခြေအနေများ၌ အသက်ရှင်သန်ရန် အခွင့်အရေးတစ်ခု ထပ်မံ၍ရရှိလာခဲ့သည်။
...
လုယွီသည် ဤနေရာတွင် ပြိုင်ဘက်ကင်း စာပေသူတော်စင်နှင့် ရက်အနည်းငယ်ကြာအောင် စကားစမြည်ပြောဆိုခဲ့သည်။ ထို့နောက် သူသည် ကျိရှာကျောင်းတော်တွင် သုံးရက်ကြာ ဟောပြောခဲ့လေ၏။
ဤသုံးရက်အတွင်း မရေမတွက်နိုင်သော ကျောင်းသားများက လုယွီကို မေးခွန်းများ မေးမြန်းခဲ့ကြသည်။ ထိုအရာများအနက် ကျင့်ကြံနည်းစနစ်များ ခန္ဓာကိုယ်သန့်စင်ခြင်း အဆောင်လက်ဖွဲ့သန့်စင်ခြင်း ဝင်္ကပါဖွဲ့စည်းခြင်းနှင့် တခြားသော ပညာရပ်မျိုးစုံ ပါဝင်သည်။ ထို့ပြင် နက္ခတ္တဗေဒ ဖြစ်စဉ်များ ပထဝီဝင် သမိုင်းနှင့် ဒဿနိကဗေဒ နယ်ပယ်များမှ ပညာရပ်များပင် ပါဝင်ခဲ့ပေ၏။
အစပိုင်းတွင် ဤအရာများသည် လုယွီအတွက် ခက်ခဲလိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြပြီး မဟာကွန်ဖြူးရှပ်ပညာရှင်တချို့က မေးခွန်းများ ဆက်မမေးရန်အတွက် တားဆီးရန် မတ်တတ်ထရပ်ခဲ့ကြသည်။ သို့ရာတွင် မမျှော်လင့်ဘဲ ထိုမေးခွန်းများအားလုံးကို လုယွီက တစ်ခုပြီးတစ်ခု ဖြေဆိုပေးခဲ့ရာ အဆုံးသတ်တွင် လူများအားလုံး သူ့အား ယုံကြည်လက်ခံသွားကြသည်။
ထို့နောက်တွင် ကျိရှာကျောင်းတော်သို့ မိုးကောင်းကင်ယံမှ တိမ်တိုက်များအလား လူအမြောက်အများ ရောက်ရှိလာခဲ့သည်။
သူသည် ကျိမန်ကြယ်နယ်မြေမှ မထွက်ခွာမီ လုယွီသည် ကျိုးကျီကို ရှာဖွေတွေ့ရှိခဲ့ပြီး တောက်ပနေမင်းကြယ်မြစ်၏ တရားဝင်အုပ်ချုပ်သူအရှင်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ သူသည် တောက်ပနေမင်းကြယ်မြစ်၏ စစ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များတွင် အာဏာအပြည့်အဝ ရရှိသွားပေ၏။
"တောက်ပနေမင်းကြယ်မြစ်ရဲ့ကိစ္စတွေကို ငါ အနည်းနဲ့အများ သိထားတယ်... ဒီက အခြေအနေက တခြားကြယ်မြစ်တွေနဲ့ မတူဘူး... အရင်းအမြစ်တွေ သိပ်မရှိဘူး... ငါတို့က တခြားကြယ်မြစ်လေးခုနဲ့ ကုန်သွယ်မှု လုပ်ဖို့ လိုအပ်တယ်... လက်ရှိအခြေအနေကို ထိန်းသိမ်းဖို့ မလွယ်ကူခဲ့ဘူး... အာဏာပိုင်တစ်ယောက်က မင်းကို ထန်အင်ပါယာနဲ့ စီးပွားရေးလုပ်တယ်ဆိုပြီး စွပ်စွဲပြစ်တင်ခဲ့တယ်လို့ ငါ ကြားထားတယ်... အဲ့ဒီကိစ္စအတွက် မင်း စိတ်ပူဖို့ မလိုဘူး... စီနီယာအစ်ကိုက မင်းကို ယုံကြည်တဲ့အတွက် ငါကလည်း မင်းကို အပြည့်အဝ ယုံကြည်တယ်... တောက်ပနေမင်းကြယ်မြစ်မှာ မင်း ကြိုက်တာ လုပ်နိုင်တယ်... တခြားလူတွေ ပြောနေတာတွေကို မင်း ဂရုစိုက်ဖို့ မလိုဘူး"
ဤနေရာမှ မထွက်ခွာမီ လုယွီက ကျိုးကျီကို ခေါ်ဆောင်ပြီး စကားစမြည် ပြောဆိုခဲ့သည်။
ကျိုးကျီသည် အလွန်ကျေးဇူးတင်သဖြင့် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များပင် စီးကျလာခဲ့သည်။ သူသည် လုယွီကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။
ရှေးဟောင်းခေတ်ကတည်းက ဧကရာဇ်များသည် နယ်စပ်အရာရှိများအပေါ် အမြဲတစေ ပို၍သတိထားလေ့ရှိသည်။ သူတို့၏ ယုံကြည်ရသော လက်အောက်ငယ်သားများအပေါ်တွင်ပင် ပို၍သတိထားတတ်ကြ၏။ ထို့ပြင် ကျိုးကျီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အဖွဲ့ဝင် မဟုတ်သည့်အပြင် လုအဖွဲ့ဝင်လည်း မဟုတ်ပေ။ သူသည် ယခင်က လုယွီနှင့် လုံးလုံးလျားလျား မဆက်ဆံဖူးခဲ့ချေ။ အစပိုင်းတွင် လုယွီ လာမည်ဟု ကြားသောအချိန်၌ သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများစွာ ခံစားခဲ့ရသည်။
သို့ရာတွင် လုယွီ သူ့ထံသို့ ယူဆောင်လာခဲ့သည်မှာ ကောလာဟလများအတွင်းတွင် ပြောနေကြသည့် အာဏာပြသော အပြုအမူမျိုး မဟုတ်ပေ။ ထိုအစား ဤသည်မှာ ကြင်နာပြီး နွေးထွေးသော သဘောထားမျိုး ဖြစ်နေသည်။
ကျိုးကျီသည် သူ၏စိတ်အတွင်းမှနေ၍ လုယွီအပေါ် သစ္စာစောင့်သိမည်ဟုပင် ကျိန်ဆိုခဲ့လေ၏။
တောက်ပနေမင်းကြယ်မြစ်မှ ထွက်ခွာပြီးနောက် လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။
Chapter 5240
ရှန်းယန်မြို့သည် စည်ကားသိုက်မြိုက်ပြီး ဖွံ့ဖြိုးတိုးတက်နေသည်။ လုယွီ၏အင်အားစုများ ဤနေရာသို့ ပြောင်းရွှေ့လာကတည်းက ရှန်းယန်မြို့သည် တာယွီကောင်းကင်ဘုံအင်ပါယာ၏ အချက်အချာကျသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
ရှန်းယန်မြို့ရိုးကို ဖယ်ရှားလိုက်စဥ်ကတည်းက ရှန်းယန်မြို့သည် အလွန်မြန်ဆန်သောနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ယခုအချိန်၌ မြို့တော်၏အတိုင်းအတာသည် ယခင်က ဝေယန်မြို့ထက် ဆယ်ဆနီးပါး ပို၍ကြီးမားနေလေပြီ။
လမ်းမများကို ကြည့်ရုံဖြင့် စည်ကားသိုက်မြိုက်မှု၏ အရိပ်အယောင်များကို မြင်တွေ့နိုင်ပေ၏။
ရှန်းယန်မြို့ရှိ အဓိကလမ်းမကြီး အနည်းငယ်ကို ချဲ့ထွင်ထားပြီးဖြစ်သည်။ သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လမ်းများပေါ်ရှိ နေ့စဉ် သွားလာမှုများသည် ကြီးမားသော လမ်းပိတ်ဆို့မှုကို ဖြစ်ပွားစေဆဲပင်။
ရှန်းယန်မြို့၏ အဆင့်မြင့်အရာရှိငါးဦးသည် လမ်းများပေါ်၌ စနစ်တကျသွားလာမှုကို ထိန်းသိမ်းရန် လူအင်အား အလွန်အမင်း လိုအပ်နေခဲ့သည်။ အကျိုးဆက်အနေဖြင့် သူတို့သည် တခြားဌာနများမှ အရာရှိများကို ထပ်မံ၍ခေါ်ယူရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
လမ်း၏တစ်ဖက်တစ်ချက်စီရှိ အိမ်များသည် အလွန်လျင်မြန်သော နှုန်းဖြင့် မြင့်တက်လာပြီး မြင့်မားသော အဆောက်အဦးများသည် သစ်တောအုပ်အတွင်းမှ သစ်ပင်များအလား မားမားမတ်မတ် တည်ရှိနေကြသည်။ လက်ရာမြောက်သော မျှော်စင်များနှင့်ခန်းမဆောင်များသည် ရှန်းယန်သို့ ပထမဆုံးအကြိမ် လာရောက်သူများအား တော်ဝင်မြို့တော်သို့ ရောက်ရှိနေသည့်အလား ခံစားရစေသည်။
"အရှင်ဧကရာဇ်... ဒါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ လက်ရှိအခြေအနေပါ"
ဖေးထျန်ကွမ်းက ထိုစကားကိုပြောဆိုပြီးနောက် အရာရှိတစ်စု၏ရှေ့ဆုံးနေရာသို့ ပြန်သွားလိုက်သည်။
ရှန်းယန်မြို့သို့ ပြန်ရောက်ပြီးနောက် လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အရာရှိများအားလုံးကို အုပ်ချုပ်ရေးရုံးတော်သို့ ဆင့်ခေါ်ခဲ့သည်။
သူတို့ ပြန်လည်တွေ့ဆုံကြချိန်တွင် သူတို့၏ အဆင့်အတန်းသည် အလွန်ကွာခြားသွားလေပြီ။ လူများအားလုံးသည် သူ့ကို အရိုအသေပြုကြပြီးနောက် ဘေးတစ်ဖက်တစ်ချက်တွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြ၏။
"အမတ်ကြီးဖေးရဲ့ အလုပ်ကြိုးစားခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်"
လုယွီက သူ့ကို ချီးမွမ်းစကား ပြောဆိုသည်။
ဖေးထျန်ကွမ်းက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာအရိုအသေပြုပြီး ပြောဆိုလိုက်သည်။
"အရှင်ဧကရာဇ်အတွက် အလုပ်လုပ်ခွင့်ရတာ ကျွန်တော်မျိုးရဲ့ ဂုဏ်ယူစရာကိစ္စပါ... ဒီအရာရှိက အရင်တုန်းက တရားစီရင်ရေးရုံးရဲ့အမတ်ကြီးတစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် အုပ်ချုပ်ရေးအစည်းအဝေးဆိုလို့ နည်းနည်းပဲတက်ရောက်ခဲ့ဖူးပါတယ်... ဒါပေမဲ့ ဒီအရာရှိရဲ့အရည်အချင်းကို ထုတ်ပြဖို့ အခွင့်အရေး လုံးဝမရခဲ့းဘူး... အရှင်ဧကရာဇ်က ဒီအရာရှိကို အခုလို အခွင့်အရေး ပေးသနားခဲ့ပါတယ်... အရှေ့အောင်နိုင်ခြင်းကြယ်မြစ် ပိုပြီးစည်ကားသိုက်မြိုက်လာတာကို စောင့်ကြည့်နေနိုင်ခဲ့တဲ့အတွက် ကျွန်တော်လည်း အရမ်းဝမ်းသာပါတယ်... ဒီအတွက်လည်း ကြိုးစားလုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်"
ဖေးထျန်ကွမ်းသည် သူ၏နှလုံးသားအောက်ခြေမှလာသော စိတ်ရင်းအတိုင်း ပြောဆိုနေခြင်းဖြစ်ကြောင်း လုယွီ သိရှိထားသည်။
ဤလူသည် လက်တွေ့ကျသော လူတစ်ဦး ဖြစ်ပြီး အခွန်အာဏာနှင့်လစာငွေများကို လိုက်စားသူများနှင့် မတူညီချေ။ ဖေးထျန်ကွမ်းသည် အလွန်တည်ကြည်လေးနက်သော လူတစ်ဦးပင်။ မှန်ကန်သောအရာကို သေချာပေါက် လုပ်ရမည်ဟု သူ သိရှိထားပါက အကျိုးဆက်များကို ဂရုမစိုက်ဘဲ လုပ်ဆောင်တတ်သူ ဖြစ်ပေ၏။
အတိတ်တွင် အိမ်ရှေ့စံမင်းသား ကျိုးယွမ်ယန်းကို ဖေးထျန်ကွမ်းမှ မနှစ်သက်ခဲ့သောကြောင့် စွပ်စွဲပြစ်တင်လွှာ တင်သွင်းခဲ့သည်။ ထိုကြောင့် အဆုံးသတ်တွင် သူသည် ကျိုးယွမ်ယန်း၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
သို့ရာတွင် လုယွီသည် ဖေးထျန်ကွမ်းကို အလွန်ကောင်းမွန်စွာ မဆက်ဆံခဲ့ချေ။
လုယွီ တော်ဝင်မြို့တော်သို့ မဝင်ရောက်မီ လူတိုင်းနီးပါးက ဖေးထျန်ကွမ်းသည် လူများအားလုံး၏အထက်တွင် ရပ်တည်နိုင်သော မဟာအတွင်းဝန်ချုပ်ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့ရာတွင် အရာရာသည် သူတို့၏ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ လုယွီသည် လီစစ်ကို မဟာအတွင်းဝန်ချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဖေးထျန်ကွမ်းကို လက်ထောက်အတွင်းဝန်ချုပ်အဖြစ်သာ ခန့်အပ်ခဲ့သည်။
အရေးအကြီးဆုံး အကြောင်းပြချက်မှာ ဖေးထျန်ကွမ်းသည် ရှေးဟောင်းကျင့်ဝတ်ထုံးတမ်း နည်းလမ်းများကို တွယ်ကပ်နေသောကြောင့်ပင်။ သူသည် လုယွီ၏ လက်ရှိတော်ဝင်နန်းတွင်းနှင့် လိုက်လျောညီထွေ မဖြစ်နိုင်တော့ချေ။ သူသည် ထူးချွန်သော အရာရှိတစ်ဦး ဖြစ်လာနိုင်သော်လည်း လုယွီ၏ ခြေလှမ်းများကို အမီလိုက်နိုင်မည် မဟုတ်ချေ။
"ငါ့ရဲ့ အမိန့်တော်ကို ချမှတ်လိုက်ပါ... ဖေးထျန်ကွမ်းကို ယင်နယ်စားဘွဲ့ထူး ချီးမြှင့်လိုက်ပြီး သားစဉ်မြေးဆက် အစားထိုးခြင်း မရှိစေရ..."
လုယွီ၏အသံ ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေဟာနယ် တုန်ခါသွားသည်။ ရွှေရောင်အလင်းတန်းများသည် ဖေးထျန်ကွမ်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။
အချိန်တခဏအတွင်းတွင် ဖေးထျန်ကွမ်း၏နောက်ကျောတွင် အလင်းဘီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာသည် တောက်ပစွာ လင်းလက်နေပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလားပင်။
"ဒီအရာရှိက အရှင်ဧကရာဇ်ကို ကျေးဇူးတင်ရှိပါတယ်"
ဖေးထျန်ကွမ်း၏စိတ်နှလုံးသား တုန်ခါသွားသည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး လုယွီအပေါ် အလွန်ကျေးဇူးတင်မှုကို ခံစားလိုက်ရသည်။
တခြားအမတ်ကြီးများကလည်း မနာလိုအားကျသော မျက်လုံးများဖြင့် ဖေးထျန်ကွမ်းကို ကြည့်လိုက်ကြသည်။
ယင်ပြည်နယ်၏နယ်မြေသည် ရှန်းယန်မြို့အနီးတွင် တည်ရှိပြီး အလွန်စည်ကားသော နေရာတစ်နေရာပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုနေရာကို သူတို့၏ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်နိုင်ပါက သူတို့၏ကြွင်းကျန်သော ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝနေမည်မှာ မလွဲဧကန်ပင်။
ထို့ပြင် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းနိုင်သော ဘွဲ့ထူးတစ်ခုလည်း ရှိနေပေ၏။
ဖေးမိသားစု၏ လူငယ်မျိုးဆက်သစ်များသည် အနာဂတ်တွင် မည်မျှထိ စိတ်ပျက်ဖွယ်ကောင်းနေပါစေ သူတို့သည် နယ်စားဘွဲ့ထူးကို ရရှိနိုင်မည်ဟု ဆိုလိုခြင်းပင်။ ဤသည်ကြောင့် မိသားစု၏ကျဆင်းမှုကို ဖြစ်ပွားစေတော့မည် မဟုတ်ချေ။