အခန်း (၅၂၄၁-၅၂၄၅)
Vol. 265 Ch. 5241-5245
Chapter 5241
ရှားဟိုမိသားစုသည် မိုးကြိုးဝေလအမတ်ကြီး ရှားဟိုလီ အသက်ရှင်သန်နေစဉ်က တော်ဝင်မြို့တော်တွင် ခြေချနိုင်ခဲ့ကြသည်။ သို့ရာတွင် ရှားဟိုလီ သေဆုံးသွားသည်နှင့် ရှားဟိုမိသားစုသည် သူတို့၏ ယခင်အဆင့်အတန်းကို ထိန်းသိမ်းမထားနိုင်တော့ချေ။ သူတို့သည် တခြားထွက်ပေါက်တစ်ခုကိုသာ ရှာဖွေနိုင်တော့သည်။
ဤသည်မှာ ဘွဲ့ထူးကို လက်ဆင့်ကမ်း၍ မရနိုင်ခြင်း၏ ရလဒ်ပင်။
အနာဂတ်တွင် ဖေးမိသားစုသည် တာယွီအင်ပါယာ၏ ထိပ်သီးမိသား စုများအနက်မှတစ်စု သေချာပေါက် ဖြစ်လာလိမ့်မည်ဟု တွေးတော ကြည့်နိုင်သည်။
"ဒါ့ပြင် မင်းတို့ ပြင်ဆင်မှုတွေလည်း လုပ်ထားသင့်တယ်... ငါက မြို့တော်ကို ရှန်းယန်ဆီ ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်"
လုယွီက အပြုံးဖြင့် ပြောဆိုလိုက်သည်။
လုယွီ၏အသံသည် အလွန်တည်ငြိမ်သော်လည်း လက်ရှိနေရာတွင် ရှိနေကြသော အရာရှိအများစုသည် သူတို့၏ နှလုံးသားနက်ရှိုင်းသောနေရာမှ ထိတ်လန့်တုန်လှုပ်သွားကြသည်။
အင်ပါယာတစ်ခု၌ မြို့တော်သည် အရေးအကြီးဆုံးဖြစ်ကာ အနာဂတ်မင်းဆက်၏ ကံကြမ္မာကို ကိုယ်စားပြုသည်။
ယခုချိန်၌ လုယွီသည် ဤသတင်းကို အမှန်တကယ် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်လေပြီ။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုကို သေချာပေါက် ဖြစ်ပွားစေပေလိမ့်မည်။
အရာရှိအများစု၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအယာများ ရှိနေကြသည်။
အတိတ်တွင် သူတို့သည် လုယွီ၏နောက်သို့ လိုက်ခဲ့ကြစဉ်က သူတို့ လုပ်နိုင်သည်မှာ အများဆုံးအနေဖြင့် ဒေသခံအရာရှိရာထူးကို ရယူခြင်းသာဖြစ်သည်။ အကြောင်းအရင်းမှာ လုယွီသည် အုပ်ချုပ်သူအရှင်တစ်ဦးသာ ဖြစ်သောကြောင့်ပင်။ သို့ရာတွင် ယခုချိန်၌ လုယွီသည် ဧကရာဇ်ဖြစ်နေပြီး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် သူ၏အာဏာဗဟိုချက်ပင်။ သူတို့သည် ဒေသခံအရာရှိများအဖြစ်မှ ဗဟိုအရာရှိများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။ သူတို့၏ ရာထူးများတွင် ထင်ရှားသော ပြောင်းလဲမှုများ မရှိသော်လည်း သူတို့၏ အနာဂတ် အလားအလာများကမူ အကန့်အသတ် မရှိတော့ချေ။
လုယွီနှင့်ဖေးထျန်ကွမ်းတို့သည် ချီအင်ပါယာ၏တော်ဝင်နန်းတော်သို့ ထွက်ခွာမသွားမီ အုပ်ချုပ်ရေးရုံးတော်၌ အချိန်တခဏကြာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ဤနေရာရှိ ချီအင်ပါယာ တော်ဝင်နန်းတော်ကို လုယွီ၏နန်းတော်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲလိုက်လေပြီ။
နန်းတော်တွင် တခြားသူများ နေထိုင်ရန် မသင့်တော်ကြောင်း ရေးသားခဲ့သော အရာရှိတစ်ဦး ရှိခဲ့ဖူးသည်။ ဤသည်မှာ လုမိသားစုဝင်များကို နေရာချထားရန်အတွက် တခြားနေအိမ်တစ်ခု တည်ဆောက်ရန်ပင်။ လုယွီ ငြင်းပယ်ခြင်း မရှိသော်လည်း လက်ရှိချိန်၌ လုအိမ်တော်သည် တည်ဆောက်ဆဲဖြစ်ပေ၏။ ထိုကြောင့် လုမိသားစုဝင်များသည် ချီအင်ပါယာ၏ ယခင်တော်ဝင်နန်းတော်တွင်သာ နေထိုင်နိုင်ကြသည်။
လုယွီသည် တော်ဝင်နန်းတော်သို့ ရောက်ရှိလာချိန်၌ လုမိသားစုသည် မိသားစုစားသောက်ပွဲကို ကျင်းပနေကြသည်။
"အင်္သချေကံကြမ္မာကောင်းနန်းဆောင်" အတွင်း၌ မီးများထွန်းညှိထားပြီး လင်းထိန်နေသည်။ ဤနေရာတွင် မီးပုံးများစွာကိုလည်း ချိတ်ဆွဲထားပေ၏။ လုမိသားစုဝင်များသည် နန်းတော်ထဲတွင် အရက်ခွက်ချင်းတိုက်ကာ သောက်စားနေကြပြီး အလွန်စည်ကားနေသည်။
"မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တဲ့အတွက် မိသားစုခေါင်းဆောင်ကို ဂုဏ်ပြုပါတယ်"
"ဂုဏ်ယူပါတယ် မိသားစုခေါင်းဆောင်"
လုမိသားစုဝင်များသည် သူတို့၏ဝိုင်အရက်ခွက်များကို မြှောက်ကာ ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေသော လုဝူသီအား ကျယ်လောင်စွာ ဂုဏ်ပြုစကား ပြောဆိုလိုက်ကြသည်။
လအနည်းငယ်အတွင်းတွင် လုဝူသီသည် လောကီအင်မော်တယ်နယ်ပယ်မှ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။
အောက်ဘုံတွင် ရှိနေစဉ်က လုဝူသီသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့ရာတွင် အောက်ဘုံရှိ ဥပဒေသများ၏ ကန့်သတ်ချက်များကြောင့် သူသည် နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ချေ။
သူ တော်ဝင်မြို့တော်သို့ ရောက်ရှိလာပြီးနောက် လုယွီ ပေးအပ်ခဲ့သော ကြီးမားသည့် အရင်းအမြစ်များ၏ပံ့ပိုးမှုနှင့် မင်းသားတစ်ပါး၏ ကံကြမ္မာကောင်းချီးတို့ဖြင့် သူ၏ကျင့်ကြံဆင့် လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ လုဝူသီ၏ကျင့်ကြံမှုအရှိန်နှုန်းသည် မြှားတစ်စင်းကဲ့သို့ လျင်မြန်သည်ဟု ဆိုနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
လုဝူသီသည် စိတ်ကျေနပ်အားရမှုကို ခံစားလိုက်ရပြီး အားပါးတရ ရယ်မောလိုက်သည်။
"ဟား ဟား ဟား... မင်းတို့က ဘာတွေ တွေးနေကြတာလဲ... ငါတို့ လုမိသားစုက ယွီအာကို အားကိုးဖို့ လိုအပ်နေတုန်းပဲ... ကောင်းကင်ဘုံနယ်မြေမှာ ငါတို့ ခြေကုပ်ယူနိုင်ဖို့က ယွီအာအပေါ်မှာပဲ မူတည်နေသေးတယ်"
တခြား လုမိသားစုဝင်များကလည်း တညီတညွတ်တည်း သဘောတူကြသည်။
လုခိုင်ရှန်သည် ဝိုင်အရက်အမြောက်အများ သောက်ခဲ့ပြီး သူ၏မျက်နှာပေါ်တွင်လည်း မူးယစ်ရီဝေသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေပေ၏။ သူ၏သားဖြစ်သူသည် သူ၏မျှော်လင့်ချက်များနှင့်အညီ နေထိုင်ခဲ့လေရာ မိဘတစ်ဦးအနေဖြင့် သူသည်လည်း ဂုဏ်ယူဝင့်ကြွားသော မျက်နှာတစ်ခု ရှိနေသည်။
စားသောက်ပွဲတွင် အရာအားလုံး အဆင်ပြေသော်လည်း သဟဇာတမဖြစ်သော မြင်ကွင်းတစ်ခု အစဥ်အမြဲ ရှိနေတတ်သည်။ ဤသည်မှာ ခွေးနက်ကြီးပင်။
ဤကောင်စုတ်သည် အသက်ရှင်နေသော ထောင်ကျဲ့တစ်ကောင်အလားပင်။ သူ့ရှေ့ရှိ စားပွဲပေါ်တွင် နတ်ဆိုးသားရဲအရိုးများဖြင့် ပြည့်နှက်နေသော်လည်း နံဘေးရှိ အစေခံမလေးသည် ဟင်းလျာပန်းကန်များကို အလျင်စလို လက်ကမ်းပေးနေရဆဲပင်။
ဆူဖြိုးပြီး အဆီများသော သားရဲခြေထောက်ပေါင်းကို ခွေးနက်ကြီး၏ရှေ့သို့ ပို့ဆောင်လိုက်သည်။ ခွေးနက်ကြီးသည် ပါးစပ်ကိုသာ လှုပ်ရှားလိုက်ပြီး ရွှတ်ခနဲအသံနှင့်အတူ ထိုသားရဲခြေထောက်တစ်ချောင်းလုံး သူ၏ဗိုက်ထဲသို့ ဝင်ရောက်သွားသည်။
"ခွေးကြီး... နင် ဖြည်းဖြည်းစားမှပေါ့"
ချန်လဲ့မင်းသမီးဘွဲ့ထူး ပေးအပ်ခံထားရပြီးဖြစ်သော နျူနျူက နူးညံ့သောအသံဖြင့် ပြောဆိုလိုက်၏။
ခွေးနက်ကြီးသည် ထိုစကားကို ကြားချိန်၌ ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုသည်။
"ဟား ဟား ဟား... ဒါက ဘာမှ မဟုတ်ပါဘူး... ဒီအရှင်ခွေးက အရင်တုန်းက အစစ်အမှန်နဂါးတစ်ကောင်ကို အရှင်လတ်လတ် မျိုချခဲ့ဖူးတယ်....နောက်ထပ် ဟင်းလျာဆယ်ပန်းကန်ဆိုရင်တောင် ဒီအရှင်ခွေးရဲ့ သွားကြားညှပ်ဖို့လောက်ပဲ လုံလောက်မယ်လို့ ထင်တယ်"
"ဟုတ်လို့လား... မင်းလိုခွေးက အစစ်အမှန်နဂါးတစ်ကောင်ကို မျိုချဖူးတယ်ဆိုတာ ငါ ဘာလို့ မသိရတာလဲ"
လုယွီက ရုတ်တရက် ခွေးနက်ကြီး၏နောက်တွင် ထွက်ပေါ်လာပြီး သူ၏လည်ပင်းကို ဖမ်းဆွဲကာ မတင်လိုက်သည်။
Chapter 5242
လုယွီ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် စားသောက်ပွဲတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
လူများအားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြပြီး ရုတ်တရက် ထွက်ပေါ်လာသော လုယွီကို ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
"ဟေး... အစ်ကိုကြီး ပြန်လာပြီ"
နျူနျူက ရှေ့သို့ လျင်မြန်စွာ ပြေးထွက်လာပြီး လုယွီ၏ခြေထောက်ကို ပွေ့ဖက်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေသည်။
လုဝူသီ လုခိုင်ရှန် သခင်မကြီးယွီရုံနှင့် လုလန်ရွှမ်းတို့အပြင် အောက်ဘုံမှ လုယွီ၏ ဆွေမျိုးများအားလုံး မတ်တတ်ထရပ်လိုက်ကြပြီး သူ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။
"ယွီအာ...."
သခင်မကြီးယွီရုံက လျင်မြန်စွာ လျှောက်လှမ်းလာသည်။
"ကောင်းတယ်... ကောင်းတယ်... မင်း ပြန်လာတာ ကောင်းတယ်"
လုခိုင်ရှန်၏မျက်နှာသည် နီမြန်းနေပြီး သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်နေသည်။
"အဖိုး... အဖေ အမေ အစ်မ... ကျွန်တော် ပြန်ရောက်ပါပြီ"
သူ့မိသားစုကို ပြန်တွေ့လိုက်ရချိန်၌ လုယွီ၏စိတ်နှလုံးသားတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူ၏မိသားစုဝင်များ သူ့ရှေ့တွင် စုဝေးနေသည်ကို ကြည့်ရင်း လုယွီသည် ယခင်က မခံစားဖူးသော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
သူသည် အထွတ်အထိပ် တည်ရှိမှုကြီး ဖြစ်နေကာ လူအများ၏အထက်တွင် ရှိနေသော ဧကရာဇ် ဖြစ်နေလျှင်ပင် မည်သည်ကြောင့် အရေးပါမည်နည်း။ သူ၏မိသားစုနှင့် အချိန်ကုန်ဆုံးရသည်က သူ့အတွက် ပို၍ကောင်းမွန်နေဆဲပင်။ ဤကဲ့သို့ ခံစားချက်မျိုးသည် သူ၏ယခင်ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သော အရာဖြစ်သည်။
"ကောင်စုတ်လေး... ငါ့ကို အမြန် ပြန်ချပေး.... မဟုတ်ရင် ငါကိုက်လိုက်မှာနော်... ဝုတ်"
ခွေးနက်ကြီးသည် လုယွီ၏ မတင်ခြင်းကို ခံရချိန်တွင် ချက်ချင်း အံ့တင်းတင်းကြိတ်လိုက်သည်။
နျူနျူနှင့် လုမိသားစုဝင်များ၏ရှေ့တွင် သူသည် အတိတ်က မည်မျှထိ ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း အလွန်အမင်း ကြွားလုံးထုတ်ခဲ့သည်။ သို့သော် ယခုချိန်၌ လုယွီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရချိန်တွင် သူသည် ချက်ချင်းဆိုသလိုပင် မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"မင်း... ဒီလောက်ထိ အသားတွေအများကြီး စားတာတောင် ဗိုက်မဝမှတော့ ဒါလေး စမ်းကြည့်ပါလား"
လုယွီက ပြုံးလိုက်ပြီး လက်ကိုမြှောက်ကာ ဆေးပညာမဟာမိတ်အဖွဲ့မှ သန့်စင်ထားသော ဧကရာဇ်အဆင့် ခရမ်းရောင်ချီဆေးလုံးကို ထုတ်ယူပြီး ခွေးနက်ကြီး၏ ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ထည့်လိုက်သည်။
"တောက်... မင်းက ငါ့ကို အလစ်တိုက်ရဲတယ်ပေါ့... ငါ..."
ခွေးနက်ကြီးသည် သွားများကို ဖြဲဟလိုက်ပြီး ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ဗိုက်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံလာသည်ကို ခံစားလိုက်ရသည်။ အချိန်တခဏကြာမြင့်ပြီးနောက် သူသည် အမှန်တကယ်ကို တောင့်မခံနိုင်ဘဲ ထိုဆေးစွမ်းအားကို ချေဖျက်ရန်အတွက် နံဘေးသို့ အလျင်စလို ပြေးသွားခဲ့သည်။
ခွေးနက်ကြီးကို နံဘေးသို့ ဖယ်ထုတ်ပြီးနောက် လုယွီက ပြုံးလိုက်ပြီး မိသားစုနှင့်အတူ ပြန်လည်ဆုံဆည်းသော ညစာစားပွဲကို ကျင်းပခဲ့သည်။
ထန်နှင့်ယွီ စစ်ပွဲအကြောင်း ပြောပြချိန်၌ လုယွီသည် အကျဉ်းချုပ်မျှသာ ပြောဆိုခဲ့ပေ၏။ သူသည် စစ်မြေပြင်၏ ရက်စက်ကြမ်းကြုတ်မှုအကြောင်းကို သူ၏မိသားစုအား မပြောပြခဲ့ချေ။ အစားထိုးအနေဖြင့် သူသည် အားပေးစကား ပြောကြားရန် သူ၏မိသားစုမှ လူငယ်များကို ဆင့်ခေါ်လိုက်သည်။
ထိုလူငယ်များကို လုယွီ ကိုယ်တိုင် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သဖြင့် သူတို့တစ်ဦးစီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအယာများ ရှိနေကြသည်။ ကောင်းကင်ဘုံနယ်မြေရှိ လုယွီ၏ အဆင့်အတန်းအကြောင်းကို သူတို့သည် ကောင်းစွာသိရှိထားကြ၏။
"အဖိုးက အခု မြေကမ္ဘာအင်မော်တယ် ဖြစ်နေပေမယ့် ဒါက မလုံလောက်သေးဘူး... ဒီတစ်ခေါက် ကျွန်တော် ပြန်လာရင် ဆေးဝါးတွေကိုသန့်စင်ပေးပါမယ်... ဒါက ကျွန်တော်တို့မိသားစုဝင်တွေ အသုံးပြုဖို့ သီးသန့် ထောက်ပံ့ပေးတာပဲ.. ပြီးတော့ ကျွန်တော်တို့မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အနည်းဆုံး ရွှမ်အင်မော်တယ်ငါးယောက် လိုအပ်တယ်... အဲ့ဒီလိုမှပဲ မိသားစုက တည်ငြိမ်နိုင်လိမ့်မယ်"
လုယွီက လျစ်လျူရှုထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
လုယွီ၏စကားကို ကြားချိန်၌ လုမိသားစုဝင်အများစုသည် ထိတ်လန့်သွားကြပြီး သူတို့ထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကြသည်။
သူတို့အတွက် လောကီအင်မော်တယ်တစ်ယောက်ပင်လျှင် လုံလောက်သည်အထိ စွမ်းအားကြီးမားနေလေပြီ။ လုဝူသီနှင့် ပတ်သက်၍မူ သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဒေသတစ်ခုကို လွှမ်းမိုးနိုင်စွမ်းရှိသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် တာယွီစစ်တပ်၏ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပင် ဖြစ်လာနိုင်သည်။ သို့ရာတွင် လုယွီ၏မျက်လုံးထဲတွင် ဤသည်မှာ မလုံလောက်သေးချေ။
လူတစ်ဦး၏အဆင့်အတန်းကို တခြားလူများ၏အမြင်အရ ဆုံးဖြတ်ပေးနိုင်သည်။
ရွှမ်အင်မော်တယ် ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံးအနေဖြင့် လုမိသားစုဝင်များ မော့ကြည့်ရန် လိုအပ်သော တည်ရှိမှုတစ်ခုပင်။ သို့သော် လုယွီ၏မျက်လုံးထဲတွင် ဤသည်မှာ အရေးမပါလှချေ။
လုယွီသည် စားသောက်ပြီးနောက် ခွေးနက်ကြီးကို လူသူကင်းမဲ့သော ခန်းမဆောင်တစ်ခုသို့ ခေါ်သွားခဲ့သည်။ တခြားလူအားလုံးသည် ဤနေရာမှ ထွက်ခွာသွားကြလေပြီ။
ခွေးနက်ကြီးက သူ၏ဗိုက်ကိုပွတ်သပ်ကာ နောက်မှီကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်ပျင်းရိပြီး ပင်ပန်းနေပုံရသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ပုန်းကွယ်နဂါးစစ်တပ်ရဲ့ ဂိုဒေါင်ထဲကနေ စစ်လက်နက်တစ်သုတ်ကို လွှဲပြောင်းယူသွားတယ်လို့ ငါ ကြားတယ်... ဖေးထျန်ကွမ်းက နောက်ပိုင်းမှာ ဒီအကြောင်းကို ငါ့ဆီ လာတင်ပြတယ်... မင်းက ဘာလို့ လက်နက်ခဲယမ်းတွေ အများကြီး လိုအပ်တာလဲ"
လုယွီက ခွေးနက်ကြီး၏နံဘေးတွင် ထိုင်လိုက်သည်။ သူသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်၏။
Chapter 5243
ခွေးနက်ကြီးသည် ဤစကားကို ကြားချိန်၌ နောက်မှီကုလားထိုင်ပေါ်မှ ချက်ချင်းထထိုင်လိုက်သည်။
"ဘယ်သူ ပြောတာလဲ... သူတို့က လက်နက်ခဲယမ်းလေး နည်းနည်းလောက်ကို ပေးလိုက်ရုံပဲ မဟုတ်ဘူးလား...ဒါက ပြန်တိုင်ဖို့ လိုလို့လား"
လုယွီသည် ခွေးနက်ကြီးကို ကြည့်ပြီး မည်သည့်စကားမျှ မပြောချေ။
ခွေးနက်ကြီး၏မျက်နှာ ချက်ချင်းညှိုးငယ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
"ကောင်လေး... မင်းက အာဏာရလာတာနဲ့ စပြီးမောက်မာနေပြီပေါ့... မင်းက ကျေးဇူးကန်းလိုက်တာ... အဲ့ဒီတုန်းကသာ အောက်ဘုံမှာ ဒီအရှင်ခွေးက မင်းကို လမ်းပြမပေးခဲ့ရင် မင်းက အောက်ဘုံက နေရာကျဉ်းကျဉ်းလေးမှာပဲ ရှိနေမှာ မဟုတ်လား"
သို့ရာတွင် လုယွီ ထိုသို့ပြောလိုက်ခြင်းမှာ သူ့အား အပြစ်တင်လိုသော ရည်ရွယ်ချက် လုံးဝမရှိကြောင်းကိုလည်း ခွေးနက်ကြီးက သိရှိထားပေ၏။
ခွေးနက်ကြီးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောဆိုသည်။
"မျောက်က မကြာသေးမီက စိတ်ဝိညာဉ်တောင်တော် မြင့်မြတ်နယ်မြေနားမှာ အလံလွှင့်ထူပြီး စစ်စခန်း တည်ထောင်လိုက်တယ်... သူက အဲ့ဒီ ဗုဒ္ဓဂိုဏ်းက ထိပ်ပြောင်ကြီးတွေနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်... သူက အခု နတ်ဆိုးတစ်သိုက်ကို စုစည်းထားပြီးတော့ သူတို့ကိုယ်သူတို့ ပန်းသီးတောင် နတ်ဆိုးဘုရင်တွေလို့ ခေါ်ကြတယ်... သူတို့က စိတ်ဝိညာဉ်တောင်တော် မြင့်မြတ်နယ်မြေနဲ့ တိုက်ခိုက်နေတာ ကြာပြီ... ငါ့ရဲ့ အရင်းအမြစ်အားလုံးက အဲ့ဒီကို ထောက်ပံ့နေတာပဲ"
ထိုသို့ပြောဆိုပြီးနောက် ခွေးနက်ကြီးသည် လုယွီကို တစ်ချက် ပြန်ကြည့်လိုက်၏။
"ဒါပေမဲ့ မင်း စိတ်အေးအေးထားပါ... ဒီလက်နက်ခဲယမ်းတွေအတွက် မျောက်က ပေးချေဖို့ ဆန္ဒရှိပါတယ်... အဲ့ဒီ ထိပ်ပြောင်ကြီးတွေအားလုံးက ချမ်းသာတဲ့လူတွေပါ... သူတို့က ဘုရားကျောင်းတစ်ခုကို အမြစ်ပြတ်သုတ်သင်တော့မယ်... အထဲမှာ ဝှက်ထားတဲ့ ချမ်းသာကြွယ်ဝမှုတွေက ဒေသခံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဘဏ္ဍာတိုက်ထက်တောင် ပိုများသေးတယ်...ပြီးတော့ ငါ ယူလာတဲ့ လက်နက်ခဲယမ်းတွေအတွက် မျောက်က ငွေပေးလိမ့်မယ်... ဒါက ညီမျှတဲ့ အပေးအယူလို့ ယူဆနိုင်တယ်... ငါက ခိုးယူသွားတယ်လို့ သတ်မှတ်လို့ မရဘူး"
ခွေးနက်ကြီးက မျောက်အကြောင်း ပြောဆိုလိုက်ချိန်၌ လုယွီ ချက်ချင်းစိတ်လှုပ်ရှားသွားသည်။
"သူ တစ်ယောက်တည်းနဲ့ ဗုဒ္ဓဂိုဏ်းကို တကယ် ကြီး ယှဉ်ပြိုင်နိုင်လို့လား"
လုယွီက မေးမြန်းလိုက်သည်။
"မင်း မျောက်ကို အရမ်းအထင်သေးလွန်းနေပြီ... ရှေးဟောင်းခေတ်ကာလတုန်းက... ဟေး...ဒီအကြောင်း အရင်ဆုံး မပြောဘဲ နေကြရအောင်... သူက အရင်တုန်းက မဟာဗုဒ္ဓအရှင်ဆီကနေ အရင်းအမြစ်တွေအများကြီးကို လုယူခဲ့ဖူးတယ်... သူက သူ့ရဲ့အရင်ကစွမ်းအား တစ်စိတ်တစ်ပိုင်းကို ပြန်ရနေပြီ... စိတ်ဝိညာဉ်တောင်တော်က ဗုဒ္ဓအဆင့်ရှိတဲ့ ထိပ်သီးကျင့်ကြံသူတစ်ပါးကို မလွှတ်သရွေ့ သူ့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"
ခွေးနက်ကြီးက အပြုံးနှင့် ပြောဆိုသည်။
"ဗုဒ္ဓဂိုဏ်း သူတို့ရဲ့ လက်ရှိနယ်မြေနဲ့ မကျေနပ်ကြဘဲနဲ့ လင်းယုန်ကြယ်မြစ်မှာ အကြီးအကျယ် ချဲ့ထွင်နေကြတယ်... သူတို့က နတ်ဆိုးသားရဲမျိုးနွယ်ရဲ့ နယ်မြေအထိတောင် ချဲ့ထွင်လာကြတယ်... ဗုဒ္ဓဂိုဏ်းကို လက်အောက်ခံဖို့ ဆန္ဒရှိတဲ့ နတ်ဆိုးသားရဲတွေက ဗုဒ္ဓဂိုဏ်းဆီကနေ အမိန့်လွှာတစ်ခုကို ရရှိကြတယ်... သူတို့က ဘုန်းတော်ကြီးတချို့ရဲ့ စီးတော်ခံသားရဲတွေ ဖြစ်လာကြတယ်... လက်အောက်ခံဖို့ ဆန္ဒမရှိတဲ့ နတ်ဆိုးသားရဲတွေကတော့ မိစ္ဆာတွေလို့ သတ်မှတ်ခံရပြီးတော့ အသတ်ခံရတယ်... ဒီလိုလုပ်ဆောင်တာက နောက်ဆုံးမှာ နတ်ဆိုးသားရဲတွေအားလုံးရဲ့ ဒေါသကို နှိုးဆွလိုက်သလို ဖြစ်သွားတယ်... အခုဆိုရင် အဲ့ဒီ ထိပ်ပြောင်ကြီးတွေက တစ်ယောက်တည်း အပြင်ကို မထွက်ရဲကြတော့ဘူး... မဟုတ်ရင် သူတို့က နတ်ဆိုးတွေရဲ့ ဖမ်းဆီးတာကို ခံရနိုင်ခြေ ပိုများတယ်... သူတို့ကို ဖမ်းမိတာနဲ့ အစိတ်စိတ်အမွှာမွှာ ချေမွခံရလိမ့်မယ်"
မျောက် အဆင်ပြေကြောင်း ကြားသိရပြီးနောက် လုယွီ တဖြည်းဖြည်း စိတ်အေးသွားသည်။
မျောက်သည် ရှေးဟောင်းခေတ်ကာလက ဗုဒ္ဓတစ်ပါး ဖြစ်ကြောင်း ခွေးနက်ကြီး ပြောခဲ့ဖူးသည်။ ဤသည်မှာ သူ ချဲ့ကား၍ပြောဆိုနေခြင်း မဟုတ်ကြောင်း သိသာထင်ရှားသည်။
လုယွီသည် ရှကွေ့ကျုံးနှင့် တိုက်ခိုက်စဉ်က သူသည် အင်္သချေဗုဒ္ဓစေတီတော်အတွင်းတွင် ပိတ်မိခဲ့ဖူးသည်။ ထိုအချိန်က ရှေးဟောင်းဗုဒ္ဓများ၏ပုံရိပ်များကြားတွင် မျောက်ကို လုယွီ မြင်တွေ့ခဲ့ရသည်။
ရှေးဟောင်းဗုဒ္ဓများ၏ အထက်တွင် ရပ်တည်ပြီး ကြီးမားသော မှော်စွမ်းအားနှင့် နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်ထားသည့် "ပြိုင်ဘက်ကင်း အောင်ပွဲခံဗုဒ္ဓ" သည် မျောက်နှင့် တစ်ပုံစံတည်း တူညီနေသည်။
ရှေးဟောင်းထုံးတမ်းစဉ်လာ၏ ဗုဒ္ဓအရှင်သုံးဆယ့်ငါးပါးအနက် ဂေါတမဗုဒ္ဓသည် ပထမအဆင့်တွင် ရှိပြီး ပြိုင်ဘက်ကင်းအောင်ပွဲခံဗုဒ္ဓသည် အဆင့်၃၁တွင် ရှိသည်။ သူသည်လည်း အလွန်စွမ်းအားကြီးမားသော ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။
"မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ တပ်ရင်းတချို့ နေရာချထားတယ်လို့ ငါ ကြားတယ်... ငါ အရင်တုန်းက ဖေးထျန်ကွမ်းကို သွားရှာဖူးပေမယ့် သူက ငါ့ကို ရှောင်နေခဲ့တယ်... အခု ငါက အရှင်သခင်အစစ်နဲ့ တွေ့ရပြီဆိုတော့ မင်း ဘာလို့ စစ်ကူနည်းနည်းလောက် စေလွှတ်မပေးတာလဲ... အဲ့ဒီခေါင်းပြောင်ကြီးကို ထပ်ပြီးသတ်ဖြတ်ဖို့ နည်းလမ်းတစ်ခုလောက် စဉ်းစားကြည့်ပါလား"
ခွေးနက်ကြီးသည် သူ၏လက်သည်းများကို ပွတ်သပ်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပနေပေ၏။
ဤခွေးသည် သာမာန်အားဖြင့် ရတနာများကို ရှာဖွေနိုင်မှသာ ဤမျှထိ စိတ်လှုပ်ရှားလေ့ရှိသည်။
"လင်းယုန်ကြယ်မြစ်လား..."
လုယွီက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
"အခုက အချိန်မကျသေးဘူး"
လင်းယုန်ကြယ်မြစ်သည် ယခုချိန်၌ ပရမ်းပတာ ဖြစ်နေသည်။ ဤသည်မှာ ဖရိုဖရဲဖြစ်နေသော နယ်မြေတစ်ခုပင်။ ပုန်းကွယ်နဂါးစစ်တပ်အနေဖြင့် ထိုနေရာကို တိုက်ခိုက်ရန် အလွန်လွယ်ကူပေမည်။
အကယ်၍ အတိတ်က လုယွီသာဆိုလျှင် သူသည် တိုက်ခိုက်ရန် အမိန့်ပေးကောင်း ပေးလိမ့်မည်။
သို့ရာတွင် ယခုချိန်၌ ထန်စစ်တပ်သည် ရေခဲနယ်မြေတွင် တိုက်ခိုက်ဖျက်ဆီးမှုများကို ပြုလုပ်နေဆဲပင်။ လုယွီသည် စစ်မျက်နှာနှစ်ဖက်ဖွင့်၍ တိုက်ခိုက်ရခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားလိုသည်။
ထို့ထက်ပို၍အရေးကြီးသည်မှာ ရှကွေ့ကျုံး၏ သတိပေးချက်ပင်။
ရှမိသားစု၏ဘိုးဘေးနှင့် ပတ်သက်၍ သဲလွန်စ မရှိသေးသည့်အပြင် ရှန်လင်းလုံသည်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ထိုကြောင့် လုယွီသည် သတင်းအချက်အလက်များ မသေချာမချင်း လှုပ်ရှားလိုခြင်း မရှိချေ။
Chapter 5244
"ဒါ မင်းရဲ့ပုံစံမျိုး မဟုတ်ပါဘူး"
ခွေးနက်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
အတိတ်တွင် လူတစ်ယောက်နှင့် နတ်ဆိုးသားရဲနှစ်ကောင်သည် တစ်စုံတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်ဆောင်ရန် စိတ်ဝိညာဉ်တောင်တော်၏မြင့်မြတ်နယ်မြေသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
'ဒါက ဘယ်လောက်တောင် အားကျဖို့ ကောင်းလိုက်လဲ..ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ....'
"သတိထားတာ ဘာမှ မမှားပါဘူး... မင်းရဲ့ လက်ရှိစွမ်းအားနဲ့ မဟာဗုဒ္ဓအရှင်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိလို့လား"
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"သောက်ကျိုးနည်း...တကယ်လို့ ငါ့ရဲ့စွမ်းအားတွေကို အရင်ကအတိုင်းသာ ပြန်ရနိုင်ရင် အဲ့ဒီအတုအယောင်ဗုဒ္ဓကို ဘာအရေးစိုက်စရာ လိုလို့လဲ... ငါက လက်တစ်ဖက်တည်းနဲ့ ရိုက်သတ်လိုက်မယ်"
ခွေးနက်ကြီးသည် "မဟာဗုဒ္ဓအရှင်" ဟူသော အမည်ကို ကြားမိချိန်၌ ချက်ချင်းစိတ်ဓာတ်ကျသွားသည်။
သူတို့သည် ကောင်းကင်ဘုံဘုရင်ဗုဒ္ဓကဲ့သို့ ဗုဒ္ဓထိပ်သီးကျင့်ကြံသူတစ်ပါးကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သို့ရာတွင် မဟာဗုဒ္ဓအရှင်ကဲ့သို့တည်ရှိမှုကြီးသည် သူ၏လှုပ်ရှားမှုတိုင်း ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြိုလဲစေနိုင်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။ သူ၏လက်ရှိစွမ်းအားဖြင့် သူသည် မဟာဗုဒ္ဓအရှင်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးချေ။
"မင်းက အခု တာယွီရဲ့ ဧကရာဇ် ဖြစ်နေပြီဆိုတော့ ငါ့ကို ရာထူးတစ်ခုလောက် ပေးပါလား... အရင်တုန်းက ထန်အင်ပါယာက ငါ့ကို သိမ်းသွင်းဖို့ ကြိုးစားတုန်းက သူတို့က ငါ့ကို နယ်စားဘွဲ့ထူးတောင် ပေးခဲ့တယ်... လူငယ်လေးလု... ငါတို့က မိတ်ဆွေဟောင်းတွေလို့ သတ်မှတ်နိုင်ပါတယ်... ငါတို့ အချင်းချင်း အကျိုးမပြုဘဲ မနေသင့်ဘူးလေ"
ခွေးနက်ကြီးက သူ၏မျက်လုံးများကို လှန်ကြည့်ပြီး လုယွီထံမှ အကျိုးအမြတ်များ ပို၍ရရှိရန် စတင်တောင်းဆိုလိုက်၏။
လုယွီက ခပ်ဖျော့ဖျော့အပြုံးဖြင့် တုံ့ပြန်ပြောဆိုသည်။
"မင်းကို ရာထူးပေးဖို့က မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါ့ကို မင်း ကူညီပေးရမယ့် ကိစ္စတစ်ခု ရှိတယ်"
"ဘာကိစ္စလဲ"
"ကောင်းကင်ချိတ်ပိတ်တံဆိပ်ပြားကို ငါ့ကို ငှားပါ"
ဤစကားကို ကြားချိန်တွင် ခွေးနက်ကြီး၏ မျက်လုံးများထဲတွင် သတိထားမှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"မင်းမှာ မသေမျိုးအဆင့် မှော်လက်နက်တွေ အများကြီး ရှိတာပဲ... ကောင်းကင်ချိတ်ပိတ်တံဆိပ်ပြားကို ဘာလုပ်ဖို့ လိုချင်တာလဲ"
အတိတ်တွင် လုယွီ မျောက်နှင့် ခွေးနက်ကြီးတို့သည် ကောင်းကင်ဘုံဘုရင်ဗုဒ္ဓကို အလစ်အငိုက်ဖမ်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်က ခွေးနက်ကြီးသည် ကောင်းကင်ချိတ်ပိတ်တံဆိပ်ပြားကို အသုံးပြုသည်အား လုယွီ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
ကောင်းကင်ချိတ်ပိတ်တံဆိပ်ပြားသည် ထိုက်အမ်းဓားနှင့် တူညီသောအဆင့်၌ ရှိနေသည်။ ထိုအရာနှစ်ခုလုံးသည် ရှေးဟောင်း ကောင်းကင်ဘုံဧကရာဇ် အသုံးပြုခဲ့သော မသေမျိုးအဆင့်မှော်လက်နက်များ ဖြစ်ပေ၏။
ကောင်းကင်ဘုံနန်းတော်၏ အုပ်စိုးသူအရှင်အနေဖြင့် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်သည် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပင်။ ရှေးဟောင်း တာအိုကျမ်းစာများတွင် ကောင်းကင်ဘုံဧကရာဇ်၏ကြီးမြတ်မှုကို ဖော်ပြထားသော အကြောင်းအရာ အမြောက်အများရှိသည်။
ကောင်းကင်ချိတ်ပိတ်တံဆိပ်တုံး၏ စွမ်းအားသည် အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။
"ကောင်းကင်ချိတ်ပိတ်ခြင်း" ဟူသော အမည်နှင့်အညီ ထိုအရာသည် မိုးကောင်းကင်ကို ချိတ်ပိတ်နိုင်သော စွမ်းအား ရှိသည်။ သာမန်မသေမျိုးအဆင့် မှော်လက်နက်များနှင့် နှိုင်းယှဉ်လျှင် ထိုအရာထံ၌ ပို၍ပြင်းထန်သော စွမ်းအားများရှိသည်။
"ငါက မင်းကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး... ဒါက ငါ လုပ်ဖို့ ပြင်ဆင်နေတဲ့ ကိစ္စပဲ..."
လုယွီ၏နတ်ဘုရားစိတ်အာရုံ လှုပ်ရှားသွားပြီး သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ကောင်းကင်ဘုံအထက်၌ ပျံဝဲနေသော ကောင်းကင်ဘုံမျက်လုံး၏မြင်ကွင်းကို ခွေးနက်ကြီးထံသို့ ပေးပို့လိုက်သည်။
ခွေးနက်ကြီး၏မျက်ခွံများ ပြင်းထန်စွာ တုန်ရီသွားသည်။ ထိုအရာအားလုံးကို မြင်တွေ့ပြီးနောက် ခွေးနက်ကြီးက ရုတ်တရက် ခုန်ထပြီး အော်ဟစ်လိုက်၏။
"မင်း ရူးနေလား ကောင်လေး... အဲ့ဒါက မူလဘူတသက်ရှိကွ... မင်းရဲ့ လက်ရှိကျင့်ကြံဆင့်နယ်ပယ်ကို ထားလိုက်အုံး....မင်း ကောင်းကင်ဘုံဧကရာဇ် ဒါမှမဟုတ် သိုင်းအင်ပါယာ ဖြစ်လာရင်တောင် မင်းက သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး"
လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အရာအားလုံးက လူတွေအပေါ်မှာ မူတည်တယ်... လူသားဧကရာဇ်က သူ့ရဲ့သွေးနဲ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခဲ့တဲ့အချိန်ကစပြီး အခုချိန်ထိဆိုရင် နှစ်ပေါင်းတစ်သောင်း ကြာသွားပြီ...တကယ်လို့ ငါ အခုချိန်မှာ တစ်ခုခု မလုပ်ရင် မိုးကောင်းကင်တာအို ပျက်စီးသွားမှာကို ငါ စိုးရိမ်မိတယ်"
"ဒါ့ပြင် ဒီကောင်းကင်ဘုံမျက်လုံးက ရှေးဟောင်းခေတ်ရဲ့ အစစ်အမှန် မူလဘူတသက်ရှိတွေလောက် အစွမ်းထက်မှာ မဟုတ်ဘူးလို့ ငါ ခံစားရတယ်"
လုယွီသည် ယင်ယန်ကျမ်းစာမှတစ်ဆင့် ရှေးဟောင်းအချိန်ကာလသို့ အမှန်တကယ် ပြန်လည်ရောက်ရှိခဲ့ဖူးသည်။ သူသည် သမိုင်းမတင်မီ မူလဘူတသက်ရှိများ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
လေဟာနယ်ထဲတွင် သရုပ်သကန်ထင်ဟပ်လာသော ကောင်းကင်ဘုံမျက်လုံးသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်အတွက်သာ အသုံးပြုပုံရသည်။ ထိုအရာသည် ယခင်က မူလဘူတသက်ရှိများလောက် အစွမ်းထက်ခြင်း မရှိချေ။
ထိုသို့မဟုတ်ပါက သူ၏ မသေမျိုးအဆင့်မှော်လက်နက်ကို ဖျက်ဆီးခြင်းဖြင့် ထိုမူလဘူတသက်ရှိကို လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့မည် မဟုတ်ချေ။
တစ်ဖက်လူသည် အားနည်းနေသော အခြေအနေတွင် ရှိနေပုံရသည်။ ဤသည်မှာ သူ့အတွက် အခွင့်အရေးပင်။
ခွေးနက်ကြီးက လုယွီကို ပြူးကျယ်နေသောမျက်လုံးများဖြင့် အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် ပြောဆိုလိုက်သည်။
"ကောင်းပြီ... ကောင်းပြီလေ... ငါ မင်းကို မဖြောင့်ဖျနိုင်ဘူးဆိုတာ ငါ သိတယ်... ကောင်လေး... မင်းကို ယောက်ျားကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်တယ်... မင်းမှာ သတ္တိရှိတယ်... ဒါပေမဲ့ ကောင်းကင်ချိတ်ပိတ်တံဆိပ်ပြားက ငါ့ဆီမှာ မရှိဘူး....ကောင်းကင်ဘုံနန်းတော်ရဲ့ မဟာကပ်ဘေးကြီးမှာ အဲ့ဒီအရာကို ငါ လုံးဝ သတိမထားမိခဲ့ဘူး... ငါ ရခဲ့တဲ့ ကောင်းကင်ချိတ်ပိတ်တံဆိပ်တုံးက ငါ ခတ်နှိပ်ခဲ့တဲ့ အဆောင်လက်ဖွဲ့တွေကနေ ဖွဲ့စည်းထားတာပဲ... ငါ အများကြီး သုံးခဲ့ပြီးပြီ....ငါ့ရဲ့လက်ထဲမှာ နှစ်ခုပဲ ကျန်တော့တယ်... မင်း ချွေတာပြီး သုံးရမယ်...."
Chapter 5245
ခွေးနက်ကြီး၏ ပင်ကိုယ်စရိုက်အရ ဤသို့ပြုလုပ်ခြင်းသည် လုံးလုံးလျားလျား ပုံမှန်မဟုတ်ချေ။
သူသည် အကျိုးအမြတ်မရှိဘဲ မလှုပ်ရှားသူတစ်ဦး အစဥ်အမြဲဖြစ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် အနည်းငယ်မျှ တွန့်ဆုတ်မနေခဲ့ချေ။ သူသည် အဆောင်လက်ဖွဲ့နှစ်ခုကို ချက်ချင်းထုတ်ယူပြီး လုယွီကို ပေးလိုက်၏။
လုယွီသည် သူ၏လက်ထဲသို့ ဤအဆောင်လက်ဖွဲ့နှစ်ခု ရောက်ရှိသည်နှင့် သာမန်အဆောင်လက်ဖွဲ့များနှင့် အလွန်ကွာခြားကြောင်း သူ ခံစားလိုက်ရသည်။ ထိုအရာများသည် သူ၏လက်ထဲတွင် ကျောက်တုံးနှစ်တုံး ကိုင်ထားရသည့်အလား ပုံမှန်ထက်ပို၍ လေးလံနေသည်။
"အဲ့တုန်းက ငါက ကောင်းကင်ချိတ်ပိတ်တံဆိပ်ပြားရဲ့ အင်မော်တယ်စွမ်းအားကို တိတ်တဆိတ် ကူးယူပြီးတော့ အဆောင်လက်ဖွဲ့တွေထဲမှာ ဖုံးကွယ်ထားခဲ့တယ်... အစကတော့ ငါက ဒီအဆောင်လက်ဖွဲ့တွေကို အားကိုးပြီးတော့ ဘုံသုံးဘုံကို လွှမ်းမိုးဖို့ စီစဉ်ထားခဲ့ပေမယ့် အဆုံးသတ်မှာ ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားလိမ့်မယ်လို့ ဘယ်သူက တွေးထင်ထားမိမှာလဲ... ငါ သိသမျှ အရာအားလုံးက အဲ့ဒီကပ်ဘေးကြီးထဲမှာ ပြာမှုန့်တွေ ဖြစ်သွားခဲ့ရတယ်"
ခွေးနက်ကြီးက အနည်းငယ် စိတ်ပျက်သွားသောလေသံဖြင့် ပြောဆိုသည်။
"ဒီအဆောင်လက်ဖွဲ့တွေက ငါ့ရဲ့လက်ထဲမှာ အသုံးမဝင်ဘူး... မင်းက ပိုပြီးစွမ်းဆောင်နိုင်တယ်... မင်းရဲ့ ကိစ္စကြီးမှာ ငါ့ရဲ့စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပါဝင်ကူညီနိုင်တာကလည်း ကောင်းပါတယ်"
ဤခွေးနက်ကြီး အလွန်တည်ကြည်လေးနက်နေသည်ကို သူ မြင်တွေ့လိုက်ရသလော....။
လုယွီသည် သူ၏စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာမှ ဖွဲ့စည်းထားသော ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏ ပုံရိပ်ယောင်ကမ္ဘာထဲတွင် ခွေးနက်ကြီးသည် ကောင်းကင်ဘုံဧကရာဇ်ကို ခြေရာခံရန် အဆက်မပြတ် ပြောဆိုနေခဲ့သည်။ ဤခွေးနက်ကြီးသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ကို မမေ့နိုင်သေးချေ။
သူ၏အကြီးမားဆုံးရန်သူသည် လောကနှစ်ခုတောင်တန်း၏ တခြားတစ်ဖက်တွင် ရှိနေသည်အား သူ ရှင်းလင်းစွာ သိရှိထားသည်။ သို့ရာတွင် သူ၏ကိုယ်ပိုင်စွမ်းများအားဖြင့် ထိုရန်သူများကို ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ချေ။ ထိုကြောင့် သူသည် ဤလက်စားချေလိုသော ဆန္ဒကို လုယွီထံ လွှဲပြောင်းပေးလိုက်၏။ လုယွီသည် သူ၏ကိုယ်စား ဤကိစ္စကို လုပ်ဆောင်ပေးနေရန် သူ မျှော်လင့်နေမိသည်။
အချိန်တခဏအတွင်းမှာပင် လုယွီသည် သူ၏လက်ထဲမှ အဆောင်လက်ဖွဲ့ ပို၍လေးလံလာသည်ကို ခံစားလိုက်ရသည်။
လူတစ်ယောက်နှင့်ခွေးတစ်ကောင်သည် ညဥ့်နက်ချိန်အထိ စကားစမြည် ပြောဆိုခဲ့ကြသည်။
အဆုံးသတ်တွင် ခွေးနက်ကြီးသည် ဝိုင်အရက်အိုးတစ်အိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး မူးဝေမှုကို အငွေ့ပျံသွားစေရန် မည်သည့်စွမ်းအားကိုမျှ အသုံးမပြုခဲ့ချေ။ သူ၏စိတ်ဓာတ်ကျမှုများကို အရက်ထဲတွင် နှစ်မြှုပ်နေလိုက်ခြင်းက ပိုကောင်းမည်ဟု ခံယူထားသည့်အလားပင်။
"အောက်ဘုံမှာ ထူးခြားမှုမရှိတဲ့ ကောင်လေးတစ်ယောက်က ခုလိုဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ... သူက ကောင်းကင်ဘုံနယ်မြေကို လွှမ်းမိုးနိုင်ခဲ့တယ်... ငါ့ရဲ့ မရေမတွက်နိုင်အောင် နှစ်တွေကြာညောင်းတဲ့ သက်တမ်းတလျှောက်မှာ ပါရမီရှင်တွေ အများကြီးကို ငါ မြင်ဖူးတယ်... သူတို့က အချိန်တိုအတွင်းမှာ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်လိုပဲ... ဒါပေမဲ့ သူတို့က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတယ်... ငါ့ကို အမြင်သစ်နဲ့ ကြည့်လာအောင် လုပ်နိုင်တာ မင်းတစ်ယောက်တည်းပဲ ရှိတယ်"
ခွေးနက်ကြီးသည် မူးဝေလာပြီးနောက် ရှေးဟောင်းခေတ်မှ အဖြစ်အပျက်များကို စတင်၍ပြောပြတော့သည်။
သူနှင့် နဂါးဘိုးဘေးတို့သည် ကောင်းကင်ဘုံဧကရာဇ် မွေးမြူထားသော နတ်ဆိုးသားရဲများပင်။ ထို့ကြောင့် ကောင်းကင်ဘုံနယ်မြေတွင် သူတို့၏ အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ ရွှေအင်မော်တယ်အများစုပင်လျှင် သူတို့ကို ရန်စရန် ဝန်လေးကြသည်။
ဘိုးဘေးနဂါးသည် မာန်မာနရှိပြီး တည်ငြိမ်သော်လည်း ဤခွေးကမူ မတူညီချေ။ သူသည် ကောင်းကင်ဘုံနန်းတော်တွင် ရှိနေခဲ့စဉ်က ပြဿနာများစွာကို ဖြစ်ပွားစေခဲ့သည်။
ဆေးမီးဖိုကို ဖျက်ဆီးခြင်း အင်မော်တယ်မက်မွန်သီးပွဲတော်တွင် ပြဿနာကြီးကြီးမားမား ဖြစ်စေခြင်း အစရှိသည့် ကိစ္စများပင်။ သို့ရာတွင် ဤခွေးနက်ကြီးသည် အလွန်ယုတ်မာသဖြင့် မျောက်ကို အပြစ်လွှဲချခဲ့သည်။
မျောက်သည် ခွေးနက်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ချိန်၌ ရူးသွပ်သွားသကဲ့သို့ ခံစားခဲ့ရသည်ကို လုယွီ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ ဤအရာများ သူ့အပေါ် ဖြစ်ပျက်ခဲ့လျှင် လုယွီသည် ကိုယ်ကျင့်တရား ကင်းမဲ့သော ဤခွေးနက်ကြီးကို အရေခွံခွာကောင်း ခွာပစ်မိပေလိမ့်မည်။
"အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ အရာအားလုံးက ဗလာဟင်းလင်း ဖြစ်သွားလိမ့်မယ်... မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်မားပြီးတော့ ရွှေအင်မော်တယ်နယ်ပယ်ထိရောက်အောင် ကျင့်ကြံနိုင်ရင်တောင် ဘာဖြစ်သလဲ... အဆုံးသတ်မှာ မင်းက မြေကြီးပုံတစ်ပုံ ဖြစ်သွားအုံးမှာပဲ... မရေမတွက်နိုင်တဲ့ ညတွေမှာ ငါ အိမ်မက်မက်နေခဲ့တယ်....လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ကမ္ဘာက အစစ်အမှန် ဖြစ်ဖို့ ငါ ဘယ်လောက်တောင် ဆန္ဒရှိလိုက်လဲ... အဲ့ဒီခေတ်ကို တကယ်ပြန်သွားပြီး ငါ့ရဲ့ ရန်သူတွေ မိတ်ဆွေတွေကို တရားဝင် နှုတ်ဆက်ခွင့်ရဖို့ ငါ ဘယ်လောက်တောင် ဆန္ဒရှိလိုက်လဲ... ထောင်နဲ့ချီတဲ့လူတွေအတွက် ပြဿနာကောင်ကြီးဖြစ်ခဲ့တဲ့ ငါက အခုထိ အသက်ရှင်နိုင်နေသေးတယ်... ဒါပေမဲ့ သူတို့ကတော့ သေဆုံးသွားကြတယ်"
ခွေးနက်ကြီးသည် ဤစကားများကို ပြောဆိုပြီးချိန်၌ သူသည် အိမ်ခြေရာမဲ့ ကလေးငယ်တစ်ဦးအလား ဝမ်းနည်းပက်လက် ငိုရှိုက်နေခဲ့သည်။
လူများအားလုံးသည် ကျွမ်းကျင်သောဟန်ဆောင်သူများကဲ့သို့ ဖြစ်နေကြပြီး သူတို့၏မျက်နှာပေါ်မှ မျက်နှာဖုံး ကွဲအက်သွားကာ စိတ်ခံစားမှုများ အမှန်တကယ် ပေါက်ကွဲထွက်လာချိန်တွင် လောကကြီးကို မကြုံတွေ့ဖူးသော ကလေးငယ်များအလားပင်။ သူတို့သည် စိတ်ခံစားမှုများကို ဖွင့်ထုတ်ပြီးနောက် ဟန်ဆောင်မှုကို တဖန်ပြန်၍တည်ဆောက်ကြသည်။ သူတို့၏စိတ်အတွင်းတွင် မည်သို့သော စိတ်ခံစားချက်မျိုး ဖုံးကွယ်ထားသည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ချေ။
ခွေးနက်ကြီးက ဝိုင်အရက်ကို မော့သောက်ပြီး အော်ဟစ်လိုက်သည်။
"ကောင်စုတ်လေး...မင်းက ဧကရာဇ် ဖြစ်နေပြီ.... အခုထိ လက်မထပ်ရသေးဘူး....မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းမှာ အမွေဆက်ခံသူ ရှိလာတာနဲ့ ခေတ်ကာလအဆက်ဆက်ကို တုန်လှုပ်စေမယ့် ပြိုင်ဘက်ကင်း သန္ဓေသားလောင်းလေး ဖြစ်လာလိမ့်မယ်"
Thank For Reading.