← Chapters

အခန်း (၅၂၅၆-၅၂၆၀)

Vol. 266 Ch. 5256-5260

အခန်း (၅၂၅၆-၅၂၆၀)

Vol. 266 Ch. 5256-5260

Chapter 5256

လေပြင်းများနှင့်အတူ ကြမ်းတမ်းသော ယင်စွမ်းအင်များလည်း ပါရှိသည်။

မိုးကြိုးပင်လယ်သည် သူ၏အသက်ကို တောင်းဆိုနေသော သံကြိုးတစ်ချောင်းအလားပင်။ ထူထပ်သိပ်သည်းသော မိုးကြိုးလှိုင်းများသည် လုယွီထံသို့ အဆက်မပြတ် ကျရောက်နေသည်။ ထိုမိုးကြိုးလှိုင်းတစ်လှိုင်းချင်းစီသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို ဆုတ်ဖြဲပစ်နိုင်သည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ထားသည်။

ပြင်းထန်သော ပေါက်ကွဲသံတစ်သံသည် အထက်မိုးကောင်းကင်ယံမှ ထွက်ပေါ်လာပေ၏။ ထို့နောက် အကန့်အသတ်မရှိသော မိုးကြိုးလှိုင်းများ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။

ထို့နောက် လောကကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေ​ကာ ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မရှိသည့် အရှိန်အဝါတစ်ရပ်က နောက်ဆုံးတွင် ပွင့်အံ့ထွက်လာသည်။

မိုးကောင်းကင်ယံရှိ သွေးနီရောင်မျက်လုံးကြီးမှ သွေးတစ်စက် ကျဆင်းလာသည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

မူလဘူတသက်ရှိသည် ဒေါသထွက်နေပေ၏။ သူသည် ကောင်းကင်နှင့်မြေပြင်ကို ထိန်းချုပ်ထားပြီး သက်ရှိများအားလုံး၏ ကံကြမ္မာကို လက်ဝါးထဲတွင် ထိန်းချုပ်ထားသော အထွတ်အထိပ် တည်ရှိမှုကြီးပင်။ သို့ရာတွင် သူသည် လုယွီ၏ကစားခြင်းကို ခံလိုက်ရပေ၏။

သူ​၏မျက်လုံးထဲတွင် ပုရွက်ဆိတ်အဆင့်သာရှိသော လူတစ်ယောက်က သူ့ကို လှည့်စားခဲ့သည်။

"မင်းက မူလဘူတချီကို သုံးစွဲပြီး​တော့ အစစ်အမှန်အင်မော်တယ်တွေ အများကြီးကို ဖန်တီးဖို့ တွန့်ဆုတ်မနေခဲ့ဘူး....ဒါပေမယ့် ဒီလိုလုပ်ပြီးတော့ ငါ့ရဲ့မျက်လုံးတွေကို ရှောင်လွှဲနိုင်မယ်လို့ မင်း ထင်နေတာလား.... ငါက ဒီလောကမှာရှိတဲ့ အရာအားလုံးကို စောင့်ကြည့်နေတာ... မင်း ဘာပဲလုပ်လုပ် ငါ့ရဲ့လက်ထဲကနေ လွတ်မြောက်ဖို့ မစဉ်းစားနဲ့"

ဒေါသထွက်နေသော အသံတစ်သံက မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

သက်ရှိများအားလုံး၏အသက်ကို စောင့်ကြည့်နေသော ဤမူလဘူတသက်ရှိသည် သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖုံးကွယ်မထားတော့ချေ။ လုယွီကို သတ်ဖြတ်ရန်အတွက် ဤအချိန်တွင် သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ လုံးလုံးလျားလျား ပွင့်အံ့ထွက်လာသည်။

"မင်းက တကယ်ပဲ လောကကြီးတစ်ခုလုံးကို စောင့်ကြည့်နိုင်ရင် ဘာလို့ အခုမှ ငါ့ကို တွေ့တာလဲ"

လုယွီသည် ဗလာဟင်းလင်းဖြစ်နေသော ကောင်းကင်ဘုံတံခါးကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒီလမ်းကြောင်း ပြတ်တောက်သွားပေမယ့် မင်းကို သတ်ဖို့အတွက် လုံလောက်ပါတယ်"

"ရှက်ဖို့ကောင်းလိုက်တဲ့ ကြွားလုံးပဲ"

ကြည်လင်သော မိုးကောင်းကင်ယံတွင် ဒေါသတကြီး အော်ငေါက်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ အစွမ်းထက်သော ဖိအားတစ်ရပ် ရုတ်တရက် ကျရောက်လာသည်။

လုယွီ၏မျက်ခွံများ အနည်းငယ်လှုပ်ခတ်သွားသည်။ ထိုဖိအားအရှိန်အဝါမျိုးသည် လူအများအား ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှု ခံစားချက်ကို ပေးစွမ်းနိုင်ပေ၏။ ဤစွမ်းအားသည် လောကရှိ တာအိုသခင်များအားလုံးထက် ကျော်လွန်သွားလေပြီ။ ယခင်ဘဝက လုယွီသည် ထိုက်ချမ်ဧကရာဇ်နှင့် ရင်ဆိုင်ရစဉ်ကပင် ဤကဲ့သို့ ဖိအားမျိုးကို မခံစားခဲ့ရချေ။

ဤသည်မှာ မူလဘူတသက်ရှိများ၏စွမ်းအားပင်။

ဤ လျှို့ဝှက်ဆန်းကြယ်သော သက်ရှိများသည် ရှေးဟောင်းခေတ် မတိုင်မီကတည်းက တည်ရှိခဲ့ကြသည်။ သူတို့၏ မူလအစ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။ သူတို့သည် ရှေးဟောင်းခေတ်ကတည်းက တည်ရှိနေသကဲ့သို့ဖြစ်ပြီး မယုံနိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြသည်။

"လာခဲ့စမ်း...."

လုယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ခေါင်းမော့ပြီး မိုးကောင်းကင်ယံကို ကြည့်လိုက်၏။ သူ၏မျက်လုံးများထဲတွင် ရွှေရောင်မီးတောက်များ တောက်လောင်နေသည်။

"ဝီ..."

လေထုသည် ပြင်းထန်စွာ တုန်ခါလာသည်။ ရွှေရောင် ဧကရာဇ်အရှိန်အဝါတစ်ရပ်က လုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပြီး တိမ်လွှာများသည် အရပ်မျက်နှာအနှံ့အပြား၌ ထွက်ပေါ်လာသည်။ လုယွီသည် ဧကရာဇ်တစ်ပါးအလား တိမ်တိုက်များအကြားတွင် ထိုင်နေပေ၏။

တစ်ချိန်တည်းမှာပင် လုယွီ၏သွေးချီစွမ်းအင်များ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ အစွမ်းထက်သော သွေးချီစွမ်းအင်များသည် အခိုးအငွေ့များအလား တိမ်တိုက်များအကြားသို့ ပျံ့လွင့်သွားသည်။ ထိုအရာများသည် ကိုးကျန်းခန့်မြင့်သော မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်ယောင်ကြီး၏ အနက်ရောင်ဆံပင်များသည် လူးလွန့်နေပြီး အလွန်ရက်စက်ကြမ်းကြုတ်သော ပုံပန်းသွင်ပြင်ရှိသည်။ ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။

အင်မော်တယ်နှင့်နတ်​ဆိုး ပေါင်းစပ်လိုက်ချိန်တွင် ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များ ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းမှာပင် လုယွီ၏ဖိအားသည် ထိုသွေးနီရောင်မျက်လုံးနှင့် တူညီသွားပေ၏။

လုယွီ၏စွမ်းအားများ တည်ငြိမ်စွာ မြင့်တက်လာသည်။ အလွန်တိုတောင်းသော ကာလအတွင်း၌ သူ၏ဖိအားအရှိန်အဝါသည် အမှန်တကယ်ကို ဆယ်ဆကျော် တိုးလာပေ၏။

ကြယ်တာရာ ကောင်းကင်ယံအထက်တွင် သွေးနီရောင်မျက်လုံးကြီး ရှိနေသည်။

ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် သွေးနီရောင်မျက်လုံးမှ ပွင့်အံ့ထွက်လာပေ၏။

နှစ်ဖက်လုံးသည် လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေကြသည်။ သူတို့သည် တိုက်ရိုက်မတိုက်ခိုက်ရသေးသော်လည်း နှစ်ယောက်လုံးသည် ထိပ်တိုက်တွေ့ဆုံနေကြလေပြီ။

သွေးနီရောင်မျက်လုံး၏နောက်တွင် လေတိုးသံနှင့်အတူ ဖြတ်သန်းသွားသော မိုးကြိုးပင်လယ်တစ်ခု ပါရှိသည်။ ထိုအသံသည် အလွန်ကျယ်လောင်သဖြင့် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

"မိုးကြိုး ထွက်လာခဲ့စမ်း"

ဒေါသထွက်နေသော အသံတစ်သံက သွေးနီရောင်မျက်လုံးမှ ထွက်ပေါ်လာသည်။

သွေးနီရောင်မျက်လုံး၏နောက်ကွယ်ရှိ မူလဘူတသက်ရှိများ အလွန်ဒေါသထွက်နေကြသည်။ သူတို့သည် လုယွီကို အစိတ်စိတ်အမွှာမွှာ ခြေမွှဖျက်ဆီးရန်အတွက် တတ်နိုင်သမျှ သတ်ဖြတ်ခြင်းနည်းစနစ်များ အသုံးပြုလိုကြသည်။

ဤအသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလှိုင်းများသည် လုယွီကို တဖန်ထပ်၍ လွှမ်းခြုံသွားပေ၏။

လုယွီသည် အကန့်အသတ်မဲ့သော မိုးကြိုးသမုဒ္ဒရာထဲတွင် မျောပါနေသော လှေငယ်တစ်စင်းအလားပင်။ အကယ်၍ သူ ပေါ့ပေါ့ဆဆနေမိပါက သူ သေဆုံးသွားနိုင်သည်။

Chapter 5257

မိုးကြိုးသည် လောကတွင် အကြမ်းတမ်းဆုံးသော တည်ရှိမှုကြီးတစ်ခုပင်။

သာမန်ကျင့်ကြံသူများသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကဲ့သို့သော တည်ရှိမှုကို အလွန်အမင်း ကြောက်ရွံ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ထိပ်တိုက်ရင်ဆိုင်မည့်အစား သူတို့၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားပြီး အဆင့်ချိုးဖျက်ဝင်ရောက်ခြင်းမပြုဘဲ နေလိုကြသည်။

ယခုချိန်၌ မူလဘူတသက်ရှိများ၏ ထိန်းချုပ်မှုအောက်တွင် အကန့်အသတ်မဲ့သော မိုးကြိုးများသည် လုယွီကို ဖုံးလွှမ်းထားသော သမုဒ္ဒရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်ချင်နေသည်။

"မိစ္ဆာတွေ...လောကထဲမှာရှိတဲ့ သက်ရှိတွေအားလုံးရဲ့ အသက်ကို ကစားနိုင်တဲ့ သားရဲတစ်စု....မင်းတို့အားလုံးကကောင်းကင်ဘုံကပ်ဘေးမိုးကြိုးနဲ့ ငါ့ကို လောင်ကျွမ်းနိုင်မယ်လို့ ထင်နေတာလား"

လုယွီ၏အေးစက်စက် အော်ဟစ်သံနှင့်အတူ ဧကရာဇ်အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။

ထိုဧကရာဇ်အရှိန်အဝါသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။ ဤသည်မှာ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည့်အလားပင်။ သူသည် သူ၏လက်ကို မြှောက်လိုက်ရာ သူ၏လက်ချောင်းငါးချောင်းသည် နေ လ နှင့် လောကရှိ သက်ရှိများအားလုံးကို ကိုင်ဆောင်ထားသည့်အလားပင်။

"လောကကြီးမှာရှိတဲ့ မိုးကြိုးတွေအားလုံး.... ငါ့ရဲ့အမိန့်ကို နာခံကြစမ်း"

လုယွီ၏ထိန်းချုပ်မှုအောက်တွင် ဧကရာဇ်အရှိန်အဝါ လူသားဧကရာဇ်၏သွေးချီစွမ်းအားနှင့် သိုင်းအာဏာရှင်၏မန္တန်တို့သည် ဥပဒေသအလား စကားလုံးများကို ပြောဆိုနိုင်ပြီး တာအိုကို ရရှိစေနိုင်သည်။ ရုတ်ခြည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ မိုးကြိုးများ ကွဲပြားသွားပြီး လုယွီကို ဗဟိုပြု၍ ဆယ်မီတာခန့်ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို ချန်ထားခဲ့သည်။

လုယွီ တိုက်ခိုက်ချိန်၌ သူသည် လက်ဖျောက်တစ်ချက်တီးရုံဖြင့် ကောင်းကင်နှင့်မြေပြင်ရှိ အစွမ်းထက်ဆုံး ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သည်။

ဤမြင်ကွင်းသည် သာမန်တာအိုသခင်များအကြားရှိ တိုက်ပွဲထက်ပင် ကျော်လွန်သွားသည်။ ဤသည်မှာ ရှေးဟောင်းအင်မော်တယ်များ တိုက်ခိုက်နေစဉ် မှတ်သားထားသည့် သမိုင်းမှတ်တမ်းများတွင်သာ ထွက်ပေါ်လာသော မြင်ကွင်းတစ်ခုပင်။

"ငါ့ရဲ့မျက်လုံးထဲမှာ မင်းက နည်းနည်းပိုကြီးတဲ့ နှံကောင်တစ်ကောင်ပါပဲ....တကယ်လို့ မင်းကသာ အတုအယောင် အင်မော်တယ်လုပ်ဖို့ ဆန္ဒရှိရင် ဘေးကင်းလုံခြုံကောင်း လုံခြုံနိုင်လိမ့်မယ်....မင်း ရိုးရိုးသားသားနေရင် မင်းက အိုမင်းတဲ့အရွယ်ထိ ပျော်ပျော်ရွှင်ရွှင် နေနိုင်လိမ့်မယ်.... ဒါပေမယ့် မင်းက မရိုးသားခဲ့တဲ့အပြင် အစစ်အမှန်အင်မော်တယ် ဖြစ်ချင်နေတယ်....မင်းက ဝက်ဝံနှလုံးသားနဲ့ ကျားသစ်သည်းခြေကို စားထားတာပဲ.... ငါ မင်းကို သတ်ပြီးတဲ့အချိန်အထိ မင်း စောင့်နေအုံး....ပြီးရင် မင်း ဖန်တီးထားတဲ့ လောကီအင်မော်တယ်တစ်သောင်းကို ငါ သတ်ပစ်မယ်"

သွေးနီရောင်မျက်လုံးအတွင်းတွင် သွေးမျက်ရည်များ ပြည့်နှက်နေပြီး မိုးကောင်းကင်ယံကြီး ပြိုကျတော့မည့်အလားပင်။

ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သရုပ်သကန် ထင်ဟပ်လာသည့်အလားပင်။ ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် လုယွီ၏ ထိန်းချုပ်မှုမှ ရုတ်တရက် လွတ်ထွက်လာပြီး သူ့ကို ထပ်မံ၍ ရိုက်ခတ်လိုက်သည်။

"ဟုတ်လား....မင်းမှာ တကယ်ပဲ အဲ့ဒီလို့ အရည်အချင်းရှိရင် ဘာလို့ ဆင်းမလာပြီး မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်နဲ့ မတိုက်ခိုက်တာလဲ.... မင်းက နယ်ခြားနတ်ဆိုးတွေကို အသုံးပြုပြီးတော့ မင်းအတွက် အလုပ်လုပ်ပေးမယ့် အဲ့ဒီအရုပ်တွေကို သုံးချင်နေတယ်... စည်းမျဉ်းတွေရဲ့ ကန့်သတ်ချက်ကြောင့် မင်း ငါ့ကို နည်းနည်းလေးတောင် မထိနိုင်ဘူး မဟုတ်လား... ငါက ကျမ်းစာတစ်အုပ်ဖြစ်တဲ့ 'တောင်တန်းနှင့်ပင်လယ်ကျမ်းစာ' ကို ရေးထားတယ်....လောကမှာရှိတဲ့ ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို ငါ ချိပ်ပိတ်ပြီးတဲ့အထိ မင်း စောင့်နေစမ်း.... မင်းတို့အားလုံးကိုလည်း တောင်တန်းနဲ့ပင်လယ်ကျမ်းစာထဲမှာ ငါ ချိပ်ပိတ်ပစ်မယ်... ငါ့ရဲ့အမြင်အရဆိုရင် မင်းတို့အားလုံးက ငါ့ရဲ့ကျမ်းစာ အောင်မြင်ပြီးမြောက်ဖို့အတွက် ခြေနင်းတုံးတွေထက် မပိုပါဘူး"

လုယွီက မထီမဲ့မြင် ပြုလိုက်သည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ထူထဲသော ကျမ်းစာအုပ်တစ်အုပ်က သူ၏လက်ဝါးထဲတွင် ထွက်ပေါ်လာသည်။

ကျမ်းစာ၏စာမျက်နှာများသည် လေမတိုက်ဘဲ ရွေ့လျားနေပေ၏။ ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မရှိ အစွမ်းထက်သော နတ်ဆိုးသားရဲများ၏ပုံရိပ်ယောင်များသည် ဤကျမ်းစာ၏စာမျက်နှာများတွင် ထွက်ပေါ်လာသည်။ ထိုနတ်ဆိုးသားရဲများသည် ပါးစပ်များကို ဖွင့်ဟပြီး ဟိန်းဟောက်လိုက်ရာ နားကွဲလုမတတ် အလွန်အမင်းကျယ်လောင်သည်။

"အား.. မင်း ဘယ်လိုတောင် ရဲတင်းတာလဲ.... ဘယ်လိုတောင် ရဲတင်းတာလဲ"

နားကွဲလုမတတ်ကျယ်လောင်သော ဒေါသတကြီး ဟိန်းဟောက်သံတစ်သံကို ရှေးဟောင်း ကြယ်တာရာကောင်းကင်မှ ကြားလိုက်ရသည်။

ထိုအသံ၏အရှိန်အဝါသည် အလွန်ပြင်းထန်ပြီး လောကကြီးအတွင်းရှိ တောင်တန်းများအားလုံးကို ခြေမွှဖျက်ဆီးပစ်တော့မည့်အလားပင်။

မူလဘူတသက်ရှိများသည် အလွန်အမင်း ဒေါသထွက်နေကြ၏။

လုယွီ လုပ်ဆောင်ခဲ့သည့်အရာသည် မူလဘူတသက်ရှိများ၏အခွင့်အာဏာကို ရန်စစော်ကားခြင်းပင်။ သူသည် အရာအားလုံးကို ထိန်းချုပ်လိုက်သဖြင့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နိမ့်ကျသူသည် သခင်ဖြစ်သူ၏ ရတနာကို လုယူသွားသည့်အလားပင်။ ထို့ကြောင့် မူလဘူတသက်ရှိများသည် မည်သို့ပင် တွေးတောပါစေ ထိုကဲ့သို့အရာကို လက်မခံနိုင်ချေ။

"ဒါတင် မကသေးဘူး....ဖူးရှီရဲ့အမွေအနှစ်ကလည်း ငါ့လက်ထဲမှာ ရှိတယ်...ထိုက်ကျိအမှတ်အသားက တကယ့်ကို နက်နဲသိမ်မွေ့ပြီးတော့ အကန့်အသတ်မဲ့အစွမ်းထက်တယ်....ငါ့ရဲ့ တာအိုကို အောင်မြင်အောင် ကူညီပေးနိုင်မယ့် အမွေအနှစ်တစ်ခုခုများ မင်းဆီမှာ ရှိနေမလားလို့ ငါ တွေးနေမိတယ်"

လုယွီသည်၏မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ခု ထင်ဟပ်လာပြီးသွေးနီရောင်မျက်လုံးကို အကဲခတ်လိုက်၏။

"သတ်....သတ်...သတ်...သတ်..သတ်"

အချိန်တခဏအတွင်းမှာပင် ပဲ့တင်သံများနှင့်အတူ အနက်ရောင်အရိပ်တစ်ခုသည် သွေးနီရောင်မျက်လုံးထဲမှ ခုန်ထွက်လာပြီး လုယွီထံ ဦးတည်၍ တိုးဝင်လာသည်။

ဤသည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ပုံသဏ္ဍာန်ပင်။ သူ၏ မျက်နှာသည် ယုတ်မာကောက်ကျစ်သော အမူအယာရှိပြီး ဖြူဖျော့နေကာ သူ၏မျက်လုံးများသည် မင်ရည်ကဲ့သို့ နက်မှောင်နေပေ၏။ သူ၏ မျက်လုံးများတွင် အဖြူရောင် တစိုးတစိမျှပင် မရှိပေ။ သူသည် လူသားများကို ကြိုက်နှစ်သက်သော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အလွန် အန္တရာယ်များပြီး ယုတ်မာကောက်ကျစ်သည်။

Chapter 5258

ဤသည်မှာ လူသားတစ်ယောက်၏ စိတ်ဝိညာဉ်နှင့်တူညီပြီး မူလဘူတသက်ရှိ၏အစစ်အမှန်ခန္ဓာကိုယ်ပင်။

နှိုင်းယှဉ်ကြည့်လျှင် ကောင်းကင်နှင့်မြေပြင်ကြားရှိ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများနှင့် မိုးကောင်းကင်ရှိ သွေးနီရောင်မျက်လုံးတို့သည် အတုအယောင်များသာဖြစ်ပြီး ပုံရိပ်ယောင်များ ဖြစ်ကြ၏။

လုယွီသည် ဤအစစ်အမှန်အရာကို မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့် မူလဘူတသက်ရှိကိုဆင့်ခေါ်ရန် သူ၏နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဤ မိစ္ဆာလူသားကို လုယွီ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း မဟုတ်ပေ။

ကောင်းကင်ဘုံလမ်းကြောင်း၌ လုယွီသည် လောကီအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်စဉ်က ဤလူနှင့် တွေ့ဆုံခဲ့ဖူးသည်။

ကောင်းကင်ဘုံစင်မြင့်တွင် ကျန်ရစ်ခဲ့သော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် လုယွီ လောကီအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခွင့် ရရှိရန်အတွက် ထိုမိစ္ဆာလူသားနောက်သို့ လိုက်ပါသွားခဲ့သည်။

"ဒီမူလဘူတသက်ရှိက နွားရိုင်းစီးအဘိုးအိုနဲ့ တကယ့်ကို ကွာခြားတာပါလား"

တိုတောင်းသော အချိန်ကာလအတွင်း ဤအတွေးသည် လုယွီ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

ယင်ယန်ကျမ်းစာကို ဖြတ်သန်းခဲ့ရသော ရှေးဟောင်းစစ်မြေပြင်တွင် လုယွီသည် နွားရိုင်းစီးအဘိုးအို၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။

ထိုနွားရိုင်းစီးအဘိုးအိုသည် အစွမ်းထက်ကာ ဥာဏ်ပညာရှိပြီး အမြော်အမြင်ကြီးမားသဖြင့် အလွန်ခန့်မှန်းရခက်သည်။

သူသည် လုယွီအပေါ် အနက်ရှိုင်းဆုံး အထင်ကြီးမှုကို ချန်ထားနိုင်ခဲ့သည်။

ဥပမာအားဖြင့် ကောင်းကင်ဘုံရှိ သွေးနီရောင်မျက်လုံးကို ရှုပ်ထွေးသွားစေရန်အတွက် အချုပ်အခြာအာဏာကို သူ အသုံးပြုခဲ့ခြင်းသည် နွားရိုင်းစီးအဘိုးအိုသာဆိုလျှင် လုံးလုံးလျားလျား အသုံးဝင်မည် မဟုတ်ချေ။ ထိုအဘိုးအို၏မျက်လုံးများတွင် အဆုံးမဲ့ ဉာဏ်ပညာများကို ဖုံးကွယ်ထားသည့်အလားပင်။ သူ၏ရှေ့တွင် မည်သည့်နည်းလမ်းမဆို အသုံးဝင်မည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက လူသားဧကရာဇ်သည် အဘိုးအိုကို တွေ့ဆုံရုံမျှဖြင့် တခြားနည်းလမ်းများကို အသုံးမပြုဘဲ သူ၏သွေးခန္ဓာကိုယ်ကို လောင်ကျွမ်းရန် ရွေးချယ်ခဲ့မည် မဟုတ်ချေ။

သို့ရာတွင် သူ၏ရှေ့မှ ရှေးဟောင်းသက်ရှိသည် အရူးလုပ်ခြင်းကို ခံလိုက်ရပေ၏။

ထို့ပြင် လုယွီ၏ရန်စမှုပြီးနောက် သူသည် စွမ်းအားသာရှိပြီး အသိဥာဏ်မရှိသော လူတစ်ယောက်အလား ဒေါသတကြီးဖြင့် သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ချက်ချင်းထုတ်ဖော်ပြသခဲ့သည်။

"ဝုန်း...ဝုန်း..."

မိုးမြေဖျက်ဆီးနန်းတော်၏အထက်တွင် အနက်ရောင်တိမ်တိုက်များ အဆုံးမဲ့မိုးကြိုးများဖြင့် ပြည့်နှက်နေသည်။

ထူထပ်သိပ်သည်းသော အနက်ရောင်တိမ်တိုက်များအတွင်းမှနေ၍ ထူထပ်သိပ်သည်းသော ဥပဒေသသံကြိုးများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာများသည် မိစ္ဆာလူသားကို ရစ်ပတ်ထားပြီး ဆင်းသက်လာနိုင်ခြင်း မရှိအောင် တားဆီးထားပေ၏။

​ဤသည်မှာ ကောင်းကင်ဘုံနယ်မြေရှိ သက်ရှိများအားလုံးကို ကာကွယ်ပေးသော မိုးကောင်းကင်တာအို၏ ဥပဒေသပင်။

"မင်း ဘယ်လိုထင်လဲ....လောကမှာရှိတဲ့ သက်ရှိအားလုံးကို ပုရွက်ဆိတ်တွေလို မင်း မြင်ခဲ့တယ်မဟုတ်လား....အခု မင်းက အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ပြလိုက်ရင်တောင် မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"

လုယွီ၏အသံသည် ပို၍ကျယ်လောင်လာပြီး ပို၍မောက်မာထောင်လွှားလာသည်။

သူ ပြောဆိုလိုက်သော စကားလုံးတိုင်းနှင့်အတူ သူ၏သွေးချီများ အနည်းငယ် မြင့်တက်လာပေ၏။ သူ ပြောဆိုပြီးသွားချိန်၌ သူ၏အသံသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသည်။

မိစ္ဆာလူသားသည် မိုးကောင်းကင်တာအို၏ ဥပဒေသသံကြိုးများ အကြားတွင် ပိတ်မိနေသည်ကို မြင်တွေ့ချိန်၌ လုယွီသည် မီးလောင်ရာလေပင့်ရန်အတွက် အဆင်သင့် ဖြစ်နေလေပြီ။

ရွှေရောင်မီးတောက်တစ်ခုက သူ၏မျက်လုံးထဲတွင် လူးလွန့်နေသည်။ ရုတ်ချည်းဆိုသလိုပင် ထိုမီးတောက်များ လှုပ်ခတ်သွားကာ ပူပြင်းသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တွန့်လိမ်ပုံပျက်သွားစေသည်။

နောက််ထပ်အချိန်တခဏတွင် ကြီးမားသော မီးနဂါးတစ်ကောင်က လုယွီ၏မျက်လုံးများမှ ပျံသန်းထွက်လာသည်။ ထိုမီးနဂါးကြီး၏ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပေ၏။

သူ၏မျက်လုံးများမှ မီးတောက်များကို ထုတ်လုပ်နိုင်ပြီး ထိုအရာသည် မြေပြင်တပြင်လုံးကို လောင်ကျွမ်းစေပေလိမ့်မည်။

ဤအချိန်တွင် လုယွီသည် ရှေးဟောင်းအင်မော်တယ်များ၏နည်းစနစ်များကို လုံးလုံးလျားလျား ဆုပ်ကိုင်ထားပြီး ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက်ကို ထုတ်လွှတ်လိုက်သည်။

ဤသည်မှာ အတိတ်ဘဝတွင် ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင် ကျင့်ကြံခဲ့သော အထွတ်အထိပ် အစစ်အမှန်မီးတောက်ပင်။ ကျိုးထျန်းယင်၏ဂိုဏ်းကို မီးတောက်ဂိုဏ်းဟု အမည်ပေးခဲ့ခြင်းမှာ ပြင်းထန်သော မီးတောက်များသည် နှိုင်းယှဉ်၍မရအောင် အစွမ်းထက်ပြီး လောကရှိ အရာအားလုံးကို လောင်ကျွမ်းစေကာ ထင်ရာစိုင်းနိုင်သောကြောင့်ပင်။

ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက မိုးကောင်းကင်ယံကို လောင်ကျွမ်းသွားသည်။ အချိန်တခဏအတွင်းမှာပင် အနက်ရောင်တိမ်တိုက်များသည် ရွှေရောင်မီးတောက်များဖြင့် လင်းထိန်သွားပေ၏။ မိစ္ဆာလူသား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းခံနေရပြီး ထူထပ်သိပ်သည်းသော အနက်ရောင်ချီစွမ်းအားများကို ထုတ်လွှတ်ထားကာ တရှဲရှဲမြည်သံများ ထွက်ပေါ်နေသည်။

ဤကဲ့သို့ တိုက်ခိုက်ခြင်းခံရသဖြင့် မိစ္ဆာလူသားသည် ရူးသွပ်လုနီးပါး ဖြစ်နေသည်။

မိုးကောင်းကင်တာအို၏တားဆီးထားမှု ရှိနေသော်လည်း လုယွီသည် မိစ္ဆာလူသား၏ စိတ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ခံစားနေရဆဲပင်။

"မင်းကို မီးရှို့လို့တောင် မသေဘူးလား.... လက်နက် လာစမ်း...."

တစ်ချိန်တည်းမှာပင် လုယွီက သူ၏လက်ကို မြှောက်လိုက်ပြီး လေဟာနယ်တစ်နေရာကို ဖမ်းဆုပ်လိုက်၏။ အကန့်အသတ်မရှိသော မှော်စွမ်းအားသည် လက်နက်များအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာလူသား၏ရှေ့တွင် ရပ်တန့်သွားသည်။

ထိုအရာများအနက် ဓားများ လှံများ နှင့် ပုဆိန်များ ပါဝင်သည်။ ထိုလက်နက်တစ်ခုချင်းစီသည် ထက်ရှပြီး အေးစက်သည့် အလင်းတန်းကို ထုတ်လွှတ်ထားသည်။ ထိုအရာများအားလုံးသည် ထူထပ်သိပ်သည်းစွာ စုဝေးနေပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

Chapter 5259

"သတ်စမ်း"

လုယွီ၏အမိန့်ပေးမှုနှင့်အတူ သန်းနှင့်ချီသော လက်နက်များသည် မိစ္ဆာလူသား၏ခန္ဓာကိုယ်ထံသို့ တိုးဝင်သွားတော့သည်။

မိုးကောင်းကင်တာအို ဥပဒေသ၏ ကာကွယ်မှုကြောင့် လုယွီသည် မိစ္ဆာလူသားကို တိုက်ခိုက်နိုင်သည်။ သို့ရာတွင် မိစ္ဆာလူသားသည် နည်းစနစ်အမြောက်အများကို လုယွီအပေါ် အသုံးမပြုနိုင်ပေ။ ထိုကြောင့် ဤသည်မှာ တရားမျှတသော တိုက်ပွဲတစ်ပွဲ မဟုတ်တော့ချေ။

"ဝုန်း..."

တိုက်ပွဲမြေပြင်၏ အရပ်လေးမျက်နှာတွင် နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။ ကျယ်လောင်ပြီး အစွမ်းထက်သော အသံသည် လူတစ်ယောက်၏ နားစည်ကို ကြေမွှပျက်စီးသွားစေရန် လုံလောက်ပေ၏။

"အား....."

လက်နက်မုန်တိုင်းအတွင်းမှ မိစ္ဆာလူသားက နောက်ဆုံးတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် အလွန်ဒေါသထွက်နေပြီး သူ၏မျက်လုံးများ သွေးနီရောင် ပြောင်းသွားသည်။ ငရဲမှ တွားသွားထွက်လာသော ကြမ်းကြုတ်သည့် သရဲတစ္ဆေတစ်ကောင်အလား သူ၏မျက်နှာပေါ်တွင် ရူးသွပ်သော အမူအယာတစ်ရပ် ထွက်ပေါ်လာသည်။

"ငါ မင်းကို သတ်မယ်.... ငါ မင်းကို သတ်ပြီးတော့ မင်းရဲ့အသွေးအသားတွေကို တစ်စစီဆုတ်ဖြဲပစ်မယ်"

မိစ္ဆာလူသားမှ ကျိန်ဆဲလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ တောက်ပသော အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။

"ဟုတ်လား.... မင်းက ငါ့ရဲ့ရှေ့မှာ အရှင်လတ်လတ် မတ်တတ်ရပ်နိုင်တဲ့အထိ စောင့်လိုက်ပါအုံး"

လက်နက်မုန်တိုင်း၏အလယ်တွင် အဆောင်လက်ဖွဲ့စာရွက်နှစ်ရွက်သည် လက်နက်များ အားလုံးထဲသို့ တိတ်တဆိတ် ပေါင်းစပ်သွားပြီး မိစ္ဆာလူသားသည် ဤကိစ္စကို သတိမပြုမိခဲ့ချေ။

ထူထဲသိပ်သည်းသော အဆောင်စာရွက်ပေါ်တွင် ရှေးဟောင်းအဆောင်စာလုံးများ ရေးထွင်းထားသော ရှေးဟောင်းကြေးဝါရောင် စည်းတံဆိပ်တစ်ခု ရှိသည်။

ရှေးဟောင်းဆန်ပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်က ထိုအဆောင်လက်ဖွဲ့စာရွက်မှ ထွက်ပေါ်လာသည်။ ဤသည်မှာ ရှည်လျားသော အချိန်မြစ်ထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသော ရှေးဟောင်းပစ္စည်းတစ်ခုက လောကကြီးတွင် ပြန်လည်၍ ထွက်ပေါ်လာသည့်အလားပင်။

ဤသည်မှာ ကောင်းကင်ချိပ်ပိတ်စည်းတံဆိပ်ပင်။

ရှေးဟောင်းခေတ်တွင် ခွေးနက်ကြီးသည် ကောင်းကင်ဘုံဧကရာဇ်၏ မြင့်မြတ်သောစည်းတံဆိပ်ကို အဆောင်စာရွက်များဖြင့် ကူးယူထားခဲ့သည်။

ထိုအရာသည် အစစ်အမှန် ကောင်းကင်ချိပ်ပိတ်စည်းတံဆိပ် မဟုတ်သော်လည်း မသေမျိုးအဆင့် မှော်လက်နက်တစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် လျှော့တွက်၍ မရချေ။

လုယွီသည် အဆောင်လက်ဖွဲ့ စာရွက်နှစ်ရွက်ကို ပစ်လွှတ်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် သူသည် အဆောင်လက်ဖွဲ့စာရွက်ပေါ်ရှိ ကောင်းကင်ချိပ်ပိတ်စည်းတံဆိပ် နှင့် ချက်ချင်းဆက်သွယ်လိုက်၏။ အချိန်တခဏအတွင်းမှာပင် ကြမ်းတမ်းသော ချီစွမ်းအားတစ်ရပ်သည် အဆောင်လက်ဖွဲ့စာရွက်မှ ထွက်ပေါ်လာပြီး တဝီဝီမြည်သံများကို ကြားလိုက်ရသည်။

"မင်းက အတင့်ရဲလှချည်လား...."

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မိစ္ဆာလူသားက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုယွီသည် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်စဥ်၌ သူ၏မသေမျိုးအဆင့် မှော်လက်နက်ကို ဖောက်ခွဲလိုက်မှသာ သွေးနီရောင်မျက်လုံးကို မောင်းထုတ်နိုင်ခဲ့သည်။

သို့ရာတွင် ယခုချိန်၌ လုယွီသည် တခြားနည်းလမ်းများကို အသုံးပြုရန် ရွေးချယ်ခဲ့ပေ၏။ သူသည် အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်း နည်းစနစ်ကို ချက်ချင်းအသုံးပြုခဲ့ပြီး အဆောင်လက်ဖွဲ့ စာရွက်နှစ်ရွက်ကို ပစ်ထုတ်လိုက်သည်။

အထီးကျန်လူရိုင်းကမ္ဘာတွင် လုယွီသည် မသေမျိုးအဆင့် မှော်လက်နက်အမြောက်အများအား ဝူအင်ပါယာ၏စစ်ပွဲရှိ မသေမျိုးလက်နက်အပိုင်းအစများမှ အကြွင်းအကျန်စွမ်းအားများကို ဝါးမျိုစေခဲ့သည်။ သို့ရာတွင် ထိုက်အမ်းဓား လူသားဧကရာဇ်ဓားနှင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တို့သာ စိတ်ဝိညာဥ်စွမ်းအားများကို ပြန်လည်၍ရရှိခဲ့သည်။ တခြားမသေမျိုးအဆင့် မှော်လက်နက်များသည် မပြည့်စုံသော အခြေအနေ၌ ရှိနေဆဲပင်။ ထိုကြောင့် ထိုအရာများကို ဖောက်ခွဲလိုက်လျှင်ပင် စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။

ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် လုယွီသည် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ထိန်းချုပ်ပြီး အရင်​ဦးဆုံး ဖောက်ခွဲပစ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။

"ငါကဘာလို့ မလုပ်ရဲရမှာလဲ"

လုယွီ အေးစက်စက် အော်ဟစ်လိုက်ပြီး နတ်ဘုရားနဂါးတေးသံကို ထုတ်လွှတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏အသံထွက်ပေါ်လာပြီးနောက် အဆောင့်လက်ဖွဲ့စာရွက်နှစ်ရွက် စတင်လောင်ကျွမ်းလာပြီး ကျယ်လောင်သော မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။

အချိန်တခဏအတွင်းမှာပင် မိုးကောင်းကင်ယံကြီးသည် နေ့ခင်းဘက်ကဲ့သို့ အလင်းရောင်များဖြင့် လင်းထိန်သွားသည်။ ကောင်းကင်နှင့်မြေပြင်သည် တုန်ခါသွားပြီး မိုးကောင်းကင်တာအို၏အပြင်ဘက်ရှိ လေဟာနယ်သည် လောကကြီးပျက်သုဥ်းတော့မည့် မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤအဆောင်လက်ဖွဲ့ စာရွက်နှစ်ရွက်သည် လုံးလုံးလျားလျား ပေါက်ကွဲသွားပြီး ကြယ်နယ်မြေအမြောက်အများကို ပြာများအဖြစ်သို့ ပြောင်းလဲပစ်လုနီးပါးပင်။ အရေးကြီးဆုံးအချက်မှာ ကောင်းကင်ချိပ်ပိတ်စည်းတံဆိပ်သည် ရှေးဟောင်း ကောင်းကင်ဘုံဧကရာဇ်၏ မှော်ရတနာပင်။ စွမ်းအားအရ ထိုအရာသည် သာမန်မှော်ရတနာများထက် အဆများစွာ ပို၍အစွမ်းထက်သည်။ အကယ်၍ ယခုချိန်တွင် ထိုအရာများ ရုတ်တရက် ပေါက်ကွဲသွားပါက မိုးကောင်းကင်တာအို အပြင်ဘက်ရှိ ကမ္ဘာကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားပေမည်။

မိစ္ဆာလူသား၏ဟိန်းဟောက်သံသည် ချက်ချင်း လွှမ်းမိုးခံလိုက်ရသည်။ အနက်ရောင်တိမ်တိုက်များကို ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးမှ လုံးလုံးလျးလျား ဖုံးလွှမ်းသွားသည်။ ထိုပေါက်ကွဲသံကြီးနှင့်အတူ အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပေ၏။

မိုးကောင်းကင်ယံတွင် ပျံဝဲနေသော သွေးနီရောင်မျက်လုံးကြီးသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

Chapter 5260

ဤသည်မှာ လုံးလုံးလျားလျား ပျက်စီးသွားခြင်းဖြစ်ပြီး ယခင်ကဲ့သို့ ထိခိုက်ဒဏ်ရာရခြင်းမျိုး မဟုတ်ချေ။

သွေးနီရောင်မျက်လုံးအိမ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အမှုန်အမွှားများအဖြစ်သို့ ရောက်ရှိသွားသည်။ ထိုအမှုန်အမွှားများသည် ဆက်လက်၍ ပြိုကွဲသွားပြီး နောက်ဆုံးတွင် လုံးလုံးလျားလျား ပျက်စီးသွားတော့သည်။

လုယွီ၏မျက်လုံးများသည် မီးတောက်များဖြင့် ဖုံးလွှမ်းနေပေ၏။

"မင်းက အရမ်းမောက်မာလွန်းတယ်.... မင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ကို ထုတ်ယူရဲတယ်ပေါ့...ဒါက ငါ့ရဲ့ရှေ့မှာ မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို ထုတ်ပြလိုက်တာပဲ.....မိုးကောင်းကင်တာအိုရဲ့ အကူအညီနဲ့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်တယ်..... ဒါပေမယ့် မင်းက ငါ့ကို ဘာမှ လုပ်လို့မရဘူး.... မင်းက သက်ရှိပစ်မှတ် တစ်ခုပါပဲ.... ငါ့ကို တိုက်ခိုက်ဖို့ မင်း ဘာကိုသုံးနိုင်မှာလဲ"

လုယွီ၏အသံသည် အေးစက်နေပြီး သူ၏စကားလုံးများတွင် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

လေပြင်းများသည် လုယွီ၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်နေပြီး သူ၏ အဝတ်အစားများကို လူးလွန့်နေစေသည်။

ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် သွေးနီရောင် မြင်ကွင်းတစ်ခုက မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ ထို့နောက်တွင် မိစ္ဆာလူသား၏ပုံရိပ်ယောင်သည် နောက်ဆုံးတွင် ထွက်ပေါ်လာပေ၏။

မိစ္ဆာလူသား၏အဝတ်အစားများတွင် သွေးများစွန်းထင်းနေသည်။

"တောက်....တောက်...."

အနက်ရောင် သွေးစက်များသည် မိစ္ဆာလူသား၏အဝတ်အစားများပေါ်မှ စီးကျလာပြီး မြင်ရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။

"ဟား ဟား ဟား ဟား ဟား...."

မမျှော်လင့်ဘဲ မိစ္ဆာလူသားက ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ ရူးသွပ်နေသော မိစ္ဆာတစ်ကောင်အလားပင်။

"အဲ့ဒါ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်လို့ မင်း တကယ်ကြီးထင်နေတာလား....သနားစရာကောင်းတဲ့ ပုရွက်ဆိတ်လေး မင်းက တကယ့်ကို ဘာမှ မသိပါလား"

မိစ္ဆာလူသား၏မျက်လုံးများသည် မင်ရည်ကဲ့သို့ မည်းနက်နေကာ ငရဲမှ တွားသွားထွက်လာသော ရက်စက်ကြမ်းကြုတ်သည့် သရဲတစ္ဆေတစ်ကောင်အလားပင်။

တစ်ချိန်တည်းမှာပင် မိစ္ဆာအရှိန်အဝါတစ်ရပ်က မိစ္ဆာလူသား၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။

ထိုမိစ္ဆာအရှိန်အဝါသည် အလွန်ကြီးမားကျယ်ပြန့်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

ဤသည်မှာ မရေမတွက်နိုင်သော အငြိုးကြီးစိတ်ဝိညာဉ်များသည် မိစ္ဆာလူသား၏ခန္ဓာကိုယ်နံဘေးတဝိုက်တွင် ရစ်သိုင်းလွှမ်းခြုံနေသည့်အလားပင်။ တစ်ချိန်တည်းမှာပင် သူတို့သည် မျှော်လင့်ချက်ကင်းမဲ့သော အော်ဟစ်သံများကို ထုတ်လွှတ်နေကြရာ အလွန်ထိတ်လန့်ဖွယ် ကောင်းသည်။

ဤစကားများကို ကြားချိန်၌ လုယွီ ရုတ်တရက် အသိဝင်လာသည်။

သွေးနီရောင်မျက်လုံးများကို မိစ္ဆာလူသား၏ ရုပ်ခန္ဓာကိုယ်အဖြစ် သူ အစဥ်အမြဲ သတ်မှတ်ခဲ့သော်လည်း သူ မှားယွင်းစွာ ခန့်မှန်းမိလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

"ထိုက်အမ်းဓား"

လုယွီသည် သူ၏စိတ်ဖြင့် မသေမျိုးအဆင့်မှော်လက်နက်ကို ချက်ချင်းဆင့်ခေါ်လိုက်၏။

သို့ရာတွင် ဤအချိန်၌ မိစ္ဆာလူသားသည် နက်မှောင်သော မျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်ကြည့်နေပြီး သူ၏အတွေးများအားလုံးကို ခန့်မှန်းပြီးသား ဖြစ်နေသည့်အလားပင်။

မိစ္ဆာလူသားသည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သူ၏လက်ညှိုးကို ပေါ့ပေါ့ပါးပါး ညွှန်ပြကာ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

"ချိတ်ပိတ်စမ်း"

အချိန်တခဏအတွင်းမှာပင် လုယွီသည် အရပ်မျက်နှာအဘက်ဘက်ရှိ ကောင်းကင်နှင့်မြေပြင်ဥပဒေသများသည် သူ့ထံမှ လုံးလုံးလျားလျား ကင်းကွာသွားသည်ကို ခံစားမိပေ၏။

ဤသည်မှာ သူသည် အာဏာသိမ်းယူခြင်း ခံလိုက်ရသော ဧကရာဇ်တစ်ပါးအလားပင်။ သူ မည်သို့အမိန့်ပေးစေကာမူ အရပ်မျက်နှာအဘက်ဘက်ရှိ ကောင်းကင်နှင့်မြေကြီးဥပဒေသများသည် လုံးလုံးလျားလျား တုံ့ပြန်ခြင်း မရှိပေ။

နောက်ထပ်အချိန်တခဏတွင် သွေးနီရောင်ပုံရိပ်တစ်ခုသည် အကန့်အသတ်မရှိသော မိုးကောင်းကင်တာအို၏ အတားအဆီးကို ဖြတ်ကျော်ပြီး ဤလောကကြီးအတွင်းသို့ ရောက်ရှိလာသည်။

"ငါ ဝင်မလာနိုင်ဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"

မိစ္ဆာလူသားက ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူ၏ခြေလှမ်းတိုင်းသည် လေဟာနယ်ကို အနည်းငယ် တုန်ခါသွားစေသည်။

နှစ်ပေါင်းသောင်းနှင့်၍ချီ မပျက်စီးခဲ့သော မိုးကောင်းကင်တာအိုသည် ဤမိစ္ဆာလူသား၏ရှေ့တွင် စက္ကူတစ်ရွက်အလားပင်။

"မင်းက ကောင်းကင်ဘုံနယ်မြေထဲကို အတင်းအကြပ်ဝင်ရောက်လာဖို့အတွက် အနည်းဆုံး မင်းရဲ့စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့တယ်....ငါ မင်းကို သတ်မှာ မင်း မကြောက်ဘူးလား"

လုယွီက အသက်ပြင်းပြင်းရှိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

မိုးကောင်းကင်တာအိုတွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာသည်။ မိစ္ဆာလူသားသည် မိုးကောင်းကင်တာအို၌ ထိုအက်ကွဲကြောင်းကို အတင်းကြပ် ဆွဲဖွင့်ရန်နှင့် ကောင်းကင်ဘုံနယ်မြေသို့ ဆင်းသက်ရန် သူ၏အစွမ်းထက်သော စွမ်းအားများကို အသုံးပြုခဲ့သည်။

သို့ရာတွင် ဤအက်ကွဲကြောင်းသည် ကြာရှည်ခံမည် မဟုတ်​ချေ။ မိစ္ဆာလူသားသည် မိုးကောင်းကင်တာအို၏ တန်ပြန်သက်ရောက်မှုကို အနှေးနှင့်အမြန် ခံစားရမည်ဖြစ်ပြီး ဤနယ်မြေအတွင်းမှ ထွက်ခွာသွားရပေမည်။

မိစ္ဆာလူသားသည် လုယွီ၏စကားကိုကြားချိန်၌ ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ငါ့ရဲ့ မှော်စွမ်းအား ဆယ်ရာခိုင်နှုန်းအကြောင်း ကို ထည့်မပြောနဲ့....ငါက လက်တစ်ချောင်းပဲ သုံးရင်တောင် မင်းကို သေတဲ့အထိ ချေမှုန်းပစ်နိုင်တယ်"

မိစ္ဆာလူသား၏စကားကို ကြားချိန်၌ လုယွီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။ သူသည် နောက်ဆုံးတွင် သူ၏ဖုံးကွယ်ထားသော နည်းလမ်းများ အားလုံးကို ထုတ်ဖော်အသုံးပြုလိုက်၏။

လုယွီ၏ခန္ဓာကိုယ် နံဘေးပတ်လည်ရှိ သွေးချီများ တလိမ့်လိမ့်ထလာသည်။ သူသည် ဘယ်လက်ဖြင့် လေးကို ကိုင်ထားပြီး ညာလက်ဖြင့် မြှားတစ်စင်းကို ကိုင်ထားသည်။ ထို့နောက် သူသည် မြှားကို ပစ်လွှတ်လိုက်တော့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်....ကောင်းကင်ဖြိုခွင်းမြှား

All Chapters