← Chapters

အခန်း (၅၂၆၁-၅၂၆၅)

Vol. 266 Ch. 5261-5265

အခန်း (၅၂၆၁-၅၂၆၅)

Vol. 266 Ch. 5261-5265

Chapter 5261

ထက်ရှသောမြှားသည် လင်းယုန်တစ်ကောင် တောင်ပံဖြန့်ပြီး တိုက်ခိုက်သည့်အလား လေထုကို ဖြတ်သန်းသွားသည်။

လေးကို ဆွဲလိုက်သည့် အချိန်မှစ၍ မြှားကို ပစ်လွှတ်လိုက်သည့် အချိန်အတွင်းတွင် လုယွီသည် သူ၏ အနှစ်သာရစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားများ အားလုံးကို အတူတကွ စုစည်းပြီး စွမ်းအားလုံးကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ဤအချိန်ကို သူ စောင့်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

မူလဘူတသက်ရှိနှင့် နီးကပ်လေလေ သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မည့် အခွင့်အရေး ပိုများလေလေပင်။

ဤှသည်မှာ အရေးကြီးသော အချိန်ဖြစ်သည်။ မုလဘူတသက်ရှိ၏ အစစ်အမှန်ခန္ဓာကိုယ်ကို သတ်ဖြတ်နိုင်မှသာ သူ့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်မည်ကို လုယွီက ကောင်းစွာ သိရှိထားသည်။

ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများ တိုက်ခတ်လာပြီး အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်ကို ဖျက်ဆီးပစ်တော့မည့်အလားပင်။

"ဝှစ်..."

မြှားသည် မိစ္ဆာလူသား၏နှလုံးကို ပြင်းပြင်းထန်ထန် ထိုးဖောက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး ဒဏ်ရာ၏မျက်နှာပြင်မှနေ၍ တရှဲရှဲမြည်သံများကိုပင် ကြားရနိုင်သည်။

"ပေါက်ကွဲစမ်း...."

လုယွီ ဒေါသတကြီး အော်ငေါက်လိုက်ပြီး ကောင်းကင်ဖြိုခွင်းမြှားသည် အချိန်တခဏအတွင်းမှာပင် ပေါက်ကွဲသွားတော့သည်။

မကြာမီမှာပင် ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။ မိစ္ဆာလူသားသည် ပေါက်ကွဲမှု၏အလယ်ဗဟိုတွင် ရှိနေပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မှိုပွင့်ပုံတိမ်တိုက်ကြီးသည် သူ့ကို ချက်ချင်းဝါးမျိုသွားသည်။

သို့ရာတွင် လုယွီသည် မရပ်တန့်သေးချေ။ သူသည် လက်တစ်ဖက်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး တခြားလက်တစ်ဖက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူသည် ထိုက်ယွမ်လက်ဝါးနှင့် အင်မော်တယ်သုတ်သင်ဓားချီတို့ကို တပြိုင်နက်တည်း ဆင့်ခေါ်ပြီး မိစ္ဆာလူသားရှိရာသို့ တိုက်ခိုက်လိုက်၏။

ဝုန်း.....

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က မိစ္ဆာလူသားကို ချက်ချင်းဝါးမျိုသွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏လက်ချောင်းဖြင့် စည်းတံဆိပ်တစ်ခု ဖွဲ့စည်းလိုက်ပြီး ပတ်ဝန်းကျင်ကို ချိပ်ပိတ်ရန်အတွက် သူ၏စွမ်းအားများကို အသုံးပြုလိုက်သည်။ ထို့နောက် သူသည် မိစ္ဆာလူသား၏ ပတ်ဝန်းကျင်နေရာတဝိုက်ကို လုံးလုံးလျားလျား ချိပ်ပိတ်လိုက်၏။

အချိန်တခဏအတွင်းမှာပင် လုယွီ၏ရှေ့မှ လေဟာနယ်သည် အစိုင်အခဲအလား​ အေးခဲတောင့်တင်းသွားပြီး တောက်ပသော ပယင်းကျောက်ကဲ့သို့ ပြောင်းလဲသွားသည်။

မိစ္ဆာလူသားသည် ဤပယင်းကျောက်ကဲ့သို့ ခိုင်မာတောင့်တင်းသော နေရာတွင် ချိပ်ပိတ်ခံလိုက်ရသည်။

နောက်ထပ်အချိန်တခဏတွင် လုယွီက သူ၏လက်ကို မြှောက်ပြီး ဖမ်းဆုပ်လိုက်သည်။

"ခရက်...."

လေဟာနယ်သည် ချက်ချင်းကြေမွှပျက်စီးသွားပေ၏။ မိစ္ဆာလူသား၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာသည် အေးခဲတောင့်တင်းသွားပြီးနောက် အပိုင်းအစများအဖြစ် ကြေမွှပျက်စီးသွားသည်။

ထို့နောက် သွေးရောင်ပုံရိပ်တစ်ခု မျောလွင့်ထွက်ပေါ်နေလာကာ ပျောက်ကွယ်မသွားဘဲ ထိုအစား ဒေါသတကြီး အော်ငေါက်သံကို ထုတ်လွှတ်လိုက်သည်။

"ပုရွက်ဆိတ်လို နိမ့်ကျတဲ့အကောင်.....မင်းက ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့"

သွေးရောင်ပုံရိပ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ထိုအရာသည် အစိုင်အခဲ ဖြစ်လာပြီး မိစ္ဆာလူသား၏မျက်နှာကို ဖွဲ့စည်းလိုက်သည်။

လုယွီ မျက်မှောင်ကြုတ်လိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးကာ နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်ရန် ဟန်ပြင်လိုက်၏။

ထိုအချိန်မှာပင် မိစ္ဆာလူသားသည် လုယွီထံသို့ ဦးတည်ပြီး လက်စည်းတံဆိပ်သုံးခုဖြင့် ရိုက်နှက်လိုက်သည်။

"အားနည်းစေ..."

"ချုပ်နှောင်စေ...."

"ကြောက်ရွံ့စေ..."

အချိန်တခဏအတွင်းမှာပင် လုယွီသည် သူ၏ လှုပ်ရှားမှုအရှိန်နှုန်း အလွန်နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။

သူ၏ခွန်အားနှင့် မှော်စွမ်းအားများ အားလုံးသည် အကန့်အသတ်အထိရောက်အောင် အားနည်းသွားပေ၏။

ဤသည်မှာ ရှေးဟောင်းလူသားဧကရာဇ်မှ နွားရိုင်းစီးအဘိုးအိုကို ရင်ဆိုင်ခဲ့စဥ်ကနှင့် ထပ်တူထပ်မျှပင်။

ဤအချိန်တွင် လုယွီသည် ထိုကဲ့သို့သော မျှော်လင့်ချက်မဲ့မှုကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။

"ကြောက်ရွံ့စေ..."

မိစ္ဆာလူသားသည် နောက်ထပ် မှော်မန္တန်တစ်ခုကို ရွတ်ဆိုပြီး လုယွီအပေါ်သို့ ကျရောက်လာစေသည်။

အချိန်တခဏအတွင်းမှာပင် လုယွီ၏ အမြင်အာရုံ တဖြည်းဖြည်း မည်းမှောင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"မင်းက အဆုံးမဲ့ ကြောက်ရွံ့မှုထဲမှာ မျှော်လင့်ချက်မဲ့ပြီး သေဆုံးရလိမ့်မယ်"

မိစ္ဆာလူသား၏အသံသည် လုယွီ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။

သူသည် လုယွီကို ကြည့်ပြီး သရော်တော်တော်ပြုံးကာ ဤနေရာမှ ထွက်ခွာသွားရန် ကြံရွယ်လိုက်၏။

မိုးကောင်းကင်တာအို၏ချုပ်နှောင်မှု ရှိနေသေးသည် မိစ္ဆာလူသားသည် ဤကမ္ဘာတွင် အချိန်ကြာမြင့်စွာ မနေနိုင်ချေ။

သို့ရာတွင် မိစ္ဆာလူသား ထွက်ခွာတော့မည့်အချိန်၌...

မိုးမြေဖျက်ဆီးနန်းတော်ရှိ နန်းဆောင်များမှ ရုတ်တရက် တုန်ခါသွားပြီး တောက်ပသော အလင်းရောင်များက အရပ်မျက်နှာအနှံ့အပြားကို ဖြတ်သန်းသွားသည်။ မရေမတွက်နိုင်သော အုတ်ခဲများနှင့် ကျောက်တုံးများမှနေ၍ မျက်စိကျိန်းလောက်အောင် စူးရှတောက်ပသော အလင်းတန်းများ ပွင့်အံ့ထွက်လာသည်။

စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများသည် မိစ္ဆာလူသားကို လုံးလုံးလျားလျား လွှမ်းခြုံထားသဖြင့် သူ့ကို မလှုပ်ရှားနိုင်အောင် ဖြစ်စေသည်။

အရှေ့နန်းတော်တွင် မိုးကောင်းကင်သို့ မြင့်တက်နေသော ပူပြင်းသည့် ယန်စွမ်းအင် ရှိပြီး အနောက်နန်းတော်တွင် အရိုးခိုက်အောင်အေးသော ယင်စွမ်းအင် ရှိသည်။

မိုးမြေဖျက်ဆီးနန်းတော်၏ တစ်ဖက်တစ်ချက်ရှိ နန်းဆောင်များမှ စွမ်းအားများ ထွက်ပေါ်လာပြီး ယင်နှင့်ယန် ပေါင်းစပ်ကာ ကြီးမားသော ဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းလိုက်ပြီး မိစ္ဆာလူသားကို နေရာတွင် တင်းတင်းကြပ်ကြပ် ချိတ်ပိတ်လိုက်သည်။

"ထိုက်ကျိ....ထိုက်ကျိ...သောက်ချေးပဲ...ဒါက ဖူးရှီရဲ့ စွမ်းအား ဖြစ်နေတာကိုး"

မိစ္ဆာလူသားသည် ဒေါသတကြီး အော်ငေါက်ပြီး အစွမ်းကုန် ရုန်းကန်လိုက်၏။

သို့ရာတွင် လေထုထဲတွင် ပျံဝဲနေသော ထိုက်ကျိအမှတ်အသားသည် မလှုပ်မယှက် ရှိနေပြီး ထိုအရာ၏စွမ်းအားသည် အကန့်အသတ်မဲ့ပေ၏။

လုယွီသည် နောက်ဆုံးတွင် သူ၏စွမ်းအားများအားလုံး ကုန်ဆုံးသွားသဖြင့် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

မိစ္ဆာလူသား လှောင်ပိတ်မိနေသည်ကို မြင်တွေ့ချိန်၌ လုယွီက တီးတိုးရေရွတ်လိုက်သည်။

"ဒါက မင်းအတွက် ငါ သေချာရွေးချယ်ထားတဲ့ လှောင်အိမ်ပဲ"

Chapter 5262

လွန်ခဲ့သော လအနည်းငယ်က သူ၏ပြင်ဆင်မှုသည် ဤအချိန်တွင် အမှန်တကယ် အသုံးဝင်လာခဲ့လေပြီ။

တာယွီအင်ပါယာ အခွန်ငွေ စုစုပေါင်း၏ ဆယ်ရာခိုင်နှုန်း ကုန်ကျခဲ့သော ဤခိုင်ခံ့သည့် နန်းတော်သည် နောက်ဆုံးတွင် သူ့အစီအစဥ်၏ အခန်းကဏ္ဍတစ်ခု၌ ပါဝင်လာခဲ့သည်။

အုတ်ချပ်တစ်ချပ်စီတိုင်းရှိ အစီအရင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး မိစ္ဆာလူသားကို အတွင်း၌ တင်းကြပ်စွာ ချိပ်ပိတ်ထားသော ခိုင်မာတောင့်တင်းသည့် ဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းထားသည်။

"မင်း ငါ့ကို ဒီမှာ လှောင်ပိတ်ထားရင်တောင် ဘာလုပ်နိုင်မှာလဲ...မင်း ငါ့ကို သတ်နိုင်လို့လား..."

မိစ္ဆာလူသား၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာပြီး လုယွီကို ဦးတည်၍ တိုက်ခိုက်လိုက်၏။

သွေးနီရောင် ဓားချီအလင်းတန်းတစ်တန်းသည် သူ၏လက်ချောင်းထိပ်မှ ပျံ့လွင့်လာပြီး လုယွီကို ချက်ချင်းတိုက်ခိုက်လိုက်သည်။

လုယွီသည် မျက်လုံးများကို စုံမှိတ်ထားပြီး နှစ်ခြိုက်စွာ အိပ်မောကျနေသည့်အလားပင်။

မိစ္ဆာလူသား ထုတ်လွှတ်လိုက်သော ကြောက်ရွံ့မှုမန္တန်သည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပေ၏။ ဤအချိန်တွင် လုယွီသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်အလား ဖရိုဖရဲအခြေအနေတွင် ရှိနေသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် သူသည် ပြင်ပမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို လုံးလုံးလျားလျား အာရုံမခံနိုင်ချေ။

"သေစမ်း..."

မိစ္ဆာလူသား၏မျက်လုံးများသည် အေးစက်စက် အလင်းရောင်များဖြင့် တောက်ပနေပေ၏။ ဓားချီအလင်းတန်းသည် ပျံ့လွင့်လာပြီး မကြာမီမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

သို့ရာတွင် ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်၌ မြင့်မြတ်သော အလင်းတန်းများ ဖြာထွက်လာကာ ရှေးဟောင်းအသံတစ်သံက ခပ်သဲ့သဲ့ထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။

သွေးနီရောင် ဓားချီအလင်းတန်းသည် ရွှေရောင်အလင်းတန်းတစ်ခုဖြင့် ချက်ချင်းဆိုသလိုပင် ပိတ်ဆို့ဟန့်တားခံလိုက်ရသည်။ ထိုအရာသည် ရှေ့ဆက်မတိုးနိုင်တော့သဖြင့် လုယွီကို လုံးလုံးလျားလျား မထိခိုက်စေနိုင်ချေ။

မသေမျိုးအဆင့် မှော်လက်နက်သုံးခုသည် အစေခံများအလား လုယွီ၏နံဘေးပတ်ဝန်းကျင်တွင် ပျံဝဲနေသည်။

လူသားဧကရာဇ်ဓား... ထိုက်အမ်းဓား...သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်....

ဤမသေမျိုးအဆင့် မှော်ရတနာသုံးခုသည် ရှေးဟောင်းအလယ်ခေတ်မှ မသေမျိုးလက်နက်အပိုင်းအစများကို ဝါးမျိုလိုက်ပြီးနောက် ယခင်အရှိန်အဝါများကို ပြန်လည်၍ရရှိလာခဲ့သည်။

"ဒီမှော်လက်နက်တွေ ဖြစ်နေပြန်ပြီလား.... ဒီအဆင့်လောက်နဲ့ ငါ့ရှေ့မှာ ထွက်ပေါ်လာရဲတာလား...."

မိစ္ဆာလူသားသည် အေးစက်စက် ရယ်မောလိုက်ပြီး အဝေးတစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်၏။

"စိတ်ဝိညာဉ်ဖျက်ဆီးစမ်း..."

မိစ္ဆာလူသား၏စကားလုံးများ ထွက်ပေါ်လာသည်နှင့် လေဟာနယ်အတွင်းရှိ ဥပဒေသများ စတင်၍တုန်ခါလာသည်။

မသေမျိုးအဆင့် မှော်လက်နက်သုံးခုမှ တဝီဝီမြည်သံများ ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအား ပွင့်အံ့ထွက်လာကာ မိစ္ဆာလူသား၏တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ကြီးကျယ်ခမ်းနားသော အားလှိုင်းနှစ်ရပ်သည် လေဟာနယ်အတွင်းတွင် ပြင်းထန်စွာ တိုက်မိသွားသည်။

"အသုံးမဝင်ဘူး..."

မိစ္ဆာလူသားက အေးစက်စက် ပြောဆိုလိုက်ပြီး မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ လုယွီသည် မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ် ရောက်ရှိနေပြီးဖြစ်သော်လည်း မိစ္ဆာလူသားအတွက်မူ သူသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နေဆဲပင်။

အနီရောင် ဓားချီအလင်းတန်းသည် ပို၍အစွမ်းထက်လာပေ၏။ ထိုအရာသည် ဆွေးမြေ့နေသော သစ်သားကို ​ဖျက်ဆီးသည့်အလား မသေမျိုးအဆင့်မှော်လက်နက်၏ ကာကွယ်မှုကို လွယ်လင့်တကူ ဖောက်ထွက်လိုက်သည်။ မိစ္ဆာလူသား ဤမျှထိ မောက်မာနေရခြင်းမှာ သူ့ထံတွင် ကြီးမားသော စွမ်းရည်များ ရှိနေသောကြောင့်ပင်။

ဤသည်မှာ ဖီဆန်၍မရသော အားလှိုင်းတစ်ရပ် ဖြစ်ပြီး မသေမျိုးအဆင့်မှော်လက်နက်ပင်လျှင် ကာကွယ်၍ မရနိုင်ချေ။ မူလဘူတသက်ရှိသည် လုယွီ၏ရှေ့တည့်တည့်တွင် ရှိနေပြီး သူ အသုံးပြုသော နည်းလမ်းများသည် အမှန်တကယ်ကို ကပ်ဘေးဆိုက်စေသည်။

မြင့်မြတ်ပြီး အစွမ်းထက်သော မသေမျိုးအဆင့်မှော်လက်နက်များပင်လျှင် ဤအချိန်၌ ဘဝတလျှောက်တွင် အစွမ်းထက်ဆုံး ရန်သူနှင့် ကြုံတွေ့နေရသည်။ ထိုမှော်လက်နက်များ၏ အရှိန်အဝါများသည် ပို၍ဖိနှိပ်ခံနေရပြီး ခုခံရန် ခက်ခဲလာသည်။

သို့ရာတွင် အနီရောင် ဓားချီအလင်းတန်းသည် လုယွီထံသို့ ချဉ်းကပ်တော့မည့်အချိန်၌ ထူထဲပြီး လေးလံသော ကျမ်းစာအုပ်တစ်အုပ်က လုယွီ၏ ရင်ဘတ်ကြားမှ ရုတ်တရက် ပျံဝဲထွက်လာသည်။ သိပ်သည်းကြွယ်ဝပြီး မြင့်မြတ်သော အရှိန်အဝါတစ်ရပ်သည် ထိုအရာကို ဖုံးလွှမ်းထားလေရာ ကောင်းကင်ဘုံရှိ အထွတ်အထိပ်ကျမ်းစာအုပ်အလားပင်။

ဤသည်မှာ ရွှမ်ဇီကျမ်းစာပင်။

ဤအချိန်တွင် ရွှမ်ဇီကျမ်းစာမှ ကြီးမားကျယ်ပြန့်သော အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး အနီရောင် ဓားချီအလင်းတန်းဆီသို့ ပြေးဝင်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနီရောင် ဓားချီအလင်းတန်းသည် ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့သွားသည့်အလားပင်။ မိစ္ဆာလူသားနှင့် ရွှမ်ဇီကျမ်းစာတို့သည် တစ်ချိန်တည်းတွင် ခြေလှမ်းနှစ်လှမ်းစာခန့် နောက်ဆုတ်လိုက်ရပြီး သရေကျသွားသည်။

ဤရလဒ်သည် မိစ္ဆာလူသားကို အံ့အားသင့်သွားစေသည်မှာ သိသာထင်ရှားသည်။

ဤအချိန်တွင် လုယွီသည် သတိလစ်မေ့မြောနေလေပြီ။ မိစ္ဆာလူသားအနေဖြင့် သူ့ကို သတ်ဖြတ်ရန်မှာ သူ၏လက်တစ်ချောင်းကို မြှောက်လိုက်သကဲ့သို့ လွယ်ကူသည်။

သို့ရာတွင် ရွှမ်ဇီကျမ်းစာ၏ပိတ်ဆို့မှုကြောင့် အနီရောင် ဓားချီအလင်းတန်းသည် လုယွီထံသို့ ချဥ်းကပ်နိုင်ခြင်းမရှိပေ။

"လူအိုကြီး.... မင်းက ငါ့ရှေ့မှာ ထွက်ပေါ်လာရဲသေးတယ်ပေါ့.... မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

မိစ္ဆာလူသားက သူ​၏လက်ကို မြှောက်ပြီး ဖမ်းဆုပ်လိုက်သည်​။ အေးစက်သော အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီးနောက် အနီရောင် ဓားချီအလင်းတန်းသည် ပို၍တောက်ပလာကာ မိုးကောင်းကင်ယံကို အနီရောင် ဆိုးလိုက်လုနီးပါးပင်။

ရွှမ်ဇီကျမ်းစာသည် အနည်းငယ် တုန်ခါသွားပြီး အဖြူရောင်အလင်းတန်း၏ လွှမ်းခြုံမှုအောက်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။

Chapter 5263

အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် ပိန်လှီပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူ၏ဆံပင်ဖြူများသည် လေပြေနှင့်အတူ လူးလွန့်နေသော်လည်း သူ၏ ကျယ်ပြန့်သော ပခုံးများသည် ခိုင်မာတောင့်တင်းကာ လောကကြီးကို ထမ်းထားသည့်အလားပင်။

ထိုအဘိုးအို၏နောက်တွင် ထူထပ်သိပ်သည်းသော ကွန်ဖြူးရှပ်ကျမ်းစာများ ထွက်ပေါ်လာပြီး မျက်စိကျိန်းလောက်သော တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

စာပေသူတော်စင် ရွှမ်ရှန့်....

လုယွီထံသို့ ပြေးဝင်လာသော အနီရောင် ဓားချီအလင်းတန်းကို မြင်တွေ့ချိန်တွင် ရွှမ်ရှန့်သည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချက်ချင်းဖိနှိပ်လိုက်၏။

သူ၏လက်ချောင်းငါးချောင်းကြားတွင် အရေးအကြောင်းများ ရှိနေသော်လည်း ကောင်းကင်နှင့်မြေပြင်ကို ထိန်းချုပ်နိုင်သော စွမ်းအားတစ်ရပ် ရှိပုံရသည်။ ထိုစွမ်းအားသည် မြင့်မားသော တောင်တန်းကြီးတစ်ခုအလား ဓားချီအလင်းတန်းကို ချက်ချင်းဖိနှိပ်လိုက်ပြီး မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်သည်။

"အဘိုးကြီး....မင်းက ဝမ်ပိုအန်းရဲ့ ခြေရာကို နင်းချင်တာလား ...အဲ့ဒီတုန်းက သူ ဘယ်လို သေသွားလဲဆိုတာ မင်း သိတယ်မလား.... မင်းက အဲ့ဒါကို ထပ်ပြီး ကြုံတွေ့ချင်သေးတာလား"

မိစ္ဆာလူသား၏အမူအယာသည် နောက်ဆုံးတွင် ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

"အဟွတ် အဟွတ် အဟွတ်... မင်းရဲ့သခင်မကိုယ်တိုင် ဆင်းသက်လာမယ်ဆိုရင် ဒီလူအိုကြီးက ထွက်လာမှာ မဟုတ်ဘူး....ဒါပေမယ့် မင်းက ပစ္စည်းဝိညာဉ်တစ်ခုပဲ....အဆုံးသတ်ကျတော့ မင်းက သက်မဲ့အရာတစ်ခုပါပဲ...မင်းက ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

ရွှမ်ရှန့်သည် အကြိမ်ရေအနည်းငယ်ခန့် ချောင်းဆိုးလိုက်ပြီး မောပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ရပ်က သူ၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။

ဤသည်မှာ မိစ္ဆာလူသားကို ဖိနှိပ်ရန်အတွက် သူသည် ကြီးမားသော တန်ဖိုးကို ပေးဆပ်လိုက်ရသည့်အလားပင်။

"ကောင်းပြီ...ကောင်းပြီလေ....မင်းလို အဘိုးကြီးက ခေါင်းမာတယ်ဆိုတာ ငါ သိသားပဲ... ငါ့ရဲ့ မိသားစုခေါင်းဆောင်က ဒီလောကမှာ မရှိပေမယ့် မင်းတစ်ယောက်တည်းနဲ့ ဒီကောင်လေးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"

မိစ္ဆာလူသားက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် သူသည် အင်္ကျီလက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ ဓားချီရှစ်သောင်း ပျံ့လွင့်လာပြီး တစ်ခုနှင့်တစ်ခုယှက်နွယ်ကာ ရွှမ်ရှန့်၏လက်ဝါးကို ထိုးဖောက်သွားသည်။

ရွှေရောင်သွေးတစ်စက်သည် မြေကြီးပေါ်သို့ ကျရောက်သွားပေ၏။

ရွှမ်ရှန့်၏လက်ဝါးသည် ဓားချီများ၏ အတင်းအကြပ် ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူတော်စင်တစ်ပါး၏သွေးများ ပျံ့လွင့်လာသည်။ သူသည် ဒဏ်ရာအပြင်းအထန်ကို ရရှိသွားခဲ့သည်။

"တောက်....တောက်...."

သွေးစက်များသည် ရွှမ်ရှန့်၏အဝတ်အစားများအတိုင်း ယိုစီးကျလာပြီး ထိုအရာများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သို့ရာတွင် ရွှမ်ရှန့်သည် ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ချေ။ သူသည် မြင့်မားသော တောင်တန်းကြီးတစ်ခုအလား လုယွီ၏ရှေ့တွင် အခိုင်အမာ ကာကွယ်ပေးထားသည်။

မြေပြင်သည် အက်ကွဲသွားပြီး မိုးကောင်းကင်ယံကြီး မည်းမှောင်သွားကာ ပတ်ဝန်းကျင်နေရာတဝိုက်ကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က လွှမ်းခြုံသွားသည်။ ရွှမ်ရှန့်၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး သူ၏ အိုမင်းသော မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ပို၍နက်ရှိုင်းလာပုံရပေ၏။

"မင်း ဆက်ပြီးတိုက်ခိုက်နေရင် မင်း သေလိမ့်မယ်"

မိစ္ဆာလူသားက အေးစက်စက် အော်ငေါက်လိုက်သည်။ သူ၏ ဓားချီအလင်းတန်းသည် ပတ်ဝန်းကျင်ရှိ ဥပဒေသအပြောင်းအလဲများကို လှုံ့ဆော်လိုက်ပြီး ကြမ်းတမ်းသော မိုးကြိုးသည် တဖြည်းဖြည်း ပို​၍ပြင်းထန်လာပေ၏။

အင်မော်တယ်နန်းတော်... ရက်စက်သော သားရဲများ...ရှေးဟောင်းနတ်ဆိုးများ... ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များ...

သွေးနီရောင် ဓားချီအလင်းတန်းမှနေ​၍ ပုံရိပ်ယောင်အမြောက်အများ ထွက်ပေါ်လာသည်။ ထိုအရာများအားလုံး ရှေ့သို့ပြေးဝင်လာကြပြီး အကန့်အသတ်မဲ့သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ထားကာ ပတ်ဝန်းကျင်နေရာတဝိုက်ကို လွှမ်းခြုံသွားသည်။

ရွှမ်ရှန့်၏ရှေ့တွင် မရေမတွက်နိုင်သော သူတော်စင်ကျမ်းစာစာလုံးများ ထွက်ပေါ်လာသည်။ သူသည် ထိုစွမ်းအားများဖြင့် မိစ္ဆာလူသားကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးသည် ရာပေါင်းများစွာသော တိုက်ခိုက်မှုများကို အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။

သို့ရာတွင် ရွှမ်ရှန့်၏ခန္ဓာကိုယ်မှ သွေးများယိုစီးကျလာပြီး မိစ္ဆာလူသားကမူ ပို​၍မောက်မာထောင်လွှားလာသည်။ အမှန်တကယ်ကို သူသည် တိုက်ခိုက်လေလေ ပို၍ရဲရင့်လာလေလေပင်။

ဤသည်မှာ အလွန်အန္တရာယ်များသော တိုက်ပွဲတစ်ပွဲပင်။ လက်ရှိခေတ်ကာလမှ သူတော်စင်တစ်ပါးသည် မူလဘူတသက်ရှိနှင့် တိုက်ခိုက်နေကာ နောက်ဆုံးတွင် သူသည် ဖိနှိပ်ခံရပြီး အရေးမလှဖြစ်နေသည်။

ရွှမ်ရှန့်၏ရင်ဘတ်မှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ သူ့ထံမှ သူတော်စင်အလင်းရောင်သည် အချိန်မရွေး ငြိမ်းသေသွားနိုင်သည့်အလား တဖျပ်ဖျပ်တောက်ပနေသည်​။

တိုက်ခိုက်မှုလှိုင်းများသည် ဒီရေလှိုင်းကဲ့သို့ ရောက်ရှိလာပြီး ရွှမ်ရှန့် အသုံးပြုသော သူတော်စင်နည်းစနစ်များအားလုံးကို ချေမှုန်းလိုက်သည်။ ပြင်းထန်သော တုန်ခါသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပေ၏။

"အဘိုးကြီး ဘယ်လိုလဲ.... နှစ်တွေအများကြီး ကြာပြီးတာတောင် မင်းက ဘာတိုးတက်မှုမှ မရှိသေးပါလား"

မိစ္ဆာလူသားက ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာရင်း အေးစက်စက် လှောင်ပြောင်သရော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို သောင်းနှင့်ချီသော သွေးနီရောင်ဓားချီများဖြင့် ဝန်းရံထားပြီး သူထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ပါရမီရှင်တွေက ခေတ်အဆက်ဆက် ထွက်ပေါ်လာကြတယ်... ဒီလူအိုကြီးမှာ တိုးတက်မှု မရှိရင်တောင် ဘာပြဿနာမှ မရှိဘူး.... အနာဂတ်မှာ ဒီလူအိုကြီးထက် သာလွန်မယ့်သူ သေချာပေါက် ရှိလာမှာပါ"

ရွှမ်ရှန့်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏ အမူအယာသည် ပြောင်းလဲမသွားချေ။

"ဟုတ်လား ဒီကမ္ဘာကြီးက ငါတို့ အာဟာရဖြည့်တင်းဖို့ထားတဲ့ နောက်ဖေးခြံဝန်းတစ်ခုပဲ...ဒီနေရာကလူတွေက ပိုပြီးအားနည်းလာလိမ့်မယ် ....မင်းလို သန်မာတဲ့ ပုရွက်ဆိတ်တစ်ကောင် ရှိတာက ကောင်းကင်နဲ့ မြေပြင်ရဲ့ ကရုဏာသက်မှုကြောင့်ပဲ.....မင်းက နောက်ထပ်တစ်ယောက် ထပ်ရှိချင်သေးတာလား....အဲ့ဒါက စိတ်ကူးယဉ်သက်သက်ပဲ"

မိစ္ဆာလူသားက မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

Chapter 5264

မိစ္ဆာလူသား၏မျက်လုံးထဲတွင် စာပေသူတော်စင်သည် အနည်းငယ် ပိုကြီးသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

သူသည် လူသားများအားလုံးကို အထင်သေးပြီး သူ၏အရှိန်အဝါသည် ပို၍အားကောင်းလာသည်။ သူသည် ရွှမ်ရှန့်ကို သတ်ပစ်ရန်ပင် တွေးတောနေပေ၏။

အချိန်တခဏအတွင်းမှာပင် ရွှမ်ရှန့်၏ရှေ့ရှိ ထောင်ပေါင်းများစွာသော သူတော်စင်စာလုံးများသည် ဓားချီအလင်းတန်းများကြောင့် ထက်ဝက်ခန့် ပြတ်တောက်သွားသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အရပ်မျက်နှာအဘက်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် ဓားချီအလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။ တစ်စုံတစ်ယောက်သည် သာမန်မျက်စိဖြင့်ကြည့်လျှင်ပင် အက်ကွဲနေသော လေဟာနယ်နေရာများကို မြင်တွေ့နိုင်ပေမည်။

ရုတ်တရက် စုတ်တံတစ်ချောင်းသည် လေဟာနယ်ကို ဖြတ်ကျော်ပြီး မိုင်ပေါင်းတစ်သောင်းအကွာမှ ဆန့်တန်းလာသည်။

ထိုစုတ်တံသည် တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် မီတာကိုးဆယ်ကျော်ရှည်လျားသော ဧရာမအရာဝတ္ထုကြီးတစ်ခု ဖြစ်လာကာ ကောင်းကင်ကို ဖုံးလွှမ်းပြီး နေရောင်ကို ပိတ်ဆို့လိုက်သည်။ စုတ်တံ၏လက်ကိုင်ပေါ်တွင် ရိုးရှင်းပြီး ရှေးကျသော အစင်းကြောင်းများ ပေါ်လွင်နေပေ၏။

မိုင်ပေါင်းသုံးသောင်း ရှည်လျားပြီး ကျယ်ပြန့်သော သူတော်စင်စွမ်းအင်မြစ်ကြီး စီးဝင်လာပြီး ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့သော စွမ်းအားသည် လေဟာနယ်အတွင်းတွင် မိုင်ပေါင်းသိန်းချီရှည်လျားသော မျဉ်းတစ်ကြောင်းကို ဖွဲ့စည်းလိုက်သည်။ ထိုအရာသည် နေကိုထွင်းဖောက်သွားသော သက်တံ့တစ်စင်းအလား ဖြစ်ပြီး တောင်များနှင့်မြစ်များကို ဖြတ်ကျော်ကာ ဆန့်တန်းနေသည်။

"ဒီနေရာက အရမ်းစည်ကားနေတာဆိုတော့ ဒီလူအိုကြီးကိုလည်း ပါဝင်ခွင့် ပေးပါလား"

ကျယ်လောင်သော အသံတစ်သံက တိမ်တိုက်များ၏အထက်မှ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

ရီဟန်သည် ကျောင်း​တော်သားဝတ်ရုံကို ဝတ်ဆင်ထားပြီး သက်တံ့တစ်စင်းကို နင်းထားသည်။ သူသည် လေထုထဲသို့ ခုန်တက်လိုက်ပြီး သူ၏ အဝတ်အစားများသည် လေတိုက်ခတ်မှုနှင့်အတူ ပျံ့လွင့်နေသည်။

အရေးကြီးသော အချိန်အခိုက်အတန်တွင် တာယွီ၏ စာပေသူတော်စင်နှင့် မဟာဆရာသခင်ဖြစ်သော ရီဟန် ရောက်ရှိလာသည်။

ရီဟန် ထွက်ပေါ်လာသည်နှင့် မောက်မာထောင်လွှားနေသော သွေးနီရောင် ဓားချီအလင်းတန်းများသည် နောက်ဆုံးတွင် ဖိနှိပ်ခြင်းခံလိုက်ရသည်။ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်း အရှိန်အဝါသည် ပြင်းထန်သော ဓားချီစွမ်းအားလှိုင်းများကို မြင့်မားသော တောင်တန်းကြီးတစ်ခုအလား ပိတ်ဆို့ထားလိုက်သည်။

"ဆရာဦးလေး...."

ရီဟန်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ရွှမ်ရှန့်ကို ဦးညွှတ်အရိုအသေပြုလိုက်၏။

ရွှမ်ရှန့်သည် အလယ်ခေတ်မှ ယခုအချိန်အထိ အသက်ရှင်သန်ခဲ့သော သူတော်စင်တစ်ပါးပင်။ သူ၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ အထူးသဖြင့် ဝမ်ပိုအန်း ကွယ်လွန်သွားပြီးနောက် ကွန်ဖြူးရှပ်ဂိုဏ်းတွင် ရွှမ်ရှန့်နှင့် ယှဉ်နိုင်သူဟူ၍ မည်သူမျှ မရှိတော့ချေ။

ရီဟန်၏ဆရာသခင်သည် သူတော်စင် ဝမ်ပိုအန်းပင်။ သူသည် ရွှမ်ရှန့်နှင့် ဝါစဥ်တူဖြစ်သဖြင့် ရီဟန်က ရွှမ်ရှန့်ကို 'ဆရာဦးလေး'ဟု ခေါ်ဆိုခြင်းသည် မမှားချေ။

"ငါ ဒီမှာ ရှိနေတယ်...မင်းက လောကနှစ်ခုတောင်တန်းကို လွှတ်ထားလို့ မဖြစ်ဘူး"

ရွှမ်ရှန့်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်

"နွေဦးနဲ့ဆောင်းဦးကျမ်းစာရဲ့ စွမ်းအားက အဲ့ဒီနေရာမှာ ရှိနေတုန်းပဲ....ရှေးဟောင်းနတ်ဆိုးတွေ ဝင်လာနိုင်မှာ မဟုတ်ဘူး"

ရီဟန်က ပြောဆိုသည်။

စာပေသူတော်စင်နှစ်ပါး၏ စကားပြောဆိုမှုသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားစေသည်။

ရီဟန် ရောက်ရှိလာပြီးနောက် ဤနေရာရှိ ကြီးမားကျယ်ပြန့်သော သူတော်စင်စွမ်းအားများ သိသိသာသာ ပို၍သန့်စင်လာသည်။ သန်းပေါင်းများစွာသော ကျောင်းတော်သားများက ကျမ်းစာများကို တညီတညွတ်တည်း ရွတ်ဆိုနေသည့်အလား ထူးဆန်းသော သဘာဝလွန်ပုံရိပ်များသည်လည်း လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာသည်။ ဤအရှိန်အဝါသည် ဖြောင့်မတ်ပြီး လေးစားဖွယ်ကောင်းကာ ထိုအရာ၏ စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပေ၏။

"ဒါ့ပြင် ဒီမိစ္ဆာကောင်က ငါ့ရဲ့တပည့်ကို သတ်ချင်နေတယ်.... ဘာပဲဖြစ်ဖြစ် ငါ ထိုင်ကြည့်နေလို့ မရဘူး"

ရီဟန်​က မိစ္ဆာလူသားကို တဖန်ပြန်၍ ကြည့်လိုက်သည်။

"အရမ်းကောင်းတယ်...မင်းက အချိန်ကိုက် ရောက်လာတာပဲ...လူတစ်ယောက်တိုးလာတာက ပုရွက်ဆိတ်တစ်ကောင် ထပ်ရောက်လာတာထက် မပိုဘူး....ငါ​က မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မယ်"

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပျံ့လွင့်လာကာ မိစ္ဆာလူသား၏မျက်လုံးများသည် မိစ္ဆာအလင်းရောင်များဖြင့် တောက်ပနေပေ၏။ သူသည် ဤလူနှစ်ယောက်ကို တပြိုင်နက်တည်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"ဘုန်း....."

ရွှမ်ရှန့်နှင့်ရီရှန့်တို့သည် သူတော်စင်တာအို နည်းစနစ်များကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ အချိန်တခဏအတွင်းမှာပင် မိုးကောင်းကင်ယံ၌ ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံသည် တိမ်တိုက်များအကြားတွင် ပဲ့တင်ထပ်သွားသည်။

...

သူတော်စင်နှစ်ပါးသည် မူလဘူတသက်ရှိနှင့် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲနေသည်။

ထိုတိုက်ပွဲ၏အစွန်းတစ်ဖက်တွင် လုယွီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး နှစ်ခြိုက်စွာ အိပ်မောကျနေပေ၏။

အကန့်အသတ်မရှိသော ကြောက်ရွံ့မှုများသည် လုယွီ၏စိတ်နှလုံးသားကို လွှမ်းခြုံထားသည်။ သူ၏မျက်စိရှေ့ရှိ အရာအားလုံး မည်းမှောင်နေသည်။

"သူက ဒီကြောက်ရွံ့မှုတွေထဲမှာ ငါ့ကို သေစေချင်နေတာပဲ"

လုယွီသည် သူ၏ခံစားချက်များကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။ သို့ရာတွင် ဤ ခံစားချက်သည် ကျယ်ပြန့်သော မြက်ခင်းပြင်ပေါ်ရှိ တောမီးကဲ့သို့ ဖြစ်နေသည်ကို သူ တွေ့ရှိရသည်။ ထိုအရာသည် စတင်လောင်ကျွမ်းသည်နှင့် ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။

မိုးဖွဲဖွဲကျဆင်းလာသံသည် အော်ဟစ်သံများနှင့်အတူ သူ၏ပတ်ဝန်းကျင်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုအော်ဟစ်သံသည် သူ ယခင်က ကြားဖူးသကဲ့သို့ အလွန်ရင်းနှီးနေပေ၏။

ထို့နောက် ကြေးမုံမှန်အပိုင်းအစများ လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုကြေးမုံမှန်အပိုင်းအစများပေါ်တွင် ငယ်ရွယ်ပြီး ဖြူဖျော့သော မျက်နှာတစ်ခု ရှိသည်။

လုယွီသည် ကြေးမုံမှန်ပေါ်ရှိ ပုံသဏ္ဍာန်ကို မှတ်မိသည်။ ဤသည်မှာ သူ၏အတိတ်ဘဝမှ ပုံရိပ်ပင်။

မြေအောက်လော​က တာအိုသခင် ရွှမ်မင်....

Chapter 5265

လုယွီသည် နှစ်ခြိုက်စွာ အိပ်ပျော်ရာမှ နိုးလာပြီးနောက် ခေါင်းကိုက်မှုကို ခံစားလိုက်ရသည်။

အနက်ရောင်တိမ်တိုက်များသည် အရပ်မျက်နှာအဘက်ဘက်တွင် စုဝေးနေပြီး လေပြင်းများသည် သူ၏နားအနားတွင် တိုက်ခတ်နေသည်။ မိုးကြိုးနှင့်လျှပ်စီးသံသဲ့သဲ့ကို ကြားရပြီး ရုတ်တရက် သူ၏နားနံဘေးတွင် မြည်ဟီးသွားပေ၏။

လုယွီက သူ၏နံဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူသည် ပျံသန်းရေးလှေတစ်စင်းပေါ်တွင် လဲလျောင်းနေသည်။ ဤအချိန်တွင် ဤပျံသန်းရေးလှေသည် တိမ်များကြားတွင် အရှိန်ပြင်းပြင်း မောင်းနှင်နေသည်။ လေထဲမှ တဝီဝီမြည်သံသည် ပျံသန်းရေးလှေမှ မိုးကောင်းကင်ယံကို ဖြတ်ကျော်မောင်းနှင်ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

"အကြီးအကဲ ရွှမ်မင်... သက်သာရဲ့လား"

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် လုယွီ၏နံဘေးသို့ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ရောက်ရှိလာသည်။

"အင်း...ငါ သက်သာပါတယ်"

လုယွီသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်ပြီးနောက် အရာအားလုံးကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။

မိစ္ဆာလူသားသည် ပုံရိပ်ယောင်နယ်ပယ်တစ်ခု ဖန်တီးခဲ့ပြီး လုယွီကို ချက်ချင်း နစ်မြုပ်သွားစေခဲ့သည်။ ထိုအရာသည် လုယွီ၏စိတ်ဝိညာဉ်ကို အဆုံးမဲ့ကြောက်ရွံ့မှုထဲသို့ နစ်မြုပ်သွားစေသည်။ သူသည် လုယွီ၏စိတ်ဝိညာဉ်ကို ကြောက်ရွံ့မှုကြားတွင် ပြန့်ကျဲသွားစေကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေရန် ရည်ရွယ်ထားပေ၏။

သူ၏ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းသည် အတိအကျ ပြောဆိုရလျှင် လုယွီ၏အတိတ်ဘဝ မှ မှတ်ဥာဏ်တစ်ခုပင်။

ကောင်းကင်ပြက္ခဒိန် ၃၆၄ ခုနှစ်...

ဤအချိန်တွင် လုယွီသည် ကြယ်ဝါးမျိုခြင်းကုန်းမြေ ရှိ အဓိကဂိုဏ်းကြီးကိုးဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သော သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးပင်။

ယခုလောလောဆယ်တွင် သူသည် သွေးဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်ရတနာတစ်ခုကို ဂိုဏ်းသို့ ပြန်လည်၍ ပို့ဆောင်ပေးနေသည်။

"မင်းက ငါ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ငါ့ကို သတ်ချင်နေတာလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူသည် သူ၏မျက်လုံးများကို စုံမှိတ်လိုက်ပြီး တန်ပြန်ဆောင်ရွက်ရန် စတင်၍ စဉ်းစားလိုက်သည်။

"အကြီးအကဲ...ခုဏက ဘာပြောလိုက်တာလဲ"

လုယွီ၏နံဘေးမှ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဝေ့မူ...ဒီနှစ်ထဲမှာ မင်း အသက် ဘယ်လောက်ပြည့်မှာလဲ"

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

"ဆယ့်လေးနှစ်ပါ"

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းငယ် ထူးဆန်းနေသော်လည်း ရိုးရိုးသားသား ဖြေဆိုလိုက်၏။

"၁၄ နှစ်... မင်း အသက် ၈ နှစ်တုန်းက သွေးဝိညာဉ်ဂိုဏ်းကို ဝင်ခဲ့တာ... အခုထိ မင်းက ဂိုဏ်းသားအဆင့်ပဲ ရှိသေးတယ်...နောက်ထပ်ခြေလှမ်းလှမ်းဖို့ မစဉ်းစားဘူးလား"

လုယွီက လျစ်လျူရှုသော လေသံဖြင့် ပြောဆိုလိုက်သည်။

ဝေ့မူ၏မျက်နှာ အနည်းငယ် နီမြန်းသွားပြီး သူက တီးတိုးပြောဆိုလိုက်၏။

"ကျွန်တော့်ရဲ့ ပါရမီက မမြင့်မားတဲ့အပြင် အခြေခံက မခိုင်မာပါဘူး... အကြီးအကဲကို အစေခံခွင့်ရပြီးတော့ ဂိုဏ်းသား ဖြစ်လာတာကတင် ကံကောင်းမှုတစ်ခုပါပဲ...တခြားလူတွေက ကျွန်တော့်ကို မနာလို ဖြစ်နေကြတယ်"

"အင်း....မင်းက ငါ့ရဲ့ဘေးမှာ အမြဲ ရှိနေပေမယ့် ဂိုဏ်းသားအဆင့်ပဲ ရှိသေးတယ်... ဒါက တကယ်ကို တရားလွန်လွန်းတယ်...ငါ ပြန်ရောက်ရင် မင်းကို အတွင်းစည်းတပည့် ဖြစ်ခွင့်ပေးဖို့ ဂိုဏ်းချုပ်ကို ပြောလိုက်မယ်"

လုယွီ၏စကားကို ကြားချိန်၌ ဝေ့မူ၏ မျက်လုံးများ တောက်ပလာပြီး သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ... ကျေးဇူးတင်ပါတယ် အကြီးအကဲ..."

ဝေ့မူထံတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏မျက်နှာတွင် မည်သည့် အမူအယာမျှ ရှိမနေချေ။

ဤသည်မှာ သူ ယခင်ဘဝက မေးမြန်းခဲ့သော မေးခွန်းနှင့် အတူတူဖြစ်သည်။

မည်သို့ပင်ဆိုစေ​ကာမူ သူသည် သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးပင်။ သူ၏နံဘေးတွင် နောက်လိုက်များပြီး ဝေ့မူသည် လုယွီ၏နောက်လိုက်များအနက်မှ တစ်ယောက်ပင်။

"ဝေ့မူ...မင်းရဲ့ နောက်ကြောင်းကို ပြောပြစမ်း... မင်းက မိသားစုကြီးက လာတယ်လို့ ငါ ကြားတယ်"

လုယွီ​က ရုတ်တရက် မေးမြန်းလိုက်၏။

သူ ထိုသို့ပြောဆိုလိုက်သည်နှင့် ပျံသန်းရေးလှေ၏ ကုန်းပတ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဝေ့မူ အနည်းငယ် ထိတ်လန့်သွားပြီး နေရာမှာပင် ကြက်သေသေသွားသည်။

လုယွီက ဝေ့မူကို စိုက်ကြည့်လိုက်သည်

"ငါ့ကို ပြောစမ်း...ငါက ဂိုဏ်းချုပ်ဆီကနေ မင်းကို အဆင့်တိုးပေးစေချင်တာဆိုတော့ မင်းရဲ့ နောက်ကြောင်းကို အနည်းဆုံးတော့သိထားသင့်တယ်"

"ကျွန်တော်က ဝေ့မိသားစုရဲ့ တပည့်တစ်ယောက် ဖြစ်တာ မှန်ပါတယ်.... ဒါပေမယ့် ဝေ့မိသားစုရဲ့တိုက်ရိုက်မျိုးဆက် မဟုတ်ပါဘူး... အများဆုံးတော့ ဝေးကွာတဲ့ ဆွေမျိုးအဖြစ်ပဲ သတ်မှတ်လို့ ရတယ်....ကျွန်တော့်ရဲ့အဖေမှာ သာမန်အစေခံတချို့ကို စီမံခန့်ခွဲတဲ့ ခြံဝန်းငယ်လေး တစ်ခု ရှိပါတယ်...ဒါက ဝေ့မိသားစုထဲမှာတော့ ဘာမှ မဟုတ်ပါဘူး..."

ဝေ့မူက သက်ပြင်းချလိုက်ပြီး သူ၏ နောက်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ဝေ့မူ၏စကားကို ကြားချိန်၌ လုယွီ၏စိတ်ထဲတွင် ထိတ်လန့်မှုလှိုင်းတံပိုးတစ်ခုကို မခံစားဘဲ မနေနိုင်တော့ချေ။

သူသည် ယခင်ဘဝက ဤအရာများကို မမေးခဲ့သည့်အပြင် မည်သည့်အရာမျှလည်း မသိခဲ့ချေ။

သို့ရာတွင် ယခုချိန်၌ ဝေ့မူသည် သူ့ကို အရာအားလုံး ပြောပြလိုက်လေပြီ။

ဤသည်မှာ သူ၏မှတ်ဉာဏ်များ မဟုတ်ချေ။ သူ၏မှတ်ဉာဏ်များအပေါ် အခြေခံပြီး ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုပင်။

မြေအောက်ကမ္ဘာတွင် ငရဲခန်းတစ်ခု ရှိသည်။ ထိုနေရာအတွင်း၌ ထိန်းသိမ်းခံထားရသော စိတ်ဝိညာဉ်များအားလုံးသည် သူတို့၏ ယခင်ဘဝမှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများကို ပြန်လည်၍ ကြုံတွေ့ရပေမည်။

ဤအချိန်တွင် လုယွီသည် အလားတူ ငရဲခန်းထဲတွင် ပိတ်မိနေပေ၏။

Thank For Reading.

All Chapters