အခန်း (၅၂၆၆-၅၂၇၀)
Vol. 267 Ch. 5266-5270
Chapter 5266
"ကျွန်တော် သွေးဝိညာဉ်ဂိုဏ်းကို ဝင်နိုင်ခဲ့တုန်းက ကျွန်တော့်တို့မိသားစု တစ်စုလုံး အံ့အားသင့်သွားကြတယ်.... မိသားစုခေါင်းဆောင်က ကျွန်တော့်ရဲ့အဖေကို အိမ်တော်ထိန်းအဖြစ် အထူးရာထူးတိုးပေးခဲ့တယ်"
"သွေးဝိညာဉ်ဂိုဏ်းရဲ့ ဝင်ခွင့်စာမေးပွဲက အရမ်း တင်းကြပ်တယ်....ကျွန်တော်က ဘယ်လို ကံကောင်းခြင်းမျိုးကို ရခဲ့လဲဆိုတာ မသိပေမယ့် ဝင်ခွင့်စာမေးပွဲကို တကယ်ကြီး အောင်မြင်ခဲ့တယ်...အခု ပြန်စဉ်းစားကြည့်ရင် ကျွန်တော်က ကြောက်ရွံ့နေတုန်းပဲ"
"အကြီးအကဲ မသိပါဘူး...ကျွန်တော်တို့ အပြင်စည်းတပည့်တွေက အကြီးအကဲကို အရမ်း လေးစားကြတယ်... အကြီးအကဲက သွေးဝိညာဉ်ဂိုဏ်းကို တည်ထောင်ပြီးကတည်းက အသက်အငယ်ဆုံး အကြီးအကဲပဲ"
"အပြင်လူတွေက အကြီးအကဲကို မိစ္ဆာတစ်ကောင်လို ရှုမြင်ကြတယ်လို့ ကျွန်တော် ကြားတယ်...ဒီစကားတွေက အဓိပ္ပာယ်မရှိဘူး... အကြီးအကဲက လူတွေကို ကြင်ကြင်နာနာ ဆက်ဆံတယ်...အပြစ်မဲ့တဲ့သူတွေကို သတ်တဲ့ မိစ္ဆာတစ်ကောင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဝေ့မူသည် စကားများသူ ဖြစ်ပြီး လမ်းတလျှောက်လုံး မရပ်မနား ပြောဆိုနေသည်။
လုယွီသည် ဤအချိန်တွင် သတိကြီးစွာထားနေဆဲပင်။ သူသည် ပတ်ဝန်းကျင်ကို လေ့လာရင်း ဝေ့မူကို အဆက်မပြတ် စကားပြောနေစေရန် ကြိုးစားနေပေ၏။
ယခင်ဘဝတွင် သူသည် ဤပျံသန်းရေးလှေပေါ်တွင် ရှိနေခဲ့ဖူးသည်။ ထိုအချိန်က လုယွီသည် တည်ကြည်လေးနက်ပြီး သတိရှိသော သဘောထားကို အမြဲ ထိန်းသိမ်းထားခဲ့သည်။ လမ်းတလျှောက်တွင် သူတို့နှစ်ဦးအကြား၌ များစွာဆက်ဆံမှု မရှိခဲ့ချေ။
သို့ရာတွင် ယခု၌မူ သူ မှတ်မိသောအရာများနှင့် အလွန်ကွာခြားနေသည်။
"အကြီးအကဲ... ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ ပို့ဆောင်နေတဲ့ ပစ္စည်းက ဘာများလဲ..."
ဝေ့မူ အခန်းအတွင်းသို့ ကြည့်လိုက်သည်။
ပျံသန်းရေးလှေပေါ်တွင် သူနှင့်လုယွီသာ ကုန်းပတ်ပေါ်၌ ထိုင်နေကြ၏။
သူတို့ ပို့ဆောင်ရမည့် ပစ္စည်းများကို ကန့်လန့်ကာဖြင့် ဖုံးအုပ်ထားသော အခန်းထဲတွင် ထားရှိသည်။
"မင်း မသိသင့်တာကို မသိချင်နဲ့.... မမေးနဲ့"
လုယွီ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ..."
ဝေ့မူသည် ထိတ်လန့်သွားပြီး လုယွီ၏အာဏာကို အနည်းငယ် ကြောက်ရွံ့နေသည်။
"ဒါပေမယ့် ကျွန်တော်သာ အတွင်းစည်းတပည့် ဖြစ်လာရင် ကျွန်တော့်ရဲ့ အဆင့်အတန်းက ကွဲပြားသွားလိမ့်မယ်...ကျွန်တော်တို့ ဝေ့မိသားစုက အဘိုးကြီးတွေက မိသားစုခေါင်းဆောင် ရာထူးကို ကျွန်တော့်ဆီ လွှဲပေးကြလိမ့်မယ်...ဒါပေမယ့် ကျွန်တော်က အဲ့ဒီရာထူးကို ဂရုမစိုက်တော့ပါဘူး"
ဝေ့မူက ဆက်လက်၍ ပြောဆိုနေသည်။
ပျံသန်းရေးလှေသည် အလွန်လျှင်မြန်သော အရှိန်ဖြင့် ပျံသန်းနေဆဲပင်။ အဝေးရှိ အဆုံးမဲ့ မြူခိုးများထဲတွင် တောင်တန်းတစ်ခု၏ပုံသဏ္ဍာန် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဝေ့မူက ထိုတောင်တန်းကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ကျွန်တော်တို့ နဂါးစိမ်းတောင် ကို ရောက်ပါပြီ ....အကြီးအကဲ ကျွန်တော်တို့ အရှေ့မြောက်ဘက်ကို ဆက်သွားဖို့ အချိန်တန်ပါပြီ"
"အရှေ့တောင်ဘက်ကို သွား...အင်းဆက်အမြီးပင်လယ်ကို ပတ်သွားမယ်"
လုယွီက ရုတ်တရက် အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"အမ်...ဒါက လမ်းလွှဲတစ်ခုလေ...ပြီးတော့ အင်းဆက်အမြီးပင်လယ်က အရမ်းအန္တရာယ်များတယ်...ကျွန်တော်တို့က ဘာလို့ အဲ့ဒီဘက်ကနေ သွားရမှာလဲ"
ဝေ့မူ၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
"ငါ့ရဲ့အမိန့်ကို နားထောင်... ငါ ခိုင်းတာကို လုပ်စမ်း..."
လုယွီက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
လုယွီသည် ဤစကားများကို မစဉ်းစားဘဲ ပြောဆိုလိုက်ခြင်း မဟုတ်ချေ။
သူ၏မှတ်ဉာဏ်အရ မူလလမ်းကြောင်းအတိုင်း ဆက်သွားပါက လမ်းမှန်ကျင့်ကြံသူအုပ်စုကြီးနှင့် သူတို့ ရင်ဆိုင်တွေ့နိုင်သည်။
ကြယ်ဝါးမျိုခြင်းကုန်းမြေတွင် ဖြောင့်မတ်သောလမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့သည် ရေနှင့်မီးအလားပင်။
လုယွီသည် ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရပြီး သေလုမျောပါး ဖြစ်ခဲ့သည်။
ဘဝ၏ရွေးချယ်မှုသည် ဤနေရာတွင် အလှည့်အပြောင်း ရှိပေ၏။
ဤသည်မှာ ပုံရိပ်ယောင်နယ်မြေ ဖြစ်နေလျှင်ပင် သူ ဤနေရာ၌ သေဆုံးသွားပါက ပြင်ပလောကရှိ သူ၏အစစ်အမှန်ခန္ဓာကိုယ်သည်လည်း သေဆုံးသွားမည်ကို လုယွီက ကောင်းစွာ သိရှိထားသည်။
လက်ရှိတွင် သူ့ထံ၌ အစွမ်းထက်သော အင်မော်တယ်နည်းစနစ်များ ခိုင်မာတောင့်တင်းသော ရုပ်ခန္ဓာကိုယ် သို့မဟုတ် ပြိုင်ဘက်ကင်းကျင့်ကြံဆင့်နယ်ပယ် မရှိချေ။ အကယ်၍ သူ သတိလက်လွတ်နေမိပါက သူ သေဆုံးသွားလိမ့်မည်။
ဤနေရာ၌ လုယွီသည် ခြေလှမ်းတိုင်းကို သတိထားရပေမည်။
"ဟုတ်ကဲ့"
ဝေ့မူ လုယွီ၏အမိန့်ကို မနာခံဘဲ မနေရဲချေ။ သူသည် ပျံသန်းရေးလှေ၏ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး တခြားတစ်ဖက်သို့ ပျံသန်းလိုက်သည်။
အင်းဆက်ပင်လယ်သည် နာမည်နှင့်လိုက်ဖက်ပေ၏။
ဤသည်မှာ မိုင်ပေါင်းသိန်းနှင့်ချီ၍ ကျယ်ဝန်းသော ပင်လယ်သမုဒ္ဒရာကြီး ဖြစ်ပြီး အဆုံးသတ်ကို မမြင်နိုင်ချေ။
ဤသည်မှာ အလွန်အန္တရာယ်များသော နေရာတစ်ခုပင်။ လှိုင်းထနေသော ပင်လယ်သမုဒ္ဒရာ၏မျက်နှာပြင်ပေါ်တွင် ကျွန်းအနည်းငယ်သာ ရှိသည်။
အတွေ့အကြုံရှိသော ကျင့်ကြံသူများသည် ထိုကျွန်းများပေါ်သို့ ဆင်းသက်ကြမည် မဟုတ်ပေ။ အကြောင်းအရင်းမှာ ထိုအရာများသည် ကျွန်းများ မဟုတ်ဘဲ သမုဒ္ဒရာကြမ်းပြင်ရှိ ဧရာမ အင်းဆက်များ၏အမြှီးများ ဖြစ်သောကြောင့်ပင်။
သားကောင်များသည် ထိုအရာများအပေါ်သို့ ဆင်းသက်သည်နှင့် ဧရာမအင်းဆက်များ၏ လိုက်လံဖမ်းဆီးခြင်းကို ချက်ချင်းခံရပေလိမ့်မည်။
ပျံသန်းရေးလှေ ဆက်လက်၍ ရွေ့လျားနေသည်။
ဝေ့မူသည် အလွန်စိုးရိမ်ပူပန်နေပုံရပြီး ရံဖန်ရံခါ ရှေ့နောက်ကြည့်နေသည်။
လုယွီ၏မျက်နှာအမူအရာသည် ပုံမှန်အတိုင်း တည်ငြိမ်သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန် သတိကြီးစွာထားနေသည်။
မိစ္ဆာလူသားက သူ့ကို ဤပုံရိပ်ယောင်နယ်ပယ်ထဲသို့ ထည့်သွင်းလိုက်သဖြင့် သူ့ကို လွယ်လင့်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
"ဝှစ်"
ထိုအချိန်မှာပင် ဝေ့မူက ရုတ်တရက် အဆောင်လက်ဖွဲ့စာရွက်တစ်ရွက်ကို ထုတ်လွှတ်လိုက်ရာ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
Chapter 5267
"မင်း ဘာလုပ်နေတာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဝေ့မူ၏မျက်နှာပေါ်တွင် အနေခက်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"အကြီးအကဲ ဒီနေရာက အရမ်းအန္တရာယ်များတယ်...ဒါကြောင့် တပည့်က ဂိုဏ်းကို အဆောင်လက်ဖွဲ့နဲ့ သတင်းပို့လိုက်တာပါ.... ကျွန်တော်တို့ကို လာပြီးကူညီဖို့ တောင်းဆိုလိုက်တာပါ"
"ငါ ဒီမှာ ရှိနေတာကို မင်းက ဘာတွေ စိတ်ပူနေတာလဲ"
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သော်လည်း ဝေ့မူကို ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ချေ။
ဤလူငယ်သည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်နိုင်သည်ဟု လုယွီက တွေးတောလိုက်သည်။ သို့ရာတွင် ဝေ့မူ အနည်းငယ် ထိတ်လန့်နေသည်ဟု သူ ခံစားမိလေ၏။
ဝေ့မူက တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
"ဒီအင်းဆက်ပင်လယ်ထဲက ဧရာမအင်းဆက်တွေက ထူးခြားပြီးတော့ ရက်စက်ကြမ်းကြုတ်တယ်လို့ ကျွန်တော် ကြားတယ်...နှစ်တိုင်း ကျင့်ကြံသူတွေ အများကြီးက သူတို့ရဲ့ဗိုက်ထဲမှာ သေဆုံးကြရတယ်"
"သူတို့က ရက်စက်ကြမ်းကြုတ်တော့ ဘာဖြစ်လဲ ....သက်ရှိသတ္တဝါ ဖြစ်နေသရွေ့ သတ်လို့ရတယ်"
လုယွီက ပြောဆိုလိုက်၏။
"တပည့် သင်ခန်းစာ ရပါပြီ"
ဝေ့မူက ခေါင်းငုံ့လိုက်ရာ သူ၏ဆံပင်ရှည်များက သူ၏မျက်လုံးများအပေါ်သို့ ဖုံးအုပ်သွားသည်။
ပျံသန်းရေးလှေ လေဟာနယ်အတွင်း၌ ဆက်လက်၍ ပျံသန်းနေသည်။
ရေအောက်မှ အင်းဆက်ကြီးတစ်ကောင်သည် မိုးကောင်းကင်ယံသို့ ပျံတက်လာပြီး လေထုထဲတွင် ပျံသန်းနေသော ပျံသန်းရေးလှေကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ကြံရွယ်လိုက်၏။ သို့ရာတွင် လုယွီ၏မှော်စွမ်းအားဖြင့် မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။ ဤသည်မှာ ကိစ္စကြီးတစ်ရပ် မဟုတ်ချေ။
"အား..."
ရုတ်တရက် အမျိုးသမီးတစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်သံသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်သွားသည်။
ပျံသန်းရေးလှေနှင့် မဝေးလှသော နေရာတွင် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦး လိုက်လံဖမ်းဆီးခံနေရသည်။ သူမ၏ အဝတ်အစားများ စုတ်ပြဲနေပြီး ဓားပျံကိုစီးနင်းထားသော သူမ၏ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးသွယ်လျသောခြေထောက်များ ယိမ်းယိုင်နေသည်။
"မပြေးနဲ့.... တာအိုကျင့်ကြံသူတွေကို အကူအညီ ပေးစမ်းပါ"
ထိုအမျိုးသမီးကျင့်ကြံသူ၏ နောက်တွင် တာအိုဝတ်ရုံများ ဝတ်ဆင်ထားသော အမျိုးသားတစ်စုရှိနေပြီး သူတို့၏မျက်နှာများပေါ်တွင် ယုတ်မာကောက်ကျစ်သော အပြုံးများ ထင်ဟပ်နေသည်။
"ယီတာအိုဂိုဏ်းက လူတွေလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤလူများအားလုံးသည် လမ်းမှန်ကျင့်ကြံသူများပင်။ သူတို့သည် လုယွီကဲ့သို့ နတ်ဆိုးကျင့်ကြံသူများနှင့် သင့်မြတ်အောင် ပေါင်းစပ်၍ မရချေ။
"ကျွန်မကို လွှတ်ပေးပါ....ကျွန်မကို လွှတ်ပေးပါ"
အမျိုးသမီးကျင့်ကြံသူက အသည်းအသန် တောင်းပန်လိုက်သည်။
သို့ရာတွင် သူမ၏တောင်းပန်မှုသည် နောက်မှ တာအိုကျင့်ကြံသူများကို ရပ်တန့်အောင် မလုပ်နိုင်ရုံသာမက သူတို့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်။
"မြန်မြန်လာပြီးတော့ တာအိုကျင့်ကြံသူကို စိတ်ကျေနပ်မှုပေးလိုက်ရင် ပြီးသွားမှာပါ....ဒါက မင်းရဲ့ ကံကောင်းမှုပဲ"
တာအိုကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသော အမူအယာများ ထင်ဟပ်လာသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့သည် အမျိုးသမီးကျင့်ကြံသူကို ဖမ်းမိမိပြီး သူမ၏ အဝတ်အစားများကို ဆုတ်ဖြဲလိုက်ကြ၏။
ပျံသန်းရေးလှေ၏ကုန်းပတ်ပေါ်တွင် ရှိနေသည့် လုယွီနှင့်ဝေ့မူတို့နှစ်ဦးလုံး ဤမြင်ကွင်းကို သတိထားမိကြသည်။
"အကြီးအကဲ"
ဝေ့မူက လုယွီကို ကြည့်လိုက်သည်။
လုယွီ၏မျက်နှာသည် သုန်မှုန်နေပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဆက်သွား...."
ဤလူများ ရုတ်တရက် ထွက်ပေါ်လာသည်မှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ မူလဘူတသက်ရှိ၏ တမင်သက်သက် စီစဉ်ထားမှု ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်၏ဘဝတွင် ရွေးချယ်စရာများ မရေမတွက်နိုင်အောင် ရှိသည်။
သို့ရာတွင် တစ်ခုခုကို ရွေးချယ်ခဲ့လျှင် မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိကြချေ။
ဝေ့မူသည် ပျံသန်းရေးလှေကို ရှေ့သို့ဆက်သွားရန် ထိန်းချုပ်မောင်းနှင်လိုက်သော်လည်း တဖြည်းဖြည်း နှေးကွေးသွားပေ၏။
"အကြီးအကဲ... ပျံသန်းရေးလှေက ချို့ယွင်းနေပုံရတယ်"
ဝေ့မူက ပြောဆိုသည်။
ဤအချိန်တွင် ပျံသန်းရေးလှေ၏ အပြင်ဘက်၌ အမျိုးသမီးကျင့်ကြံသူ၏ နားကွဲလုမတတ် အော်ဟစ်သံကို ကြားနေရသည်။
"ပျက်သွားတာလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ချက်ချင်း မတ်တတ်ထရပ်ပြီး ပျံသန်းရေးလှေ၏ကုန်းပတ်ပေါ်သို့ သူ၏လက်ကို တင်လိုက်၏။ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ပျံသန်းရေးလှေ၏ချို့ယွင်းချက်ကို ရှာဖွေရန် ထိုအရာ၏နက်ရှိုင်းသော နေရာသို့ စီးဆင်းသွားသည်။
လုယွီတွင် လက်ရှိ၌ သူ၏ အနာဂတ်မှစွမ်းအားမျိုး ရှိမနေချေ။ လက်ရှိတွင် သူသည် သရဲတစ္ဆေဧကရာဇ်၏ အမွေအနှစ်ကို မရရှိသေးသဖြင့် အတော်အသင့် စွမ်းအားကောင်းမွန်သော ကျင့်ကြံသူ တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။
သူ့ထံတွင် အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအား မရှိသဖြင့် လုယွီသည် ပျံသန်းရေးလှေ၌ ချို့ယွင်းချက်ရှိမရှိ သိနိုင်ရန် အနည်းငယ်ချင်းသာ စစ်ဆေးနိုင်သည်။
"အကြီးအကဲ...အပြင်ကိုထွက်ပြီး သူ့ကို ကယ်တာ ပိုကောင်းမယ်ထင်တယ်...ဒီအမျိုးသမီးကျင့်ကြံသူက အရမ်းသနားဖို့ ကောင်းတယ်"
ဝေ့မူ၏အသံ ထပ်မံ၍ ထွက်ပေါ်လာပေ၏။
"မင်း စိတ်ပူဖို့ မလိုပါဘူး"
လုယွီက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
ဝေ့မူကို ကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်နေပုံရသည်။
"အကြီးအကဲ...အဲ့ဒီတာအိုကျင့်ကြံသူတွေက မကောင်းတဲ့ကောင်စုတ်ပါ..အဲ့ဒီအမျိုးသမီးက သေတော့မယ်...ကျွန်တော်တို့ သူ သေမှာကို ကြည့်နေလို့ မဖြစ်ဘူး"
"ချို့ယွင်းချက် တွေ့ပြီ"
လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ လှေ၏ ပျံသန်းရေးဝင်္ကပါတွင် ကပ်နေသော သစ်သားတုတ်တစ်ချောင်းကို သူ ရှာဖွေတွေ့ရှိလိုက်၏။
ပျံသန်းရေးလှေ၏ စွမ်းအား ပြန်လည်ရရှိသွားလေပြီ။
"ဒီနေရာကနေ ချက်ချင်းထွက်ခွာပြီးတော့ ဂိုဏ်းကို ပြန်မယ်"
လုယွီသည် ပျံသန်းရေးလှေကို ထိန်းချုပ်ပြီး ဝေ့မူ၏တားဆီးမှုကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပျံသန်းလိုက်သည်။
သို့ရာတွင် ဝေ့မူသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် အံ့တင်းတင်းကြိတ်ပြီး ပျံသန်းရေးလှေပေါ်မှ ခုန်ဆင်းကာ တာအိုကျင့်ကြံသူများထံသို့ အပြေးသွားလိုက်၏။
ဤအချိန်တွင် တာအိုကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေကြပြီး သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး သူတို့ထံသို့ ပြေးဝင်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူတို့သည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့်အလား ချက်ချင်းတုံ့ပြန်လိုက်ကြသည်။
"မင်းက အတင့်ရဲလှချည်လား...နတ်ဆိုးကျင့်ကြံသူဖြစ်ပြီးတော့ မင်းက သေလမ်းရှာနေတာပဲ"
တာအိုကျင့်ကြံသူတစ်ယောက်က အော်ငေါက်လိုက်သည်။
မမျှော်လင့်ဘဲ ဝေ့မူသည် သူတို့ကို အနည်းငယ်မျှ တိုက်ခိုက်ခြင်းမပြုချေ။ ထိုအစား သူသည် သူ၏ခါးကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး အော်ဟစ်လိုက်၏။
"ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘူး... ငါက ယီတာအိုဂိုဏ်းရဲ့ တပည့်ပါ"
"စီနီယာအစ်ကိုတို့..မိစ္ဆာရွှမ်မင်က ပျံသန်းရေးလှေပေါ်မှာ ရှိနေတယ်...သူ့ရဲ့လက်ထဲမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အဖိုးတန် ရတနာလည်း ရှိတယ်.... သူ့ကို လွတ်မြောက်ခွင့်ပေးလို့ မဖြစ်ဘူး"
Chapter 5268
"မိစ္ဆာရွှမ်မင်...."
ယီတာအိုဂိုဏ်းမှ တာအိုကျင့်ကြံသူများအားလုံး ကြက်သေသေသွားကြသည်။ ထို့နောက် သူတို့သည် ဘောင်းဘီများကို အလျင်အမြန် ဆွဲတင်လိုက်ကြပြီး ပျံသန်းရေးလှေ၏ ကုန်းပတ်ပေါ်သို့ ကြည့်လိုက်ကြ၏။
ဤအချိန်တွင် ပျံသန်းရေးလှေ၏ ကုန်းပတ်ပေါ်၌ လုယွီသည် ပျံသန်းရေးလှေ၏ရွေ့လျားမှု ဝင်္ကပါကို ထိန်းချုပ်ပြီး မောင်းနှင်နေသည်။
မှော်အက္ခရာစာလုံးများသည် ပျံသန်းရေးလှေ၏လေးဘက်လေးတန်လုံး၌ တောက်အလင်းလက်သွားသည်။ ဤသည်မှာ ကျောက်မျက်ရတနာများ တစ်ခုပြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လင်းလက်လာသည့်အလားပင်။
"တကယ့်ကို မိစ္ဆာရွှမ်မင်ပါလား"
"ဒီမိစ္ဆာကောင်ရဲ့ခေါင်းအတွက် ကိုယ်ကျင့်တရားအဖွဲ့အစည်းက စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးရာ ဆုကြေးထုတ်ထားတယ်... သူ့ကိုသတ်နိုင်ရင် ငါတို့ ချမ်းသာပြီ"
တာအိုကျင့်ကြံသူတစ်စုသည် စမ်းကြည့်ရန် စိတ်အားထက်သန်နေကြပြီး သူတို့၏မျက်လုံးများတွင် လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါ ဘယ်လိုပဲရွေးချယ်ပါစေ... နောက်ဆုံးရလဒ်က အတူတူပဲ ဖြစ်နေတာပါလား"
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ လုယွီသည် ချက်ချင်းဆိုသလိုပင် အရာအားလုံးကို နားလည်သွားပေ၏။
ယခင်ဘဝက သူသည် လမ်းကြောင်းမှား၍ ရွေးချယ်မိခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့် လမ်းမှန်ကျင့်ကြံသူများ သူ၏နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု ယူဆခဲ့ဖူးသည်။
သို့ရာတွင် ယခု၌မူ လုယွီသည် ဤအရာအားလုံးကို လမ်းမှန်ကျင့်ကြံသူ မဟာမိတ်အဖွဲ့မှ သူလျှိုများက ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်သွားလေပြီ။
"မိစ္ဆာရွှမ်မင်.... မင်းက ယုတ်မာတဲ့အလုပ်တွေအားလုံးကို လုပ်ခဲ့တယ်....ဒီနေ့ ငါတို့က ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပေးမယ်"
တာအိုကျင့်ကြံသူများသည် ဖြောင့်မတ်မှန်ကန်သောပုံစံဖြင့် ပျံသန်းရေးလှေကို ဝိုင်းရံထားလိုက်ကြသည်။
ဝေ့မူက နံဘေးမှနေ၍ အော်ဟစ်ပြောဆိုလိုက်၏။
"စီနီယာအစ်ကိုတို့ ဘာမှစိတ်မပူပါနဲ့....ကျွန်တော် လမ်းမှန်ကျင့်ကြံသူ မဟာမိတ်အဖွဲ့ဆီကို သတင်းပို့ပြီးပြီ...မကြာခင်မှာ အဖွဲ့အစည်းက ဂိုဏ်းတူမောင်နှမတွေ ရောက်လာပြီးတော့ ဒီမိစ္ဆာကောင်ကို ကူညီပြီး သတ်ပေးကြပါလိမ့်မယ်"
"ဂျူနီယာညီလေး...မင်း တော်တယ်...ဒီလိုမိစ္ဆာမျိုးကို ရှင်းပစ်ဖို့ ငါတို့အားလုံး အတူပူးပေါင်းပြီး တိုက်ခိုက်သင့်တယ်"
တာအိုကျင့်ကြံသူတစ်ဦးက ပြောဆိုသည်။
ဤအချိန်တွင် သူတို့သည် မကြာသေးမီကမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးကို သေလုမျောပါးဖြစ်အောင် နှိပ်စက်ခဲ့သည်ကို လုံးလုံးလျားလျား ဂရုမစိုက်ဘဲ သူတော်ကောင်းယောင်ဆောင်နေကြခြင်းပင်။
"မင်းတို့က ငါ့ကို သတ်ချင်နေတာလား"
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး ဤလူတစ်စုကို အာရုံမစိုက်တော့ချေ။
သူ၏ရှေ့မှ လူများသည် ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
သူ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် လှေ၏အတွင်းပိုင်းမှ ပြင်းထန်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားမိပေ၏။
"ဝုန်း ဝုန်း... "
ပျံသန်းရေးလှေသည် ချက်ချင်း ပေါက်ကွဲသွားပြီး ခိုင်ခံ့သောလှေကိုယ်ထည်သည် ချက်ချင်း ကွဲအက်ကာ အပိုင်းအစများအဖြစ် ပြောင်းလဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားသည်။
ဝေ့မူက ဂုဏ်ယူဝံ့ကြွားစွာ ရယ်မောလိုက်သည်။
"ငါက ပျံသန်းရေးလှေပေါ်မှာ ပေါက်ကွဲစေတဲ့ ဝင်္ကပါတစ်ခုကို ချန်ထားခဲ့တယ်...သူ သေသွားလောက်ပြီ"
တာအိုကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် အလွန်အံ့အားသင့်သွားသည့် အမူအယာများ ထင်ဟပ်လာသည်။
လုယွီကို သတ်နိုင်သမျှ ကာလပတ်လုံး သူတို့သည် ဆုလာဘ်များစွာကို ရရှိနိုင်ပေလိမ့်မည်။
"ဟုတ်လို့လား...."
ထိုအချိန်မှာပင် လုယွီ၏အသံသည် ဝေ့မူ၏အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဝေ့မူ၏စိတ်နှလုံးသား တုန်ရီသွားသည်။ သူ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ရှေ့တွင် လုယွီကို မြင်လိုက်ရသောကြောင့် အံ့အားတသင့် ရေရွတ်လိုက်၏။
"မင်း မသေသေးဘူးလား"
"ငါက ဘာလို့ သေရမှာလဲ"
လုယွီက သူ၏လက်ကိုမြှောက်ပြီး ဝေ့မူ၏ခေါင်းကို ခြေမွှလိုက်သည်။
အတိတ်တွင် သူ့ကို ဒုက္ခပေးခဲ့သော တရားခံကို လုယွီက သူ၏မှတ်ဉာဏ်များထဲမှ ဖျက်ပစ်လိုက်ခြင်းပင်။
"ပြီးတော့ မင်းတို့ကရော ငါ့ကို တားချင်နေကြတာလား"
လုယွီက သူ့ကို တားဆီးထားသော တာအိုကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်တော့သည်။
သူ့ထံတွင် အနာဂတ်တွင်ကဲ့သို့ အစွမ်းထက်သော စွမ်းအားမျိုး မရှိသော်လည်း အတွေ့အကြုံများစွာ ရှိထားသည်။ သူသည် ဤကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်မည့်သူ မဟုတ်ချေ။
"နတ်ဆိုးအိုကြီးရွှမ်မင်... မင်းက အသေဆိုးနဲ့ သေရမှာ....လောကကြီးတစ်ခုလုံးက မင်းကို အပြစ်ပေးကြလိမ့်မယ်"
တာအိုကျင့်ကြံသူတချို့သည် မသေဆုံးမီအချိန်တွင် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်ကြ၏။
လုယွီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထိုတာအိုကျင့်ကြံသူများ၏စိတ်ဝိညာဉ်များကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။
ဤသည်မှာ သူ၏မှတ်ဉာဏ်များအတွင်းမှ ပုံရိပ်ယောင်များသာ ဖြစ်သည်။ လုယွီသည် သူတို့နှင့် မည်သည်ကြောင့် စကားပြောနေမည်နည်း။
လူများအားလုံးကို သတ်ဖြတ်ပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဗလာဟင်းလင်းဖြစ်သွားကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
"ကျေးဇူးတင်ပါတယ်..."
ထိုအချိန်မှာပင် လုယွီ၏နားထဲသို့ ဖျော့တော့တော့အသံတစ်သံ ဝင်ရောက်လာသည်။
ဤသည်မှာ တာအိုကျင့်ကြံသူများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော အမျိုးသမီးကျင့်ကြံသူပင်။ သူမသည် လုယွီထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပေ၏။
လုယွီက သူမကို လျစ်လျူရှုပြီး ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် ထိုအမျိုးသမီးကျင့်ကြံသူသည် ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်ကို ဖက်တွယ်လိုက်သည်။ သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွတ်သော လက်များဖြင့် သူ့ကို ဖြည်းညှင်းစွာ ပွေ့ဖက်လိုက်ပြီး နွေးထွေးမှုလှိုင်းများ တဖြည်းဖြည်း နီးကပ်လာပေ၏။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိဘဲ အရေးမစိုက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ဖယ်စမ်း"
ထိုအမျိုးသမီးကျင့်ကြံသူသည် လျှာထုတ်ပြီး လုယွီ၏နားရွက်ကို လျက်လိုက်သည်။
"ရှင်က ဘာလို့ ဒီလောက်တောင် ခက်ထန်နေတာလဲ... ကျွန်မက ရှင့်ကို စားမှာမို့လို့လား"
Chapter 5269
"ထွက်သွားစမ်း"
လုယွီက အေးစက်စက် အော်ငေါက်လိုက်ပြီး ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။
အမျိုးသမီးကျင့်ကြံသူသည် ချက်ချင်းဆိုသလိုပင် မီတာဆယ်နှင့်ချီအကွာသို့ လွင့်ထွက်သွားသည်။
သို့ရာတွင် သူမ လွင့်ထွက်သွားသည့်အချိန်၌ သူမ၏လက်ထဲတွင် သုံးလက်မရှည်သော သံမှိုတစ်ချောင်း ထွက်ပေါ်လာပြီး လုယွီ၏ခေါင်းကို ထိုးစိုက်မိလုနီးပါး ဖြစ်သွားသည်။
အမျိုးသမီးကျင့်ကြံသူသည် အမှန်တရား ထွက်ပေါ်သွားသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်ပြီး လုယွီထံသို့ တိုးဝင်လာသည်။
"ငါက မင်းကို ကယ်ခဲ့တာ... ဒါပေမယ့် မင်းက ကျေးဇူးကို ဘေးဖယ်ပြီးတော့ ရန်ငြိုးနဲ့ တုံ့ပြန်ဖို့ ကြံစည်နေတာလား"
လုယွီ အေးစက်တင်းမာစွာ ပြောဆိုသည်။
"နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံတာက ယုတ်မာတဲ့ ကျင့်ကြံသူတွေပဲ.... လူတွေအားလုံးမှာ သူတို့ကို အပြစ်ပေးပိုင်ခွင့်ရှိတယ်"
အမျိုးသမီးကျင့်ကြံသူက အော်ငေါက်ပြီး သူ့ထံသို့ တိုးဝင်တိုက်ခိုက်လိုက်၏။
လုယွီသည် သူမနှင့် စကားပြောဆို၍ အချိန်ဖြုန်းမနေဘဲ ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုက်သည်။
သွေးများက မိုးကောင်းကင်ကို စွန်းထင်းသွားသည်။
အင်းဆက်ပင်လယ်အောက်တွင် ပုန်းအောင်းနေကြသော ဧရာမအင်းဆက်များသည် တဖြည်းဖြည်း ရက်စက်ကြမ်းတမ်းလာကြသည်။ သူတို့သည် တစ်ကောင်ပြီးတစ်ကောင် လုယွီအပေါ်သို့ ခုန်တက်လာပြီး သူ့ကို စတင်၍ ကိုက်ဖြတ်ကြတော့သည်။
လုယွီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ၏လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့ရှိ ဧရာမအင်းဆက်များအားလုံး သေဆုံးသွားကြသည်။
သို့ရာတွင် ထိုအချိန်မှာပင် မိုင်ပေါင်းတစ်သောင်းခန့်ကွာဝေးသော ကြည်လင်နေသည့် ကောင်းကင်ယံ၌ အလွန်တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ထောင်နှင့်ချီသော လမ်းမှန်ကျင့်ကြံသူများ ထွက်ပေါ်လာကြ၏။
"ရွှမ်မင်...မင်း တော်တော်ရဲတင်းပါလား... လမ်းမှန်ကျင့်ကြံသူတွေကို မင်းက ဘယ်လိုသတ္တိမျိုးနဲ့ သတ်ရဲတာလဲ"
"ဒီနေ့ ငါတို့က နတ်ဆိုးကို ရှင်းလင်းပြီး လမ်းစဉ်ကို ကာကွယ်မယ်.. မင်းကို အမြစ်ပြတ် သုတ်သင်ရမယ်"
ထိုလမ်းမှန်ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအယာများဖြင့် လုယွီထံသို့ ဝင်ရောက်လာကြသည်။
နှစ်ဖက်လုံးသည် လျင်မြန်စွာဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို စတင်၍ တိုက်ခိုက်လိုက်ကြသည်။ အချိန်တခဏအတွင်းမှာပင် ပတ်ဝန်းကျင်သည် မုန်တိုင်းထန်သော လှိုင်းလုံးများကဲ့သို့ ဖြစ်နေပြီး မိုးကောင်းကင်ကြီးကို အနီရောင် ဆိုးလိုက်သည့်အလားပင်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူ၏အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဤနေရာတွင် ရှိနေခြင်းမဟုတ်ဘဲ ယခုအချိန်၌ သာမန် စိတ်ပုံထွင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသည်။
ကြီးလေးသော ပေးဆပ်မှုတစ်ခုကို ပြုလုပ်ပြီးနောက် လုယွီသည် လမ်းမှန်ကျင့်ကြံသူများ၏ ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းသို့ ရောက်ရှိလာသည်။
"ငါ ဘယ်ကနေ ထွက်ပေါက် ရှာရမလဲ"
လုယွီက အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ နာကျင်မှုသည် အစစ်အမှန်ဖြစ်နေသည့်အလား သူ ခံစားနေရသည်။
"အကြီးအကဲရွှမ်မင် ပြန်ရောက်လာပြီပဲ"
သွေးဝိညာဉ်ဂိုဏ်း၌ စောင့်ကြပ်နေသော တပည့်သည် လုယွီ ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ဂိုဏ်းတံခါးမကြီး ပွင့်သွားပြီး လုယွီသည် သွေးဝိညာဉ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသည်။
သွေးဝိညာဉ်ဂိုဏ်းချုပ်နှင့် တခြားဂိုဏ်းများမှ ထိပ်သီးကျင့်ကြံသူများ ရောက်ရှိနေသည်ကို မြင်လိုက်ရပြီး သူတို့သည် လုယွီကို ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် စူးစိုက်၍ကြည့်နေကြသည်။
"ရွှမ်မင် ဒွာရခုနစ်ပေါက် နတ်ဘုရားဆေးလုံး ဘယ်မှာလဲ"
သွေးဝိညာဉ်ဂိုဏ်းချုပ်က လုယွီကို မြင်တွေ့ချိန်၌ ခက်ထန်တင်းမာသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ဒွာရခုနစ်ပေါက် နတ်ဘုရားဆေးလုံး...."
လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။ ထိုအရာသည် ဤတစ်ကြိမ်၌ သူ သယ်ယူပို့ဆောင်ပေးရမည့် ရတနာပင်။
အတိတ်ဘဝတွင် ဒွာရခုနစ်ပေါက် နတ်ဘုရားဆေးလုံးကို လမ်းမှန်ကျင့်ကြံသူတစ်ဦးက ယူဆောင်သွားခဲ့သည်။
လုယွီ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် နတ်ဆိုးကျင့်ကြံသူတစ်ဦးက အော်ဟစ်ပြောဆိုလိုက်၏။
"ဒွာရခုနစ်ပေါက် နတ်ဘုရားဆေးလုံးကို သူ ယူသွားပြီလို့ ဖြောင့်မတ်ခြင်းမဟာမိတ်အဖွဲ့ဆီက သတင်းရထားပါတယ်"
ပတ်ဝန်းကျင်ရှိ အခြေအနေသည် ချက်ချင်းဆိုသလိုပင် ထူးဆန်းသွားတော့သည်။
သွေးဝိညာဉ်ဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"မင်းက ငါ့တို့ဂိုဏ်းရဲ့ ရတနာတွေအကုန်လုံးကို ကိုယ်ကျိုးအတွက် ယူရဲတယ်ပေါ့...မင်းက တော်တော်လေး သတ္တိကောင်းနေပါလား"
ထိုစကားဆုံးသည်နှင့် သွေးဝိညာဉ်ဂိုဏ်းချုပ်က လုယွီကို လက်ညှိုးညွှန်ပြပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူ့ကိုသတ်စမ်း"
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားပေ၏။
သူတို့သည် လုယွီကို ရှင်းပြရန်ပင် အခွင့်အရေး မပေးခဲ့ဘဲ တိုက်ပွဲတစ်ပွဲကို ချက်ချင်း စတင်ကြတော့သည်။ သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများ အားလုံးသည် ရန်သူတစ်ယောက်ကို တွေ့လိုက်ရသည့်အလား လုယွီထံသို့ ရူးသွပ်စွာ တိုးဝင်တိုက်ခိုက်ကြသည်။
"ဒွာရခုနစ်ပေါက် နတ်ဘုရားဆေးလုံးက ငါ့ရဲ့လက်ထဲမှာ မရှိဘူး"
လုယွီ အော်ဟစ်ပြောဆိုလိုက်၏။
သို့ရာတွင် မည်သူကမျှ သူ၏စကားကို နားမထောင်ကြတော့ချေ။
သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူအမြောက်အများ ပြေးထွက်လာကြသည်။ လုယွီထံ၌ တိုက်ခိုက်ရင်း ဆုတ်ခွာရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ဂိုဏ်း၏အနောက်ဘက်ရှိ ချောက်ကမ်းပါးအစွန်းသို့ ဒယိမ်းဒယိုင်ဖြင့် ရောက်ရှိလာပြီး ပြုတ်ကျသွားတော့သည်။
သူ့နားနံဘေး၌ လေတိုးသံများကို ကြားလိုက်ရပြီးနောက် လုယွီသည် ချောက်ကမ်းပါးအောက်ခြေသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ပြင်းထန်သော နာကျင်မှုသည် သူ၏စိတ်နှလုံးသားကို လွှမ်းခြုံသွားပေ၏။
သို့ရာတွင် သူ၏ရှေ့မှ ပုံရိပ်ယောင်များသည် ပျောက်ကွယ်မသွားသေးချေ။
ဤသည်မှာ မနိုးထနိုင်သော အိပ်မက်ဆိုးတစ်ခုအလားပင်။
Chapter 5270
လုယွီ ခံစားနေရသော ပြင်းထန်သော နာကျင်မှုသည် အစစ်အမှန် ဖြစ်နေပေ၏။
သူ မကောင်းသောလေများကို မှုတ်ထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်းကလီစာများ စုတ်ပြဲသွားသကဲ့သို့ ခံစားနေရပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများစွာ ကျိုးပဲ့နေသည်။
သူ၏မှတ်ဉာဏ်ထဲတွင် သူသည် အင်မော်တယ်တစ်ယောက်မဟုတ်တော့ဘဲ သာမန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသည်။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သေလုမြောပါး ဖြစ်နေပေ၏။
လုယွီသည် လင်းထိန်နေသော မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ပြီးနောက် သူ မူးဝေမှုကို ခံစားလိုက်ရသည်။
ထို့နောက် အဝေးမှ ခြေသံများကို သူ ကြားလိုက်ရသည်။ လေထုထဲတွင် ကျေးလက်သုံးစကားသံအချို့ ရောနှောပါဝင်နေသည်။ ဤသည်မှာ တောင်ပေါ်သို့ ထင်းခုတ်သွားပြီး ပြန်လာကြသော ရွာသားများပင်။
"အမ်...ဒီမှာ ဘာလို့ လူတစ်ယောက် ရှိနေတာလဲ"
မကြာမီမှာပင် သူတို့သည် လုယွီကို တွေ့ရှိသွားကြ၏။
လုယွီကို ထိုလူအုပ်စုက ရွာထဲသို့ ဆွဲခေါ်သွားကြပြီး အခန်းတစ်ခန်းအတွင်းရှိ ထင်းပုံတစ်ပုံပေါ်တွင် ပစ်တင်ထားလိုက်ကြသည်။
လေထုထဲတွင် ဖုန်မှုန့်များ ပုပ်သိုးနံ့များဖြင့် ပြည့်နှက်နေသည်။
အခန်း၏ပြင်ပတွင် ရွာသားတချို့ ငြင်းခုံနေကြပုံရသည်။
လုယွီထံ၌ အားအင်မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကြေမွှပျက်စီးသွားခဲ့လေပြီ။ သူ ပြန်လည်သက်သာလာရန် အချိန်ကြာမြင့်ပေလိမ့်မည်။
သူ နားစွင့်လိုက်ရာ တံခါး၏အပြင်ဘက်မှ ပြောစကားများကို ဝေဝါးစွာ ကြားလိုက်ရသည်။
"သူက မိစ္ဆာရွှမ်မင်ပဲ"
"သူက သွေးဝိညာဉ်ဂိုဏ်းရဲ့ ဒွာရခုနစ်ပေါက် နတ်ဘုရားဆေးလုံးကို သောက်သုံးထားတယ်လို့ ပြောကြတယ်"
"အဲ့ဒါက နတ်ဘုရားရတနာပဲ.... သက်တမ်းကို တိုးစေပြီး ထာဝရအသက်ရှင်စေနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်....နှမြောစရာကောင်းလိုက်တာ"
"နှမြောစရာ မဟုတ်ပါဘူး... လုံးဝ နှမြောစရာ မဟုတ်ဘူး"
"မင်း ဆိုလိုတာက..."
"သူ့ကိုသတ်ပြီး သူ့ရဲ့အသားကို စားလိုက်ရင် ငါတို့လည်း ထာဝရအသက်ရှည်နိုင်မှာပဲ..."
သရဲတစ္ဆေကဲ့သို့သော အသံတချို့ ထွက်ပေါ်လာပြီးနောက် လုယွီ ရုတ်တရက် နိုးကြားလာသည်။
ပြင်ပမှ လူများသည်လည်း သူ့ကိုသတ်ဖြတ်ရန် ကြံစည်နေကြကြောင်း သူ လျှင်မြန်စွာ သဘောပေါက်သွားသည်။
သို့ရာတွင် ယခုအချိန်၌ လုယွီ၏ ကြွက်သားများနှင့်အရိုးများအားလုံးနီးပါး ကြေမွှပျက်စီးနေပြီဖြစ်ရာ သူ မတ်တတ်ရပ်ရန်ပင် အားအင်မရှိတော့ချေ။
"ကျွီ...."
တံခါးပွင့်သွားပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာများဖြင့် ရွာသားတချို့ ဝင်ရောက်လာသည်။
"တောင်းပန်ပါတယ်... ငါတို့က မင်းရဲ့အသားနဲ့သွေးကို ခဏငှားချင်လို့ပါ"
မရေမတွက်နိုင်သော ရွာသားများသည် သားသတ်ဓားများကို ကိုင်ဆောင်ပြီး လုယွီထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာကြ၏။
မကြာမီမှာပင် အသွေးအသားကို လှီးဖြတ်ခံရသော နာကျင်မှုသည် လုယွီ၏အာရုံကြောများကို တိုက်ခိုက်ပြီး အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသည်။
လုယွီ၏မြင်ကွင်းထဲတွင် ဤမှတ်ဉာဏ်ထဲ၌ လူတိုင်းသည် သူ့ကိုသတ်ချင်နေသော အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။
သွေးဝိညာဉ်ဂိုဏ်းချုပ် ဖြောင့်မတ်ခြင်း မဟာမိတ်ခေါင်းဆောင် နှင့် ယီတာအိုဂိုဏ်းချုပ် စသည့် ဖြောင့်မတ်သူများ ယုတ်မာသူများ နတ်ဆိုးများ သူ သိသောလူများနှင့် မသိသောလူများ အားလုံးသည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာကြသည်။
ပတ်ဝန်းကျင်သည် စတင်၍ ပုံပျက်ရှုံ့တွလာပြီး သက်ရှိများ၏မျက်နှာများသည် ကြောက်မက်ဖွယ်ကောင်းလာပေ၏။
ဤအချိန်တွင် မူလဘူတသက်ရှိက သူ့ကို မည်သည့်အရာအား ကြုံတွေ့စေချင်သည်အား လုယွီ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်ကို တစ်စချင်းစီ အစားခံနေရသည်အား ကြည့်ရှုနေရသော ကြောက်ရွံ့မှုပင်။