အခန်း (၅၂၇၁-၅၂၇၅)
Vol. 267 Ch. 5271-5275
Chapter 5271
ကိုးဆယ့်ကိုးကြိမ်တိုင်တိုင် သေဆုံးခြင်းကို ကြုံတွေ့ပြီးနောက် လုယွီ တဖန်ပြန်၍ နိုးထလာခဲ့သည်။
ဤအချိန်တွင် သူသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ ပင်ပန်းနွမ်းနယ်နေသည်။ သို့ရာတွင် လောကကြီးအတွင်း၌ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ရှိနေပြီး ထိုအရာက သူ့အား အနားယူခွင့် မပေးဘဲ စမ်းသပ်မှုကိုးဆယ့်ကိုးခုကို ဆက်တိုက်ဖြတ်ကျော်ရန် ဖိအားပေးနေသည်။
"ငါ့ရဲ့စိတ်ဝိညာဉ်က ကိုးဆယ်ရာခိုင်နှုန်းလောက် အားနည်းသွားပြီ"
လုယွီက သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ကြည့်ပြီး ရေရွတ်လိုက်၏။
ယခုအချိန်၌ သူ၏စိတ်ဝိညာဉ်သည် သုံးရက်နှင့် သုံးညတိုင်တိုင် မအိပ်ရသေးသော လူသားတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏စိတ်ဝိညာဥ်၌ အားအင်ကုန်ခမ်းနေလေပြီ။
"မင်းက လောကကြီးထဲက အဆုံးစွန်ဆုံးကြောက်ရွံ့မှုကို မြည်းစမ်းပြီးပြီပဲ.... မင်း ပြိုလဲသွားမယ်လို့ ငါ ထင်ခဲ့ပေမယ့် အခုထိ တောင့်ခံနိုင်မယ်လို့ ငါ ထင်မထားမိဘူး...အခု ငါ မင်းကို တော်တော်လေးသဘောကျသွားပြီ... ဒီလိုလုပ်ပါလား... မင်း ဖန်တီးထားတဲ့ အစစ်အမှန်အင်မော်တယ်တွေအားလုံးကို သတ်ပစ်လိုက်....ပြီးရင် အပြင်က လူအိုကြီးနှစ်ယောက်ကို သတ်ဖို့ ငါနဲ့ပူးပေါင်းလိုက်...အဲ့ဒီလိုဆိုရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်"
မိစ္ဆာလူသားသည် လုယွီ၏ရှေ့တွင် ပေါ်လာပြီး သူ၏မျက်လုံးနှစ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းရောင်များကို ထုတ်လွှတ်ထားသည်။
"မင်းက ငါနဲ့ပူးပေါင်းဖို့ မတန်ဘူး"
လုယွီ ဖျော့တော့တော့လေသံဖြင့် ပြောဆိုလိုက်သည်။
မိစ္ဆာလူသား၏မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူသည် လက်ကိုမြှောက်ပြီး ဆွဲယူသည့် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် အဆုံးအစမဲ့ရှည်လျားသော သံကြိုးများသည် လုယွီကို ချက်ချင်းရစ်ပတ်လိုက်ပြီး ကျောက်ဆောင်တစ်ခုပေါ်တွင် ချည်နှောင်ထားလိုက်သည်။
ထိုသံကြိုးများကို မြေကြီးနှင့် ခိုင်မြဲစွာ ရစ်ပတ်ထားကာ ပြင်းထန်သော နာကျင်မှုသည် သူ၏စိတ်နှလုံးသားထဲသို့ တဖန်ထပ်၍ ဝင်ရောက်လာသည်။
"အသုံးမကျလိုက်တာ.... မင်းမှာ အရည်အချင်းတချို့ ရှိတယ်လို့ ငါ ထင်ခဲ့တာကြောင့် ငါက မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးချင်ခဲ့တယ်....မင်းက ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သေဆုံးချင်နေတာလား"
မိစ္ဆာလူသား၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
ပြင်းထန်သော နာကျင်မှုသည် သူ၏စိတ်နှလုံးသားထဲတွင် စွဲထင်နေသော်လည်း လုယွီ၏ မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။
"မင်းသာ ငါ့ကို သတ်နိုင်မယ်ဆိုရင် သတ်ခဲ့တာ ကြာပြီ...ကောင်းကင်ဘုံနယ်မြေကို အတင်းအကြပ် ဆင်းသက်လာတဲ့ မင်းက ငါ့ကို မသတ်နိုင်ပါဘူး"
လုယွီ၏မျက်လုံးများတွင် စိတ်ဓာတ်ခွန်အားများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။
"ဘယ်သူမှ ငါ့ကို ဒူးထောက်အောင် မလုပ်နိုင်ဘူး...မင်းလည်း မထိုက်တန်ဘူး"
မိစ္ဆာလူသားသည် ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံကြီးကို ထွက်ပေါ်လာစေသည်။
"ငါက မင်းကို မသတ်နိုင်ဘူး... ဟုတ်လား.... မင်းက ငါ မင်းကို မသတ်နိုင်ဘူးလို့ ပြောလိုက်တာလား"
မိစ္ဆာလူသားသည် ဒေါသူပုန်ထနေပေ၏။ သူ့လက်ဝါးမှ သွေးရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ ဓားချီတစ်လှိုင်းအဖြစ် ပြောင်းလဲသွားပြီး ဓားသွားထိပ်သည် လုယွီ၏နဖူးကို ချိန်ရွယ်ထားပေ၏။
ထက်ရှသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် လုယွီအပေါ်သို့ ချက်ချင်းသက်ရောက်လာတော့သည်။
သို့ရာတွင် လုယွီ၏ မျက်လုံးများသည် တောက်ပနေဆဲဖြစ်ပြီး ကြောက်ရွံ့သည့် အရိပ်အယောင် တစိုးတစိမျှ မပြသချေ။
မိစ္ဆာလူသား၏မျက်နှာပေါ်တွင် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မဟုတ်ဘူး....ငါ မင်းကို ဒီလောက်ထိ လွယ်လွယ်နဲ့ သေခွင့်မပြုနိုင်ဘူး....အပြင်က လူအိုကြီးနှစ်ယောက်ကို ငါ ဖမ်းမိပြီးတော့ မင်းရဲ့မျက်စိရှေ့မှာ ငါ့လက်နဲ့သတ်ပြတဲ့အထိ စောင့်လိုကိအုံး...ငါ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်အုံးမှာ...ဒီလောက် လွယ်လွယ်နဲ့တော့ ငါ မင်းကို အသေမခံနိုင်ဘူး"
"နောက်ထပ် မင်း ဒီလောကကြီးရဲ့ ကြီးမားတဲ့ ကြောက်မက်ဖွယ်ကောင်းပုံတွေကို ခံစားရလိမ့်မယ်"
မိစ္ဆာလူသားသည် လုယွီ၏ပခုံးကိုပုတ်လိုက်ပြီး လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
မိစ္ဆာလူသား ထွက်ခွာသွားပြီးနောက် လုယွီ၏ ရှေ့တွင် လောကကြီး၏ အနိမ့်အမြင့် အတက်အကျများ သိသိသာသာ ပြောင်းလဲလာသည်။
မြင့်မားသော တောင်ကြီးတစ်လုံးက လုယွီ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ထိုတောင်တန်းသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်တည်နေသော မွန်းစတားကြီးတစ်ကောင်အလား မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေသည်။
မြင့်မားသော တောင်ထိပ်သည် နေရောင်ခြည်ကို ကာဆီးပြီး မြေပြင်တပြင်လုံးကို ဖုံးလွှမ်းထားသည့်အလားပင်။ ဤသည်မှာ လောကနှစ်ခုတောင်တန်း ဖြစ်ကြောင်း လုယွီက မှတ်မိလိုက်သည်။
"ဝေါင်း... "
လောကနှစ်ခုတောင်တန်း၏ ထိပ်မှနေ၍ ထူးဆန်းသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ နားကွဲလုမတတ် ကျယ်လောင်ပေ၏။
မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများသည် လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ပြီး ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်လာကြသည်။
ဤသည်မှာ ကောင်းကင်ဘုံနယ်မြေရှိ သက်ရှိသတ္တဝါများအားလုံး စိတ်ကူးပင် မယဉ်ရဲသော ကြီးမားသည့် ကြောက်ရွံ့မှုတစ်ခု ဖြစ်သည်။ ယခုချိန်တွင်မူ ထိုအရာသည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာခဲ့လေပြီ။
ရှေးဟောင်းနတ်ဆိုးများသည် ကျိုင်းကောင်အုပ်စုကြီးကဲ့သို့ မိုးကောင်းကင်ကို ဖုံးလွှမ်းပြီး မြေပြင်ကို လွှမ်းခြုံထားကာ လောကကြီးရှိ အရာအားလုံးကို ဝါးမျိုပစ်တော့မည့်အလားပင်။
သူတို့သည် လူသားများ စုဝေးရာနေရာသို့ ဝင်ရောက်လာပြီး ရူးသွပ်စွာ သတ်ဖြတ်ခြင်းကို စတင်ကြတော့သည်။
မရေမတွက်နိုင်သော လူများသည် သွေးအိုင်များထဲသို့ လဲကျကုန်ကြ၏။ နာမည်ကျော်ကြားသော ကျင့်ကြံသူများသည်လည်း မြေပြင်ပေါ်သို့ လဲကျပြီး ရှေးဟောင်းနတ်ဆိုးများ၏ တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားကြသည်။
လုကျင်းရှန့် လီစစ် ဖေးထျန်ကွမ်းနှင့် တခြားသော အရာရှိများ စစ်ဗိုလ်ချုပ်များ စစ်မြေပြင်တွင် သေဆုံးသွားသည်ကို လုယွီ မြင်တွေ့လိုက်ရသည်။
လုခိုင်ရှန့် သခင်မကြီးယွီရုံ လုလင်ရွှမ်းနှင့် တခြားလုမိသားစုဝင်များသည်လည်း ရှေးဟောင်းနတ်ဆိုးများ၏ လက်ချက်ဖြင့် သေဆုံးသွားကြ၏။
မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်ကို အရူးအမူး စတင်၍ကိုက်ဖြတ်ကြတော့သည်။
သူ၏စိတ်ဝိညာဉ်သည် အလွန်အမင်း အားနည်းနေလေပြီ။
ပြင်းထန်သော နာကျင်မှုနှင့်အတူ ကြီးမားသော အစွမ်းအစမဲ့သည့် ခံစားချက်သည် သူ၏စိတ်နှလုံးသားထဲသို့ ဝင်ရောက်လာပေ၏။
ဤသည်မှာ သူ၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုပင်။
Chapter 5272
မိုးမြေဖျက်ဆီးနန်းတော်တွင် ပြင်းထန်သော တိုက်ပွဲကြီး ဆက်လက်၍ ဖြစ်ပွားနေဆဲပင်။
မိစ္ဆာလူသား၏ခန္ဓာကိုယ်ပေါ်တွင် အနီနှင့်အနက်ရောင် အလင်းဘီးတစ်ခု ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ဝဲကတော့တစ်ခုရှိနေသည့်အလား သူထံသို့ နီးကပ်လာသော အရာအားလုံးကို ဝါးမျိုနေသည်။
ရှေးဦးခေတ်မှလာသော အငွေ့အသက်သည် ကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်ဖွယ်ရာပင်။ ထိုအရာသည် လောကကြီးအတွင်းရှိ အရာခပ်သိမ်းကို ထိုးဖောက်နိုင်ပြီး စကြာဝဠာကို ဖြိုခွင်းနိုင်သော ထက်ရှသည့် ဓားတစ်လက်အလားပင်။
မိုးမြေဖျက်ဆီးနန်းတော်သည် ပြင်းထန်စွာ တုန်ခါလာပြီး အုတ်ခဲများနှင့်ကျောက်တုံးအမြောက်အများ ကြေမွှပျက်စီးသွားသည်။ ကြီးမားသောအရင်းအမြစ်ဖြင့် တည်ဆောက်ထားသည့် ဧရာမနန်းတော်ကြီးသည် ပြိုကျလုနီးပါး ဖြစ်နေလေပြီ။
မိစ္ဆာလူသား၏နဖူးပြင်ထက်တွင် ဓားရှည်တစ်လက်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ထိုအရာမှနေ၍ ရှေးဟောင်းအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။ ဓားရှည်ပေါ်တွင် ဗုဒ္ဓအလင်းတန်းများ အင်မော်တယ်ချီစွမ်းအားများနှင့် နတ်ဘုရားစွမ်းအားများ ရှိနေသည်။ ဤဓားသည် မည်သည့်အရာဖြစ်ကြောင်း မည်သူမျှ မခန့်မှန်းနိုင်သော်လည်း ရှေးဟောင်းရတနာတစ်ခု ဖြစ်မည်မှာ သေချာပေါက်ပင်။ ဓား၏ပုံရိပ်ယောင်သက်သက်ဖြင့်ပင် လောကကြီးအတွင်းရှိ ထိပ်သီးကျင့်ကြံသူများအားလုံးကို ဖိနှိပ်ထားနိုင်ပုံရသည်။
ထို့ထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ဓားရှည်မှ စွမ်းအင်စီးကြောင်းများ ပျံ့လွင့်လာပြီးနောက် ကွန်ဖြူးရှပ်ကျမ်းစာ၏စွမ်းအားကို ဆုတ်ခွာသွားစေခြင်းပင်။
စာပေသူတော်စင်နှစ်ပါး အတူပူးပေါင်း၍ အသုံးပြုထားသော ကွန်ဖြူးရှပ်ကျမ်းစာ၏စွမ်းအားကို လျှော့တွက်၍မရနိုင်ချေ။ ထိုစာလုံးတစ်လုံးစီမှနေ၍ အလွန်ကြီးမားသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
သို့ရာတွင် မိစ္ဆာလူသားသည် အလွန်အစွမ်းထက်ပေ၏။
သူ ဆုပ်ကိုင်ထားသော စွမ်းအားသည် ဤလောက၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။ ပုံမှန်အားဖြင့် စာလုံးတစ်လုံးတည်းဖြင့်ပင် ပတ်ဝန်းကျင်ရှိ ဥပဒေသများကို နာခံစေနိုင်သော ထိပ်သီးစာပေသူတော်စင်များသည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ကြပေ။
"ဝုန်း....."
သူတော်စင်ရွှမ်နှင့် သူတော်စင်ရီ တို့သည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့နှစ်ယောက်သည် သူတို့၏လက်များကိုမြှောက်လိုက်လိုက်ကာ ထောင်ပေါင်းများစွာသော ကွန်ဖြူးရှပ်ဥပဒေသများကို သူတို့၏လက်များထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ ထိုဥပဒေသများသည် နက်နဲသိမ်မွေ့ပြီး ခန့်မှန်းရခက်ကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တုန်ခါသွားစေသည်။
သူတို့သုံးယောက်ကြားတွင် ထူထပ်သိပ်သည်းသော လေဟာနယ်အက်ကွဲကြောင်း အမြောက်အများ ထွက်ပေါ်လာသည်။ ဤသည်မှာ သန့်စင်သော ဥပဒေသများအကြားရှိ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ပုံမှန်အားဖြင့် ထိပ်သီးကျင့်ကြံသူများကသာ ဆုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ်ပင်။
မရေမတွက်နိုင်သော ကွန်ဖြူးရှပ်တာအိုကျမ်းစာစာလုံးများ သူတော်စင်နှစ်ပါး၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ကွန်ဖြူးရှပ် ပညာရှင်များ၏ ကျမ်းစာရွတ်ဆိုသံများဖြင့် ပြည့်နှက်နေသည်။ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ မကြာခဏ ထွက်ပေါ်လာပြီး ဤသည်မှာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပင်။
သို့ရာတွင် ဤကျမ်းစာများသည် အနီရောင်ဓားချီစွမ်းအင်နှင့် ထိတွေ့မိချိန်တွင် ချက်ချင်းဆိုသလိုပင် ပျက်စီးသွားကြသည်။ အနီရောင်ဓားချီစွမ်းအင်သည် ဤလောကရှိ အရာအားလုံးကို ဖြတ်တောက်နိုင်သော အထက်မြက်ဆုံးနှင့် အခိုင်မာဆုံး အရာတစ်ခု ဖြစ်နေသည့်အလားပင်။
"ကောင်းကင်တာအိုက တည်မြဲနေတာဖြစ်ပြီးတော့ ဧကရာဇ်ရှိနေလို့ တည်ရှိနေတာ မဟုတ်ဘူး.... တာအိုက အကြမ်းဖက်ပြီး သေဖို့ ဆန္ဒမရှိဘူး"
သူတော်စင်ရွှမ်သည် ကျမ်းစာများကို စတင်၍ ရွတ်ဆိုလိုက်ရာ သူ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး သူ၏စကားလုံးများကို ဥပဒေသများမှ လိုက်နာနေသည့်အလားပင်။
အချိန်တခဏအတွင်းမှာပင် ဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ပျံ့နှံ့သွားပေ၏။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကြားရှိ အာဏာကို ငြင်းပယ်သော ကွန်ဖြူးရှပ်မန္တန်တစ်ခုအလားပင်။
လောကရှိ အရာရာတိုင်းတွင် သဘာဝဥပဒေသတစ်ရပ်ရှိသည်။ ထိုအရာသည် ဧကရာဇ် ရှိနေခြင်းကြောင့် ပြောင်းလဲသွားမည် မဟုတ်သည့်အပြင် ရှေးဦးခေတ်မှ မူလဘူတသက်ရှိများကြောင့်လည်း ပြောင်းလဲမည် မဟုတ်ချေ။
ဤကွန်ဖြူးရှပ်စွမ်းအားသည် ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားသော မူလဘူတသက်ရှိများ၏ စွမ်းအားကို များစွာအားနည်းသွားစေပြီး သူ၏တိုက်ခိုက်မှုများကိုပင် အနည်းငယ် ရပ်တန့်သွားစေသည်။
ထိုအချိန်မှာပင် သူတော်စင်ရွှမ်သည် သူ၏စုတ်တံကို ထုတ်ယူပြီး စာရေးလိုက်သည်။ သူသည် လေဟာနယ်ထဲတွင် ကွန်ဖြူးရှပ်ဂိုဏ်း၏ ဂန္ထဝင်ကျမ်းစာတစ်ခုကို ရေးသားပြီး မိစ္ဆာလူသားကို တိုက်ခိုက်လိုက်၏။
"မင်းတို့နှစ်ယောက်က ဒီလောကရဲ့ မပြည့်စုံတဲ့ ဥပဒေသတွေကို သုံးပြီးတော့ ငါ့ကို ဖြေရှင်းနိုင်မယ်လို့ ထင်နေတာလား....အရမ်းတုံးအကြတာပါလား"
မိစ္ဆာလူသား၏မျက်နှာအမူအယာ အေးစက်တင်းမာနေသည်။ သူသည် တိမ်တိုက်များကို မော့ကြည့်ပြီး လောကကြီးတခွင်လုံးကို စောင့်ကြည့်နေပေ၏။ သူတော်စင်တစ်ပါးကဲ့သို့ အစွမ်းထက်သူ တစ်ဦးသည်ပင် သူ၏မျက်လုံးထဲ၌ ပုရွက်ဆိတ်တစ်ကောင်နှင့် ခြားနားခြင်း မရှိပေ။
ထက်ရှသော ဓားချီအလင်းတန်းတစ်ခုက ဝေ့ဝိုက်၍ ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
"အဲဒါက အခြေအနေအပေါ်မှာ မူတည်တယ်....မင်းသာ အထွတ်အထိပ်အခြေအနေမှာ ရှိနေရင် ငါ မင်းကို မယှဉ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်.... ဒါပေမယ့် အခု မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်က စွမ်းအားဆယ်ရာခိုင်နှုန်းပဲ ရှိတာတောင် အောက်ဘုံကို ဆင်းလာရဲတယ်... အဲဒီလိုဆိုမှတော့ မင်း ဒီမှာပဲ နေခဲ့လိုက်တော့"
သူတော်စင်ရွှမ်၏အမူအယာသည် ပြောင်းလဲခြင်းမရှိဘဲ သူ၏တိုက်ခိုက်မှု နည်းစနစ်ကို ဆက်လက်၍ လုပ်ဆောင်နေသည်။
မိစ္ဆာလူသားက အေးစက်စက် ရယ်မောလိုက်သည်။
"ဒီလောကကြီးမှာ ငါ့ကို ဘယ်သူက သတ်နိုင်မလဲဆိုတာ ငါ မသိသေးဘူး... မင်း မသတ်နိုင်ဘူး...ပြီးတော့ ဒီလောကမှာရှိတဲ့ ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး"
Chapter 5273
"ဒီနေ့ မင်းကို သတ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့"
သူတော်စင်ရီသည်လည်း စုတ်တံကို ကောက်ကိုင်လိုက်ပြီး မလျော့သော ဇွဲလုံ့လဖြင့် ဆက်လက်၍ ရေးသားနေသည်။
"မင်းတို့ အားကိုးတာက ဒီလှောင်အိမ်ပဲ ရှိတာလား...ဒါက ငါ့ကို ပိတ်လှောင်ထားနိုင်မယ်လို့ မင်းတို့ တကယ်ကြီး ထင်နေကြတာလား"
မိစ္ဆာလူသားသည် ခေါင်းမော့ပြီး နန်းတော်အထက်ရှိ ယင်နှင့်ယန်အမှတ်အသားနှစ်ခုကို ကြည့်ကာ သူ၏မျက်လုံးများတောက်ပသွားသည်။
နောက်ထပ်အချိန်တခဏတွင် ထက်ရှသော ဓားချီတစ်လှိုင်းသည် တဝှီးဝှီးမြည်ဟီးသံနှင့်အတူ ပျံ့လွင့်သွားကာ ထိုက်ကျိအမှတ်အသား အတွင်း၌ ချက်ချင်းမွှေနှောက်လိုက်သည်။ ယင်နှင့်ယန် စက်ဝန်းသည် လုံးလုံးလျားလျား ပျက်စီးသွားပေ၏။ ပတ်ဝန်းကျင်ကို အားဖြည့်ပေးထားသော ထိုက်ကျိချီများသည်လည်း အလွန်အမင်း ဖရိုဖရဲ ဖြစ်လာပြီး အချိန်မရွေး ပြိုလဲသွားတော့မည့်ပုံ ပေါက်နေသည်။
လုယွီ ဂရုတစိုက်ပြင်ဆင်ထားသော လှောင်အိမ်သည် နောက်ဆုံးတွင် ဖိအားကို တောင့်မခံနိုင်တော့ဘဲ ချက်ချင်းပြိုလဲကျသွားပေ၏။
ထိုက်ကျိပုံရိပ်ယောင်ကြီးသည်လည်း အနီရောင်ဓားချီအလင်းတန်းကြောင့် အချိန်တခဏအတွင်းမှာပင် ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။
"မင်းတို့အားလုံးက အရမ်းတုံးအတာပဲ... ဒီလို အဆင့်မြင့်ရတနာကို ဘယ်လိုသုံးရမလဲဆိုတာ မသိကြဘူး...မင်းတို့က အထီးကျန်ကျွန်းပေါ်မှာ နေထိုင်တဲ့ လူရိုင်းတွေလိုပဲ....ရှေးကျပြီးတော့ အတွေးအခေါ် နိမ့်ပါးတယ်...တိုက်ခိုက်မှုတစ်ခုကိုတောင် တောင့်မခံနိုင်ကြဘူး"
မိစ္ဆာလူသားသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အလင်းတန်းသည် ပို၍အားကောင်းလာပေ၏။
သူသည် ကောင်းကင်ယံရှိ မိုးကောင်းကင်တာအိုမှ အက်ကွဲကြောင်းနှင့် ချိတ်ဆက်သွယ်ရာ သူ၏အရှိန်အဝါ ပို၍အားကောင်းလာသည်။
ဤသည်မှာ သူ၏စွမ်းအား သုံးဆယ်ရာခိုင်နှုန်းပင်။
မိစ္ဆာလူသားကို အတင်းအကြပ် ဖိနှိပ်ပြီးနောက် သူတော်စင်ရွှမ်နှင့်သူတော်စင်ရီ တို့သည် တပြိုင်နက်တည်း ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် သတိထားမှုများဖြင့် ပြည့်နှက်နေပေ၏။
"မင်းက အရမ်းမောက်မာတာပဲ...မင်း ဒီလောက် အစွမ်းထက်နေမှတော့ ဘာလို့ မိုးကောင်းကင်တာအိုကို ကျော်ဖြတ်ပြီးတော့ ငါတို့နဲ့ မျက်နှာချင်းဆိုင် လာမတွေ့တာလဲ... ပြီးတော့ မင်းရဲ့နောက်က သခင်ဆိုတဲ့လူကရော ကန့်လန့်ကာ နောက်ကွယ်မှာ ပုန်းနေဖို့ပဲ သိတာလား"
သူတော်စင်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏စကားများသည် သူတို့၏ရှေ့မှ မိစ္ဆာလူသား၏သရုပ်မှန်ကို ဖော်ထုတ်လိုက်ခြင်းပင်။
ဤမိစ္ဆာလူသား၏အနောက်တွင် ထွက်ပေါ်မလာသေးသော တခြားအစွမ်းထက်တည်ရှိမှုကြီးတစ်ခု ရှိနေသည်။
"ငါ့ရဲသခင်က ဒီထက်ပိုပြီးမြင့်မားတဲ့ နယ်မြေတစ်ခုကို ရောက်သွားပြီ....ငါတို့ အဲ့ဒီနယ်မြေကို သိမ်းပိုက်ပြီးတာနဲ့ မင်းတို့ ကောင်းကင်ဘုံနယ်မြေက လူတွေက...အချိန်ခဏလေးအတွင်းမှာ မျိုးတုန်းပျောက်ကွယ်သွားလိမ့်မယ်"
မိစ္ဆာလူသားက အေးစက်စက် ရယ်မောလိုက်သည်။
ဤအသံသည် အလွန်ဝေးကွာသော နေရာထိ ပျံ့လွင့်သွားရာ အဝေးရှိ တော်ဝင်မြို့တော်မှ လူများပင်လျှင် ကြားနိုင်ပေ၏။
မရေမတွက်နိုင်သော လူများသည် နှစ်သစ်ကူး ပျော်ရွှင်မှုမှ နိုးထလာကြပြီး မိုးမြေဖျက်ဆီးနန်းတော် ရှိရာဘက်သို့ အံ့အားတသင့် ငေးမောကြည့်နေကြသည်။
"အဲ့ဒီနေရာမှာ ဘာဖြစ်သွားတာလဲ...ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါပဲ... ငါ နတ်ဘုရားစိတ်အာရုံကို သုံးပြီး အာရုံခံလိုက်ရုံနဲ့တင် ငါ့ကို သေလုနီးပါး ဖြစ်စေတယ်"
"တော်ဝင်စစ်တပ်က အဲဒီဘက်ကို သွားတဲ့လမ်းတွေအားလုံးကို ပိတ်ထားတယ်.... ငါတို့ အနီးကပ် သွားကြည့်လို့ မရဘူး"
"ဖြောင့်မတ်တဲ့ အရှိန်အဝါတစ်ခုကို ငါ အာရုံခံမိတယ်.... စာပေသူတော်စင်တစ်ပါး ရောက်လာတာများလား....စာပေသူတော်စင်ကိုယ်တိုင်လှုပ်ရှားဖို့ ထိုက်တန်တာက ဘယ်လိုတည်ရှိမှုမျိုးမလို့လဲ"
လူအများသည် အဝေးမှ ကြည့်ရှုနေကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။
ဤအချိန်တွင် မိုးမြေဖျက်ဆီးနန်းတော်ရှိရာဘက်မှ ထွက်ပေါ်လာသော ဆူညံသံများကို တားဆီး၍ မရနိုင်တော့ပေ။
ကောင်းကင်ဘုံနယ်မြေရှိ လူအများစုသည် ရှေးဦးခေတ်မှ မူလဘူတသက်ရှိများ ရှိနေကြောင်း မသိကြပေ။ မိုးမြေဖျက်ဆီးခြင်းနန်းတော်ဘက်မှ ထွက်ပေါ်လာသော ဖိအားကြောင့် သူတို့ ကြောက်ရွံ့တုန်လှုပ်နေသည်ကိုသာ ခံစားနေရသည်။
စကြာဝဠာ နန်းဆောင် အတွင်း၌...
ကျိုးကောသည် မြေကြီးပေါ်တွင် ဒူးထောက်နေပြီး သူ၏ဆံပင်ဖြူများသည် အေးစက်စက် လေတိုက်ခတ်မှုနှင့်အတူ ပျံ့လွင့်နေသည်။
လူသူကင်းမဲ့သော နန်းတော်အတွင်း၌ သူ၏ပုံရိပ်သာ ကျန်ရှိတော့ပြီး အထီးကျန်ဆန်နေပေ၏။
"မိန်းမစိုးချုပ်ကျိုး....အရှင်ဧကရာဇ်ရဲ့ သက်စောင့်မီးအိမ်က ဘာလို့ မှိန်ဖျော့နေတာလဲ...ဒါက မီးငြိမ်းတော့မယ်"
လီစစ်က တံခါးကို တွန်းဖွင့်ပြီး စိုးရိမ်ပူပန်သော အမူအယာဖြင့် ကျိုးကော၏ရှေ့သို့ ရောက်လာသည်။
"အရှင်ဧကရာဇ်က ထိတ်လန့်တုန်လှုပ်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုကို လုပ်ဆောင်နေတယ်....အမတ်ချုပ်ကြီးက ဆက်မမေးသင့်ဘူး"
ကျိုးကောက လီစစ်၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။
လီစစ်က ဒေါသတကြီး ပြောဆိုသည်။
"ငါက အုပ်ချုပ်ရေးအဖွဲ့ရဲ့ အမတ်ချုပ်ကြီးပဲ....ငါ သိဖို့ မလိုအပ်တာ ဘာရှိလို့လဲ"
"အရှင်လီ...."
ကျိုးကော၏မျက်လုံးအကြည့်များ အေးစက်တင်းမာသွားပေ၏။
"အရှင်ဧကရာဇ်က အရှင့်ကို ယုံကြည်ပေမယ့် အဲဒါက အာဏာကို ကျော်လွန်ပြီး သုံးလို့ရတယ်လို့ မဆိုလိုဘူး....အရှင်ဧကရာဇ်က အရှင့်ကို သိခွင့်ပေးတဲ့အချိန်ကျရင် အရှင် သိရပါလိမ့်မယ်"
ဤသည်မှာ အတွင်းနန်းဆောင်၏ အာဏာအရှိဆုံး မိန်းမစိုးချုပ်ကြီးထံမှ သတိပေးချက်တစ်ခုပင်။
လီစစ်က အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး သူ၏လေသံ ရုတ်တရက် ပျော့ပျောင်းသွားသည်။
"အရှင်ဧကရာဇ်ရဲ့ သက်စောင့်မီးအိမ်က မှိန်ဖျော့နေတာ ကြာပြီ....အရှင်က ပြင်းထန်တဲ့ အခက်အခဲတချို့နဲ့ ကြုံတွေ့နေရတာ ဖြစ်မယ်.... လက်အောက်ငယ်သားတွေအနေနဲ့ ကျွန်တော်တို့က အရမ်းစိုးရိမ်မိတယ်"
Chapter 5274
"နန်းတွင်းအခြေအနေက မျှတမှုမရှိဘူး.... အရှင်ဧကရာဇ်တစ်ယောက်တည်းကပဲ နှိပ်ကွပ်နိုင်လိမ့်မယ်"
ကျိုးကောက လီစစ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုသည်။
"အရှင်လီက အမတ်တွေကို နှစ်သိမ့်ပြီး နန်းတွင်းကို ငြိမ်သက်အောင် လုပ်လိုက်ပါတော့...."
ထို့နောက် ကျိုးကောက ရုတ်တရက် သက်ပြင်းချကာ ဆက်လက်၍ ပြောဆိုလိုက်၏။
"အရှင်ဧကရာဇ် လုပ်နေတာတွေက လောကကြီးက သက်ရှိတွေအားလုံးအတွက်ပဲ....ငါတို့က ဝင်ပါလို့မရဘူး"
"လောကကြီးက သက်ရှိတွေအားလုံးအတွက်လား..."
လီစစ်က တီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် သူ အချိန်တခဏကြာမျှ ကြက်သေသေသွားတော့သည်။
...
တော်ဝင်မြို့တော်၏ အပြင်ဘက်၌...
ကင်းလှည့်နေသော တော်ဝင်စစ်တပ်တစ်ဖွဲ့သည် ကျန်းယုချင်၏လမ်းကို ပိတ်ဆို့ထားကြ၏။
"တောင်းပန်ပါတယ် မင်းသမီး... ဘယ်သူမှ တော်ဝင်မြို့တော်ထဲကို ခြေတစ်လှမ်းတောင် မဝင်ရဆိုတဲ့ အမိန့်ကို ရထားလို့ပါ... ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"
တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ဦး၏ မျက်နှာအမူအယာ အေးစက်တင်းမာနေသည်။ မင်းသမီးကျန်းသည် ဆုတ်ခွာသွားမည်မဟုတ်ဟု သူ ခန့်မှန်းမိသော်လည်း အနည်းငယ်မျှ အလျှော့မပေးချေ။
ကျန်းယုချင်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"ငါက ဝင်သွားရုံပဲလေ... အဝေးကနေတောင် ကြည့်လို့မရဘူးလား"
"တောင်းပန်ပါတယ်..."
တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်က တုံ့ပြန်အဖြေပေးသည်။
"ဟိုဘက်မှာ စောင့်ကြပ်နေတဲ့ တခြားနယ်စားတွေ ရှိပါသေးတယ်.... မင်းသမီးက အဆင့်အတန်းမြင့်မားတဲ့လူဖြစ်လို့ ထိခိုက်ဒဏ်ရာရသွားရင် ကျွန်တော်တို့က တာဝန်မယူနိုင်ပါဘူး"
ထိုစကားကြားချိန်တွင် ကျန်းယုချင် လုံးလုံးလျားလျား လက်လျှော့လိုက်ရသည်။
မိုးမြေဖျက်ဆီးနန်းတော်၌ ဖြစ်ပျက်နေသော အရာများသည် လုယွီနှင့် သက်ဆိုင်နေကြောင်း သူမ သေချာပေါက် သိရှိထားပေ၏။
သူမ တွေ့ချင်သောသူသည် ထိုနေရာတွင် ရှိနေသော်လည်း ကျန်းယုချင်သည် အပြင်ဘက်၌ တားဆီးခံထားရသည်။ သူမသည် သူနှင့်တွေ့ဆုံခွင့်ရရန်ဟူသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေပေ၏။
"ရှင် ဘေးကင်းနေရင် ကောင်းမှာပဲ..."
ကျန်းယုချင်သည် သူမ၏ဖြူဖွေးနူးညံသောလက်လေးဖြင့် ငြိမ်းချမ်းရေး အဆောင်လက်ဖွဲ့ ကြိုးလေးကို ဆုပ်ကိုင်ထားရင်း သူမ၏စိတ်ထဲမှ ရေရွတ်လိုက်သည်။
...
ဝေ့မိသားစု၌...
"အဘိုး....ဒီတိုင်းပဲ ကြည့်နေကြတော့မှာလား"
ဝေ့မုန့်ထင်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။
ဝေ့မိသားစုမှ တော်ဝင်နန်းတွင်းသို့ စေလွှတ်ထားသော သူလျှိုအမြောက်အများ ရှိနေသည်။ ထိုလူများကို စုံစမ်းမေးမြန်းပြီးနောက် လုယွီသည် မိုးမြေဖျက်ဆီးနန်းတော်တွင် ပိတ်မိနေသည်ကို သူမ သိလိုက်ရသည်။
မိုးမြေဖျက်ဆီးဟူသော အမည်ကို ကြားရုံဖြင့် ဤနန်းတော်သည် ပုံမှန်မဟုတ်ကြောင်း မည်သူမဆို ပြောဆိုနိုင်သည်။
မူလက ဝေ့မုန့်ထင်သည် ဤအရာက မည်သည့်အဓိပ္ပာယ်ဆောင်သည်အား မသိခဲ့ချေ။ သို့ရာတွင် ဤအချိန်၌ တောက်ပသော အဖြူရောင်အလင်းများနှင့် သွေးနီရောင်အလင်းတန်းများ မိုးကောင်းကင်သို့ မြင့်တက်သွားကြသည်။ ဤသည်ကြောင့် ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်မှာ သိသာထင်ရှားပေ၏။ ဝေ့မုန့်ထင်သည် မည်သည်ကြောင့် စိုးရိမ်ပူပန်ခြင်း မဖြစ်ဘဲ နေနိုင်မည်နည်း။
ဝေ့မိသားစု၏ အစွမ်းထက်ဆုံးကျင့်ကြံသူသည် ဝေ့မိသားစုဘိုးဘေးပင်။
ဝေ့မိသားစုဘိုးဘေးက အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကြယ်တာရာ ကောင်းကင်ထက်မှ ပေါက်ကွဲထွက်ပေါ်လာသော သူတော်စင်အလင်းတန်းကြောင့် သူ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်နေသည်။
"ဒီလူအိုကြီးက သူ ဒီနေရာအထိ ရောက်လာနိုင်တာနဲ့ပဲ ကျေနပ်နေပြီလို့ ထင်ထားတာ.... ဒါပေမဲ့ သူက တကယ်ကို လုပ်ရဲခဲ့တယ်"
ဝေ့မိသားစုဘိုးဘေးက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဝေ့မုန့်ထင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"အဘိုး ဘာတွေဖြစ်နေတာလဲ.. သူ့ကို ကူညီပေးလို့ရမလား"
"ဟူး.....ထင်အာ မြေးက အဘိုးကို အထင်ကြီးလွန်းနေပြီ"
ဝေ့မိသားစု ဘိုးဘေးက သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ငါတို့ စောင့်ကြည့်ကြတာပေါ့...တကယ်လို့ ငါတို့သာ ဝင်ပါရင်တောင် လုယွီအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်သွားလိမ့်မယ်"
...
တော်ဝင်မြို့တော်သည် အလွန်အမင်း ဖရိုဖရဲ ဖြစ်နေပေ၏။
အဝေးမှနေ၍ သွေးနီရောင်အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာပြီးနောက် လူအမြောက်အများ စတင်၍ ဆွေးနွေးပြောဆိုလိုက်ကြသည်။
လုယွီသည် မိုးမြေဖျက်ဆီးနန်းတော်တွင် ရှိနေသည့် သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီး လူအများမှ ကြားသိလိုက်ရသည်။
"ငါတို့ လုမိသားစုက လုယွီကို ကူညီပေးရမလား"
"သူက တော်ဝင်စစ်တပ်ကို နေရာချထားကတည်းက...သူ့ရဲ့နားကို ဘယ်သူမှ အကပ်မခံချင်ဘူးဆိုတာ သိသာနေတာပဲ"
"ငါတို့က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား"
"ဟူး...ငါတို့က ဒါပဲ တတ်နိုင်တော့တာလေ"
အချိန်တခဏမျှ ပြောဆိုပြီးနောက် လုမိသားစုသည် အိမ်တော်တံခါးကိုပိတ်လိုက်ပြီး အပြင်လူများကို ဝင်ခွင့်မပေးတော့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
တစ်ချိန်တည်းမှာပင် တခြားမိသားစုများလည်း လှုပ်ရှားလာကြသည်။ သူတို့၏မိသားစုဝင်များကို ပြင်ပသို့မထွက်ရန် တားဆီးပိတ်ပင်ပြီး အိမ်တော်တံခါးများပိတ်ကာ ဧည့်သည်များ လက်မခံတော့ချေ။ သူတို့သည် အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်နေကြ၏။
တခြားမိသားစုများနှင့် မတူဘဲ လုယွီကြောင့် အကျိုးစီးပွားများ ထိခိုက်ခဲ့ရသော မိသားစုတချို့ကမူ ရှေ့သို့ထွက်ကာ ပြောဆိုကြသည်။
"ဟား ဟား ဟား....တချို့လူတွေက ဖြစ်သင့်တာတွေကို ဆန့်ကျင်တော့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာ ခံလိုက်ရပြီ"
"တာယွီအင်ပါယာကို တည်ထောင်ကတည်းက အေးချမ်းသာယာပြီးတော့ ကံကောင်းမှုတွေ တိုးပွားနေတာကို သက်သေပြပြီးသားလေ...နှစ်သစ်ကူးလို အရေးကြီးတဲ့အချိန်မှာ မိုးကောင်းကင်ယံပေါ်မှာ သွေးနီရောင်အလင်းတန်း ထွက်ပေါ်လာတယ်ဆိုတော့ ကိုယ့်လုပ်ရပ်ကိုယ် ပြန်ဆန်းစစ်သင့်နေပြီ မဟုတ်ဘူးလား"
"သူ့ရဲ့နောက်ကို လိုက်တဲ့လူတွေက ဘယ်လိုစိတ်မျိုးနဲ့လဲဆိုတာ ငါ သိချင်တယ်.. သူတို့မှာ တွေးခေါ်နိုင်စွမ်းရော ရှိရဲ့လား"
Chapter 5275
ထိုလူများသည် အကျိုးစီးပွားကြည့်သည့် မိသားစုများမှ မိသားစုဝင်များသာ ဖြစ်ကြ၏။
သူတို့ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှ ဂရုမစိုက်ကြချေ။ လူများအားလုံး၏ မျက်လုံးအကြည့်များသည် မိုးမြေဖျက်ဆီးနန်းတော် ရှိရာဘက်သို့ စူးစိုက်၍ ကျရောက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးမြေဖျက်ဆီးနန်းတော်သည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ အာရုံစိုက်ရာဗဟိုချက် ဖြစ်လာသည်။
ထန်အင်ပါယာ နတ်ဘုရားမြို့တော်...
တာယွီတော်ဝင်မြို့တော်ရှိ မိုးမြေဖျက်ဆီးနန်းတော်၌ ဖြစ်ပျက်နေသည်များကို မည်သူမျှ ဂရုမစိုက်ကြဘဲ နတ်ဘုရားမြို့တော်သည် သီဆိုကခုန်သူများနှင့် ပျော်ပါးနေကြဆဲပင်။
နတ်ဘုရားမြို့တော်၏ နန်းဆောင်ကိုးဆောင်မှ ရှည်လျားသော သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
"ထားလိုက်တော့....ငါ့ရဲ့အမိန့်ကို ပေးပို့လိုက်စမ်း"
တည်ငြိမ်သောအသံသည် တိမ်တိုက်အလွှာများကို ဖြတ်သန်းသွားနိုင်ပုံရပြီး စူးရှကာ ခမ်းနားထည်ဝါသော ဧကရာဇ်အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ကောင်းပါပြီ အရှင်ဧကရာဇ်"
မိန်းမစိုးတစ်ဦးက အမိန့်ရသည်နှင့် ချက်ချင်း ထွက်ခွာသွားသည်။
...
လုယွီသည် ပြင်ပလောက၌ ဆူညံပွက်လောရိုက်နေမှုများကို အနည်းငယ်မျှ မသိရှိချေ။
သူသည် နေရောင်မရှိသော ဤမှောင်မိုက်သည့် ပုံရိပ်ယောင်နယ်မြေထဲတွင် ပိတ်မိနေပြီး ငရဲသို့ ကျရောက်နေသည့်အလား ရှေးဟောင်းနတ်ဆိုး၏ကိုက်ဖြတ်မှုကို ခံစားနေရသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်မှ အသားတချို့ အကိုက်ခံလိုက်ရသော်လည်း ချက်ချင်းပြန်ပြည့်လာသဖြင့် မည်သို့မျှ မကုန်ဆုံးနိုင်တော့မည့်ပုံ ပေါက်နေသည်။
သို့ရာတွင် အသားတစ်စ အကိုက်ခံရတိုင်း သူ၏စိတ်ဝိညာဉ် အနည်းငယ် အားနည်းသွားသည်ကို လုယွီက ခံစားမိသည်။
ဤအသားစများသည် သူ၏စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားခြင်းပင်။
လုယွီသည် နှစ်ခြိုက်စွာ အိပ်မောကျသွားသကဲ့သို့ ဖြစ်နေပြီး ပြင်ပလောကအကြောင်းကို တစိုးတစိမျှ မသိတော့ချေ။
ထိုကဲ့သို့ ပြင်းထန်သော အားနည်းမှုသည် မည်သည့်သူရဲကောင်းကိုမဆို စိတ်ပျက်အားငယ်သွားစေနိုင်သည်။
သို့ရာတွင် ရုတ်တရက် အဝေးမှနေ၍ တောက်ပသော အလင်းတန်းတစ်တန်း လင်းလက်လာပြီး လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
အက်ကွဲကြောင်း၏အပြင်ဘက်တွင် မိုးမြေဖျက်ဆီးနန်းတော်မှ မြင်ကွင်း ထွက်ပေါ်လာပေ၏။
သွေးနီရောင် ဓားအလင်းတန်း၏ ဖိနှိပ်မှုအောက်တွင် အင်အားကြီးမားသော စာပေသူတော်စင်သည် တိုက်ပွဲရှုံးနိမ့်တော့မည့်အလား အဆက်မပြတ်ဆုတ်ခွာနေရသည်။
"တကယ်တော့ မင်း ငါ့ဆီ အညံ့ခံတာ မခံတာက အရေးမကြီးပါဘူး....အဲ့ဒီလူအိုကြီးနှစ်ယောက်က ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး...သူတို့ သေရမှာက အနှေးနဲ့အမြန်ပဲ"
မိစ္ဆာလူသား၏အသံ ထွက်ပေါ်လာပြီး လှောင်ပြောင်လိုသော အရိပ်အယောင်များ ရောယှက်နေသည်။
သို့ရာ လုယွီသည် ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိဘဲ အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်၏။
"မင်း ကြောက်နေတာပဲ"
"ကြောက်တယ် ဟုတ်လား... ငါက ဘာကို ကြောက်ရမှာလဲ"
မိစ္ဆာလူသားသည် လောကကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး ပြက်လုံးကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်းက မိုးကောင်းကင်တာအိုကို အတင်းအကြပ် ချိုးဖျက်ခဲ့ပေမဲ့ ဒါက မင်းအတွက် အချိန်ကန့်သတ်ချက် ရှိနေတယ်.... အချိန်ပြည့်သွားတာနဲ့ မိုးကောင်းကင်ဘုံတာအိုက မင်းကို မောင်းထုတ်လိမ့်မယ်"
ထိုစကားကြားချိန်၌ မိစ္ဆာလူသား၏မျက်နှာ သုန်မှုန်သွားသည်။
"သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ငါ့ကို မသတ်နိုင်ရင် မင်းရဲ့နောက်မှာ ရှိနေတဲ့ တည်ရှိမှုကြီးက မင်းကို အပြစ်တင်မှာ မင်း ကြောက်နေတာပဲ"
"ငါက သိုင်းပညာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်...ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သတ်ဖို့ဆိုတာ မင်းအတွက် မလွယ်ကူဘူး...ဒါကြောင့် မင်းက ငါ့ရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ နည်းလမ်းတချို့ ကို သုံးချင်နေတာပဲ"
လုယွီ၏အသံ တဖြည်းဖြည်း ကျယ်လောင်လာသည်။
မိစ္ဆာလူသား၏မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားပြီး နှာခေါင်းရှုံ့လိုက်သည်။
"ငါက မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ချင်ပေမဲ့....မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
"ဝုန်း"
မြေပြင်အက်ကွဲသွားပြီး လောကကြီးတခွင်လုံး မှောင်အတိကျသွားသည်။
ထို့နောက် ကီလိုမီတာတစ်သောင်းခန့်ရှည်သော သွေးဓားပုံရိပ်ယောင်ကြီး ရုတ်တရက် ကျဆင်းလာပေ၏။
သို့ရာတွင် လုယွီကမူ ကြောက်ရွံ့ခြင်း မရှိချေ။ သူက မိုးကောင်းကင်ကို မော့ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"မင်း ကြောက်ရွံ့မှုတွေကို ဖန်တီးတုန်းက ဘာလို့ ငါ့ကို ဒဏ်ရာမရစေခဲ့တာလဲဆိုတာ မင်း သိလား...စွမ်းအားက ကောင်းကင်ထက် ကျော်လွန်သွားတဲ့ အချိန်ဆိုတာ အမြဲတမ်း ရှိနေလို့ပဲ"
"ရယ်စရာကောင်းလိုက်တာ..."
မိစ္ဆာလူသားက နားမဝင်ဘဲ အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။
သူ့အတွက် သံကြိုးများဖြင့် ချည်နှောင်ခံရပြီး လှောင်ပိတ်မိနေသော လုယွီသည် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ချေ။
သွေးဓားသည် လျှပ်စီးကဲ့သို့ လျှင်မြန်သော အရှိန်နှုန်းဖြင့် ကျဆင်းလာသည်။
သို့ရာတွင် လုယွီ၏နံဘေးတွင် ကြီးမားသော တိုက်ပွဲဝိညာဉ်နှစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့သည် ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဖုံးတော့လုမတက် အလွန်ကြီးမားပေ၏။
လုယွီကို လွှမ်းခြုံထားသော ရှေးဟောင်းနတ်ဆိုးသည် တိုက်ပွဲဝိညာဉ်၏အရှိန်အဝါကြောင့် ချက်ချင်းပျက်စီးသွားပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။