← Chapters

အခန်း (၅၂၇၆-၅၂၈၀)

Vol. 267 Ch. 5276-5280

အခန်း (၅၂၇၆-၅၂၈၀)

Vol. 267 Ch. 5276-5280

Chapter 5276

"ဒေါင်...."

သတ္တုနှင့်ကျောက်တုံး ရိုက်ခတ်မိသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံး တုန်ခါသွားသည်။

သွေးဓားသည် နောက်ဆုံးတွင် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်မလာခဲ့ချေ။ ထိုအစား တိုက်ပွဲဝိညာဉ်များက သူ့အား ကာကွယ်ပေးလိုက်သည်။

တိုက်ပွဲဝိညာဉ်နှစ်ကောင်သည် မြေပြင်ပေါ်၌ မတ်တတ်ရပ်နေပြီး သူတို့၏ဦးခေါင်းများသည် တိမ်တိုက်များအတွင်းသို့ ထွင်းဖောက်ဝင်ရောက်နေသည်။ သူတို့သည် ရှေးဟောင်း အလယ်ခေတ်၏ သံချပ်ကာများကို ဝတ်ဆင်ထားပြီး သူတို့၏ခန္ဓာကိုယ်များမှ ထက်ရှသော တိုက်ပွဲစိတ်ဆန္ဒများ ထွက်ပေါ်နေပေ၏။

"ဒီစိတ်ဝိညာဉ်တွေက ဘယ်က ရောက်လာတာလဲ"

မိစ္ဆာလူသားက အံ့အားသင့်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤသည်မှာ သူဖန်တီးထားသော ပုံရိပ်ယောင်နယ်မြေဖြစ်ပြီး သူသည် ဤနေရာ၏အရှင်သခင်ပင်။

သို့ရာတွင် ယခု၌မူ သူစိမ်းနှစ်ယောက်သည် သူ၏အိမ်အတွင်းသို့ ရုတ်တရက် ခိုးဝင်လာသည့်အလား ဖြစ်နေသည်။ မည်သူမဆို ထိတ်လန့်ပြီး ဒေါသထွက်မိပေလိမ့်မည်။

အချိန်တခဏအတွင်းတွင် မိစ္ဆာလူသား၏မျက်လုံးများ တောက်ပလာပြီး မှတ်ဉာဏ်အမြောက်အများက သူ၏ခေါင်းထဲသို့ ဝင်ရောက်လာသည်။

"မင်းက သူတို့ကို ခိုးသွင်းလာတာပဲ"

မိစ္ဆာလူသားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူသည် အကြောင်းအရင်းကို သိရှိသွားလေပြီ။

မိစ္ဆာလူသားသည် ကြောက်ရွံ့ခြင်း ဆိုသည့် စကားလုံးကို ပြောလိုက်စဉ်က လုယွီသည် တိုက်ပွဲဝိညာဉ်နှစ်ကောင်ကို သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်ခြင်းပင်။

ဤသည်မှာ ရှေးဟောင်းခေတ်ကတည်းက ရှင်သန်လာခဲ့သော တိုက်ပွဲဝိညာဉ်များ ဖြစ်ကြသည်။

သူတို့သည် အသက်ရှင်စဉ်က စစ်သူတော်စင်လု၏ နောက်သို့လိုက်ပြီး အရပ်မျက်နှာအနှံ့အပြား၌ တိုက်ခိုက်ခဲ့ကြသည်။ သူတို့ သေဆုံးပြီးနောက် ရုပ်ထုများအတွင်း၌ စိတ်ဝိညာဥ်များ ထည့်သွင်းခံရပြီး ရှေးဟောင်း အလယ်ခေတ်၏ဝူအင်ပါယာကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။

အထီးကျန်လူရိုင်းကမ္ဘာ၌ လုယွီ ရှာဖွေတွေ့ရှိခဲ့ချိန်မှစ၍ သူတို့သည် သူ၏နောက်သို့ လိုက်ပါလာခဲ့ကြသည်။

"သေပြီးသား တိုက်ပွဲဝိညာဥ်နှစ်ကောင်က ငါနဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်လို့လား"

မိစ္ဆာလူသားက ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ သွေးနီရောင် အလင်းတန်းအမြောက်အများ ထွက်ပေါ်လာပြီး မျက်စိကျိန်းလုမတတ် တောက်ပနေသည်။

"လောကနှစ်ခုတောင်တန်းရဲ့ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်ကတည်းက မင်း ရှုံးပြီးသားပဲ"

"စစ်သူကြီးမုန့်ထျန်ရဲ့မဟာတံတိုင်းက ရှေးဟောင်းနတ်ဆိုးတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့သလို လီကွမ်က နတ်ဆိုးဘိုးဘေးကို တိုက်ခိုက်ပြီးတော့ လူသားတွေကို ဘေးကင်းလုံခြုံစေခဲ့တယ်..... အတိတ်မှာ အင်ပါယာတွေက သဘောထားတွေ ကွဲပြားခဲ့ပေမယ့် လောကနှစ်ခုတောင်တန်းကတော့ ဘာမှပြောင်းလဲမသွားဘူး.... ငါတို့လူသားမျိုးနွယ်ရဲ့ ရုပ်ခန္ဓာကိုယ်တွေ ပျက်စီးသွားနိုင်ပေမဲ့ ငါတို့ရဲ့ စိတ်ဆန္ဒကိုတော့ ဖျက်ဆီးလို့မရဘူး....သူရဲကောင်းတွေက ရုပ်ခန္ဓာကိုယ် ပျက်စီးသွားနိုင်ပေမဲ့ သူတို့ရဲ့စိတ်ဆန္ဒတွေက ထာဝရ ရှင်သန်နေတယ်... သူတို့မှာ ရုပ်ခန္ဓာကိုယ် မရှိတော့ပေမဲ့ မင်း သူတို့ကို ဘယ်တော့မှ ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"

လုယွီ၏အသံ ပို၍ကျယ်လောင်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ သံကြိုးများသည် တိုက်ပွဲဝိညာဉ်များကြောင့် ပြတ်တောက်သွားပြီ ဖြစ်သည်။ ဤအချိန်တွင် လုယွီက သူ၏လက်ညှိုးကိုမြှောက်ကာ မိစ္ဆာလူသားကို ညွှန်ပြလိုက်သည်။

"သူ့ကို သတ်...."

လုယွီ၏အသံနှင့်အတူ တိုက်ပွဲဝိညာဥ်နှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော မီးတောက်များ တောက်လောင်လာသည်။

"ဒီစစ်သူကြီးကျူးရန်...."

"ဒီစစ်သူကြီးရွှီရှန့်..."

"စစ်သူတော်စင်လုရဲ့မျိုးဆက်က ပေးတဲ့ အမိန့်တော်ကို နာခံပါ့မယ်"

တိုက်ပွဲဝိညာဉ်နှစ်ကောင်သည် မိုးခြိမ်းသံအလား ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးဝင်သွားသည်။

သူတို့သည် သေခြင်းတရားကို မကြောက်ဘဲ မိစ္ဆာလူသားနှင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲကြတော့သည်။

တိုက်ပွဲဝိညာဉ်များသည် ဝေဝါးသော တည်ရှိမှုများ ဖြစ်နေလေပြီ။ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်လာမှုကြောင့် သူတို့၏တိုက်ပွဲဝိညာဉ်များ အလွန်အမင်းယိုယွင်းလာကာ မှေးမှိန်နေပေ၏။

သို့သော် သစ္စာရှိစစ်သားများ၏စိတ်ဝိညာဉ်များသည် ထာဝရတည်တံ့နေပေမည်။ သူတို့သည် ရှေးဟောင်း တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်ရာ တစ်ခုချင်းစီတိုင်းသည် အတိတ်က အရှိန်အဝါများကို ပြသနေသည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း လှုပ်ရှားမှုများသည် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်ပေ၏။

မိစ္ဆာလူသားသည် အချိန်တခဏကြာမျှ ဖိနှိပ်ခြင်းခံလိုက်ရသည်။ ပြင်ပလောကတွင် စာပေသူတော်စင် နှစ်ပါးနှင့် တိုက်ခိုက်နေရချိန်တွင် ဤကဲ့သို့ ပုံရိပ်ယောင်နယ်မြေထဲ၌ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကိုသာ ထုတ်ဖော်ထားနိုင်ခြင်း ဖြစ်သည်။

"သေစမ်း...."

မိစ္ဆာလူသား၏မျက်လုံးများအတွင်း၌ ရုန့်ရင်းကြမ်းတမ်းသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် ရူးသွပ်လုနီးပါးဖြစ်နေပြီး ကြောက်ရွံ့ခြင်းကင်းမဲ့စွာ တိုက်ခိုက်ရင်း နောက်ဆုံးတွင် တိုက်ပွဲဝိညာဉ်နှစ်ကောင်ကို ဖိနှိပ်နိုင်ခဲ့သည်။

"ဒါက မင်း အားကိုးနေတဲ့ အရာလား...မိုးကောင်းကင်တာအိုက ငါ့ကို ဖိနှိပ်ထားရင်တောင် ဘာဖြစ်လဲ... ငါက မင်းတို့အားလုံးကို သတ်ပစ်မယ်"

လုယွီသည် အံ့တင်းတင်းကြိတ်ကာ ပင်ပန်းနွမ်းနယ်နေသော စိတ်ဝိညာဉ်ဖြင့် မြေပြင်ပေါ်တွင် ကျနေသော ရှေးဟောင်းကြေးနီဓားတစ်လက်ကို ကောက်ယူလိုက်သည်။ ထိုကြေးနီဓား၏ကိုယ်ထည်တစ်ခုလုံးတွင် သံချေးများ တက်နေ၏။ အတိတ်ကာလက နယ်စပ်စောင့် စစ်သူကြီးတစ်ဦးသည် ဤဓားကို ကိုင်စွဲခဲ့ဖူးသော်လည်း ယခုအချိန်တွင် လုယွီ၏လက်ထဲသို့ ရောက်ရှိလာခဲ့လေပြီ။

"ပြီးတော့... ငါ ဒီမှာ ရှိနေသေးတယ်"

လုယွီက ခေါင်းမော့ပြီး ပြောဆိုလိုက်သည်။

"မင်းရဲ့ လက်ရှိအခြေအနေမျိုးနဲ့ကတော့ သေချာပေါက် သေလမ်းပဲ ရှိတယ်"

မိစ္ဆာလူသားက သရော်တော်တော် ပြောဆိုသည်။

"ဒါဆိုရင်လည်း... သေမင်းနဲ့ စစ်ခင်းကြတာပေါ့"

လုယွီက အော်ငေါက်ရင်း ကြေးနီဓားကိုကိုင်ကာ ပြေးထွက်သွားသည်။ ရှေးဟောင်းလောကနှစ်ခုတောင်တန်း၏ ပုံရိပ်ယောင်အောက်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏ တိုက်ပွဲစိတ်ဆန္ဒမှာမူ ငြိမ်းသတ်၍မရနိုင်အောင် တောက်လောင်နေဆဲပင်။

Chapter 5277

ကြေးနီဓားကို မလိုက်သည့်အချိန်တွင် လုယွီ၏ အားနည်းနေသော အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏အရှိန်အဝါသည် ကျားတစ်ကောင် အသိုက်အမြုံမှ ထွက်လာသည့်အလား မြင့်တက်လာပြီး တိုက်ပွဲစိတ်ဆန္ဒများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။

သူသည် မြေပြင်ကို ခြေဆောင့်နင်းလိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် လေဟာနယ်ထဲသို့ တက်လှမ်းသွားသည်။ ဤသည်မှာ စစ်နတ်ဘုရားတစ်ပါး မိုးကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာသည့်အလားပင်။ မည်သည့် အတားအဆီးနှင့် ကြုံတွေ့ရပါစေ လုယွီကို အနည်းငယ်မျှ ရပ်တန့်အောင် မလုပ်နိုင်ချေ။

ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲတိုက်ပွဲကြီး တဖန်ပြန်၍ ဖြစ်ပွားလာသည်။ ပုံရိပ်ယောင်နယ်မြေထဲတွင် မရေမတွက်နိုင်သော ကျောက်တုံးကြီးများ ကြေမွှပျက်စီးသွားသည်။ သဲများနှင့် ကျောက်စကျောက်နများ နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားပြီး ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။ ကြီးမားသော စွမ်းအားတစ်ရပ် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းအမြောက်အများ ထွက်ပေါ်လာပေ၏။

"ဟမ့်....မင်းက သေခြင်းနဲ့ရှင်ခြင်းကြား ကွဲပြားခြားနားမှုကို တကယ်ကြီး မသိတာပါလား"

မိစ္ဆာလူသားက နှာတစ်ချက်မှုတ်လိုက်ပြီး သွေးဓားဖြင့် ရင်ဆိုင်လိုက်သည်။

သူ့ထံတွင် သွေးဓားတစ်လက်သာ ရှိသော်လည်း ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသည်။ သူသည် မရေမတွက်နိုင်သော ပြိုင်ဘက်များကို ဖိနှိပ်ရန် ထိုဓား၏စွမ်းအားကို မကြာခဏ အသုံးပြုလေ့ရှိသည်။

"တိုက်ခိုက်မယ်...."

တိုက်ပွဲဝိညာဉ်ရွှီရှန့်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ ကြီးမားသောခန္ဓာကိုယ်မှ ဧရာမ လက်ဝါးကြီးကို ဆန့်တန်းလိုက်သည်။ သူလက်ဝါးတွင် အဆုံးမဲ့သော မျဉ်းကြောင်းများဖြင့် ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းနေပြီး စိတ်ဝိညာဉ်စွမ်းအားများက မိုးကောင်းကင်သို့ မြင့်တက်သွားသည်။

ထို့နောက် ကြီးမားကျယ်ပြန့်သော ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် ကျယ်လောင်သော အသံနှင့်အတူ ကျဆင်းလာပြီး ထောင်သောင်းချီသော စွမ်းအားလှိုင်းများ ရုတ်တရက် ကျရောက်လာသည်။

မိစ္ဆာလူသားက ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သွေးဓားသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဖြတ်တောက်သွားပြီး ဓားချီလှိုင်းများအကြားတွင် မဟာတာအိုဥပဒေသများ ရောယှက်နေပေ၏။

"ဝုန်း...."

ကြီးမားသောတန်ပြန်အားလှိုင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မြင့်မားသော တောင်များကို ဖျက်ဆီးလိုက်သည်။

အခြားတစ်ဖက်တွင် တိုက်ပွဲဝိညာဉ် ကျူးရန်သည် ဗျိုင်းဖြူတစ်ကောင်၏တောင်ပံခတ်ခြင်း ကျားရဲတစ်ကောင်၏ဟိန်းဟောက်သံ နဂါးပြာအမြှီးဝှေ့ယမ်းခြင်းစသည့် များပြားသော သိုင်းပညာနည်းစနစ်များကို ထုတ်ဖော်တိုက်ခိုက်လေသည်။ သူ၏တိုက်ခိုက်မှုတိုင်းသည် မိစ္ဆာလူသား၏ ခန္ဓာကိုယ်ကို တိကျစွာ ထိမှန်သွားပေ၏။

"ဝုန်း....."

သို့ရာတွင် မိစ္ဆာလူသားသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။ သူ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ချိန်တွင် လောကကြီးပျက်သုဥ်းမည့် ကပ်ဘေးကြီး ဆိုက်ရောက်လာသကဲ့သို့ ခံစားရပြီး လူအများ၏စိတ်နှလုံးသားထဲတွင် အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားစေသည်။

လုယွီသည် မိစ္ဆာလူသား၏အနီးသို့ ချဥ်းကပ်သွားပြီး သူ၏စိတ်စွမ်းအားကို အသုံးပြုကာ မီတာတစ်သောင်းကျော် ရှည်လျားသော ဓားချီအလင်းတန်းကို အသက်သွင်းလိုက်သည်။ သူ သည် ထိုဓားကို အားကုန်ခုတ်ပိုင်းလိုက်ပြီး မိစ္ဆာလူသား၏သွေးဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

"ဒေါင်..."

ဓားချီအလင်းတန်းနှစ်ခုသည် လေထုထဲတွင် ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး ချက်ချင်းဆိုသလိုပင် ကြီးမားသော တွင်းနက်ကြီးတချို့က လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။

ထိပ်တိုက်တိုက်ခိုက်ပြီးနောက် လုယွီ၏စွမ်းအားသည် အနည်းငယ် အားနည်းနေပေ၏။ သွေးဓား၏လက်ကျန်စွမ်းအားကို တိုက်ပွဲဝိညာဉ်နှစ်ကောင်က ဖျက်ဆီးလိုက်သည်။

"မင်းက ငါ့ကို တကယ်ကြီး အံ့အားသင့်သွားစေတာပဲ"

မိစ္ဆာလူသား၏မျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ထားလိုက်တော့....ငါက မင်းနဲ့ ဆက်မကစားတော့ဘူး"

နောက်ထပ်အချိန်အခိုက်အတန့်တွင် မိစ္ဆာလူသား၏ခန္ဓာကိုယ်တစ်ခုလုံး သွေးဓားအဖြစ် ပြောင်းလဲသွားသည့်အလား နီမြန်းသွားသည်။

ကြီးမားသော ဓားချီအလင်းတန်းသည် တိမ်တိုက်များထဲသို့ တန်းတန်းမတ်မတ် ထွင်းဖောက်သွားသော အပ်တစ်ချောင်းအလားပင်။ ထိုအရာတွင် သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်နေရာတဝိုက်ကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုပင်။ ဤတိုက်ခိုက်မှုသည် အတိတ်တွင် လုယွီ ရင်ဆိုင်ခဲ့ဖူးသော တာအိုသခင်များအားလုံးထက် ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။

မိစ္ဆာလူသားသည် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ကြီးမားသော ရှေးဟောင်းရုပ်ပုံစာတစ်လုံးက ကောင်းကင်နှင့်မြေပြင်အကြားတွင် ထွက်ပေါ်လာသည်။ ဤသည်မှာ ရှေးဦးခေတ်က မူလဘူတသက်ရှိများ အသုံးပြုခဲ့သော စာလုံးဖြစ်ပြီး အဆုံးမဲ့သော နတ်ဘုရားစွမ်းအားများ ကိန်းအောင်းနေသည်။

"ဖူး...."

နောက်တစ်ခဏတွင် ကြီးမားသော ဓားချီဖြင့် ခုတ်ပိုင်းခံရမှုကြောင့် ကျူးရန်၏တိုက်ပွဲဝိညာဉ် ချက်ချင်းပျက်စီးသွားသည်။ သူ၏ အကာအကွယ်နည်းစနစ်များ အားလုံး ရေပူဖောင်းများအလား ကွဲကြေသွားပေ၏။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသော သွေးနီရောင်ဓားချီအလင်းတန်းသည် ကျားဟိန်းသံကဲ့သို့ ကျယ်လောင်သောအသံနှင့်အတူ ထပ်မံ၍ ကျရောက်လာသည်။

ရွှီရှန့်၏တိုက်ပွဲဝိညာဉ်သည် ထိုဓားချီကို သူ၏လက်သီးဖြင့် ရင်ဆိုင်လိုက်ရာ စိတ်ဝိညာဉ် ချက်ချင်းကြေမွှပျက်စီးသွားပြီး မည်သည့်အရာမျှမရှိသော အခြေအနေသို့ ပြောင်းလဲသွားသည်။

အရာအားလုံး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသည်။

အတိတ်က လုရှန့်၏နောက်သို့ လိုက်ပါခဲ့သော တိုက်ပွဲဝိညာဉ်နှစ်ကောင်လုံး သေဆုံးသွားလေပြီ။

"အခုက မင်းရဲ့အလှည့်ပဲ"

မိစ္ဆာလူသားက လုယွီထံသို့ ပြေးဝင်လာသည်။

ပြင်းထန်သောလေများ တိုက်ခတ်နေပြီး ပတ်ဝန်းကျင်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ လုယွီ သေချာပေါက် သေဆုံးရ​တော့မည့် အခြေအနေပင်။

လုယွီက ကြေးနီဓားကို ဆုပ်ကိုင်ထားသည်။ သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး ကြောက်ရွံ့မှုအရိပ်အယောင် တစိုးတစိမျှ ရှိမနေချေ။ သူ၏မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်သာ ရှိနေပေ၏။

"ဝုန်း...."

ရုတ်တရက် မိုးကောင်းကင်ယံတွင် ကျယ်လောင်သော အသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။

"ဘယ်သူလဲ"

မိစ္ဆာလူသားက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး မှောင်မည်းနေပြီး မိုးကောင်းကင်ကြီးယံသည်လည်း ခြွင်းချက်မဟုတ်ချေ။ သို့ရာတွင် မည်းမှောင်နေသော တိမ်တိုက်များ၏အထက်တွင် ရွှေရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး နဂါးဟိန်းသံတစ်သံကို ဝိုးတဝါး ကြားလိုက်ရသည်။

လုယွီသည် ရုတ်တရက် ရင်းနှီးသော အရှိန်အဝါတစ်ရပ်က သူ၏စိတ်နှလုံးသားထဲမှ မြင့်တက်လာသည်ကို ခံစားမိပေ၏။

လေဟာနယ်ထဲတွင် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုထွက်ပေါ်လာကာ တိမ်တိုက်များပေါ်တွင် မတ်တတ်ရပ်နေသည်။

နှစ်ပေါင်းသောင်းနှင့်ချီ ကုန်ဆုံးသွားကာ နှစ်ကာလများ ပြောင်းလဲသွားခဲ့သည်။ သို့ရာတွင် သူသည် ပြိုင်ဘက်ကင်းသော ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး လောကရှိ သက်ရှိသတ္တဝါများအားလုံးကို ငုံ့ကြည့်နေသည်။

"လူသားဧကရာဇ်"

ဤပုဂ္ဂိုလ်ကို မြင်လိုက်ရချိန်၌ လုယွီ၏ အသံ အနည်းငယ် တုန်ရီသွားသည်။

Chapter 5278

"လူသားဧကရာဇ်"

လုယွီက ခေါ်ဆိုလိုက်သည်။ သူသည် သူမြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။

သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့ကြသည်မှာ ယင်ယန်ကျမ်းစာမှတဆင့် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းသွားလာပြီးနောက် ရောက်ရှိသွားသော ကမ္ဘာတွင် ဖြစ်သည်။ လူသားဧကရာဇ်သည် ကောင်းကင်ဘုံနယ်မြေကို ချိပ်ပိတ်ရန် သူ၏သွေးခန္ဓာကိုယ်ကို လောင်ကျွမ်းစေခဲ့သည်။

လူသားဧကရာဇ်၏သွေးချီစွမ်းအားများ တဖြည်းဖြည်း လျော့ပါးသွားသည်ကို လုယွီက လက်ပိုက်၍ ကြည့်နေခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်သည် မိုးကောင်းကင်တာအိုအဖြစ် ပြောင်းလဲသွားပြီး ဤလောကကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်၌ တိမ်မည်းများ တလိမ့်လိမ့်တက်လာပြီး မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟီးနေသည်။ ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုသည် လေဟာနယ်ကို နင်းလျှောက်ကာ တိမ်တိုက်များကို တစ်လှမ်းချင်းဖြတ်ကျော်ပြီး ဤပုံရိပ်ယောင်နယ်မြေထဲသို့ ရောက်ရှိလာပေ၏။

ပေတစ်သိန်းခန့်ရှည်ချားသော ရွှေနဂါးကြီးတစ်ကောင်သည် တိမ်မည်းများကြားမှ ပျံသန်းထွက်လာပြီး လူသားဧကရာဇ်၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် လှည့်ပတ်နေကာ အချိန်ကြာမြင့်သည်အထိ ပျက်ပြယ်မသွားချေ။

ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က လူသားများ၏အရှင်သခင်ပင်။ သို့ရာတွင် နှစ်ပေါင်းတစ်သောင်း ကြာမြင့်ပြီးနောက် သူသည် ဤလောကကြီးအတွင်းသို့ နောက်တစ်ကြိမ် ပြန်လည်၍ ဆင်းသက်လာခဲ့ပြီး ​အလွန်အမင်း ကြီးကျယ်ခမ်းနားနေဆဲပင်။

လုယွီ စိတ်ပျက်အားငယ်နေသော အချိန်အခိုက်အတန့်တွင် လူသားဧကရာဇ်သည် ကူညီထောက်ပံ့ကာ လက်ကမ်းပေးခဲ့သည်။ သူ၏ပုံရိပ်သည် ဝေဝါးနေပြီ ဖြစ်သော်လည်း လုယွီအတွက် စိတ်အားတက်ကြွစရာ ဖြစ်နေဆဲပင်။

"မင်းက ဘယ်သူလဲ"

မိစ္ဆာလူသား သတိဝင်လာသည်။ သွေးနီရောင် ဓားချီအလင်းတန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး သူ့ကိုယ်သူ အခိုင်အမာ ကာကွယ်ထားလိုက်သည်။

ဤပုံရိပ်ယောင်နယ်မြေသည် လုယွီ၏စိတ်ဝိညာဉ်ကိုသာ ချည်နှောင်ထားခြင်းဖြစ်သည်။ ရှေးဟောင်း တိုက်ပွဲဝိညာဉ်နှစ်ကောင် ရှိနေခြင်းကပင် မိစ္ဆာလူသား တွေးထင်ထားသည်ထက် ကျော်လွန်နေလေပြီ။ ယခုအချိန်၌ ဤနယ်မြေအတွင်း၌ ရှေးဟောင်းဧကရာဇ်တစ်ပါး ထပ်မံ၍ ထွက်ပေါ်လာသည်။

ယခုရောက်ရှိလာသူသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပေ၏။ သွေးချီစွမ်းအား သက်သက်ဖြင့်ပင် ဤလူသည် ရှေးဟောင်း အလယ်ခေတ်မှ တိုက်ပွဲဝိညာဉ်များထက် အဆများစွာပို၍ စွမ်းအားကြီးမားသည်။

မိစ္ဆာလူသားသည် ဤပုံရိပ်ယောင်နယ်မြေ၏ အရှင်သခင်ပင်။ သို့ရာတွင် လူသားဧကရာဇ် ပေါ်ထွက်လာခြင်းက သူ၏စွမ်းအားများကို လုံးလုံးလျားလျား ရှုပ်ထွေးသွားစေပြီး ဤနယ်မြေသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"မဟာချင်ဧကရာဇ်....ယင်ကျန့်"

လူသားဧကရာဇ်၏အသံသည် တည်ငြိမ်နေပြီး သူ၏အကြည့်သည် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလားပင်။

မိစ္ဆာလူသားသည် ရှေးဦးခေတ်မှ လာသူဖြစ်ပြီး ရှေးကျကာ စွမ်းအားကြီးမားသော်လည်း လူသားဧကရာဇ်၏ရှေ့တွင်မူ သူ ယခင်ကကဲ့သို့ မာန်မာနထောင်လွှားနိုင်ခြင်း မရှိတော့ချေ။ သူသည် အဆင့်ခြင်းတူညီသော တည်ရှိမှုကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလားပင်။

"ဘာလို့လဲ... မင်းက သေပြီးသား မဟုတ်ဘူးလား....ဘာလို့ ဒီနေရာမှာ ပြန်ပေါ်လာရတာလဲ"

မိစ္ဆာလူသားက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

လူသားဧကရာဇ်က မိစ္ဆာလူသားကို ကြည့်လိုက်သော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိချေ။ သူသည် ရုတ်တရက် သူ၏ခေါင်းကိုလှည့်ကာ လုယွီကို ကြည့်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်ဝိညာဉ်ပေါ်၌ အနီရောင်လေစီးကြောင်းများ ဖုံးလွှမ်းနေသည်။ လူသားဧကရာဇ်က လုယွီကို ကြည့်လိုက်သောအချိန်တွင် ထိုအရာများအားလုံး ဆုတ်ခွာသွားကြသည်။ ဤသည်ကြောင့် သူ့အား ဝန်းရံထားသော မောပန်းနွမ်းနယ်မှုနှင့် အားနည်းမှုများကို လုံးလုံးလျားလျား ပျောက်ကွယ်သွားစေသည်။

တစ်ချိန်တည်းမှာပင် လုယွီ၏ခန္ဓာကိုယ် တောက်ပလာပေ၏။

ရွှေနဂါးတစ်ကောင်သည် သူ၏ခန္ဓာကိုယ်ထဲမှ ပျံသန်းသွားပြီး ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်လွှတ်ကာ လူသားဧကရာဇ်၏လက်ထဲတွင် ပျံဝဲနေသည်။

ရွှေနဂါးသည် သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းစည်းတံဆိပ်အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး သဘာဝအတိုင်း ဖြစ်တည်နေသည့်အလားပင်။

"မဟာချင် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်..." လုယွီသည် ထိုအရာကို မြင်လိုက်သည်နှင့် အရာအားလုံးကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။

မဟာချင်တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် သူနှင့် အမြဲတစေ ဆက်နွယ်နေခဲ့ပြီး ထိုအရာအတွင်း၌ လူသားဧကရာဇ်၏ အကြွင်းအကျန် စိတ်ဝိညာဉ် ရှိနေသည်။

ရှေးခေတ်ကာလတွင် အရာအားလုံး လွတ်လပ်စွာ စီးဆင်းနေခဲ့သည်။ လောကကြီးတခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ဖူးသော လူသားဧကရာဇ်ပင်လျှင် အချိန်ကာလ၏ကုန်ဆုံးခြင်းကို ရှောင်လွှဲ၍ မရနိုင်ခဲ့ချေ။ သူသည် လောကီရေးရာများနှင့် ကင်းကွာနေခဲ့ပြီး ယခု ထွက်ပေါ်လာသောအရာကို အကြွင်းအကျန်စိတ်ဝိညာဥ်ဟုပင် မသတ်မှတ်နိုင်ပေ။ ထိုအရာသည် မပြည့်စုံသော အတွေးစအမျှင်တန်းတစ်ခုသာ ဖြစ်ပေမည်။

ဤသည်မှာ လောင်ကျွမ်းပြီးနောက် မည်သို့မျှ ပြန်မပေါ်လာနိုင်တော့မည့် ဖယောင်းတိုင်တစ်တိုင်အလားပင်။

ဤအချိန်အခိုက်အတန့်သည် လူသားဧကရာဇ်ကို သူနောက်ဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်နိုင်ကြောင်း လုယွီက သိရှိထားသည်။ ကျောက်စိမ်းစည်းတံဆိပ်အတွင်းရှိ အကြွင်းအကျန် အတွေးစအမျှင်တန်း ပျောက်ကွယ်သွားပါက သက်ရှိများအားလုံးကို အထင်သေးစွာ ငုံ့ကြည့်နိုင်ခဲ့သော ဤအထွတ်အထိပ်တည်ရှိမှုကြီးသည် ထပ်မံ၍ ထွက်ပေါ်လာတော့မည် မဟုတ်ပေ။

"ဒါက အကြွင်းအကျန် စိတ်ဝိညာဉ်လေးပါလား... မင်းက သေချင်နေတာပဲ"

ကျောက်စိမ်းစည်းတံဆိပ် ပျံဝဲသွားသည်ကို မြင်တွေ့ချိန်၌ မိစ္ဆာလူသားက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းတိုက်ခိုက်လိုက်သည်။

သူသည် သွေးနီရောင် ဓားချီအလင်းတန်းကို အပြည့်အဝ ထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့် မြေပြင်ကို ထွင်းဖောက်သွားနိုင်သည့်အလား သတ်ဖြတ်လိုခြင်း အရှိန်အဝါများ ထွက်ပေါ်လာသည်။

"ဝုန်း....."

လူသားဧကရာဇ်က ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ၏လက်ကို ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် လောကအသီးသီး၏ မိုးကောင်းကင်ယံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည့်အလားပင်။ သူ၏လက်ကို သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရာ သွေးဓားချီစွမ်းအင်တန်းသုံးထောင် ချက်ချင်းကြေမွှပျက်စီးသွားပြီး မည်သည့်အရာမျှမရှိတော့သော အခြေအနေသို့ ပြောင်းလဲသွားသည်။

ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်တစ်ခုပင်။

ဤသွေးဓားချီစွမ်းအင်များသည် ရှေးဟောင်း တိုက်ပွဲဝိညာဉ်များကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သော်လည်း လူသားဧကရာဇ်၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ဘဲ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားကြသည်။

Chapter 5279

"ဒါက ငါ့ရဲ့ပိုင်နက်နယ်မြေလေ....မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အစွမ်းထက်နေတာလဲ"

မိစ္ဆာလူသား၏ခန္ဓာကိုယ် တုန်ခါသွားသည်။ သူသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေပေ၏။ လူသားဧကရာဇ် ထုတ်ဖော်ပြသလိုက်သော နည်းလမ်းများသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေသည်။

သူသည် မကျေနပ်နိုင်သဖြင့် ဒေါသတကြီးဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်ပြီး ဓားနည်းစနစ်ကို ပြောင်းလဲလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားချီစွမ်းအင်များကြောင့် လေဟာနယ်ထဲတွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်အမြောက်အများကို ဖြစ်ပေါ်စေသည်။

သို့ရာတွင် လူသားဧကရာဇ်၏အမူအယာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူသည် ခြေတစ်လှမ်းချင်း ရှေ့တိုးလာကာ သူ၏ခြေအောက်တွင် မြင့်မားသောတောင်များ ထောင်နှင့်ချီ၍ နစ်မြုပ်သွားသကဲ့သို့ ဖြစ်နေသည်။ ကျယ်လောင်သော မြည်ဟီးသံများနှင့်အတူ သူသည် ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်လှမ်းသွားပေ၏။

"ဝုန်း....."

မိစ္ဆာလူသား၏ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ ဒဏ်ရာအပြင်းအထန်ရသွားသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် လူသားဧကရာဇ်က သူ၏လက်ကို နောက်တစ်ကြိမ် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ မိစ္ဆာလူသား၏ နံဘေးပတ်လည်ရှိ တခြားဓားချီစွမ်းအင်တန်းသုံးထောင်သည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။ အကျိုးဆက်အနေဖြင့် မိစ္ဆာလူသားကိုယ်တိုင်သည်လည်း ထိခိုက်ဒဏ်ရာ အမြောက်အများကို ခံစားလိုက်ရသည်။

"ငါ မယုံဘူး....ဒီပုံရိပ်ယောင်နယ်ပယ်ထဲမှာတောင် မင်းက ပြိုင်ဘက်ကင်းနေတုန်းပဲလား"

မိစ္ဆာလူသားက သူ၏လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဤသည်မှာ ပဲစေ့များကို လက်နက်များအဖြစ် ပြောင်းလဲလိုက်သည့်အလားပင်။ အစောပိုင်းက အသတ်ခံလိုက်ရသော ရှေးဟောင်းနတ်ဆိုးများအားလုံး တစ်ကောင်ပြီးတစ်ကောင် ပြန်လည်၍အသက်ဝင်လာပြီး လူသားဧကရာဇ်ထံသို့ ခုန်အုပ်လာကြသည်။

သို့ရာတွင် ဤနည်းလမ်းများသည် လူသားဧကရာဇ်၏ရှေ့၌ အသုံးမဝင်ချေ။

လူသားဧကရာဇ်က သူ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဆောင်းဦးလေညှင်းက သစ်ရွက်ကြွေများကို ဖြတ်သန်းတိုက်ခတ်သွားသည့်အလား ထူးခြားသော စွမ်းအားလှိုင်းတစ်ရပ်က ရှေးဟောင်းနတ်ဆိုးများအားလုံးကို သတ်ဖြတ်လိုက်သည်။

"စွမ်းအားက ကောင်းကင်ထက် ကျော်လွန်သွားတဲ့ အချိန်ဆိုတာ အမြဲတမ်းရှိနေတယ်"

လူသားဧကရာဇ်က ခေါင်းမော့လိုက်ပြီး နက်နဲသိမ်မွေ့ပြီး မာန်မာနထောင်လွှားသော အကြည့်တစ်ချက်က သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

"ဒါကို မင်း နားလည်နိုင်မှာ မဟုတ်ဘူး..."

"ယင်ကျန့်... မင်း သေသွားတာ ကြာလှပြီ... မင်းပြောင်းလဲနိုင်တာဆိုလို့ ဘာမှမရှိဘူး"

မိစ္ဆာလူသားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူတစ်ယောက်တည်းဖြင့် လူသားဧကရာဇ်ကို မည်သို့မျှ လုပ်ဆောင်၍မရကြောင်း နောက်ဆုံးတွင် သူ နားလည်သဘောပေါက်သွားသည်။

သို့ရာတွင် လူသားဧကရာဇ်သည် မည်သည့်စကားမျှ မပြောတော့ချေ။ သူသည် သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်၏။ အရပ်ရှစ်မျက်နှာမှစွမ်းအားများ ရုတ်တရက် ကျုံ့ဝင်သွားပြီး ပုံရိပ်ယောင်နယ်မြေထဲရှိ မိစ္ဆာလူသား၏ပုံရိပ်ကို ချေမှုန်းလိုက်သည်။

"မင်းတို့အားလုံး သေရမှာ အနှေးနဲ့အမြန်ပဲ....ယင်ကျန့်.... လူသားမျိုးနွယ်က မင်းရဲ့မျက်လုံးရှေ့မှာတင် ပျက်စီးသွားတာကို မင်း စောင့်ကြည့်နေစမ်း"

မိစ္ဆာလူသားသည် ပျောက်ကွယ်မသွားမီ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ကံမကောင်းစွာဖြင့် သူသည် ထိုကဲ့သို့ အရေးမပါသော အော်ဟစ်သံကိုသာ ပြုလုပ်နိုင်ခဲ့သည်။

လူသားဧကရာဇ် ထွက်ပေါ်လာချိန်၌အကြွင်းအကျန် အတွေးစအမျှင်တန်းတစ်ခုသာ ဖြစ်သော်လည်း အလွန်အစွမ်းထက်သော အဆင့်သို့ ရောက်ရှိနေလေပြီ။ ဤသည်မှာ လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းလုနီးပါးပင်။

မိစ္ဆာလူသား၏အတွေးများ ချက်ချင်းကြေမွှသွားပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။

"ဝှီး...."

လေပြင်တစ်ချက် တိုက်ခတ်သွားပြီး မိစ္ဆာလူသား၏အတွေးများကို လွင့်ပါသွားစေသည်။

ဤလွင့်ပါသွားမှုနှင့်အတူ လုယွီ၏ရှေ့ရှိ ပုံရိပ်ယောင်နယ်မြေသည်လည်း ဝေဝါးလာပေ၏။

သို့ရာတွင် ပုံရိပ်ယောင်နယ်မြေ ပျောက်ကွယ်သွားသည်နှင့်အမျှ လူသားဧကရာဇ်၏ အကြွင်းအကျန်စိတ်ဝိညာဉ်သည်လည်း မပြည့်စုံတော့ချေ။ သူ၏ခြေထောက်မှ ခါးအထိ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

သူသည် မသေဆုံးမီ နောက်ဆုံးထွက်ပေါ်လာသော အလင်းတန်းနှင့် တူသည်။ အစွမ်းထက်သော စွမ်းအားကို ထုတ်ဖော်ပြသပြီးနောက် သူ ၏အကြွင်းအကျန်စိတ်ဝိညာဥ် လျှင်မြန်စွာ ယိုယွင်းလာသည်။

ဤသည်မှာ သူရဲကောင်းသည် အထီးကျန်နေပြီး နေဝင်ချိန်တွင် တောင်တန်းများဆီသို့ ပြန်သွားရသည့်အလားပင်။

လုယွီသည် ထိုမြင်ကွင်းကို ရပ်ကြည့်မနေနိုင်တော့သဖြင့် ရှေ့သိုတိုးပြီး ပြောဆိုလိုက်သည်။

"စီနီယာ...ပြန်ဝင်စားဖို့နည်းလမ်း တကယ်ကြီး မရှိတော့ဘူးလား"

သူသည် လူသားဧကရာဇ်ကို နောက်ထပ်ပြန်ဝင်စား၍ ရှင်သန်စေလိုသည်။ ထိုကဲ့သို့ အထွတ်အထိပ်တည်ရှိမှုကြီးတစ်ဦးသည် လောကကြီးအတွင်းမှ ဤအတိုင်း ပျောက်ကွယ်သွားရသည်မှာ အလွန်ရက်စက်လွန်းရာ ကျပေ​၏။

"ဝမ်းနည်းနေဖို့ မလိုပါဘူး....အရာအားလုံးက နောက်ဆုံးတော့ ပျက်စီးရမှာပဲ"

လူသားဧကရာဇ်က အရာအားလုံးကို လျစ်လျူရှုလိုက်ပုံရသည်။

နှစ်ပေါင်းတစ်သောင်း ကုန်ဆုံးသွားလေပြီ။ လုယွီနှင့်လူသားဧကရာဇ်တို့ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ကြသည်။ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ကာ အရာအားလုံးလည်း ပြောင်းလဲသွားခဲ့သည်။

"ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။ ဤပြိုင်ဘက်ကင်း ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ကို မိုးကုတ်စက်ဝိုင်းအောက်တွင် အနားယူခွင့်ပေးရန် သူ အမှန်တကယ် မလိုလားချေ။

"ရပါတယ်...ဒီအရှင်က ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ် သိပြီးသားပါ.....ဒါပေမဲ့ လူသားမျိုးနွယ်နဲ့ ပတ်သက်ပြီးတော့ စိတ်မချနိုင်သေးဘူး"

လူသားဧကရာဇ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

လုယွီလည်း ထပ်တူခံစားလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုလိုက်သည်။

"စီနီယာ ဘာမှစိတ်မပူပါနဲ့....ကျွန်တော်က လူသားမျိုးနွယ်ကို ကြီးပွားတိုးတက်အောင် လုပ်ပါ့မယ်"

ပုံရိပ်ယောင်နယ်မြေ ဆက်လက်၍ လွင့်ပြယ်နေသည်။

ဤသည်မှာ အိပ်မက်တစ်ခုအလားပင်။ အိပ်မက် ပြီးဆုံးသွားချိန်၌ အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

"ငါ့ရဲ့ ဒီအကြွင်းအကျန် စိတ်ဝိညာဉ်က မကြာခင်မှာ ပျောက်ကွယ်သွားတော့မယ်"

လူသားဧကရာဇ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

Chapter 5280

တစ်စုံတစ်ယောက်သည် တောင်ကြီးတစ်လုံးအလား ခိုင်ခံ့နေလျှင်ပင် ပြိုလဲရမည့်နေ့တစ်နေ့ ရှိလာပေမည်။

လူသားဧကရာဇ်အတွက် သေခြင်းတရားသည် မလွဲမသွေ ဖြစ်လာမည့် နိဂုံးတစ်ခု ဖြစ်နေခဲ့လေပြီ။ လုယွီသည် ဤကိစ္စကို အလွန်မလိုလားသော်လည်း အဆုံးသတ်တွင် သူသည် ကောင်းကင်ဘုံကို အာခံနိုင်ခြင်း မရှိသေးချေ။

သူ၏စိတ်ထဲတွင် ရှိနေသော သံသယများကို ထုတ်ဖော်မေးမြန်းလိုက်၏။ ကောင်းကင်ဘုံနယ်မြေတွင် သူ မသိခဲ့သော အရာများနှင့် သိခွင့်မရခဲ့သော အရာများ ကျန်ရှိနေဆဲပင်။

"ငါတို့ရောက်နေတဲ့ ဒီကမ္ဘာက ကမ္ဘာပေါင်းသုံးထောင်ထဲက တစ်ခုပဲ ရှိသေးတယ်....အပြင်ဘက်မှာ ပိုပြီးကျယ်ပြန့်တဲ့ ကမ္ဘာကြီး ရှိနေသေးတယ်"

လူသားဧကရာဇ် စကားပြောလိုက်သည့်အချိန်တွင် မြေပြင်တပြင်လုံး တုန်ခါသွာပေ၏။

လုယွီက ဤအရာကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ရီရှန့်သည် ပြင်ပကောင်းကင်ဘုံအကြောင်း ပြောပြစဥ်ကတည်းက ပြင်ပကမ္ဘာများ ရှိနေကြောင်းကို လုယွီ သိရှိခဲ့ပြီးလေပြီ။

လူသားဧကရာဇ်သည် အလွန်အစွမ်းထက်သဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက ထိုအရာကို မြင်တွေ့ခဲ့ဖူးသည်။

"ကမ္ဘာပေါင်းသုံးထောင်က သဲမှုန်လေးတွေလို ပြန့်ကျဲနေတယ်"

လူသားဧကရာဇ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ရှေးဦးခေတ်က မူလဘူတသက်ရှိတွေကို အရမ်းအစွမ်းထက်တယ်လို့ မင်း မထင်လိုက်နဲ့.... အပြင်လောကမှာ သူတို့က ပြိုင်ဘက်ကင်းတာ မဟုတ်ဘူး....သူတို့ကို ဖိနှိပ်နိုင်တဲ့ ပိုပြီးအစွမ်းထက်တဲ့ တည်ရှိမှုကြီးတွေ ရှိနေသေးတယ်"

"သူတို့က ဘာလို့ ဒီလိုလုပ်ကြတာလဲ"

လုယွီက ထပ်မံ၍ မေးမြန်းလိုက်သည်။ သူသည် ရှေးဦးခေတ်မှ မူလဘူတသက်ရှိများအကြောင်း နားလည်ထားသည်မှာ အလွန်နည်းပါးသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုများသည် ကောင်းကင်ဘုံနယ်မြေသို့ ရုတ်တရက် ဆင်းသက်လာကြပြီး မယုံနိုင်လောက်အောင် စွမ်းအားကြီးမားကြသည်။ သူတို့ မည်သည့်နေရာက ရောက်ရှိလာကြောင်းကို မည်သူမျှ မသိကြချေ။

လူသားဧကရာဇ်က ခေါင်းခါယမ်းရင်း တည်ငြိမ်စွာ ပြောဆိုသည်။

"အပြင်လောက အကြောင်းကို ငါ သိပ်မသိဘူး.....ဒါပေမဲ့ ဒီလူတွေက သူခိုးတွေနဲ့ တူတယ်ဆိုတာကိုတော့ ငါ နားလည်တယ်....သူတို့က ကမ္ဘာတစ်ခုပြီးတစ်ခုကို တိုက်ခိုက်ပြီး ကမ္ဘာအသီးသီးရဲ့ မူလဘူတစွမ်းအင်တွေကို ထုတ်ယူနေကြတာပဲ"

လုယွီ၏စိတ်နှလုံးသား တုန်ရီထားသည်။ ဤအရာသည် သူ စိတ်ကူးယဥ်တွေးတောထားသည်နှင့် များစွာကွာခြားမှု မရှိချေ။

ထိုစဉ်က ရီရှန့်၏ဇာတိမြေဖြစ်သော ပြင်ပကောင်းကင်ဘုံကို ရှေးဦးမူလဘူတသက်ရှိများက အတင်းအကြပ် သိမ်းပိုက်ခဲ့ကြသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအားများများ ထုတ်ယူခံခဲ့ရပြီး သက်ရှိသတ္တဝါအားလုံးသည် မူလဘူတသက်ရှိများ မွေးမြူထားသော ခွေးများကဲ့သို့ ဖြစ်လာကာ ဆိုးရွားစွာ ရုန်းကန်ခဲ့ရသည်။

"ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး..."

လူသားဧကရာဇ်၏အသံသည် ရုတ်တရက် အလွန်ဝေဝါးသွားတော့သည်။

ထိုစကားကို ကြားလိုက်ရချိန်၌ လုယွီ ထိတ်လန့်တုန်လှုပ်သွားပေ၏။ လူသားဧကရာဇ်၏ စိတ်ဝိညာဉ်အမျှင်တန်းသည် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား ပို၍ဝေဝါးလာသည်ကို သူ မြင်တွေ့လိုက်ရသည်။

"ဒီအချိန်မှာ တိုက်ခိုက်ဖို့ မင်း ရွေးချယ်လိုက်တာကလည်း အချိန်ကိုက်ပါပဲ....အပြင်လောကက မူလဘူတသက်ရှိတွေက တခြားနေရာတွေကို စစ်ချီသွားကြပြီ....ဒီနေရာကို စောင့်ကြည့်ဖို့ ဓားဝိညာဉ်တစ်ခုပဲ ကျန်ခဲ့တယ် အဲဒီကောင်ကို ဖျက်ဆီးလိုက်ရင် ကောင်းကင်ဘုံနယ်မြေက အသက်ရှုပေါက် ပြန်ရလိမ့်မယ်..."

"ငါ လုပ်ပေးနိုင်တာ သိပ်မရှိတော့ဘူး....ဒါက မင်းကို ငါ ကူညီပေးမယ့် နောက်ဆုံးအကြိမ်ပဲ... အနာဂတ်က မင်းအပေါ်မှာပဲ မူတည်တော့မယ်"

လူသားဧကရာဇ်၏အသံ တဖြည်းဖြည်း တိမ်ဝင်သွားလေသည်။ သူသည် စိတ်ဝိညာဉ်အမျှင်တန်းမျှသာ ဖြစ်သဖြင့် ဤလောကတွင် ကြာရှည်မနေနိုင်ချေ။

"ခေတ်ကာလအားလုံးက အချည်းနှီး ဖြစ်ခဲ့ရပြီ... ချင်းဓား... ထွက်လာခဲ့စမ်း"

တိုးညှင်းသော သက်ပြင်းချသံတစ်ခုသည် မိုးကောင်းကင်ယံမှ မိုးခြိမ်းသံအလား ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

ထိုသက်ပြင်းချသံနှင့်အတူ အရပ်မျက်နှာအဘက်ဘက်ရှိ ပုံရိပ်ယောင်နယ်မြေသည် လုံးလုံးလျားလျား စုတ်ပြဲသွားပြီး အေးစက်သော လေပြင်းတစ်ချက်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်လာသည်။

ဤအချိန်တွင် ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားပြီး သူ၏နားထဲတွင် ပဲ့တင်ထပ်နေသော ကျယ်လောင်သည့် လေတိုးသံများသာ ကျန်ရစ်တော့သည်။

ပျက်စီးနေသော မိုးမြေဖျက်ဆီးနန်းတော်ထဲတွင် စာပေသူတော်စင်နှစ်ပါး၏ပါးစပ်ထောင့်စွန်းများမှ သွေးများ ယိုစီးကျနေလေသည်။ သူတို့သည် မိစ္ဆာလူသား၏ ဖိနှိပ်ခြင်းကို ခံနေရပြီး ခက်ခက်ခဲခဲ တောင့်ခံနေရလေ၏။

ရီရှန့်သည် တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး လုယွီကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

လုယွီ နိုးထလာပြီဖြစ်ကြောင်း မြင်လိုက်ရချိန်၌ ရီရှန့်၏မျက်မှောင်ကြုတ်ထားမှု အနည်းငယ် ပြေလျော့သွားတော့သည်။

"သူကို တားထားဖို့အတွက် ငါတို့ တာဝန်ယူလိုက်မယ်.... ငါတို့က သူ့ကို အချိန်တိုအတွင်းမှာ ဘာမှလုပ်လို့မရဘူး....မင်း ဒီနေရာကနေ အရင် ထွက်သွားပြီး အနာဂတ်အတွက် ဖြည်းဖြည်းချင်း စီစဉ်တော့"

ရီရှန့်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

မိစ္ဆာလူသားနှင့် တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

သို့ရာတွင် စာပေသူတော်စင်နှစ်ပါးသည် မိစ္ဆာလူသားကို မည်သို့မျှ မယှဉ်နိုင်ကြောင်း ရှင်းလင်းစွာ ခံစားမိပေ၏။

နှစ်ဖက်သည် အင်အားချင်း မျှတမှုမရှိတော့ချေ။ မိစ္ဆာလူသား၏ စွမ်းအားသည် အဆုံးမရှိပုံရသော်လည်း စာပေသူတော်စင်နှစ်ပါးကမူ အိုမင်းနေကြလေပြီ။

အချိန်ကာလသည် သူတို့ကို သက်ညှာခြင်း မရှိခဲ့ချေ။ အဆုံးသတ်တွင် သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိကြတော့ပေ။

ထို့ကြောင့် ရီရှန့်သည် မိစ္ဆာလူသားကို တိုက်ခိုက်ရန် သူတို့ ကျန်နေခဲ့ပြီး လုယွီကို ဦးစွာထွက်ခွာသွားစေရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

လုယွီသည် တုံ့ပြန်အဖြေမပေးခဲ့ချေ။

ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကို မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားတော့သည်။

All Chapters