အခန်း (၅၂၈၁-၅၂၈၅)
Vol. 267 Ch. 5281-5285
Chapter 5281
ထိုရွှေရောင်အလင်းတန်းသည် မိုးကောင်းကင်ယံထက်သို့ မြင့်တက်သွားပြီး နဂါးဟိန်းသံတစ်သံလည်း ထွက်ပေါ်လာသည်။
မဟာချင်တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် မိုးကောင်းကင်ယံသို့ ပျံဝဲသွားပြီး ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော လုယွီသည် ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာပေ၏။ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို တုန်ခါသွားစေသည်။
သူ၏ပုံရိပ်သည် မယုံနိုင်လောက်အောင် တင်းမာခက်ထန်နေပုံရပြီး လေထုထဲတွင် မတ်တတ်ရပ်နေသည့်အချိန်၌ မွန်းစတားကြီးတစ်ကောင် မတ်တတ်ရပ်နေသည့်အလားပင်။
မယုံနိုင်လောက်အောင် အစွမ်းထက်သော ဖိအားတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ သက်ရောက်လာရာ သူ့ကို မြင်လိုက်ရသူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့အားလုံးသည် သူတို့၏စိတ်နှလုံးသားထဲမှ ကိုးကွယ်နေသော နတ်ဘုရားများကို မြင်တွေ့လိုက်ရသည့်အလား မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြတော့သည်။
သူတို့၏မျက်နှာများတွင် ထိတ်လန့်မှုများ ထင်ဟပ်လာပေ၏။ လုယွီ၏ပုံရိပ်သည် သူတို့နှင့် သွေးသားတော်စပ်နေသည်ဟု ခံစားနေရသည်။ ဤသည်မှာ မျိုးနွယ်စုတစ်စုမှ လူငယ်တစ်ဦးက သူ၏ဘိုးဘေးကို တွေ့လိုက်ရသည့်အလားပင်။
လုယွီသည် လူသားဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသလော....
ကျယ်ပြန့်သော မြေပြင်ကို ကြည့်ရင်း အတိတ်က အမှတ်တရများသည် လုယွီ၏မျက်လုံးများထဲတွင် ဖြတ်သန်းသွားသည်။
မဟာတံတိုင်းပေါ်တွင် ကြောက်ရွံ့ခြင်းမရှိသော ပုံရိပ်တစ်ခုသည် တစ်ကိုယ်တည်း မတ်တတ်ရပ်နေခဲ့ဖူးသည်။
လောကနှစ်ခုတောင်တန်း၏ ပြင်ပတွင် ရေတွက်မရနိုင်သော လူသားမျိုးနွယ်သူရဲကောင်းများသည် စစ်မြေပြင်၌ ကျဆုံးခဲ့ကြရသည်။ ငှက်နက်အလံတော်သည် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော နတ်ဆိုးနယ်မြေတွင် ပျံ့လွင့်နေခဲ့ပေ၏။
ဝမ်းနည်းဖွယ် ကောင်းသော စစ်သီချင်းသံသည် လူများအားလုံး၏နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
လူသားဧကရာဇ်ဓားမှနေ၍ စူးရှသော တုန်ခါသံများကို ထုတ်လွှတ်နေပေ၏။ လုယွီကို ဝန်းရံထားသော ရွှေရောင်အလင်းတန်းများထံမှ ရင်းနှီးသော အရှိန်အဝါကို ထိုဓားမှ အာရုံခံမိသည့်အလားပင်။
"ခေတ်ကာလတွေအားလုံးက အချည်းနှီး ဖြစ်ခဲ့ရပြီ..."
လုယွီက တီးတိုးရေရွတ်လိုက်သည်။
လူသားဧကရာဇ်ဓားသည် ရှေးဟောင်းခေတ်ကတည်းက ဧကရာဇ်၏အရေးကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့သည့် အရာပင်။
ဤအချိန်တွင် လုယွီသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးအလား တိမ်တိုက်များ၏အထက်တွင် မတ်တတ်ရပ်နေသည်။ သူသည် အရပ်ရှည်ပြီး ခံ့ညားထည်ဝါကာ သူ၏အနက်ရောင်ဆံပင်ရှည်များ ပခုံးပေါ်တွင် ဖြာကျနေပြီး သူ၏မျက်လုံးများတွင် အဆုံးမဲ့အလင်းရောင်များဖြင့် ပြည့်နှက်နေပေ၏။
"အရှင်ဧကရာဇ်"
တော်ဝင်မြို့တော်အတွင်းရှိ နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံး တပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ လုယွီထံမှ ထူးခြားသော စွမ်းအားတစ်ရပ်ကို သူတို့ အာရုံခံမိကြသည်။
သူတို့ကို မဆိုထားနှင့် တာအိုသခင်အဆင့် ရှိသူများပင်လျှင် ထိုစွမ်းအား၏ရှေ့တွင် ခေါင်းငုံ့နေရုံသာ တတ်နိုင်ပေမည်။
ထူထပ်သိပ်သည်းပြီး အားကောင်းသော ဧကရာဇ်အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။ ဤသည်မှာ လူများအားလုံးကို စိတ်မသက်မသာ ဖြစ်စေသော မွန်းကြပ်ဖွယ် အရှိန်အဝါမျိုးပင်။
"အရှင်ဧကရာဇ်ရဲ့ ကွယ်ရာမှာ ကျွန်တော်က မကြံစည်ခဲ့သင့်ပါဘူး....ကျွန်တော် မှားမှန်း သိပါပြီ ....ကျွန်တော့်ကို ဒီလိုလုပ်ခိုင်းတာ ကျွန်တော့်ရဲ့မိသားစုပါ.... အား..."
လုယွီ၏နောက်ကွယ်တွင် ပြဿနာရှာနေသော လူများသည် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲပြီး မသေဆုံးမီ သူတို့၏စိတ်ဝိညာဉ်များ တုန်လှုပ်ချောက်ချားသွားခဲ့သည်။
လူသားဧကရာဇ်ကို စော်ကား၍ မရချေ။
ရှေးခေတ်ကာလတွင် မျိုးနွယ်စုများအကြား၌ မည်သို့သော အငြိုးအတေးများ ရှိနေပါစေ လူသားဧကရာဇ်ကိုမူ မလေးမစား မပြုဝံ့ကြချေ။
ဤမြင်ကွင်းကို မြင်တွေ့မိချိန်၌ တော်ဝင်မြို့တော်ရှိ လူများအားလုံး ထိတ်လန့်သွားကြသည်။ လုယွီသည် ယခုချိန်၌ မည်သည့်အဆင့်သို့ ရောက်ရှိနေသနည်း။ ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ မည်သို့ ပိုင်ဆိုင်ထားနိုင်သနည်း။
ကောင်းကင်နှင့်မြေပြင်ကြားတွင် အရပ်မျက်နှာအဘက်ဘက်ကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ် စိတ်စွမ်းအားတစ်ရပ်သာ ရှိနေတော့သည်။ ထိုစိတ်စွမ်းအား၏ အရင်းအမြစ်သည် လုယွီထံမှ လာခြင်းပင်။ သူသည် လောကကြီး၏ အရှင်သခင်တစ်ပါးဖြစ်ကာ သူ ထိန်းချုပ်ထားသော ကမ္ဘာကို စစ်ဆေးနေသည့်အလားပင်။
"လုယွီ... မင်း..."
ရီရှန့်၏မျက်လုံးများ ပြူးကျယ်သွားပြီး လုယွီကို ကြည့်လိုက်သည်။
သူ၏ရှေ့မှ တပည့်သည် သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသော သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်ကို သူ ရုတ်တရက် သတိပြုလိုက်မိသည်။
ထိုကဲ့သို့ အစွမ်းထက်သော အရှိန်အဝါကြောင့် စာပေသူတော်စင်တစ်ပါး ဖြစ်သည့်တိုင် သူ၏စိတ်နှလုံးသား အနည်းငယ် တုန်ခါသွားပေ၏။
"စိတ်စွမ်းအားက ကမ္ဘာတွေအများကြီးကို လွှမ်းမိုးနိုင်ပြီးတော့ လူသားမျိုးနွယ်က သက်ရှိမျိုးနွယ်တွေအားလုံးရဲ့ လေးစားတာကို ခံရတယ်.... ဒါက ရှေးဟောင်းလူသားဧကရာဇ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတွေမှာပဲရှိတဲ့ ရှားပါးစွမ်းရည်တစ်ခုပဲ"
ရွှမ်ရှန့်သည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် သတိထားမှုများဖြင့် ပြည့်နှက်နေသည်။
"ရီဟန်... မင်းရဲ့ ဒီတပည့်က... ခန့်မှန်းလို့ မရနိုင်တော့ဘူး"
စာပေသူတော်စင်နှစ်ပါးသည် တိုက်ပွဲကို လုယွီအား လွှဲအပ်ပေးလိုက်ပြီး နံဘေးသို့ တပြိုင်နက်တည်း ဖယ်ပေးလိုက်ကြသည်။
မိစ္ဆာလူသား၏မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး သူ၏ခန္ဓာကိုယ်တွင် သွေးရောင်အလင်းတန်းများ တောက်ပနေပေ၏။ ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ဆက်တိုက်ထွက်ပေါ်လာပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် ဓားချီအမြောက်အများက မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။
"ဒါကြောင့်ကိုး...လူသားဧကရာဇ်က သူ့ရဲ့စွမ်းအားကို မင်းဆီ ပေးလိုက်တာပဲ"
မိစ္ဆာလူသားသည် လုယွီ၏စွမ်းအားများမှ မူရင်းဇစ်မြစ်ကို ချက်ချင်းနားလည်သွားသည်။ သူသည် အထင်သေးသော လေသံဖြင့် ပြောဆိုလိုက်၏။
"မပြည့်စုံတဲ့ စိတ်ဝိညာဉ်တစ်ခု ဖြစ်နေတာတောင်...သူက မင်းအတွက် စွမ်းအားတချို့ ချန်ထားခဲ့သေးတာပါလား... "
ထိုစကားကို ပြောဆိုပြီးနောက် မိစ္ဆာလူသား၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အလင်းသည် ပို၍ တောက်ပလာပြီး မိုးကောင်းကင်ကိုပင် အနီရောင် သန်းသွားစေသည်။
တိမ်မည်းများက မိုးကောင်းကင်ယံတခွင်လုံးကို ဖုံးလွှမ်းသွားသည်။ မိုးကောင်းကင်ကြီးသည် သွေးမျက်ရည်များ ကျဆင်းတော့မည့်အလား နီမြန်းနေပြီး မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
Chapter 5282
"မင်းကို သတ်ဖို့ လုံလောက်တယ်"
လုယွီက တိုးညှင်းစွာ တုံ့ပြန်အဖြေပေးလိုက်သည်။ သူ၏အသံသည်လည်း အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လေဟာနယ်ကို တုန်ခါသွားစေသည်။
လူအများသည် ထိုအသံကို ကြားလိုက်ရသောအချိန်၌ သူတို့အားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိပေ၏။ ထိုအသံတွင် နတ်ဘုရားတစ်ပါးနှင့် တူညီသော အရှိန်အဝါများ ရောယှက်နေသည်မှာ သိသာထင်ရှားသည်။
မိစ္ဆာလူသား၏မျက်နှာပေါ်တွင် သတိထားသော အရိပ်အယောင်တစ်ရပ် ဖြတ်သန်းသွားကာ သူသည် မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်လိုက်၏။
"ခရက်... ခရက်..."
ရုန့်ရင်းကြမ်းတမ်းသော အက်ကွဲသံနှစ်သံနှင့်အတူ မိုးကောင်းကင်တာအိုသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် အမှန်တကယ်ကို အက်ကွဲသွားတော့သည်။
မိစ္ဆာလူသား၏စွမ်းအားသည် လူများအားလုံး၏ စိတ်ကူးယဉ်နိုင်မှုထက်ကို ကျော်လွန်သွားခဲ့လေပြီ။
ယခင်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းတန်းတစ်ခုသည် မိစ္ဆာလူသား၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။ သူ၏ကျင့်ကြံဆင့်သည် ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာပြီး ကြောက်မက်ဖွယ် အတိုင်းအတာသို့ ရောက်ရှိနေလေပြီ။
သူ၏ စွမ်းအား သုံးဆယ်ရာခိုင်နှုန်းဖြင့် စာပေသူတော်စင်နှစ်ပါးကို ဖိနှိပ်ရန် လုံလောက်ခဲ့သည်။ ယခုချိန်၌ သူသည် ကျင့်ကြံဆင့် ခုနစ်ဆယ်ရာခိုင်နှုန်းကို ပြန်လည်ရရှိထားပြီ ဖြစ်ရာ ထိုစွမ်းအားမျိုးသည် ပင်လယ်လေးစင်းလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေ၏။
"အရှင်ဧကရာဇ် ရင်ဆိုင်မယ့်သူက ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ်...တော်ဝင်မြို့တော်ထဲက လူတွေအားလုံး ပေါင်းလိုက်ရင်တောင် အဲ့ဒီကောင်ကို သတ်ဖို့ မလုံလောက်ဘူးလို့ ငါ ခံစားနေရတယ်"
ကျိုးမိသားစုဝင် မင်းသားတစ်ပါးသည် တော်ဝင်မြို့တော်ရှိ နန်းတော်ထဲတွင် ထိုင်နေရင်း သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။ အဝေးမှနေ၍ပင် သူ၏စိတ်နှလုံးထဲ၌ အေးစက်မှုကို ခံစားနေရပေ၏။
မိစ္ဆာလူသားသည် သူ၏မာန်မာနများကို ရုတ်သိမ်းလိုက်ပြီး လုယွီကို အလေးအနက်ထား၍ ဆက်ဆံရန် ရွေးချယ်လိုက်သည်။
သူ့တွင် မိုးကောင်းကင်တာအို၏ ဖိနှိပ်မှုကို တွန်းလှန်ရန် စွမ်းအားသုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး ကျန်ရှိသော စွမ်းအားခုနစ်ဆယ် ရာခိုင်နှုန်းကို လုယွီအား တိုက်ခိုက်ရန် အသုံးပြုလိုက်သည်။
"မင်းရဲ့သခင်က ဒီမှာ မရှိဘူး... ဒီနေ့ မင်းရဲ့အသက်ကို ဒီမှာပဲ ထားခဲ့လိုက်တော့"
လုယွီ၏အသံသည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည့်တိုင် အလွန်တည်ငြိမ်နေသည်။ သူ၏အသံတွင် နတ်ဘုရားတစ်ပါးနှင့်တူညီသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
လုယွီ၏စကားများသည် သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် မိစ္ဆာလူသား ပို၍ပင်ဒေါသထွက်သွားတော့သည်။
"လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရထားတာနဲ့ပဲ မင်း ကြိုက်သလို လုပ်လို့ရမယ်လို့ ထင်နေလား....မင်းက ဒီလောကကြီးမှာ မရှိသင့်တဲ့လူပဲ....ဒီနေ့ ငါ မင်းကို သတ်မယ်"
မိစ္ဆာလူသားက အော်ဟစ်လိုက်သည်။ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဟုန်ထိုးစီးဆင်းလာပြီး လုယွီကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲမပစ်ရမချင်း လက်လျော့မည့်ပုံ မပေါ်ချေ။
သို့ရာတွင် လုယွီ၏အမူအယာသည် ဂရုမစိုက်သကဲ့သို့ ရှိနေဆဲပင်။ သူသည် လောကကြီးကို အုပ်စိုးသော ရှေးဟောင်းလူသားဧကရာဇ်တစ်ပါးနှင့် တူညီနေသည်။ မည်သို့သော ခြိမ်းခြောက်မှုမျိုး ဖြစ်နေပါစေ သူ့အပေါ်သို့ သက်ရောက်မှုရှိမည် မဟုတ်ချေ။
"ငါ့ရဲ့ မဟာချင်ဓား... လာခဲ့စမ်း"
လုယွီ၏အသံထွက်ပေါ်လာပြီး မိုးကောင်းကင်ယံတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်။
ထိုအသံသည် အဆက်မပြတ် ပျံ့နှံ့သွားကာ လောကနှစ်ခုတောင်တန်းနှင့် နတ်ဆိုးနယ်မြေကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် မြင့်မားသော တောင်ကြီးတစ်လုံးထံသို့ ရောက်ရှိသွားသည်။
ထို့နောက် အသံလှိုင်းသည် နတ်ဆိုးနယ်မြေအတွင်းရှိ ထိုက်တောင်ကို လှုပ်ခတ်လိုက်ပြီး မိုးခြိမ်းသံများကို အဆုံးမရှိ ထွက်ပေါ်လာစေသည်။
ဤမမျှော်လင့်ထားသော ဖြစ်ရပ်သည် နတ်ဆိုးနယ်မြေတွင် နေထိုင်သော ရှေးဟောင်းနတ်ဆိုးများကို အငိုက်မိသွားစေသည်။ သူတို့သည် လူသားမျိုးနွယ်၏ မြင့်မြတ်သောနယ်မြေဖြစ်သော ဤနေရာကို နတ်ဆိုးမျိုးနွယ်၏ပိုင်နက်အဖြစ် အစဥ်အမြဲ ရှုမြင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်းတွင် ကြီးမားသော အပြောင်းအလဲများ မရှိခဲ့ချေ။
သို့ရာတွင် ယခုချိန်၌ ထိုက်တောင်ကြီးသည် မရပ်မနား တုန်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း...ဘုန်း....
ကြေမွှပျက်စီးသွားသော အသံများ တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားပေ၏။ ထိုက်တောင်နှင့် နီးကပ်နေသော ရှေးဟောင်းနတ်ဆိုးများသည် တစ်ကောင်ပြီးတစ်ကောင် အသတ်ခံလိုက်ရသည်။ ထိုက်တောင်မှ ပေါက်ကွဲထွက်ပေါ်လာသော ဧကရာဇ်အရှိန်အဝါကြောင့် ရှေးဟောင်းနတ်ဆိုးနှစ်သန်းခန့် အသတ်ခံလိုက်ရသည်။
"ဝုန်း"
ထိုက်တောင်ထိပ်ရှိ 'နတ်ဘုရားတောင်ငါးလုံး' ဟု ထွင်းထုထားသော ကျောက်စာတိုင်သည် ရုတ်တရက် အက်ကွဲသွားပေ၏။ ရှေးဟောင်းကြေးနီဓားတစ်လက်သည် အေးစက်စက် အလင်းရောင်များ ထုတ်လွှတ်ရင်း မိုးကောင်းကင်ယံသို့ ပျံသန်းသွားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး နတ်ဆိုးများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
နတ်ဆိုးဘိုးဘေးတချို့သည် ကြေးနီဓားကို ပိတ်ဆို့ရန် ကြိုးစားကြသော်လည်း အသတ်ခံလိုက်ရသည်။ နတ်ဆိုးများ၏သွေးများသည် မိုးကောင်းကင်ယံမှနေ၍ ဖြာကျလာပြီး မြေပြင်ပေါ်၌ စွန်းထင်းသွားတော့သည်။
"လူသားမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ"
"ဒီဓားကို ဘယ်သူက ဆင့်ခေါ်နေတာလဲ... ဘယ်လောက်တောင် အားကောင်းတဲ့ စိတ်ဆန္ဒလဲ... ငါ့ရဲ့ခန္ဓာကိုယ်တောင် ပြိုကွဲတော့မလို ခံစားနေရတယ်"
နတ်ဆိုးနယ်မြေအတွင်းမှ အသံတချို့ ထွက်ပေါ်လာသည်။ သူတို့၏အသံများတွင် အဆုံးမဲ့သော စိုးရိမ်ထိတ်လန့်မှုများကို ထုတ်ဖော်ပြသနေပြီး အဆုံးသတ်တွင် သူတို့သည် နောက်ထပ် လှုပ်ရှားရဲခြင်း မရှိကြတော့ချေ။
ကြေးနီဓားသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်နှင့် တော်ဝင်မြို့တော်ကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် လုယွီ၏လက်ထဲသို့ ရောက်ရှိသွားသည်။
လုယွီသည် ဤဓားရှည်ကို ကိုင်ဆောင်ထားစဥ်တွင် သူ၏နားထဲ၌ အော်ဟစ်သတ်ဖြတ်သံများ ရုတ်တရက် ပြည့်နှက်သွားပြီး ရှေးခေတ်စစ်မြေပြင်တွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
လုယွီ၏မျက်လုံးတစ်စုံသည် နေမင်းကြီးနှစ်စင်းအလား တောက်ပနေပေ၏။
"မဟာချင်ဓား... ဓားအိမ်က ထွက်လာစမ်း...."
Chapter 5283
လုယွီသည် မဟာချင်ဓားကို ကိုင်ဆောင်ထားပြီး ရှေးဟောင်းသိုင်းပညာနည်းစနစ်ကို အသုံးပြုကာ မိစ္ဆာလူသားကို ခုတ်ပိုင်းလိုက်သည်။
ရုတ်တရက် ဓားချီအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး အေးစက်စက် အရှိန်အဝါတစ်ရပ် ပျံ့လွင့်လာပေ၏။ ပတ်ဝန်းကျင်နေရာတဝိုက်၌လည်း ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာသည်။ ငှက်နက်သည် နေမင်းကို လိုက်ဖမ်းနေပြီး ချီလင်သည် တဟုန်ထိုးပျံဝဲကာ ဟိန်းဟောက်နေသည်။ ရှေးဟောင်းမင်ပန်းချီကားတစ်ချပ်သည် ဓားချီအလင်းတန်းထဲတွင် ထွက်ပေါ်လာပေ၏။
တောင်များနှင့်မြစ်များ နေနှင့် လ အရာအားလုံးသည် ပြောင်းပြန်လှန်ပြီး တုန်ခါသွားကာ ကြယ်များ မှေးမှိန်သွားသည်။ ဤဓားချက်အောက်တွင် ထိုအရာများအားလုံးသည် မူလတောက်ပမှုကို မထုတ်လွှတ်နိုင်တော့သည့်အလားပင်။
လုယွီသည် လူသားဧကရာဇ်၏ စွမ်းအားဖြင့် ဤဓားချက်ကို ခုတ်ပိုင်းလိုက်ခြင်းပင်။ ဤသည်မှာ သိုင်းအာဏာရှင်တစ်ဦးသာ ထိန်းချုပ်နိုင်သော စွမ်းအားဖြစ်သည်။ စစ်မှန်သောယန်ချီစွမ်းအားများ ရောယှက်နေသည့် အစွမ်းထက်ဆုံး ဓားချီ ဖြစ်ပေ၏။ ထိုဓားချီ၏ ပူပြင်းသော ယန်ချီစွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်ကို တွန့်လိမ်ပုံပျက်သွားသည်။
"ဝုန်း...."
မိစ္ဆာလူသား ထုတ်လွှတ်လိုက်သော ဓားချီအလင်းတန်းသည် နှစ်ပိုင်းပြတ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလယ်မှနေ၍ နှစ်ခြမ်းကွဲသွားပေ၏။ သူ၏သွေးချီစွမ်းအားများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းကြောင့် အငွေ့ပျံသွားတော့သည်။
"ဒါက..."
စာပေသူတော်စင်နှစ်ပါးလည်း ကြက်သေသေသွားကြသည်။ လုယွီသည် ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရုတ်တရက် ထုတ်ဖော်လိုက်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ဖူးချေ။
လူသားဧကရာဇ်၏ စိတ်ဝိညာဉ်အမျှင်တန်းသည် ကျန်ရှိသော စွမ်းအားများကို လုယွီ၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးလိုက်ပြီး လူသားဧကရာဇ်၏စွမ်းအားကို ယာယီ ပိုင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ဦး၏ သွေးချီစွမ်းအင်များသည် လုယွီ၏မရီဒါန်းများထဲသို့ စီးဝင်သွားသည်။ ဤအချိန်တွင် လုယွီသည် လောကကြီးအတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိနေပုံရပေ၏။
"အား... ငါ မင်းကို သတ်မယ်"
မိစ္ဆာလူသားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် လုယွီကို ပုရွက်ဆိတ်တစ်ကောင်အဖြစ် သတ်မှတ်ခဲ့သော်လည်း သူ့ကို ဆိုးရွားစွာ နာကျင်စေခဲ့သည်မှာ ဤပုရွက်ဆိတ်ပင် ဖြစ်နေသည်။
ဓားဖြင့်ခုတ်ပိုင်းခံရသော သူ၏အသွေးအသားခန္ဓာကိုယ်သည် ချက်ချင်းပြန်လည်၍ ကောင်းမွန်လာပေ၏။ မိစ္ဆာလူသားသည် ဓားချီအလင်းတန်းကို တဖန်ထပ်၍ ထိန်းချုပ်လိုက်ပြီး လုယွီထံသို့ ပြေးဝင်လာသည်။
သို့ရာတွင် လုယွီ၏မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေဆဲပင်။ သူသည် ဓားကို ကိုင်ဆောင်ထားရင်း နောက်တစ်ကြိမ် ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။
ဝုန်း....
ရွှေရောင်ဓားချီသည် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုအဖြစ်သို့ ရောက်ရှိသွားလုနီးပါးပင်။ အကြွင်းမဲ့ခွန်အား၏ရှေ့တွင် ဥပဒေသများနှင့် မှော်နည်းစနစ်များသည် အသုံးမဝင်ချေ။
သွေးရောင်ဓားချီသုံးထောင်သည် နောက်တစ်ကြိမ် ဖျက်ဆီးခြင်းခံလိုက်ရသည်။ လုယွီသည် သူ၏ဓားကို ပစ်လွှတ်ပြီး မိစ္ဆာလူသား၏ ခေါင်းကို ဖြတ်လိုက်သည်။ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မဟာချင်ဓားမှ ပွင့်အံ့ထွက်လာပြီး ရွှေရောင်မီးတောက် အစုအဝေးတစ်ခု ဖြစ်ပေါ်လာကာ မိစ္ဆာလူသား၏ခေါင်းကို ပြာကျသွားသည်အထိ လောင်ကျွမ်းလိုက်၏။
ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီး ချက်ချင်း နောက်ဆုတ်သွားသည်။ ထို့နောက် သန်းနှင့်ချီသော သွေးရောင်အလင်းတန်းများ စုဝေးလာပြီး ခေါင်းအသစ်တစ်လုံး ဖြစ်ပေါ်လာသည်။
မိစ္ဆာလူသား၏ခေါင်းအသစ်ရှိ မျက်လုံးများမှ ရက်စက်သော အလင်းရောင်ကို ထုတ်ဖော်ပြသနေပြီး ကြမ်းတမ်းခက်ထန်နေပုံရသည်။ သူသည် ရုန့်ရင်းကြမ်းတမ်းသော အမူအယာဖြင့် ဟိန်းဟောက်လိုက်၏။
"မင်း ငါ့ကို မသတ်နိုင်ဘူး"
"မသတ်နိုင်တဲ့သူဆိုတာ မရှိဘူး"
လုယွီ၏မျက်နှာအမူအယာ အေးစက်တင်းမာနေသည်။
"မဟာချင်ဓားကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်ရင် တခြားသူတွေရဲ့ သွေးကို သောက်သုံးလိမ့်မယ်"
ဝုန်း.....
ရွှေရောင်ဓားချီက နောက်တစ်ကြိမ် ပွင့်အံ့ထွက်လာသည်။ လုယွီသည် ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးအလား မဟာချင်ဓားကို ဝှေ့ယမ်းလိုက်သည်။ သူ ပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းသည် သေစေနိုင်သော တိုက်ကွက်များ ဖြစ်ပေ၏။
မိစ္ဆာလူသား၏လက် ပြတ်တောက်သွားကာ ပြန်လည်ကောင်းမွန်မလာမီမှာပင် သူ၏ ခြေထောက်နှစ်ဖက်လုံး ထပ်မံ၍ ပြတ်တောက်သွားသည်။ သွေးမြူခိုးများသည် လေထုထဲတွင် လွင့်ပျံနေပြီး သူ၏ပတ်ဝန်းကျင်၌ သွေးရောင်ငရဲနယ်မြေတစ်ခုကို ဖန်တီးလိုက်သည့်အလားပင်။
သတ်... သတ်... သတ်...
လုယွီ၏မျက်နှာ အေးစက်တင်းမာနေသည်။ မိစ္ဆာလူသားသည် ပြန်လည်ကောင်းမွန်လာတိုင်း သူ၏ခြေလက်များ ထပ်ခါတလဲလဲ ဖြတ်တောက်ခြင်းခံနေရသည်။
မိုးခြိမ်းသံများသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေ၏။ မိုးကောင်းကင်တာအိုမှ စွမ်းအားများစုဝေးလာပြီး ကြောက်မက်ဖွယ် တွန်းကန်အားတစ်ရပ်က မိစ္ဆာလူသား၏ ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။
အဆုံးသတ်တွင် မိစ္ဆာလူသား၏မျက်နှာပေါ်၌ ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
"မင်း ငါ့ကို တကယ်သတ်ရင် ငါ့ရဲ့သခင်က မင်းတို့အားလုံးကို သတ်ပစ်လိမ့်မယ်... မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်ရက် ကျန်နိုင်မှာ မဟုတ်ဘူး"
မိစ္ဆာလူသားက ကောင်းကင်ပေါ်သို့ ပျံသန်းရင်း ခြိမ်းခြောက်လိုက်သည်။
"ဒါဆိုရင် ငါက သူလာမှာကို စောင့်ပြီး သူ့ကိုပါ သတ်ပစ်လိုက်မယ်"
လုယွီက ကျယ်လောင်သောအသံဖြင့် တုံ့ပြန်လိုက်သည်။
"မင်း..."
မိစ္ဆာလူသားက သူ၏ခြိမ်းခြောက်မှုသည် အသုံးမဝင်ကြောင်း တွေ့လိုက်ရသဖြင့် မတ်တတ်ရပ်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။
သို့ရာတွင် လုယွီသည် သူ့ကို ထွက်သွားခွင့်ပေးရန် ရည်ရွယ်ချက် မရှိချေ။
လူသားဧကရာဇ်၏ သွေးချီစွမ်းအားများအားလုံး မဟာချင်ဓားပေါ်တွင် စုဝေးလာသည်။ မဟာချင်ဓားသည် ပြင်းထန်စွာ တုန်ခါလာပြီး စူးရှသော ရွှေရောင်အလင်းတန်းတစ်ခုက အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားတော့သည်။
လုယွီ၏အရှိန်အဝါသည်လည်း မြင့်တက်လာပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဝှစ်.....
ဓားချီအလင်းတန်းသည် လေဟာနယ်ကို ဖြတ်တောက်သွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းက မိစ္ဆာလူသားကို ဝါးမြိုသွားတော့သည်။
မိစ္ဆာလူသားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း အဆုံးသတ်တွင် တဖြည်းဖြည်း အားပျော့သွားသည်။
မိစ္ဆာလူသား အသတ်ခံရပြီးနောက် သူ၏ မူလခန္ဓာကိုယ်အစစ်အမှန်သည် နောက်ဆုံးတွင် ထွက်ပေါ်လာပေ၏။
ထိုအရာသည် မိုးမြေဖျက်ဆီးနန်းတော်၏ ပျက်စီးနေသော ကျောက်တုံးများပေါ်သို့ အားအင်ချည့်နဲ့စွာ ပြုတ်ကျလာသည့် သွေးရောင်ဓားတစ်လက် ဖြစ်နေသည်။
ရှေးဟောင်းရုပ်ပုံစာနှစ်လုံးကို သွေးရောင်ဓား၏ မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသည်။
ဤသည်မှာ အင်မော်တယ် ကွပ်မျက်ဓားပင်။
Chapter 5284
အင်မော်တယ်ကွပ်မျက်ဓားသည် မြေပြင်ပေါ်တွင် အထီးကျန်စွာ လဲလျောင်းနေပြီး အေးစက်သော လေရိုင်းများ တိုက်ခတ်နေသော်လည်း ဓားသွားပေါ်တွင် မည်သည့် စိတ်ဝိညာဉ်အငွေ့အသက်မျှ ကျန်ရှိမနေတော့ချေ။
ထိုအရာသည် ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ထင်မှတ်ရပြီး မည်သူ ကြည့်ပါစေ ထိုဓားကို ယခင်က လွှမ်းမိုးခြယ်လှယ်ခဲ့သော မိစ္ဆာလူသားနှင့် ဆက်စပ်တွေးတောနိုင်မည် မဟုတ်ပေ။
"လူသားကျင့်ကြံသူတွေနဲ့ အရင်းအမြစ်တွေ အများကြီး ကုန်ဆုံးခဲ့ရတယ်...ခေတ်အဆက်ဆက်မှာ အစစ်အမှန်အင်မော်တယ် ဖြစ်ချင်ကြတဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပေမယ့်... တကယ်တမ်းကျတော့ ငါတို့အားလုံးက ဓားတစ်လက်ရဲ့ လှောင်ပိတ်တာကို ခံထားခဲ့ရတာပဲ"
လုယွီ အနည်းငယ် တွေဝေမိန်းမောသွားခဲ့သည်။ တာအိုကျမ်းစာများတွင် ဖော်ပြထားသော အလယ်ခေတ်မှ ဘေးကပ်ဆိုးများ၏ တရားခံမှာ ဓားတစ်လက်သာ ဖြစ်နေခဲ့ပေ၏။
အေးစက်စက်လေများ လုယွီထံသို့ ရုတ်တရက်ဖြတ်သန်းတိုက်ခတ်လာသည်နှင့်အတူ လူသားဧကရာဇ်၏စွမ်းအားများလည်း ပျောက်ကွယ်သွားတော့သည်။
ဤသည်မှာ မူလကတည်းက လူသားဧကရာဇ်၏အကြွင်းအကျန် အသိစိတ်အမျှင်တန်းတစ်ခုပင်။ ထိုအရာသည် နောက်ဆုံးလက်ကျန် စွမ်းအားအရှိန်အဝါဖြင့် ယခုအချိန်အထိ တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။
"ငါ မျှော်လင့်ထားသလိုပဲ....မူလဘူတသက်ရှိတွေက နယ်မြေတစ်ခုကို အကြာကြီး စောင့်ကြည့်မနေနိုင်ကြဘူး.... ဒါကြောင့် နယ်မြေတွေကို စောင့်ကြည့်ဖို့ လက်နက်စိတ်ဝိညာဉ်ကိုပဲ အသုံးပြုခဲ့တာ ဖြစ်မယ်..."
ရွှမ်ရှန့်သည် မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ဤအချိန်တွင် မိုးကောင်းကင်တာအို၌ ထွက်ပေါ်နေသော အက်ကွဲကြောင်းကြီးသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပေ၏။ မိစ္ဆာလူသား၏ နှောက်ယှက်မှု မရှိတော့သည့်အတွက် မိုးကောင်းကင်တာအိုသည် မူလအခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားတော့သည်။
"ဒါက ဓားတစ်လက်ပဲ ရှိသေးတယ်...ဒီအရာရဲ့နောက်ကွယ်က သခင်အစစ်အမှန်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိမ့်မလဲ"
သူတော်စင်ရီကလည်း မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။ မူလဘူတသက်ရှိနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ၏ အတိတ်က မနှစ်မြို့ဖွယ် အမှတ်တရများကို ပြန်လည်၍ သတိရလာခဲ့သည်။
ပြင်ပကောင်းကင်ဘုံမှ နောက်ဆုံးကျန်ရစ်သူ အစစ်အမှန်အင်မော်တယ် တစ်ပါးအနေဖြင့် တခြားနယ်မြေတစ်ခုတွင် လွင့်မျောနေရင်း သူ၏ မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်လိုက်ရချိန်တွင် စွမ်းအားမဲ့သကဲ့သို့ ခံစားမှုမျိုး ဖြစ်ပေါ်လာခဲ့ရသည်။
"ဒီလက်နက်စိတ်ဝိညာဉ်ကို သတ်ဖြတ်လိုက်ရင် ကောင်းကင်ဘုံနယ်မြေကို အသက်ရှူချောင်သွားစေလိမ့်မယ်လို့ လူသားဧကရာဇ်က ပြောခဲ့တယ်"
လူသားဧကရာဇ်ကဲ့သို့ အဆင့်အတန်းမျိုး ရှိသူတစ်ဦးသည် အဓိပ္ပါယ်မဲ့သော စကားများကို ပြောဆိုလိမ့်မည် မဟုတ်ကြောင်း လုယွီက ယုံကြည်သည်။
စွမ်းအား...
သူ့ထံတွင် လိုအပ်နေသည်မှာ လုံလောက်သော စွမ်းအားသာ ဖြစ်ပေ၏။
"ကောင်းကင်ဘုံတံခါး ထွက်ပေါ်လာပြီ"
လုယွီက မိုးကောင်းကင်သို့ မော့ကြည့်လိုက်ရာ လေဟာနယ်အတွင်းရှိ မရေမတွက်နိုင်သော တိမ်တိုက်နှင့်မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ကြီးမားပြီး ခန့်ညားထည်ဝါသော တံခါးကြီးတစ်ချပ်က လုယွီ၏ရှေ့တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုတံခါးကြီးပေါ်တွင် ရှေးဟောင်းမျဉ်းကွေးသင်္ကေတများကို ထူထပ်သိပ်သည်းစွာ ထွင်းထုထားသည်။ ထို့ပြင် လျှို့ဝှက်နက်နဲကာ ရှုပ်ထွေးသော ရှေးဟောင်းအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။
မူလဘူတသက်ရှိ၏ ချုပ်နှောင်မှုများ မရှိတော့သည့်နောက်တွင် ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော ဤတံခါးကြီးသည် နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့လေပြီ။
ကောင်းကင်ဘုံတံခါး၏ နောက်ကွယ်တွင် အင်မော်တယ်အလင်းတန်းများ တောက်ပနေပြီး ရှေးဟောင်းအင်မော်တယ်နန်းတော်များကို အင်မော်တယ်မြူခိုးများကြားတွင် ဝိုးတဝါး မြင်တွေ့နေရသည်။ တချိန်တည်းမှာပင် ရှေးဟောင်းခေတ်မှ နက်နဲသိမ်မွေ့သော အသံများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့အပြားသို့ ပဲ့တင်ထပ်နေသည်။
စာပေသူတော်စင်နှစ်ပါးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။ လုယွီ လျှောက်လှမ်းနေသော အစစ်အမှန်အင်မော်တယ်လမ်းစဉ်သည် ဤမျှအဆင့်ထိ ရောက်ရှိလာခဲ့လေပြီ။
ကောင်းကင်ဘုံနယ်မြေရှိ သက်ရှိများသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြိုးစားခုခံခဲ့ကြပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံတံခါးကို ပြန်လည်၍ ဖွင့်လှစ်နိုင်ခဲ့ကြသည်။
လုယွီသည် လေဟာနယ်ကို နင်းလျှောက်ကာ ကောင်းကင်ဘုံတံခါး၏ရှေ့သို့ ရောက်ရှိလာပြီး ထိုအရာ၏ရှေ့တွင်ရှိနေသော ကျောက်စာတိုင်ကို မဟာချင်ဓားဖြင့် ရိုက်ခွဲလိုက်သည်။
ကောင်းကင်နှင့်မြေပြင်အကြားရှိ သက်ရှိများကို ချုပ်နှောင်ထားသော ထိုကျောက်စာတိုင်သည် မဟာချင်ဓား၏စွမ်းအားကို တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ ဝုန်းခနဲ အသံနှင့်အတူ ကျောက်စာတိုင်သည် ပြိုကွဲပျက်စီးသွားပြီး လုယွီက ကျိုးပဲ့သွားသော အပိုင်းအစများကို သိမ်းဆည်းလိုက်သည်။
ဤကျောက်စာတိုင်ကို ပြုလုပ်ထားသော ပစ္စည်းသည် အလွန်ထူးခြားပေ၏။ မာကျောသော ကျောက်တုံးအတွင်းတွင် မဟာတာအို ဥပဒေသစွမ်းအားများ ရောယှက်ပါဝင်နေသည်။ ကောင်းကင်ဘုံနယ်မြေ တစ်ခုလုံးတွင် ဤကဲ့သို့အရာမျိုး နောက်ထပ်တစ်ခုကို ရှာတွေ့နိုင်ရန် မလွယ်ကူချေ။
ကောင်းကင်ဘုံတံခါးမှနေ၍ အလွန်များပြားသော အင်မော်တယ် စွမ်းအားများကို ထုတ်လွှတ်ထားသည်။ ခုနစ်ရောင်ခြယ်အလင်းတန်းများသည် တောက်ပနေကာ သာယာနာပျော်ဖွယ်ကောင်းသော အင်မော်တယ်တေးသံများ ထွက်ပေါ်လာသည်။ ထိုအရာအားလုံးသည် တာအိုကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း တထပ်တည်း ကျနေသည်။
လုယွီသည် ကောင်းကင်ဘုံတံခါးကို ဖြတ်ကျော်ပြီး ဝင်ရောက်သွားလိုက်၏။
သူ၏မျက်စိရှေ့မှ ကျယ်ပြန့်သော အင်မော်တယ်နယ်မြေသည် မှန်ထဲက ပုံရိပ် သို့မဟုတ် ရေထဲက လမင်းကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ အစစ်အမှန် ထိတွေ့ကြည့်လိုက်မှသာ ထိုအရာ၏နက်နဲသိမ်မွေ့မှုကို သိရှိနိုင်ပေမည်။
ကောင်းကင်ဘုံတံခါး၏နောက်ကွယ်တွင် လူသူကင်းမဲ့ပြီး အပျက်အစီးများသာ ရှိနေခဲ့သည်။
ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်မှ ရွှမ်အင်မော်တယ် နှောင်းပိုင်းအဆင့်သို့ အဆင့်တက်ရောက်ခြင်းသည် အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခုဟု ဆိုကြ၏။ ထိုအချိန်တွင် အင်မော်တယ်များသည် သုံးဆယ့်သုံးဘုံနယ်မြေသို့ ဝင်ရောက်နိုင်ပြီး ကောင်းကင်ဘုံနန်းတော်၏ အမြင့်မြတ်ဆုံး အမွေအနှစ်များကို ရယူနိုင်ကြသည်။
"ကောင်းကင်ဘုံလမ်းစဉ်က လုံးဝပြတ်တောက်သွားပြီလား"
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ယခင်က အင်မော်တယ်နန်းတော်၏ ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများကိုသာ မြင်တွေ့လိုက်ရသည်။
ကောင်းကင်ဘုံနန်းတော် ပြိုလဲသွားပြီးနောက် သုံးဆယ့်သုံးဘုံနယ်မြေသည်လည်း ထိုအရာနှင့်အတူ လိုက်ပါပြိုလဲပျက်စီးသွားကာ ယခု သူမြင်တွေ့နေရသော အပျက်အစီးများအဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
Chapter 5285
ကောင်းကင်ဘုံတံခါး၏နောက်ကွယ်တွင်မူ လူသူကင်းမဲ့ကာ ခြောက်ကပ်နေဆဲပင်။
ဤအခြေအနေသည် အလွန်မျှော်လင့်ချက်မဲ့ဖွယ်ကောင်းသော ရလဒ်တစ်ခု ဖြစ်ပေ၏။ လုယွီသည် အင်မော်တယ်ကွပ်မျက်ဓား၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး ကောင်းကင်ဘုံတံခါး၏ ချုပ်နှောင်မှုများကို ရိုက်ခွဲနိုင်ခဲ့သော်လည်း ဤသည်မှာ သူနောက်ဆုံးရရှိလိုက်သော ရလဒ်ပင်။
"ရှေးဟောင်း အစစ်အမှန်အင်မော်တယ်တွေက ဆက်ပြီးကျင့်ကြံခွင့် မရတော့ဘူးလား... နောက်ဆုံးအဆင့်ကို တကယ်ပဲ ဖြတ်ကျော်လို့ မရတော့ဘူးလား"
လုယွီ၏စိတ်နှလုံးသားအတွင်းတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေပြီး သူ၏နတ်ဘုရားစိတ်အာရုံကို အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကျက်ကာ အပျက်အစီးများကြားတွင် အဖြေတစ်ခုကို ရှာဖွေနေခဲ့သည်။
ကံဆိုးစွာဖြင့် နေရာတိုင်းတွင် ထူထပ်သိပ်သည်းသော ဖုန်မှုန့်များသာ ဖုံးလွှမ်းနေသည်။ ပုံသဏ္ဍာန် မပျက်ယွင်းသေးသော အရာဝတ္ထုများသည်ပင် အနည်းငယ် ထိတွေ့လိုက်သည်နှင့် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။
အင်မော်တယ်နန်းတော် အတွင်းတွင် ကျိုးပဲ့ပျက်စီးနေသော ကောင်းကင်စစ်သူကြီးရုပ်သေး အမြောက်အများကို လုယွီက မြင်တွေ့လိုက်ရသည်။ ထိုအရာများထံတွင် မည်သည့် စိတ်ဝိညာဉ်စွမ်းအားမျှ မကျန်ရှိတော့ချေ။ ဘေးကပ်ဆိုးကြီး ကျရောက်လာချိန်တွင် သူတို့သည် တုံ့ပြန်ရန်ပင် အချိန်ရလိုက်ဘဲ ကျဆုံးသွားခဲ့သည်။
"ကျင့်ကြံခြင်းလမ်းစဉ်က ဒီလိုမျိုး ပြတ်တောက်သွားလိမ့်မယ်လို့ ငါမယုံဘူး"
ဤလမ်းကို ရွေးချယ်လျှောက်လှမ်းမိစဥ်မှစ၍ နောက်ပြန်လှည့်ရန် လမ်းမရှိကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။
ရှေးဟောင်းခေတ်ကတည်းက ကောင်းကင်နှင့် မြေပြင်ကြားရှိ သက်ရှိများအားလုံးသည် အတုအယောင် အင်မော်တယ် လမ်းစဉ်ကိုသာ အမြဲတစေ ကျင့်ကြံခဲ့ကြသည်။ သူ ကျင့်ကြံခြင်း စတင်ခဲ့သည့် နေ့မှစ၍ ယခင်သက်ရှိများများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားရန် ကံပါလာပြီးသား ဖြစ်ပေ၏။
ဤအခြေအနေသည် ကျောက်တုံးများကို စမ်းသပ်နင်းလျှောက်ကာ မြစ်ကို ဖြတ်ကူးရသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ သူသာ ဤနေရာ၌ လမ်းဆုံးသွားခဲ့လျှင် နောင်အနာဂတ်ဤ ကျင့်ကြံသူများသည် နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းရဲကြတော့မည် မဟုတ်ချေ။
လုယွီသည် လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ သူ၏မျက်လုံးထဲတွင် မျဉ်းကွေးသင်္ကေတများ ဖြတ်ပြေးသွားသည်။ သူ၏အနက်ရောင်ဆံပင်ရှည်များ လူးလွန့်သွားကာ ကောင်းကင်နှင့်မြေပြင်ရှိ အရာအားလုံး၏ ကံကြမ္မာကို သူ၏လက်ဝါးအတွင်း၌ ဆုပ်ကိုင်လိုက်သည်။
အပြောင်းအလဲကျမ်းစာ၏ ကြီးမားသော စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။ ကြီးမားသော အင်မော်တယ်နန်းတော်မှသည် သေးငယ်သော ဖုန်မှုန့်လေးများအထိ မည်သည့်အရာမျှ လုယွီ၏ အမြင်အာရုံအောက်မှ မလွတ်ကင်းနိုင်ချေ။ အလွန်များပြားသော ကံကြမ္မာကြိုးမျှင်များသည် သူ၏မျက်စိရှေ့တွင် ရှုပ်ထွေးယှက်နွယ်နေပေ၏။ သို့ရာတွင် လုယွီ၏အကြည့်သည် ပုံရိပ်ယောင်များကို ဖောက်ထွင်း၍ ကံကြမ္မာ၏အဆုံးသတ်ကို မြင်တွေ့နိုင်စွမ်း ရှိပုံရသည်။
လုယွီ၏စိတ်ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်။ အင်မော်တယ်ကွပ်မျက်ဓား၏စိတ်ဝိညာဉ်နှင့် ထိပ်တိုက်တွေ့ဆုံချိန်က သူသည် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
သို့ရာတွင် လုယွီသည် ဤနေရာ၌ ရပ်တန့်လိုက်ရန် ဆန္ဒမရှိသေးချေ။ ကောင်းကင်ဘုံတံခါး ပွင့်လာခြင်းသည် အလွန်ရှားပါးသော အခွင့်အရေးတစ်ခုပင်။ သူ ရှေ့သို့ ခြေတစ်လှမ်း ဆက်လှမ်းနိုင်ရန်အတွက် ဤနေရာ၌ အဆင့်ချိုးဖျက်မှုကို မဖြစ်မနေ လုပ်ဆောင်ရမည်။
ဝုန်း....
ကံကြမ္မာကျမ်းစာ၏စာလုံးများ အရပ်မျက်နှာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော မျဉ်းကွေးသင်္ကေတများသည် ပုံစံအမျိုးမျိုး ပြောင်းလဲကာ သုံးဆယ့်သုံးဘုံနယ်မြေအတွင်းသို့ တိုးဝင်သွားပြီး ကံကြမ္မာ၏ အချိုးအကွေ့တစ်ခုကို ရှာဖွေနေကြသည်။
သို့ရာတွင် ထိုအချိန်မှာပင် သုံးဆယ့်သုံးဘုံနယ်မြေ၏ နက်ရှိုင်းသော နေရာမှ ပုံမှန်မဟုတ်သော ပုံရိပ်ယောင်ကြီးတစ်ခု ပွင့်အံ့ထွက်လာခဲ့သည်။
ဤသည်မှာ တွင်းနက်ကြီးတစ်ခုမှ ထွက်ပေါ်လာသော ဧရာမသွေးလက်ဝါးကြီး ဖြစ်ပြီး လုယွီကို ဖမ်းဆုပ်ရန် ဦးတည်လာသည်။ ထိုသွေးလက်ဝါးကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကြောက်မက်ဖွယ်ဖိအားကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် လေဟာနယ်သည် တစ်လက်မချင်းစီ ပြိုလဲပျက်စီးသွားပေ၏။
"ယုတ်မာလိုက်တာ...."
ထိုမြင်ကွင်းကို မြင်တွေ့ရချိန်၌ လုယွီ ချက်ချင်း နားလည်သဘောပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
မူလဘူတသက်ရှိများထံတွင် မရေမတွက်နိုင်သော လှည့်ကွက်များ ရှိကြသည်။ သူတို့သည် ကောင်းကင်ဘုံတံခါး၏ အပြင်ဘက်တွင် ကျောက်စာတိုင်တစ်ခု ထားရှိပြီး အင်မော်တယ် နယ်မြေကို ပိတ်လှောင်ထားရုံသာမက ကောင်းကင်ဘုံတံခါး၏ အတွင်းပိုင်းကိုပင် အလွတ်ပေးခြင်း မရှိခဲ့ချေ။
ဤသေကွင်းသေကွက်လှုပ်ရှားမှုကို ကောင်းကင်ဘုံတံခါး၏နောက်ကွယ်တွင် ဝှက်ထားခဲ့သည်မှာ မည်မျှထိ ကြာမြင့်ခဲ့ကြောင်း မသိနိုင်ပေ။ ထိုအရာသည် ကောင်းကင်ဘုံတံခါးအတွင်းသို့ ဝင်ရောက်လာမည့် အစစ်အမှန်အင်မော်တယ်များကို စောင့်ဆိုင်းနေခြင်းပင်။
ဤသည်မှာ ရန်သူများသည် ကျဉ်းမြောင်းသောလမ်းတွင် ထိပ်တိုက်တွေ့ဆုံရသကဲ့သို့ ဖြစ်နေသဖြင့် အပိုစကားများ ပြောနေရန် မလိုတော့ချေ။ လုယွီသည် မဟာချင်ဓားကို ကိုင်ဆောင်၍ ရှေ့သို့ တိုးဝင်သွားပြီး ကြီးမားသော ဓားချီစွမ်းအင်များသည် ဆက်တိုက်ထွက်ပေါ်လာသည်။
ဝှစ်.....
ကြောက်မက်ဖွယ် ကောင်းသော ဓားချီစွမ်းအားများသည် ရှေးဟောင်း စစ်နတ်ဘုရားတစ်ပါးက သူ၏တိုက်ပွဲဝင်ပုဆိန်ကို မြှောက်ကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည့်အလား လေဟာနယ်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာစေသည်။
လူသားဧကရာဇ်၏စွမ်းအားသည် လုယွီ၏ ခန္ဓာကိုယ်ထဲမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။ သို့ရာတွင် လုယွီ၏ကိုယ်ပိုင်စွမ်းအားသည်လည်း ကြောက်ခမန်းလိလိ ရှိနေဆဲပင်။ သိုင်းအာဏာရှင်အဆင့် ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်၏စွမ်းအားများ ပေါင်းစပ်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပွင့်အံ့ထွက်လာသည်။
ဝုန်း....
ကြီးမားသော အရှိန်အဝါနှစ်ရပ်သည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြ၏။ ပတ်ဝန်းကျင်ရှိ ပျက်စီးနေသော အင်မော်တယ်နန်းဆောင်များသည် တစ်ခုပြီးတစ်ခု ပြိုကျသွားပြီး အပျက်အစီးများ နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။
သို့ရာတွင် ထိုဧရာမသွေးလက်ဝါးကြီးသည် မူလဘူတသက်ရှိများ ချန်ထားရစ်ခဲ့သော သေကွင်းသေကွက် လှုပ်ရှားမှုတစ်ခုပင်။ ထိုအရာ၏ စွမ်းအားသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး မဟာချင်ဓား၏ ဓားချီစွမ်းအင်ကို ထိပ်တိုက်ရင်ဆိုင်ကာ ဖျက်ဆီးလိုက်၏။
"ဖူး..."
လုယွီသည် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ၏မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။ သူသည် ယခင်က အင်မော်တယ်ကွပ်မျက်ဓား၏ ပုံရိပ်ယောင်နယ်မြေထဲတွင် ပိတ်မိခဲ့ဖူးပြီး သူ၏စိတ်ဝိညာဉ်သည် အပြင်းအထန် ဒဏ်ရာရရှိနေလေပြီ။ ယခုချိန်၌ နောက်ထပ်တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် သူ ခုခံနိုင်ရန် အနည်းငယ်ခက်ခဲနေသည်။
Thank For Reading.