← Chapters

အခန်း (၅၂၈၆-၅၂၉၀)

Vol. 268 Ch. 5286-5290

အခန်း (၅၂၈၆-၅၂၉၀)

Vol. 268 Ch. 5286-5290

Chapter 5286

"ထပ်လာစမ်း...."

လုယွီ၏အနက်ရောင်ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ့ကိုကြည့်ရသည်မှာ အရူးတစ်ယောက်အလားပင်။ သူ၏လက်ထဲရှိ မဟာချင်ဓားသည် လုယွီ၏ဒေါသကို အာရုံခံမိသည့်အလား တဆတ်ဆတ်တုန်ခါနေသည်။

ကြီးလေးသော တန်ကြေးကိုပေးဆပ်ခဲ့ရပြီးမှ နောက်ဆုံးအဆင့်တွင် သေစေလောက်သော တိုက်ခိုက်မှုကို ခံစားလိုက်ရသဖြင့် လုယွီသည် မည်သို့ လိုလားနိုင်မည်နည်း....

သူ့ထံမှ အဆုံးမဲ့ဒေါသနှင့် မလိုလားမှုများသည် ဤအချိန်အခိုက်အတန့်တွင် ပွင့်အံ့ထွက်လာသည်။ လုယွီသည် ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ထိုအရာ၏စွမ်းအားသည် တောင်များနှင့်မြစ်များကို ဝါးမျိုသွားလုမတတ်ပင်။

"လုယွီရဲ့အရှိန်အဝါက အရမ်းအားနည်းနေပြီ"

ကောင်းကင်ဘုံတံခါးအပြင်ဘက်ရှိ ရီရှန့်နှင့်ရွှမ်ရှန့်တို့သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်ကြသည်။

ရွှမ်ရှန့်က သက်ပြင်းချလိုက်သည်။

"ဒါက သူ့ရဲ့ ကပ်ဘေးပဲ... ငါတို့ ဝင်ပါလို့ မရဘူး"

စာပေသူတော်စင်နှစ်ပါးတွင် မိုးထိမြင့်မားသော ကျင့်ကြံဆင့်စွမ်းအားများ ရှိကြသော်လည်း ကောင်းကင်ဘုံတံခါးသည် လုယွီကြောင့် ဆင်းသက်လာခြင်းဖြစ်သောကြောင့် သူတို့ ဝင်ရောက်စွက်ဖက်၍ မရနိုင်ချေ။

"ဒီအဆင့်ထိ ရောက်လာပြီးမှ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာအုံးမှာလဲ"

ရီရှန့်က ကြေကွဲဝမ်းနည်းစွာ ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူ၏ တပည့်ပင်။ လုယွီသည် ကောင်းကင်ဘုံတံခါးအတွင်း၌ ဒုက္ခရောက်နေသည်ကို ကြည့်ရသည်မှာ သူ ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည်။

ရွှမ်ရှန့်သည် မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ပြောဆိုလိုက်၏။

"ရှေးခေတ်ကတည်းက အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ဆိုတာ ကျင့်ကြံဆင့်တစ်ခုတည်း မြင့်မားနေရုံနဲ့ မပြီးဘူး....အင်မော်တယ်လမ်းစဉ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲ.....ရေတွက်လို့မရနိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရမယ်....လူဖြစ်ဖို့တောင် အတားအဆီးတွေကို ကျော်ဖြတ်ရသေးတာပဲ... အင်မော်တယ်ဖြစ်ဖို့ဆိုတာ ပြောနေဖို့ လိုသေးလို့လား"

ထိုစကားကို ပြောဆိုပြီးနောက် ရွှမ်ရှန့်က သက်ပြင်းချလိုက်သည်။

"ကံကြမ္မာကပ်ဘေးက အနှေးနဲ့အမြန် ကျရောက်လာမှာပဲ...ဒါက သူ ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ် မူတည်တယ်"

သူတော်စင်နှစ်ပါးသည် ကောင်းကင်ဘုံတံခါး အပြင်ဘက်တွင် စောင့်ကြပ်နေပြီး ရလဒ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ကောင်းကင်ဘုံတံခါးအတွင်းရှိ လှုပ်ရှားမှုများသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တုန်ခါစေပြီး ဖြစ်နေသည်။ လုယွီသည် သွေးရောင်ဧရာမလက်ကြီးနှင့် ပြင်းထန်သော တိုက်ပွဲကို စတင်နေလေပြီ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ပေတစ်သောင်းခန့်ရှိသော ရွှေရောင်ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သူ၏သွေးချီစွမ်းအားများသည် နဂါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူတော်စင်ဧကရာဇ် ခန္ဓာကိုယ်သည် သူ၏ စွမ်းအားကြီးမားသော ရုပ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

လုယွီ၏တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲရိုက်ခတ်မှုများကို မခံနိုင်တော့ဘဲ မရေမတွက်နိုင်သော အင်မော်တယ်နန်းတော်အပျက်အစီးများသည် တစ်ခုပြီးတစ်ခု ပြိုကျကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသွေးရောင်လက်ကြီးသည် နောက်ဆုံး၌ ဖိနှိပ်ခြင်း ခံလိုက်ရလေ၏။ ထိုအရာတွင် အစပထမ၌ ပေါက်ကွဲထွက်လာသော စွမ်းအားသာ ရှိပုံရပြီး အကယ်၍ ပြိုင်ဘက်ကို ချက်ချင်းမချေမှုန်းနိုင်ပါက တဖြည်းဖြည်း အားနည်းသွားပေမည်။

လုယွီ၏ပါးစပ်ထောင့်မှ သွေးစများ ယိုစီးကျလာသည်။ ဤသွေးရောင်ဧရာမလက်ကြီးကို ဖိနှိပ်ရန်အတွက် သူသည် မှော်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများစွာကို ကုန်ဆုံးခဲ့ရသည်။

သူ၏မျက်လုံးများထဲမှ မောပန်းနွမ်းနယ်မှုကို ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။ သူသည် သုံးရက်နှင့် သုံးညတိုင်တိုင် မျက်စိမမှိတ်ဘဲ အဆက်မပြတ် အလုပ်လုပ်ခဲ့ရသော သာမန်လူသားတစ်ဦးအလား သူ၏မျက်လုံးများတွင် သွေးကြောမျှင်များဖြင့် ပြည့်နှက်နေသည်။

"ဝှစ်..."

သွေးရောင်ဧရာမလက်ကြီးသည် တဖန်ပြန်၍ ပွင့်အံ့ထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဆုတ်ဖြဲကာ လုယွီဘက်သို့ ဦးတည်၍ ပြင်းထန်စွာ ကုတ်ခြစ်လိုက်၏။

ထိုအရာသည် မောပန်းခြင်းကို လုံးဝ မသိရှိဘဲ လုယွီကို မသတ်ရမချင်း အနားယူမည် မဟုတ်သည့်အလားပင်။

"ဒီနေ့ မင်းရဲ့ ဓားဝိညာဉ်ကို ငါ ဖျက်ဆီးပစ်မယ်... အနာဂတ်မှာ ငါ ကောင်းကင်ဘုံက ထွက်လာနိုင်တဲ့ အချိန်ကျရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ငါ ဖျက်ဆီးပစ်မယ်"

လုယွီက အော်ငေါက်လိုက်ရာ သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အထွတ်အထိပ်သို့ မြင့်တက်လာပေ၏။ သူ၏ဓားချက်တစ်ချက်ဖြင့် ပတ်ဝန်းကျင်ရှိ အသံများအားလုံး ရပ်တန့်သွားသည်။

လုယွီနှင့်နီးကပ်နေသော အင်မော်တယ်နန်းတော်များအားလုံးသည် ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ အမှုန်အမွှားများအဖြစ် ပြောင်းလဲကာ လေထဲသို့ ပျောက်ကွယ်သွားသည်။

သို့သော် သွေးရောင်ဧရာမလက်ကြီးတွင် အသိစိတ်မရှိဘဲ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကိုသာ ထုတ်လွှတ်ထားသည်။ နှစ်ဖက်လုံး၏ တိုက်ပွဲတွင် နည်းစနစ်ဟူ၍ မရှိဘဲ စွမ်းအားချင်း သက်သက် ထိပ်တိုက်တွေ့ဆုံခြင်းပင်။

"ဘုန်း...ဘုန်း...ဘုန်း...."

ဓားချက်တစ်ချက်ဖြင့် လုယွီသည် ဓားချီပေါင်းတစ်သောင်းကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။ ထိုဓားချီတစ်လှိုင်းစီ၏ စွမ်းအားသည် ထပ်ဆင့်ပေါင်းစပ်ကာ ပို၍သန်မာအားကောင်းလာသည်။

မရေမတွက်နိုင်သော အင်မော်တယ်နန်းတော်များကြားတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဓားအင်မော်တယ်တစ်ပါးအလား ဓားချီစွမ်းအား ထောင်ပေါင်းများစွာကို ထိန်းချုပ်ထားသည့် လုယွီ၏ ပုံရိပ်ကိုသာ မြင်တွေ့ရသည်။

သွေးရောင်ဧရာမလက်ကြီးသည် နောက်ဆုံးတွင် မည်သည့်စွမ်းအားကိုမျှ ထပ်မံ၍ မထုတ်လွှတ်နိုင်တော့ချေ။ ဤသည်မှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုသာ ဖြစ်ပြီး တိုက်ခိုက်မှု လွဲချော်ပါက ထိုအရာ၏စွမ်းအားသည် အဆများစွာ အားနည်းသွားပေမည်။ နောက်ဆုံးတွင် ထိုအရာသည် မယုံနိုင်လောက်အောင် ပျက်စီးလွယ်ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်လာပေ၏။

"ပျက်စီးစမ်း...."

လုယွီ၏မျက်လုံးများက စူးရှ​​တောက်ပနေကာ သူ၏စိတ်ဆန္ဒ အလွန်အမင်းခိုင်မာသည်။

နောက်ထပ်ဓားချက်တစ်ချက်ဖြင့် သွေးရောင်ဧရာမလက်ကြီးသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားသည်။

"ပြီးသွားပြီလား...."

လုယွီက တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

သွေးရောင်ဧရာမလက်ကြီးနှင့်တိုက်ခိုက်ခြင်းသည် သူ၏ စွမ်းအားများစွာကို ကုန်ဆုံးစေခဲ့သည်။ ယခုအချိန်၌ လုယွီ၏စွမ်းအားများသည် အတိုင်းအတာတစ်ခုအထိ ကုန်ခမ်းနေလေပြီ။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ မိုးကောင်းကင်ယံကို တုန်ခါသွားစေသော နောက်ထပ် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒလှိုင်းတစ်လှိုင်းက လုယွီ၏နောက်ကျောဘက်မှ ရိုက်ခတ်လာသည်။

Chapter 5287

"ဘုန်း...."

ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် လောကကြီးတခွင်လုံး၏ မိုးကောင်းကင်ယံကို တုန်ခါသွားသည်။

လုယွီ၏မျက်စိရှေ့ရှိ မရေမတွက်နိုင်သော အင်မော်တယ်နန်းတော်များသည် ပြိုကျပျက်စီးသွားပြီး သုံးဆယ့်သုံးဘုံနယ်မြေသည် လောကကြီးပျက်သုဥ်းချိန် ရောက်ရှိလာသည့်အလား အဆုံးမဲ့ အမှောင်ထုကြီးထဲသို့ ကျရောက်သွားသည်။

လုယွီသည် လေဟာနယ်ထဲတွင် မတ်တတ်ရပ်ပြီး အမှောင်ထုက သူ့ကို ဝါးမျိုနေသည်ကို စောင့်ကြည့်လိုက်သည်။ ထို့နောက် အင်မော်တယ်နည်းစနစ်တစ်ခုကို ချက်ချင်းထုတ်ဖော်အသုံးပြုလိုက်ပြီး ထိုအမှောင်ထုအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်၏။

အမှောင်ထုထဲမှ အသွေးအသားများ ပြတ်တောက်သွားသည့် အသံထွက်ပေါ်လာပြီး သွေးညှီနံ့များ ပျံ့နှံ့လာကာ သွေးများ မြစ်ပြင်တမျှ စီးဆင်းလာသည်။

သောင်းနှင့်ချီသော ဧရာမလက်ကြီးများသည် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ကာ ရှေ့သို့ တိုးလာကြသည်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ဤဧရာမလက်ကြီးများအနက် တချို့သည် လက်ချောင်းများ ကျိုးပဲ့နေပြီး တချို့က လက်ချောင်းခြောက်ချောင်း ရှိကာ တချို့ကမူ သားရဲလက်သည်းများနှင့် တူညီနေသည်။ တချို့လက်များသည် အိုမင်းပြီး အားနည်းနေသော်လည်း ဆန့်တန်းထားသော လက်များကို မြင်လိုက်ရုံဖြင့် ငရဲမှတွားသွားထွက်လာသည့်အားပင်။ ထိုအရာများသည် အသက်ကို တောင်းဆိုနေသော သောင်းနှင့်ချီသည့် မကောင်းဆိုးဝါး သရဲတစ္ဆေများအလား ပြင်းထန်သော အမြင်အာရုံ ရိုက်ခတ်မှုကို ပေးစွမ်းနိုင်ပေ၏။

"သေစမ်း....."

ဤသွေးရောင်ဧရာမလက်ကြီးများကို မြင်တွေ့ရချိန်၌ လုယွီ၏မျက်လုံးများသည် ချက်ချင်း နီမြန်းသွားပြီး မဟာချင်ဓားသည် အနည်းငယ် တုန်ခါသွားကာ သူသည် ဓားချက်တစ်ချက်ဖြင့် ဖြတ်တောက်လိုက်သည်။

ထိုစဉ်က သုံးဆယ့်သုံးဘုံနယ်မြေကို ဖျက်ဆီးခဲ့သော မူလဘူတသက်ရှိများသည် နောင်မျိုးဆက်ရှိ အစစ်အမှန်အင်မော်တယ်များအနက် မည်သူ့ကိုမျှ အသက်ရှင်သန်ခွင့်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ ဤနေရာသို့ ရောက်လာသော မည်သူမဆို ဤအတားအဆီးများ၏ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းကို ခံရပေမည်။

ထူထပ်သိပ်သည်းသော ဧရာမလက်ကြီးများသည် ရှေ့သို့တိုးဝင်လာရာ မိုးထိမြင့်မားသော ကျင့်ကြံခြင်းရှိသူများပင်လျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရင်ဆိုင်ရချိန်၌ အလွန်ထိတ်လန့်ကြောက်ရွံသွားနိုင်သည်။

သို့ရာတွင် လုယွီသည် အလျှော့မပေးချေ။ အကန့်အသတ်မဲ့ သွေးရောင်ဧရာမလက်ကြီးများက သူ၏လမ်းကို ပိတ်ဆို့ထားသော်လည်း သူသည် အရှုံးပေးရန် ငြင်းဆန်ခဲ့ပေ၏။

"ငါ အင်မော်တယ်ဖြစ်ဖို့ လမ်းစက ဒီနေရာမှာတင် ပြတ်တောက်သွားနိုင်တာလား...."

လုယွီ၏စိတ်နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့ခြင်းကို မခံစားရဘဲ သူ၏နတ်ဘုရားစိတ်အာရုံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး သုံးဆယ့်သုံးဘုံနယ်မြေကို စူးစမ်းလေ့လာလိုက်သည်။

သို့သော် ထိုအချိန်၌ပင် အပြောင်းအလဲကျမ်းစာရှိ ခြောက်ထောင့်ကြယ်ပုံစံတစ်ခု ပြောင်းလဲသွားပြီး ကြီးမားသော ကံကောင်းခြင်း နိမိတ်တစ်ခုသည် ဦးတည်ချက်တစ်ခု၌ ထွက်ပေါ်လာသည်။

မြောက်မြားစွာသော နိမိတ်များအားလုံးသည် ထိုဦးတည်ချက်ကို ညွှန်ပြနေပေ၏။ လုယွီထံ၌ တခြားရွေးချယ်စရာ မရှိတော့ချေ။ သူ၏ အတွေးများဖြင့် ထိုနေရာသို့ ချက်ချင်း ဆက်သွယ်လိုက်ရာ သူနှင့်ရင်းနှီးသော တည်ရှိမှုကြီးတစ်ခုနှင့် ချိတ်ဆက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သုံးဆယ့်သုံးဘုံနယ်မြေသည် မြေနဂါးတစ်ကောင် လူးလွန့်လိုက်သည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းသည် အမှောင်ထုကို ထိုးဖောက်လာပြီး မရေမတွက်နိုင်သော သွေးရောင်ဧရာမလက်ကြီးများကို အမှုန်အမွှားများဖြစ်အောင် ခြေမွှဖျက်ဆီးလိုက်သည်။

အားကောင်းသော အလင်းတိုင်ကြီးတစ်ခုသည် မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။ ထိုအလင်းတိုင်ကြီးထဲတွင် ရွှေရောင်နန်းတော်တစ်ခုသည် ပျံသန်းနေသော ကျောက်တုံးများပေါ်တွင် ဂုဏ်ယူစွာ ရပ်တည်နေပြီး အထပ်ငါးထပ် မြင့်ကာ အမိုးစွန်းများကို ထောက်ပံ့ထားသော အနီရောင်တိုင် ကိုးတိုင် ပါရှိသည်။ ထိုအမိုးစွန်းများကို အနီရောင် ဆေးခြယ်ထားပြီး အုပ်ကြွပ်များသည် မြစိမ်းရောင် တောက်ပနေကာ ခမ်းနားထည်ဝါပြီး တည်ကြည်လေးနက်သည်။

ထိုရွှေရောင်နန်းတော်၏ လက်ဝဲလက်ယာတွင် တောင်ကြီးနှစ်လုံးက စောင့်ကြပ်နေသည်။ လက်ဝဲဘက်ရှိ တောင်ထွတ်သည် "ရာနှင့်ချီသောဖီးနစ်ငှက်များက နေမင်းကို မျက်နှာမူနေခြင်း" ပုံသဏ္ဌာန်ဖြင့် ပြင်းထန်စွာ လှိုင်းထနေပြီးလက်ယာဘက်ရှိ တောင်ထိပ်ခုနစ်ခုသည် "ခုနစ်စင်ကြယ် ဝန်းရံနေခြင်း" ပုံသဏ္ဌာန်ဖြင့် တည်ရှိနေသည်။ ရွှေရောင်နန်းတော်သည် ပေတစ်ထောင်မြင့်သော ချောက်ကမ်းပါးပေါ်တွင် တည်ရှိပြီး မိုးကောင်းကင်ယံရှိ အရာအားလုံးကို ဧကရာဇ်တစ်ပါး၏ နန်းတော်အလား ခမ်းနားထည်ဝါစွာ ငုံ့ကြည့်နေသည်။

သောင်းရွှမ်နန်းတော်....

အောက်ဘုံတွင် လုယွီကို သခင်အဖြစ် အသိအမှတ်ပြုခဲ့သော ဤနန်းတော်သည် သုံးဆယ့်သုံးဘုံနယ်မြေရှိ လီဟန်ဘုံတွင် တည်ရှိသည်။ ဤအချိန်အခိုက်အတန့်တွင် ထိုနန်းတော်၏ အင်မော်တယ်အလင်းရောင်သည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ရုတ်တရက် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအားသည် မိုးကောင်းကင်သို့ တန်းတန်းမတ်မတ်မြင့်တက်သွားပြီး သုံးဆယ့်သုံးဘုံနယ်မြေ၏နေရာတိုင်းသည် သောင်းရွှမ်နန်းတော်၏အလင်းတန်းများဖြင့် လွှမ်းခြုံသွားပေ၏။

လုယွီသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်ရာ သောင်းရွှမ်နန်းတော်ကို သူနှင့် ပို၍နီးကပ်လာစေသည်။

ဤသည်မှာ မျှော်လင့်ချက်မဲ့သော အခြေအနေတွင် သူ အသက်ရှင်သန်ရန် အခွင့်အရေးတစ်ခုပင်။ လုယွီ သောင်းရွှမ်နန်းတော်ထဲသို့ ဆင်းသက်လိုက်သည့် အချိန်တွင် သောင်းနှင့်ချီသော ကြီးမားသည့် သွေးရောင်ဧရာမလက်ကြီးများ ကပ်ပါလာသည်။

ကြောက်မက်ဖွယ် ဖိအားများသည် လုယွီအပေါ်သို့ ကျရောက်လာပြီး သောင်းနှင့်ချီသော မူလဘူတသက်ရှိများသည် သူ့ကို တပြိုင်နက်တည်း ပြင်းထန်စွာ တိုက်ခိုက်နေသည့်အလားပင်။

"ဖူး..."

လုယွီ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ့ထံ၌ မဟာပြီးပြည့်စုံခြင်းအဆင့် သိုင်းအင်မော်တယ်ရုပ်ခန္ဓာကိုယ် ရှိနေသည့်တိုင် ဤအဆင့်တွင်ရှိနေသော တိုက်ခိုက်မှုကို တောင့်မခံနိုင်ချေ။

မူလဘူတသက်ရှိများ ချန်ထားခဲ့သော အကြွင်းမဲ့ သတ်ဖြတ်ခြင်းလှုပ်ရှားမှုသည် သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုပင်။ အကယ်၍ စွမ်းအားကြီးမားသော ရုပ်ခန္ဓာကိုယ်မရှိသည့် အခြား အစစ်အမှန်အင်မော်တယ်သာဆိုလျှင်ယခုအချိန်၌ တိုက်ရိုက်သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

သို့သော် လုယွီသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲပင်။ သူ မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အချိန်တွင် သူသည် သောင်းရွှမ်နန်းတော်ကို ထိန်းချုပ်နိုင်ပြီးဖြစ်သည်။

(ရှေ့က Chapter လုယွီရဲ့ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်ကို သိုင်းအာဏာရှင်လို့ ရေးခဲ့ပါတယ်...လူသားဧကရာဇ်က စွမ်းအားတွေပေးခဲ့လို့ အဲ့အဆင့်ကို ယာယီရောက်သွားတာပါ...အဆင့်အမှန်က သိုင်းအင်မော်တယ်နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်ပါ)

Chapter 5288

"ထပ်လာခဲ့စမ်း"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သောင်းရွှမ်နန်းတော်ကို ထိန်းချုပ်ကာ ရှေ့သို့ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်သည် အကန့်အသတ်မရှိ ပြင်းထန်စွာတုန်ခါနေပြီး သုံးဆယ့်သုံးဘုံနယ်မြေရှိ ကြယ်များသည် ပြိုကျလုနီးပါး ဖြစ်နေသည်။ ဤသည်မှာ ကြီးမားသော အင်မော်တယ်စွမ်းအားများသည် စကြဝဠာအတွင်း၌ အက်ကွဲကြောင်းများကို ဆုတ်ဖြဲလိုက်သည့်အလားပင်။

သောင်းရွှမ်နန်းတော်သည် စွမ်းအားပြင်းထန်သော အရှိန်အဝါဖြင့် တဖန်ပြန်၍ ပွင့်အံ့ထွက်လာသည်။

ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှ လက်ဆင့်ကမ်းလာခဲ့သော ဤ အင်မော်တယ်နန်းတော်သည် ခေတ်အဆက်ဆက် အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး မြေအောက်တွင် ချိတ်ပိတ်ခံထားရကာ ကံကောင်းထောက်မစွာဖြင့် ပျက်စီးမသွားခဲ့ချေ။

နန်းတော်ရှိ အုတ်ကြွပ်တိုင်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ထိုအရာများအပေါ်တွင် အင်မော်တယ်စာလုံးများ လူးလွန့်နေကာ တောက်ပသော အင်မော်တယ်အလင်းရောင်သည် မိုးကောင်းကင်သို့ တန်းတန်းတန်းမတ်မတ် မြင့်တက်နေသည်။

အချိန်ကြာမြင့်စွာ အိပ်မောကျနေသော ဤအင်မော်တယ်နန်းတော်သည် ကြီးမားသောစွမ်းအားဖြင့် တဖန်ပြန်၍ ပွင့်အံ့ထွက်လာသည်။ ရွှေရောင်အလင်းတန်းများသည် အမှောင်ထုထဲသို့ ထိုးဖောက်ဝင်ရောက်နေသော ချွန်ထက်သည့် မြှားထောင်ပေါင်းအလား အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။

ဘုန်း... ဘုန်း...ဘုန်း.....

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ယုံနိုင်စရာမရှိလောက်အောင် အစွမ်းထက်သော သွေးရောင်ဧရာမလက်ကြီးများသည် သောင်းရွှမ်နန်းတော်၏ရှေ့တွင် ခုခံနိုင်စွမ်းမရှိဘဲ တစ်ခုပြီးတစ်ခု သွေးမြူများအဖြစ် ကြေမွှပျက်စီးသွားသည်။

သို့ရာတွင် သောင်းရွှမ်နန်းတော် ထွက်ပေါ်လာခြင်းနှင့်အတူ ပို၍အားကောင်းသော အတားအဆီးများကို ဖြစ်ပေါ်စေပုံရသည်။

ပတ်ဝန်းကျင်ရှိ သုံးဆယ့်သုံးဘုံနယ်မြေသည် လုံးလုံးလျားလျား အမှောင်ကျသွားပြီး သောင်းရွှမ်နန်းတော်သည် အချိန်မရွေး ငြိမ်းသတ်ခံရနိုင်သော အမှောင်ထုထဲတွင် ပိတ်မိနေသည့် ပိုးစုန်းကြူးလေးတစ်ကောင်အလားပင်။

အမှောင်ထုထဲရှိ ထိုတည်ရှိမှုများသည် ရှေးဟောင်းစစ်နတ်ဘုရားများအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်မြင်းများကို စီးနင်းကာ စူးရှတောက်ပသော မျက်လုံးများဖြင့် အုပ်စုလိုက် ရောက်ရှိလာပြီး လှံရှည်များကို ကိုင်ဆောင်ကာ ကန့်လန့်ဖြတ် ထိုးနှက်ကြသည်။

"ဒေါင်...."

လှံရှည်များနှင့် သောင်းရွှမ်နန်းတော်တို့သည် ပြင်းထန်စွာ တိုက်မိကြပြီး ရွှေရောင်ခန်းမမှနေ၍ သတ္တုနှင့်ကျောက်တုံး ရိုက်ခတ်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာကာ နားကွဲလုမတတ်ပင်။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားပြီး အမှောင်ထုထဲတွင် ပို၍အားကောင်းသော တည်ရှိမှုကြီးတစ်ခု ပေါက်ဖွားလာကြောင်း သူ ခံစားလိုက်ရသည်။

ထိုအားကောင်းသော တည်ရှိမှုကြီး ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းသော ဖိအားတစ်ရပ် ဆင်းသက်လာကာ အရာအားလုံး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားတော့မည့်အလားပင်။

"ထိုးဖောက်ဝင်ရောက်ပြီးတော့ အဲ့ဒီအတားအဆီးရဲ့ဗဟိုချက်ကို ဖျက်ဆီးလိုက်စမ်း"

လုယွီသည် အဓိကသော့ချက်ကို လျှင်မြန်စွာ နားလည်သဘောပေါက်သွားပြီး သောင်းရွှမ်နန်းတော်ကို ရှေ့သို့ တန်းတန်းမတ်မတ် တိုးဝင်သွားရန် ထိန်းချုပ်လိုက်၏။

ရှေ့တွင် အမှောင်ထုမှ ဆင့်ကဲပြောင်းလဲလာသော မကောင်းဆိုးဝါး စိတ်ဝိညာဉ်များသည် လမ်းကို အဆက်မပြတ် ပိတ်ဆို့နေကြ၏။ ရက်စက်ကြမ်းကြုတ်သော သားရဲများ သို့မဟုတ် နတ်ဆိုးများအဖြစ် သူတို့သည် အစွယ်များကို ဖြဲဟကာ လက်သည်းများကို ဝှေ့ယမ်းပြီး စူးရှစွာ ဟိန်းဟောက်နေကြသည်။ သူတို့၏စူးရှသောအသံများသည် လောကကြီးတခွင်လုံး၏မိုးကောင်းကင်ယံကို ထွင်းဖောက်သွားသည်။

သို့ရာတွင် လုယွီသည် ဤအရာများနှင့် ထိတ်လန့်တုန်လှုပ်နေရန် ရည်ရွယ်ချက် မရှိချေ။ သောင်းရွှမ်နန်းတော်သည် ရွှေရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ရှေ့သို့ ရဲရင့်စွာတိုးဝင်ပြီး အမှောင်ထုကို ဖြတ်ကျော်သွားသည်။

တစ်နာရီမပြည့်မီတွင် သောင်းရွှမ်နန်းတော်သည် တဟုန်ထိုးပြေးဝင်သွားသော မြှားတစ်စင်းအလား အတားအဆီးကို ဖြတ်ကျော်ကာ ရှေးဟောင်းဝင်္ကပါကြီးတစ်ခု၏ရှေ့သို့ ရောက်ရှိလာသည်။

ရှေးကျပြီး ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သော ထိုဝင်္ကပါကြီးတွင် မရေမတွက်နိုင်သော နတ်ဆိုးသင်္ကေတများဖြင့် ပြည့်နှက်နေသည်။ ဝင်္ကပါ၏ဗဟိုချက်သည် တုန်ခါနေသော နှလုံးသားတစ်ခုအလား အဆက်မပြတ် ခုန်နေကာ အတွင်းမှနေ၍ အမှောင်ထုကြီးနှင့် နတ်ဆိုးအရှိန်အဝါများကို အဆက်မပြတ် ထုတ်လွှတ်ထားသည်။

"သေစမ်း"

လုယွီသည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သောင်းရွှမ်နန်းတော်ကို ဝင်ရောက်တိုက်ခိုက်ရန် ထိန်းချုပ်လိုက်၏။

ကြီးမားကျယ်ပြန့်သော အင်မော်တယ်စွမ်းအားများသည် မိုးကောင်းကင်သို့ မြင့်တက်သွားပြီး သောင်းရွှမ်နန်းတော်အတွင်းမှနေ၍ မရေမတွက်နိုင်သော သဘာဝလွန်ဖြစ်စဥ်များ ထွက်ပေါ်လာသည်။ လမ်းပြနေသော အင်မော်တယ်များ ကင်းလှည့်နေသော ကျောက်စိမ်းမယ်တော်များ အတူတကွ ပျံသန်းနေသော ဖီးနစ်ငှက်များနှင့် မရေမတွက်နိုင်သော သဘာဝလွန်ဖြစ်စဥ်များသည် အရပ်မျက်နှာအဘက်ဘက်ရှိ မကောင်းဆိုးဝါး စိတ်ဝိညာဉ်များကို ရိုက်ခတ်လိုက်ရာ အမှောင်ထုကြီး တဖြည်းဖြည်း ပြိုကွဲသွားသည်။

ဤအမှောင်ထုကြီးနှင့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော်လည်း ဝင်္ကပါကြီးသည် အလွန်အမင်း ပျက်စီးလွယ်ပေ၏။ သောင်းရွှမ်နန်းတော်၏ မြောက်မြားစွာသော ထူးခြားသည့် သဘာဝလွန်ဖြစ်စဥ်များက ထိုအရာကို တစ်ခုပြီးတစ်ခု တိုက်ခိုက်လိုက်ချိန်တွင် ဝင်္ကပါ၏ ဗဟိုချက်သည် နောက်ဆုံးတွင် အက်ကွဲပြီး ပျက်စီးသွားတော့သည်။

ထိုဝင်္ကပါကြီး ပျက်စီးသွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အမှောင်ထုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မဲ့သော မကောင်းဆိုးဝါး စိတ်ဝိညာဉ်များသည်လည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

မူလဘူတသက်ရှိများ ချန်ထားခဲ့သော နည်းလမ်းများသည် နောက်ဆုံးတွင် ပျက်စီးသွားပြီး လုယွီသည် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကာ သောင်းရွှမ်နန်းတော်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

"အစစ်အမှန်အင်မော်တယ် လမ်းစဉ်က ပြတ်တောက်မသွားဘူး...."

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဘဝသုံးခုကို ဖြတ်သန်းခဲ့ရသော်လည်း ယခုအချိန်တွင် ထူးကဲစွာ စိတ်လှုပ်ရှားနေဆဲပင်။

ခေတ်အဆက်ဆက်တွင် နှစ်ပေါင်းမည်မျှထိ ကြာမြင့်ခဲ့ပြီနည်း။ လောကကြီးတွင် ကာလကြာရှည်စွာ ပြတ်တောက်နေခဲ့သော အင်မော်တယ်လမ်းစဉ်ကို ယနေ့၌ သူ ပြန်လည်၍ ချိတ်ဆက်နိုင်ခဲ့လေပြီ။

သောင်းရွှမ်နန်းတော်သည် ရွှေရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ လုယွီ၏ နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် လုယွီသည် မိုးကောင်းကင်ယံ၌ မိုးကြိုးများ လူးလိမ့်နေပြီး သူ့ထံဦးတည်၍ ဟိန်းဟောက်နေသည်ကို အာရုံခံမိသည်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။

Chapter 5289

လုယွီကို ဝန်းရံထားသော သုံးဆယ့်သုံးဘုံနယ်မြေ၏ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံတံခါး ပိတ်သွားပြီးနောက် လုယွီသည် သူ၏စွမ်းအားဖြင့် အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ သူ၏မှော်စွမ်းအားများသည် ပင်လယ်ကဲ့သို့ လှိုင်းထန်နေပြီး ယခင်ထက် အဆပေါင်းနှစ်ဆယ်ကျော် ပို၍အားကောင်းလာသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားကျယ်ပြန့်သော မှော်စွမ်းအားများမှတဆင့် အင်မော်တယ်စွမ်းအားများကို ထုတ်လွှတ်ထားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများအဖြစ် ထွက်ပေါ်လာကာ သန့်စင်ပြီး ခမ်းနားထည်ဝါနေသည်။

"ဘုန်း...."

ရုတ်ချည်းဆိုသလိုပင် တလိမ့်လိမ့်ထနေပြီး စွမ်းအားပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် မြင့်မားသော မိုးကောင်းကင်ယံမှ ဆင်းသက်လာပြီး သူ့ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ အချိန်တခဏအတွင်းမှာပင် လုယွီသည် မိုးကြိုးပင်လယ်အတွင်း၌ နစ်မြုပ်နေသကဲ့သို့ ဖြစ်သွားသည်။

ထိုကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် အလွန်မြန်ဆန်ပြီး ပြင်းထန်သော်လည်း အင်မော်တယ်ကွပ်မျက်ဓားမှ ထုတ်လွှတ်သော မိုးကြိုးနှင့် လုံးလုံးလျားလျား ကွာခြားသည်။ မိုးကြိုးတစ်မျိုးသည် သတ်ဖြတ်ရန်အတွက် နတ်ဆိုးဖြစ်ပြီး တခြားတစ်မျိုးသည် သန့်စင်ရန်အတွက် ဖြောင့်မတ်မှန်ကန်ခြင်းပင်။

လုယွီသည် ကြောက်ရွံ့ခြင်းမရှိဘဲ အထက်မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံလိုက်၏။ သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ရိုက်ခတ်ခွင့်ပြုလိုက်သည်။

ခရမ်းရောင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် သူ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လာပြီး လုယွီ၏ မူလဝိညာဉ်နှင့်စိတ်ဝိညာဉ်တို့ကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးသည်။ ထိုအရာသည် သူ၏စိတ်နှလုံးသားထဲရှိ နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် အညစ်အကြေးများကို ဖယ်ရှားပေးသည်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက သူ့ကို အဆက်မပြတ် သန့်စင်ပေးနေစဉ် အင်မော်တယ်ကွပ်မျက်ဓားနှင့် ထိပ်တိုက်တွေ့စဉ်က ဖြစ်ပေါ်ခဲ့သော သူ၏စိတ်ဝိညာဉ်အားနည်းမှုသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပေ၏။

သူ၏စိတ်ဝိညာဉ်သည် သန့်စင်ပြီး ကြည်လင်နေကာ အလွန်အမင်း စွမ်းအားကြီးသော အင်မော်တယ်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

လုယွီက သူ၏စိတ်ဝိညာဉ်က တိုက်ပွဲမဖြစ်မီကထက် ပို၍သန်မာလာသည်ဟုပင် ခံစားလိုက်ရသည်။

"ခေတ်အဆက်ဆက်မှာ အစစ်အမှန်အင်မော်တယ်တွေက ကောင်းကင်နဲ့မြေပြင်ကြားမှာ မတည်ရှိနိုင်ဘူးဆိုတဲ့ အတားအဆီးကို သူ ချိုးဖျက်နိုင်ခဲ့ပြီ.... အနာဂတ်မှာ သူ လျှောက်လှမ်းမယ့်လမ်းကို ဒီလူအိုကြီး မမြင်နိုင်တော့ဘူး"

သူတော်စင်ရွှမ်က သူတော်စင်ရီကို ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ရီဟန် မင်းမှာ အံ့အားသင့်စရာကောင်းတဲ့ တပည့်တစ်ယောက် ရှိတာပဲ"

"ဒါက သူကိုယ်တိုင် လျှောက်လှမ်းတဲ့လမ်းပဲ....ဒီလူအိုကြီးနဲ့ သိပ်မဆိုင်ပါဘူး"

သူတော်စင်ရီသည် မိုးကောင်းကင်ယံရှိ လုယွီကို ငေးကြည့်နေပြီး အတိတ်ကို ပြန်ပြောင်းသတိရခြင်း အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

အတိတ်တွင် သူသည် ကျိုးထျန်းယင် ကျင့်ကြံပြီး ကြီးပြင်းလာသည်ကိုလည်း ဤကဲ့သို့ စောင့်ကြည့်ခဲ့ဖူးသည်။

နှစ်ကာလများ စီးဆင်းသွားပြီး အချိန်ကုန်လွန်သွားကာ ထိုစဉ်က တပည့်သည် လူဝင်စားပြီး ပြန်လည်မွေးဖွားလာကာ ကျင့်ကြံဆင့်ချိုးဖျက်မှုအသစ်တစ်ခုကို ပြသနေသည်။ သူတော်စင်ရီ၏မျက်လုံးများထဲတွင် စိတ်သက်သာရာရမှုများသာ ထင်ဟပ်နေပေ၏။

"ငါ အဆင့်ချိုးဖျက်နိုင်ခဲ့ပြီ..."

လုယွီသည် သူ၏စိတ်ဝိညာဉ် ပို၍သန်မာလာပြီး သူ၏အမြင်အာရုံ ပို၍ကျယ်ပြန့်လာသည်ကို ခံစားလိုက်ရသည်။

ဤသည်မှာ ငါးတစ်ကောင်သည် နဂါးဂိတ်တံခါးကို ကျော်ဖြတ်လိုက်သည့်အလားပင်။ နဂါးဖြစ်လာသည့်နေ့တွင် အရာအားလုံးကို မြင်တွေ့ရသည်မှာ ယခင်ကနှင့် လုံးလုံးလျားလျား ကွာခြားသည်။

အကယ်၍ ယခင် လုယွီသည် ရေကန်တစ်ခုကို မြင်နိုင်ခဲ့လျှင် ယနေ့ သူမြင်ရသည်မှာ အကန့်အသတ်မဲ့ ကျယ်ပြန့်သော သမုဒ္ဒရာကြီးပင်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ပြင်းထန်သော်လည်း လုယွီအတွက်မူ ထိုအရာသည် သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်တော့ချေ။

ခရမ်းရောင် အင်မော်တယ်ချီတစ်မျှင်သည် လုယွီထံမှ ထွက်ပေါ်လာပြီး အထက်ကောင်းကင်ယံသို့ ပျံတက်သွားကာ ရွှေရောင်တာအိုအမှတ်အသားတစ်ခုအဖြစ် ဖွဲ့စည်းပြီး ရှေးဟောင်း ကျောက်စာတိုင်များပေါ်တွင် ကမ္ပည်းထိုးလိုက်သည်။

မရေမတွက်နိုင်သော ကမ္ပည်းပြားများ၏ မျက်နှာပြင်သည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး မှိန်ဖျော့ကာ အလင်းရောင် မရှိသော်လည်း လုယွီ၏အမည်ဖြင့် ဖွဲ့စည်းထားသော ကမ္ပည်းပြားသည် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။

မဟာမိုးကောင်းကင်ဖွင့်လှစ်ခြင်း....

အထွတ်အထိပ် ကျောက်စိမ်းဧကရာဇ်...လုယွီ

ထိုကမ္ဗည်းပြားသည် ခုန်ထွက်လာပြီး မဟာမိုးကောင်းကင် ရွှေအင်မော်တယ် အနည်းငယ်၏အောက် ဒုတိယနေရာရှိ မရေမတွက်နိုင်သော ကောင်းကင်အုပ်စိုးသူ အရှင်သခင်များ၏ ကမ္ပည်းပြားများအထက်သို့ ရောက်ရှိသွားသည်။

အင်မော်တယ်တောင်ပေါ်တွင် အမည်တွင်ကျန်ရစ်စေပြီး မျိုးဆက်များအတွက် ကျမ်းစာများကို လက်ဆင့်ကမ်းခြင်း....

ဤအချက်မှစ၍ လုယွီသည် သူ၏တာအိုမျိုးဆက်ကို တည်ထောင်လိုက်လေပြီ။ သူသည် တာအိုကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖြန့်ဝေနိုင်ပြီး အစစ်အမှန်အင်မော်တယ်များကို သင်ကြားပေးကာ ယခင်က ကောင်းကင်ဘုံနန်းတော်၏ အင်မော်တယ်လမ်းစဥ်ကို ပြန်လည်၍ အသက်သွင်းနိုင်ခဲ့သည်။

ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါနှင့် အင်မော်တယ်ချီတို့သည် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပွင့်အံ့ထွက်လာသည်။ သူ ဝတ်ဆင်ထားသော အဖြူရောင်ပိုးထည်ဝတ်ရုံသည် ပင်လယ်အတွင်း၌ ရေကူးခတ်နေသော နဂါးတစ်ကောင် လူးလိမ့်နေသကဲ့သို့ ဖြစ်နေပြီး ဖျော့တော့သော ရွှေရောင်နဂါးအရှိန်အဝါသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံဝဲနေသည်။

နွေဦးနှင့်ဆောင်းဦး တတိယနှစ်...ပထမလ၏ ပထမရက်...

လုယွီသည် ရွှမ်အင်မော်တယ် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်ပြီး ကောင်းကင်အုပ်စိုးသူ အရှင်သခင် ဖြစ်လာခဲ့သည်။

သူ၏မျက်လုံးများ ပွင့်လာပြီး ရွှေရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ ဤအချိန်အခိုက်အတန့်တွင် သူ၏အကြည့်သည် မိုင်ထောင်နှင့်ချီအကွာ ရောက်ရှိနိုင်ပြီး သူ၏လက်ကိုမြှောက်ကာ ဆုပ်ကိုင်လိုက်ရုံဖြင့် အဆုံးမဲ့စွမ်းအားကို ထိန်းချုပ်နိုင်သည့်အလားပင်။

အင်မော်တယ်ကွပ်မျက်ဓားသည် တုန်ခါနေပြီး မပြည့်စုံသော ဓားဝိညာဉ်သည် ထွက်ပြေးလိုပုံရသော်လည်း လုယွီက လက်ညှိုးညွှန်လိုက်ရုံဖြင့် ဓားဝိညာဉ်သည် တစစီကြေမွှပျက်စီးသွားပေ၏။

ဤ ပြိုင်ဘက်ကင်း ဆိုးသွမ်းသောလက်နက်သည် နောက်ဆုံးတွင် ပိုင်ရှင်မဲ့ ဖြစ်သွားလေ၏။

သို့ရာတွင် လုယွီက ဓားဝိညာဉ်ကို ဖျက်ဆီးလိုက်သည့် အချိန်၌ပင် အင်မော်တယ်အလင်းတန်းတစ်တန်းသည် မိုးမြေဖျက်ဆီးနန်းတော်၏အပြင်ဘက်မှ ပျံ့လွင့်လာသည်။ အပြင်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်ကိုးထပ်နှင့် မြေပြင်ဆယ်လွှာလုံးတွင် ဗုဒ္ဓအလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး ဗုဒ္ဓမန္တန်များ ပျံ့လွင့်နေကာ ရပ်တန့်သွားခြင်းမရှိချေ။

မဟာဗုဒ္ဓအရှင်သည် ထိုအလင်းတန်းများကြားမှ ထွက်ပေါ်လာသည်။ သူ၏မျက်နှာသည် ကြင်နာတတ်ပုံရပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိကာ ကျယ်ပြန့်သော သမုဒ္ဒရာကြီးအလား အမွှေးနံ့သာစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။

"ဒီဓားက ငါတို့ ဗုဒ္ဓဂိုဏ်းနဲ့ ရေစက်ပါတယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် ဗုဒ္ဓသည် တိုက်ရိုက် လှုပ်ရှားလိုက်ပြီး ရွှေရောင်ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုဖြင့် အင်မော်တယ်ကွပ်မျက်ဓားကို ဖမ်းဆွဲလိုက်သည်။

Chapter 5290

ပေတစ်သောင်းခန့်ရှိသော ဗုဒ္ဓအလင်းတန်းသည် မိုးကောင်းကင်ယံတွင် ပေါ်လာပြီး ဧရာမဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ဆင်းသက်လာသည်။

ထိုဗုဒ္ဓလက်ဝါး ဆန့်တန်းလာသည်နှင့်အမျှ ဗုဒ္ဓမန္တန်ရွတ်ဆိုသံများသည် လေဟာနယ်တလျှောက် ပဲ့တင်ထပ်နေပြီး အလွန်အမင်းကျယ်လောင်ကာ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် လူအများ၏နားထဲတွင် တုန်ခါသွားစေသည်။

ဗုဒ္ဓ ရောက်ရှိလာသည်မှာ အလွန်ရုတ်တရက်ဆန်လွန်းပေ၏။

သူသည် အနီးအနားတွင် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေပြီး တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေပုံရသည်။

အင်မော်တယ်ကွပ်မျက်ဓားသည် ပိုင်ရှင်မဲ့ ဖြစ်သွားပြီဖြစ်သောကြောင့် ဗုဒ္ဓ၏နည်းလမ်းများကို လုံးဝမခုခံနိုင်ဘဲ မိုးကောင်းကင်ရှိ ရွှေရောင် ဧရာမ ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးဆီသို့ ပျံသန်းသွားသည်။

"အင်မော်တယ်ကွပ်မျက်ဓားကို ထားခဲ့လိုက်စမ်း"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ ဤဗုဒ္ဓသည် လုံးလုံးလျားလျား ကောက်ကျစ်စဉ်းလဲပေ၏။

အင်မော်တယ်ကွပ်မျက်ဓား၏ဓားဝိညာဉ်နှင့် ထိပ်တိုက်တွေ့ဆုံစဉ်က ဗုဒ္ဓသည် ထွက်ပေါ်မလာခဲ့ဘဲ အခြေအနေ တည်ငြိမ်သွားမှ အတိအကျ ထွက်လာရန် ရွေးချယ်ခဲ့သည်။

လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်ရာ ကျယ်ပြန့်သော အင်မော်တယ်စွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာပြီး ခရမ်းရောင်ကြိုးမျှင်များသည် အင်မော်တယ်ကွပ်မျက်ဓားကို ဗုဒ္ဓနှင့် ပို၍နီးကပ်မသွားစေရန် ဆွဲထားလိုက်သည်။

"ရပ်လိုက်စမ်း"

စာပေသူတော်စင်နှစ်ပါးသည်လည်း လေထဲမှတဆင့် ရှေ့တက်လာကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။ ယခုချိန်၌ ဗုဒ္ဓ ပြသနေသော နည်းလမ်းများသည် အလွန်ယုတ်မာလွန်းပေ၏။ သူသည် အခြေအနေကို အခွင့်ကောင်းယူပြီး နောက်ဆုံး စစ်ပွဲအောင်မြင်မှုရလဒ်ကို လုယူရန် စီစဉ်နေခြင်းဖြစ်သည်။

"ဒီဓားက ငါတို့ဗုဒ္ဓဂိုဏ်းနဲ့ ရေစက်ပါတယ်"

ဗုဒ္ဓသည် ကြာပန်းပလ္လင်ပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး သူ၏ နောက်ကျောတွင် အလင်းကွင်း တစ်သိန်းခန့် တောက်ပနေသည်။ ထိုအရာများ၏အလင်းတန်းများသည် ကြီးမားကျယ်ပြန့်ပြီး အကန့်အသတ်မရှိချေ။ သန်းပေါင်းများစွာသော သိပ်သည်းကြွယ်ဝသည့် အမွှေးနံ့သာစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။ သူ၏လှုပ်ရှားမှုတိုင်းတွင် မရေမတွက်နိုင်သော ဗုဒ္ဓမန္တန်ရွတ်ဆိုသံများကို ဖြစ်ပေါ်စေသည်။

"တကာလေးလု...ဒုက္ခပင်လယ်က အကန့်အသတ်မရှိဘူး..နောက်ပြန်လှည့်ကြည့်လိုက်ရင် ကမ်းခြေရှိတယ်...မင်းနဲ့ ငါတို့ကြားမှာ အငြိုးအတေးတွေ ရှိခဲ့ဖူးတယ်... ဒီနေ့ အင်မော်တယ်ကွပ်မျက်ဓားကို ငါ့ဆီ ပေးလိုက်တာက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တာဖြစ်ပြီးတော့ အတိတ်က အငြိုးအတေးတွေ ပျောက်ကွယ်သွားလိမ့်မယ်... ဒီနေ့ကစပြီး မင်းက ဗုဒ္ဓဂိုဏ်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ဖြစ်လာပြီးတော့ ဗုဒ္ဓတစ်သောင်းရဲ့ ချီးမွမ်းမှုကို ရရှိပြီး သက်ရှိသတ္တဝါအားလုံးက မင်းကို ရိုသေလေးစားကြလိမ့်မယ်"

ဤအခိုက်အတန့်တွင် ဗုဒ္ဓသည် အင်မော်တယ်ကွပ်မျက်ဓားကို လွှဲပြောင်းပေးခြင်းသည် ကြီးမားသော ကောင်းမှုတစ်ခု ဖြစ်သည့်အလား ကရုဏာသက်သော အမူအယာကို ပြသနေသည်။

လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ဒါဆိုရင် မင်း ငါ့ရဲ့လက်ထဲကနေ ဒီဓားကို ယူနိုင်မလားဆိုတာ စမ်းကြည့်လိုက်လေ"

သူသည် ကောင်းကင်အုပ်စိုးသူ အရှင်သခင် အဆင့်ကို ရောက်ရှိထားပြီးဖြစ်၍ ယခု သူ ပိုင်ဆိုင်ထားသော အင်မော်တယ်စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ ဤဗုဒ္ဓဂိုဏ်း၏ အထွတ်အထိပ်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသည့်တိုင် သူ၏ မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။

"ငါတို့က မူလဘူတဓားဝိညာဉ်ကို ပူးပေါင်း ချေမှုန်းခဲ့ကြတာ....မင်းက ခွန်အားနည်းနည်းလေးတောင် မစိုက်ထုတ်ခဲ့ဘဲနဲ့ ဒီကိုလာပြီးတော့ တိုက်ပွဲအောင်မြင်မှုရလဒ်ကို အလကား လာတောင်းနေတယ်...လောကကြီးမှာ အဲ့ဒီလောက်ထိ အရှက်မဲ့တဲ့အရာမျိုး ဘယ်မှာရှိလို့လဲ"

သူတော်စင်ရီသည် စုတ်တံကို ကိုင်ထားပြီး စုတ်တံထိပ်ဖျားသည် ဓားအလင်းရောင်များ တောက်ပနေသကဲ့သို့ ဖြစ်ကာ အေးစက်စက်အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

သူတော်စင်ရွှမ်သည်လည်း သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"ပိုရွှင်...မင်းက ရှေးဟောင်းခေတ်က စိတ်ဝိညာဉ်တောင်ကို သိမ်းပိုက်ပြီးတော့ အတုအယောင် ဗုဒ္ဓဂိုဏ်းကို တည်ထောင်ခဲ့တယ်... မင်းသာ မင်းနေရာမှာမင်း ကျေနပ်ရောင့်ရဲနေခဲ့ရင် ငါတို့ မင်းကို အသက်ရှင်ခွင့် ပေးခဲ့မှာပါ... ဒါပေမယ့် မင်းက လောကီရေးရာတွေကို ဝင်ရောက်စွက်ဖက်ရဲတယ်ဆိုတော့ ဒါက စည်းကျော်တာပဲ"

ရှေးဟောင်းနှင့် ခေတ်သစ်ကာလများကို ကျွမ်းကျင်သော အလယ်ခေတ်စာပေသူတော်စင်သည် ဗုဒ္ဓ၏မူရင်းဇစ်မြစ်ကို စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်လိုက်သည်။

သို့သော် ဗုဒ္ဓသည် စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"နတ်ဆိုးဆိုတာ အစက ဗုဒ္ဓတွေပါပဲ....အရာအားလုံးက တူညီတဲ့ ပန်းတိုင်ကို သွားတဲ့ လမ်းစဉ်တွေပဲ.... ရှေးဟောင်းနတ်ဆိုးတွေတောင် ဗုဒ္ဓမန္တန်တွေရဲ့သိမ်မွေ့မှုကို နားလည်သဘောပေါက်သွားရင် ဗုဒ္ဓဂိုဏ်းဝင်တွေအဖြစ် ပြောင်းလဲသွားကြတာပဲ....မင်းတို့က ပြင်ပအသွင်အပြင်တွေအပေါ် အရမ်းတွယ်တာလွန်းနေတယ်"

"ဟုတ်လား မင်းက ဗုဒ္ဓမန္တန်တွေကို နားလည်သဘောပေါက်ထားပြီးသားဆိုရင် ဘာလို့ အခုထိ အတင်းအကြပ် လာလုနေတာလဲ"

သူတော်စင်ရွှမ်၏အသံသည် အေးစက်နေပြီး ဗုဒ္ဓကို ရင်ဆိုင်ရန် ရှေ့သို့ တိုးလာသည်။

ဗုဒ္ဓသည် လက်အုပ်ချီလိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"ဒီဓားရဲ့ နတ်ဆိုးသဘာဝက မပျောက်ကွယ်သေးဘူး... ဒီဗုဒ္ဓက ဓားကို စိတ်ဝိညာဉ်တောင် ဆီ ပြန်ယူသွားပြီးတော့ ကျမ်းစာတွေ ရွတ်ဆိုမန္တန်တွေ ရွတ်ဖတ်ပြီးတော့ အဲ့ဒီအပေါ်က နတ်ဆိုးသဘာဝကို ဖယ်ရှားပေးရမယ်.... အချိန်တန်လို့ တကာလေးတို့ လိုချင်ရင် စိတ်ဝိညာဉ်တောင်ကို လာပြီး ပြန်ယူလို့ရပါတယ်"

"မင်းလက်ထဲ ရောက်သွားရင် မင်းက ပြန်ပေးအုံးမှာလား.... မင်းက အတင်းအကြပ် လုယူချင်တယ်ဆိုရင်လည်း မင်းရဲ့စွမ်းရည်အစစ်အမှန်ကို ပြလိုက်စမ်း.... ဒီလို အသုံးမဝင်တဲ့ စကားတွေ လာပြောမနေနဲ့"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"မင်းတို့အားလုံးက ငါ့ရဲ့အကြံပေးမှုကို နားမထောင်မှတော့ ငါက အင်အားသုံးရုံပဲ ရှိတော့ပုံရတယ်....ငါတို့ ဗုဒ္ဓဂိုဏ်းမှာ ကရုဏာတရား ရှိပေမယ့် ဗာဂျရာရဲ့ အမျက်ဒေါသလည်း ရှိတယ်... ဒီနေ့ တိုက်ပွဲက မင်းတို့ကိုယ်တိုင် ဖန်တီးလိုက်တာပဲ"

ဗုဒ္ဓ၏အသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပို၍တောက်ပပြီး ပို၍သန်မာအားကောင်းလာသည်။

သူ၏နောက်ကွယ်ရှိ အလင်းကွင်းများထဲတွင် ပုံရိပ်များ လှုပ်ရှားနေပြီး သူတို့အားလုံး လက်အုပ်ချီထားကြသည်။ သူတို့သည် မိုးထိမြင့်မားသော စွမ်းအားရှိသည့် ဗုဒ္ဓဂိုဏ်း ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြ၏။

All Chapters