← Chapters

အခန်း (၅၂၉၁-၅၂၉၅)

Vol. 268 Ch. 5291-5295

အခန်း (၅၂၉၁-၅၂၉၅)

Vol. 268 Ch. 5291-5295

Chapter 5291

အထက်မိုးကောင်းကင်ယံ၌ ဗုဒ္ဓအလင်းတန်းများ တောက်ပနေသည်။

အကယ်၍ ဘာသာတရား ကိုင်းရှိုင်းသော ဗုဒ္ဓဂိုဏ်းဝင်များသာ ဤအရာကို မြင်တွေ့ခဲ့လျှင် နတ်ဘုရားများကို မြင်တွေ့လိုက်ရသည့်အလား သူတို့သည် သေချာပေါက် ဝပ်တွား၍ အရိုအသေပြုကြပေလိမ့်မည်။

စွမ်းအားကြီးမားသော ဗုဒ္ဓအရှင်များနှင့် ဗုဒ္ဓဘုရားလောင်းများသည် ရောင်ခြည်တော်များမှ ပေါ်ထွက်လာပြီး လက်အုပ်ချီကာ ရှေးဟောင်း ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေကြသဖြင့် သူတို့၏ စွမ်းအားများသည် အကန့်အသတ်မရှိချေ။

ဗုဒ္ဓတစ်ပါးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"လုယွီ....လောကီဧကရာဇ်တစ်ပါးအနေနဲ့ မင်းက ငါတို့ ဗုဒ္ဓဂိုဏ်းကို အကြိမ်ကြိမ် ရန်သူလုပ်ခဲ့ပြီးတော့ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသနဲ့ လူသားတွေရဲ့ နာကြည်းမှုကို ဖြစ်စေတဲ့ ဖြစ်ရပ်တွေ များစွာကို ဖန်တီးခဲ့တယ်....မင်းက နတ်ဆိုးဖြစ်နေပြီ..ဒီနေ့ မင်းဆီမှာရှိတဲ့ နတ်ဆိုးသဘာဝကို မောင်းထုတ်ဖို့ ငါတို့ စုဝေးခဲ့ကြတာပဲ"

အခြားဗုဒ္ဓတစ်ပါးက ကရုဏာသက်သော အမူအယာကို ပြသပြီး ညင်သာ​သောအသံဖြင့် ပြောဆိုသည်။

"ဒီဓားက ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားပြီးတော့ ရှားပါးတဲ့ လောကပျက်သုဥ်းလက်နက်ဆိုးတစ်ခုပဲ.....လောကကြီးအတွက် ကြီးမားတဲ့ ဒုက္ခတွေကို ရှောင်ရှားဖို့ မင်း အဲ့ဒါကို လွှဲပြောင်းပေးသင့်တယ်"

"ယုတ်မာလိုက်တာ မင်းတို့က အစကတည်းက ပြင်ဆင်ထားတာကိုး"

စာပေသူတော်စင်နှစ်ပါးသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကာ စိတ်တည်ငြိမ်ကြသော်လည်း သူတို့၏ရှေ့ရှိ မြင်ကွင်းကြောင့် ဒေါသမထွက်ဘဲ မနေနိုင်ကြပေ။

သူတို့၏နံဘေးပတ်ဝန်းကျင်၌ မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသဖြင့် ပြင်ပလောကကြီးကို မြင်တွေ့နိုင်ရန် မဖြစ်နိုင်တော့ချေ။

ဤသည်မှာ တိတ်တဆိတ် ခင်းကျင်းထားသော ကြီးမားသည့် ဗုဒ္ဓဝင်္ကပါကြီးတစ်ခုပင်။ ဤမတိုင်မီက လုယွီနှင့်သူတို့၏ အာရုံစိုက်မှုသည် အင်မော်တယ်ကွပ်မျက်ဓား အပေါ်တွင်သာ ရှိနေခဲ့သည်။ ဤအချိန်၌ ဗုဒ္ဓဂိုဏ်းက တိုက်ခိုက်မှု စတင်လိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။

လောကရှိ လူသားများအတွက် လုယွီသည် သူ၏အသက်ဖြင့်ရင်းပြီး တိုက်ခိုက်ခဲ့သော်လည်း ကရုဏာတရားရှိသည်ဟု ဆိုကြသော ဗုဒ္ဓဂိုဏ်းသည် နောက်ကျောမှနေ၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေသည်။

ဘုန်း....

လုယွီသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ထောင်နှင့်ချီသော ခရမ်းရောင်ချီစွမ်းအင်လှိုင်းများ မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။ သောင်းရွှမ်နန်းတော်၏ပုံရိပ်ယောင်သည် သူ၏နောက်ကျောတွင် ထွက်ပေါ်လာပေ၏။

နက်နဲသိမ်မွေ့သော အင်မော်တယ်အလင်းတန်းနှင့်အတူ ကောင်းကင်အုပ်စိုးသူ အရှင်သခင် ဖြစ်လာသော လုယွီ၏မျက်လုံးများသည် လှည့်စားမှုအားလုံးကို ထွင်းဖောက်နိုင်ပြီး လောကတစ်သောင်းမှလူများကို မြင်တွေ့နိုင်စွမ်း ရှိပုံရသည်။

ဗုဒ္ဓအများစု၏မျက်နှာအမူအယာများ အနည်းငယ် ပြောင်းလဲသွားသည်။ လုယွီ၏ တိုးတက်မှုသည် ဤမျှထိ လျှင်မြန်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူ၏စွမ်းအားသည် သူတို့ကို ခြိမ်းခြောက်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

"မင်းတို့က ငါ့ရဲ့ရန်သူတွေ လုပ်ဖို့ တကယ်ကြီး ရည်ရွယ်ထားပုံရတယ်"

လုယွီ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး ကံကြမ္မာအတက်အကျလှိုင်းများကို ဖြစ်ပေါ်စေသည်။

ဗုဒ္ဓဘုရားလောင်းတစ်ပါးက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

"မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ....ငါတို့ကို အပြစ်မတင်နဲ့"

သူ၏စကားဆုံးသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်ကို မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ ထိုမြူခိုးများထဲတွင် ကြည်လင်ပြတ်သားသော ဗုဒ္ဓမန္တန်ရွတ်ဆိုသံအချို့သည် နားကွဲမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဗုဒ္ဓဝင်္ကပါကြီး၏ အလင်းတန်းများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။ တော်ဝင်မြို့တော်ရှိ အဝေးတစ်နေရာမှပင် ဤနေရာမှ ဆူညံသံများကို ​ကြားရနိုင်သည်။

မိုးမြေဖျက်ဆီးနန်းတော်ဘက်တွင် နောက်ထပ် ထူးခြားသော ဖြစ်ရပ်တစ်ခု ထပ်မံ၍ ဖြစ်ပွားနေလေပြီ။

တော်ဝင်မြို့တော်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ သွေးရောင်ဓားချီအလင်းတန်း ပျောက်ကွယ်သွားပြီးနောက် ဤကဲ့သို့ ထူးခြားသည့် ဖြစ်ရပ်မျိုး ထပ်မံ၍ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ချေ။

"မင်းတို့ ရောက်လာတာ ကောင်းတာပေါ့.... အနာဂတ်မှာ မင်းတို့ကို တစ်ယောက်ချင်းစီ လိုက်ရှာရမယ့် ဒုက္ခကနေ သက်သာသွားတာပေါ့"

လုယွီ၏အသံသည် အေးစက်တင်းမာနေပြီး ရှေ့သို့ တိုးလာရာ ခရမ်းရောင်ချီစွမ်းအားများ သူ၏လက်ဝါးမှ ထွက်ပေါ်လာသည်။

သူသည် ပုံရိပ်ယောင်နယ်​​​မြေထဲတွင် နှိပ်စက်ညှဉ်းပန်းမှုများစွာကို ခံခဲ့ရပြီး လောကနှစ်ခုတောင်တန်း ပျက်စီးသွားသည့် မြင်ကွင်းကို သူကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ ဤအချက်က လူသားမျိုးနွယ်ကို ငြိမ်းချမ်းစေလိုသော လုယွီ၏ခံယူချက်ကို ပို၍ခိုင်မာစေခဲ့သည်။

သူ၏ရှေ့ရှိ အတုအယောင် ဗုဒ္ဓဂိုဏ်းသည် လူသားများအပေါ် ကပ်ဘေးများကို အကြိမ်ကြိမ် ယူဆောင်လာခဲ့သည်။ ပိုင်ဆုချင် ကို ပထမဆုံး တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ လုယွီသည် ဤဟန်ဆောင်ကောင်းသော နတ်ဆိုးအသိုက်အမြုံကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

အင်မော်တယ်ကွပ်မျက်ဓား၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိပေ။ ထိုဓား၏ဓားသွား ညွှန်ပြရာ နေရာတိုင်းတွင် မည်သူမျှ မခုခံနိုင်ချေ။ ဓားချီစွမ်းအင်များသည် ဗုဒ္ဓများနှင့် ပြည့်နှက်နေသော မိုးကောင်းကင်ယံသို့ ပြင်းထန်စွာ ထိုးဝင်သွားသည်။

ဤအခိုက်အတန့်၌ မရေမတွက်နိုင်သော ရွှေရောင်ဗုဒ္ဓများ ပြိုလဲသွားသည်။ မြင့်မြတ်သော မဟာဗုဒ္ဓများသည် မဟာချင်ဓား၏ရှေ့မှောက်တွင် တုံ့ပြန်ရန် အင်အားမရှိကြဘဲ သူတို့အားလုံး ဓားချီဖြင့်ခုတ်ပိုင်း၍ ဖျက်ဆီးခြင်းခံလိုက်ရသည်။

ဗုဒ္ဓများပင်လျှင် ခုတ်ပိုင်းခံလိုက်ရရာ သူတို့၏လက်အောက်ရှိ ဗုဒ္ဓဘုရားလောင်းများနှင့် ဘုန်းတော်ကြီးများကို ဆိုဖွယ်ရာ မရှိတော့ပေ။ ဓားချီစွမ်းအားများ တိုက်ခတ်သွားပြီး ရှေ့သို့ထွက်ပေါ်လာသော ဗုဒ္ဓဂိုဏ်းကျင့်ကြံသူတချို့သည် ချက်ချင်းဆိုသလိုပင် သွေးမြူများအဖြစ် ပေါက်ကွဲသွားကြသည်။

ဓားချက်တစ်ချက်တည်းဖြင့် လုယွီ၏ ရှေ့မှောက်တွင် လေဟာနယ်နယ်မြေတစ်ခု ဖြစ်ပေါ်လာပြီး အလောင်းများ ပြန့်ကျဲနေကာ သွေးများ အဆက်မပြတ် စီးဆင်းနေသည်။

ကြွင်းကျန်သော ဗုဒ္ဓဂိုဏ်း ကျင့်​ကြံသူများအားလုံး၏ မျက်နှာများပေါ်တွင် ထိတ်လန့်တကြား အမူအယာများ ထင်ဟပ်နေပြီး လုယွီကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။

ဗုဒ္ဓတစ်ပါးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်းက ဗုဒ္ဓတွေကိုတောင် သတ်ဖြတ်ရဲတယ်ပေါ့"

Chapter 5292

လုယွီထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေပြီး အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

"ဘာအဓိပ္ပါယ်မရှိတဲ့စကားလဲ....မင်းတို့ကကျတော့ တခြားသူတွေကို ရန်စခွင့်ရှိပြီး တခြားသူတွေက မင်းတို့ကို သတ်ခွင့်မရှိဘူးလား"

ဗုဒ္ဓတစ်ပါးက ကျယ်လောင်စွာ တုံ့ပြန်အော်ဟစ်လိုက်သည်။

"ဒါက ရူးသွပ်မှုပဲ.... မင်းက နတ်ဆိုးဖြစ်သွားပြီ.... ငါတို့က မင်းကို ဒီနတ်ဆိုးဓားကို ဖိနှိပ်ဖို့ ကူညီချင်ပေမယ့် မင်းက ငါတို့ရဲ့ စေတနာကို အသိအမှတ်မပြုဘူး"

ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးကျင်သူများအားလုံး လုယွီကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြသည်။ စိတ်ဝိညာဉ်တောင်မှ ဗုဒ္ဓများသည် စည်းလုံးကြပြီး ဗုဒ္ဓတစ်ပါးကို သတ်ဖြတ်ခြင်းသည် တခြားဗုဒ္ဓ၏အမျက်ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ လုယွီသည် သူတို့၏သည်းခံနိုင်စွမ်း အကန့်အသတ်ကို ထိပါးခဲ့ပြီးဖြစ်သည်။

"ဟူး...."

မဟာဗုဒ္ဓအရှင်က ရုတ်တရက် ရှည်လျားစွာ သက်ပြင်းချလိုက်သည်။

"သားသတ်ဓားကိုချပြီး ဗုဒ္ဓဖြစ်ပါစေ....ငါ အခုထိ ဒီစကားကို မင်းကို ပြောချင်နေတုန်းပဲ... ဒီဓားကို ဗုဒ္ဓဂိုဏ်းဆီ လွှဲပေးလိုက်ပါ....အရာအားလုံး ညှိနှိုင်းလို့ရပါတယ်"

"စကားတွေအများကြီး ပြောနေဖို့ မလိုတော့ဘူး.... ဗုဒ္ဓဂိုဏ်းက အထွတ်အထိပ်ပုဂ္ဂိုလ်ရဲ့ နည်းလမ်းတွေကို ငါ ကြည့်ချင်နေတာ ကြာပြီ"

လုယွီ၏လက်ထဲရှိ အင်မော်တယ်ကွပ်မျက်ဓားသည် အနည်းငယ်တုန်ခါသွားပြီး သူ၏ဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။

"မင်းက အရမ်း ခေါင်းမာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့"

မဟာဗုဒ္ဓအရှင်၏မျက်လုံးများတွင် လျှပ်စီးတန်းများ ဖြတ်ပြေးသွားပြီး သူ၏လက်ဝါးမှ မိုးခြိမ်းသံများ ပျံ့လွင့်လာကာ ပေတစ်သောင်းခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းတစ်တန်း မြေပြင်မှ မြင့်တက်လာသည်။ ထို့နောက် သူ၏လက်မှနေ၍ စေတီပုံရိပ်ယောင်များ ပျံ့လွင့်လာသည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏ၌ လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ဓားစိတ်ဆန္ဒသည် ပျံ့လွင့်လာပြီး ကောင်းကင်အုပ်စိုးသူ အရှင်သခင်၏ အင်မော်တယ်စွမ်းအားသည် သိုင်းအင်မော်တယ်၏ ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် ပေါင်းစပ်ကာ မယုံနိုင်ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ ထပ်ဆင့်ပေါင်းစပ်သွားသည်။

ဝုန်း....

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခုသည် လေထုထဲတွင် ပြင်းထန်စွာ တိုက်မိကြသည်။ နှစ်ဖက်လုံးသည် မဟာတာအို၏ပုံစံများကို ထုတ်လွှတ်လိုက်ကြ၏။ အချိန်တခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေပြင်သည် တုန်ခါသွားပြီး လေထုအတွင်းတွင် လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"စွမ်းအားအရမ်းကြီးမားတဲ့ မဟာဗုဒ္ဓအရှင်ရဲ့ လက်ဝါးရိုက်ချက်ကို သူက တကယ်ကြီး ခုခံနိုင်ခဲ့တယ်"

မဟာဗုဒ္ဓအရှင်၏နောက်ရှိ ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤအချက်ကို မည်သို့မျှ လက်မခံနိုင်ကြချေ။

လုယွီ သွေးအိုင်ထဲသို့ ရိုက်ချခံရမည့် ပုံရိပ်ကို သူတို့ စိတ်ကူးယဥ်တွေးတောခဲ့သော်လည်း ဖြစ်မလာခဲ့ချေ။ လုယွီသည် ကောင်းကင်အုပ်စိုးသူ အရှင်သခင် နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ရုံသာ ရှိသေးသော်လည်း သူ ဆုပ်ကိုင်ထားသော စွမ်းအားသည် သာမန်မဟုတ်ပေ။

အမ်...

မဟာဗုဒ္ဓအရှင်သည်လည်း တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏တည်ငြိမ်သော မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"မင်းကို သာမန်အသိနဲ့ တိုင်းတာလို့ မရဘူးပဲ"

မဟာဗုဒ္ဓအရှင် စကားပြောဆိုလိုက်ချိန်၌ ကြီးမားကျယ်ပြန့်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ သူ၏အသံသည် ပို၍ကျယ်လောင်လာပြီး သူ၏ဓမ္မပုံရိပ်ယောင်ကြီးသည် တဖြည်းဖြည်း ကြီးမားလာပေ၏။

ဤသည်မှာ သူ၏ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အစစ်သည် စိတ်ဝိညာဉ်တောင်တွင် ရှိနေပြီး တစ်လက်မမျှ မရွေ့လျားခဲ့ချေ။ အစစ်အမှန်ဗုဒ္ဓ၏ အရိပ်အယောင်ကို မြင်တွေ့ခဲ့ရခြင်းက သူ့ကို ကြောက်ရွံ့စေခဲ့ပြီး သူသည် စိတ်ဝိညာဉ်တောင် မှ ထွက်ခွာရန် ဆန္ဒမရှိတော့ချေ။

သို့ရာတွင် ကိုယ်ပွားတစ်ခုအနေဖြင့်ပင် သူ၏စွမ်းအားသည် သာမန်လူများ လက်လှမ်းမမီနိုင်သော မကောင်းဆိုးဝါးဆန်သည့် အဆင့်တွင် ရှိနေဆဲပင်။

ဘုန်း....

အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် မဟာဗုဒ္ဓအရှင်၏ ကိုယ်ပွားထံမှ ထွက်ပေါ်လာသည်။ ရှေးဟောင်းခေတ်ရှိ ထူးဆန်းသော ဗုဒ္ဓဂိုဏ်းမှ အစပြုလာသော နတ်ဆိုးသည် ယနေ့အထိ စွမ်းအားများကို စုဆောင်းခဲ့ရာ မယုံနိုင်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ မဟာဗုဒ္ဓအရှင်သည် တစ်ယောက်တည်း လာဝံ့သဖြင့် သူ့ထံတွင် အားကိုးစရာ တစ်ခုခု ရှိနေနေသည်။ သူသည် ရှေးဟောင်းခေတ်က အစစ်အမှန်ဗုဒ္ဓ ကိုပင် ခြိမ်းခြောက်နိုင်ခဲ့သည်။ ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်မျိုးသည် သနားကြင်နာတတ်သူတစ်ဦး မဟုတ်ပေ။

"လာခဲ့စမ်း...."

လုယွီက အင်မော်တယ်ကွပ်မျက်ဓားကို ကိုင်ပြီး ပိုင်းဖြတ်လိုက်သည်။ ဓားချက်တစ်ချက်သည် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး ကျယ်ပြန့်၍ အကန့်အသတ်မရှိသော ရှေးဟောင်းခေတ် စစ်မြေပြင်တစ်ခုကို ဖော်ထုတ်လိုက်သည်။ ထိုနေရာ၌ အလံများ မြင့်မားစွာ လွှင့်ထူထားပြီး စစ်ဗုံသံများ မြည်ဟီးနေကာ မရေမတွက်နိုင်သောလူများသည် ကျယ်လောင်စွာ အော်ဟစ်၍ ရန်သူ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်တိုက်ခိုက်ကြသည်။

ဤသည်မှာ ဓားချီစွမ်းအင်ဖြင့် ပုံဖော်ထားသော ရှေးဟောင်းခေတ် စစ်မြေပြင်တစ်ခုပင်။ အချိန်တခဏအတွင်းမှာပင် ထိုအရာသည် မဟာဗုဒ္ဓအရှင်ကို ရွှံ့အိုင်ထဲသို့ ခြေချလိုက်မိသကဲ့သို့ လှုပ်ရှားမရအောင် ပိတ်မိသွားစေသည်။

"မဟာဗုဒ္ဓအရှင်.."

ဤသည်ကို မြင်တွေ့ချိန်၌ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓများသည် ဒေါသကြောင့် မျက်လုံးများ ကျွတ်ထွက်တော့လုမတက် ဖြစ်သွားကြသည်။ သူတို့အားလုံး ဒေါသတကြီး အော်ငေါက်လိုက်ကြပြီး ကူညီရန်အတွက် အပြေးအလွှားသွားရန် ရည်ရွယ်လိုက်ကြ၏။

သို့ရာတွင် ထိုအချိန်မှာပင် အဖြူရောင်ဖဲကြိုးတစ်စသည် ဗုဒ္ဓများကို မောင်းထုတ်လိုက်ပြီး သူတို့ရှေ့တွင် နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခုကို ချန်ထားလိုက်သည်။ စာပေသူတော်စင်နှစ်ပါးသည် မိုးကောင်းကင်သို့ အတူတကွ ပျံသန်းသွားပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ ဖြောင့်မတ်မှန်ကန်သော စွမ်းအားကို အသုံးပြု၍ ဗုဒ္ဓများကို တားဆီးပိတ်ဆို့လိုက်ကြသည်။

သို့ရာတွင် မဟာဗုဒ္ဓအရှင်သည် ပိတ်မိနေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းသည် ပျောက်ကွယ်မသွားသေးပေ။ သူ၏နံဘေးပတ်လည်တွင် ကျယ်ပြန့်ပြီး ကြည်လင်ပြတ်သားသော ဗုဒ္ဓကျမ်းစာများကို ကောင်းကင်တေးသွားများကဲ့သို့ ရွတ်ဆိုနေသံများ ထွက်ပေါ်လာသည်။

ဗုဒ္ဓ၏မျက်လုံးများတွင် နေမင်းနှစ်စင်း ထင်ဟပ်နေသည့်အလား စူးရှတောက်ပသော အလင်းတန်းကို ဖြာထွက်နေသည်။ ထူထပ်သိပ်သည်းသော ဗုဒ္ဓအလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပေ၏။ အချိန်တခဏအတွင်းမှာပင် သူ၏တည်ရှိမှုတစ်ခုလုံးသည် မီးတောက်များဖြင့် ရစ်သိုင်းလွှမ်းခြုံထားသည့်အလားပင်။ ကြီးမားသော ဗုဒ္ဓစာလုံးများ လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ၏လက်ကိုမြှောက်ပြီး ထိုအရာများကို ရိုက်ထုတ်လိုက်၏။

Chapter 5293

ဘုန်း.....

အင်မော်တယ်တစ်ပါးနှင့် ဗုဒ္ဓတစ်ပါး၏ လုံးလုံးလျားလျား ကွဲပြားခြားနားသော မှော်စွမ်းအားနှစ်ရပ်သည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည့် နားကွဲလုမတတ် အသံတစ်သံကို ဖြစ်ပေါ်စေသည်။

ထိုလူနှစ်ယောက်မှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအား၏ နောက်ချန်အားလှိုင်း ပျံ့နှံ့လာရာ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အများသည် ခံနိုင်ရည်မရှိကြပေ။ ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များ သွေးအန်သွားကြသည်။ ဤတိုက်ပွဲ၏နောက်ဆက်တွဲ ရိုက်ခတ်မှုအားလှိုင်း သက်သက်ကပင် သူတို့ကို ဒဏ်ရာရစေပေ၏။

မဟာဗုဒ္ဓအရှင်၏ဒေါသသည် အမှန်တကယ်ကိုပင် မီးတောင်ပေါက်ကွဲမှုအလား မိုးကောင်းကင်သို့ မြင်တက်သွားပြီး ပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ပျံ့နှံ့လာသည်။

သို့ရာတွင် လုယွီသည် ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် အနည်းငယ်မျှ ဆုတ်ခွာမသွားချေ။ သူတို့နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြရာ မည်သည့်နည်းစနစ်မျှမပါဘဲ စွမ်းအားသက်သက် တွေ့ဆုံမှုပင်။

"သူ့ရဲ့ကျင့်ကြံဆင့်က အခု ဘယ်အဆင့်မှာလဲ..... ဘာလို့ သူက မဟာဗုဒ္ဓအရှင်ရဲ့ကိုယ်ပွားကိုတောင် သရေကျအောင် တိုက်ခိုက်နိုင်တာလဲ"

ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤအချိန်တွင် ဗုဒ္ဓဂိုဏ်း၌ရှိနေသူများအနက် လုယွီ၏ဂုဏ်သတင်းကို မသိသူဟူ၍ မရှိသလောက်နီးပါးပင်။

သို့ရာတွင် မည်သူမျှ သူ့ကို အလေးအနက် မထားခဲ့ကြချေ။

အစပထတွင် သူတို့သည် သူ့ကို မသတ်ခဲ့ခြင်းမှာ လုယွီ၏လက်ထဲတွင် ဗုဒ္ဓဂိုဏ်းကို ပိတ်ပင်တားဆီးသည့် ကျိုးထျန်းယင်၏ အထွတ်အထိပ်အမိန့်တော် ရှိနေသောကြောင့်ပင်။ သူသည် ပြင်ပအရာများကိုသာ အားကိုးနေသော ပုရွက်ဆိတ်တစ်ကောင်သာဖြစ်ပြီး ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အများသည် သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ကြပေ။

သို့ရာတွင် ယခုအချိန်၌ လုယွီ၏ပြောင်းလဲမှုသည် အမှန်တကယ်ကို ကြီးမားလွန်းသဖြင့် သူတို့အပေါ် သိသာထင်ရှားသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ဖြစ်စေသည်။

"အစစ်အမှန်အင်မော်တယ် စွမ်းအားလား...မင်းက အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရတဲ့ပုံပဲ....ဒါက ခုဏက ကျဆင်းလာတဲ့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကြောင့်များလား"

မဟာဗုဒ္ဓအရှင်၏မျက်နှာပေါ်ရှိ ကရုဏာသက်သောအပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရေခဲတမျှ အေးစက်မှုဖြင့် အစားထိုးလိုက်သည်။ သူ၏မျက်လုံးများတွင် အဆုံးမဲ့သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပါရှိနေပြီး လုယွီကို စူးစိုက်၍ ကြည့်နေသည်။

"မင်း သိဖို့ မလိုပါဘူး...."

လုယွီသည် ဆက်လက်၍ တိုက်ခိုက်နေပြီး အစွမ်းထက်သော သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို အသုံးပြုနေဆဲပင်။ သူ၏လှုပ်ရှားမှုတိုင်းသည် ပတ်ဝန်းကျင်ရှိ ဥပဒေသများတွင် အပြောင်းအလဲများကို ဖြစ်စေနိုင်သည်။

"မင်းကို ထားထားတာက တကယ့်ကို ကပ်ဘေးပဲ"

မဟာဗုဒ္ဓအရှင်၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။

ဗုဒ္ဓတစ်ပါးတွင် မျက်နှာပေါင်းတစ်ထောင် ရှိပြီး တစ်ခါတစ်ရံတွင် ကြင်နာသနားတတ်သော်လည်း တစ်ခါတစ်ရံတွင် ဗာဂျရာ၏ ဒေါသထွက်နေသော အကြည့်မျိုး ရှိတတ်သည်။

ဤအချိန်အခိုက်အတန့်တွင် ဗုဒ္ဓသည် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို ထုတ်ဖော်ပြသလာပေ၏။ သူသည် လောကတစ်သောင်း၏သက်ရှိများအပေါ် လွှမ်းမိုးထားသော မယုံနိုင်လောက်အောင် စွမ်းအားကြီးသည့် နတ်ဆိုးတစ်ကောင်အလား ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်မှုအရှိန်အဝါကို ပေးစွမ်းနေသည်။ သူသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းကာ လူအများကို ထိတ်လန့်တုန်လှုပ်စေသည်။

"နမော မဟာမကောင်းဆိုးဝါး မဟာနတ်ဆိုးဗုဒ္ဓ..."

မဟာဗုဒ္ဓအရှင်က ဘွဲ့နာမတစ်ခုကို ရွတ်ဆိုလိုက်သည်။ နတ်ဆိုးစွမ်းအားများသည် သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် မြင့်တက်လာပြီး မိုးကောင်းကင်ယံကို ထွင်းဖောက်ကာ ပြင်ပလေဟာနယ်ကို ဖြတ်ကျော်သွားသည်။ ပတ်ဝန်းကျင်တွင် ရွှေရောင်ဗုဒ္ဓအလင်းရောင် မရှိဘဲ ဆိုးညစ်ပြီး ထူးဆန်းသော ယင်ချီစွမ်းအင်များ ရစ်သိုင်းလွှမ်းခြုံနေသည်။

ဤသည်မှာ ဗုဒ္ဓတစ်ပါးသည် ရုတ်တရက် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။ အေးစက်သော နတ်ဆိုးချီစွမ်းအင်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

"မင်းရဲ့ မျက်နှာအစစ်ကို နောက်ဆုံးတော့ ထုတ်ပြလိုက်ပြီပေါ့"

လုယွီ အော်ဟစ်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"ဒါက အပေါ်ယံအရေပြားတစ်ခုပါပဲ... ဒီဗုဒ္ဓမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်....ဒါပေမယ့် ခေါင်းမာပြီး အလျှော့မပေးတဲ့သူတွေအတွက်တော့ မိုးကြိုးလို ဒေါသမျိုး လိုအပ်တယ်"

ဗုဒ္ဓသည် လက်အုပ်ချီလိုက်ရာ ရုတ်တရက် အေးစက်စက် အလင်းတန်းတစ်တန်းသည် သူ၏မျက်လုံးများထဲတွင် တောက်ပသွားပြီး နောက်ထပ်လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။

ဤ လက်ဝါးရိုက်ချက်သည် ယခင်က သူ အသုံးပြုခဲ့သော တထာဂတ နတ်ဘုရားလက်ဝါး နှင့် ကွဲပြားခြားနားသည်။ ယခင်က ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အစွမ်းထက်သော်လည်း ထိုအရာတွင် ကြင်နာမှုဟူသော အရိပ်အယောင် သုံးပုံတစ်ပုံ ပါရှိနေသည်။

နတ်ဆိုးဗုဒ္ဓအဖြစ် ပြောင်းလဲပြီးနောက် မဟာဗုဒ္ဓအရှင်၏ခန္ဓာကိုယ်ကို ထူထပ်သိပ်သည်းသော နတ်ဆိုးအတွေးများဖြင့် ဖုံးလွှမ်းနေလေပြီ။ နတ်ဆိုးယင်ချီစွမ်းအင်များသည် အရပ်မျက်နှာအဘက်ဘက်၌ ပြည့်နှက်နေသည်။ သူ လက်ဝါး တစ်ချက် ရိုက်ထုတ်ချိန်၌ ထိုအရာသည် ပြိုင်ဘက်ကို သတ်ဖြတ်လိုသော စိတ်ဆန္ဒသက်သက်ဖြင့်ပင်။ ပြိုင်ဘက်ကို မသတ်ရမချင်း သူ ရပ်တန့်မည် မဟုတ်ချေ။

"မဟာဗုဒ္ဓအရှင် ဒေါသထွက်နေပြီ.... ဒီကောင်လေးတော့ သေပြီပဲ"

ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်အချို့သည် ဤမြင်ကွင်းကို မြင်တွေ့ချိန် လှောင်ပြောင်သရော်လိုက်ကြ၏။

"သတိထား...."

စာပေသူတော်စင်နှစ်ပါး စိတ်လှုပ်ရှားသွားကြသော်လည်း သူတို့သည် ဗုဒ္ဓဂိုဏ်းမှ တခြားအစွမ်းထက်ပုဂ္ဂိုလ်များကို ဖိနှိပ်ထားရသဖြင့် လုယွီကို ကာကွယ်ရန် အာရုံမစိုက်နိုင်ကြချေ။

ဧရာမ နတ်ဆိုးလက်ဝါးကြီးသည် သူ့ထံသို့ ရောက်ရှိလာတော့မည်ဖြစ်သော်လည်း လုယွီ၏ နှလုံးသားသည် တည်ငြိမ်နေပြီး ကြောက်ရွံ့ခြင်း အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

သူ၏ခန္ဓာကိုယ်အတွင်း၌ ခရမ်းရောင် အင်မော်တယ်ချီစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ လုယွီသည် တိမ်တိုက်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီး သူ၏ခြေရင်းတွင် ရွှေနဂါးကိုးကောင် ကခုန်နေကြသည်။ နဂါးဟိန်းသံများသည် လောကကြီးတခွင်လုံးကို တုန်ခါသွားစေသည်။

ရှေးဟောင်း ကောင်းကင်ဘုံဧကရာဇ်သည် လောကကြီးတွင် ပြန်လည်ထွက်ပေါ်လာသည့်အလား လုယွီသည် ကောင်းကင်နှင့်မြေပြင်၏ အလယ်ဗဟိုတွင် ကြီးကျယ်ခမ်းနားစွာ တည်ရှိနေပေ၏။ သူ၏ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ဖြာထွက်နေကာ ခမ်းနားထည်ဝါပြီး တည်ကြည်လေးနက်နေသည်။

Chapter 5294

မရေမတွက်နိုင်သော အင်မော်တယ်စွမ်းအင်စီးကြောင်းများသည် တလိမ့်လိမ့်ထနေသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုယွီကို လွှမ်းခြုံထားသည်။

အင်မော်တယ်နန်းတော်များ အလံများ ဝေါယာဉ်များ တိမ်တိုက်ရထားလုံးများနှင့် ကြီးကျယ်ခမ်းနားသော သဘာဝလွန်ပုံရိပ်ယောင်အမျိုးမျိုး ထွက်ပေါ်လာသည်။ အလင်းတန်းများအားလုံးကို လုယွီတစ်ဦးတည်းက စုစည်းလိုက်သည့်အလား ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် မှိန်ဖျော့သွားသည်။

ရှေးဟောင်းနဂါးရထားလုံးတစ်စီးသည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။ ရထားလုံးကိုဆွဲသော နတ်ဆိုးသားရဲသည် ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေသော အကြေးခွံများရှိသည့် ခြေသည်းငါးချောင်း ရွှေနဂါးတစ်ကောင်ပင်။ ထိုသားရဲ၏မျက်လုံးများတွင် အေးစက်မှုများဖြင့် ပြည့်နှက်နေကာ ခန္ဓာကိုယ်သည် တောင့်တင်းသန်မာပြီး စွမ်းအားများ ပြည့်ဝနေသည်။

နဂါးရထားလုံး၏ မျက်နှာပြင်တွင် နဂါးရုပ်များ ထွင်းထုထားပြီး ဖီးနစ်ပုံစံများ ရေးဆွဲထားသည်။ ရထားလုံး၏အနားသတ်များတွင် ရွှေမျှင်များဖြင့် ပုံဖော်ထားသော လက်ရာမြောက်ပုံစံများ ထွင်းထုထားသဖြင့် အလွန်ကြီးကျယ်ခမ်းနားပေ၏။

ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ စစ်ရထားလုံးပင်။

ကောင်းကင်ဘုံဧကရာဇ်သည် စစ်ရထားလုံးအတွင်း၌ထိုင်ပြီး လောကကြီးတခွင်လုံး၌ လှည့်လည်သွားလာသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုရထားလုံးမှ ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါ ထွက်ပေါ်လာသဖြင့် သာမန်လူများအနေဖြင့် တည့်တည့်ကြည့်ရန်ပင် အလွန် ခက်ခဲစေသည်။

ဤသည်မှာ အမတ်ကြီးချွယ်၏အမွေအနှစ်တွင်ပါဝင်သော အစွမ်းထက်ဆုံး အင်မော်တယ်နည်းစနစ်ပင်။

ထိုစဉ်က လုယွီသည် အောက်ဘုံတွင် အမတ်ကြီးချွယ်၏အမွေအနှစ် ကို ရရှိခဲ့ရာ ထိုအရာတွင် မြောက်မြားစွာသော သိုင်းပညာနည်းစနစ်များနှင့် အင်မော်တယ်နည်းစနစ်များ ပါဝင်သည်။ ထို့ကြောင့် လုယွီအား တူညီသော နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းစေရုံသာမက သူ၏အဆင့်ထက် ကျော်လွန်၍ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်စေခဲ့သည်။

ယခုအချိန်၌ ဤအန္တိမအင်မော်တယ်နည်းစနစ်သည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ် ခရီးသွားလာချိန်၌ ပါရှိသည့် အခြွေအရံများ၏ အခမ်းအနားကို ပုံဖော်ထားခြင်းပင်။ အင်မော်တယ်အလင်းတန်းများသည် ငြိမ်းသတ်၍မရနိုင်ဘဲ ပြင်းထန်သော အရှိန်အဝါသည် အလွန်ကြီးမားပေ၏။

ရှေးဟောင်း အင်မော်တယ်နည်းစနစ်... ကောင်းကင်ဘုံဧကရာဇ်၏ခရီးစဉ်...

ဝုန်း....

ရှေးဟောင်းနဂါးရထားလုံးသည် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး အရပ်မျက်နှာအဘက်ဘက်ရှိ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို တညီတညွတ်တည်း တုန်ခါသွားစေကာ မိုးခြိမ်းသံများကို ထုတ်လွှတ်လိုက်သည်။

လုယွီသည် နဂါးရထားလုံးကို မောင်းနှင်ပြီး ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်ရာ မှော်စွမ်းအားများ ဖုံးလွှမ်းနေသော မဟာဗုဒ္ဓအရှင်၏လက်ဝါးပုံရိပ်ယောင်ကို ချက်ချင်းကြေမွှပျက်စီးသွားစေပြီး အမှုန်အမွှားများအဖြစ်သို့ ရောက်ရှိသွားစေသည်။

"ဘာလဲ....မင်းက ငါ့ရဲ့ဓားကို လုမလို့ မဟုတ်ဘူးလား....မင်းမှာ စွမ်းရည်မရှိရင် ဘယ်လိုလုပ်ပြီး ဒီဓားကို လုနိုင်မှာလဲ"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကောင်းကင်ဧကရာဇ်၏ စစ်ရထားလုံးကို မောင်းနှင်ကာ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်လိုက်၏။

ဘုန်း....ဘုန်း...ဘုန်း....

ကြယ်များ တိုက်ခတ်မိသကဲ့သို့ ကျယ်လောင်သော အသံများသည် မိုးကြိုးပစ်ခတ်သည့်အလား အရပ်မျက်နှာအဘက်ဘက်ကို တုန်ခါသွားစေသည်။

မဟာဗုဒ္ဓအရှင်သည်လည်း လုယွီထံမှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပုံရသည်။ သူ ဆန့်တန်းထားသော လက်သည် ထိုတိုက်ခိုက်မှုကြောင့် အမှန်တကယ်ကို ကြေမွှပျက်စီးသွားပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံဧကရာဇ်၏ စစ်ရထားလုံးသည် ရှေ့သို့ဆက်လက်၍ တိုးဝင်သွားသည်။ မဟာဗုဒ္ဓအရှင်၏ကြီးမားသော ကိုယ်ပွားပုံရိပ်ယောင်သည် ကောင်းကင်ဘုံဧကရာဇ်၏ စစ်ရထားလုံး ရှေ့မှောက်တွင် ပါးလွှာသော စက္ကူတစ်ရွက်အလား ပျက်စီးလွယ်နေသည်။

"လုယွီ အလင်းဘက်ကို ပြန်လှည့်လာခဲ့စမ်း..."

မဟာဗုဒ္ဓအရှင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ငါ ပြန်လှည့်စရာ မလိုဘူး....ငါ့မှာ ဆုတ်ခွာစရာ လမ်းလည်း မရှိဘူး"

လုယွီက လျစ်လျူရှုသောအသံဖြင့် တုံ့ပြန်လိုက်ပြီး ကောင်းကင်ဘုံဧကရာဇ်၏ စစ်ရထားလုံးကို ထိန်းချုပ်ကာ မဟာဗုဒ္ဓအရှင်၏ကိုယ်ပွားကို အတင်းအကြပ် ကြေမွှပျက်စီးသွားစေသည်။

အချိန်တခဏအတွင်းမှာပင် ရွှေရောင်ဗုဒ္ဓအလင်းတန်း အပိုင်းအစများသည် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားသည်။ စိတ်ဝိညာဉ်တောင်သည် တုန်ခါသွားပြီး တဝုန်းဝုန်းမြည်သံများ အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။

ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး ကြက်သေသေသွားကြသည်။ မိုးကောင်းကင်ယံအောက်၌ အထွတ်အထိပ်ဖြစ်သော မဟာဗုဒ္ဓအရှင်၏ကိုယ်ပွားသည် သူတို့၏ရှေ့တွင် ကြေမွှပျက်စီးသွားသည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။

ဗုဒ္ဓကိုယ်ပွား ပျောက်ကွယ်သွားခြင်းသည် မဟာဗုဒ္ဓအရှင်အတွက်လည်း သိသာထင်ရှားသော ထိုးနှက်ချက်တစ်ခုပင်။ ကောင်းကင်နှင့်မြေပြင်ကြားရှိ ဗုဒ္ဓဂိုဏ်း၏ကံကြမ္မာစွမ်းအားများသည် လျော့ကျသွားပြီး မှိန်ဖျော့ကာ အရောင်အဝါ မရှိတော့ချေ။

"လုယွီ ...မင်း ငါတို့ကို စောင့်နေလိုက်စမ်း... ဗုဒ္ဓဂိုဏ်းက ဒီစော်ကားမှုကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး.... ဗုဒ္ဓဂိုဏ်းရဲ့ အဆုံးမဲ့ လက်စားချေမှုကို မင်း စောင့်နေလိုက်တော့"

ဗုဒ္ဓတစ်ပါးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏အသံသည် ကြည်လင်ပြတ်သားပြီး ပဲ့တင်ထပ်နေသည်။

ထို့နောက် ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များသည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြ၏။

အကယ်၍ လုယွီ တစ်ယောက်တည်းသာဆိုလျှင် သူတို့ တိုက်ခိုက်နိုင်သော်လည်း သူတို့ကို ဝန်းရံထားသော စာပေသူတော်စင် နှစ်ပါးလည်း ရှိနေသည်။ မည်သူမျှ လုယွီကို အနိုင်ယူနိုင်မည်ဟု အာမမခံရဲကြပေ။

"ဒါက ဘယ်နေရာလို့ မင်းတို့ ထင်နေတာလဲ....မင်းတို့ စိတ်ကြိုက် ဝင်ထွက်သွားလာလို့ ရမယ်လို့ မင်းတို့ ထင်နေတာလား"

လုယွီက ရုတ်တရက် ဒေါသတကြီး အော်ငေါက်လိုက်ပြီး ကောင်းကင်ဘုံဧကရာဇ်၏ စစ်ရထားလုံးကို မောင်းနှင်ကာ ချက်ချင်းဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူ၏မျက်လုံးများထဲတွင် သွေးရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ ပိုင်ဆုချင် နှိပ်စက်ခံရသည့် မြင်ကွင်းသည် သူ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာသည်။ ထိုနေ့က သူသည် စိတ်ဝိညာဉ်တောင် ကို သွေးဖြင့် ဆေးကြောမည်ဟု ကျိန်ဆိုခဲ့ပေ၏။

"အား...."

ကြွင်းကျန်နေသော ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြသော်လည်း သူတို့သည် လုယွီ၏နယ်ပယ်ထဲသို့ ကျရောက်နေပြီဖြစ်သောကြောင့် မည်သို့မျှ မလွတ်မြောက်နိုင်ကြချေ။

လုယွီ၏ အချိန်ကြာမြင့်စွာ စုဆောင်းထားသော ဒေါသများ ပွင့်အံ့ထွက်လာသည်။ သူသည် ကောင်းကင်အုပ်စိုးသူ အရှင်သခင် ၏ မှော်စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ဂျုံပင်များ ရိတ်လှီးခံရသကဲ့သို့ လဲကျသွားကြသည်။ ဗုဒ္ဓများ၏သွေးများသည် မိုးမြေဖျက်ဆီးနန်းတော်၏ ကျောက်တုံးအုတ်ချပ်များကို အနီရောင် စွန်းထင်းသွားစေသည်။

Chapter 5295

မိုးမြေဖျက်ဆီးနန်းတော်၏အပြင်ဘက်၌ အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး အရိုးခိုက်မတတ်အေးသော လေထဲတွင် ပြင်းထန်သော သွေးညှီနံ့များ ရောယှက်နေသည်။

မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤသတ်ဖြတ်ပွဲတွင် သေဆုံးခဲ့ကြသည်။ ထူးခြားသည့် သဘာဝလွန်ဖြစ်စဥ်များသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပေါ်ထွက်လာပြီး ဝမ်းနည်းပူဆွေးသော ငိုညည်းသံများသည် လေဟာနယ်ထဲတွင် ပဲ့တင်ထပ်နေပေ၏။

"လုယွီ....မင်း ကောင်းကောင်းမသေပါစေနဲ့"

ဗုဒ္ဓတစ်ပါးက လုယွီကို လက်ညှိုးညွှန်ပြီး အကြမ်းကြုတ်ဆုံး ကျိန်စာတိုက်လိုက်သည်။

သူတို့၏ ယခင်က သနားကရုဏာသက်သော အပြုံးများသည် ယခုချိန်၌ ရက်စက်ကြမ်းကြုတ်မှုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ သမိုင်းတလျှောက်တွင် ဗုဒ္ဓဂိုဏ်း၌ နောက်လိုက်အမြောက်အများရှိခဲ့သော်လည်း ဆန့်ကျင်သူများကမူ အလွန်အမင်းရှားပါးသည်။

"လူတွေအများကြီးက ငါ့ကို သေဖို့ ကျိန်ဆဲခဲ့ကြဖူးတယ်....ဒါပေမယ့် မင်းတို့က အဆင့်တောင် မမီဘူး"

လုယွီသည် တစိုးတစိမျှ ဂရုမစိုက်ဘဲ ပို၍ပင် သနားညှာတာမှုကင်းမဲ့စွာ ပြုမူလိုက်၏။

ဝှစ်...ဝှစ်...ဝှစ်...

အင်မော်တယ်ကွပ်မျက်ဓားသည် ပျော်ရွှင်မြူးတူးနေသည့်အလား တုန်ခါသွားသည်။ ထိုဓားသည် သွေးများကို အရူးအမူး သောက်သုံးနေပြီးကိုယ်ထည်ပေါ်ရှိ အေးစက်စက်အလင်းရောင်သည် လျှင်မြန်စွာ တောက်ပနေပေ၏။

'မြင့်မားတဲ့ ဂုဏ်ဒြပ်တွေ....လောကမှာ ပြိုင်ဘက်ကင်းတဲ့ အထွတ်အထိပ် အဆင့်အတန်းတွေ.... ရွှေရောင်ခန္ဓာကိုယ်တွေရဲ့ နောက်ကွယ်မှာ ဟန်ဆောင်မှုတွေ ပုန်းကွယ်နေကြတယ်....အဲ့ဒီ မာကျောတဲ့အခွံ ကျိုးပဲ့သွားတာနဲ့ သူတို့က သာမန် သက်ရှိတွေပဲ'

လုယွီက တွေးတောလိုက်သည်။

ဤတိုက်ပွဲတွင် မည်သည့် ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်မျှ အသက်ရှင်လျက် ထွက်ခွာမသွားနိုင်ခဲ့ပေ။

ဗုဒ္ဓအရှင်ဆယ်ပါး ရာနှင့်ချီသော ဗုဒ္ဓဘုရားလောင်းများ သောင်းနှင့်ချီသော ဘုန်းတော်ကြီးများအားလုံး သေကြေပျက်စီးသွားကြသည်။ မိုးမြေဖျက်ဆီးနန်းတော်သည် ငရဲနယ်မြေအလား ဖြစ်လာပေ၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ခြေချစရာနေရာပင် မရှိတော့ပေ။ ဗုဒ္ဓကျင့်ကြံသူများ၏အလောင်းများသည် တစ်ခုပေါ်တစ်ခု ပုံနေပြီး အသက်ရှင်စဉ်က သူတို့၏ အသွင်အပြင်များကို ခွဲခြား၍မရတော့ချေ။ သူတို့ သေဆုံးသွားပြီးနောက် ဤနှိုင်းယှဉ်နိုင်စရာမရှိလောက်အောင် မြင့်မြတ်သော တည်ရှိမှုကြီးများသည် သာမန်လူများနှင့် ကွာခြားခြင်းမရှိတော့ပေ။

"ဟူး...."

သူတော်စင်ရီသည် မျက်လုံးစုံမှိတ်ပြီး ရှည်လျားစွာ သက်ပြင်းချလိုက်၏။ သူသည် လောကနှစ်ခုတောင်တန်းကို စောင့်ကြပ်နေသဖြင့် လူသားမျိုးနွယ်အတွင်း၌ အချင်းချင်း တိုက်ခိုက်သည်ကို မြင်တွေ့ရခြင်းအား အမုန်းဆုံးပင်။

သို့ရာတွင် သူတော်စင်ရွှမ်၌ တည်ကြည်လေးနက်သော မျက်နှာထားရှိပြီး အလေးအနက်ထားသော လေသံဖြင့် ပြောဆိုသည်။

"ဒါက ပိုရွှင်ရဲ့ စမ်းသပ်မှု သက်သက်ပဲ....သူက မင်းကို အနိုင်ယူနိုင်မယ်လို့ မသေချာလို့ သူ့ရဲ့ကိုယ်ပွားကို အသုံးပြုပြီး လာခဲ့တာ...အနာဂတ်မှာ သူ့ရဲ့ခန္ဓာကိုယ်အစစ် ရောက်လာရင် မင်း အန္တရာယ်ရှိလိမ့်မယ်"

"ဒီနတ်ဆိုးက သူ့ရဲ့မူရင်းဇစ်မြစ်ကို လူသိနည်းတာကြောင့် အရမ်းသတိထားတယ်....အဲ့ဒါကြောင့် ငါ့ကို နှုတ်ပိတ်ဖို့အတွက် အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားခဲ့တယ်.... ဒါပေမယ့် ကံမကောင်းစွာနဲ့ သူ မအောင်မြင်ခဲ့ဘူး... သူ့ရဲ့စွမ်းအားက ခန့်မှန်းလို့မရနိုင်ဘူး.... မင်း သတိထားရမယ်”

သူတော်စင်ရွှမ်သည် အလယ်ခေတ်မှ လူတစ်ဦးဖြစ်ပြီး ခေတ်ကာလအတက်အကျများကို ကြုံတွေ့ခဲ့ရကာ တခြားလူများထက် ပို၍မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်သူသည် လုယွီကို သတိထားရန် သတိပေးလိုက်၏။

"သူတော်စင်ရွှမ်က ကျွန်တော်ကို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ဒါပေမယ့် အတုအယောင် ဗုဒ္ဓဂိုဏ်းက အရိုးထဲ စွဲနေတဲ့ လောက်ကောင် ဖြစ်နေပြီ...ကျွန်တော်က ဒီဘေးကပ်ဆိုးကို အနှေးနဲ့အမြန် ရှင်းပစ်ရမှာပဲ....သူတို့နဲ့ ကျွန်တော်ကြားမှာ ရန်ငြိုးဖွဲ့ပြီးသားဆိုတော့ ဘာမှတွေဝေတုံ့ဆိုင်းနေဖို့ မလိုတော့ဘူး"

လုယွီသည် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယုံကြည်ချက်ဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

ဤသည်မှာ စွမ်းအား တိုးတက်လာမှုကြောင့် ဖြစ်ပေါ်လာသော သူ၏ စိတ်အခြေအနေ ပြောင်းလဲမှုပင်။ ကောင်းကင်အုပ်စိုးသူ အရှင်သခင်တစ်ပါး၏ စွမ်းအားဖြင့် လုယွီသည် စွမ်းအားကြီးသော တာအိုသခင်တချို့ကိုပင် ကြောက်ရွံခြင်းမရှိတော့ပေ။

"လုယွီ...ဒီလူအိုကြီးက အမြင်မမှားဘူးဆိုရင် မင်း ခုဏက လူသား ဧကရာဇ်ရဲ့ပုံသဏ္ဌာန်ကို ထုတ်ဖော်လိုက်တာလား"

သူတော်စင်ရီ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးမြန်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ လုယွီ အစောပိုင်းက ထုတ်ဖော်အသုံးပြုလိုက်သော စွမ်းအားသည် အလွန်အံ့အားသင့်ဖွယ် ကောင်းပေ၏။

အစပထမတွင် စာပေသူတော်စင်နှစ်ပါးသည် အင်မော်တယ်ကွပ်မျက်ဓားဝိညာဉ်၏ ဖိနှိပ်မှုအောက်၌ ခြေတစ်လှမ်းချင်း ဆုတ်ခွာခဲ့ရပြီးအန္တရာယ်နှင့် အဆက်မပြတ် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် လုယွီသည် ရုတ်တရက် ထွက်ပေါ်လာပြီး လူသားဧကရာဇ်၏အရှိန်အဝါသည် ပြိုင်ဘက်ကင်းကာ ဓားချက်အနည်းငယ်ဖြင့် အင်မော်တယ်ကွပ်မျက်ဓားဝိညာဉ် ကို သတ်ဖြတ်လိုက်၏။

ဤကဲ့သို့ မမျှော်လင့်ထားသော တန်ပြန်တိုက်ခိုက်မှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။ စာပေသူတော်စင်နှစ်ပါးလုံးသည် နက်နဲသိမ်မွေ့သော ဗဟုသုတရှိသည့် တည်ရှိမှုကြီးများဖြစ်ကြသဖြင့် သူတို့သည် သဲလွန်စကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့ခဲ့ကြသည်။

"ကျွန်တော် ထင်ထားတဲ့အတိုင်းပဲ....ဆရာ့ကို ဘာမှ ဖုံးကွယ်ထားလို့ မရပါဘူး....ဒီတပည့်က အရင်က ယင်ယန်ကျမ်းစာကို ရရှိခဲ့ပြီးတော့ အချိန်ခရီးသွားခဲ့တာပါ"

လုယွီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ အရာအားလုံးကို ထုတ်ဖော်ပြောပြလိုက်သည်။

ပျောက်ကွယ်သွားသော မဟာချင်အင်ပါယာ၏ဖုန်တက်နေသော ရှေးဟောင်း သမိုင်းကြောင်းသည် လောကီလောကသို့ တဖန် ပြန်၍ ထွက်ပေါ်လာသည်။ စာပေသူတော်စင်နှစ်ပါးသည် ထိတ်လန့်တုန်လှုပ်သွားပြီး နေရာတွင် အချိန်တခဏကြာမျှ ကြက်သေသေသွားကြသည်။

"အံ့အားစရာ မဟုတ်တော့ဘူး... ကွန်ဖြူးရှပ်ဂိုဏ်းရဲ့မှတ်တမ်းတွေမှာ အမြဲတမ်း သံသယဝင်စရာတွေ ရှိခဲ့တယ်...ရှစ်ဆက်မြောက် လူသား ဧကရာဇ်ရှန်ရဲ့လက်ထက် အဆုံးသတ်သွားတဲ့နောက်မှာ သမိုင်းဆိုင်ရာ ကွာဟချက်တွေက အရမ်းကြီးလွန်းတယ်....လူသားမျိုးနွယ် ထိန်းချုပ်ထားတဲ့ စွမ်းအားက တစ်ညတည်းနဲ့ ထိုးကျသွားပုံရတယ်....ဒါက ဒီလိုလျှို့ဝှက်သမိုင်းကြောင်းမျိုးကို ဖုံးကွယ်ထားတာကိုး"

စာပေသူတော်စင်နှစ်ပါးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် မရေမတွက်နိုင်သော အရာများကို ကြုံတွေ့ခဲ့ရသော်လည်း ဤမျှထိ အံ့အားသင့်ဖွယ်ကောင်းသော အရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

All Chapters