အခန်း (၅၂၉၆-၅၃၀၀)
Vol. 268 Ch. 5296-5300
Chapter 5296
လူသားကျင့်ကြံသူများသည် ကောင်းကင်ဘုံနယ်မြေအထိ တက်ရောက်ကာ နတ်ဆိုးများကိုသတ်ဖြတ်ခဲ့ကြ၏။ သူတို့သည် လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ပြီး နတ်ဆိုးနယ်မြေထဲသို့ ခြေချခဲ့ကြသည်။ လူသားအလံများသည် ထိုနယ်မြေပေါ်တွင် ပထမဆုံးအကြိမ် ပျံ့လွင့်ခဲ့သော်လည်း သူတို့ကမူ မြေအောက်တွင် ထာဝရအိပ်စက်နေသည့် ရွှံ့ရုပ်ထုစစ်သည်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
လုယွီသည် အကွေ့အကောက်များပြီး ဝမ်းနည်းဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို ဖြည်းညှင်းစွာ ပြောပြလိုက်၏။
စာပေသူတော်စင် နှစ်ပါးသည် သူတို့၏ အမှတ်တရများထဲမှ ဖြည်းညှင်းစွာ နိုးထလာကြသည်။ လုယွီ ပြောပြလိုက်သော အကြောင်းအရာသည် သူတို့စိတ်ထဲရှိ အမှတ်တရအချို့ကို လှုပ်ခတ်သွားစေခဲ့ပြီး သူတို့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သော်လည်း ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
သူတော်စင်ရီသည် သက်ပြင်းရှည်ကြီးချပြီး ခေါင်းခါယမ်းလိုက်၏။
"လူသားမျိုးနွယ်က လောကနှစ်ခုတောင်တန်းမှာ အမြဲတမ်း ခံစစ်အနေအထားနဲ့ပဲ နေခဲ့ရတာ... နတ်ဆိုးနယ်မြေထဲ ဝင်ရောက်တိုက်ခိုက်ဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်"
သူသည် လောကနှစ်ခုတောင်တန်းတွင် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူဖြစ်သဖြင့် ထိုနေရာမှ အန္တရာယ်များကို သဘာဝကျကျ သိရှိနေသည်။
အရည်အချင်းပြည့်မီသော စစ်သည်တစ်ယောက်ကို လေ့ကျင့်ပေးရန်အတွက် လူသားမျိုးနွယ်အနေဖြင့် ရေရှည်ပြုစုပျိုးထောင်ရပြီး စွမ်းအားနှင့်အရင်းအမြစ် အမြောက်အများကို သုံးစွဲရလေ့ရှိသည်။
သို့ရာတွင် နတ်ဆိုးမျိုးနွယ်ကမူ မတူညီချေ။ ရှေးဟောင်းနတ်ဆိုးများသည် အဆုံးမရှိနိုင်သကဲ့သို့ ထင်မှတ်ရသည်။ အုပ်စုတစ်စု သေဆုံးသွားသည်နှင့် နတ်ဆိုးမျိုးနွယ် အုပ်စုသစ်တစ်စုသည် အချိန်တိုအတွင်း ပေါက်ဖွားလာတတ်သည်။
ဤကဲ့သို့သော အရေးနိမ့်သော အခြေအနေများကြောင့် လူသားမျိုးနွယ်အနေဖြင့် ပြန်လည်တိုက်ခိုက်ရန်မဆိုထားနှင့် ကာကွယ်ရန်အတွက်ပင် အလွန်အမင်း အားစိုက်ထုတ်နေရလေပြီ။
"တကယ်တော့ အရာအားလုံးက ပုံသေမဟုတ်ပါဘူး"
သူတော်စင်ရွှမ်က ရုတ်တရက် ဝင်ရောက်ပြောဆိုသည်။
"ရှေးဟောင်းလူသားဧကရာဇ်တွေ အကုန်လုံးက ထီးနန်းလွှဲပြောင်းပေးတဲ့ အလေ့အထကို ကျင့်သုံးခဲ့ကြတယ်... ယင်ဧကရာဇ်က မင်းကို သူ့ရဲ့ကျန်ရှိနေတဲ့ စိတ်ဝိညာဥ်အမျှင်တန်းက စွမ်းအားကို ပေးအပ်ခဲ့တယ်ဆိုတော့...သူက လူသားဧကရာဇ် ရာထူးကိုလည်း မင်းဆီ လွှဲပေးခဲ့တာဖြစ်ဖို့ အလားအလာ အရမ်းများတယ်..."
"လူသားဧကရာဇ်တစ်ပါးရဲ့ ကံကြမ္မာဆိုတာက စကားလုံးတွေနဲ့ မဖော်ပြနိုင်လောက်အောင် မြင့်မြတ်လွန်းတယ်... အနာဂတ်မှာ မင်းက လူသားမျိုးနွယ်ရဲ့ ခက်ခဲကျပ်တည်းနေတဲ့ အခြေအနေကို ချိုးဖျက်နိုင်လောက်တယ်"
သူတော်စင်ရွှမ်၏စကားလုံးများသည် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟပြောဆိုလိုက်သကဲ့သို့ ဖြစ်နေပြီး သူ၏မျက်လုံးများသည် တောက်ပနေပေ၏။
အလယ်ခေတ်၏ သမိုင်းကြောင်းတလျှောက်တွင် သူသည် လူသားဧကရာဇ်ဓား ကိုင်ဆောင်သူ အမြောက်အများကို မြင်တွေ့ခဲ့ဖူးသည်။ တချို့သည် နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ ပြင်းထန်သော ရောင်ခြည်များ ထုတ်လွှတ်နိုင်သော်လည်း တချို့မှာမူ အချိန်ခဏသာ ပွင့်ပြီး တိတ်တဆိတ် ကြွေကျသွားသည့် ပန်းတစ်ပွင့်ကဲ့သို့ဖြစ်ခဲ့ကြသည်။
သို့ရာတွင် လုယွီကမူ မတူကွဲပြားပေသည်။ သူတို့အကြားတွင် ဆက်ဆံမှု သိပ်မရှိခဲ့ဖူးသော်လည်း လုယွီ ပေးစွမ်းသည့် ထိတ်လန့်တုန်လှုပ်မှုသည် ယခင်လူများအားလုံးထက် များစွာပို၍ သာလွန်နေသည်။
"သူတော်စင်ရွှမ်... အနာဂတ်ကျရင် တော်ဝင်နန်းတော်မှာ တာဝန်ထမ်းဆောင်ဖို့ ရွှမ်ရှန့်လို သန်မာတဲ့ ထိပ်သီးပညာရှင်တစ်ယောက်ကို လိုအပ်တယ်"
လုယွီက ရွှမ်ရှန့်ကို ဖိတ်ခေါ်လိုက်သည်။
အလယ်ခေတ်က ဤစာပေသူတော်စင်သာ တော်ဝင်နန်းတော်တွင် တာဝန်ထမ်းဆောင်နိုင်မည်ဆိုလျှင် အခြားသူများအတွက် အာမမခံနိုင်သော်လည်း အနည်းဆုံးအနေဖြင့် ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံး လုယွီ၏ လက်အောက်၌ စုဝေးလာကြလိမ့်မည်။
ဤသည်မှာ သန်းနှင့်ချီသောစစ်သားများထက် ပို၍ကြီးမားသော အင်အားကို စုဆောင်းနိုင်ခြင်းပင်။
သူတော်စင်ရွှမ်က ခေါင်းခါယမ်းလိုက်၏။
"ထားလိုက်ပါတော့... ဒီအဘိုးကြီးက ဂုဏ်တွေ ငွေတွေကို မြင်ဖူးပါပြီ... ဒီဘဝမှာ တပည့်တွေကို ပိုပြီးသင်ကြားပေးချင်သလို လူသားမျိုးနွယ်အတွက် သိသာထင်ရှားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးဖို့ပဲ မျှော်လင့်မိတယ်"
သို့ရာတွင် ထိုစကား အဆုံးသတ်သွားသော အချိန်မှာပင် သူတော်စင်ရွှမ်က ထပ်မံ၍ ပြောဆိုလိုက်သည်။
"ဒါပေမယ့် ဒီအဘိုးကြီးက တိတ်ဆိတ်ငြိမ်သက်တာကို ကြိုက်တယ်ဆိုပေမယ့် တောင်ပေါ်မှာ ပုန်းအောင်းနေတဲ့ ရသေ့တစ်ပါးတော့ မဟုတ်ဘူး... အနာဂတ်မှာ မင်း ဒီအဘိုးကြီးကို လိုအပ်လာရင် ပြောလိုက်ပါ"
လုယွီ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် သူတော်စင်ရွှမ်"
ဤကဲ့သို့သော စာပေသူတော်စင်များသည် စကားတစ်ခွန်း ပြောလိုက်လျှင်ပင် ကတိသစ္စာများပါဝင်သော ပုဂ္ဂိုလ်များပင်။ သူတို့ ပြောဆိုသော စကားများသည် အလွန်တန်ဖိုးရှိပေ၏။
"ဒီအင်မော်တယ်ကွပ်မျက်ဓားကို မင်း ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ... ပိုရွှင်ကိုယ်တိုင် လာပြီး ဒီဓားကို တောင်းဆိုခဲ့တာတောင် မအောင်မြင်ခဲ့ဘူးဆိုတော့ သူက ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး"
သူတော်စင်ရွှမ်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
အင်မော်တယ်ကွပ်မျက်ဓားသည် လေထုထဲတွင် ပျံဝဲနေဆဲဖြစ်ပြီး နတ်ဆိုးအလင်းတန်းများကို ထုတ်လွှတ်ထားသည်။
ထိုအရာ၌ ဓားဝိညာဉ် မရှိသော်လည်း ဓားကို မြင်လိုက်ရသူတိုင်း မျက်လုံးများကို ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားကြရသည်။ ဤဓား၏ဓားချီသည် ထက်ရှသော ဓားသွားတစ်ခုအလားပင်။
"ကျွန်တော် အကြာကြီး စဉ်းစားထားတဲ့ ကိစ္စတစ်ခုကို လုပ်ချင်တယ်"
လုယွီသည် အင်မော်တယ်ကွပ်မျက်ဓားကို စိုက်ကြည့်ရင်း ရေရွတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
ထက်ရှသောဓားသည် အေးစက်စက် အလင်းရောင်များဖြင့် တောက်ပနေပြီး ကောင်းကင်ကြီးသည် မှင်ရောင်ကဲ့သို့ မည်းမှောင်နေသည်။ ဤ ရှေးဟောင်းနတ်ဆိုး အင်မော်တယ်လက်နက်မှ စွမ်းအားပြင်းသော ဖိအားအရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။
သို့ရာတွင် လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ဖိနှိပ်လိုက်သည့်အချိန်၌ ဓားပေါ်မှ အေးစက်စက် အလင်းတန်းများအားလုံး နာခံမှုရှိရှိ စုစည်းသွားပြီး သူ၏လက်ထဲသို့ ကျရောက်သွားသည်။
တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏ဘယ်ဘက်လက်ဖြင့် ကျောက်စိမ်းတံဆိပ်တုံးကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။
ထိုကျောက်စိမ်းတံဆိပ်တုံးသည် လေးလက်မ ပတ်လည်ရှိပြီး အပေါ်ဘက်တွင် နဂါးငါးကောင် ပုံစံဖြင့် ရစ်ပတ်ထားသည်။ ကျောက်စိမ်းတံဆိပ်တုံး၏မျက်နှာပြင်၌ စာလုံးကြီးတချို့ကို ထွင်းထုထားသည်။
'ကောင်းကင်ဘုံအမိန့်တော်...သက်ရှည်ကျန်းမာပါစေ'
Chapter 5297
မိုးကောင်းကင်ယံမှ တ၀ုန်းဝုန်းမြည်သံများ ထွက်ပေါ်လာပြီး တိမ်တိုက်များ ပူးကပ်သွားကာ ကျယ်ပြန့်သော ကောင်းကင်ကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာသည့်အလားပင်။
လုယွီ၏လက်ထဲရှိ ကျောက်စိမ်းတံဆိပ်တုံးထဲမှနေ၍ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ထိုအသံသည် မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။
ထိုနဂါးသည် ရှေးဟောင်းပန်းချီကားတစ်ချပ်ထဲမှ ကူးခတ်၍ထွက်လာသည်နှင့် တူညီနေသော နဂါးနက်တစ်ကောင်ပင်။ ထိုနဂါး၏ခန္ဓာကိုယ်ပေါ်မှ နဂါးကြေးခွံတိုင်းသည် ထူထဲခိုင်မာပြီး အပြောင်းအလဲများသော ခံစားချက်ကို ထုတ်လွှတ်နေကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်ရှေးကျသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သိသာနေသည်။
ကံဆိုးစွာဖြင့် ထိုနဂါးနက်ကြီးသည် မပြည့်မစုံဖြစ်နေပြီး ချို့ယွင်းချက်တစ်ခု ရှိနေသည်။
မမြင်ရသော ဓားတစ်လက်သည် နဂါးနက်ကြီး၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ထားသည့်အလား နှစ်ပိုင်းပြတ်တောက်နေပေ၏။
ဤသည်က သေစေနိုင်သောဒဏ်ရာ ဖြစ်နေသော်လည်း နဂါးနက်ကြီးသည် အရှုံးမပေးဘဲ ခေါင်းမော့ကာ ကောင်းကင်ကို မော့ကြည့်ရင်း နဂါးဟိန်းသံများကို ထုတ်လွှတ်နေဆဲပင်။
'မဟာချင်အင်ပါယာ....နဂါးသွေးကြော'
ရှေးဟောင်းခေတ် နတ်ဆိုးနယ်မြေ၏ စစ်ပွဲကာလ၌ မဟာချင် နဂါးသွေးကြောကို မူလဘူတသက်ရှိတစ်ကောင်မှ ဖြတ်တောက်ခဲ့ပြီး ထိုအရာနှင့်အတူ မဟာချင်၏အင်ပါယာကံကြမ္မာလည်း ပြတ်တောက်သွားခဲ့သည်။
မဟာချင်အင်ပါယာ၏ နှစ်တစ်သောင်းကျော်ကြာမြင့်ခဲ့သည့် နာကြည်းချက်များကို စကားလုံးများဖြင့်ပင် အကုန်အစင် မဖော်ပြနိုင်တော့ချေ။
ချင်အင်ပါယာ ပျက်သုဉ်းပြီး ချင်အင်ပါယာသားများ အမြစ်ပြတ်သတ်ဖြတ် ခံခဲ့ရသော်လည်း သူတို့၏စိတ်ဆန္ဒများသည် နဂါးသွေးကြောထဲတွင် ကျန်ရှိနေဆဲပင်။ ထိုအရာသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းဆင်းသက်လာခဲ့ပြီး မှော်စွမ်းအားများကြောင့် ရပ်တန့်မသွားဘဲ လောကကြီးနှင့်အတူ ယှဉ်တွဲ၍ တည်ရှိနေခဲ့သည်။
"ဒီနောင်တရမှုက အဆုံးသတ်သင့်ပြီ"
လုယွီသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏ အထွတ်အထိပ် မှော်စွမ်းအားကို အသုံးပြုကာ အင်မော်တယ်ကွပ်မျက်ဓားကို လှုံ့ဆော်ပြီး ပြတ်တောက်နေသော မဟာချင်နဂါးသွေးကြောထဲသို့ ပေါင်းစပ်လိုက်သည်။
ဤလောကကြီးတွင် မည်သည့်ပစ္စည်းမျိုးမဆို မဟာတာအိုကြောင့် ရရှိခဲ့သော ဒဏ်ရာကို ကုစားရန် ခက်ခဲသည်။
ဤအရာကို မူလဘူတသက်ရှိ၏ ထူးခြားသော တိုက်ခိုက်မှုဖြင့် ဖြတ်တောက်ထားသဖြင့် ပြန်လည်ကုစားနိုင်သည့် ပစ္စည်းကို ရှာဖွေရန်ပင် ခက်ခဲလှပေ၏။
သို့ရာတွင် အင်မော်တယ်ကွပ်မျက်ဓားကမူ မတူညီချေ။
ထိုအရာသည် ပြင်ပကောင်းကင်ဘုံမှ လာခြင်းဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှ လူများပင်လျှင် မသိနိုင်သော နယ်ပယ်တစ်ခုက ဖြစ်သဖြင့် ဤအက်ကွဲကြောင်းကို ပြန်လည်ပြုပြင်ပေးနိုင်သည်။
အင်မော်တယ်ကွပ်မျက်ဓား ပေါင်းစပ်သွားသည်နှင့် နဂါးနက်ကြီး၏ခန္ဓာကိုယ် နံဘေးပတ်လည်မှနေ၍ ရှည်လျားသော အော်မြည်သံ များထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော တုန်ခါမှုများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် ဟိန်းဟောက်ပြီး နိုးထလာသည့်အလားပင်။
ထိုနဂါးနက်ကြီးသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနယ်မြေရှိ ဒေသအားလုံးမှနေ၍ ရှေးကျပြီး အပြောင်းအလဲများသော အငွေ့အသက်များ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်နေသည်ကို ခံစားလိုက်ရသည်။
'အရှေ့အောင်နိုင်ခြင်းကြယ်မြစ် ...ဖန်းနန်းတော်'
လေဟာနယ်ထဲတွင် ပျံဝဲနေသော ဖန်းနန်းတော်သည် ဤအချိန်၌ ရုတ်တရက် တုန်ခါသွားပြီး သွေးများစိုရွှဲနေသည့် ရှေးဟောင်း အင်ပါယာကပ်ဘေး ကျောက်တိုင်ကြီးတစ်ခုသည် နက်ရှိုင်းသောမြေပြင်ထဲမှနေ၍ ထွက်ပေါ်လာသည်။
ကြီးမားပြီး ရှေးကျသော ရွှံ့ရုပ်ထုစစ်သည် လေးခုသည် တောင့်တင်းနေသော ခေါင်းများကို တပြိုင်နက်တည်း မော့လိုက်ကြသည်။ သူတို့သည် တော်ဝင်မြို့တော်ဘက်သို့ လှမ်းကြည့်ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေကြ၏။
ဝမ်းနည်းစရာကောင်းသော စစ်သီချင်းသံ တစ်ပုဒ်သည် ကောင်းကင်နှင့်မြေပြင် အနှံ့အပြား၌ ပဲ့တင်ထပ်သွားသည်။
'နှစ်ပေါင်းတစ်သောင်း ကြာမြင့်သွားခဲ့ပြီ... ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲသွားပြီ... နေနဲ့ လ လည်ပတ်သွားပြီ... ပင်လယ်က ပိုးစာခင်းတွေ ဖြစ်သွားပြီ... အထွတ်အထိပ် ဆိုတာတွေက ဖုန်မှုန့်တွေအောက် မြုပ်သွားခဲ့ပြီ'
ဤအချိန်တွင် လူသားများအားလုံး နိုးထလာကြသည်။ သူတို့၏သွေးများအတွင်းမှ တုန်ခါမှုကို ခံစားလိုက်ရပြီး စွမ်းအားကြီးမားသော တည်ရှိမှုကြီးတစ်ခုသည် နိုးထလာနေကာ ဤသည်မှာ သူတို့ လူသားမျိုးနွယ်၏ဂုဏ်ယူစရာတစ်ခု ဖြစ်နေသည့်အလားပင်။
အချိန်သည် အလွန့်အလွန် ကြာမြင့်ခဲ့လေပြီ။ လူသားမျိုးနွယ်သည် လောကနှစ်ခုတောင်တန်း၏နောက်ဘက်ရှိ ကျဥ်းမြောင်းသောနယ်မြေတွင် ဖိနှိပ်ခံနေရပြီး မသေရုံတမယ် ရှင်သန်နေခဲ့ရသည်။
သူတို့သည် တစ်ချိန်က အထွတ်အထိပ် ရောက်ခဲ့ဖူးသည်။
သူတို့သည် အစွမ်းထက်ရန်သူများကို ရဲဝံ့စွာ သတ်ဖြတ်ခဲ့ဖူးသည်။
မရေမတွက်နိုင်သော လူများသည် ကောင်းကင်ပေါ်တွင် ပျံဝဲနေသည့် နဂါးနက်ကြီးကိုကြည့်ပြီး ဝပ်တွားကာ အရိုအသေပြုလိုက်ကြ၏။
အချိန်အကြာကြီး ပိတ်လှောင်ထားသော အမှတ်တရတစ်ခုသည် နောက်ဆုံး၌ ပြန်လည်ရရှိလာခဲ့လေပြီ။ နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားသော ရည်မှန်းချက်များ နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားသော မလိုလားမှုများကို ဤအချိန်တွင် ပြန်လည်ပေးဆပ်နိုင်တော့ပေမည်။
တချို့လူများ၏မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။ ထိုအမှတ်တရများထဲတွင် သူတို့၏ဘိုးဘေးများနှင့် သူရဲကောင်းများကို မြင်တွေ့လိုက်ရသည်။
နယ်စပ်ကို စောင့်ကြပ်ခဲ့သည့် ထိုစစ်သည်အိုကြီးများသည် တစ်နှစ်ပြီးတစ်နှစ် ထိုနေရာ၌ နေခဲ့ကြသော်လည်း သူတို့၏မိသားစုများသည် ချစ်ရသူများ ပြန်လာသည်ကို မစောင့်နိုင်ခဲ့ကြချေ။ နှစ်ပေါင်းတစ်သောင်း ကြာပြီးသည့်နောက် သူတို့၏နာမည်များပင်လျှင် သမိုင်း၏အမှုန်အမွှားများကြားထဲ၌ ပျောက်ကွယ်သွားခဲ့လေပြီ။
"ငါတို့ မှတ်မိနေတုန်းပဲ... ငါတို့ မှတ်မိနေတုန်းပဲ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
မရေမတွက်နိုင်သော အတွေးများသည် လေထဲတွင် စုစည်းလာပြီး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ခွန်းလွန်လျှို့ဝှက်နယ်မြေအထိ ရေခဲနယ်မြေမှ လူရိုင်းနယ်စပ်အထိ သောင်းနှင့်ချီသော နယ်မြေများမှ သက်ရှိများအားလုံး၏ ယုံကြည်ချက်များသည် အစက်အပြောက်တစ်ခုတည်း၌ စုစည်းသွားကြသည်။
နဂါးနက်ကြီးသည် မိုးကောင်းကင်တွင် ပျံဝဲနေပြီး လောကကြီးကို တုန်ခါသွားစေသည့် နဂါးဟိန်းသံကို ထုတ်လွှတ်လိုက်သည်။
မဟာချင်အင်ပါယာကို မည်သည်ကြောင့် မေ့လျော့နိုင်မည်နည်း...
Chapter 5298
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က ယင်ဧကရာဇ် သေဆုံးပြီးတဲ့နောက်မှာ လောကကြီးက မေ့လျော့နေခဲ့တဲ့ နောက်ထပ်အင်ပါယာတစ်ခု ရှိခဲ့ပါလား"
"ငါ့ရဲ့စိတ်နှလုံးသားထဲမှာ ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေရတာလဲ... ငါ မျက်ရည်ကျတာကို ဘာလို့ ရပ်တန့်လို့ မရနိုင်တော့တာလဲ"
"ငါ ဘာလို့ အဲဒီ နဂါးနက်ကြီးကို အရင်က မြင်ဖူးသလိုမျိုး ခံစားနေရတာလဲ"
လူအမြောက်အများသည် မိုးကောင်းကင်ပေါ်၌ ပျံဝဲနေသော နဂါးနက်ကြီးကို ကြည့်ရင်း သူတို့၏စိတ်များ အချိန်အတော်ကြာ မငြိမ်မသက် ဖြစ်နေကြသည်။
"ငါတို့မှာ ဝတ်စုံမရှိဘူးလို့ ဘယ်လိုပြောရက်နိုင်တာလဲ... ငါတို့က မင်းနဲ့အတူ ဝတ်ရုံတစ်ထည်တည်းကို မျှဝေဝတ်ဆင်ထားတာပါ..."
တစ်စုံတစ်ယောက်က ရှေးဟောင်းစစ်သီချင်းတစ်ပုဒ်ကို တီးတိုးရေရွတ်လိုက်၏။ သူတို့သည် ဤသီချင်းကို တစ်ကြိမ်တစ်ခါမျှ မသင်ဖူးသော်လည်း ခဏတာ ညည်းဆိုကြည့်ရုံဖြင့် ကျယ်လောင်စွာ ရွတ်ဆိုနိုင်ကြသည်။
ထို့နောက် အသံများသည် ပို၍များပြားလာပြီး တိမ်တိုက်များကို ဖောက်ထွက်လုနီးပါး ဖြစ်လာကာ ပြင်ပကောင်းကင်ဘုံအထိ ရောက်ရှိပြီး အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေသည်။
သန်းချီသောလူများ ရွတ်ဆိုနေသည့် စစ်သီချင်းသံများကြားတွင် နဂါးနက်ကြီးသည် ခေါင်းမော့ထားပြီး တိမ်တိုက်များကြား၌ ပျံသန်းနေသည်။
ဤမြင်ကွင်းသည် မရေမတွက်နိုင်သော လူများကို နောက်တစ်ကြိမ် မျက်ရည်ကျစေသည်။ သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် ဝှက်ထားသော အရာတစ်ခုသည် ဖွင့်ဟခံလိုက်ရသကဲ့သို့ ခံစားရပြီး ရှေးဟောင်းသွေးမျိုးဆက်တစ်ခုသည် ဤအချိန်တွင် လှုပ်နိုးခြင်းခံလိုက်ရတော့သည်။
"ဝုန်း"
နဂါးနက်ကြီး၏မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ စူးရှသော နဂါးမျက်လုံးများသည် ကျယ်ပြန့်သည့် လေဟာနယ်ကို ဖောက်ထွင်းမြင်လိုက်ပြီး လောကနှစ်ခုတောင်တန်း၏အလွန်အထိ ရောက်ရှိသွားသည်။
ကြီးမားကျယ်ပြန့်သော နဂါးအရှိန်အဝါသည် ဤနတ်ဆိုးနယ်မြေကို လွှမ်းခြုံသွားပေ၏။ ခရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းဆန်ပြီး မယုံနိုင်လောက်အောင် ရှေးကျသည့် စာလုံးတစ်လုံး၏ အသံထွက်သည် နဂါးနက်ကြီး၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
"ချင်..."
ဤသည်က စာလုံးတစ်လုံးတည်း ဖြစ်သော်လည်း အဆုံးမရှိသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့် အကန့်အသတ်မရှိသည့် သွေးကြွေးများဖြင့် ပြည့်နှက်နေပြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဤစာလုံးကို ကြားလိုက်ရသော ရှေးဟောင်းနတ်ဆိုးများအားလုံး တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲသွားကြပြီး မြေပြင်ပေါ်တွင် သွေးမြူခိုးများအဖြစ် ပြောင်းလဲကာ အမြောက်အများ သေဆုံးသွားကြသည်။
"မကောင်းတော့ဘူး... ပြေးကြတော့"
ရှေ့တန်းစစ်မျက်နှာကို ကြီးကြပ်နေသော ဝက်ဝံနတ်ဆိုးဘိုးဘေးသည် သူ၏ကြီးမားသော ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး ကြောက်လန့်တကြားဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏အသံ မပျံ့နှံ့သေးခင်မှာပင် ကြီးမားသော နဂါးဟိန်းသံအောက်၌ ချက်ချင်း နစ်မြုပ်သွားသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် ထိုအသံ၏ တစိတ်တပိုင်းကိုပင် တောင့်မခံနိုင်ဘဲ ချက်ချင်းပြာကျသွားတော့သည်။
မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ဟိန်းဟောက်သံသည် ရှေးဟောင်းနတ်ဆိုးနယ်မြေ၏ စစ်မြေပြင်တလျှောက် ပျံ့နှံ့သွားသည်။ သန်းနှင့်ချီသော ရှေးဟောင်းနတ်ဆိုးများ သတ်ဖြတ်ခြင်းခံလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် လောကနှစ်ခုတောင်တန်း၌ အားပေးသံများ ပွင့်အံ့ထွက်လာပြီး လူသားမျိုးနွယ် စစ်တပ်ကြီးသည် အလွန် စိတ်လှုပ်ရှားနေကြ၏။
တစ်ဖက်တွင်မူ နတ်ဆိုးနယ်မြေသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားပြီး သူတို့ အချိန်အတော်ကြာ ကြောက်ရွံ့ခဲ့ရသည့် တည်ရှိမှုကြီးတစ်ခုနှင့် တွေ့ဆုံလိုက်ရသည့်အလားပင်။ ယခင်က အလွန်မောက်မာခဲ့သော နတ်ဆိုးဘိုးဘေးများပင်လျှင် ယခုအချိန်တွင် တိတ်ဆိတ်နေပြီး အသံကျယ်ကျယ် မထွက်ဝံ့ကြတော့ချေ။
သန်းနှင့်ချီသော ရှေးဟောင်းနတ်ဆိုးများရှင်းလင်းခံလိုက်ရသည့်အချိန်တွင် နတ်ဆိုးနယ်မြေ၏အတွင်းပိုင်းရှိ မိုးထိအောင် မြင့်မားသော တောင်ထိပ်တစ်ခုသည် လူတိုင်း၏မြင်ကွင်းထဲ၌ ထွက်ပေါ်လာသည်။
"ထိုက်တောင်...."
"ဒါက တာအိုကျမ်းစာတွေထဲမှာ ဖော်ပြထားတဲ့ တောင်ငါးလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ထိုက်တောင် ပဲ"
ကျင့်ကြံသူအမြောက်အများသည် သူတို့၏ နတ်ဘုရားစိတ်အာရုံများကို အကန့်အသတ်အထိ ဖြန့်ကျက်ထားကြပြီး ထို ခမ်းနားထည်ဝါသော တောင်ကြီးကို သေချာမြင်တွေ့လိုကြသည်။
တောင်ငါးလုံးအနက် လေးလုံးသည် ကောင်းကင်ဘုံနယ်မြေတွင် ရှိပြီး ထိုက်တောင် တစ်လုံးတည်းသာ နတ်ဆိုးနယ်မြေထဲ ပိတ်မိနေကာ နတ်ဆိုးမျိုးနွယ်မှ နှစ်ပေါင်းတစ်သောင်းကြာ အတင်းအဓမ္မ သိမ်းပိုက်ထားခဲ့သည်။
မရေမတွက်နိုင်သော လူများသည် သူတို့၏ဘဝတလျှောက်လုံး ထိုက်တောင်၏ပုံပန်းသဏ္ဌာန်ကို မမြင်ဖူးခဲ့ကြဘဲ ရှေးဟောင်းကျမ်းစာတချို့ထဲရှိ ပုံရိပ်မျှကိုသာ မြင်ဖူးခဲ့ကြသည်။
သို့ရာတွင် ရုတ်တရက် ထိုက်တောင် ပေါ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီး တောင်တစ်တောင်လုံး တုန်ခါသွားကာ မှုန်ဝါးနေသော ပုံရိပ်ကိုးခုသည် လူတိုင်း၏မြင်ကွင်းထဲ၌ ထွက်ပေါ်လာသည်။
ထိုပုံရိပ်ကိုးခုသည် မှုန်ဝါးနေသကဲ့သို့ ထင်ရသော်လည်း အကန့်အသတ်မရှိသော ဧကရာဇ်အရှိန်အဝါများနှင့် ပြည့်နှက်နေပေ၏။ သူတို့သည် ဤအတိုင်း မတ်တတ်ရပ်နေလျှင်ပင် လူများ၏စိတ်နှလုံးများထဲ၌ ရိုသေလေးစားသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
လူသားမျိုးနွယ်၏ လူသားဧကရာဇ်ကိုးပါး....
ပထမ လူသားဧကရာဇ်ရှစ်ပါးကို လူသားမျိုးနွယ်၏ ရှည်လျားသော သမိုင်းကြောင်း တလျှောက်လုံး ဆက်တိုက်အရိုအသေပြုခဲ့ကြသော်လည်း ကိုးပါးမြောက် လူသားဧကရာဇ်၏ ပုံရိပ်မှာမူ အလွန်ဝေဝါးနေသည်။
ထိုက်တောင်တွင် ဖုန်းစန်းပူဇော်ပွဲ ပြုလုပ်ခဲ့သည့် ရှေးဟောင်းလူသားဧကရာဇ်များသည်လည်း တောင်ထိပ်ပေါ်တွင် စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုစီကို ချန်ထားခဲ့ကြသည်။
မရေမတွက်နိုင်သော ခေတ်ကာလများ ကြာမြင့်ပြီးနောက် သူတို့သည် ကွယ်လွန်သွားခဲ့ကြသော်လည်း သူတို့၏စိတ်ဆန္ဒများမှာမူ မသေဆုံးဘဲ လူသားမျိုးနွယ်၏ ရတနာတောင်ကို ကာကွယ်ပေးနေဆဲပင်။
နဂါးနက်ကြီးသည် ခေါင်းမော့ထားပြီး နဂါးမျက်လုံးများဖြင့် မိုးကောင်းကင်ယံကိုကြည့်ကာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် ပဲ့တင်ထပ်နေပေ၏။
"မကြာခင်မှာ ငါက နတ်ဆိုးနယ်မြေထဲ ခြေချပြီးတော့ ရှေးဟောင်းနတ်ဆိုးတွေ အကုန်လုံးကို သတ်ဖြတ်မယ်....ငါက ထိုက်တောင်ကို ပြန်လည်ရယူပြီးတော့ လူသားဧကရာဇ်ကိုးပါးကို ပြန်ပြီးကြိုဆိုမယ်"
နဂါးနက်ကြီးသည် လူသားဘာသာစကားဖြင့် ပြောဆိုလိုက်ပြီး ထိုအသံသည် လုယွီ၏အသံဖြစ်ကာ ပင်လယ်လေးစင်းနှင့် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
Chapter 5299
အချိန်တခဏအတွင်းမှာပင် ပေတစ်သောင်းမြင့်သော ရောင်စုံတိမ်တိုက်များသည် မိုးကောင်းကင်အတွင်းသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားသော ကတိသစ္စာ တစ်ခုပင်။ များသောအားဖြင့် ဤကဲ့သို့ ကတိသစ္စာမျိုးကို ပြုလုပ်ပြီးပါက ကောင်းကင်နှင့် မြေပြင်၏ ဥပဒေသများသည် ထိုအရာကို အတည်ပြုရန် ထွက်ပေါ်လာလေ့ရှိသည်။
နတ်ဆိုးနယ်မြေသည် တိတ်ဆိတ်နေပြီး အသစ်မွေးဖွားလာသော မဟာချင်အင်ပါယာကို မယှဉ်ပြိုင်ရဲသည့်အလားပင်။
တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်၏ နယ်မြေတွင်မူ စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းဖြစ်နေပြီး မရေမတွက်နိုင်သော လူများသည် ခေါင်းမော့ကာ သူတို့၏မျက်နှာများ နီမြန်းနေပြီး ဒေါသတကြီး အော်ဟစ်နေကြသည်။
"ပြန်တိုက်မယ်... ပြန်တိုက်မယ်...."
မရေမတွက်နိုင်သော အကြည့်များသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အလွန်ရှိ လောကနှစ်ခုတောင်တန်းအပေါ်သို့ ကျရောက်နေသည်။
သူတို့သည် နတ်ဆိုးမျိုးနွယ်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရှေးဟောင်းနတ်ဆိုးများ၏ ဖျက်ဆီးမှုကြောင့် လူသားကျင့်ကြံသူ အမြောက်အများ သေဆုံးခဲ့ရသည်။ ယခုအချိန်၌ သက်ရှိများအားလုံး၏ အမှတ်တရများ ပြန်လည်၍ နိုးထလာပြီး သူတို့ ပြန်သတိရလာသည်မှာ ကြောက်ရွံ့မှု မဟုတ်တော့ဘဲ အဆုံးမရှိသော ဒေါသပင်။
လူများအားလုံး၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ စုဝေးနေသည်။ လူသားမျိုးနွယ်သည် မွေးမြူခြင်းခံထားရသော တိရစ္ဆာန်များ မဟုတ်တော့ချေ။ သူတို့၌လည်း ထက်ရှသော လက်သည်းများနှင့် အစွယ်များ ရှိသည်။
"ဒီနေ့ ငါကိုယ်တော် နန်းတက်မယ်... ရှန်းယန်ကို မြို့တော်အဖြစ် သတ်မှတ်ပြီး အင်ပါယာအမည်ကို 'ချင်' လို့ ကြေညာလိုက်တယ်"
ကောင်းကင်ဘုံနယ်မြေ၏ ကြယ်မြစ်ဆယ့်နှစ်စင်းထဲတွင်ရှိနေသော မျိုးနွယ်စုများနှင့်သက်ရှိအားလုံး ဤအချိန်၌ ဤအသံကို ကြားလိုက်ကြသည်။
နဂါးဟိန်းသံသည် ကောင်းကင်ကိုးလွှာအနှံ့ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ချင်အင်ပါယာ ရောက်ရှိလာခြင်းကို မိုးကောင်းကင်တာအိုက သဘောတူလိုက်သည့်အလားပင်။ မိုးကောင်းကင်ယံရှိ တိမ်တိုက်များကြားတွင် နဂါးနက်ကြီးကို စောင့်ကြပ်နေသည့် ဥပဒေသအမြောက်အများအပြားသည် ရစ်ပတ်လွှမ်းခြုံနေကာ အချိန်ကြာမြင့်စွာ တည်ရှိနေပေ၏။
လုယွီသည် တော်ဝင်မြို့တော်ကို သိမ်းပိုက်ပြီးနောက် ဧကရာဇ်ပလ္လင်ပေါ်သို့ တက်ခဲ့သော်လည်း တရားဝင် နန်းတက်ပွဲ အခမ်းအနားကို မည်သည့်အချိန်ကမျှ မကျင်းပခဲ့ချေ။
အကြောင်းအရင်းမှာ လုယွီ၏စိတ်နှလုံးသားထဲတွင် အဖုအထစ်တစ်ခု ရှိနေခဲ့သောကြောင့်ပင်။
သူသည် ကျိုးထျန်းယင် မဟုတ်သည့်အပြင် ယခင်က မြေအောက်လောကတာအိုသခင်ရွှမ်မင်လည်း မဟုတ်တော့ချေ။
သူ လုယွီသည် ပြီးပြည့်စုံသော အင်ပါယာသစ်တစ်ခုကို ဆက်ခံခဲ့သည်။ မဟာချင်အင်ပါယာသည် သူ၏လက်ထဲတွင် အဆုံးမရှိသော ဂုဏ်ကျက်သရေများဖြင့် ထွန်းလင်းနေပေလိမ့်မည်။
နဂါးနက်ဝတ်ရုံတစ်ထည်သည် လုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပေ၏။ ဤသည်မှာ မဟာချင်နဂါးသွေးကြော၏ အသိအမှတ်ပြုမှုပင်။ ယနေ့မှစ၍ လုယွီသည် မဟာချင်အင်ပါယာ၏ အစစ်အမှန်ဧကရာဇ် ဖြစ်သွားလေပြီ။
"ဝုန်း...."
ရွှေရောင် နဂါးဝိညာဉ် တစ်ကောင်သည် တော်ဝင်မြို့တော်ထဲမှ ပျံဝဲထွက်လာပြီး နဂါးနက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဤသည်က တာယွီအင်ပါယာ၏ ကံကြမ္မာရွှေနဂါးဖြစ်ပြီး လုယွီ၏ထိန်းချုပ်မှုအောက်တွင် နဂါးနက်ကြီးနှင့် ပေါင်းစပ်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် နဂါးနက်ကြီးသည် မိုးကောင်းကင်ကိုဖြတ်၍ ပျံသန်းပြီး အဆုံးမရှိသော ကြယ်တာရာကောင်းကင်ယံတခွင် လှည့်လည်ကာ နောက်ဆုံးတွင် ရှန်းယန်မြို့ အတွင်းသို့ ဆင်းသက်လိုက်သည်။
ရှန်းယန်မြို့မှ တုန်ခါသံများ ထွက်ပေါ်လာသည်။ မြို့တော်တစ်မြို့လုံး၏ စိတ်ဝိညာဉ်စွမ်းအားများသည် အဆပေါင်းတစ်ရာကျော်ခန့် ပို၍ပေါကြွယ်ဝလာသည်။ ပန်းများပွင့်လန်းလာပြီး အရာအားလုံး အသက်ဝင်လာကာ အားကောင်းသော အသက်စွမ်းအားများက ရှန်းယန်မြို့ အတွင်း၌ ပေါက်ဖွားလာသည်။
ရှန်းယန်သည် ယနေ့မှစ၍ မဟာချင်အင်ပါယာ၏မြို့တော် ဖြစ်လာပေလိမ့်မည်။
ထို့ပြင် ရှန်းယန်မြို့နှင့် လောကနှစ်ခုတောင်တန်းကြားရှိ အကွာအဝေးသည် အနည်းငယ်သာ ကွာဟပေ၏။
"ကောင်းကင်သားတော်က အင်ပါယာတံခါးဝကို စောင့်ကြပ်မယ်"
လုယွီသည် နတ်ဆိုးနယ်မြေကို ပြန်လည်ရယူမည့် သူ၏ဆုံးဖြတ်ချက်အား လူများအားလုံးထံသို့ အသိပေးနေခြင်းပင်။
ဤအချိန်တွင် လုယွီ၏အကြည့်သည် အဝေးတစ်နေရာသို့ ကျရောက်နေသည်။ သူသည် မိုးကောင်းကင်ကို အာရုံမစိုက်တော့သည့်အပြင် လောကနှစ်ခုတောင်တန်းကိုလည်း အာရုံမစိုက်တော့ပေ။ သူ၏ စူးရှသောအကြည့်သည် မိုးကောင်းကင်တာအို၏အလွန်ရှိ ကျယ်ပြန့်သည့် အမှောင်ထုကြီးထံသို့ ကျရောက်နေသည်။
"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"
အဝေးရှိ တော်ဝင်မြို့တော်မှနေ၍ ကျယ်လောင်သော အရိုအသေပေးသံများ ပွင့်အံ့ထွက်လာသည်။
တာယွီအင်ပါယာသည် နှစ်များကြာလာသည်နှင့်အမျှ ဧကရာဇ်များ ပြောင်းလဲခဲ့ပြီး နှောင်းပိုင်းဧကရာဇ်များ၏ အသုံးမကျမှုကြောင့် ပြည်သူများ၏စိတ်နှလုံးသားများကို ဆုံးရှုံးခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။
ဤအချိန်တွင် အသစ်မွေးဖွားလာသော မဟာချင်သည် မနက်ခင်းနေရောင်ခြည်နှင့် တူညီသည်။ မရေမတွက်နိုင်သော လူများသည် ပျော်ရွှင်စွာ အော်ဟစ်၍ ကခုန်နေကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် ကံကြမ္မာချီစွမ်းအားလှိုင်းများကို ခံစားနေကြသည်။
အရာရှိများသည် အောင်ပွဲခံနေကြ၏။ ရှေးရိုးအစွဲဆုံး အမတ်ကြီးများပင်လျှင် ယခင်ကထက် အဆတစ်ရာ တိုးပွားလာသော ကံကြမ္မာချီစွမ်းအားကို သူတို့၏ခန္ဓာကိုယ်များထဲ၌ ခံစားလိုက်ရပြီးနောက် မည်သည့်စကားမျှ ထပ်မပြောကြတော့ချေ။
လူတချို့သည် ပျော်ရွှင်နေကြပြီး တချို့ကမူ စိုးရိမ်ပူပန်နေကြ၏။
တော်ဝင်မြို့တော်ထဲတွင်ရှိနေသည့် မရေမတွက်နိုင်သော ကျိုးမိသားစုဝင်များ၏မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့သည် မိုးကောင်းကင်ပေါ်ရှိ လုယွီ၏ ပုံရိပ်ကို ကြည့်ပြီး သူတို့၏လက်သီးများကို ဆုပ်ထားသော်လည်း သူတို့စိတ်နှလုံးသားများအတွင်း၌ ပြင်းပြင်းထန်ထန် ထိတ်လန့်စပြုလာသည်။
"သူက အင်ပါယာကို ဒီလိုကြီး ပြောင်းလဲလိုက်တာလား... သူ ဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ... သူ ဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ"
ကျိုးမိသားစုဝင်တစ်ယောက်က တီးတိုး ရေရွတ်လိုက်သော်လည်း တုန်ရီနေသော သူ၏ခန္ဓာကိုယ်က သူ၏ကြောက်ရွံမှုကို ဖော်ပြနေပေ၏။
မိုးကောင်းကင်ယံရှိ လေဟာနယ်ထဲတွင် မတ်တတ်ရပ်နေသော လုယွီသည် လူသားဧကရာဇ် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်ပြီး လူသားများကို အမိန့်နာခံစေသည့် ဧကရာဇ်အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
"ကျွန်တော်တို့ အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"
မင်းသားတစ်ပါးသည် ရှုပ်ထွေးသော အမူအဖြင့် ကျိုးမိသားစုဝင်အုပ်စုတစ်စုကို ဦးဆောင်ပြီး အဝေးမှနေ၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။
Chapter 5300
လွန်ခဲ့သည့် နှစ်ပေါင်းလေးရာကျော်က တည်ထောင်ခဲ့သော တာယွီအင်ပါယာသည် ပျက်သုဉ်းသွားပြီဟု ကြေညာခြင်းခံလိုက်ရသည်။
ရှေးဟောင်းအလယ်ခေတ် ကုန်ဆုံးချိန်တွင် နယ်စားများ အာဏာလုနေကြစဉ်၌ ဘိုးဘေးဧကရာဇ်သည် အခြေအနေကို ပြောင်းလဲပြီး တာယွီအင်ပါယာကို တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ နောက်ဆုံးဧကရာဇ် ကျိုးယွမ်ယန်အထိ စုစုပေါင်း ဧကရာဇ်ဆယ့်ခြောက်ပါး ရှိခဲ့သည်။ တာယွီအင်ပါယာသည် အတက်အကျများကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး၌ ကျယ်ပြန့်သော သမိုင်းမြစ်ကြောင်းထဲသို့ ကျဆင်းသွားခဲ့ရသည်။
...
ချင်ဧကရာဇ်ယွီ... နန်းတက်နှစ် ပထမလ ၁၁ ရက်...
ကျိုးမိသားစုသည် နောက်ဆုံးတွင် အညံ့ခံရန် ရွေးချယ်လိုက်ကြ၏။ နယ်စပ်တွင် တပ်စွဲထားသော မင်းသားအနည်းငယ်နှင့် ကန်မင်းသား ကျင်းမင်းသားတို့မှလွဲ၍ ကျန်ရှိသည့် မင်းသားများအားလုံး တော်ဝင်မြို့တော်သို့ လာရောက်ပြီး လုယွီကို အရိုအသေပြုကြသည်။
"အရှင်ဧကရာဇ်... ကျွန်တော်တို့ ကျိုးမိသားစု က ဆွေတော်မျိုးတော်တွေကို ဘယ်လို ဆက်ဆံမလဲဆိုတာ မေးမြန်းချင်ပါတယ်"
တောင်ဝှေးများကို အားပြုထားသည့် သက်တော်ကြီးသော မင်းသားအိုကြီးတချို့သည် စကြာဝဠာခန်းမဆီသို့ လျှောက်လှမ်းလာပြီး လုယွီထံမှနေ၍ ရှင်းလင်းသော အဖြေတစ်ခုကို လိုချင်နေကြသည်။
"ကျိုးတော်ဝင်ဆွေမျိုးတွေက အရင်မင်းဆက်တုန်းကလို အဆင့်အတန်းမျိုး ခံစားရရှိမှာဖြစ်ပြီးတော့ မဟာချင်ကံကြမ္မာရဲ့ကောင်းချီးကိုလည်း ရယူနိုင်တယ်"
လုယွီ၏အသံသည် စကြာဝဠာခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ ဧကရာဇ်၏ကတိစကားဖြစ်ပြီး သံသယဝင်ဖွယ်မလိုသော အမိန့်တော်တစ်ခုပင်။
ထိုအချိန်မှသာ ကျိုးမိသားစုဝင်များ စိတ်သက်သာရာ ရသွားကြသည်။ ရှေးယခင်ကတည်းက အင်ပါယာသစ်တစ်ခု ပေါ်ထွန်းလာတိုင်း ယခင်မင်းဆက်၏တော်ဝင်မိသားစုကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ ရှိသည်။
သို့ရာတွင် လုယွီသည် ကြီးမားသော ကြင်နာမှုကို ပြသခဲ့ပေ၏။ သူသည် အခွင့်အရေးယူပြီး ကျိုးမိသားစုဝင်များကို ကွပ်မျက်ခြင်းမျိုး မလုပ်ခဲ့ရုံတင်မကဘဲ သူတို့၏ ယခင်အထူးအခွင့်အရေးများကို ဆက်လက်၍ထိန်းသိမ်းခွင့် ပေးခဲ့သည်။
ကျင့်ကြံသူများအတွက် အဆင့်အတန်းဆိုသည်မှာ ဒုတိယသာ ဖြစ်ပြီး အရေးကြီးဆုံးမှာ ကံကြမ္မာ၏ကောင်းချီးပေးမှုပင်။
ဤကံကြမ္မာစွမ်းအားနှင့်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုများ တိုးတက်နိုင်ပြီး ရှေ့သို့ဆက်လက်၍ တက်လှမ်းနိုင်ခြေရှိသည်။
"အရှင်ဧကရာဇ်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်"
ကျိုးတော်ဝင်မိသားစုဝင်များအားလုံး မျက်ရည်စက်လက်ဖြင့် ကျေးဇူးတင်နေကြသည်။
လုယွီ၏အာမခံချက်နှင့်ဆိုလျှင် အနာဂတ်တွင် သူတို့ကျိုးမိသားစုသည် အစွမ်းထက်ပြီး ဩဇာညောင်းသော မိသားစုအဖြစ် လောကကြီးအတွင်း၌ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပေမည်။
တချို့လူများသည် သူတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်ရန် တွေးတောနေကြလေပြီ။ အတိတ်တွင် ဘိုးဘေးဧကရာဇ်သည် တော်ဝင်မိသားစုဝင်များ များစွာအစွမ်းထက် မလာစေရန် တင်းကျပ်သော ဥပဒေအမြောက်အများကို ပြဋ္ဌာန်းခဲ့သည်။ ယခုချိန်၌ ဒေသအသီးသီးမှ မင်းသားများ၏မိသားစုများသည် တော်ဝင်မိသားစုဝင်များ မဟုတ်တော့သောကြောင့် သူတို့အနေဖြင့် အကန့်အသတ်မရှိ ဖွံ့ဖြိုးတိုးတက်လာနိုင်လေပြီ။
ဤလူများ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် လုယွီ၏စိတ်နှလုံးသားမှာမူ ရေကဲ့သို့ တည်ငြိမ်နေသည်။
သူ ကျိုးမိသားစုကို မျက်နှာသာပေးသည်မှာ သူ သဘောထားကြီးခြင်းကြောင့် မဟုတ်သည့်အပြင် ယခင်ဘဝက သူသည် ကျိုးထျန်းယင် ဖြစ်ခဲ့သောကြောင့်လည်း မဟုတ်ချေ။
ဤအရာအားလုံးသည် ကူမင်းသားကို ကျေးဇူးဆပ်ရန်ပင်။
ထိုလူအိုကြီးသည် လုယွီ အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိစေရန်အတွက် သူ၏အသက်စွမ်းအားများကို လောင်ကျွမ်းစေခဲ့သည်။
လုယွီသည် ရန်ငြိုးကို လက်စားချေမှုဖြင့် ပြန်ဆပ်ပြီး ကြင်နာမှုကို ကျေးဇူးဖြင့် ပြန်ဆပ်တတ်သည်။
ကူမင်းသား၏ ဤကဲ့သို့ကျေးဇူးမျိုးကို သူ မည်သည်ကြောင့် ပြန်မဆပ်ဘဲ နေမည်နည်း...
ကျိုးမိသားစုအတွက် ဦးစားပေးစည်းကမ်းချက်များထဲတွင် လုယွီသည် ကူမင်းသား ၏ မျိုးဆက်အမြောက်အများကို အထူးရွေးချယ်ပြီး နယ်စားဘွဲ့များ ပေးသနားသည်။ ထို့ပြင် သူတို့ကို ရှန်းယန်မြို့တော်ရှိ လုမိသားစုကျောင်းတော်တွင် လုမိသားစုတပည့်များနှင့်အတူ ကျင့်ကြံခွင့်ပေးခဲ့သည်။
လုမိသားစုကျောင်းတော် သည် လုယွီ၏ ဆွေမျိုးများ ကျင့်ကြံရန်အတွက် သီးသန့်ပင်။ ထိုကျောင်းတော်တွင် တော်ဝင်ကျောင်းတော်နှင့် တခြားကျောင်းတော်ငါးခုပင်လျှင် မယှဉ်နိုင်သော မရေမတွက်နိုင်သည့် အဖိုးတန် အမွေအနှစ်များ ရှိနေပေ၏။
ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခုပင်။ အနာဂတ်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ် အမြောက်အများသည် ကူမင်းသား၏ မျိုးဆက်ထဲမှ သေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။
ဤကိစ္စကို မည်သူမျှ မနာလို မဖြစ်ကြချေ။ ကူမင်းသား လုပ်ခဲ့သည့်အရာကို မရေမတွက်နိုင်သော လူများက ချီးကျူးခဲ့ကြပြီး သူ၏ မျိုးဆက်များ ဤကဲ့သို့အထူးအခွင့်အရေးမျိုး ရရှိသည်မှာ ထိုက်တန်သည်ဟု တွေးထင်ထားကြသည်။
တော်ဝင်မြို့တော်ရှိ အင်အားစု အသီးသီးကို စုစည်းပြီးနောက် မဟာချင်ကောင်းကင်အင်ပါယာသည် နောက်ဆုံး၌ သက်ဝင်လှုပ်ရှားလာခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်နှင့် နေရာအနှံ့အပြား၌ တပ်စွဲထားသော တပ်ဖွဲ့ဝင်များကို ပြန်လည် ဖွဲ့စည်းလိုက်သည်။ ယနေ့မှစ၍ ထိုစစ်တပ်များသည် နာမည်အသစ်တစ်ခုကို ရရှိလိုက်၏။
ဤသည်မှာ ချင်စစ်တပ်ပင်။
ချင်အင်ပါယာသည် ပျောက်ကွယ်သွားမည် မဟုတ်ချေ။ နှစ်ပေါင်းတစ်သောင်း ကြာမြင့်ပြီးနောက် မဟာချင်၏အလံသည် ဤကြယ်တာရာ ကောင်းကင်အောက်တွင် ပြန်လည်၍ ထွက်ပေါ်လာသည်။
လုကျင်းရှန့်၏အခွင့်အာဏာကို တော်ဝင်နန်းတော်မှ ထပ်မံ၍ အတည်ပြုလိုက်၏။ ယခု ချိန်၌ သူသည် လုယွီ၏လက်အောက်တွင် အဓိကစစ်ဗိုလ်ချုပ် ဖြစ်လာပြီး ချင်စစ်တပ်၏ ကျားတံဆိပ်ပြားတစ်ခြမ်းကို ကိုင်ဆောင်ထားသည်။
ထိုအချိန်မှာပင် ရေခဲနယ်မြေ၌ ထန်စစ်တပ်၏ ထက်ရှသော ထိုးစစ်ကို နောက်ဆုံး၌ ဖိနှိပ်နိုင်ခဲ့ပြီး ကျန်းရီသည် မဟာချင်၏ကိုယ်စားလှယ် အနေဖြင့် ဆွေးနွေးပွဲအတွက် ထန်အင်ပါယာသို့ အလည်အပတ် သွားရောက်ခဲ့သည်။
ကျန်းရီသည် ပညာရှင်အဖွဲ့တစ်ဖွဲ့နှင့် စကားရည်လုပွဲတွင် ထန်အင်ပါယာ၏ နာမည်ကြီး အရာရှိ အများအပြားကို စကားမပြောနိုင်အောင် လုပ်ခဲ့သည်ဟု ဆိုကြသည်။ သူတို့သည် ကျန်းရီ၏စကားများကို မည်သို့ ပြန်လည်ချေပရမည်ကို မသိခဲ့ကြဘဲ အစည်းအဝေးသည် အလျင်အမြန် ပြီးဆုံးသွားပေ၏။