အချစ်နှင့် အမုန်း၊ ကောင်းကင်အမိန့်တော် ဧကရာဇ်
Vol. 12 Ch. 111
"အစ်ကိုကြီး... ကျွန်တော့်ခရီးစဉ် ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာ ခန့်မှန်းလို့ရမှာ မဟုတ်ဘူး..."
လီစစ်ဖုန်းက လီချင်းချိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်ပြီး ဝိုင်ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားသည်မှာ နွေးထွေးအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေ၏။
လီချင်းချိုးက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ပြီး .
"ဒီလို စကားတွေ လှည့်ပတ် ပြောနေတာကို ကြည့်ရင် မင်း ဖေမိသားစုကို မဖျက်ဆီးခဲ့ဘူးဆိုတာ ထင်ရှားတယ်... မင်း ဒေါသတောင် ထွက်ပုံ မရဘူး... ဖေမိသားစုက ကျွေးတဲ့ သကြားလုံးကို စားလိုက်ရပြီ ထင်တယ်..."
ထိုအခါ လီစစ်ဖုန်းက ရှက်ရွံ့သွားပြီး.
"ကျွန်တော် ရှင်းပြပါရစေ... ရှင်းပြပြီးမှ ကျွန်တော့်ကို ဆူချင်ရင် ဆူပါ..."
လီစစ်ဖုန်း၏ စိတ်နေသဘောထားကို ကောင်းစွာ သိသဖြင့် လီချင်းချိုး စိတ်မဆိုးပေ။ ဒီကောင်လေးက သဘောထား သေးသိမ်တတ်သည်။ ဖေမိသားစုကလည်း လီစစ်ဖုန်းကို နာကျင်အောင် လုပ်ခဲ့ဖူးသည်။ လီစစ်ဖုန်း ဒီကိစ္စကို ခွင့်လွှတ်လိုက်ရခြင်းမှာ အခြား အကြောင်းပြချက် တစ်ခုခု ရှိရပေမည်။
လီတုန်းယွဲ့ ဝင်လာသည်ကို မြင်သောအခါ လီချင်းချိုးက လက်ပြလိုက်သည်။
လီစစ်ဖုန်း ခေါင်းလှည့်ကြည့်လိုက်ရာ လီတုန်းယွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စကားပြောရန် အလျင်မလိုတော့ပေ။
လီတုန်းယွဲ့ လီချင်းချိုးဘေးတွင် ဝင်ထိုင်ပြီးမှ လီစစ်ဖုန်းက အကြောင်းစုံကို စတင် ပြောပြလိုက်သည်။
"ကျွန်တော် ကျန်းယန်ဧကရာဇ်မြို့တော် အထိ သွားခဲ့တယ်... လမ်းမှာ ဖေမိသားစုက တုန်းလင်းစီရင်စုဆီ ပြောင်းရွှေ့သွားကြောင်း သိခဲ့ရတယ်... ဒါနဲ့ ကျွန်တော် လှည့်ပြန်ပြီး တုန်းလင်းစီရင်စုဆီ သွားခဲ့တယ်... အစကတော့ သတ်ဖြတ်ပွဲ ကျင်းပဖို့ပါပဲ... ဒါပေမဲ့ ဖေမိသားစုက ဆန်စပါးတွေ ဝေငှနေတာကို တွေ့လိုက်ရတယ်... ပြည်သူတွေက သူတို့ကို အရမ်း ကျေးဇူးတင်နေကြတယ်... သေချာတာပေါ့... ဒါတွေက ဟန်ဆောင်မှု သက်သက်ပဲလို့ ကျွန်တော် ထင်ခဲ့တာ..."
"ဒါပေမဲ့ ဖေမိသားစု ဆန်ဝေတာ ပြီးတဲ့အထိ စောင့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်... ဒါမှ ပြည်သူတွေ အကျိုးရှိမှာလေ... ဒါနဲ့ ကျွန်တော် ရက်အနည်းငယ် ထပ်စောင့်ခဲ့တယ်... အဲဒီအချိန်မှာ မြို့ထဲက အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ လူတစ်ယောက်က အမျိုးသမီး တစ်ယောက်ကို အတင်းအဓမ္မ ဖမ်းခေါ်သွားပြီး သူ့အိမ်တော်ထဲ ခေါ်သွားတယ်လို့ ကြားလိုက်ရတယ်... အဲဒီအမျိုးသမီးက အိမ်တော်ထဲမှာပဲ သေဆုံးသွားခဲ့တယ်... သူ့ခင်ပွန်းက လိုက်ရှာတော့ အိမ်တော်တံခါးဝမှာ အရိုက်ခံရပြီး သေသွားတယ်... သူ့မိဘတွေက အစိုးရရုံးမှာ တိုင်ပေမဲ့ အစိုးရက ဂရုမစိုက်ဘူး... သူတို့လည်း ဖျားနာပြီး သေဆုံးသွားကြတယ်... ကလေးလေး တစ်ယောက်တည်း ကျန်ရစ်ခဲ့တာပေါ့..."
"ကျွန်တော်က ဘယ်သူလဲ... ကျွန်တော်က ချင်းရှောင်ဂိုဏ်းရဲ့ သူရဲကောင်းလေး လီစစ်ဖုန်းလေ... ဒီလို မကောင်းမှုမျိုးကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ... အဲဒီလူယုတ်မာကို သွားပြီး အပြစ်ပေးဖို့ သူ့အိမ်တော်ကို ရောက်သွားတဲ့အချိန်မှာ လူအုပ်ကြီး စုဝေးနေတာ တွေ့လိုက်ရတယ်... တစ်ယောက်ယောက်က ကျွန်တော့်ထက် လက်ဦးသွားပြီး အဲဒီလူယုတ်မာကို အပြစ်ပေးလိုက်ပြီ... ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုနေကြတယ်... စုံစမ်းကြည့်လိုက်တော့ အဲဒါက ဖေမိသားစုခေါင်းဆောင်ရဲ့ သမီး ဖြစ်နေတယ်..."
လီစစ်ဖုန်း ပြောရင်းနှင့် ပိုမို စိတ်လှုပ်ရှားလာသဖြင့် လီချင်းချိုးနှင့် လီတုန်းယွဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စကားမပြောဘဲ အချင်းချင်း နားလည်လိုက်ကြသည်။
"နောက်တစ်နေ့ မနက်မှာ ကျွန်တော် ဖေမိသားစု အိမ်တော်ထဲကို ဝင်သွားပြီး သူတို့ မိသားစုခေါင်းဆောင်ကို ထွက်တွေ့ဖို့ တောင်းဆိုခဲ့တယ်... ဒါမှ သူတို့ကို အမြန် သတ်လို့ရမှာလေ... မထင်မှတ်ဘဲ ကျွန်တော် လာရတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့အခါ မိသားစုခေါင်းဆောင်က ကျွန်တော့်ကို တောင်းပန်ပြီး တီရွှမ်းဓားကို လုယူဖို့ ကြိုးစားခဲ့တဲ့ မိသားစုဝင်တွေကို ထုတ်ပေးပြီး ကျွန်တော့်ကို သတ်ခွင့်ပေးခဲ့တယ်... တခြား မိသားစုဝင်တွေက တားဖို့ ကြိုးစားပေမဲ့ မိသားစုခေါင်းဆောင်က လစ်လျူရှုထားခဲ့တယ်..."
ဒီနေရာ ရောက်တော့ လီတုန်းယွဲ့ မနေနိုင်ဘဲ ဖြတ်မေးလိုက်လေသည်။
"ဒါဆို နင် မသတ်ခဲ့ဘူးလား..."
လီစစ်ဖုန်းက စော်ကားခံလိုက်ရသလို မျက်လုံးပြူးပြီး အော်ဟစ်လိုက်သည်က
"စတုတ္ထစီနီယာအစ်မ... ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေတာလဲ... ချင်းရှောင်ဂိုဏ်းသားတွေ အလကား သေသွားတာကို ကျွန်တော် သည်းခံမယ် ထင်နေလား... ကျွန်တော် အဲဒီလူကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်... ဒါတင်မကသေးဘူး... မလုံလောက်သေးဘူးလို့ ခံစားရလို့ ပါဝင်ပတ်သက်သူ အားလုံးကို သတ်ချင်ခဲ့တာ..."
"ဖေမိသားစုခေါင်းဆောင်က မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့တယ်... အသေအချာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်... တစ်နာရီ အတွင်းမှာပဲ ပါဝင်ပတ်သက်တဲ့ ဖေမိသားစုဝင်တွေကို ကြိုးတုပ်ပြီး ကျွန်တော့်ရှေ့ ခေါ်လာပေးတယ်... အစတုန်းကတော့ သူတို့က အပြစ်မရှိကြောင်း ငြင်းဆိုကြပေမဲ့ နောက်ပိုင်းကျတော့ မိသားစုခေါင်းဆောင်ကို စပြီး ဆဲဆိုကြတော့တာပဲ... သူတို့ ငြင်းခုံလို့ ပြီးတဲ့အထိ စောင့်ပြီးမှ ကျွန်တော် လှုပ်ရှားခဲ့တယ်..."
"ဒီတစ်ခါ ကျွန်တော် လူ ၃၄ ယောက်ကို ဆက်တိုက် သတ်ပစ်လိုက်တယ်... အရမ်း ကျေနပ်စရာ ကောင်းတာပဲ... ဒါပေမဲ့ သူတို့ ငှားရမ်းခဲ့တဲ့ ကျန်းဟူလောက သိုင်းသမားတွေကို လိုက်ရှာဖို့တော့ ခက်ခဲလိမ့်မယ်..."
ပြောပြီးသည်နှင့် သူ လီချင်းချိုးကို စိုးရိမ်တကြီး ကြည့်လိုက်တော့ လီချင်းချိုး သက်ပြင်းချလိုက်သည်ကို မြင်လိုက်ရသည်။
"ဖေမိသားစုခေါင်းဆောင်က တကယ် ပါးနပ်ပြီး ပြတ်သား ရက်စက်တာပဲ..."
လီတုန်းယွဲ့က မျက်မှောင်ကြုတ်ကာ လီစစ်ဖုန်းကို စိုက်ကြည့်ပြီး .
"ဒါနဲ့ပဲ အငြိုးအတေး ပြီးသွားပြီလို့ နင် ထင်နေတာလား... နင်က သူတို့အိမ်တော်ထဲမှာ လူအများကြီး သတ်ခဲ့တာ... ကိုယ်ချင်းစာကြည့်စမ်းပါ... ဒီကိစ္စ ပြီးသွားပြီလို့ နင် ထင်လား... မိသားစုခေါင်းဆောင်က ပြီးပြီလို့ ထင်ရင်တောင် တခြား မိသားစုဝင်တွေကရော... မိသားစုကြီးတွေရဲ့ အခြေခံအုတ်မြစ်ကို လျှော့မတွက်နဲ့..."
လီစစ်ဖုန်းက ခေါင်းခါပြီး .
"ကျွန်တော် အဲဒီလောက် မတုံးပါဘူး... ဒါပေမဲ့ မိသားစုခေါင်းဆောင် ပြောတာက ကျွန်တော့်ကို တကယ် ထိမိသွားစေတယ်... ရန်ငြိုးဖွဲ့တာထက် ရန်ငြိုးဖြေတာက ပိုကောင်းတယ်တဲ့... သူက ချက်ချင်းပဲ သူ့သမီးနဲ့ ကျွန်တော့်ကို စေ့စပ်ပေးလိုက်တယ်... ကျွန်တော် စိတ်မပူရအောင် သူ့သမီးကို ချင်းရှောင်တောင်ပေါ် ပြန်ခေါ်သွားပြီး အစ်ကိုကြီးနဲ့ ဆွေးနွေးခိုင်းလိုက်တယ်... တကယ်လို့ သဘောတူရင် ချင်းရှောင်တောင်ပေါ်မှာပဲ မင်္ဂလာဆောင်ကြမယ်... ဖေမိသားစုက လက်ဖွဲ့ပစ္စည်းတွေ အများကြီး ပို့ပေးမယ်လို့ ပြောတယ်..."
"လက်ထပ်မဟာမိတ် ဟုတ်လား..."
လီတုန်းယွဲ့က လီစစ်ဖုန်းကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ အံ့သြတကြီး မေးလိုက်တော့ လီစစ်ဖုန်း မျက်နှာနီမြန်းသွားသည်။
"ကျွန်တော်က လွယ်လွယ်နဲ့ ယိမ်းယိုင်တတ်တဲ့သူ မဟုတ်ပါဘူး... ဖေမိသားစုအကြောင်း ကျွန်တော် သိပါတယ်... သူတို့မှာ ကမ္ဘာအနှံ့ အကိုင်းအခက်တွေ အများကြီး ရှိတယ်... အားလုံးကို လိုက်သတ်ဖို့ မဖြစ်နိုင်ဘူး... တကယ်လို့ ဒီနည်းနဲ့ ဖြေရှင်းနိုင်ရင် ကောင်းတာပေါ့..."
လီချင်းချိုးက.
"အဲဒီ အမျိုးသမီးက ဖေမိသားစုခေါင်းဆောင်ရဲ့ သမီးဆိုတာ သေချာလား..."
"သေချာပါတယ်... ဘာလို့လဲဆိုတော့ လူယုတ်မာကို အပြစ်ပေးခဲ့တဲ့ ဖေမိသားစု အမျိုးသမီးက သူ ဖြစ်နေလို့ပဲ... ကျွန်တော် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာ... အဲဒီအချိန်တုန်းက ကျွန်တော် ရောက်နေမှန်း ဘယ်သူမှ မသိဘူး... ဖေမိသားစုက ကျွန်တော် လာမယ်ဆိုတာ မသိနိုင်ဘူး... ဒါကြောင့် ဒီလောက်ကြီးမားတဲ့ အစီအစဉ်ကို ကြိုတင် ပြင်ဆင်ထားဖို့ မဖြစ်နိုင်ဘူး... ဒါ့အပြင် လမ်းခရီးမှာ ဖေမြောင်က ပြောပြတယ်... သူ့အဖေက သိုင်းလောကရဲ့ သိုင်းပညာတွေနဲ့ နတ်ဘုရားလက်နက်တွေကို မနှစ်သက်ဘူးတဲ့... သူ့မိသားစုဝင်တွေ သိုင်းလောကသားတွေနဲ့ ရန်ဖြစ်တာကို သဘောမတူတာ ကြာပြီတဲ့... ဒီတစ်ခါ ကျွန်တော် သွားပြီး ကလဲ့စားချေလိုက်တာက သူ့ကို ကူညီရာတောင် ရောက်သွားတယ်တဲ့..."
လီစစ်ဖုန်းက အမြန် ဖြေရှင်းချက်ပေးလိုက်ပြီး အဆုံးသတ်တွင် အသံတိမ်ဝင်သွားသည်။
"အစ်ကိုကြီး... စတုတ္ထစီနီယာအစ်မ... ဖေမြောင်ကို ဧည့်ရိပ်သာမှာ နေရာချပေးထားပါတယ်... ဒီမင်္ဂလာပွဲကို သဘောတူလား သိချင်ပါတယ်..."
လီချင်းချိုး အနည်းငယ် မှင်သက်သွားချေပြီ..
ဟိုတုန်းက ကလေးလေးက အခုဆိုရင် အိမ်ထောင်ပြုပြီး ဘဝထူထောင်နိုင်တဲ့ အရွယ် ရောက်နေပြီပဲ... အချိန်တွေ ကုန်တာ မြန်လိုက်တာ...
ပုံမှန်မဟုတ်ဘဲ ရှက်ရွံ့ပြီး တွန့်ဆုတ်နေသော အသက် ၂၀ အရွယ် လီစစ်ဖုန်းကို ကြည့်ရင်း လီချင်းချိုး ဝမ်းသာသလိုလို၊ စိတ်ပူသလိုလို ခံစားလိုက်ရသည်။
လီတုန်းယွဲ့က လီချင်းချိုးဘက် လှည့်ပြီး.
"အစ်ကိုကြီး... သူပြောတာ အဓိပ္ပာယ် ရှိပါတယ်... ရန်ငြိုးတွေ ပြေပျောက်သွားရင် အကောင်းဆုံးပါပဲ... ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ ဟို မိန်းကလေး ဖေမြောင်ကို အရင် လေ့လာကြည့်ရမှာပေါ့..."
လီစစ်ဖုန်းက လီတုန်းယွဲ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
လီချင်းချိုး၏ မျက်နှာထား တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုကြောင့်ပင် လီစစ်ဖုန်း အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာ ဖြစ်နေသည်။
"သူ ချင်းရှောင်ဂိုဏ်းထဲ ဝင်ချင်လား မေးကြည့်... ဝင်ချင်တယ် ဆိုရင် အရင်ဆုံး တပည့်အဖြစ် လက်ခံလိုက်... မင်္ဂလာကိစ္စကို နောက်မှ ဆွေးနွေးမယ်..."
ထိုအခါမှသာလီစစ်ဖုန်း အလွန် ဝမ်းသာသွားပြီး လီချင်းချိုးကို ကျေးဇူးတင်ကြောင်း အမြန် ပြောလိုက်သည်။ ထို့နောက် သူ လှည့်ထွက်သွားပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ ခြံဝင်းတံတိုင်းကို ခုန်ကျော်သွားတော့သည်။
လီတုန်းယွဲ့က ခေါင်းခါလိုက်ပြီး လီချင်းချိုးကို မေးလိုက်လေသည်။
"အစ်ကိုကြီး... ဘယ်လိုထင်လဲ..."
"သူ ပြောတာသာ အမှန်ဆိုရင် ဒီမင်္ဂလာပွဲက ရန်ငြိုးဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းပဲ... တကယ်လို့ အလိမ်အညာဆိုရင်တော့ ဖေမိသားစုက ယုတ်မာပြီး ဒီလောက်ကြီးမားတဲ့ အစီအစဉ်ကို ချမှတ်ရဲတာပဲ... သူတို့ကို အမြစ်ဖြတ် သုတ်သင်ရမယ်..."
လီတုန်းယွဲ့က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။
"အရင်တုန်းက ကျွန်မတို့ ၇ ယောက်ထဲမှာ ဘယ်သူ အရင် အိမ်ထောင်ပြုမလဲလို့ တွေးဖူးတယ်... တတိယအစ်ကိုကြီး ဖြစ်မယ် ထင်ခဲ့တာ... ဆဌမညီလေး ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး..."
"ဟားး ဟားးး ဘာလို့ တတိယညီလေးလို့ ထင်တာလဲ..."
"သူက ချောမောပြီး အေးစက်တဲ့ စရိုက်ရှိတော့ မိန်းကလေးတွေကို ဆွဲဆောင်ဖို့ လွယ်တယ်လေ..."
"ဒါဆို သူက ငါ့ထက်တောင် ပိုချောတယ်လို့ ပြောချင်တာလား..."
"ဒါဆိုရင်တော့ အစ်ကိုကြီးက နည်းနည်းလေး ပိုသာတာပေါ့..."
"ဒါဆို ဘာလို့ ငါ အရင် အိမ်ထောင်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ထင်တာလဲ..."
"အစ်ကိုကြီး မလုပ်နိုင်ဘူးလို့ ခံစားရလို့ပါ..."
"မင်းပြောတာ မှန်ပါတယ်... ငါက အချစ်ရေးနဲ့ အချစ်ဇာတ်လမ်းတွေကို ဦးမညွှတ်ဘူး... ငါ့ရည်မှန်းချက်က လောကီအချစ်ရေးတွေထက် ကျော်လွန်နေတယ်..."
"ဟုတ်ပါတယ်... အစ်ကိုကြီးက အကောင်းဆုံးပါ..."
...
ထိုနေ့ညနေတွင် လီချင်းချိုးက ဂျူနီယာညီလေး၊ ညီမလေးများကို စုစည်းပြီး ထိုကိစ္စကို ပြောပြလိုက်ရာ တုံ့ပြန်မှု အမျိုးမျိုး ရရှိခဲ့သည်။
လီစစ်ကျင်ကတော့ ချက်ချင်း ဒေါသထွက်သွားပြီး လီစစ်ဖုန်းကို ပြုစားခံလိုက်ရပြီဟု စွပ်စွဲကာ ဆူပူကြိမ်းမောင်းတော့သည်။ သူမ ဖေမြောင်ကို သွားရှာရန် ပြင်လိုက်သော်လည်း လီတုန်းယွဲ့က တားဆီးလိုက်သည်။
ကျန်းယွီချွန်းကမူ သဘောကျနေပြီး အမှန်သာ ဖြစ်လျှင် ကောင်းသောကိစ္စဟု ယူဆသည်။
ကျန်းကျောက်ရှားက ဖေမိသားစုကို သေချာ စုံစမ်းစစ်ဆေးရန် နောက်တစ်ကြိမ် သွားရောက်လိုကြောင်း ပြောသည်။
ဝူမန်အာကမူ ရိုးသားသော အပြုံးဖြင့် လူတိုင်းကို ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောပေ။
"စီနီယာအစ်ကို၊ စီနီယာအစ်မတို့... ကျွန်တော် ဖေမြောင်ကို ယုံကြည်တယ်... ကျွန်တော့်ကိုရော၊ သူ့ကိုရော အခွင့်အရေး ပေးလို့ ရမလား... မင်္ဂလာပွဲကို ချက်ချင်း ကျင်းပစရာ မလိုပါဘူး... အစ်ကိုကြီး ပြောသလိုပဲ အရင်ဆုံး စောင့်ကြည့်လို့ ရပါတယ်..."
လီစစ်ဖုန်းက မတ်တတ်ရပ်ပြီး အရေးတကြီး ပြောလိုက်တော့ လီချင်းချိုးလည်း တာအိုမျိုးဆက်စနစ် မျက်နှာပြင်ကို ဖွင့်ပြီး ဖေမြောင်၏ ပုံရိပ်ကို ရှာဖွေလိုက်သည်။
တပည့်ပုံရိပ်များကို ဝင်ရောက်သည့် အချိန်အလိုက် စီစဉ်ထားသဖြင့် နောက်ဆုံးဝင်ရောက်သော အသုတ်ကိုသာ ကြည့်ရန် လိုအပ်သည်။
[အမည်- ဖေမြောင်]
[လိင်- မ]
[အသက်- ၁၇]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း)- ၈၃/၇၂ (အများဆုံး ၁၀၀)]
[ပါရမီ-ကောင်းမွန်]
[ဉာဏ်ပညာ-သာမန်ကာလျှံကာ]
[ကံကြမ္မာ-အချစ်နှင့် အမုန်း အစွန်းရောက်ခြင်း၊ နဂါးနှစ်ကောင်၏ ဧကရီ]
[အချစ်နှင့် အမုန်း အစွန်းရောက်ခြင်း: ချစ်ရသူအတွက် အရာအားလုံး ပေးဆပ်နိုင်သည်၊ အသက်ကိုပင် စွန့်လွှတ်နိုင်သည်၊ သို့သော် သစ္စာဖောက်ခံရပါက အနက်ရှိုင်းဆုံး အချစ်က အနက်ရှိုင်းဆုံး အမုန်းတရား အဖြစ် ပြောင်းလဲသွားလိမ့်မည်]
[နဂါးနှစ်ကောင်၏ ဧကရီ- နိုင်ငံတော်၏ မိခင် ဖြစ်လာရန် ကံပါလာသူ၊ ကောင်းကင်အမိန့်တော် ဧကရာဇ် နှစ်ပါးကို မွေးဖွားပေးလိမ့်မည်၊ သူမ၏ ကံကြမ္မာက ထူးခြားသည်]
...
ဖေမြောင်၏ သစ္စာရှိမှု အဆင့်ကို မြင်လိုက်ရသောအခါ လီချင်းချိုး စိတ်သက်သာရာ ရသွားသည်။ သစ္စာရှိမှု မြင့်မားခြင်းက သူမ အမှန်အတိုင်း ပြောနေခြင်း ဖြစ်နိုင်ကြောင်း ပြသနေသည်။
သစ္စာရှိမှု ဘာကြောင့် ဒီလောက် မြင့်မားနေရသလဲဆိုတာကတော့ ရှင်းနေပါပြီ... အပြန်လမ်းမှာ လီစစ်ဖုန်းက သူ့အကြောင်းနဲ့ ချင်းရှောင်ဂိုဏ်းအကြောင်း အများကြီး ပြောပြခဲ့မှာ သေချာတယ်...
သူမ၏ ပါရမီနှင့် ဉာဏ်ပညာ နှစ်ခုစလုံး အတော်လေး ကောင်းမွန်သည်။
သို့သော် သူမ၏ ကံကြမ္မာကို မြင်လိုက်ရသောအခါ လီချင်းချိုး မျက်မှောင်ကြုတ်သွားသည်။
အချစ်နှင့် အမုန်း အစွန်းရောက်ခြင်း... တကယ်လို့ လီစစ်ဖုန်းသာ သစ္စာဖောက်ပြီး အမုန်းခံလိုက်ရရင် အဲဒါ လီစစ်ဖုန်းရဲ့ အပြစ်ပဲ... လီစစ်ဖုန်း သူမကို ကောင်းကောင်း ဆက်ဆံသရွေ့ ဒီကံကြမ္မာက လီချင်းချိုးကို သူမအပေါ် ပိုမို ကျေနပ်စေလိမ့်မယ်...
ပြီးတော့ နဂါးနှစ်ကောင်၏ ဧကရီ ကံကြမ္မာ...
ဖေမြောင်က ဧကရီ ဖြစ်လာမှာလား...
ဒါဆို ဒီမင်္ဂလာပွဲက ဖြစ်လာမှာလား မဖြစ်လာဘူးလား...
တကယ်လို့ မဖြစ်လာရင် ဖေမြောင်က တခြားလူရဲ့ ဇနီး ဖြစ်သွားမယ်... အဲဒီကျရင် လီစစ်ဖုန်း ဘယ်လို ဖြစ်သွားမလဲ...
တကယ်လို့ အောင်မြင်သွားရင်...
လီချင်းချိုး စိတ်လေးလံသွားသည်။ ရလဒ် နှစ်ခုစလုံးကို သူ သိပ်မလိုလားပေ။
ဧကရာဇ် ဖြစ်လာမယ့်အစား လီစစ်ဖုန်းကို သူ့နဲ့အတူ မသေမျိုးလမ်းစဉ် လိုက်စေချင်တယ်... လီစစ်ဖုန်း ဧကရာဇ် ဖြစ်သွားရင် သူ့ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေမှာ သေချာတယ်...
လီချင်းချိုးစိတ်ထဲ၌ သိုးရေခြုံထားသော ဝံပုလွေ ဖြစ်သည့် လီစစ်ဖုန်း၏ ကံကြမ္မာကို ပြန်သတိရလိုက်သည်။ ရည်မှန်းချက် အောင်မြင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့်သူ ဖြစ်သည်။
အကယ်၍ သူသာ ဖေမိသားစု၏ အကူအညီ ရရှိခဲ့လျှင် ကြီးမားသော ရည်မှန်းချက်များ ဖြစ်ပေါ်လာရန် အလားအလာ များလှသည်။
အကယ်၍ ဤမင်္ဂလာပွဲကို တားဆီးလိုက်ပြီး ဖေမိသားစုက အခြားတစ်ယောက်ကို ရင်းနှီးမြှုပ်နှံကာ ဖေမြောင်ကို အခြားလူ၏ ဇနီးဖြစ်စေခဲ့လျှင် ဖေမြောင် ဧကရီ ဖြစ်လာစေပါက သူမ၏ အချစ်နှင့် အမုန်း ကံကြမ္မာက သူမကို လီစစ်ဖုန်း၏ ရန်သူ၊ သို့မဟုတ် ချင်းရှောင်ဂိုဏ်း၏ ရန်သူ ဖြစ်လာစေမည်လား...
ထိုအခိုက်အတန့်တွင် လီချင်းချိုး သတ်ဖြတ်လိုစိတ်ပင် ဖြစ်ပေါ်လာပြီး ဖေမြောင်ကို ရှင်းပစ်ချင်သွားသည်။
သို့သော် ထိုစိတ်ကူးက ခဏတာမျှသာ ဖြစ်သည်။ သူ ထိုသို့ မလုပ်နိုင်ကြောင်း သိပြီး လီစစ်ဖုန်း၏ ခံစားချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
ထို့အပြင် ကောင်းကင်အမိန့်တော် ဧကရာဇ် နှစ်ပါးကို မွေးဖွားပေးနိုင်ခြင်းက သူမ၏ ကံကြမ္မာ ထူးခြားကြောင်း ပြသနေသည်။ သူမက ကျောက်ကျိန်းနှင့် ယှဉ်နိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်လာနိုင်မလား...
လီစစ်ကျင်၊ ကျန်းကျောက်ရှားတို့နှင့် ငြင်းခုံနေသော လီစစ်ဖုန်းကတော့ လီချင်းချိုး မျက်မှောင်ကြုတ်နေသည်ကို သတိပြုမိလိုက်သည့်အခါ သူ့ရင်ခုန်သံ ရပ်တန့်သွားပြီး ချက်ချင်း ကြောက်ရွံ့သွားကာ စီနီယာအစ်ကို၊ အစ်မများနှင့် ငြင်းခုံလိုစိတ် ပျောက်ဆုံးသွားသည်။
သူ့စိတ်ထဲတွင် အစ်ကိုကြီးက ဖခင်သဖွယ် ဖြစ်ပြီး အစ်ကိုကြီး သဘောမတူပါက သူ ဖေမြောင်နှင့် မည်သည့်အခါမျှ လက်ထပ်မည် မဟုတ်ပေ။
ဒီနေ့ ဖေမြောင်က ပြောတယ်... တကယ်လို့ သူ့အစ်ကိုကြီး သဘောမတူရင် သူတို့ ထွက်ပြေးကြမယ်တဲ့... အဲဒီအချိန်တုန်းက သူ တော်တော် ဒေါသထွက်သွားတယ်... သူ့အစ်ကိုကြီးကို ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူး...
တကယ်လို့ အစ်ကိုကြီးသာ သဘောမတူရင် သူ သေချာပေါက် လက်ထပ်မှာ မဟုတ်ဘူး...
အခု သူ ငြိမ်နေရတာက အစ်ကိုကြီး စိတ်ဆိုးမှာကို မလိုလားလို့ပဲ...
သူက မိန်းမတွေရဲ့ စိတ်ကို မမြင်နိုင်သလို လူတွေရဲ့ စိတ်ကိုလည်း မမြင်နိုင်ဘူး... သေချာတာ တစ်ခုပဲ ရှိတယ်... သူ့အစ်ကိုကြီးက သူ့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး...
သူ ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျန်းကျောက်ရှားနှင့် လီစစ်ကျင်တို့လည်း သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။ လီချင်းချိုး၏ မျက်နှာထား မကောင်းသည်ကို သတိပြုမိကြသောအခါ သူတို့လည်း ပါးစပ်ပိတ်ပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်ကြသည်။