← Chapters

ဓားနတ်ဘုရားနှင့် လျှို့ဝှက်မြို့စားမင်းတို့၏ တိုက်ပွဲ

Vol. 12 Ch. 120

ဓားနတ်ဘုရားနှင့် လျှို့ဝှက်မြို့စားမင်းတို့၏ တိုက်ပွဲ

Vol. 12 Ch. 120

လူသား ဘိုးဘေး!

လီချင်းချိုးက လူသားလမ်းစဉ် ဘိုးဘေး ကံကြမ္မာကို အံ့သြစွာ ကြည့်လိုက်သည်။

ဒါကြောင့် သူ မရှိရင်တောင် ယန်ရွှမ်က အဆင့်နိမ့် မိစ္ဆာနယ်မြေရဲ့ အခွင့်အလမ်းကို ရရှိမှာပဲ...

ယန်ရွှမ်က တကယ့်ကို အခွင့်အလမ်းကြီးမားသူ၊ ကမ္ဘာကြီးကို ပြောင်းလဲနိုင်သူပဲ...

သူ့မတိုင်ခင်က လီချင်းချိုး အထူးကံကြမ္မာ အများအပြား ကြုံတွေ့ခဲ့ရသည်။ ဤကံကြမ္မာ တစ်ခုစီသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားပုံ ရသော်လည်း အကယ်၍ သူတို့သာ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ မရောက်ရှိနိုင်ပါက သူတို့၏ ကံကြမ္မာသည် ဘဝအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ဘဲ သေဆုံးသည်အထိ ကံကြမ္မာကို အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်သွားနိုင်သည်။

ယန်ရွှမ်က မတူဘူး... သူက မသေမျိုးလမ်းစဉ်ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်တယ်...

သမိုင်းတစ်လျှောက် ကျင့်ကြံသူတွေ အမြဲ ရှိခဲ့ပေမဲ့ မသေမျိုးလမ်းစဉ်ဆိုတာ မရှိခဲ့ဘူး... ယန်ရွှမ်က မသေမျိုးလမ်းစဉ်ကို ဖွင့်ပေးနိုင်ပြီး မြှုပ်နှံခံထားရတဲ့ ကျင့်ကြံသူတွေ သူတို့ရဲ့ ကံကြမ္မာကို သဘောပေါက်လာအောင် လုပ်ပေးနိုင်တယ်... ဒါဆိုရင် သူက တာအိုဘိုးဘေး ဆိုတဲ့ ဘွဲ့ထူးနဲ့ တကယ် ထိုက်တန်ပါတယ်...

ပါရမီက အရေးကြီးပေမဲ့ ကံတရားကလည်း အရေးကြီးတယ်...

ထို့အပြင် တာအိုမျိုးဆက်စနစ် မရှိပါက လီချင်းချိုး အနေဖြင့် သူ့ရှေ့တွင် ရပ်နေသော အထူးကံကြမ္မာ ပါရှိသူများကို မှတ်မိနိုင်မည် မဟုတ်ပေ။ အထူးကံကြမ္မာ မရှိဘဲ ဝိညာဉ်စုစည်းမှု အစီအရင်ကို ပထမဆုံး ဖန်တီးနိုင်ခဲ့သည့် မင်းကွမ်းလို လူတိုင်းတွင် မတွေ့ရှိရသေးသော ပါရမီများ ရှိကြောင်း ဤအချက်က ပြသနေသည်။

ထို့အပြင် မိစ္ဆာနယ်မြေကို ဖွင့်ရန် ဝိညာဉ်ကျောက်တုံး လိုအပ်ခြင်းက ထျန်းကျီတောင်တွင် ဝိညာဉ်ကျောက်တွင်း တစ်ခု ပုန်းအောင်းနေကြောင်း ညွှန်ပြနေသည်။

ဤနည်းဖြင့် စဉ်းစားကြည့်လျှင် ဤကံကောင်းခြင်းက သူ ထင်ထားသည်ထက် ပိုမို နက်ရှိုင်းကြောင်း လီချင်းချိုး ခံစားလိုက်ရသည်။

ယန်ရွှမ် လီချင်းချိုးတို့ အနားသို့ လျှောက်လာတော့မှသာ သူသည် အရပ်မရှည်သော်လည်း အလွန် သန်မာပြီး ထူထဲသော မျက်ခုံးများနှင့် မျက်လုံးကြီးများ ရှိကာ ရိုးသားပြီး ကြင်နာတတ်ပုံ ပေါက်သည်ကို မြင်လိုက်ရသည်။

"ဘယ်တော့ ပြန်ထွက်လာမလဲ..."

လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ပိတ်လိုက်ပြီး ရယ်မောလိုက်ကာ.....

"မနက်ဖြန် မနက်စောစော ပြန်ထွက်လာနိုင်လောက်တယ်... မင်း ပြန်ပြီး စောင့်နေလို့ ရပါတယ်... ငါတို့ မင်းကို ရှာတွေ့မယ့် နည်းလမ်း ရှိတယ်..."

"ကျွန်တော် လိုက်ခဲ့ရင်ကော... ထျန်းကျီတောင်ထဲ တစ်ခါမှ မရောက်ဖူးပေမဲ့ ဒီနားတဝိုက်မှာ အမဲလိုက်လာတာ နှစ်ပေါင်းများစွာ ကြာပြီ ဆိုတော့ အတွေ့အကြုံ တချို့ ရှိပါတယ်..."

"မလိုပါဘူး... ငါတို့က တောရိုင်းတိရစ္ဆာန် တစ်မျိုးနဲ့ ရင်ဆိုင်ရမှာ... မင်းက ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်... ပြန်သွားပြီး စောင့်နေပါ..."

လီချင်းချိုး ခေါင်းခါလိုက်ပြီးနောက် လှည့်ထွက်ကာ တောနက်ထဲသို့ ဝင်သွားလိုက်သည်။

လီတုန်းယွဲ့က ယန်ရွှမ်ကို ....

"စိတ်မပူပါနဲ့... ကျွန်မတို့ ရှင့်ကို သေချာပေါက် လာရှာပါ့မယ်..."

ထိုသို့ဆိုရင်း သူမ လှည့်ထွက်သွားပြီး လီချင်းချိုး နောက်သို့ လိုက်သွားလိုက်သည်။ သူတို့နှစ်ဦး တောနက်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်အထိ ယန်ရွှမ် ထိုနေရာတွင် ရပ်ရင်း သူတို့ ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်ကာ ကြီးမားသော ဆုံးရှုံးမှု တစ်ခုကို ခံစားလိုက်ရသည်။

အဘိုးဆုံးပါးသွားပြီးနောက် သူတယောက်တည်း အလွန် အထီးကျန်ခဲ့သော်လည်း ပြင်ပကမ္ဘာသည် သူ့အတွက် အလွန် စိမ်းကားနေသဖြင့် လုံးဝ ထွက်မသွားရဲခဲ့ပေ။

စဉ်းစားပြီးနောက် ယန်ရွှမ် ဒီမှာပဲ စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။ လီချင်းချိုးနှင့် လီတုန်းယွဲ့တို့၏ ပြုံးနေသော မျက်နှာများက အလွန် ဖော်ရွေပြီး သူ့ကို အစကတည်းက ကောင်းမွန်သော ခံစားချက် ပေးစွမ်းခဲ့သည်။ သူ သူတို့ကို လက်လွှတ်မခံချင်ပေ။

အခြားတစ်ဖက်တွင်......

လီချင်းချိုး ခြေလှမ်းသွက်လိုက်တော့ လီတုန်းယွဲ့လည်း ယန်ရွှမ်နှင့် စကားမပြောတော့ဘဲ နောက်မှ လိုက်ပါလာသည်။

ခရီးဆက်လေ အလင်းရောင် မှိန်လေ ဖြစ်ပြီး ညအချိန် လမ်းလျှောက်နေသကဲ့သို့ ခံစားရသည်။ ထူထဲသော မြူခိုးများကြောင့် လီတုန်းယွဲ့ အနေဖြင့် အစ်ကိုကြီးနှင့် ဝေးကွာသွားမည်ကို စိုးရိမ်လာသည်။

အဆင့်နိမ့် မိစ္ဆာနယ်မြေကို ဘယ်သူမှ ရှာမတွေ့တာ အံ့သြစရာ မဟုတ်တော့ဘူးလို့ တွေးမိတော့ လီချင်းချိုး သက်ပြင်းချလိုက်မိသည်။

သာမန်လူတွေ မပြောနဲ့... သိုင်းလောကက ကျွမ်းကျင်သူတွေတောင် ဒီကို ရောက်လာရင် ကြောက်လန့်ပြီး သေသွားလောက်တယ်... အမှောင်ထဲမှာ အဆင့်နိမ့် မိစ္ဆာနယ်မြေရဲ့ အစီအရင် တည်နေရာကို ရှာတွေ့ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး...

ယန်ရွှမ်က တကယ့်ကို ကံကြမ္မာရှင်ပဲ...

နောက်ထပ် ၂၅ နှစ်ကြာရင် သူ အဆင့်နိမ့် မိစ္ဆာနယ်မြေကို ဘယ်လို ရှာတွေ့မလဲ ဆိုတာ လီချင်းချိုး စဉ်းစားလို့ မရနိုင်ဘူး...

ဒါမှမဟုတ် တောင်ပေါ်မှာ ပုန်းအောင်းနေတဲ့ တခြား ကျင့်ကြံရေးနေရာတွေ ရှိနေတာများလား...

နာရီဝက် ကြာပြီးနောက်.....

လီချင်းချိုးတို့ ပေါင်းပင်များ ဖုံးလွှမ်းနေသော တောင်နံရံ တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူ စမ်းသပ်ကြည့်သလို ဟန်ဆောင်လိုက်ပြီး ပေါင်းပင်များကို ဖယ်ရှားလိုက်ရာ တောင်နံရံပေါ်တွင် မတူညီသော ပုံသဏ္ဍာန်ရှိသည့် အခေါင်းပေါက် ငါးခုကို တွေ့လိုက်ရသည်။

"ဒါ ဘာလဲ..."

လီတုန်းယွဲ့က တောင်နံရံပေါ်ရှိ အခေါင်းပေါက်များကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

လီချင်းချိုးက မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်ဆောင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ ရင်ခွင်ထဲမှ ဝိညာဉ်ကျောက်တုံး ၅ တုံးကို ထုတ်ယူလိုက်ပြီး တစ်တုံးချင်းစီ ထည့်လိုက်သည်။

ထိုအခါ လီတုန်းယွဲ့ မျက်တောင်ခတ်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခု မျက်နှာပေါ်တွင် ပေါ်လာသည်။ အစ်ကိုကြီး၏ မပီပြင်သော သရုပ်ဆောင်မှုကို ဖွင့်မပြောဘဲ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ ဆိုတာကို စောင့်မျှော်ကြည့်ရှုနေသည်။

ဝိညာဉ်ကျောက်တုံး ၅ တုံးက တောင်နံရံရှိ အခေါင်းပေါက်များနှင့် အတိအကျ အံဝင်ခွင်ကျ မဖြစ်သော်လည်း နေရာချလိုက်သည်နှင့် ပုံမှန်မဟုတ်သော အလင်းရောင်များ တောက်ပလာသည်။ ထို့နောက် တောင်နံရံမှ တောက်ပသော အလင်းရောင် ပေါက်ကွဲထွက်ပေါ်လာပြီး မှောင်မိုက်နေသော တောအုပ်ကို လင်းထိန်သွားစေသည်။

လီတုန်းယွဲ့ ချက်ချင်း ကြွက်သားများ တင်းမာသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် လီချင်းချိုးက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သဖြင့် စိတ်ငြိမ်သွားသည်။

သူမ ခေါင်းလှည့်ကြည့်လိုက်ရာ တောက်ပသော အလင်းရောင်က အစ်ကိုကြီး၏ မျက်နှာပေါ်တွင် ကျရောက်နေသည်။ အစ်ကိုကြီး၏ မျက်နှာတွင် ကြောက်ရွံ့မှု မတွေ့ရဘဲ မျှော်လင့်ချက်များကိုသာ တွေ့ရသည်။

လီချင်းချိုး သူမကို တောက်ပသော အလင်းရောင်ဆီသို့ ဆွဲခေါ်သွားသဖြင့် လီတုန်းယွဲ့ မျက်စိရှေ့တွင် လက်ခနဲ ဖြစ်သွားပြီး အလိုအလျောက် မျက်လုံးမှိတ်လိုက်မိသည်။

သူမ သိပ်ဝေးဝေး မလျှောက်ရသေးခင်မှာပင် ဝိညာဉ်လေညင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး ဝိညာဉ်တစ်ထောင် မင်္ဂလာနယ်မြေသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ အလိုအလျောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်လုံးအိမ်များ ကျယ်သွားပြီး ခမ်းနားထည်ဝါသော ကမ္ဘာတစ်ခုက သူမရှေ့တွင် ကြိုဆိုနေသည်။ ရှေ့တွင် ထူထပ်သော တောအုပ်ရှိပြီး အဝေးတွင် တောင်တန်းများ ဝန်းရံထားသည်။ ကောင်းကင်ကြီးက ပြာလဲ့နေပြီး နေရောင်ခြည် ဖြာကျနေသဖြင့် မြင်ကွင်းက တောက်ပနေသည်။

"ဒီနေရာက..."

လီတုန်းယွဲ့ တီးတိုး ရေရွတ်လိုက်ရင်း သူမ အသံတွင် အံ့သြမှုများ ပြည့်နှက်နေသည်။

...

လီချင်းချိုးတို့ ထွက်ခွာသွားသည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ။

ညနေစောင်းချိန်တွင် အဖြူရောင် ဝတ်ဆင်ထားသော ရှန်ယွဲ့တယောက်တည်း တောင်တန်း တလျှောက် လမ်းလျှောက်နေသည်။ သူသည် ခါးတွင် သစ်သားဓား တစ်လက် ချိတ်ဆွဲထားကာ ခြေလှမ်းများ မမြန်ဘဲ လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ခံစားနေသဖြင့် နေဝင်ဆည်းဆာက သူ့အရိပ်ကို ရှည်လျားစွာ ကျရောက်စေသည်။

ရုတ်တရက်...

ရှန်ယွဲ့ ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်တော့ တောင်ကုန်းအောက် ၁၀ ပေခန့် အကွာတွင် သစ်တောအုပ် တစ်ခု ရှိကာ သစ်တောအုပ် ဘေးတွင် ထိုက်ခွန်းတောင်တန်းကို ဖြတ်သန်း စီးဆင်းသော ရှီးမြစ် ရှိသည်။ထိုစဉ် ပုံရိပ်တစ်ခု ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။

သစ်တောထဲမှ ထွက်လာသူများက ရှန်ယွဲ့ကို တွေ့သော်လည်း မရပ်တန့်ကြပေ။

ဦးဆောင်လာသူမှာ ထိုက်ဝူဂိုဏ်း၏ ဒုဂိုဏ်းချုပ် လျူသိုက်ဖြစ်ပြီး ထိုက်ဝူဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ရာကျော်ကို ဦးဆောင်လာသည်။

သူတို့အပြင် အခြား ဂိုဏ်းနှစ်ဂိုဏ်းဖြစ်သော လီယင်းဂိုဏ်းနှင့် မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းအနက် ကျန်းကျီဂိုဏ်း တို့လည်း ပါဝင်ပြီး ဂိုဏ်းတစ်ခုစီတွင် လူတစ်ရာကျော် ပါဝင်သည်။

သူတို့နောက်တွင် နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော အနက်ရောင် ဝတ်စုံနှင့် လူတစ်စု လိုက်ပါလာကြသည်။ သူတို့မှာ ကျင်းဝူအစောင့်တပ်များ ဖြစ်ကြသည်။

ကျန်းကျီဂိုဏ်း၏ ခေါင်းဆောင်မှာ ဆံပင်ဖြူနှင့် အဘိုးအို တစ်ဦး ဖြစ်ပြီး အရပ်ရှည်ကာ ခမ်းနားထည်ဝါသည်။ ရှန်ယွဲ့ကို မြင်သောအခါ သူက မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

ထို ဆံပင်ဖြူ အဘိုးအိုက ကျန်းကျီဂိုဏ်း၏ အကြီးအကဲ စုန်းခယ်ကျန့် ဖြစ်သည်။

စုန်းခယ်ကျန့် လက်မြှောက်လိုက်ပြီး အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်တော့ ထိုအဖြစ်ကို မြင်သောအခါ လျူသိုက်နှင့် လီယင်းဂိုဏ်း ခေါင်းဆောင်များလည်း လက်မြှောက်လိုက်ကြသည်။

"စီနီယာအစ်ကို... ရှုံးနိမ့်ပြီးမှ ဘာလို့ ချင်းရှောင်ဂိုဏ်းထဲ ဝင်သွားရတာလဲ... ဓားနတ်ဘုရားဆိုတဲ့ မာနတွေ ဘယ်ရောက်သွားလဲ..."

စုန်းခယ်ကျန့် ကျယ်လောင်စွာ ပြောလိုက်ရာ ဂိုဏ်းသုံးဂိုဏ်းမှ ခေါင်းဆောင်များ အချင်းချင်း တီးတိုး ပြောဆိုကုန်ကြသည်။

ဓားနတ်ဘုရား ဘွဲ့ထူးက ကျော်ကြားလှသည်။ အထူးသဖြင့် ရောက်ရှိနေသော ကျွမ်းကျင်သူ အများစုက အသက်ကြီးနေပြီ ဖြစ်ပြီး ရှန်ယွဲ့ သိုင်းလောကကို လွှမ်းမိုးခဲ့သော နှစ်ကာလများကို ကြုံတွေ့ခဲ့ရသူများ ဖြစ်သည်။

ရှန်ယွဲ့က တောင်ကုန်းပေါ်တွင် ရပ်ရင်း စုန်းခယ်ကျန့်ကို ငုံ့ကြည့်ကာ ....

"ဂျူနီယာညီလေး... မင်း လူအများကြီး ခေါ်လာတယ်... ကျန်းကျီဂိုဏ်းက မူလရည်ရွယ်ချက် ပျောက်ဆုံးသွားပြီး နန်းတွင်းအာဏာရဲ့ ဓားတစ်လက် တကယ် ဖြစ်သွားပြီလား..."

ထိုစကားကိုကြားသောအခါ စုန်းခယ်ကျန့်၏ မျက်နှာ ချက်ချင်း အရုပ်ဆိုးသွားသည်။

"ဒါက ကောင်းကင်အလိုတော်အရပဲ... မင်းလို တစ်ကောင်ကြွက်ကရော... ဓားသိုင်း ဘယ်လောက်ပဲ ကောင်းကောင်း ကိုယ့်သားမယားကိုတောင် မကာကွယ်နိုင်ခဲ့ဘူး မဟုတ်လား..."

တစ်ဖက်လူက သူ့အတိတ်ကို ဖွင့်ချလိုက်သော်လည်း ရှန်ယွဲ့ ဒေါသမထွက်ပေ။

"ဘယ်လောက်ပဲ အာဏာရှိပါစေ... ကမ္ဘာလှည့် ခရီးထွက်တဲ့အခါ ရန်သူတွေ ရှိလာမှာပဲ... အမုန်းတရား အားလုံးကို တားဆီးလို့ မရဘူး... ဒါပေမဲ့ ငါတို့ ဓားသမားတွေက ကလဲ့စားချေတာ အပြင် အားနည်းသူတွေကို ကူညီဖို့ ဓားကို အသုံးပြုရမယ်... ဆရာသခင်ရဲ့ မှာကြားချက်တွေကို မင်း မေ့သွားပြီလား..."

"ဆရာသခင် အကြောင်း မပြောနဲ့... သူက မင်းလိုပဲ အသုံးမကျတဲ့သူ... စီနီယာအစ်ကိုကြီး ပြောတာပဲ မှန်တယ်... ဘာလဲ... ချင်းရှောင်ဂိုဏ်းအတွက်နဲ့ ငါတို့ကို တားဆီးချင်နေတာလား..."

စုန်းခယ်ကျန့်က အေးစက်စွာ မေးလိုက်ပြီး ခါးမှ ဓားကို ချက်ချင်း ဆွဲထုတ်လိုက်လေရာ ကျန်းကျီဂိုဏ်းမှ ကျွမ်းကျင်သူများလည်း ဓားများကို ဆွဲထုတ်လိုက်သဖြင့် ဓားချင်း ထိခိုက်သံများ အလွန် စူးရှနေသည်။

ထိုက်ဝူဂိုဏ်းမှ လျူသိုက်ကတော့ ဤမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်။ လီယင်းဂိုဏ်းမှ ကျွမ်းကျင်သူများလည်း ပွဲကြည့်နေကြသည်။ ကျင်းဝူအစောင့်တပ်သားများကမူ မျက်နှာဖုံးများ တပ်ဆင်ထားပြီး အမူအရာ ကင်းမဲ့နေကြသည်။

ရှန်ယွဲ့ ခါးမှ သစ်သားဓားကို ယူလိုက်ပြီး ရှေ့သို့ ဖြည်းညှင်းစွာ ခုတ်ပိုင်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ငါးကျန်း (၁၆ ပေခန့်) ရှည်လျားသော ဓားရာတစ်ခု တောင်စောင်းပေါ်တွင် ပေါ်လာရာ ဂိုဏ်းသုံးဂိုဏ်းမှ ဆရာသခင်များ မျက်နှာထား ပြောင်းလဲသွားကြသည်။

သူ့လှုပ်ရှားမှုများက ပေါ့ပါးလွန်းသဖြင့် ဓားချီစွမ်းအင်ပင် ထွက်မလာပေ။

ရှန်ယွဲ့၏ မျက်နှာထားက ဂရုမစိုက်ဟန် ပေါ်နေသည်။ သူ မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး အောက်ဘက်ရှိ ရာပေါင်းများစွာသော ကျွမ်းကျင်သူများကို ငုံ့ကြည့်ကာ ....

"ဒီမျဉ်းကို ကျော်တဲ့သူ ဘယ်သူမဆို သေရမယ်..."

ဂိုဏ်းသုံးဂိုဏ်းမှ ဆရာသခင် အားလုံး မှင်သက်သွားကြချေပြီ.....

ဓားနတ်ဘုရား ဘွဲ့ထူးက သူတို့အပေါ် အတော်လေး ခြိမ်းခြောက်မှု ရှိနေဆဲပင်။

"ဟွန့်... မောက်မာလိုက်တာ..."

လျူသိုက် နှာခေါင်းရှုံ့လိုက်ပြီး ရှေ့တိုးရန် ပြင်လိုက်စဉ် ပုံရိပ်တစ်ခု ပျံသန်းလာပြီး ကျွမ်းကျင်သူ အများအပြား၏ ပခုံးများကို နင်းကာ လူအများရှေ့တွင် ဆင်းသက်လိုက်သည်။

၎င်းသည် နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော အနက်ရောင် ဝတ်ရုံနှင့် လူတစ်ဦး ဖြစ်သည်။

လျှို့ဝှက်မြို့စားမင်း........

လျှို့ဝှက်မြို့စားမင်း ပေါ်လာသည်ကို မြင်သောအခါ လျူသိုက် ရှေ့ဆက်မတိုးတော့ဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

"ရှန်ယွဲ့... ကံကြမ္မာကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာလား..."

"ဖြစ်နိုင်ပါ့မလား... အရှင်က ဒဏ္ဍာရီလာ လျှို့ဝှက်မြို့စားမင်းလား... ဧကရာဇ်ရဲ့ အရိပ်..."

"ချင်းရှောင်ဂိုဏ်းကို ချေမှုန်းဖို့ ဧကရာဇ် အမိန့်ထုတ်ထားပြီးပြီ... ဓားနတ်ဘုရား... လမ်းမှား မရောက်ပါစေနဲ့..."

လျှို့ဝှက်မြို့စားမင်းက သူ့မေးခွန်းကို မဖြေဘဲ ခြိမ်းခြောက်လိုက်တော့ ရှန်ယွဲ့က ခေါင်းအနည်းငယ် ခါလိုက်ပြီး .....

"ငါ ရှန်ယွဲ့က ကမ္ဘာပတ်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ... ဧကရာဇ်က ဘာကောင်မို့လို့လဲ... ငါ နာမည်ကြီးနေချိန်တုန်းက သူ မမွေးသေးဘူး..."

"ရိုင်းစိုင်းလိုက်တာ..."

လျှို့ဝှက်မြို့စားမင်းက ဟိန်းဟောက်လိုက်ပြီး တစ္ဆေတစ်ကောင်အလား တောင်စောင်းပေါ်သို့ ပြေးတက်သွားကာ မျက်စိတစ်မှိတ် အတွင်း ရှန်ယွဲ့ ရှေ့သို့ ရောက်ရှိသွားသည်။

ဝုန်း...

ကြောက်မက်ဖွယ် အရှိန်အဝါ နှစ်ခု ထိပ်တိုက် တွေ့သွားပြီး ဖုန်မှုန့်များနှင့် ပေါင်းပင်များ လွင့်ပျံလာကာ ဂိုဏ်းသုံးဂိုဏ်းမှ ဆရာသခင်များနှင့် ကျင်းဝူအစောင့်တပ်သားများ အတွင်းအားကို အသုံးပြု၍ ကာကွယ်လိုက်ရသည်။

စုန်းခယ်ကျန့်၊ လျူသိုက်နှင့် အခြားသူများ သေချာ ကြည့်လိုက်ရာ လျှို့ဝှက်မြို့စားမင်းက ရှန်ယွဲ့ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး ရှန်ယွဲ့က သစ်သားဓားဖြင့် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။

သစ်သားဓား၏ ထိပ်ဖျားက လျှို့ဝှက်မြို့စားမင်း၏ လက်ဝါးနှင့် ၃ စင်တီမီတာ အကွာအဝေးတွင် ရှိနေပြီး ချီစွမ်းအင် နှစ်ခုက သူတို့ကို ခြားထားကာ မည်သူမျှ ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားသည်။

"လွှမ်းမိုးတဲ့ စွမ်းရည်ပဲ... လျှို့ဝှက်မြို့စားမင်း... ခင်ဗျားက ဘယ်သူလဲ... ဘာလို့ မျက်နှာဖုံး နောက်ကွယ်မှာ ပုန်းနေတာလဲ..."

မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်မြို့စားမင်း၏ မျက်လုံးများက နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"ဓားနတ်ဘုရား... ခင်ဗျားက နာမည်နဲ့ လိုက်တယ်... ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်ဘူးပဲ... အဲဒီတုန်းက ခင်ဗျားအသက်ကို ချမ်းသာပေးခဲ့တာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပုံရတယ်... ခင်ဗျားလို ဓားနတ်ဘုရား တစ်ပါးကို သိုင်းလောကက ဆုံးရှုံးလိုက်ရရင် တကယ် နှမြောစရာ ကောင်းမှာ..."

ထိုစကားကို ကြားသောအခါ ရှန်ယွဲ့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သစ်သားဓားကို ကိုင်ထားသော လက်က မလှုပ်မယှက် ရှိနေပြီး လျှို့ဝှက်မြို့စားမင်းနှင့် ဆက်လက် အားပြိုင်နေသည်။

"ခင်ဗျားက ဟိုတုန်းက ဂီတသမားလား..."

"ခင်ဗျား ကျွန်တော့်ကို မှတ်မိနေသေးလိမ့်မယ်လို့ မထင်ထားဘူး... အဲဒီတုန်းက ခင်ဗျား အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမယ် မဟုတ်လား..."

လျှို့ဝှက်မြို့စားမင်း၏ စကားများကြောင့် အောက်ဘက်ရှိ ဂိုဏ်းသုံးဂိုဏ်းမှ ဆရာသခင်များ မျက်နှာထား ပြောင်းလဲသွားကြသည်။

ရှန်ယွဲ့သည် ယခု အသက် ၈၀ ရှိနေပြီ။ လျှို့ဝှက်မြို့စားမင်း ပြောစကားအရ ဆိုလျှင် သူသည် ရှန်ယွဲ့ထက် များစွာ အသက်ကြီးပြီး ငယ်ရွယ်သော ရှန်ယွဲ့ကိုပင် အနိုင်ယူခဲ့ဖူးသည်ဟု ဆိုလိုနေသည်။

လျှို့ဝှက်မြို့စားမင်း၏ အနည်းငယ် လှောင်ပြောင်သော မေးခွန်းကို ကြားသောအခါ ရှန်ယွဲ့ အံ့သြခြင်း၊ ဒေါသထွက်ခြင်း မရှိပေ။ သူ့မျက်နှာထား လျင်မြန်စွာ တည်ငြိမ်သွားပြီး ....

"ကွက်တိပဲ... ခင်ဗျားက ကျွန်တော့်ကို ရှုံးနိမ့်မှု အရသာ မြည်းစမ်းစေခဲ့တယ်... ဒီနေ့ အဲဒီ ရှုံးနိမ့်မှုကို ဆေးကြောပစ်မယ်..."

All Chapters