ပါရမီရှင်များ၏ တိုက်ပွဲ
Vol. 12 Ch. 112
ညီအစ်ကို မောင်နှမ ခြောက်ယောက်၏ နှလုံးသားထဲတွင် လီချင်းချိုးဆိုသူက အလွန်မြင့်မားသော နေရာ၌ ရှိနေသည်။ မောက်မာသော ကျန်းကျောက်ရှားပင်လျှင် သူ့ကို ပြစ်မှားရန် သို့မဟုတ် စိတ်ဆိုးစေရန် မဝံ့ရဲပေ။ သူတို့ အရွယ်ရောက်လာသည်နှင့်အမျှ ဤဂုဏ်သိက္ခာသည်လည်း ဆက်လက် ကြီးထွားလာသည်။
ကျန်းယွီချွန်းက တင်းမာမှုကို လျှော့ချရန် ဝင်ပြောလိုသော်လည်း အစ်ကိုကြီး၏ မျက်နှာကို ကြည့်ပြီး သတ္တိမမွေးရဲပေ။
လီချင်းချိုး အတွေးထဲမှ ပြန်လည် နိုးထလာပြီး ဂျူနီယာညီလေး၊ ညီမလေးများ အားလုံး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်ကို တွေ့လိုက်ရတော့မှသာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်သွားကြောင်း သတိပြုမိလိုက်သည်။
"မင်းတို့ စကားဆက်ပြောကြလေ... ငါ တခြားကိစ္စ စဉ်းစားနေလို့ပါ..."
လီတုန်းယွဲ့က .
"အစ်ကိုကြီး... အစ်ကိုကြီးပဲ ဆုံးဖြတ်ပါ... အားလုံးက နားထောင်မှာပါ... ဒါ့အပြင် ဆဌမညီလေးရဲ့ မင်္ဂလာကိစ္စကို အစ်ကိုကြီးပဲ ဆုံးဖြတ်ပေးသင့်တာ..."
အခြားသူများလည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့ သဘောထားများကို ထုတ်ဖော်ပြောကြားပြီး ဖြစ်ရာ လီချင်းချိုးအနေဖြင့် အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံး အဖြေကို ရွေးချယ်နိုင်မည်ဟု ယုံကြည်ကြသည်။
"ဒါဆိုရင် ဖေမြောင်ကို တစ်နှစ်လောက် စောင့်ကြည့်ကြတာပေါ့... အခု ကမ္ဘာလောကကြီးက ဖရိုဖရဲ ဖြစ်နေတာ... ဖေမိသားစု သူတို့ဘာသာ ပျက်စီးသွားတာလည်း ဖြစ်နိုင်တယ်..."
လီချင်းချိုး ထိုသို့ပြောလိုက်ရာ အားလုံး ခေါင်းညိတ်လိုက်ကြပြီး လီစစ်ဖုန်းလည်း စိတ်သက်သာရာ ရသွားခဲ့သည်။
သူတို့ သက်ဆိုင်ရာ အခန်းများသို့ ပြန်သွားကြပြီးနောက် လီစစ်ဖုန်းနှင့် ကျန်းကျောက်ရှားတို့ အခန်းထဲတွင် ငြင်းခုံနေကြသည်ကို လီချင်းချိုး ကြားလိုက်ရသည်။
ကျန်းကျောက်ရှားက ဖေမိသားစုက ဤကိစ္စရပ် အားလုံး၏ နောက်ကွယ်တွင် ရှိနေသည်ဟု အမြဲ ခံစားရပြီး ဖေမိသားစုကို သတ်ပစ်လျှင် အကောင်းဆုံး ဖြစ်မည်ဟု ယူဆသည်။ သို့သော် လီစစ်ဖုန်းကမူ ဖေမြောင်ကို ဂရုစိုက်ပြီး သူမကို ယုံကြည်ကြောင်း ပြောဆိုနေသည်။
လီချင်းချိုး ကုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ရင်း သူတို့နှစ်ဦး၏ စကားပြောသံကို နားထောင်ကာ ဉာဏ်အလင်းတစ်ခု ရရှိလိုက်သည်။
သူ့ထံတွင် တာအိုမျိုးဆက်စနစ်ရှိသဖြင့် တပည့်များ၏ သစ္စာရှိမှုနှင့် ကံကြမ္မာကို မြင်တွေ့နိုင်သည်။ထို့ကြောင့် အခြားသူများ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သလို တခါတရံ ခံစားရသော်လည်း ယခုအခါ ထိုသို့ မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
ကံကြမ္မာဆိုသည်မှာ ဖြစ်နိုင်ချေ တစ်ခုသာ ဖြစ်သည်။ကံကြမ္မာကို ချိုးဖျက်နိုင်သလို ကံကြမ္မာစေစားရာကိုလည်း လိုက်န
သို့သော် သူ့ဆန္ဒကို ကျော်လွန်ပြီး ကံကြမ္မာကို ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်အောင် တားဆီးထားသော အရာတစ်ခု ရှိသည်။
အဲဒါကတော့ လူ့စိတ်နှလုံးသားသည်သာပင်...
လီချင်းချိုးကိုယ်တိုင်ကလည်း အလွန် မောက်မာခဲ့ကြောင်း သဘောပေါက်လိုက်သည်။ မသေမျိုးလမ်းစဉ်ကို သူ လိုက်စားနိုင်ခြင်းမှာ ကံကြမ္မာကို ပုံတူကူးယူနိုင်သော စွမ်းရည်အပေါ် အဓိက မှီခိုနေရခြင်း ဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများကို သူ့လို ဖြစ်စေရန် အတင်းအကျပ် မလုပ်နိုင်ပေ။
အကယ်၍ လီစစ်ဖုန်းသာ ဖေမြောင်ကို လက်လွှတ်လိုက်ရပြီး အနာဂတ်တွင် မသေမျိုး မဖြစ်လာပါက သေခါနီးတွင် သူ့ကို မုန်းတီးသွားမည်လော...
လီစစ်ဖုန်း၏ ဆန္ဒကို လေးစားပြီး သူလိုချင်တာ ရရှိအောင် ကူညီပေးကာ အတားအဆီး အားလုံးကို ရှင်းလင်းပေးခြင်းသည်ကသာ သူ့ကို စောင့်ရှောက်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ထိုသို့ သဘောပေါက်သွားပြီးနောက် လီချင်းချိုး စိတ်သက်သာရာ ရသွားခဲ့သည်။
သဘာဝအတိုင်းပဲ ဖြစ်ပါစေတော့... တစ်သက်လုံး အတူနေခွင့်ရတာကလည်း ကောင်းချီးမင်္ဂလာ တစ်ပါးပါပဲ... တကယ်လို့ မသေမျိုးလမ်းစဉ်ကို အတူတူ လိုက်စားနိုင်ရင် ဒါက နောက်ထပ် ကောင်းချီးမင်္ဂလာ တစ်ခုပေါ့... မဟုတ်ရင်လည်း ဒီဘဝမှာ ရရှိထားတဲ့ ကံကြမ္မာကို တန်ဖိုးထားလိုက်ပါတော့...
...
ဖေမြောင် ရောက်ရှိလာခြင်းက ချင်းရှောင်ဂိုဏ်းကို ထိခိုက်ခြင်း မရှိပေ။ သို့သော် ရှီးလျန့်ခန်းမမှ တပည့်များကတော့ ဂိုဏ်းချုပ်ဘေးတွင် အမျိုးသမီး တစ်ယောက် ရှိနေပြီး နှစ်ယောက်သား ရယ်မော စကားပြောကာ ရင်းရင်းနှီးနှီး ရှိနေသည်ကို သတိပြုမိလိုက်ကြသည်။
နွေဦးပွဲတော် ရောက်ရှိလာခြင်းက နှစ်သစ်၏ အစကို ပြသနေခြင်းပင်.
မျှော်လင့်ထားသည့်အတိုင်း ရွှယ်ကျင်းကသာ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိသော ပထမဆုံး တပည့်ရင်း ဖြစ်လာခဲ့သည်။ တပည့်ရင်းများကြားတွင် ထိုသတင်း ပျံ့နှံ့သွားပြီး ဂိုဏ်းချုပ်က ရွှယ်ကျင်းကို ကိုယ်တိုင်ကိုယ်ကျ ဆင့်ခေါ်၍ ချီးကျူးခဲ့သည်ဟု ဆိုကြရာ တပည့်ရင်း များစွာ အားတက်စေခဲ့သည်။
ရွှယ်ကျင်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိသွားခြင်းအတွက် လီချင်းချိုး အမှန်တကယ် ဝမ်းသာမိသည်။
စီနီယာ ခုနစ်ယောက် အပြင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော တပည့်များကို အမှန်တကယ် ပျိုးထောင်နိုင်ပြီ ဖြစ်ကြောင်း ဤအချက်က ပြသနေသည်။ ရွှယ်ကျင်းက ယန်ကျွယ်တိန်နှင့် ရှန်ယွဲ့တို့ကဲ့သို့ နောက်မှ ရောက်လာသူ မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်းကသာ အပြည့်အဝ ပျိုးထောင်ထားသော တပည့်ရင်း ဖြစ်သည်။
လီချင်းချိုး၏ အစီအစဉ်အရ ရွှယ်ကျင်းက ရှီးလျန့်ခန်းမ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဒုတိယခန်းမသခင် ဖြစ်သော ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ကို ရှီးလျန့်ခန်းမနှင့် ပေါင်းစည်းလိုက်သည်။
လီစစ်ဖုန်းကလည်း ဤကိစ္စအတွက် အလွန် ကျေနပ်နေသည်။ ရှီးလျန့်ခန်းမတွင် တာဝန်ခံမည့်သူ ရှိလာပြီ ဖြစ်သဖြင့် သူ ယုံကြည်မှု ရှိရှိဖြင့် တောင်အောက်ဆင်း၍ လေ့ကျင့်နိုင်ပြီ ဖြစ်သည်။
ရွှယ်ကျင်း ပဉ္စမအဆင့် ရောက်ရှိပြီးနောက် ကျောက်ကျိန်းနှင့် ကျိယာတို့သည်လည်း စိတ်ဓာတ်တက်ကြွလာပြီး ကြိုးကြိုးစားစား ကျင့်ကြံလာကြသည်။
သူတို့နောက်တွင် ချိုင်ယွင်ရှန်း၊ လီရန်၊ လျူယန်၊ ဟန်လန်နှင့် အခြားသူများ ကပ်လိုက်ပါလာကြသည်။ သူတို့အပြင် တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားလာရန် အသင့်ရှိနေသော ပါရမီရှင် ဒါဇင်ပေါင်းများစွာကိုလည်း လီချင်းချိုး မြင်တွေ့နေရသည်။
ဖေဖော်ဝါရီလ အစောပိုင်းတွင် ကျောက်ကျိန်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိသွားခြင်းက ရွှယ်ကျင်း၏ အောင်မြင်မှုကို ချက်ချင်း လွှမ်းမိုးသွားသည်။
ရှီးလျန့်ခန်းမ အတွင်းရှိ ဒုတိယခန်းမသခင်၏ အခန်းထဲတွင် ရွှယ်ကျင်းတယောက် လေ့ကျင့်ရေး တာဝန်များကို စီစဉ်နေစဉ် ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ဝင် ကျန့်ယွင်ချောင်က စားပွဲရှေ့တွင် ရပ်ကာ အာမေဋိတ်သံ ပြုလိုက်သည်။
"ကျောက်ကျိန်းက တကယ့် ပါရမီရှင်ပဲ... သူ့ပါရမီက ကြောက်စရာ ကောင်းလိုက်တာ... သူက ၉ နှစ်ပဲ ရှိသေးတယ်... ကြီးလာရင် ဘယ်လောက် သန်မာလာမလဲ ဆိုတာ တွေးကြည့်လို့တောင် မရဘူး..."
ရွှယ်ကျင်းက မော့မကြည့်ဘဲ ရယ်မောလိုက်ပြီး
"သေချာတာပေါ့... ဘာပဲဖြစ်ဖြစ် သူက ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းလေ... ဘယ်သူမဆို ဂိုဏ်းချုပ်ရဲ့ တပည့် ဖြစ်ခွင့်ရတာ မဟုတ်ဘူး... ငါ လိုချင်ရင်တောင် ဖြစ်ခွင့်မရနိုင်ဘူး..."
"အဲဒီလို မပြောပါနဲ့ စီနီယာအစ်ကို... ယွမ်လီကို ကြည့်လိုက်... သူ့အခြေအနေ ဆိုးရွားနေတာအကုန်သိတာပဲ... ကျွန်တော့်အမြင် ပြောရရင် အစ်ကို သူ့နေရာမှာ အစားထိုးလို့ ရတယ်..."
ကျန့်ယွင်ချောင်က ရွှယ်ကျင်းအတွက် ဝင်ပြောလိုက်တော့ရွှယ်ကျင်း ခေါင်းမော့လိုက်ပြီး ကျန့်ယွင်ချောင်ကို စိုက်ကြည့်ကာ.
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... ဂိုဏ်းချုပ်ရဲ့ အသိအမှတ်ပြုမှုသာ မရခဲ့ရင် ငါ ဒီနေ့ ဒီနေရာကို ဘယ်လို ရောက်လာမလဲ... ယွမ်လီနဲ့ ပတ်သက်ရင် သူ့ကို လျှော့မတွက်နဲ့... သေချာ ကြည့်မယ်ဆိုရင် ဂိုဏ်းချုပ်က သူ့ကို အချစ်ဆုံးဆိုတာ တွေ့ရလိမ့်မယ်... ကျောက်ကျိန်းထက်တောင် သူ့ကို ပိုဂရုစိုက်တယ်... တစ်နေ့ကျရင် ယွမ်လီက လူတိုင်းကို အံ့အားသင့်သွားစေလိမ့်မယ်..."
"တကယ်လား..."
ကျန့်ယွင်ချောင် မယုံကြည်နိုင် ဖြစ်သွားတာမြင်တော့ ရွှယ်ကျင်းက အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။
"ယွမ်လီက သိုင်းပညာ ပါရမီ မပြသေးပေမဲ့ လူတွေနဲ့ ဆက်ဆံရာမှာတော့ ကျောက်ကျိန်းထက် ပိုဉာဏ်ကောင်းတယ်... ဘာပဲဖြစ်ဖြစ် ငါ သူ့ကို မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်..."
ကျန့်ယွင်ချောင်လည်း အခုမှသာ ထိုအကြောင်းကို သေချာတွေးတောနေမိသည်။
သူတို့၏ စကားဝိုင်းက ချင်းရှောင်ဂိုဏ်း၏ ပုံရိပ်ငယ် တစ်ခုမျှသာ ဖြစ်သည်။ လူတိုင်းက ကျောက်ကျိန်း၏ ကြောက်မက်ဖွယ် ပါရမီကို အံ့သြနေကြစဉ် ယွမ်လီကို မလွဲမသွေ သတိရလိုက်မိကြသည်။
သူတို့နှစ်ဦးက အသက်အရွယ် တူညီကြပြီး ဂိုဏ်းချုပ်က အတူတကွ လေ့ကျင့်သင်ကြားပေးလေ့ ရှိသော်လည်း ရလဒ်များမှာ မိုးနှင့်မြေလို ကွာခြားနေသည်။
ထိုနေ့ နေ့လယ်ပိုင်းတွင် လီချင်းချိုး တောင်ပေါ်လမ်းအတိုင်း ဓားဂိုဏ်းသို့ လျှောက်သွားနေစဉ် ယွမ်လီ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကိုးနှစ်အရွယ် ယွမ်လီက အပြာရောင် ဝတ်ရုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူ့တွင် ချောမောသော မျက်နှာသွင်ပြင်နှင့် တောက်ပသော မျက်ဝန်းတစုံလည်းရှိသည်။
လီချင်းချိုး သူ့ကို ကြည့်ရုံဖြင့် ပျော်ရွှင်နေပြီး ယွမ်လီကို ကောင်းကောင်း ပျိုးထောင်ထားသည်ဟု ထင်မြင်မိသည်။
"ဆရာသခင်..."
လီချင်းချိုးကို မြင်သောအခါ ယွမ်လီ ချက်ချင်း လျှောက်လာပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
"ဘယ်က ပြန်လာတာလဲ..."
"အစ်ကို့ဆီ ထမင်းသွားပို့တာပါ..."
"ယွမ်ချီကတော့လေ. တကယ်ပါပဲ... သူ အလုပ်ရှုပ်နေရင် မင်းက သူ့ကို ပြုစုနေရတယ်..."
"အစ်ကိုကလည်း ဂိုဏ်းအတွက် တာဝန်ကျေချင်လို့ပါ..."
"ကောင်းပြီ... ပြန်ပြီး သိုင်းကျင့်တော့..."
လီချင်းချိုးက ယွမ်လီ၏ ခေါင်းကို ပုတ်လိုက်ပြီး ဓားဂိုဏ်းသို့ ဆက်လက် လျှောက်သွားလိုက်သည်။
ယွမ်လီ နောက်လှည့်ပြီး ဆရာသခင့်ကျောပြင်ကို ကြည့်လိုက်မိသည်။ သူ့မျက်လုံးများ တောက်ပနေပြီး တက်ကြွနေပုံ ပေါက်သော်လည်း လမ်းတစ်လျှောက် ကြားခဲ့ရသော ကောလာဟလများကြောင့် စိတ်လေးလံနေသည်။
ဆရာသခင်၏ အချစ်လွန်မှုနှင့် ဂိုဏ်းတူ ညီအစ်ကို မောင်နှမများ၏ သံသယများက သူ့ကို မွန်းကြပ်စေသည်။ ဆရာသခင်ကို သူ့အား လက်လျှော့လိုက်ရန် ပြောလိုသော်လည်း ဆရာသခင်၏ အပြုံးကို မြင်တိုင်း သူ လက်မလျှော့နိုင် ဖြစ်နေသည်။
သူ့အတွက် မဟုတ်ရင်တောင် ဆရာသခင့် သိက္ခာအတွက် အံကြိတ်ပြီး ကြိုးစားရမည်။ နာမည်ကျော်ကြားလာသည်အထိ ကျင့်ကြံရမည်။ သို့မှသာဆရာသခင် သူ့အပေါ် ဘယ်သောအခါမှ အကဲဖြတ် မမှားခဲ့ကြောင်း ချင်းရှောင်ဂိုဏ်းသား အားလုံး သိရှိသွားကြပေလိမ့်မည်။
ဤအချက်ကို တွေးမိသောအခါ ယွမ်လီ၏ အကြည့်များ ခိုင်မာပြတ်သားသွားသည်။ သူ မသိလိုက်စဉ်မှာပင် ရွှေရောင် အမှတ်အသား တစ်ခု သူ့နဖူးပေါ်တွင် မှိန်ဖျဖျ ပေါ်လာပြီး တတိယမျက်လုံး ပွင့်တော့မည့်အလား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
ဒါတွေကို မသိရှာသော ယွမ်လီကတော့ လှည့်ထွက်သွားပြီး လင်းရှောင်ခြံဝင်း နောက်ဘက်ရှိ တောအုပ်ထဲသို့ သိုင်းကျင့်ရန် ဉီးတည်နေလေတော့သည်။
အခြားတစ်ဖက်တွင်..
လီချင်းချိုး ဓားဂိုဏ်းသို့ ရောက်ရှိလာတော့ ဓားဂိုဏ်းသား ၅၀ စလုံး တရားထိုင်ကာ ချီသန့်စင်ခြင်း၊ ဓားချီလေ့ကျင့်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့လိုက်ရသည်။
ရှန်ယွဲ့က ရှေ့ဆုံးတွင် ခြေချိတ်ထိုင်နေပြီး ဓားတစ်လက်က သူ့ဘေးတွင် ဝဲပျံနေကာ ဓားအင်မော်တယ်တပါး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ရှန်ယွဲ့က အသက်ကြီးနေပြီ ဖြစ်သော်လည်း ကောင်းမွန်သော ပါရမီ ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။ သူ့ရဲ့ ထူးကဲသော ပါရမီနှင့် ဉာဏ်ပညာတို့ကြောင့် ကျင့်ကြံနှုန်း အလွန် မြန်ဆန်ပြီး ယခုအခါ မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ ပိုမို သန်မာလာသည်ကို လီချင်းချိုး အာရုံခံနိုင်သည်။ မူလချီက သူ့၏ ဓားဆန္ဒကို ပြောင်းလဲပေးနေသည်။
လီစစ်ဖုန်းလည်း ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။ လီစစ်ဖုန်းက ပထမတန်း၏ အစွန်းတွင် ထိုင်ကာ ချီသန့်စင်ခြင်း ပြုလုပ်နေပြီး တီရွှမ်းဓားက သူ့ဘေးတွင် ထောင်လျက် ရှိနေသည်။
ထို့ကြောင့် လီချင်းချိုးက ဓားဂိုဏ်းသားများ၏ ကျင့်ကြံမှုကို မနှောင့်ယှက်ဘဲ ငြိမ်သက်စွာ ရပ်ကြည့်နေသည်။ သူ့ရဲ့ မွေးရာပါ ဓားစွဲလမ်းသူ ကံကြမ္မာမှ ရရှိလာသော ဉာဏ်ပညာဖြင့် ဓားဂိုဏ်း၏ ချီသန့်စင်ခြင်း နည်းစနစ်ကို ထိုးထှငျးသိမွငျနျိုငျသညျ။
ဤ ဓားချီသန့်စင်ခြင်း နည်းစနစ်ကို သူ တစ်ခါမျှ မမြင်ဖူးသဖြင့် ရှန်ယွဲ့ ဖန်တီးထားခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျန်းကျောက်ရှားက ဓားဂိုဏ်း အကြီးအကဲ ရာထူး ရယူထားသော်လည်း ဓားဂိုဏ်းသို့ လာခဲလှသည်။
နာရီဝက် ကြာပြီးနောက်
လီချင်းချိုး ရောက်နေသည်ကို ရှန်ယွဲ့ အစောကြီးကတည်းက သတိထားမိသော်လည်း နာရီဝက်ကြာအောင် စောင့်ကြည့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ လှမ်းကြည့်လိုက်တော့ လီချင်းချိုးက စင်္ကြံတွင် မျက်လုံးမှိတ်လျက် ရပ်နေပြီး ခန္ဓာကိုယ်မှ ဓားချီစွမ်းအင်များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
"ဟေ... သူ ဘယ်လိုလုပ်..."
ရှန်ယွဲ့ တိတ်တဆိတ် အံ့သြသွားသည်။
ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးကတည်းက သူသည် ဓားတစ်သောင်း နေရပ်သို့ပြန်လာခြင်း ဓားသိုင်းကြောင့် ရှုံးနိမ့်ခဲ့ရခြင်း မဟုတ်ဘဲ မူလချီကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ လီချင်းချိုးကလည်း စစ်မှန်သော ဓားသမား မဟုတ်ပေ။
ပြန်စဉ်းစားကြည့်လျှင် လီချင်းချိုး၏ ဓားသိုင်း ဉာဏ်ပညာက သူနှင့် ကျန်းကျောက်ရှားတို့ထက် မလျော့နည်းနိုင်ပေ။
လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး ရှန်ယွဲ့ကို အဝေးမှ ခေါင်းညိတ်ပြလိုက်ပြီးနောက် လီစစ်ဖုန်းလည်း သူ့ကို ကြည့်နေသည်ကို မြင်သောအခါ လီစစ်ဖုန်းကို လက်ပြလိုက်သည်။
အခြားတပည့်များ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးဖွင့်လာကြသည်။ လီစစ်ဖုန်း မတ်တတ်ရပ်ပြီး ထွက်ခွာသွားသည်ကို မြင်သောအခါ သူတို့အားလုံး လီစစ်ဖုန်း သွားရာ လမ်းကြောင်းကို အလိုအလျောက် လိုက်ကြည့်လိုက်ကြရာ ဂိုဏ်းချုပ်ကို တွေ့လိုက်ရသည်။
ဓားဂိုဏ်းသား အားလုံး ဂိုဏ်းချုပ် ရောက်လာသည်ကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားသွားကြသည်။
"ဂိုဏ်းချုပ် ဘယ်တုန်းက ရောက်နေတာလဲ..."
"မသိဘူး... ရောက်နေတာ ကြာလောက်ပြီ... သူ့ပတ်လည်က ဓားချီစွမ်းအင်တွေ မပျောက်သေးတာ တွေ့လား... ခုနက ငါတို့နဲ့အတူ ချီသန့်စင်ခြင်း လုပ်နေတာ ဖြစ်မယ်..."
"ဂိုဏ်းချုပ်က ငါ့ရဲ့ ဖုံးကွယ်နေတဲ့ ပါရမီကို တွေ့သွားပြီး တပည့်အဖြစ် လက်ခံမယ်လို့ ထင်လား..."
"အိပ်မက် မက်မနေနဲ့... ဂိုဏ်းချုပ်က မင်းကို အဓိက တပည့်စာရင်းထဲ ထည့်ထားတာကတင် တော်တော် ကံကောင်းနေပြီ..."
"ဂိုဏ်းချုပ် ရောက်နေမှန်းသာ သိရင် ပိုပြီး လေးလေးနက်နက် လုပ်ပြလိုက်ပါတယ်..."
တပည့်များ အချင်းချင်း ဆွေးနွေးနေကြပြီး လီချင်းချိုး၏ လွှမ်းမိုးမှုကို သက်သေပြနေသည်။ ပုံမှန်အားဖြင့် အနေအထိုင် ရိုးရှင်းသော်လည်း မည်သူမျှ သူ့ထက် ဂုဏ်သိက္ခာ ပိုမကြီးမားပေ။
လီချင်းချိုးက လီစစ်ဖုန်းကို ခေါ်ထုတ်လာပြီး လူသူကင်းမဲ့သော ကျောက်ကမ်းပါး တစ်ခုသို့ လျှောက်သွားကာ ခမ်းနားထည်ဝါသော တောင်တန်း ရှုခင်းကို အတူတကွ ငေးကြည့်နေကြသည်။
ချစ်ရသူနှင့် တွေ့ဆုံခဲ့သောကြောင့် ဖြစ်မည်၊ လီစစ်ဖုန်း မကြာသေးမီက အလွန် ကြိုးစား ကျင့်ကြံနေသည်။ သူသည် အချစ်ရေးတွင် စွဲလမ်းမနေပေ။ လီချင်းချိုး သူ့ကို ကောင်းစွာ သိသဖြင့် ဤပြောင်းလဲမှုတွင် အကြောင်းပြချက် တစ်ခု ရှိရမည် ဖြစ်သည်။
"ဖေမိသားစုရဲ့ သမီးနဲ့ လက်ထပ်တာက အနာဂတ်မှာ ပြဿနာတွေ ကြုံရမှာ သေချာတယ်... မင်း သေချာ စဉ်းစားပြီးပြီလား..."
လီချင်းချိုး အဝေးကို ငေးကြည့်ရင်း တိုးတိုးလေး မေးလိုက်တော့ လီစစ်ဖုန်းလည်း အဝေးကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"စဉ်းစားပြီးပါပြီ... ဖေမိသားစုက တကယ် ရည်မှန်းချက်ကြီးတယ်... မြောင်အာကို ကျွန်တော်နဲ့ ပေးစားတာက သူတို့ ရည်မှန်းချက် အောင်မြင်ဖို့ ကျွန်တော် ကူညီမယ်လို့ မျှော်လင့်နေကြတာ... ဒါပေမဲ့ သူတို့ ကျွန်တော့် ရည်မှန်းချက်ကို လျှော့တွက်ထားကြတယ်... ဘယ်သူက ဘယ်သူ့ရဲ့ နယ်ရုပ် ဖြစ်မလဲ ဆိုတာ မသေချာသေးပါဘူး..."
လီချင်းချိုး သူ့ကို တစ်ချက် ကြည့်လိုက်ရင်း အံ့အားသင့်သွားသည်။
"အစ်ကိုကြီး... ကျွန်တော်တို့ ချင်းရှောင်ဂိုဏ်းကို ဘာလို့ အင်အားစု ပေါင်းစုံက အမြဲ လာရန်စနေတာလဲ ဆိုတာ ကျွန်တော် မကြာခဏ စဉ်းစားမိတယ်... ကျွန်တော်တို့ အင်အားကို ပြသပြီးတာတောင်မှ ရန်သူသစ်တွေ ပေါ်လာတုန်းပဲ... စဉ်းစားကြည့်တော့ အဓိက အကြောင်းရင်းက ကျွန်တော်တို့ အင်အား မလုံလောက်သေးလို့ပဲ..."
လီစစ်ဖုန်း၏ အကြည့်များက ရန်လိုလာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
လီချင်းချိုးကလည်း ထိုစကားကို ပြန်မငြင်းပေ။
"ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာတွေက တခြားသူတွေနဲ့ မတူဘူးဆိုတာ မင်းလည်း ခံစားမိမှာပါ... ဟွမ်ယွမ်ကျမ်းစာက အသက်ရှည်စေနိုင်တယ်လို့ ရှန်ယွဲ့ကို ပြောတုန်းက လိမ်ပြောခဲ့တာ မဟုတ်ဘူး... ညီလေး... ငါ့ ရည်မှန်းချက်က ဧကရာဇ်နဲ့ အတူတူပဲ... မသေမျိုး ဖြစ်ဖို့ပါပဲ... လမ်းကြောင်း မတူတာပဲ ရှိတာ... မင်းရော ငါ့လို...ဖြစ်ချင်လား... ဒါမှမဟုတ် တခြား ရည်မှန်းချက်တွေ ရှိလား..."
လီချင်းချိုးက ရွေးချယ်မှုကို လီစစ်ဖုန်းထံ ထားလိုက်မည်ဟု စဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်သည်။
လီစစ်ဖုန်းက လှည့်ကြည့်လိုက်ပြီး လွတ်လပ်စွာ ရယ်မောလိုက်ပြီးမှ
"အစ်ကိုကြီး... မသေမျိုးဆိုတာ ဝေဝါးပြီး အလှမ်းဝေးတဲ့ အရာပါ... အစ်ကိုကြီးတောင် သေချာပေါက် မပြောနိုင်လောက်ဘူး... စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို လိုက်ရှာမယ့်အစား လက်ရှိ အခိုက်အတန့်ကိုပဲ ဆုပ်ကိုင်ထားချင်တယ်... သူရဲကောင်းတွေက ဖရိုဖရဲ ကာလမှာ ပေါ်ထွက်လာတာ... ကျွန်တော် ကံစမ်းချင်တယ်... အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ ကျွန်တော်က အစ်ကိုကြီးရဲ့ ဂျူနီယာညီလေးအဖြစ် အမြဲ ရှိနေမှာပါ..."
စီနီယာအစ်ကိုနှင့် ဂျူနီယာညီလေး နှစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် လီချင်းချိုးက ပြုံးလိုက်ပြီး ခံစားချက်ပါပါ ပြောလိုက်သည်က.
"ငါ့ရဲ့ ဂျူနီယာညီလေး နောက်ဆုံးတော့ ကြီးပြင်းလာပြီပဲ... မင်း သေချာ စဉ်းစားပြီးပြီဆိုမှတော့ လုပ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ချင်းရှောင်ဂိုဏ်းက အမြဲတမ်း မင်းရဲ့ အိမ် ဖြစ်နေမှာပါ... မင်း ဘယ်အချိန်မဆို ပြန်လာလို့ ရတယ်... အစ်ကိုကြီး မင်းကို အမြဲ ကာကွယ်ပေးမှာပါ... ဒါပေမဲ့ မင်း မှတ်ထားရမယ့် အချက်တစ်ချက် ရှိတယ်... ကိုယ်ကျင့်တရား ပျက်ပြားတာ၊ ယုတ်မာတာတွေ ဘယ်တော့မှ မလုပ်ပါနဲ့... ဒီနေ့ မင်း မုန်းတီးတဲ့ လူစားမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့..."
လီစစ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး..
"အစ်ကိုကြီး... စိတ်မပူပါနဲ့... ကျွန်တော် လီစစ်ဖုန်းက ငယ်ငယ်ကတည်းက သူရဲကောင်း ဖြစ်ချင်ခဲ့တာ... ကျွန်တော့်ရဲ့ မူလရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ပါဘူး..."
လီချင်းချိုး လွန်ခဲ့သော နှစ်များစွာက မြင်ကွင်းတစ်ခုကို ပြန်လည် သတိရလိုက်သည်။ ငယ်ရွယ်သော လီစစ်ဖုန်းလေးက သစ်သားဓားကို ဝှေ့ယမ်းကာ ဒုက္ခရောက်နေသူများကို ကူညီသော သူရဲကောင်း ဖြစ်သည်ဟု အမြဲ ပြောလေ့ရှိခဲ့သည်မဟုတ်လော.