ချင်းရှောင်ဓားဂိုဏ်း အမိန့်ပြား
Vol. 12 Ch. 114
လီချင်းချိုးက အသံပေးပို့ခြင်းပညာကို ကျင့်ကြံသူများအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု အဖြစ် အမြဲ ယူဆခဲ့သည်။ ထို့ကြောင့် အချိန်ပေး လေ့လာခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီဖြစ်သည်။
ယခုလည်း မူလချီကို အသုံးပြုပြီး ကျန်းကျောက်ရှား၏ နားထဲသို့ စကားလှမ်းပြောလိုက်ရာ ကျန်းကျောက်ရှား တစ်ယောက်တည်းသာ ကြားလိုက်ရသည်။
ကျန်းကျောက်ရှား၏ မျက်နှာတွင် အံ့သြမှုများ တိုးပွားလာသည်ကို မြင်သောအခါ လီချင်းချိုး အောင်မြင်မှု တစ်ခု ရရှိလိုက်သလို ခံစားလိုက်ရသည်။
လူတိုင်း လူစုခွဲသွားပြီးနောက် ကျန်းကျောက်ရှားက လီချင်းချိုးနောက်သို့ အခန်းထဲထိ လိုက်သွားပြီး ဘာဖြစ်ခဲ့သလဲ ဆိုတာကို အတင်းမေးမြန်းတော့သည်။ လီချင်းချိုးကလည်း ဘာမှ ဖုံးကွယ်မထားဘဲ အသံပေးပို့ခြင်းပညာ အကြောင်း ပြောပြလိုက်ရာ ကျန်းကျောက်ရှား ချက်ချင်း သင်ယူချင်သွားသည်။
အသံပေးပို့ခြင်းပညာက ထင်သလောက် မခက်ခဲပေ။ အခက်အခဲမှာ ဖန်တီးယူရာတွင်သာ ရှိသည်။ ကျန်းကျောက်ရှားလည်း အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း သင်ယူတတ်မြောက်သွားပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။
နောက်တစ်နေ့ မနက်တွင် လီစစ်ဖုန်း၊ ဝူမန်အာနှင့် ကျန်းယွီတို့တွေ ချင်ကျွယ်နှင့် အခြားနှစ်ဦးနောက်သို့ လိုက်ပါသွားကြသည်။ သူတို့ တောင်ပေါ်လမ်းအတိုင်း ဆင်းသွားကြရာ လမ်းတစ်လျှောက်ရှိ တပည့်များက ဘာကြောင့် တောင်အောက်ဆင်းသလဲဟု စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြသည်။ ကြွားဝါရတာ နှစ်သက်သော လီစစ်ဖုန်းက ဝူရှန်ဂိတ်သို့ သွားရောက်ပြီး နတ်ဆိုးစစ်သူကြီးကို သတ်ဖြတ်မည်ဟု တိုက်ရိုက် ကြေညာလိုက်သဖြင့် ထိုသတင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး တပည့်အများအပြားက သူတို့ ချင်းရှောင်ဂိုဏ်းအတွက် ဂုဏ်ယူစရာများ ယူဆောင်လာမည်ကို မျှော်လင့်နေကြသည်။
ထိုနေ့ နေ့လယ်ပိုင်းတွင် ချင်ယဲ့ကို တွေ့ရန် လီချင်းချိုး ဝိညာဉ်ကျောက်တွင်းသို့ သွားရောက်ခဲ့သည်။
ချင်ကျွယ်က ချင်ယဲ့ကို တောင်အောက်ဆင်းစေလိုပြီး ချင်မိသားစုအတွက် အကျိုးပြုစေလိုသည်။ လီချင်းချိုးက သတင်းစကား ပါးရုံသာ ဖြစ်ပြီး အရာအားလုံးက ချင်ယဲ့၏ ဆန္ဒအပေါ်တွင်သာ မူတည်သည်။
ကျိယာကို ရှုံးနိမ့်ပြီးကတည်းက ချင်ယဲ့တယောက် ဝိညာဉ်ကျောက်တွင်း၌ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ယခုအခါ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့တိုးတက်မှုနှုန်းမှာ အံ့မခန်း ဖြစ်ပြီး အဓိကအားဖြင့် ဝိညာဉ်ကျောက်တွင်း၏ ဝိညာဉ်ချီကြောင့် ဖြစ်သည်။
ချင်ယဲ့ ဤအချက်ကို ကောင်းစွာ သိရှိပြီး လီချင်းချိုးအပေါ် သူ့သစ္စာရှိမှု ၉၇% အထိ မြင့်မားနေပြီဖြစ်သည်။
"ဆရာ... ကျွန်တော် စစ်မြေပြင်ကို သွားပြီး စီနီယာဝူ ချန်ထားရစ်ခဲ့တဲ့ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို တစ်ကမ္ဘာလုံး ကျော်ကြားအောင် လုပ်ချင်ပါတယ်..."
ချင်ယဲ့က လီချင်းချိုးကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်တော့ လီချင်းချိုးကလည်း အံ့သြခြင်း မရှိဘဲ ပြုံးလိုက်ပြီး
"မနက်ဖြန် တောင်အောက်ဆင်းပြီး စီရင်စုမြို့တော်ကို အရင်သွားလိုက်... မင်းတို့ ချင်မိသားစုက စီရင်စုမြို့တော်ကို ပြောင်းရွှေ့သွားပြီ... မင်းအဖေက မင်းအတွက် သင့်တော်မယ့် နတ်ဘုရားလက်နက် တစ်ခုကို ဖန်တီးထားတယ်..."
ချင်ယဲ့ ခေါင်းညိတ်လိုက်ပြီး တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ တခုမေးလိုက်သည်။
"ဆရာ.အခုကစပြီး ကျွန်တော်က ချင်းရှောင်ဂိုဏ်းသား ဖြစ်နေဦးမှာလား..."
"ငါ မင်းကို ဂိုဏ်းက ထုတ်လိုက်ပြီလို့ ပြောမိလို့လား..."
ထိုစကားကို ကြားသောအခါ ချင်ယဲ့ ပြုံးလိုက်သည်။ထိုအပြုံးက လွန်ခဲ့သော နှစ်နှစ်အတွင်း အပျော်ရွှင်ဆုံး ပြုံးလိုက်ခြင်း ဖြစ်သည်။
လီချင်းချိုး လက်မြှောက်လိုက်ပြီး အနက်ရောင် အမှတ်အသားပြား တစ်ခုကို ပြလိုက်ပြီး..
"ဒါက ချင်းရှောင်ဓားဂိုဏ်း အမိန့်ပြား ပဲ... တကယ်လို့ မင်း လမ်းမှားရောက်သွားပြီး ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာကို အသုံးပြုပြီး အပြစ်မဲ့သူတွေကို ဒုက္ခပေးခဲ့ရင် ဓားဂိုဏ်းက ဒီအမိန့်ပြားနဲ့ မင်းကို ရှာဖွေပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်၊ သေဒဏ်အထိ ပေးလိမ့်မယ်..."
ချင်ယဲ့ကတော့ ဓားပုံသဏ္ဍာန် ထွင်းထုထားသော အနက်ရောင် အမိန့်ပြားကို ငေးကြည့်နေသည်။
နောက်ပိုင်း ရက်များတွင် ချင်းရှောင် ဓားဂိုဏ်း အမိန့်ပြားက တပည့်အားလုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ဤသည်မှာ တပည့်များ အမိန့်ပြားကို မှတ်မိစေရန် လီချင်းချိုး၏ ညွှန်ကြားချက် ဖြစ်သည်။
ဤဖြစ်ရပ်က ဓားဂိုဏ်းကို အချိန်မရွေး စတင် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်းလည်း ဖော်ပြနေသည်။
...
ကုန့်လင်ခန်းမ၏ ခန်းမဆောင်ထဲတွင် ရှေးဟောင်း သစ်သားဗီရိုများ တန်းစီထားပြီး တပည့်များ၏ မှတ်ပုံတင်စာရင်းများကို သိမ်းဆည်းထားကာ တံခါးနှင့် မျက်နှာချင်းဆိုင် နံရံတွင် အလုပ်ကိစ္စများ ကိုင်တွယ်ရန် စားပွဲတစ်လုံး ရှိသည်။
ကျန်းဖိန် ထိုစားပွဲတွင် ထိုင်နေပြီး လက်ထဲတွင် ထူးဆန်းသော စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ ထိုစာအုပ်ထဲတွင် ကျန်းဟူလောက၏ ထူးဆန်းသော ကောလာဟလများကို မှတ်တမ်းတင်ထားသည်။
ဒီနေ့က သူ့အလှည့် ဖြစ်သော်လည်း အထူးကိစ္စ မရှိလျှင် အလုပ် သိပ်မလုပ်ရပေ။
ခြေသံများ နီးကပ်လာသဖြင့် ကျန်းဖိန် မော့ကြည့်လိုက်ရာ ကျန်းယွီချွန်း ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ခန်းမသခင်ကျန်း... စီနီယာအစ်ကိုချူကျင်း ဘာလို့ ပြန်မလာသေးတာလဲ..."
ကျန်းဖိန်က အလျင်စလို မေးလိုက်သည်။
ကျန်းယွီချွန်းက ပုံမှန်အားဖြင့် သူ့ကို ကြင်နာစွာ ဆက်ဆံလေ့ ရှိသဖြင့် ကျန်းယွီချွန်းကို ချူကျင်း၏ တည်နေရာကို တိုက်ရိုက် မေးမြန်းရဲခြင်း ဖြစ်သည်။
ချူကျင်း ထွက်ခွာသွားသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ကျန်းဖိန် စိတ်ပူနေဆဲ ဖြစ်ပြီး စာဖတ်၍ပင် မရတော့ပေ။
ကျန်းယွီချွန်းက ရပ်တန့်လိုက်ပြီး ကျန်းဖိန်ကို ကြည့်လိုက်သည်။ အခြားသူ တစ်ယောက်ယောက်သာ သူ့ကို ချူကျင်းအကြောင်း မေးလျှင် သူ ဘာမှ ပြောပြမည် မဟုတ်သော်လည်း ဤကောင်လေးက ဂိုဏ်းချုပ် တန်ဖိုးထားသော တပည့်တစ်ဦး ဖြစ်သဖြင့် အကြံဉာဏ် အနည်းငယ် ပေးလိုက်ရပေမည်။
"သူ ပြန်လာမှာ မဟုတ်တော့ဘူး..."
ကျန်းယွီချွန်းက စားပွဲဆီသို့ လျှောက်သွားရင်း တိုးတိုးလေး ပြောလိုက်တော့ ကျန်းဖိန် မျက်လုံးများ ပြူးကျယ်သွားပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
"ဘာလို့လဲ... သူ တစ်ခုခု ဖြစ်သွားလို့လား..."
ကျန်းယွီချွန်းက ဘေးဘီကို ကြည့်လိုက်ပြီး လူမရှိသည်ကို သေချာအကဲခတ်ပြီးမှ
"တကယ်တော့... သူက အထူးအထောက်အထား ရှိတဲ့သူ တစ်ယောက်ပဲ.. ချင်းရှောင်ဂိုဏ်းကို ရည်ရွယ်ချက် တစ်ခုနဲ့ ရောက်လာတာ... သူ ထွက်သွားတာ ကြာပြီ ဆိုတော့ သူ့အကြောင်း ပေါ်သွားမှာ ကြောက်ပြီး ပြန်မလာရဲတာ ဖြစ်မယ်... ငါ မင်းကို နည်းနည်းပဲ ပြောပြလို့ ရမယ်..."
"ချူကျင်းက နတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်နေတယ်..."
နတ်ဆိုးဂိုဏ်း!
ကျန်းဖိန်၏ မျက်နှာထား ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ သူငယ်အိမ်များပင် တုန်လှုပ်သွားသည်။
သူနှင့် ချူကျင်း ဆက်ဆံရေး ကောင်းမွန်ကြောင်း သိထားသဖြင့် ငယ်ရွယ်လွန်း၍ မယုံကြည်မည်ကို စိုးရိမ်သော ကျန်းယွီချွန်းက ထပ်ပြောလိုက်လေသည်။
"ချူကျင်းက ပုံမှန်ဆို အရမ်း ကြင်နာပြီး ဘယ်သူ့ကိုမှ စိတ်မဆိုးတတ်ဘူး... ဒါပေမဲ့ လူတစ်ယောက်ရဲ့ မျက်နှာကိုပဲ မြင်ရပြီး စိတ်နှလုံးသားကို မသိနိုင်ဘူး... ငါ ပြောတာ ယုံပါ ကောင်လေး..."
"ကျွန်တော် ယုံပါတယ်..."
ကျန်းဖိန်က ကျန်းယွီချွန်း၏ စကားကို ဖြတ်ပြောလိုက်သော်လည်း သူ့အသံကတော့ တုန်ရီနေသည်။
သူ့အပေါ် ချူကျင်း ကောင်းခဲ့သည်များကို ပြန်စဉ်းစားကြည့်ပြီး ပိုမို ကြောက်ရွံ့လာသည်။ နတ်ဆိုးဂိုဏ်း၏ လုပ်ရပ်များကို သူ ကြားဖူးပြီး သူ့အမြင်တွင် နတ်ဆိုးဂိုဏ်းသား အားလုံးက လူဆိုးများ ဖြစ်ကြသည်။
သူ ချူကျင်းရဲ့ ပစ်မှတ် ဖြစ်နေပြီလား...
ဖြစ်နိုင်ချေ များတယ်...
သူက သာမန်ကောင်လေး တစ်ယောက်ပါ... ချူကျင်းက သူ့ကို အမြဲ ဂရုစိုက်ပေးနေတာက သူ့ကို သိမ်းသွင်းပြီး သူလျှို လုပ်ခိုင်းဖို့ပဲ နေမှာ...
ကျန်းဖိန်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာသည်ကို မြင်သောအခါ ကျန်းယွီချွန်း လန့်သွားပြီး ဂိုဏ်းချုပ် ပြောခဲ့သော စကားကို သူ ရုတ်တရက် သတိရလိုက်မိသည်။
"ဒီကောင်လေးက စိတ်ဓာတ်ပျော့ညံ့ပြီး ပြဿနာ ကြုံလာရင် ထွက်ပြေးတတ်တယ်... ချင်းရှောင်ဂိုဏ်းကနေ ထွက်ပြေးဖို့ အကြံ မပေးမိစေနဲ့..."
ဂိုဏ်းချုပ်က ကျန်းဖိန်၏ ဘယ်အချက်ကို တန်ဖိုးထားမှန်း သူ မသိသော်လည်း ဂိုဏ်းချုပ်က ကျန်းဖိန်၏ အတွေးများကို ထိန်းချုပ်ရန် နည်းလမ်းရှာရမည်ဟု အထူးမှာကြားထားသည်။
"တကယ်လို့ သူက မင်းကို မျက်စိကျနေပြီဆိုရင် မင်း ချင်းရှောင်ဂိုဏ်းကနေ လုံးဝ ထွက်မသွားသင့်ဘူး... အနည်းဆုံးတော့ ချင်းရှောင်ဂိုဏ်း အတွင်းမှာ ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ဘူး..."
ကျန်းယွီချွန်းက လေးလေးနက်နက် ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ ကျန်းဖိန် ချက်ချင်း သတိဝင်လာသည်။ သူ့စိတ်ထဲ၌ ချင်းရှောင်ဂိုဏ်းမှ ထွက်ပြေးပြီး မည်သူမျှ မသိသော ဂိုဏ်းတစ်ခုတွင် သိုင်းပညာ သွားသင်ရန် စဉ်းစားနေမိခြင်း ဖြစ်သည်။
ကျန်းယွီချွန်း၏ စကားကို ကြားပြီးနောက် ကျန်းဖိန် ရုတ်တရက် တောင်အောက်သို့ မဆင်းရဲတော့ဘဲ အောက်ဘက် ဧရိယာကိုပင် ကြောက်ရွံ့လာသည်။
ကျန်းယွီချွန်းက သူ့အမူအရာကို ရယ်စရာကောင်းသည်ဟု ထင်မြင်မိသည်။ တစ်စုံတစ်ယောက်က မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရသည်။
"ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့... သူတို့ သတိထားမိသွားလိမ့်မယ်..."
အကြံပေးပြီးနောက် ကျန်းယွီချွန်း လှည့်ထွက်သွားသည်။
ကျန်းဖိန် စားပွဲတွင် ထိုင်ရင်း ကြောင်ငေးနေပြီး ကမ္ဘာလောကကြီး တစ်ခုလုံး မကောင်းမှုများဖြင့် ပြည့်နှက်နေသည်ဟု ခံစားနေရသည်။
...
မနက်စောစော ကျင့်ကြံပြီးနောက် သူရဲကောင်းဝတ်စုံ ဝတ်ဆင်ထားသော လီချင်းချိုးတယောက် နောက်ဘက် တောအုပ်ရှိ ကျောက်ကမ်းပါးသို့ ရောက်ရှိလာသည်။ သူ တောင်ပေါ်ရှိ ထူထဲသော မြူခိုးများကို ကြည့်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ခဏကြာသောအခါ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မြူခိုးများကို ဖယ်ရှားလိုက်ကာ ရှောင်ပါး လီချင်းချိုး ရှေ့တွင် ပေါ်လာသည်။
၎င်း၏ ဉီးခေါင်းတခုတည်းကတင် လီချင်းချိုး၏ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ကြီးမားသည်။ တောက်ပသော ကျောက်မျက်ရတနာ ကဲ့သို့သော လင်းယုန်မျက်လုံးများကို ဖွင့်လိုက်ပြီး လီချင်းချိုးကို အသံပြုလိုက်လေသည်။
ရှောင်ပါး၏ ကျင့်ကြံခြင်း အဆင့်က ယခုအခါ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ သင်ကြားပေးပြီးနောက် ရှောင်ပါးသည်လည်း ဟွမ်ယွမ်ကျမ်းစာ၏ ချီစုပ်ယူနည်းကို တတ်မြောက်သွားပြီ ဖြစ်ရာ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ အမှန်တကယ် ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
ထို့ပြင် ရှောင်ပါးက သူနှင့် ဝိညာဉ်ချင်း ဆက်နွယ်မှု ထူထောင်ထားသဖြင့် စကားမပြောနိုင်သော်လည်း လီချင်းချိုး နားလည်နိုင်သည်။
ထိုခံစားချက်က အလွန် ထူးဆန်းသော ခံစားချက်ဖြစ်ပြီး ရှောင်ပါး၏ စိတ်နှလုံးကို လီချင်းချိုး ခံစားနိုင်စေသည်။ ထိုခံစားချက်က တိရစ္ဆာန်တကောင်၏ခံစားချက်မဟုတ်ဘဲ မဟုတ်ဘဲ ၈ နှစ်၊ ၉ နှစ်အရွယ် လူသား ကလေးလေး တစ်ယောက်ကဲ့သို့ ခံစားရစေသည်။
တိတိကျကျ ပြောရလျှင် ရှောင်ပါးက နတ်ဆိုးတစ်ကောင် ဖြစ်နေပြီဟု လီချင်းချိုး ခံစားရသည်။
"ရောက်ပြီလား... သွားကြစို့..."
လီချင်းချိုး တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ခုန်တက်ကာ ရှောင်ပါး၏ ကျောပေါ်သို့ ရောက်ရှိသွားသည်။
သူ ရက်အနည်းငယ် တောင်အောက်ဆင်းမည် ဖြစ်ကြောင်းနှင့် ဂိုဏ်းကို မနှောင့်ယှက်ရန် ကျန်းယွီချွန်းကို ပြောထားပြီး ဖြစ်သော်လည်း ကျန်းယွီချွန်းက သိပ်အလေးမထားပေ။ ဘာပဲဖြစ်ဖြစ် သူ့အင်အားနှင့် ဆိုလျှင် မည်သည့်နေရာကိုမဆို ပြဿနာမရှိဘဲ သွားလာနိုင်သည်။ ထို့ပြင် ချင်းရှောင်ဂိုဏ်းကလည်း ယခင်ကနှင့် မတူတော့ပေ။ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ရှိနေသဖြင့် မည်သည့် ရန်သူကိုမဆို တွန်းလှန်ရန် လုံလောက်သည်။
ရှောင်ပါး အတောင်ပံ ခတ်လိုက်ပြီး ရှေ့သို့ ပျံသန်းသွားသည့်အခါ လီချင်းချိုးသည် လေတိုးခံရင်း လေညင်းကို ခံစားနေသည်။
ချင်းရှောင်တောင်မှ မြောက်ဘက်သို့ ဦးတည်သွားရာ လီချင်းချိုး လမ်းမသိသော်လည်း ရှောင်ပါးကတော့ မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် လီစစ်ဖုန်းနှင့် အဖွဲ့ ထွက်ခွာစဉ်က လိုက်ပါသွားရန် ရှောင်ပါးကို ခိုင်းစေခဲ့ဖူးသောကြောင့် ဖြစ်သည်။
ဝူမန်အာအတွက် စိတ်ပူမိသည်။ သူ့ပြိုင်ဘက်က ရိုးရှင်းသော သူ မဟုတ်ဘဲ သိုင်းနတ်ဘုရားဆေးလုံး သောက်သုံးထားသည်ဟု သံသယ ရှိရသော ရက်စက်သည့် စစ်သူကြီး တစ်ဦး ဖြစ်သည်။
လီချင်းချိုး သိုင်းနတ်ဘုရားဆေးလုံးကို အလွန် စိတ်ဝင်စားနေသဖြင့် သုတေသန ပြုလုပ်ရန်အတွက် ဆေးလုံးတစ်လုံး ဖော်စပ်ရန် ချန်ဟွေ့လန်ကို ညွှန်ကြားထားသည်။ ကံဆိုးစွာဖြင့် ဆေးဖက်ဝင် ပစ္စည်းများ ရှားပါးသဖြင့် ပြင်ဆင်မှု အဆင့်တွင်သာ ရှိသေးသည်။
ချင်းရှောင်ဂိုဏ်း လက်ရှိ အခြေအနေထိ တိုးတက်လာသောအခါ ငွေကြေးက အရေးအကြီးဆုံး မဟုတ်ကြောင်း၊ အရင်းအမြစ်များကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း လီချင်းချိုး ယုံကြည်လာသည်။ အဘယ်ကြောင့်ဆိုသော် အချို့အရာများကို ငွေဖြင့် ဝယ်ယူ၍ မရနိုင်သောကြောင့် ဖြစ်သည်။
မကြာမီ လီချင်းချိုး၏ စိတ်အာရုံများက လမ်းတစ်လျှောက်ရှိ ရှုခင်းများဆီသို့ ရောက်သွားသည်။ သူသည် တခါတရံ ထိုက်ခွန်းတောင်တန်း တစ်ဝိုက် လှည့်လည်လေ့ရှိသော်လည်း ပိုမို ဝေးကွာသော ရှုခင်းများကို မခံစားဖူးသေးပေ။
ကောင်းကင်မှ ငုံ့ကြည့်လိုက်ရာ ကမ္ဘာမြေပြင်က ကျယ်ပြောလှပြီး တောင်တန်းများက အဆုံးမရှိ ရှည်လျားနေသည်။ ကျင့်ကြံသူ တစ်ဦး ဖြစ်သော သူပင်လျှင် သဘာဝတရားကြီး၏ ကြီးမားခမ်းနားမှု အောက်တွင် သေးငယ်သွားသလို ခံစားလိုက်ရသည်။
ဤမျှ ကြီးမားသော အင်ပါယာကြီးကို ပိုင်ဆိုင်ထားသည့် ဧကရာဇ် ကျောက်ကျိကရော ကိုယ်ပိုင် အင်ပါယာကို ကိုယ်တိုင် မျက်စိဖြင့် အမှန်တကယ် မြင်ဖူးရဲ့လားဟု သူ ရုတ်တရက် သိချင်လာသည်။
လောကီ ဧကရာဇ်တွေတောင် ဒီလှပတဲ့ မြေပြင်ရဲ့ ခမ်းနားထည်ဝါမှုကို အပြည့်အဝ ခံစားနိုင်မှာ မဟုတ်ဘူး...
ဒီလို တွေးကြည့်ရင် အင်မော်တယ်ဖြစ်အောင် ကျင့်ကြံတာက ပိုကောင်းပါသေးတယ်...
...
ရှောင်ပါးက အလွန် လျင်မြန်ပြီး ချင်းရှောင်တောင်မှ ကျုံးထျန်းစီရင်စုသို့ သွားရန် နှစ်နာရီ အောက်သာ ကြာမြင့်သည်။ ဤသည်မှာ ယခင်ဘဝက လေယာဉ်ပျံထက်ပင် ပိုမို မြန်ဆန်သည်။
လင်းယုန်ကျောပေါ်တွင် ရပ်ရင်း ဒဏ္ဍာရီလာ ဝူရှန်ဂိတ်ကို မြင်တွေ့လိုက်ရချေပြီ.
ဝူရှန်ဂိတ်က ချောက်ကမ်းပါး နှစ်ခုကြားတွင် တည်ရှိပြီး ပေပေါင်း ရာချီ ရှည်လျားကာ အလွန် ခမ်းနားထည်ဝါသည်။ ဝူရှန်ဂိတ်၏ နောက်ဘက်တွင် နန်းတွင်းစစ်တပ်၏ စခန်းချရာနေရာ ရှိပြီး မရေမတွက်နိုင်သော စစ်တဲများ ရှိနေသည်။ ဝူရှန်ဂိတ် ရှေ့တွင်မူ ခြောက်သွေ့သော မြေပြင် ဖြစ်ပြီး သွေးကွက်များကို ဝေဝါးဝါး မြင်တွေ့နေရသည်။ သေချာ ကြည့်လိုက်လျှင် သွေးအိုင်များ ဖြစ်နေသည်ကို တွေ့ရပေမည်။
ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်က ဝူရှန်ဂိတ် ရှေ့ မိုင်တစ်ဒါဇင်ခန့် အကွာရှိ တောင်တန်းများကြားတွင် စခန်းချထားသည်။ ကောင်းကင်မှ ကြည့်လိုက်လျှင် တောင်တန်းများက အန္တရာယ်များပုံရပြီး ဝူရှန်ဂိတ် ပိတ်ဆို့ထားသော ချောက်ကမ်းပါးကြီးက မြေကြီးပေါ်တွင် ခွေရစ်နေသော နဂါးရှည်ကြီး တစ်ကောင်နှင့် တူနေသည်။
ကျုံးထျန်းစီရင်စုကို မြင်တွေ့လိုသဖြင့် လီချင်းချိုး ရှောင်ပါးကို ပိုမို မြင့်မားစွာ ပျံသန်းခိုင်းလိုက်သည်။
ရှောင်ပါး ခေါင်းမော့လိုက်ပြီး အပေါ်သို့ ပျံတက်သွားကာ တိမ်ပင်လယ်ကို ထိုးဖောက်သွားသည့်အခါ တိမ်ပင်လယ် ရှင်းလင်းသွားပြီး အောက်ဘက် မြင်ကွင်း ပေါ်လာမှသာ လီချင်းချိုး ကမ္ဘာမြေကြီးကို ငုံ့ကြည့်လိုက်သည်။
ကျုံးထျန်းစီရင်စုက မင်းဆက် အဆက်ဆက်၏ မြို့တော် ဖြစ်လာရသည့် အကြောင်းရင်း ရှိကြောင်း သူ တွေ့ရှိလိုက်ရချေပြီ။ ကျုံးထျန်းစီရင်စု၏ အစွန်းရှိ တောင်တန်းများက ကြီးမားသော အကာအကွယ် တစ်ခုသဖွယ် ဖြစ်နေပြီး ဤနယ်မြေကို ကာကွယ်ထားကာ ဝူရှန်ဂိတ်ကို မရှိမဖြစ် လိုအပ်သော လမ်းကြောင်း တစ်ခု ဖြစ်လာစေသည်။
လူများအနေဖြင့် သိုင်းလောက၏ တောင်တန်းများနှင့် လျှိုမြောင်များကို ဖြတ်ကျော်သွားလာနိုင်သော်လည်း စစ်တပ်ကြီးများနှင့် စစ်ရထားများကတော့ ထိုကဲ့သို့သော ကြမ်းတမ်းသည့် တောတောင်များကို မဖြတ်ကျော်နိုင်ပေ။
ပြည်နယ်ခုနစ်ခု မဟာမိတ်တပ် လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ ယနေ့ တိုက်ပွဲ ဖြစ်မည် မဟုတ်ကြောင်း လီချင်းချိုး ခန့်မှန်းလိုက်ပြီး အနီးစပ်ဆုံး မြို့ဆီသို့ ပျံသန်းရန် ရှောင်ပါးကို ညွှန်ကြားလိုက်သည်။
အနီးစပ်ဆုံးဟု ဆိုသော်လည်း မိုင်တစ်ရာခန့် ဝေးကွာနေသေးသည်။
မြို့နားသို့ ရောက်သောအခါ လီချင်းချိုး ဆင်းသက်လိုက်ပြီး မြို့ထဲသို့ တစ်ယောက်တည်း ဝင်ရောက် လေ့လာရန် ရည်ရွယ်လိုက်သည်။
တောင်ပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် တခါတရံ ကျယ်ပြန့်သော ကမ္ဘာကြီးကို ကြည့်ရှုချင်မိသည်။
ဤမြို့ကို ဖန်မြို့ဟု ခေါ်ကြသည်။စည်ကားသော မြို့ကြီး မဟုတ်သော်လည်း ဧည့်ရိပ်သာများနှင့် ဆိုင်များစွာ ရှိပြီး လူသိများသော မြို့ကြီး တစ်မြို့ ဖြစ်သဖြင့် နိုင်ငံခြားသား အများအပြား လမ်းမများပေါ်တွင် လျှောက်သွားနေကြသည်။
လမ်းမပေါ်တွင် လျှောက်လာရင်း ဝူရှန်ဂိတ် အကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရပြီး လျဲ့ဝူ နာမည်ကိုလည်း မကြာခဏ ကြားနေရသည်။ ဤနေရာက ကျုံးထျန်းစီရင်စုနှင့် နီးကပ်သော်လည်း လျဲ့ဝူကို နတ်ဆိုးစစ်သူကြီးဟု ခေါ်ဆိုနေကြဆဲ ဖြစ်ရာ နန်းတွင်းအပေါ် လူထုအမြင် မည်မျှ ဆိုးရွားကြောင်း ပြသနေသည်။