ဦးဆောင်ခြင်း
Vol. 12 Ch. 115
ဖန်မြို့သည် နှစ်ပေါင်း ၈၀၀ သက်တမ်းရှိပြီး ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ တောင်တန်းများကြားတွင် တည်ရှိပြီး သိုင်းပညာ အစဉ်အလာ ကြီးမားသော မြို့တစ်မြို့ ဖြစ်ကာ နေရာတိုင်းတွင် သိုင်းကစားနေသော ကျန်းဟူလောကသားများကို တွေ့မြင်နိုင်သည်။
လီချင်းချိုး လမ်းလျှောက်ရင်း နှမ်းမုန့်အချို့ ဝယ်စားလိုက်ပြီး ခါးတွင် ဝိုင်အိုး ချိတ်ဆွဲထားကာ အတော်လေး ကျေနပ်နေပုံ ရသည်။
ချင်းရှောင်ဂိုဏ်း ပိုမို စည်ကားလာစေရန် ကိုယ်ပိုင် စီးပွားရေး စနစ်တစ်ခု တည်ထောင်သင့် မသင့်ကိုလည်း သူ စဉ်းစားနေသည်။
ဖန်မြို့၏ တစ်ခုတည်းသော ဆိုးကျိုးမှာ လမ်းများပေါ်၌ပင် ရွှံ့ထူလွန်းသဖြင့် သူ့အဝတ်အစားများ ညစ်ပေကုန်ခြင်းပင်။
တစ်နာရီခန့် လျှောက်လည်ပြီးနောက် လီချင်းချိုး အစိုးရရုံးသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် လူအုပ်ကြီး စုဝေးနေပြီး ဆူညံသံများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ဘာဖြစ်နေလဲ သိချင်သဖြင့် အနားသို့ သွားကြည့်လိုက်ရာ လူများ၏ တီးတိုး ပြောဆိုသံများကို ကြားလိုက်ရသည်။
"တကယ်ကို လွန်လွန်းတယ်... လူတွေကို သေအောင် မောင်းထုတ်နေသလိုပဲ..."
"သနားစရာကောင်းတဲ့ အမျိုးသမီး... နောင်ဘယ်လို နေထိုင်မလဲ မသိဘူး..."
"ဟုတ်တယ်... မြို့ပိုင်မင်းက ချွေ့မိသားစုကို စော်ကားမိမှာ ကြောက်ပြီး မကူညီရဲဘူး... ရာထူးပြုတ်သွားမှာ ကြောက်နေတာ..."
"ချွေ့မိသားစုက အခု စစ်ဦးစီးချုပ် ဖြစ်နေပြီ... နန်းတွင်းမှာ အာဏာအကြီးကြီး ရထားတာ... ဘယ်သူက စော်ကားရဲမှာလဲ..."
"ဒီကမ္ဘာလောကကြီးမှာ ယောကျ်ားတွေက သားမယားကို မကာကွယ်နိုင်၊ မိန်းမတွေက လင်နဲ့သားအတွက် တရားမျှတမှု မရှာနိုင်ဖြစ်နေတာ တကယ် ဝမ်းနည်းစရာ ကောင်းတယ်... ဘေးဒုက္ခ ဘယ်အချိန် ရောက်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."
လီချင်းချိုး လူအုပ်ထဲသို့ တိုးဝင်သွားရာ လှေကားထစ် ရှေ့တွင် ဒူးထောက်နေသော အမျိုးသမီး တစ်ယောက်နှင့် ဘေးတွင် ဒူးထောက်နေသော ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။ လှေကားထစ်များ အပေါ်တွင် မြို့စောင့်တပ်သား တစ်စုက အကျပ်ရိုက်နေပြီး အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ တိုးတိုးလေး ဆွေးနွေးနေကြသည်။
အမျိုးသမီးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
"တကယ်လို့ မြို့ပိုင်မင်းက ကျွန်မနဲ့ သားလေးအတွက် မရပ်တည်ပေးဘူး ဆိုရင် ဒီနေ့ အစိုးရရုံးရှေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်... တစ္ဆေဖြစ်ရင်တောင် ရှင်တို့ကို ခြောက်လှန့်နေမယ်..."
ပြောပြီးသည်နှင့် သူမ ချက်ချင်း ထလိုက်ပြီး ဘေးနားရှိ ကျောက်ဆင်ရုပ်ကို ခေါင်းနှင့် ဝင်တိုက်ရန် ပြေးသွားသဖြင့်မြို့စောင့်တပ်သားများ ကြောက်လန့်သွားကြသည်။ ထိုအချိန်မှာပင် မြို့စောင့်တပ်သားများကြားမှ ပုံရိပ်တစ်ခု ပြေးထွက်လာပြီး ခြေလှမ်းသုံးလှမ်းဖြင့် ကျောက်ဆင်ရုပ်နားသို့ ရောက်ရှိသွားကာ အမျိုးသမီး၏ လမ်းကို ပိတ်ဆို့လိုက်သည်။
၎င်းသည် ၁၅ နှစ်၊ ၁၆ နှစ်ခန့်သာ ရှိဦးမည့် လူငယ် မြို့စောင့်တပ်သား တစ်ဦး ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး ဖြောင့်မတ်ကာ စူးရှသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများ ရှိသည်။ ထိုသူက လက်မောင်းဖြင့် အမျိုးသမီးကို တားဆီးလိုက်ပြီး အံကြိတ်ထားသောလေသံဖြင့်.
"ခင်ဗျားအတွက် ကျွန်တော် ရပ်တည်ပေးမယ်..."
အမျိုးသမီး ရုန်းကန်နေတာ ချက်ချင်း ရပ်တန့်သွားပြီး လူငယ် မြို့စောင့်တပ်သားကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်သည်။
"တကယ်လား..."
ထိုစဉ် လူလတ်ပိုင်းအရွယ် မြို့စောင့်တပ်သား တစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အသံနက်ကြီးဖြင့် အော်ဟစ်လေတော့သည်။
"ပေါင်ကျောက်... အဓိပ္ပာယ်မရှိတာ မပြောနဲ့..."
ထိုအခါ ပေါင်ကျောက်ဟု အမည်ရသော လူငယ် မြို့စောင့်တပ်သားက လူလတ်ပိုင်းအရွယ် မြို့စောင့်တပ်သား ဘက်သို့ လှည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဆရာ... တကယ်လို့ ကျွန်တော်တို့ မကူညီရင် သူနဲ့ သူ့ကလေး ဘယ်လို အသက်ရှင်မလဲ... ချွေ့မိသားစုက သူတို့ကို သေချာပေါက် လက်တုံ့ပြန်မှာ... ဆရာ ပြဿနာတက်မှာ ကြောက်နေရင် ကျွန်တော် လုပ်မယ်... ကျွန်တော့်လက်ထဲက ဓားက ဖန်မြို့ရဲ့ မကောင်းမှုတွေကို မဖြတ်တောက်နိုင်ဘူး ဆိုတာ မယုံဘူး..."
ထိုသို့ပြောပြီးသည်နှင့် အမျိုးသမီးဘက် လှည့်ပြီး .
"လမ်းပြ... အခု သွားမယ်..."
အမျိုးသမီးက ပေါင်ကျောက် အသက် ငယ်ရွယ်သည်ကို ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်ပြီး ၆ နှစ်အရွယ် သားလေးကို ခေါ်ကာ အခြား လမ်းတစ်ဖက်သို့ ဦးတည်သွားလိုက်သည်။
အခြေအနေ ပိုဆိုးသွားမည်ကို မကြောက်သော ကြည့်ရှုသူများင နောက်မှ လိုက်ပါသွားကြသော်လည်း မြို့စောင့်တပ်သားများကတော့ မလိုက်ကြပေ။ လူလတ်ပိုင်းအရွယ် မြို့စောင့်တပ်သားက ခြေဆောင့်လိုက်ပြီး နောက်လှည့်ကာ အစိုးရရုံးထဲသို့ ပြေးဝင်သွားသည်။
ချွေ့မိသားစုတွင် ဖန်မြို့ အပါအဝင် မြို့အများအပြား၌ အကိုင်းအခက်များစွာ ရှိသည်။ အကိုင်းအခက်မျှသာ ဖြစ်သော်လည်း ဖန်မြို့ရှိ ချွေ့မိသားစုက လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားစု ဖြစ်နေဆဲ ဖြစ်ပြီး မြို့ပိုင်မင်းပင်လျှင် သူတို့အောက် ကျရောက်နေရသည်။
ဘာမှ လုပ်စရာ မရှိသဖြင့် လီချင်းချိုး လူအုပ်နောက်သို့ လိုက်သွားလိုက်သည်။
သူ ရှေ့မှ ပေါင်ကျောက်ကို ကြည့်လိုက်တော့ ဤလူငယ်သည် သူရဲကောင်း စိတ်ဓာတ် ရှိသော်လည်း ကံဆိုးစွာဖြင့် သိုင်းပညာ မစွမ်းထက်လှပေ။ ချွေ့မိသားစု အိမ်တော်သို့ သွားခြင်းက အန္တရာယ်များလှသည်။
"လျဲ့ဝူက သိုင်းနတ်ဘုရားဆေးလုံး သောက်သုံးထားတယ်လို့ သံသယ ရှိတယ်... ပြီးတော့ ဖန်မြို့မှာ ချွေ့မိသားစု နယ်မြေရှိတယ်... သိုင်းနတ်ဘုရားဆေးလုံးက ဒီမှာ ရှိနေနိုင်မလား..."
သူ သိုင်းနတ်ဘုရားဆေးလုံးကို မလိုချင်ပေ။ ချန်ဟွေ့လန် ပြောပြချက်အရ သိုင်းနတ်ဘုရားဆေးလုံးက သိုင်းပညာရှင် တစ်ဦးကို မယုံနိုင်လောက်အောင် သန်မာစေပြီး လက်နက်များ မတိုးနိုင်အောင် ဖြစ်စေကာ အတွင်းအားကို နှစ်ဆ တိုးစေသော်လည်း သောက်သုံးပြီးပါက အများဆုံး ၁၀ နှစ်သာ အသက်ရှင်နိုင်တော့မည် ဖြစ်သည်။
ဤကဲ့သို့သော ဆေးလုံးမျိုးက ချင်းရှောင်ဂိုဏ်းသားများ အသုံးပြုရန် မသင့်တော်ပေ။ သို့သော်လည်း သိုင်းနတ်ဘုရားဆေးလုံး၏ အာနိသင် အတိအကျကိုသာ သိချင်နေသည်။
ထို့အပြင် ဤနေရာရှိ ချွေ့မိသားစုတွင် သိုင်းနတ်ဘုရားဆေးလုံး ရှိပါက ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုသော အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများလည်း ရှိနေနိုင်သည် မဟုတ်ပါလော...
ထိုအချက်ကို တွေးမိသောအခါ လီချင်းချိုး လူအုပ်ကြီးနောက်သို့ လိုက်ကာ ချွေ့မိသားစု အိမ်တော်သို့ သွားရောက်ခဲ့သည်။
အကယ်၍ ဝူရှန်ဂိတ် တိုက်ပွဲ ပြန်စတင်ပါက ရှောင်ပါး လာရောက် သတိပေးမည် ဖြစ်သဖြင့် အလျင်မလိုပေ။
သုံးမိုင်ခန့် ခရီးနှင်ပြီးနောက် ချွေ့မိသားစု အိမ်တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။
ချွေ့မိသားစု၏ တံခါးမကြီး ပိတ်ထားသည်ကို မြင်သောအခါ ပေါင်ကျောက် တည့်တည့် လျှောက်သွားပြီး တံခါးကို ကန်ဖွင့်လိုက်ရာ လူအုပ်ကြီး၏ အားပေးသံများ ထွက်ပေါ်လာသည်။
သို့သော်လည်း ပေါင်ကျောက် အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ကန်ထုတ်ခံလိုက်ရသဖြင့် လူများ ကြောက်လန့်ကာ နောက်ဆုတ်သွားကြသည်။ ပေါင်ကျောက်ခင်မျာ လမ်းမပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး မေ့လုနီးပါး ဖြစ်သွားသည်။
လူတိုင်း ချွေ့မိသားစု အိမ်တော် တံခါးဝသို့ ကြည့်လိုက်ရာ ချွေ့မိသားစု အစောင့်တစ်စု ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူတို့ကို ဦးဆောင်လာသူမှာ အရပ်ရှည်ပြီး ကြွက်သားများဖြင့် ဖောင်းပွနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဗလကြီး တစ်ဦး ဖြစ်သည်။ သူ့ဘေးမှ အစောင့်များသည်ပင် သူ့ပခုံးလောက်ပင် မမီကြသဖြင့် ထိုသူက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
"ချွေ့ယုံးပဲ... သူ ဘယ်လိုလုပ် ဒီလောက် သန်မာသွားတာလဲ..."
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အာမေဋိတ်သံ ပြုလိုက်သည်။
ချွေ့ယုံး၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေပြီး မျက်လုံးများက သွေးရောင် လွှမ်းနေကာ လူသားပုံသဏ္ဍာန် သားရဲတစ်ကောင်အလား အကြမ်းဖက်လိုသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ချွေ့ယုံဆိုသူက လမ်းမပေါ်ရှိ ပေါင်ကျောက်ကို ငုံ့ကြည့်ပြီး အေးစက်သောလေသံဖြင့်..
"ကောင်စုတ်လေး... ချွေ့မိသားစု အိမ်တော် တံခါးကို ကန်ရဲတယ်ပေါ့... မင်း သေချင်နေတာပဲ... မင်း နောင်တရစေရမယ်... မင်း မိသားစုကို မင်းရှေ့မှာ အရင်သတ်ပြမယ်... ဒါမှ ချွေ့မိသားစုကို စော်ကားရတဲ့ တန်ဖိုးကို မင်း သိမှာ..."
ပေါင်ကျောက် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး သွေးတစ်လုပ် အန်ထွက်လာသည်မှာ တိုက်ခိုက်ခံရခြင်းကြောင့်လား၊ ဒဏ်ရာ ပိုဆိုးသွားခြင်းကြောင့်လား မသေချာပေ။
သူ ချွေ့ယုံးကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ရောထွေးနေသည်။
ဘယ်လို ဖြစ်နိုင်မှာလဲ... သူ့ကန်ချက် တစ်ချက်တည်းနဲ့ ငါ ဒုက္ခိတ ဖြစ်သွားပြီ...
ပေါင်ကျောက် ဒေါသထွက်နေပြီး သူ ထရန် ကြိုးစားသော်လည်း မရပေ။ တစ်ကိုယ်လုံး နာကျင်နေပြီး အထူးသဖြင့် ရင်ဘတ်ထဲတွင် နံရိုးများ ကျိုးသွားသကဲ့သို့ ခံစားရကာ နာကျင်မှုက သည်းမခံနိုင်လောက်အောင် ဖြစ်နေသည်။
ချွေ့ယုံး သူ့ဆီ လျှောက်လာနေသည်ကို မြင်နေရသည်။ခြေလှမ်းများက နှေးကွေးပြီး တည်ငြိမ်နေသော်လည်း သူ့စိတ်ဓာတ်ကို ချိုးနှိမ်နေသကဲ့သို့ ရှိနေသည်။
အမျိုးသမီးနှင့် သူမ၏ သားဖြစ်သူခင်မျာ ထိုနေရာတွင် ရပ်နေကြပြီး ကြောက်လွန်းသဖြင့် မလှုပ်ရဲကြပေ။ ပေါင်ကျောက် ဤမျှမြန်ဆန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ပွဲကြည့်နေသော လီချင်းချိုး ရုတ်တရက် တစ်စုံတစ်ရာ ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသွားသည်။ ထို့ကြောင့် လက်ကျန် နှမ်းမုန့်ကို ဘေးနားရှိ နှာရည်တရှုံ့ရှုံ့ လုပ်နေသော ကောင်လေး တစ်ယောက်ကို ပေးလိုက်ပြီး ရှေ့ရှိ လူအုပ်ကို တွန်းဖယ်ကာ ထွက်လာခဲ့လိုက်သည်။
လူအုပ်ထဲမှ လီချင်းချိုး တိုးထွက်လာသည်ကို မြင်သောအခါ ချွေ့ယုံး မျက်ခုံးပင့်လိုက်သည်။ တစ်စုံတစ်ယောက်က ရှေ့ထွက်ရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ပေါင်ကျောက်ကတော့ မျှော်လင့်ချက်မဲ့သွားပြီး ဤလမ်းမပေါ်တွင် လူတိုင်းရှေ့၌ သေဆုံးရတော့မည်ကို သိလိုက်သည်။ ဤမျှ သနားစရာကောင်းစွာ သေဆုံးရလိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ကူးမယဉ်ဖူးပေ။
သူ မျက်လုံးမှိတ်ပြီး ကံကြမ္မာကို လက်ခံရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက် သူ့ဘေးမှ ဖြတ်လျှောက်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လီချင်းချိုး၏ ကျောပြင်ကို တွေ့လိုက်ရသည်။
လီချင်းချိုး ချွေ့ယုံးထံ လျှောက်သွားသည်ကို မြင်သောအခါ သူ အလိုအလျောက် ပါးစပ်ဟပြီး လီချင်းချိုးကို တားဆီးရန် ကြိုးစားလိုက်သည်။
"သေမှာ မကြောက်တဲ့သူတွေ တကယ် ရှိတာပဲ..."
ချွေ့ယုံး၏ အေးစက်သော ရယ်မောသံ ထွက်ပေါ်လာပြီး သူတို့နှစ်ဦး နီးကပ်လာသည်နှင့်အမျှ ပေါင်ကျောက်၏ မြင်ကွင်းထဲတွင် လီချင်းချိုး၏ ပုံရိပ်က ချွေ့ယုံး၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကို မကာကွယ်နိုင်တော့မည့်အလား ဖြစ်လာသည်။ ထိုအချိန်မှာပင် ဘုန်းခနဲ အသံတစ်သံ ကြားလိုက်ရပြီး ပေါ်လာခါစ ချွေ့ယုံး၏ နဖူးပြင် ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ ချွေ့ယုံးတယောက် လီချင်းချိုး၏ ကန်ချက်ကြောင့် ချွေ့မိသားစု ခြံဝင်းထဲသို့ လွင့်ဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
ချွေ့မိသားစု အစောင့်များလည်း မှင်သက်သွားကြပြီး ချွေ့ယုံး ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
လူအုပ်ကြီးလည်း မှင်သက်နေပြီး လီချင်းချိုးကို ငေးကြည့်နေကြသည်။
လီချင်းချိုး ခြေလှမ်းသွက်လိုက်ပြီး ချွေ့မိသားစု အိမ်တော်ထဲသို့ ဝင်သွားတော့မှသာ ချွေ့မိသားစု အစောင့်များ သတိပြန်ဝင်လာပြီး လီချင်းချိုး အပေါ်သို့ ခုန်အုပ်လိုက်ကြသည်။ ထို့နောက် ပေါင်ကျောက်၏မျက်လုံးထဲတွင် သူ ဘယ်တော့မှ မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ အစောင့်များက လီချင်းချိုးကို ဝံပုလွေအုပ်သဖွယ် တိုက်ခိုက်ကြသော်လည်း လီချင်းချိုး မလှုပ်ရှားရသေးခင်မှာပင် အစောင့်များ သွေးအန်ကာ လွင့်ထွက်သွားကြသည်။ ဤအခြေအနေကို သူ နားမလည်နိုင်သော်လည်း နက်ရှိုင်းစွာ တုန်လှုပ်သွားသည်။
မကြာမီ အစောင့် ထက်ဝက်ခန့် တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားပြီး ကျန်ထက်ဝက်မှာ ကြောက်လန့်တကြား အိမ်တော်ထဲသို့ ထွက်ပြေးသွားကြသဖြင့် လီချင်းချိုး ရှေ့ဆက်တိုးပြီး ချွေ့မိသားစု အိမ်တော်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။
ထိုအခါ လူအုပ်ကြီး ချက်ချင်း ဝိုင်းအုံလာပြီး ပေါင်ကျောက်၏ အခြေအနေကို စိုးရိမ်တကြီး မေးမြန်းကြသည်။
အခြားတစ်ဖက်တွင်..
အိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် လီချင်းချိုးက သေဆုံးနေပြီ ဖြစ်သော ချွေ့ယုံး၏ အလောင်းဘေးမှ ဖြတ်လျှောက်သွားပြီး သူ ကြားခဲ့ရသော ငိုသံဆီသို့ ဦးတည်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် ချွေ့မိသားစု အစောင့်များနှင့် အစေခံများကို မကြာခဏ တွေ့ရသော်လည်း သူ့ကို တားဆီးရဲသူ မည်သူမဆို သူ့ မူလချီ ကြောင့် လွင့်စင်သွားကြသည်။
မကြာမီ သီးသန့် ခြံဝင်းတစ်ခုသို့ ရောက်ရှိလာပြီး တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ တွန်းဖွင့်လိုက်တော့ အထဲတွင် ရိုးရှင်းသော အဝတ်အစား ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ကုတင်စွန်းတွင် ထိုင်ငိုနေသည်ကို တွေ့လိုက်ရသည်။
တံခါး ရုတ်တရက် ပွင့်လာသံကြောင့် မိန်းကလေး လန့်သွားပြီး မော့ကြည့်လိုက်ပြီး လီချင်းချိုးနှင့် အကြည့်ချင်း ဆုံသွားသဖြင့် လန့်ဖျပ်သွားပြီး နောက်သို့ အမြန် ဆုတ်ကာ နံရံတွင် ကပ်သွားသည်။
"မကြောက်ပါနဲ့... ငါ မင်းကို လာကယ်တာပါ..."
လီချင်းချိုးက ညင်သာစွာ ပြုံးပြလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
ချွေ့မိသားစု အိမ်တော်ထဲတွင် အခြားသော မိန်းကလေးများလည်း အကျဉ်းချခံထားရကြောင်း သူ ကြားနေရပြီး ဆေးလုံးဖော်စပ်ခြင်းနှင့် သက်ဆိုင်ပုံ ရသည်။
"ရှင်... ကျွန်မကို မကယ်ပါနဲ့... ကျွန်မ အမေနဲ့ မောင်လေးကို ဒုက္ခမပေးချင်ဘူး... ကျွန်မ ထွက်ပြေးရင် အမေနဲ့ မောင်လေးကို သတ်ပစ်မယ်လို့ သူတို့ ပြောထားတယ်..."
မိန်းကလေးက ကုတင်ပေါ်တွင် ထိုင်ရင်း ဝမ်းနည်းစွာ ပြောနေရှာသည်။ သူမသည် ၁၂ နှစ်သာ ရှိသေးသော်လည်း မိသားစုအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရဲသော စိတ်ဓာတ် ရှိသည်။
"ကိစ္စမရှိပါဘူး... ငါ သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ဘယ်သူမှ မင်းမိသားစုကို လက်တုံ့ပြန်နိုင်မှာ မဟုတ်တော့ဘူး..."
ပြောပြီးသည်နှင့် လီချင်းချိုး လှည့်ထွက်သွားသည့်အတွက် မိန်းကလေး ကြောင်သွားပြီး ဘာလုပ်ရမလဲ မသိ ဖြစ်သွားသည်။
သူမ တွန့်ဆုတ်နေစဉ် ခြံဝင်းအပြင်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ သူမ ကုတင်ပေါ်မှ အမြန်ဆင်းပြီး တံခါးနားသို့ သွားကာ ခြံဝင်းထဲသို့ သတိထားပြီး ကြည့်လိုက်သည်။
မည်သူ့ကိုမျှ မတွေ့ရသည့်အတွက် ခဏတာ ရုန်းကန်နေပြီးနောက် သတ္တိမွေးကာ အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။
လီချင်းချိုးကတော့ ရန်သူများကြားမှ တိုက်ခိုက် ဝင်ရောက်သွားချေပြီ။ အစေခံများနှင့် တွေ့ဆုံပါက အများဆုံး သတိလစ်ရုံသာ ရိုက်နှက်ခဲ့သော်လည်း ချမ်းသာသော သူများနှင့် တွေ့ဆုံပါက ချက်ချင်း သတ်ပစ်လိုက်သည်။
မိန်းကလေးများ အကျဉ်းချခံထားရသော အိမ်များကို ဖြတ်သန်းသွားတိုင်း တံခါးများကို ဖွင့်ပေးခဲ့သည်။
ဤ ချွေ့မိသားစု အိမ်တော်တွင် အစွမ်းထက်ဆုံး လူမှာ ချွေ့ယုံး ဖြစ်သည်။ ချွေ့ယုံး သိုင်းနတ်ဘုရားဆေးလုံး သောက်သုံးထားသည်မှာ ထင်ရှားသည်။ ကျန်းဟူလောကမှ ထိပ်တန်း ဆရာသခင်များပင် သူ့နှင့် တွေ့လျှင် အန္တရာယ် ကြီးမားနိုင်သည်။ ကံဆိုးစွာဖြင့် လီချင်းချိုးနှင့် တွေ့ဆုံခဲ့သဖြင့် သိုင်းပညာကို မထုတ်ပြနိုင်ခင်မှာပင် လမ်းဘေးခွေး တစ်ကောင်လို ကန်သတ်ခံလိုက်ရသည်။
ခဏတာ အတွင်း ချွေ့မိသားစု အိမ်တော်ထဲမှ သနားစရာကောင်းသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး တံခါးဝရှိ လူများပင် ကြားနေရသည်။
"ဘာဖြစ်တာလဲ... အဲဒီလူ တကယ်ပဲ ဝင်သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာလား..."
"ဟုတ်မှာပါ... မိန်းမတွေအသံတောင် ကြားရတယ်..."
"ချွေ့မိသားစုကို စော်ကားရဲတဲ့ ဒီလူက ဘယ်သူလဲ..."
"သေသင့်တာပေါ့... နောက်ဆုံးတော့ ဒီတိရစ္ဆာန်တွေကို အပြစ်ပေးမယ့်သူ ရောက်လာပြီ..."
"ပြီးပြီ... ဖန်မြို့တော့ ဒီကစပြီး ဖရိုဖရဲ ဖြစ်တော့မှာပဲ..."
ပေါင်ကျောက်လည်း အကူအညီဖြင့် မတ်တတ်ရပ်နေပြီး ချွေ့မိသားစု အိမ်တော်ထဲမှ ခြံဝင်းကို ကြည့်နေကာ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ရှေ့ထွက်ရဲတာ ကောင်းတဲ့ကိစ္စပါပဲ...
ခဏကြာသောအခါ အစောင့်များနှင့် အစေခံများ တံခါးပေါက်မှ စတင် ထွက်ပြေးလာကြရာ လီချင်းချိုး၏ စွမ်းအားကို အတည်ပြုလိုက်သလို ဖြစ်သွားပြီး လူထုကြီး၏ အားပေးသံများ ထွက်ပေါ်လာကာ ချွေ့မိသားစု အစေခံများကို ဟင်းသီးဟင်းရွက် အရွက်များနှင့် ပစ်ပေါက်ကြသည်။
လူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် လီချင်းချိုးက ထူးခြားသော ဝိညာဉ်ချီများ ထွက်ပေါ်နေသည့် ခြံဝင်းတစ်ခုကို တွေ့ရှိလိုက်ရသဖြင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး ဝိညာဉ်ချီ လာရာ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်သည်။
သူ တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ရာ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသည်။ သေချာ ကြည့်လိုက်သောအခါ အထဲတွင် သေတ္တာကြီးများ ရှိနေပြီး အချို့မှာ ပွင့်နေကာ ဆေးဖက်ဝင် အပင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူ မဖွင့်ရသေးသော သေတ္တာ တစ်လုံးနားသို့ လျှောက်သွားပြီး အဖုံးကို ဖွင့်လိုက်ကာ ခြောက်သွေ့နေသော ဆေးဖက်ဝင် အပင်များကို ဖယ်ရှားလိုက်ရာ အောက်တွင် တောက်ပသော အနီရောင် လင်းဇီးမှို တစ်ပွင့်ကို တွေ့လိုက်ရသည်။