← Chapters

ချင်းရှောင်၏ အမည်နာမ

Vol. 12 Ch. 116

ချင်းရှောင်၏ အမည်နာမ

Vol. 12 Ch. 116

"မထင်မှတ်ထားတဲ့ ဆုလာဘ်ပဲ... မဆိုးဘူး... မဆိုးဘူး... ကောင်းကင်ဘုံက ကိုယ်စားပြု လုပ်ဆောင်ပေးသူတွေကို ဆုချတာပဲ..."

လီချင်းချိုး ပြုံးလိုက်ပြီး စိတ်အခြေအနေ ကောင်းမွန်နေသည်။

ထို့နောက် ဆေးဖက်ဝင် အပင်များကို မရွှေ့သေးဘဲ ချွေ့မိသားစု အိမ်တော်ထဲမှ လူများကို အရင် ရှင်းလင်းရန် လှည့်ထွက်လာခဲ့သည်။

အကျဉ်းချခံထားရသော မိန်းကလေးများကို ကယ်တင်ခြင်း အပြင် ယုတ်မာသော မြင်ကွင်းများကိုလည်း တွေ့မြင်ခဲ့ရသည်။ ချွေ့မိသားစုက နတ်ဆိုးဂိုဏ်းကဲ့သို့ပင် ဆိုးယုတ်ပြီး သေသင့်သူများ ဖြစ်ကြသည်။

အကျဉ်းချခံထားရသော မိန်းကလေးများကို လက်တုံ့ပြန်ခြင်း မပြုနိုင်စေရန်အတွက် ချွေ့မိသားစု အိမ်တော်ရှိ လူများကို ရှင်းလင်းပစ်ရန် လီချင်းချိုး ဆုံးဖြတ်လိုက်သည်။

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်ဆုံးပြီးနောက် လီချင်းချိုးတယောက် ဆေးဖက်ဝင် အပင်များ သိုလှောင်ထားသော ခြံဝင်းသို့ ပြန်ရောက်လာပြီး လက်ထဲတွင် အဝတ်စ တစ်ခု ကိုင်ထားဆဲ ဖြစ်သည်။ သူ အဝတ်စကို မြေကြီးပေါ်တွင် ချခင်းလိုက်ပြီး ဆေးဖက်ဝင် အပင်သေတ္တာများကို တစ်လုံးပြီးတစ်လုံး ရွှေ့ပြောင်းလိုက်သည်။

ပစ္စည်းများ ရွှေ့ပြောင်းပြီးနောက် လေချွန်လိုက်ပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

အသက်ရှူချိန် ဆယ်ကြိမ်ခန့် ကြာပြီးနောက် လေပြင်းများ တိုက်ခတ်လာပြီး ခြံဝင်းတစ်ခုလုံး မှောင်မိုက်သွားကာ ရှောင်ပါး ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏ အတောင်ပံများက ခြံဝင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လီချင်းချိုး သူ့ကို စိုက်ကြည့်လိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ ရွှေ့ကာ စောင့်ဆိုင်းရန် ပြောလိုက်ပြီးနောက် ထိ သေတ္တာများကို ရွှေ့ပြောင်းကာ ရှောင်ပါး၏ ကျောပေါ်သို့ တင်ပြီး မပြုတ်ကျစေရန် အဝတ်စဖြင့် ချည်နှောင်လိုက်သည်။ သေချာပြီ ဆိုမှ ဆေးဖက်ဝင် အပင်များကို ချင်းရှောင်ဂိုဏ်းသို့ ပြန်သယ်သွားရန် ရှောင်ပါးကို အမိန့်ပေးလိုက်သည်။

ရှောင်ပါး အတောင်ပံ ခတ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားသော်လည်း လီချင်းချိုးကတော့ သေတ္တာများ ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် အသက်အောင့်ကာ ကြည့်နေမိသည်။

ဒါသာ ပြုတ်ကျပြီး မတော်တဆ လူတစ်ယောက်ယောက်ကို သတ်မိရင် ကြီးလေးတဲ့ အပြစ် ဖြစ်သွားမှာ မဟုတ်ဘူးလား...

လီချင်းချိုး ချွေ့မိသားစု အိမ်တော် တံခါးဝဆီသို့ လျှောက်သွားရင်း အတွေးများ လွင့်မျောနေသည်။

ချွေ့မိသားစု အိမ်တော်ထဲမှာ ငွေကြေးတွေ အများကြီး ရှိမှာ သေချာတယ်... ဒါပေမဲ့ သူ ယူရမှာ ပျင်းတယ်... ဒီမြို့က လူတွေအတွက်ပဲ ထားခဲ့လိုက်တော့မယ်... လူအများကြီး လာလုယူသရွေ့ ဘယ်သူမှ တစ်ယောက်နဲ့ တစ်ယောက် တရားစွဲကြမှာ မဟုတ်ဘူး...

"သိုလှောင်ရေး မှော်ရတနာတွေသာ ရှိရင် သိပ်ကောင်းမှာပဲ..."ဟု လီချင်းချိုး ရုတ်တရက် တွေးမိလိုက်သည်။

ချင်းရှောင်ဂိုဏ်း ပိုမို အင်အားကြီးမားလာသော်လည်း ကျင့်ကြံခြင်း နည်းလမ်းများ မစုံလင်သေးပေ။ နည်းလမ်းအမျိုးမျိုးကို မြှင့်တင်ရန် ပါရမီရှင် အမျိုးမျိုး လိုအပ်သည်။

ကံဆိုးစွာဖြင့် ပါရမီရှင်များက အမြဲတမ်း လူနည်းစု ဖြစ်ပြီး အထူးသဖြင့် ဖန်တီးနိုင်စွမ်း ရှိသော ပါရမီရှင်များ ပိုမို ရှားပါးသည်။

ပိုက်ကွန်ကျဲကျဲ ဖြန့်ဖို့ လိုသေးတာပဲ...

တပည့် များလေလေ ပြဿနာတွေ ပိုများလာလေလေ ဖြစ်ပေမဲ့ ချင်းရှောင်ဂိုဏ်းရဲ့ ကျင့်ကြံခြင်း လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်မြှင့်ပေးလိမ့်မယ်... ဒါက လီချင်းချိုး အခု လိုအပ်နေတဲ့ အရာပဲ... သူက အာဏာဖွဲ့စည်းပုံကို တည်ဆောက်ပြီးပြီ ဖြစ်လို့ သူ့ဖိအားတွေကို မျှဝေပေးမယ့်သူတွေ အများကြီး ရှိနေပြီ...

တပည့် စုဆောင်းမှုကို အရှိန်မြှင့်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဂုဏ်သတင်း မြှင့်တင်ဖို့ပဲ... ဒါကြောင့် လီစစ်ဖုန်းနဲ့ ဝူမန်အာကို တောင်အောက် ဆင်းခိုင်းလိုက်တာ...

ချင်းရှောင်ဂိုဏ်းမှာ နာမည်ကြီး ဆရာသခင်တွေ များလေလေ အခြေခံအုတ်မြစ် ပိုခိုင်မာလေလေပဲ... ထူးချွန်တဲ့သူ တစ်ယောက်၊ နှစ်ယောက်လောက် ရှိရုံနဲ့ မလုံလောက်ဘူး...

လီချင်းချိုး စဉ်းစားရင်း ချွေ့မိသားစု အိမ်တော် တံခါးဝဆီသို့ လျှောက်လာခဲ့ပြန်သည်။သူ သိက္ခာရှိရှိ ဝင်လာခဲ့သလို သိက္ခာရှိရှိ ပြန်ထွက်သွားသင့်သည် မဟုတ်လော။

သူ တံခါးပေါက်မှ ထွက်လာသောအခါ အပြင်ဘက်တွင် စုဝေးနေသော လူအုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

လီချင်းချိုး အထိအခိုက်မရှိသည်ကို မြင်သောအခါ ပေါင်ကျောက် စိတ်သက်သာရာ ရသွားပြီး တစ်ချိန်တည်းမှာပင် လီချင်းချိုးကို အလွန် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က တံခါးဝသို့ သွားကြည့်ပြီး ချွေ့ယုံး၏ အလောင်းကို မြင်ခဲ့သောကြောင့် ဖြစ်သည်။

ချွေ့ယုံး၏ ကန်ချက်ကို ခံရပြီးနောက် သူနှင့် ချွေ့ယုံးကြား ကွာဟချက်ကို ပေါင်ကျောက် သဘောပေါက်သွားသည်။ ဤနှိုင်းယှဉ်ချက်အရ ဆိုလျှင် လီချင်းချိုး၏ သိုင်းပညာ မည်မျှ မြင့်မားသည်ကို သူ စိတ်ကူး၍ပင် မရနိုင်တော့ပေ။

လီချင်းချိုး ဝေ့ကြည့်လိုက်ရင်း အကျဉ်းချခံထားရသော မိန်းကလေးများကို ရှာဖွေနေသည်။ အချို့က မိဘများကို ဖက်ပြီး ကျယ်လောင်စွာ ငိုကြွေးနေကြသည်။ အချို့က မိသားစုကို ရှာဖွေနေဆဲ ဖြစ်သည်။ အချို့က ကြောင်ငေးနေပြီး မိဘမဲ့များ ဖြစ်ကြောင်း သိသာနေသည်။

လီချင်းချိုးက ပေါင်ကျောက်ထံသို့ အကြည့်လွှဲလိုက်ပြီး တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့ လူများ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။ လီချင်းချိုးက ချွေ့မိသားစုကို လာရောက် ဖြေရှင်းခြင်း ဖြစ်သော်လည်း ချွေ့မိသားစု အိမ်တော်ထဲမှ အော်ဟစ်သံများသ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ရာ လီချင်းချိုး ဆက်လက် သတ်ဖြတ်မည်ကို စိုးရိမ်နေကြသည်။

လီချင်းချိုး ပေါင်ကျောက် ရှေ့သို့ ရောက်သွားတော့ ပေါင်ကျောက် ဘေးနားရှိ မြို့စောင့်တပ်သားများ တုန်ရီနေကြသော်လည်း ဒီတစ်ခါ သူတို့ ထွက်မပြေးကြပေ။

"ငါ သတိပေးလိုက်မယ်... ငါတို့က အစိုးရ အရာရှိတွေနော်... မဆင်မခြင် မလုပ်နဲ့..."

ဝဝတုတ်တုတ် မြို့စောင့်တပ်သား တစ်ဦးက တုန်ရီသော အသံဖြင့် ပြောနေသော်လည်း ဓားကို ကိုင်ထားသော သူ့လက်များမှာ တုန်ရီလွန်းသဖြင့် ပုံရိပ်ယောင်များပင် ဖြစ်ပေါ်နေသည်။

သူ့သတိပေးချက်ကို လစ်လျူရှုပြီး လီချင်းချိုးက ပေါင်ကျောက်ကို စိုက်ကြည့်ပြီး.

"ငါ့နာမည်က လီချင်းချိုး... ချင်းရှောင်ဂိုဏ်းက... တကယ်လို့ ချွေ့မိသားစုက စုံစမ်းရင် ငါ့နာမည်နဲ့ နောက်ခံကို ပြောပြလိုက်... ဒါ့အပြင် အဲဒီ ကလေးတွေ သွားစရာ နေရာ မရှိရင် ငါ့ကို ကူညီပြီး ချင်းရှောင်တောင်ပေါ် ပို့ပေးနိုင်မလား... ဆန္ဒရှိရင် သေချာ စဉ်းစားပါ... ခရီးလမ်းက ဝေးကွာပြီး အခက်အခဲတွေ အန္တရာယ်တွေ အများကြီး ရှိမှာ သေချာတယ်... မထွက်ခွာခင် ပြင်ဆင်ထားပါ..."

ပြောပြီးသည်နှင့် လီချင်းချိုး လှည့်ထွက်သွားလေရာ လူအုပ်ကြီးက သူ့ကို လမ်းဖယ်ပေးလိုက်ကြပြီး လမ်းပိတ်ဆို့ရဲသူ မရှိပေ။

လီချင်းချိုး အဝေးသို့ ရောက်သွားမှသာ လူများ စတင် ဆွေးနွေးကြတော့သည်။

"ချင်းရှောင်ဂိုဏ်းက ဖြစ်နေတာကိုး... ချင်းရှောင်ဂိုဏ်းရဲ့ သူရဲကောင်းဆန်မှု အကြောင်း ကြားဖူးတာ ကြာပြီ... တကယ်မှန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ချင်းရှောင်ဂိုဏ်းကို အပြစ်အားလုံး ခံယူခိုင်းလို့ မဖြစ်ဘူး... လူတိုင်း ချွေ့မိသားစု လုပ်ခဲ့တဲ့ မကောင်းမှုတွေကို ဖြန့်ဝေပေးသင့်တယ်..."

"အဲဒီလို လုပ်ရင် ချွေ့မိသားစုရဲ့ လက်တုံ့ပြန်မှုကို ခံရမှာ မဟုတ်ဘူးလား..."

"မင်းက အသုံးမကျလိုက်တာ... ဖန်မြို့က ချွေ့မိသားစု အိမ်တော်တောင် ပျက်စီးသွားပြီ... ဘာကြောက်စရာ ရှိလဲ... ဒါ့အပြင် ပြည်နယ်ခုနစ်ခု စစ်တပ်က ဝူရှန်ဂိတ် ရှေ့ ရောက်နေပြီ... ဆရာသခင်လီ ဒီရောက်နေတာ... ဝူရှန်ဂိတ်ကို ကူညီဖို့ သွားတာ ဖြစ်လောက်တယ်... နတ်ဆိုးစစ်သူကြီးကို သတ်ပြီး နာမည်ကျော်ကြားလာမလား မသိဘူး..."

"ခုနက ချွေ့မိသားစု အိမ်တော်ထဲကနေ မည်းမည်း အရိပ်တစ်ခု ပျံထွက်သွားတာ မြင်လိုက်လား... လင်းယုန်နဲ့ တူတယ်..."

လူအုပ်ကြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် ပေါင်ကျောက် ခေါင်းလှည့်ကြည့်လိုက်သော်လည်း လူများလွန်းသဖြင့် လီချင်းချိုးကို မမြင်ရတော့ပေ။

သူ့ခန္ဓာကိုယ် နာကျင်မှု လျော့နည်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ရင်ဘတ်ကို အလိုအလျောက် စမ်းကြည့်လိုက်ရာ ငွေအပ်တစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရသော်လည်း လီချင်းချိုးကို ချက်ချင်း သတိရလိုက်သဖြင့် ငွေအပ်ကို မနှုတ်လိုက်ပေ။

ချင်းရှောင်ဂိုဏ်း အကြောင်း သူလည်း ကြားဖူးသည်။ ချင်းရှောင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းများကို တိုက်ခိုက်ရုံသာမက လူများကို ကုသပေးရာတွင်လည်း ကျွမ်းကျင်သည်။ ဤဂုဏ်သတင်းကို ကျန်းဟူလောကသားများ သိကြပေသည်။

ဒီနေ့ မြင်လိုက်ရတော့ တကယ် နာမည်နဲ့လိုက်တယ် ဆိုတာ သိလိုက်ရပြီ...

လီချင်းချိုး ပထမဆုံး ကယ်တင်ခဲ့သော ရိုးရှင်းသည့် အဝတ်အစား ဝတ်ဆင်ထားသည့် မိန်းကလေးက အမေဖြစ်သူ၏ ဖက်ထားမှု ခံနေရသော်လည်း သူမ၏ အကြည့်က လီချင်းချိုး ထွက်ခွာသွားရာ လမ်းကြောင်းတွင် စွဲမြဲနေသည်။

...

လမင်းကွယ်၍ နေမင်း ထွက်ပေါ်လာသောအခါ နေ့လယ်ပိုင်းတွင် ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်များ စစ်နတ်ဘုရား လမ်းမကြီး အတိုင်း ချီတက်လာပြီး ဝူရှန်ဂိတ်သို့ ချဉ်းကပ်လာနေကြပြီ။ သိန်းနှင့်ချီသော စစ်သည်များက နဂါးနက်ကြီး တစ်ကောင်အလား တောင်တန်းများကြားတွင် ဖြည်းညင်းစွာ ရွေ့လျားနေကြသည်မှာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ဝူမန်အာက သံချပ်ကာ ဝတ်ဆင်ထားပြီး မြင်းနက်တစ်ကောင်ကို စီးနင်းလျက် လိုက်ပါလာရင်း မနေတတ်သကဲ့သို့ သံချပ်ကာကို ရံဖန်ရံခါ ပြင်ဆင်နေသည်။

သူ့သံချပ်ကာက အခြား စစ်သူကြီးများကဲ့သို့ သိပ်မသေသပ်လှသော်လည်း သူ့ခန္ဓာကိုယ် ကြီးမားမှုကြောင့် အထင်ကြီးစရာ ကောင်းနေပြီး ဘေးပတ်ဝန်းကျင်မှ စစ်သားများ၏ အကြည့်များကို ဆွဲဆောင်နေသည်။

ဝူမန်အာနှင့် လီစစ်ဖုန်းတို့ မနေ့က ရောက်ရှိလာကြပြီး စစ်တပ်ကလည်း ယနေ့ ပြန်လည် ထွက်ခွာလာကြသဖြင့် စစ်သားများအားလုံး သူတို့နှစ်ဦးကို အလွန် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေကြသည်။

သူတို့နှစ်ယောက်က ချင်းရှောင်ဂိုဏ်းမှ ကျွမ်းကျင်သူများ ဖြစ်ကြောင်း ကြားသိရသောအခါ စစ်သားများ အနည်းငယ် စိုးရိမ်ပူပန်သွားကြသည်။

သူတို့တွေ သိုင်းလောကမှ ဆရာသခင် အများအပြားကို ဖိတ်ခေါ်ခဲ့ဖူးသော်လည်း အားလုံး လျဲ့ဝူ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ကြသည် မဟုတ်ပေလော။

ဝူရှန်ဂိတ်သို့ မရောက်မီ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ စစ်သားများ၏စိတ်ထဲ၌ အမှန်တကယ် ဖောက်ထွင်းဝင်ရောက်နိုင်ပါ့မလားဟု သံသယ ဝင်လာကြသည်။

ဝူမန်အာ၏ နောက်တွင် ရထားလုံး တစ်စီး ရှိကာ ဝေမင်းသား ကျောက်ချီနှင့် လီစစ်ဖုန်းတို့ ယှဉ်တွဲ ရပ်နေကြပြီး လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက သူတို့ဘေးတွင် ရပ်နေသည်။ ဤအမျိုးသားက ဖေမိသားစုခေါင်းဆောင်၊ ဖေမြောင်၏ ဖခင် ဖေကျန်းကျစ် ဖြစ်သည်။

ဖေကျန်းကျစ်က သံချပ်ကာ ဝတ်ဆင်ထားသော်လည်း ပုံပန်းသဏ္ဍာန်က စာပေပညာရှင် တစ်ဦးနှင့် ပိုတူနေသည်။

ဝေမင်းသား ကျောက်ချီဆိုသူက အသက် ၃၀၊ ၄၀ ခန့် ရှိပုံရပြီး ရာသီဥတုဒဏ် ခံထားရသော မျက်နှာနှင့် ရင်ဘတ်ထိ ရှည်လျားသော မုတ်ဆိတ်မွေး ရှိသည်။ သူသည် ရထားလုံး လက်ရန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ဝူမန်အာကို စိုက်ကြည့်နေသည်။

"လီစစ်ဖုန်း... မင်းရဲ့ စီနီယာအစ်ကိုက တကယ် ထူးခြားတာပဲ... သူ့ခန္ဓာကိုယ်ကို ကြည့်ရတာ အထင်ကြီးစရာ ကောင်းတယ်... သူက သေချာပေါက် ကြောက်စရာကောင်းတဲ့ စစ်သည်တော် ဖြစ်မှာပါ..."

ဝူမန်အာကို ကြည့်လေလေ ပိုသဘောကျလေ ဖြစ်ကြောင်း ဝေမင်းသား ကျောက်ချီက မှတ်ချက်ချလိုက်သည်။

လီစစ်ဖုန်းက လက်တစ်ဖက်က ဓားလက်ကိုင်ရိုးပေါ်တွင် တင်ထားပြီး အခြားလက်တစ်ဖက်က လက်ရန်းပေါ်တွင် တင်ထားကာ ရယ်မောပြီး ..

"ဒါပေါ့... ကျွန်တော့်ရဲ့ ပဉ္စမစီနီယာအစ်ကိုက ငယ်ငယ်ကတည်းက သန်မာတာ... သူ ကျင့်ကြံထားတဲ့ ပြင်ပသိုင်းကွက်တွေ အားလုံးက စွမ်းအားကြီးပြီး ပြင်းထန်တယ်... နောက်ကျရင် လျဲ့ဝူနဲ့ ရင်ဆိုင်ရတဲ့အခါ သူ ဘယ်လောက် စွမ်းအားကြီးလဲ သိရမှာပါ..."

သူတို့ မနေ့က ရောက်လာပြီး ဒီနေ့ တိုက်ပွဲ စတင်တော့မည် ဖြစ်သော်လည်း လီစစ်ဖုန်းကတော့ အလျင်စလို ဖြစ်မနေဘဲ ယုံကြည်မှု ရှိနေသည်။

ဒီနေ့ လျဲ့ဝူကို သတ်ဖို့ သူ ဆုံးဖြတ်ထားတယ်...

ပဉ္စမစီနီယာအစ်ကို မအောင်မြင်ရင် သူ ဝင်တိုက်မယ်...

ဖေကျန်းကျစ်က ရယ်မောလိုက်ပြီး.

"ချင်းရှောင်ဂိုဏ်းမှာ ဟွမ်ယွမ်ကျမ်းစာ လို့ခေါ်တဲ့ ထူးခြားတဲ့ သိုင်းပညာ ရှိတယ်လို့ ကြားဖူးတယ်... ချင်းရှောင်ဂိုဏ်းသားတွေက သိုင်းပညာ အင်အားကို ဒီကျမ်းစာရဲ့ အဆင့်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ကြတယ်ဆို... ဝူမန်အာက ဘယ်အဆင့် ရောက်နေပြီလဲ..."

လီစစ်ဖုန်းက

"ပဉ္စမအဆင့်ဆိုရင် ပြိုင်ဘက်ကင်း ဖြစ်ဖို့ လုံလောက်ပါပြီ..."

ဝေမင်းသားက လီစစ်ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး ဤကောင်လေး အလွန် မောက်မာသည်ဟု ထင်လိုက်သည်။ အကယ်၍ ဖေကျန်းကျစ်သာ လီစစ်ဖုန်းကို အပြင်းအထန် ထောက်ခံမပေးခဲ့လျှင် သူ လီစစ်ဖုန်းကို တကယ် ပညာပေးချင်နေမိသည်။

ဝေမင်းသားက တခစ်ခစ် ရယ်မောလိုက်ပြီး.

"ဒါဆို စောင့်ကြည့်ကြတာပေါ့... တကယ်လို့ သူသာ လျဲ့ဝူကို တကယ် သတ်နိုင်ရင် သူ့ကို စစ်သူကြီး ခန့်အပ်မှာ သေချာတယ်..."

သူတို့သုံးဦး စကားပြော ရယ်မောနေကြပြီး သူတို့၏ ယုံကြည်မှုနှင့် တည်ငြိမ်မှုက အခြား စစ်ဗိုလ်ချုပ်များနှင့် စစ်သားများကို စိတ်ဓာတ်တက်ကြွစေသည်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ တစ်လအတွင်း သူတို့ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးပြီး သူတို့သခင် ယုံကြည်မှု ပြည့်ဝနေတာကို လိုအပ်နေသည်။

ပြည်နယ်ခုနစ်ခုမှ သိန်းနှင့်ချီသော စစ်သည်များ ဝူရှန်ဂိတ်သို့ ရောက်ရှိလာသောအခါ နန်းတွင်းစစ်တပ်ကလည်း စုဝေးပြီးနေပြီ ဖြစ်ကာ မြို့ရိုးပေါ်တွင် လေးကိုင်ထားသော စစ်သားများ အပြည့် ရှိနေပြီး တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေကြသည်။

ဝူရှန်ဂိတ်၏ ကြီးမားသော မြို့တံခါးကြီးက ငါးကျန်း (၁၆ ပေခန့်) မြင့်မားပြီး ပွင့်ဟသွားကာ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော ရက်စက်သည့် စစ်သူကြီး တစ်ဦး မြင်းစီး၍ ထွက်လာသည်။ သူသည် ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ့အောက်မှ မြင်းနီကြီးက သာမန် စစ်မြင်းများထက် ပိုမို မြင့်မားပြီး ဝက်ဝံကဲ့သို့ သန်မာသော သူ့ခန္ဓာကိုယ်နှင့် လိုက်ဖက်နေသည်။

ဤ အနက်ရောင် သံချပ်ကာနှင့် ရက်စက်သော စစ်သူကြီးမှာ လျဲ့ဝူမှတစ်ပါး အခြားသူ မဟုတ်ချေ။

လျဲ့ဝူတွင် မည်းနက်သော အသားအရေ၊ ကျားသစ်ကဲ့သို့ မျက်လုံးများ၊ စူးရှသော မျက်ခုံးများနှင့် မုတ်ဆိတ်မွေးအပြည့် ရှိသည်။ သူ့ဓားကြီးသည်ပင် ၁၀ ပေနီးပါး ရှည်လျားပြီး ဓားသွားက ဓားတချောင်းလုံး၏ လေးပုံတစ်ပုံခန့် ရှည်လျားသည်။ ဓားကြီးကို မြေကြီးပေါ်တွင် တရွတ်တိုက် ဆွဲလာသဖြင့် စူးရှသော အသံ ထွက်ပေါ်နေသည်။

"ဝေမင်းသား... ဒီတစ်ခါ စစ်သူကြီးချင်း ယှဉ်ပြိုင်မှာလား... တိုက်ရိုက် တိုက်ခိုက်မှာလား..."

"ငါ အကြံပေးမယ်... တပ်တစ်ခုလုံး တပြိုင်နက် တိုက်ခိုက်လိုက်... ဒါမှ ငါ စိတ်ကြိုက် သတ်ဖြတ်လို့ရမှာ... မင်းတို့ကို စောစောစီးစီး ယုံကြည်မှု ပျောက်ဆုံးသွားအောင်လုပ်ပြီး အိမ်ပြန် သေမယ့်နေ့ကို စောင့်ခိုင်းလိုက်မယ်..."

လျဲ့ဝူ မောက်မာစွာ ရယ်မောလိုက်တော့ သူ့အသံက မိုးခြိမ်းသံကဲ့သို့ တောင်တန်းများနှင့် လယ်ကွင်းပြင်များတွင် ပဲ့တင်ထပ်သွားပြီး ငှက်များကိုပင် လန့်ပျံသွားစေသည်။

ပြည်နယ်ခုနစ်ခု မဟာမိတ်တပ် ဘက်မှ စစ်သားအများစုက လျဲ့ဝူ၏ စကားကြောင့် အရှက်ရသွားကြပြီး လက်နက်များကို တင်းတင်းဆုပ်ကိုင်လိုက်ကြသည်။

ဝေမင်းသားက နှာခေါင်းရှုံ့လိုက်ပြီး စစ်ဗိုလ်ချုပ် တစ်ဦးကို ကြည့်လိုက်ကာ.

"ဗုံတီးပြီး လမ်းဖွင့်ပေးလိုက်..."ဟု အမိန့်ပေးလိုက်သည်နှင့်စစ်ဗိုလ်ချုပ်က အလံကို မြှောက်ပြီး အော်ဟစ်လိုက်လေသည်။

"လမ်းဖွင့်..."

ချက်ချင်း ဆိုသလိုပင် ဗုံသံများ ထွက်ပေါ်လာပြီး ရှေ့မှ စစ်သားများ ဘေးနှစ်ဖက်သို့ ဖယ်ပေးလိုက်ကြရာ ဝူမန်အာအတွက် နှစ်မိုင်နီးပါး ရှည်လျားသော လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။

ရထားလုံးပေါ်တွင် ရပ်နေသော လီစစ်ဖုန်းက ဝူမန်အာကို

"ပဉ္စမစီနီယာအစ်ကို... တက်သွားပြီး အင်အားမချန်ဘဲ သတ်ပစ်လိုက်... မြန်မြန်သတ်လေ စစ်သားတွေ ပိုရလေပဲ..." ဟု လှမ်းပြောလိုက်သည်။

ထိုအခါ ဝူမန်အာက နောက်လှည့်ကြည့်ပြီး လီစစ်ဖုန်းကို ရိုးသားသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ကာ နှင်တံဖြင့် ရိုက်ပြီး မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။

မြင်းခွာသံများ စစ်တပ်အတွင်း ပဲ့တင်ထပ်သွားပြီး စစ်သားများ၏ အကြည့်များ ဝူမန်အာအပေါ် ကျရောက်လာသည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် လျဲ့ဝူနှင့် တိုက်ခိုက်တော့မည် ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

လျဲ့ဝူဆိုသူက မယုံနိုင်လောက်အောင် ကြမ်းတမ်းသော်လည်း ဝူမန်အာ အနိုင်ရမည်ဟု သူတို့ မျှော်လင့်နေကြသည်။

ဒါဟာ စစ်တပ်၏ ဂုဏ်သိက္ခာအတွက် သာမက သူတို့ မိသားစုများအတွက်လည်း ဖြစ်သည်။ နတ်ဆိုးဧကရာဇ်ကို အမြန်ဆုံး ဖမ်းဆီးပြီး ကမ္ဘာကြီးကို ပြောင်းလဲနိုင်မှသာ သူတို့၏ မိသားစုများ အန္တရာယ်မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ဝူမန်အာကတော့ သူ သယ်ဆောင်ထားသော မျှော်လင့်ချက်များကို သတိမထားမိပေ။ လမ်းတစ်လျှောက်မှ အကြည့်များကို ဂရုမစိုက်ဘဲ အဝေးမှ လျဲ့ဝူကိုသာ စိုက်ကြည့်နေပြီး သူ့မျက်နှာထား တဖြည်းဖြည်း တင်းမာလာသည်။

All Chapters