← Chapters

ပြိုင်ဘက်ကင်း အလှတရား

Vol. 12 Ch. 117

ပြိုင်ဘက်ကင်း အလှတရား

Vol. 12 Ch. 117

လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် ဝူမန်အာက စစ်တပ်ထဲမှ တစ်ယောက်တည်း မြင်းစီးထွက်လာပြီး ဝူရှန်ဂိတ်ဆီသို့ ဦးတည်သွားနေသည်။

လျဲ့ဝူ၏ စူးရှသော အကြည့်များ ဝူမန်အာအပေါ် ကျရောက်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ဝူမန်အာက သူ့ကို အလွန် နေမထိထိုင်မသာ ဖြစ်စေသည်။ သိုင်းနတ်ဘုရားဆေးလုံး သောက်သုံးပြီးကတည်းက ဤကဲ့သို့ ခံစားရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

"ဘယ်သူလဲ... နာမည်ပြော..."

လျဲ့ဝူ အော်ဟစ်လိုက်တော့ သူ့အသံကြောင့် ပတ်ဝန်းကျင်မှ ဖုန်မှုန့်များ လွင့်ပျံသွားသည်။

ဝူမန်အာက ရှည်လျားသော လှံရှည်ကြီးကို ကိုင်ဆောင်ထားပြီး ၎င်းသည် ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်တွင် အလေးလံဆုံး လက်နက် ဖြစ်ကာ ပိဿာ ၂၇၀ (၁၃၅ ကီလိုဂရမ်ခန့်) လေးသည်။ ထူးဆန်းသည်မှာ ထိုလှံက သူ့အတွက် အသင့်တော်ဆုံး လက်နက်ရှည် ဖြစ်နေခြင်းပင်။

"ချင်းရှောင်ဂိုဏ်း... ဝူမန်အာ..."

ဝူမန်အာ အားကုန်သုံးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့ သူ့အသံက တောင်တန်းများနှင့် လယ်ကွင်းပြင်များတွင် ပဲ့တင်ထပ်သွားပြီး လျဲ့ဝူ၏ အသံထက် မလျော့နည်းပေ။

သူ့အော်သံကြောင့် ဝူရှန်ဂိတ်ပေါ်ရှိ စစ်သားများ လန့်ဖျပ်သွားကြပြီး လျဲ့ဝူ၏ မြင်းရိုင်းကြီးကလည်း ခြေနှစ်ချောင်းထောက်ပြီး ပတပ်ရပ်ကာ သိသိသာသာ ထိတ်လန့်သွားသည်။

"ချင်းရှောင်ဂိုဏ်း..."

လျဲ့ဝူ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ဤကာလအတွင်း ဝေမင်းသားဘက်က သိုင်းလောကမှ ကျွမ်းကျင်သူ အများအပြားကို ဖိတ်ခေါ်ခဲ့ဖူးသဖြင့် မအံ့သြတော့ပေ။ ချင်းရှောင်ဂိုဏ်း ဆိုသော အမည်က ရင်းနှီးနေသလို ခံစားရပြီး တစ်နေရာရာတွင် ကြားဖူးသလိုလို ဖြစ်နေသည်။

ဝူမန်အာက စိတ်ဓာတ်စစ်ဆင်ရေးပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်ပေ။ ဒုတိယစီနီယာအစ်ကို၏ ညွှန်ကြားချက်အတိုင်း လျဲ့ဝူဆီသို့ မပြေးဝင်မီ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး နောက်ခံကို ပြောပြလိုက်ခြင်း ဖြစ်သည်။

ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်က သူ့ကို ကြည့်နေကြပြီး စစ်သားအများအပြား အခြေနေ ပိုမို တင်းမာလာပြီး မျက်လုံးများက ဝူမန်အာအပေါ်တွင်သာ ရှိနေသည်။

ဝူမန်အာ သူ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသည်ကို မြင်သောအခါ လျဲ့ဝူ ချက်ချင်း ဒေါသထွက်သွားပြီး မြင်းကို နှင်ပြီး ရှေ့သို့ တိုးလိုက်သည်။

နှစ်ဖက်စလုံး ပိုမို မြန်ဆန်စွာ ပြေးဝင်လာကြပြီး ဖုန်မှုန့်များ လွင့်ပျံလာကာ နောက်ဆုံးတွင် တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်လိုက်ကြသည်။

ဝူမန်အာက လှံရှည်ကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ပြီး တောင်ကိုခွဲမည့် အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်တော့ လျဲ့ဝူကလည်း ဓားကို မြှောက်ပြီး ဝူမန်အာ၏ လှံရှည်ကို အောက်မှနေ၍ ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

ဒေါင်...

ဝူမန်အာ၏ မျက်ခုံးများ ပိုမို ကျုံ့သွားပြီး လျဲ့ဝူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့လက်ထဲရှိ လက်နက်ရှည်များ တုန်ခါသွားပြီး သူတို့၏ မြင်းရိုင်းကြီးများ နှစ်ကောင်စလုံး တုန်ခါမှုဒဏ်ကြောင့် သေဆုံးသွားကာ အသားစများနှင့် သွေးများ နေရာအနှံ့ လွင့်စဉ်သွားသည်။

မြေကြီးပေါ်သို့ ရောက်သည်နှင့် သူတို့ နောက်ထပ် တိုက်ခိုက်မှု တစ်ခု စတင်လိုက်ကြရာ သွေးပင်လယ်ထဲတွင် တိုက်ခိုက်နေသော နတ်ဆိုးဘုရင် နှစ်ပါးနှင့်ပင် တူနေတော့သည်။

လျဲ့ဝူက လက်တစ်ဖက်ဖြင့် ဓားရှည်ကို ကိုင်ကာ ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်တော့ ဝူမန်အာကလည်း ညာလက်ဖြင့် လှံရှည်ကို ကိုင်ထားပြီး ဘယ်လက်ဖြင့် လက်ဝါးရိုက်ချက် ဖော်ဆောင်ကာ လေနှင့် မိုးခြိမ်းသံများ ပါဝင်သော စွမ်းအားကြီးမားသည့် မူလချီ ပေါက်ကွဲမှုကို ထုတ်လွှတ်လိုက်သည်။

ဝုန်း...

ကောင်းကင်ဘုံကိုးခုမျိုးဆက်လက်ဝါးသိုင်းက အလွန် စွမ်းအားကြီးမားသဖြင့် လျဲ့ဝူကို အတင်းအဓမ္မ လွင့်ထွက်သွားစေကာ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်မှုန့်များ လွင့်ပျံလာပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။

လျဲ့ဝူ ၁၀ ပေ အကွာအထိ လွင့်သွားပြီး မြေကြီးပေါ်သို့ ပြန်ကျသောအခါ ခြေထောက်များ နောက်သို့ လျှောတိုက်ပါသွားသေးသဖြင့် ဓားရှည်ကို မြေကြီးထဲသို့ စိုက်ပြီး အတင်းအကျပ် ဟန်ချက်ထိန်းလိုက်ရသည်။

ထိုအချိန်မှာပင် ဝူမန်အာက ရုတ်တရက် လက်ထဲမှ လှံရှည်ကို ပစ်လွှတ်လိုက်သည်။

ဤပစ်လွှတ်မှုတွင် ဝူမန်အာက အစွမ်းကုန် အားစိုက်လိုက်သဖြင့် သံချပ်ကာသည်ပင် ကြွက်သားများကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး အားယူထားသော ဘယ်ဘက်ခြေထောက်ကြောင့် မြေသားများ ပြိုကျသွားသည်။

အေးစက်သော အလင်းရောင် တစ်ချက် လက်သွားကာ လှံပစ်ချက်မှာ မြန်လွန်းသဖြင့် လျဲ့ဝူ အပါအဝင် နှစ်ဖက်စလုံးရှိ လူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

လျဲ့ဝူ ဟန်ချက်မထိန်းနိုင်ခင်မှာပင် ဝူမန်အာ၏ လှုပ်ရှားမှုကို တွေ့လိုက်ရပြီး မျက်လုံးအိမ်များ အလိုအလျောက် ကျယ်သွားတော့သည်။

ရွှပ်...

လှံက လျဲ့ဝူ၏ သံချပ်ကာကို ဖောက်ဝင်သွားပြီး သူ့ကို ဆုတ်ဖြဲလိုက်ချေပြီ။ထို့နောက် ပြင်းထန်သော အရှိန်ကြောင့် လဲကျနေသော လျဲ့ဝူကို ပြန်ဆွဲတင်လိုက်ပြီး နောက်သို့ အရှိန်ပြင်းပြင်း လွင့်ထွက်သွားစေသည်။

လျဲ့ဝူခင်မျာ သစ်တုံးကြီး တစ်တုံးဖြင့် ဝင်တိုက်ခံရသကဲ့သို့ ဝူရှန်ဂိတ်၏ မြို့ရိုးနှင့် ဝင်ဆောင့်မိပြီး နောက်ဘက်ရှိ မြို့ရိုးများ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားသည်။ မြို့ရိုးပေါ်ရှိ စစ်သားများသည်ပင် ဂိတ်တံခါး ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

တိတ်ဆိတ်ခြင်း...

စစ်တပ်နှစ်ဖက်စလုံးမှ စစ်သားများ ကြောင်အသွားကြပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

ဝူမန်အာနှင့် လျဲ့ဝူ စတင် တိုက်ခိုက်သည့် အချိန်မှစ၍ တိုက်ကွက် သုံးကွက်အတွင်း ပြီးဆုံးသွားပြီး စုစုပေါင်း အသက်ရှူချိန် သုံးကြိမ်အောက်သာ ကြာမြင့်ခဲ့သည်။

လျဲ့ဝူခင်မျာ မြို့တံခါးတွင် သံမှိုစွဲထားသကဲ့သို့ တွဲလောင်း ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ ရင်ဘတ်မှ သွေးများ ပန်းထွက်နေပြီး ပါးစပ်မှ သွေးမြှုပ်များ အဆက်မပြတ် ထွက်နေကာ သွေးရောင်လွှမ်းနေသော မျက်လုံးသည်လည်း တဖြည်းဖြည်း အရောင်မှိန်သွားသည်။

လူတစ်သောင်းကို တစ်ကိုယ်တည်း တားဆီးနိုင်ခဲ့သော လျဲ့ဝူ ယခု သေဆုံးသွားပြီ!

ဝူမန်အာကတော့ လှံပစ်လွှတ်လိုက်သော ကိုယ်ဟန်အနေအထား အတိုင်း ရှိနေဆဲပင်.

သူ့နောက်မှ ပြည်နယ်ခုနစ်ခု စစ်သားများ မျက်လုံးများ ပြူးကျယ်လျက် သူ့ပုံရိပ်ကို နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားကြသည်။

ဝူမန်အာက ဓားပြီးလှံပြီးသော လျဲ့ဝူ၏ ခန္ဓာကိုယ်ကို လှံတစ်ချက်တည်းဖြင့် ထိုးဖောက်လိုက်ပြီး ပေပေါင်းများစွာ လွင့်စင်သွားစေခဲ့သည်။ထို့အဖြစ်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် လူအများအပြား တစ္ဆေမြင်လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။

"သတ်... မြို့ကို တိုက်..."

ကျယ်လောင်ပြီး ဒေါသထွက်နေသော ဟိန်းသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်သားများအားလုံး ကောင်းကင်နှင့် တောင်တန်းများကို တုန်ခါစေသော စစ်ကြွေးကြော်သံများဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

စစ်သည် တစ်သောင်း ဒုန်းစိုင်းစီးနင်းလာသည်မှာ ဘယ်လောက် ခမ်းနားလိုက်တဲ့ မြင်ကွင်းလဲ...

ဝေမင်းသားနှင့် ဖေကျန်းကျစ်တို့လည်း ရထားလုံးပေါ်တွင် ရပ်ရင်း အဝေးမှ ဝူမန်အာ၏ ပုံရိပ်ကို ငေးကြည့်ကာ လေးစားအားကျနေကြသည်။

ဖေကျန်းကျစ်က ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားဆိုလိုက်လေသည်။

"တကယ့်ကို ပြိုင်ဘက်ကင်း စစ်သူကြီးပါပဲ... စစ်နတ်ဘုရား ဝင်စားတာပဲ..."

ဝေမင်းသား၏ မျက်ဝန်းတစုံ အရောင်လက်လာသဖြင့် လီစစ်ဖုန်းက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

"ကျွန်တော် ပုံကြီးချဲ့ ပြောတာ မဟုတ်ဘူးနော်... ဒါ ကျွန်တော့်ရဲ့ ပဉ္စမစီနီယာအစ်ကိုလေ... လျဲ့ဝူက သူ့ပြိုင်ဘက် မဟုတ်ဘူး..."

အရပ်လေးမျက်နှာမှ စစ်သားများ၏ တိုက်ခိုက်သံများ ဆူညံနေသော်လည်း ဝေမင်းသားကတော့ လီစစ်ဖုန်း၏ စကားကို ကြားလိုက်ရသည်။ သတိပြန်ဝင်လာပြီးနောက် အော်ဟစ်ရယ်မောလိုက်ကာ လီစစ်ဖုန်း၏ ပခုံးကိုပင် လှမ်းပုတ်လိုက်သည်။

"ဆုချမယ်... မင်းတို့ကို သေချာပေါက် ဆုကြီးကြီး ချမယ်..."

ပြင်းထန်သော မြို့သိမ်းတိုက်ပွဲ စတင်တော့မည်..

နန်းတွင်းစစ်တပ်က လျဲ့ဝူ ရုတ်တရက် သေဆုံးမှုကြောင့် အထိနာသွားသော်လည်း ဝူရှန်ဂိတ် ရှိနေသဖြင့် စစ်တပ်ကြီးနှင့် ရင်ဆိုင်ရလျှင်ပင် ယုံကြည်မှု ရှိနေကြသည်။

ဝူမန်အာက ဝူရှန်ဂိတ်ဆီသို့ ပြေးဝင်သွားသဖြင့် မြို့တံခါးပေါ်ရှိ လေးသမားများက လေးများကို ဆွဲကာ မြှားများ ပစ်လွှတ်လိုက်ရာ မိုးပြိုကျသကဲ့သို့ ကျဆင်းလာသည်။ ဝူမန်အာကို ကြည့်ရသည်မှာ လှုပ်ရှားမှု နှေးကွေးသယောင် ရှိသော်လည်း လျင်မြန်သော ခြေလှမ်းများကို ထုတ်သုံးလိုက်ပြီး မြှားမိုးကို အလွယ်တကူ ရှောင်တိမ်းကာ မြို့တံခါးဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပြည်နယ်ခုနစ်ခုမှ စစ်သားများ စိတ်လှုပ်ရှားသွားကြပြီး ပိုမို မြန်ဆန်စွာ ပြေးလာကြသည်။

သူတို့၏ စောင့်ကြည့်နေမှုအောက်တွင် ဝူမန်အာက ကျုံးကို ခုန်ကျော်လိုက်ပြီး လေထဲတွင် ခန္ဓာကိုယ်ကို စောင်းကာ ပခုံးဖြင့် မြို့တံခါးကို ကျောက်တုံးကြီး တစ်တုံးအလား ဝင်တိုက်လိုက်လေတော့သည်။ထိုအခါ ကြီးမားသော တံခါးကြီး သူ့တိုက်ခိုက်မှုကြောင့် ကြေမွသွားပြီး အနောက်ရှိ စစ်သားများ လွင့်စင်သွားကာ နာကျင်စွာ အော်ဟစ်သံများ လေထဲတွင် ပျံ့လွင့်သွားသည်။

လွှမ်းမိုးချုပ်ကိုင်မှု!

အကြမ်းဖက်မှု!

တားဆီးမရနိုင်မှု!

ဝူမန်အာ၏ စွမ်းဆောင်ရည်က ပြည်နယ်ခုနစ်ခုမှ စစ်သားများကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးလိုက်သဖြင့် ကြောက်ရွံ့မှုများကို လုံးဝ မေ့ပျောက်သွားပြီး အလွန် စိတ်လှုပ်ရှားလာကြသည်။

ဝေမင်းသားလည်း အလွန် စိတ်လှုပ်ရှားနေသည်။ ဝူမန်အာက လျဲ့ဝူကို အတင်းအဓမ္မ သတ်ဖြတ်နိုင်ရုံသာမက မြို့တံခါးများကိုပါ တိုက်ရိုက် ဖွင့်ပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ဒီလုပ်ရပ်က ရှေ့တန်းတပ်သားများ ဆုံးရှုံးမှုကို သက်သာစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ရာဇပလ္လင်က သူ့ကို လက်ယပ်ခေါ်နေသည်ဟု ဝေမင်းသား မြင်ယောင်နေမိသည်။

တစ်ချိန်တည်းမှာပင်.

ဝူရှန်ဂိတ် အနောက်ဘက်ရှိ တောင်ထိပ်ပေါ်တွင် နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော အနက်ရောင် ဝတ်စုံနှင့် လူဒါဇင်ပေါင်းများစွာက ဝူရှန်ဂိတ်ရှေ့ရှိ တိုက်ပွဲကို ငုံ့ကြည့်နေကြသည်။

"အဲဒီလူက ဘယ်သူလဲ... ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနေရတာလဲ..."

အနက်ရောင် ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်က အသံနက်ကြီးဖြင့် မေးလိုက်သော်လည်း သူ့အသံတွင် ထိတ်လန့်မှုများကို မဖုံးကွယ်နိုင်ပေ။

သူ့နောက်မှ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်က .

"ခေါင်းဆောင်... အဲဒီလူက ချင်းရှောင်ဂိုဏ်းက ဝူမန်အာ... လီချင်းချိုးရဲ့ ပဉ္စမဂျူနီယာညီလေးပါ..."

"ချင်းရှောင်ဂိုဏ်းကပဲလား... သိုင်းနတ်ဘုရားဆေးလုံး သောက်ထားတဲ့ လျဲ့ဝူတောင် သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတော့ လျှို့ဝှက်မြို့စားမင်းက ငါတို့ကို ဒီလွှတ်လိုက်တာ အံ့သြစရာ မဟုတ်တော့ဘူး..."

ခေါင်းဆောင်ဟုခေါ်သော အနက်ရောင် ဝတ်စုံနှင့် လူက နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်လေသည်။

"တောင်အောက်ဆင်းဖို့ ပြင်... ငါတို့ရဲ့ အဓိက ရည်မှန်းချက်က ချင်းရှောင်ဂိုဏ်းက ဝူမန်အာကို ဖမ်းဖို့ပဲ... မှတ်ထား... အရှင်ဖမ်းရမယ်... အသေမဖမ်းနဲ့..."

အနက်ရောင် ဝတ်စုံနှင့် လူဒါဇင်ပေါင်းများစွာ တပြိုင်နက် အမိန့်နာခံကြောင်း အသံပြုပြီးသည်နှင့် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော အော်မြည်သံ တစ်ခု ထွက်ပေါ်လာသဖြင့် သူတို့ မော့ကြည့်လိုက်ကြသည်။ထိုစဉ် မည်းမှောင်သော အရိပ်တစ်ခု ကောင်းကင်အမြင့်တွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသော်လည်း ဝေးကွာလွန်းသဖြင့် ဘာကောင်မှန်း သဲကွဲစွာ မမြင်ရပေ။

ခေါင်းဆောင်ဆိုသူ အကြည့်လွှဲရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသဖြင့် သူနှင့် အခြား အနက်ရောင် ဝတ်စုံနှင့် လူများ အလိုအလျောက် ကြွက်သားများ တင်းမာသွားကြပြီး အနီးနားရှိ သစ်ပင်များ ဖိအားကြောင့် ပုံပျက်သွားကြသည်။

သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်မှ လေတိုးသံ တစ်ခု ထွက်ပေါ်လာပြီး အေးစက်သော အလင်းရောင် တောက်ပနေသည့် ဓားတစ်လက် ထိုးဆင်းလာကာ သူတို့အလယ်ရှိ ကျောက်ကမ်းပါးပေါ်တွင် စိုက်ဝင်သွားသည်။ထို့ကြောင့် လေပြင်းများ တိုက်ခတ်သွားပြီး မြက်ပင်စများ နေရာအနှံ့ လွင့်ပျံသွားကာ ကြီးမားသော ကွင်းပြင်တစ်ခု ရှင်းလင်းသွားသည်။

ခေါင်းဆောင်ဆိုသူက ခေါင်းလှည့်ကြည့်လိုက်ရာ မျက်နှာဖုံးအောက်ရှိ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ရှေ့တွင် ဓားတစ်လက် စိုက်ဝင်နေပြီး လူတစ်ယောက်က ဓားလက်ကိုင်ရိုးပေါ်တွင် ခြေတစ်ဖက်တည်းဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်.

လီချင်းချိုး!

နေရောင်ခြည် အောက်တွင် သူရဲကောင်း ဝတ်စုံ ဝတ်ဆင်ထားသော်လည်း သူသည် လောကီလူသား မဟုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

လီချင်းချိုး၏ ပုံရိပ်ကို မြင်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူဒါဇင်ပေါင်းများစွာ လန့်ဖျပ်ပြီး နောက်ဆုတ်သွားကြသည်။ သူတို့ လီချင်းချိုးကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြပြီး မော့ကြည့်လိုက်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ပုံရိပ်မှလွဲ၍ ကောင်းကင်တွင် အခြား ပုံရိပ်မရှိ၊ တိမ်တစ်တိုက်ပင် မရှိသည်ကို တွေ့လိုက်ရသည်။

"မင်း..."

ခေါင်းဆောင်ဆိုသူ ထိတ်လန့်နေချေပြီ။ လီချင်းချိုး ဘယ်က ရောက်လာမှန်း သူ နားမလည်နိုင်ပေ။ ကောင်းကင်ပေါ်ကနေ တကယ် ပြုတ်ကျလာတာလား...

အခြား အနက်ရောင် ဝတ်စုံနှင့် လူများလည်း ကြောက်လန့်နေကြပြီး လီချင်းချိုးကို လူလား တစ္ဆေလား မခွဲခြားနိုင် ဖြစ်နေကြသည်။

လီချင်းချိုးက ဓားလက်ကိုင်ရိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး ဘေးတွင် ရပ်ကာ လက်မြှောက်၍ ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်ပြီး..

"ငါ့ဂျူနီယာညီလေးကို ဖမ်းဖို့ တောင်အောက်ဆင်းချင်ရင် ငါ့ကို အရင် ကျော်ဖြတ်ရမယ်..."

ဂျူနီယာညီလေး...

ထိုအခါမှသာ ခေါင်းဆောင်ဆိုသူ သတိပြန်ဝင်လာပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။

"မင်းက ချင်းရှောင်ဂိုဏ်းက ဘယ်သူလဲ..."

"လီချင်းချိုး..."

ထိုအမည်သုံးလုံးက အနက်ရောင် ဝတ်စုံနှင့် လူအုပ်စုကို ပိုမို ကြောက်ရွံ့သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုး၏ လက်ချက်ဖြင့် နတ်ဆိုးဧကရာဇ် သေဆုံးခဲ့ကြောင်း သူတို့အားလုံး သိထားသောကြောင့် ဖြစ်သည်။

လီချင်းချိုးက ဓားကို မြှောက်လိုက်ပြီး ခေါင်းဆောင်ဆိုသူကို ချိန်ရွယ်ကာ

"လာလေ... မင်းတို့ကို ငါ ဝိုင်းထားတယ်... ပြေးစရာ နေရာမရှိဘူး..."

ထိုစကားလုံးများက ခေါင်းဆောင်ဆိုသူကို ဒေါသထွက်စေသဖြင့် ချက်ချင်း ဓားကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။

"မောက်မာလိုက်တာ...သူ့လက်တွေ ခြေထောက်တွေကို ဖြတ်ပြီးမှ မြို့တော်ကို ပြန်ခေါ်သွားမယ်..."

အမိန့်ရသည်နှင့် အနက်ရောင် ဝတ်စုံနှင့် လူဒါဇင်ပေါင်းများစွာက ချက်ချင်း ဓားများကို ဆွဲထုတ်ပြီး လီချင်းချိုးကို တိုက်ခိုက်ကြလေတော့သည်။

တောင်အောက်တွင် ဖရိုဖရဲ စစ်မြေပြင် ဖြစ်နေပြီး တောင်ပေါ်တွင် ပြင်းထန်ပြီး သေစေနိုင်သော တိုက်ပွဲ ဖြစ်ပွားနေသည်။

ဓားချင်း ထိခိုက်သံများ အဆက်မပြတ် ထွက်ပေါ်နေကာ လီချင်းချိုးက မည်သည့် ဂါထာကိုမျှ မသုံးဘဲ သိုင်းနတ်ဘုရားဆေးလုံး သောက်သုံးထားသော ဤအနက်ရောင် ဝတ်စုံနှင့် လူများကို ဓားသိုင်း သက်သက်ဖြင့် တိုက်ခိုက်နေသည်။

ဤအနက်ရောင် ဝတ်စုံနှင့် လူများက ဆုရှီးလင်လို နယ်ပယ်ဝင် သိုင်းသမားများထက် များစွာ သာလွန်ပြီး ကျောက်လင်းလုံထက်ပင် ပိုမို သန်မာကြသည်။

ကျောက်လင်းလုံက နက်ရှိုင်းသော ယင်ပညာရပ်ကို ကျင့်ကြံထားပြီး ဝိညာဉ်စွမ်းအား နှစ် ၂၀၀ ပိုင်ဆိုင်ထားတယ်ဆိုတာတော့ သိထားရမယ်...

သိုင်းနတ်ဘုရားဆေးလုံးက သာမန် မဟုတ်ဘူးပဲ...

လီချင်းချိုးက သူတို့၏ သွေးလည်ပတ်မှု ရပ်တန့်နေကြောင်း အာရုံခံနိုင်ပြီး သူတို့ခန္ဓာကိုယ်ထဲတွင် လွှမ်းမိုးသော စွမ်းအားတစ်ခု လှည့်ပတ်နေသကဲ့သို့ ခံစားရသည်။

ဒါက သိုင်းနတ်ဘုရားဆေးလုံး ရဲ့ အာနိသင် ဖြစ်ရမယ်...

ဤအနက်ရောင် ဝတ်စုံနှင့် လူများအားလုံး အလွန် လျင်မြန်ပြီး ဖျတ်လတ်ကြသည်။ အကယ်၍ သူတို့ကို စစ်မြေပြင်တွင် ထားလိုက်ပါက ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေမည်။

ကံဆိုးစွာဖြင့် လီချင်းချိုးက ပိုမို လျင်မြန်ပြီး သူတို့ လမ်းကြောင်းချင်း ဆုံမိတိုင်း ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

လီချင်းချိုး သူတို့ကို သတ်ရန် အလျင်မလိုပေ။ သူတို့၏ အကန့်အသတ်ကို သိချင်နေသေးသည်။

ခေါင်းဆောင်ဆိုသူက ဓားကို ဝှေ့ယမ်းပြီး ဓားချီစွမ်းအင်များ ထုတ်လွှတ်လိုက်ရာ လီချင်းချိုး အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

လီချင်းချိုး တစ္ဆေတစ်ကောင်အလား နီးကပ်လာသည်ကို မြင်သောအခါ ခေါင်းဆောင်ဆိုသူ လန့်ဖျပ်သွားပြီး လေထဲသို့ ခုန်တက်ကာ ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

အနက်ရောင် ဝတ်စုံနှင့် လူလေးယောက်ကလည်း မတူညီသော ဘက်များမှ ဓားများကို ဝှေ့ယမ်းလိုက်ရာ ဓားချီစွမ်းအင်များ စစ်မြေပြင်ကို လွှမ်းမိုးသွားပြီး လီချင်းချိုး ပုန်းအောင်းစရာ နေရာမရှိ ဖြစ်သွားသည်။

သို့သော် လီချင်းချိုး ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့၏ ဓားချီစွမ်းအင်များကို ဖြိုခွင်းလိုက်သည်ကို မြင်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူများ ကြောက်ရွံ့သွားကြသည်။

သူတို့ ထိုသို့သော ပြိုင်ဘက်မျိုး တစ်ခါမှ မကြုံဖူးပေ။ လီချင်းချိုး၏ စွမ်းအားက သူတို့ကို လုံးဝ အားကိုးရာမဲ့ ဖြစ်သွားစေသည်။

သို့သော်လည်း ကျင်းဝူအစောင့်တပ်သားဖြစ်သောကြောင့် သူတို့ ထွက်မပြေးကြပေ။

ပြင်းထန်သော တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး လီချင်းချိုးဘက်က လှုပ်ရှားမှုများကို အဆက်မပြတ် ပြောင်းလဲနေသဖြင့် အနက်ရောင် ဝတ်စုံနှင့် လူများ ဒဏ်ရာ ပိုမို ရရှိလာကြသည်။

အမွှေးတိုင် တစ်ဝက်စာ ခန့် ကြာပြီးနောက် အချို့လူများ ဆက်လက် တောင့်မခံနိုင်တော့ဘဲ ဒူးထောက် ကျသွားကြကာ ခန္ဓာကိုယ်မှ သွေးများ အလွန်အကျွံ ထွက်နေပြီး နောက်ဆုံးတွင် သွေးအိုင်ထဲသို့ လဲကျသွားကြသည်။

ခေါင်းဆောင်ဆိုသူလည်း ဒဏ်ရာများ ပြည့်နှက်နေပြီး လှုပ်ရှားမှု နှေးကွေးသွားသည်။ ဝိုင်းရံခံထားရသော လီချင်းချိုးကို ကြည့်ရင်း ကြောက်ရွံ့မှုနှင့် ဆုတ်ခွာချင်စိတ်များ ရင်ထဲတွင် ပြည့်နှက်လာသည်။

"မင်းတို့ မပြေးတာ ပိုကောင်းမယ်... ပြေးရင် ငါ စိတ်ဆိုးသွားလိမ့်မယ်... အဲဒီကျရင် သေရမှာ ဖြစ်ပေမဲ့ ပိုပြီး ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရလိမ့်မယ်..."

အေးစက်စွာ ပြောလိုက်သော စကားလုံးများကြောင့် အနက်ရောင် ဝတ်စုံနှင့် လူများ ရိုးတွင်းခြင်ဆီထိ အေးခဲသွားကြသည်။ သူတို့အားလုံး လျှို့ဝှက်မြို့စားမင်းကို ကြည့်နေရသလို ကြောက်ရွံ့သော မျက်လုံးများဖြင့် လီချင်းချိုးကို ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် လီချင်းချိုး၏ မျက်စိရှေ့တွင် အသိပေးချက် တစ်ခု ရုတ်တရက် ပေါ်လာသည်။

[သင့်ဂိုဏ်းတွင် ဝိညာဉ်စုစည်းမှု အစီအရင် ကို ပထမဆုံးအကြိမ် ဖန်တီးသူ ရှိလာပြီး ဂိုဏ်း၏ အစီအရင်လမ်းစဉ် ကို ဖွင့်လှစ်ပေးလိုက်သည့်အတွက် သင့်အား ကံကောင်းခြင်း အခွင့်အရေး တစ်ကြိမ် ပေးသနားလိုက်သည်]

ဝိညာဉ်စုစည်းမှု အစီအရင်...

ဘယ်ပါရမီရှင်က ဖန်တီးလိုက်တာလဲ...

လီချင်းချိုး အလွန် ဝမ်းသာသွားသည်။ တပည့်တစ်ယောက်က သူ့ကို မျှော်လင့်မထားသော ပျော်ရွှင်မှု ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

All Chapters