← Chapters

မသေမျိုး လမ်းစဉ်

Vol. 12 Ch. 119

မသေမျိုး လမ်းစဉ်

Vol. 12 Ch. 119

အဆင့်နိမ့် မိစ္ဆာနယ်မြေ ဟုတ်လား...

လီချင်းချိုး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ပထမဆုံး အတွေးမှာ ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်ခြင်း ဖြစ်သော်လည်း ကံကောင်းခြင်းဆိုသည်မှာ ခြိမ်းခြောက်မှု မရှိဘဲ ကြီးမားသော အကျိုးအမြတ်များ ရရှိစေမည့် နေရာသို့သာ လမ်းညွှန်မည် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

မိစ္ဆာတွေက ဘာပေးနိုင်မလဲ...

ဆေးလုံးဖော်စပ်ခြင်းနဲ့ ပစ္စည်းကိရိယာ ဖန်တီးခြင်း အတွက် ကုန်ကြမ်းပစ္စည်းတွေလား...

လီချင်းချိုး ဤအဆင့်နိမ့် မိစ္ဆာနယ်မြေ ဘယ်နေရာမှာ ရှိသလဲ ဆိုတာကို ပိုမို သိချင်နေသည်။ ဒဏ္ဍာရီလာ ဝင်ရောက်ခွင့် တားမြစ်ထားသော နယ်မြေတစ်ခု ဖြစ်နေမလား..

ငါ အရင်က မိစ္ဆာတွေနဲ့ တွေ့ဖူးတယ်... ဝိညာဉ်တစ်ထောင်သစ်ပင်ဆိုတာ သစ်ပင်မိစ္ဆာပဲ... တောနက်ထဲမှာ ပုန်းအောင်းနေတာ... ဒါက ကမ္ဘာပေါ်မှာ မိစ္ဆာတွေ ရှိနေတယ်ဆိုတာ ပြသနေတယ်... ဒါပေမဲ့ အရေအတွက် သိပ်မများဘူး... ပြီးတော့ ကမ္ဘာလောကကြီးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု မရှိဘူး...

ကံကောင်းခြင်း လမ်းညွှန်မှုကို ချက်ချင်း လက်ခံလိုက်ရာ သူ့အသိစိတ်လည်း ယခင်အတိုင်း အိပ်မက်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

တစ်နာရီ ကြာပြီးနောက်.....

လီချင်းချိုး မျက်လုံးဖွင့်လိုက်ရာ တင်းကျပ်နေသော မျက်ခုံးများ ပြေလျော့သွားသည်။ အဆင့်နိမ့် မိစ္ဆာနယ်မြေဆိုသည်မှာ တောနက်ထဲတွင် ပုန်းကွယ်နေပြီး အစီအရင် တစ်မျိုးမျိုးဖြင့် သီးခြားခွဲထုတ်ထားသော နေရာဖြစ်သည်။ အထဲရှိ မိစ္ဆာသားရဲများက အလွန်အမင်း စွမ်းအားကြီးမားခြင်း မရှိဘဲ သာမန် သားရဲများထက်သာ ပိုမို သန်မာကြသဖြင့် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ကိုင်တွယ်နိုင်သည်။

မိစ္ဆာနယ်မြေ ဖုံးကွယ်ကျန်ရစ်ခဲ့ရခြင်းမှာ အစီအရင်ကိုဖွင့်ရန် ဝိညာဉ်ကျောက်တုံး လိုအပ်သောကြောင့်ဖြစ်ပြီး သာမန်လူများ အနေဖြင့် ဝိညာဉ်ကျောက်တုံးကို ရှာတွေ့ရန် ခက်ခဲသလို အသုံးပြုရန်လည်း မဖြစ်နိုင်ပေ။

အန္တရာယ် မရှိဘူး... လီတုန်းယွဲ့ကို ခေါ်သွားလို့ ရတယ်...

မိစ္ဆာနယ်မြေ အတွင်းရှိ ဝိညာဉ်ချီက မိစ္ဆာများကို မွေးဖွားပေးနိုင်လောက်အောင် ထူးခြားနေရမည် ဖြစ်ပြီး ဝိညာဉ်ဆေးပင် အများအပြားကိုလည်း သူ တွေ့မြင်ခဲ့ရသည်။

ဤ ကံကောင်းခြင်းက ယခင် ကံကောင်းခြင်းများထက်များစွာ တန်ဖိုးရှိပြီး မိစ္ဆာနယ်မြေက ကုကျိုးစီရင်စု အတွင်းတွင် တည်ရှိသဖြင့် သိပ်မဝေးလှပေ။

ဝေးကွာခြင်း မရှိသော်လည်း ပြဿနာ ပေါ်ပေါက်လာပါက သတင်းပို့ရန် ချက်ချင်း မဖြစ်နိုင်သဖြင့် တယ်လီပို့အစီအရင်ကို အသုံးပြုချင်စိတ် ပြင်းပြလာသည်။

သေချာတာပေါ့... သူ တွေးရုံပဲ တွေးလို့ ရမှာပါ... ချင်းရှောင်ဂိုဏ်းအနေနဲ့ ကာလတို အတွင်း တယ်လီပို့ အစီအရင်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် သူ အလျင်မလိုပါဘူး...

လက်ရှိ ချင်းရှောင်ဂိုဏ်းက မင်းဆက်၏ ပြည်တွင်းပြဿနာများကို ကိုင်တွယ်ရန် လုံလောက်ပြီး သူသည်လည်း ဂိုဏ်းကို ဖြည်းဖြည်းချင်း တည်ဆောက်ကာ ကမ္ဘာလောကကို စူးစမ်းလေ့လာရသည့် ခံစားချက်ကို နှစ်သက်နေမိသည်။

နေမင်း ထွက်ပေါ်လာသောအခါ လီတုန်းယွဲ့က မနက်စောစောတွင် ထမင်းဟင်း ပြင်ဆင်ပြီး လီချင်းချိုး အိမ်ထဲမှ ထွက်လာမည်ကို စောင့်ဆိုင်းနေသည်။

အပြာရောင် ဂိုဏ်းချုပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကောင်းကင်သက်တံဓား ချိတ်ဆွဲထားသော လီချင်းချိုး ထွက်လာပြီး စားပွဲတွင် ထိုင်ကာ လီတုန်းယွဲ့ ပြင်ဆင်ပေးထားသော အစားအစာကို စားသုံးလိုက်သည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ အစားအစာ လိုအပ်ချက် လျော့နည်းလာသည်ကို တွေ့ရှိလိုက်ရသည်။ ယခုအခါ မူလချီဖြင့် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းထားနိုင်ပြီး အစားစားခြင်းမှာ ခံတွင်းတွေ့စေရန်သာ ဖြစ်သည်။

"အစ်ကိုကြီး... ဒီနေ့ ဘယ်သွားကြမလဲ..."

"အိပ်မက်ထဲမှာ အင်မော်တယ်ဆီက လမ်းညွှန်မှု တောင်းခဲ့တယ်... သူက ငါတို့ဂိုဏ်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မယ့် မင်္ဂလာနယ်မြေ တစ်ခုကို လမ်းညွှန်ပေးခဲ့တယ်..."

"အဲဒီလောက်တောင် ဆန်းကြယ်တာလား..."

လီတုန်းယွဲ့ သက်ပြင်းချလိုက်သော်လည်း စိတ်ထဲတွင် မယုံကြည်ပေ။ လီချင်းချိုးက ဝူရှန်ဂိတ်မှ ပြန်လာစဉ် ထိုနေရာကို တွေ့ရှိခဲ့ပြီး လူအင်အား လိုအပ်သဖြင့် သူမကို ခေါ်ဆောင်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

"ယုံကြည်စိတ်ချရတဲ့ လူတချို့ ထပ်ခေါ်သွားသင့်လား..."

"လောလောဆယ် မလိုသေးပါဘူး... အရင် သွားကြည့်ကြတာပေါ့... ပြဿနာ မရှိရင် နောက်မှ လူတွေ ခေါ်လာလို့ ရပါတယ်... မင်္ဂလာနယ်မြေကို မင်းရဲ့ လင်းစိုင်ခန်းမကို လွှဲပေးလိုက်မယ်..."

လီချင်းချိုး ထိုသို့သာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ အိပ်မက်ထဲတွင် မိစ္ဆာနယ်မြေကို တွေ့ကြုံခံစားပြီးပြီ ဖြစ်သဖြင့် ယခုအချိန်တွင် သိပ်စိတ်မလှုပ်ရှားတော့ပေ။

စားသောက်ပြီးနောက် မိစ္ဆာနယ်မြေကို ရှာဖွေရန် ချက်ချင်း မထွက်ခွာသေးဘဲ ထျန်ကုန်းးခန်းမသို့ သွားရောက်ကာ မင်းကွမ်း၏ ဝိညာဉ်စုစည်းမှု အစီအရင် ကို စစ်ဆေးကြည့်ရှုလိုက်သည်။

ဂိုဏ်းချုပ် လာရောက်လည်ပတ်သည်ကို မြင်သောအခါ မင်းကွမ်း အလွန် စိတ်လှုပ်ရှားနေပြီး လီချင်းချိုး၏ မေးခွန်းများကို ထစ်ထစ်ငေါ့ငေါ့ ဖြေကြားနေသည်။

ဤ ဝိညာဉ်စုစည်းမှု အစီအရင်က အတော်လေး ရိုးရှင်းသည်။ ဝိညာဉ်ချီ စုစည်းမှု နှုန်းကို ကြည့်လျှင် ဝိညာဉ်ချီ စုဆောင်းရန်သာ ခွင့်ပြုထားပုံ ရသည်။သို့သော်လည်း ကျင့်ကြံမှုနှုန်းကို ထိရောက်စွာ မြှင့်တင်ပေးနိုင်သည်။ အစီအရင် အတွင်း တစ်ရက် ကျင့်ကြံခြင်းက အပြင်ဘက်တွင် တစ်ရက်ခွဲ ကျင့်ကြံခြင်းနှင့် ညီမျှသဖြင့် အတော်လေး ထူးခြားပြီး လီချင်းချိုးကို အလွန် ကျေနပ်စေသည်။

လီချင်းချိုးက မင်းကွမ်းကို အားပေးစကား အနည်းငယ် ပြောကြားပြီးနောက် ထွက်ခွာလာခဲ့သည်။

...............

မိစ္ဆာနယ်မြေသည် ကုကျိုးစီရင်စု မြောက်ဘက် တောနက်ထဲတွင် တည်ရှိပြီး အခြားတစ်ဖက်တွင် တုန်းလင်းစီရင်စု တည်ရှိသည်။

လီချင်းချိုးနှင့် လီတုန်းယွဲ့တို့ ရှောင်ပါးကို စီးနင်းနေသဖြင့် လီတုန်းယွဲ့အဖို့ ကမ္ဘာမြေကြီးကို အမြင့်မှ ပထမဆုံးအကြိမ် ငုံ့ကြည့်ဖူးခြင်းဖြစ်သဖြင့် လီစစ်ကျင် ဖြစ်သွားသလို အလွန် စိတ်လှုပ်ရှားနေပြီး လီချင်းချိုးကို မေးခွန်းများ မရပ်မနား မေးမြန်းနေသည်။

ယခင်က သူမ တောင်အောက်ဆင်းခဲသဖြင့် ခေါ်သွားရန် လီချင်းချိုး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမတွင် ကျယ်ပြန့်သော ကမ္ဘာကြီးအပေါ် စူးစမ်းလိုစိတ် ရှိကြောင်း သိသဖြင့် အပန်းဖြေရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။

လီစစ်ကျင်ကို မခေါ်လာရခြင်းမှာ လီစစ်ကျင်က လီတုန်းယွဲ့လောက် မတည်ငြိမ်သောကြောင့် ဖြစ်သည်။ နောက်မှ အခွင့်အရေး ရှာပြီး လီစစ်ကျင်ကို ခေါ်လာမည်။

နာရီဝက်ခန့် ပျံသန်းပြီးနောက် လီချင်းချိုး ရှောင်ပါးကို တောင်တန်းများနှင့် လယ်ကွင်းပြင်များတွင် ဆင်းသက်စေလိုက်သည်။ သူ လီတုန်းယွဲ့နှင့်အတူ ဆင်းလိုက်ပြီး ရှောင်ပါး အတောင်ပံ ခတ်ကာ ပျံတက်သွားပြီး တောင်ထိပ် နောက်ကွယ်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

လီတုန်းယွဲ့ လှည့်ကြည့်လိုက်သော်လည်း ရှောင်ပါးကို မမြင်ရတော့ပေ။

"အစ်ကိုကြီး... ရှောင်ပါးက ဆဌမမောင်လေးရဲ့ ချီလင်ကောင်လိုပဲ လူသားဆန်လာတယ်လို့ ခံစားရတယ်..."

"ဘာပဲဖြစ်ဖြစ် သူလည်း သိုင်းကျင့်နေတာပဲလေ..."

လီချင်းချိုး မှတ်မိသော လမ်းကြောင်းအတိုင်း လျှောက်သွားလိုက်တော့

လီတုန်းယွဲ့ နောက်မှ လိုက်ပါလာပြီး စူးစမ်းလိုစိတ်ဖြင့် တခုပြီးတခုမေးမြန်းလေတော့သည်။

"အစ်ကိုကြီး... လူမဟုတ်တဲ့ သတ္တဝါတွေလည်း ကျင့်ကြံလို့ရလား... ဟွမ်ယွမ်ကျမ်းစာ... ဒီ ဟွမ်ယွမ်ကျမ်းစာက တကယ်ပဲ သိုင်းပညာ ဟုတ်ရဲ့လား..."

"သိုင်းပညာ မဟုတ်ရင် ဘာဖြစ်မလဲ...အင်မော်တယ် ကျင့်စဉ်လား..."

"သိလား... အရင်ကတော့ မယုံဘူး... အခုတော့ ယုံသွားပြီ..."

"ဟားဟား... ဒါဆို ယုံလိုက်ပါ..."

မိစ္ဆာနယ်မြေ ရောက်ရန် မိုင်ပေါင်းများစွာ လိုသေးသည်။ စောသေးသည်ကို မြင်သဖြင့် သူ လီတုန်းယွဲ့ကို လမ်းလျှောက်ခေါ်သွားလိုက်သည်။ မိစ္ဆာနယ်မြေထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလျှင် အနည်းငယ် ပုံကြီးချဲ့ရာ ရောက်မည် ဖြစ်သဖြင့် အနီးနားတွင် လှည့်လည်သွားလာရင်း မတော်တဆ တွေ့ရှိသကဲ့သို့ ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

တောင်တန်းများနှင့် သစ်တောများမှာ လှပပြီး မြေမျက်နှာသွင်ပြင်မှာ မမတ်စောက်ဘဲ မြင်ကွင်း ကျယ်ပြန့်သည်။ တောင်ကုန်းတလျှောက် လေနုအေး တိုက်ခတ်နေသဖြင့် သူတို့နှစ်ဦးကို စိတ်ကြည်နူးစေသည်။

စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် လီတုန်းယွဲ့က လင်းစိုင်ခန်းမအတွက် သူမ၏ အစီအစဉ်များကို စတင် ပြောပြလေတော့သည်။ လီချင်းချိုးကလည်း အာရုံစိုက် နားထောင်ပြီး ရံဖန်ရံခါ အကြံဉာဏ်များ ပေးခဲ့သည်။

လီချင်းချိုး ရုတ်တရက် အချက်တစ်ချက်ကို သတိပြုမိလိုက်သည်။ ငယ်စဉ်ကတည်းက လီတုန်းယွဲ့နှင့် နှစ်ယောက်တည်း ခရီးထွက်ဖူးခြင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က အမြဲတမ်း အခြား ဂျူနီယာညီလေး၊ ညီမလေးများ ပါလာလေ့ ရှိသည်။

ဂျူနီယာညီလေး၊ ညီမလေးများ ထဲတွင် ကျန်းယွီချွန်းက စိတ်ရှည်ပြီး အရည်အချင်း အရှိဆုံး ဖြစ်လျှင် လီတုန်းယွဲ့က အနူးညံ့ဆုံးဖြစ်ပြီး တစ်ခါမှ ဒေါသမထွက်ဖူးပေ။ အကြိမ်များစွာ လီချင်းချိုးနှင့် ဂျူနီယာညီလေး၊ ညီမလေးများ ပဋိပက္ခ ဖြစ်သောအခါ သူမ ကြားဝင် ဖြေရှင်းပေးလေ့ ရှိသည်။

လီတုန်းယွဲ့ တောင်ပေါ်သို့ ရောက်လာကတည်းက မည်သည့်အရာမျှ မတောင်းဆိုဖူးဘဲ အမြဲတမ်း အလွန် လိမ္မာသည်။

ဆရာသခင့် ကျောပေါ်တွင် တွယ်ကပ်ပြီး ကြောက်ရွံ့စွာ မော့ကြည့်နေသော သူမကို လီချင်းချိုး မှတ်မိနေသေးသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်များစွာ ကုန်လွန်သွားခဲ့ပြီ။ သူမသည်လည်း အတန်းတစ်ခုကို ဦးဆောင်နိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော ကျက်သရေရှိသည့် အမျိုးသမီးပျိုလေး တစ်ဦး ဖြစ်လာခဲ့ပြီ။

အိမ်တွင်းစီမံခန့်ခွဲမှု အရည်အချင်းအရ သူမသည် ကျန်းယွီချွန်းပြီးလျှင် ဒုတိယလိုက်ပြီး ကျန်းကျောက်ရှားပင် သူမကို မယှဉ်နိုင်ပေ။

လီတုန်းယွဲ့တွင် အထူးထူးချွန်သော အရည်အချင်း မရှိသော်လည်း ထင်ရှားသော အားနည်းချက်လည်း မရှိပေ။ တပည့်တစ်ယောက် အနေဖြင့် သူမ၏ အဆင့်အတန်းက အမြဲတမ်း အလယ်အလတ်တွင် ရှိနေသည်။

"စတုတ္ထဂျူနီယာညီမလေး... စစ်ဖုန်းက အံ့သြဖွယ် ကောင်းတဲ့ ဘဝကို လိုက်စားတယ်... ငါက မသေမျိုးလမ်းစဉ်ကို လိုက်စားချင်တယ်... မင်းကရော... ဒီဘဝမှာ မင်းရည်မှန်းချက်က ဘာလဲ..."

"ဒါဆို ကျွန်မလည်း မသေမျိုးလမ်းစဉ်ကို လိုက်စားမယ်..."

"မသေမျိုး ဆိုတာ တကယ် ရှိမရှိ ဘာလို့ မမေးတာလဲ..."

"အစ်ကိုကြီးက လိုက်စားတယ်လို့ ပြောမှတော့ ဘဝဆုံးတဲ့အထိ မရောက်ခင် မရှိဘူးလို့ ဘယ်လို ငြင်းလို့ရမှာလဲ..."

လီတုန်းယွဲ့ လေးလေးနက်နက် ပြောလိုက်ပြီး ခြေလှမ်း အရှိန်မြှင့်ကာ ရှေ့သို့ လျှောက်သွားပြီး အဝေးမှ တောင်တန်းများကို ညွှန်ပြကာ ....

"အစ်ကိုကြီး... ဟိုတောင်ကို ကြည့်လိုက်... အဲဒါက အရမ်း မြင့်တယ်... နှစ်ထောင်ပေါင်းများစွာ၊ ဒါမှမဟုတ် ပိုကြာကြာ တည်ရှိနေမှာ သေချာတယ်... လူတွေအတွက်တော့ သူ့သက်တမ်းက မသေမျိုး ဖြစ်ခြင်းနဲ့ တူတူပဲ မဟုတ်ဘူးလား..."

လီချင်းချိုး သူမ၏ စကားများတွင် ဒဿန အမြင်အချို့ကို တွေ့လိုက်ရသဖြင့် သူ့စိတ်အခြေအနေ ကောင်းမွန်သွားသည်။ အကယ်၍ ဂျူနီယာညီလေး၊ ညီမလေးများ အားလုံး ဂုဏ်ဒြပ်နှင့် စည်းစိမ်ဥစ္စာကို လိုက်စားပြီး ဤဘဝ၏ ပျော်ရွှင်မှုများကိုသာ ဂရုစိုက်နေကြလျှင် သူ မလွဲမသွေ အထီးကျန်နေပေလိမ့်မည်။

"ဟုတ်တယ်... မသေမျိုး ဖြစ်ခြင်းက နေရာတိုင်းမှာ ရှိတယ်... ဒါပေမဲ့ ဘယ်လို ရယူရမလဲ ဆိုတာ စဉ်းစားဖို့ လိုတယ်..."

သူတို့နှစ်ဦး အကြောင်းအရာ စုံလင်စွာ ပြောဆိုကြပြီး အတွေးများနှင့် စိုးရိမ်ပူပန်မှုများကို လွှတ်ချကာ လက်ရှိ အခိုက်အတန့်၏ ငြိမ်းချမ်းမှုကို ခံစားနေကြသည်။

မိုင်ပေါင်းများစွာ ခရီးနှင်ပြီးနောက် မြူခိုးများစတင် ပေါ်ပေါက်လာသော တောင်ပေါ်သစ်တော တစ်ခုသို့ ရောက်ရှိလာသဖြင့် လီတုန်းယွဲ့ ပိုမို သတိထားလိုက်သည်။

ယခုအခါ လီတုန်းယွဲ့က အနည်းဆုံး မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အစ်ကိုကြီးလည်း ဘေးတွင် ရှိနေသဖြင့် ကြောက်စရာ မလိုပေ။

"ဟေ့... ရှေ့ဆက်မသွားနဲ့တော့..."

အဝေးမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည့်အတွက် သူတို့နှစ်ဦး ခေါင်းလှည့်ကြည့်လိုက်ရာ ဘယ်ဘက်ရှိ တောင်ကုန်းပေါ်တွင် မုဆိုးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သေချာ ကြည့်လိုက်သောအခါ ၁၄ နှစ်၊ ၁၅ နှစ် အရွယ် ကောင်လေး တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ကောက်ရိုးမိုးကာအင်္ကျီ ဝတ်ဆင်ထားပြီး ခါးတွင် ဝါးတောင်း ချိတ်ဆွဲထားကာ လက်ထဲတွင် ပုဆိန်တစ်လက် ကိုင်ထားသည်။

ကောင်လေး အနားကပ်လာသည်ကို သူမ သတိမထားမိခဲ့သည့်အတွက် လီတုန်းယွဲ့ တိတ်တဆိတ် ထိတ်လန့်သွားသည်။

သူမ၏ အာရုံခံနိုင်စွမ်းမှာ ထူးခြားပြီး ပေ ၃၀ အတွင်း သာမန်လူ တစ်ယောက်၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ ကြားနိုင်သည်။

"ဘာလို့ ရှေ့ဆက်သွားလို့ မရတာလဲ..."

"ဒီနေရာကို ထျန်းကျီတောင် လို့ ခေါ်တယ်... ရှေ့ဆက်သွားရင် သစ်ပင်တွေနဲ့ သစ်ရွက်တွေ ပိုထူထပ်လာပြီး နေရောင်ကိုတောင် မြင်ရမှာ မဟုတ်ဘူး... သစ်ပင်ပေါ် တက်ကြည့်ရင်တောင် အပြင်ကို မြင်ရဖို့ ခက်ခဲတယ်... အထူးသဖြင့် မှောင်သွားရင် လမ်းရှာဖို့ ပိုခက်သွားလိမ့်မယ်... ဝင်သွားတဲ့လူ အများစု ပြန်မလာကြဘူး..."

"ဒါဆို မင်းက ဒီနားမှာ ဘာလုပ်နေတာလဲ..."

"ကျွန်တော်က ဒီကနေ ၁၀ မိုင်လောက် ဝေးတဲ့ နေရာမှာ အဘိုးနဲ့ အတူနေတာ... ထျန်းကျီတောင်ထဲ မဝင်ဖို့ အဘိုးက ငယ်ငယ်ကတည်းက သတိပေးထားတယ်..."

"မင်းအဘိုး ဘယ်မှာလဲ... ဒီပတ်ဝန်းကျင် မိုင်ပေါင်းများစွာ အတွင်းမှာ ဘယ်သူမှ ရှိပုံမရဘူး... ဘာလို့ ဒီမှာ နေတာလဲ..."

"ကျွန်တော့်အဘိုး ဆုံးသွားတာ နှစ်အနည်းငယ် ရှိပြီ... အခု ကျွန်တော် တစ်ယောက်တည်းပဲ... ဘယ်သွားရမလဲ မသိလို့ ဒီမှာပဲ နေလိုက်တာ..."

မုဆိုးကောင်လေး မိဘမဲ့ ဖြစ်ကြောင်း ကြားသိရသောအခါ လီချင်းချိုးနှင့် လီတုန်းယွဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး သူ့ကို စုဆောင်းလိုကြသည်။

"အစ်ကိုကြီး... သူက ကျွန်မတို့ဆီ တိတ်တဆိတ် ကပ်လာနိုင်တယ်ဆိုတော့ ပါရမီ တစ်ခုခု ရှိလောက်တယ်..."

လီချင်းချိုးလည်း ထိုကဲ့သို့ပင် တွေးမိသည်။ သေချာတာပေါ့... မုဆိုးကောင်လေး ကပ်လာတာကို သူ သိပါတယ်... လီတုန်းယွဲ့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီးမှ မုဆိုးကောင်လေးရဲ့ ခြေသံနဲ့ အသက်ရှူသံက ပုံမှန်မဟုတ်ဘူး ဆိုတာ ကောက်ချက်ချလိုက်တာ...

"မင်းမှာ သွားစရာ နေရာမရှိရင် ငါတို့ ချင်းရှောင်ဂိုဏ်းထဲ ဝင်ပါလား... ချင်းရှောင်ဂိုဏ်းက ချင်းရှောင်တောင်ပေါ်မှာ ရှိပြီး ဂိုဏ်းသား ထောင်ချီ ရှိတယ်... အဲဒီအထဲက အများစုက မင်းလိုပဲ ဆွေမျိုးမရှိဘဲ ကမ္ဘာလောကထဲမှာ တစ်ယောက်တည်း နေထိုင်နေကြတာ..."

မုဆိုးကောင်လေး ရပ်တန့်သွားပြီး သူ့မျက်နှာ မည်းမည်းပေါ်တွင် တွန့်ဆုတ်နေသော အမူအရာ ပေါ်လာသည်။

"ချင်းရှောင်ဂိုဏ်းက ဘယ်မှာလဲ..."

"ဝေးတယ်... ငါတို့ အလုပ်ပြီးရင် မင်းကို ခေါ်သွားပေးမယ်..."

"ထျန်းကျီတောင်ထဲ ဝင်ရလောက်အောင် ဘာကိစ္စတွေ အလုပ်ရှုပ်နေတာလဲ..."

"ငါတို့က သိုင်းပညာ ကျွမ်းကျင်ကြတယ်... ဒါကြောင့် အန္တရာယ် မရှိဘူး... အရင်ဆုံး ပြောပါ... ချင်းရှောင်ဂိုဏ်းထဲ ဝင်ချင်လား..."

"သိုင်းပညာ ဟုတ်လား..."

"ချင်းရှောင်ဂိုဏ်းထဲ ဝင်ရင် သိုင်းပညာ သင်လို့ရလား..."

"ဒါပေါ့..."

"ကောင်းပြီ... ကျွန်တော် ချင်းရှောင်ဂိုဏ်းထဲ ဝင်မယ်..."

မုဆိုးကောင်လေး အလွယ်တကူ သဘောတူလိုက်ပြီး လီချင်းချိုးတို့ဆီ လျှောက်လာသည်။

လီချင်းချိုး တာအိုမျိုးဆက်စနစ်ကို ချက်ချင်း ဖွင့်လိုက်ပြီး မုဆိုးကောင်လေး၏ ပုံရိပ်ကို ရှာဖွေလိုက်ရာ လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။

[အမည်-ယန်ရွှမ်]

[လိင်- ကျား]

[အသက်- ၁၅]

[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း): ၆၂/၄၅ (အများဆုံး ၁၀၀)]

[ပါရမီ- အလွန်ကောင်းမွန်]

[ဉာဏ်ပညာ- အလွန်ကောင်းမွန်]

[ကံကြမ္မာ- လူသားလမ်းစဉ် ဘိုးဘေး၊ ကောင်းကင်နှင့် မြေကြီး နှလုံးသား]

[လူသားလမ်းစဉ် ဘိုးဘေး- လူလတ်ပိုင်းအရွယ်တွင် ရှေးဟောင်းကျင့်ကြံသူ တစ်ဦး၏ အမွေအနှစ်ကို မတော်တဆ ရရှိပြီး ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိကာ ဤမြေပေါ်သို့ ကျင့်ကြံခြင်း လမ်းစဉ်ကို ယူဆောင်လာသည်။ နောင်လာနောက်သားများက တာအိုဘိုးဘေး ဟု လေးစားစွာ ခေါ်ဝေါ်ကြသည်]

[ကောင်းကင်နှင့် မြေကြီး နှလုံးသား- ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးကို ထူးကဲစွာ အာရုံခံနိုင်စွမ်း ရှိသည်၊ ပန်းများ၊ အပင်များနှင့် သစ်ပင်များ၏ အသိစိတ်ကို အာရုံခံနိုင်ပြီး ယဉ်ကျေးမှု မရှိသော သတ္တဝါများနှင့် ဆက်သွယ်နိုင်သည်]

All Chapters