← Chapters

အခန်း (၅၃၁၁-၅၃၁၅)

Vol. 269 Ch. 5311-5315

အခန်း (၅၃၁၁-၅၃၁၅)

Vol. 269 Ch. 5311-5315

Chapter 5311

"သတ်"

မျောက်သည် လုယွီ၏ နောက်မှ လိုက်ပါလာပြီး စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေထဲသို့ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူ၏လက်ထဲတွင် ရွှေရောင်တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး မင်္ဂလာတိမ်တိုက်များပေါ်တွင် စီးနင်းကာ လျှပ်စီးကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် ဒေါသထွက်နေကာ နတ်ဆိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်နေသဖြင့် ဗုဒ္ဓများပင်လျှင် နောက်ဆုတ်သွားကြရသည်။

မျောက်သည် အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။ သူ့ကို ပိတ်ဆို့တားဆီးထားသော ဗုဒ္ဓဂိုဏ်း၏ အစွမ်းထက်ကျင့်ကြံသူများကို ရင်ဆိုင်ရချိန်တွင် သူသည် အပိုစကားများ ပြောမနေဘဲ ရွှေရောင်တုတ်ကို တိုက်ရိုက်ဝှေ့ယမ်းလိုက်လေသည်။

သူသည် မူလက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်ပြီး သူ့ထံ၌ ပြိုင်ဘက်ကင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အား ရှိသည်။ သူ၏လက်ထဲမှ မသေမျိုးအဆင့်မှော်လက်နက်နှင့် ပေါင်းစပ်လိုက်ချိန်တွင် စွမ်းအားနှစ်ခု ပေါင်းစပ်သွားပြီး ပြိုင်ဘက်ကင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ဘုန်း....ဘုန်း....ဘုန်း...."

ကျယ်လောင်သော ရိုက်နှက်သံ အမြောက်အများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

စိတ်ဝိညာဉ်တောင်ပေါ်ရှိ မရေမတွက်နိုင်သော ဘုရားကျောင်းများတွင် ဗုဒ္ဓကျင့်ကြံသူအမြောက်အများ၏ ကိုးကွယ်မှုကို ခံခဲ့ရသော ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ဘုန်းတော်ကြီးများသည် ချက်ချင်းဆိုသလိုပင် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားကြသည်။

ငိုကြွေးသံများနှင့်အော်ဟစ်သံများ ရောနှောကာ စိတ်ဝိညာဉ်တောင် အထက်တွင် ပဲ့တင်ထပ်နေသည်။ ဤသည်မှာ အတိတ်တွင် အင်အားစုအမြောက်အများ ခြေချဝံ့ခြင်းမရှိသော တားမြစ်နယ်မြေတစ်ခုပင်။ သို့ရာတွင် ယခုအချိန်၌ အတင်းအကြပ် ချိုးဖျက်ဝင်ရောက်ခြင်းကို ခံလိုက်ရလေပြီ။

"ငါ့လမ်းကို ပိတ်တဲ့သူ သေရမယ်"

မျောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ပစ်မှတ်သည် ခြင်္သေ့ကုလားအုတ် တောင်တန်းနှင့် မလှမ်းမကမ်းရှိ မြေအောက်နယ်မြေပင်။

မြေပြင်ကွဲအက်သွားပြီး မြေအောက်၏ နက်ရှိုင်းသောနေရာသို့ ဦးတည်နေသည့် ကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုကျင်းနက်ကြီး၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ဝင်္ကပါများ ပိတ်ဆို့ထားသော်လည်း မျောက်က သူ၏ မသေမျိုးအဆင့် မှော်လက်နက်ဖြင့် အတင်းအကြပ် ရိုက်ချိုးလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအင်များ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ မျောက်သည် ရူးသွပ်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူ့ကို တားဆီးနိုင်မည့်သူ မကျန်တော့ချေ။

သူ၏မျက်လုံးရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ကျယ်ပြောပြီး မီးခိုးငွေ့များ ဖုံးလွှမ်းနေသော စိတ်ဝိညာဉ်သွေးကြောမြစ်ကြီးပင်။

လုယွီ ခွေးနက်ကြီးနှင့် မျောက်...

လူတစ်ယောက်နှင့် နတ်ဆိုးသားရဲနှစ်ကောင်တို့သည် တချိန်က ဤနေရာသို့ ချိုးဖျက်ဝင်ရောက်ပြီး အကြီးအကျယ် လုယက်ခဲ့ဖူးသည်။ နောက်ဆုံးတွင် သူတို့ရရှိခဲ့သော ကြွယ်ဝချမ်းသာမှုများက ပုန်းကွယ်နဂါးစစ်တပ်ကို တပ်ရင်းအမြောက်အများ တိုးချဲ့နိုင်ခဲ့သည်။

သို့ရာတွင် ယခုနှစ်အနည်းငယ် အတွင်းမှာပင် ဗုဒ္ဓဂိုဏ်းသည် ကြီးမားသော ကြွယ်ဝချမ်းသာမှုများကို နောက်တစ်ကြိမ် စုဆောင်းထားပြန်ရာ ကောင်းကင်ဘုံနယ်မြေမှ သူဌေးကြီးအမြောက်အများပင် မြင်တွေ့မိပါက မျက်ခွံလှုပ်သွားနိုင်သည်။

သို့ရာတွင် ဤနေရာသို့ နောက်တစ်ကြိမ် ရောက်ရှိလာချိန်၌ မျောက်၏စိတ်နေသဘောထား သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

မျောက်သည် မက်မောဖွယ်ကောင်းသော ကြွယ်ဝချမ်းသာမှုများကို မကြည့်ဘဲ မြေအောက်ရှိ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ခြေထောက်အောက်ရှိ စိတ်ဝိညာဉ်သွေးကြောများမှ အထွတ်အထိပ် ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေသော်လည်း မျောက်ကို မဆွဲဆောင်နိုင်ပေ။

သူသည် ချိတ်ပိတ်ခံထားရသော အမျိုးသမီး အင်မော်တယ်ကို သွားရှာတော့ပေမည်။

ချင်းရွှီကောင်းကင်လိုဏ်ဂူ၏အရှင်မဖြစ်သော ကျီရှားဧကရီ....

ဤအမည်နာမသည် အိပ်မက်ဆိုးတစ်ခုအလား မူလက လွတ်လပ်ပြီး အထိန်းအကွပ်မဲ့သော မျောက်ကို ချည်နှောင်ထားသည်။ မရေမတွက်နိုင်သော သန်းခေါင်ယံအိပ်မက်များတွင် မျောက်သည် လူးလိမ့်နေပြီး အိပ်မပျော်နိုင်ခဲ့ပေ။ ဤဖြစ်စဥ်အတွင်းတွင် မျောက်သည် မှတ်ဉာဏ်များစွာကို နိုးထလာခဲ့ပြီး ဤအမျိုးသမီး အင်မော်တယ်ကို ကယ်တင်ရန် သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့သည်။

မြေအောက်ရှိ ထောင့်တစ်နေရာတွင် ကြီးမားသော နတ်ဆိုးအရှိန်အဝါသုံးခုသည် မျောက်၏ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပေ၏။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများနှင့် မယုံကြည်နိုင်လောက်အောင် ကြီးမားသော ခန္ဓာကိုယ်များ ရှိသည့် နတ်ဆိုးဧကရာဇ်သုံးပါး ဖြစ်ပြီး ခြင်္သေ့ကုလားအုတ် တောင်တန်းကို အုပ်ချုပ်သူများပင်။

ခြင်္သေ့စိမ်း...ရွှေတောင်ပံ ဖန်းငှက်...အစွယ်ဝါ ဆင်အိုကြီး။

ပိုရွှင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရပြီးနောက် သူတို့သည် ဗုဒ္ဓစွမ်းအား၏ကောင်းချီးကို ရရှိခဲ့ပြီး သူတို့၏စွမ်းအားများကို ပို၍ကြီးမားလာစေခဲ့သည်။

ယခုအချိန်တွင် ဤနတ်ဆိုးဧကရာဇ်သုံးပါးသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြ၏။ စိတ်ဝိညာဉ်တောင်ပေါ်တွင် နေထိုင်ခြင်းသည် ရေရှည်အစီအစဉ်မဟုတ်ကြောင်း သိရှိသဖြင့် သူတို့သည် ဗုဒ္ဓဂိုဏ်း၏ကြွယ်ဝချမ်းသာမှုများကို ယူဆောင်ပြီး ဝေးရာသို့ ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။

ကြီးမားကျယ်ပြန့်သော မြေအောက်စိတ်ဝိညာဉ်သွေးကြောများသည် ဗုဒ္ဓဂိုဏ်းမှ အလွန် လျှို့ဝှက်ထားသော ကိစ္စတစ်ရပ်ပင်။ စိတ်ဝိညာဉ်တောင်ပေါ်ရှိ ဘုရားကျောင်းများမှ ဘုန်းတော်ကြီးအများစုပင်လျှင် စိတ်ဝိညာဉ်သွေးကြောများ၏ တည်နေရာများကို မသိရှိကြချေ။

သို့ရာတွင် မထင်မှတ်ဘဲ ဤနေရာသို့ မျောက် ရောက်ရှိလာခဲ့သည်။

"မင်းပါလား....မင်းလည်း ဗုဒ္ဓဂိုဏ်းရဲ့ ကြွယ်ဝချမ်းသာမှုတွေကို လာလုတာလား... မဖြစ်နိုင်ဘူး"

နတ်ဆိုးဧကရာဇ်သုံးပါးသည် မျောက်တစ်ကောင်တည်း ရောက်လာသည်ကို မြင်တွေ့ချိန်၌ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဆုံးမရှိသော နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မဲ့သော နတ်ဆိုးစွမ်းအားများသည် မြေအောက်ရှိလေဟာနယ်ကို လွှမ်းခြုံသွားတော့သည်။ အရပ်မျက်နှာအဘက်ဘက်ရှိ ကျောက်နံရံများသည် တုန်ခါပြီး အက်ကွဲသွားကာ ကျောက်စကျောက်နများ အဆက်မပြတ် ပြုတ်ကျလာသည်။

"ထွက်သွားစမ်း"

မျောက် ဒေါသထွက်သွားသည်။ သူသည် တုတ်ရှည်ကို ကိုင်ဆောင်ပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လေထုကို ဆုတ်ဖြဲသွားသော စူးရှသည့် အသံများ ထွက်ပေါ်လာပေ၏။

သူတို့သည် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာတိုက်ခိုက်ကြရာ မြေအောက်လေဟာနယ်သည် စုတ်ပြဲလုနီးပါး ဖြစ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး အထက်မှ ကျောက်နံရံကိုပင် ထွင်းဖောက်သွားသည်။

Chapter 5312

တစ်ချိန်တည်းမှာပင် လုယွီသည်လည်း ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်နေရသည်။

အလင်းတိုင်ကြီးငါးတိုင်သည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး တောင်များနှင့်မြစ်များကို လွှမ်းခြုံကာ လုယွီကို အခိုင်အမာဝိုင်းရံထားသော ပိတ်ဆို့မှုတစ်ခုကို ဖန်တီးလိုက်၏။

ထိုအလင်းတိုင်တစ်ခုစီတိုင်းတွင် ခမ်းနားထည်ဝါသော ရွှေရောင်ဗုဒ္ဓတစ်ပါးစီ ရှိနေပြီး သူတို့၏ ခန္ဓာကိုယ်များကို ထူထပ်သိပ်သည်းသော ဗုဒ္ဓကျမ်းစာစာလုံးများက ဝန်းရံထားသည်။ သူတို့ ထွက်ပေါ်လာသည့် အချိန်မှာပင် ကျယ်လောင်သော ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ မဟာတောက်ပခြင်းဗုဒ္ဓ ပေါင်ယွဲ့ဗုဒ္ဓတို့နှင့် မတူသော နောက်ထပ် ဗုဒ္ဓငါးပါး ဖြစ်သည်။ သူတို့၏မှော်စွမ်းအားသည် ကြီးမားပြီး ထိုဗုဒ္ဓတစ်ပါးစီတိုင်းသည် လောကကြီးကို ထိတ်လန့်တုန်လှုပ်စေသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အဆုံးမရှိသော ကျန်းစာရွတ်ဆိုသံများသည် ကျယ်လောင်ပြီး စူးရှနေကာ သောင်းနှင့်ချီသော ဘုန်းတော်ကြီးများက ဗုဒ္ဓကျမ်းစာများကို တညီတညွတ်တည်း ရွတ်ဆိုနေသည့်အလားပင်။

"ချင်ဧကရာဇ်....မင်းက တားမြစ်နယ်မြေထဲကို ဝင်လာခဲ့ပြီ.... မင်းရဲ့ သားသတ်ဓားကို ချပြီး ဒီနေရာမှာတင် ဗုဒ္ဓအဖြစ် ခံယူလိုက်ပါ"

နက်ရှိုင်းသော အသံတစ်သံက မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်။ ဗုဒ္ဓငါးပါး၏နှုတ်ခမ်းများသည် မလှုပ်ရှားသော်လည်း မိုးခြိမ်းသံများ ထွက်ပေါ်နေပေ၏။

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ကျယ်ပြန့်တဲ့ မိုးကောင်းကင်အောက်မှာ ဧကရာဇ်ရဲ့နယ်မြေ မဟုတ်တဲ့ မြေနေရာ ရှိသေးလို့လား...မိုးကောင်းကင်အောက်မှာ ငါ မသွားနိုင်တဲ့ တားမြစ်နယ်မြေ ရှိသေးလို့လား"

ကျယ်လောင်သော ဗုဒ္ဓကျမ်းစာရွတ်ဆိုသံ ထွက်ပေါ်လာပြီးနောက် ဗုဒ္ဓငါးပါးက ပြောဆိုလိုက်သည်။

"ကြည့်ရတာတော့... ချင်ဧကရာဇ် မင်းက နတ်ဆိုးလမ်းစဉ်ထဲကို တကယ်ကြီး ကျရောက်သွားပြီပဲ.... လောကကြီးက သာမန်ပြည်သူတွေအတွက် ချင်ဧကရာဇ်ကို သေပေးဖို့ တောင်းဆိုပါတယ်"

ပြင်းထန်သော ရွှေရောင်အလင်းတန်းများသည် ဗုဒ္ဓငါးပါးထံမှ ပွင့်အံ့ထွက်လာပြီး ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးများအဖြစ် ပြောင်းလဲကာ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

သူတို့ကို စိတ်ဝိညာဉ်တောင်ပေါ်တွင် ထားရစ်ခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားသည်။ ဗုဒ္ဓငါးပါး ကျင့်ကြံထားသော ဗုဒ္ဓကျင့်ကြံနည်းစနစ်များသည် အပြန်အလှန် ဆက်နွယ်နေပြီး ပေါင်းစပ်လိုက်ချိန်၌ သူတို့၏စွမ်းအားသည် မိုးကောင်းကင်ယံကို ထွင်းဖောက်သွားလုမတတ် အလွန်မြင့်မားသည်။

"မင်းတို့မှာ နည်းလမ်းအမျိုးမျိုး ရှိနေရင်တောင် ငါက ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်မယ်"

လုယွီ၏အသံက ကြည်လင်ပြတ်သားပြီး အေးစက်နေသည်။ သူ၏လက်ထဲတွင် မဟာချင်ဓား ထွက်ပေါ်လာကာထက်ရှပြီး အေးစက်သော ဓားချီအလင်းတန်းသည် ပြိုင်ဘက်ကင်းပေ၏။

ဓားတစ်ချက်တည်းဖြင့် လေဟာနယ်ကို ဆုတ်ဖြဲသံ ထွက်ပေါ်လာပြီး မှောင်မိုက်သော ဖရိုဖရဲ စကြာဝဠာကြီး ရုတ်တရက် ကွဲအက်သွားသည့်အလား တောက်ပသော ဓားချီအလင်းတန်းများက အမှောင်ထုကို ဖယ်ရှားလိုက်သည်။

"ဘုန်း...."

မျက်စိတစ်မှိတ်အတွင်း ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးငါးခုသည် တစစီကြေမွှပျက်စီးသွားခဲ့သည်။

လုယွီသည် ကောင်းကင်အုပ်စိုးသူအရှင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏မှော်စွမ်းအားများသာမက သူ အသုံးပြုနေသော ကျင့်ကြံနည်းစနစ်သည်လည်း နက်နဲသိမ်မွေ့သော အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

လုယွီ ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ဗုဒ္ဓတစ်ပါးသည် ထိတ်လန့်တကြားအော်ဟစ်ပြီး လက်စည်းသင်္ကေတများကို ထုတ်ဖော်ကာ မှော်မန္တန်များကို ဆက်တိုက်ထုတ်လွှတ်လိုက်သည်။

"ဘုန်း...ဘုန်း....ဘုန်း..."

ထိုမှော်မန္တန်များ၏စွမ်းအားကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အက်ကွဲသွားသည်။ တောင်များကဲ့သို့ ကြီးမားသော ဗုဒ္ဓကျမ်းစာစာလုံးများ ဆက်တိုက်ကျရောက်လာသည်။ ထိုအရာများမှ ပျံ့နှံ့လာသည့် ကြီးမားသောစွမ်းအားသည် လောကကြီးအတွင်းရှိ အရာအားလုံးကို ဖြိုခွင်းနိုင်ပုံရသည်။

သို့ရာတွင် လုယွီ၏တုံ့ပြန်မှုက ပို၍လျှင်မြန်သည်။ မဟာချင်ဓား အနည်းငယ်တုန်ခါသွားပြီး မျက်စိတစ်မှိတ်အတွင်း သောင်းနှင့်ချီသော ဓားချီများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတဝိုက်ကို လွှမ်းခြုံသွားပေ၏။

ထူထပ်သိပ်သည်းသော ဓားချီများသည် ထိုဗုဒ္ဓအရှင်ကို ပြင်းထန်စွာ ထိုးဖောက်သွားသည်။ ရွှေရောင်ဗုဒ္ဓသည် ကြာပလ္လင်ပေါ်မှ ပြုတ်ကျသွားပြီး စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။

တခြားဗုဒ္ဓလေးပါးသည် ထိတ်လန့်သွားပြီး သူ့ကို ကယ်တင်ရန် ရှေ့သို့ အလျင်အမြန်တိုးလာကြသည်။

သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ လျစ်လျူရှုထားသော အမူအယာမျိုးရှိနေကာ ထိုဗုဒ္ဓလေးပါးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

"ငါ့မှာ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ အားလုံးကို ဖျက်ဆီးနိုင်တဲ့ ဓားတစ်လက် ရှိတယ်"

လုယွီက သူ၏ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ဓားချီသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး တခြားဗုဒ္ဓလေးပါး၏နောက်မှ အလင်းကွင်းများကို ဖျက်ဆီးလိုက်သည်။

"ခရက်...ခရက်..."

အက်ကွဲသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ဗုဒ္ဓလေးပါး၏နဖူးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ဗုဒ္ဓသွေးများ ယိုစီးကျလာပေ၏။ သူတို့သည် မျက်ခုံးအလယ်မှ ကွဲအက်ပြီး သေဆုံးသွားကြလေပြီ။

"ချင်ဧကရာဇ်... အခု မင်း ကျူးလွန်လိုက်တဲ့ အပြစ်တွေက အနာဂတ်မှာ ကပ်ဘေးဆိုက်စေလိမ့်မယ်...မင်း စောင့်ကြည့်နေလိုက်.... ဒီကပ်ဘေးက မကြာခင်မှာ ရောက်လာလိမ့်မယ်"

အသက်ရှင်ကျန်ရစ်သည့် တစ်ပါးတည်းသော ဗုဒ္ဓသည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် လုယွီကိုကြည့်ကာ ကျိန်စာတိုက်လိုက်သည်။

"ငါ စောင့်နေမယ်"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုပြီး မဟာချင်ဓားကို ကန့်လန့်ဖြတ်ခုတ်ပိုင်းကာ ထိုဗုဒ္ဓကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်၏။

ထိုအချိန်မှစ၍ စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သော ဗုဒ္ဓများအားလုံး အသတ်ခံလိုက်ရသည်။

Chapter 5313

ဝမ်းနည်းဖွယ် တေးသီချင်းသံတစ်သံသည် လေဟာနယ်အတွင်းတွင် ပဲ့တင်ထပ်နေပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရားများနှင့်ဗုဒ္ဓများ ကျဆုံးသွားပါက ကောင်းကင်နှင့်မြေပြင်လည်း အတူလိုက်ပါ၍ ဝမ်းနည်းပူဆွေးကြသည်။ ဤသည်မှာ အလွန်မြင့်မားသော ကျင့်ကြံဆင့်ရှိသည့် သက်ရှိများ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော မြင်ကွင်းပင်။

လုယွီသည် ကြောက်ရွံ့ခြင်း မရှိချေ။ သူ သတ်လိုက်သောလူများမှာ အစစ်အမှန်ဗုဒ္ဓများ မဟုတ်ကြောင်း သူ သိရှိထားသည်။ ရှကွေ့ကျုံးသည် မသေဆုံးမီချိန်၌ ယခုခေတ်ကာလ ဗုဒ္ဓဂိုဏ်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များ အားလုံးကို သူ့အား ပြောပြခဲ့ပြီး ဖြစ်သည်။

သူ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။

စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေရှိ ဘုရားကျောင်းတိုင်းတွင် ဖရိုဖရဲ ဖြစ်နေသည်။ ဗုဒ္ဓရုပ်ပွားတော်များ ပြိုလဲနေပြီး ယုံကြည်ချက်များ ပျက်စီးသွားကာ လူ့သဘာဝ၏ အရုပ်ဆိုးအကျည်းတန်မှုများ ပေါ်လွင်လာသည်။

ဘုန်းတော်ကြီးအများစုသည် အခြေအနေ မကောင်းတော့ကြောင်း ရိပ်စားမိကြသည်။ ထိုကြောင့် သူတို့သည် ဘုရားကျောင်း၏ပိုင်ဆိုင်မှုများကို အရူးအမူး လုယက်ကြတော့သည်။

ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် တာဝန်ခံဘုန်းတော်ကြီးတို့သည် တားဆီးရန် ကြိုးစားသော်လည်း လူအုပ်ကြီး၏ရိုက်နှက်မှုကို ခံရပြီး ခေါင်းကွဲကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

နေရာအနှံ့အပြား၌ လုယက်သံများနှင့် သတ်ဖြတ်သံများ ထွက်ပေါ်နေသည်။ ဤနေရာတွင် မည်သည့်စည်းမျဥ်းစည်းကမ်းမျှ မရှိတော့ဘဲ အပြင်ဘက်မှ ဖရိုဖရဲ ဖြစ်နေသော နယ်မြေများနှင့် ခြားနားခြင်းမရှိချေ။

ဤသည်က ဗုဒ္ဓဂိုဏ်း၏သုခဘုံ မည်သည်ကြောင့် ဖြစ်နိုင်နည်နည်း။ ရှင်းရှင်းလင်းလင်း ပြောဆိုရလျှင် ဤနေရာသည် နတ်ဆိုးသားရဲတွင်းအဖြစ် ပြောင်းလဲသွားလေပြီ။

"ဘုန်း...."

ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်သုံးပါးသည် မျောက်ကို မြေအောက်မှ အတင်းအကြပ် မောင်းထုတ်လိုက်ကြသည်။

ပိုရွှင်၏လမ်းညွှန်မှုကို ရရှိထားသော ဤနတ်ဆိုးသားရဲသုံးကောင်သည် ကောင်းကင်ကို အလွန်မြင့်မားသော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ပို၍အစွမ်းထက်လာကြသည်။ မျောက်သည် ယခင်ကနှင့် မတူတော့သော်လည်း ဤနတ်ဆိုးသားရဲသုံးကောင်ကို ယာယီအားဖြင့် မည်သို့မျှ မလုပ်နိုင်သေးချေ။

နတ်ဆိုးဧကရာဇ်သုံးပါး မြေအောက်မှ ထွက်လာပြီးနောက် အပြင်ဘက်မှ မြင်ကွင်းကို မြင်တွေ့ချိန်တွင် ရုတ်တရက် ထိတ်လန့်သွားကြသည်။

"မြန်လိုက်တာ.... သူတို့အားလုံး သေသွားပြီလား"

နတ်ဆိုးဧကရာဇ်သုံးပါး၏ စိတ်နှလုံးသားများ တုန်ရီသွားပေ၏။

စိတ်ဝိညာဉ်တောင်ပေါ်တွင် ဗုဒ္ဓခုနစ်ပါး ကျန်ရစ်ခဲ့သဖြင့် ကိစ္စများစွာကို ကိုင်တွယ်ရန် လုံလောက်သင့်သည်။

သူတို့သည် ဤဗုဒ္ဓခုနစ်ပါးမှ အချိန်တခဏကြာမျှ တောင့်ခံထားနိုင်မည်ဟု တွေးထင်ထားခဲ့သည်။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်းတွင် ဤဗုဒ္ဓခုနစ်ပါးလုံး လုယွီ၏လက်ချက်နှင့် သေဆုံးသွားမည်ဟု မည်သူက တွေးထင်မိမည်နည်း။

"အခြေအနေ ပြောင်းသွားပြီ...ပြေးကြစို့"

နတ်ဆိုးသားရဲသုံးကောင်ထဲမှ တစ်ကောင်ဖြစ်သော ရွှေတောင်ပံ ဖန်းငှက်၏ မျက်ခွံများ တဆတ်ဆတ် တုန်ရီနေသည်။ သူသည် ချက်ချင်း အတောင်ပံဖြန့်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်၏။

နတ်ဆိုးဧကရာဇ်သုံးပါးအနက် သူသည် အမြန်နှုန်းဖြင့် နာမည်ကျော်ကြားသည်။ သူ အစွမ်းကုန် ပျံသန်းလိုက်လျှင် လျှပ်စီးနှင့် နှိုင်းယှဉ်နိုင်ပြီး မျက်စိတစ်မှိတ်အတွင်း လီတစ်ထောင်ခရီးကို ရောက်ရှိနိုင်သည်။

"ဝှစ်...."

သူ၏ရွှေရောင် အတောင်ပံများကို ဖြန့်ကားလိုက်ချိန်တွင် ပြင်းထန်သောလေပြင်းများ အရပ်မျက်နှာ အဘက်ဘက်သို့ ရုတ်တရက် တိုက်ခတ်သွားသည်။ ခြင်္သေ့စိမ်းနှင့်အစွယ်ဝါ ဆင်အိုကြီးတို့သည် အလွန်စိုးရိမ်ပူပန်သွားပြီး အလျင်အမြန် ပြောဆိုလိုက်ကြ၏။

"ငါတို့ကိုပါ ခေါ်သွားအုံး"

"ဝှစ်...."

သူတို့အသံ ဆုံးသည်နှင့် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

မဟာချင်ဓားသည် ထက်ရှသော ဓားချီအလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ရွှေတောင်ပံဖန်းငှက်၏ အတောင်ပံကို ပြင်းထန်စွာ ထိုးဖောက်သွားသည်။ ထို့နောက် ရွှေတောင်ပံဖန်းငှက်၏ဘယ်ဘက် အတောင်ပံကို ရက်ရက်စက်စက် ဆုတ်ဖြဲလိုက်၏။

"အား...."

ရွှေတောင်ပံဖန်းငှက်သည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ကာ သူ့ထံမှ သွေးများပန်းထွက်လာသည်။ မဟာချင်ဓားသည် သူ၏အတောင်ပံကို ဆုတ်ဖြဲပြီး မြေပြင်ပေါ်တွင် တိုက်ရိုက်ထိုးစိုက်ထားသဖြင့် တဆတ်ဆတ် တုန်ခါနေဆဲပင်။

"မင်းက အပြင်မှာ ပြဿနာအများကြီး ရှာနေတဲ့ လုယွီ ဆိုတာလား.... ဒါဆို မင်းက အရင်တုန်းက သနားစရာကောင်းအောင် ထွက်ပြေးခဲ့ရတဲ့ သူခိုးလေးပဲ ...မင်း အဲဒီတုန်းက ကံကောင်းလို့ လွတ်သွားတာ ....အခု ဒီနေရာကို လာရဲသေးတယ်ပေါ့"

ခြင်္သေ့စိမ်း၏အမွှေးများ ထောင်ထလာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဘုန်း..."

လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ သူ၏သွေးချီစွမ်းအင်များ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

သူ့ထံမှ ထူထပ်သိပ်သည်းသော သွေးချီစွမ်းအင်များသည် လက်သီးတစ်ချက်တည်းအဖြစ် စုစည်းကာ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ လေထုကို ဆုတ်ဖြဲသံကြီးက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာပေ၏။

ခြင်္သေ့စိမ်းသည် ဒေါသတကြီး ဟိန်းဟောက်ပြီး ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့သို့တိုးဝင်လိုက်သည်။

သူ၏နတ်ဆိုးစွမ်းအင်များ မိုးကောင်းကင်သို့ မြင့်တက်သွားပြီး သူ၏ခန္ဓာကိုယ်သည် အသက်ရှူချိန် အနည်းငယ်အတွင်း အဆများစွာ ကြီးထွားလာကာ အကန့်အသတ်မဲ့သော စွမ်းအားကို ပိုင်ဆိုင်လာသည်။

"ဝုန်း...."

လုယွီနှင့်ခြင်္သေ့စိမ်းတို့၏ တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ နှစ်ဖက်လုံးသည် ဤတိုက်ခိုက်မှုတွင် အရိုင်းဆန်သော ခွန်အားသက်သက်ကိုသာ အသုံးပြုထားကြသည်။ သဲများနှင့်ကျောက်စကျောက်နများ နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားပြီး ပြင်းထန်သော အရှိန်အဝါတစ်ရပ်သည် တောင်များနှင့် မြစ်များကို ဝါးမျိုတော့မည့်အလားပင်။

အပြင်ပန်းကြည့်လျှင် လုယွီသည် ခြင်္သေ့စိမ်းနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်နေပေ၏။

သို့သော် လုယွီ၏ခန္ဓာကိုယ်အတွင်းတွင် ထောင်နှင့်ချီသော အစစ်အမှန်နဂါးများ၏စွမ်းအားကို ဖုံးကွယ်ထားသည်။

သူ၏လက်သီးချက်သည် ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်ပြီး ကြယ်များကို ဖြိုခွင်းလိုက်သည့်အလားပင်။

ခြင်္သေ့စိမ်း၏ခန္ဓာကိုယ်အတွင်းမှ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏အရိုးများ တစ်ချောင်းပြီးတစ်ချောင်း ကျိုးပဲ့သွားသည်။

လုယွီသည် ရှေ့သို့တိုးပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ သူ၏လက်သီးစိတ်ဆန္ဒသည် ထက်ရှပြီး အပြည့်အဝ ထုတ်ဖော်လိုက်ကာ ခြင်္သေ့စိမ်း၏ခေါင်းကို ချက်ချင်းကြေမွှပျက်စီးသွားစေသည်။

"ဝူး"

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ အစွယ်ဝါဆင်အိုကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် အလျင်အမြန် ပြေးဝင်လာပြီး ပြင်းထန်စွာ တိုက်ခိုက်လေ၏။

Chapter 5314

ထိုဆင်သားရဲ တိုက်ခိုက်လိုက်ချိန်၌ မြေပြင်တပြင်လုံး တုန်ခါသွားသည်။

ဤသည်မှာ အင်အားကြီးမားမှုဖြင့် နာမည်ကျော်ကြားသော နတ်ဆိုးဧကရာဇ်ပင်။ သူ၏ရုပ်ခန္ဓာကိုယ် သန်မာရုံသာမက စွမ်းအားသည်လည်း အလွန်ပြင်းထန်ပေ၏။

ဆင်သားရဲသည် လုယွီဆီသို့ ပြေးဝင်လာသော်လည်း သူ၏အနီးသို့ ရောက်ချိန်၌ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး တခြားဘက်သို့ ထွက်ပြေးလေသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား"

လုယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏လက်မှ ခရမ်းရောင်ချီစွမ်းအင်များ ထွက်ပေါ်လာပြီး လက်သီးတစ်ချက် ထိုးလိုက်ရာ မိုစကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်ပျံတစ်စင်းအလား စူးရှသောအသံများ ထွက်ပေါ်လာသည်။

"ဝုန်း"

သူ၏လက်သီးဆန္ဒသည် ခုနစ်စင်ကြယ်နှင့်ဓူဝံကြယ် ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားပြီး လက်သီးတစ်ချက်တည်းဖြင့် ဖိနှိပ်လိုက်သည်။

အစွယ်ဝါဆင်အိုကြီးသည် လေတိုးသံကို ကြားလိုက်ရချိန်၌ သူ၏မှော်စွမ်းအားများအားလုံးကို ထုတ်သုံးပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် မာကျောသော အကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။

ထိုအကာအကွယ်သည် မာကျောသော်လည်း လုယွီ၏လက်သီးချက်ကို ရင်ဆိုင်ရချိန်၌ အလွန် ကျိုးပဲ့လွယ်ပုံရပြီး ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။

"ဘုန်း...."

နက်ရှိုင်းသော သွေးနီရောင်အပေါက်ကြီးတစ်ခုက အစွယ်ဝါဆင်အိုကြီး၏ ကြီးမားသော ခန္ဓာကိုယ်တွင် ထွက်ပေါ်လာသည်။ ထိုဒဏ်ရာမှ သွေးများတရဟောယိုစီးကျလာပြီး မယုံကြည်နိုင်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

ထို့နောက် သူ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်နှင့်ပြင်းထန်စွာ ရိုက်မိကာ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မသတ်ပါနဲ့ အရှင်ဧကရာဇ်....ကျွန်တော်က ချင်အင်ပါယာကို လက်နက်ချပါ့မယ်"

ရွှေတောင်ပံဖန်းငှက်သည် သူ၏ရှေ့မှ မြင်ကွင်းကြောင့် ကြောက်လန့်သွားသည်။

ဗုဒ္ဓအမြောက်အများ ကျဆုံးခဲ့ပြီး နတ်ဆိုးဧကရာဇ်နှစ်ပါး အသတ်ခံလိုက်ရသည်။

ယခင်က မောက်မာထောင်လွှားခဲ့သော ရွှေတောင်ပံဖန်းငှက်သည် ကြောက်ရွံ့သွားပေ၏။ သူ ဆက်လက်၍ခုခံရဲလျှင် တခြားနတ်ဆိုးဧကရာဇ်နှစ်ပါး၏ ခြေရာနောက်သို့ လိုက်ရလိမ့်မည်ဟု သူ ခံစားမိသည်။

"ကျွန်တော်က အရှင်ဧကရာဇ်ရဲ့ စီးတော်ယာဉ်အဖြစ် အမှုထမ်းပါ့မယ်....အရှင်ဧကရာဇ်အတွက် အသက်ပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"

ရွှေတောင်ပံဖန်းငှက်က ခေါင်းငုံ့ပြီး ငိုကြွေးကာ သူသည် ဗုဒ္ဓဂိုဏ်း၏ဖိနှိပ်မှုကို ခံခဲ့ရကြောင်းနှင့် ဗုဒ္ဓဂိုဏ်းသို့ ဝင်ရောက်ရန် ဖိအားပေးခံခဲ့ရကြောင်း ပြောဆိုလိုက်သည်။

လုယွီသည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီး ရွှေတောင်ပံဖန်းငှက်ကို ကြည့်လိုက်၏။

"မင်း တကယ့်ကို မသေသေးသင့်ဘူး"

ရွှေတောင်ပံ ဖန်းငှက် ဝမ်းသာအားရ ဖြစ်သွားပြီး စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် လုယွီ၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။

"မင်းတို့တွေက ခြင်္သေ့ကုလားအုတ်တောင်တန်းမှာ နေပြီးတော့ လူတွေ အများကြီးကို စားခဲ့တယ်...တခြားနှစ်ကောင်က သေသွားပြီဆိုတော့ ဒီသွေးကြွေးကို မင်း ပြန်ဆပ်ရမယ်"

လုယွီက သူ၏လက်ကို ဖြန့်လိုက်ရာ အကန့်အသတ်မဲ့သော အမှောင်ထုများ ထွက်ပေါ်လာပြီး ရွှေတောင်ပံဖန်းငှက်ကို လွှမ်းခြုံသွားသည်။

"အရှင်ဧကရာဇ်.... အရှင်ဧကရာဇ်... ကျွန်တော် မှားပါတယ် ကျွန်တော် လူတွေ ထပ်မစားရဲတော့ပါဘူး....အသက်ချမ်းသာပေးပါ"

ရွှေတောင်ပံဖန်းငှက် ထိတ်လန့်သွားပြီး အရူးအမူး တောင်းပန်တော့သည်။

သို့ရာတွင် လုယွီကမူ နားမထောင်ချေ။ သူ၏ အသက်ချမ်းသာပေးရန် တောင်းပန်သံ တဖြည်းဖြည်း တိုးညှင်းသွားပြီး နောက်ဆုံးတွင် ရုတ်တရက် ရပ်တန့်သွားသည်အထိ လုယွီက စောင့်နေလိုက်သည်။

လုယွီ၏လက်ဝါးထဲတွင် ရှိနေသည်မှာ ငရဲနယ်မြေပင်။

မကောင်းမှု ပြုသူတိုင်း ပြန်လည်ဝင်စားခြင်းသို့ မဝင်မီ အပြစ်ပေးခံရရန် ငရဲနယ်မြေသို့ ဝင်ရောက်ရပေမည်။

ရွှေတောင်ပံဖန်းငှက်၏ အပြစ်များနှင့်ဆိုလျှင် သူ ပြန်လည်ဝင်စားခွင့် ရရှိလိမ့်မည် မဟုတ်ပေ။

အေးမြသော လေပြေလေညင်း တိုက်ခတ်လာပြီး အလွန်အစွမ်းထက်သော နတ်ဆိုးဧကရာဇ်သုံးပါးသည် မျက်စိတစ်မှိတ်အတွင်း လောကကြီးထဲမှ ပျောက်ကွယ်သွားကြသည်။

မျောက်သည် အနီးအနားတွင် မရှိချေ။ လုယွီ ထွက်ပေါ်လာပြီးနောက် သူ မြေအောက်သို့ ချက်ချင်းပြန်ဝင်သွားခဲ့သည်။

လုယွီသည် မျောက်၏နောက်မှ လိုက်သွားပြီး သူ၏မှတ်ဉာဏ်အရ ထိုကျယ်ဝန်းသော မြေအောက်နေရာသို့ ရောက်ရှိသွားသည်။

ထျန်းယွမ်ဗုဒ္ဓ မရှိတော့သဖြင့် ဤနေရာရှိ အရာအားလုံးသည် ခြောက်သွေ့နေပြီး အမှောင်ထုကြီးက ဖုံးလွှမ်းထားပေ၏။ မျောက်က ကျောက်နံရံတစ်ခု၏ရှေ့တွင် မတ်တတ်ရပ်နေသည်။

ထိုကျောက်နံရံကို ရစ်ပတ်ထားသော သံကြိုးများသည် ပြတ်တောက်နေပြီဖြစ်ရာ သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ကျီရှားဧကရီကိုမူ အရိပ်အယောင်မျှပင် မတွေ့ရချေ။

"သူ့ကို ခေါ်သွားကြပြီ"

မျောက်၏အသံ အက်ကွဲနေသည်။ သူ၏စိတ်နှလုံးသားထဲမှ မာန်မာနများ အားလုံး ဤအချိန်တွင် ပျက်စီးသွားသည့်အလားပင်။

ကျောက်နံရံပေါ်တွင်လည်း သွေးကွက်များ ဖုံးလွှမ်းနေသည်။ အမျိုးသမီး အင်မော်တယ် ဤနေရာတွင် မည်သို့သော နှိပ်စက်မှုကို ခံစားခဲ့ရမှန်း မည်သူမျှ မသိနိုင်ပေ။

"ဒါက ပြဿနာ မရှိပါဘူး....ငါတို့ သူ့ကို ရှာလို့ရပါတယ်"

လုယွီက သူ၏လက်ကို မြှောက်ပြီး ကျောက်နံရံပေါ်သို့ ဖိလိုက်သည်။ ကံကြမ္မာကျမ်းစာ၏ ဆန်းကြယ်သော စွမ်းအားများ စိမ့်ဝင်သွားပြီး ကျောက်နံရံတစ်ခုလုံး တုန်ခါလာသည်။

ကံကြမ္မာစွမ်းအားသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်နှင့် ချိတ်ဆက်ပြီး ကျီရှားဧကရီ၏ တည်နေရာကို စတင်၍ ရှာဖွေလိုက်သည်။

သို့ရာတွင် လုယွီ၏လက် ရုတ်တရက် ပြန်ကန်ထွက်လာသည်။ သူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ဤသည်မှာ သူ မမျှော်လင့်ထားသော ကိစ္စတစ်ရပ်ပင်။

မထင်မှတ်ဘဲ ကံကြမ္မာကျမ်းစာပင်လျှင် ကျီရှား၏တည်နေရာကို မတွက်ချက်နိုင်ချေ။

"အားကုန်ခံမနေနဲ့တော့....သူ ပုန်းချင်ရင် ငါတို့ သူ့ကို ရှာတွေ့ဖို့ အရမ်း ခက်ခဲလိမ့်မယ်"

မျောက်က ရုတ်တရက် သက်ပြင်းချလိုက်သည်။

Chapter 5315

လုယွီသည် ယခုအချိန်၌ နက်နဲသိမ်မွေ့သော ခံစားချက်မျိုး ရှိနေသည့် မျောက်ကို ကြည့်လိုက်သည်။

မျောက်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ "တကယ်တော့ ရှေးဟောင်းခေတ်တုန်းက အစစ်အမှန်ဗုဒ္ဓရဲ့ အာဏာက တော်တော်လေး ကြီးမားခဲ့တယ်....ကောင်းကင်ဘုံဧကရာဇ် နဲ့ အစစ်အမှန်ဗုဒ္ဓရဲ့ ဘိုးဘေးတို့က အမည်ခံအနေနဲ့ အရှင်သခင်နဲ့လက်အောက်ငယ်သားတွေ ဖြစ်နေပေမယ့်...လက်တွေ့မှာတော့ ရှေးဟောင်း ဗုဒ္ဓနယ်မြေက ကောင်းကင်ဘုံနန်းတော်ရဲ့နယ်မြေတစ်ခုနဲ့ တူနေပြီ ....ရှေးဟောင်းအစစ်အမှန်ဗုဒ္ဓရဲ့ ဘိုးဘေးက အရမ်းအစွမ်းထက်ပြီးတော့ ကောင်းကင်ဘုံဧကရာဇ်နဲ့တောင် ယှဉ်နိုင်လောက်တယ်"

လုယွီ အံ့အားသင့်သွားသည်။ ရှေးဟောင်း ဗုဒ္ဓဂိုဏ်း၏အင်အားကို သူ သိရှိထားသော်လည်း ဤမျှထိ သန်မာအားကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

"ရှေးဟောင်းခေတ် ကပ်ဘေးမှာ ပထမဆုံးခံစားခဲ့ရတာက ဗုဒ္ဓနယ်မြေပဲ.... ပြီးတော့ ပိုရွှင်ကလည်း မိုးကောင်းကင်တာအိုရဲ့ အက်ကွဲကြောင်းကို အခွင့်ကောင်းယူပြီးတော့ အဲ့ဒီအချိန်မှာ ဒီကမ္ဘာထဲကို ဝင်လာခဲ့တာပဲ... သူက ဒီနေရာက မဟုတ်ဘူး.... ပြင်ပကောင်းကင်ဘုံဖြစ်တဲ့ ဟယ်ဟွာကျီကျိုင်းကောင်းကင်ဘုံက လာတာပဲ...."

မျောက်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"ကျီရှား... သူက လောကမှာ ရှားပါးတဲ့ အစစ်အမှန်အင်မော်တယ် တစ်ယောက်ပဲ....ပြီးတော့ သူက ပိုရွှင်အတွက် တော်တော်လေး အရေးပါတယ်..... သူက ဗုဒ္ဓနယ်မြေရဲ့ ကြွယ်ဝချမ်းသာမှုတွေ အကုန်လုံးကို စွန့်လွှတ်ရရင်တောင် ကျီရှားကိုတော့ လက်လွှတ်မှာ မဟုတ်ဘူး....ဒါက သူ့မှာ အစီအစဉ်တစ်ခု ရှိတယ်ဆိုတာ သိသာထင်ရှားတယ်"

"ကျီရှား" ဟူသော စကားလုံးကို ပြောလိုက်သည့်အချိန်၌ မျောက်၏အသံ သိသိသာသာ တုန်ယင်နေသည်။

လုယွီ​က မေးမြန်းလိုက်သည်။

"အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို ခေါ်သွားတဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ"

"အစစ်အမှန် အင်မော်တယ်တစ်ယောက်က တားမြစ်ထားတဲ့ နေရာတစ်ခုခုကို ဖွင့်ဖို့ သော့ချက် ဖြစ်ပုံရတယ်"

မျောက်က ခေါင်းခါလိုက်သည်။

"ငါ​က အခုမှ ငါ့ရဲ့မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို နိုးထလာတာ...အဲ့ဒါတွေကို ချေဖျက်ဖို့ အချိန်အကြာကြီး လိုသေးတယ်"

ခွေးနက်ကြီးသည် ယခင်က မျောက်သည် အစစ်အမှန်ဗုဒ္ဓတစ်ပါး ဖြစ်သည်ဟု ပြောခဲ့ဖူးပေ၏။

ရှကွေ့ကျုံး၏ ဗုဒ္ဓတစ်သောင်းစေတီတော်တွင် လုယွီသည် ဗုဒ္ဓများ၏အထက် မြင့်မားစွာ ရပ်တည်နေသော "တိုက်ပွဲအောင်နိုင်ခြင်းဗုဒ္ဓ"ဟု ခေါ်သည့် မျောက်၏ပုံရိပ်ကိုလည်း မြင်တွေ့ခဲ့ရသည်။

မျောက်နှင့်ခွေးနက်ကြီးတို့၏ မူရင်းဇစ်မြစ်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သို့သော် လုယွီ စိတ်မလောချေ။ မျောက်၏မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခြင်းသည် လက္ခဏာကောင်းတစ်ရပ်ပင်။

"မဟာမိုးခြိမ်းသံ ဘုရားကျောင်းကို အရင်သွားကြရအောင်....အဲ့ဒီနေရာမှာ သဲလွန်စတွေ ရှိကောင်း ရှိနိုင်တယ်"

လုယွီသည် မျောက်ကို ဤ​နေရာ၌ ဆက်နေခိုင်းရန် အစီအစဉ် မရှိချေ။ ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်ကို မြင်တွေ့ရခြင်းက သူ့ကို ပိုပြီး ဝမ်းနည်းစေရုံသာ ရှိပေမည်။

လုယွီနှင့်မျောက် မြေအောက်မှ ထွက်ခွာလာကြသည်။ သူတို့ အပြင်ရောက်သည်နှင့် အနက်ရောင်ပုံရိပ်တစ်ခုက မဟာမိုးခြိမ်းသံ ဘုရားကျောင်းဘက်သို့ အရှိန်ဖြင့် ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။

→

ခွေးနက်ကြီးသည် လျှာတန်းလန်းထွက်နေပြီး နတ်ဆိုးလေပြင်းတစ်ချက် သူ့ထံမှ ထွက်ပေါ်လာခြင်းနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကောင်စုတ်လေးလု... ငါ မင်းအတွက် အရင်သွားပြီး ကင်းထောက်ပေးမယ်"

"ဒီလောဘကြီးတဲ့ ခွေးစုတ်ကတော့..."

လုယွီ ဒေါသထွက်သွားသည်။ ဤခွေးနက်ကြီးသည် အခွင့်အရေးတိုင်းကို အရယူနေခြင်း ဖြစ်ပေ၏။

စိတ်ဝိညာဉ်တောင်ကို တိုက်ခိုက်စဥ်၌ သူ ရောက်မလာခဲ့ချေ။ သို့ရာတွင် အကျိုးအမြတ်များ ခွဲဝေရမယ့် အချိန်တွင်မူ မည်သူတစ်ဦးတစ်ယောက်ထက်မဆို ပို၍လုံ့လရှိနေသည်။

စိတ်ဝိညာဉ်တောင်၏ကြွယ်ဝချမ်းသာမှုတွင် မဟာမိုးခြိမ်းသံ ဘုရားကျောင်းထက် မည်သည့်နေရာကမျှ ပို၍မကြီးမားပေ။

ဤသည်မှာ ဗုဒ္ဓအတုအယောင်များ၏ဘိုးဘေး ဟောပြောသောနေရာ ဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏ ကြွယ်ဝချမ်းသာမှုများအနက် အားလုံးနီးပါးကို ထိုနေရာ၌ စုဆောင်းထားသည်။

ဖေထျန်ကွမ်းက ခွေးနက်ကြီးသည် ချင်အင်ပါယာ အရာရှိအဖြစ် ရုပ်ဖျက်ထားသည့်အကြောင်း လုယွီကို သတင်းပို့ထားပြီးဖြစ်သည်။

လုယွီသည် ပြန်ရောက်လျှင် ခွေးနက်ကြီးနှင့် စာရင်းရှင်းရန် စီစဉ်ထားသော်လည်း ယခုချိန်၌ သူ ဤမျှထိ မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မည်ဟု တွေးထင်ထားခဲ့ပေ။

"နေအုံး....မင်း မသွားနဲအုံး"

မျောက်က လုယွီကို ဟန့်တားလိုက်သည်။ သူသည် တစ်စုံတစ်ခုကို သိရှိထားပုံရပေ၏။

လူနှင့်မျောက်၏ အကြည့်အောက်တွင် ခွေးနက်ကြီးသည် မဟာမိုးခြိမ်းသံ ဘုရားကျောင်းထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။

"ဝုန်း"

ရုတ်ချည်းဆိုသလိုပင် ခမ်းနားထည်ဝါပြီး ကြမ်းတမ်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ ဤသည်မှာ ဆောင်းခိုနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်အုပ်သည် အိပ်စက်ခြင်းမှ ရုတ်တရက် နိုးထလာသည့်အလားပင်။

သောင်းနှင့်ချီသော သတ်ဖြတ်ခြင်းဝင်္ကပါများမှ အလင်းရောင်များ တပြိုင်နက်တည်း ပွင့်အံ့ထွက်လာပြီး တုန်ခါသံများသည် နားကွဲလုမတတ် ကျယ်လောင်ပေ။။

ပိုရွှင်သည် တစ်စုံတစ်ယောက်က မဟာမိုးခြိမ်းသံ ဘုရားကျောင်းသို့ လာလိမ့်မည်ဟု ကြိုတင် မျှော်လင့်ထားပုံဖြင့် သတ်ဖြတ်ခြင်း ဝင်္ကပါများကို ကြိုတင်၍ ခင်းကျင်းထားခဲ့သည်။

ထိုအရာများကို လုယွီအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ခွေးနက်ကြီးက အရင်ကြုံတွေ့လိုက်ရသည်။

အဆုံးမရှိသော သတ်ဖြတ်ခြင်း ဝင်္ကပါများသည် ဒီရေလှိုင်းအလား ခွေးနက်ကြီးဆီသို့ တိုးဝင်လာသည်။ လျှပ်စီးများ မီးတောက်များ ရေလွှမ်းမိုးမှုများ အဆိပ်ငွေ့များနှင့် လူများ၏ စိတ်ဝိညာဉ်ကိုဖမ်းစားနိုင်သော မရေမတွက်နိုင်သည့် ကျိန်စာများဖြင့် ပြည့်နှက်နေသည်။

ဘုန်း...ဘုန်း...ဘုန်း...

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်နေပြီး စိတ်ဝိညာဉ်တောင်ကို တုန်ခါသွားစေသည်။

"သောက်ကျိုးနည်း....ထိပ်ပြောင်မြည်းအိုကြီး မင်း မတရားဘူး... အား"

အဆုံးမရှိသော ပေါက်ကွဲသံများကြားတွင် ခွေးနက်ကြီး၏ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

All Chapters