အခန်း (၅၃၁၆-၅၃၂၀)
Vol. 269 Ch. 5316-5320
Chapter 5316
ခွေးနက်ကြီးသည် အော်ငေါက်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဝင်္ကပါများ၏ စွမ်းအားက သူ့ကို လွှမ်းခြုံသွားတော့သည်။
အကန့်အသတ်မဲ့သော သတ်ဖြတ်ခြင်းဝင်္ကပါများသည် အထပ်ထပ် စုပုံနေပြီး အဆုံးမရှိသောကြောင့် လုယွီကို ဤနေရာတွင် အမှန်တကယ် မြှုပ်နှံလိုပုံရသည်။
"ပိုရွှင်က တကယ်ကို အကုန်လုံးထုတ်သုံးထားတာပဲ.... ဒီဝင်္ကပါတွေက မဟာမိုးခြိမ်းသံ ဘုရားကျောင်း စုဆောင်းထားတဲ့ ကြွယ်ဝချမ်းသာမှုတွေထဲက အနည်းဆုံး သုံးပုံတစ်ပုံလောက် ကုန်ကျမယ်"
မျောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သို့ရာတွင် လုယွီကမူ မျက်မှောင်ကြုတ်ထားပေ၏။
ဤမျှထိ ကြီးမားသော သတ်ဖြတ်ခြင်း ဝင်္ကပါထဲသို့ သူ အမှန်တကယ် ဝင်ရောက်သွားပါက ဒုက္ခအနည်းငယ် ဖြစ်စေနိုင်သည်။
"ဘုန်း....ဘုန်း... ဘုန်း..."
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ မရပ်မနား ကျဆင်းလာသည်။ ခွေးနက်ကြီး၏ ပုံရိပ်ကို မမြင်ရတော့ဘဲ မဟာမိုးခြိမ်းသံ ဘုရားကျောင်း၏ အပျက်အစီးများအောက်တွင် မြှုပ်နှံခံထားရသည်။
လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။
"သူ အထဲမှာ သေတော့ မသေလောက်ဘူးမလား"
မျောက်က ခေါင်းခါလိုက်သည်။
"မသေပါဘူး...အတိတ်မှာ ကောင်းကင်ဘုံဧကရာဇ်က သူ့ကို မသေနိုင်တဲ့ခန္ဓာကိုယ် ပေးသနားခဲ့တာ... အလွန်ဆုံး သူ နည်းနည်းလောက် ခံစားရရုံပါပဲ...ဒီလောကကြီးမှာ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် ရှိမနေသရွေ့ ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူး"
ဤစကားသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်တစ်ခုကို ဖော်ပြလိုက်ခြင်းဖြစ်သဖြင့် လုယွီက နောက်ဆုံးတွင် ဤခွေး မည်သည်ကြောင့် ဤမျှ ထိ မောက်မာထောင်လွှားနေသနည်းကို နားလည်သွားခဲ့သည်။ အမှန်အားဖြင့် သူ့ထံတွင် မောက်မာထောင်လွှားနိုင်သည့် အရည်အချင်း ရှိနေခြင်းပင်။
"အား... ငါ ငါ ငါ... ငါ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"
ခွေးနက်ကြီးထံတွင် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေပြီး သူ၏အသံသည် တုန်ခါသံများကို လွှမ်းမိုးကာ ထပ်မံ၍ ထွက်ပေါ်လာသည်။
တောက်ပသော ရတနာများ ခွေးနက်ကြီး၏ လက်မှ ထွက်ပေါ်လာသည်။ ဤသည်မှာ ခွေးနက်ကြီး ခိုးယူထားသော ဥပဒေသ ရတနာများဖြစ်ပြီး ယခုအချိန်တွင် ထိုအရာများသည် စွမ်းအားကုန် ထုတ်လွှတ်ထားပေ၏။
မီးတောက်နှင့်မိုးကြိုးများ အားလုံးကို ဥပဒေသ ရတနာများ၏ စွမ်းအားဖြင့် ဖြိုခွဲလိုက်သဖြင့် တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်သွားကြသည်။
သို့ရာတွင် ထိုအချိန်မှာပင် ရှည်လျားသော ဗုဒ္ဓကျမ်းစာရွတ်ဆိုသံတစ်သံက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
"ဝုန်း...."
ထောင်ပေါင်းများစွာသော ဗုဒ္ဓကျမ်းစာစာလုံးများသည် နေရာတစ်နေရာလုံးကို ဝန်းရံထားပြီးနောက် သောင်းနှင့်ချီသော ရွှေရောင်ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်များ ခွေးနက်ကြီးရှိရာနေရာသို့ ကျရောက်လာသည်။
"သောက်ကျိုးနည်း...."
ခွေးနက်ကြီးသည် စိတ်ပျက်အားငယ်သွားပြီး အမြှီးကုပ်ကာ နောက်သို့ပြန်ပြေးလာတော့သည်။
လုယွီသည် ဆက်မကြည့်ရက်တော့ချေ။ သူသည် လက်မြှောက်ပြီး အဝေးမှနေ၍ ခွေးနက်ကြီးကို ဖမ်းဆုပ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် လက်ဝါးတစ်ချက် ရိုက်နှက်လိုက်ရာ သတ်ဖြတ်ခြင်းဝင်္ကပါများအားလုံး ကြေမွှပျက်စီးသွားတော့သည်။
ဤ သတ်ဖြတ်ခြင်း ဝင်္ကပါများသည် အတွင်းပိုင်းတွင် အလွန် ခိုင်ခံ့သော်လည်း အပြင်ဘက်တွင်မူ အလွန်ပျက်စီးလွယ်ပြီး ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။ လုယွီသည် မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခြင်းဝင်္ကပါများ အားလုံးကို ဖျက်ဆီးလိုက်သည်။
"မင်းတို့က နှလုံးသားမဲ့တဲ့ ကောင်တွေပဲ.... ငါ ဒုက္ခရောက်နေတာကို မြင်တာတောင် မကယ်ကြဘူး....မင်းတို့မှာ သစ္စာတရား ရှိသေးရဲ့လား"
ခွေးနက်ကြီးက ထပ်ခါတလဲလဲ အော်ဟစ်နေပြီး အလွန်မတရားခံရသကဲ့သို့ ခံစားနေရသည်။
လုယွီက ခွေးနက်ကြီး၏ဖင်ကို ကန်လိုက်သည်။
"မင်းက ပြောရဲသေးတယ်ပေါ့....ဒီအတောအတွင်းမှာ မင်း အများကြီး ရထားတာ သေချာတယ်"
အခွန်ဘဏ္ဍာရေးရာ ဝန်ကြီးဌာနမှ အစီရင်ခံစာများသည် နှင်းပွင့်များအလား အတွင်းဝန်ရုံးသို့ ဝင်ရောက်လာနေသည်။
တရားရေးရာဝန်ကြီးဌာနနှင့်အတူ ဗုဒ္ဓဂိုဏ်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် သွားရောက်ခဲ့သော အရာရှိများအားလုံး ကြက်သေသေနေကြသည်။ သူတို့သည် မြေကြီးအောက် သုံးပေအနက်အထိတူးပြီး စေ့စေ့စပ်စပ် ရှာဖွေသည့် နည်းလမ်းကြောင့် အံ့အားသင့်ကာ စကားမဆိုနိုင် ဖြစ်နေခဲ့ကြသည်။
ခွေးနက်ကြီးက သူ၏ဖင်ကို ပွတ်သပ်ပြီး ချေပလိုက်သည်။
"ဒါက ငါ မင်းရဲ့ လက်အောက်ငယ်သားတွေကို ကူညီနေတာပဲ... ငါ့ရဲ့ နည်းလမ်းတွေကို သူတို့ကို အတုယူခိုင်းတာလေ....ပင်ပန်းကြေး နည်းနည်းလောက်ယူတာ ဘာမှားလို့လဲ"
"ဝုန်း"
လုယွီက ခွေးနက်ကြီးကို လွင့်ထွက်သွားအောင် ကန်လိုက်သည်။ သူသည် မျက်နှာပြောင်သည့်လူများကို မြင်ဖူးပေမယ့် မြို့ရိုးလောက်ထူသည့် မျက်နှာပြောင်ခြင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပေ။
သို့ရာတွင် လုယွီသည် ခွေးနက်ကြီးကို အခက်တွေ့စေရန် ရည်ရွယ်မထားချေ။
ခွေးနက်ကြီးသည် ကောင်းကင်ချိပ်ပိတ်ခြင်း အဆောင်လက်ဖွဲ့နှစ်ခုကို လုယွီအား နှမြောတွန့်တိုခြင်းမရှိဘဲ ပေးခဲ့သည်။ ဤခွေးစုတ်သည် နေ့စဉ်ရက်ဆက် လောဘကြီးတတ်သော်လည်း အလွန်သစ္စာရှိသဖြင့် သူ့ကို နည်းနည်းပါးပါး လောဘကြီးခွင့် ပေးလိုက်ခြင်းက ကိစ္စမရှိချေ။
"မျောက်... မင်းမှာ မီးတောက်မျက်လုံး ရွှေရောင်အကြည့် ရှိတယ်မလား... နောက်ထပ် သတ်ဖြတ်ခြင်း ဝင်္ကပါတွေ ရှိမရှိ မြန်မြန်ကြည့်လိုက်စမ်း" ခွေးနက်ကြီးက သူ၏လက်များကို ပွတ်သပ်ရင်း စိတ်အားထက်သန်နေသည်။
ဤခွေးစုတ်သည် မဟာမိုးခြိမ်းသံ ဘုရားကျောင်းမှ စည်းစိမ်ဥစ္စာများကို လိုချင်တပ်မက်နေသည်မှာ မည်မျှထိ ကြာပြီကို မသိနိုင်ချေ။ သူ့အစေခံမလေး၏ ပြောပြချက်အရ သူ အိပ်နေလျှင်ပင် ဗုဒ္ဓဂိုဏ်း၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး ထိပ်ပြောင်မြည်းများ အားလုံးကို အတွင်းခံဘောင်းဘီနှင့်သာ ချန်ထားခဲ့မည်ဟု အော်ဟစ်နေတတ်သည်။
မျောက်က စကားမပြောဘဲ ရှေ့သို့တိုးလာသည်။ သူ၏မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ တောက်ပသွားပြီး လေဟာနယ်ထဲသို့ တိုက်ရိုက်ကြည့်လိုက်၏။
Chapter 5317
တောက်ပသော ရွှေရောင်အလင်းတန်းနှစ်တန်း လင်းလက်သွားပြီး မျောက်သည် သူ၏အကြည့်ကို တဖြည်းဖြည်း ပြန်လည်၍ထိန်းချုပ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးများသည် ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ တောက်ပပြီး စူးရှသော အလင်းရောင်များ ဖြာထွက်နေသည်။
"ဘုရားကျောင်းထဲက သတ်ဖြတ်ခြင်း ဝင်္ကပါ ပျက်စီးသွားပြီ"
မျောက်က ပြောဆိုသည်။
ထိုစကားကိုကြားချိန်၌ ခွေးနက်ကြီး၏ မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့သည်။
"မင်းတို့ စောင့်နေကြ... ငါက မင်းတို့အတွက် လမ်းသွားရှင်းပေးမယ်"
ခွေးနက်ကြီးသည် အနက်ရောင်ပုံရိပ်တစ်ခုအသွင် ပြောင်းလဲကာ ပြေးထွက်သွားလေ၏။
သတ်ဖြတ်ခြင်းဝင်္ကပါ၏ အဆက်မပြတ်တိုက်ခိုက်မှုကို ခံရပြီးနောက် မဟာမိုးခြိမ်းသံ ဘုရားကျောင်းတစ်ခုလုံး ပြိုကျသွားပြီး အပျက်အစီးပုံကြီး ဖြစ်သွားခဲ့သည်။
ဖုန်မှုန့်တိမ်တိုက်တစ်ခုက လေဟာနယ်ထဲ၌ မျောလွင့်နေသော်လည်း ခွေးနက်ကြီးသည် ဤအပျက်အစီးများကြားမှ လမ်းကြောင်းတစ်ခု ရှာတွေ့ကာ ယခင်က ရတနာများ သိမ်းဆည်းထားသော ဗုဒ္ဓခန်းမဆောင်ထဲသို့ တိုးဝင်သွားသည်။
လုယွီက သူ၏စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဤခွေးနက်ကြီးသည် အမှန်တကယ်ကို အလွန်လောဘကြီးပေ၏။
ဘုရားကျောင်း အပျက်အစီးများကြားတွင် သေတ္တာများကို မွှေနှောက်ပြီး ဗီရိုများကို မှောက်လှန်သံများ ထွက်ပေါ်လာသည်။ ခွေးနက်ကြီးသည် ဆာလောင်မွတ်သိပ်နေသော ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မကြာမီမှာပင် မရေမတွက်နိုင်သော မှော်ရတနာများကို ရှာတွေ့လိုက်သည်။
ခွေးနက်ကြီးသည် လူအသွင်ပြောင်းလဲထားပြီး သူ၏လက်များတွင် ပုတီးကုံးများ ရစ်ပတ်ထားကာ လည်ပင်းတွင် ဆွဲကြိုး ငါးကုံး ခြောက်ကုံးခန့် ဆွဲထားသည်။ ထိုအရာအားလုံးက ရှေးဟောင်းဆန်ပြီး ကြီးကျယ်ခမ်းနားကာ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်ထားကြ၏။
ယခုအချိန်တွင် ခွေးနက်ကြီး၏မျက်နှာပေါ်၌ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်နေပြီး ဝမ်းသာအားရ ပြေးလာကာ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်း နည်းနည်းလောက် လွန်မနေဘူးလား"
ခွေးနက်ကြီး၏ပုံစံကို မြင်တွေ့ချိန်၌ လုယွီ ခေါင်းကိုက်မသွားဘဲ မနေနိုင်တော့ချေ။
ခွေးနက်ကြီး၏ခါးတွင် သိုလှောင်အိတ် အနည်းဆုံး ဆယ်လုံးခန့် ရှိပြီး လက်ချောင်း ဆယ်ချောင်းလုံးတွင် သိုလှောင်လက်စွပ်များ ဝတ်ဆင်ထားသည်။ ထိုအရာများအားလုံး ပြည့်ကျပ်နေလောက်ပြီဟု သူ ခန့်မှန်းမိပေ၏။
ဤ သိုလှောင်ရတနာများသည် ထိပ်တန်းအဆင့်များ ဖြစ်ကြပြီး တစ်ခုစီတွင် ပါဝင်သော နေရာလွတ်သည် မှန်းဆ၍ မရနိုင်လောက်အောင် ကျယ်ဝန်းသည်။
ခွေးနက်ကြီးသည် ဤသိုလှောင်ရတနာများကိုပင် အပြည့်ဖြည့်ထားသဖြင့် သူ ဗုဒ္ဓဂိုဏ်းဆီက ရတနာများ မည်မျှထိ လုယူခဲ့သည်ကို ခန့်မှန်းနိုင်သည်။
"ငါက ပြည်သူတွေအတွက် အန္တရာယ်ကို ဖယ်ရှားပေးနေတာ.... ဒီပစ္စည်းတွေက ထိပ်ပြောင်မြည်းတွေရဲ့လက်ထဲကို ရောက်သွားရင် လောကကြီးကို ဒုက္ခပေးလိမ့်မယ်... အဲ့ဒီအစား ကုသိုလ်ကောင်းမှု လုပ်ဖို့ ငါ့ဆီ ထားခဲ့တာ ပိုကောင်းတယ်"
ခွေးနက်ကြီးက တီးတိုးရေရွတ်နေပြီး လုံးလုံးလျားလျား ဖြောင့်မတ်မှန်ကန်သောပုံစံ ပေါက်နေသည်။
"သွားစမ်း....မင်းက ဘာကုသိုလ်ကောင်းမှုတွေ လုပ်နိုင်မှာမို့လို့လဲ"
လုယွီက ခွေးနက်ကြီးကို ကန်ထုတ်လိုက်သည်။ ဤခွေးနက်ကြီးသည် မျက်နှာပြောင်လွန်းပေ၏။
"ကောင်လေး...ငါ့ကို သစ္စာမရှိဘူးလို့ အပြစ်မတင်နဲ့....ကျန်တဲ့ ပစ္စည်းတွေက မင်းဟာပဲ.... ငါ တစ်ပြားတစ်ချပ်မှ မယူဘူး"
ခွေးနက်ကြီးကရုတ်တရက် တည်ကြည်လေးနက်သွားပြီး ရက်ရောသောဟန်ပန်ဖြင့် ပြောဆိုသည်။
သူ့ကို ဤသို့သောပုံစံ မြင်လိုက်ရသဖြင့် မကောင်းသောကိစ္စ တစ်ခုခု ဖြစ်လာတော့မည်ကို လုယွီ သိရှိလိုက်သည်။
တိကျသေချာစွာပင် လုယွီနှင့်မျောက် ရှာဖွေပြီးနောက် မဟာမိုးခြိမ်းသံဘုရားကျောင်း တစ်ခုလုံး၏ အပျက်အစီးများသည် ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်းများ ပျောက်ဆုံးသွားသည်သာမက တချို့နေရာများတွင် ကြမ်းခင်းကြွေပြားများပင် အခွာခံထားရသည်။ သူတို့ သွားလေရာရာ၌ ကြွက်ပင် ငိုယိုရလောက်အောင် ပြောင်သလင်းခါနေပေ၏။
"ဒီ မဟာမိုးခြိမ်းသံ ဘုရားကျောင်းက အရင်တုန်းက လုယက်ခံထားရတာလား"
လုယွီက အံ့အားတသင့် ရေရွတ်လိုက်မိသည်။ ခွေးနက်ကြီးသည် နတ်ဆိုးလေပြင်းကဲ့သို့ ဝင်ရောက်မွှေနှောက်သွားသည်ကိုသာ သူ မြင်တွေ့လိုက်ရသည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်စာအောက် လျော့နည်းသော အချိန်အတွင်းမှာပင် ခမ်းနားထည်ဝါသော ဗုဒ္ဓခန်းမဆောင်များသည် ပြောင်သလင်းခါသွားခဲ့ပေ၏။
ခွေးနက်ကြီးသည် စကားပြောဆိုမှုကို ရပ်တန့်လိုက်ပြီး အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် လုယွီကို ခိုးကြည့်လိုက်သည်။
"တကယ်တော့ အပြင်က ဒီအရာတွေက လက်ရှိ ဗုဒ္ဓဂိုဏ်းရဲ့ အခြေခံအုတ်မြစ် မဟုတ်ပါဘူး" တည်ငြိမ်စွာ မတ်တတ်ရပ်နေသော မျောက်က ရုတ်တရက် စကားပြောဆိုသည်။
ဤအချိန်ကာလအတွင်း သူ၏မှတ်ဉာဏ် အမြောက်အများ နိုးထလာခဲ့သည်။
လုယွီက ပြောဆိုသည်။
"ဗုဒ္ဓတွေက ပုံမှန်အနေနဲ့ သီးခြားကမ္ဘာမှာ ကျင့်ကြံကြပြီးတော့ အပြင်က လေဟာနယ်ထဲမှာ ကိုယ်ထင်မပြကြဘူး.... ဒီနေရာမှာ သီးခြားလေဟာနယ်တစ်ခု ရှိနေလိမ့်မယ်...ဒါက ဗုဒ္ဓတွေ ကျင့်ကြံဖို့အတွက် သီးသန့်ထားတဲ့နေရာပဲ..."
"ဒါက အမှန်ပဲ...."
မျောက်၏မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ တောက်ပသွားသည်။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး တုတ်ရှည်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ မဟာမိုးခြိမ်းသံ ဘုရားကျောင်း၏ ထောင့်တစ်နေရာကို တိကျစွာ ရိုက်မိသွားသည်။
ဘုရားကျောင်း၏ထောင့်စွန်း ချက်ချင်း ပြိုကျသွားသော်လည်း လေဟာနယ် ကွဲအက်သွားပြီး အက်ကွဲကြောင်းအတွင်းမှ အကန့်အသတ်မဲ့သော ရတနာအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ သီးခြားကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသည့် လေဟာနယ်တစ်ခု ဖြစ်နေသည်။ ထိုလေဟာနယ် ပွင့်သွားသည်နှင့် စိတ်ဝိညာဉ်ကျောက်တုံးတောင်ကြီးတစ်တောင် ရှိနေသည့်အလား ပျံ့လွင့်လာသည်။ အကြောင်းအရင်းမှာ ထိုအရာများ၏အရေအတွက်သည် များပြားလွန်းသောကြောင့်ပင်။
Chapter 5318
မျောက်တွင် မီးတောက်မျက်လုံး ရွှေရောင်အကြည့် ရှိနေသည်။
ဤနတ်ဘုရားစွမ်းရည်သည် အလွန်နက်နဲသိမ်မွေ့ပေ၏။ လုယွီ၏ သုံးသပ်ချက်အရ ထိုအရာသည် အထွတ်အထိပ်သို့ ရောက်ရှိနေသော ချီစောင့်ကြည့်ခြင်း နည်းစနစ်နှင့် နှိုင်းယှဉ်နိုင်ပြီး ထိုနည်းစနစ်ထက်ပင် ပို၍နက်နဲသိမ်မွေ့နိုင်သည်။
ဖုံးကွယ်ထားသော သီးခြားကမ္ဘာသည် ဗုဒ္ဓဂိုဏ်း၏ လျှို့ဝှက်ချက်တစ်ခုပင်။ ဗုဒ္ဓဂိုဏ်းအား အပြင်ဘက်မှ တိုက်ခိုက်ခံရလျှင်ပင် ကြီးမားသော ကြွယ်ဝချမ်းသာမှုများကို ထိန်းသိမ်းထားနိုင်ရန် အာမခံချက်ကို ပေးစွမ်းနိုင်သည်။
သို့ရာတွင် ထိုကဲ့သို့ ဖုံးကွယ်ထားသော သီးခြားကမ္ဘာကို မျောက်က တုတ်ချက်တစ်ချက်တည်းဖြင့် ဖွင့်ပစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ခွေးနက်ကြီးသည် ပစ္စည်းကောင်းများ မြင်တွေ့ရခြင်းကို သဘောအကျဆုံးပင်။ မြေပြင်ပေါ်တွင် စိတ်ဝိညာဉ်ကျောက်တုံးများ ဖုံးလွှမ်းနေသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများ နီမြန်းလာသည်။
"ဝုတ်...."
သူသည် ထိုသီးခြားကမ္ဘာဆီသို့ ခုန်ဝင်သွားသော်လည်း လုယွီက သူ့ကို မြဲမြံစွာ ဖမ်းဆွဲထားလိုက်သည်။
"မင်းပဲ ကျန်တဲ့အရာတွေ အားလုံးက ငါတို့ပိုင်တာလို့ ပြောခဲ့တာ မဟုတ်လား"
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ခွေးနက်ကြီးသည် ရုန်းကန်နေဆဲဖြစ်ပြီး ရတနာများကို စူးစိုက်ကြည့်ရင်း သူ၏မျက်လုံးများ နီမြန်းနေသည်။
"ငါက မင်းကို ကူညီပြီးရေတွက်ပေးချင်ရုံပါ.... ရတနာတွေ အများကြီးကို မင်းရဲ့ဘက်အောက်က လူစိမ်းတွေဆီ ပေးမယ့်အစား မင်းရဲ့လူဖြစ်တဲ့ ငါ့ကို ပေးတာ ပိုကောင်းပါတယ်... မင်း စိတ်ချလို့ ရတာပေါ့"
လုယွီသည် စကားအပိုများ ပြောမနေတော့ဘဲ အရပ်ရှစ်မျက်နှာချိတ်ပိတ်ခြင်းကို အသုံးပြုပြီး ခွေးနက်ကြီးကို တိုက်ရိုက်ချိတ်ပိတ်လိုက်၏။
ဤခွေးစုတ်သည် ပီရှူးကောင်အလား အဝင်သာရှိပြီး အထွက်မရှိသည့် အမျိုးအစားပင်။
ပစ္စည်းကောင်းများ သူ၏လက်ထဲသို့ ရောက်ရှိသွားလျှင် ပြန်ထွက်လာရန်မှာ မဖြစ်နိုင်တော့ချေ။
"ဝုတ်... ဝုတ်...ဝုတ်..."
ခွေးနက်ကြီးသည် အဆက်မပြတ် ဟောင်နေသော်လည်း ကံဆိုးစွာဖြင့် အရပ်ရှစ်မျက်နှာ ချိတ်ပိတ်ခြင်းနည်းစနစ်၏စွမ်းအား ရှိနေသဖြင့် သူ ထွက်ပြေး၍ မရချေ။
သီးခြားကမ္ဘာ၏အတွင်းပိုင်းရှိ ဗိသုကာလက်ရာ ပုံစံသည် အပြင်ဘက်နှင့် ထပ်တူထပ်မျှပင်။
ဤနေရာ၌ ခမ်းနားထည်ဝါပြီး ကြီးမားသော ဘုရားကျောင်းများ ရှိနေသည်။ ကိုးကျန်းခန့်မြင့်သော နံရံများတွင် ဗုဒ္ဓကျမ်းစာများကို ရေးဆွဲထားသည်။ ဘုန်းတော်ကြီးများ မရှိသော်လည်း ဇင်ကျမ်းစာအသံများက အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်နေဆဲပင်။
ဗုဒ္ဓဂိုဏ်းမှနေ၍ သဲတစ်ပွင့်သည် ကမ္ဘာတစ်ခုဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ အရာအားလုံးတွင် ကိုယ်ပိုင်စကြာဝဠာ ရှိသည်ဟု ဟောကြားခဲ့သည်။
ဤသီးခြားကမ္ဘာကို ဗုဒ္ဓဂိုဏ်းက ဂရုတစိုက် ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤနေရာအတွင်းတွင် မရေမတွက်နိုင်သော ဗုဒ္ဓခန်းမဆောင်များ ရှိပြီး တောက်ပစွာ လင်းလက်နေကာ နေရာတိုင်းတွင် မြင့်မြတ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ဤနေရာသည် ဗုဒ္ဓများ နေထိုင်ရာ နေရာပင်။
ပိုရွှင် ဖန်တီးထားသော ဗုဒ္ဓနယ်မြေတွင် ဗုဒ္ဓသုံးထောင် ရှိသည်ဟု ဆိုကြ၏။
ထို့ပြင် ပုံမှန်အားဖြင့် ဤဗုဒ္ဓများသည် လောကီလောကတွင် ကိုယ်ထင်ပြလေ့ မရှိပေ။ ယုံကြည်ကိုးကွယ်ခြင်းစွမ်းအား လုံလောက်စွာ ပေါကြွယ်ဝမှသာ ဤဗုဒ္ဓများ ကိုယ်ထင်ပြကြသည်။
လုယွီနှင့်မျောက်သည် ရတနာတောင်များကို ကျော်ဖြတ်ပြီး အတွင်းသို့ ဝင်ရောက်သွားကြသည်။ ဤရတနာများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ဗုဒ္ဓများ နေထိုင်သောနေရာကို ပို၍ စိတ်ဝင်စားကြသည်။
သူတို့၏ရှေ့တွင် ရှည်လျားသော စင်္ကြန်လမ်းတစ်ခု ရှိပြီး မီးအိမ်သောင်းနှင့်ချီဖြင့် ထွန်းညှိထားသဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။
စင်္ကြန်လမ်း၏တစ်ဖက်တစ်ချက်ရှိ ကျောက်နံရံများအတွင်းတွင် ကျောက်လိုဏ်ဂူများ ရှိပြီး တစ်ခုစီတွင် ကြာပလ္လင်တစ်ခုစီ ပါရှိသော်လည်း ထိုအရာများ အပေါ်၌ ဗုဒ္ဓများ ပျောက်ကွယ်နေလေပြီ။
ပိုရွှင် ထွက်ခွာသွားလေပြီ။ သူသည် ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓသုံးထောင်ကို ခေါ်ဆောင်ပြီး တခြားနေရာသို့ ထွက်ပြေးသွားခဲ့သည်။
လုယွီ ကိုင်ဆောင်ထားသော အင်မော်တယ်ကွပ်မျက်ဓားက သူ့ကို ကြောက်ရွံ့စေသည်။ ထိုအရာသည် ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်နိုင်သော နတ်ဘုရားရတနာတစ်ခု ဖြစ်ပြီး ထိုဓား၏ စွမ်းအားသည် သာမန်မသေမျိုးအဆင့် မှော်လက်နက်များထက် ပို၍အံ့အားသင့်ဖွယ် ကောင်းသည်။ ပိုရွှင်သည် ဤဓားအောက်တွင် သေဆုံးရမည်ကို အလွန်စိုးရိမ်နေပုံရသည်။
"သူ ပြေးတာ တော်တော်လေး ပြတ်သားတာပဲ"
လုယွီ၏အသံ အေးစက်တင်းမာနေသည်။
ဤတစ်ကြိမ်တွင် လုယွီသည် ဗုဒ္ဓအတုအယောင်များကို ဖျက်ဆီးရန် ရည်ရွယ်ချက်နဲ့ လာခဲ့ခြင်း ပင်။ အဓိကတရားခံကို မတွေ့ဘဲ ယင်ကောင်ငယ်လေးများလောက်သာ သတ်ဖြတ်ရလိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။
"ဒီလူယုတ်မာက ကောက်ကျစ်တယ်.... ဒါပေမဲ့ သူ အလျင်စလို ထွက်ပြေးသွားတော့ ဒီနေရာရဲ့ စစ်မှန်တဲ့ ကြွယ်ဝချမ်းသာမှုတွေကို မယူသွားနိုင်ခဲ့ဘူး"
မျောက်သည် စင်္ကြံလမ်း၏အဆုံးသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်၏။ ထိုနေရာတွင် ထားရှိသည့် ကြာပလ္လင်သည် ပတ်ဝန်းကျင်မှ တခြားအရာတွေထက် သိသိသာသာ ပို၍ကြီးမားသည်။
ယခုအချိန်တွင် ဗုဒ္ဓများ ထွက်ခွာသွားပြီ ဖြစ်သော်လည်း လက်ကျန်စွမ်းအားများ လျော့နည်းမသွားပေ။ နှစ်ပေါင်းသောင်းချီ စုဆောင်းလာပြီးနောက် ဗုဒ္ဓဂိုဏ်း၏ အခြေခံအုတ်မြစ်သည် လျှော့တွက်၍ မရနိုင်သော အဆင့်သို့ ရောက်ရှိနေလေပြီ။
"ဘုန်း....."
မျောက်သည် သူ၏လက်ထဲမှ တုတ်ရှည်ကို မြင့်မားစွာ မြှောက်လိုက်ပြီး ဟိန်းဟောက်သံတစ်သံနှင့်အတူ ရိုက်ချလိုက်သည်။
လမ်းတစ်လျှောက်တွင် ဝင်္ကပါများကို ဖြိုခွင်းရာ၌ သူသည် ရှုပ်ထွေးသော နည်းလမ်းများကို အသုံးမပြုချေ။ သူသည် တုတ်ကိုမြှောက်ပြီး ရိုက်ချကာ အတားအဆီးအားလုံးကို ခွန်အားသက်သက်ဖြင့် ခြေမွှဖျက်ဆီးလေ့ရှိသည်။
Chapter 5319
မြင့်မားသော ကြာပလ္လင်သည် ကြေမွှပျက်စီးသွားပြီး အပိုင်းအစများက နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကြာပလ္လင်၏နောက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး သီးခြားကမ္ဘာတစ်ခုရှိကြောင်း ဖော်ပြနေသည်။
"နောက်ထပ် လေဟာနယ်တစ်ခု ရှိသေးတာပဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် မျောက်နှင့်ပူးပေါင်းကာ သူတို့၏ရှေ့မှ အက်ကွဲကြောင်းကို ချိုးဖျက်လိုက်၏။
လုယွီနှင့်မျောက်တို့သည် ထိပ်တန်းအဆင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများပင်။ သူတို့၏ ပူးပေါင်းအားထုတ်မှုဖြင့် လေဟာနယ်အပြင်ဘက်ရှိ အတားအဆီးသည် ရုတ်တရက် ကွဲအက်သွားခဲ့သည်။ အက်ကွဲကြောင်းများ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး နောက်ကွယ်တွင် ဖုံးကွယ်ထားသော လေဟာနယ်ကို ဖော်ထုတ်လိုက်သည်။
ရှေးဟောင်းခေတ်၏ မူလဘူတ အရှိန်အဝါတစ်ရပ်က အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။
"ဥုံ မ ဏိ ပဒ် မေ ဟုမ်..."
အမှောင်ထုထဲမှ ရှေးဟောင်းဗုဒ္ဓမန္တန်တစ်ခု ထွက်ပေါ်လာပြီး ထူးခြားသော အသံထွက်က ပဲ့တင်ထပ်နေသည်။
လုယွီ၏စိတ်နှလုံးသား တုန်ခါသွားပေ၏။ ဤအသံကို ကြားလိုက်ရချိန်မှစ၍ သူသည် ကြီးမားသော ငြိမ်းချမ်းမှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ မလိုလားအပ်သောအတွေးများအားလုံး ပျောက်ကွယ်သွားကာ မည်သည့်အရာမျှ မကျန်တော့သည့်အလား ခံစားလိုက်ရသည်။
သူ ချက်ချင်း ဝင်ရောက်သွားပြီး အမှောင်ထုထဲတွင် ကြီးမားသော မဟာဗုဒ္ဓတစ်ပါးကို မြင်တွေ့လိုက်ရသည်။
"ဒါက... အရင်က ငါ တွေ့ခဲ့တဲ့ မဟာဗုဒ္ဓပဲ"
လုယွီ နားလည်သဘောပေါက်သွားခဲ့သည်။
ထိုနေ့က လုယွီဘမျောက်နှင့် ခွေးနက်ကြီးတို့ မဟာမိုးခြိမ်းသံ ဘုရားကျောင်းထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ဤမဟာဗုဒ္ဓ၏ ပုန်းအောင်းရာနေရာကို မတော်တဆ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
သူသည် ဤမဟာဗုဒ္ဓကို အရိုအသေပြုခဲ့ပြီးနောက် အစစ်အမှန်ဗုဒ္ဓ၏ အသိအမှတ်ပြုမှုကို ရရှိကာ ပြိုင်ဘက်ကင်း မသေမျိုးအဆင့်မှော်လက်နက် သုံးခုဖြစ်သော မဟာရတနာခေါင်းလောင်း ဖျက်ဆီး၍မရနိုင်သင်္ကန်းနှင့် နတ်ဆိုးနှိမ်နင်းခြင်းတောင်ဝှေးတို့ကို ရရှိခဲ့သည်။
ထိုနေ့က သူတို့သည် အပြင်းအထန် လိုက်လံဖမ်းဆီးခံနေရသဖြင့် မဟာဗုဒ္ဓ၏တည်နေရာကို ဂရုမစိုက်နိုင်ခဲ့ပေ။
အမှန်အားဖြင့် ဤအစစ်အမှန်ဗုဒ္ဓ၏ရုပ်ကြွင်းသည် ပိုရွှင်၏ ကြာပလ္လင်နောက်တွင် တစ်ချိန်လုံး ထိုင်နေခဲ့ခြင်းပင်။
"ရှေးဟောင်း ဗုဒ္ဓဂိုဏ်း မရှိတော့ဘူး...အစစ်အမှန်ဗုဒ္ဓမှာ အသိစိတ်အာရုံ ရှိသေးလား"
လုယွီက မေးမြန်းလိုက်သည်။
ယခင်က သူသည် အစစ်အမှန်ဗုဒ္ဓကို အရိုအသေပြုချိန်၌ မမြင်နိုင်သော အသိအမှတ်ပြုမှု တစ်ခုကို ရရှိခဲ့သည်။ လုယွီသည် သူ၏ရှေ့မှ စစ်မှန်သော ဗုဒ္ဓတွင် အသိစိတ်အာရုံ အနည်းငယ် ကျန်ရှိနေသေးသည်ဟု အမြဲတစေ သံသယရှိခဲ့သည်။
"အခြေခံအရဆိုရင်တော့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေက အတူတူပဲ...ယုံကြည်မှု ရှိနေသရွေ့ သူတို့က ကောင်းကင်နဲ့ မြေပြင်ကြားမှာ ထာဝရ အင်မော်တယ်တွေအဖြစ်နဲ့ ရှိနေလိမ့်မယ်"
မျောက်သည် အထီးကျန်ဆန်နေပုံရသော မဟာဗုဒ္ဓရုပ်ကြွင်းကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဒီခေတ်ကာလမှာ ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးနေပေမယ့် အစစ်အမှန်ဗုဒ္ဓကို ယုံကြည်တဲ့သူတွေ ရှိနေသေးတယ်....ဒါကြောင့် သူက အမြဲတမ်း ရှိနေလိမ့်မယ်"
"သူက ဘယ်ဗုဒ္ဓလဲ"
လုယွီက မေးမြန်းလိုက်သည်။
ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း မဟာဗုဒ္ဓသည် ပြောမပြနိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ပိုင်ဆိုင်ထားဆဲပင်။ သူ၏ရှေ့တွင် ရပ်နေသော မည်သူမဆို ကြီးမားသော ဖိနှိပ်ချုပ်ကိုင်မှုတစ်ရပ်က လွှမ်းမိုးလာသည်ကို ခံစားရပေမည်။
"သူက အမိတဗုဒ္ဓပဲ"
"ဘာ...."
လုယွီ ထိတ်လန့်သွားခဲ့သည်။ ဗုဒ္ဓဂိုဏ်းအကြောင်း သူ သိပ်မသိသော်လည်း ဤနာမည်သည် သူ့အတွက် အလွန်ရင်းနှီးနေပေ၏။
ဗုဒ္ဓဂိုဏ်းမှတပည့်များအားလုံး ဗုဒ္ဓ၏အမည်နာမများကို အစဥ်အမြဲ ရွတ်ဆိုနေကြသည်။ ထို အကန့်အသတ်မဲ့သော ယုံကြည်ကိုးကွယ်မှုစွမ်းအားများသည် လှိုင်းလုံးကြီးများအလား စိတ်ဝိညာဉ်တောင်ပေါ်သို့ စီးဝင်နေကြ၏။
မျောက်က ပြောဆိုသည်။
"အမိတဗုဒ္ဓက ရှေးဟောင်း ဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ သူရဲ့အဆင့်အတန်းက အမြင့်ဆုံးပဲ...ဗုဒ္ဓတွေအားလုံးရဲ့ အထက်မှာ ရှိတယ်...သူ တာအိုကို ရရှိခဲ့တဲ့ အချိန်က တော်တော်လေးရှေးကျတယ်... ငါ ဒီလောက်ပဲ မှတ်မိတော့တယ်... မှတ်ဉာဏ်တချို့က ဝေဝါးလွန်းတော့ ငါ ရှင်းရှင်းလင်းလင်း ပြန်မမှတ်မိနိုင်တော့ဘူး"
နာကျင်သော အမူအယာတစ်ရပ်က မျောက်၏ မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။ ဤအရာများကို တွေးတောရန် သူ့အတွက် လွယ်ကူသည် မဟုတ်ချေ။
"ငါ နားလည်ပြီ..."
လုယွီက မဟာဗုဒ္ဓကို စစ်ဆေးကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ပိုရွှင်က အစစ်အမှန်ဗုဒ္ဓကို သူ့ရဲ့နောက်မှာ ထားထားတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... ကောင်းကင်နဲ့ မြေပြင်ကြားက ဗုဒ္ဓဂိုဏ်း ရဲ့တပည့်တွေ ရွတ်ဆိုနေတဲ့ ဗုဒ္ဓရဲ့အမည်နာမကြောင့်ရတဲ့ ယုံကြည်ကိုးကွယ်မှုစွမ်းအားတွေ အားလုံးကို ပိုရွှင်က ခိုးယူသွားတာ ဖြစ်နိုင်တယ်"
ဗုဒ္ဓဂိုဏ်း၏ လျှို့ဝှက်ချက်တစ်ခု ထိုသို့ဖြင့် ပေါ်ပေါက်လာခဲ့သည်။
ပိုရွှင်သည် ဤနေရာကို သိမ်းပိုက်ပြီး အမိတဗုဒ္ဓ ပိုင်ဆိုင်သင့်သော ယုံကြည်ကိုးကွယ်မှုစွမ်းအားကို ခိုးယူကာ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓအဖြစ် ကြေညာခဲ့သည်။
သူခိုးတစ်ယောက်သည် ဘုရားကျောင်း ခန်းမဆောင်ထဲတွင် နေထိုင်နေပြီး အစစ်အမှန်ဗုဒ္ဓကမူ အမှောင်ထုထဲတွင် နေထိုင်ကာ သက်ရှိများ လှည့်စားခံနေရသည်ကို ကြည့်နေရသော်လည်း ဝင်ရောက်စွက်ဖက်ရန် သူ့ထံ၌ စွမ်းအားမရှိပေ။
"ငါ ဗုဒ္ဓဂိုဏ်းကို ပြန်ပြီးအသက်သွင်းမယ် အနည်းဆုံးတော့ ဒီသူခိုးတွေ လက်ထဲမှာ မျိုးသုဉ်းမသွားသင့်ဘူး"
မျောက်က ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သည်။
Chapter 5320
မျောက်သည် အမိတဗုဒ္ဓ၏ရုပ်ကြွင်းကို ယူဆောင်သွားခဲ့သည်။ သူသည် အစစ်အမှန်ဗုဒ္ဓကို ဤနေရာတွင် ဆက်လက်၍ထားရှိရန် မလိုလားတော့ချေ။
"ဗုဒ္ဓဂိုဏ်းကို ပြန်ပြီးအသက်သွင်းဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်လဲ ငါ မင်းကို ကူညီပေးနိုင်တယ်"
လုယွီက ပြောဆိုသည်။
မျောက်သည် ကျောက်တုံးကြီးတစ်တုံးအတွင်းတွင် ချိတ်ပိတ်ခံထားရသဖြင့် အဖိုးတန်သော အချိန်များစွာ ဖြုန်းတီးခဲ့ရသည်။ ယခုချိန်၌ သူ၏မှတ်ဉာဏ်နှင့် စွမ်းအားတချို့ကို ပြန်လည်ရရှိပြီ ဖြစ်သော်လည်း စစ်မှန်သော အစစ်အမှန်ရှေးဟောင်းဗုဒ္ဓအဆင့်နှင့် ဝေးကွာနေဆဲပင်။
လက်ရှိ ခေတ်ကာလတွင် သစ်ပင်တစ်ပင်တည်းဖြင့် မိုးကောင်းကင်ယံကို မထောက်မနိုင်ပေ။ ပန်းသီးတောင်မှ နတ်ဆိုးသားရဲအုပ်စုကြီးသည်ပင် ယာယီအစီအစဉ်မျှသာ ဖြစ်ပေ၏။
"ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ကျင့်ကြံသူတွေက ကြွယ်ဝချမ်းသာမှုကို ဘယ်တော့မှ တမင်သက်သက် မတောင်းဆိုကြဘူး.... အရာအားလုံးက ကံတရား ကိစ္စပါပဲ"
"ရှေးဟောင်းခေတ်ရဲ့ ခြိုးခြံချွေတာတဲ့ ဗုဒ္ဓကျင့်ကြံသူတွေက ထမင်းတစ်နပ် ရေတစ်ခွက်နဲ့အသက်ရှင်ကြတယ်....သစ်သားသပိတ်တစ်လုံးကိုဆောင်ပြီးတော့ နေရာအနှံ့အပြားကို ခရီးသွားကြတယ်....ငါက မင်းရဲ့အကူအညီကို လက်ခံရင် ကံကြမ္မာအကျိုးဆက်ကို ဖြစ်ပေါ်စေလိမ့်မယ်.... အဲဒါက မင်းရော ငါ့အတွက်ပါ မကောင်းဘူး"
မျောက်က လုယွီ၏ ပခုံးကို ပုတ်လိုက်သည်။
"မင်းရဲ့ စေတနာကို ငါ လေးစားပါတယ်... ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းရဲ့ အစစ်အမှန်အဓိပ္ပာယ်က လောကီရေးရာကနေ လွတ်မြောက်ပြီးတော့ အစစ်အမှန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာဖို့ပဲ....အခုလက်ရှိ ဗုဒ္ဓဂိုဏ်းက အမှားတွေ အများကြီး လုပ်ခဲ့ပြီးပြီ....ဆက်ပြီးလုပ်လို့ မဖြစ်တော့ဘူး"
မျောက်ကို ဖျောင်းဖျလို့မရမှန်း လုယွီက သိရှိထားသဖြင့် လက်လျှော့လိုက်ရသည်။
ယခင်က ထျန်းယွမ်ဗုဒ္ဓကို ဖျက်ဆီးရန် သူတို့အတူတကွ လုပ်ဆောင်ခဲ့ချိန်မှစ၍ မျောက်သည် များစွာပြောင်းလဲသွားခဲ့ပေ၏။
မျောက်၏စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ထွက်ပေါ်လာပြီး သူ့အား အတိတ်မှ မနှစ်မြို့ဖွယ်ရာကိစ္စတချို့ကို တွေးမိစေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ပို၍သုန်မှုန်လာပြီး ယခင်ကလောက် ဆော့ကစားခြင်း မပြုတော့ချေ။
လူနှင့်မျောက် မြေအောက်မှ ထွက်လာသည်နှင့် အပြင်ဘက်မှ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။
လူအမြောက်အများ စိတ်ဝိညာဉ်တောင်ကို ကျူးကျော်ဝင်ရောက်လာပုံရသည်။ ဓားများနှင့် လှံများကို ဆွဲထုတ်သံများနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခံနေရသူများ၏ အော်ဟစ်သံများက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ယခုအချိန်တွင် စိတ်ဝိညာဉ်တောင် အတွင်း၌...
မည်သည့်အချိန်က ထွက်ပေါ်လာမှန်း မသိရသော ဓားများနှင့်လှံများကို ကိုင်ဆောင်ထားသည့် စစ်သည်တစ်စု ထွက်ပေါ်လာခဲ့သည်။
"သတ်..."
"အကုန် သတ်ပစ်... တစ်ယောက်မှ အရှင်မထားနဲ့"
ထိုစစ်သည်များသည် ကျယ်လောင်စွာ အော်ဟစ်ပြီး အမျိုးမျိုးသော နတ်ဆိုးသားရဲများကို စီးနင်းကာ စိတ်ဝိညာဉ်တောင်၏အထက်တွင် သောင်းကျန်းနေကြသည်။
မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်းတပည့်များသည် သွေးအိုင်ထဲတွင်လူးလိမ့်ပြီး သေဆုံးသွားကြ၏။ ဝင်ရောက်လာသော စစ်သည်များသည် မြင်သမျှလူတိုင်းကို ခွဲခြားမနေဘဲ သတ်ဖြတ်ကြသည်။ မကြာမီ စစ်သည်များ၏ သံချပ်ကာများသည် သွေးများဖြင့် စွန်းထင်းသွားခဲ့သည်။
ပိုရွှင်သည် ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူ အမြောက်အများနှင့်အတူ ထွက်ခွာသွားပြီးဖြစ်သည်။ ဤနေရာကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သော အစွမ်းထက်ကျင့်ကြံသူများကို လုယွီက သတ်ဖြတ်ခဲ့ပေ၏။ ထိုကြောင့် စိတ်ဝိညာဉ်တောင်တွင် ယခုအချိန်၌ ခေါင်းဆောင်မရှိတော့ချေ။
ဗုဒ္ဓဂိုဏ်းမှ တပည့်တစ်စုသည် ယခင်ကလည်းက ကြောက်လန့်နေခဲ့ကြသည်။ သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေကြတော့သည်။
"သုံ့ပန်းတွေ ဖမ်းခေါ်မလာနဲ့.... တွေ့တဲ့သက်ရှိတိုင်းကို လူဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် သတ်ပစ်လိုက်စမ်း"
စစ်ဗိုလ်ချုပ်တစ်ဦးသည် မြင့်မားပြီး သန်မာသော နဂါးမြင်းတစ်ကောင်ကို စီးနင်းထားပြီး ခရမ်းရွှေရောင်နှင့်အနက်ရောင် ရောယှက်ထားသော လေးလံသည့်သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး သူ့သံခမောက်၏မျက်နှာဖုံးသည် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေလေ၏။
ရှေ့ဆုံးမှ ချီတက်နေသူများမှာ သံချပ်ကာဝတ် စစ်သားများပင်။ သူတို့သည် အနက်ရောင် တောက်ပနေသော သံချပ်ကာနှင့် လေးလံသော သံမဏိသံခမောက်များကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ခေါင်းအစခြေအဆုံး လက်နက်တပ်ဆင်ထားပြီး သူတို့၏ခါးတွင် ဓားမြှောင်များ အဆောင်လက်ဖွဲ့များ ကြိုးများနှင့် အခြားလက်နက်များ ပါရှိသည်။ ထို့ပြင် သူတို့သည် ဓားများနှင့် စိတ်ဝိညာဉ်ချိုးဖျက်ခြင်းလေးများကို သူတို့၏ကျောတွင် လွယ်ထားကြသည်။
သံချပ်ကာဝတ်စစ်သားများ၏ နောက်တွင် လေးသမားများ အဆောင်လက်ဖွဲ့ ကိုင်ဆောင်သူများနှင့် မှော်မန္တန်စွမ်းရည် အသုံးပြုသူများ လိုက်ပါလာကြလေသည်။ တိုက်ပွဲဝင်သည့်အချိန်တိုင်း သူတို့သည် မြှားမိုးကို ဦးစွာထုတ်လွှတ်ပြီးနောက် မီးလှိုင်းတစ်ခု လိုက်ပါလာကာ မရေမတွက်နိုင်သော မှော်မန္တန်များကို အသုံးပြုပြီးမှ ရှေ့သို့ချီတက်ကြသည်။
ဤနည်းစနစ်များကို အသုံးပြုပြီးနောက် ရန်သူသည် ကြီးမားသော အထိအခိုက် အကျအဆုံးများကို ခံစားနေရလေပြီ။ ဤအချိန်တွင် အနီးကပ် တိုက်ပွဲဝင်ခြင်းသည် ဤစစ်သည်အုပ်စုအတွက် ပြိုင်ဘက်ဖြစ်လာရန် အလွန် ခက်ခဲစေခဲ့သည်။
ဤသည်မှာ တာယွီစစ်တပ် ၏ တိုက်ပွဲနည်းဗျူဟာပင်။
သူတို့၏မျက်စိရှေ့မှ စစ်သည်များသည် အမှန်အားဖြင့် တာယွီစစ်တပ် ဖြစ်နေသည်။
"ရှန်လင်းလုံရဲ့ စစ်တပ်လား"
လုယွီ၏မျက်နှာအမူအယာ အေးစက်တင်းမာသွားခဲ့သည်။
ထန်ယွီစစ်ပွဲအတွင်း၌ ရှန်လင်းလုံသည် တာယွီစစ်တပ်မှ လက်ရွေးစင် စစ်သားအမြောက်အများအပြားကို ခေါ်ဆောင်ပြီး စစ်ဆင်ရေးကို သူမကိုယ်တိုင် ဦးဆောင်ခဲ့သည်။
ထိုသို့မဟုတ်ပါက ထန်စစ်တပ်သည် တာယွီ၏ နယ်စပ်ခံတပ်များကို လွယ်လင့်တကူ ဖြတ်ကျော်နိုင်မည် မဟုတ်သည့်အပြင် တော်ဝင်မြို့တော်ကိုလည်း တိုက်ရိုက်တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ယခုအချိန်၌ ရှန်လင်းလုံသည် သူမကိုယ်သူမ တာယွီဧကရာဇ်အဖြစ် ကြေညာပြီး သာမန်ပြည်သူများက "မြောက်ပိုင်းဧကရာဇ်" ဟု သိထားကြသည်။ သူမသည် လင်းယုန်ကြယ်မြစ်နှင့် အသင်္ချေကြယ်မြစ်တို့ကို ထိန်းချုပ်ထားဆဲပင်။
ထို့ပြင် စိတ်ဝိညာဉ်တောင်သည် လင်းယုန်ကြယ်မြစ်အတွင်းတွင် တည်ရှိပေ၏။