ကံဆိုးသော မာကူး
Vol. 11 Ch. 104
မာကူးသည် အလွန် ကံဆိုးသည်ဟု ခံစားနေရသည်။
ယခုအချိန်တွင် သူသည် တောထဲရှိ ကျင်းတစ်ခုထဲတွင် လဲလျောင်းနေပြီး ထူထပ်သော သစ်ရွက်ခြောက်များဖြင့် ဖုံးအုပ်ခံထားရသည်။
အပေါ်ယံမှကြည့်လျှင် အောက်တွင် လူတစ်ယောက် ပုန်းနေကြောင်း ပြောရန် မဖြစ်နိုင်ပေ။
သို့သော် မာကူးမှာ မပေါ့ဆရဲပေ။ တောင်ပေါ်တွင် သူ့ကို လိုက်ရှာနေသူများသည် သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြပြီး အချို့မှာ သူ့ထက် မညံ့ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
အနည်းငယ် အမှားပါသွားသည်နှင့် ဖမ်းမိခံရနိုင်သည်ပင်။
သူ့အား မိသွားသည်နှင့် သူ ဒီကိုနယ်မြေ ကျွမ်းကျင်သည်ဟုဆိုရင်တောင်မှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
"ဒါက ဘာသောက်ကျိုးနည်းလဲကွာ..."
သူ့လတ်တလော အတွေ့အကြုံများကို တွေးရင်း မာကူးတစ်ယောက် သူ့ကံကြမ္မာကို ညည်းတွားမိလေသည်။
မကြာသေးမီက ခရိုင်အတွင်း အခြေအနေ တင်းမာနေပြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲသွားနိုင်သည်။
စိုးရိမ်ပူပန်သဖြင့် သူ့မိသားစုသည် အဆိုးဆုံးအတွက် ပြင်ဆင်သည့်အနေဖြင့် သူတို့၏ ပိုင်ဆိုင်မှုအချို့ကို ပြည်နယ်မြို့တော်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကုန်ပစ္စည်းအချို့ကို ပြည်နယ်မြို့တော်သို့ ပို့ဆောင်ရန် တာဝန်ကျခဲ့သည်။
ကုန်ပစ္စည်းများကို အောင်မြင်စွာ ပို့ဆောင်ပြီးနောက် သူသည် ရှောင်ထျန်းနှင့် တခြားသူများကို ကြည့်ရှုရန် ဈေးကြီးသို့ ဝင်လည်ဖို့ ဆုံးဖြတ်ခဲ့သည်။
သူသည် အခြား မိသားစုဝင်များကို အသိပေးပြီးနောက် ပြန်ထွက်လာခဲ့လိုက်၏။
ပြန်တွေးကြည့်လျှင် မာကူးသည် သူ၏ ဆုံးဖြတ်ချက်ကို အကြီးအကျယ် နောင်တရနေမိသည်။
ဈေးကြီးသို့ သွားလည်ရန် မိုက်မဲစွာ ဆုံးဖြတ်ခဲ့သည့်အတွက် သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်ပဲ ပေါက်နေသည်။
ယခု သူသည် ကိုယ့်ဒုက္ခ ကိုယ်ရှာခဲ့မိပြီပင်။
လွန်ခဲ့သော နှစ်ရက်က မိသားစုဆီမှ ပြန်လာပြီးနောက် ဈေးကြီးသို့ သွားရန် တောင်အတွင်းရှိ ဖြတ်လမ်းမှ သွားခဲ့သည်။
တောင်ကြားတစ်ခုကို ဖြတ်သန်းစဉ် လူတစ်စုသည် တောထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုလူများသည် ငွေရောင်သံချပ်ကာများ ဝတ်ဆင်ထားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်လွှတ်ကာ အလယ်တွင်ရှိသော အမျိုးသမီးနှင့် ကောင်လေးတစ်ယောက်ကို ကာကွယ်ရန် တြိဂံပုံစံ နေရာယူထားကြသည်။
အမျိုးသမီးမှာ ဒဏ်ရာရထားပုံရပြီး နွမ်းနယ်နေကာ လက်တစ်ဖက်ကိုပင် မမြှောက်နိုင်ဖြစ်နေလေ၏။
ကောင်လေးကို မြင်လိုက်ရသောအခါ ပြဿနာတက်ပြီဖြစ်ကြောင်း မာကူး သိလိုက်သည်။
သူ ကောင်လေးကို မှတ်မိသလို ငွေရောင်သံချပ်ကာနှင့် အစောင့်များကိုလည်း မှတ်မိသည်။
သူတို့သည် ဝေ့မိသားစု၏ သခင်လေးဝေ့နှင့် သူ့၏ ငွေရောင်လမင်းအစောင့်တပ်များ ဖြစ်ကြသည်။
မာကူး သူတို့ကို ရှောင်ချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ကောင်လေးက သူ့ကိုမြင်ပြီး လှမ်းအော်လိုက်သည်။
"မာကူး... ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ။"
သူ့အော်သံက ငွေရောင်လမင်းအစောင့်တပ်များ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။
"သခင်လေး... ဒါ ဘယ်သူလဲ။"
အစောင့်ခေါင်းဆောင်က မျက်လုံးများ စူးရှစွာဖြင့် မေးလိုက်သည်။
"အစောင့်မှူးဖန်... ဒါ မာမိသားစုက မာကူးလေ။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် ဒဏ်ရာရတုန်းက အိမ်တော်က အစောင့်တွေ သူ့ဆီမှာ တည်းခဲ့ကြတယ်လေ။"
ကောင်လေးက ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် ခေါင်းဆောင်၊ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့ သူ့ဆီမှာ တည်းခဲ့ကြတယ်။"
အစောင့်တစ်ဦးက အတည်ပြုလိုက်သည်။
"သြော်..."
အစောင့်မှူးဖန်၏ အကြည့် အနည်းငယ် လျော့ကျသွားသော်လည်း သတိရှိနေဆဲ ဖြစ်သည်။
မာကူး ဒီနေရာတွင် ရှိနေခြင်းက အလွန် ပုံမှန်မဟုတ်ပေ။
အကယ်၍ မာကူး၏ အင်အားနည်းပါးမှုနှင့် တစ်ယောက်တည်း ဖြစ်နေခြင်းသာ မဟုတ်လျှင် တမင်သက်သက် ခြုံခိုတိုက်ခိုက်မှုဟု သူ သံသယဝင်မိမည် ဖြစ်သည်။
"ကျွန်တော်တို့ လိုက်ဖမ်းသူတွေကို ခဏတာ ရှောင်လွှဲထားနိုင်ပြီ။ သခင်မကြီးရဲ့ ဒဏ်ရာကို အရင် ကုသပေးလိုက်"
အစောင့်မှူးဖန်က အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် အစောင့်တစ်ဦးက ရွှေအနာကျက်ဆေးကို ထုတ်ပေးလိုက်ပြီး သခင်မကြီးကို လိမ်းပေးရန် ကောင်လေးအား ပေးလိုက်သည်။
"မင်္ဂလာပါ သခင်လေး၊ သခင်မကြီး။"
သခင်လေးဝေ့့က သူ့ကို မှတ်မိနေသဖြင့် မာကူး ရှေ့ထွက်ပြီး နှုတ်ဆက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ဒီလူတွေ ဘာလို့ ဒီရောက်နေလဲဆိုတာ သူ မသိသော်လည်း မြို့တွင်းရှိ မကြာသေးမီက ဖြစ်ပွားနေသော မငြိမ်မသက်မှုများနှင့် သွေးစွန်းနေသော ငွေရောင်လမင်းအစောင့်တပ် အခြေအနေကို ကြည့်ခြင်းအားဖြင့် သူ မမြင်သင့်သည့်အရာကို မြင်လိုက်ရကြောင်း ထင်ရှားနေသည်။
မြို့ထဲတွင် နောက်ဆုံး၌ တိုက်ပွဲ ဖြစ်ပွားသွားပြီလော။
သူ နှုတ်ပိတ်ခံရမည်လော။
မာကူးသည် သူ့ကံကြမ္မာကို တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်သည်။
သို့သော် ယခု သူ ထွက်ပြေးချင်လျှင်တောင် မပြေးနိုင်တော့ပေ။
ငွေရောင်လမင်းအစောင့်တပ်သား တစ်ဦးစီတိုင်းသည် သူ့ထက် သန်မာကြသဖြင့် ထွက်ပြေးရန် မဖြစ်နိုင်ပေ။
"မာကူး... ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ။"
သခင်လေးဝေ့က မေးလိုက်သည်။
"ကျွန်တော် ဈေးကြီးကို ပြန်မလို့လာရင်း သခင်လေးတို့နဲ့ မတော်တဆ ဆုံတာပါ။"
မာကူးက အမှန်အတိုင်း ဖြေလိုက်သည်။
ထိုစဉ် တောထဲမှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသဖြင့် ငွေရောင်လမင်းအစောင့်တပ်သားများ အားလုံး တင်းမာသွားကြသည်။
"ခေါင်းဆောင်... သူတို့ မီလာပြီ"
အစောင့်တစ်ဦးဆီမှ အသံထွက်လာသည်။
"ငါသိတယ်။ တစ်ဖက်မှာလည်း ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတွေ ပါတယ်။ သခင်မကြီးနဲ့ သခင်လေး ပါနေတော့ ငါတို့ သူတို့ကို ထိပ်တိုက်တွေ့လို့ မရဘူး။"
အစောင့်မှူးဖန်က သက်ပြင်းချလိုက်သည်။
"ဘယ်လိုလုပ်မလဲ။ သူတို့က လူအင်အား သာတယ်။ ကျွန်တော်တို့ရဲ့ စစ်ဗျူဟာက အချိန်တစ်ခုအထိပဲ တောင့်ခံထားနိုင်မှာ။ ပြီးတော့ သခင်မကြီးက ဒဏ်ရာရထားလို့ ဆေးကုဖို့ အမြန်လိုနေတာလေ"
အစောင့်က စိုးရိမ်စွာ ပြောလိုက်သည်။
"ငါ့ကို ထားခဲ့ပြီး အန်းအာပဲကို ခေါ်သွားကြပါလား။"
သခင်မဝေ့့က ဖြူဖပ်ဖြူရော မျက်နှာဖြင့် ပြောလိုက်သည်။
"ငါက ဝေ့မိသားစုရဲ့ အရှင်သခင်မပဲ။ သူတို့က ငါ့ယောကျာ်းကို ခြိမ်းခြောက်ဖို့ ငါ့ကို ဖမ်းချင်နေတာ။ ငါ့ကို ချက်ချင်းတော့ သတ်မှာ မဟုတ်ဘူး။"
"မေမေ"
သခင်လေးဝေ့က အော်ဟစ်လိုက်သည်။
"လုံးဝ မဖြစ်ရပါဘူး သခင်မကြီး"
အစောင့်မှူးဖန်က အလျင်အမြန် ပြောလိုက်သည်။
"သခင်မကြီးကို ကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ငွေရောင်လမင်းအစောင့်တပ်သားတွေ အကုန် မသေသရွေ့ သူတို့ သခင်မကြီးရဲ့ ဆံခြည်တစ်မျှင်တောင် မထိစေရပါဘူး"
"ဒါပေမဲ့ ငါ့ကို ကာကွယ်နေရင် ဒီတောထဲမှာပဲ အားလုံး သေကုန်လိမ့်မယ်။ ငါ့ကြောင့်နဲ့ အားလုံးကို ဒုက္ခမပေးချင်ဘူး။"
သခင်မဝေ့က အတင်းပြောလိုက်သည်။
"နည်းလမ်း ရှိမှာပါ။ မပူပါနဲ့ သခင်မကြီး။"
အစောင့်မှူးဖန်က နှစ်သိမ့်လိုက်သည်။
သို့သော် တောထဲမှ ဆူညံသံများ ကျယ်လောင်လာသည်နှင့်အမျှ သူ၏ အကြည့်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ငြိမ်သက်စွာ ရပ်နေသော မာကူးအပေါ်သို့ ကျရောက်သွားသည်။
"သခင်လေး... ဒီလူကို ယုံလို့ရလား။"
အစောင့်မှူးဖန်က မေးလိုက်သည်။
သခင်လေးဝေ့ အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"မာကူးက ယုံကြည်စိတ်ချရပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က သူ့အကြံကြောင့် ကျွန်တော့်အသက် ဘေးကင်းခဲ့တာလေ။"
အစောင့်မှူးဖန်သည် ဤအဖြေကို အပြည့်အဝ ကျေနပ်မှု မရှိသော်လည်း သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။
ထို့နောက် အံကို ကြိတ်ရင်း သူသည် မာကူးဘက်သို့ လှည့်လိုက်သည်။
"ညီအစ်ကိုမာကူး... ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။"
ဘေးကင်းအောင် နေနေသော မာကူးတစ်ယောက် ကျောချမ်းသွားရှာတော့သည်။ သို့သော် အပြုံးတုဖြင့် သူက မေးလိုက်သည်။
"ဘာများလဲဗျ။"
"ကျေးဇူးပြုပြီး သခင်မကြီးနဲ့ သခင်လေးကို ဘေးကင်းတဲ့နေရာကို ပို့ပေးပါ။ ဝေ့မိသားစုက ခင်ဗျားကို ကောင်းကောင်း ဆုချပါ့မယ်။"
အစောင့်မှူးဖန်က လေးနက်စွာ ပြောလိုက်သည်။
အားလုံးကလည်း အစောင့်မှူးဖန်ကို လှည့်ကြည့်လိုက်ကြသည်။
မာကူးခင်ဗျာ ချွေးစေးများ ပြန်လာသည်။
"ဆရာ... နောက်နေတာလားဗျ။ ဆရာတောင် မကာကွယ်နိုင်တာကို ကြွက်သားနဲ့အရိုးအဆင့်ပဲ ရှိတဲ့ ကျွန်တော့်လိုလူက ဘယ်လိုလုပ်လုပ်နိုင်မှာလဲဗျ။"
ငွေရောင်လမင်းအစောင့်တပ်သားများ၏ စကားဝိုင်းကို သူ ကြားခဲ့ရပြီးနောက် သူတို့တွေ လိုက်ဖမ်းခံနေရကြောင်း သူသိလိုက်သည်။ သူ ထွက်ပြေးချင်နေသည်၊ ဒီရှုပ်ထွေးမှုထဲ မပါဝင်ချင်ပေ။
"ခင်ဗျားမှာ ရွေးချယ်စရာ မရှိဘူး။ အဲ့ဒီလူတွေက အနားရောက်နေပြီ။ ကျွန်တော်တို့ အကူအညီ မပါဘဲ ခင်ဗျား ဒီတောထဲက ထွက်နိုင်မှာ မဟုတ်ဘူး။ သူတို့က ရက်စက်ကြမ်းကြုတ်တယ်။ တွေ့တာနဲ့ သတ်မယ့်ကောင်တွေ။"
အစောင့်မှူးဖန်က ပြောလိုက်သည်။
ထိုအခါ မာကူး မျက်နှာထား တင်းမာသွားတော့၏။
ဤသည်မှာ သူ ကြောက်ရွံ့နေသည့် အရာပင်။
အကယ်၍ ငွေရောင်လမင်းအစောင့်တပ် တစ်ဖွဲ့လုံးကိုပင် ဤမျှ အသည်းအသန် လိုက်ဖမ်းနေသည်ဆိုလျှင် လိုက်ဖမ်းသူများသည် ယုံနိုင်စရာမရှိလောက်အောင် အားကောင်းနေပေမည်။
အကယ်၍ သူသာ သူတို့နှင့် ဆုံမိလျှင် သေချာပေါက် သေကိန်းဆိုက်တော့မည်ပင်။
ခရိုင်မြို့ထဲတွင် ထိုလူများ မည်မျှ ရက်စက်ကြောင်း သူ မြင်တွေ့ခဲ့ရသည်။
ယခု ကန့်သတ်ချက်မရှိသော ခရိုင်ပြင်ပတွင် သူတို့မှာ ပို၍ပင် ထင်ရာစိုင်းကြပေလိမ့်မည်။
"ဆရာ... ကျွန်တော်တို့ လူခွဲရင်တောင်မှ သခင်မကြီးနဲ့ သခင်လေးကို ကာကွယ်ဖို့ ငွေရောင်လမင်းအစောင့်တပ်သား တစ်ယောက်ယောက်က ကျွန်တော့်ထက် ပိုသင့်တော်ပါတယ်ဗျာ။"
မာကူးက ငြင်းခုံလိုက်သည်။
"အရင်ကဆို ဖြစ်နိုင်ပေမဲ့ အခု မဖြစ်နိုင်တော့ဘူး။"
အစောင့်မှူးဖန်က ခေါင်းခါလိုက်သည်။
"စောစောက ကျွန်တော်တို့ လူတွေ ဆုံးရှုံးလိုက်ရလို့ သခင်မကြီးကို ကာကွယ်ဖို့ လူမခွဲပေးနိုင်တော့ဘူး။"
ဤအချက်ကို တွေးမိပြီး အစောင့်မှူးဖန် စိတ်နှလုံး နာကျင်သွားရသည်။
ခြုံခိုတိုက်ခိုက်မှုသာ မရှိခဲ့လျှင် သူတို့ ဤအခြေအနေသို့ ရောက်မည် မဟုတ်သလို သခင်မကြီးနှင့် သခင်လေးကိုလည်း ပြင်ပလူတစ်ယောက်ထံ အပ်နှံရမည် မဟုတ်ပေ။
ငွေရောင်လမင်းမှာ စစ်ဗျူဟာ မရှိဘဲ ဤမျှများပြားသော အားကြီးသည့် ရန်သူများကို ရင်ဆိုင်ရာတွင် သူတို့ ကြာကြာ ဆွဲထားနိုင်မည် မဟုတ်ပေ။
"အခု ခင်ဗျား လွတ်မြောက်ဖို့ဆိုရင် ကျွန်တော်တို့ ရန်သူတွေကို တားဆီးဖို့ ကူညီပေးမှ ရမယ်"
အစောင့်မှူးဖန်၏ မျက်လုံးများက မာကူးကို စိုက်ကြည့်နေသည်။
"ညီအစ်ကိုမာကူး... သဘောတူလား။"
မာကူး သူ့အကြည့်ကို ခဏကြာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခါးသက်စွာ ပြုံးလိုက်သည်။
"ဆရာ ပြောသလိုပဲ... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူးလေ။"
"ညီအစ်ကိုမာကူး... သခင်မကြီးနဲ့ သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုကို ခင်ဗျားဆီ အပ်လိုက်ပါပြီ"
အစောင့်မှူးဖန်က ဒူးတစ်ဖက်ထောက်ကာ တောင်းပန်လိုက်သည်။
"ခေါင်းဆောင်"
"အစောင့်မှူးဖန်"
အခြား ငွေရောင်လမင်းအစောင့်တပ်သားများနှင့် သခင်မဝေ့၏ မိသားစုဝင်များပင် အံ့သြသွားကြသည်။
မာကူးလည်း ထပ်တူ အံ့သြသွားရပါ၏။
အားကောင်းသော ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ယောက်က နိမ့်ပါးသော ကြွက်သားနှင့်အရိုးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒူးထောက်ခြင်းမှာ စိတ်ကူး၍ပင် မရနိုင်ပေ။
အစောင့်မှူးဖန်၏ မျက်လုံးများထဲမှ လေးနက်မှုကို မြင်သောအခါ မာကူးသည်လည်း ရင်ထဲတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်များ တက်ကြွလာသည်။
"စိတ်ချပါ အစောင့်မှူးဖန်... သခင်မကြီးနဲ့ သခင်လေးကို ကျွန်တော့်အသက်နဲ့လဲပြီး ကာကွယ်ပါ့မယ်"
လွန်ခဲ့သော နှစ်ရက်က သူ၏ ရဲရင့်သော စကားများကို ပြန်တွေးရင်း မာကူးခင်ဗျာ ယခုတော့ ကိုယ့်ပါးကိုယ်ပဲ ပြန်ရိုက်ချင်နေသည်။
ကြွားလုံးထုတ်ပြီးတော့ရော ဘာအကျိုးရှိမှာလဲ။ အခုတော့ သူ တကယ်ကြီး သေမင်းနဲ့တွေ့ရမှာလေ။
သခင်မဝေ့နှင့် သခင်လေးဝေ့ကို စောင့်ရှောက်ရန် သဘောတူပြီးနောက် ငွေရောင်လမင်းအစောင့်တပ်သားများသည် စစ်ဗျူဟာ ခင်းကျင်းကာ လိုက်ဖမ်းသူများကို ပြန်လည် ခြုံခိုတိုက်ခိုက်လိုက်ကြသည်။
ဆူညံသံများသည် တောထဲမှ ရန်သူအားလုံးကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။
ထို့နောက် မာကူးသည် သခင်မဝေ့ကို ပိုးပြီး သခင်လေးဝေ့ကို ခေါ်ဆောင်ကာ အခြားတစ်ဖက်သို့ ဦးတည်ထွက်ခွာခဲ့သည်။
သို့သော် ပတ်ပတ်လည် ဝိုင်းရံခံထားရကြောင်း မကြာမီ သူတို့ တွေ့ရှိလိုက်ရပြီး ထွက်ပေါက်မရှိ ဖြစ်နေရသည်။
မတတ်သာဘဲ မာကူးသည် သူတို့ကို တောင်ပေါ်သို့သာ ခေါ်ဆောင်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤဒေသတွင် နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့ဖူးသော အတွေ့အကြုံကြောင့် သူ မြေပြင်အနေအထားကို ကျွမ်းကျင်နေသည်။
သူ၏ ဗဟုသုတကို အသုံးပြုပြီး လိုက်ဖမ်းသူများကို ယာယီ ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် ဤအရာက သူတို့ကို တောင်နက်ထဲတွင် ပုန်းခိုနေရစေပြီး ငွေရောင်လမင်းအစောင့်တပ်များ၏ ကံကြမ္မာကို မသိရဘဲ အပြင်မထွက်ရဲ ဖြစ်နေစေသည်။
အချိန်ကြာမြင့်စွာ ပုန်းအောင်းနေပြီးနောက် တောထဲတွင် လှုပ်ရှားမှုမရှိသည်ကို မြင်လိုက်ရကာ မိုးချုပ်စလည်းပြုလာသဖြင့် မာကူးမှာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
ရန်သူများကို မတွေ့ရဘဲ ဆူဖြိုးသော ယုန်တစ်ကောင်ကို တွေ့လိုက်ရသဖြင့် ဆာလောင်နေသော မာကူးလည်း မနေနိုင်တော့ပေ။ သူ ခုန်တက်လိုက်ပြီး ယုန်ကို မေ့လဲအောင် ရိုက်ကာ ဖမ်းယူလိုက်သည်။
ကျင်း၏ ခြေရာလက်ရာများကို ရှင်းလင်းပြီးနောက် သူသည် လျှို့ဝှက်ထားသော ဂူတစ်ခုဆီသို့ ဦးတည်လိုက်သည်။
"ဘယ်သူလဲ။"
အတွင်းမှ သတိရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်တော်ပါ။"
သခင်လေးဝေ့၏ တုံ့ပြန်မှုကို မာကူး ခေါင်းခါလိုက်သည်။
အကယ်၍ ရန်သူသာ ဖြစ်ပါက သူ့အသံက သူတို့နေရာကို ဖော်ပြလိုက်သလို ဖြစ်သွားပေမည်။
သို့သော် သခင်လေး၏ အကာအကွယ်များစွာဖြင့် ကြီးပြင်းလာသော ဘဝကို ထည့်သွင်းစဉ်းစားပြီးနောက် မာကူးမှာ ဝေဖန်မည့်စကားများကို ထိန်းလိုက်ရသည်။
"မာကူး... ခင်ဗျား ပြန်ရောက်ပြီလား။"
သခင်လေးဝေ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အင်း... သခင်မကြီး ဘယ်လိုနေလဲ။"
"မေမေက သတိမရသေးဘူး၊ ကိုယ်ပူနေတယ်။ ခင်ဗျားမှာ နည်းလမ်းရှိလား။"
သခင်လေးဝေ့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
"ကျွန်တော် မကူညီနိုင်ဘူး။"
မာကူး ခေါင်းခါလိုက်သည်။
"သခင်လေး အမေရဲ့ ဒဏ်ရာက မကျက်သေးဘူး၊ သွေးအများကြီး ထွက်ထားတယ်၊ ပြီးတော့ ရောဂါပိုးဝင်နေတယ်၊ ခင်ဗျား အရင်က ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ တော်တော်တူတယ်။ ကျွန်တော်က ဆရာဝန် မဟုတ်ဘူး၊ မကုတတ်ဘူး။"
သခင်မဝေ့သည် ထွက်ပြေးစဉ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ဆေးထည့်ခဲ့သော်လည်း သင့်လျော်သော ကုသမှု မရှိခြင်းက မာကူး ဂူကို ရှာတွေ့ချိန်တွင် သူမအား စိုးရိမ်ရသော အခြေအနေသို့ ရောက်စေခဲ့သည်။
"ကျွန်တော် ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ တူတယ်"
သခင်လေးဝေ့သည် သူ၏ အတိတ်က ဒဏ်ရာကို ပြန်သတိရသွားရင်း သူ့ဗိုက်ထဲမှ နာကျင်မှုကိုတောင် ပြန်ခံစားလိုက်ရသည်။
ကြောက်ရွံ့မှုက သူ့ကို ဖမ်းစားလိုက်ပြန်၏။
"မာကူး... ကျွန်တော့် မေမေ သေသွားမှာလားဗျ။"
မာကူး တိတ်ဆိတ်နေလိုက်သည်။
လက်ရှိ အခြေအနေအရ ပြောရခက်သည်။
သခင်မဝေ့၏ ဒဏ်ရာများသည် သူ့သားလောက် မပြင်းထန်သော်လည်း သူမ၏ အားနည်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်ယှဥ်တွဲကြည့်လိုက်လျှင်တော့.......
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သခင်လေးဝေ့ခင်ဗျာ ပို၍ပင် ယောက်ယက်ခတ်လာတော့၏။
"ဟင့်အင်း... မေမေ သေလို့ မဖြစ်ဘူး မာကူး... တစ်ခုခု စဉ်းစားပေးပါဉီး"
သခင်လေးဝေ့၏ ထိတ်လန့်တကြား အော်ဟစ်သံကို မြင်သောအခါ မာကူး စိတ်တိုလာသည်။
"ပါးစပ်ပိတ်ထား"
သခင်လေးဝေ့၏ လည်ပင်းကို ဆွဲကိုင်ကာ ဂူနံရံနှင့် ဖိကပ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အော်နေရင်ကော သခင်လေးအမေက နိုးလာမှာမို့လို့လား။ ရန်သူတွေ ကြားသွားရင် အားလုံး သေကုန်လိမ့်မယ်"
သခင်လေးဝေ့၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားတော့၏။
သို့သော် အသက်ရှူကျပ်လာသည်နှင့်အမျှ ကြောက်ရွံ့မှုကလည်း လွှမ်းမိုးလာပြီး သူ စတင်ရုန်းကန်တော့သည်။
မာကူးက မြဲမြံစွာ ကိုင်ထားပြီး သူ့မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"နောက်တစ်ခါ ထပ်မအော်ဘူးလို့ ကတိပေးရင် ငါ လွှတ်ပေးမယ်။ မဟုတ်ရင် သခင်လေးကို သတ်ပစ်မှာနော်"
အမြင်အာရုံများ မည်းမှောင်လာသဖြင့် သခင်လေးဝေ့လည်း အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။
သူ့မျက်နှာ ခရမ်းရောင် ပြောင်းနေသည်ကို မြင်မှ မာကူး လွှတ်ပေးလိုက်တော့၏။
သခင်လေးဝေ့တစ်ယောက် ချောင်းဆိုးပြီး လေကို အလုအယက် ရှူရှိုက်နေသည်ကို ကြည့်ရင်း မာကူး မမျှော်လင့်ထားသော ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်။
ဒီကောင်လေးနှင့် တွေ့တိုင်း အမြဲ ပြဿနာတက်သည်။ သူ မကျေမနပ် ဖြစ်မိသည်မှာ မဆန်းပေ။
အရင်ကဆိုလျှင် သူ သခင်လေးကို ကြမ်းတမ်းစွာ ဆက်ဆံရဲမည် မဟုတ်ပေ။
သို့သော် ယခုအခါ ရန်သူများ နေရာအနှံ့ ရှိနေပြီး သူတို့ကိုယ်တိုင်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ဤအသည်းအသန် အခြေအနေတွင် မာကူး၏ သတ္တိများ တိုးပွားလာပြီး သခင်လေး၏ ကလေးဆန်သော အပြုအမူများကို သည်းခံနိုင်စွမ်း မရှိတော့ပေ။
"သခင်လေး... မင်းက ကလေးလည်းမဟုတ်တော့ဘူး။ ဒီတောင်ပေါ်မှာ ဘယ်လို အသက်ရှင်ရမလဲဆိုတာ စဉ်းစား။ ငွေရောင်လမင်းအစောင့်တပ်သားတွေက သခင်လေးနဲ့ သခင်မဝေ့အတွက် အသက်ပေးခဲ့ကြတာ။ လူအရှက်ကွဲအောင် ငတုံးတစ်ယောက်လို မလုပ်နဲ့။"
"မနက်ဖြန် သခင်မဝေ့ရဲ့ အဖျားကျဖို့ ဆေးဖက်ဝင်အပင်တွေ ငါ သွားရှာမယ်။ သခင်လေးက ဘာလုပ်သင့်လဲဆိုတာ စဉ်းစားထား။"
ဤစကားများကို ပြောပြီးနောက် မာကူးသည် ယုန်ကို အရေခွံခွာပြီး ပြင်ဆင်ရန် အပြင်ထွက်သွားသည်။
သခင်လေးဝေ့မှာတော့ အတွေးများဖြင့်သာ ဂူထဲတွင် ကျန်ရစ်ခဲ့သည်။
မကြာမီ မာကူးသည် သစ်ရွက်ကြီး တစ်ရွက်ပေါ်တွင် ယုန်အသားစိမ်း အချို့တင်လျက် ပြန်ရောက်လာ၏။
"စားလိုက်။"
"ဒါ ဘာကြီးလဲ။"
ပန်းရောင် အသားတုံးကို ကြည့်ရင်း သခင်လေးဝေ့က မေးလိုက်သည်။
"ယုန်သား... လတ်လတ်ဆတ်ဆတ်ပဲ။"
"အစိမ်းကြီးလေ။ ကျွန်တော်က ဘယ်လိုလုပ် စားနိုင်မှာလဲ။"
သခင်လေးဝေ့မှာ လန့်သွား၏။
"မီးဖိုပြီး ကင်စားလိုက်ရင် ရန်သူတွေရောက်လာမှာလေ။ သခင်လေးရဲ့အမေကို ဖမ်းသွားတာ ခံချင်လို့လား။"
မာကူးက မဲ့ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် မစားနိုင်ဘူး။"
သခင်လေးဝေ့က ကြောက်ရွံ့စွာ ပြောလိုက်သည်။
"စားကို စားရမယ်။ မင်း အစာမစားရတာ နှစ်ရက်ရှိပြီ။ အစာမရှိရင် မင်း လမ်းလျှောက်နိုင်မှာလည်း မဟုတ်ဘူး။ ငါက မင်းအမေကို သယ်ဖို့တောင် မနည်းရုန်းကန်နေရတာ။ မင်းတို့ နှစ်ယောက်လုံးကို ငါ မသယ်နိုင်ဘူး။ မင်းအမေကို ပစ်ထားခဲ့စေချင်လို့လား။"
မာကူးက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ၌ သခင်လေးဝေ့ခင်ဗျာ စိတ်ထဲတွင် ရုန်းကန်နေရသည်။
နောက်ဆုံးတွင်တော့ သူသည် ယုန်သားတစ်တုံးကို ယူလိုက်ပြီး မျက်လုံးစုံမှိတ်ကာ မျိုချလိုက်တော့သည်။